ဓမ္မဒေဝပုတ္တဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၅၇။ ဓမ္မဒေဝပုတ္တဇာတ် (၃)


ဧကာဒသကနိပါတ်

၃။ ဓမ္မဒေဝပုတ္တဇာတ်

မတရားကျင့်သူကို တရားကျင့်၍ အောင်နိုင်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူသည်ရှိသော် ယသောကရော ပုညကရောဟမသ္မိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဓမ္မဒေဝပုတ္တဇာတ်ကို ဒေဝဒတ်၏ မြေမျိုသည်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုစကားသည် မှန်၏။ ထိုရောအခါ ဓမ္မသဘင်၌ စကားကို ဖြစ်စေကုန်၏။ ငါ့ရှင်တို့ ဒေဝဒတ်သည် ဘုရားသခင်နှင့်တကွ ဆန့်ကျင် ဘက်ပြု၍ မြေမျို၏ဟု စကားကို ဖြစ်စေကုန်၏။ ဘုရားသခင်သည် ကြွတော်မူလာ၍ ရဟန်းတို့ ယခုအခါ၌ အဘယ်အကြောင်းကြောင့် စည်းဝေးကုန်သနည်း ဟု မေးတော်မူ၍ ဤမည်သော အကြောင်းကြောင့် စည်းဝေးပါကုန်၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ငါဘုရား၏ သာသနာတော်စက်၌ ပုတ်ခတ်ခြင်းကိုပြု၍ မြေမျိုသည်မဟုတ်၊ ရှေး၌လည်း ဓမ္မစက်၌ ပုတ်ခတ်ခြင်းကိုပေး၍ မြေမျို၍ အဝီစိသို့ လဲလျောင်းရသည် ဖြစ်၏ ဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ၌ ဗာရာဏ သီပြည်ဝယ် ဗြဟ္မဒတ်မင်းသည် မင်းပြုလတ်သော် ဘုရားလောင်းသည် ကာမာဝစရနတ်ပြည်၌ ဓမ္မနတ်သား ဖြစ်၏။ ဒေဝ ဒတ်သည် အဓမ္မနတ်သား ဖြစ်၏။

ဓမ္မနတ်သား

ထိုနှစ်ယောက်သော နတ်သားတို့တွင် ဓမ္မနတ်သားသည် နတ်၌ဖြစ်သော တန်ဆာကိုဆင်လျက် မြတ်သော နတ်ရထားကိုစီး၍ အမတ်အပေါင်း ခြံရံလျက် လူတို့သည် ညဉ့်အခါ ထမင်းကိုစား၍ မိမိတို့၏ အိမ်တံခါးတို့၌ နေကုန်စဉ် ရွာ, နိဂုံး, ဇနပုဒ်, မင်းနေပြည်ဝယ် ကောင်းကင် ၌ရပ်၍ သတ္တဝါတို့ကိုသတ်ခြင်း အစရှိကုန်သော အကုသလကမ္မပထတရား ဆယ်ပါးတို့ကိုကြဉ်၍ မိဘတို့ကိုကျွေးမွေးသော ကျင့်ဝတ်ကိုလည်းကောင်း၊ သုံးပါးသော သုစရိုက်တို့ကိုလည်းကောင်း၊ ဖြည့်ကျင့်ကုန်သည်ရှိသော် နတ်ပြည်သို့ လားကုန်၍ ကြီးစွာသော စည်းစိမ်ချမ်းသာကို ခံစားရကုန်လတ္တံ့ ဟု လူတို့ကို ကုသလကမ္မပထတရား ဆယ်ပါးတို့ကို ဆောက်တည်စေလျက် ဇမ္ဗူဒိပ်ကို လက်ယာရစ် လှည့်လည်၏။

အဓမ္မနတ်သား

အဓမ္မနတ်သားကား သူ့ အသက်ကို သတ်ကြကုန် ဤသို့ အစရှိသောနည်းဖြင့် အကုသလကမ္မပထတရား ဆယ်ပါးတို့ကို နှိုးဆော်လျက် ဇမ္ဗူဒိပ်ကျွန်းကို လက်ဝဲရစ် လှည့်လည်၏။

