အရှင်ဝင်္ဂီသ မထေရ်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၂၃) အရှင်ဝင်္ဂီသ မထေရ်အကြောင်း

(၂၃) အရှင်ဝင်္ဂီသမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

     ဤအရှင်ဝင်္ဂီသ မထေရ်အလောင်း အမျိုးကောင်းသားသည်လည်း ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်အခါ ဟံသာဝတီ မင်းနေပြည်ဝယ် စည်းစိမ်ဥစ္စာ ပေါများသော မဟာဘောဂအမျိုး၌ ပဋိသန္ဓေ ယူနေဖြစ်ပွါးခဲ့၍ ရှေးမထေရ်တို့ အလောင်းများနည်းတူ ကျောင်းတော်သို့ သွားရောက်ကာ တရားနာစဉ် ပဒုမုတ္တရ မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို “ဆန်းကြယ်သောဉာဏ် = ပဋိဘာန်ရှိသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး”၌ ထားတော်မူသည်ကို တွေ့မြင်ရ၍



၃၆၀

မြတ်စွာဘုရားအား အဓိကာရ ကောင်းမှုကုသိုလ်ကို ပြု၍ “အကျွန်ုပ်သည်လည်း နောက်အခါဝယ် ဆန်းကြယ်သောဉာဏ် = ပဋိဘာန် ရှိသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ရပုဂ္ဂိုလ် ဖြစ်ရပါလို၏”ဟု ဆုတောင်းပတ္ထနာမှု ပြုလေသည်။ ပဒုမုတ္တရ မြတ်စွာဘုရားသည် ထိုအမျိုးကောင်းသား၏ ဆုတောင်းပတ္ထနာချက် အန္တရာယ်မရှိ ပြည့်စုံမည်ကို မြင်တော်မူ၍ ရှေးနည်းအတူ ဗျာဒိတ်စကား မိန့်ကြား တော်မူကာ ကျောင်းတော်သို့ ဖဲကြွတော်မူလေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ထိုအမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြု၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည် ကျက်စားလျက် ဤအကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းရာ ကာလဝယ် သာဝတ္ထိပြည်၌ ပုဏ္ဏားမျိုးဝယ် ဖြစ်ပွါး၍ လာလေသည်၊ ထိုသူငယ်၏ အမည်ကို “ဝင်္ဂီသလုလင်”ဟု မိဖတို့က မှည့်ခေါ်ကြလေသည်။ ၀င်္ဂီသလုလင်သည် အရွယ်သို့ ရောက်လတ်သော် ဗေဒင်သုံးပုံတို့ကို သင်ကြား တတ်မြောက်လျက် ဆရာကို ဝတ်ကြီးဝတ်ငယ်တို့ဖြင့် နှစ်သိမ့်အားရစေ၍ “ဆဝသီသမန္တန် = ဦးခေါင်းခွံကို မန်းမှုတ်၍ ထိုသူ၏ လားရာဂတိကို သိနိုင်သော မန္တန်”ကို သင်ကြား တတ်မြောက်ပြီးလျှင် မန္တန်ကိုစုပ်၍ သူသေ၏ ဦးခေါင်းခွံကို လက်သည်းဖြင့် ခေါက်ကြည့်လျှင် “ဤသေသောသူသည် ဤမည်သောအမျိုး၌ ဖြစ်၏”ဟု သိရှိနိုင်လေသည်။

     ပုဏ္ဏားတို့သည် “ဤဝင်္ဂီသ၏ ဆဝသီသမန္တန် အတတ်သည် ငါတို့အဖို့ရာ အသက်မွေးလမ်းကြောင်း ဖြစ်ပေ၏”ဟု သိရှိကြ၍ ၀င်္ဂီသလုလင်ကို ဖုံးကွယ်သောယာဉ် (=လုံခြုံသောရထား)၌ ထိုင်နေစေ၍ ရွာ, နိဂုံး, မင်းနေပြည်သို့ လှည့်လည်လျက် မြို့တံခါးဝ (သို့မဟုတ်) ရွာ, နိဂုံး တံခါးတို့၌ စခန်းချထားရှိပြီးလျှင် လူအများ စုရုံးမိသောအခါ “ဝင်္ဂီသလုလင်ကို မြင်ရသောသူသည် ဥစ္စာကိုလည်း ရ၏၊ အခြံအရံ ကျော်စော သတင်းကိုလည်း



