အရှင်ဥပသေန- ဝင်္ဂန္တပုတ္တ မထေရ်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၂၄) အရှင်ဥပသေန- ဝင်္ဂန္တပုတ္တ မထေရ်အကြောင်း

၃၆၉

(၂၄) အရှင်ဥပသေန-ဝင်္ဂန္တပုတ္တမထေရ်အကြောင်း

(ဤမထေရ်၏ အမည်ရင်းကား ဥပသေနဟူ၍ ဖြစ်သည်။ (အရှင်သာရိပုတ္တရာ၏ ညီတော်ဖြစ်သည်)၊ ခမည်းတော် ဝင်္ကန္တပုဏ္ဏားကြီး၏ သားဖြစ်သောကြောင့် အမည်ရင်း၏ နောက်မှဆက်၍ ဥပသေန-ဝင်္ဂန္တပုတ္တ မထေရ်ဟု ခေါ်ဆိုအပ်လေသည်၊ ဝင်္ကန္တပုဏ္ဏား၏သား ဥပသေနမထေရ်ဟု ဆိုလို၏)။

(က) မထေရ်၏ ရှေးဆုတောင်း

     ဤမထေရ်အလောင်း သူတော်ကောင်းသည်လည်း ပမုတ္တရမြတ်စွာဘုရားရှင် လက်ထက်တော်အခါ ဟံသာဝတီ မင်းနေပြည်ဝယ် အမျိုးကောင်းအိမ်၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ရှေးမထေရ်အလောင်းများနည်းတူ ဘုရားရှင်ထံတော်သို့ သွားရောက်ကာ တရားနာစဉ် ပဒုမုတ္တရ မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို “ထက်ဝန်းကျင် = ပရိသတ်နှင့်တကွ ကြည်ညိုဖွယ်ရှိသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး”၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ မြတ်စွာဘုရားအား အဓိကာရကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုရာထူးဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုလေသည်။ မြတ်စွာဘုရားသည် ထိုအမျိုးကောင်းသား၏ ဆုတောင်းပတ္ထနာချက် အန္တရာယ်မရှိ ပြည့်စုံမည်ကို မြင်တော်မူ၍ ရှေးနည်းအတူ ဗျာဒိတ်စကား မိန့်ကြားတော်မူကာ ကျောင်းတော်သို့ ဖဲကြွတော်မူလေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ထိုအမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြု၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည် ကျက်စားလျက် ဤအကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းရာကာလဝယ် မဂဓတိုင်းအဝင်အပါ နာလကပုဏ္ဏားရွာ၌ ရူပသာရီပုဏ္ဏေး သူဌေးကတော်၏ သားဖြစ်၍ အမည်အားဖြင့် ဥပသေနသူငယ်ဟု အမည်တွင်လေသည်။ ဥပသေနသူငယ်သည် အရွယ်သို့ ရောက်လတ်သော် ဗေဒင်သုံးပုံတို့ကို သင်ကြား တတ်မြောက်ပြီးနောက်



၃၇၀

မြတ်စွာဘုရားရှင် အထံတော်၌ တရားနာရ၍ သဒ္ဓါတရား ကြီးမားစွာ ဖြစ်ရှိကာ သာသနာဝန်ထမ်း ရှင်ရဟန်းပြုလေသည်။

     အရှင်ဥပသေနသည် မိမိကိုယ်တိုင်က ရဟန်းဝါ တစ်ဝါရရှိလျှင် “အရိယသံဃာ တိုက်ခန်းကြီးကို ငါတိုးချဲ့ပေအံ့”ဟူသော ရည်ရွယ်ချက်ဖြင့် အမျိုးကောင်းသားတယောက်ကို မိမိ၏အထံ၌ ရှင်ပြုပေးပြီးနောက် ရဟန်းခံ၍ ပေးလေသည်။ အရှင်ဥပသေနသည် ထိုနှစ် ဝါကျွတ်၍ ပဝါရဏာပြုပြီးသော် ဥပဇ္ဈာယ်ယူ အတူနေ သဒ္ဓိဝိဟာရိကတပည့် ထိုရဟန်းငယ် တစ်ဝါရှိသောအခါ၌ မိမိကိုယ်တိုင်က နှစ်ဝါရရှိသူဖြစ်ကာ “မြတ်စွာဘုရားရှင်သည် ငါ့ကိုမြင်လျှင် နှစ်သက်တော်မူလိမ့်မည်”ဟု အထင်ရောက်လျက် သဒ္ဓိဝိဟာရိက တပည့်ရဟန်းငယ်ကို ခေါ်ဆောင်ပြီးလျှင် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ အဖူးအမြော် ရောက် ရှိလာလေ၏။

     မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ်ကို ရှိခိုး၍ အပြစ်လွတ်ရာအရပ်၌ ထိုင်နေသော အရှင်ဥပသေနကို “ရဟန်း.. သင်သည် ဘယ်နှစ်ဝါရှိပြီနည်း”ဟု မေးတော်မူလေ၏။ အရှင်ဥပသေနက “မြတ်စွာဘုရား.. တပည့်တော်သည် နှစ်ဝါ ရရှိပါပြီဘုရား”ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် တဖန် ဆက်၍ “ရဟန်း.. ဤ သင်နှင့်အတူပါသော ရဟန်းသည်ကား ဘယ်နှစ်ဝါရှိပြီနည်း”ဟု မေးတော်မူပြန်၏။ အရှင်ဥပသေနက“၁-ဝါ ရရှိပါပြီ မြတ်စွာဘုရား..”ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် တဖန်ဆက်၍ “ရဟန်း.. ဤ ၁-ဝါရရှိပြီးသော ရဟန်းသည် သင်နှင့် အဘယ်သို့ တော်စပ်သနည်း”ဟု မေးတော် မူပြန်လေ၏။ အရှင်ဥပသေန-က “တပည့်တော်၏ သဒ္ဓိဝိဟာရိကတပည့် ဖြစ်ပါသည် မြတ်စွာဘုရား..”ဟု လျှောက်ထားသောအခါ မြတ်စွာဘုရားရှင်သည် အရှင်ဥပသေနကို “မဂ်ဖိုလ်မရ ကိစ္စမပြီး အချည်းနှီးသော ယောက်ျား.. သင်သည် အလွန်လျင်မြန်စွာ ပစ္စည်းလေးပါး ပေါများရန်အလို့ငှါ လှည့်လည်ဘိ၏”ဟု အပြစ်တင်စကား မိန့်ကြားတော်မူ၍ အကြောင်းပေါင်းများစွာတို့ဖြင့်



၃၇၁

ကဲ့ရဲ့တော်မူပြီးလျှင် ဤအရှင်ဥပသေန၏ မိမိက ဆယ်ဝါမပြည့်သေးပဲ ဥပဇ္ဈာယ်ဆရာ ပြုလုပ်ကာ သဒ္ဓိဝိဟာရိကတပည့်ကို ရဟန်းခံပေးမှုတည်းဟူသော အကြောင်းအရာ နိဒါန်းဝတ္ထု၌—

“ရဟန်းတို့.. ဆယ်ဝါမပြည့်သေးသော ရဟန်းသည် (ဥပဇ္ဈာယ်ဆရာ ပြုလုပ်၍ ပဉ္စင်းလောင်းကို) ရဟန်းခံ၍ မပေးအပ်, မပေးကောင်း၊ ရဟန်းခံ၍ပေးခဲ့လျှင် ထိုရဟန်းအား ဒုက္ကဋ်အာပတ် သင့်စေ။

ရဟန်းတို့.. ဆယ်ဝါပြည့်ပြီးသော ရဟန်းသည်၎င်း, ဆယ်ဝါထက် ကျော်လွန်သော ရဟန်းသည်၎င်း (ဥပဇ္ဈာယ်ဆရာပြုလုပ်၍ ပဉ္စင်းလောင်းကို) ရဟန်းခံပေးရန် ငါဘုရား ခွင့်ပြု၏”-

ဟု ဤသိက္ခာပုဒ်၂-ရပ်ကို ပညတ်တော်မူလေ၏။ (ပိဋကတ် မြန်မာပြန် ဝိနည်းမဟာဝဂ်ပါဠိ စာမျက်နှာ ၇၇-မှစ၍ ဤဝတ္ထုအကျယ်ကို ကြည့်ရှုမှတ်သားရာ၏)။

