ပါနီယဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၅၉။ ပါနီယဇာတ် (၅)


ဧကာဒသကနိပါတ်

၅။ ပါနီယဇာတ်

အကုသိုလ်ကို နည်း၏ဟု မထေမဲ့မြင် မပြုသင့်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကိလေသာကို နှိပ်ခြင်းကို အကြောင်းပြု၍ မိတ္တော မိတ္တဿ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပါနီယဇာတ်ကို ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... တစ်ရံရောအခါ သာဝတ္ထိပြည်၌ နေကုန်သော ငါးရာကုန်သော အဆွေခင်ပွန်းဖြစ်ကုန်သော သူတို့သည် ဘုရားသခင်၏ ဓမ္မဒေသနာကို ကြားနာ၍ ရဟန်းပြုပြီး ပဉ္စင်းဖြစ်ကုန်ပြီး၍ ဇေတဝန် ကျောင်းတော်၌လျှင် နေကုန်လျက် ညဉ့်သန်းခေါင်အခါဝယ် ကာမဝိတက်ကို ကြံကုန်၏။ (အလုံးစုံအောက်၌ ဆိုအပ်ပြီးသော နည်းဖြင့်လျှင် သိအပ်၏။ ) အထူးကား - မြတ်စွာဘုရား၏ စေတော်မူခြင်းဖြင့် အရှင်အာနန္ဒာသည် ရဟန်းအပေါင်းကို စုဝေးစေသည်ရှိသော် မြတ်စွာဘုရားသည် ခင်းအပ်သော မြတ်သောနေရာ၌ သီတင်းသုံး နေတော်မူသည်ဖြစ်၍ မရည်သည်ကို ပြု၍ ကာမဝိတက်ကို ကြံကုန်သလောဟု မဆိုမူ၍ အလုံးစုံကို သိမ်းကျုံးသည်၏ အစွမ်းအားဖြင့်သာလျှင် မေးတော်မူ၍ "ရဟန်းတို့ ကိလေသာသည် ငယ်သောမည်သည် မရှိ၊ ရဟန်းမည်သည်ကား ဖြစ်သော ကိလေသာကို နှိပ်စက် အပ်ကုန်၏။ ရှေးပညာရှိတို့သည် ဘုရားမဖြစ်သော ကာလ၌လည်း ကိလေသာကိုနှိပ်၍ ပစ္စေကဗောဓိဉာဏ်သို့ ရောက်ဖူးကုန်ပြီ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ကာသိတိုင်း၌ တစ်ခုသော ရွာ၌ အဆွေခင်ပွန်း နှစ်ယောက်တို့သည် ရေဘူးတို့ကိုယူ၍ လယ်သို့သွားကုန်၍ တင့်အပ်လျောက်ပတ်သော အရပ်၌ထား၍ လယ်ခုတ်ထွင်၍ ရေသိပ်သောအခါ လာ၍ ရေကို သောက်ကုန်၏။ ထိုနှစ်ယောက်တို့တွင် တစ်ယောက်သောသူသည် ရေသောက်အံ့သောငှာ လာ၍ မိမိ၏ရေကို စောင့်သည်ဖြစ်၍ တစ်ယောက်သောသူ၏ ရေဘူးမှ သောက်၍ ညချမ်းသောအခါ၌ တောမှထွက်၍ ရေချိုး၍ တည်လျက် ငါ့အား ကာယဒွါရ အစရှိသည်တို့ဖြင့် ယနေ့ တစိုးတစ်စိသော မကောင်းမှုကို ပြုမိခြင်းသည် ရှိသလောဟု စူးစမ်းဆင်ခြင်လတ်သော် ရေကိုခိုး၍ သောက်မိသော အပြစ်ကိုမြင်၍ ထိုသူသည် ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ ဤအရာသည် ပွားလတ်သော် ငါ့ကို အပါယ်တို့၌ ပစ်ချလတ္တံ့၊ ဤကိလေသာ နှိပ်အံ့ ဟု ရေကိုခိုး၍ သောက်မိသောအပြစ်ကို အာရုံပြု၍ ဝိပဿနာကို ပွားစေ၍ ပစ္စကဗောဓိဉာဏ်ကို ဖြစ်စေ၍ ရသောကျေးဇူးကို ဆင်ခြင်လျက်တည်၏။

