အရှင်အာနန္ဒာ မထေရ်မြတ်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၃၀) အရှင်အာနန္ဒာ မထေရ်မြတ်အကြောင်း

(၃၀) အရှင်အာနန္ဒာမထေရ်မြတ်အကြောင်း

(က) မထေရ်မြတ်၏ ရှေးဆုတောင်း

     ဤကမ္ဘာမှ ပဋိလောမအဆန် ပြန်၍ရေတွက်လျှင် ကမ္ဘာတသိန်းထက်၌ ပဒုမုတ္တရ မြတ်စွာဘုရား ပွင့်ထွန်းတော်မူလေသည်။ ထိုပဒုမုတ္တရမြတ်စွာဘုရား၏ ဖွားတော်မူရာ နေပြည်တော်ကား ဟံသာဝတီ မင်းနေပြည်, ခမည်းတော်ကား အာနန္ဒမင်းကြီး, မယ်တော်ကား သုဇာတာမိဖုရားကြီး, အဂ္ဂသာဝက ၂-ပါးတို့ကား ဒေဝလမထေရ်နှင့် သုဇာတမထေရ်တို့ ဖြစ်ကြသည်။ အဂ္ဂသာဝိကာ ၂-ပါးတို့ကား အမိတာထေရီနှင့် အသမာထေရီတို့ ဖြစ်ကြသည်။ အလုပ်အကျွေး = ဥပဋ္ဌာကကား သုမနမထေရ် ဖြစ်လေသည်။ ပဒုမုတ္တရ မြတ်စွာဘုရားသည် ခမည်းတော်မင်းကြီးအား ချီးမြှောက်တော်မူလျက် ရဟန်းတသိန်း အခြံအရံရှိကာ ဟံသာဝတီ မင်းနေပြည်ကို အမှီဂေါစရဂါမ်ပြုကာ သီတင်းသုံး နေထိုင်တော်မူဆဲအချိန် ဖြစ်လေသည်။

     ပဒုမုတ္တရ မြတ်စွာဘုရား၏ လူဖြစ်စဉ်ကာလက ဖတူမိကွဲဖြစ်သော ညီငယ်ကား (အရှင်အာနန္ဒာအလောင်း) သုမနမင်းသား အမည်ရှိလေသည်။ အာနန္ဒမင်းကြီးသည် သားတော် သုမနမင်းသားအား ဟံသာဝတီ မင်းနေပြည်မှ ခရီးယူဇနာ



၄၃၆

(၁၂ဝ)တရာ့နှစ်ဆယ် ဝေးကွာသောအရပ်၌ မြို့စားခန့်အပ်လေသည်။ မြို့စား သုမနမင်းသားသည် ရံခါရံခါ ဟံသာဝတီ နေပြည်တော်သို့ လာ၍ ခမည်းတော် မင်းကြီးကို၎င်း, နောင်တော် ပဒုမုတ္တရ မြတ်စွာဘုရားကို၎င်း ဖူးမြော်လေသည်။

     တနေ့သ၌ ပစ္စန္တရစ် = တိုင်းစွန်ပြည်နား အရပ်သည် သူပုန်လူဆိုးတို့ ထကြွသောင်းကျန်းသဖြင့် ပျက်စီးအံ့ကဲ့သို့ ရှိလေသည်။ သုမနမင်းသားသည် ခမည်းတော်မင်းကြီးထံ ထိုအကြောင်းကို တမန်စေလွှတ်၍ အကြောင်းကြား လျှောက်ထားစေသောအခါ ခမည်းတော် အာနန္ဒမင်းကြီးသည် “သင့်ကို ငါသည် ထိုအရပ်၌ အဘယ့်ကြောင့် ထားအပ်သနည်း = သူပုန်ဘေးရန်ကို နှိမ်နင်းရန် ထားအပ်သည် မဟုတ်လော”ဟု အတုံ့သဝဏ်လွှာကို တဖန် ပြန်၍ပို့စေ၏။ မြို့စား သုမနမင်းသားသည် ခမည်းတော်၏ သဝဏ်တုံ့လွှာကိုရလျှင် သူပုန်လူဆိုးတို့ကို တိုက်ဖျက်ကာ ပြည်ရွာကို ငြိမ်းအေးစေလျက်“ခမည်းတော်မြတ်.. ဇနပုဒ် = တိုက်နယ်ကား ငြိမ်းအေးသာယာ ရှိပါပြီ”ဟု ခမည်းတော်ထံ သဝဏ်ပို့စေလေ၏။ ခမည်းတော်မင်းကြီးသည် လွန်စွာအားရ နှစ်သက်တော်မူလှ၍ “သားတော်သည် အလျင်အမြန် ခမည်းတော်ထံ လာရောက်စေ”ဟု အမိန့်ချ ဆင့်ခေါ်တော်မူလေ၏။

     မြို့စား သုမနမင်းသားမှာ အမတ်တထောင် ရှိလေသည်။ မင်းသားသည် ထိုအမတ်တို့နှင့် အတူတကွ ခမည်းတော်ထံ လာရောက်လေရာ လမ်းခရီးအကြား၌ “ငါ့ခမည်းတော်ဘုရားက အားရနှစ်သက်တော်မူလှ၍ အကယ်၍များ ဆုပေးသနားတော်မူလျှင် အဘယ်ဆုကို ယူရမည်နည်း”ဟု အမတ်တို့နှင့် တိုင်ပင်ဆွေးနွေးလေ၏။ ထိုအခါ မင်းသားကို အချို့အမတ်တို့က “ဆင်ကို ယူကြပါကုန်, မြင်းကို ယူကြပါကုန်, ဇနပုဒ် = တိုက်နယ်ကို ယူကြပါကုန်, ရတနာခုနစ်ပါးတို့ကို ယူကြပါကုန်” ဤသို့ စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ အကြံပေးစကား လျှောက်ထားကြကုန်၏။ အခြား အမြော်အမြင်ကြီးမားကြသည့် ပညာရှင်အမတ်တို့ကမူ-



၄၃၇

“အရှင်မင်းသား.. အရှင့်သားတို့သည် ရေမြေရှင်၏ သားတော်တို့ ဖြစ်ကြပါသည်။ အရှင်သားတို့အဖို့ရာ ရွှေငွေစသော လောကီဥစ္စာစုကား ရခဲသည်မဟုတ်ပါ = ရလွယ်လှပါ၏၊ ရအပ်ပါသော်လည်း ထိုလောကီဥစ္စာ ရတနာ အားလုံးကို နောက်ဆုံး၌ စွန့်ပစ်၍သာ သွားရမည် ဖြစ်ပါသည်၊ ကုသိုလ်ကောင်းမှု တခုကိုသာ ယူဆောင်၍ တမလွန်လောက သွားကြရမည် ဖြစ်ပါသည်။ ထို့ကြောင့် ခမည်းတော်မင်းမြတ်က ဆုလာဘ်များ ပေးတော်မူလျှင် ဝါတွင်းသုံးလပတ်လုံး (အရှင့်သားတို့၏ နောင်တော်) ပဒုမုတ္တရ မြတ်စွာဘုရားရှင်ကို ပြုစုလုပ်ကျွေးရန် ဆုကိုသာ ယူတော်မူကြပါကုန်”-

ဟု အကြံပေးစကား လျှောက်ထားကြလေ၏။

     သုမနမင်းသားသည် “သင်တို့သည် ငါ၏ မိတ်ဆွေကောင်းများ ဖြစ်ကြပါပေသည်။ ငါ့မှာ ထိုသို့သောစိတ် မရှိခဲ့ပါ၊ သင်တို့ကသာ ဖြစ်စေအပ်ပါပေသည်၊ အိမ်း.. ကောင်းပြီ ငါလိုက်နာမည်”ဟု ပြော၍ နေပြည်တော်သို့ရောက်လျှင် ခမည်းတော်မင်းကြီးကို ရှိခိုးပြီးနောက် ခမည်းတော်မင်းကြီးက သားတော်၏ လည်ကိုဖက်၍ ဦးထိပ်၌ နမ်းစုပ်ပြီးသော် “ချစ်သား.. ငါသည် သင့်အား အလိုရှိရာဆုကို ပေး၏”ဟု ဆိုလတ်သော် “မြတ်သော ခမည်းတော် မင်းကြီးဘုရား.. အကျွန်ုပ် သားတော်သည် နောင်တော် မြတ်စွာဘုရားကို ဝါတွင်းသုံးလပတ်လုံး ပစ္စည်းလေးပါးတို့ဖြင့် ပြုစုလုပ်ကျွေးလျက် မိမိ ယခုဘ၀ ရနေသောအသက်ကို အမြုံ-မဖြစ်အောင် ပြုလုပ်လိုပါသည်။ ခမည်းတော်ဘုရား.. သားတော်အား ဤ(ဝါတွင်းသုံးလကြာ မြတ်စွာဘုရားကို ပြုစုရခြင်း) ဆုကို ပေးတော်မူပါဘုရား”ဟု လျှောက်ထားလေ၏။ ခမည်းတော်မင်းကြီးက “ချစ်သား.. ဤဆုကိုကား မပေးနိုင်၊ အခြားဆုတပါးပါးကို ပြောင်း၍ ယူလော့”ဟု ဆိုလေသော် သုမနမင်းသားသည် “ခမည်းတော်ဘုရား.. ရေမြေပိုင်လျှင်း မင်းတို့၏အဖို့ရာ စကားနှစ်ခွ ပြောဆိုကြရိုးထုံး မရှိပါ၊



၄၃၈

ထိုလျှောက်ဆိုရာပါ ဆုကိုပင် သားတော်အား ပေးပါလော့၊ သားတော်၏ အဖို့ရာ အခြားဆုကို အလိုမရှိပါ”ဟု အခိုင်အမာ လျှောက်ထားလေ၏။

     ခမည်းတော် အာနန္ဒမင်းကြီးသည် “ချစ်သား.. ဘုရားရှင်တို့၏ စိတ်အလိုတော်မည်သည်ကို သိနိုင်ခဲလှ၏။ အကယ်၍ မြတ်စွာဘုရားရှင်က သားတော်ပင့်ရာသို့ ကြွရောက်လိုက်ပါရန် အလိုတော်မရှိခဲ့ပါလျှင် ငါခမည်းတော်က ပေးအပ်ပါသော်လည်း အဘယ်မှာ ဖြစ်နိုင်အံ့နည်း”ဟု မေးလွှဲစကား ပြောကြားလေ၏။ သုမနမင်းသားသည် “ကောင်းပါပြီ ခမည်းတော်ဘုရား.. သားကိုယ်တိုင် နောင်တော် မြတ်စွာဘုရားထံ ဆည်းကပ်၍ မြတ်စွာဘုရား၏ စိတ်အလိုတော်ကို သိအောင် ပြုလုပ်ပါမည်”ဟု စကားချည်၍ မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူရာ ကျောင်းတိုက်တော်သို့ သွားရောက်လေ၏။

     ထိုအချိန်၌ မြတ်စွာဘုရားသည် ဆွမ်းကိစ္စကို ပြီးစေ၍ ဂန္ဓကုဋီ ကျောင်းတော်သို့ ဝင်ပြီးဖြစ်တော်မူလေသည်။ သုမနမင်းသားသည် ညီမူရာတန်ဆောင်းဝန်း = ဓမ္မသာလာ၌ စည်းဝေးနေကြသော ရဟန်းတို့ထံသို့ သွားရောက်လေ၏။ ထိုအခါ ရဟန်းတို့သည် သုမနမင်းသားကို “မင်းသား.. အဘယ့်ကြောင့်လာသနည်း”ဟု မေးကြကုန်၏။ မင်းသားက “မြတ်စွာဘုရားကို ဖူးမြင်ရန် လာရောက်ပါသည်ဘုရား။ တပည့်တော်အား မြတ်စွာဘုရားကို ပြတော်မူကြပါ”ဟု လျှောက်ထားလေလျှင် ရဟန်းတို့သည် “မင်းသား.. ငါတို့သည် အလိုရှိအပ် အလိုရှိအပ်သော ခဏ၌ မြတ်စွာဘုရားကို ဖူးမြော်ခွင့် မရနိုင်ကြပါကုန်”ဟု ပြန်ကြား မိန့်ဆိုကြလေကုန်၏။ မင်းသားက “အရှင်ဘုရားတို့.. အဘယ်အရှင်မြတ်သည် လိုအပ် လိုအပ်သော ခဏ၌ မြတ်စွာဘုရားကို ဖူးတွေ့ခွင့် ရပါသနည်း”ဟု မေးပြန်လေလျှင် ရဟန်းတို့သည် “မင်းသား.. သုမန-မည်သော မထေရ်သည် လိုအပ် လိုအပ်သောခဏ၌ မြတ်စွာဘုရားကို ဖူးတွေ့ခွင့် ရပါ၏”ဟု ပြန်ပြီး မိန့်ဆိုလေကုန်၏။ မင်းသားသည် “အရှင်ဘုရားတို့.. ထိုသုမနမထေရ်သည် ယခု အဘယ်မှာနည်း”ဟု



၄၃၉

မထေရ်၏ နေရာဌာနကို မေးမြန်း သွားရောက် ရှိခိုးပြီးလျှင် “အရှင်ဘုရား.. တပည့်တော်သည် မြတ်စွာဘုရားကို ဖူးတွေ့လိုပါ၏၊ တပည့်တော်အား မြတ်စွာဘုရားကို ပြတော်မူကြပါ”ဟု တောင်းပန် လျှောက်ထားလေ၏။

     သုမနမထေရ်မြတ်သည် သုမနမင်းသား မြင်စဉ်ပင် အာပေါကသိဏဈာန်ကို ၀င်စား၍ မဟာပထဝီမြေကြီးကို “ရေဖြစ်စေသား”ဟု အဓိဋ္ဌာန်တော်မူပြီးလျှင် ရေဟုထင်ရသော မြေအပြင်၌ ငုပ်လျှိုး၍ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ဂန္ဓကုဋီ ကျောင်းတော်၌ ထင်ရှားပေါ်လေ၏။ ထိုအခါ သုမနမထေရ်ကို မြတ်စွာဘုရားက “ချစ်သားသုမန.. အဘယ့်ကြောင့် လာသနည်း”ဟု မေးတော်မူ၍ မထေရ်က “မြတ်စွာဘုရား.. ညီတော် သုမနမင်းသားသည် ရှင်တော်ဘုရားကို အဖူးအမြော် လာရောက်နေပါသည်ဘုရား”ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “ချစ်သားရဟန်း.. ထိုသို့ဖြစ်လျှင် နေရာကို ခင်းလော့”ဟု မိန့်တော်မူလေ၏။ တဖန် အရှင်သုမနမထေရ်သည် သုမနမင်းသား မြင်စဉ်ပင် ဘုရားနေရာတော်ကို ယူဆောင်ခဲ့၍ ဂန္ဓကုဋီ ကျောင်းတော်အတွင်း၌ ငုပ်လျှိုးပြီးလျှင် ပရိဝုဏ်အပြင်ဖက်၌ ထင်ရှား ပေါ်တော်မူ၍ ထိုပရိဝုဏ်၌ပင် ဘုရားနေရာတော်ကို ခင်းကျင်းလေ၏။ သုမနမင်းသားသည် ဤအံ့ဖွယ်နှစ်ပါးကို မြင်ရ၍ “ဤရဟန်းသည် တန်ခိုးရာထူး ကြီးမြတ်စွာ့တကား”ဟု စဉ်းစား ဆင်ခြင်မိလေ၏။

     ပဒုမုတ္တရ မြတ်စွာဘုရားသည် ဂန္ဓကုဋီကျောင်းတော်မှ ထွက်ကြွတော်မူ၍ ခင်းထားအပ်သော ဘုရားနေရာတော်၌ ထိုင်နေတော်မူလေ၏။ သုမနမင်းသားသည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အစေ့အစပ်စကား လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်က “မင်းသား.. အဘယ်အချိန်က လာရောက်သနည်း”ဟု မေး တော်မူလေလျှင် မင်းသားသည် “မြတ်စွာဘုရား.. အရှင်ဘုရားတို့ ဂန္ဓကုဋီ ကျောင်းတော်သို့ ဝင်နေတော်မူစဉ် တပည့်တော် ရောက်ပါသည်၊ ရဟန်းတို့သည်ကား ‘ငါတို့သည် အလိုရှိအပ်



၄၄၀

အလိုရှိအပ်သော ခဏ၌ မြတ်စွာဘုရားကို ဖူးမြော်ခွင့် မရနိုင်ကြပါကုန်’ဟု မိန့်ဆိုတော်မူကြကာ တပည့်တော်ကို အရှင်သုမနမထေရ် အထံသို့ ပို့ကြပါကုန်သည်၊ မထေရ်မြတ်သည်ကား စကားတခွန်းတည်းဖြင့်ပင် တပည့်တော်အား မြတ်စွာဘုရားကို ပြတော်မူပါ၏ = ဖူးတွေ့ခွင့်ရအောင် ဆောင်ရွက်တော်မူပါ၏။ မြတ်စွာဘုရား .. အရှင်သုမနမထေရ်သည် အရှင်ဘုရားတို့၏ သာသနာတော်၌ အကျွမ်းဝင်သူဖြစ်၏ဟု ထင်ပါသည်ဘုရား”ဟု လျှောက်ထားလေ၏။

     မြတ်စွာဘုရားရှင်က “အိမ်း.. ဟုတ်ပေသည်၊ မင်းသား.. ဤသုမနရဟန်းသည် ငါဘုရား၏ သာသနာ၌ အကျွမ်းဝင်သူစင်စစ် ဖြစ်ပေ၏”ဟု မိန့်တော်မူလေလျှင် မင်းသားသည် “မြတ်စွာဘုရား.. အဘယ်ကောင်းမှုကို ပြုလုပ်၍ ဘုရားရှင်တို့၏ သာသနာတော်၌ အကျွမ်းဝင်သူများ ဖြစ်နိုင်ကြပါသနည်း”ဟု မေးလျှောက်လေ၏။ မြတ်စွာဘုရားရှင်က “အလှူဒါန ပေးလှူ၍ သီလသီတင်း ဆောက်တည်၍ ဥပုသ်နှလုံး ကျင့်သုံး၍ ဘုရားရှင်တို့၏ သာသနာတော်၌ အကျွမ်းဝင်သူများ ဖြစ်နိုင်ကုန်၏ မင်းသား..”ဟု မိန့်တော်မူလေလျှင် သုမနမင်းသားသည် (အခွင့်ကောင်းရပြီ ဖြစ်ရကား) “မြတ်စွာဘုရား.. တပည့်တော်သည် အရှင်သုမနမထေရ်ကဲ့သို့ ဘုရားသာသနာတော်၌ အကျွမ်းဝင်သူ ဖြစ်လိုပါသည်၊ နက်ဖြန်ခါ တပည့်တော်၏ ဆွမ်းကို လက်ခံ သာယာတော်မူကြပါဘုရား”ဟု လျှောက်ထား ပင့်ဖိတ်လေ၏။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေတော်မူသဖြင့် မင်းသား ပင့်လျှောက်ချက်ကို လက်ခံတော်မူလေ၏။ မင်းသားသည် မိမိ၏ တဲနန်းအိမ်သို့ ပြန်သွား၍ တညဉ့်လုံး ကြီးစွာသော ပူဇော်ဖွယ်ကို စီမံပြီးလျှင် ခုနစ်ရက်တို့ပတ်လုံး “ယာယီတဲနန်း အလှူဆွမ်း” မည်သည်ကို တခမ်းတနား ပေးလှူလေ၏။

