ဥဒယဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၅၈။ ဥဒယဇာတ် (၄)


ဧကာဒသကနိပါတ်

၄။ ဥဒယဘဒ္ဒဇာတ်

နတ်သမီးနှင့်တူသော မိန်းမနှင့်သော်လည်း မပြစ်မှားခြင်း

ဟောတော်မူရာဌာန... နတ်လူတို့၏ဆရာ ဖြစ်တော်မူသော သဗ္ဗညူ မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသည်ရှိသော် သာသနာတော်မှ ဆန့်ကျင်သော ရဟန်းတစ်ယောက်ကို အကြောင်းပြု၍ ဧကာ နိသိန္နာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဥဒယဘဒ္ဒဇာတ်ကို ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် ကုသ၌ ထင်ရှားစွာ ဖြစ်လတ္တံ့။ အထူးကိုဆိုအံ့။ ဘုရားသခင်သည် ထိုရဟန်းကို သာသနာတော်၌ ငြီးငွေ့မရွှင် ဆန့်ကျင်သောဟု ငါးကြားတော်မူသည် မှန်သလော ဟု မေးတော်မူ၍ အရှင်ဘုရား မှန်ပါ၏ ဟု နားတော် လျှောက်လတ်သော် ရဟန်း အဘယ့်ကြောင့် ကိလေသာ၏အစွမ်းဖြင့် ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်ရာ ဘုရားသာသနာတော်၌ ရဟန်းပြုလျက် ဆန့်ကျင်ဘိသနည်း၊ ရှေးပညာရှိတို့သည် ကြွယ်ဝပြည့်စုံသော တစ်ဆယ့်နှစ်ယူဇနာရှိသော သုရုန္ဓနမြို့၌ မင်းပြုသည်ရှိသော် နတ်သမီးနှင့်တူသော။ မိန်းမနှင့်တကွ အနှစ်ခုနစ်ရာတို့ပတ်လုံး တစ်ခုသောတိုက်ခန်း၌ နေကုန်လတ်သော်လည်း ဣန္ဒြေကိုဖျက်၍ လောဘတဏှာ၏ အစွမ်းဖြင့် မကြည့်ဘူးကုန်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ကာသိတိုင်း သုရုန္ဓနမြို့၌ ကာကရာဇ်မင်းသည် မင်းပြု၏။ ထိုမင်းအား သားသမီးတို့သည် မရှိကုန်၊ ထိုမင်းသည် မိမိ၏ မိဖုရားတို့ကို သားဆုကို တောင်းလော့ ဟု တိုက်တွန်၏။ ထိုအခါ ဘုရားလေင်းသည် ဗြဟ္မာ့ပြည်မှ စုတေ၍ မင်း၏ မိဖုရားကြီး၏ဝမ်း၌ ဖြစ်၏။ ထိုအခါ မင်းသားအား လူများ၏ နှလုံးကိုပွားစေ၍ ဖွားမြင်သည်၏ အဖြစ်ကြောင့် ဥဒယဘဒ္ဒ ဟူသော အမည်ကို မှည့်ကုန်၏။

မင်းသားသည် ခြေဖြင့်သွားနိုင်သောအခါ တစ်ပါးသော သတ္တဝါသည် ဗြဟ္မာပြည်မှစုတေ၍ ထိုမင်း၏ မိဖုရားတစ်ယောက်ဝမ်း၌ သတို့သမီး ဖြစ်၏။ ထိုမင်းသမီးအားလည်း ဥဒယဘဒ္ဒါ ဟူသော အမည်ကို မှည့်ကုန်၏။

မင်းသားသည် အရွယ်သို့ရောက်သည်ရှိသော် အလုံးစုံသော အတတ်နှင့် ပြည့်စုံခြင်းသို့ ရောက်၏။ ဖွားသည်မှစ၍ မြတ်သောအကျင့်ကို ကျင့်၏။ အိပ်မက်ဖြင့်သော်လည်း မေထုန်အကျင့်ကို မသိစဘူး၊ ထိုမင်းသား၏ စိတ်သည် ကိလေသာတို့၌ မကပ်ငြိ၊ မင်းသည် သားတော်ကို မင်းအဖြစ်၌ အဘိသိက်သွန်း၍ ကချေသည်တို့ကို လုပ်ကျွေးစေအံ့ ဟု မင်းသားအထံသို့ သတင်းစကားကို စေ၏။ ဘုရားလောင်းသည် အကျွန်ုပ်သည် မင်းအဖြစ်ကို အလိုမရှိပါ၊ ကိလေသာတို့၌ အကျွန်ုပ်၏စိတ်သည် မကပ်ငြိ ဟု ပယ်၏။ အဖန်တလဲလဲ ဆိုသတ်သော်လျှင် ဇမ္ဗူရစ် ရွှေစင်ဖြင့်ပြီးသော မိန်းမရုပ်ကို ပြုလုပ်စေ၍ ဤအရုပ်နှင့်တူသော မိန်းမကိုရသော် မင်းအဖြစ်ကို ဝန်ခံအံ့ ဟု မယ်တော် ခမည်းတော်တို့အား စေ၏။ ထိုမိဘတို့သည် ထိုရွှေရုပ်ကို ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို လှည့်လည်စေ၍ ထိုအရုပ်နှင့်တူသော မိန်းမကို မရကုန်၍ ဥဒယဘဒ္ဒါ မင်းသမီးကို တန်ဆာဆင်၍ ထိုရွှေရုပ်၏အနီး၌ ထားကုန်၏။

မင်းဖြစ်ပြီ

ထိုဥဒယဘဒ္ဒါ မင်းသမီးသည် ထိုရွှေရုပ်ကိုလွှမ်းမိုး၍ တည်၏။ ထိုအခါ၌ ထိုသူနှစ်ယောက်တို့သည် အလိုမရှိကုန်ဘဲလျှင် အဖတူ အမိခြား နှစ်မဖြစ်သော ဥဒယဘဒ္ဒါမင်းသမီးကို မိဖုရားကြီးပြု၍ ဘုရားလောင်းကို မင်းအဖြစ်ဖြင့် အဘိသိက် သွန်းကုန်၏။

ရဟန်းပြုခြင်း

ထိုနှစ်ယောက်သော သူတို့သည်လည်း မြတ်သော အကျင့်ဖြင့် နေခြင်းကိုသာလျှင် နေကုန်၏။ နောက်အဖို့၌ မိဘတို့၏ သေလွန်သဖြင့် ဘုရားလောင်းသည် မင်းပြု၏။

ကတိကဝတ်

နှစ်ယောက်သော မင်းမိဖုရားတို့သည် တစ်ခုသောတိုက်ခန်း၌ နေကုန်သော်လည်း တဏှာ၏ အစွမ်းဖြင့် ဣန္ဒြေတို့ကိုဖျက်၍ အချင်းချင်း မကြည့်ဘူးကုန်။ စင်စစ်သော်ကား တို့နှစ်ယောက်တို့တွင် အကြင်သူသည် ဦးစွာသေအံ့၊ ထိုသူသည် ဖြစ်ရာအရပ်မှလာ၍ ဤမည်သောအရပ်၌ ဖြစ်သည်ဟု ကြလော့ ဟု ကတိကဝတ်ကို ပြုကုန်၏။