ခရီးရင်ဆိုင်မိကြ

ထိုအခါ ထိုနတ်သားနှစ်ဦးတို့၏ ရထားတို့သည် ကောင်းကင်၌ ရှေးရှု ဆိုင်မိကြကုန်၏။ ထိုနှစ်ဦးတို့၏ ပရိသတ်တို့သည် သင်တို့သည် အသူ၏ ပရိသတ်တို့နည်း၊ သင်သည် အသူ၏ ပရိသတ်တို့နည်း ဤသို့ မေးကြကုန်၍

ငါတို့သည် ဓမ္မနတ်၏ ပရိသတ်တို့တည်း၊ ငါတို့သည် အဓမ္မနတ်၏ ပရိသတ်တိုဘတည်း ဟု ပြောဆိုကြကုန်၍ ခရီးမှ သက်ကုန်၍ နှစ်ဖြာဖြစ်ကုန်၏။

လမ်းဖယ်ပေးပါ

ဓမ္မနတ်သားသည်လည်း အဓမ္မနတ်သားကိုခေါ်၍ အဆွေ သင်သည် အဓမ္မနတ်သား မည်၏။ ငါကား ဓမ္မနတ်သား မည်၏။ ခရီးသည် ငါ့အား လျောက်ပတ်၏။ သင်၏ ရထားကိုဆုတ်၍ ငါ့အား ခရီးကိုပေးလော့ ဟု ဆိုလိုရကား-

၂၆။ ယသောကရော ပုညကရောဟမသ္မိ၊
သဒါတ္ထုတော သမဏဗြာဟ္မဏာနံ။
မဂ္ဂါရဟော ဒေဝ မနုဿပူဇိတော။
ဓမ္မော အဟံ ဒေဟိ အဓမ္မ မဂ္ဂံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၂၆။ အဓမ္မ၊ အဓမ္မနတ်သား။ အဟံ၊ ငါထည်။ ယသောကရော၊ လူနတ်တို့၏ စည်းစိမ်ချမ်းသာကိုပြုသည်။ အသ္မိ၊ ဖြစ်၏။ ပုညကရော၊ လူနတ်တို့၏ ကုသိုလ်ကောင်းမှုကို ပြုသည်။ အသ္မိ၊ ဖြစ်၏။ သမဏဗြာဟ္မဏာနံ၊ ရဟန်းပုဏ္ဏားတို့အား။ သဒါတ္ထုတော-သဒါ ထုတော၊ အခါ ခပ်သိမ်း ချီးမွမ်းသည်။ အသ္မိ၊ ဖြစ်၏။ ဓမ္မော၊ ဓမ္မမည်သော။ အဟံ၊ ငါသည်။ ဒေဝမနုဿပူဇိတော၊ နတ်လူတို့သည် ပူဇော်အပ်သည်ဖြစ်၍။ မဂ္ဂါရဟော၊ ခရီးအား ထိုက်၏။ မဂ္ဂံ၊ ခရီးကို။ မေ၊ ငါ့အား။ ဒေဟိ၊ ပေးလော့။

အချေအတင် ပြောကြပုံ

ထိုဂါထာမှ နောက်ဖြစ်ကုန်သော-

၂၇။ အဓမ္မယာနံ ဒဠှမာရုဟိတွာ၊
အသန္တသန္တော ဗာလဝါဟမသ္မိ။
သ ကိဿ ဟေတုမှိ တဝဇ္ဇ ဒဇ္ဇံ၊
မဂ္ဂံ အဟံ ဓမ္မ အဒိန္နပုဗ္ဗံ။
၂၈။ ဓမ္မော ဟဝေ ပါတုရဟောသိ ပုဗ္ဗေ၊
ပစ္ဆာ အဓမ္နော ဥဒပါဒိ လောကေ။
ဇေဋ္ဌော စ သေဋ္ဌော စ သနန္တနော စ။
ဥယျာဟိ ဇေဋ္ဌဿ ကနိဋ္ဌ မဂ္ဂါ။
၂၉။ န ယာစနာယ နပိ ပါတိရူပါ၊
အရဟတိ တေဟံ ဒဒေယျ မဂ္ဂံ။
ယုဒ္ဓဉ္စ နော ဟေတု ဥဘိန္နမဇ္ဇ၊
ယုဒ္ဓမှိ ယော ဇေဿတိ တဿ မဂ္ဂေါ။
၃၀။ သဗ္ဗာ ဒိသာ အနုဝိသဋောဟမသ္မိ၊
မဟဗ္ဗလော အမိတယသော အတုလျော။
ဂုဏေဟိ သဗ္ဗေဟိ ဥပေတရူပေါ၊
ဓမ္မော အဓမ္မ တွံ ကထံ ဝိဇေဿသိ။
၃၁။ လေဟေန ဝေ ဟညတိ ဇာတရူပံ၊
န ဇာတရူပေန ဟနန္တိ လောဟံ။
သစေ အဓမ္မော ဟဉ္ဆတိ ဓမ္မမဇ္ဇ၊
အယော သုဝဏ္ဏံ ဝိယ ဒဿနေယျံ။
၃၂။ သစေ တုဝံ ယုဒ္ဓဗလော အဓမ္မ၊
န တုယှ ဝုဍ္ဎာ စ ဂရု စ အတ္ထိ။
မဂ္ဂဉ္စ တေ ဒမ္မိ ပိယာပ္ပိယေန၊
ဝါစာ ဒုရုတ္တာနိပိ တေ ခမာမိ။