     ခုနစ်ရက်မြောက်ရောက်သောနေ့၌ သုမနမင်းသားသည် မြတ်စွာ ဘုရားကို ရှိခိုးပြီးလျှင် “မြတ်စွာဘုရား.. တပည့်တော်သည် ခမည်းတော် မင်းတရားအထံမှ ဝါတွင်းသုံးလပတ်လုံး



၄၄၁

အရှင်ဘုရားတို့အား ပြုစုလုပ်ကျွေးခွင့်ဆုကို ရယူအပ်ပြီးပါပြီ၊ ဝါတွင်းသုံးလ တပည့်တော်၏ ကျောင်းတိုက်၌ ဝါဆို သီတင်းသုံးတော်မူရန် လက်ခံ သာယာတော်မူကြပါဘုရား”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် “ထိုမင်းသား ပင့်ဆောင်ရာသို့ ငါဘုရား သွားရောက်လိုက်ပါသဖြင့် အကျိုးရှိမည်လော”ဟု ကြည့်ရှုဆင်ခြင်တော်မူ၍ “အကျိုးရှိမည်”ဟု သိမြင်တော်မူပြီးလျှင် “မင်းသား.. မြတ်စွာဘုရားတို့သည် ဆိတ်ငြိမ်ရာအရပ်၌ မွေ့လျော်တော်မူကြကုန်၏”ဟု မိန့်တော်မူလေ၏။

     သုမနမင်းသားသည် “သိအပ်ပါပြီ ဘုန်းတော်ကြီးသော မြတ်စွာ ဘုရား..၊ သိအပ်ပါပြီ ကောင်းသောစကား မိန့်ကြားတော်မူသော မြတ်စွာဘုရား..”ဟု လျှောက်ထား၍ “မြတ်စွာဘုရား.. တပည့်တော်သည် အလျင်လက်ဦး သွားနှင့်၍ ကျောင်းတိုက်ကို တည်ဆောက်ပါမည်၊ ကျောင်းတိုက် တည်ဆောက်ပြီး၍ တပည့်တော်က ပင့်လျှောက်သောအခါ ရဟန်းတော် တသိန်းနှင့် အတူတကွ ကြွတော်မူခဲ့ကြပါဘုရား”ဟု လျှောက်ထားကာ မြတ်စွာဘုရားကို ဝန်ခံချက်ကို ယူစေပြီးလျှင် (=ကြွရောက်မည်ဟု ဝန်ခံစကား မြတ်စွာဘုရားက မိန့်ကြားတော်မူပြီးမှ) ခမည်းတော် မင်းကြီးထံသို့ သွားရောက်၍ “ခမည်းတော်ဘုရား.. သားတော်အား နောင်တော် မြတ်ဘုရားက သားတော်ပင့်ဆောင်ရာ လိုက်ပါမည့်အကြောင်း ပဋိညာဉ် ဝန်ခံချက် ပေးအပ်ပြီးပါပြီ၊ သားတော်က အပင့်လွှတ်သော အခါမှာသာ ခမည်းတော်တို့က မြတ်စွာဘုရားကို သားတော်၏နေရပ်သို့ ပို့ဆောင်တော်မူကြပါ”ဟု လျှောက်ထား မှာကြားခဲ့၍ ခမည်းတော်ကို ရိုသေမြတ်နိုး ရှိခိုးဦးညွတ်ကာ နေပြည်တော်မှ ထွက်ခဲ့၍ လမ်းခရီးအကြား တယူဇနာ တယူဇနာလျှင် စံကျောင်းတော် တကျောင်း တကျောင်း ဆောက်လုပ်စေ၍ ယူဇနာ (၁၂၀)တရာ့နှစ်ဆယ် ဝေးကွာသော ခရီးသို့ သွားရောက်ခဲ့လေသည်။ မိမိ၏ စားကျေးမြို့သို့ ရောက်လျှင်ပင် ကျောင်းတိုက်တော် တည်ရန်နေရာကို ဖွေရှာ စူးစမ်းလတ် သော် သောဘဏ-မည်သော သူကြွယ်၏ ဥယျာဉ်ကို တွေ့ရ၍



၄၄၂

အသပြာတသိန်းဖြင့် ဝယ်ယူပြီးလျှင် အသပြာတသိန်းကိုပင် လက်ခကံကျွေး စွန့်လှူပေး၍ ကျောင်းတိုက်ကြီး တည်ဆောက်စေလေ၏။

     ထိုသောဘဏသူကြွယ်၏ ဥယျာဉ်၌ မြတ်စွာဘုရားရှင် အဖို့ရာ ဂန္ဓကုဋီ ကျောင်းတော်ကို၎င်း, ကြွင်းသော ရဟန်းတို့အဖို့ရာ ညဉ့်သန့်ရာ, နေ့သန့်ရာ အလို့ငှါ ကုဋီလိုဏ် မဏ္ဍပ်တို့ကို၎င်း ဆောက်လုပ်စေ၍ တံတိုင်းအရံအတား တံခါးမုခ်တို့ကို ပြီးစီးအောင် ပြုလုပ်စေပြီးသော် ခမည်းတော် မင်းကြီးထံသို့ “ခမည်းတော်ဘုရား.. သားတော်၏ဆိုင်ရာ လုပ်ဆောင်ရန် ကိစ္စအဝဝ ပြီးပြေရှိပါပြီ။ နောင်တော် မြတ်စွာဘုရားကို သားတော်တို့အရပ်သို့ ပို့ဆောင်တော်မူကြပါကုန်”ဟု တမန်စေလွှတ်၍ အကြောင်းကြား လျှောက်ထားစေလေ၏။

     ခမည်းတော် အာနန္ဒမင်းကြီးသည် သားတော် ပဒုမုတ္တရ မြတ်စွာဘုရားရှင်ကို တပည့်ရဟန်းတော် တသိန်းတို့နှင့် အတူတကွ ဆွမ်းဆက်ကပ် လှူဒါန်းပြီးလျှင် “သားတော်မြတ်စွာဘုရား.. အရှင့်ညီတော် သုမနမင်းသား၏ဆိုင်ရာ လုပ်ဆောင်ရန် ကိစ္စအဝဝ ပြီးပြေရှိနေပါပြီ၊ အရှင်ဘုရားတို့၏ ကြွလာတော်မူခြင်းကို လွန်မင်းစွာ တောင့်တမျှော်ခေါ်လျက် ရှိနေပါသည်ဘုရား”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် တပည့်ရဟန်းတသိန်း ခြံရံအပ်လျက် တယူဇနာ တယူဇနာဝယ် အသင့်ဆောက်လုပ်ပြီး ရှိနှင့်သော စံကျောင်းတော်တို့၌ ချမ်းသာစွာ အပန်းဖြေ နားနေ ညဉ့်ကျိန်းစက်တော်မူ၍ ယူဇနာ တရာ့နှစ်ဆယ်ခရီးကို မပင်မပန်း ကြွချီတော်မူလေ၏။

     သုမနမင်းသားသည် “မြတ်စွာဘုရား ကြွလာတော်မူ၏”ဟု ကြားသိရ၍ တယူဇနာတိုင်တိုင် သွားရောက် ခရီးဦးကြိုဆိုပြီးလျှင် နံ့သာ,ပန်း-စသည်တို့ဖြင့် ပူဇော်လျက် ကျောင်းတိုက်အတွင်း ရိုသေစွာ ပင့်ဆောင်သွင်းပြီးလတ်သော်-

“သတသဟဿေန မေ ကီတံ၊ သတသဟဿေန မာပိတံ။

သောဘဏံ နာမ ဥယျာနံ၊ ပဋိဂ္ဂဏှ မဟာမုနိ။



၄၄၃

မဟာမုနိ = အာဂါရိက စသည်အပြား မုနိများ၏ ဦးဖျားပရမေ သုံးလူ့ဆွေ ဖြစ်တော်မူသော မြတ်စွာဘုရား။ မေ = သုမနတွင်ခေါ် ဘုရားတပည့်တော်သည်။ သောဘဏံ နာမ ဥယျာနံ = သောဘဏသူကြွယ် တည်စိုက်၍ သမိုက်နာမ သောဘဏအမည်ရှိသော ဥယျာဉ်ကို။ သတသဟဿေန = တသိန်းသင်္ချာ အသပြာဖြင့်။ ကီတံ = တန်ဘိုးကဲဖြတ် ဝယ်ယူအပ်ပါပြီ။ သတသဟဿေန = တသိန်းသင်္ချာ အသပြာဖြင့်။ မာပိတံ = ကျောင်းတိုက်တော်ကြီး ဖန်တီးတည်ဆောက်အပ်ပြီးသည်ကို။ ပဋိဂ္ဂဏှ = ကရုဏာရှေးရှူ အလှူခံတော်မူပါဘုရား..”-

ဟူသော ဤဂါထာဖြင့် လျှောက်ထားကာ ကျောင်းတိုက်တော်ကို မြတ်စွာဘုရားရှင်အား လှူဒါန်းလေ၏။

     သုမနမင်းသားသည် ဝါကပ်သောနေ့၌ အလှူဒါန ပေးလှူပြီးသော် မိမိ၏ သား, မယား, အမတ်များကို ခေါ်စေ၍ “မြတ်စွာဘုရားသည် ငါတို့၏အထံသို့ ခရီးယူဇနာ တရာ့နှစ်ဆယ် ဝေးကွာသောအရပ်မှပင် ကြွချီတော်မူလာပေသည်၊ ဘုရားရှင်တို့မည်သည် တရားကိုသာ အလေးပြုတော်မူကြကုန်၏။ ပစ္စည်းလေးဖြာ အာမိသကို အလေးပြုတော်မမူကြ ကြည့်ရှုတော်မမူကြကုန်၊ ထို့ကြောင့် ငါသည် ဤဝါတွင်း သုံးလပတ်လုံး အဝတ်နှစ်ထည်တို့ကိုသာ ဝတ်၍ ဆယ်ပါးသီလတို့ကို ဆောက်တည်ပြီးလျှင် ဘုရားရှင် သီတင်းသုံးတော်မူရာ ဤကျောင်းတိုက်မှာပင် နေပေအံ့၊ အမောင်တို့ အမိတို့သည် ဘုရားအမှူးပြုသော ရဟန္တာတသိန်းအား ဤနည်းဖြင့်ပင် ဝါတွင်းသုံးလပတ်လုံး အလှူဒါန ပေးလှူကြကုန်လော့”ဟု မှာထား ပြောဆိုကာ ဆယ်ပါးသီလတို့ကို ဆောက်တည်စောင့်ထိန်း၍ အဝတ်နှစ်ထည်ကိုသာ ဝတ်ဆင်ကာ ကျောင်းတော်၌ပင် နေရစ်လေ၏။

     သုမနမင်းသားသည် မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်သော အရှင်သုမနမထေရ် နေရာကျောင်းနှင့် အနီးဖြစ်သော အရပ်ဝယ်



၄၄၄

နေထိုင်လျက် မထေရ်သူမြတ်က မြတ်စွာဘုရားအား ၀တ်ကြီးဝတ်ငယ်ဥဿုံ အလုံးစုံ ပြုတော်မူအပ်သည်ကို မြင်လတ်၍ “ဤမထေရ်မြတ်သည် ဤဥပဋ္ဌာက = အလုပ်အကျွေး အရာဌာန၌ ဧကပင် အကျွမ်းဝင်သူဖြစ်၏၊ ငါသည် ဤမထေရ်မြတ်၏ ရာထူးဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုမှပင် သင့်တော့မည်”ဟု ကြံစည် ဆင်ခြင်ပြီးနောက် ပဝါရဏာပြုမည့် (သီတင်းကျွတ် လပြည့်)နေ့ နီးကပ်လတ်သော် (သီတင်းကျွတ်လဆန်း ၈-ရက်နေ့လောက်၌) မြို့တွင်းသို့ဝင်၍ ခုနစ်ရက်တိုင်တိုင် အလှူကြီး ပေးလှူပြီးလျှင် ခုနစ်ရက်မြောက် ရောက်သောနေ့၌ ရဟန်းတသိန်း၏ ခြေရင်းဝယ် တိစီဝရိက် သင်္ကန်းအစုံတို့ကို ထားရှိတည်ခင်း ပြီးနောက် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးလျက် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဟံသာဝတီ မင်းနေပြည်ဝယ် ယာယီတဲနန်း ဆွမ်းအလှူမှစ၍ ခပ်သိမ်းဥဿုံ အလုံးစုံသော ကုသိုလ်ကောင်းမှုများကို တပည့်တော်သည် သိကြားနတ်မင်း စည်းစိမ်ကို တောင့်တ၍လည်း ပြုသည်မဟုတ်ပါ။ မာရ်မင်း, ဗြဟ္မာမင်းတို့ စည်းစိမ်ကို တောင့်တ၍လည်း ပြုသည်မဟုတ်ပါ၊ စင်စစ်သော်ကား မြတ်စွာဘုရား၏ အလုပ်အကျွေး = ဥပဋ္ဌာက ရဟန်းအဖြစ်ကို တောင့်တ၍သာ ပြုအပ်ခဲ့ပါသည်၊ ထို့ကြောင့် မြတ်စွာဘုရား.. တပည့်တော်သည် အနာဂတ် နောက်ကာလဝယ် သုမနမထေရ်သူမြတ်ကဲ့သို့ တဆူဆူသော မြတ်စွာဘုရားရှင်၏ အလုပ်အကျွေး = ဥပဋ္ဌာက ဖြစ်ရပါလို၏”ဟု ဆုတောင်းစကား လျှောက်ထားလေ၏။

     ပဒုမုတ္တရ မြတ်စွာဘုရားသည် သုမနမင်းသား၏ ဆုတောင်းပတ္ထနာချက် အန္တရာယ်မရှိ ပြည့်စုံမည်ကို မြင်တော်မူ၍ ဗျာဒိတ်စကား မိန့်ကြားတော်မူပြီးလျှင် ဖဲကြွတော်မူလေ၏။ သုမနမင်းသားသည် မြတ်စွာဘုရား၏ ဗျာဒိတ်စကားကို ကြားရလျှင်ပင် “ဘုရားရှင်တို့မည်သည် နှစ်ခွသောစကား ရှိတော်မမူကြကုန် = ဧကန်မလွဲ မြဲသောစကား ရှိတော်မူကြကုန်၏”ဟု ဆင်ခြင်မိကာ ဗျာဒိတ်ကြားသည့်နေ့မှ ဒုတိယမြောက် နောက်နေ့မှာပင်



၄၄၅

အစိန္တေယျ သုံးလောကထွတ်ထား ဂေါတမမြတ်စွာဘုရား၏ သပိတ်သင်္ကန်းကို ယူဆောင်ကာ နောက်တော်မှ ဖဝါးခြေထပ် ထက်ကြပ်မကွာ လိုက်ပါရမည့် သူကဲ့သို့ ပီတိဖြင့် ပြည့်ဖုံးသော စိတ်နှလုံးရှိသူ ဖြစ်လေ၏။

အကြားကာလ ကောင်းမှုများ

     သုမနမင်းသားသည် ပဒုမုတ္တရမြတ်စွာ သာသနာခေတ်၌ အနှစ်တသိန်းကြာ ဒါနကောင်းမှု ပြုလုပ်၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်၌ဖြစ်လျက် တဖန် ကဿပမြတ်စွာ လက်ထက်တော်အခါ၌ ဆွမ်းခံကြွသော မထေရ်မြတ်တပါးအား သပိတ်အောက်မှ ခံယူရန် မိမိ၏ အပေါ်ရုံ စုလျားတဘက်ကို ဆက်ကပ်လှူဒါန်း ပူဇော်သော သူတော်ကောင်း ဖြစ်ပြန်လေသည်။

     တဖန် ထိုဘဝမှ စုတေပြန်သော် နတ်ပြည်၌ဖြစ်၍ ထိုနတ်ပြည်မှ စုတေလတ်သော် ဤလူ့ပြည်ဝယ် ဗာရာဏသီမင်းဖြစ်၍ တနေ့သ၌ ပြာသာဒ်မအထက်၌ နေရာက ဂန္ဓမာဒနတောင်မှ ကောင်းကင်ခရီးဖြင့် ကြွရောက်တော်မူလာကြသည့် ပစ္စေကဗုဒ္ဓါ အရှင်မြတ် ရှစ်ဆူတို့ကို ဖူးမြင်ရ၍ ရွှေနန်းတော်သို့ ပင့်စေကာ ဆွမ်းဆက်ကပ် လှူဒါန်းပြီးလျှင် မိမိ၏ မင်္ဂလာဥယျာဉ်အတွင်း၌ ထိုပစ္စေကဗုဒ္ဓါအရှင်မြတ် ရှစ်ဆူတို့အတွက် သင်္ခမ်းကျောင်း ရှစ်ကျောင်းတို့ကို ဆောက်လုပ် လှူဒါန်းသည့်ပြင် ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို နန်းတော်သို့ ကြွရောက်လာကြလျှင် ထိုင်စရာအလို့ငှါ ရတနာဆယ်ပါးတို့ဖြင့်ပြီးသော အင်းပျဉ်ကြီး ရှစ်လုံးတို့ကို၎င်း, သပိတ်တော်များ တင်ထားရန်အလို့ငှါ ပတ္တမြားသပိတ်ခြေတို့ကို၎င်း အသင့်စီမံလျက် နှစ်ပေါင်း တသောင်းကြာ ထိုပစ္စေကဗုဒ္ဓါ ရှစ်ဆူတို့အား ပြုစုလုပ်ကျွေးလေသည်။ ဤသည်တို့ကား ထင်ရှားသော အရာဌာနတို့ ဖြစ်ကုန်၏၊ ထိုမှတပါးလည်း ဤကမ္ဘာတသိန်း ကာလအတွင်း များစွာသော ကောင်းမှုကုသိုလ်တို့ကို ပြုခဲ့လေသည်။