လယ်သမား ပစ္စေကဗုဒ္ဓါ

ထိုအခါ၌ ထိုပစ္စေကဗုဒ္ဓါကို အဖော်တစ်ယောက်သည် ရေချိုး၍ တက်လတ်သော် အဆွေ လာလှည့်၊ အိမ်သို့သွားကုန်အံ့ဟု ဆို၏။ သင်သည် သွားလေ၊ ငါ့အား အိမ်ဖြင့် ကိစ္စမရှိ၊ ငါတို့သည် ပစ္စေကဗုဒ္ဓါ မည်ကုန်၏ဟု ဆိုလတ်သော် ပစ္စေကဗုဒ္ဓါတို့သည် သင်နှင့်မတူကုန် ဟု ဆို၏။ ထိုအခါ ထိုလူကို ပစ္စေကဗုဒ္ဓါတို့သည် အဘယ်သို့ အဘယ် သဘောရှိကုန်သနည်း ဟု မေး၏။ ဆံလက်နှစ်သစ် ရှိကုန်သည် ဖြစ်၍ ဖန်ရည်စွန်းသော သင်္ကန်းကို ဝတ်ကုန်သည်သာဖြစ်၍ မြောက်အရပ် ဟိမဝန္တာ နန္ဒမူလိုဏ်၌ နေကုန်၏ ဟု ဆိုသည်ရှိသော် ထိုပစ္စေကဗုဒ္ဓါသည် ဦးခေါင်းကို သုံးသပ်တော်မူ၏။ ထိုခဏ၌ပင်လျှင် ထိုပစ္စေကဗုဒ္ဓါအား လူ၏အသွင် ကွယ်လေ၏။ နီသော နှစ်ထပ်သော သင်းပိုင်ကို ဝတ်လျှက်လျှင် လျှပ်စစ်နွယ်နှင့်တူသော ခါးပန်းဖွဲ့စည်း၍ လယ်ခေါင်ရန်းပန်း အဆင်းနှင့်တူသော ကိုယ်ဝတ်သင်္ကန်းကို လက်ဝဲတစ်ဖက် ပခုံးထက်၌တင်၍ တိမ်အဆင်းနှင့်တူသော ပံ့သကူသင်္ကန်းကို ပခုံးစွန်း၌တင်ထား၍ ပိတုန်းတောင် အဆင်းနှင့်တူသော မြေသပိတ်ကို လက်ဝဲပခုံးစွန်း၌ လွယ်လျက် တည်၏။ ထိုပစ္စေကဗုဒ္ဓါသည် ကောင်းကင်၌ရပ်လျက် တရားဟော၍ ပျံ၍ နန္ဒမူ လိုဏ်၌ သက်ဆင်း၏။

သူကြွယ် ပစ္စေကဗုဒ္ဓါ

ကာသိကရွာ၌သာလျှင် တစ်ယောက်သော သူကြွယ်သည်လည်း နေရာ၌နေလျက် တစ်ယောက်သော ယောကျ်ားသည် မိမိ၏မယားကို ခေါ်၍သွားသည်ကို မြင်လျှင် မြတ်သောအဆင်းကို ဆောင်သော ထိုမိန်းမကို ဣန္ဒြေတို့ကိုဖျက်၍ တစိန်းစိန်းကြည့်လျက် တစ်ဖန်ကြံ၏။ ငါ့အား

ဤလောဘသည် ပွားလတ်သော် ငါ့ကို အပါယ်ဘုံတို့၌ ပစ်ချ စေလတ္တံ့ဟု ထိတ်လန့်သော စိတ်နှလုံးရှိသည်ဖြစ်၍ ဝိပဿနာကို ပွားစေပြီးလျှင် ပစ္စေကဗောဓိဉာဏ်ကို ဖြစ်စေ၍ ကောင်းကင်၌ တည်လျက် တရားဟော၍ နန္ဒမူလိုဏ်သို့သာလျှင် ကြွလေ၏။

တစ်ယောက်သောသူသည်လည်း ကာသိတိုင်း ကာသိကရွာ၌သာလျှင် နေကုန်သော သားအဖ နှစ်ယောက်တို့သည် အတူတကွ ခရီးသွားကုန်၏။ တောအုပ်အဝ၌ သူခိုးတို့သည် ထကုန်၏။ ထိုခိုးသူတို့သည် သားအဖနှစ်ယောက်တို့ကို ရသည်ရှိသော် သားကိုချုပ်၍ ဥစ္စာကိုဆောင်၍ သင့်သားကို ယူလော့ ဟု အဖကို လွှတ်ကုန်၏။ ညီအစ်ကိုကို ရသည်ရှိသော် ညီကိုချုပ်ထား၍ အစ်ကိုကို လွှတ်လိုက်၏။ ဆရာတပည့်ကို ရသည်ရှိသော် ဆရာကိုချုပ်ထား၍ တပည့်ကို လွှတ်ကုန်၏။ တပည့်သည်လည်း ဖြားယောင်း၍ ဥစ္စာကိုဆောင်၍ ဆရာကိုယူ၍ သွား၏။