     အရှင်ဥပသေနသည် မြတ်စွာဘုရားရှင်၏ အထံတော်မှ (စောစောက ရည်မှန်းသည့်အတိုင်း အချီးမွမ်းကို မခံရ)) အကဲ့ရဲ့ကိုသာ ခံရပြီးနောက် မြတ်စွာဘုရားရှင်ကို ရှိခိုးပြီးလျှင် “ငါသည် ဤယခု (ကဲ့ရဲ့တော်မူလိုက်သည့်) လပြည့်ဝန်းအတူ ကျက်သရေရှိလှသော ခံတွင်းတော်ဖြင့်ပင် တနေ့၌ မြတ်စွာဘုရားရှင်ကို ပရိသတ်ကို အကြောင်းပြု၍ပင် ကောင်းကြီးပေးတော်မူစေမည်”ဟု ကြံစည် အောက်မေ့ကာ ထိုနေ့၌ပင် တနေရာသို့သွား၍ ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်း အားထုတ်လေလျှင် ရက်များမကြာမီမှာပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေ၏။

တပည့်ပရိသတ်ကို မွေးမြူဆုံးမတော်မူခြင်း

     ထိုမှ နောက်အခါ အရှင်ဥပသေန မထေရ်မြတ်သည် အမျိုးကြီးမှ တောထွက်၍ ရဟန်းပြုသူ ဖြစ်သည့်ပြင် မြေအပြင်ဝယ် အလွန်ထင်ရှားသော တရားဟောကောင်းသည့် = ဓမ္မကထိကပုဂ္ဂိုလ်လည်း



၃၇၂

ဖြစ်တော်မူ၏၊ သို့ရကား မထေရ်မြတ်၏ တရားစကား၌ ကြည်ညိုကြ၍၎င်း, ဆွေမျိုး မိတ်သင်္ဂဟတို့ အိမ်များမှ ထွက်ကြ၍၎င်း များစွာသော အမျိုးကောင်းသား သူငယ်တို့သည် အရှင်ဥပသေန ရဟန္တာမထေရ်၏ အထံ၌ ရှင်ပြုကြကုန်၏။ ထိုသို့ ရှင်ပြုရာ၌ အရှင်ဥပသေန မထေရ်သည် “သူငယ်တို့.. ငါသည် တောကျောင်းနေပုဂ္ဂိုလ် = အာရညကင် ဓုတင်ဆောင်ပုဂ္ဂိုလ် ဖြစ်သည်။ သင်တို့သည်လည်း ထိုကဲ့သို့ပင် တောကျောင်းနေပုဂ္ဂိုလ် = အာရညကင် ဓုတင်ဆောင် ပုဂ္ဂိုလ်များ ဖြစ်နိုင်ကြပါလျှင် ရှင်သာမဏေ ပြုကြကုန်လော့”ဟု မိန့်ဆိုကာ ဓုတင် တဆယ့်သုံးပါးတို့ကို ပြောပြတော်မူလေသည်၊ ထိုသို့ ပြောပြ၍ “တပည့်တော်တို့ စွမ်းနိုင်ကြပါသည်”ဟု ပြောဆိုသော သူငယ်တို့ကိုမှ ရှင်သာမဏေပြု၍ ပေးတော်မူလေ၏။ ထိုသာမဏေငယ်တို့သည် မိမိတို့ စွမ်းအားရှိကြသည့်အလျောက် ထိုထိုဓုတင်အကျင့် ပဋိပတ်တို့ကို ဆောက်တည် ကျင့်သုံးကြလေကုန်၏။ အရှင်ဥပသေန မထေရ်မြတ်သည် မိမိကိုယ်တိုင်က ရဟန်းသိက္ခာ ဆယ်ဝါ ရရှိသော အခါ၌ ဝိနည်းပိဋကတ်ကို နိုင်နင်းစွာ လေ့လာပြီးလျှင် ထိုသာမဏေ အားလုံးတို့ကို ဥပဇ္ဈာယ်ဆရာ ပြုလုပ်ကာ ပဉ္စင်းခံ၍ ပေးလေ၏။ ဤသို့လျှင် အရှင်ဥပသေနမထေရ်၏ အထံ၌ ရဟန်းပဉ္စင်းအဖြစ်သို့ ရောက်ရှိကြသော ရဟန်းအခြံအရံတို့မှာ (၅၀၀)ငါးရာမျှ အတိုင်းအရှည် ရှိကုန်၏။