၄၄၆

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ယင်းသို့ ကမ္ဘာတသိန်းကြာ အလှူဒါန မျိုးကြဲချလျက်ပင် အကျွန်ုပ်တို့၏ မြတ်စွာဘုရား အလောင်းတော်နှင့် အတူတကွ တုသိတာနတ်ပြည်၌ဖြစ်၍ ထိုဘဝမှ စုတေလတ်သော် ကပိလဝတ် နေပြည်တော်ဝယ် အမိတောဒန သာကီဝင်မင်း၏သား ဖြစ်လာလေသည်၊ ထိုမင်းသား၏ အမည်ကို “ဆွေမျိုးအားလုံးတို့ နှစ်သက် ဝမ်းမြောက်အောင် ပြု၍ ဖြစ်ပွါးလာသောကြောင့် အာနန္ဒမင်းသား”ဟု အမည်မှည့်ကြလေကုန်၏။ ထိုအာနန္ဒမင်းသားသည် အစဉ်သဖြင့် မြတ်စွာဘုရားရှင် တောထွက်ကာ ဘုရားဖြစ်ပြီးနောက် ပဌမအကြိမ် ကြွရောက်ခြင်းဖြင့် ကပိလဝတ် နေပြည်တော်သို့ ကြွရောက်တော်မူလာ၍ ထိုနေပြည်တော်မှ တဖန် ထွက်ကြွတော်မူပြန်သောအခါ မြတ်စွာဘုရား၏ အခြံအရံ ဖြစ်ကြရန်အတွက် သာကီဝင်မင်းသား များစွာကို ရဟန်းပြုကြသည်ရှိသော် ဘဒ္ဒိယမင်းသား- စသည်တို့နှင့် အတူတကွ တောထွက်ခဲ့၍ အနုပီယမြို့၏အနီး အနုပီယပင်မည်သော သရက်ဥယျာဉ်ဝယ် မြတ်စွာဘုရားရှင် အထံတော်၌ ရှင်ရဟန်းပြုလေသည်။ (အောက် မဟာဗုဒ္ဓဝင် တတိယတွဲ မျက်နှာ ၁၄၅-၌ ပြန်၍ကြည့်ပါ)။

အရှင်အာနန္ဒာ သောတာပန်တည်ခြင်း

     အရှင်အာနန္ဒာ မထေရ်သည် ရဟန်းပြုပြီးနောက် မကြာမြင့်မီပင် အရှင်မန္တာဏိပုတ္တ-ပုဏ္ဏမထေရ်၏ အထံ၌ တရားစကားကို ကြားနာရ၍ သောတာပတ္တိဖိုလ်၌ တည်တော်မူ၏။ ထိုအကြောင်းကို ဤဖော်ပြလတ္တံ့သော သံယုတ္တနိကာယ ခန္ဓဝဂ္ဂသံယုတ် (၉) ၄-ထေရဝဂ် ၁-အာနန္ဒသုတ် (သံ မြန် ၂၊ မျက်နှာ ၈၁)ကို ထောက်၍ သိရာ၏၊ ထိုသုတ်၏ ဆိုလိုရင်းမှာ-

     မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတိုက်တော်၌ သီတင်းသုံးတော်မူစဉ် တနေ့သ၌ အရှင်အာနန္ဒာသည် ရဟန်းတို့ကို “ငါ့ရှင်ရဟန်းတို့..”ဟု ခေါ်၍ ရဟန်းတို့က “ငါ့ရှင်”ဟု စကားတုံ့ ပြန်သောအခါ ဤစကားကို မိန့်ဆို၏။



၄၄၇

“ငါ့ရှင်တို့.. မန္တာဏိပုတ္တ-ပုဏ္ဏအရှင်သည် သီတင်းငယ်ဖြစ်ကြသည့် ငါတို့အပေါ်ဝယ် ကျေးဇူးဥပကာရ များလှ၏။ ထိုအရှင်သည် ငါတို့ကို ဤအဆုံးအမဖြင့် ဆုံးမ၏။ ဆုံးမပုံမှာ- ‘ငါ့ရှင်အာနန္ဒာ.. အစွဲပြု၍သာလျှင် ငါဖြစ်၏ဟူသော ပပဉ္စတရားသုံးပါး ဖြစ်၏၊ အစွဲမပြုမူ၍ မဖြစ်၊ အဘယ်ကို အစွဲပြု၍သာလျှင် ငါဖြစ်၏-ဟူသော ပပဉ္စတရားသုံးပါး ဖြစ်သနည်း၊ အစွဲမပြုရလျှင် မဖြစ်သနည်းဟူမူ ရုပ်ကိုအစွဲပြု၍ ငါဖြစ်၏-ဟူသော ပပဉ္စတရားသုံးပါး ဖြစ်၏၊ အစွဲမပြုရလျှင် မဖြစ်၊ ဝေဒနာကို ။ပ။ သညာကို၊ သင်္ခါရတို့ကို၊ ဝိညာဏ်ကို အစွဲပြု၍ ငါဖြစ်၏ဟူသော ပပဉ္စတရားသုံးပါး ဖြစ်၏၊ အစွဲမပြုရလျှင် မဖြစ်။

ငါ့ရှင်အာနန္ဒာ.. ဥပမာသော်ကား တန်းဆာဆင်ခြင်း သဘောရှိသည့် ငယ်ရွယ်ပျိုနုသော မိန်းမသော်၎င်း, ယောက်ျားသော်၎င်း စင်ကြယ်တောက်ပသော မှန်၌ဖြစ်စေ, ကြည်လင်သော ရေခွက်၌ဖြစ်စေ မိမိမျက်နှာရိပ်ကို ကြည့်ရှုဆင်ခြင်သော် (မိမိမျက်နှာပြင်နှင့် မှန်, ရေခွက်တို့ကို) အစွဲပြု၍သာ (မျက်နှာရိပ်ကို) မြင်လေရာ၏၊ အစွဲမပြုရလျှင်ကား မမြင်လေရာ။ ငါ့ရှင်အာနန္ဒာ.. ဤအတူပင် ရုပ်ကိုအစွဲပြု၍သာ ငါဖြစ်၏-ဟူသော ပပဉ္စတရား သုံးပါး ဖြစ်၏။ အစွဲမပြုရလျှင် မဖြစ်။ ဝေဒနာကို ။ပ။ သညာကို၊ သင်္ခါရတို့ကို၊ ဝိညာဏ်ကို အစွဲပြု၍သာ ငါဖြစ်၏-ဟူသော ပပဉ္စတရားသုံးပါး ဖြစ်၏, အစွဲမပြုရလျှင် မဖြစ်။

ငါ့ရှင်ရှင်အာနန္ဒာ.. ယခု ငါမေးမည့်စကားကို သင် အဘယ်သို့ မှတ်ထင် သဘောကျသနည်း- ရုပ်သည် မြဲသလော, မမြဲဘူးလော၊ မမြဲပါ ငါ့ရှင်..။ (အနတ္တလက္ခဏသုတ်လာအတိုင်း တေပရိဝဋ္ဋဓမ္မဒေသနာ သွားလေ) ။ပ။ ဤမဂ်ကိစ္စအလို့ငှါ တပါးသောပြုဖွယ် မရှိပြီဟု သိ၏’ဟူ၍ ဆုံးမ၏။

၄၄၈

ငါ့ရှင်တို့.. မန္တာဏိပုတ္တ-ပုဏ္ဏအရှင်သည် သီတင်းငယ် ဖြစ်ကြသည့် ငါတို့အပေါ်ဝယ် ကျေးဇူးဥပကာရ များလှ၏၊ ထိုအရှင်သည် ငါတို့ကို ဤဆိုအပ်ပြီးသော အဆုံးအမဖြင့် ဆုံးမ၏။ မန္တာဏိပုတ္တ-ပုဏ္ဏအရှင်၏ ဤတရားဒေသနာကို ကြားနာရသောကြောင့် ငါသည် သစ္စာလေးပါးတရားကို သိရ၏ = သောတာပန် အရိယာ ဖြစ်ရ၏”-

ဟု မိန့်တော်မူ၏။ ။ဤကဲ့သို့ ဆိုလိုရင်းဖြစ်သည်၊ ဤသုတ်ကို ထောက်၍ အရှင်အာနန္ဒာ မထေရ်သည် မန္တာဏိပုတ္တ-ပုဏ္ဏမထေရ်၏ ကြေးမုံ (မှန်)ဥပမာ တရားဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်တော်မူကြောင်း သိမှတ်ရာ၏။

ဥပဋ္ဌာက = အလုပ်အကျွေးရာထူး

ခံယူတော်မူခြင်း

     မြတ်စွာဘုရားရှင်၏ အဖို့ရာ ပဌမဗောဓိခေါ် ဝါတော် နှစ်ဆယ်အတွင်း၌ အမြဲတမ်း အလုပ်အကျွေးဟူ၍ မရှိသေးချေ။ တရံတခါ အရှင်နာဂသမာလ မထေရ်သည် မြတ်စွာဘုရား၏ သပိတ်,သင်္ကန်းကို ယူဆောင်၍ လှည့်လည်လိုက်ပါသည်။ တရံတခါ အရှင်နာဂိတ, တရံတခါ အရှင်ဥပဝါန, တရံတခါ လိစ္ဆဝီမင်းသား သုနက္ခတ္တရဟန်း, တရံတခါ အရှင်သာရိပုတ္တရာ၏ညီ အရှင်စုန္ဒ, တရံတခါ အရှင်သာဂတ, တရံတခါ အရှင်ရာဓ, တရံတခါ အရှင်မေဃိယမထေရ်သည် မြတ်စွာဘုရား၏ သပိတ်သင်္ကန်းကို ယူဆောင်၍ လှည့်လည်လိုက်ပါလေသည်။

     ထိုမထေရ်တို့အနက် အခါတပါး မြတ်စွာဘုရားရှင်သည် နာဂသမာလမထေရ်နှင့် အတူတကွ အဓွန့်ရှည်သော ခရီးသို့ ကြွရောက်တော်မူလေရာ လမ်းနှစ်မြွာသို့ ရောက်ရှိလေသည်။ နာဂသမာလမထေရ်သည် ခရီးမမှ သက်၍ “မြတ်စွာဘုရား.. တပည့်တော်သည် ဤခရီးဖြင့် သွားပါအံ့”ဟု ဆို၏။ မြတ်စွာဘုရားရှင်က “ချစ်သားရဟန်း.. လာပါလော့၊ ဤခရီးဖြင့် သွားကြကုန်အံ့”ဟု



၄၄၉

(အခြားလမ်းဖြင့် သွားရန်) မိန့်တော်မူလေလျှင် နာဂသမာလ မထေရ်သည် “ကိုင်း.. မြတ်စွာဘုရား.. အရှင်ဘုရားတို့၏ သပိတ်,သင်္ကန်းကိုသာ ယူတော်မူကြလော့၊ တပည့်တော်သည် ဤခရီးဖြင့် သွားပါအံ့”ဟု ကပ်ဖဲ့ပြောဆိုကာ မြတ်စွာဘုရား၏ သပိတ်,သင်္ကန်းကို မြေပေါ်၌ ချမည့်အဟန် စီမံအားသစ်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် “ရဟန်း.. ယူခဲ့လော့”ဟု မိန့်တော်မူကာ ကိုယ်တော်၏ သပိတ်သင်္ကန်းကို ကိုယ်တော်တိုင် ယူဆောင်၍ ကြွတော်မူလေ၏။ အရှင်နာဂသမာလ မထေရ်သည်လည်း မိမိပြောဆိုသည့် အခြားလမ်းခရီးဖြင့် (မြတ်စွာဘုရားနှင့် ခွဲခွါ၍) သွားလေ၏။ အတန်ငယ် သွားမိလတ်သော် ဓားပြလူဆိုးတို့သည် မထေရ်၏ သပိတ်သင်္ကန်းကိုလည်း လုယက်၍ ယူကြကုန်၏၊ ဓားပြလူဆိုးတို့ ရိုက်နှက်သဖြင့် မထေရ်၏ ဦးခေါင်းသည်လည်း ပေါက်ကွဲခဲ့လေ၏။ မထေရ်သည် “ယခုအခါ ငါ့အဖို့ရာ ဘုရားသာလျှင် ကိုးကွယ်ရာရှိ၏။ အခြားကိုးကွယ်ရာ မရှိပြီ”ဟု ကြံစည်ဆင်ခြင်မိကာ တကိုယ်လုံး သွေးများဖြာလျက် မြတ်စွာဘုရားရှင် အထံတော်သို့ လာရောက်လေ၏။ “ချစ်သား.. ဤဖြစ်ရပ်ကား အသို့နည်း = ဘယ့်နှာနည်း”ဟု မြတ်စွာဘုရားက မေးတော်မူသောအခါ မထေရ်သည် ထိုအကြောင်းကို မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် နာဂသမာလမထေရ်ကို “ချစ်သား.. အကြံများ၍ စိက်အားမငယ်လင့်၊ ဤအကြောင်းကြောင့်ပင် သင်ချစ်သားကို ငါဘုရားတို့ တားမြစ်ကြခြင်းဖြစ်သည်”ဟု မိန့်တော်မူ၍ သက်သာစေတော်မူ၏။ (ဤသည်လည်း အကြောင်းတပါးဖြစ်သည်)။

     ထို့ပြင်လည်း အခါတပါး (=စာလိကတောင်ပေါ် ကျောင်းတိုက်၌ တေရသမ = ၁၃-ခုမြောက် ဝါကပ်တော်မူသောအခါ) အရှင်မေဃိယမထေရ်သည် မြတ်စွာဘုရား၏ ခေတ္တအလုပ်အကျွေးဖြစ်ကာ ဇန္တုရွာ၌ ဆွင်းခံလှည့်လည်ပြီးသော် တိမိကာဠာမည်သော မြစ်ကမ်း၌ လမ်းလျှောက်စဉ် သရက်ဥယျာဉ်ကို မြင်ရ၍ “မြတ်စွာဘုရား.. အရှင်ဘုရားတို့၏ သပိတ်,သင်္ကန်းကို



၄၅၀

ယူတော်မူကြလော့၊ တပည့်တော်သည် ထိုသရက်ဥယျာဉ်၌ ရဟန်းတရား အားထုတ်ပါအံ့”ဟု လျှောက်ထား၍ မြတ်စွာဘုရားက သုံးကြိမ်တိုင်တိုင် တားမြစ်ပါသော်လည်း မရရှိပဲ ထိုသရက်ဥယျာဉ်သို့ သွားရောက်ကာ ကျောက်ဖျာ၌ ထိုင်နေမိလျှင်ပင် အကုသိုလ် ဝိတက်သုံးပါးတို့ ဝင်ရောက် နှိပ်စက်အပ်သည်ဖြစ်၍ မြတ်စွာဘုရားထံ တဖန် ပြန်လာပြီးလျှင် ထိုအကြောင်းကို ပြန်ကြား လျှောက်ထားလေ၏။ ထိုမထေရ်ကိုလည်း မြတ်စွာဘုရားသည် “ချစ်သား.. ဤအကြောင်းကို သိမြင်၍ပင် သင်ချစ်သားကို ငါဘုရားတို့ တားမြစ်ခဲ့ကြသည်”ဟု မိန့်တော်မူကာ သက်သာရာ ရစေတော်မူ၏။ (ဤမေဃိယမထေရ်၏ အကြောင်းအရာ အကျယ်ကို အောက် မဟာဗုဒ္ဓဝင် စတုတ္ထတွဲ စာမျက်နှာ ၁၉၃-မှ စ၍ ကြည့်ရှု မှတ်ယူကုန်ရာ၏)။ (ဤသည်လည်း အကြောင်းတပါး ဖြစ်သည်)။

     ဤအကြောင်းများကြောင့် မြတ်စွာဘုရားသည် နောက်အခါဝယ် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော် ဂန္ဓကုဋီ ပရိဝုဏ်အတွင်း ခင်းထားအပ်သော ဗုဒ္ဓါသန ဓမ္မပလ္လင်တော်၌ ရဟန်းအပေါင်း ခြံရံလျက် ထိုင်နေတော်မူစဉ် ရဟန်းတို့ကို-

“ရဟန်းတို့.. ယခုအခါ ငါဘုရားသည် အသက်အရွယ် ကြီးရင့်ခဲ့လေပြီ (=ထိုအချိန်၌ မြတ်စွာဘုရား၏ အသက်တော်မှာ ငါးဆယ့်ငါးနှစ် ကျော်ခဲ့လေပြီ)၊ အချို့ ရဟန်းများသည် ငါဘုရားက ‘ဤခရီးဖြင့် သွားကြကုန်စို့’ဟု ပြောဆိုအပ်ပါလျက် အခြားခရီးဖြင့် ငါဘုရားကို စွန့်ခွာ သွားကြကုန်၏ (အရှင်မေဃိယကို ရည်ညွှန်းသည်)။ အချို့ ရဟန်းများကမူ ငါဘုရား၏ သပိတ်သင်္ကန်းကို မြေ၌ချထားမည့် အခြေအထိ ပြုလုပ်ကြဘိသည် (အရှင်နာဂသမာလကို ရည်ညွှန်းသည်)။ ငါဘုရားအတွက် အမြဲပြုစု လုပ်ကျွေးမည့် ရဟန်းတပါးကို သင်ချစ်သားတို့ စဉ်းစားကြလော့”-



၄၅၁

ဟု မိန့်တော်မူ၏။ ထိုစကားကို ကြားရသောအခါ ရဟန်းတော်တို့ သန္တာန်ဝယ် ဓမ္မသံဝေဂကြီးစွာ ဖြစ်ရှိလေသည်။

     ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်သည် နေရာမှထ၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် “မြတ်စွာဘုရား.. တပည့်တော်သည် အရှင်ဘုရားကိုသာလျှင် တောင့်တလျက် တသင်္ချေနှင့် ကမ္ဘာတသိန်းကြာ ပါရမီကို ဖြည့်ဆည်းပူးခဲ့ပါသည်၊ တပည့်တော်ကဲ့သို့သော မဟာပညပုဂ္ဂိုလ်သည် ရှင်တော်ဘုရားတို့အတွက် အလုပ်အကျွေး = ဥပဋ္ဌာကပုဂ္ဂိုလ် ဖြစ်သင့်သည် မဟုတ်ပါလော၊ တပည့်တော်သည် ရှင်တော်ဘုရားတို့အား ပြုစုလုပ်ကျွေးပါရစေ”ဟု တောင်းပန်စကား လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် အရှင်သာရိပုတ္တရာ မထေရ်ကို “မသင့်ဘူး ချစ်သားသာရိပုတ္တရာ.. အကြင်အရပ်၌ သင်ချစ်သားနေ၏၊ ထိုအရပ်သည် စင်စစ် တရားမှ မဆိတ်သုဉ်းသည်သာ ဖြစ်၏။ မှန်၏- သင်ချစ်သား၏ အဆုံးအမ ဩဝါဒသည် မြတ်စွာဘုရားတို့၏ အဆုံးအမ ဩဝါဒနှင့် တူ၏။ သို့ရကား သင်ချစ်သားသည် ငါဘုရားအား ပြုစုလုပ်ကျွေးရန်ကိစ္စ မရှိ”ဟု ချီးမြှောက်စကား မိန့်ကြားတော်မူကာ မထေရ်၏ တောင်းပန် လျှောက်ထားချက်ကို မြစ်ပယ်တော်မူ၏။ ဤနည်းဖြင့်ပင် အရှင်မဟာမောဂ္ဂလာန် မထေရ်ကို အစပြု၍ ရှစ်ကျိပ်သော မဟာသာဝကကြီးများသည် ကိုယ်စီကိုယ်င ထ၍ ထ၍ မြတ်စွာဘုရားအား မိမိတို့ ပြုစုလုပ်ကျွေးရပါမည့်အကြောင်း တောင်းပန် လျှောက်ထားကြလေသည်။ ထိုမဟာသာဝကကြီး အားလုံးတို့ကိုပင် မြတ်စွာဘုရားသည် မြစ်ပယ်တော်မူလေ၏။