သိကြားမင်းဖြစ်ပြီး

ထိုအခါ ဘုရားလောင်းသည် အဘိသိက်ခံသည်မှ အနှစ်ခုနစ်ရာလွန်သဖြင့် သေခဲ့၏။ တစ်ပါးသော မင်းသည် မဖြစ်၊ ဥဒယဘဒ္ဒါမင်းသမီး၏ အာဏာဖြင့်သာ အမတ်တို့သည် တိုင်းပြည်ကို ဆုံးမကုန်၏။ ဘုရားလောင်းသည် တာဝတိံသာနတ်ပြည်၌ သိကြားမင်း၏အဖြစ်သို့ရောက်၍ စည်းစိမ် အခြံအရံများသည်၏ အဖြစ်ကြောင့် ခုနှစ်ရက်ပတ်လုံး အောက်မေ့ခြင်းငှာ မတတ်နိုင်။ ထိုဘုရားလောင်းသည် လူတို့၏ အရေအတွက် အနှစ်ခုနစ်ရာလွန်သဖြင့် ဆင်ခြင်၍ ဥဒယဘဒ္ဒါမင်းသမီးကို ဥစ္စာဖြင့် ဖျားယောင်းစုံစမ်း၍ မြတ်သောအသံကို ဆိုစေ၍ တရားဟော၍ ကတိကဝတ်ကို လွှတ်စေ၍ ပြန်အံ့ ဟု ကြံ၏။ ထိုအခါဝယ် လူတို့အား အနှစ်တစ်သောင်း အသက်ရှည်သောအခါ ဖြစ်သတတ် မင်းသမီးလည်း ထိုနေ့ညဉ့်အဖို့၌ ပိတ်ကုန်သော မြတ်သော ပြာသာဒ်အထက်၌ တန်ဆာဆင်သော ကျက်သရေရှိသော တိုက်ခန်းဝယ် တစ်ယောက်အတည်းလျှင် မတုန်မလှုပ် မိမိ၏သီလကို ဆင်ခြင်လျက်နေ၏။

မိဖုရားကို စမ်းကြည့်ပုံ

ထိုအခါ၌ သိကြားမင်းသည် ရွှေပဲရုပ်ဖြင့်ပြည့်သော ရွှေခွက်တစ်လုံးကိုယူ၍ လာပြီးလျှင် အိပ်ရာ တိုက်ခန်း၌ ထင်ရှားဖြစ်၍ တင့်အပ်သောအရပ်၌ ရပ်လျက် ထိုမင်းသမီးနှင့် အတူတကွ စကားပြောဟောလိုရကား-

၃၇။ ဧကာ နိသိန္နာ သုစိ သညတူရူ၊
ပါသာဒမာရုယှ အနိန္ဒိတင်္ဂီ။
ယာစာမိ တံ ကိန္နရနေတ္တစက္ခု။
ဣမေကရတ္တိံ ဥဘယော ဝသေမ။

ဟူသော ရှေးဦးသော ဤဂါထာကိုဆို၏။

တညဉ့်မျှ အတူနေပါရစေ

၃၇။ သုစိ၊ စင်ကြယ်သော အဝတ်ကိုလည်း ဝတ်ထသော။ သညတူရူ၊ သိမ်းဆည်း၍ ထားအပ်သော ပေါင်ရှိသော။ အနိန္ဒိတင်္ဂီ၊ မကဲ့ရဲ့အပ်သော ကိုယ်ရှိသော။ ကိန္နရနေတ္တစက္ခု၊ ကိန္နရီနှင့်တူသော မျက်စိရှိသော။ ရာဇဓီတ၊ မင်းသမီး။ ပါသာဒံ၊ ပြာသဒ်ထက်သို့။ အာရုယှ၊ တက်၍။ ဧကာ၊ ထစ်ယောက်ထီးတည်း။ နိသိန္နာ၊ နေ၏။ တံ၊ သင့်ကို။ ယာစာမိ၊ ခွင့်တောင်း၏။ ဣမံ ဧကရတ္တိံ၊ ဤတစ်ညဉ့်ကို။ ဥဘယာ၊ နှစ်ယောက်ကုန်သော ငါတို့သည်။ ဝသေမ၊ အတူတကွနေလိုပါကုန်၏။

ဘယ်လို လာသလဲ

ထို့နောင်မှ မင်းသမီးသည်-

၃၈။ ဩကိဏ္ဏန္တရပရိခံ၊ ဒဠှမဋ္ဋာလကောဋ္ဌကံ။
ရက္ခိတံ ခဂ္ဂဟတ္ထေဟိ၊ ဒုပ္ပဝေသမိဒံ ပုရံ။
၃၉။ ဒဟရဿ ယုဝိနော စာပိ၊ အာဂမော စ န ဝိဇ္ဇတိ။
အထ ကေန နု ဝဏ္ဏေန၊ သင်္ဂမံ ဣစ္ဆသေ မယာ။

ဟူသော နှစ်ခုသော ဤဂါထာတို့ကို ဆို၏။

၃၈။ ဣဒံပုရံ၊ ဤသုရုန္ဓနပြည်သည်။ ဩကိဏ္ဏန္တရပရိခံ၊ ကျုံးသုံးတန် ခြံရံ၏။ ဒဠှမဋ္ဋာလကောဋ္ဌကံ၊ မြဲမြံသော ပြအိုး ပစ္စင် တံခါးမုခ်နှင့်လည်း ပြည့်စုံ၏။ ခဂ္ဂဟတ္ထေဟိ၊ သန်လျက်လက်စွဲကုန်သော သူတို့သည်။ ရက္ခိတံ၊ စောင့်ရှောက်အပ်သည်ဖြစ်၍။ ဒုပ္ပဝေသံ၊ ဝင်နိုင်ခဲ၏။

၃၉။ ဒဟရဿ ဝါ၊ သူငယ်၏လည်းကောင်း။ ယုဝိနောစာပိ၊ အရွယ်ရောက်သူ သူရဲသူခက်၏ လည်းကောင်း။ အာမော စ၊ လာခြင်းမည်သည်လည်း။ န ဝိဇ္ဇတိ၊ မရှိစဘူး။ အထ၊ ထိုသို့ မရှိစဘူးလျက်။ ကေန ဝဏ္ဏန၊ အဘယ်အကြောင်းကြောင့်။ မယာ၊ ငါနှင့်။ သင်္ဂမံ၊ အုံးအိပ်ရာယှဉ်တွဲ၍ မေတ္တာရစ်ခွေ ကြာနှင့်ရေကဲ့သို့ အဆွေခင်ပွန်းဖွဲ့၍ နေခြင်းကို။ ဣစ္ဆသေ နု၊ အလိုရှိသနည်း။

