အရှင်ကုဏ္ဍဓာန မထေရ်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၂၂) အရှင်ကုဏ္ဍဓာန မထေရ်အကြောင်း

(၂၂) အရှင်ကုဏ္ဍ-ဓာနမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

     ဤကုဏ္ဍဓာနမထေရ်အလောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရမြတ်စွာဘုရားရှင် လက်ထက်တော်အခါ ဟံသာဝတီပြည်ဝယ် အမျိုးကောင်းအိမ်၌ အမျိုးကောင်းသား ဖြစ်ခဲ့၍ ရှေးဆိုအပ်ပြီးနည်းအတူ ကျောင်းတော်သို့ သွားရောက်ကာ တရားနာစဉ်



၃၄၇

ပဒုမုတ္တရမြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို “ရှေးဦးစွာ စာရေးတံမဲကို ရယူသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး”၌ ထားတော်မူ သည်ကို တွေ့မြင်ရ၍ ဘုရားရှင်တို့အား အဓိကာရ ကောင်းမှုကုသိုလ်ကိုပြု၍ ထိုရာထူးကို တောင့်တပတ္ထနာမှု ပြုလေသည်။ ပဒုမုတ္တရ မြတ်စွာဘုရားသည် ထိုအမျိုးကောင်းသား၏ ဆုတောင်းပတ္ထနာချက် အန္တရာယ်မရှိ ပြည့်စုံမည်ကို မြင်တော်မူ၍ ရှေးနည်းအတူ ဗျာဒိတ်စကား မိန့်ကြားတော်မူကာ ကျောင်းတော်သို့ ဖဲကြွတော်မူလေ၏။

မထေရ်အလောင်း၏ ဝဋ်လိုက်ဖွယ် မကောင်းမှု

     ထိုကုဏ္ဍ-ဓာန မထေရ်အလောင်း အမျိုးကောင်းသားသည် ပဒုမုတ္တရ မြတ်စွာဘုရားရှင် အထံတော်မှ ဗျာဒိတ်ရပြီးနောက် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြု၍ နတ်ပြည် လူ့ပြည်တို့ ၌ ကျင်လည်ကျက်စားခဲ့ရာ ကဿပမြတ်စွာဘုရားရှင် လက်ထက်တော်အခါ၌ ဘုမ္မဇိုဝ်းနတ်ဖြစ်၍ လာလေသည်။

     အထူးအားဖြင့် သက်တော်ရှည် မြတ်စွာဘုရားရှင်တို့၏ လက်ထက်တော်အခါမှာ (ယခု အသက်တော်ရှိသည့် အကျွန်ုပ်တို့ မြတ်စွာဘုရား၏ လက်ထက်တော်မှာကဲ့သို့) ဆယ့်ငါးရက် (=လဝက်)တကြိမ် ဥပုသ်ပြုရသည်မဟုတ်။ မှန်၏- ဝိပဿီ မြတ်စွာဘုရား၏ လက်ထက်တော်အခါမှာ ခြောက်နှစ်တကြိမ် ခြောက်နှစ်တကြိမ် ဥပုသ်ပြုရ ပါတိမောက်ပြရလေသည်၊ ကဿပမြတ်စွာ လက်ထက်တော်အခါ၌ ခြောက်လတကြိမ် ခြောက်လတကြိမ် ပါတိမောက်ပြ ဥပုသ်ပြုရလေသည်။

     ကဿပမြတ်စွာဘုရားရှင်၏ (ခြောက်လစေ့၍) ဩဝါဒပါတိမောက်ပြ = ဥပုသ်ပြုရသော အခါတပါးဝယ် အရပ်ဝေးခြား၌ နေထိုင်ကြသည့် အလွန်ရင်းနှီးသော သူငယ်ချင်း မထေရ်နှစ်ပါးတို့သည် “ငါတို့သည် ဥပုသ်ပြုကြကုန်အံ့”ဟု ကဿပမြတ်စွာဘုရားရှင် ရှိရာသို့ သွားရောက်ကြကုန်၏။ ထိုအခါ ဖော်ပြရာပါ ဘုမ္မဇိုဝ်းနတ်သည် “ဤမထေရ်နှစ်ပါးတို့၏ ချစ်ခင်ခြင်းမေတ္တာကား



၃၄၈

လွန်စွာ ခိုင်မြဲလှပေ၏၊ အသို့နည်း = ဘယ့်နှယ်လဲ ကွဲပြားအောင် ပြုလုပ်သူရှိလျှင် ထိုမထေရ်နှစ်ပါးတို့၏ မေတ္တာတရားသည် ကွဲပြား ပျက်စီးမည်လော၊ မပျက်စီးမည်လော”ဟု စဉ်းစား ကြံစည်ကာ ထိုမထေရ်နှစ်ပါးတို့၏ စိတ်ဝမ်းကွဲပြားအောင် ပြုလုပ်နိုင်မည့် အခွင့်အပေါက်ကို မြော်ထောက်ရှာကြံလျက် မထေရ်တို့၏ မနီးမဝေးမှ လိုက်ပါခဲ့လေသည်။

စိတ်ဝမ်းကွဲအောင်ပြုလုပ်ခြင်း

     ထို့နောက် မထေရ်တပါးသည် အခြားမထေရ်၏လက်၌ သပိတ်သင်္ကန်းကို အပ်နှံခဲ့ပြီးလျှင် ကိုယ်လက်သုတ်သင်ရန်အတွက် ရေမိုးချမ်းသာရာ အရပ်သို့ သွားရောက်ကာ ကိုယ်လက်သုတ်သင် = အညစ်အကြေးစွန့်မှု ပြုလုပ်ပြီးလျှင် လက်,ခြေတို့ကို ဆေးကြောပြီးနောက် ချုံဖုတ်တခု၏ အနီးမှ ထွက်၍လာလေ၏။