အရှင်အာနန္ဒာ ဆုရှစ်တန် ခံယူခြင်း

     အရှင်အာနန္ဒာမထေရ်မြတ် တပါးမူကား ပြုစုလုပ်ကျွေးခွင့်ရရန် မတောင်းပန်ပဲ ဆိတ်ဆိတ်သာလျှင် ထိုင်နေလေသည်။ ထိုအခါ မထေရ်မြတ်ကို ရဟန်းတော်တို့က “ငါ့ရှင်အာနန္ဒာ.. ရဟန်းသံဃာသည် အလုပ်အကျွေး အပြုအစု = ဥပဋ္ဌာကအရာကို



၄၅၂

တောင်းခံဆဲ ရှိလေသည်၊ သင်သည်လည်း ထိုဥပဋ္ဌာကအရာကို တောင်းခံပါလော့”ဟု တိုက်တွန်းစကား ပြောကြားကြလေလျှင် အရှင်အာနန္ဒာမထေရ်မြတ်သည် “ငါ့ရှင်တို့.. တောင်းမှရအပ်သည့် ရာထူး = ဌာနမည်သည် အဘယ်သို့ သဘောရှိမည်နည်း၊ ငါ့ကို မြတ်စွာဘုရားသည် မြင်တော်မမူဘူးလော = မြင်တော်မူသည်သာ ဖြစ်၏။ အကယ်၍ မြတ်စွာဘုရားသည် အလိုတော်ရှိလျှင် ‘အာနန္ဒာသည် ငါဘုရားကို ပြုစုလုပ်ကျွေးစေ’ဟု မိန့်တော်မူပါလိမ့်မည်”ဟူ၍ ပြန်ကြား မိန့်ဆိုတော်မူလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် ရဟန်းများကို “ချစ်သားရဟန်းတို့.. အာနန္ဒာသည် သူတပါးတို့က တိုက်တွန်းမှ ငါဘုရားကို ပြုစုမည့်ပုဂ္ဂိုလ် မဟုတ်ချေ။ မိမိအလိုလိုပင် သိရှိကာ ငါဘုရားကို ပြုစုလုပ်ကျွေးပေလိမ့်မည်”ဟု မိန့်တော်မူလေ၏။ ထိုအခါ ရဟန်းတို့သည် “ငါ့ရှင်အာနန္ဒာ.. ထပါလော့၊ ငါ့ရှင်အာနန္ဒာ.. ထပါလော့၊ မြတ်စွာဘုရားရှင်ကို ပြုစုလုပ်ကျွေးရန်ဆုကို တောင်းခံပါလော့”ဟု တိုက်တွန်းစကား ပြောကြားကြကုန်၏။ ထိုအခါမှာမှ အရှင်အာနန္ဒာ မထေရ်သည် မိမိထိုင်နေရာမှထ၍ ပယ်လေးတန် + ခံလေးပါး = ဆုရှစ်ပါးတို့ကို တောင်းခံတော်မူ၏-

ပယ်လေးတန်- ဟူသည်မှာ “မြတ်စွာဘုရား.. ရှင်တော်ဘုရားသည် တပည့်တော်အား အကယ်၍ ကိုယ်တော်မြတ် ရအပ်သည့် ကောင်းမြတ်သော သင်္ကန်းကို မပေးစွန့်ဘူးပ-ဆိုလျှင်(၁), ကောင်းမြတ်သော ဆွမ်းကို မပေးစွန့်ဘူးပ-ဆိုလျှင်(၂), ကိုယ်တော်မြတ်နှင့်အတူ ဂန္ဓကုဋီ တတိုက်တည်း၌ တကွနေထိုင်ခွင့် မပေးဘူးပ-ဆိုလျှင်(၃), ကိုယ်တော်မြတ်အား ဒါယကာ ဒါယိကာမတို့က ပင့်ဖိတ်ရာသို့ တပည့်တော်ကို ခေါ်ဆောင်၍ ကြွသွားတော်မမူဘူးပ-ဆိုလျှင်(၄) = ဤလျှောက်ဆိုရာ ဆုလေးပါးကို သနားချီးမြှောက်တော်မူပါလျှင် တပည့်တော်သည် ရှင်တော်ဘုရားကို ပြုစုလုပ်ကျွေးပါရစေဘုရား..”-



၄၅၃

ဟု လျှောက်ထားလေသည်။ “ချစ်သားအာနန္ဒာ.. လျှောက်ဆိုရာပါ ဤလေးဌာန၌ သင်ချစ်သားသည် အဘယ်အပြစ်ကို မြင်သနည်း”ဟု မြတ်စွာဘုရားက မေးတော်မူအပ်လေလျှင် အရှင်အာနန္ဒာသည် “မြတ်စွာဘုရား.. တပည့်တော်သည် ဤဝတ္ထုလေးပါးတို့ကို အကယ်၍ ရယူခဲ့လျှင် ‘အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင် ရအပ်သော ဆွမ်းကောင်းကိုလည်း ဘုဉ်းပေးရ၏ (၁), သင်္ကန်းကောင်းကိုလည်း ဝတ်ရုံသုံးဆောင်ရ၏ (၂), ဂန္ဓကုဋီ တတိုက်တည်း၌လည်း မြတ်စွာဘုရာနှင့် အတူအကွ နေထိုင်ရ၏ (၃), မြတ်စွာဘုရားနှင့် အတူတကွ ပင့်ဖိတ်ရာသို့လည်း လိုက်ပါရ၏ (၄) = ဤလာဘ်ကြီးလေးပါးကို ရသည်ဖြစ်၍ မြတ်စွာဘုရားကို ပြုစုလုပ်ကျွေး၏။ ဤသို့ လာဘ်ကြီးလေးပါးကို ရသည်ဖြစ်၍ ပြုစုလုပ်ကျွေးသော အရှင်အာနန္ဒာ၏ အဖို့ရာ အဘယ်မှာ ဝန်လေးမှု ရှိအံ့နည်း = မရှိသည်သာတည်း’ဟု ရှုတ်ချစကား ပြောကြားကြသူများ ထင်ရှား ပေါ်ပေါက်လာပါလိမ့်မည်၊ ဤအပြစ်ကို မြင်ပါသည်ဘုရား”ဟု လျှောက်ထားကာ ဖော်ပြရာပါ ပယ်လေးတန်ဆုတို့ကို တောင်းခံတော်မူလေ၏။

ခံလေးပါး- ဟူသည်မှာ- “မြတ်စွာဘုရား.. ရှင်တော်ဘုရားသည် အကယ်၍ တပည့်တော် ပင့်လျှောက်အပ် သည့် ဖိတ်ကြားရာအရပ်သို့ လိုက်ပါကြွရောက် ချီးမြှောက်တော်မူမည်-ဆိုလျှင် (၁), အကယ်၍ တပည့်တော်သည် တိုင်းတပါး တိုက်နယ်တပါးမှ ဘုရားဖူးလာရောက်သော ပရိသတ်ကို လာရောက်သော ခဏမှာပင် ဘုရားရှင်ကို ဖူးမြင်စေနိုင်ခွင့်ကို ရရှိမည်-ဆိုလျှင် (၂), တပည့်တော်၏ သန္တာန်ဝယ် တရားနှင့်စပ်၍ ယုံမှားသံသယဖြစ်သော ခဏမှာပင် ရှင်တော်ဘုရားထံသို့ ကပ်ရောက် မေးလျှောက်နိုင်ခွင့်ကို ရမည်-ဆိုလျှင် (၃), ထိုမှတပါး မြတ်စွာဘုရားသည် တပည့်တော်၏ မျက်ကွယ်ဝယ် ဟောကြားတော်မူအပ်သော တရားတော်ကို တဖန် ပြန်ရောက်လာလျှင် တပည့်တော်အား သနားသဖြင့်



၄၅၄

ဟောကြားတော်မူမည်-ဆိုလျှင် (၄) = ဤလျှောက်ဆိုရာပါ ဆုလေးပါးကို သနားချီးမြှောက်တော်မူပါလျှင် တပည့်တော် သည် ရှင်တော်ဘုရားကို ပြုစုလုပ်ကျွေးပါရစေဘုရား..”-

ဟု လျှောက်ထားလေသည်။ “ချစ်သားအာနန္ဒာ.. လျှောက်ဆိုရာပါ ဤလေးဌာန၌ သင်ချစ်သားသည် အဘယ်အကျိုးကို မြင်သနည်း”ဟု မြတ်စွာဘုရားက မေးတော်မူအပ်လေလျှင် အရှင်အာနန္ဒာသည် “မြတ်စွာဘုရား.. အံ့ဖွယ်ရှစ်ဖြာ ဤသာသနာ၌ သဒ္ဓါတရား ကြီးမားကြသူ အမျိုးကောင်းသားတို့သည် မြတ်စွာဘုရားအား ကိုယ်တိုင်ပင့်လျှောက်ခွင့်ကို မရကြကုန်သည်ရှိသော် တပည့်တော်ကို ‘အရှင်အာနန္ဒာဘုရား.. နက်ဖြန်ခါ မြတ်စွာဘုရားနှင့် အတူတကွ တပည့်တော်တို့အိမ်၌ ဆွမ်းကို အလှူခံတော်မူကြပါဘုရား’ဟု လျှောက်ထား ပြောဆိုကြပါလိမ့်မည်။ မြတ်စွာဘုရားသည် အကယ်၍ ထိုသို့ လျှောက်ထား ဖိတ်ကြားရာ အရပ်သို့ လိုက်ပါကြွရောက်မှု ပြုတော်မမူခဲ့ပါလျှင် (၁), တိုင်းတပါး တိုက်နယ်တပါးမှ ဘုရားဖူးလာရောက်သော ပရိသတ်ကို အလိုရှိအပ် အလိုရှိအပ်သော ခဏမှာပင် ဘုရားရှင်ကို ဖူးမြင်စေနိုင်ခွင့်ကိုမှ မရခဲ့ပါလျှင် (၂), ယုံမှားသံသယဖြစ်သော ခဏမှာပင် တပည့်တော်သည် ရှင်တော်ဘုရားထံသို့ ကပ်ရောက် မေးလျှောက်နိုင်ခွင့်ကို မရခဲ့ပါလျှင်(၃), ‘အဘယ့်ကြောင့် အရှင်အာနန္ဒာသည် မြတ်စွာဘုရားကို ပြုစုလုပ်ကျွေးနေဘိသနည်း၊ မြတ်စွာဘုရားသည် ထိုအရှင်အာနန္ဒာအား ဤမျှလောက်သော ချီးမြှောက်မှုကိုပင် ပြုတော်မမူချေ’ဟု ကဲ့ရဲ့ကြသူများ ထင်ရှား ပေါ်ပေါက်လာပါလိမ့်မည်။ ထို့ကြောင့် တပည့်တော်သည် လျှောက်ထားရာပါ ကဲ့ရဲ့မှုများ မပေါ်ပေါက်စေရန် (၁-၂-၃ အမှတ်ပြ) ရှေးဆုသုံးပါးကို လိုလားတောင့်တပါသည်။ ထို့ပြင်လည်း ရှင်တော်ဘုရား၏ မျက်ကွယ်၌ တပည့်တော်ကို ‘ငါ့ရှင်အာနန္ဒာ.. ဤဂါထာကို, ဤသုတ္တန်ကို, ဤဇာတ်ကို မြတ်စွာဘုရားသည် အဘယ်အရပ်၌ ဟောကြားတော်မူအပ်ပါသနည်း’ဟု မေးမြန်းကြပါလိမ့်မည်၊ တပည့်တော်သည် အကယ်၍



၄၅၅

ထိုအမေးကို အပြည့်အစုံ မဖြေကြားနိုင်ပါလျှင် ‘ငါ့ရှင်.. သင်သည် ဤမျှလောက်ကိုပင် မသိချေ။ အဘယ့်ကြောင့် သင်သည် အရိပ်ပမာ မြတ်စွာဘုရားကို မစွန့်ပဲ ကာလရှည်မြင့်စွာ လိုက်ပါပြုစုနေဘိသနည်း’ဟု အပြစ်တင်စကား ပြောကြားကြသူများ ထင်ရှား ပေါ်ပေါက်လာပါလိမ့်မည်။ ထို့ကြောင့် တပည့်တော်သည် ရှင်တော်ဘုရား တပည့်တော်၏မျက်ကွယ်၌ ဟောကြားအပ်သည့် တရားကိုလည်း တဖန်ပြန်၍ ဟောကြားတော်မူခြင်း (=စတုတ္ထဆု)ကို လိုလားတောင့်တပါသည်။ လျှောက်ဆိုရာပါ ဆုလေးပါး ချီးမြှင့်တော်မူပါလျှင်ကား ဆိုအပ်ပြီးသည့် ကဲ့ရဲ့စကား အပြစ်တင်စကား ပြောကြားမှုများ အလျင်းပင် ပေါ်ပေါက်လိမ့်မည် မဟုတ်ပါ၊ တပည့်တော်သည် လျှောက်ဆိုရာပါ လေးဌာနတို့၌ ဤအကျိုးကို မြင်ပါသည်ဘုရား”ဟု လျှောက်ထားကာ ဖော်ပြရာပါ ခံလေးပါးဆုတို့ကို တောင်းခံတော်မူလေ၏။ မြတ်စွာဘုရားရှင်သည်လည်း အရှင်အာနန္ဒာမထေရ်မြတ် တောင်းခံအပ်သည့် ပယ်လေးတန် + ခံလေးပါး = ဤဆုရှစ်ပါးတို့ကို ပေးတော်မူလေ၏။

မြတ်ဘုရားကို သူမတူတန်အောင် ပြုစုလုပ်ကျွေးတော်မူခြင်း

     ဤသို့လျှင် အရှင်အာနန္ဒာ မထေရ်မြတ်သည် ဖော်ပြရာပါ ပယ်လေးတန် + ခံလေးပါး = ဤဆုရှစ်ပါးတို့ကိုယူ၍ အမြဲအလုပ်အကျွေး ဖြစ်တော်မူလေ၏၊ ထိုရာထူး = ဌာနန္တရအကျိုးငှါ ကမ္ဘာတသိန်းပတ်လုံး ဖြည့်ဆည်းပူးအပ်သော ပါရမီတို့၏ အကျိုးပြီးမြောက် ပြည့်စုံခြင်းသို့ ရောက်ရှိတော်မူလေ၏။

     မထေရ်မြတ်သည် အလုပ်အကျွေး = ဥပဋ္ဌာကရာထူးကို ရသည့်နေ့မှစ၍ မြတ်စွာဘုရားရှင်အား ရေပူ, ရေချမ်း ကမ်းလှမ်း ဆက်ကပ်ခြင်း, ကြီး-လတ်-ငယ် = သုံးသွယ်သော ဒန်ပူတို့ကို ဆက်ကပ်ခြင်း, မြတ်ဘုရား၏ လက်တော် ခြေတော်တို့ကို ဆုပ်နယ်ပေးခြင်း, ရေချိုးတော်မူသောအခါ ကျောတော်ကို ချေးတွန်းပေးခြင်း, ဂန္ဓကုဋီပရိဝုဏ်ကို တံမြက်လှည်းခြင်း- ဤသို့ အစရှိသော



၄၅၆

ကိစ္စကြီးငယ် အသွယ်သွယ်တို့ဖြင့် ပြုစုလုပ်ကျွေးလျက် “ဤမည်သောအချိန်၌ မြတ်စွာဘုရား၏အဖို့ရာ ဤမည်သော အရာဝတ္ထုကို ရမှ သင့်တော်မည်၊ ဤမည်သောအမှုကို ပြုမှ သင့်တော်မည်”ဟု ကြံစည် ဆင်ခြင်တော်မူကာ တနေ့ပတ်လုံး မြတ်စွာဘုရား၏ အနီးအပါးမှာပင် လှည့်လည်ကျက်စား သွားလာလျက် ရှိတော်မူ၏။

     နေ့ကိုလွန်မြောက် ညဉ့်အချိန်သို့ ရောက်သောအခါမှာလည်း ဆီမီးတိုင်ကို စွဲကိုင်တော်မူကာ တညဉ့် တညဉ့်လျှင် ဂန္ဓကုဋီပရိဝုဏ်ကို ကိုးပတ် ကိုးပတ် လှည့်တော်မူလေသည်၊ မှန်၏- မထေရ်မြတ်၏ စိတ်သန္တာန်ဝယ် “အကယ်၍များ ငါ့သန္တာန်ဝယ် ထိနမိဒ္ဓတရား ဝင်ရောက်လာခဲ့သော် မြတ်စွာဘုရားရှင်က အလိုတော်ရှိ၍ ခေါ်တော်မူလျှင် စကားတုံ့ကို ငါပေးစွမ်းနိုင်လိမ့်မည် မဟုတ်”ဟု ဤကဲ့သို့ အကြံအစည် ဖြစ်ခဲ့လေသည်။ ထို့ကြောင့် တညဉ့်လုံးလုံး ဆီမီးတိုင်ကို လက်မလွှတ်ပဲ အမြဲစွဲကိုင်၍ ထားတော်မူ၏။ ဤကား ဧတဒဂ်ဘွဲ့ထူးရရန် အကြောင်းဝတ္ထု ဖြစ်လေသည်။

(ဂ) ဧတဒဂ်၅-တန် ရတော်မူခြင်း

     နောက်တချိန်၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူစဉ် အကြောင်းပေါင်းများစွာဖြင့် တရားဘဏ္ဍာစိုး ဖြစ်တော်မူသော အရှင်အာနန္ဒာမထေရ်မြတ်၏ ဂုဏ်ကျေးဇူးကို ချီးကျူး ဟောကြားတော်မူပြီးလျှင်-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဗဟုဿုတာနံ (၁)

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ သတိမန္တာနံ (၂)

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဂတိမန္တာနံ (၃)



၄၅၇

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဓိတိမန္တာနံ (၄)

ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဥပဋ္ဌာကာနံ (၅)

ယဒိဒံ အာနန္ဒော = ရဟန်းတို့.. အကြားအမြင်များခြင်း ရှိကြသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် အာနန္ဒာသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏ (၁)၊

(ငါဘုရား၏ တရားစကားကို ကြာမြင့်စွာ ဆောင်နိုင်သည့်) သတိရှိကြသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် အာနန္ဒာသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏ (၂)၊

(ငါဘုရား ဟောအပ်သည့်အတိုင်း ပုဒ်တို့ကို) သိစွမ်းနိုင်သည့် အသိပညာရှိကြသော ငါဘုရား၏ တပည့် သာဝက ရဟန်းတို့တွင် အာနန္ဒာသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏ (၃)၊

(ငါဘုရား၏ တရားစကားတော်ကို သင်ခြင်း ဆောင်ခြင်း သရဇ္ဈာယ်ခြင်းနှင့် ပြုစုလုပ်ကျွေးခြင်း) လုံ့လဝီရိယ ရှိကြသော ရဟန်းတို့တွင် အာနန္ဒာသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏ (၄)၊

(ငါဘုရားကို) ပြုစုလုပ်ကျွေးကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် အာနန္ဒာသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏ (၅)”–