သား ပစ္စေကဗုဒ္ဓါ

ထိုအခါ၌ ထိုသားအဖ နှစ်ယောက်တို့သည်လည်း ထိုအရပ်၌ ခိုးသူတို့၏ ထသောအဖြစ်ကို သိ၍ သင်သည် ငါ့ကို အဖဟူ၍ မဆိုသင့်၊ ငါသာ်လည်း သင့်အား သားဟူ၍ မဆိုအပ် ဟု ကတိကဝတ် ပြု၍ ခိုးသူ့တို့သည် ဖမ်းယူသောအခါ သင်တို့သည် အချင်းချင်း အဘယ်သို့တော်ကုန်သနည်း ဟု မေးအပ်သည်ရှိသော် စိုးစဉ်းမျှ မတော်ကြကုန်ဟု သိလျက် ချွတ် ယွင်းသော စကားကို ဆိုခြင်းကို ပြုကုန်၏။ ထိုသားအဖ နှစ်ယောက်တို့သည် တောအုပ်မှထွက်၍ ညချမ်း၌ ရေချိုး၍ တည်ကြကုန်သည်ရှိသော် ထိုလူနှစ်ယောက်တို့တွင် သားသည် မိမိ၏ သီလကို သုတ် သင်သည်ရှိသော် ထိုမုသာဝါဒကိုမြင်၍ ဤမကောင်းမှုသည် ပွားများသည်ရှိသော် ငါ့ကို အပါယ်ဘုံတို့၌ ပစ်ချလတ္တံ့၊ ထို့ကြောင့် ဤကိလေသာကို နှိမ်အံ့ ဟု ဝိပဿနာကိုပွား၍ ပစ္စေကဗောဓိဉာဏ်ကိုဖြစ်စေ၍ ကောင်းကင်၌ တည်လျက် အဖအား တရားဟော၍ နန္ဒမူလိုဏ်သာလျှင် ကြွတော်မူ၏။

ရွာစား ပစ္စေကဗုဒ္ဓါ

ထိုမှတစ်ပါးလည်း ကာသိတိုင်း တစ်ခုသော ရွာ၌သာလျှင် တစ်ယောက်သော ရွာစားသည် သားကြီး၊ ငါးကြီး မသတ်လင့်ဟု စည်လည် မောင်းခတ်ခြင်းကို ပြုစေ၏။ ထိုအခါဝယ် ရွာစားကို အခွန်အတုတ် ဆက်သောအခါ၌ လူများသည် စုဝေး၍ဆို၏။ ရွာရှင် အကျွန်ုပ်တို့သည် သမင် ဝက် အစရှိသည်တို့ကို သတ်၍ နတ်တို့အား ဗလိနတ်စာကို ပြုကုန်အံ့၊ ဤအခါသည် ဗလိနတ်စာ တင်သောအခါတည်း ဟု ဆိုလေလျှင် သင်တို့ ရှေးထုံးစံရှိသည့်အတိုင်း ပြုကုန်လော့ဟု ဆိုသည်ရှိသော် လူတို့သည် မြားစွာသော သတ္တဝါတို့ကို သတ်ခြင်းကို ပြုကုန်၏။

ထိုရွာစားသည် များစွာသော ငါးအမဲကိုမြင်၍ ဤလူတို့သည် ဤမျှကုန်သော သတ္တဝါတို့ကို သတ်ကုန်သည်ရှိသော် ငါတစ်ယောက်၏ စကားကြောင့်လျှင် သတ်ကုန်၏ ဟု အလို့အလို့ကိုပြု၍ လေသွန်တံခါးကိုမှီ၍ ရပ်လျက်လျှင် ဝိပဿနာကို ပွားစေသော ခဏ၌ ပစ္စေကဗောဓိဉာဏ်ကိုဖြစ်စေ၍ ကောင်းကင်၌တည်လျှက် လူအများအား တရားဟော၍ နန္ဒမူလိုဏ်သို့သာလျှင် ကြွတော်မူလေ၏။

ကာသိကတိုင်း၌ပင်လျှင် တစ်ယောက်သော ရွာစားသည် သေအရက်ရောင်းဝယ်ခြင်းကို မြစ်တား၍ သခင်... ရှေး၌ ဤအခါဝယ် သေသောက်သဘင်ဖြစ်၏။ အဘယ်သို့ ပြုကုန်အံ့နည်း ဟု လူများသည် ဆိုလတ်သော် သင်တို့၏ ရှေးထုံးစံရှိတိုင်းပြုလေကုန် ဟု ဆိုလိုက်၏။ လူတို့သည် သဘင်ကိုပြု၍ သေကိုသောက်၍ ခိုက်ရန်ပြုကုန်လျှက် လက်ခြေတို့ကို ချိုး၍ ဦးခေါင်းကို ပေါက်ခွဲ၍ နားတို့ကို ဖဲ့၍ များစွာသော ဆင်းရဲဖြင့် ဖွဲ့ကုန်၏။

ရွာစားသည် ထိုဆင်းရဲသူတို့ကိုမြင်၍ ကြံ၏။ ငါသည် ခွင့်မပြုသည်ရှိသော် ဤသူတို့သည် ဤဆင်းရဲကို မရကုန်ရာ ဟု ကြံ၍ ထိုရွာစားသည် ဤမျှဖြင့် အလိုကိုပြု၍ လေသွန်တံခါးကို မှီ၍ ရပ်လျက်လျှင် ဝိပဿနာကိုပွားစေ၍ ပစ္စေကဗောဓိဉာဏ်ကို ဖြစ်စေ၍ ကုသိုလ်တရား၌ မမေ့မလျော့ ဖြစ်ကြကုန် ဟု ကောင်းကင်၌ တည်လျက် တရားဟော၍ နန္ဒမူလိုဏ်သို့သာလျှင် ကြွတော်မူလေ၏။