ငါ နတ်သားဖြစ်တယ်

ထိုအခါ သိကြားမင်းသည်-

၄၀။ ယက္ခောဟသ္မိ ကလျာဏိ၊ အာဂတောသ္မိ တဝန္တိကေ။
တွံ မံ နန္ဒယ ဘဒ္ဒန္တေ၊ ပုဏ္ဏကံသံ ဒဒါမိ တေ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၄၀။ ကလျာဏိ၊ ကောင်းသောအဆင်းနှင့် ပြည့်စုံသော မင်းသမီး။ အဟံ၊ ငါသည်။ ယက္ခေ၊ နတ်သားသည်။ အသ္မိ၊ ဖြစ်၏။ တဝန္တိကေ၊ သင်၏အထံသို့။ အာဂတော၊ တန်ခိုးဖြင့်လာသည်။ အသ္မိ၊ ဖြစ်၏။ တေ၊ သင့်အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ အတ္ထု၊ ဖြစ်စေတည်း။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ နန္ဒယ၊ ကြိုက်နှစ်သက်လော့။ ဧဝံ၊ ဤသို့ကြိုက်နှစ်သက်သည်ရှိသော်။ ပုဏ္ဏကံသံ၊ ပဲရုပ်ဖြင့် ပြည့်သော ဤရွှေခွက်ကို။ တေ၊ သင်နှမအား။ ဒဒါမိ၊ ငါပေးအံ့။

ကန်တော့ဆွမ်းပါ

ထိုစကားကိုကြား၍ မင်းသမီးသည် -

၄၁။ ဒေဝံ ဝါ ယက်ခံ အထ ဝါ မနုဿံ၊
န ပတ္ထယေ ဥဒယမတိစ္စ အညံ။
ဂစ္ဆေဝ တွံ ယက္ခ မဟာနုဘာဝ၊
မာ စဿု ဂန္တွာ ပုနရာဝဇိတ္ထ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

၄၁။ မဟာနုဘာဝ၊ ကြီးသော တန်ခိုးရှိသော။ ယက္ခ၊ နတ်မင်း။ အဟံ၊ ငါသည်။ ဒေဝံ ဝါ၊ နတ်ကိုလည်းကောင်း။ ယက်ခံ ဝါ၊ ဘီလူးကိုလည်းကောင်း။ အထ၊ ထိုမှတစ်ပါး။ မနုဿံ ဝါ၊ လူကိုလည်းကောင်း။ ဥဒယံ၊ ဥဒယမင်းကို။ အတိစ္စ၊ လွန်၍။ အညံ၊ ဥဒယမင်းသားမှ တစ်ပါးသော သူကို။ န ပတ္ထယေ- န ပတ္ထေမိ၊ မတောင့်တ။ တွံ၊ သင်သည်။ ဂစ္ဆေဝ-၈စ္ဆ ဧဝ၊ မြန်စွာသာ သွားလေလော့။ ဂန္တွာ၊ သွားပြီး၍။ ပုန၊ တစ်ဖန်။ မာ စ အာဝဇိတ္ထ၊ ပြန်မလာပါလင့်။

ထိုဂါထာ၏ အဓိပ္ပာယ်ကား- နတ်မင်း ငါသည် နတ်ကိုလည်းကောင်း, ဘီလူးကိုလည်းကောင်း, ဥဒယမင်းသားကို လွန်၍ တစ်ပါးသော သူကို မတောင့်တ၊ သင်သည်သာ သွားပါ၊ ဤအရပ်၌ မရပ်ပါလင့်၊ ငါ့ဖို့ဆောင်ခဲ့သော ပဏ္ဏာလက်ဆောင်ကို ငါအလိုမရှိ၊ သွားပြီး၍တစ်ဖန် ဤအရပ်သို့ ပြန်မလာပါလင့် ဟု ဆိုလိုသည်။

သိကြားမင်းသည် ထိုမင်းသမီး၏ စကားသံကို ကြားရ၍ မရပ်မူ၍ သွားသကဲ့သို့ ထိုအရပ်၌ပင်လျှင် ကွယ်လေ၏။

ဒုတိယနေ့ လူပျိုစကားပြော

နက်ဖြန်နေ့၌ ထိုညဉ့်အခါ၌လျှင် ရွှေပဲရုပ်ဖြင့်ပြည့်သော ငွေခွက်ကိုယူ၍ ထိုမင်းသမီးနှင့်တကွ စကားပြောလို၍-

၄၂။ ယာသာ ရတိ ဥတ္တမာ ကာမဘာဂိနံ၊
ယံ ဟေတု သတ္တာ ဝိသမံ စရန္တိ။
မာ တံ ရတိံ ဇိယိ တုဝံ သုစိမှိတေ၊
ဒဒါမိ တေ ရူပိယံ ကံသပူရံ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

၄၂။ ဘဒ္ဒေ၊ နှမ။ ကာမဘောဂိနံ၊ ကာမစည်းစိမ်ကို ခံစားကုန်သော သူတို့အား။ ယာသာ ရတိ၊ အကြင် မေထုန်ကာမ၌ မွေ့လျော်ခြင်းသည်။ ဥတ္တမာ၊ မြတ်၏။ ယံ ဟေတု၊ အကြင်မေထုန်ကာမ၌ မွေ့လျော်လိုသောကြေးင့်။ သတ္တာ၊ သတ္တဝါတို့သည်။ ဝိသမံ၊ ကာယဒုစရိုက် အစရှိသော မကောင်းမှုကို။ စရန္တိ၊ ကျင့်ကုန်၏။ သုစိမှိ၊ နှစ်သက်ဖွယ် ပြုံးရယ်တတ်သော မင်းသမီး။ တုဝံ၊ သင်သည်။ တံ ရတိံ၊ ထိုမေထုန်ကာမ၌ မွေ့လျော်ခြင်းကို။ မာ ဇိယိ၊ မပျက်စေလင့်။ ရူပိယံ ကံသပူရံ၊ ရွှေပဲရုပ်ဖြင့်ပြည့်သော ငွေခွက်ကို။ တေ၊ သင့်အား။ ဒဒါမိ၊ ငါပေး၏။

ထိုဂါထာ၏ အဓိပ္ပာယ်ကား- မင်းသမီးဖြစ်သော နှမ ကာမစည်းစိမ်ကို ခံစားသောသူတို့အား မွေ့လျော်ခြင်းတို့တွင် အကြင်မေထုန်ကာမ၌ မွေ့လျော်ခြင်းသည် လွန်သော မွေ့လျော်ခြင်းမည်၏။ အကြင်ကာမ၌ မွေ့လျော်ခြင်းဟူသော အကြောင်းနှင့် သတ္တဝါတို့သည် ကာယဒုစရိုက် အစရှိသော မကောင်းမှုကို ကျင့်ကုန်၏။ နှစ်သက်ဖွယ် ပြုံးရယ်တတ်သော နှမ ထိုမွေ့လျော်ခြင်းကို မပျက်စေလင့်၊ ငါသည်လည်း လာသည်ရှိသော် လက်ချည်း သက်သက် မလာ၊ ယမန်နေ့ ရွှေပဲရုပ်နှင့်ပြည့်သော ရွှေခွက်ကို ယူဆောင်ခဲ့၏။ ယနေ့ ရွှေပဲရုပ်နှင့်ပြည့် ငွေခွက်ကို ဆောင်လာ၏။ ငါသည် ရွှေပ်ရုပ်နှင့်ပြည့်သော ဤငွေခွက်ကို သင့်အားပေး၏ ဟု ဆိုလိုသည်။