ဟု ချီးကျူး မိန့်မြွက်တော်မူကာ မထေရ်မြတ်ကို ဤသာသနာ၌ ဗဟုသုတ, သတိမန္တ, ဂတိမန္တ, ဓိတိမန္တ, ဥပဋ္ဌာက = ဤငါးဌာနဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။



၄၅၈

အရှင်အာနန္ဒာ ရဟန္တာဖြစ်တော်မူခြင်း

    အရှင်အာနန္ဒာမထေရ်မြတ်၏ ရဟန္တာဖြစ်တော်မူခြင်းအကြောင်းအရာမှာ ပဌမ မဟာသံဂါယနာနှင့် ဆက်စပ်လျက် ရှိသောကြောင့် သုတ်သီလက္ခန် အဋ္ဌကထာ စာမျက်နှာ ၃-မှစသော ပဌမမဟာသံဂီတိကထာကို အဦးမူ၍ ရေးသားဖော်ပြပေအံ့-

     ဓမ္မစကြာတရားဦးကို ဟောကြားတော်မူသည်မှ အစပြု၍ သုဘဒ္ဒပရိဗိုဇ်ကို ဆုံးမ ချေချွတ်တော်မူသည့်တိုင်အောင် ဗုဒ္ဓကိစ္စ အဝဝကို ပြုတော်မူပြီးသည်ဖြစ်၍ ကုသိနာရုံပြည် မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ် အတွင်း အင်ကြင်းပင်ပျို အစုံတို့၏ အကြား၌ မဟာသက္ကရာဇ် (၁၄၈) တရာလေးဆယ့်ရှစ်ခုနှစ် ကဆုန်လပြည့်နေ့ နံနက် မိုးသောက်အခါဝယ် မြတ်စွာဘုရားသခင် အနုပါဒိသေသပရိနိဗ္ဗာန် စံဝင်တော်မူပြီးလတ်သော် မလ္လမင်းတို့သည် (၁) ပဌမခုနစ်ရက်ပတ်လုံး မြတ်စွာဘုရား၏ ဥတုဇရုပ်ကလာပ်တော်ကို နံ့သာပန်း-စသည်တို့ဖြင့် ပူဇော်မှု ပြုကြ၍ သာဓုကီဠနသဘင် ဆင်ယင်ကြလေသည်။ ထိုခုနစ်ရက်တို့ကို “သာဓုကီဠနသတ္တာဟ”ဟူ၍ ခေါ်ဆိုအပ်လေသည်။

     ထို့နောက် နံ့သာထင်းပုံထက်၌ ဥတုဇ ရုပ်ကလာပ်တော်ကို တင်ထား၍ ဖုတ်ကြည်းသင်္ဂြိုဟ်မှု ပြုလုပ်ကြရာဝယ် အရှင်မဟာကဿပ ကြွရောက်တော်မူလာသည်တိုင်အောင် စောင့်ဆိုင်းငံ့လင့်နေကြရ၍ ခုနစ်ရက်မြောက်သောနေ့၌ အရှင်မဟာကဿပ ကြွရောက်တော်မူလာမှ တေဇောဓာတ်မီး လောင်ကျွမ်းလေသည်။ (၂) ထိုခုနစ်ရက်တို့ကို “စိတကသတ္တာဟ”ဟူ၍ ခေါ်ဆိုအပ်လေသည်။

     ထို့နောက် ခုနစ်ရက်ကြာ လှံတပ်ကြီးအထပ်ထပ် ဝန်းကာလျက် မလ္လမင်းတို့သည် မင်းကွန်းတဲနန်းဝယ် သာရီရိကဓာတ်တော်များကို အစွမ်းကုန်ပူဇော်မှု ပြုကြလေသည်။ (၃) ထိုခုနစ်ရက်တို့ကို “ဓာတုပူဇာသတ္တာဟ”ဟူ၍ ခေါ်ဆိုအပ်လေသည်။



၄၅၉

     ဤသို့ ခုနစ်ရက်သုံးလီ လွန်မြောက်၍ နယုန်လဆန်း ၅-ရက်နေ့သို့ ရောက်သောအခါ ဓာတ်တော်ဝေပွဲကြီး ကျင်းပကြလေသည်။ ထိုသို့ ဓာတ်တော်ခွဲဝေသောနေ့၌ ရဟန်းသံဃာပေါင်း (၇၀၀,၀၀၀) ခုနစ်သိန်း စည်းဝေးမိလေသည်။ ထိုအစည်းအဝေး၌ သံဃမထေရ်ကြီး ဖြစ်တော်မူသော အရှင်မဟာကဿပ မထေရ်မြတ်သည် မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ခုနစ်ရက်မြောက်နေ့တုန်းက (ပါဝါပြည်မှ ကုသိနာရုံသို့အလာ လမ်းခရီးအကြား) သုဘဒ္ဒ တောထွက်ရဟန်းကြီး ရိုင်းပြရင့်သီးစွာ ပြောကြားအပ်သည့် “ငါ့ရှင်တို့.. တန်ကြလော့၊ မစိုးရိမ် မပူဆွေး မငိုကြွေးကြလင့်၊ ယခုအခါ ငါတို့သည် ထိုရဟန်းကြီးမှ ကောင်းကောင်းကြီး လွတ်မြောက်ကြကုန်ပြီ၊ ထိုရဟန်းကြီးသည် ငါတို့ကို ‘ဤအရာသည် သင်တို့အဖို့ အပ်စပ်၏၊ ဤအရာသည် သင်တို့အဖို့ မအပ်စပ်’ဟု ချုတ်ချယ်ခဲ့၏။ ယခုအခါ၌ကား ငါတို့သည် အလိုရှိအပ်သော အရာကို ပြုကြရကုန်တော့အံ့၊ အလိုမရှိအပ်သော အရာကို မပြုလုပ်ပဲ နေနိုင်ကြရကုန်အံ့”ဟူသော စကားကို အောက်မေ့ သတိရတော်မူသည်ဖြစ်၍၎င်း, ဤသို့သော သံဃအစည်းအဝေးကြီးမျိုး နောက်ထပ်တဖန် ဖြစ်ရှိရန် ရခဲခြင်းကို အောက်မေ့တော်မူသည် ဖြစ်၍၎င်း-

“ရဟန်းယုတ်တို့သည် ‘ဘုရားစကားတော်သည် ဆရာဘုရား ကွယ်လွန်ပြီးသား ဖြစ်လေပြီ’ဟု အောက်မေ့ကြကာ အပင်းအသင်းကို ရရှိကြလျှင် မကြာမြင့်မီပင် သဒ္ဓမ္မသုံးဖြာ သာသနာသုံးရပ်ကို ကွယ်ပစေရန် အကြောင်းရှိလေသည်။ ငါသည် ဦးစီးဦးကိုင်ပြု၍ ဓမ္မ,ဝိနယ သံဂါယနာတင်မှုကို ပြုရပါမူ ကောင်းလေစွာ့၊ ယင်းသို့ သံဂါယနာတင်သည်ရှိသော် သဒ္ဓမ္မသုံးဖြာ ဤသာသနာတော်သည် အဓွန့်ရှည်စွာ တည်တံ့လေရာ၏။

ထို့ပြင်လည်း ငါ့ကို မြတ်စွာဘုရားရှင်သည် သင်္ကန်းချင်း လဲလှယ်ဖလှယ်ကာ သုံးဆောင်တော်မူခြင်းဖြင့်၎င်း, ‘ရဟန်းတို့.. ငါဘုရားသည် အလိုတော်ရှိသလောက်



၄၆၀

ပဌမဈာန်ကို၀င်စား၍ နေနိုင်သကဲ့သို့ ကဿပသည်လည်း အလိုရှိသလောက် ပဌမဈာန်ကို ဝင်စား၍ နေနိုင်သည်’ ဤသို့ စသည်ဖြင့် အစဉ်အတိုင်း ဝင်စားရသည့် = အနုပုဗ္ဗဝိဟာရသမာပတ် ကိုးပါး အဘိညာဏ်ခြောက်ပါးပြားသော ဥတ္တရိမနုဿဓမ္မ၌ ကိုယ်တော်မြတ်နှင့် ထပ်မျှညီတူ ထားတော်မူခြင်းဖြင့်၎င်း ချီးမြှောက်တော်မူအပ်ခဲ့လေပြီ။ ထိုအတူပင် ငါ့ကို မြတ်စွာဘုရားရှင်သည် ကောင်းကင်၌ လက်တော်ကို လှုပ်ရှားဝှေ့ရမ်း၍ အမျိုးလေးပါးတို့၌ မငြိတွယ်သော စိတ်ရှိခြင်းဖြင့်၎င်း, စန္ဒူပမ (လ-နှင့်တူသော) အကျင့်ပဋိပတ်ဖြင့်၎င်း သူမတူတန်အောင် ချီးမွမ်းတော်မူအပ်ခဲ့လေပြီ၊ ထိုသို့ ချီးမြှောက်တော်မူချက် ချီးမွမ်းတော်မူချက်များအတွက် ဓမ္မ,ဝိနယ သံဂါယနာတင်ခြင်းမှတပါး အခြား ကြွေးမြီပြေလည်အောင် ဆပ်မှုမည်သည် မရှိတော့ချေ။

ခမည်းတော် မင်းတရားက မိမိ၏ ရာဇဝင် အနွယ်အဆက် မပျက်စည်ခိုင် တည်စေနိုင်မည့် သားကြီးဩရသကို မိမိ၏ ချပ်မိန်ညို ရာထူးဌာနန္တရ အစိုးရခြင်းခပင်းကို ပေးအပ်နှင်းသဖြင့် ချီးမြှောက်သည့်ပမာ ငါ့ကို မြတ်စွာဘုရားရှင်သည် ‘ဤကဿပသည် ငါဘုရား၏ တရားအနွယ်အဆက်ကို မပျက်စည်ခိုင် တည်စေနိုင်သည့် သားကြီးဩရသစင်စစ် ဖြစ်ရစ်လိမ့်မည်’ဟု သိမြင်တော်မူကာ သူတပါးတို့နှင့် မဆက်ဆံ သော ဤချီးမြှောက်ခြင်းဖြင့် ချီးမြှောက်တော်မူခဲ့သည် စင်စစ် ဖြစ်ပေ၏၊ ဤပြန့်ပြောမြင့်မြတ်သော ချီးမွမ်းခြင်းဖြင့် ချီးမွမ်းတော်မူခဲ့သည် စင်စစ် ဖြစ်ပေ၏”—

ဟု လေးနက်စွာ ကြံစည် ဆင်ခြင်တော်မူလျက် ဓမ္မ,ဝိနယ သံဂါယနာတင်ရန်အလို့ငှါ ထိုအစည်းအဝေးပါသော ရဟန်းသံဃာတော် အရှင်မြတ်များအား (အောက်ဖော်ပြရာပါ သုဘဒ် တောထွက်ရဟန်းကြီး၏ ရင့်သီးရိုင်းပြစွာ ပြောဆိုချက်ကို ဖွင့်ဟမိန့်ကြား၍)-



၄၆၁

ကိုင်း.. ငါ့ရှင်တို့.. အဓမ္မ = မတရား မထွန်းကားသေးမီ, ဓမ္မ = တရားတော်ကို မတားမြစ်အပ်သေးမီ, အဝိနယ = ဘုရားရှင့်အဆုံးအမမဟုတ်သော အရာများ မထွန်းကားသေးမီ, ဝိနယ = ဘုရားရှင့်အဆုံးအမ တရားတော်များ မတားမြစ်အပ်သေးမီ, အဓမ္မဝါဒီ = မတရား ပြောကြားသူတို့ အားမရှိကြသေးမီ, ဓမ္မဝါဒီ = တရားသည်ကို ပြောကြားသူတို့ အားမနွဲ့ကြသေးမီ, အဝိနယဝါဒီ = ဘုရားရှင့်အဆုံးအမ မဟုတ်သော အရာကို ပြောကြားသူတို့ အားမရှိကြသေးမီ, ဝိနယဝါဒီ = ဘုရားရှင့်အဆုံးအမ တရားတော်ကို ပြောဆို ဟောကြားလေ့ရှိသူတို့ အားမနွဲ့ကြသေးမီ ငါတို့သည် ဓမ္မ,ဝိနယ သံဂါယနာသဘင် ယင်ကြပါကုန်စို့..”-

ဟူ၍ အားပေးစကား သာသနာရေး သွေးညှိစကား မိန့်ကြားတော်မူလေ၏။

     ထိုအခါ အစည်းအဝေးပါ ရဟန်းတော် အရှင်မြတ်တို့သည် “အရှင်မဟာကဿပ အရှင်မြတ်ဘုရား.. ထိုသို့ဖြစ်လျှင် မထေရ်မြတ်သည် ဓမ္မ,ဝိနယ သံဂါယနာတင်ရန် ရဟန်းတော်များကို ရွေးကောက်တော်မူပါဘုရား”ဟု တညီတညွတ်တည်း လျှောက်ထားကြလေ၏။ ထိုသို့ ရဟန်းသံဃာတော်၏ လျှောက်ထား တိုက် တွန်းချက်အရ အရှင်မဟာကဿပ မထေရ်မြတ်သည် နိကာယ်ငါးရပ် ပိဋကတ်သုံးပုံဆောင် ဖြစ်ကြသည့်ပြင် ပဋိသမ္ဘိဒါပတ္တ တေဝိဇ္ဇ ဆဠဘိည ဖြစ်တော်မူကြ၍ များသောအားဖြင့် မြတ်စွာဘုရား ရွှေနှုတ်တော်မြွက်၍ ဧတဒဂ်ရာထူး၌ ချီးကျူးမြှောက်စား တင်ထားတော်မူအပ်ခဲ့သည့် ရဟန္တာအရှင်မြတ်ပေါင်း (၄၉၉) လေးရာ့ကိုးဆယ့်ကိုးပါးတို့ကို ရွေးကောက်တော်မူလေသည်။

(ဤ၌။ ။မထေရ်မြတ်သည် အဘယ်ကြောင့် (၄၉၉) လေးရာကိုးဆယ့်ကိုးပါးတို့ကို ရွေးကောက်တော်မူသနည်းဟု မေးဖွယ်ရှိ၏။ အဖြေကား- အရှင်အာနန္ဒာမထေရ်မြတ်အတွက် အခွင့်ပြုဖို့ရန် တပါးလျှော့၍ထားခြင်း ဖြစ်သည်။



၄၆၂

ချဲ့ဦးအံ့- ထိုအချိန်၌ အရှင်အာနန္ဒာမှာ ရဟန္တာမဟုတ်သေး = သေက္ခအရိယာသာ ဖြစ်ရှိနေသေးသဖြင့် အရှင်အာနန္ဒာနှင့် အတူတကွလည်း သံဂါယနာ မတင်နိုင်သေးချေ။ အရှင်အာနန္ဒာ၏ အဖို့ရာ မြတ်စွာဘုရား ဟောကြားတော်မူအပ်သမျှသော ပိဋကသုံးသွယ် နိကာယ်ငါးဖြာ အင်္ဂါကိုးတန် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်မှ တစုံတခု မျက်မှောက်မပြုအပ်သော အရာဟူ၍ လုံးဝမရှိချေ = အားလုံးပင် နှုတ်တက်ရွရွ ဆောင်ပြီး မျက်မှောက်ပြုအပ်ပြီး ဖြစ်လေသည်။ ထို့ကြောင့် အရှင်အာနန္ဒာမထေရ်မြတ်နှင့် ကင်း၍လည်း သံဂါယနာ မတင်နိုင်ချေ။

“ယင်းသို့ဖြစ်လျှင် သေက္ခအရိယာပင် ဖြစ်လင့်ကစား ဓမ္မသံဂါယနာအား ကျေးဇူးများလှသောကြောင့် အရှင်မဟာကဿပ မထေရ်သည် အရှင်အာနန္ဒာမထေရ်ကို သံဂီတိကာရက မထေရ်အဖြစ် ရွေးကောက်သင့်၏၊ သို့ပါလျက် အဘယ်ကြောင့် မရွေးကောက်သနည်း”ဟု မေးဖွယ်ရှိပြန်၏။ အဖြေကား- ပရူပဝါဒ (=သူတပါးတို့ စွပ်စွဲကဲ့ရဲမည့်)ဘေးမှ ကင်းဝေးလွတ်မြောက်အောင် ရှောင်ကြဉ်တော်မူလိုသောကြောင့် ရွေးကောက်တော်မမူ။

ချဲ့ဦးအံ့- မထေရ်မြတ်သည် အရှင်အာနန္ဒာ၌ အလွန်ပင် အကျွမ်းဝင် ရင်းနှီးတော်မူလေသည်။ ထို့ကြောင့်ပင် အရှင်အာနန္ဒာကို ဦးခေါင်း၌ ဆံပင်ဖြူများ ပေါက်နေပါလျက်လည်း (အသက်ရှစ်ဆယ်အရွယ်သို့ ရောက်ရှိနေပါလျက်လည်း) “နဝါယံ ကုမာရကော မတ္တမညာသိ = ဤသူငယ်လေးသည် အတိုင်းအရှည်ကို မသိစွာ့တကား”ဟု မြည်တွန်ကာ သူငယ်လေး = လူကလေးဟူသော ခေါ်ဝေါ်ပြောဆိုခြင်းဖြင့် ဆုံးမတော်မူလေသည်။ (ဤအကြောင်းအရာ အကျယ်ကို နိဒါနဝဂ္ဂ၊ ၅-ကဿပသံယုတ်၊ ၁၁-စီဝရသုတ် ပိဋကတ်မြန်မာပြန်ကို ကြည့်ရှုကုန်ရာ၏)။ ထို့ပြင်လည်း အရှင်အာနန္ဒာသည် သာကီဝင်မင်းသား ဖြစ်သည့်ပြင် မြတ်စွာဘုရား၏ (ဖထွေးတော်သား) ညီဝမ်းကွဲ တော်စပ်သူလည်း ဖြစ်သည်၊ ထိုအစည်းအဝေး၌ အကယ်၍ အရှင်အာနန္ဒာကို သံဂီတိကာရကပုဂ္ဂိုလ်အဖြစ် ရွေးကောက်ခဲ့လျှင် အချို့အချို့သော ရဟန်းများက ဆန္ဒာဂတိသို့ လိုက်ပါသကဲ့သို့ အောက်မေ့မှတ်ထင်ကြကာ “အရှင်မဟာကဿပသည် များစွာသော ပဋိသမ္ဘိဒါပတ္တရဟန္တာ ရဟန်းတို့ကိုတော့ မရွေးမကောက်ပဲ ပဋိသမ္ဘိဒါပတ္တ သေက္ခအရိယာဖြစ်သည့် အရှင်အာနန္ဒာကို မျက်နှာလိုက်၍ ရွေးကောက်တော်မူသည်”ဟု စွပ်စွဲကြကုန်လေရာ၏။ ထိုသို့ ပရူပဝါဒဘေးမှ ကင်းဝေးလွတ်မြောက်အောင်