     ထိုအချိန်၌ မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်မွန် ဇေတဝန် ကျောင်းတိုက်တော်၌ နေတော်မူစဉ် “ရဟန်းတို့.. ငါဘုရားသည် လ-ဝက် (=၁၅ ရက်)ပတ်လုံး တပါးတည်း ကိန်းအောင်းနေထိုင်ရန် အလိုရှိ၏”ဟု ရဟန်းသံဃာအား မိန့်ကြား၍ တပါးတည်း နေတော်မူဆဲ ဖြစ်၏။ ရဟန်းသံဃာသည်လည်း “အကြင်ရဟန်းသည် မြတ်စွာဘုရားကို ဖူးမြော်ရန် ချဉ်းကပ်၏၊ ထိုရဟန်းကို ပါစိတ်အာပတ်ကို ဒေသနာကြားစေ အပ်၏”ဟု ကတိကဝတ်ကိုပြု၍ ထားလေသည်။



၃၇၃

     ထိုအခါ အရှင်ဥပသေန မထေရ်သည် “မြတ်စွာဘုရားရှင်ကို ဖူးမြော်အံ့”ဟု ကြံစည်၍ မိမိပရိသတ်နှင့် အတူတကွ ဇေတဝန်ကျောင်းတိုက်သို့ သွားရောက်ပြီးလျှင် မြတ်စွာဘုရားကို ဆည်းကပ်ဝပ်လျှိုး ရှိခိုးပြီးနောက် အပြစ်လွတ်ရာအရပ်၌ ထိုင်နေလေ၏။ မြတ်စွာဘုရားသည် စကားဖြစ်စိမ့်သောငှါ မထေရ်၏ သဒ္ဓိဝိဟာရိက ရဟန်းငယ်တပါးကို “ချစ်သား.. သင်သည် ပံသုကူသင်္ကန်းတို့ကို နှစ်သက်အပ်ပါကုန်၏လော”ဟု မေးတော်မူလေ၏။ ထိုအခါ ရဟန်းငယ်သည် “မြတ်စွာဘုရား.. တပည့်တော်သည် ပံသုကူသင်္ကန်းတို့ကို မနှစ်သက်အပ်ပါကုန်”ဟု စကားပလ္လင်ခံ၍ မိမိ၏ ဥပဇ္ဈာယ်ဆရာ၌ ရိုသေခြင်းကြောင့် ပံသုကူဓုတင် ဆောင်ကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားလေ၏။ ဤအကြောင်းဝတ္ထု၌ မြတ်စွာဘုရားသည် “သာဓု သာဓု ဥပသေန..” စသည်ဖြင့် အရှင်ဥပသေနမထေရ်အား သာဓုကောင်းကြီး ပေးတော်မူပြီးလျှင် အကြောင်းပေါင်း များစွာတို့ဖြင့် ဂုဏ်ကျေးဇူးစကား မိန့်ကြားတော်မူလေ၏။ ။(ဤကား အကျဉ်းတည်း၊ အကျယ်ဝတ္ထု အကြောင်းအရာကို ဝိနည်းပိဋကတ် မြန်မာပြန် ပါရာဇိကဏ်ပါဠိတော် စာမျက်နှာ ၃၅၅၊ ၂-ကောသိယဝဂ်၊ ၅-နိသီဒနသန္ထတသိက္ခာပုဒ်၌ ကြည့်ရှုမှတ်ယူကုန်ရာ၏။ အထူးမှာ- ဝိနည်းပါဠိတော်၌ “ဣစ္ဆာမဟံ ဘိက္ခဝေ တေမာသံ ပဋိသလ္လီယိတုံ = ရဟန်းတို့.. ငါဘုရားသည် သုံးလပတ်လုံး တပါးတည်း ကိန်းအောင်းနေထိုင်ရန် အလိုရှိ၏” စသည်ဖြင့် လာရှိသည်၊ အင်္ဂုတ္တိုရ် အဋ္ဌကထာ၌ကား “လ-ဝက် (၁၅-ရက်)ပတ်လုံး”ဟု အဆိုရှိသည်၊ ပါဠိတော်အတိုင်း “သုံးလပတ်လုံး” ဟူ၍သာ မှတ်ယူရာ၏)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     မြတ်စွာဘုရားရှင်သည် နောက်တချိန်ဝယ် အရိယာသံဃာတော်၏ အလယ်၌ ထိုင်နေတော်မူလျက် ဤသာသနာတော်ဝယ် အရှင်ဥပသေနမထေရ်ကို-



