အရှင်ဒဗ္ဗ မထရ်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၂၅) အရှင်ဒဗ္ဗ မထရ်အကြောင်း

(၂၅) အရှင်ဒဗ္ဗမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

     ဤအရှင်ဒဗ္ဗမထေရ်အလောင်း သူတော်ကောင်းသည်လည်း ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်အခါ ဟံသာဝတီ မင်းနေပြည်ဝယ် အမျိုးကောင်းအိမ်၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ရှေးမထေရ် အလောင်းများနည်းတူ ကျောင်းတော်သို့ သွားရောက်ကာ တရားနာစဉ် ပဒုမုတ္တရ မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို “ရဟန်းသံဃာအတွက် နေရာခင်းပေးကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး”၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အဓိကာရကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုရာထူး = ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုလေသည်။ မြတ်စွာဘုရားသည် ထိုအမျိုးကောင်းသား၏ ဆုတောင်းပတ္ထနာချက် အန္တရာယ်မရှိ ပြည့်စုံမည်ကို မြင်တော်မူ၍ ရှေးနည်းအတူ



၃၇၈

ဗျာဒိတ်စကား မိန့်ကြားတော်မူကာ ကျောင်းတော်သို့ ဖဲကြွတော်မူလေ၏။

တောင်ထိပ်၌ တရားအားထုတ်ခြင်း

     ထိုအမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြု၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် ကဿပမြတ်စွာ သာသနာတော် ဆုတ်နစ်(အားနွဲ့)သော အခါဝယ် အမျိုးကောင်းသားဖြစ်ကာ သာသနာဝန်ထမ်း ရဟန်းပြုလေသည်။ ထိုရဟန်းနှင့် အတူတကွ အခြားရဟန်းတော် ခြောက်ပါး ဤသို့အားဖြင့် သူတော်ကောင်း ရဟန်းတော် ခုနစ်ပါးတို့သည် စိတ်တူသဘောတူဖြစ်ကြ၍ သာသနာတော်၌ မရိုသေမှု ပြုကြသည့် အခြားသူများကို မြင်တွေ့ကြရလေလျှင် “ငါတို့သည် ဤမြို့တွင်း, ရွာတွင်း၌ နေ၍ အဘယ်သာသနာမှု ပြုနိုင်ကုန်အံ့နည်း = မပြုနိုင်ကြမည်သာ ဖြစ်ကုန်၏၊ တနေရာရာ၌ သွားရောက်ကြကာ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်ကြ၍ သံသရာဝဋ်ဒုက္ခဆုံးအောင် ပြုကြကုန်စို့” ဟု တိုင်ပင် ညီညွတ်ကြကာ အလွန်မြင့်သော တောင်တတောင်သို့ သွားရောက်ကြ၍ လှေကားဖြင့် တောင်ထိပ်သို့ တက်ရောက်ကြပြီးလျှင် “မိမိ၏ စိတ်အစွမ်းကို သိသူတို့သည် လှေကားကို တွန်းချလိုက်ကြကုန်လော့၊ အသက်၌ တွယ်တာကုန်သော သူတို့သည် ပြန်၍ ဆင်းကြကုန်လော့၊ နောက်အခါကျမှ နှလုံးပူပန်ရှိကြသည် မဖြစ်ကြလင့်”ဟု ပြောဆို၍ ရဟန်းတော် ခုနစ်ပါးလုံးပင် အသက်ကိုစွန့်၍ ရဟန်းတရား အားထုတ်ရန် စိတ်သဘောတူညီကြလျက် လှေကားကို တွန်းချလိုက်ကြပြီးလျှင် “ငါ့ရှင်တို့.. ရဟန်းတရား အားထုတ်မှု၌ မမေ့မလျော့သူများ ဖြစ်ကြကုန်လော့”ဟု အချင်းချင်း ဆုံးမတော်မူကြ၍ မိမိတို့ စိတ်နှစ်သက်ရာ အရပ်တို့၌ နေထိုင်ကြပြီးလျှင် ရဟန်းတရားကို အသက်စွန့်၍ ပွါးများကြိုးကုတ် အားထုတ်ကြလေကုန်၏။

     ထိုရဟန်းတော် ခုနစ်ပါးတို့အနက် သံဃမထေရ်ကြီးသည် ငါးရက်မြောက်သောနေ့၌ အရဟတ္တဖိုလ်သို့ ရောက်၍