၃၆၁

ရ၏၊ နတ်ရွာသို့လည်း လားရောက်ရ၏”ဟု ဝါဒဖြန့်စကား ပြောကြားကြကုန်၏။ ထိုပုဏ္ဏားတို့၏ ဝါဒဖြန့်စကားကို ကြားကြရ၍ လူအများတို့သည် တံစိုးလက်ဆောင်ကိုပေး၍ ဝင်္ဂီသကို ကြည့်ရှုလိုကြကုန်၏။

     မင်း, မင်း၏အမတ်ကြီးများသည် ထိုဝါဒဖြန့်သူ ပုဏ္ဏားတို့ထံ သွားရောက်ကြ၍ “ဆရာတို့.. ဆရာဝင်္ဂီသ၏ အသိဉာဏ်အထူးကား အဘယ်ပါနည်း”ဟု မေးမြန်းကြကုန်၏။ ပုဏ္ဏားတို့သည် “အသင်တို့ကား အကြောင်းကို မသိကြပေ၊ ဇမ္ဗူဒိပ် တကျွန်းလုံး၌ အကျွန်ုပ်တို့၏ ဆရာဝင်္ဂီသနှင့်တူသူ အခြားပညာရှိ တဦးမျှမရှိ။ ဆရာဝင်္ဂီသသည် သုံးနှစ်အထက်က ကွယ်လွန်ကြသော သူများ၏ ဦးခေါင်းခွံကို လက်သည်းဖြင့် ခေါက်၍ကြည့်လျှင် ‘ဤသေသောသူသည် ဤမည်သောအမျိုး, ဤမည်သော ဘဝ၌ ဖြစ်၏’ဟု သိနိုင်ပေ၏”ဟု ပြောဆိုကြကုန်၏။ ဝင်္ဂီသသည်လည်း လူများအပေါင်း၏ ယုံမှားကို ပယ်ဖျောက်ရန် ထိုထို ကွယ်လွန်ပြီးသော သူများကို ပူးဝင်စေ၍ မိမိမိမိ၏ လားရောက်ရာဂတိကို မန္တာန်အစွမ်းဖြင့် ပြောကြားစေလေသည်။ ထိုကိစ္စကို အမှီပြု၍ လူအများ၏လက်မှ အသပြာ တရာကို၎င်း, တထောင်ကို၎င်း ရရှိလေသည်။

ဝင်္ဂီသ ကျွတ်ချိန်ရောက်ခြင်း

     ပုဏ္ဏားတို့သည် ဝင်္ဂီသလုလင်ကို သယ်ဆောင်ကြ၍ အလိုရှိသမျှ ရွာ, နိဂုံး, မင်းနေပြည်များသို့ လှည့်လည်ကြပြီးသော် တဖန် သာဝတ္ထိပြည်သို့ ပြန်လည် သယ်ဆောင်လာကြကုန်၏။ ဝင်္ဂီသသည် ဇေတဝန် ကျောင်းတိုက်တော်၏ အနီး၌ ရပ်တည်ကာ “ရဟန်းဂေါတမသည် ပညာရှိသူ ဖြစ်၏ဟု လူအများ ပြောဆိုကြ၏၊ ငါတမူကား အခါခပ်သိမ်း ဤပုဏ္ဏားများ၏ စကားကိုသာ လိုက်နာလျက် ဇမ္ဗူဒိပ် ကျွန်းအပြင်ဝယ် လှည့်လည်ကာသာ နေဖို့ရန် မသင့်လျော်ချေ၊ ပညာရှိများအထံသို့လည်း သွားရောက်ဆည်းကပ်မှ သင့်လျော်ချေတော့မည်”ဟု ကြံစည် ဆင်ခြင်မိ၍ ပုဏ္ဏားတို့ကို “သင်တို့ သွားနှင့်ကြလော့၊ ငါသည် လူအများတို့နှင့်