ဘယ်လို ရဟန်းပြုကြပါသလဲ

နောက်အဖို့၌ ငါးပါးသော ပစ္စေကဗုဒ္ဓါတို့သည် ဆွမ်းခံခြင်းငှာ ဗာရာဏသီ ပြည်တံခါး၌ သက်ဆင်းကုန်၍ ကောင်းစွာ ဝတ်ရုံကုန်လျက် ကြည်ညိုဖွယ် ရှိကုန်သော ရှေ့သို့တက်ခြင်း, နောက်သို့ဆုတ်ခြင်း အစရှိသည်တို့ဖြင့် ဆွမ်းအလို့ငှာ ကြွတော်မူကုန်သည်ရှိသော် မင်းအိမ်တခါးသို့ ရောက်ကုန်၏။ မင်းသည် ထိုပစ္စေကဗုဒ္ဓါတို့ကို မြင်လျှင် ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ မင်းအိမ်သို့ပင့်ဆောင်၍ ခြေတို့ကိုဆေး၍ ဆီမွှေးဖြင့် လိမ်းကျံ၍ ကောင်းမြတ်သော ခဲဖွယ် ဘောဇဉ်ဖြင့် လုပ်ကျွေး၍ တင့်အပ်လျောက်ပတ်သော အရပ်၌နေ၍ အရှင်ဘုရားတို့ အရှင်မြတ်တို့အား ပထမအရွယ်၌ ရဟန်းပြုကုန်သည်ရှိသော် ကာမဂုဏ်ငါးပါးတို့၌ အဘယ်အပြစ်ကို မြင်ကုန်သနည်း၊ အရှင်ဘုရားတို့အား အဘယ်အာရုံသည် ဖြစ်သနည်း ဟု မေး၏။

ပစ္စေကဗုဒ္ဓါ ၅-ပါးတို့အဖြေ

ထိုပစ္စေကဗုဒ္ဓါတို့သည် ထိုမင်းအား ကြားလိုရကား-

၅၉။ မိတ္တော မိတ္တဿ ပါနီယံ၊ အဒိန္နံ ပရိဘုဉ္ဇိသံ။
တေန ပစ္ဆာ ဝိဇိဂုစ္ဆိံ၊ တံ ပါပံ ပကတံ မယာ။
မာ ပုန အကရံ ပါပံ၊ တသ္မာ ပဗ္ဗဇိတော အဟံ။
၆၀။ ပရဒါရဉ္စ ဒိသွာန၊ ဆန္ဒော မေ ဥဒပဇ္ဇထ။
တေန ပစ္ဆာ ဝိဇိဂုစ္ဆိံ၊ တံ ပါပံ ပကတံ မယာ။
မာ ပုန အကရံ ပါပံ၊ တသ္မာ ပဗ္ဗဇိတော အဟံ။
၆၁။ ပိတရံ မေ မဟာရာဇ၊ စောရာ အဂဏှု ကာနနေ။
တေသာဟံ ပုစ္ဆိတော ဇာနံ၊ အညထာ နံ ဝိယာကရိံ။
၆၂။ တေန ပစ္ဆာ ဝိဇိဂုစ္ဆိံ၊ တံ ပါပံ ပကတံ မယာ။
မာ ပုန အကရံ ပါပံ၊ တသ္မာ ပဗ္ဗဇိတော အဟံ။
၆၃။ ပါဏာတိပါတမကရုံ၊ သောမယာဂေ ဥပဋ္ဌိတေ။
တေသာဟံ သမနုညာသိံ၊
၆၄။ တေန ပစ္ဆာ ဝိဇိဂုစ္ဆိံ၊ တံ ပါပံ ပကတံ မယာ။
မာ ပုန အကရံ ပါပံ။ တသ္မာ ပဗ္ဗဇိတော အဟံ။
၆၅။ သုရာမေရယမာဓုကာ၊ ယေ ဇနာ ပဌမာသု နော။
ဗဟူနံ တေ အနတ္ထာယ၊ မဇ္ဇပါနမကပ္ပယုံ။
တေသာဟံ သမနုညာသိံ၊
၆၆။ တေန ပစ္ဆာ ဝိဇိဂုစ္ဆိံ။ တံ ပါပံ ပကတံ မယာ။
မာ ပုန အကရံ ပါပံ၊ တသ္မာ ပဗ္ဗဇိတော အဟံ။