၃၇၉

“ငါ့အဖို့ရာ ရဟန်းကိစ္စ ပြီးလေပြီ၊ ငါသည် ဤတောင်ထိပ်၌ အဘယ်အမှု ပြုရအံ့နည်း = ပြုရန်မရှိတော့ပြီ”ဟု ဆင်ခြင်တော်မူ၍ တန်ခိုးဖြင့် မြောက်ကျွန်းမှ ဆွမ်းကို ယူဆောင်တော်မူခဲ့ပြီးလျှင် ကျန်သော အဖော်ရဟန်း ခြောက်ပါးတို့ကို “ငါ့ရှင်တို့.. ဤဆွမ်းကို ဘုဉ်းပေးကြကုန်လော့၊ ဆွမ်းခံခြင်းကိစ္စသည် ငါ့တာဝန်ရှိပါစေ၊ ငါ့ရှင်တို့သည် မိမိ၏ ကမ္မဋ္ဌာန်းအလုပ်ကိုသာ အားထုတ်ကြကုန်လော့”ဟု အားပေးစကား ပြောကြားလေ၏။ ထိုအခါ ကျန်သော ရဟန်းတော် ခြောက်ပါးတို့သည် “ငါ့ရှင်.. ငါတို့သည် လှေကားကို တောင်ပေါ်မှ တွန်းချလိုက်ကြစဉ်က ‘အကြင်သူသည် ရှေးဦးစွာ လောကုတ္တရာတရားကို မျက်မှောက်ပြုရ၏။ ထိုသူသည် ဆွမ်းခံ၍ ကျွေးရမည်၊ ထိုသူ ယူဆောင်လာသော ဆွမ်းကို ကျန်သော ရဟန်းတို့သည် စားကြ၍ ရဟန်းတရားကို အားထုတ်ကြလိမ့်မည်’ဟူ၍များ ကတိကဝတ်စကား ပြောကြားခဲ့ပါကုန်သလော”ဟု မေးကြလေကုန်၏။ သံဃထေရ်ကြီးက “ထိုသို့ ပြောကြားခဲ့မှု မရှိပါ ငါ့ရှင်တို့..”ဟု မိန့်ဆိုလေလျှင် ကျန်သော ရဟန်းတော် ခြောက်ပါးတို့သည် “အရှင်ဘုရားတို့သည် မိမိ၏ ရှေးကောင်းမှု အကြောင်းကြောင့် လောကုတ္တရာတရားကို အရဟတ္တဖိုလ်ပေါက် ရရောက်တော်မူခဲ့ကြပါပြီ၊ တပည့်တော်တို့သည်လည်း စွမ်းနိုင်ကြပါမူ သံသရာဝဋ်ဒုက္ခအဆုံးကို ပြုနိုင်ကြပါလိမ့်မည်၊ အရှင်ဘုရားတို့သည် အလိုရှိရာအရပ်သို့ ကြွတော်မူကြပါကုန်လော့”ဟု လျှောက်ထားကြလေကုန်၏။

     သံဃထေရ်ကြီးသည် ထိုရဟန်းတော် ခြောက်ပါးတို့ကို သိစေခြင်းငှါ မစွမ်းနိုင်ရကား အနည်းနည်း ပြောဆို၍ မရသည့်အဆုံး၌ ချမ်းသာရာအရပ်ဝယ် ဆွမ်းဘုဉ်းပေး၍ အလိုရှိရာသို့ ကြွသွားတော်မူလေ၏။ အခြားတပါး အနုထေရ် (=ဒုတိယထေရ်)သည် ခုနစ်ရက်မြောက်သောနေ့၌ အနာဂါမိဖိုလ်သို့ ရောက်၍ ရှေး မထေရ်ကြီးနည်းတူပင် မြောက်ကျွန်းမှ ဆွမ်းကို ယူဆောင်လာ၍ ဖိတ်မန်စကား ပြောကြားပါသော်လည်း ရှေးအတူပင် မရသည့်အဆုံး၌ ချမ်းသာရာအရပ်ဝယ် ဆွမ်းဘုဉ်းပေး၍



၃၈၀

အလိုရှိရာအရပ်သို့ ကြွသွားတော်မူလျက် ထိုဘဝမှ စုတိပြတ်ကြွေ သေလွန်လတ်သော် သုဒ္ဓါဝါသဗြဟ္မာ့ဘုံ၌ ဖြစ်လေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ကျန်သော မထေရ်ငါးပါးတို့သည် ထိုဘဝ၌ မဂ်ဖိုလ်တရားထူးကို မရကြပဲ ထိုဘဝမှ စုတေကြလေသော် ဗုဒ္ဓန္တရ အသင်္ချေယျ တကပ်ပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားကြ၍ အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာ ကာလဝယ် ထိုထိုအမျိုးတို့၌ ဖြစ်ကြလေကုန်၏။ (၁) တယောက်သည် ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်၌ မင်းနန်းတော်ဝယ် (ပုက္ကုသာတိမင်း) ဖြစ်၍လာ၏၊ (၂) အခြားတယောက်သည် ပဗ္ဗတေယျတိုင်း (တနည်း မဇ္ဈန္တိကတိုင်း)ဝယ် ပရိဗိုဇ်မ၏ဝမ်း၌ (သဘိယပရိဗိုဇ်) ဖြစ်၍လာ၏၊ (၃) အခြားတယောက်သည် ဗာဟိယတိုင်းဝယ် သူကြွယ်အိမ်၌ (ဗာဟိယ) ဖြစ်၍လာ၏။ (၄) အခြားတယောက်သည် ရာဇဂြိုဟ်ပြည်ဝယ် သူကြွယ်အိမ်၌ (ကုမာရကဿပသူငယ်) ဖြစ်၍လာ၏၊ (၅) အခြားတယောက် (=ဤဒဗ္ဗမထေရ်၏အလောင်း)သည် မလ္လတိုင်း အနုပီယမြို့ဝယ် မလ္လမင်းတဦး၏ နန်းအိမ်၌ ပဋိသန္ဓေ ယူနေလာလေ၏။