၃၆၂

အတူတကွ သွားရောက်ကာ ရဟန်းဂေါတမကို မဖူးမြော်လို = တဦးတည်းသာ သွားရောက် ဖူးမြော်လို၏”ဟု ပြောဆိုလေ၏။ ထိုအခါ ပုဏ္ဏားတို့သည် ဝင်္ဂီသလုလင်ကို “အို ဝင်္ဂီသ.. သင်သည် ရဟန်းဂေါတမကို ဖူးမြင်ရခြင်းကို မနှစ်သက်ပါလင့်၊ ရဟန်းဂေါတမသည် မိမိထံမှောက် အဖူးအမြော် လာရောက်သူကို အာဝဋ္ဋနီမည်သော မာယာ = မျက်လှည့်အတတ်ဖြင့် လှည့်စားတတ်သူဖြစ်၏”ဟု တားမြစ်ပြောဆိုကြလေ၏။ ဝင်္ဂီသလုလင်သည် ထိုပုဏ္ဏားတို့၏ စကားကို မနာယူပဲ မြတ်စွာဘုရားရှင် အထံတော်သို့ သွားရောက် ဆည်းကပ်၍ ချိုမြိန်ဖွယ်သော အစေ့အစပ်စကား ပြောကြားပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ထိုင်နေလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ဝင်္ဂီသလုလင်ကို “ဝင်္ဂီသ.. သင်သည် တစုံတခုသော အတတ်ပညာကို တတ်သိ၏လော”ဟု စကားစ၍ မေးတော်မူလေ၏။ ဝင်္ဂီသလုလင်သည် “အို အရှင်ဂေါတမ... အိမ်း.. အကျွန်ုပ်သည် ဆဝသီသမန္တန်မည်သော တခုသော မန္တန်အတတ်ကို တတ်သိပါ၏”ဟု ပြောဆိုလျှောက်ထားလေ၏။ တဖန်ဆက်၍ မြတ်စွာဘုရားက “ဝင်္ဂီသ.. သင် တတ်သိသည့် ထိုဆဝသီသမန္တန်သည် အဘယ်သို့ ပြုနိုင်သနည်း = ဆဝလီသမန္တန်သည် ဘယ်လိုအစွမ်းသတ္တိ ရှိသနည်း”ဟု မေးတော်မူလေလျှင် ဝင်္ဂီသလုလင်သည် “အို အရှင်ဂေါတမ.. ထိုမန္တန်ကိုစုပ်၍ သုံးနှစ်အထက်က သေသောသူ၏ ဦးခေါင်းကိုသော်လည်း လက်သည်းဖြင့်ခေါက်၍ လားရောက်ဖြစ်ပွါးရာ ဘုံဌာနကို အကျွန်ုပ် သိမြင်ပါ၏”ဟု လျှောက်ထားလေ၏။

     မြတ်စွာဘုရားရှင်သည် ဝင်္ဂီသလုလင်အား (၁) ငရဲပြည်၌ဖြစ်သောသူ၏ ဦးခေါင်းခွံတခု၊ (၂) လူ့ပြည်၌ဖြစ်သောသူ၏ ဦးခေါင်းခွံတခု၊ (၃) နတ်ပြည်၌ဖြစ်သောသူ၏ ဦးခေါင်းခွံတခု၊ (၄) ပရိနိဗ္ဗာန် စံလွန်ပြီးသော ရဟန္တာပုဂ္ဂိုလ်၏ ဦးခေါင်းခွံတခု၊ ဤသို့အားဖြင့် ဦးခေါင်းခွံ လေးခုတို့ကို အစဉ်အတိုင်း တန်ခိုးတော်ဖြင့် ယူဆောင်ပြတော်မူလေ၏။ ဝင်္ဂီသသည် ပဌမဦးခေါင်းခွံကို ခေါက်၍ “အိုအရှင်ဂေါတမ.. ဤဦးခေါင်းခွံအရှင်



၃၆၃

သတ္တဝါသည် ငရဲသို့ လားရောက်ရပါပြီ”ဟု ဆိုလေ၏။ မြတ်စွာဘုရားရှင်သည် “သာဓု သာဓု ဝင်္ဂီသ.. သင်သည် ကောင်းမွန်မှန်ကန်စွာ မြင်အပ်ပါပေ၏”ဟု ချီးမွမ်းစကား မိန့်ကြားတော်မူပြီးလျှင် ဒုတိယဦးခေါင်းခွံကိုပြ၍ “ဤသတ္တဝါကား အဘယ်ဂတိသို့ လားရောက်သနည်း”ဟု မေးတော်မူ၏။ ဝင်္ဂီသသည် “အို အရှင်ဂေါတမ.. ဤသတ္တဝါကား လူ့ပြည်လောကသို့ လားရောက်ရပါပြီ”ဟု ဖြေကြားလေ၏။ တဖန် တတိယအရိုးကို ပြ၍ “ဤသတ္တဝါကား အဘယ်ဂတိသို့ လားရောက်သနည်း”ဟု မေးတော်မူသောအခါ “အို အရှင်ဂေါတမ.. ဤသတ္တဝါကား နတ်ပြည်လောကသို့ လားရောက်ရပါပြီ”ဟု ဖြေဆိုလေသည်။ ဤသို့လျှင် သုံးဦးသော သတ္တဝါတို့၏ လားရောက်ရာဂတိကို ဝင်္ဂီသသည် မှန်ကန်စွာ ဖြေဆိုနိုင်လေသည်။