ဟူသော ဤခြောက်ဂါထာတို့ကို ထိုနတ်သားနှစ်ဦးတို့သည်လျှင် စကားတုံ့လှယ် ပြောဆိုကြသည်၏ အစွမ်းအားဖြင့် ဆိုအပ်ကုန်၏။

ဘာကြောင့် ဖယ်ရမတုံး

၂၇။ ဓမ္မ၊ ဓမ္မနတ်သား။ အဟံ၊ ငါသည်။ အဓမ္မယာနံ၊ အဓမ္မရထားကို။ ဒဠှံ၊ မြဲစွာ။ အာရုဟိတွာ၊ စီး၍။ အသန္တသန္တော၊ မကြောက်သည်။ ဗလဝါ၊ အားကြီးသည်။ အသ္မိ၊ ဖြစ်၏။ သော အဟံ၊ ထိုငါသည်။ ကိဿ ဟေတုမှိ၊ အဘယ်အကြောင်းကြောင့်။ အဒိန္နပုဗ္ဗံ၊ ပေးစဘူးသော။ မဂ္ဂံ၊ ခရီးကို။ တဝ၊ သင့်အား။ အဇ္ဇ၊ ယခု။ ဒဇ္ဇံ၊ ပေးရအံ့နည်း။

ငါက အကြီးဖြစ်တယ်

၂၈။ အဓမ္မ၊ အဓမ္မနတ်။ ပုဗ္ဗေ၊ ရှေးကမ္ဘာဦး၌ ဖြစ်သော။ လောကေ၊ လူ၌။ ဟဝေ၊ စင်စစ်။ ဓမ္မော၊ ကုသိုလ်ဓမ္မသည်။ ပါတုရဟောသိ၊ ထင်ရှားဖြစ်၏။ ပစ္ဆာ၊ နောက်မှ။ အဓမ္မော၊ အကိုသိုလ်ဓမ္မသည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်၏။ အဟံ၊ ငါသည်။ ဇေဋ္ဌော စ၊ ကြီးလည်းကြီး၏။ သေဋ္ဌော စ၊ မြတ်လည်းမြတ်၏။ သနန္တနော စ၊ ရှေး၌လည်းဖြစ်၏။ ကနိဋ္ဌ၊ အငယ်သည်။ ဇေဋ္ဌဿ၊ အကြီးအား။ မဂ္ဂါ၊ ခရီးမှ။ ဥယျာဟိ၊ ဖဲလော့။

စစ်ရှုံးမှ ဖယ်မယ်

၂၉။ ဓမ္မ၊ ဓမ္မနတ်။ အဟံ၊ ငါသည်။ ယာစနာယ၊ တောင်းသဖြင့်။ တေ၊ သင့်အား။ မဂ္ဂံ၊ ခရီးကို။ န ဒဒေယျံ၊ မပေး။ ပတိရူပါပိ၊ သင့်တင့်စွာ ဆိုသဖြင့်လည်း။ န ဒဒေယျံ၊ ငါမပေး။ န အရဟတိ၊ မထိုက်။ အဇ္ဇ၊ ယခု။ ဥဘိန္နံ၊ နှစ်ယောက်ကုန်သော။ နော၊ ငါတို့အား။ ယုဒ္ဓဉ္စ၊ စစ်ထိုးခြင်းသည်လျှင်။ ဟောတု၊ ဖြစ်စေလော့။ ယုဒ္ဓမှိ၊ စစ်ထိုးရာ၌။ ယော၊ အကြင်သူသည်။ ဇေဿတိ၊ အောင်လတ္တံ့။ တဿ၊ ထိုသူအား။ မဂ္ဂေါ၊ ခရီးသည်။ ဟောတု၊ ဖြစ်စေသတည်း။