     ဘုမ္မဇိုဝ်းနတ်သည် ထိုကိုယ်လက်သုတ်သင်သော မထေရ်၏ နောက်နားမှကပ်ကာ အလွန်အဆင်းလှသော မိန်းမအသွင် ဖန်ဆင်းလျက် ဆံပင်များကို ခါ၍ခါ၍ ပြင်ဆင်ထုံးဖွဲ့သကဲ့သို့၎င်း, ထဘီကို ပြင်၍ပြင်၍ ဝတ်သကဲ့သို့၎င်း ပြုလုပ်ကာ မထေရ်၏ ဖဝါးခြေထပ် ထက်ကြပ်လိုက်ပါကာ ချုံဖုတ်မှ တပါတည်း ထွက်၍လာလေ၏။

စိတ်ဝမ်းကွဲ အထင်လွဲလေပြီ

     အဖော်ဖြစ်သော မထေရ်မြတ်သည် လျောက်ပတ်ရာအရပ်၌ ရပ်တည်စောင့်နေရင်းက ဤအကြောင်းအရာ ဖြစ်ရပ်ကို မြင်လတ်လေသော် နှလုံးမချမ်းမသာဖြစ်ကာ “ယခုအခါ ငါ့အဖို့ရာ ဤရဟန်းနှင့် အတူတကွ ကာလမြင့်ကြာ ဖြစ်ပွါးထားရှိ၍လာခဲ့သော မေတ္တာတရားကား ပျက်ပြားလေပြီ၊ ငါသည် အကယ်၍ ဤရဟန်း ဤသို့ယုတ်မာမှန်း သိခဲ့လျှင် ဤမျှအခါ ရှည်မြင့်ကြာအောင် ဤရဟန်းနှင့် အတူတကွ အကျွမ်းတဝင် ချစ်ခင်မှုကို ပြုလိမ့်မည်မဟုတ်”ဟု ကြံစည်စဉ်းစားပြီးလျှင်



၃၄၉

ထိုကိုယ်လက်သုတ်သင်သော မထေရ်အား မိမိအနီးသို့ ရောက်လျှင်ရောက်ခြင်းပင် “ငါ့ရှင်.. သင်၏ သပိတ်သင်္ကန်းကို ရော့ = ယူလော့၊ ငါသည် သင်ကဲ့သို့ ယုတ်မာလှသော သူငယ်ချင်းနှင့် အတူတကွ လမ်းတကြောင်းတည်း ဘယ်နည်းဖြင့်မျှ မသွားတော့အံ့”ဟု မိတ်ပြတ်စကား ပြောကြားလေ၏။

(ဤမှနောက်၌ မှတ်သားလွယ်ကူစေရန် အပြစ်တင် စွပ်စွဲမည့် မထေရ်၏ အမည်ကို စောဒကမထေရ်, အပြစ်တင်ခံ စွပ်စွဲခံရမည့် မထေရ်၏ အမည်ကို စုဒိတကမထေရ်ဟု ခေါ်ဆိုသုံးစွဲ ရေးသားပေအံ့)။

     ထိုမိတ်ပြတ်စကားကို ကြားသိရလေလျှင် လဇ္ဇီသူတော်ကောင်းစင်စစ် ဖြစ်တော်မူသော စုဒိတကမထေရ်၏ စိတ်နှလုံးမှာ အလွန်ထက်လှစွာသော လှံကို ဆုပ်ကိုင်၍ တအားထိုးလိုက်သကဲ့သို့ ဖြစ်ရှိလေ၏၊ ထို့နောင်မှ စောဒကမထေရ်ကို “ငါ့ရှင်.. သင်သည် ဘယ်လိုစကားမျိုးကို ပြောလိုက်ဘိသနည်း၊ ငါသည် ဤမျှကာလကြာအောင် ဒုက္ကဋ်အာပတ်မျှကိုလည်း (သင့်ခဲ့သည်ဟု) မသိရှိခဲ့ပါ။ (ဒုက္ကဋ်အာပတ်မျှပင် မသင့်ခဲ့ပါ-ဟု ဆိုလိုသည်)၊ သို့ပါလျက် သင်သည် ငါ့ကို ယနေ့ ‘ပါပ = ယုတ်မာသောသူ’ဟု ဆိုဘိ၏။ သင်သည် အဘယ်အရာကို မြင်အပ်သနည်း”ဟု မေးမြန်းပြောဆိုလေ၏။ စောဒကမထေရ်က “ငါ့ရှင်.. အခြားတပါး မြင်အပ်သောအရာဖြင့် အဘယ်မူစအံ့နည်း၊ သင်သည် ဤသို့သဘောရှိသည့် တန်းဆာစုံလင် ဆင်ယင် အပ်ပြီးသည့် မာတုဂါမနှင့် အတူတကွ တနေရာတည်း၌ ဖြစ်ပြီးမှ ချုံက ထွက်လာသည် မဟုတ်လော”ဟု မိမိမြင်သည့်အတိုင်း အပြစ်တင် ပြောဆိုလေလျှင် စုဒိတကမထေရ်သည် “ငါ့ရှင်.. ဤဖြစ်ရပ်မျိုး ငါ့မှာ လုံးဝမရှိပါ၊ ငါသည် ဤသို့သဘောရှိသော = သင်ယခုပြောသော မာတုဂါမကို လုံးဝ မတွေ့ မမြင်ရပါ”ဟု ရိုးသားစွာ ပြန်ကြား ပြောဆိုလေ၏။ စုဒိတကမထေရ်က သုံးကြိမ်တိုင်တိုင် ဤအတိုင်း ရိုးသားစွာ ပြောကြားသော်လည်း စောဒကမထေရ်သည် ထိုစကားကို လုံးဝမယုံကြည်နိုင်ပဲ မိမိမြင်အပ်သော အကြောင်းအရာကိုသာလျှင်



