အရှင်ရာဟုလာ, အရှင်ရဋ္ဌပါလ မထေရ် ၂- ပါးတို့ အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၂၀-၂၁) အရှင်ရာဟုလာ, အရှင်ရဋ္ဌပါလ မထေရ် ၂- ပါးတို့ အကြောင်း

(၂၀-၂၁) အရှင်ရာဟုလာ, အရှင်ရဋ္ဌပါလမထေရ်၂-ပါးတို့အကြောင်း

(က) မထေရ်မြတ်၂-ပါးတို့၏ ရှေးဆုတောင်း

     ဤမထေရ်မြတ် နှစ်ပါးတို့၏အလောင်း သူတော်ကောင်းတို့သည် လွန်ခဲ့သော ကမ္ဘာတသိန်းထက်က ပဒုမုတ္တရမြတ်စွာ သာသနာခေတ် အစပိုင်းလောက်ဝယ် ဟံသာဝတီ မင်းနေပြည်၌ စီးပွါးဥစ္စာ များစွာကြွယ်ဝသော သူကြွယ်မျိုး၌ အသီးအသီး ဖြစ်ကြလေသည်။ (ထိုသူနှစ်ဦးတို့၏ ငယ်စဉ်အခါ အမည်, အနွယ်များကို ရှေးအဋ္ဌကထာ၌ မပြဆိုအပ်ချေ)။

     ထိုသူကြွယ်သား နှစ်ဦးတို့သည် အရွယ်သို့ ရောက်ကြလတ်သော် အိမ်ရာတည်ထောင်ကြ၍ (=အိမ်ထောင်ကျကြ၍ဟု ဆိုလိုသည်။) မိမိမိမိတို့၏ ဖခင်များ ကွယ်လွန်ကြသဖြင့် နှစ်ဦးလုံးပင် မိမိမိမိတို့၏ ရတနာကျီကြ ဘဏ္ဍာတိုက်တို့၌ အုပ်ချုပ် လုပ်ကိုင်ကြသည့် ဘဏ္ဍာစိုးတို့ကို အသီးအသီး ခေါ်စေကြ၍ ဥစ္စာဘဏ္ဍာကို စစ်ဆေးကြလေရာ မရေတွက်နိုင် မနှိုင်းရှည်နိုင်လောက်အောင် မြားမြောက်လှသော ဥစ္စာအစုကို တွေ့မြင်ကြ၍ “ဩ.. ဤမျှများစွာ



၃၂၈

မရေမတွက်နိုင်သော ဥစ္စာအစုကို ငါ၏ အဖိုး,အဘေး- စသော အထက် ဆွေမျိုးများသည် စုရုံသာ စုရုံးထားခဲ့ကြ၍ ကိုယ်နှင့်အတူ ယူဆောင်၍ သွားခြင်းငှါကား မတတ်နိုင်ကြကုန်၊ ယခုအခါ ငါတို့သည် တနည်းနည်းဖြင့် ဤဥစ္စာအစုကို ယူဆောင်၍ တမလွန်လောက သွားကြမှပင် သင့်တော်တော့မည်ဟု ကြံစည် ဆင်ခြင်မိကြ၍ နှစ်ဦးသားလုံးပင် လေးပါးသောဌာနတို့၌ (သီဟိုဠ်မူအလို- မြို့တံခါးဝ လေးဌာနတို့၌) အထီးကျန်ကပ္ပါး ခရီးသွား စသည်တို့အား ကြီးစွာသော အလှူဒါနကို စတင်လှူဒါန်း အားထုတ်ကြလေကုန်၏။

     ထိုသူနှစ်ယောက်တို့တွင် တယောက်သော သူကြွယ်သည် မိမိ၏ အလှူတင်းကုပ် = အလှူမဏ္ဍပ်သို့ ရောက်လာရောက်လာတိုင်းသော အလှူခံပုဂ္ဂိုလ်များကို ထိုသူတို့ အလိုရှိအပ်ရာကို မေးပြီးမှ ယာဂု, ခဲဖွယ်-စသည်တို့တွင် အလှူခံပုဂ္ဂိုလ်တို့ လိုအပ်ရာရာကို ပေးလှူလေသည်။ ထို့ကြောင့်ပင် ထိုသူကြွယ်၏ အမည်မှာ “အာဂတပါက = လာတိုင်းလူကို မေးပြီးမှ ပေးလှူတတ်သူ”ဟူ၍ တွင်လေ၏။ အခြား သူငယ်ချင်းသူကြွယ် အလှူဒကာသည်ကား အလှူခံပုဂ္ဂိုလ်များကို မမေးပဲပင် ထိုသူများ ယူလာယူလာတိုင်းသော ခွက် အပြည့်အပြည့် ထည့်၍သာ လှူဒါန်းလေ၏။ ထို့ကြောင့်ပင် ထိုသူကြွယ်၏ အမည်မှာ “အနဂ္ဂပါက = အတိုင်းအရှည်မရှိ ပေးလှူတတ်သူ”ဟူ၍ တွင်လေ၏။

     ထိုအလှူဒကာ သူကြွယ်နှစ်ယောက်လုံးတို့ပင် တနေ့သ၌ စောစောစီးစီး မျက်နှာသစ်ရန် ရွာ့ပြင်သို့ သွားကြလေသည်။ ထိုအချိန်၌ ဟိမဝန္တာမှ တန်ခိုးရှင် ရသေ့နှစ်ဦးတို့သည် ဆွမ်းခံရန် ကောင်းကင်ခရီးဖြင့် လာကြ၍ ထိုသူငယ်ချင်း နှစ်ဦးတို့၏ မနီးမဝေး၌ မြေသို့ သက်ကြပြီးသော် “ငါတို့ကို ထိုသူကြွယ်နှစ်ဦးတို့ မမြင်ကြပါစေလင့်”ဟု အောက်မေ့ကြကာ လမ်းခရီး နံပါးတဖက်၌ ကိုယ်ရှိန်သတ် ရပ်၍ နေကြကုန်၏။

     သူကြွယ်သူငယ်ချင်း နှစ်ဦးသားတို့သည်လည်း ရသေ့နှစ်ဦး မိမိတို့၏ အသုံးအဆောင်ဖြစ်သည့် ဗူး,ခွက်- စသည်ကို ပြင်ဆင်၍



၃၂၉

ရွာတွင်းဆီသို့ ဦးတည်ရည်ရွယ်ကြကာ ဆွမ်းအလို့ငှါ သွားကြသောအခါမှ မြင်ကြ၍ ရသေ့တို့ထံ လာရောက်ကြပြီးလျှင် ရိုသေစွာ ရှိခိုးကြလေကုန်၏။ ထိုအခါ ရသေ့တို့သည် သူကြွယ်နှစ်ဦးတို့ကို “ဘုန်းကံကြီးမား ဒကာများတို့.. သင်တို့သည် အဘယ်အချိန်က လာရောက်ကြသနည်း”ဟု မေးမြန်းကြကုန်၏။ သူကြွယ်နှစ်ဦးတို့သည် “ယခုပင် လာရောက်ကြပါသည် အရှင်ဘုရားတို့..”ဟု လျှောက်ထားကြ၍ ရသေ့တို့၏လက်မှ ဗူး,ခွက်များကို ယူကြကာ တယောက်လျှင် ရသေ့တပါးကျ မိမိမိမိ၏အိမ်သို့ ပင့်ဆောင်သွားကြ၍ ရသေ့များ၏ ဆွမ်းစားခြင်းကိစ္စ ပြီးဆုံးသောအခါ၌ အမြဲမပြတ် မိမိတို့အိမ်သို့ ဆွမ်းခံကြွရောက်ရန် ဝန်ခံချက်ကို တောင်းယူကြကုန်၏။