     ထိုသူငယ်၏ မိခင်သည် သူငယ်ကို ဖွားမြင်ခါနီးကာလ၌ စုတိပြတ်ကြွေ သေလွန်ခဲ့လေသည်။ ထိုမိခင်၏ ဥတုဇရုပ်ကလာပ်ကို သုသာန်သို့ ဆောင်ယူကြကာ ထင်းပုံထက်၌တင်၍ ဖုတ်ကြည်း မီးသင်္ဂြိုဟ်ကြလေကုန်၏။ ထိုမိခင်၏ ဝမ်းသားလွှာသည် မီးအရှိန် ပြင်းထန်စွာ လောင်ဟပ်ရကား နှစ်ခြမ်းကွဲ၍ သွားလေသည်။ သူငယ်သည် မိမိ၏ကောင်းမှု ကုသိုလ်အစွမ်းကြောင့် ကောင်းကင်သို့ လွင့်စဉ် ပျံတက်ကာ တခုသော နေဇာမြက်ပုံပေါ်၌ ကျလေ၏၊ ထိုသူငယ်ကို ကောက်ယူခဲ့ကြ၍ အဖွားဖြစ်သူအား ပေးအပ်ကြလေသည်။ အဖွားဖြစ်သူသည် ထိုသူငယ်၏ အမည်ကို မှည့်လတ်သော် နေဇာမြက်ပုံပေါ်၌ ကျရောက်ကာ



၃၈၁

အသက်ရှင်ရလေသောကြောင့် “ဒဗ္ဗ”ဟူ၍ သူငယ်၏အမည်ကို မှည့်ခေါ်လေ၏။

(ဤ၌။ ။ဒဗ္ဗတ္ထမ္ဘေ နိပတိ-ဟု အင်္ဂုတ္တိုရ်အဋ္ဌကထာ, သာရတ္ထဒီပနီဋီကာ, ထေရဂါထာ အဋ္ဌကထာတို့၌ ဖွင့်ပြသောကြောင့် “ထင်းပုံ (သို့မဟုတ် သစ်သားတိုင်အနီး)၌ ကျရောက်လေ၏”ဟု အနက်မြန်မာ ပြန်ဆိုသင့်သော်လည်း အပဒါန်ပါဠိတော် ဒုတိယအုပ် မျက်နှာ ၁၂၄၊ ဒဗ္ဗ-မလ္လပုတ္တထေရာပဒါန် ဂါထာနံပါတ် ၁၄၃-၌ “ပတိတော ဒဗ္ဗပုဉ္ဇမှိ၊ တတော ဒဗ္ဗောတိ ဝိဿုတာ”ဟူ၍ လာသောကြောင့် “နေဇာမြက်ပုံပေါ်၌ ကျလေ၏”ဟု မြန်မာပြန်ဆိုသည်၊ ထင်းပုံ (သို့မဟုတ်) သစ်သားတိုင်၌ကျလျှင် သက်သာမည်မဟုတ်။ ဒဗ္ဗသဒ္ဒါသည် နေဇာမြက်ကိုလည်း ဟောသည်၊ ဒဗ္ဗပုဉ္ဇမှိ = နေဇာမြက်ပုံပေါ်၌။ ပတိတော = ကျလေပြီ-ဟု အနက်ပေးမှသာ အနက်လည်းသိသာ အသက်ရှင်ဖွယ်ရာလည်း ရှိလေသည်။)

     ဒဗ္ဗသူငယ် အသက်ခုနစ်နှစ်အရွယ် ရှိသောအခါ၌ မြတ်စွာဘုရားရှင်သည် ရဟန်းအပေါင်း ခြံရံလျက် မလ္လတိုင်း၌ ဒေသစာရီ ကြွချီတော်မူလတ်သော် အနုပီယမြို့သို့ ရောက်၍ အနုပီယသရက်တော၌ သီတင်းသုံး နေထိုင်တော်မူ၏။ ဒဗ္ဗသူငယ်သည် မြတ်စွာဘုရားကို ဖူးမြော်ရ၍ သဒ္ဓါကြည်ညိုလှသောကြောင့် ရှင်ရဟန်းပြုလိုရကား အဖွားဖြစ်သူကို “အို အဖွား.. အကျွန်ုပ်သည် မြတ်စွာဘုရား အထံတော်၌ ရှင်ရဟန်း ပြုပါရစေ”ဟု ခွင့်ပန် ပြောကြားလေ၏။ အဖွားဖြစ်သူသည် “ကောင်းပြီ ချစ်မြေး..”ဟု ပြောဆိုကာ ဒဗ္ဗသူငယ်ကို ခေါ်ဆောင်၍ မြတ်စွာဘုရားရှင် ထံတော်သို့ သွားရောက်ပြီးလျှင် “မြတ်စွာဘုရား.. ဤတပည့်တော်မ၏မြေး ဒဗ္ဗသူငယ်ကို ရှင်ရဟန်း ပြုပေးတော်မူကြပါဘုရား”ဟု လျှောက်ထားလေ၏။

     မြတ်စွာဘုရားသည် ကိုယ်တော်မြတ်၏ အနီး၌ရှိသော ရဟန်းတော်တပါးအား “ရဟန်း.. ဤသူငယ်ကို ရှင်ပြုပေးလိုက်လော့”ဟု မိန့်တော်မူကာ အချက်အမှတ် ပေးတော်မူလေ၏။ ထိုမထေရ်သည် မြတ်စွာဘုရားရှင်၏ စကားတော်ကို ကြားနာပြီးနောက် ဒဗ္ဗသူငယ်ကို ရှင်ပြုပေးလတ်သည်ရှိသော် တစပဉ္စက-ကမ္မဋ္ဌာန်းကို