၃၅၀

အမှန်ဟု စွဲယူပြီးလျှင် စုဒိတကမထေရ်နှင့် အတူတကွ လမ်းတကြောင်းတည်း မသွားတော့ပဲ အခြားတလမ်းဖြင့် ကဿပမြတ်စွာဘုရားထံသို့ သွားရောက်လေ၏။ စုဒိတက မထေရ်သည်လည်း အခြားလမ်းတလမ်းဖြင့် ကဿပ မြတ်စွာဘုရားထံသို့သာလျှင် သွားရောက်လေ၏။

ဘုမ္မဇိုဝ်းနတ်၏ နောင်တ

     ထို့နောက် ရဟန်းသံဃာများ ဥပုသ်အိမ်သိမ်အပြင်သို့ ဝင်သောအခါ၌ စောဒကမထေရ်သည် စုဒိတကမထေရ်ကို ဥပုသ်အိမ်သိမ်အပြင်၌ တွေ့မြင်သိရှိ၍ “ဤဥပုသ်အိမ် သိမ်အပြင်၌ ဤသို့သဘောရှိသော ရဟန်းယုတ်တပါး ရှိ၍နေသည်၊ ငါသည် ထို ရဟန်းယုတ်နှင့် အတူတကွ အဘယ်နည်းဖြင့်မျှ ဥပုသ်မပြုနိုင်”ဟု နှုတ်မြွက် ပြောဆိုကာ ဥပုသ်အိမ်မှထွက်၍ အပြင်အပ၌ ရပ်တည်နေလေ၏။

     ဘုမ္မဇိုဝ်းနတ်သည် “ဩ.. ငါကား ဝန်လေးသောအမှုကို ပြုအပ်မိလေပြီ”ဟု နောင်တတဖန် ပူပန်၍ ဥပါသကာ သူအိုအသွင်ဖြင့် စောဒကမထေရ်ထံသို့ ချဉ်းကပ် သွားရောက်ပြီးလျှင် “အရှင်ဘုရား.. အရှင်မြတ်သည် ဘယ့်ကြောင့် ဤဥပုသ်အိမ် သိမ်အပြင်အရပ်၌ ရပ်တည်နေပါသနည်း”ဟု မေးမြန်း လျှောက်ထားလေ၏။ မထေရ်က “ဒါယကာ.. ဤဥပုသ်အိမ် သိမ်အတွင်းသို့ ရဟန်းယုတ်တပါး ဝင်ပြီးသား ရှိနေသည်။ ငါသည် ထိုရဟန်းယုတ်နှင့် အတူတကွ အဘယ်နည်းဖြင့်မျှ ဥပုသ်မပြုနိုင်ဟု နှုတ်မြွက်ပြောဆိုကာ ဥပုသ်အိမ်မှထွက်၍ အပြင်အပ၌ ရပ်တည်နေပါ၏”ဟု မိန့်ဆိုလေလျှင် ဘုမ္မဇိုဝ်းနတ်သည် “အရှင်ဘုရား.. ဤသို့ မှတ်ယူတော်မမူကြပါလင့်၊ ထို(စုဒိတက)ရဟန်းသည် စင်ကြယ်သော သီလရှိသူစင်စစ် ဖြစ်ပါသည်။ အရှင်ဘုရားတို့ မြင်အပ်သော မာတုဂါမ-ဟူသည်မှာ တပည့်တော်ပင် ဖြစ်ပါသည်၊ တပည့်တော်သည် အရှင်ဘုရားတို့၏အပေါ် ‘ဤမထေရ်နှစ်ပါးတို့၏ ချစ်ခင်ခြင်းမေတ္တာသည် ခိုင်မြဲ၏လော, မခိုင်မြဲဘူးလော’ဟု



၃၅၁

စုံစမ်းရန် လဇ္ဇီရဟန်းအဖြစ်, အလဇ္ဇီရဟန်းအဖြစ်ကို ကြည့်ရှု သိမြင်လိုပါသဖြင့် ထိုကဲ့သို့ မာတုဂါမယောင်ဆောင်၍ စုဒိတကမထေရ်၏ နောက်မှ လိုက်ပါခြင်းအမှုကို ပြုခဲ့မိပါသည်ဘုရား”ဟု လျှောက်ထား ရှင်းပြလေ၏။