တတိယနေ့ လာပြောသော်

မင်းသမီးသည် ကြံ၏။ ဤသူသည် စကားဟောခြင်းကို ရသည်ရှိသော် အဖန်ဖန် လာလတ္တံ့၊ ထို့ကြောင့် ယခုအခါ၌ ထိုသူနှင့် စကားမပြောအံ့ ဟု ကြံ၍ ထိုမင်းသမီးသည် တစ်ခွန်းသောစကားကိုမျှ မပြောလတ်သော် သိကြားမင်းသည် ထိုမင်းသမီး၏ စကားမပြောသော အဖြစ်ကိုသိ၍ ထိုအရပ်၌ပင်လျှင် ကွယ်၍ တစ်နေ့သ၌ ထိုညဉ့်အခါဝယ် အသပြာဖြင့်ပြည့်သော ကြေးခွက်ကိုယူ၍ နှမ ငါ့ကို ကာမ၌ မွေ့လျော်ခြင်းဖြင့် ရောင့်ရဲစံပယ်စေလော့၊ သင့်အား အသပြာဖြင့်ပြည့်သော ဤကြေးခွက်ကို ပေးအံ့ဟု ဆို၏။

လက်ဆောင်က နည်းနည်းလာသကိုး

ထိုသိကြားမင်းကိုမြင်၍ မင်းသမီးသည်-

၄၃။ နာရိံ နရော နိဇ္ဈာပယံ ဓနေန၊
ဥက္ကံသတီ ယတ္ထ ကရောတိ ဆန္ဒံ။
ဝိပစ္စနီကော တဝ ဒေဝဓမ္မော၊
ပစ္စက္ခတော ထောကတရေန ဧသိ။

ဟူသော ခုနစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၄၃။ ဘော ပုရိသ၊ အိုယောက်ျား။ နရော၊ ယောက်ျားသည်။ နာရိံ၊ မိန်းမကို။ ဓနေန၊ ဥစ္စာဖြင့်။ နိဇ္ဈာပယံ-နိဗ္ဗပယန္တော၊ သိစေသည်ရှိသော်။ ယတ္ထ၊ အကြင်မိန်းမ၌။ ဆန္ဒံ၊ အလိုကို။ ကရောတိ၊ ပြုအံ့။ တံ၊ ထိုမိန်းမကို။ ဥက္ကံသတိ၊ ချီးမွမ်း၏။ တဝ၊ သင်၏။ ဒေဝဓမ္မော၊ နတ်၏သဘောသည်။ ဝိပစ္စနီကော၊ ဆန့်ကျင်၏။ ပစ္စက္ခတော၊ မျက်မှောက်လျှင်။ ထောကတရေန၊ အလွန်နည်းသော ဥစ္စာဖြင့်။ ဧသိ၊ လာ၏။

ထိုဂါထာ၏ အဓိပ္ပာယ်ကား- အို ယောကျ်ား သင်သည် အလွန်မိုက်စွ၊ ထိုစကားသည် မှန်၏။ ယောက်ျားမည်သည်ကား မိန်းမကို ကိလေသာဖြင့် မွေ့လျော်ခြင်းကို ခံစားလိုသောကြောင့် ဥစ္စာလက်ဆောင်ဖြင့် စုံစမ်းဆင်ခြင်၍ သိစေသည်ရှိသော် အကြင်မိန်းမ၌ အလိုကို ပြု၏။ ထိုမိန်းမအား ချီးမွမ်းထောမနာ၍ များသည်ထက်များသော ဥစ္စာဖြင့် ဖြားယောင်းလှည့်ပတ် သွေးခေါ်၏။ သင်နတ်၏ အကျင့်သဘောသည် ဆန့်ကျင်၏။ သင်သည် ယမန်နေ့က ငါ့အား မျက်မှောက်လျှင် အလွန်နည်းသော ဥစ္စာဖြင့်လာ၏။ ရှေးဦးစွာသောနေ့၌ ရွှေဖြင့်ပြည့်သော ရွှေခွက်ကို ဆောင်ယူလာ၏။ နှစ်ရက်မြောက်သောနေ့၌ ရွှေဖြင့်ပြည့်သော ငွေခွက်ကို ဆောင်ယူခဲ့၏။ သုံးရက်မြောက်သောနေ့၌ အသပြာဖြင့်ပြည့်သော ကြေးခွက်ကို ဆောင်ယူ၏ ဟု ဆိုလိုသည်။

သင့်ရုပ်လွှာက အိုအိုလာ

ထိုစကားကိုကြား၍ သိကြားမင်းသည် နှမ မင်သမီး ငါသည် လိမ္မာသော ကုန်သည်နှင့်တူ၏။ အကျိုးစီးပွားမရှိသည်၌ ဥစ္စာကို မဆုတ်မယုတ်စေ၊ အကယ်၍ သင်သည် အသက်ဖြင့်လည်းကောင်း၊ အဆင်းဖြင့်လည်းကောင်း တိုးသည် ဖြစ်အံ့၊ ငါသည် သင့်အား ပဏ္ဏာလက်ဆောင်ကို တိုးပွား၍ ဆောရာ၏။ သင်သည် တစ်နေ့တစ်ပါး အသက်ဖြင့်လည်းကောင်း, အဆင်းဖြင့်လည်းကောင်း ဆုတ်ယုတ်သည်သာတည်း။ ထို့ကြောင့် ငါသည် ဥစ္စာလက်ဆောင်ကို ဆုတ်ယုတ်စေ၏ညဟု ဆိုလိုရကား-

၄၄။ အာယု စ ဝဏ်ဏော စ မနုဿလောကေ၊
နိဟီယတိ မနုဇာနံ သုဂတ္တေ။
တေနေဝ ဝဏ္ဏေန ဓနမ္ပိ တုယှံ၊
နိဟီယတိ ဇိဏ္ဏတရာသိ အဇ္ဇ။
၄၅။ ဧဝံ မေ ပေက္ခမာနဿ၊ ရာဇပုတ္တိ ယဿသိနီ။
ဟာယတေဝ တဝ ဝဏ္ဏော၊ အဟောရတ္တာနမစ္စယေ။
၄၆။ ဣမိနာဝ တွံ ဝယသာ၊ ရာဇပုတ္တိ သုမေဓသေ။
ဗြဟ္မစရိယံ စရေယျာသိ၊ ဘိယျော ဝဏ္ဏဝတီ သိယာ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၄၄။ သုဂတ္တေ၊ ကောင်းသော ကိုယ်ရှိသော မင်းသမီး။ မနုဿလောကေ၊ လူ့ပြည်၌။ မနုဇာနံ၊ လူတို့အား။ အာယု စ၊ အသက်သည်လည်းကောင်း။ ဝဏ္ဏော စ၊ အဆင်းသည်လည်းကောင်း။ နိဟီယတိ၊ တစ်နေ့တစ်ပါး တစ်လတခြား ဆုတ်ယုတ်၏။ တေနေဝဝဏ္ဏေန၊ ထိုသို့ အသက် အဆင်း ဆုတ်ယုတ်သော အကြင်းကြောင့်သာလျှင်။ တုယှံ၊ သင့်အား။ ဓနမ္ပိ၊ ဥစ္စာကိုလည်း။ နိဟီယတိ၊ ဆုတ်ယုတ်စေ၏။ အဇ္ဇ၊ ယနေ့။ ဇိဏ္ဏတရာ၊ အလွန်အိုသည်။ အသိ၊ ဖြစ်ပြီ။