၃၈၂

ပြောကြားလေ၏။ (ဆံရိတ်ခြင်းသည် ရှင်ပြုမှုအစ ဖြစ်သည်။ ဆံရိတ်ခါနီးဝယ် တစပဉ္စက-ကမ္မဋ္ဌာန်းကို ရှင်ပြုပေးသော ဆရာက ရှင်လောင်းအား ပြောပြရမြဲဖြစ်သည်။ ထို့ကြောင့် ဒဗ္ဗသူငယ်သည် ဆရာမထေရ် ပြောပြသည့် တစပဉ္စက-ကမ္မဋ္ဌာန်းကို စီးဖြန်း နှလုံးသွင်းလျက် ဆံအရိတ် ခံနေလေသည်)။

     ဒဗ္ဗသူငယ်သည် မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံသူ ဖြစ်သည့်ပြင် လွန်ခဲ့သော ကမ္ဘာတသိန်းထက်က ပဒုမုတ္တရ မြတ်စွာဘုရားရှင် အထံတော်ဝယ် မဟာသာဝက ဗောဓိဆုပန် ဗျာဒိတ်ခံခဲ့သူ ဖြစ်ရကား ပဌမဆံအဝန်းကို ရိတ်ချလိုက်လျှင်ပင် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ဒုတိယဆံအဝန်းကို ရိတ်ချလိုက်သောအခါ သကဒါဂါမိဖိုလ်၌ တည်၍, တတိယဆံအဝန်းကို ရိတ်ချလိုက်သောအခါ အနာဂါမိဖိုလ်၌ တည်ပြီးလျှင် ဆံအားလုံးကို ရိတ်ချလိုက်ခြင်းနှင့် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရခြင်း ဤနှစ်ပါးသည် မရှေးမနှောင်း တပြိုင်နက်ဖြစ်ကာ သင်ဓုန်းကိစ္စ နောက်ဆုံးအဖျား၌ ရဟန္တာဖြစ်လေ၏။

     မြတ်စွာဘုရားသည် မလ္လတိုင်း၌ ချေချွတ်ရမည့် သတ္တဝါရှိသလောက် နေတော်မူ၍ ရာဇဂြိုဟ်ပြည်သို့ ကြွရောက်ပြီးလျှင် ဝေဠုဝန်ကျောင်းတိုက်၌ ယာပိုထ်မွေ့လျော် နေတော်မူ၏။ မြတ်စွာဘုရားနှင့် အတူတကွ အရှင်ဒဗ္ဗ ရဟန္တာမထေရ်သည်လည်း လိုက်ပါတော်မူခဲ့လေသည်။ ရာဇဂြိုဟ်ပြည်၌ အရှင်ဒဗ္ဗ ရဟန္တာသည် ဆိတ်ငြိမ်ရာသို့ကပ်လျက် မိမိ၏ ရဟန်းအလုပ်ကိစ္စ ပြီးစီးခြင်းကို ရှုမြင်တော်မူ၍ သံဃဝေယျာဝစ္စကို ပြုလုပ်ဆောင်ရွက်ရန် မိမိကိုယ်ကို ယှဉ်စေလိုရကား “ငါသည် သံဃာတော်အတွက် နေရာကိုလည်း ခင်း, ဆွမ်းကိုလည်း ညွှန်းရပါမူ ကောင်းလေစွာ့”ဟု ကြံစည်ဆင်ခြင်မိလေ၏။ အရှင်ဒဗ္ဗရဟန္တာသည် မြတ်စွာဘုရားရှင်ထံတော်သို့ သွားရောက်၍ မိမိ၏ အကြံအစည်ကို လျှောက်ထားလေသော် မြတ်စွာဘုရားသည် အရှင်ဒဗ္ဗရဟန္တာအား သာဓုကောင်းကြီး ပေးတော်မူ၍ (၁) သံဃာအတွက် နေရာခင်းသော ရဟန်းဟု သံဃာက သမုတ်ခြင်း =



၃၈၃

အသိအမှတ်ပြုခြင်း = သေနာသနပညာပကသမ္မုတိ၊ (၂) သံဃာအတွက် ဆွမ်းညွှန်းသော ရဟန်းဟု သံဃာက သမုတ်ခြင်း = အသိအမှတ်ပြုခြင်း = ဘတ္တုဒ္ဒေသကသမ္မုတိ = ဤသမ္မုတိနှစ်ရပ်ကို နှင်းအပ်တော်မူလေ၏။