၃၇၄

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ သမန္တပါသာဒိကာနံ ယဒိဒံ ဥပသေနော ဝင်္ကန္တပုတ္တော = ရဟန်းတို့.. ထက်ဝန်းကျင် (=ပရိသတ်နှင့်တကွ) ကြည်ညိုဖွယ်ရှိကြသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ဝင်္ကန္တပုဏ္ဏား၏သား ဥပသေန-ရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မြွက်ဆိုတော်မူကာ “သမန္တပါသာဒိက = ထက်ဝန်းကျင် (=ပရိသတ်နှင့်တကွ) ကြည်ညိုဖွယ်ရှိသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

အရှင်ဥပသေနမထေရ် ပရိနိဗ္ဗာန် စံလွန်တော်မူခြင်းအကြောင်း

     အခါတပါး၌ အရှင်သာရိပုတ္တရာမထေရ်နှင့် အရှင်ဥပသေန မထေရ်တို့သည် ရာဇဂြိုဟ်ပြည် ယင်းတိုက်တော သပ္ပသောဏ္ဍိက (မြွေပါးပျဉ်းနှင့်တူသော) လိုဏ်ဂူ၌ သီတင်းသုံး နေတော်မူကြကုန်၏။ ထိုအခါ အရှင်ဥပသေန၏ ကိုယ်ပေါ်၌ မြွေဆိုးတကောင် ကျ၍လာ၏။

(ဤ၌။ ။အရှင်ဥပသေနမထေရ်သည် ဆွမ်းစားပြီးနောက် သင်္ကန်းကြီးကို ကိုင်၍ = ဝတ်၍ လိုဏ်ရိပ် (=လိုဏ်အတွင်း)၌ ပြူတင်းပေါက်မှ ဝင်လာသော လေပြည်လေညှင်း တိုက်ခတ်အပ်လျက် ထိုင်နေကာ နှစ်ထပ်သင်းပိုင်ကို ချုပ်၍ နေတော်မူလေသည်။ ထိုခဏ၌ လိုဏ်မိုးပေါ်ဝယ် မြွေဆိုးငယ်၂-ကောင်တို့ မြူးထူးပျော်ပါး ကစားနေရာမှ တကောင်သည် လိမ့်ကျ၍ မထေရ်၏ ပခုံးစွန်း၌ လွှမ်းအုပ် တည်လာလေသည်။ ထိုမြွေသည်ကား မြွေကောင်းမဟုတ်၊ ဖုဋ္ဌဝိသခေါ်သည့် ထိရုံနှင့် အဆိပ်တက်သော မြွေဆိုးဖြစ်လေသည်။ ထို့ကြောင့် ကျရာနေရာမှစ၍ မထေရ်၏ကိုယ်၌ ထိုမြွေ၏ အဆိပ်သည် ဆီမီးတောက်က ဆီမီးကို ကုန်စေသည့်အလား တရိပ်ရိပ် ပျက်စေလျက် တက်လေ၏။

မထေရ်သည် အဆိပ်ပြင်းထန်စွာ တက်သည်ကို သိမြင်တော်မူ၍ အဆိပ်၏ ပကတိသဘောအားဖြင့် ကျလျှင်ကျခြင်း မီးဟုန်းဟုန်းတောက်ကာ ဖရိုဖရဲ ပျက်စီးနိုင်သော်လည်း မိမိ၏ တန်ခိုးအစွမ်းဖြင့်

၃၇၅

“ဤခန္ဓာကိုယ် အတ္တဘောသည် လိုဏ်အတွင်း၌ မပျက်စီးပါစေလင့်”ဟု အဓိဋ္ဌာန်တော်မူကာ ဟန့်တား၍ ထားတော်မူလေ၏။