ငါ့ကို မင်းမနိုင်ဘူး

၃၀။ အဓမ္မ၊ အဓမ္မနတ်။ အဟံ၊ ငါသည်။ သဗ္ဗာ ဒိသာ၊ အရပ်ရှစ်မျက်နှာတို့၌။ အနုဝိသဋော၊ ပျံ့နှံ့ထင်ရှားသည်။ အသ္မိ၊ ဖြစ်၏။ မဟဗ္ဗလော၊ ကြီးစွာသော ခွန်အားရှိ၏။ အမိတယသော၊ မနှိုင်းယှဉ်အပ်သော အခြံအရံရှိ၏။ အတုလျော၊ ငါနှင့်တူသောသူမရှိ။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ ဂုဏေဟိ၊ ဂုဏ်ကျေးဇူးတို့နှင့်။ ဥပေတရူပေါ၊ ပြည့်စုံသော သဘောရှိသော။ ဓမ္မော၊ ဓမ္မနတ်သားကို။ တွံ၊ သင်သည်။ ကထံ၊ အဘယ့်ကြောင့်။ ဝိဇေဿသိ၊ အောင်လိမ့်နည်း။

ရွှေကို သံဖြင့်ဖြတ်နိုင်တယ်

၃၁။ ဓမ္မ၊ ဓမ္မနတ်။ ဝေ၊ စင်စစ်။ လောဟေန၊ သံဖြင့်။ ဇာတရူပံ၊ ရွှေကို။ ဟညတိ၊ ဖြတ်နိုင်၏။ ဇာတရူပေန၊ ရွှေဖြင့်။ လောဟံ၊ သံကို။ န ဟနန္တိ၊ မဖြတ်နိုင်ကုန်။ စေ၊ အကယ်၍။ အဇ္ဇ၊ ယခု။ အဓမ္မော၊ အဓမ္မနတ်သည်။ ဓမ္မံ၊ ဓမ္မနတ်ကို။ ဟဉ္ဆတိ၊ သတ်အံ့။ အယော၊ သံသည်။ သုဝဏ္ဏံ၊ ရွှေကို။ ဒဿနေယျံ ဝိယ၊ ဖျက်ဆီးသည်ကို မြင်အပ်သကဲ့သို့။ ဒဿနေယျံ၊ ငါဖျက်ဆီးသည်ကို မြင်အံ့။

ငါကပဲ လမ်းဖယ်ပေးပါမယ်

၃၂။ အဓမ္မ၊ အဓမ္မနတ်။ သစေ၊ အကယ်၍။ တုဝံ၊ သင်သည်။ ယုဒ္ဓဗလော၊ စစ်ထိုးခြင်း၌ အားရှိအံ့။ တူယှံ၊ သင့်အား။ ဝုဍ္ဎာ စ၊ ကြီးသော သူတို့သည်လည်းကောင်း။ ဂရု စ၊ အရိုအသေပြုအပ်သော သူတို့သည်လည်းကောင်း။ န အတ္ထိ၊ မရှိကုန်။ ပိယာပ္ပိယေန၊ ချစ် မချစ်သဖြင့်။ မဂ္ဂဉ္စ၊ ခရီးကိုလည်း။ တေ၊ သင့်အား။ ဒမ္မိ၊ ငါပေး၏။ တေ၊ သင်၏။ ဝါစာဒုရုတ္တာနိပိ၊ ကြမ်းကြုတ်ခက်ထန်သော စကားတို့ကိုလည်း။ ခမာမိ၊ ငါသည်းခံ၏။

အဓမ္မနတ်သား မြေမျိုခံရ

ဘုရားလောင်းသည်ကား ဤဂါထာကို မိန့်ဆိုတော်မူသော ခဏ၌ အဓမ္မနတ်သားသည် ရထား၌မတည်နိုင်၍ ဦးခေါင်းဇောက်ထိုး မြေသို့ကျ၍ မြေမျိုပြီးလျှင် အဝီစိငရဲ၌ ဖြစ်လေ၏။ ထိုအကြောင်းကို သိတော်မူ၍ ဘုရားဖြစ်ပြီးလျှင်-

