ကိုယ်ကျင့်အဘိဓမ္မာ/ဒသမအခန်း/ပသာဒရုပ် ၅-ပါးအကျယ်

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
ဒသမအခန်း ပသာဒရုပ် ၅-ပါးအကျယ်
325687ကိုယ်ကျင့်အဘိဓမ္မာ — ဒသမအခန်း ပသာဒရုပ် ၅-ပါးအကျယ်အရှင်ဇနကာဘိဝံသ

ပသာဒရုပ် ၅-ပါးအကျယ်

ယခုအခါ အသံဖမ်း အရိပ်ဖမ်း ဓာတ်များကို တွေ့ရသကဲ့သို့ ထို့အတူ ခန္ဓာ ကိုယ်တွင်း၌လည်း ဆိုင်ရာအာရုံကို ဖမ်းနိုင်သော အကြည်ဓာတ်များ ရှိကြလေသည်၊ ထိုအကြည်ဓာတ်ကိုပင် ပါဠိလို “ပသာဒ”ဟု ခေါ်သည်။

စက္ခုပသာဒ

မျက်လုံးအတွင်း၌ရှိသော အကြည်ဓာတ်ကို စက္ခုပသာဒဟု ခေါ်သည်။ မျက်လုံးအတွင်း မျက်နက်ဝိုင်း၏အလယ်၌ ဤစက္ခု အကြည်ဓာတ်ပေါင်း များစွာ ပြန့်နှံ့လျက်ရှိ၏၊ အမျိုးမျိုးသော အဆင်း အရောင် (ရူပါရုံ)များကို ဤစက္ခု အကြည်ဓာတ်က ဖမ်းမိသော အခါ၌ ထိုရူပါရုံကို သိသော စက္ခုဝိညာဉ်ခေါ် မြင်သိစိတ်ဖြစ်၏။

သောတပသာဒ

နားပေါက် အတွင်းဝယ် လက်စွပ်ကွင်းသဏ္ဌာန်ရှိသော အရပ်၌ ပြန့်နှံ့၍နေသော အကြည်ဓာတ်များစွာကို “သောတပသာဒ”ဟု ခေါ်၏၊ အမျိုးမျိုးသော အသံ(သဒ္ဒါရုံ)ကို ဤသောတ အကြည်ဓာတ်က ဖမ်းမိသော အခါ၌ သောတဝိညဉ်ခေါ် ကြားသိစိတ် ဖြစ်၏။

ဃာနပဒသာ

နှာခေါင်းတွင်းဝယ် ဆိတ်သတ္တဝါ၏ ခွါနှင့် ပုံသဏ္ဌာန်နှင့် တူသော အရပ်၌ ပြန့်နှံ့နေသော အကြည် ဓာတ်ပေါင်းများကို “ဃာနပသာဒ”ဟု ခေါ်၏၊ အမျိုးမျိုးသော အနံ့ (ဂန္ဓာရုံ)များကို ဤဃာနအကြည်ဓာတ်က ဖမ်းမိသောအခါ ဃာနဝိညာဉ်ခေါ် နံသိစိတ်ဖြစ်၏။

ဇိဝှါပသာဒ

လျှာအလယ်ငယ် ကြာပွင့်ကြာဖတ်များနှင့် ပုံသဏ္ဌာန်တူသောအရပ်၌ ပြန့်နှံ့တည်ရှိနေသော အကြည်ဓာတ် များစွာကို “ဇိဝှါပသာဒ”ဟု ခေါ်၏၊ စားသောက်သမျှ အစာတွင်ပါဝင်သော အရသာ(ရသာရုံ)များကို ဤဇိဝှါအကြည်ဓတ်က ဖမ်းမိသောအခါ ဇိဝှါဝိညာဉ်ခေါ် အရသာသိ-စိတ်ဖြစ်၏။

ကာယပသာဒ

ခြောက်သွေ့သော အသားအရေကို ချန်လှပ်၍ တကိုယ်လုံး အရပ်တိုင်း၌ ပြန့်နှံနေသော အကြည်ဓာတ်ပေါင်းများကို “ကာယပသာဒ”ဟု ခေါ်၏၊ ထိမိ တိုက်မိ တွေ့ထိအပ်သမျှ (ဖောဋ္ဌဗ္ဗာရုံ)များကို ဤ ကာယအကြည်ဓာတ်က ဖမ်းမိသောအခါ ကာယဝိညာဉ် ထိသိ-စိတ် ဖြစ်၏၊ ဤသို့လျှင် ခန္ဓာကိုယ်၌ အကြည်ဓာတ် ၅-မျိုး ရှိသည်။