     ထို့နောက် အရှင်ဒဗ္ဗရဟန္တာကို “ဤဒဗ္ဗသည် ခုနစ်နှစ်အရွယ် ငယ်သူဖြစ်လျက် ကြီးမြတ်သော အရာဌာန (ပဋိသမ္ဘိဒါပတ္တ ဆဠဘိည တေဝိဇ္ဇရဟန္တာအဖြစ်)၌ တည်လေသည်”ဟု နှစ်သက်အားရ ကျေနပ်တော်မူကာ မြတ်စွာဘုရားသည် ခုနစ်နှစ်အရွယ် ငယ်စဉ်အခါ၌ပင်လျှင် ရဟန်းပဉ္စင်း ပြုစေလေသည်။ (ဤကိုထောက်၍ အခြားတပါးသော အသက်ငယ်ငယ်နှင့် ရဟန္တာဖြစ်ကြသော ပဏ္ဍိတသာမဏေ, သံကိစ္စသာမဏေ, သောပါကသာမဏေ, အရှင်သာရိပုတ္တရာ၏ ညီထွေး ခဒိရဝနိယ = ရှားတောကျောင်းနေ ရှင်ရေဝတ သာမဏေငယ်- စသည်တို့ကိုလည်း အသက်နှစ်ဆယ်ပင် မပြည့်ကြသေးစေကာမူ အရဟတ္တဖိုလ် ဂုဏ်ကျေးဇူးကို ထောက်၍ ငယ်ငယ်နှင့်ပင် ရဟန်းပဉ္စင်း ပြုပေးစေတော်မူသည်ဟု မှတ်ယူရာ၏။ ထိုအရှင်မြတ်တို့ကို အသက်ပင် ငယ်ကြသော်လည်း အရဟတ္တဖိုလ်ဂုဏ်က ကြီးကျယ်လှသောကြောင့် (ဝါ) မြဲမြံခိုင်ခံ့သော သိက္ခာဂုဏ်နှင့် ပြည့်စုံကြသောကြောင့် “ထေရ = မထေရ်”ဟူ၍ ကျမ်းဂန်တို့၌ ခေါ်ဆိုသုံးနှုန်း ရေးသား ဖွင့်ဆိုအပ်၏-ဟုလည်း အထူးမှတ်ယူရာ၏)။

     အရှင်ဒဗ္ဗမထေရ်သည် ရဟန်းဖြစ်ပြီးသော အချိန်မှစ၍ ရာဇဂြိုဟ်ပြည်ကို မှီ၍ နေတော်မူကြသည့် ရဟန်းတော် အားလုံးတို့အတွက် အိပ်ရာနေရာများကိုလည်း ခင်း၍ ပေးတော်မူ၏၊ သံဃာအတွက် ဒါယကာတို့ လှူဒါန်းသော ဆွမ်းကိုလည်း တာဝန်ယူ လက်ခံ၍ ထေရ်စဉ်ဝါစဉ် မမှားရအောင် ညွှန်ကြားတော်မူ၏။

     ထိုအရှင်ဒဗ္ဗမထေရ်၏ “ငါ့ရှင်တို့.. မလ္လမင်းသားဖြစ်သော အရှင်ဒဗ္ဗမထေရ်သည် အကျင့်သဘောချင်း တူညီကြသည့် ရဟန်းတော်တို့၏အတွက် နေရာအရပ် တခုတည်း၌ အိပ်ရာနေရာကို ခင်းပေးသတဲ့၊ ဝေးသောအရပ်၌လည်း အာဂန္တုရဟန်းတို့



၃၈၄

ညွှန်ကြားသည့်အတိုင်း အိပ်ရာနေရာကို ခင်းပေးသည်သာလျှင် ဖြစ်သတဲ့၊ မသွားနိုင်သော ရဟန်းတို့ကိုလည်း မိမိတန်ခိုးဖြင့် ပင့်ဆောင့်သတဲ့”ဟူသော သံဃနေရာခင်းရာ၌ စိတ်ရင်းကောင်းမှု သတင်းသည် အလုံးစုံသော အရပ်မျက်နှာတို့၌ ထင်ရှား ကျော်ကြားလျက် ရှိလေ၏။

     ထိုအခါ အရှင်ဒဗ္ဗမထေရ်ကို အာဂန္တုရဟန်းတို့သည် အချိန်ဟုတ်သည်၌၎င်း, အချိန်မဟုတ်သည်၌၎င်း “ငါ့ရှင်.. ငါတို့အတွက် ဇီဝကသရက်ဥယျာဉ် ကျောင်းတိုက်၌ နေရာကို ခင်းပေးပါလော့၊ (အခြားရဟန်းများကလည်း) ငါ့ရှင်.. ငါတို့အတွက်တော့ သားတို့အား ဘေးမဲ့ပေးရာ မဒ္ဒကုစ္ဆိဥယျာဉ် ကျောင်းတိုက်၌ နေရာကို ခင်းပေးပါလော့” ဤသို့ စသည်ဖြင့် ဝေးလံသော ကျောင်းတိုက်တို့၌ နေရာခင်းပေးရန် ညွှန်ကြားပြောဆိုကြ၍ အရှင်ဒဗ္ဗ၏ တန်ခိုးဣဒ္ဓိကို ကြည့်ရှုကာ လိုက်ပါကြလေ၏။ အရှင်ဒဗ္ဗမထေရ်သည်လည်း မိမိတန်ခိုးဖြင့် မနောမယ ရုပ်ပွါးကိုယ်များကို စီမံပြုပြင်၍ မထေရ် တပါးတပါးအတွက် မိမိနှင့်တူသည့် နိမ္မိတရုပ်ပွါး ရဟန်း တပါးစီ တပါးစီ ထည့်ပေးပြီးလျှင် ဆီမီးတိုင်ကြီးပမာ အလျှံခြည်ဝါ တောက်ပစွာသော လက်ချောင်းဖြင့် အာဂန္တုရဟန်းတို့၏ ရှေ့မှ ရှေ့မှ သွားပြီးလျှင် “ဤကား ညောင်စောင်းပါဘုရား၊ ဤကား အင်းပျဉ်ပါဘုရား”- ဤသို့စသည် အပြည့်အစုံ လျှောက်ထားပြောဆို၍ အိပ်ရာနေရာကို ခင်းပေးပြီးလျှင် မိမိ၏ နေရာကျောင်းသို့သာလျှင် ပြန်ကြွလေ၏။ (ဤကား အကျဉ်းတည်း၊ အကျယ်ဝတ္ထုကြောင်းကား ဝိနည်းပါရာဇိကဏ်ပါဠိတော် ဒုဋ္ဌဒေါသသိက္ခာပုဒ် “ဝိ ၁၊ ၂၄၃-မျက်နှာ”၌ လာရှိ၏)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     မြတ်စွာဘုရားရှင်သည် ဖော်ပြရာပါ သံဃာအတွက် နေရာခင်းခြင်း၌ စိတ်ရင်းကောင်းမှု, လိမ္မာမှု အကြောင်းအရာများကို အဋ္ဌုပ္ပတ်ပြု၍ နောက်တချိန်ဝယ် အရိယာသံဃာတို့ အလယ်၌ ထိုင်နေတော်မူလျက် အရှင်ဒဗ္ဗမထေရ်ကို-