၄၅။ ယသဿိနီ၊ များသော အခြံအရံရှိသော။ ရာဇပုတ္တိ၊ မင်းသမီး။ ဧဝံ၊ ဤသို့။ မေ ပေက္ခမာနဿ ဝ၊ ငါမြင်စဉ်ပင်လျှင်။ တဝ၊ သင်၏။ ဝဏ္ဏော၊ အဆင်းသည်။ ဟာယတေဝ၊ ယုတ်သည်သာတည်း။ အဟောရတ္တာနံ၊ နေ့ညဉ့်တို့၏။ အစ္စယေ၊ လွန်သည်ရှိသော်။ အပဏ္ဏတ္တိကဘာဝမေဝ၊ ပညတ်စရာ အကောင်အထည်မရှိသည် အဖြစ်သို့သာလျှင်။ ဂမိဿတိ၊ ရောက်လတ္တံ့။

၄၆။ သုမေဓသေ၊ ကောင်းသော ပညာရှိသော။ ရာဇပုတ္တိ၊ မင်းသမီး။ တွံ၊ သင်သည်။ ဣမိနာ ဝယသာ ဧဝ၊ ဤအရွယ်ဖြင့်လျှင်။ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။ စရေယျာသိ၊ ကျင့်လော့။ ဘိယျော၊ လွန်စွာ။ ဝဏ္ဏဝတီ၊ အဆင်းနှင့်ပြည့်စုံသည်။ သိယာ၊ ဖြစ်ရာ၏။

နတ်တွေကော မအိုပြီကော

ထို့နောင်မှ မင်းသမီးသည် ဤမှတစ်ပါးသော-

၄၇။ ဒေဝါ န ဇီရန္တိ ယထာ မနုဿာ၊
ဂတ္တေသု တေသံ ဝလိယော န ဟောန္တိ။
ပုစ္ဆာမိ တံ ယက္ခ မဟာနုဘာဝ၊
ကထံ နု ဒေဝါနံ သရီရဒေဟော။

ဟူသော ဤဂါထာကို ဆို၏။

၄၇။ မဟာနုဘာဝ၊ ကြီးသောတန်ခိုးရှိသော။ ယက္ခ၊ နတ်မင်း။ မနုဿာ၊ လူတို့သည်။ ဇီရန္တိ ယထာ၊ အိုကုန်သကဲ့သို့။ တထာ၊ ထို့အတူ။ ဒေဝါ၊ နတ်တို့သည်။ နံ ဇီရန္တိ၊ မအိုကုန်သလော။ တေသံ၊ ထိုနတ်တို့၏။ ဂတ္တေသု၊ ကိုယ်တို့၌။ ဝလိယော၊ အရေတွန့်လိပ်ခြင်းတို့သည်။ န ဟောန္တိ၊ မဖြစ်ကုန်သလော။ ဒေဝါနံ၊ နတ်တို့၏။ သရီရဒေဟော၊ ခန္ဓာကိုယ်သည်။ ကထံ နု၊ အဘယ့်ကြောင့်လျှင်။ န ဇီရန္တိ၊ မအိုသနည်း။ တံ၊ သင်နတ်မင်းကို။ ပုစ္ဆာမိ၊ ငါ မေး၏။

နတ်တွေမအိုပါ

ထိုအခါ မင်းသမီးအား ပြောလို၍ သိကြားသည် ဤမှတစ်ပါး အခြားမဲ့သော-

၄၈။ ဒေဝါ န ဇီရန္တိ ယထာ မနုဿာ၊
ဂတ္တေသု တေသံ ဝလိယော န ဟောန္တိ။
သုဝေသုဝေ ဘိယျတရောဝ တေသံ။
ဒိဗ္ဗောစ ဝဏ္ဏော ဝိပုလာစ ဘောဂါ။

ဟူသော ဤဂါထာကို ဆို၏။

၄၈။ မနုဿာ၊ လူတို့သည်။ ဇီရန္တိ ယထာ၊ အိုကုန်သကဲ့သို့။ ဒေဝါ၊ နတ်တို့သည်။ န ဇီရန္တိ၊ မအိုနိုင်ကုန်။ တေသံ၊ ထိုနတ်တို့၏။ ဂတ္တေသု၊ ကိုယ်တို့၌။ ဝလိယော၊ အရေတွန့်လိပ်ခြင်းတို့သည်။ န ဟောန္တိ၊ မဖြစ်နိုင်ကုန်။ တေသံ၊ ထိုနတ်တို့အား။ သုဝေ သုဝေ၊ နေ့တိုင်း နေ့တိုင်း။ ဘိယျတရော၊ လွန်သော။ ဒိဗ္ဗော၊ နတ်၌ဖြစ်သော။ ဝဏ္ဏော စ၊ အဆင်းသည်လည်းကောင်း။ ဝိပုလာ၊ များစွာပြန့်ပြောကုန်သော။ ဘောဂါ စ၊ စည်းစိမ်တို့သည်လည်းကောင်း။ ဟောန္တိ၊ ဖြစ်ကုန်၏။

နတ်ပြည်ရောက်ချင်တယ်

ထိုမင်းသမီးသည် နတ်ပြည်၏ ဂုဏ်ကျေးဇူးကိုကြား၍ ထိုနတ်ပြည်သို့ သွားရာသွားကြောင်း ခရီးကို မေးမြန်းလိုရကား-

၄၉။ ကိံသူဓ ဘီတာ ဇနတာ အနေကာ၊
မဂ္ဂေါ စ နေကာယတနံ ပဝုတ္တော။
ပုစ္ဆာမိ တံ ယက္ခ မဟာနုဘာဝ၊
ကတ္ထဋ္ဌိတော ပရလောကံ န ဘာယေ။

ဟူသော ဤမှတစ်ပါး အခြားမဲ့သော ဤဂါထာကိုဆို၏။

၄၉။ မဟာနုဘာဝ၊ ကြီးသောတန်ခိုးရှိသော။ ယက္ခ၊ နတ်မင်း။ ဣဓ၊ ဤလူ့ရွာ၌။ အနေကာ၊ များစွာသော။ ဇနတာ၊ လူအပေါင်းသည်။ ကိံသု၊ အဘယ်ကို။ ဘီတာ၊ ကြောက်၍။ ဒေဝလောကံ၊ နတ်ပြည်သို့။ န ဂစ္ဆထ၊ မသွားရသနည်း။ အနေကာယတနံ၊ များသော တည်ရာရှိသော။ ပဝုတ္တော၊ ပညာရှိတို့သည်ဟောအပ်သော။ မဂ္ဂေါ၊ နတ်ရွာခရီးသည်။ ကော၊ အဘယ်နည်း။ တံ၊ သင်နတ်မင်းကို။ ပုစ္ဆာမိ၊ မေးပါ၏။ ကတ္ထ၊ အဘယ်ခရီး၌။ ဌိတောဝ၊ တည်သော သူသည်လျှင်။ ပရလောကံ၊ တမလွန်လောကကို။ န ဘာယေ၊ မကြောက်သနည်း။