     ထိုရသေ့နှစ်ဦးတို့တွင် တဦးသောရသေ့ (အရှင်ရာဟုလာအလောင်းသူကြွယ် ပင့်ထားသော ရသေ့)သည် သည်းခြေဒေါသပြောများသူ ဖြစ်သောကြောင့် ကိုယ်ခန္ဓာပူလောင်သော သဘောရှိသူ ဖြစ်ရကား မိမိ၏ တန်ခိုးအာနုဘော်ဖြင့် မဟာသမုဒြာရေကို နှစ်ဖြာခွဲ၍ ပထဝိန္ဓရ-မည်သော နဂါးမင်း၏ ဘုံဗိမာန်သို့ သွားရောက်ပြီးလျှင် နေ့သန့်တော်မူ၏။ ထိုရသေ့သည် သပ္ပါယဥတုကို ရယူပြီးနောက် လူ့ပြည်သို့ ပြန်လာသည်ရှိသော် မိမိ၏ အလုပ်အကျွေး (=ရှင်ရာဟုလာအလောင်း) သူကြွယ်၏အိမ်၌ ဆွမ်းအနုမောဒနာ တရား ဟောကြားသည်ရှိသော် “ပထဝိန္ဓရနဂါးမင်း၏ ဘုံဗိမာန်ကဲ့သို့ ဖြစ်ပါစေ”ဟု ဆုတောင်းစကား မိန့်ကြားလေ၏။ ထို့နောက် တနေ့သ၌ အလုပ်အကျွေး ဆွမ်းဒါယကာ သူကြွယ်က ထိုရသေ့ကို “အရှင်ဘုရား.. အရှင်ဘုရားတို့သည် ဆွမ်းအနုမောဒနာမှု ပြုကြလတ်သော် ‘ပထဝိန္ဓရနဂါးမင်း၏ ဘုံဗိမာန်ကဲ့သို့ ဖြစ်ပါစေ’ဟု မိန့်တော်မူကြကုန်၏။ တပည့်တော်တို့သည် ဤစကား၏ အနက်အဓိပ္ပါယ်ကို မသိကြပါကုန်၊ ဤစကားရပ်သည် အဘယ်အနက် အဓိပ္ပါယ်ကို ဆိုအပ်လိုပါသနည်းဘုရား”ဟု မေးမြန်းလေလျှင် ဆွမ်းခံရသေ့သည် “အိမ်း.. ဟုတ်ပေသည် သူကြွယ်.. ငါသည် သင်တို့၏ စည်းစိမ်ချမ်းသာသည်



၃၃၀

ပထဝိန္ဓရနဂါးမင်း၏ စည်းစိမ်ချမ်းသာကဲ့သို့ ဖြစ်ပါစေဟု ဆုတောင်းစကား ပြောကြားပေ၏”ဟု ဆို၍ ပထဝိန္ဓရနဂါးမင်း၏ စည်းစိမ်ချမ်းသာ ကြီးကျယ်ပုံကို ရှင်းလင်းပြောပြလေ၏။ ထိုသူကြွယ်သည် ထိုအချိန်မှစ၍ ပထဝိန္ဓရနဂါးမင်း၏ ဘုံဗိမာန်၌ အမြဲမပြတ် စိတ်ကိုညွတ်၍ ထားလေ၏။

     အခြားရသေ့ (အရှင်ရဋ္ဌပါလအလောင်း သူကြွယ် ပင့်ထားသော ရသေ့)သည် တာဝတိံသာ နတ်ပြည်သို့ သွားရောက်၍ အလွန်တိတ်ဆိတ်လျက် ဗိမာန်ဝဝယ် နတ်ကုက္ကိုပင်ကြီး ပေါက်ရောက်နေသဖြင့် “သေရိသက” အမည်ရှိသော ဗိမာန်၌ နေ့သန့်နေထိုင်မှုကို ပြုလေ၏။ ထိုရသေ့သည် အသွား,အပြန်ပင် သိကြား နတ်မင်း၏ စည်းစိမ်ကို နေ့စဉ်နေ့စဉ် တွေ့မြင်နေရ၍ မိမိ၏ အလုပ်အကျွေး (=အရှင်ရဋ္ဌပါလအလောင်း) သူကြွယ်အား ဆွမ်းအနုမောဒနာတရား ဟောကြားလတ်သည်ရှိသော် “သိကြားမင်း၏ ဗိမာန်ကဲ့သို့ ဖြစ်ပါစေသတည်း”ဟု ဆုတောင်းစကား မိန့်ကြားလေ၏။ ထိုအခါ သူကြွယ်သည် ထိုရသေ့ကို (သူငယ်ချင်းသူကြွယ်က ထိုရသေ့ကို မေးသကဲ့သို့) အနက်အဓိပ္ပါယ်ကို မေးသဖြင့် ရသေ့သည်လည်း ရှေးရသေ့ကဲ့သို့ပင် “အိမ်း.. ဟုတ်ပေသည် သူကြွယ်.. ငါသည် ‘သင်တို့၏ စည်းစိမ်ချမ်းသာသည် သိကြားမင်း၏ စည်းစိမ်ချမ်းသာကဲ့သို့ ဖြစ်ပါစေ’ဟု ဆုတောင်းစကား ပြောကြားပေ၏”ဟု ဆို၍ သိကြားမင်း၏ စည်းစိမ်ချမ်းသာ ကြီးကျယ်ပုံကို ရှင်းလင်းပြောပြလေ၏။ သူကြွယ်သည်လည်း ရသေ့၏စကားကို ကြားသိရလေလျှင် ထိုအချိန်မှစ၍ သိကြားမင်း၏ ဘုံဗိမာန်၌ အမြဲမပြတ် စိတ်ကိုညွတ်၍ ထားလေ၏။

     ထိုသူကြွယ်သူငယ်ချင်း နှစ်ယောက်လုံးတို့ပင် ထိုဘဝမှ စုတေကြသောအခါ မိမိတို့ တောင့်တအပ်သည့်အတိုင်း တဦးက ပထဝိန္ဓရနဂါးဘုံ၌ ပထဝိန္ဓရနဂါးမင်းဖြစ်၍ တဦးက တာဝတိံသာ နတ်ပြည်၌ သိကြားမင်း ဖြစ်လေ၏။

     ပထဝိန္ဓရနဂါးမင်းသည် ထိုဘုံ၌ဖြစ်သောခဏမှာပင် မိမိ၏ ကိုယ်ခန္ဓာအတ္တဘောကို ကြည့်၍ “ငါ့အိမ်သို့ ဆွမ်းခံကြွသော



၃၃၁

ရှင်ရသေ့သည် ငါ့အား နှစ်သက်ဖွယ်မရှိသော အရပ်၏ ဂုဏ်ကျေးဇူးကို ပြောဆိုဘိ၏၊ ဤနဂါးဘုံသည်ကား ရင်ဖြင့်တွား၍ ကျက်စား လှည့်လည်ရသော ဘုံဌာနဖြစ်၏၊ ထိုဆရာရသေ့သည် ဤနဂါးဘုံမှတပါး အခြားဘုံဌာနကို မသိလေယောင်တကား”ဟု စဉ်းစားဆင်ခြင်ကာ နှလုံးမသာမယာ ဖြစ်လေ၏။ ထိုအခါ ထိုပထဝိန္ဓရနဂါးမင်းအား ထိုခဏမှာပင် အဆင်တန်းဆာစုံလင် တန်းဆာဆင်အပ်ပြီးဖြစ်ကြသည့် နဂါးကခြေသည်တို့သည် အလုံးစုံသော အရပ်ဒေသတို့၌ နတ်တူရိယာကို မြှောက်ချီတီးမှုတ်ကြကာ က-ခုန် ဖျော်ဖြေကြလေကုန်၏။ နဂါးမင်းသည် ထိုခဏမှာပင် နဂါး၏ ကိုယ်ခန္ဓာ အတ္တဘောကို စွန့်၍ နတ်လုလင်အသွင်ရှိသူ ဖြစ်လေတော့၏။

     အထူးအားဖြင့် လခွဲတကြိမ် လခွဲတကြိမ်ကျ စတုမဟာရာဇ် နတ်မင်းကြီး လေးဦးသည် သိကြားမင်းအား ခစားဆည်းကပ်ရန် သွားရောက်ကြကုန်၏။ သို့ရကား ပထဝိန္ဓရ နဂါးမင်းသည်လည်း ဝိရူပက္ခနဂါးနတ်မင်းနှင့် အတူတကွ သိကြားမင်းအား ခစားဆည်းကပ်ရန် တနေ့သ၌ သွားရောက်လေသော် သိကြားမင်းသည် ပထဝိန္ဓရနဂါးမင်း လာနေသည်ကို အဝေးမှပင်မြင်၍ မှတ်မိ သိရှိလေ၏။ ထို့နောက် သိကြားမင်းသည် အနီးသို့ လာရောက်ခစားနေသော ထိုပထဝိန္ဓရ နဂါးမင်းကို “မိတ်ဆွေ.. အဘယ်ဘုံဌာန၌ ဖြစ်၍နေသနည်း”ဟု နှုတ်ဆက် မေးမြန်းလေ၏။ ပထဝိန္ဓရနဂါးမင်းက “မပြောပါနှင့် အရှင်သိကြားမင်း..၊ အကျွန်ုပ် သည် ရင်ဖြင့်တွား၍ သွားရသော နဂါးဘုံဌာန၌ ဖြစ်၍နေပါသည်။ အရှင်သိကြားမင်းတို့မှာမူ မိတ်ဆွေကောင်းကို ရတော်မူကြပါပေကုန်ပြီ”ဟု ဝမ်းနည်းစကား ပြောကြားလေလျှင် သိကြားမင်းသည် “မိတ်ဆွေ.. သင်သည် ‘ငါကား မလျော်သော ဘုံဌာန၌ ဖြစ်ရလေခြင်း’ဟု ထွေရာလေးပါး စိတ်အကြံမများပါလင့်၊ လောက၌ ပဒုမုတ္တရ မြတ်စွာဘုရား ထင်ရှား ပွင့်ထွန်း၍နေပါသည်။ သင်သည် ထိုမြတ်စွာဘုရားရှင်၏ အထံတော်၌ အဓိကာရကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ဤသိကြားမင်း ဘုံဌာနကိုပင်