ဟူသော ရှစ်ဂါထာတို့ကို အစဉ်အတိုင်း ရွတ်ဆိုတော်မူကုန်၏။

ရေခိုးသောက်မှု သံဝေဂ

၅၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မိတ္တော၊ အဆွေခင်ပွန်းဖြစ်သော ငါသည်။ မိတ္တဿ၊ အဆွေခင်ပွန်းတစ်ယောက်၏။ ပါနီယံ၊ ရေကို။ အဒိန္နံ၊ မပေးဘဲ။ ပရိဘုဉ္ဇိသံ၊ သုံးဆောင်မိ၏။ မယာ၊ ငါသည်။ တံပါပံ၊ ထိုမကောင်းမှုကို။ ပကတံ၊ ပြုမိ၏။ ပါပံ၊ မကောင်းမှုကို။ ပုန၊ တစ်ဖန်။ မာ အကရံ၊ ငါမပြုပြီ။ တေန၊ ထို့ကြောင့်။ ပစ္ဆာ၊ နောက်၌။ ဝိဇိဂုစ္ဆိံ၊ ငါစက်ဆုပ်ပြီ။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ ပဗ္ဗဇိတော၊ ရဟန်း ပြု၏။

သူ့မယားကြိုက်မှု သံဝေဂ

၆၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ပရဒါရဉ္စ၊ သူ့မယားကိုလည်း။ ဒိသွာန၊ မြင်၍။ မေ၊ ငါ၏။ ဆန္ဒော၊ ကာမစ္ဆန္ဒသည်။ ဥဒပဇ္ဇထ၊ ဖြစ်ပြီ။ မယာ၊ ငါသည်။ တံပါပံ၊ ထိုမကောင်းမှုကို။ ပကတံ၊ ပြုမိ၏။ ပုန၊ တစ်ဖန်။ ပါပံ၊ မကောင်းမှုကို။ မာ အကရံ၊ ငါမပြုပြီ။ တေန၊ ထို့ကြောင့်။ ပစ္ဆာ၊ နောက်၌။ ဝိဇိဂုစ္ဆိံ၊ ငါစက်ဆုပ်ပြီ။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ သည်။ ပဗ္ဗဇိတော၊ ရဟန်း ပြု၏။

လိမ်ပြောမှု သံဝေဂ

၆၁။ မဟာရာဇ၊ မြတ်သော မင်းကြီး။ မေ၊ ငါ၏။ ပိတရံ၊ အဖကို။ စောရာ၊ ခိုးသူတို့သည်။ ကာနနေ၊ တောအုပ်ကြီး၌။ အဂဏှု၊ ဖမ်းကုန်၏။ ပုစ္ဆိတော၊ မေးအပ်သော။ အဟံ၊ ငါသည်။ တေသံ၊ ထိုခိုးသူတို့အား။ ဇာနံ၊ သိလျက်။ အညထာ၊ တစ်ပါးသောအရာဖြင့်။ နံ၊ ထိုပြဿနာကို။ ဝိယာကရိံ၊ ပြောကြားမိ၏။

၆၂။ မယာ၊ ငါသည်။ တံပါပံ၊ ထိုမကောင်းမှုကို။ ပကတံ၊ ပြုမိ၏။ ပုန၊ တစ်ဖန်။ ပါပံ၊ မကောင်းမှုကို။ မာ အကရံ၊ မပြုပြီ။ တေန၊ ထို့ကြောင့်။ ပစ္ဆာ၊ နောက်၌။ ဝိဇိဂုစ္ဆိံ၊ စက်ဆုပ်ပြီ။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ ပဗ္ဗဇိတော၊ ရဟန်းပြု၏။

အသက်သတ်မှု သံဝေဂ

၆၃။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သောမယာဂေ၊ ဆန်းသစ်သောလ, တက်လတ်သောအခါ နတ်တို့အား ပူဇော်သော သောမယာဂယဇ်သည်။ ဥပဋ္ဌိတေ၊ ဖြစ်လတ်သော်။ မနုဿည၊ လူတို့သည်။ ပါဏာတိပါတံ၊ သူ့အသက် သတ်ခြင်းကို။ အကရုံ၊ ပြုကုန်၏။ အဟံ၊ ငါသည်။ တေသံ၊ ထိုသူတို့အား။ သမနုညာသိံ၊ ခွင့်ပြုမိ၏။

၆၄။ မယာ၊ ငါသည်။ တံ ပါပံ၊ ထိုမကောင်းမှုကို။ ပကတံ၊ ပြုမိ၏။ ပုန၊ တစ်ဖန်။ ပါပံ၊ မကောင်းမှုကို။ မာ အကရံ၊ ငါမပြုပြီ။ တေန၊ ထို့ကြောင့်။ ပစ္ဆာ၊ နောက်၌။ ဝိဇိဂုစ္ဆိံ၊ စက်ဆုပ်ပြီ။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ င်သည်။ ပဗ္ဗဇိတော၊ ရဟန်းပြု၏။