နတ်ရွာလမ်းပြတရား

ထိုအခါ၌ ထိုမင်းသမီးအား ပြောကြားလိုသော သိကြားမင်းသည်-

၅၀။ ဝါစံ မနဉ္စ ပဏိဓာယ သမ္မာ၊
ကာယေန ပါပါနိ အကုဗ္ဗမာနော။
ဗဟုန္နပါနံ ဃရမာဝသန္တော၊
သဒ္ဓေါ မုဒူ သံဝိဘာဂီ ဝဒညူ။
သင်္ဂဟကော သခိလော သဏှဝါစော၊
ဧတ္ထဋ္ဌိတော ပရလောကံ န ဘာယေ။

ဟူသော တစ်ပါးသော ဤဂါထာကို ဆို၏။

၅၀။ ဘဒ္ဒေ၊ နှမ။ ဝါစံ၊ နှုတ်ကိုလည်းကောင်း။ မနဉ္စ၊ နှလုံးကိုလည်းကောင်း။ သမ္မာ၊ ကောင်းစွာ။ ပဏိဓာယ၊ ဆောက်တည်၍။ ကာယေန၊ ကိုယ်ဖြင့်။ ပါပါနိ၊ မကောင်းမှုတို့ကို။ အကုဗ္ဗမာနော၊ မပြုသည်ဖြစ်၍။ ဃရံ၊ အိမ်၌။ အာဝသန္တော၊ နေသည်ရှိသော်။ ဗဟုံ၊ များစွာသော။ အန္နပါနံ၊ ထမင်းအဖျော်ကို။ ဒတွာ၊ လှူ၍။ သဒ္ဓေါ၊ သဒ္ဓါတရားနှင့် ပြည့်စုံသည်ဖြစ်၍။ မုဒူ၊ နူးညံ့သော စိတ်ရှိသည်ဖြစ်၍။ သံဝိဘာဂီ၊ အလှူအဖို့ကို ခွဲဝေလျက်။ ဝဒညူ၊ ဆုံးမခြင်းကို သိသည်ဖြစ်၍။ သင်္ဂါဟကော၊ သင်္ဂဟဝတ္ထု လေးပါးတို့ဖြင့် သင်္ဂြိုဟ်သည်ဖြစ်၍။ သခိလော၊ ချစ်ဖွယ်သောစကားကို ဆိုသည်ဖြစ်၍။ သဏှဝါစော၊ ပြေပြစ်သောစကား ရှိသည်ဖြစ်၍။ ဧတ္ထ၊ ဤဂုဏ်ကျေးဇူးအပေါင်း၌။ ဌိတော၊ တည်သောသူသည်။ ပရလောကံ၊ တမလွန်လောကကို။ န ဘာယေ၊ မကြောက်။

ထိုဂါထာ၏ အဓိပ္ပာယ်ကား- "ဥဒယဘဒ္ဒ အမည်ရှိသောနှမ- နှုတ်နှလုံးကို ကောင်းစွာထား၍ ကိုယ်ဖြင့် မကောင်းမှုကို မပြုသည်ဖြစ်၍ ဤဆယ်ပါးသော ကုသိုလ် ကမ္မပထတို့ကို ဆောက်တည်လျက် ကျင့်၍ များစွာကုန်သော ထမင်း အဖျော် လှူဖွယ်ဝတ္ထုတို့ကို အိမ်၌ နေလျက် အလှူ၏ အကျိုးသည် ရှိ၏ ဟု သဒ္ဓါတရားနှင့် ပြည့်စုံသည်ဖြစ်၍ နူးညံသောစိတ်ရှိသည်ဖြစ်၍ အလှူအဖိုတို့ကို ဝေဖန်သည်၏အဖြစ်ဖြင့် ရဟန်းတို့သည် ဆွမ်းအလို့ငှာ ကြွလာကုန်သည်ရှိသော် ဆုံးမသည်မည်ကုန်၏။ ပစ္စည်းလေးပါးတို့ကို လှူသဖြင့် ထိုရဟန်းတို့၏ အဆုံးအမကို သိသောကြောင့် ပစ္စည်းလှူခြင်း ဆုံးမခြင်းကိုယူသဖြင့် သိသည်, သင်္ဂဟဝတ္ထုလေးပါးတို့ဖြင့် သင်္ဂြိုဟ်ထောက်ပံ့သည် ဖြစ်၍ ချစ်ဖွယ်ဆိုသည်၏အဖြစ်ဖြင့် ပြေပြစ်သော စကားရှိသည်၏ အဖြစ်ဖြင့် ဖြစ်ရာ၏။ ဤဂုဏ်ကျေးဇူး၌တည်သောသူသည် တမလွန်သို့သွားသည်ရှိသော် မကြောက် ဟု ဆိုလိုသည်။

သင်ဘယ်သူလဲ

ထို့နောင် မင်းသမီးသည် ထိုသိကြားမင်း၏စကားကို ကြား၍ ချီးမွမ်းခြင်းကို ပြုလိုကား -

၅၁။ အနုသာသသိ မံ ယက္ခ၊ ယထာ မာတာ ယထာ ပိတာ။
ဥဠာရဝဏ္ဏံ ပုစ္ဆာမိ၊ ကော နု တွမသိ သုဗြဟာ။

ဟူသော ဤမှတစ်ပါး အခြားမဲ့သော ဤဂါထာကို ဆို၏။

၅၁။ သုဗြဟာ၊ အလွန်မြတ်သော ကိုယ်ရှိသော။ ယက္ခ၊ နတ်မင်း။ မာတာ ယထာ၊ အမိကဲ့သို့။ ပိတာ ယထာ၊ အဖကဲ့ကို။ မံ၊ အကျွန်ုပ်ကို။ အနုသာသသိ၊ ဆုံးမပေ၏။ ဥဠာရဝဏ္ဏံ၊ တင့်တယ်သော အဆင်းရှိသော။ တံ၊ သင်နတ်မင်းကို။ ပုစ္ဆာမိ၊ မေးပါ၏။ တွံ၊ သင်နတ်မင်းသည်။ ကော၊ အဘယ်သူသည်။ အသိ နု၊ ဖြစ်သနည်း။

ထိုဂါထာ၏ အဓိပ္ပာယ်ကား- အမိအဖတို့သည် သားသမီးတို့ကို ဆုံးမကုန်သကဲ့သို့ ထို့အတူ အကျွန်ုပ်ကို ဆုံးမပေ၏။ အလွန်မြတ်သော ကိုယ်ရှိသော တင့်တယ်သောကိုယ်ရှိသာ နတ်မင်းသည် အဘယ်သူနည်း ဟု ဆိုလိုသည်။

ငါ ဥဒယမင်းတည်း

ထို့နောင်မှ ဘုရားလောင်းသည်-

၅၂။ ဥဒယောဟမသ္မိ ကလျာဏိ၊ သင်္ဂရတ္တာ ဣဓာဂတော၊
အာမန္တ ခေါ တံ ဂစ္ဆာမိ၊ မုတ္တောသ္မိ တဝ သင်္ဂရာ။