     မြတ်စွာဘုရားရှင်က စတုတ္ထအကြိမ်မြောက် ရဟန္တာပုဂ္ဂိုလ်၏ ဦးခေါင်းခွံကိုပြ၍ မေးလတ်သော်ကား ဝင်္ဂီသသည် ထိုဦးခေါင်းခွံကို မန္တန်စုပ်ကာ လက်သည်းဖြင့် အကြိမ်ကြိမ် ခေါက်၍ ခေါက်၍ စဉ်းစားပါသော်လည်း အဆုံး,အစ ဘာကိုမျှ မသိမြင်တော့ချေ။ ထိုအခါ ဝင်္ဂီသကို မြတ်စွာဘုရားရှင်က “ဝင်္ဂီသ.. သင်သည် မြင်ခြင်းငှါ မစွမ်းနိုင်တော့ဘူးလော”ဟု မေးတော်မူလေလျှင် ဝင်္ဂီသသည် “အို အရှင်ဂေါတမ.. ကြည့်ကြကုန်လော့၊ စူးစမ်းဆင်ခြင်ပါဦးမည်”ဟု ဆို၍ အဖန်ဖန် မန္တန်စုပ်၍ အဖန်ဖန် ဦးခေါင်းခွံကို ခေါက်လေတော့၏။ သာသနာပြင်ပ ဗာဟိရက မန္တန်ဖြင့် ရဟန္တာအရှင်မြတ်၏ လားရာဂတိကို အဘယ်မှာ သိနိုင်အံ့နည်း = မသိနိုင်သည်သာတည်း။ ထိုအခါ ဝင်္ဂီသ၏ ဦးထိပ်မှ ချွေးများ တဒီးဒီးယိုထွက်၍ လာလေ၏၊ ဝင်္ဂီသသည် ရှက်နိုးလှသဖြင့် စကားမပြော တုဏှိဘော (ဆိတ်ဆိတ်သာ) ရပ်တည်နေလေ၏။

     ထိုအခါ မြတ်စွာဘုရားသည် ဝင်္ဂီသကို “ပင်ပန်းသလော ချစ်သားဝင်္ဂီသ..”ဟု မေးတော်မူလေ၏။ ဝင်္ဂီသက “ဟုတ်ပါသည် အရှင်ဂေါတမ.. ပင်ပန်းလှပါပြီ၊ ဤသတ္တဝါ၏ လားရာဌာနကို



၃၆၄

မသိနိုင်ပါ။ အကယ်၍ အရှင်ဘုရားတို့ သိတော်မူကြပါလျှင် အကျွန်ုပ်အား ကြားတော်မူပါလော့”ဟု လက်လျှော့, တောင်းပန်စကား လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “ချစ်သားဝင်္ဂီသ.. ငါဘုရားသည် ဤသတ္တဝါကိုလည်း သိ၏၊ ထို့ထက်အလွန်လည်း သိ၏”ဟု မိန့်တော်မူပြီးလျှင် ဓမ္မပဒကျမ်း၌လာသည့် ဤဆိုလတ္တံ့သော နှစ်ဂါထာတို့ကို ဟောတော်မူလေ၏-