သေအရက် သံဝေဂ

၆၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ နော၊ အကျွန်ုပ်တို့၏။ ဂါမေ၊ ရွာ၌။ ယေ ဇနာ၊ အကြင်လူတို့သည်။ ပဌမံ၊ ရှေးဦးစွာ။ သုရာမေရယမာဓုကာ၊ သေအရက်ကို သစ်မည်စည်သီး မှည့်ရည်, ပျားရည်ကဲ့သို့ ချိုသောအရသာရှိ၏ဟု ထင်ကုန်သည်။ အာသု-အာသုံ၊ ဖြစ်ကုန်၏။ တေ ဇနာ၊ ထိုသူတို့သည်။ ဗဟူနံ၊ များစွာသော သူတို့၏။ အနတ္ထာယ၊ ပျက်စီးခြင်းငှာ။ မဇ္ဇပါနံ၊ သေအရက် သောက်ခြင်းကို။ အကပ္ပယုံ၊ ပြုကုန်၏။ အဟံ၊ ငါသည်။ တေသံ၊ ထိုသူတို့အား။ သမနုညာသိံ၊ ခွင့်ပြုမိ၏။

၆၆။ မယာ၊ ငါသည်။ တံ၊ ထိုမကောင်းမှုကို။ ပကတံ၊ ပြုမိ၏။ တေန၊ ထို့ကြောင့်။ ပစ္ဆာ၊ နောက်၌။ ဝိဇိဂုစ္ဆိံ၊ စက်ဆုပ်၏။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ ပဗ္ဗဇိတော၊ ရဟန်း ပြု၏။

မင်းသည်လည်း တစ်ပါး တစ်ပါး၏ ဖြေခြင်းကိုကြားရ၍ အရှင်ဘုရားတို့ ဤရဟန်းအဖြစ်သည် အရှင်ဘုရားတို့အားသာလျှင် လျောက်ပတ်၏ ဟု ချီးမွမ်းထောမနာခြင်းကိုပြု၏။ မင်းသည် ထိုပစ္စေကဗုဒ္ဓါတို့၏တရားကို ကြားနာရ၍ ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ သင်္ကန်းလျာ အဝတ်ပုဆိုးတို့ကိုလည်းကောင်း၊ ဆေးတို့ကိုလည်းကောင်းလှူ၍ ပစ်စဗေုဒ္ဓါတို့ကို လွှတ်လိုက်၏။ ထိုပစ္စေကဗုဒ္ဓါတို့သည်လည်း ထိုမင်းအား အနုမောဒနာပြု၍ ထိုနန္ဒမူလိုဏ်သို့သာလျှင် ကြွကုန်၏။

ကာမကြာင့် ဆင်းရဲသည်

ထိုအခါမှစ၍ မင်းသည် ဝတ္ထုကာမတို့၌ တပ်ခြင်း၊ ငဲ့ကွက်ခြင်း ကင်းသည်ဖြစ်၍ အတူးထူးသော အရသာရှိသော ဘောဇဉ်ကိုစား၍ မိန်းမတို့ကို စကားမပြောဘဲ မကြည့်ရှုဘဲ တပ်ခြင်းကင်းသောစိတ် ရှိသည်ဖြစ်၍ ထ၍ ကျက်သရေရှိသော တိုက်ခန်းသို့ဝင်၍ နေလျက် ဖြူသော နံရံ၌ ဩဒါတကသိုဏ်းကိုပြု၍ ဈာန်ကိုဖြစ်စေ၏။ ထိုမင်းသည် ဈာန်သို့ရောက်၍ ကာမဂုဏ်တို့ကို ကဲ့ရဲ့လိုရကား-

၆၇။ ဓိရတ္ထု သုဗဟူ ကာမေ၊ ဒုဂ္ဂန္ဓေ ဗဟုကဏ္ဋကေ။
ယေ အဟံ ဋိသေဝန္တော၊ နာလဘိံ တာဒိသံ သုခံ။

ဟူသော ဤဂါထာကိုဆို၏။

၆၇။ ဘော၊ အို အချင်းတို့။ ကာမာ၊ ကာမဂုဏ်တို့သည်။ ဓီရတ္ထု၊ စက်ဆုပ်ဖွယ် ရှိစွတကား။ ယေ အဟံ၊ အကြင် ငါသည်။ ဒုဂ္ဂန္ဓေ၊ မကောင်းသော အနံ့ရှိကုန်သော။ ဗဟုကဏ္ဋကေ၊ များစွာသော ဆူးငြောင့်ရန်သူရှိကုန်သော။ ဗဟူကာမေ၊ များစွာသော ကာမဂုဏ်တို့ကို။ ပဋိသေဝန္တော၊ မှီဝဲသည်ဖြစ်၍။ တာဒိသံ၊ ထိုသို့သဘောရှိသော။ သုခံ၊ စျာန်ချမ်းသာကို။ န လဘိံ၊ မရ။