     မထေရ်က “အို သူတော်ကောင်း.. သင်သည်ကား အဘယ်သူနည်း”ဟု မေးမြန်းလေလျှင် ဘုမ္မဇိုဝ်းနတ်သည် “အရှင်ဘုရား.. တပည့်တော်သည် ဘုမ္မဇိုဝ်းနတ်တဦး ဖြစ်ပါသည်”ဟု လျှောက်ထား ပြောဆိုရင်းပင် နတ်၏အာနုဘော်ဖြင့် ရပ်တည်၍ မထေရ်၏ခြေရင်း၌ ဝပ်စင်းပြီးလျှင် “အရှင်ဘုရားတို့.. တပည့်တော်အား သည်းခံတော်မူကြပါကုန်၊ ဤအပြစ်ကို (စုဒိတက)မထေရ်သည် လုံးဝ မသိရှာပါ၊ ဥပုသ်ကို စိတ်ချစွာ ပြုတော်မူကြပါဘုရား”ဟု မထေရ်ကို တောင်းပန်၍ ဥပုသ်အိမ် သိမ်အတွင်းသို့ သွင်းဆောင်ခဲ့လေ၏။ ထိုမထေရ်သည် ဥပုသ်ကို တနေရာတည်း၌ ပြုသော်လည်း နောက်တဖန် ထို(စုဒိတက)မထေရ်နှင့် အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သောအနေဖြင့် တနေရာတည်း၌ မနေတော့ချေ။ (ဤစောဒကမထေရ်၏ ကမ္မဋ္ဌာန်းအမှုကို မဟာအဋ္ဌကထာ၌ အထူးမပြဆိုအပ်ချေ)။ စုဒိတက မထေရ်သည်ကား အဆင့်ဆင့် ဝိပဿနာ ကမ္မဋ္ဌာန်း စီးဖြန်းမှုပြုလျက် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေ၏။

     ဘုမ္မဇိုဝ်းနတ်သည် ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် ကဿပမြတ်စွာဘုရားနှင့် အကျွန်ုပ်တို့၏ မြတ်စွာဘုရား = ဤဘုရားနှစ်ဆူတို့၏ အကြားကာလ မရေမတွက်နိုင်သော နှစ်ပရိစ္ဆေဒတည်းဟူသော ဗုဒ္ဓန္တရအသင်္ချေယျ တကပ်ပတ်လုံး အပါယ်မှ မလွတ်မြောက်နိုင်ရှာ။ ရံခါရံခါ လူဖြစ်လာပြန်ပါလည်း အခြားသူများ ပြုအပ်သမျှ အပြစ်များသည် ထိုသူ၏အပေါ်၌သာ ကျရောက်လေတော့၏။



၃၅၂

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ထိုသူသည် အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် လက်ထက်တော်အခါ သာဝတ္ထိပြည်ဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍လာလေ၏။ ထိုသူ၏အမည်ကို “ဓာန-လုလင်”ဟု မိဖတို့က မှည့်ခေါ်ကြလေသည်။ ဓာနလုလင်သည် အရွယ်သို့ ရောက်လတ်သော် ဗေဒင်သုံးပုံတို့ကို သင်ကြားတတ်မြောက်၍ အသက်အရွယ် ကြီးရင့်သော အခါ၌ မြတ်စွာဘုရား ၏ တရားဒေသနာကို ကြားနာရ၍ သဒ္ဓါတရား အထူးဖြစ်ပွါးကာ သာသနာဝန်ထမ်း ရှင်ရဟန်းပြုလေ၏။

ဝဋ်လိုက်လေပြီ

     ဓာန-မထေရ် ရဟန်းပြုသောနေ့မှစ၍ တန်းဆာစုံလင် ဆင်ယင်အပ်ပြီးသော မိန်းမတယောက် (=တကယ့်မိန်းမမဟုတ်၊ ဝိပါက်ဝဋ်ကြွေးရုပ်)သည် မထေရ် ရွာတွင်းသို့ဝင်လျှင် အတူတကွဝင်၍ လိုက်ပါ၏။ မထေရ် ထွက်လာလျှင် အတူတကွထွက်၍ လိုက်ပါ၏၊ မထေရ်ရပ်လျှင် ရပ်၏၊ မထေရ်သွားလျှင် သွား၏ ဤသို့စသည်ဖြင့် အမြဲပင် မထေရ်နောက်သို့ ကောက်ကောက် လိုက်ပါနေသည့်အသွင် ထင်ရလေသည်။ ထိုမိန်းမရုပ်ကို ဓာနမထေရ်က မမြင်ရ၊ ထိုရှေးမကောင်းမှု အကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် အခြားတပါးသော သူတို့မှာ ထိုမိန်းမရုပ်ကို မြင်နေရလေသည်၊ (အကုသိုလ်ကံများကား ကြောက်ဖွယ်ကောင်းစွာ့)။

     မြို့တွင်းရွာတွင်း၌ ယာဂု,ဆွမ်း လှူဒါန်းကြသော အမျိုးသမီး မင်းမိန်းမတို့သည် “အရှင်ဘုရား.. ဤယာဂု တယောက်ချိုသည် အရှင်ဘုရားတို့အတွက် ဖြစ်ပါသည်၊ ဤယာဂု တယောက်ချိုကား တပည့်တော်တို့၏ သူငယ်ချင်းမ အရှင်ဘုရား၏ နောက်ကပါသော ဤမိန်းမအတွက် ဖြစ်ပါသည်ဘုရား”ဟု ပြက်ရယ် ပြောင်လှောင်စကား ပြောကြားကြလေ၏။ ဓာန-မထေရ်၏ အဖို့ရာ ထိုအတွက် များစွာ စိတ်ပင်ပန်းမှု ဖြစ်လေသည်။ ကျောင်းတိုက်သို့ ရောက်သောအခါမှာလည်း ဓာန-မထေရ်ကို သာမဏေများ, ရဟန်းငယ်များက ဝန်းရံကြ၍ “ဓာနော ကောဏ္ဍာ ဇာတော =



၃၅၃

အရှင်ဓာနသည် မိန်းမကြူးသူ ဖြစ်၏”ဟု ပြက်ရယ်မှု ပြုကြလေ၏။ ထိုအကြောင်းကြောင့်ပင် ထိုအချိန်မှ နောက်ကာလ၌ ဓာနမထေရ်၏ အမည်သည် “ကုဏ္ဍ-ဓာနမထေရ်”ဟူ၍ မည်တွင်လေ၏။