စုတိံ ယော ဝေဒိ သတ္တာနံ၊ ဥပပတ္တိဉ္စ သဗ္ဗသော။

အသတ္တံ သုဂတံ ဗုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဝင်္ဂီသ = ချစ်သားဝင်္ဂီသ..။ ယော = ရဟန္တာသခင် အကြင်ပုဂ္ဂိုလ်သည်။ သဗ္ဗသော = ခပ်သိမ်းဥဿုံ ခြင်းရာစုံအောင်။ သတ္တာနံ = သတ္တဝါတို့၏။ စုတိဉ္စ = စုတိပြတ်ကြွေ သေလွန်ခြင်းကို၎င်း။ ဥပပတ္တိဉ္စ = ဘဝပဋိသန္ဓေ ကပ်ရောက်၍ နေခြင်းကို၎င်း။ ဝေဒိ = လင်းလင်းထင်ထင် သိမြင်လေပြီ။ အသတ္တံ = အာရုံငါးရပ် မငြိကပ်သော။ သုဂတံ = သမ္မာပဋိပတ် အကျင့်မြတ်ဖြင့် မတ်မတ်ဖြောင့်တန်း နိဗ္ဗာန်နန်းသို့ ကြွမြန်းဆိုက်ရောက်လေပြီးသော။ ဗုဒ္ဓံ = သစ္စာလေးအင် လင်းလင်းသိမြင်သော။ တံ = ထိုရဟန္တာပုဂ္ဂိုလ် သူမြတ်ကို။ အဟံ = လူသုံးပါးတို့ဆရာ ဘုရားငါသည်။ ဗြာဟ္မဏံ = ဗာဟိတပါပ အနွတ္ထကြောင့် ဗြာဟ္မဏခေါ်ဆို ပုဂ္ဂိုလ်သူမြတ်ဟူ၍။ ဗြူမိ = လူနတ်တို့အား သိထင်ရှားအောင် ဟောကြားမိန့်ဆိုပေ၏။

ယဿ ဂတိံ န ဇာနန္တိ၊ ဒေဝါ ဂန္ဓဗ္ဗမာနုသာ။

ခီဏာသဝံ အရဟန္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဝင်္ဂီသ = ချစ်သားဝင်္ဂီသ..။ ယဿ = အကြင် ရဟန္တာပုဂ္ဂိုလ်၏။ ဂတိံ = လားရာဂတိကို။ ဒေဝါ = ထက်ခွင် မိုးရပ် ပြည်ကြီးနတ်တို့သည်၎င်း။ ဂန္ဓဗ္ဗမာနုသာ = ကခြေသည်ခေါ်မှတ် ဂန္ဓဗ္ဗနတ်များ လူသားတို့သည်၎င်း။ န ဇာနန္တိ = လင်းလင်းထင်ထင် မသိမြင်ကြကုန်။



၃၆၅

ခီဏာသဝံ = လေးဖြာအာသဝေါ ကွာလျှော ကုန်ခန်းလေပြီးသော။ အရဟန္တံ = တထောင့်ငါးရာ ကိလေသာတို့မှ ဝေးကွာပြီးသော။ တံ = ထိုရဟန္တာပုဂ္ဂိုလ်ကို။ အဟံ = လူသုံးပါးတို့ဆရာ ဘုရားငါသည်။ ဗြာဟ္မဏံ = ဗာဟိတပါပ အနွတ္ထကြောင့် ဗြာဟ္မဏခေါ်ဆို ပုဂ္ဂိုလ်သူမြတ်ဟူ၍။ ဗြူမိ = လူနတ်တို့အား သိထင်ရှားအောင် ဟောကြား မိန့်ဆိုပေ၏။

(ဤနှစ်ဂါထာတို့ကို ဓမ္မပဒ၌ မြတ်စွာဘုရား ရဟန်းတို့အား ဟောကြားတော်မူခြင်းမှာ အရှင်ဝင်္ဂီသ ရဟန္တာဖြစ်ကြောင်း သိစေတော်မူလို၍ ဟောတော်မူခြင်းဖြစ်သည်။ ဤယခု ဝင်္ဂီသလုလင်အား ဟောကြားတော်မူခြင်းမှာ “ထိုစတုတ္ထအကြိမ်မြောက် ထုတ်ပြအပ်သော ဦးခေါင်းခွံ၏ အရှင်မှာ ရဟန္တာပုဂ္ဂိုလ်ဖြစ်၍ ဂတိငါးပါး၌ ရှာ၍ မတွေ့နိုင်ကြောင်း ပရိနိဗ္ဗာန် စံလွန်ပြီဖြစ်ကြောင်း”ကို သိစေတော်မူလို၍ ဟောတော်မူခြင်းဖြစ်သည်။)