၃၈၅

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ သေနာသနပညာပကာနံ ယဒိဒံ ဒဗ္ဗော မလ္လပုတ္တော = ရဟန်းတို့.. သံဃာအတွက် နေရာခင်းကြသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် မလ္လမင်းသားဖြစ်သော ဒဗ္ဗရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မြွက်ဆိုတော်မူကာ “သေနာသနပညာပက = သံဃာအတွက် လိုလေသေးမရှိရအောင် နေရာခင်းသော အရာ”ဝယ် ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

(ဤ၌။ ။အရှင်ဒဗ္ဗမထေရ်၏ အဖို့ရာ သေနာသနပညာပကသမ္မုတိ ရသောအချိန်မှ စ၍ သံဃာအတွက် အိပ်ရာနေရာ ခင်းသောအခါဝယ် ရာဇဂြိုဟ်ပြည်၏ ပတ်ဝန်းကျင်မှာ တည်ရှိသော ကျောင်းတိုက်ကြီး တဆယ့်ရှစ်တိုက်တို့၌ တံမြက်လှည်းအပ်သော ပရိဝုဏ်ဟူ၍၎င်း, မသုတ်သင်အပ် မပြုပြင်အပ်သော အိပ်ရာနေရာဟူ၍၎င်း, မဆေးကြော မသုတ်သင်အပ်သော ညောင်စောင်း, အင်းပျဉ်ဟူ၍၎င်း, မတည်ထားအပ်သော သောက်ရေ သုံးဆောင်ရေ = သောက်ရေ သုံးဆောင်ရေ မတည်ထားအပ်သော ဟူ၍၎င်း မရှိချေ။ ထို့ကြောင့် သေနာသနပညာပက = သံဃာအတွက် အိပ်ရာနေရာခင်းသော အရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ရပုဂ္ဂိုလ် ဖြစ်ရလေသည်)။

မထေရ်မြတ် အစွပ်စွဲခံရခြင်း

     ထိုသို့စဉ် သူတော်ကောင်းစင်စစ် ဖြစ်တော်မူပါလျက်လည်း မထေရ်မြတ်ကို မေတ္တိယရဟန်းနှင့် ဘူမဇကရဟန်းတို့ ခေါင်းဆောင်ကြသော ရဟန်းဆိုးတစုတို့က မေတ္တိယာ-မည်သော ဘိက္ခုနီမနှင့် မဟုတ်မတရား စွပ်စွဲကြလေသေးသည်။ (ထိုအကြောင်းအရာ အကျယ်ကို ဝိနည်းပါရာဇိကဏ် ပါဠိတော် သံဃာဒိသေသ ဒုဋ္ဌဒေါသသိက္ခာပုဒ်နှင့် ဝိနည်း စူဠဝဂ်ပါဠိတော် မြန်မာပြန် ၄-သမထက္ခန္ဓက ၂-သတိဝိနည်း မျက်နှာ ၁၈၅-မှစ၍ ကြည့်ရှု မှတ်ယူကုန်ရာ၏။) ထိုသို့ အစွပ်စွဲခံရခြင်းမှာ လွန်ခဲ့သော ကိုးဆယ့်တကမ္ဘာထက်က ဝိပဿီ မြတ်စွာဘုရား၏ တပည့်သာဝက ရဟန္တာတပါးကို စင်ကြယ်သော ပုဂ္ဂိုလ်ဟု သိလျက်



၃၈၆

မဟုတ်မတရား စွပ်စွဲခဲ့သော မကောင်းမှု အကုသိုလ်ကံကြောင့် ဖြစ်လေသည်။

မထေရ်မြတ် ပရိနိဗ္ဗာန်စံခြင်း

     အရှင်ဒဗ္ဗမထေရ်သည် (ပရိနိဗ္ဗာန်စံယူမည့်) တနေ့သ၌ ရာဇဂြိုဟ်ပြည်အတွင်းသို့ ဆွမ်းခံကြွ၍ ဆွမ်းကိစ္စ ပြီးဆုံးပြီးနောက် ဝေဠုဝန်ကျောင်းတော်သို့ ရောက်လေသော် မြတ်စွာဘုရားအား ဝတ်ပြု၍ မိမိ၏ နေ့သန့်ရာအရပ်သို့ သွားရောက်ပြီးလျှင် ရေအိုးမှ ရေကို ခပ်ယူကာ ခြေကိုဆေး ကိုယ်များကို အေးအောင်ပြုပြီးနောက် စမ္မခဏ် = သားရေပိုင်းကိုခင်း၍ ထိုင်နေတော်မူလျက် အချိန်ကာလကိုပိုင်း၍ သမာပတ် ဝင်စားတော်မူလေသည်။