ကာမဂုဏ်ဟာ ချမ်းသာတယ်

ထိုအခါ ဘုရားလောင်း၏ မိဖုရားကြီးသည် ဤမင်းကား ပစ္စေကဗုဒ္ဓါတို့၏ တရားစကားကို ကြားနာရ၍ ဆန့်ကျင်သော သဘောရှိ၏။ ငါတို့နှင့်တကွ စကားမပြောဘဲလျှင် ကျက်သရေရှိသော တိုက်ခန်းသို့ဝင်၏။ ထိုမင်းကို စုံစမ်းဦးအံ့ ဟု ကြံ၍ ကျက်သရေရှိသော တိုက်ခန်းတံခါး၌ ရပ်လျက် ကာမဂုဏ်တို့၌ ကဲ့ရဲ့သော မင်း၏ ဥဒါန်းစကားကို ကြားလျှင် မင်းကြီး အရှင်မင်းကြီးသည် ကာမဂုဏ်တို့ကို ကဲ့ရဲ့၏။ ကာမဂုဏ်ချမ်းသာနှင့်တူသော ချမ်းသာမည်သည် မရှိ ဟု ကာမဂုဏ်တို့ကို ချီးမွမ်းလိုရကား-

၆၈။ မဟဿာဒါ သုခါ ကာမာ၊ နတ္ထိ ကာမာ ပရံ သုခံ။
ယေ ကာမေ ပဋိသေဝန္တိ၊ သဂ္ဂံ တေ ဥပပဇ္ဇရေ။

ဟူသော ဤဂါထာကို ဆို၏။

၆၈။ မဟာရာဇ၊ မြတ်သော မင်းကြီး။ ကာမာ၊ ကာမဂုဏ်တို့သည်။ မဟဿာဒါ၊ များစွာ သာအပ်ကုန်သော။ သုခါ၊ ချမ်းသာမည်ကုန်၏။ ကာမာ၊ ကာမဂုဏ်တို့ထက်။ ပရံ၊ လွန်သော။ သုခံ၊ ချမ်းသာမည်သည်။ နတ္ထိ၊ မရှိ။ ယေ၊ အကြင် သူတို့သည်။ ကာမေ၊ ကာမဂုဏ်တို့ကို။ ပဋိသေဝန္တိ၊ မှီဝဲကုန်၏။ တေ၊ ထိုသူတို့သည်။ သဂ္ဂံ၊ နတ်ပြည်သို့။ ဥပပဇ္ဇရေ၊ ရောက်ကုန်၏။

မင်းကြီး တရားဟောခြင်း

ထိုစကားကိုကြား၍ ဘုရားလောင်းသည် သူယုတ်မ ပျက်လေလော့၊ အဘယ်သို့ ဆိုဘိသနည်း၊ ကာမဂုဏ်တို့၌ ချမ်းသာမည်သည် အဘယ်မှာ ရှိအံ့နည်း၊ ဤမဂုဏ်တို့သည် ဖောက် ပြန်တတ်သော ဆင်းရဲမည်ကုန်၏ ဟု ကဲ့ရဲ့လိုရကား -

၆၉။ အပ္ပဿာဒါ ဒုခါ ကာမာ၊ နတ္ထိ ကာမာ ပရံ ဒုခံ။
ယေ ကာမေ ပဋိသေဝန္တိ၊ နိရယံ တေ ဥပပဇ္ဇရေ။
၇၀။ အသိ ယထာ သုနိသိတော၊ နေတ္တိံသောဝ သုပါယိကော။
သတ္တီဝ ဥရသိ ခိတ္တာ၊ ကာမာ ဒုက္ခတရာ တတော။
၇၁။ အင်္ဂါရာနံဝ ဇလိတံ၊ ကာသုံ သာဓိကပေါရိသံ။
ဖာလံဝ ဒိဝသံ တတ္တံ၊ ကာမာ ဒုက္ခတရာ တတော။
၇၂။ ဝိသံ ယထာ ဟလာဟလံ၊ တေလံ ပက္ကုထိတံ ယထာ။
တမ္ဗလောတဝိလီနံဝ၊ ကာမာ ဒုက္ခတရာ တတော။

ဟူသော ဤဂါထာတို့ကို ဆို၏။

ကာမဂုဏ်သည် ငရဲပို့

၆၉။ ဒေဝီ၊ မိဖုရား။ ကမာ၊ ကာမဂုဏ်တို့သည်။ အပ္ပဿာဒါ၊ မသာအပ်သော သဘောရှိကုန်၏။ ဒုခါ၊ ဆင်းရဲကုန်၏။ ကာမာ၊ ကာမဂုဏ်တို့ထက်။ ပရံ၊ လွန်သော။ ဒုခံ၊ ဆင်းရဲမည်သည်။ နတ္ထိ၊ မရှိ။ ယေ၊ အကြင်သူတို့သည်။ ကာမေ၊ ကာမဂုဏ်တို့ကို။ ပဋိသေဝန္တိ၊ မှီဝဲကုန်၏။ တေ၊ ထိုသူတို့သည်။ နိရယံ၊ ငရဲသို့။ ဥပပဇ္ဇရေ၊ ရောက်ကုန်၏။