     ထိုအခါ ဝင်္ဂီသလုလင်သည် မြတ်စွာဘုရားရှင်ကို “အို အရှင်ဂေါတမ.. မန္တန်ဖြင့် မန္တန်ကို (မန္တန် မန္တန်ချင်း) လဲလှယ်ပေးသောသူ၏ အဖို့ရာ အရှုံးမရှိပါ။ သို့ရကား အကျွန်ုပ်သည် မိမိတတ်သိသော ‘ဆဝသီသ’မန္တန်ကို အရှင်ဘုရားတို့အား ပေးပါမည်၊ အရှင်ဘုရားတို့သည် ဤယခု မိန့်ကြားသည့် ‘ဗုဒ္ဓ’မန္တန်ကို အကျွန်ုပ်အား ပေးကြပါကုန်လော့”ဟု လျှောက်ဆိုလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် “ဝင်္ဂီသ.. ငါဘုရားတို့သည် မန္တန်ဖြင့် မန္တန်ကို (=မန္တန် မန္တန်ချင်း) မလဲလှယ် မပေးကြကုန်၊ ဤအတိုင်းပင်လျှင် လိုချင်သူတို့အား မေတ္တာရှေ့ထား၍ ပေးကြကုန်၏”ဟု မိန့်တော်မူလေ၏။ ဝင်္ဂီသလုလင်သည် “ကောင်းပါပြီ အရှင်ဂေါတမ.. အကျွန်ုပ်အား မန္တန်ကို ပေးကြပါကုန်လော့”ဟု ပြောဆိုကာ ရိုသေမှုကို အထင်အရှားပြ၍ (အရိုအသေပေး၍) လက်နှစ်ဘက်ကို လိပ်ငယ်သဏ္ဌာန် တောင်းခံသည့် ပုံဟန်ပြုလျက် ထိုင်နေလေ၏။

     မြတ်စွာဘုရားရှင်သည် ဝင်္ဂီသလုလင်ကို “ဝင်္ဂီသ.. သင်တို့ ပုဏ္ဏားများ၏ အယူဝါဒ၌ အဖိုးတန်သော မန္တန်ကိုဖြစ်စေ,



၃၆၆

အခြား တစုံတရာကိုဖြစ်စေ တောင်းခံရယူသော သူတို့၏ အဖို့ရာ ထက်ဝန်းကျင်မှ ဝတ်ကို ကျင့်ခြင်းမည်သည် မရှိဘူးလော”ဟု မေးတော်မူ၏။ ဝင်္ဂီသလုလင်က “ရှိပါသည် အို အရှင်ဂေါတမ..”ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “ဝင်္ဂီသ.. ငါဘုရားတို့၏ မန္တန်ကား ထက်ဝန်းကျင်မှ ဝတ်ကိုကျင့်ခြင်း = ပရိဝါသ်နေခြင်း မရှိဘူးဟု သင် မှတ်ထင်သလော”ဟု မေးတော်မူလေ၏။ ပုဏ္ဏားတို့မည်သည် မန္တန်တို့ဖြင့် မရောင့်ရဲကြမြဲဓမ္မတာ ဖြစ်ကုန်၏။ သို့ရကား ဝင်္ဂီသလုလင်သည် မြတ်စွာဘုရားရှင်ကို “အို အရှင်ဂေါတမ.. အရှင်ဘုရားတို့ မိန့်ကြားအပ်သော နည်းလမ်း စည်းကမ်းအတိုင်း အကျွန်ုပ် လိုက်နာကျင့်သုံးပါမည်”ဟု အလုံးစုံ လွှဲပုံသောစကားကို ပြောကြားလေ၏။ မြတ်စွာဘုရားသည် ဝင်္ဂီသလုလင်ကို “ဝင်္ဂီသ.. ငါတို့သည် ဤဗုဒ္ဓမန္တန်ကို ပေးကြသည်ရှိသော် (ပေးကြတော့မည်ဆိုလျှင်) ငါတို့နှင့် အသွင်တူသော သူအားသာ ပေးကြကုန်၏”ဟု မိန့်တော်မူလေ၏။