၃၃။ ဣဒဉ္စ သုတွာ ဝစနံ အဓမ္မော၊
အဝံသိရော ပတိတော ဥဒ္ဓပါဒေါ။
ယုဒ္ဓတ္ထိကော စ န လဘာမိ ယုဒ္ဓံ၊
ဧတ္တာဝတာ ဟောတိ ယတော အဓမ္မော။
၃၄။ ခန္တိဗလော ယုဒ္ဓဗလံ ဝိဇေတွာ၊
ဟန္တွာ အဓမ္မံ ဝိဟနိတွာ ဘူမျာ။
ပါယာသိ ဝိတ္တော အဘိရူယှ သံန္ဒနံ၊
မဂ္ဂေနေဝ အတိဗလော သစ္စနိက္ကမော။
၃၅။ မာတာ ပိတာ သမဏဗြာဟ္မဏာ စ၊
အသမ္မာနိတာ ယဿ သကေ အဂါရေ။
ဣဓေဝ နိက္ခိပ္ပ သရီရဒေဟံ၊
ကာယဿ ဘေဒါ နိရယံ ဝဇန္တိ တေ။
ယထာ အဓမ္မော ပတိတော အဝံသိရော။
၃၆။ မာတာ ပိတာ သမဏဗြာဟ္မဏာ စ၊
သုသမ္မာနိတာ ယဿ သကေ အဂါရေ။
ဣဓေဝ နိက္ခိပ္ပ သရီရဒေဟံ၊
ကာယဿ ဘေဒါ သုဂတိံ ဝဇန္တိ တေ။
ယထာပိ ဓမ္မော အဘိရူယှ သန္ဒနံ။

ဟူသော ကြွင်းသော ဤဂါထာတို့ကို ဟောတော်မူ၏။

၃၃။ ဘိက္ခဝေ၊ ရဟန်းတို့။ ယုဒ္ဓိတ္ထိကော၊ စစ်ထိုးခြင်းကို အလိုရှိသော။ အဓမ္မော၊ အဓမ္မနတ်သည်။ ဣဒဉ္စ ဝစနံ၊ ဤဓမ္မနတ်၏ စကားကိုလျှင်။ သုတွာ၊ ကြား၍။ အဝံသိရော၊ ဦးခေါင်းဇောက်ထိုး။ ဥဒ္ဓံပါဒေါ၊ ခြေမိုးမျှော်။ ယုဒ္ဓံ၊ စစ်ထိုးခြင်းကို။ န လဘာမိ၊ ငါမရပြီ။ ဣတိ၊ ဤသို့ မြည်တမ်း၍။ ပတိတော၊ ကျလေ၏။ ဧတ္တာဝတာ၊ ဤသို့ကျသဖြင့်။ အဓမ္မော၊ အဓမ္မနတ်ကို။ ဟတော၊ သတ်အပ်သည်။ ဟောတိ၊ ဖြစ်၏။

၃၄။ ဘိက္ခဝေ၊ ရဟန်းတို့။ ခန္တိဗလော၊ သည်းခံခြင်းအားနှင့် ပြည့်စုံသော။ အတိဗလော၊ အလွန်အားကြီးသော။ သစ္စနိက္ကမော၊ မှန်သော လုံ့လရှိသော။ ဝိတ္တော၊ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသော ဓမ္မနတ်သည်။ ယုဒ္ဓဗလံ၊ အဓမ္မနတ်၏ စစ်သည်ဗိုလ်စုကို။ ဝိဇေတွာ၊ အောင်၍။ အဓမ္မံ၊ အဓမ္မနတ်ကို။ ဟန္တွာ၊ သတ်၍။ ဘူမျာ၊ မြေ၌။ နိဟနိတွာ၊ မြှုပ်လတ်၍။ သန္ဒနံ၊ မိမိရထားကို။ အဘိရူယှ၊ စီး၍။ မဂ္ဂေနေဝ၊ ခရီးဖြင့်သာလျှင်။ ပါယာသိ၊ သွားလေ၏။