     ထို့နောင်မှ အရှင်ဥပသေနသည် ရဟန်းတို့ကို ခေါ်ပြီးလျှင် “ငါ့ရှင်တို့.. လာကြကုန်၊ ဤကိုယ်သည် ဤနေရာ၌ ဖွဲဆုပ်ကဲ့သို့ ဖရိုဖရဲ ကျဲမသွားမီ ငါ၏ ဤကိုယ်ကို ညောင်စောင်းငယ်ပေါ်သို့ တင်ပြီးလျှင် အပြင်သို့ ထုတ်ကြကုန်”ဟု မိန့်ဆိုလေ၏။ ထိုအခါ အရှင်သာရိပုတ္တရာမထေရ်သည် အရှင်ဥပသေနမထေရ်ကို-

“ငါတို့သည် အရှင်ဥပသေန၏ ကိုယ်အမူအရာ ဖောက်ပြန်ခြင်း, မျက်စိ-စသော ဣန္ဒြေတို့ ဖောက်ပြန်ခြင်းကို အလျင်းပင် မတွေ့မြင်ကြရပါကုန်၊ ထိုသို့ဖြစ်ပါလျက် အရှင်ဥပသေနသည် ‘ငါ့ရှင်တို့.. လာကြကုန်၊ ဤကိုယ်သည် ဤနေရာ၌ ဖွဲဆုပ်ကဲ့သို့ ဖရိုဖရဲ ကျဲမသွားမီ ငါ၏ ဤကိုယ်ကို ညောင်စောင်းငယ်ပေါ်သို့ တင်ပြီးလျှင် အပြင်သို့ ထုတ်ကြကုန်’ဟု ဤသို့ ပြောဆိုဘိ၏”–

ဟု မိန့်ဆိုတော်မူ၏။ ။(ဤ၌ သေခါနီးသော လူသာမန်တို့မှာ ကိုယ်လက်ဖောက်ပြန် တုန်လှုပ်ခြင်း, မျက်စိမျက်နှာပျက်ခြင်း စသည်တို့ ဖြစ်ကုန်သကဲ့သို့ အရှင်ဥပသေနမထေရ်မှာ ထိုအမူအရာများ လုံးဝမရှိသဖြင့် အရှင်သာရိပုတ္တရာက ထိုကဲ့သို့ မိန့်ဆိုတော်မူခြင်း ဖြစ်သည်)။

     ထိုအခါ အရှင်ဥပသေနမထေရ်သည် အရှင်သာရိပုတ္တရာမထေရ်ကို-

“ငါ့ရှင်သာရိပုတ္တရာ.. အမှန်စင်စစ်အားဖြင့် ‘ငါသည် မျက်စိဟူ၍၎င်း, မျက်စိသည် ငါ့ဥစ္စာဟူ၍၎င်း, ငါသည် နား = နားသည် ငါတည်းဟူ၍၎င်း, နားသည် ငါ့ဥစ္စာဟူ၍၎င်း, ငါသည် နှာခေါင်းတည်း = နှာခေါင်းသည် ငါတည်းဟူ၍၎င်း, နှာခေါင်းသည် ငါ့ဥစ္စာဟူ၍၎င်း, ငါသည် လျှာတည်း = လျှာသည် ငါတည်းဟူ၍၎င်း, လျှာသည် ငါ့ဥစ္စာဟူ၍၎င်း,



၃၇၆

ငါသည် ကိုယ်တည်း = ကိုယ်သည် ငါတည်းဟူ၍၎င်း, ကိုယ်သည် ငါ့ဥစ္စာဟူ၍၎င်း, ငါသည် စိတ်တည်း = စိတ်သည် ငါတည်းဟူ၍၎င်း, စိတ်သည် ငါ့ဥစ္စာဟူ၍၎င်း’ ဤကဲ့သို့ ဒိဋ္ဌိဖြင့် အလွဲထင်မှု, တဏှာဖြင့် အလွဲထင်မှု ရှိနေသောပုဂ္ဂိုလ်၏ (သန္တာန်မှာ)သာ (သေခါနီးအခါ) ကိုယ်အမူအရာ ဖောက်ပြန်ခြင်း, မျက်စိ-စသော ဣန္ဒြေတို့ ဖောက်ပြန်ခြင်းများ ဖြစ်လေရာ၏။