     ဝင်္ဂီသလုလင်သည် “ငါကား အရှင်ဂေါတမ စေခိုင်းသမျှဥဿုံ အလုံးစုံကို ပြုလုပ်ပြီးလျှင် မန္တန်ကို သင်ယူပြီး သွားမှ သင့်တော်မည်”ဟု ကြံစည်မိကာ မိမိ၏ အဖော်ပုဏ္ဏားတို့ကို “သင်တို့သည် ငါ ရဟန်းပြုလတ်သော် (=ရဟန်းပြုသော်ကောဟု) ထွေရာလေးပါး စိတ်အကြံမများကြလင့်၊ ငါသည် ဤဗုဒ္ဓမန္တန်ကို သင်ကြားတတ်မြောက်ပြီးလျှင် ဇမ္ဗူဒိပ်တကျွန်းလုံး၌ အကြီးဆုံးဆရာကြီး ဖြစ်ရလိမ့်မည်။ ဤသို့ဖြစ်လတ်သော် သင်တို့အဖို့ရာလည်း ကောင်းမြတ်သည်သာ ဖြစ်လိမ့်မည်”ဟု နှစ်သိမ့်အားပေးစကား မှာကြားပြောဆိုခဲ့ပြီးလျှင် ဗုဒ္ဓမန္တန်ကို သင်ယူရန်အလို့ငှါ မြတ်စွာဘုရားရှင် အထံတော်၌ ရှင်ရဟန်းပြုလေ၏။

(ဤ၌။ ။ဝင်္ဂီသလုလင်ကို ရှင်ရဟန်းပြုပေးသော ဆရာမှာ အရှင်နိဂြောဓကပ္ပ- ရဟန္တာမထေရ် ဖြစ်လေသည်။ ထင်ရှားစေဦးအံ့- ထိုသို့ ဝင်္ဂီသလုလင် ရှင်ရဟန်းပြုခါနီးအချိန်ဝယ် မြတ်စွာဘုရား၏ အနီး၌ နိဂြောဓကပ္ပ- ရဟန္တာမထေရ်မြတ် ရှိနေလေသည်။ ထိုမထေရ်ကို မြတ်စွာဘုရားက “ချစ်သား နိဂြောဓကပ္ပ.. ထိုသို့ ဝင်္ဂီသလုလင်သည် ရှင်ရဟန်းအဖြစ်ကို ရယူလိုရကား သင်ချစ်သားသည် ဤဝင်္ဂီသလုလင်ကို



၃၆၇

ရှင်ရဟန်း ပြုပေးလိုက်လော့”ဟု မိန့်တော်မူလေသည်။ မထေရ်သည် ဘုရားရှင် အမိန့်အတိုင်း တစပဉ္စကကမ္မဋ္ဌာန်းကို ပြောကြား၍ ဝင်္ဂီသလုလင်ကို ရှင်ရဟန်းပြုပေးလေသည်။ သုတ္တနိပါတ အဋ္ဌကထာ ဒု၊ မျက်နှာ ၇၅-မှ)။

     မြတ်စွာဘုရားရှင်သည် “ချစ်သားဝင်္ဂီသ.. မန္တပရိဝါသ်ကို ကျင့်သုံးဦးလော့”ဟု မိန့်တော်မူ၍ အရှင်ဝင်္ဂီသအား ဒွတ္တိံသာကာရ = ကာယဂတာသတိ ကမ္မဋ္ဌာန်းကို ဟောကြား ပို့ချပေးတော်မူလေသည်။ အရှင်ဝင်္ဂီသသည် ဉာဏ်ပညာထက်မြက်သူ ဖြစ်ရကား ဒွတ္တိံသာကာရ = ကာယဂတာသတိ ကမ္မဋ္ဌာန်းကို ရွတ်ဆို သရဇ္ဈာယ်ရင်းပင် ထို၃၂-ကောဋ္ဌာသ = ဒွတ္တိံသာကာရ၌ ကုန်ခြင်း, ပျက်ခြင်းကို လင်းလင်းထင်ထင် သိမြင်လာကာ ဝိပဿနာတရား ပွါးများ အားထုတ်သောကြောင့် အရဟတ္တဖိုလ်ပေါက် ဆိုက်ရောက်တော်မူလေ၏။