၃၃၂

တောင့်တပါလော့၊ ငါတို့နှစ်ဦးသား ချမ်းသာစွာ နေကြရပါကုန်အံ့”ဟု အားပေးစကား အကြံပေးစကား ပြောကြားလေ၏။ ပထဝိန္ဓရ နဂါးမင်းသည် “ကောင်းပါပြီ အရှင်သိကြားမင်း.. ဤယခု အရှင်သိကြားမင်း မိန့်ဆိုသည့်အတိုင်း အကျွန်ုပ် လိုက်နာပြုကျင့်ပါမည်”ဟု ဝန်ခံပြောဆို၍ ပဒုမုတ္တရ မြတ်စွာဘုရားရှင်ထံတော်သို့ သွားရောက်ကာ မြတ်စွာဘုရားကို (နက်ဖြန် မိမိဘုံဗိမာန်သို့ ကြွရောက်၍ အပူဇော်ခံရန်) ပင့်ဖိတ်ပြီးလျှင် မိမိ၏ နဂါးဘုံ၌ နဂါးပရိသတ်နှင့် အတူတကွ ညဉ့်သုံးယံပတ်လုံး ပူဇော်ဖွယ်ဝတ္ထု အစုစုကို ပြုလုပ်စီမံလေ၏။

     မြတ်စွာဘုရားသည် နောက်တနေ့၌ အရုဏ်တက်လတ်သော် ကိုယ်တော်မြတ်၏ အလုပ်အကျွေးဖြစ်သော အရှင်သုမနမထေရ်ကို “ချစ်သားသုမန.. ယနေ့ မြတ်စွာဘုရားသည် အဝေးအရပ်သို့ ဆွမ်းခံကြွလိမ့်မည်။ ပုထုဇန်ရဟန်းများ မလိုက်ပါ မလာရောက်စေလင့်၊ ပိဋကတ်သုံးပုံဆောင် ပဋိသမ္ဘိဒါပတ္တ ဆဠဘိည ရဟန္တာများသာ ငါဘုရားနှင့် အတူတကွ လိုက်ပါလာရောက်ကြကုန်စေ”ဟု မိန့်မူလေ၏။ မထေရ်သည် မြတ်စွာဘုရား၏ အမိန့်စကားကို ကြားနာပြီးလျှင် ခပ်သိမ်းသော ရဟန်းတို့အား ထိုအကြောင်းကို ပြောကြား လျှောက်ထားလေ၏။

     ထို့နောက် မြတ်စွာဘုရားနှင့် အတူတကွ ပိဋကတ်သုံးပုံဆောင် ပဋိသမ္ဘိဒါပတ္တ ဆဠဘိည ရဟန္တာတသိန်းတို့သည် ကောင်းကင်သို့ ပျံတက်ကြကာ ပထဝိန္ဓရနဂါးမင်း၏ ဘုံဗိမာန်ရှိရာသို့ ကြွတော်မူကြလေကုန်၏။ ပထဝိန္ဓရနဂါးမင်းသည် မိမိ၏ နဂါးပရိသတ်နှင့် အတူတကွ မြတ်စွာဘုရားအား ခရီးဦးကြိုဆိုရန် လာရောက်သည်ရှိသော် မြတ်စွာဘုရားရှင်ကို ဝန်းရံလျက် သမုဒြာရေပြင်ထက်ဝယ် မြအဆင်းရောင်ရှိသည့် လှိုင်းတံပိုးတို့ကို ကြိတ်နင်း ကြွချီလာသော ရဟန်းသံဃာကို ဖူးမြင်ရ၍ အားရဝမ်းသာဖြစ်ရှိကာ ရှေ့ဦးမှ မြတ်စွာဘုရားကို၎င်း, နောက်ဆုံးမှ အငယ်ဆုံးသံဃာ (=သံဃနော) မြတ်စွာဘုရား၏သား ဥပရေ၀တမည်သော သာမဏေငယ်ကို၎င်း ကြည့်ရှုလျက်



၃၃၃

“ကြွင်းကျန်သော သာဝကရဟန်းတို့၏ ဤသို့သော တန်ခိုးအာနုဘော်ကား လက်ဖျစ်တီး၍ မအံ့ချီးထိုက်သေးပါ၊ အလွန်ပျိုမျစ်နုနယ် သူငယ်ဖြစ်သော ဤသာမဏေငယ်၏ ဤသို့သော တန်ခိုးအာနုဘော်ကသာ လက်ဖျစ်တီး၍ အံ့ချီးထိုက်ပါပေစွာ့”ဟု စဉ်းစားဆင်ခြင်ကာ အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရှိလေ၏။

     ထို့နောက် နဂါးမင်း၏ ဘုံဗိမာန်၌ မြတ်စွာဘုရားရှင် ထိုင်နေတော်မူပြီးလျှင် ကြွင်းကျန်သော ရဟန်းတို့လည်း အစွန်မှစ၍ မိမိတို့ ဝါစဉ်အလိုက် ကျရောက်ရာနေရာတို့၌ ထိုင်တော်မူကြသည်ရှိသော် မြတ်စွာဘုရား၏ မျက်မှောက် (ရှေ့တည့်တည့်) အရပ်၌ပင် ရှင်ဥပရေ၀တ သာမဏေငယ်၏ နေရာသည် ကျရောက် လေ၏။ ထိုနေရာ၌ ဥပရေဝတ သာမဏေငယ်သည် ထိုင်နေလေ၏။ ထိုအခါ ပထဝိန္ဓရ နဂါးမင်းသည် ယာဂုကို လှူကပ်သော်၎င်း, ခဲဖွယ်ကို လှူကပ်သော်၎င်း မြတ်စွာဘုရားကိုတလှည့် ရှင်ဥပရေဝတကို တလှည့် လှည့်ကာလှည့်ကာ ကြည့်ရှုလေ၏။

     ရှင်ဥပရေဝတ၏ ကိုယ်၌ မြတ်စွာဘုရားရှင်၏ ကိုယ်တော်မှာကဲ့သို့ မဟာပုရိသ လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးတို့ ထင်ရှားဖြစ်ပေါ်လျက် ရှိကြကုန်၏။ ထို့ကြောင့် နဂါးမင်းသည် မြတ်စွာဘုရားရှင်နှင့် ရှင်ဥပရေ၀တကို တလှည့်စီ ကြည့်ရှုဖူးမြော်လေသည်။ ထို့နောင်မှ နဂါးမင်းသည် “ဤသာမဏေကား ဘုရားရှင်နှင့် ပုံပန်းသဏ္ဌာန် တူလှစွာ၏။ အဘယ်သို့များ တော်စပ်ပါမည်နည်း”ဟု ကြံစည်စဉ်းစားမိ၍ အနီး၌ ထိုင်နေသော ရဟန်းတပါးကို “အရှင်ဘုရား.. ဤသာမဏေငယ်ကလေးသည် မြတ်စွာဘုရားရှင်နှင့် အဘယ်သို့ တော်စပ်ပါသနည်းဘုရား”ဟု လျှောက်ထား မေးမြန်းလေ၏။ ထိုအမေးခံရသော ရဟန်းက “နဂါးမင်း.. ဤသာမဏေငယ်သည် မြတ်စွာဘုရား၏ သားတော် ဖြစ်ပါ၏”ဟု ဖြေကြား မိန့်ဆိုလေလျှင် ပထဝိန္ဓရ နဂါးမင်းသည် “ဤရဟန်းကား အလွန်ကြီးမြတ်စွာ့တကား၊ ဤသို့စဉ် တင့်တယ်ခြင်း အထွဋ်အထိပ်သို့ ရောက်တော်မူသော မြတ်စွာဘုရား၏ သားတော်အဖြစ်ကို ရရှိပေ၏၊ ဤသာမဏေငယ်၏ ကိုယ်သည်လည်း