ကာမဂုဏ်သည် သန်လျက်-လှံ

၇၀။ ကာမာ၊ ကာမမဂုဏ်တို့သည်။ သုနိသိတော၊ ထက်စွာ သွေးအပ်သော။ အသိ ယထာ၊ သန်လျက်နှင့် တူ၏။ သုပါယိကော၊ လူတို့၏ သွေးကို လွန်စွာ သောက်တတ်သော။ နေတ္တိံသောဝ၊ သန်လျက်ကြီးနှင့်တူ၏။ ဥရသိ၊ ရင်၌။ ခိတ္တာ၊ ထိုးပစ်အပ်သော။ သတ္တီဝ၊ လှံမနှင့်တူ၏။ တတော၊ ထိုလှံဖြင့် ထိုးခြင်း, သန်လျက်ဖြင့် ခုတ်ခြင်းတို့ထက်။ ကာမာ၊ ကာမဂုဏ်တို့သည်။ ဒုက္ခတရာ၊ လွန်စွာဆင်းရဲကုန်၏။ ဝါ၊ ဆင်းရဲခြင်း ပြင်းပြကုန်၏။

ကာမဂုဏ်သည် မီးကျီးတွင်း

၇၁။ သာဓိကပေါရိသံ၊ တစ်သူကျော်လွန်သော အတိုင်းအရှည်ရှိသော။ ဇလိတံ၊ ပြောင်ပြောင်လောင်သော။ အင်္ဂါရာနံ ကာသုံ ဣဝ၊ မီးကျီးခဲ မီးကျီးတွင်းနှင့် တူ၏။ တစ်နည်း- အင်္ဂါရာနံ၊ မီးကျီးခဲတို့၏။ ကာသုံ ဣဝ၊ တွင်းနှင့်တူ၏။ ဒိဝသံ တတ္တံ၊ နေ့အခါ ပြင်းစွာပူသော။ ဖာလံ ဣဝ၊ နေလုလင်နှင့် တူ၏။ တတော၊ ထိုမီးကျီးတွင်း နေပူတို့ထက်။ ကာမာ၊ ကာမဂုဏ်တို့သည်။ ဒုက္ခတရာ၊ အလွန် ဆင်းရဲကုန်၏။

ကာမဂုဏ်သည် အဆိပ်

၇၂။ ဟလာဟလံ၊ လတ်တလော သေစေတတ်သော။ ဝိသံ ယထာ၊ အဆိပ်နှင့် တူ၏။ ပက္ကုထိတံ၊ ကျိုက်ကျိုက်ဆူဝေသော။ တေလံ ယထာ၊ ဆီနှင့် တူ၏။ တမ္ဗလောဟဝိလီနံ ဣဝ၊ မီးဖြင့် ချက်၍ကြေသော ကြေးနီရည်နှင့် တူ၏။ တတော၊ ထိုအဆိပ် ဆီပူ ကြေးနီရည်တို့ထက်။ ကာမာ၊ ကာမဂုဏ်တို့သည်။ ဒုက္ခတရာ၊ အလွန်ဆင်းရဲကုန်၏။

မင်းကြီး ရသေ့ဝတ်ပြီ

ဤသို့ ဘုရားလောင်းသည် မိဖုရားအား တရားဟော၍ အမတ်တို့ကို စည်းဝေးစေ၍ အို အမတ်တို့ သင်တို့သည် တိုင်းပြည်ကို စီရင်ကြကုန်လော့၊ ငါသည် ရဟန်းပြုတော့အံ့ ဟု မိန့်တော်မူ၍ လူအများသည် ငိုကုန်စဉ်ပင်လျှင် ထ၍ ကောင်းကင်၌ရပ်လျက် ဩဝါဒပေး၍ ကောင်းကင်၌ လေယာဉ်ခရီးဖြင့်သာလျှင် မြောက်ဟိမဝန္တာသို့ ကြွတော်မူ၍ နှလုံးမွေ့လျော်ဖွယ်ရှိသော အရပ်၌ ကျောင်းဆောက်၍ ရသေ့ရဟန်းပြု၍ အသက်၏အဆုံး၌ ဗြဟ္မာ့ပြည်သို့ လဲလျောင်းသည် ဖြစ်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤသို့သော ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ကိလေသာမည်သည် ငယ်သည်ဟူ၍ မရှိ၊ အနည်းငယ်သော ကိလေသာကိုပင်သော်လည်း ပညာရှိတို့သည် နှိပ်စပ်သည်သာတည်း ဟု မိန့်တော်မူ၍ သစ္စာတို့ကိုပြ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြသည်၏အဆုံး၌ ငါးရာကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏။ ထိုအခါ၌ ပစ္စေကဗုဒ္ဓါတို့သည် ပရိနိဗ္ဗာန်ပြုကုန်ပြီ၊ မိဖုရားသည် ရာဟုလာမယ်တော် ဖြစ်လာ၏။ မင်းသည် သင်တို့၏ဆရာ ငါဘုရား ဖြစ်လာ၏။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကာမဟူသမျှ၊ ရှောင်ကုန်ကြ၊ ဒုက္ခရောက်မည်သာ

ငါးခုမြောက်သော ပါနီယဇာတ်သည် ပြီး၏။

*****