     ဝင်္ဂီသမထေရ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေလျှင် ပုဏ္ဏားတို့သည် “ဝင်္ဂီသ၏ ဖြစ်ပုံကား အသို့နည်း = ဝင်္ဂီသသည် အဘယ်သို့ ဖြစ်နေလေသနည်း၊ ထိုဝင်္ဂီသကို ငါတို့ ကြည့်ရှုကုန်ဦးအံ့”ဟု တိုင်ပင်ကြ၍ အရှင်ဝင်္ဂီသထံသို့ သွားရောက်ကြပြီးလျှင် “အို ဝင်္ဂီသ.. အသို့နည်း = ဘယ့်နှယ်လဲ ရဟန်းဂေါတမ၏ အထံ၌ မန္တန်အတတ်ကို သင်ယူအပ်ပြီးပြီလော”ဟု မေးကြလေကုန်၏။ အရှင်ဝင်္ဂီသမထေရ်က “အိမ်း.. သင်ယူအပ်ပြီးပြီ”ဟု မိန့်ဆိုလတ်သော် ပုဏ္ဏားတို့သည် “ထိုသို့ သင်ယူအပ်ပြီးဖြစ်လျှင် လာ, သွားကြကုန်စို့”ဟု ခေါ်ငင်ကြကုန်၏။ အရှင်ဝင်္ဂီသမထေရ်က “သင်တို့ သွားကြလော့၊ ငါ့အဖို့ရာ သင်တို့နှင့် အတူတကွ သွားဖွယ်ကိစ္စသည် ပြီးဆုံးလေပြီ”ဟု အပြတ်စကား မိန့်ကြားလေလျှင် ပုဏ္ဏားတို့သည် “ရှေးဦးကပင်လျှင် ငါတို့သည် သင့်အား ‘ရဟန်းဂေါတမသည် မိမိထံမှောက် အဖူးအမြော် လာရောက်သူတို့ကို အာဝဋ္ဋနီမည်သော မာယာ = မျက်လှည့်အတတ်ဖြင့် လှည့်ဖြားတတ်သူ ဖြစ်၏’ဟု ပြောအပ်ခဲ့လေပြီ၊ မှန်၏- သင်သည် ယခုအခါ ရဟန်းဂေါတမ၏ အလိုအကြိုက်သို့



၃၆၈

လိုက်ပါခဲ့ရလေပြီ၊ ငါတို့သည် သင်၏အထံ၌ အဘယ်အမှုကို ပြုရကုန်အံ့နည်း = ပြုရန်ကိစ္စ လုံးဝမရှိတော့ပြီ”ဟု ရန်တွေ့စကား ပြောကြားကြကာ လာရင်းလမ်းအတိုင်းဖြင့်ပင် ပြန်လည် ဖဲသွားကြလေကုန်၏။

(ဤမထေရ်ကား သာသနာဝယ် အလွန်ထင်ရှားသော ပါဠိဂါထာ စာဆိုတော် ရဟန္တာမထေရ်မြတ် ဖြစ်ပေ၏၊ ထိုအကြောင်းကို သဂါထာဝဂ္ဂ ဝင်္ဂီသသံယုတ် သုတ္တန်များကို ကြည့်၍ သိရာ၏)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     ဤအရှင် ဝင်္ဂီသမထေရ်သည် မြတ်စွာဘုရားရှင် ထံတော်သို့ ဆည်းကပ် သွားရောက်သည်ရှိသော် မြတ်စွာဘုရားရှင်ကို မြင်ရာအရပ်မှ အစပြု၍ လစန်းနှင့် ဥပမာနှိုင်း၍၎င်း, နေမင်းနှင့် ဥပမာနှိုင်း၍၎င်း, ကောင်းကင်နှင့် ဥပမာနှိုင်း၍၎င်း, မဟာသမုဒြာနှင့် ဥပမာနှိုင်း၍၎င်း, ဆင်ပြောင်ကြီးနှင့် ဥပမာနှိုင်း၍၎င်း, ကေသရခြင်္သေ့မင်းနှင့် ဥပမာနှိုင်း၍၎င်း ဂါထာပိုဒ်ပေါင်း အရာအထောင်တို့ဖြင့် မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်ကို ချီးကျူးဖွဲ့ဆိုလျက်သာလျှင် သွားရောက် ဆည်းကပ်လေသည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် နောက်တချိန်၀ယ် အရိယာသံဃာတော်တို့အလယ်၌ အရှင်ဝင်္ဂီသမထေရ်ကို—

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ပဋိဘာနဝန္တာနံ ယဒိဒံ ဝင်္ဂီသော = ရဟန်းတို့.. ဆန်းကြယ်သောဉာဏ် ပဋိဘာန်ရှိကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ဝင်္ဂီသရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မြွက်ဆိုတော်မူကာ “ပဋိဘာနဝန္တ = ဆန်းကြယ်သောဉာဏ် ပဋိဘာန်ရှိသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား အရှင်ဝင်္ဂီသမထေရ် အကြောင်းတည်း။