၃၃၄

တစိတ်တဒေသအားဖြင့် မြတ်စွာဘုရားတို့၏ ကိုယ်တော်နှင့် တူလှစွာ၏။ ငါသည်လည်း နောက်အခါဝယ် ဤသာမဏေငယ်ကဲ့သို့ ဖြစ်မှ သင့်တော့မည်”ဟု ကြံစည်စဉ်းစား၍ ခုနစ်ရက်ကြာ မဟာဒါနကြီး ပေးလှူပြီးလျှင် “မြတ်စွာဘုရား.. တပည့်တော်သည် ဤအဓိကာရကောင်းမှု ကုသိုလ်ကံ အာနုဘော်ကြောင့် ဤဥပရေ၀တ သာမဏေငယ်ကဲ့သို့ နောက်အခါဝယ် တဆူဆူသော ဘုရားရှင်၏ သားတော်ဖြစ်ရပါလို၏”ဟု ဆုတောင်းပတ္ထနာမှုကို ပြုလေ၏။ မြတ်စွာဘုရားသည် အန္တရာယ်မရှိ ဆုတောင်းချက် ပြည့်မည်ကို သိမြင်တော်မူ၍ “နောက်အခါ ဂေါတမမြတ်စွာဘုရား၏ သားတော်စင်စစ် ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူပြီးလျှင် ဖဲကြွတော်မူလေ၏။ (ဤကား အရှင်ရာဟုလာအလောင်း ဗျာဒိတ်ခံရခြင်းတည်း)။

     ပထဝိန္ဓရ နဂါးမင်းသည်လည်း နောက်တဖန် လခွဲရောက်လတ်သော် ဝိရူပက္ခနဂါးမင်းနှင့် အတူတကွ သိကြားမင်းအား ဆည်းကပ်ခစားရန် သွားရောက်ပြန်လေ၏။ ထိုအခါ သိကြားမင်းသည် မိမိအနီး၌ ရပ်တည်လာသော ပထဝိန္ဓရ နဂါးမင်းကို “မိတ်ဆွေ.. သင်သည် ဤတာဝတိံသာ နတ်ပြည်လောကကို တောင့်တပတ္ထနာမှု ပြုအပ်ပြီလော”ဟု မေးလေ၏။ ပထဝိန္ဓရနဂါးမင်းက “မတောင့်တခဲ့မိပါ အရှင်သိကြားမင်း..”ဟု ဖြေကြားလေလျှင် သိကြားမင်းသည် “အဘယ်အပြစ်ကိုမြင်၍ မတောင့်တသနည်း”ဟု တဖန် မေးပြန်လေ၏။ ထိုအခါ ပထဝိန္ဓရ နဂါးမင်းသည် “အပြစ်မရှိပါ အရှင်သိကြားမင်း..၊ စင်စစ်သော်ကား အကျွန်ုပ်သည် မြတ်စွာဘုရား၏သား ဥပရေဝတ သာမဏေငယ်ကို အံ့ဩဖွယ် ဖူးတွေ့ခဲ့ရပြီ၊ ထိုသာမဏေငယ်ကို မြင်အပ်သည့်အချိန်မှစ၍ အကျွန်ုပ်၏ စိတ်သည် အခြားတပါး ဆုတောင်းရန်အချက်များ၌ မညွတ်တော့ပါ။ အကျွန်ုပ်သည် ‘နောက်အခါဝယ် တဆူဆူသော ဘုရားရှင်၏ ဤဥပရေဝတ သာမဏေငယ်ကဲ့သို့သော သားတော်စင်စစ် ဖြစ်ရပါလို၏’ဟု ဆုတောင်းပတ္ထနာမှု ပြုပြီးခဲ့ပါပြီ၊ အို အရှင်သိကြားမင်း.. အရှင်သိကြားမင်းသည်လည်း



၃၃၅

တခုခု ဆုတောင်းမှု ပြုတော်မူပါလော့၊ အရှင်သိကြားမင်းနှင့် အကျွန်ုပ်တို့သည် ဖြစ်လေရာရာ သံသရာဘဝ ဘုံဌာန၌ မကွဲမကွာ ဖြစ်ကြပါကုန်စို့”ဟု တိုက်တွန်းစကား ပြောကြားလေ၏။

     သိကြားမင်းသည် ပထဝိန္ဓရ နဂါးမင်း၏ စကားကို လက်ခံပြီးလျှင် ကြီးမြတ်သော အာနုဘော်ရှိသော ရဟန်းတော်တပါးကို မြင်ရ၍ “ဤအမျိုးကောင်းသားသည် အဘယ်အမျိုးမှ တောထွက်၍ ရဟန်းပြုခဲ့လေသနည်း”ဟု ဆင်ခြင်လတ်သော် “ဤအမျိုးကောင်းသားသည် ကွဲပြားသော တိုင်းနိုင်ငံကို တဖန်စေ့စပ်ခြင်းငှါ စွမ်းဆောင်နိုင်သည့် မြတ်သောအမျိုး၏ သားထူးဖြစ်၍ (၁၄)တဆယ့်လေးထပ် အစာကိုဖြတ်ပြီးလျှင် (ခုနစ်ရက် အစာငတ်ခံပြီးလျှင်) မိဖတို့ကို ရှင်ရဟန်းပြုရန် အခွင့်ကို မရအရတောင်း၍ ရှင်ရဟန်းပြုခဲ့သူ ဖြစ်ပါပေတကား”ဟု ကောင်းစွာ သိပြီးလျှင် မသိဟန်ဆောင်၍ ပဒုမုတ္တရ မြတ်စွာဘုရားရှင်ကို မေးမြန်း လျှောက်ထားပြီးနောက် ခုနစ်ရက်ကြာ ကြီးစွာသော ပူဇော်သက္ကာရမှု ပြု၍ “မြတ်စွာဘုရား.. တပည့်တော် သည် ဤကောင်းမှု၏ အကျိုးဆက်ကြောင့် အရှင်ဘုရားတို့၏ သာသနာဝယ် ဤ(သဒ္ဓါပဗ္ဗဇိတ) အမျိုးကောင်းသား ရဟန်းတော်ကဲ့သို့ နောက်အခါဝယ် တဆူဆူသော ဘုရားရှင်၏ သာသနာတော်၌ သဒ္ဓါကြည်ညို၍ ရဟန်းပြုကြသည့် ရဟန်း (=သဒ္ဓါပဗ္ဗဇိတ ရဟန်း)တို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်ရပါလို၏”ဟု ဆုတောင်းပတ္ထနာမှု ပြုလေ၏။ မြတ်စွာဘုရားရှင်သည် အန္တရာယ်မရှိ ထိုသိကြားမင်း၏ ဆုတောင်းချက် ပြည့်မည်ကို သိမြင်တော်မူလတ်၍ “ဒါယကာသိကြားနတ်မင်း.. သင်သည် နောက်အခါ ဂေါတမမြတ်စွာ သာသနာ၌ သဒ္ဓါပဗ္ဗဇိတ ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ရပုဂ္ဂိုလ် ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူပြီးလျှင် ဖဲကြွတော်မူလေ၏။

     သိကြားနတ်မင်းသည်လည်း ပဒုမုတ္တရ မြတ်စွာဘုရားရှင် အထံတော်မှ ဗျာဒိတ်ကို ခံယူပြီးနောက် မိမိ၏ နတ်ပြည်သို့သာလျှင်



၃၃၆

ပြန်သွားလေ၏။ (ဤကား အရှင်ရဋ္ဌပါလအလောင်း ဗျာဒိတ်ခံရခြင်းတည်း)။

အရှင်ရဋ္ဌပါလ၏ ဝေယျာဝစ္စမှူးဘဝ

     ထိုသူ နှစ်ဦးလုံးတို့ပင် မိမိတို့ဖြစ်ရာ သိကြားမင်းဘဝ, ပထဝိန္ဓရ နဂါးမင်းဘဝတို့မှ စုတေခဲ့ကြပြီးလျှင် နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားကြကုန်လျက် ကမ္ဘာ ထောင်ပေါင်းများစွာတို့ကို လွန်ခဲ့ကြလေသည်။ အထူးအားဖြင့် ဤကမ္ဘာမှအထက် (၉၂)ကိုးဆယ့်နှစ်ကမ္ဘာထက်ဝယ် ဖုဿမြတ်စွာဘုရားသည် လူသုံးပါး၌ ထင်ရှား ပွင့်တော်မူခဲ့လေသည်။ ထိုဖုဿမြတ်စွာဘုရား၏ ခမည်းတော်တော်ကား မဟိန္ဒမင်းကြီး ဖြစ်သည်၊ ထိုဖုဿမြတ်စွာဘုရား၏ ဖတူမိကွဲ မင်းသားညီနောင် သုံးယောက်တို့ ရှိကြလေသည်။ မဟိန္ဒမင်းကြီးသည် နေ့တိုင်း နေ့တိုင်းပင် “ဘုရားရှင်သည် ငါ့ဘုရားသာလျှင် ဖြစ်၏၊ တရားတော်သည် ငါ့တရားသာလျှင် ဖြစ်၏၊ သံဃာတော်သည် ငါ့သံဃာသာလျှင် ဖြစ်၏”ဟု မရက်မစက် မြတ်နိုးလျက် (သူတပါးတို့အား ပြုစုခွင့်မပေးပဲ) မြတ်စွာဘုရားနှင့်တကွ သံဃာတော်ကို အမြဲမပြတ် ဆွမ်းဆက်ကပ်လေသည်။