ဟူသော ဤမှတစ်ပါး အခြားမရှိသော ဤဂါထာကို ဆို၏။

၅၂။ ကလျဏိ၊ ကောင်းသောအပြင်ရှိသော မင်းသမီး။ အဟံ၊ ငါကား။ ဥဒု ယော၊ လူ၏အဖြစ်တွင် သင်၏ချစ်လင်ခင်ပွန်း ဥဒယမင်းသားသည်။ အသိ၊ ဖြစ်၏။ သင်္ဂရတ္တာ၊ ရှေး၌ ကတိကဝတ်ကြောင့်။ ဣဓ၊ ဤသင်၏အထံသို့။ အာဂတော၊ လာခဲ့၏။ တံ၊ သင်နှမချစ်ကို။ အာမန္တ ခေါ၊ တိုင်ပင်၍လျှင်။ ဂစ္ဆာမိ၊ သွားအံ့။ တဝ၊ သင်၏။ သင်္ဂရာ၊ ရှေး၌ပြုသော ကတိကဝတ်မှ။ မုတ္တာ၊ လွတ်သည်။ အသ္မိ၊ ဖြစ်၏။

ထိုဂါထာ၏ အဓိပ္ပာယ်ကား- ကောင်းသော အပြင်အာရှိသောမင်းသမီး-ငါကား ရှေးဘဝ၌ သင်၏ချစ်လင် ခင်ပွန်းဖြစ်သော ဥဒယမင်းသားတည်း၊ တာဝတိံသာနတ်ပြည်၌ သိကြားမင်းဖြစ်၏။ ဤအရပ်သို့လာသည်မှာလည်း သင်နှမကို ကိလေသာဖြင့် ချစ်ခင်လေးမြတ် နှစ်သက်အပ်သည်ဖြစ်၍ မလာ၊ သင်နှမကို စုံစမ်းပြီး၍ ကတိကဝတ်ကို ဖြေအံ့သော အကျိုးငှာ ရှေးဘဝ၌ ကတိကဝတ် သစ္စာရှိဖူးသည်၏ အဖြစ်ကြောင့် လာ၏။ ယခု သင်နှမကိုခေါ်၍ သွားအံ့၊ သင်၏ ကတိကဝတ် သစ္စာမှ လွတ်ပြီဟု ဆိုလိုသည်။

ခေါ်တော်မူပါ

မင်းသမီးသည် နှစ်သက်၍ သခင် သင်သည် ဥဒယမင်းသားပေလော ဟု ဝမ်းနည်းချင်ဖွယ် အသွယ်သွယ်ဆင်းသော မျက်ရည်တို့ဖြင့် ငိုမြည်တမ်းလျက် ကျွန်ုပ်သည် သခင်တို့နှင့် ကွေကွင်း၍ နေခြင်းငှာ မတတ်နိုင်ပါ၊ သခင်တို့၏အထံ၌ အတူတကွ ခစားလုပ်ကျွေး၍ နေပါရအောင် ကျင့်ဆောင်ဆုံးမ ပြသသွန်သင် ပဲ့ပြင်တော်မူပါ ဟု လျှောက်ဆိုလိုရကား -

၅၃။ သစေ ခေါ တွံ ဥဒယောသိ၊ သင်္ဂရတ္တာ ဣဓာဂတော။
အနာသာသ မံ ရာဇပုတ္တ၊ ယထာဿ ပုန သင်္ဂမော။

ဟူသော တစ်ပါးသော ဤဂါထာကိုဆို၏။

၅၃။ ရာဇပုတ္တ၊ အရှင်မင်းသား။ တွံ၊ အရှင်မင်းသည်။ ဥဒယော၊ ဥဒယ မင်းသားသည်။ သစေ အသိ၊ အကယ်၍ဖြစ်ပါအံ့။ သင်္ဂရတ္တာ၊ ကတိကဝတ် သစ္စာကြောင့်။ ဣဓ၊ ဤအကျွန်ုပ်၏ စံရာတိုက်ခန်းသို့။ အာဂတော၊ လာသည်ဖြစ်အံ့။ ယထာ၊ ယကြင်အခြင်းဖြင့် ဆုံးမ သည်ရှိသော်။ ပုန၊ တစ်ဖန်။ သင်္ဂမော၊ အုံးအိပ်ရာ ယှဉ်တွဲ၍ မေတ္တာရစ်ခွေ ကြာနှင့်ရေကဲ့သို့ အဆွေခင်ပွန်းသဖြင့် ပေါင်းမိကြပြန်သည်။ အဿ ဘဝေယျ၊ ဖြစ်ရာ၏။ တထာ၊ ထိုသို့ပေါင်းမိကြရအောင်။ မံ၊ အကျွန်ုပ်ကို။ အနုသာသ၊ ဆုံးမတော်မူပါလော့။

ထိုအခါ မင်းသမီးကို ဆုံးမလိုသော ဘုရားလောင်းသည်-

၅၄။ အတိပတတိ ဝယော ခဏော တထေဝ၊
ဌာနံ နတ္ထိ ဓုဝံ စဝန္တိ သတ္တာ။
ပရိဇိယတိ အဒ္ဓုဝံ သရီရံ၊
ဥဒယေ မာ ပမာဒ စရဿု ဓမ္မံ။-
၅၅။ ကသိဏာ ပထဝီ ဓနဿ ပူရာ၊
ဧကဿေဝ သိယာ အနညဓေယျာ။
တံစာပိ ဇဟတိ အဝီတရာဂေါ၊
ဥဒယေ မာ ပမာဒ စရဿု ဓမ္မံ။
၅၆။ မာတာ စ ပိတာ စ ဘာတရော စဖ
ဘရိယာစာပိ ဓနေန ဟောန္တိ အတိတ္တာ။
တေ စာပိ ဇဟန္တိ အညမညံ၊
ဥဒယေ မာ ပမာဒ စရဿု ဓမ္မံ။
၆၇။ ကာယော စ ပရဘောဇနံ ဝိဒိတွာ၊
သံသာရေ သုဂတိံ ဒုဂ္ဂတိဉ္စ။
ဣတ္တရဝါသောတိ ဇာနိယာန၊
ဥဒယေ မာ ပမာဒ စရဿု ဓမ္မံ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

၅၄။ ဥဒယေ၊ ဥဒယဘဒ္ဒါမည်သောမင်းသမီး။ သတ္တာနံ၊ သတ္တဝါတို့၏။ ဝယော၊ အရွယ်သုံးပါးသည်။ အတိပတတိ၊ လျင်မြန်စွာ လွန်တတ်၏။ ခဏော၊ ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးသည်။ တထေဝ၊ ထို့အတူလျှင်။ အတိပတတိ၊ အလွန်လျင်မြန်၏။ ဌာနံ၊ မပြိုမကွဲ အမြဲတည်သော အရပ်သည်။ နတ္ထိ၊ မရှိ။ သတ္တာ၊ သတ္တဝါတို့သည်။ ဓုဝံ၊ မချွတ်မလွဲ အမြဲဧကန် အမှန်မုချ။ စဝန္တိ၊ ရွေ့ကုန်၏။ ပရိဇီယတိ၊ ကုန်းကွ ရွတ်ယို တွတွအို၏။ သရီရံ၊ ကိုယ်သည်။ အဒ္ဓုဝံ၊ မမြဲ။ မာ ပမာဒ၊ မမေ့မလျော့လင့်။ ဓမ္မံ၊ ကုသိုလ်ကမ္မပထတရား ဆယ်ပါးကို။ စရဿု၊ ကျင့်လော့။