     ကုဏ္ဍ-ဓာနမထေရ်သည် ထ၍ ထ၍ (ခဏခဏ စုရုံးရောက်ရှိလာကြကာ) သာမဏေများ, ရဟန်းငယ်များက ပြုလုပ်ပြောဆိုအပ်သော ပြက်ရယ် ပြောင်လှောင်မှုကို သည်းမခံနိုင်တော့ရကား “သင်တို့သာ မိန်းမကြူးသူများ ဖြစ်ကြ၏။ သင်တို့၏ ဥပဇ္ဈာယ်များသာ မိန်းမကြူးသူများ ဖြစ်ကြ၏။ သင်တို့၏ ဆရာများသာ မိန်းမကြူးသူများ ဖြစ်ကြ၏”ဟု ပြန်လှန်ပြောဆိုလေ၏။ ထိုအခါ အခြားရဟန်းတို့သည် မြတ်စွာဘုရားရှင်အား “မြတ်စွာဘုရား.. ကုဏ္ဍ-ဓာနရဟန်းသည် ရဟန်းငယ်, သာမဏေတို့နှင့် အတူတကွ ဤသို့ သဘောရှိသော ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောဆိုပါသည်ဘုရား”ဟု ကုဏ္ဍ-ဓာနမထေရ်အကြောင်းကို လျှောက်ထားကြလေ၏။ မြတ်စွာဘုရားသည် ကုဏ္ဍ-ဓာနမထေရ်ကို ခေါ်စေတော်မူ၍ “ရဟန်း.. မှန်သလော”ဟု မေးတော်မူ၏။ ကုဏ္ဍ-ဓာနမထေရ်က “ မှန်ပါသည် မြတ်စွာဘုရား..”ဟု ဝန်ခံ လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်က တဖန် ထပ်၍ “အဘယ့်ကြောင့် ဤသို့ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောကြားဘိသနည်း”ဟု မေးတော်မူပြန်၏။

     ကုဏ္ဍ-ဓာနမထေရ်က “မြတ်စွာဘုရား.. အမြဲမပြတ် စိတ်ဆင်းရဲအောင် ညှဉ်းဆဲသည်ကို သည်းမခံနိုင်၍ ဤသို့ ပြောမိပါသည်ဘုရား..”ဟု အကြောင်းကို လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “ချစ်သား.. သင်သည် ရှေးက ပြုအပ်ခဲ့သော မကောင်းမှု အကုသိုလ်ကံကို ယနေ့တိုင်အောင်ပင် ကြေကျက်စေခြင်း (=ငြိမ်းအေးစေခြင်း)ငှါ မတတ်နိုင်သေး ဖြစ်သည်၊ ချစ်သား.. နောက်တဖန် ဤသို့ သဘောရှိသည့် ကြမ်းတမ်းသော စကားကို မပြောကြားလင့်”ဟု မိန့်တော်မူပြီးလျှင်-



၃၅၄

မာဝေါစ ဖရုသံ ကဉ္စိ၊ ဝုတ္တာ ပဋိဝဒေယျု တံ။

ဒုက္ခာ ဟိ သာရမ္ဘကထာ၊ ပဋိဒဏ္ဍာ ဖုသေယျု တံ။

(ဘိက္ခု = ဓာနမည်ငြား အိုချစ်သား..)။ ကဉ္စိ = တစုံတယောက်သော သူကိုမျှ။ ဖရုသံ = လွှစွယ်အလား ကြမ်းတမ်းသော စကားကို။ မာဝေါစ = သင်ချစ်သား မပြောကြားလေလင့်။ ဝုတ္တာ = ကြမ်းခက်စကား သင်ချစ်သားက ပြောကြားအပ်မူ အခြားသူတို့သည်။ တံ = သင်ချစ်သားကို။ ပဋိဝဒေယျုံ = အကြမ်းစကားကို တဖန်ပြန်၍ ပြောဆိုကုန်လေရာ၏။ ဟိ = မှန်၏။ သာရမ္ဘကထာ = သူ့ကိုငါနိုင် အသာပိုင်ဟု အပြိုင်စကား ပြောကြားခြင်းသည်။ ဒုက္ခာ = အလွန်အမင်း ဆင်းရဲလှချေ၏။ တံ = သီတင်းသုံးဖော် ရှင်တို့အပေါ်ဝယ် ထော်လော်ခက်ထန် ကာယဒဏ်, ဝစီဒဏ်ကို ပြန်လှန်ပုတ်ခတ် ပြောဆိုပြုမူလတ်သော သင်ချစ်သားကို။ ပဋိဒဏ္ဍာ = အတုံ့အပြန် ကာယဒဏ်, ဝစီဒဏ်တို့သည်။ ဖုသေယျုံ = လေညာသို့ပစ် ပြာမှုန်ညစ်သို့ စင်စစ်တဖန် ဆိုက်ရောက်ကြပြန်ကုန်လေရာ၏။