     ထို့နောက် တနေ့သ၌ မဟိန္ဒမင်းကြီး၏ ပစ္စန္တရစ် = နယ်စွန်နယ်ဖျားသည် သူပုန်ရန်ကြောင့် ပျက်စီးလုမတတ် ဖြစ်၍နေ၏။ မင်းကြီးသည် သားတော်သုံးယောက်တို့ကို “ချစ်သားတို့.. ပစ္စန္တရစ် = နယ်စွန်နယ်ဖျားမှာ သူပုန်ထလျက်ရှိသည်။ ချစ်သားတို့သော်၎င်း, ငါခမည်းတော်သော်၎င်း သွားရောက်မှ သင့်ချေမည်၊ အကယ်၍ ငါခမည်းတော် သွားရောက်ရလျှင် ချစ်သားတို့သည် ဤနည်းအတိုင်း မြတ်စွာဘုရားကို ပြုစုလုပ်ကျွေးကြရမည်”ဟု မိန့်ဆိုလေ၏။ ထိုအခါ မင်းသားသုံးယောက်လုံးကပင် တပြိုင်နက်တည်း “ခမည်းတော်ဘုရား.. ခမည်းတော်တို့ သွားရမည့်ကိစ္စ မဟုတ်ပါ။ အကျွန်ုပ်တို့သည်ပင် သွားရောက်ကြ၍ သူပုန်ရန်လှေး ငြိမ်းအေးစေကြပါမည်”ဟု တညီတညွတ်တည်း လျှောက်ထားကြ၍



၃၃၇

ခမည်းတော်မင်းကြီးကို ရှိခိုးကြပြီးလျှင် ပစ္စန္တရစ်သို့ သွားရောက်ကြကာ သူပုန်ရန်ကို နှိမ်နင်းကြပြီးနောက် စစ်ပွဲအောင်နိုင်ခဲ့ကြ၍ နေပြည်တော်သို့ တဖန် ပြန်ခဲ့ကြလေကုန်သည်။

     မင်းသားသုံးယောက်တို့သည် လမ်းခရီးအကြား၌ ခြေရင်းအလုပ်အကျွေး လူယုံများနှင့် “အမောင်တို့.. ငါတို့အား နေပြည်တော်သို့ရောက်သော ခဏမှာပင် ခမည်းတော် မင်းကြီးသည် ဆုပေးတော်မူလိမ့်မည်၊ အဘယ်ဆုကို ငါတို့ ယူကြရမည်နည်း”ဟု တိုင်ပင်စကား ပြောကြားကြကုန်၏။ လူယုံတော်များက “အရှင်မင်းသားတို့.. အရှင်တို့အဖို့ရာ ခမည်းတော်ကြီး နတ်ရွာစံ လွန်သောအခါ၌ ရခဲသောအရာဟူ၍ မရှိဖြစ်လေသည်။ စင်စစ်သော်ကား အရှင်မင်းသားတို့၏ နောင်တော်ကြီး ဖြစ်တော်မူသည့် ဖုဿမြတ်စွာဘုရားရှင်ကို ပြုစုလုပ်ကျွေးခွင့် ဆုကိုသာ ယူတော်မူကြပါကုန်လော့”ဟု အကြံပေးစကား လျှောက်ထားကြလေလျှင် မင်းသားတို့သည် “အမောင်တို့.. အမောင်တို့သည် ကောင်းသော အကြံပေးစကား ပြောကြားအပ်ပါပေသည်”ဟု အကြံပေးချက်ကို လက်ခံကြ၍ အားလုံးပင် စိတ်သဘော တူညီကြကာ နေပြည်တော်သို့ ပြန်ရောက်၍ ခမည်းတော်မင်းကြီးကို သွားရောက်ဖူးမြော် တွေ့ဆုံကြလေ၏။

     ထိုအခါ ခမည်းတော်မင်းကြီးသည် သားတော်တို့အား အားရကြည်ညိုလှ၍ ဆုကို ပေးလေ၏။ မင်းသားတို့က “သုံးလပတ်လုံး မြတ်စွာဘုရားကို ပြုစုလုပ်ကျွေးကြပါကုန်အံ့”ဟု ဆုတောင်းကြလေလျှင် မင်းကြီးသည် “ဤဆုကိုကား ငါမပေးနိုင်၊ အခြားဆုတခုကို လွှဲပြောင်းယူကြလော့”ဟု ဆိုလေ၏။ မင်းသားတို့သည် “ခမည်းတော်ဘုရား.. အကျွန်ုပ်တို့အဖို့ရာ အခြားတပါးသောဆုဖြင့် အလုပ်ကိစ္စ မရှိပါ။ အကယ်၍ ခမည်းတော်ဘုရားတို့ ဆုပေးတော်မူလိုကြပါလျှင် ဤ(မြတ်စွာဘုရားကို သုံးလကြာ ပြုစုနိုင်ခွင့်) ဆုကိုသာ အကျွန်ုပ်တို့အား ပေးတော်မူကြပါ”ဟု အခိုင်အမာစကား လျှောက်ထား တောင်းခံကြလေ၏။ မင်းကြီးသည် မင်းသားတို့က အဖန်ဖန် အထပ်ထပ် ပြောဆို တောင်းခံကြလတ်သော်



၃၃၈

ကိုယ်တိုင်ကပင် လိုရာဆုကို ပေးပါမည်ဟု ဝန်ခံအပ်ပြီး ဖြစ်သောကြောင့် “ငါသည် မပေးပဲ မနေနိုင်”ဟု ကြံစည် ဆင်ခြင်မိ၍ သားတော်များကို “ချစ်သားတို့.. ငါသည် သင်တို့အား ဝန်ခံရင်းအတိုင်း သင်တို့လိုသည့်ဆုကို ပေးပါမည်၊ အထူးမှာထား ငါခမည်းတော် ပြောကြားလိုသည်မှာ မြတ်စွာဘုရားတို့မည်သည် တကိုယ်တည်း လှည့်လည် နေတော်မူကြသည်ဖြစ်၍ ကေသရခြင်္သေ့မင်းတို့ပမာ လွန်စွာ ချဉ်းကပ်နိုင်ခဲကုန်၏၊ သို့ရကား သင်ချစ်သားတို့သည် မြတ်စွာဘုရားကို ပြုစုလုပ်ကျွေးကြလျှင် မမေ့မလျော့ပဲ ပြုစုလုပ်ကျွေးကြကုန်လော့”ဟု မိန့်ဆိုလေ၏။

     မင်းသားညီနောင် သုံးဦးတို့သည် “ငါတို့သည် မြတ်စွာဘုရားရှင်ကို ပြုစုလုပ်ကျွေးကြလျှင် မြတ်စွာဘုရားအရေတော်နှင့် သင့်အောင် ပြုလုပ်ကြ၍ ပြုစုလုပ်ကျွေးကြမှ သင့်တော်မည်”ဟု ကြံစည်တိုင်ပင်ကြ၍ စိတ်သဘော တူညီကြလျက် ဆယ်ပါးသီလတို့ကို ဆောက်တည် ခံယူကြပြီးလျှင် *အကုသိုလ်တည်းဟူသော အပုပ်နံ့ လုံးဝမရှိကြပဲ “မြတ်စွာဘုရားရှင်အား လှူဒါန်းရမည့် အလှူတင်းကုပ် အလုပ်ဝယ် အားထုတ်ရွက်ဆောင်ကြမည့် ရှေ့ဆောင်ယောက်ျား သုံးဦးသားတို့ကို ခန့်ထားကြလေ၏။


     * နိရာမဂန္ဓာ (အဋ္ဌကထာ) = အကုသိုလ်တည်းဟူသော အပုပ်နံ့ ကိလေသာတည်းဟူသော အပုပ်နံ့ လုံးဝမရှိကြပဲ-ဟု အနက်ယောဇနာရန် ဋီကာ၌ ဖွင့်ပြလေသည်။ မှန်၏- ဤအရာ၌ ကိလေသာတရား မပြတ် ဖြစ်ပွားခြင်းကို အပုပ်နံ့ဟူ၍ အာမဂန္ဓဟူ၍ ခေါ်ဆိုအပ်သည်။ အကြောင်းကား ထိုကိလေသာတရား မပြတ်ဖြစ်ပွားနေလျှင် နှစ်သက်ဖွယ်မရှိသောကြောင့်၎င်း, ကိလေသာမစင်တို့နှင့် ရောထွေးနေသောကြောင့်၎င်း, သူတော်ကောင်းတို့ စက်ဆုပ်အပ်သောကြောင့်၎င်း, အလွန့်အလွန် ရနံ့မကောင်း ပုပ်လှောင်းအောင် ရွက်ဆောင်တတ်သောကြောင့်၎င်းတည်း။ ထိုသို့ အကုသိုလ်တရား ကိလေသာတရားတို့၏ ရနံ့မကောင်း ပုပ်လှောင်းအောင် ရွက်ဆောင်တတ်ရာ၌ အထောက်သာဓကကာ ဉာပကကို ဖော်ပြရလျှင် ကိလေသာပြောထူသော သူတို့သည် အလွန့်အလွန် ပုပ်လှောင်း ရနံ့မကောင်းကုန်၊ ထို့ကြောင့်ပင် ကိလေသာမရှိသော ပုဂ္ဂိုလ်တို့၏ သေပြီး သူကောင်အလောင်းသည် ရနံ့မကောင်း မဖြစ်ချေ။ ဋီကာမှ အထူး ကောက်နုတ်ဖော်ပြအပ်ပါသည်။