၅၅။ ဥဒယေ၊ ဥဒ်ဒယဘဒ္ဒါမည်သောမင်းသမီး။ အနညဓေယျော၊ သူတစ်ပါးနှင့်မစပ်သော။ ဓနဿ၊ ဥစ္စာဖြင့်။ ပူရာ၊ ပြည့်သော။ ကသိဏာ၊ အလုံးစုံသော။ ပထဝီ၊ မြေသည်။ ဧကဿေဝ၊ တစ်ယောက်တည်းသော မင်းအားသာလျှင်။ သိယာ၊ ဖြစ်စေကာမူ။ အဝီတရာဂေါ၊ တဏှာနိုင်ငံသို့ လိုက်သော သူသည်။ တံစာပိ၊ ထိုအလုံးစုံသော ဧကရာဇ်မင်းအဖြစ်ကိုလည်း။ ဇဟတိ၊ စွန့်ရ၏။ မာ ပမာဒ၊ မမေ့မလျော့လင့်။ ဓမ္မံ၊ ကုသိုလ်ကမ္မပထတရား ဆယ်ပါးကို။ စရဿု၊ ကျင့်လော့။

အဓိပ္ပာယ်က ဇမ္ဗူဒီပါကျွန်းကို အစိုးရသော ဧကရာဇ်မင်း ဖြစ်ငြားသော်လည်း တဏှာနိုင်ငံသို့လိုက်သော သူသည် မရောင့်ရဲနိုင်ချေ။ ထို့ကြောင့် မမေ့မလျော့ ကုသိုလ်တရားကို ကြိုးစား၍ ကျင့်လော့ဟု ဆိုလိုသည်။

တရားသဖြင့် ကျင့်လေ

၅၆။ ဥဒယေ၊ ဥဒယဘဒ္ဒါမည်သော မင်းသမီး။ မာတာ စ၊ အမိသည်လည်းကောင်း။ ပိတာ စ၊ အဖသည်လည်းကောင်း။ ဘာတရော စ၊ ညီသားအစ်ကိုတို့သည်လည်းကောင်း။ ဘရိယာ စာပိ၊ မယားတို့သည်လည်းကောင်း။ ဓနေန၊ ဥစ္စာဖြင့်။ အတိတ္တာ၊ မရောင့်ရဲကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေဝါ၊ ထိုအမိအဖ အစရှိသော သူတို့သည်လည်း။ အညမညံ၊ အချင်းချင်း။ ဇဟန္တိ၊ စွန့်ရကုန်၏။ မာ ပမာဒ၊ မမေ့မလျော့လင့်။ ဓမ္မံ၊ တရားကို။ စရဿု၊ ကျင့်လော့။

၅၇။ ဥဒယေ၊ ဥဒယဘဒ္ဒါမည်သော မင်းသမီး။ ကာယော၊ ကိုယ်သည်။ ပရဘောဇနံ၊ ကျီးရဲ စွန်ရဲ ကျားရဲ သစ်ရဲ ဘီလူးရက္ခိုသ် အစရှိသော တစ်ပါးသော သတ္တဝါတို့၏ အစာအာဟာရတည်း။ ဣတိ၊ ဤသို့။ ဝိဒိတွာ၊ သိ၍။ သံသာရေ၊ သံသရာ၌။ သုဂတိ၊ သုဂတိဘုံဘဝ၌လည်းကောင်း။ ဒုဂ္ဂတိဉ္စ၊ ဒုဂ္ဂတိဘုံဘဝ၌လည်းကောင်း။ ဣတ္တရဝါသောတိ၊ ဤနှစ်ပါးတို့တွင် တပါးပါးသော နေရာတည်းဟု။ ဇာနိယာန၊ သိ၍။ မာ ပမာဒ၊ မမေ့မလျော့လင့်။ ဓမ္မံ၊ တရားကို။ စရဿု၊ ကျင့်လော့။

ရသေ့မ ပြုလုပ်ပါတော့မည်

ဤသို့ ဘုရားလောင်းသည် ထိုမင်းသမီးအား အဆုံးအမ ဩဝါဒကိုပေး၏။ ထိုမင်းသမီးသည်လည်း ဘုရားလောင်း၏ တရားစကား၌ ကြည်ညို၍ ချီးမွမ်းခြင်းကို ပြုလိုရကား-

၅၈။ သာဓု ဘာသတိယံ ယက္ခော၊ အပ္ပံ မစ္စာန ဇီဝိတံ။
ကသိရဉ္စ ပရိတ္တဉ္စ၊ တဉ္စ ဒုက္ခေန သံယုတံ။
သာဟံ ဧကာ ပဗ္ဗဇိဿာမိ၊ ဟိတွာ ကာသိံ သုရုန္ဓနံ။

ဟူသော ဤဂါထာကိုဆို၏။

၅၈။ မစ္စာနံ၊ သတ္တဝါတို့၏။ ဇီဝိတံ၊ အသက်သည်။ အပ္ပံ၊ နည်း၏။ ကသိရဉ္စ၊ ဆင်းလည်း ဆင်းရဲ၏။ ပရိတ္တဉ္စ၊ တို့လည်းတို့၏။ တဉ္စ၊ ထိုဆင်းရဲငြိုငြင်သော အသက်သည်လည်း။ ဒုက္ခေန၊ ဝဋ်ဆင်းရဲနှင့်။ သံယုတံ၊ ယှဉ်၏။ ဣတိ၊ ဤသို့။ အယံ ယက္ခော၊ ဤနတ်သည်။ ဘာသတိ၊ ဆို၏။ သာဓု၊ ကောင်းပေစွ တကား။ သာဟံ၊ ထိုငါသည်။ ကာသိံ သုရုန္ဓနံ၊ ကာသိတိုင်း သုရုန္ဓနမြို့ကို။ ဟိတွာ၊ စွန့်ပစ်၍။ ဧကာ၊ တစ်ယောက် အထီးတည်း။ ပဗ္ဗဇိဿာမီ၊ ရဟန်းပြုတော့အံ့။

ဘုရားလောင်းသည် ထိုမင်းသမီးအား အဆုံးအမ ဩဝါဒကို ပေးပြီး၍ မိမိနေရာ နတ်ရွာသို့လျှင် သွားလေ၏။ ထိုမင်းသမီးသည်လည်း မိုးသောက်သောနေ့၌ အမတ်တို့အား ပြည်ကို ဆောက်နှင်းပေးခဲ့၍ မြို့တွင်း၌ပင်လျင် နှလုံး မွေ့လျော်ဖွယ်ရှိသော ဥယျာဉ်၌ ရသေ့ရဟန်းပြုလုပ်ပြီးလျှင် တရားကိုကျင့်၍ အသက်အဆုံး၌ တာဝတိံသာ နတ်ပြည်ဝယ် ဘုရားလောင်း၏ အလုပ်အကျွေး မယားဖြစ်လေ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤသို့သော ဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြပြီး၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြသောအဆုံး၌ သာသနာတော်၌ ငြီးငွေ့မရွှင် လူထွက်ချင်သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ထိုအခါ မင်းသမီးသည် ရာဟုလမယ်တော် ဖြစ်လာ၏။ သိကြားမင်းသည် သင်တို့ဆရာ ငါဘုရား ဖြစ်လာ၏။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

တစ်နေ့ကား ရွှေ၊ တစ်နေ့ ငွေ၊ လျော့လေ ဆင်းရုပ်ဝါ

လေးခုမြောက်သော ဥဒယဘဒ္ဒဇာတ်သည် ပြီး၏။

*****