သစေ နေရေသိ အတ္တာနံ၊

ကံသော ဥပဟတော ယထာ။

ဧသ နိဗ္ဗာနပတ္တောသိ၊

သာရမ္ဘော တေ န ဝိဇ္ဇတိ။

(ဘိက္ခု = ဓာန- မည်ငြား အို ချစ်သား..)။ တွံ = သင်ချစ်သားသည်။ အတ္တာနံ = မိမိကိုယ်ကို။ ကံသော ဥပဟတော ယထာ = အရေးကိုခုတ်ဖျက် အသံမထွက်သော ကြေးခွက် (=လင်းကွင်း)ကဲ့သို့။ သစေ နေရေသိ = အကယ်၍ ကြမ်းကြုတ်ခက်ထန် အသံမထွက် မလှုပ်လှက်အောင် ကျင့်ဆောင်ကြိုးကုတ် အားထုတ်နိုင်ငြားအံ့။ ဧသ = ဧသော တွံ = ထိုသင်ချစ်သားသည်။ နိဗ္ဗာနံ = ဒုက္ခဇာတ်သိမ်း ငြိမ်းရာဧကန် နိဗ္ဗာန်ပရမတ်သို့။ ပတ္တော = ကိုယ်တိုင်မျက်မှောက် ဆိုက်ရောက်ပြီးသူသည်။



၃၅၅

အသိ = ဖြစ်လေတော့၏။ (ဧဝံ သတိ = ဤသို့ ဖြစ်သည်ရှိသော်)။ တေ = သင်ချစ်သား၏ (သန္တာန်၌)။ သာရမ္ဘော = သူ့ကိုငါနိုင် အသာပိုင်ဟု အပြိုင်စကား ပြောကြားပြုမူမှုသည်။ နတ္ထိ = တစိုးတစိ ရှိတော့မည် မဟုတ်ချေ။” -

ဤတရားဒေသနာ နှစ်ဂါထာတို့ကို ဟောကြားတော်မူ၏။ ဒေသနာနိဂုံး ဆုံးလတ်သောအခါ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ဆိုက်ရောက်ကြလေကုန်၏။ (ဓမ္မပဒ ဋ္ဌ ၂။ မျက်နှာ-၃၇။)

ကောသလမင်းကြီး ကိုယ်တိုင်စုံစမ်းခြင်း

     ရဟန်းတို့သည် (ကုဏ္ဍ-ဓာနမထေရ်၏ မာတုဂါမနှင့် အတူတကွ လှည့်လည်နေမှု- တည်းဟူသော) ဤအကြောင်းကို ပသေနဒီ ကောသလမင်းကြီးအား ပြောကြားကြကုန်၏။ ကောသလမင်းကြီးသည် မင်းချင်းယောက်ျားတို့ကို “အချင်းတို့.. သွားကြကုန်, စုံစမ်းကြကုန်”ဟု ပြောဆို စေလွှတ်လိုက်၍ မိမိကိုယ်တိုင်လည်း အခြံအရံပရိသတ် အနည်းငယ်နှင့် အတူတကွ ကုဏ္ဍ-ဓာနမထေရ်၏ နေရာဌာနသို့ သွားရောက်ပြီးလျှင် အကဲခတ်ကြည့်ရှုကာ သင့်လျော်ရာအရပ်၌ ရပ်တည်နေလေ၏။

     ထိုအချိန်၌ ကုဏ္ဍ-ဓာနမထေရ်သည် အပ်အမှု (=သင်္ကန်းချုပ်မှု) ပြုလျက် ထိုင်နေဆဲဖြစ်၏။ ထိုမိန်းမ (=ဝိပါက် ဝဋ်ကြွေးရုပ်)သည်လည်း မထေရ်၏အနီး၌ ရပ်၍နေသကဲ့သို့ ထင်ရမြင်ရ၏။ ကောသလမင်းကြီးသည် “ဤအကြောင်းထူးကား ဧကန်ပင် ရှိပေ၏”ဟု ကြံစည် ဆင်ခြင်ကာ ထိုမိန်းမ (=ဝိပါက်ဝဋ်ကြွေးရုပ်) ရပ်၍နေသော အရပ်သို့ သွားရောက်လေ၏။ မင်းကြီးလာလတ်သော် ထိုမိန်းမ (ဝိပါက်၀ဋ်ကြွေးရုပ်) သည် မထေရ် သီတင်းသုံး နေထိုင်ရာ သင်္ခမ်းကျောင်းတွင်းသို့ ဝင်သွားသကဲ့သို့ ဖြစ်လေ၏။ မင်းကြီးသည်လည်း ထိုမိန်းမ (=ဝိပါက်ဝဋ်ကြွေးရုပ်)နှင့် အတူတကွပင် သင်္ခမ်းကျောင်းအတွင်းသို့ ဝင်ရောက် လိုက်ပါသွား၍