၃၃၉

     ထိုသုံးဦးသားတို့တွင် တဦးကား ဥစ္စာစပါးဖြစ်အောင် ရှေ့ဆောင် အားထုတ်ရ၏။ အခြားတဦးကား နေ့စဉ် ကုန်ကျမည့် စရိတ်အတွက် ဥစ္စာစပါးကို အပြည့်အဝဖြစ်အောင် ရှေ့ဆောင်၍ ထုတ်ဆောင် ခြင်တွယ်ပေးရ၏။ အခြား တတိယတဦးကား လှူဒါန်းမှုကိစ္စ ပြည့်စုံထမြောက်အောင် ရှေ့ဆောင်စီမံရ၏။ ထိုသူသုံးယောက်အနက် ဤယခု နောက်ဆုံး ပစ္ဆိမဘ၀ အကျွန်ုပ်တို့၏ မြတ်စွာဘုရား လက်ထက်တော်အခါဝယ် ပဌမလူ = ဥစ္စာစပါး ဖြစ်ပွါးလာအောင် ရှေ့ဆောင် အားထုတ်ရသော ယောက်ျားသည် ဗိမ္ဗိသာရမင်းကြီး ဖြစ်လာလေသည်။ ဒုတိယလူ = ဥစ္စာစပါးကို အပြည့်အဝဖြစ်အောင် ရှေ့ဆောင်၍ ခြင်တွယ်ထုတ်ပေး ရသော ယောက်ျားသည် ဝိသာခသူဌေး ဖြစ်လာ၏။ တတိယလူ = အလှူဒါန ဝေယျာဝစ္စမှူး ယောက်ျားသည် အရှင်ရဋ္ဌပါလမထေရ် ဖြစ်လာလေသည်။

အရှင်ရာဟုလာ၏ ပထဝိန္ဓရမင်းသားဘဝ

     အရှင်ရာဟုလာ မထေရ်သည်ကား ကဿပမြတ်စွာ လက်ထက်တော်အခါဝယ် ကာသိတိုင်းရှင် ဘုရင်ကိကီမင်းကြီး၏ သားတော်အကြီး ဖြစ်လာလေသည်၊ ထိုသားတော်ကြီး၏ အမည်ကို မယ်တော် ခမည်းတော်တို့က “ပထဝိန္ဓရမင်းသား”ဟု မှည့်ခေါ်ကြလေသည်။ ထိုမင်းသားမှာ-

(၁) ခေမာထေရီအလောင်း = သမဏီမင်းသမီး,

(၂) ဥပ္ပလဝဏ်ထေရီအလောင်း= သမဏဂုတ္တာမင်းသမီး

(၃) ပဋာစာရာထေရီအလောင်း = ဘိက္ခုနီမင်းသမီး,

(၄) ကုဏ္ဍလကေသီထေရီအလောင်း = ဘိက္ခုဒါယိကာမင်းသမီး,

(၅) ကိသာဂေါတမီထေရီအလောင်း = ဓမ္မာမင်းသမီး,

(၆) ဓမ္မဒိန္နာထေရီအလောင်း = သုဓမ္မာမင်းသမီး,



၃၄၀

(၇) ဝိသာခါ ဥပါသိကာအလောင်း = သံဃဒါယိကာမင်းသမီး-

ဟူ၍ ညီမ = နှမ ခုနစ်ယောက်တို့ ရှိကြလေသည်။

     ညီမ = နှမ မင်းသမီး ခုနစ်ယောက်တို့က အသီးအသီး ကဿပ မြတ်စွာဘုရားရှင်အတွက် ပရိဝုဏ်ခုနစ်ခုကို ဆောက်လုပ်စေပြီး လှူဒါန်းပြီး ဖြစ်ကြသောအခါမှာ ပထဝိန္ဓရမင်းသားသည် အိမ်ရှေ့ရာထူးကို ရရှိလေသည်။ မင်းသားသည် ထိုသို့ အိမ်ရှေ့ရာထူးကို ရရှိသောအခါ ညီမ = နှမ မင်းသမီး ခုနစ်ယောက်တို့ကို “ညီမတို့.. သင်တို့ ဆောက်လုပ်ပြီးသော ပရိဝုဏ်ခုနစ်ခုတို့အထဲမှ တခုကို ငါ့အားလည်း ခွဲဝေပေးကြပါဦး”ဟု တောင်းခံစကား ပြောကြားလေသည်။ ထိုအခါ မင်းသမီးတို့သည် “မောင်ကြီး.. မောင်ကြီးတို့သည် အိမ်ရှေ့မင်းအဖြစ်၌ တည်ကြပြီးသူများ ဖြစ်ကြပါသည်၊ မောင်ကြီးတို့ကသာ အကျွန်ုပ် ညီမငယ်များအား ပေးသင့်ပါသည်။ မောင်ကြီးတို့သည် အခြား ပရိဝုဏ်အသစ်တခုကို တည်ဆောက်ကြစေချင်ပါသည်”ဟု ပြန်ကြား ပြောဆိုကြလေ၏။

     ပထဝိန္ဓရ အိမ်ရှေ့မင်းသားသည် ညီမမင်းသမီးတို့ ပြောဆိုသောစကားကို ကြားသိရပြီးနောက် အိမ်ရှေ့မင်းဟူသော ဂုဏ်နှင့် လိုက်လျောအောင် ကျောင်းတိုက်ကြီးပေါင်း (၅၀၀)ငါးရာ တည်ဆောက်လှူဒါန်းလေ၏။ (ပရိဝုဏ်ငါးရာဟုလည်း ဆိုကြ၏)။ ပထဝိန္ဓရမင်းသားသည် ထိုဘဝ၌ အသက်ထက်ဆုံး ကုသိုလ် ကောင်းမှုကို ပြုလုပ်၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ ဖြစ်လေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုကြခြင်း

     ဤအကျွန်ုပ်တို့၏ ဘုရားမြတ်စွာ သာသနာခေတ်သို့ ရောက်လတ်သော်ကား ပထဝိန္ဓရ မင်းသားသည် အကျွန်ုပ်တို့ မြတ်စွာဘုရားအလောင်းတော် (သိဒ္ဓတ်မင်း)၏ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးဖြစ်သူ ယသော်ဓရာ မိဖုရားကြီး၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေ ယူနေဖြစ်ပွါးကာ ရာဟုလာမင်းသားဟု ထင်ရှားလာလေသည်။



၃၄၁

ထိုရာဟုလာ၏ သူငယ်ချင်းကား ကုရုတိုင်း ထုလ္လကောဋ္ဌိက နိဂုံးဝယ် ရဋ္ဌပါလသူဌေးအိမ်၌ ရဋ္ဌပါလ-မည်သော သူဌေးသား ဖြစ်လာလေသည်။

(ဤမှနောက် ရာဟုလမင်းသားကို ရှင်ပြုပေးသော အကြောင်းအရာ အကျယ်ကို အောက် မဟာဗုဒ္ဓဝင် တတိယတွဲ စာမျက်နှာ ၁၃၂-၌ ပြန်လည်ကြည့်ရှု မှတ်သားကုန်ရာ၏။ အရှင်ရာဟုလာကို အကြောင်းပြု၍ မဟာရာဟုလောဝါဒသုတ်ကို ဟောတော်မူခြင်း, အရှင်ရာဟုလာကို အကြောင်းပြု၍ များစွာသော တရားဒေသနာတို့ကို ဟောတော်မူခြင်း-စသော အကြောင်းအရာများကို အောက် မဟာဗုဒ္ဓဝင် စတုတ္ထတွဲ စာမျက်နှာ ၁၇၃-မှစ၍ ပြန်လည်ကြည့်ရှု မှတ်ယူကုန်ရာ၏)။