     မထေရ်သည် ပိုင်းခြားအပ်သည့် အချိန်အတိုင်း သမာပတ်မှထ၍ မိမိ၏ အာယုသင်္ခါရ (=ရုပ်ဇီဝိတ, နာမ်ဇီဝိတ သန္တာန်အစဉ်)ကို ကြည့်ရှု ဆင်ခြင်တော်မူလေသော် နှစ်မုဟုတ် သုံးမုဟုတ်ခန့်သာ အာယုသင်္ခါရ ကြွင်းရှိတော့သည်ကို သိမြင်၍ “ငါသည် မြတ်စွာဘုရားအားလည်း မလျှောက်ထားပဲ သီတင်းသုံးဖော် သံဃာတော်တို့ကိုလည်း အသိမပေးပဲ ဤနေ့သန့်ရာ ယခုနေရာ၌ပင် ယခုထိုင်နေမြဲတိုင်း ဖြစ်၍သာ ပရိနိဗ္ဗာန် ဝင်စံလျှင် မသင့်လျော်သေး၊ ငါသည် မြတ်စွာဘုရားကို ဆည်းကပ်၍ ပရိနိဗ္ဗာန် စံတော့မည့်အကြောင်း အသိပေးပြီးလျှင် မြတ်စွာဘုရားအား ရှိခိုးဝတ်ပြု၍ သာသနာတော်၏ သံသရာဝဋ်မှ ထွက်မြောက်စေတတ်ကြောင်း ကောင်းစွာဖော်ပြရန် ငါ၏ တန်ခိုးအာနုဘော်ကို ထင်စွာပြလျက် ကောင်းကင်၌ ထိုင်နေကာ တေဇောကသိဏဈာန်ကို ၀င်စားလျက် ပရိနိဗ္ဗာန်စံရမူ ကောင်းလေစွာ့၊ ဤသို့ တန်ခိုးပြပြီးမှ ပရိနိဗ္ဗာန် ဝင်စံရလျှင် (မေတ္တိယ, ဘူမဇက ရဟန်းတို့ မဟုတ်မတရား စွပ်စွဲထားသောကြောင့်) ငါ့အပေါ်ဝယ် မသဒ္ဓါ, မကြည်ညိုကြသော သူတို့၏ စိတ်အစဉ်ဝယ် သဒ္ဓါကြည်ညိုမှုတရား ဖြစ်ပွါးလာလိမ့်မည်၊ ထိုသို့ဖြစ်ခြင်းသည် ထိုသူတို့အဖို့ရာ ကာလရှည်စွာ စီးပွါးချမ်းသာအလို့ငှါ ဖြစ်လေရာ၏”ဟု ကြံစည်ပြီးလျှင်



၃၈၇

မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ရှိခိုးကာ အပြစ်လွတ်ရာအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားရှင်ကို “ပရိနိဗ္ဗာနကာလော မေ ဒါနိ သုဂတ = ကောင်းသောစကား မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား.. ယခုအခါ တပည့်တော်၏ အဖို့ရာ ပရိနိဗ္ဗာန်စံချိန် ရောက်လတ်ပါပြီဘုရား..”ဟု လျှောက် ထားလေ၏။

     မြတ်စွာဘုရားသည်လည်း အရှင်ဒဗ္ဗ၏ အာယုသင်္ခါရကို ကြည့်ရှုဆင်ခြင်တော်မူ၍ ကုန်နေကြောင်းကို သိရှိတော်မူပြီးလျှင် “ချစ်သားဒဗ္ဗ.. ယခုအခါ သင်သည်ပင် ပရိနိဗ္ဗာန်ပြုရန် အချိန်ကို သိ၏”ဟု မိန့်တော်မူလေ၏။ ထိုအခါ အရှင်ဒဗ္ဗမထေရ်သည် မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုး၍ သုံးပတ် လက်ျာရစ်လှည့်ကာ အရိုအသေပြုပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ရပ်တည်လျက်-

“မြတ်စွာဘုရား.. တပည့်တော်သည် ကမ္ဘာတသိန်းကြာ ကာလပတ်လုံး အရှင်ဘုရားတို့နှင့် အတူတကွ ထိုထိုဘဝဝယ် တွေ့ဆုံနေထိုင်ခဲ့လျက် ကုသိုလ်ကောင်းမှုတို့ကို တပည့်တော် ပြုလုပ်ခဲ့သည်မှာ ဤယခု ရဟန္တာဖြစ်ခြင်းအကျိုးကို မျှော်ကိုးရည်ရွယ်၍ ပြုလုပ်ခဲ့ပါသည်ဘုရား၊ ထိုအကျိုးသည် ယခုအခါ အထွတ်အထိပ် (=အရဟတ္တဖိုလ်)ရောက် ပြည့်မြောက်ခဲ့ပါပြီ။ ဤယခု အရှင်ဘုရားတို့ကို ဖူးမြော်ခြင်းသည် နောက်ဆုံးဖူးမြော်ခြင်း ဖြစ်ပါသည်ဘုရား”–