၃၅၆

ကျောင်းတွင်း နေရာအနှံ့ ကြည့်ရှုရှာဖွေပါသော်လည်း ထိုမိန်းမ (=ဝိပါက်ဝဋ်ကြွေးရုပ်)ကို မတွေ့မမြင်ရ၍ “ဤမိန်းမကား တကယ့်မာတုဂါမ မဟုတ်ချေ။ မထေရ်၏ တခုသော ကံအကျိုး ဝိပါက်သာ ဖြစ်ချေ၏”ဟု ဆင်ခြင် သိမှတ်ပြီးသော် လက်ဦးအစက မထေရ်၏အနီးမှ ကျောင်းတွင်းသို့ ဝင်ရောက်လိုက်ပါ သွားသော်လည်း မထေရ်ကို ရှိမခိုးပဲ ထိုအကြောင်း၏ မမှန်သောအဖြစ်ကို ကိုယ်တွေ့သိမြင်ပြီးမှ မထေရ်ထံသို့ လာရောက်၍ ရှိခိုးပြီးလျှင် လျောက်ပတ်ရာ နေရာ၌ ထိုင်လျက် “အရှင်ဘုရား.. အသို့နည်း အရှင်ဘုရားတို့သည် ဆွမ်းပစ္စည်းဖြင့် မငြိုငြင်ပဲ ရှိကြပါကုန်၏လော”ဟု မေးမြန်း လျှောက်ထားလေ၏။ မထေရ်က “သင့်ရုံရှိပါ၏ မြတ်သောမင်းကြီး..”ဟု မိန့်ဆိုလေလျှင် ကောသလမင်းကြီးသည် “အရှင်ဘုရား.. အရှင်မြတ်၏ စကားကို တပည့်တော် သိရှိပါ၏၊ ဆက်၍ လျှောက်ထားလိုသည်မှာ ဤသို့ သဘောရှိသည့် ညစ်ညူးကြောင်း (မာတုဂါမရုပ်)နှင့် အတူတကွ လှည့်လည်ကျက်စား သွားလာနေသော အရှင်ဘုရားတို့အား အဘယ်မည်သော သူတို့သည် ကြည်ညိုကြလိမ့်မည်နည်း = မကြည်ညိုကြမည်သာ၊ ဤအချိန်မှစ၍ အရှင်ဘုရားတို့၏ (အဖို့ရာ) အခြား တစုံတခုသောအရပ်သို့ သွားဖွယ်ကိစ္စမရှိပါ။ တပည့်တော်သည် ပစ္စည်းလေးပါးတို့ဖြင့် အရှင်ဘုရားတို့ကို ပြုစု လုပ်ကျွေးပါမည်၊ အရှင်ဘုရားတို့သည် အသင့်အားဖြင့် တရားနှလုံးသွင်းမှု၌ မမေ့လျော့ကြပါကုန်လင့်”ဟု လျှောက်ထား၍ နေ့စဉ်မပြတ် ဆွမ်းပြုစုလုပ်ကျွေးလေ၏။

     ကုဏ္ဍ-ဓာနမထေရ်သည် ကောသလမင်းကြီး တည်းဟူသော အထောက်အပံ့ကိုရ၍ သပ္ပါယဖြစ်သော ဘောဇဉ်ဖြင့် တည်ကြည်သော စိတ်ရှိကာ ဝိပဿနာတရား ပွါးများကြိုးကုတ် အားထုတ်၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေ၏ = ရဟန္တာဖြစ်လေ၏။ ထိုသို့ မထေရ်သူမြတ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သောအချိန်မှစ၍ ထိုမိန်းမ (=ဝိပါက်ဝဋ်ကြွေးရုပ်)သည် အပြီးတိုင် ကွယ်ပျောက်လေတော့၏။



၃၅၇

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     တနေ့သောအခါ အနာထပိဏ်သူဌေး၏သမီး မဟာသုဘဒ္ဒါသည် ဥဂ္ဂါမြို့ဝယ် မိစ္ဆာဒိဋ္ဌိ အယူရှိသော အမျိုး (=အိမ်)၌ နေထိုင်ရစဉ် “မြတ်စွာဘုရားသည် ငါ့ကို သနားစောင့်ရှောက်တော်မူပါစေသတည်း”ဟု နှလုံးသွင်း၍ ဥပုသ်ကို ဆောက်တည်ကာ ကိလေသာ တည်းဟူသော စက်ဆုပ်ဖွယ်ရနံ့ ကင်းရှင်းလျက် ပြာသာဒ်အထက်၌ ရပ်တည်ပြီးလျှင် “ဤမုလေး (=မြတ်လေး)ပန်းတို့သည် အခြားလမ်း၌ မရပ်တည်ကြပဲ မြတ်စွာဘုရားရှင်၏ အထက်၌ ဗိတာန်မျက်နှာကြက်ဖြစ်၍ တည်ကြပါစေကုန်သတည်း၊ မြတ်စွာဘုရားသည် ဤအမှတ်သညာဖြင့် နက်ဖြန်ခါ ရဟန်းငါးရာတို့နှင့် အတူတကွ အကျွန်ုပ်၏ဆွမ်းကို ခံယူတော်မူပါစေသတည်း”ဟု သစ္စာပြု၍ မုလေး (=မြတ်လေး)ပန်း ရှစ်ဆုပ်တို့ကို ကောင်းကင်သို့ ပစ်လွှင့်လိုက်လေ၏။ ပန်းတို့သည် ကောင်းကင်ခရီးဖြင့် သွားကြ၍ တရားဟောတော်မူနေသော အချိန်မှာပင် မြတ်စွာဘုရားရှင်၏ အထက်၌ ဗိတာန်မျက်နှာကြက်ဖြစ်၍ ရပ်တည်ကြကုန်၏။

     မြတ်စွာဘုရားသည် ထိုမုလေးပန်း မျက်နှာကြက်ကို မြင်တော်မူ၍ စိတ်တော်ဖြင့်ပင် သုဘဒ္ဒါ၏ဆွမ်းကို သည်းခံသာယာတော်မူ၍ နောက်တနေ့ အရုဏ်တက်လတ်သော် အရှင်အာနန္ဒာမထေရ်ကို “ချစ်သားအာနန္ဒာ.. ငါတို့သည် ယနေ့ အဝေးအရပ်သို့ ဆွမ်းခံ သွားရောက်ကြရကုန်အံ့၊ ပုထုဇန်ရဟန်းတို့အား စာရေးတံမဲမပေးပဲ အရိယာ ရဟန်းတို့အားသာလျှင် စာရေးတံမဲကို ပေးလော့”ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာမထေရ်သည် ရဟန်းတို့အား “ငါ့ရှင်တို့.. မြတ်စွာဘုရားသည် ယနေ့ အဝေးအရပ်သို့ ဆွမ်းခံကြွတော်မူလိမ့်မည်၊ ပုထုဇန်ရဟန်းတို့သည် စာရေးတံမဲကို မနှိုက်ယူကြကုန်လင့်၊ အရိယာ ရဟန်းတို့သည်သာလျှင် စာရေးတံမဲကို နှိုက်ယူကြကုန်လော့”ဟု ပြောဆိုလေ၏။