ငါ့ရှင်သာရိပုတ္တရာ.. အမှန်စင်စစ်အားဖြင့် ‘ငါသည် မျက်စိတည်း = မျက်စိသည် ငါတည်းဟူ၍၎င်း, မျက်စိသည် ငါ့ဥစ္စာတည်း ဟူ၍၎င်း, (ပ) ငါသည် စိတ်တည်း = စိတ်သည် ငါတည်းဟူ၍၎င်း, စိတ်သည် ငါ့ဥစ္စာတည်း ဟူ၍၎င်း’ ဤကဲ့သို့ ဒိဋ္ဌိဖြင့် အလွဲထင်မှု, တဏှာဖြင့် အလွဲထင်မှု လုံးဝမရှိသော ငါ၏(သန္တာန်မှာ) ယခုလို သေခါနီးအခါ ကိုယ်အမူအရာ ဖောက်ပြန်ခြင်း, မျက်စိ-စသော ဣန္ဒြေတို့ ဖောက်ပြန်ခြင်းများ အဘယ်မှာ ဖြစ်နိုင်မည်နည်း = မဖြစ်သည်သာတည်း”-

ဟု ပြန်ကြား လျှောက်ထားလေ၏။ ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်သည် အရှင်ဥပသေနမထေရ်ကို-

“အရှင်ဥပသေန၏ သန္တာန်မှာ ယခုလို သေခါနီးအခါ ကိုယ်အမူအရာ ဖောက်ပြန်ခြင်း, မျက်စိ-စသော ဣန္ဒြေတို့ ဖောက်ပြန်ခြင်းများ မဖြစ်ပဲရှိမှာပ၊ အရှင်ဥပသေနသည် အချိန်ကြာမြင့်စွာကပင် ငါဟု-စွဲယူမှု = ဒိဋ္ဌိ, ငါ့ဥစ္စာဟု-စွဲယူမှု = တဏှာ, ငါဟု-ထောင်လွှားမှု = မာနာနုသယ = ဤတရားသုံးပါးကို အကြွင်းမဲ့ ပယ်နုတ်အပ်ပြီးပြီကိုး၊ ထို့ကြောင့်ပင် အရှင်ဥပသေန၏ သန္တာန်မှာ ‘ငါသည် မျက်စိတည်း = မျက်စိသည် တည်းဟူ၍၎င်း, မျက်စိသည် ငါ့ဥစ္စာတည်း ဟူ၍၎င်း, (ပ) ငါသည် စိတ်တည်း = စိတ်သည် ငါတည်းဟူ၍၎င်း,



၃၇၇

စိတ်သည် ငါ့ဥစ္စာတည်း ဟူ၍၎င်း’ ဤကဲ့သို့ ဒိဋ္ဌိဖြင့် အလွဲထင်မှု, တဏှာဖြင့် အလွဲထင်မှုများ လုံးဝ မဖြစ်နိုင်တော့ချေ”–

ဟု ချီးမွမ်းစကား မိန့်ကြားတော်မူလေ၏။

     ထို့နောက် ရဟန်းတို့သည် အရှင်ဥပသေနမထေရ်၏ ကိုယ်ကို ညောင်းစောင်းငယ်ပေါ်သို့ တင်ပြီးလျှင် အပြင်သို့ ထုတ်ဆောင်ကြလေကုန်၏။ ထိုအခါ အရှင်ဥပသေနမထေရ်၏ ကိုယ်သည် ထိုနေရာ၌ပင် (အပြင်သို ထုတ်၍ထားရာ အရပ်ဝယ် ညောင်စောင်းငယ်ပေါ်မှာပင်) ဖွဲဆုပ်ကဲ့သို့ ဖရိုဖရဲ ကျဲ၍သွားကာ ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဘုံဇာတ်သိမ်းတော်မူလေသတည်း။

(ဤအကြောင်းအရာများကား သဠာယတနဝဂ္ဂသံယုတ် ပိဋကတ်မြန်မာပြန် “သံ မြန် ၂” မျက်နှာ ၂၅၉၊ ဥပသေနအာသီဝိသသုတ်နှင့် ၎င်းအဖွင့် အဋ္ဌကထာတို့၌ လာရှိ၏)။

ဤကား အရှင်ဥပသေန-ဝင်္ကန္တပုတ္တမထေရ် အကြောင်းတည်း။

**********