ကြီးသူမိဘ မရိုသေပြစ်

၃၅။ ဘိက္ခဝေ၊ ရဟန်းတို့။ ယဿ၊ အကြင်သူအား။ သကေ အဂါရေ၊ မိမိအိမ်၌။ မာတာ စ၊ အမိသည်လည်းကောင်း။ ပိတာ စ၊ အဖသည်လည်းကောင်း။ သမဏဗြဟ္မဏာ စ၊ ရဟန်းပုဏ္ဏားတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ တေ၊ ထိုအမိ အဖ ရဟန်းပုဏ္ဏားတို့ကို။ အသမ္မာနိတာ၊ အရိုအသေ မပြုသောကြောင့်။ ဣဓေဝ၊ ဤလောက၌လျှင်။ သရီရဒေဟံ၊ ကိုယ်ခန္ဓာကို။ နိက္ခိပ္ပ၊ စွန့်ပစ်၍။ အဓမျမော၊ အဓမ္မနတ်သည်။ အဝံသိရော၊ ဦးခေါင်းဇောက်ထိုး။ ပတိတော ယထာ၊ ကျသကဲ့သို့။ တထာ၊ ထို့အတူ။ တေ၊ ထိုသူတို့သည်။ ကာယဿ၊ ကိုယ်၏။ ဘေဒါ၊ ပျက်သည်မှ။ ပရံ၊ နောက်၌။ နိရယံ၊ ငရဲသို့။ ဝဇန္တိ၊ သွားရကုန်၏။

ကြီးသူမိဘ ရိုသေကျိုး

၃၆။ ဘိက္ခဝေ၊ ရဟန်းတို့။ ယဿ၊ အကြင်သူအား။ သကေ အဂါရေ၊ မိမိအိမ်၌။ မာတာ စ၊ အမိကို လည်းကောင်း။ ပိတာ စ၊ အဖကိုလည်းကောင်း။ သမဏဗြာဟ္မဏာ စ၊ ရဟန်းပုဏ္ဏားတို့ကို လည်းကောင်း။ သုသမ္မာနိတာ၊ ကောင်းစွာ အရိုအသပြုသောကြောင့်။ ဣဓေဝ၊ ဤလောက၌လျှင်။ သရီရဒေဟံ၊ ခန္ဓာကိုယ်ကို။ နိက္ခိပ္ပ၊ စွန့်ပစ်၍။ ဓမ္မော၊ ဓမ္မနတ်သားသည်။ သန္ဒနံ၊ မိမိရထားကို။ အဘိရုယှ၊ စီး၍။ ဝဇတိ ယထာ၊ သွားသကဲ့သို့။ ထထာ၊ ထို အတူ။ တေ၊ ထိုသူတို့သည်။ ကာယဿ၊ ကိုယ်၏။ ဘေဒါ၊ ပျက်သည်မှ။ ပရံ၊ နောက်၌။ သုဂတိံ၊ သုဂတိဘဝသို့။ ဝဇန္တိ၊ သွားရကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤသို့ တရားတော်ကို ဟောတော်မူ၍ ရဟန်းတို့ ယခုမှသာလျှင် ဒေဝဒတ်သည် ငါဘုရားနှင့်ဆန့်ကျင်သောကြောင့် မြေမျိုသည်မဟုတ်၊ ရှေး၌လည်း ဒေဝဒတ်ကို မြေမျိုဖူးသည်သာတည်း ဟု မိန့်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ထိုအခါ အဓမ္မနတ်သည် ယခုအခါ ဒေဝဒတ်ဖြစ်လာ၏။ ထိုအဓမ္မနတ်၏ ပရိသတ်တို့သည်လည်း ဒေဝဒတ်၏ ပရိသတ်တို့ ဖြစ်လာကုန်၏။ ဓမ္မနတ်သားကား သင်တို့ဆရာ ငါဘုရားဖြစ်တော်မူလာ၏။ ဓမ္မနတ်၏ ပရိသတ်တို့သည်ကား ယခုအခါ ဘုရား၏ ပရိသတ်ဖြစ်လာကုန်၏။ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

တရားမသက်၊ အမှားဘက်၊ အပျက်ဖြစ်လိမ့်မည်

သုံးခုမြောက်သော ဓမ္မဒေဝပုတ္တဇာတ်သည်ပြီး၏။

*****