     ကုဏ္ဍ-ဓာနမထေရ်သည် “ငါ့ရှင်.. စာရေးတံမဲကို ယူခဲ့ပါလော့”ဟု ပြောဆို၍ ရှေးဦးစွာသာလျှင် (မဲနှိုက်ရန်) လက်ကို



၃၅၈

ဆန့်တန်းလေ၏။ အရှင်အာနန္ဒာမထေရ်သည် “မြတ်စွာဘုရားရှင်က ထိုကုဏ္ဍဓာနရဟန်းကဲ့သို့သော ပုထုဇန်ရဟန်းများအား စာရေးတံမဲကို ပေးစေတော်မူသည်မဟုတ်၊ အရိယာရဟန်းများအားသာလျှင် ပေးစေတော်မူ၏”ဟု ကြံစည်အောက်မေ့ကာ မြတ်စွာဘုရားထံတော်သို့ သွားရောက်၍ ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်သည် “ချစ်သားအာနန္ဒာ.. ကုဏ္ဍ-ဓာနရဟန်းက စာရေးတံမဲကို ဆောင်စေလို = ယူလိုလျှင် ပေးလိုက်လော့”ဟု မိန့်တော်မူ၏။

     ထိုအခါ အရှင်အာနန္ဒာမထေရ်သည် “အကယ်၍ ကုဏ္ဍ-ဓာနရဟန်းအား စာရေးတံမဲပေးရန် မသင့်လျော်လျှင် မြတ်စွာဘုရားသည် တားမြစ်တော်မူလေရာ၏။ (ယခုမူ တားမြစ်တော်မမူ)၊ အကြောင်းတခုခုရှိသည် ဖြစ်လိမ့်မည်”ဟု ကြံစည်ဆင်ခြင်တော်မူကာ “ကုဏ္ဍ-ဓာနရဟန်းအား သူတောင်းသည့်အတိုင်း စာရေးတံမဲကို ငါပေးတော့အံ့”ဟု ကြံစည် ဆုံးဖြတ်၍ စာရေးတံမဲ အပေးသွားရန် ခြေလှမ်းပြင်ဆင်လေ၏။ ကုဏ္ဍ-ဓာနမထေရ်သည် အရှင်အာနန္ဒာ မလာရောက်မီပင် အဘိညာဏ်၏ အခြေပါဒကဖြစ်သော စတုတ္ထဈာန်ကို ၀င်စား၍ တန်ခိုးဖြင့် ကောင်းကင်၌ ရပ်တည်ကာ “ငါ့ရှင်အာနန္ဒာ.. စာရေးတံမဲခွက်ကို ယူခဲ့လော့၊ မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ငါကဲ့သို့သောရဟန်း ရှေးဦးစွာ စာရေးတံမဲ နှိုက်ယူသည်ကို မြတ်စွာဘုရားသည် တားမြစ်တော်မမူ”ဟု ရဲရဲတောက် ပြောဆိုကာ လက်ကိုဆန့်တန်း၍ စာရေးတံမဲကို နှိုက်ယူလေ၏။ (ဤသည်လည်း အကြောင်းအဋ္ဌုပ္ပတ်တခု ဖြစ်သည်)။

     ထို့ပြင် စူဠသုဘဒ္ဒါ (အနာထပိဏ်သူဌေးသမီး)က ပင့်ဖိတ်သောနေ့၌ မြတ်စွာဘုရားရှင် သာကေတမြို့သို့ ကြွတော်မူရာမှာလည်း ရဟန်းငါးရာတို့အလယ်တွင် ဤအရှင်ကုဏ္ဍ-ဓာန မထေရ်သည်ပင် ရှေးဦးစွာ စာရေးတံမဲကို နှိုက်ယူရရှိလေသည်။



၃၅၉

     ထို့ပြင်လည်း မြတ်စွာဘုရားရှင် သုနာပရန္တဇနပုဒ်သို့ ကောင်းကင်ခရီးဖြင့် ကြွချီတော်မူရာမှာလည်း အရှင်ကုဏ္ဍ-ဓာနမထေရ်သည်ပင် ရှေးဦးစွာ စာရေးတံမဲကို နှိုက်ယူ ရရှိလေသည်။

     ထို့ကြောင့် မြတ်စွာဘုရားရှင်သည် နောက်တချိန်ဝယ် အရိယာ သံဃာတို့အလယ်၌ ထိုင်နေတော်မူလျက် ဧတဒဂ်ဘွဲ့ထူး (ရဟန်းတို့အား) ချီးကျူး နှင်းအပ်တော်မူသောအခါ ဤအရှင်ကုဏ္ဍ-ဓာန မထေရ်ကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ပဌမံ သလာကံ ဂဏှန္တာနံ ယဒိဒံ ကုဏ္ဍဓာနော = ရဟန်းတို့.. ရှေးဦးစွာ စာရေးတံမဲကို နှိုက်ယူရရှိနိုင်ကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ကုဏ္ဍ-ဓာနရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မြွက်ဆိုတော်မူကာ “ပဌမံ သလာကဂါဟက = ရှေးဦးစွာ စာရေးတံမဲ နှိုက်ယူရရှိသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

ဤကား အရှင်ကုဏ္ဍ-ဓာနမထေရ် အကြောင်းတည်း။

**********