ဟု ဝမ်းနည်းဖွယ်ရာ လျှောက်ထားလေ၏။ ထိုသို့ လျှောက်ထားရာ၌ ထိုအရပ်ဝယ် ရှိကြသော ရဟန်းတို့အနက် ပုထုဇန်, သောတာပန်, သကဒါဂါမ် ရဟန်းတို့တွင် အချို့ရဟန်းတို့သန္တာန်မှာ ကြီးစွာသော သနားခြင်း ဖြစ်လေသည်။ အချို့ရဟန်းတို့ကား ငိုကြွေးကြလေသည်။

     ထိုအခါ မြတ်စွာဘုရားသည် အရှင်ဒဗ္ဗ၏ စိတ်ဖြစ်ပုံ အကြံအစည်ကို သိရှိပြီးလျှင် “ချစ်သားဒဗ္ဗ.. ထိုသို့ဖြစ်လျှင်



၃၈၈

သင်ချစ်သားသည် ငါဘုရားအား၎င်း, ရဟန်းသံဃာအား၎င်း (ပရိနိဗ္ဗာန် မဝင်စံမီ) တန်ခိုးပြာဋိဟာ ပြဦးလော့”ဟု မိန့်တော်မူလေ၏။ ထိုခဏမှာပင် အလုံးစုံသော ရဟန်းအပေါင်းသည် တညီတညွတ်တည်း စည်းဝေးပြီးသား ဖြစ်လေ၏။ ထိုအခါ အရှင်ဒဗ္ဗမထေရ်သည် “တပါးတည်းက အများဖြစ်ခြင်း, အများကြီးက တပါးတည်းဖြစ်ခြင်း, ထင်ရှားစွာပေါ်ခြင်း, ပျောက်ကွယ်ခြင်း- အစရှိသည်” များလှစွာသော သာဝကတို့ဆိုင်ရာ တန်ခိုးပြာဋိဟာ အားလုံးတို့ကို ပြတော်မူပြီးလျှင် တဖန် မြတ်စွာဘုရားကို ရှိခိုးဝတ်ပြုပြန်လေသည်။

     မထေရ်မြတ်သည် ထိုသို့ ရှိခိုးဝတ်ပြုပြီးမှ ကောင်းကင်သို့ ပျံတက်၍ ထိုကောင်းကင်၌ မြေကြီးကို ဖန်ဆင်းပြီးလျှင် ထိုမြေပေါ်၌ ထိုင်နေတော်မူလျက် တေဇောကသိဏ (ပါဒက)ဈာန်ကို ဝင်စားတော်မူလေသည်။ ထိုဈာန်မှ ထပြီးသော် မိမိကိုယ်ကို ဆင်ခြင်၍ ဤကိုယ်မှ တေဇောဓာတ် တဟုန်းဟုန်းထ၍ တောက်လောင်ရန် အဓိဋ္ဌာန်တော်မူလေသည်။ ထိုသို့ အဓိဋ္ဌာန်တော်မူပြီးနောက် တဖန် အဘိညာဏ်၏ အခြေဖြစ်သော တေဇောကသိဏ (ပါဒက)ဈာန်ကို ဝင်စားတော်မူပြန်လေသည်။ (ရှေးပါဒကဈာန်ကား အဓိဋ္ဌာန်၏ အခြေပါဒ, ယခု ပါဒကဈာန်ကား အဘိညာဏ်၏ အခြေပါဒဖြစ်သည်)၊ ထိုဈာန်မှထပြီးသော အဘိညာဏ်ဝီထိစိတ် ဖြစ်ပေါ်လာလေသည်။ ထိုအဘိညာဏ်ဇော တကြိမ်တည်း စောလိုက်သည်နှင့် တပြိုင်နက် တကိုယ်လုံးကို မီးဟုန်းဟုန်း တောက်လေတော့၏။ ထိုမီးသည် ခဏအတွင်းမှာပင် ကမ္ဘာဖျက်မီးကြီးကဲ့သို့ မထေရ်မြတ်၏ကိုယ်၌ အဏုမြူမျှသော သင်္ခါရကိုပင်သော်လည်း မီးသွေးမျှပင် မကျန်ကြွင်းစေပဲ အဓိဋ္ဌာန်အစွမ်းကြောင့် အလုံးစုံ လောင်ကျွမ်းပြီးလျှင် ငြိမ်းစဲလေတော့၏။ မထေရ်မြတ်သည်လည်း အဘိညာဏ်စိတ် = ဣဒ္ဓိစိတ်မှ ထ၍ ဘဝင်စိတ်ဖြင့် (=အဘိညာဏ်ဇော၏ နောက်၌ကျသော ဘဝင်စိတ်သည် စုတိကိစ္စတပ်ကာ ထိုစိတ်ဖြင့်) ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဒုက္ခဇာတ် သိမ်းတော်မူလေသတည်း။ ။(ဤမထေရ်မြတ်၏



၃၈၉

ပရိနိဗ္ဗာန်စံခဏ်းကို ဥဒါန်းအဋ္ဌကထာ မျက်နှာ ၃၈၇-မှ စ၍ ထုတ်နုတ်ဖော်ပြအပ်သည်)။

ဤကား အရှင်ဒဗ္ဗမထေရ် အကြောင်းတည်း။

**********