အရှင်ရာဟုလာ၏ သိက္ခာသုံးပါး လိုလားပုံအကြောင်း

     (အောက် မဟာဗုဒ္ဓဝင် တတိယတွဲ စာမျက်နှာ ၁၃၂-၌ ပြဆိုအပ်ခဲ့ပြီးသောအတိုင်း) မြတ်စွာဘုရားသည် ရှင်သာမဏေ ပြုစေပြီးနောက် ရာဟုလသာမဏေအား အမြဲမပြတ် ဆုံးမတော်မူသောအားဖြင့် သုတ္တနိပါတ် ပါဠိတော်လာ ရာဟုလောဝါဒသုတ္တန်ကို ဟောကြားတော်မူလေသည်။ (ခုဒ္ဒကပါဌာဒိ ပိဋက မြန်မာပြန် “ခု မြန် ၁၊ မျက်နှာ ၃၁၀-၃၁၁”၌ ကြည့်ပါလေ၊) ဤ“အဘိဏှရာဟုလောဝါဒသုတ်” တရားသားအချုပ်ကိုလည်း-

(မိတ်ကောင်းမှီစေ၊ တောရပ်နေ၊ သုံးလေ မတ္တညု။

ပစ္စည်း ၄-ဖြာ၊ မတွယ်တာ၊ တဏှာငြိမ်းအောင်ပြု။

ပါတိမောက္ခ၊ သံဝရ၊ သီလလုံစေမှု။

တံခါးခြောက်ထွေ၊ ဣန္ဒြေ၊ ငြိမ်စေပိတ်ဆို့ပြု။

သတိမြဲရာ၊ ကိုယ်၌သာ၊ ခန္ဓာငြီးငွေ့မှု။

သုဘနိမိတ်၊ ခွါရှောင်ဆိတ်၊ ဈာန်စိတ်ပိုင်အောင်ရှု။

အနိမိတ္တ၊ ထင်စေမှ၊ မာနကွာအောင်ရှု။

ဤနည်းကျင့်ပေ၊ ဝဋ်သုံးထွေ၊ ငြိမ်းလေမှန်သည်ဟု။

ရာဟုလာအား၊ ဒို့ဘုရား၊ ဟောကြားနေ့နေ့မှု)-

ဟူသော လင်္ကာအတိုင်း မှတ်ယူရာ၏။



၃၄၂

     ရာဟုလသာမဏေသည်လည်း စောစီးစွာ အိပ်ရာက ထပြီးလျှင် လက်ခုပ်ဖြင့် သဲမှုန့်များကို ကျုံးယူပြီးနောက် “ငါသည် ယနေ့အဖို့ရာ မြတ်စွာဘုရားရှင် အထံတော်မှ၎င်း, ဆရာဥပဇ္ဈာယ်တို့၏ အထံမှ၎င်း ဤသဲမှုန့်နှင့်အမျှ အဆုံးအမ ဩဝါဒကို ရပါလို၏”ဟု ဆိုလေ့ရှိ၏။ သို့ရကား ရဟန်းသံဃာတို့အလယ်၌ “ရာဟုလသာမဏေသည် အဆုံးအမကို လွယ်ကူစွာ ခံယူသူ ဖြစ်စွာ့တကား၊ ခမည်းတော် မြတ်စွာဘုရားအား သင့်လျော် လျောက်ပတ်သည့် သားထူးသားမြတ် ဖြစ်စွာ့တကား”ဟု ရာဟုလာနှင့်စပ်သည့် ဂုဏ်ကျေးဇူးစကား ထင်ရှားဖြစ်လေသည်။

     မြတ်စွာဘုရားသည် ရဟန်းတို့၏ စိတ်ဖြစ်ပုံကို သိတော်မူ၍ “ငါဘုရား ကြွသွားလျှင် တရားဒေသနာတခုလည်း တိုးပွါး ဖြစ်ထွန်းလိမ့်မည်၊ ရာဟုလာ၏ ဂုဏ်ကျေးဇူးသည်လည်း ပေါ်လွင် ထင်ရှားလိမ့်မည်”ဟု ကြံစည် ဆင်ခြင်တော်မူကာ ဓမ္မသဘင်သို့ ကြွတော်မူ၍ ဗုဒ္ဓါသန မမ္မပလ္လင်၌ ထိုင်နေတော်မူလျက် ရဟန်းတို့ကို “ရဟန်းတို့.. ယခုအခါ သင်တို့သည် အဘယ်စကားဖြင့် စည်းဝေးညီမူ၍ နေကြသနည်း”ဟု မေးတော်မူလေ၏။ ရဟန်းတို့က “မြတ်စွာဘုရား.. တပည့်တော်တို့သည် ရာဟုလသာမဏေ၏ အဆုံးအမကို လွယ်ကူစွာ ခံယူခြင်းနှင့်စပ်သော ဂုဏ်ကျေးဇူးစကားကို ပြောကြား၍ နေကြပါသည်ဘုရား”ဟု လျှောက်ထားကြလေလျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ထိုအကြောင်းဝတ္ထု၌ (ဧကကနိပါတ်၊ ၂-သီလဝဂ်၊ ၆-ခုမြောက်) တိပလ္လတ္ထမိဂဇာတ်ကို ဟောတော်မူလေသည်။ (ထိုဇာတ်တော် အကြောင်းအရာ အကျယ်ကို ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု ဧကကနိပါတ်မှ ကြည့်ရှု မှတ်ယူကုန်ရာ၏)။

     မြတ်စွာဘုရားသည် ရှင်ရာဟုလာအား ခုနစ်နှစ်အရွယ် သာမဏေငယ် အခါ၌ပင် “ရာဟုလာသည် ငယ်ရွယ်သူ ဖြစ်သောကြောင့် မုသားစကား ပြောကြားလေရာ၏၊ မြူးထူး ပျော်ရွှင်လိုသဖြင့်လည်း မုသားစကား မပြောကြားပါစေလင့်”ဟု ရည်ရွယ်တော်မူကာ (မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ-လာ) အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်ကို



၃၄၃

ဟောတော်မူလေသည်။ (ထိုအကြောင်းကို အောက် မဟာဗုဒ္ဓဝင် တတိယတွဲ စာမျက်နှာ ၁၆၇-မှစ၍ အကျယ်ရေးခဲ့ပြီ)။

     (၁၈)တဆယ့်ရှစ်နှစ်သားအရွယ် သာမဏေအခါ၌ မဟာရာဟုလောဝါဒသုတ်ကို ဟောတော်မူလေသည်။ (အောက် မဟာဗုဒ္ဓဝင် စတုတ္ထတွဲ စာမျက်နှာ ၁၇၃-မှစ၍ အကျယ်ဖော်ပြခဲ့ပြီးပြီ)။

     ရှင်ရာဟုလာ ဝိပဿနာအလုပ် အားထုတ်နိုင်ရန်အတွက် ရာဟုလသံယုတ် (သုတ်ပေါင်း ၂၂-သုတ်)ကို၎င်း, အင်္ဂုတ္တရ စတုက္ကနိပါတ် (မျက်နှာ ၄၈၃၊ “အင်မြန်၁-၄၉ဂ”လာ) ရာဟုလသုတ်ကို၎င်း ဟောတော်မူလေသည်။

     ထို့နောက် မြတ်စွာဘုရားသည် ရှင်ရာဟုလာ၏ ဉာဏ်ပညာ ရင့်ကျက်နေပြီကို သိတော်မူ၍ ရှင်ရာဟုလာ ရဟန်းဖြစ်ပြီးစ ဝါမရမီ အချိန်မှာ (မ ၃၊ ၃၂၄-လာ) စူဠရာဟုလောဝါဒသုတ်ကို ဟောတော်မူသည်။ (ထိုအကြောင်းကို အောက် မဟာဗုဒ္ဓဝင် စတုတ္ထတွဲ စာမျက်နှာ ၂၀၇-၌ အကျယ်ဖော်ပြခဲ့ပြီ။)

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     မြတ်စွာဘုရားသည် နောက်တချိန်ဝယ် အရိယာသံဃာတော်အလယ်၌ ထိုင်နေတော်မူလျက် ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ထူး ချီးကျူး နှင်းအပ်တော်မူသောအခါ အရှင်ရာဟုလာမထေရ်ကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ သိက္ခာကာမာနံ ယဒိဒံ ရာဟုလော = ရဟန်းတို့.. သိက္ခာသုံးပါး လိုလားကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ရာဟုလာသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”—

ဟု ချီးကျူးမြွက်ဆိုတော်မူကာ “သိက္ခာကာမ = သိက္ခာသုံးပါး လိုလားသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။