၄၆၃

ရှောင်ကြဉ်တော်မူလိုသည်ဖြစ်၍ “အရှင်အာနန္ဒာ မပါရှိပဲ ဘယ်နည်းနှင့်မျှ ဓမ္မသံဂါယနာသဘင် ယင်နိုင်လိမ့်မည် မဟုတ်၊ သို့ရကား ရဟန်းသံဃာတော်များ၏ အလိုသဘောတူညီချက်ဖြင့်သာ အရှင်အာနန္ဒာကို သံဂီတိကာရကပုဂ္ဂိုလ်အဖြစ် ငါရွေးကောက်တော့မည်”ဟူသော ရည်ရွယ်ချက်ဖြင့် မရွေးကောက်ပဲ ချန်ထားတော်မူလေသည်။)

     ထိုအခါ ရဟန်းသံဃာတော်တို့ ကိုယ်တိုင်ပင်လျှင် အရှင်အာနန္ဒာအား သံဂီတိကာရက ပုဂ္ဂိုလ်အဖြစ် ရွေးကောက် တင်မြှောက်ရန် အရှင်မဟာကဿပ မထေရ်သူမြတ်ကို “အရှင်မဟာကဿပဘုရား.. ဤအရှင်အာနန္ဒာသည် သေက္ခအရိယာပုဂ္ဂိုလ်ပင် ဖြစ်စေကာမူ အဂတိလေးပါး လိုက်စားရန် မထိုက်တန်သူ ဖြစ်ပါသည်။ ဤတွင်မျှ မကသေး ဤအရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်၏ အထံတော်၌ ဓမ္မ,ဝိနယကို အများကြီး သင်ကြားလိုက်ရသူ ဖြစ်ပါသည်၊ အရှင်မဟာကဿပဘုရား.. ထိုသို့ဖြစ်လျှင် အရှင်သူမြတ်သည် အရှင်အာနန္ဒာကိုလည်း သံဂီတိကာရက ပုဂ္ဂိုလ်အဖြစ် ရွေးကောက်တော်မူစေလိုပါသည်”ဟု တညီတညွတ်တည်း တောင်းပန်စကား လျှောက်ထားကြလေကုန်၏။ ထိုအခါ အရှင်မဟာကဿပသည် အရှင်အာနန္ဒာကိုလည်း သံဂီတိကာရက ပုဂ္ဂိုလ်အဖြစ် ရွေးကောက်တော်မူလေ၏။

     ဤသို့လျှင် ရဟန်းသံဃာ၏ အလိုသဘောဆန္ဒ တူညီချက်အရ ရွေးကောက်အပ်သော အရှင်အာနန္ဒာ မထေရ်မြတ်နှင့်တကွ အရွေးချယ်ခံ သံဂီတိကာရက မထေရ်မြတ်ပေါင်း (၅၀၀)ငါးရာတို့ ဖြစ်ကုန်၏။

     ထို့နောက် အစည်းအဝေးပါ မထေရ်မြတ်ကြီးများသည် “ငါတို့သည် အဘယ်အရပ်၌ ဓမ္မ,ဝိနယ သံဂါယနာသဘင် ယင်ကြမည်နည်း”ဟု တိုင်ပင် ဆွေးနွေးကြသည်ရှိသော် “ရာဇဂြိုဟ်ပြည်သည် ဂေါစရဂါမ်လည်း ကျယ်ပြန့်၏၊ ကျောင်းတိုက်ကြီးတို့လည်း များစွာရှိ၏၊ အခြားရဟန်းများ ရာဇဂြိုဟ်ပြည်၌ ဝါမကပ်ကြပဲ ငါတို့သည် ရာဇဂြိုဟ်ပြည်၌ ဝါကပ်ကုန်လျက် ဓမ္မ,ဝိနယ သံဂါယနာသဘင် ယင်ကြရမူ ကောင်းလေစွာ့”ဟု သဘောတူ



၄၆၄

ကြံစည်တိုင်ပင် ဆုံးဖြတ်တော်မူကြလေသည်။ (ထိုသို့ ကြံစည်ကြ တိုင်ပင်ကြ ဆုံးဖြတ်တော်မူကြခြင်းမှာ “ဓမ္မသံဂါယနာတင်မှုကား ငါတို့အဖို့ရာ နေ့စဉ်ထာဝရ ရွက်ဆောင်ရမည့် ကိစ္စဖြစ်သည်။ အခြားရဟန်းတို့ ရာဇဂြိုဟ်ပြည်၌ ဝါကပ်ဆိုမှုကို ဉတ်,ကမ္မဝါစာဖြင့် မတားမြစ်ခဲ့လျှင် တစုံတယောက် သဘောမတူသည့် = ဝိသဘာဂ အဓမ္မဝါဒီပုဂ္ဂိုလ်သည် သံဃအလယ်သို့ ဝင်ရောက်ကာ နှောင့်ယှက် တားမြစ်သော်မူ တားမြစ်လေရာ၏”ဟု စဉ်းစားတော်မူမိကြသောကြောင့် ဖြစ်သည်)။

ထို့နောက် အရှင်မဟာကဿပ မထေရ်သည် ဉတ္တိဒုတိယကံဖြင့်-

သုဏာတု မေ အာဝုသော သံဃော၊ ယဒိ သံဃဿ ပတ္တကလ္လံ၊ သံဃော ဣမာနိ ပဉ္စဘိက္ခုသတာနိ သမ္မန္နေယျ ရာဇဂဟေ ဝဿံ ဝသန္တာနိ ဓမ္မဉ္စ ဝိနယဉ္စ သင်္ဂါယိတုံ၊ န အညေဟိ ဘိက္ခူဟိ ရာဇဂဟေ ဝဿံ ဝသိတဗ္ဗန္တိ၊ ဧသာ ဉတ္တိ”-

အစရှိသည်ဖြင့် ကမ္မဝါရွတ်ဖတ်၍ (၁-သံဂီတိကာရက-ရဟန်းငါးရာတို့သာ ဓမ္မ,ဝိနယ သံဂါယနာသဘင် ယင်ရန်အတွက် ရာဇဂြိုဟ်ပြည်၌ ဝါကပ်ဖို့ရန်နှင့် ၂-အခြားရဟန်းများ ရာဇဂြိုဟ်ပြည်၌ ဝါမကပ်ကြရန်) သမုတ်တော်မူအပ်လေသည်။

     ဤကမ္မဝါစာကား မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် (၂၁)နှစ်ဆယ့်တရက်မြောက်၌ ပေါ်ပေါက်ဖြစ်ပွါးလာသော ကမ္မဝါစာဖြစ်သည်။ အရှင်မဟာကဿပ မထေရ်သည် ဤကမ္မဝါစာကို ရွတ်ဖတ်ပြီးလျှင် ရဟန်းတော်အရှင်မြတ်တို့ကို-

“ငါ့ရှင်တို့.. ယခုအခါ သင်တို့အတွက် ရက်ပေါင်းလေးဆယ် ခွင့်ပြုအပ်သည်၊ ထိုမှနောက်၌ ‘ငါတို့မှာ ဤမည်သော ပလိဗောဓလေး ကျန်ရှိပါသေးသည်’ဟု ပြောဆိုခွင့် မရနိုင်၊ ထို့ကြောင့် ဤရက်ပေါင်းလေးဆယ်အတွင်းမှာ အနာရောဂါ ပလိဗောဓရှိသောရဟန်း,



၄၆၅

ဆရာဥပဇ္ဈာယ် ပလိဗောဓရှိသော ရဟန်း, အမိ အဖ ပလိဗောဓရှိသော ရဟန်းများနှင့် သပိတ်ဖုတ်ရန် သင်္ကန်းချုပ်ရန်-စသည် ကိစ္စရှိသော ရဟန်းများသည် ထိုထို မိမိတို့ဆိုင်ရာ ပလိဗောဓကို အပြီးရွက်ဆောင် ဖြတ်တောက်၍ ဓမ္မဝိနယ သံဂါယနာအမှုကို မချွတ်ပြုလုပ်ရမည်”-

ဟု တင်းကြပ်စွာ မိန့်ကြားတော်မူလေ၏။

     ဤကဲ့သို့ မိန့်ကြားပြီးလျှင် အရှင်မဟာကဿပ မထေရ်သည် မိမိ၏ တပည့်ပရိသတ် ရဟန်းငါးရာ ခြံရံအပ်လျက် ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူလေ၏။ အခြားအခြား သံဂီတိကာရက သမ္မုတိရသော မထေရ်ကြီးများသည်လည်း မိမိ မိမိတို့၏ အခြံအရံ တပည့်ရဟန်းတို့ကို ခေါ်ဆောင်ကာ သောကငြောင့်တံသင်း အပြင်းစူးဝင်နေသူ လူအပေါင်းကို သက်သာစေလိုတော်မူကြသည်ဖြစ်၍ ထိုထိုအရပ်မျက်နှာသို့ ဖဲကြွ တော်မူကြလေကုန်၏။ အရှင်ပုဏ္ဏ မထေရ်မြတ်သည်ကား မိမိ၏တပည့် ရဟန်းခုနစ်ရာ ခြံရံလျက် ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူရာအရပ်သို့ ရောက်လာ ရောက်လာတိုင်းသော လူအပေါင်းကို တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေး သက်သာစေမည်ဟု ကုသိနာရုံပြည်မှာပင်လျှင် ချန်၍ နေရစ်တော်မူလေ၏။

     အရှင်အာနန္ဒာ မထေရ်မြတ်သည်မူကား ဘုရားရှင် ပရိနိဗ္ဗာန် ဝင်စံတော်မမူမီကကဲ့သို့ပင် မြတ်စွာဘုရားရှင်၏ သပိတ်တော်, သင်္ကန်းတော်ကို ကိုယ်တိုင်ယူဆောင်၍ တပည့်ရဟန်း ငါးရာတို့နှင့် အတူတကွ သာဝတ္တိပြည်ဖက်သို့ ခရီးဒေသစာရီ ကြွချီတော်မူလေသည်။ ကြွသွားစဉ် ကြွသွားစဉ်ပင် မထေရ်မြတ်၏ ပရိသတ် အခြံအရံ ရဟန်းတို့ကား တိုး၍တိုး၍သာ လာကုန်၏၊ ထိုအရှင်အာနန္ဒာမထေရ်မြတ် ရောက်လေရာရာ အရပ်၌ သည်းစွာသော ငိုကြွေးခြင်း ဖြစ်ရှိလေသည်။



၄၆၆

     အစဉ်သဖြင့် အရှင်အာနန္ဒာမထေရ်မြတ် သာဝတ္ထိပြည်သို့ ရောက်ရှိလတ်သော် သာဝတ္ထိပြည်သူပြည်သား လူအများတို့သည် “အရှင်အာနန္ဒာမထေရ်မြတ် ကြွရောက်လာပြီတဲ့”ဟူသော သတင်းစကားကို ကြားသိကြ၍ နံ့သာပန်း-စသည် လက်စွဲကြကုန်လျက် ခရီးဦးကြိုဆိုကြပြီးလျှင် “အရှင်အာနန္ဒာဘုရား.. အရှင်ဘုရားတို့သည် ရှေးအခါကဆိုလျှင် မြတ်စွာဘုရားနှင့် အတူတကွ ကြွလာတော်မူကြပါကုန်၏၊ ယခုအခါ (=ယခုအခေါက်)၌မူ မြတ်စွာဘုရားကို အဘယ်အရပ်၌ ထားခဲ့၍ တပါးတည်း ကြွလာတော်မူကြပါသနည်း” ဤသို့စသည် ပြောဆိုကြကာ ငိုကြွေး မြည်တမ်းကြကုန်၏။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် ဝင်စံတော်မူသော နေ့ကကဲ့သို့ပင် သည်းစွာသော ငိုကြွေးခြင်း ဖြစ်ရှိလေသည်။

     ထိုသို့ လူအများ ငိုကြွေးမြည်တမ်းကြရာ၌ အရှင်အာနန္ဒာသည် အနိစ္စ, ဒုက္ခ, အနတ္တနှင့် စပ်ယှဉ်သော တရားစကားဖြင့် ထိုလူများကို အသိမှန် = အမြင်မှန် ရစေတော်မူ၍ ဇေတဝန်ကျောင်းတိုက်သို့ ဝင်ပြီးလျှင် မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ဂန္ဓကုဋီကျောင်းတော်ကို ရိုသေမြတ်နိုး ရှိခိုးဦးတိုက်လျက် တံခါးကို ဖွင့်ပြီးနောက် ညောင်စောင်း အင်းပျဉ်များကို အပြင်သို့ထုတ်၍ ခါတွက်ပြီးလျှင် ဂန္ဓကုဋီ ကျောင်းတော်ကို တံမြက်လှည်း သုတ်သင်ရှင်းလင်းပြီးမှ ညှိုးနွမ်းနေသည့် ပန်းများ အမှိုက်များကို စွန့်သွန်တော်မူလေသည်။ ပြီးမှ ညောင်စောင်း, အင်းပျဉ်များကို ပြန်သွင်း၍ မူလထားမြဲတိုင်းသော နေရာ၌ ထားပြီးလျှင် မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်အခါ ပြုမြဲတိုင်းသော ဝတ်အားလုံးကို ပြုတော်မူလေသည်။

     ထိုသို့ ဝတ်အားလုံးကို ပြုတော်မူသော အရှင်အာနန္ဒာသည် ရေချိုးအိမ်ကို တံမြက်လှည်းသောအခါ သုံးရေသောက်ရေ တည်ထားသောအခါ- စသည်တို့၌ ဂန္ဓကုဋီ ကျောင်းတော်ကို ရှိခိုးဦးတိုက်ပြီးလျှင် “မြတ်စွာဘုရား.. ဤအချိန်သည် အရှင်ဘုရားတို့၏ ရေသုံးသပ် (=ရေချိုး)တော်မူသောအချိန် မဟုတ်ပါလော၊



၄၆၇

ဤအချိန်သည် တရားဟောသောအခါ မဟုတ်ပါလော၊ ဤအချိန်သည် ရဟန်းတို့အား အဆုံးအမ ပေးသောအခါ မဟုတ်ပါလော၊ ဤအချိန်သည် ခြင်္သေ့မင်းပမာ လက်ျာနံတောင်းဖြင့် လျောင်းစက်တော်မူကာ အနားယူ အပန်းဖြေသောအခါ မဟုတ်ပါလော၊ ဤအချိန်သည် မျက်နှာသစ်တော်ရေ သုံးသောအခါ မဟုတ်ပါလော” ဤသို့ အစရှိသည်ဖြင့် ငိုကြွေးလျက်သာ ပြုတော်မူလေ၏။ ထိုသို့ ငိုကြွေးလျက်သာ ဝတ်ပြုခြင်းမှာ မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူး တည်းဟူသော အမြိုက်အရသာကို ကောင်းစွာ သိတော်မူသောကြောင့် သဒ္ဓါပေမ, မေတ္တာပေမ အားကြီးလှသောကြောင့်၎င်း, မိမိကိုယ်တိုင်က အာသဝေါကုန်ခန်း ရဟန္တာ မဟုတ်သေးသောကြောင့်၎င်း, ဘဝအသိန်းပေါင်းများစွာက အချင်းချင်း ပြုခဲ့သည့် ဥပကာရကျေးဇူး အထူးကြောင့် ဖြစ်ပွါးသည့်စိတ်ထား အလွန် နူးညံ့သောကြောင့်၎င်း ဖြစ်ပေသည်။

တောစောင့်နတ်က သတိပေးခြင်း

     ထိုအချိန်၌ အရှင်အာနန္ဒာသည် မိမိကိုယ်၌က မြတ်စွာဘုရားရှင်အတွက် ပရိဒေဝ အကြီးအကျယ် ဖြစ်ရသည့်ပြင် ဘုရားပရိနိဗ္ဗာန် စံတော်မူခြင်းကြောင့် သောကမီး, ပရိဒေဝမီး တညီးညီး တပြောင်ပြောင် တောက်လောင်လာသူ လူအပေါင်းကိုလည်း တရားဓမ္မ ဟောပြတော်မူကာ အသိမှန် အမြင်မှန် ပေးရခြင်း များစွာဖြင့် အချိန်ကို ကုန်လွန်စေရသည်ကသာ များပေ၏။ ထိုအခါ တနေ့သ၌ အရှင်အာနန္ဒာမထေရ်သည် ကောသလတိုင်း တောအုပ်တခု၌ နေတော်မူ၏။ ထိုအခါ တောစောင့်နတ်သည် အရှင်အာနန္ဒာ၏ အပေါ်ဝယ် မေတ္တာရှေ့ထား အကျိုးစီးပွါးကို လိုလားသောကြောင့် အရှင်အာနန္ဒာထံသို့ ချဉ်းကပ်ပြီးလျှင် ဤဂါထာဖြင့် ရွတ်ဆိုလျှောက်ထားလေ၏-

ရုက္ခမူလဂဟနံ ပသက္ကိယ၊

နိဗ္ဗာနံ ဟဒယသ္မိံ ဩပိယ။

ဈာယ ဂေါတမ မာ ပမာဒေါ၊

ကိံ တေ ဗိဠိဗိဠိကာ ကရိဿတိ။



၄၆၈

ဂေါတမ = ဂေါတမနွယ်ဖွား အို အရှင်အာနန္ဒာဘုရား..။ တွံ = အရှင်ဘုရားသည်။ ရုက္ခမူလဂဟနံ = သစ်ပင်အရင်း တောချုံတွင်းသို့။ ပသက္ကိယ = ဝိဝေကလိုချင် သက်ဝင်တော်မူ၍။ နိဗ္ဗာနံ = အသင်္ခတဓာတ် နိဗ္ဗာန် ပရမတ်ကို။ ဟဒယသ္မိံ = အတွင်းပိတ်ဖုံး စိတ်နှလုံး၌။ ဩပိယ = ကိစ္စ,အာရုံ နှစ်ပုံသော အခြင်းအရာအား ထားရှိ၍*။ ဈာယ = အာရမ္မဏူ, လက္ခဏူဟု နှစ်ဆူအပြား ဈာန်တရားကို ဝင်စားတော်မူပါလော့။ မာ ပမာဒေါ = သတိယွင်းပေါ့ မမေ့လျော့ပါလင့်။ ဗိဠိဗိဠိကာ = အရှင့်ထံမှောက် ရောက်လာသသူ ထိုထိုလူအား အပူငြိမ်းစေ မိန့်ခြွေဟောလှစ် ဗလစ်ဗလစ်စကား ပြောကြားခြင်းသည်။ တေ = အရှင်ဘုရား၏ (အတွက်တာ)။ ကိံ ကရိဿတိ = အထက်အထက် ဖိုလ်မဂ်သို့ရောက်မှု အဘယ်ကျေးဇူး ပြုလိမ့်မည်နည်း။ န ကရိဿတိ ဧဝ = အထက်ဖြစ်သော မဂ်ဖိုလ်သို့ရောက်မှု ကျေးဇူးမပြုနိုင်သည်သာတည်း။

     ထိုအခါ အရှင်အာနန္ဒာ မထေရ်မြတ်သည် ထိုတောစောင့်နတ် လျှောက်ထားချက်အရ သံဝေဂကြီးစွာ ရရှိပြီးလျှင် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူသည်မှ အစပြုကာ အရပ်,အထိုင် များလှသောကြောင့် ဒေါသမလဓာတ် အားကြီးနေသော မိမိကိုယ်ကို သက်သာစိမ့်သောငှါ ဒုတိယနေ့၌ နွားနို့ဝမ်းလားဆေးကို သောက်သုံးတော်မူကာ ကျောင်းတော်၌ပင် နေတော်မူ၏။