၃၄၄

အရှင်ရဋ္ဌပါလ ရဟန်းပြုခြင်း

     မြတ်စွာဘုရားသည် ကုရုတိုင်း၌ ဒေသစာရီ ထွက်ချီတော်မူခဲ့၍ ထုလ္လကောဋ္ဌိကနိဂုံး (=အိမ်တိုင်းအိမ်တိုင်း ကျီတိုင်းကျီတိုင်း၌ စပါးအပြည့် အမြဲရှိနေသောနိဂုံး)သို့ ဆိုက်ရောက်တော်မူလေသော် ရဋ္ဌပါလသူဌေးသားသည် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ သဒ္ဓါတရား ကြီးမားစွာ ဖြစ်ရှိကာ မယ်တော် ခမည်းတော်တို့ကို (အောက် သုဒိန်သူဌေးသားနည်းတူ) ခဲယဉ်းစွာ ခွင့်ပြုစေကြပြီးနောက် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ဆည်းကပ်၍ မြတ်စွာဘုရား၏ စေခိုင်းတော်မူချက်အရ ရဟန်းတပါး၏အထံ၌ ရှင်ရဟန်းပြုခဲ့လေသည်။

     ရဋ္ဌပါလသူဌေးသား ရှင်ရဟန်းပြုသောနေ့မှစ၍ ဖခင်သူဌေးကြီးသည် မိမိအိမ်တံခါးဝသို့ ရဟန်းတော်များ ကြွလာသည်ကို မြင်ရလျှင် “ကိုယ်တော်တို့၏အဖို့ရာ ဤအိမ်မှာ ဘာအလုပ်များရှိသနည်း၊ တပည့်တော်တို့မှာ သားတယောက်တည်း ရှိပါသည်။ ထိုတယောက်တည်းသောသားကို ကိုယ်တော်တို့သည် ခေါ်ယူသွားကြပြီး ဖြစ်ပါကုန်၏၊ ယခုအခါ အဘယ်အမှု ပြုကြဦးမည်နည်း”ဟု ဆဲရေးစကား ရေရွတ်စကား ပြောကြားလေသည်။

     မြတ်စွာဘုရားသည် ဆယ့်ငါးရက် (=လဝက်)သာ ထုလ္လကောဋ္ဌိက နိဂုံး၌ သီတင်းသုံး နေထိုင်တော်မူပြီးနောက် သာဝတ္ထိသို့ပင် တဖန် ပြန်ကြွတော်မူလေ၏။ ထိုသာဝတ္ထိပြည်၌ အရှင်ရဋ္ဌပါလသည် ဝိပဿနာတရား ပွါးများကြိုးကုတ် အားထုတ်တော်မူသဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေ၏။

     ရဋ္ဌပါလမထေရ်သည် မြတ်စွာဘုရားရှင်ထံတော်၌ ခွင့်ပန်ပြီးလျှင် မယ်တော် ခမည်းတော်တို့ကို တွေ့မြင်ရန်အတွက် ထုလ္လကောဋ္ဌိကနိဂုံးသို့ ကြွရောက်၌ အိမ်စဉ်အတိုင်း ဆွမ်းခံ လှည့်လည်တော်မူလတ်သော် (အောက် အရှင်သုဒိန် အခဏ်းကကဲ့သို့ပင်) ဖခင်သူဌေးအိမ်မှ တညဉ့်သိုးပြီးသော မုယောမုန့်ကို ရခဲ့၍ ထို မုယောမုန့်သိုးကို အမြိုက်သုဓာဘုတ်ပမာ မြိန်ရှက်စွာ



၃၄၅

ဘုဉ်းပေး သုံးဆောင်တော်မူလေသည်။ မထေရ်ကို ဖခင်သူဌေးကြီး တွေ့၍ အပြစ်တင် မခံနိုင်စကား ပြောကြားကာ ဆွမ်းစားရန် အိမ်သို့ပင့်သော်လည်း (ထိုနေ့အဖို့ရာ ဆွမ်းကိစ္စ ပြီးပြီဖြစ်၍) နက်ဖြန်အတွက်သာ လက်ခံတော်မူ၍ နောက်တနေ့၌ မထေရ်သည် ဖခင်သူဌေးကြီးအိမ်၌ ဆွမ်းဘုဉ်းပေးပြီးလျှင် တန်းဆာစုံလင် ဆင်ယင်ပြီးသော မိန်းမအပေါင်း၌ အသုဘ သညာကို ဖြစ်စေတော်မူကာ ရပ်တော်မူလျက်ပင် တရားဟောတော်မူ၍ လေးညှို့မှ လွှတ်လိုက်သော မြားပမာ ကောင်းကင်သို့ ပျံတက်ပြီးလျှင် ကောရဗျမင်း၏ မိဂစီရဥယျာဉ်သို့ ကြွရောက်ကာ မင်္ဂလာကျောက်ဖျာ၌ ထိုင်နေတော်မူလေ၏။

     ထိုသို့ ထိုင်နေပြီးနောက် ဥယျာဉ်မှူး၏ ပြောကြားလျှောက်ထား သိစေချက်အရ မိမိထံမှောက် အဖူးအမြော် ရောက်ရှိလာသော ကောရဗျမင်းအား ပါရိဇုည (=ဆုံးရှုံးပျက်စီးခြင်း) လေးပါးတို့ဖြင့် တန်းဆာဆင်အပ်သော ဓမ္မုဒ္ဒေသလေးပါးနှင့်စပ်သည့် တရားစကားကို အကျယ် ဟောကြားပြီးလျှင် အစဉ်သဖြင့် ခရီးဒေသစာရီ ကြွချီခဲ့ရာ တဖန် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ ရောက်ရှိလေ၏။ ဤသို့လျှင် ဤအရှင် ရဋ္ဌပါလမထေရ်၏ အကြောင်းအရာဝတ္ထုသည် ဖြစ်ပေါ်ခဲ့လေသည်။ (ဤဖော်ပြရာပါ မထေရ်၏ ပစ္စုပ္ပန်ဝတ္ထု အကြောင်းအရာ အကျယ်ကို မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသပါဠိ စာမျက်နှာ၂၄၄- ပိဋကတ်မြန်မာပြန် “မ မြန် ၂” စာမျက်နှာ ၂၅၅-မှစ၍ ကြည့်ရှုမှတ်ယူကုန်ရာ၏)။

အရှင်ရဌပါလ ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     မြတ်စွာဘုရားသည် နောက်တချိန်ဝယ် အရိယာသံဃာတော်အလယ်၌ ထိုင်နေတော်မူလျက် ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ထူး ချီးကျူး နှင်းအပ်တော်မူသောအခါ အရှင်ရဋ္ဌပါလမထေရ်ကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ သဒ္ဓါပဗ္ဗဇိတာနံ ယဒိဒံ ရဋ္ဌပါလော = ရဟန်းတို့.. သဒ္ဓါတရားဖြင့်



၃၄၆

ရဟန်းပြုကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ရဋ္ဌပါလသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မြွက်ဆိုတော်မူကာ “သဒ္ဓါပဗ္ဗဇိတ = သဒ္ဓါတရားဖြင့် ရဟန်းပြုကြသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

(ဤ၌။ ။အရှင်ရာဟုလာသည် ရှင်ဖြစ်သောနေ့မှ အစပြု၍ နေ့စဉ်နေ့စဉ် နံနက်စောစောထပြီးလျှင် လက်ခုပ်နှင့်အပြည့် သဲမှုန့်တို့ကို ဆုပ်ယူလျက် “ငါသည် ယနေ့ မြတ်စွာဘုရားရှင် အထံတော်မှ၎င်း, ဆရာဥပဇ္ဈယ်တို့၏ အထံမှ၎င်း ဤသဲမှုန့်သဲပွင့်များနှင့် အညီအမျှ အဆုံးအမ ဩဝါဒ အနုသာသနီတို့ကို ရရှိပါမူ ကောင်းလေစွာ့”ဟု တောင့်တလေ့ရှိသည်။ ထို့ကြောင့် “သိက္ခာကာမ = သိက္ခာသုံးပါးကို အလွန်လိုလား ဖြည့်ကျင့်သော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ရပုဂ္ဂိုလ် ဖြစ်လေသည်။

အရှင်ရဋ္ဌပါလသည် မြတ်စွာဘုရား၏ တရားဒေသနာကို ကြားနာရ၍ သဒ္ဓါတရား အထူးဖြစ်ပွါးကာ အစာထမင်း ဆယ့်လေးနပ် (=ခုနစ်ရက်) အငတ်ခံကာ မိဖတို့ကို ရှင်ရဟန်းပြုခွင့်ပေးကြရန် ခဲခဲယဉ်းယဉ်း ဆင်းရဲစွာ ဆောင်ရွက်၍ ရှင်ရဟန်းပြုခဲ့ရလေသည်။ ထို့ကြောင့် “သဒ္ဓါပဗ္ဗဇိတ = သဒ္ဓါတရားကြီးမားစွာဖြင့် ရဟန်းပြုသော အရာ”ဝယ် သာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ရပုဂ္ဂိုလ် ဖြစ်လေသည်။ ။ဤသို့လည်း အထူးမှတ်ရာ၏)။

ဤကား အရှင်ရာဟုလာ, အရှင်ရဋ္ဌပါလ မထေရ်၂-ပါး အကြောင်းတည်း။

**********