     ထိုနေ့မှာပင် တောဒေယျပုဏ္ဏား (ကွယ်လွန်သူ)သူဌေး၏သား သုဘ-လုလင်သူဌေး အပင့်လွှတ်လိုက်သော လုလင်ငယ်ကို


* “ငါသည် နိဗ္ဗာန်သို့ ရောက်အံ့”ဟု ဝီရိယအားထုတ် ပြုလုပ်သောသူသည် ကိစ္စအားဖြင့် = အလုပ်အားဖြင့် နိဗ္ဗာန်ကို နှလုံး၌ ထားသူမည်၏။ နိဗ္ဗာန်လျှင် အာရုံရှိသည့် ဖလသမာပတ်ကို ဝင်စား၍နေသော သူသည် အာရုံအားဖြင့် နိဗ္ဗာန်ကို နှလုံး၌ ထားသူမည်၏။ ။(အဋ္ဌကထာမှ)။



၄၆၉

အရှင်အာနန္ဒာမထေရ်သည် “လုလင်ငယ်.. ယနေ့ အခါမရသေး၊ ငါ့မှာ ယနေ့ နွားနို့ဝမ်းလားဆေး သောက်ထားအပ်ပြီး ရှိလေသည်၊ နက်ဖန်ကာ၌မူ လာရောက်ကောင်း လာရောက်နိုင်ပေလိမ့်မည်”ဟု မိန့်တော်မူလိုက်သည်။ နောက်တနေ့၌ အရှင်အာနန္ဒာ မထေရ်သူမြတ်သည် နောက်လိုက်ရဟန်း စေတက-မထေရ်နှင့်တကွ သုဘလုလင် သူဌေးအိမ်သို့ ကြွရောက်တော်မူ၍ သုဘလုလင်သူဌေး မေးလျှောက်အပ်သည်ဖြစ်၍ ဒီဃနိကာယ် သီလက္ခန္ဓဝဂ်၊ ၁၀-ခုမြောက်ဖြစ်သော သုဘသုတ်ကို ဟောကြားတော်မူလေသည်။ (ထိုသုတ်ကို ပိဋကတ်တော်မြန်မာပြန်မှ ကြည့်ရှု မှတ်ယူကုန်ရာ၏)။

     ထို့နောက် အရှင်အာနန္ဒာမထေရ်သည် ဇေတဝန်ကျောင်းတိုက်ကြီး၌ ကျိုး, ပွင့်, ပြုန်းတီး, ပျက်စီးသည်များကို မွမ်းမံပြင်ဆင်စေ၍ ဝါဆိုရန်အချိန် နီးကပ်လတ်သော် တပည့်တပန်း ရဟန်းသံဃာကို စွန့်ထားခဲ့၍ ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူလေ၏။ ထို့အတူပင် အခြား သံဂီတိကာရက သမ္မုတိရ ဓမ္မသင်္ဂါဟက မထေရ်တို့သည်လည်း ဝါလနီးသောအခါ ရာဇဂြိုဟ်ပြည်သို့ ကြွရောက်လာတော်မူကြကုန်၏။ ထို သံဂီတိကာရက သမ္မုတိရ ဓမ္မသင်္ဂါဟက မထေရ်တို့သည် ဝါဆိုလပြည့်နေ့၌ အတူတကွ ဥပုသ်ပြုကြပြီးလျှင် ဝါဆိုလပြည့်ကျော် တရက်နေ့၌ ရာဇဂြိုဟ်ပြည်ဝယ် ဝါကပ်တော်မူကြလေကုန်၏။

     ထိုစဉ်အခါ ရာဇဂြိုဟ်ပြည်ကို ဝန်းရံ၍ ကျောင်းတိုက်ကြီးပေါင်း (၁၈)တဆယ့်ရှစ်တိုက်တို့ တည်ရှိကြလေကုန်သည်။ ထိုကျောင်းတိုက်ကြီး အားလုံးတို့ပင် သံဃာတော်များ စွန့်ပစ်ထားအပ်သဖြင့် အချို့နေရာ၌ ကျိုးပွင့်ပျက်စီး, အချို့နေရာ၌ အမှိုက်ဖုံမြူ ထူထပ်လျက်, အချို့နေရာများ မှိုတက်၍ နေလေကုန်သည်။ မှန်၏- မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူသောအခါ၌ ရဟန်းအားလုံးတို့ပင် မိမိတို့၏ သပိတ်,သင်္ကန်းများကို ယူဆောင်ကြကာ ကျောင်းတိုက်များ, ပရိဝုဏ်များကို စွန့်ပစ်၍ ကုသိနာရုံသို့



၄၇၀

သွားရောက်ကြလေသည်။ ထို့ကြောင့် ကျောင်းတိုက်များ ကျိုးပွင့်ပျက်စီး, အမှိုက်ဖုံမြူ ထူထပ် မှိုတက်၍ နေကြလေသည်။

     ထိုအခါ မထေရ်မြတ်တို့သည် စည်းဝေးညီမူကြပြီးလျှင် “ငါ့ရှင်တို့.. မြတ်စွာဘုရားရှင်သည် ကျိုးပွင့်ပျက်စီးသည်များကို အသစ်တဖန် မွမ်းမံ ပြင်ဆင်ခြင်းကို ချီးမွမ်းတော်မူအပ်သည်။ ကိုင်း.. ငါ့ရှင်တို့.. ငါတို့သည် ပဌမလပတ်လုံး ကျိုးပွင့်ပျက်စီးသည်များကို မွမ်းမံပြင်ဆင်ကြကုန်စို့၊ အလယ်လသို့ ရောက်သောအခါ တညီတညွတ်တည်း စည်းဝေး၍ ဓမ္မ,ဝိနယ သံဂါယနာသဘင် ယင်ကြကုန်စို့”ဟု စဉ်းစားဆင်ခြင် တိုင်ပင်တော်မူကြလေသည်။ ထိုသို့ စဉ်းစားဆင်ခြင် တိုင်ပင်တော်မူကြခြင်းမှာ- (၁) ဝိနည်း သေနာသနက္ခန္ဓကလာ မြတ်စွာဘုရား၏ (သေနာသနဝတ်နှင့် စပ်သော) တရားစကားတော်ကို ပူဇော်လိုကြသောကြောင့်၎င်း, (၂) အကယ်၍ ကျောင်းတိုက်များကို မမွမ်းမံ မပြင်ဆင်ပါက “ရဟန်းဂေါတမ၏ တပည့်များသည် သူတို့ဆရာ ရဟန်းဂေါတမ ရှိစဉ်သာ ကျောင်းတိုက်တို့ကို သုတ်သင် ရှင်းလင်းခဲ့ကြသည်။ သူတို့ဆရာ ပရိနိဗ္ဗာန် စံသောအခါမှာကား စွန့်ပစ်၍ ထားကြလေသည်။ အမျိုးလေးဖြာ ဒကာ, ဒကာမတို့၏ များပြားလှစွာ စွန့်လှူအပ်သော ဥစ္စာစုသည် အချည်းနှီး မပျက်စီးတန်ပဲ ပျက်စီးရလေသည်”ဟု သာသနာပြင်ပ တိတ္ထိတို့ ပြောဆို စွပ်စွဲကြမည့်ဘေးမှ ကင်းဝေးစေလိုတော်မူကြသောကြောင့်၎င်း ထိုကဲ့သို့ စဉ်းစားဆင်ခြင် တိုင်ပင်တော်မူကြခြင်းဖြစ်သည်။

     မထေရ်မြတ်တို့သည် ထိုသို့ စဉ်းစားဆင်ခြင် တိုင်ပင် ဆုံးဖြတ်တော်မူကြပြီး နောက်တနေ့၌ အဇာတသတ်မင်း၏ နန်းတော်တံခါးဝသို့ ကြွရောက် ရပ်တည်တော်မူကြလေကုန်၏။ အဇာတသတ်မင်းသည် လာရောက် ရှိခိုးပြီးလျှင် “အရှင်ဘုရားတို့.. အဘယ်အတွက် ကြွလာတော်မူကြသနည်း”ဟု မိမိရွက်ဆောင် ပြုလုပ်ရမည့် ကိစ္စကို မေးမြန်းလေ၏။ မထေရ်မြတ်တို့သည် ကျောင်းတိုက်ကြီး (၁၈)တဆယ့်ရှစ်တိုက်တို့ကို မွမ်းမံပြင်ဆင်ရန် လက်အမှု = ဟတ္ထကံကို အလိုရှိသောကြောင့် ကြွလာတော်မူကြကြောင်း



၄၇၁

မိန့်ကြားတော်မူကြကုန်၏။ အဇာတသတ်မင်းသည် လက်အမှု = ဟတ္ထကံကို ပြုလုပ်ကြမည့် အလုပ်သမား လူများကို မထေရ်မြတ်တို့အား ပေးအပ်လိုက်လေသည်။ မထေရ်မြတ်တို့သည် ပဌမလ-ပတ်လုံး ခပ်သိမ်းသော ကျောင်းတိုက်တို့ကို မွမ်းမံ ပြင်ဆင်စေကြပြီးသော် အဇာတသတ်မင်းအား “မြတ်သောမင်းကြီး.. ကျောင်းတိုက်များကို မွမ်းမံပြင်ဆင်မှု ကိစ္စကား ပြီးလေပြီ၊ ယခုအခါ ငါတို့သည် ဓမ္မ,ဝိနယ သံဂါယနာသဘင် ဆင်ယင်ကြကုန်အံ့”ဟု မိန့်တော်မူကြလေကုန်၏။ အဇာတသတ်မင်းက “ကောင်းပါပြီ အရှင်ဘုရားတို့.. အရှင်ဘုရားတို့သည် ကျွတ်ကျွတ်လွတ်လွတ် သံဂါယနာတင်မှုကို ပြုတော်မူကြပါကုန်၊ တပည့်တော်၏ အာဏာစက်, အရှင်ဘုရားတို့၏ ဓမ္မစက် ဖြစ်ပါစေ၊ စေခိုင်းတော်မူကြပါ အရှင်ဘုရားတို့..၊ တပည့်တော်သည် အဘယ်အမှု ပြုလုပ်ဆောင်ရွက်ရပါမည်နည်း”ဟု လျှောက်ထားလေလျှင် မထေရ်မြတ်တို့သည် “သံဂါယနာတင်မှု ပြုတော်မူကြသော ရဟန်းတို့၏ စည်းဝေးညီမူရာ ဌာနကို ပြုလုပ်စေလိုသည် မြတ်သောမင်းကြီး..”ဟု မိန့်တော်မူကြလေကုန်၏။ အဇာတသတ်မင်းက တဖန်“အဘယ်အရပ်၌ ဆောက်လုပ်ရမည်နည်း အရှင်ဘုရားတို့..”ဟု မေးလျှောက်သောအခါ မထေရ်မြတ်တို့သည် “ဝေဘာရတောင်နံရံ စရည်းပင်ပေါက်ရောက်ရာ = သတ္တပဏ္ဏိ လိုဏ်ဂူဝ၌ ဆောက်လုပ်ရန် သင့်လျော်သည် မြတ်သောမင်းကြီး..”ဟု မိန့်တော်မူကြကုန်၏။

အဇာတသတ်မင်း သံဂါယနာမဏ္ဍပ်ကြီး ဆောက်လုပ်ခြင်း

     ထိုအခါ အဇာတသတ်မင်းသည်“ကောင်းပါပြီ အရှင်ဘုရားတို့..”ဟု ဝန်ခံစကား လျှောက်ထား၍ ဝိသကြုံနတ်သား ဖန်ဆင်းအပ်သည်နှင့်တူသော သံဂါယနာတင် မဏ္ဍပ်ကြီးကို ဆောက်လုပ်စေလေသည်။ ထိုမဏ္ဍပ်ကြီးကို (၁) သူ့အခန်းနှင့်သူ စဉ်လျက် သန့်လျက် နံရံများ တိုင်များ စောင်းတန်း လှေကားများ တပ်ဆင်ထားအပ်သည့်ပြင် ခြူးပန်း နွယ်ပန်း အဆန်းတကြယ် ပန်းချီဆေးရေးရုပ်တို့ဖြင့် ခြယ်လှယ်အပ်ပေ၏။ (၂) ထိုမဏ္ဍပ်ကြီးကား



၄၇၂

မင်း၏ ရွှေနန်းတော် အသရေကို လွှမ်းမိုးသည့်ပမာ လွန်စွာပင် တင့်တယ်လှသည့်ပြင် နတ်ဗိမာန်၏ အသရေကို ပြက်ရယ်ပြောင်လှောင်သည့်ပမာ အသရေရှိလှစွာ၏။ (၃) ကြက်သရေတိုက်အိမ်ကြီးကဲ့သို့၎င်း, နတ်လူတို့၏ မျက်စိတည်းဟူသော ငှက်အပေါင်းတို့ တစုတဝေးတည်း ကျရောက်ရာ ဆိပ်ကမ်းသာ သဖွယ်ကဲ့သို့၎င်း, လောက၌ ရှိသမျှသော မွေ့လျော်ဖွယ်တွေကို စုပေါင်း၍ ထားအပ်သကဲ့သို့၎င်း အလွန်ပင် မွေ့လျော်ဖွယ် ကောင်းလှစွာ၏။

     ထိုသံဂါယနာတင် မဏ္ဍပ်ကြီး၏အထက်၌ အထူးထူးအပြားပြား ပန်းဆိုင်းများတို့ တွဲလျားချကာ တင့်တယ်စွာသော ရတနာမျက်နှာကြက်ကို ကြက်အပ်သည့်ပြင် အောက်မြေအပြင်မှာလည်း ရတနာအမျိုးမျိုးတို့ဖြင့် ဆန်းကြယ်လှစွာ ပတ္တမြား ကျောက်ချပ်လွှာကြီးကို ခင်းထားသည့်အလား အထူးထူးသော ပန်းမွေ့ရာအခင်းတို့ဖြင့် တဆန်းတကြယ် တင့်တယ်ညီညွတ်သော မြေအပြင်ရှိအောင် ဗြဟ္မာမင်း၏ ဘုံဆောင် အလား ခမ်းနားသပ်ယပ်စွာ တန်ဆာဆင်၍ ထိုသံဂါယနာတင် မဏ္ဍပ်ကြီးအတွင်း၌ သံဂီတိကာရက ရဟန္တာငါးရာတို့အတွက် အဖိုးအနဂ္ဃ ထိုက်တန်သော ကပ္ပိယအခင်း ငါးရာတို့ကို ခင်းထားစေလေသည်။ ထို့ပြင် မဏ္ဍပ်ကြီးအတွင်း၌ တောင်အရပ်မျက်နှာအကို အမှီပြု၍ မြောက်ဖက်သို့ မျက်နှာမူကာ ပုစ္ဆကမထေရ် သီတင်းသုံး နေထိုင်ရမည့် ထေရာသန ဓမ္မပလ္လင်ကို ခင်းထားစေပြီးလျှင် မဏ္ဍပ်၏အလယ်၌ အရှေ့ဖက်သို့ မျက်နှာမူကာ မြတ်စွာဘုရားရှင် ထိုင်နေတော်မူထိုက်သော ဝိဿဇ္ဇက = ဖြေဆိုမည့်မထေရ် ထိုင်နေရန် ဓမ္မာသနပလ္လင်ကို ခင်းထားစေ၍ ထိုပလ္လင်ထက်၌ ဆင်စွယ်ယပ်ဝန်းကိုလည်း တင်ထားပြီးလျှင် ရဟန်းသံဃာတော်အား “အရှင်ဘုရားတို့.. တပည့်တော်၏ ရွက်ဆောင်ဖွယ်ကိစ္စ အဝဝကား လောက်ငကုံလုံ ပြည့်စုံပြီးစီးပါပြီဘုရား”ဟု တမန်လွှတ်၍ လျှောက်ထားစေလေ၏။

     ထိုနေ့ကား ဝါခေါင်လဆုတ် (၄)ရက်နေ့ ဖြစ်လေသည်။ ထိုနေ့ သံဃအစည်းအဝေးဝယ် အချို့အချို့သော ရဟန်းတို့သည်



၄၇၃

အရှင်အာနန္ဒာမထေရ်ကို ရည်ရွယ် စောင်းချိတ်၍ “ဤရဟန်းအပေါင်း၌ ရဟန်းတပါးသည် ကိလေသာတည်းဟူသော အဆိပ်နံ့ (တနည်း- ကိလေသာတည်းဟူသော သားစိမ်းနံ့)ကို ပြန့်လှောင်းစေလျက် လှည့်လည်ကျက်စား သွားလာနေဘိ၏”ဟု ကဲ့ရဲ့စကား ပြောကြားကြလေ၏။ အရှင်အာနန္ဒာမထေရ်သည် ထိုစကားကို ကြားရလျှင်ပင် “ဤရဟန်းအပေါင်း၌ ငါမှတပါး ကိလေသာတည်းဟူသော အဆိပ်နံ့ (တနည်း- သားစိမ်းနံ့)ကို ပြန့်လှောင်းစေလျက် လှည့်လည်ကျက်စား သွားလာနေသော ရဟန်းမည်သည် မရှိ။ ဧကန်ပင် ဤရဟန်းတို့သည် ငါ့ကို ရည်ရွယ်စောင်းချိတ်၍ ကဲ့ရဲ့စကား ပြောကြားကြ၏”ဟု စဉ်းစား ဆင်ခြင်တော်မူမိကာ ပြင်းစွာထိတ်လန့်ခြင်း = ဓမ္မသံဝေဂကို ရတော်မူလေသည်။ အချို့သော ရဟန်းတို့ကမူ “ငါရှင်အာနန္ဒာ.. နက်ဖြန်ခါ သံဂါယနာတင် အစည်းအဝေး = သန္နိပါတကြီး ဖြစ်တော့မည်၊ ငါ့ရှင်မှာလည်း အထက်မဂ်ကိစ္စ ပြုဖွယ်ကျန်ရှိသေးသည့် သေက္ခအရိယာသာ ဖြစ်ရှိသေးသည်။ ထိုသို့ သေက္ခအရိယာသာ ဖြစ်သေးသောကြောင့် (ရဟန္တာ မဟုတ်သေးသောကြောင့်) ငါ့ရှင်၏အဖို့ရာ သံဂါယနာတင် အစည်းအဝေး = သန္နိပါတသို့ သွားရောက်ရန် မသင့်ချေ။ သို့ရကား သံဂါယနာပွဲအမှီ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်မှု၌ မမေ့မလျော့သူ ဖြစ်စေချင်ပါသည်”ဟု ဤသို့သာ အားပေး တိုက်တွန်းစကား ပြောကြားကြလေသည်။

အရှင်အာနန္ဒာ ဣရိယာပုထ်လေးပါးမှ လွတ်၍

ရဟန္တာဖြစ်တော်မူခြင်း

     ထိုအခါ အရှင်အာနန္ဒာသည် “နက်ဖြန်ခါ သံဂါယနာ အစည်းအဝေးကြီး ဖြစ်တော့မည်၊ ငါ့အဖို့ရာ သေက္ခအရိယာ (=သောတာပန်အရိယာ) ဖြစ်လျက်သာ သံဂါယနာ အစည်းအဝေးသို့ သွားရောက်ရန် မသင့်လျော်ချေ”ဟု ဆင်ခြင် စဉ်းစားတော်မူပြီးလျှင် ကာယဂတာသတိ ကမ္မဋ္ဌာန်းဖြင့် ညဉ့်အချိန်ပေါင်းများစွာကို ကုန်လွန်စေပြီးနောက် မိုးသောက်ထအခါဝယ် စင်္ကြံမှ သက်ဆင်း၍ ကျောင်းတွင်းသို့ဝင်၍ “လျောင်းစက်ဦးအံ့”ဟု ကိုယ်ကို သတိမကွာ ဖြည်းညှင်းစွာ လဲလျောင်းလိုက်လေသည်။



၄၇၄

မြေမှ ခြေနှစ်ဖက်တို့ လွတ်မြောက်ကာ ခေါင်းအုံးသို့လည်း ဦးခေါင်း မကျသေးမီ ဤအချိန်အတွင်း၌ မထေရ်မြတ်သည် အာသဝေါကုန်ခန်း ရဟန္တာ ဖြစ်တော်မူလေ၏။

     ထင်ရှားစေဦးအံ့- မထေရ်မြတ်သည် တညဉ့်ပတ်လုံး ရဟန်းတရား ပွါးများ အားထုတ်ကာ စင်္ကြံကြွသွားခြင်းဖြင့် ကမ္မဋ္ဌာန်းကျောင်း အပြင်ဖက်၌ အချိန်ကို ကုန်လွန်စေ၍ မဂ်,ဖိုလ်တရားထူးကို ဖြစ်စေခြင်းငှါ မစွမ်းနိုင်ရကား ငါ့ကို မြတ်စွာဘုရားရှင်က ပရိနိဗ္ဗာန် စံတော်မူခါနီးဝယ် ‘ချစ်သားအာနန္ဒာ.. သင်ချစ်သားသည် ကုသိုလ်ကောင်းမှုကို များစွာပင် ပြုပြီးသူ ဖြစ်၏၊ ကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်ရစ်လော့၊ လျင်စွာပင် ရဟန္တာ ဖြစ်ပေလိမ့်မည်’ဟု မိန့်တော်မူခဲ့ပြီ မဟုတ်လော၊ မြတ်စွာဘုရားရှင်တို့ အဖို့ရာ မိန့်ကြားအပ်သော စကားတော်၏ အပြစ်မည်သည် မရှိဖြစ်ချေသည်။ စင်စစ်သော်ကား ငါသည် ဝီရိယကို အလွန်အမင်း အပြင်းအားထုတ်အပ်လေပြီ (=ငါ့မှာ ဝီရိယက လွန်ကဲနေသည်ဟု ဆိုလို၏။) ထို့ကြောင့် ငါ၏စိတ်သည် ပျံ့လွင့်ရန်ဖြစ်၍ နေ၏ (=ဝီရိယ လွန်ကဲနေသောကြောင့် ဥဒ္ဓစ္စဖြစ်ကာ မဂ်,ဖိုလ်တရားထူးကို မရပဲ ရှိနေသည်ဟု ဆိုလိုသည်။) ကိုင်း.. ငါသည် ဝီရိယနှင့် သမာဓိ နှစ်ပါးစုံ ညီမျှအောင် အားထုတ်တော့မည်”ဟု ကြံစည် ဆင်ခြင်တော်မူကာ ခြေဆေးရာနေရာ၌ ရပ်တည်၍ ခြေတို့ကို ဆေးပြီးလျှင် ကမ္မဋ္ဌာန်းကျောင်းတွင်းသို့ ဝင်လျက် ညောင်စောင်းငယ်၌ ထိုင်နေတော်မူကာ “အတန်ငယ် အပန်းဖြေဦးအံ့”ဟု မိမိကိုယ်ကို ညောင်စောင်းငယ်၌ သတိမကွာ ဖြည်းညှင်းစွာ လဲလျောင်းလိုက်လေသည်။ မြေမှ ခြေနှစ်ဖက်တို့ လွတ်မြောက်ကာ ခေါင်းအုံးသို့လည်း ဦးခေါင်းမကျသေးမီ အချိန်အတွင်း၌ မထေရ်မြတ်သည် အရဟတ္တဖိုလ်သို့ ရောက်တော်မူကာ အာသဝေါကုန်ခန်း ရဟန္တာ ဖြစ်တော်မူလေ၏။

ထို့ကြောင့် “ဤသာသနာဝယ် မလျောင်း, မထိုင်, မရပ်, မသွားပဲ (=ဣရိယာပုထ်လေးပါးမှ လွတ်လျက်) အရဟတ္တဖိုလ်သို့ ရောက်သော ရဟန်းကား



၄၇၅

အဘယ်ရဟန်းနည်း”ဟု မေးခဲ့သော် “အရှင်အာနန္ဒာမထေရ် ဖြစ်သည်”ဟု ဖြေဆိုမှ သင့်လျော်၏။

အရှင်မဟာကဿပ သာဓုကောင်းကြီး ပေးတော်မူခြင်း

     ထိုအခါ သံဂီတိကာရက မထေရ်မြတ်တို့သည် (အရှင်အာနန္ဒာ ရဟန္တာဖြစ်ပြီးသည်မှ) နောက်တနေ့ ဝါခေါင်လပြည့်ကျော် ၅-ရက်နေ့ဝယ် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြုပြီးတော်မူကြလေလျှင် သပိတ်သင်္ကန်းကို သိုမှီး = သိမ်းဆည်းတော်မူခဲ့ကြ၍ “ဓမ္မသံဂါယနာတင်ရာ မဏ္ဍပ်”ဝယ် တညီတညွတ်တည်း စည်းဝေးတော်မူကြလေ၏။ (ဤ၌ မဇ္ဈိမဒေသ ဝေါဟာရအားဖြင့် ဝါဆိုလပြည့်နေ့မှ ဝါခေါင်လပြည့်နေ့တိုင် တလဟူ၍ ခေါ်၏၊ ထိုတလအတွင်း ကျောင်းတိုက်များ ကျိုး,ပွင့်ပျက်စီးသည်တို့ကို မထေရ်တို့ကြပ်မ၍ မွမ်းမံပြင်ဆင်တော်မူကြလေသည်၊ ဝါခေါင်လပြည့်ကျော် ၁-ရက်နေ့မှစ၍ အဇာတသတ်မင်း သံဂါယနာတင် မဏ္ဍပ်ကြီး ဆောက်လုပ်စေရာ သုံးရက်ကြာမှ ပြီးသည်။ လပြည့်ကျော် ၄-ရက်နေ့ အရှင်အာနန္ဒာ ရဟန္တာဖြစ်သည်။ လပြည့်ကျော် ၅-ရက်နေ့၌ သံဂါယနာတင် သံဃအစည်းအဝေးကြီး စတင်ကျင်းပသည်)။ ထိုအခါ အရှင်အာနန္ဒာ မထေရ်မြတ်သည် ရဟန္တာဖြစ်လျက် သံဃအစည်းအဝေးသို့ ကြွတော်မူသည်။

     ကြွတော်မူပုံမှာ- အစည်းအဝေးဝင် သံဃာတော်များ စုံလင်သဖြင့် ယခုအခါ သံဃအစည်းအဝေးအတွင်းသို့ ဝင်ရောက်ရန် ထိုက်တန်ပြီဟု ဆိုလောက်သောအချိန်၌ အရှင်အာနန္ဒာ မထေရ်မြတ်သည် ရွှင်လန်းဝမ်းမြောက်သော စိတ်ရှိတော်မူလျက် သင်္ကန်းကို လက်ကန်တော့စံပယ် တင်တော်မူ၍ အညှာမှ ကြွေကျသော ထန်းသီးမှည့်ကဲ့သို့၎င်း, ဖြူဆွတ်နေသော ကမ္ဗလာထည်ပေါ်၌ ချထားအပ်သည့် ပတ္တမြားရတနာကဲ့သို့၎င်း, တိမ်တိုက်ကင်းစင် ကောင်းကင်ပြင်၌ တက်ထွန်းသော လပြည့်ဝန်းကဲ့သို့၎င်း, တက်သစ်စ နေအရောင်နှင့် တွေ့သဖြင့် ငွါးငွါးစွင့်စွင့် ကားကားတင့်လျက်



၄၇၆

ပွင့်သစ်သော ပဒုမာကြာပန်းကဲ့သို့၎င်း အလွန်သန့်ရှင်း အပြစ်ကင်းလျက် တဝင်းဝင်း တလက်လက် အရောင်ပြိုးပြက် ထွက်အံ့သောအခြင်းအရာ အသရေရှိလှစွာသော မျက်နှာဖြင့် မိမိ အရဟတ္တဖိုလ်သို့ ရောက်ရှိကြောင်းကို ကောင်းစွာထင်ရှား ပြောကြားသကဲ့သို့ ကြွတော်မူလေ၏။

(ဤ၌။ ။အဘယ်အကျိုးငှါ အရှင်အာနန္ဒာသည် မိမိ အရဟတ္တဖိုလ်သို့ ရောက်ရှိကြောင်း ကောင်းစွာထင်ရှား ပြောကြားသကဲ့သို့ ကြွတော်မူသနည်း”ဟု မေးဖွယ်ရှိ၏၊ အဖြေကား- “ငါသည် အရဟတ္တဖိုလ်သို့ ရောက်ပြီ-ဟု မိမိကို အရဟတ္တဖိုလ်သို့ (စကားအားဖြင့်) တိုက်ရိုက်ဆောင်မှုကို မပြုပဲ သူတဖက်သား သိသာလောက်သည့် အခြင်းအရာ တပါးပါးဖြင့် မိမိ အရဟတ္တဖိုလ်သို့ ရောက်ရှိကြောင်း သိစေခြင်းကို မြတ်စွာဘုရားရှင် ချီးမွမ်းတော်မူအပ်၏”ဟု နှလုံးပိုက်တော်မူ၍ ၁-“သေက္ခအရိယာ ဖြစ်သောကြောင့် ဓမ္မ,ဝိနယ သံဂါယနာအတွက် ရွေးကောက်ရန် မသင့်သော်လည်း ဗဟုသုတ များလှသောကြောင့် သံဂီတိကာရက ပုဂ္ဂိုလ်အဖြစ် ရွေးကောက်ကြကုန်အံ့”ဟု အသင့်စောင့်မျှော် ထိုင်နေတော်မူကြသော မထေရ်မြတ်တို့၏ သန္တာန်ဝယ် မိမိ အရဟတ္တဖိုလ်သို့ ရောက်ကြောင်းကို သိစေခြင်းဖြင့် စိတ်နှလုံးချမ်းသာမှု = သောမနဿဝေဒနာတရား ဖြစ်ပွါးစေခြင်းငှါ၎င်း, ၂-“မမေ့မလျော့ ဖြစ်ရစ်လော့”ဟု မြတ်စွာဘုရား ပေးသနားအပ်သော အဆုံးအမ ဩဝါဒ၏ အကျိုးရှိကြောင်း ကောင်းစွာ ပြလိုသောကြောင့်၎င်း မိမိ အရဟတ္တဖိုလ်သို့ ရောက်ရှိကြောင်း ကောင်းစွာထင်ရှား ပြောကြားသကဲ့သို့ ကြွလာတော်မူ၏။ ဤကား အဖြေတည်း)။

     ထိုအခါ အရှင်အာနန္ဒာကို မြင်ရ၍ အရှင်မဟာကဿပ၏ စိတ်သန္တာန်တော်ဝယ် “အိုး.. အရဟတ္တဖိုလ်ပေါက် ရောက်ရှိလာသော အရှင်အာနန္ဒာကား လွန်စွာ တင့်တယ်လှဘိ၊ အကယ်၍များ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူပါမူ ဧကန်ပင် ယနေ့ အရှင်အာနန္ဒာအား သာဓုကောင်းကြီး ပေးတော်မူလေရာ၏၊ ကိုင်း.. ယခုအခါ ထိုအရှင်အာနန္ဒာအား မြတ်စွာဘုရား ပေးတော်မူမည့် သာဓုကောင်းကြီးကို ဘုရားကိုယ်စား ငါပေးပေအံ့”ဟု အကြံတော်ဖြစ်ရှိကာ အရှင်မဟာကဿပ မထေရ်သည် “ငါ့ရှင်အာနန္ဒာ.. သင်၏ အရဟတ္တဖိုလ်သို့



၄၇၇

ရရှိဆိုက်ရောက် မျက်မှောက်ပြုရခြင်းကား တင့်တယ်လှဘိစွာ့” ဤသို့ အစရှိသည်ဖြင့် မိန့်မြွက်တော်မူကာ သာဓုကောင်းကြီး သုံးကြိမ်တိုင် ဟစ်ကြွေး ပေးတော်မူလေ၏။

သံဂါယနာသဘင် ဆင်ယင်တော်မူကြခြင်း

     ဤကဲ့သို့ အရှင်အာနန္ဒာမထေရ်မြတ် ကြွရောက်လာသည်ရှိသော် သံဂီတိကာရက အရွေးချယ်ခံ သံဃာတော်များ စုံညီပြီဖြစ်၍ အရှင်မဟာကဿပ မထေရ်သည် ရဟန်းတော်တို့ကို “ငါ့ရှင်တို့.. ငါတို့သည် ဓမ္မ,ဝိနယ နှစ်ပါးရှိသည့်အနက် အဘယ်ကို ရှေးဦးစွာ သံဂါယနာတင်ကြမည်နည်း၊ ဓမ္မ(=သုတ်, အဘိဓမ္မာ)ကိုတည်း ရှေးဦးစွာ သံဂါယနာ တင်ကြမည်လော၊ သို့မဟုတ် ဝိနယကိုတည်း ရှေးဦးစွာ သံဂါယနာ တင်ကြမည်လော”ဟု ခေါ်ဆိုမေးမြန်းတော်မူလေ၏။ ရဟန်းတို့က-

“အရှင်မဟာကဿပဘုရား.. ဝိနည်းတရားတော်မည်သည် ဗုဒ္ဓမြတ်စွာ သာသနာ၏ အသက်သွေးကြော ဖြစ်ပါသည်၊ အကြောင်းကိုဆိုသော် ဝိနည်းတရားတော် အဓွန့်တာရှည် တည်လတ်သော် ဗုဒ္ဓမြတ်စွာ သာသနာသည် အဓွန့်တာရှည်တည်သည် မည်ပါသည်။ ထို့ကြောင့် ရှေးဦးစွာ ဝိနယဒေသနာကို သံဂါယနာတင်ကြပါကုန်စို့”–

ဟု တညီတညွတ်တည်း ပြန်ကြား လျှောက်ဆိုကြလေလျှင် အရှင်မဟာကဿပ မထေရ်သည် “အဘယ်သူ့ကို အကြီးအမှူး အဦးပြု၍ ဝိနယဒေသနာကို သံဂါယနာ တင်ကြမည်နည်း”ဟု မေးမြန်းတော်မူပြန်လေ၏။ ရဟန်းတို့က “အရှင်ဥပါလိထေရ်ကို အကြီးအမှူး အဦးပြု၍ ဝိနယဒေသနာကို သံဂါယနာ တင်ကြကုန်အံ့”ဟု ဖြေဆိုကြလေလျှင် အရှင်မဟာကဿပမထေရ်သည် “အရှင်အာနန္ဒာက မစွမ်းနိုင်၍လော”ဟု မိန့်တော်မူ၏။ ထိုအခါ ရဟန်းတို့သည် “အရှင်အာနန္ဒာသည် မစွမ်းနိုင်သည်မဟုတ် = စွမ်းနိုင်ပါ၏၊ သို့သော် မြတ်စွာဘုရားရှင်သည် သက်တော်ထင်ထင် ရှိစဉ်ကပင် ဝိနည်းသင်ကြား တတ်မြောက်မှု အကြောင်းအမှီပြု၍



၄၇၈

အရှင်ဥပါလိမထေရ်ကို ‘ရဟန်းတို့.. ဝိနည်းကို သင်ဆောင်ကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ဥပါလိရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏’ဟု ဧတဒဂ်ရာထူး၌ ထားတော် မူခဲ့ပါသည်၊ ထို့ကြောင့် အရှင်ဥပါလိမထေရ်ကို မေးမြန်း၍ ဝိနယဒေသနာကို သံဂါယနာ တင်ကြကုန်အံ့”ဟု ကြောင်းကျိုးဖော်ပြ၍ တညီတညွတ်တည်း ပြန်ကြား လျှောက်ဆိုကြလေ၏။

     ဤပဌမသံဂါယနာ၌ အရှင်မဟာကဿပ မထေရ်သည် သံဃမဟာနာယက ဖြစ်တော်မူသည်။ ထို့နောင်မှ အရှင်မဟာကဿပသည် မိမိသည်ပင် မိမိကိုယ်ကို ဝိနယပုစ္ဆကဉတ် ထားတော်မူ၍ အရှင်ဥပါလိသည်လည်း မိမိသည်ပင် မိမိကိုယ်ကို ဝိနယဝိဿဇ္ဇကဉတ် ထားတော်မူပြီးလျှင် မိမိတို့နေရာ ဓမ္မာသနပလ္လင်ထက်၌ အသီးအသီး ထိုင်နေတော်မူကြ၍ ဝိနည်းသိက္ခာပုဒ်တော် အသီးအသီး၏ ဝတ္ထု, နိဒါန်း, ပုဂ္ဂိုလ်, မူလပညတ်, အနုပညတ်, အာပတ်သင့်ပုံ, မသင့်ပုံ-စသည် မေးသင့်မေးထိုက်သမျှသော အချက်အလက်များကို သိက္ခာပုဒ် တခုစီ တခုစီ အရှင်မဟာကဿပ မထေရ်ကမေး၍ မေးတိုင်း မေးတိုင်းသော အချက်အလက်များကို အရှင်ဥပါလိမထေရ်က အပြည့်အစုံ ဖြေကြားတော်မူပြီးနောက် သံဂီတိကာရက သံဃာတော် ၅၀၀-တို့သည် မေး,ဖြေအပ်သော အစဉ်နည်းအတိုင်း (တေန သမယေန-စသည်, တေန ခေါ ပန သမယေန-စသည်, အထ ခေါ-စသည်, ဧဝံ ဝုတ္တေ-စသည် ထည့်သင့်ထည့်ထိုက်သော အဆက်အစပ် စကားရပ် စသည်ကို ထည့်သွင်းတော်မူကြ၍ “တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဝေရဉ္ဇာယံ ဝိဟရတိ” ဤသို့ အစရှိသည်ဖြင့်) စုပေါင်းညီညာ ရွတ်ဆိုတော်မူကြကာ သံဂါယနာ တင်တော်မူကြလေသည်။ (စုပေါင်းညီညာ ရွတ်ဆိုကြခြင်းကို သံဂါယနာဟု ခေါ်၏)။

     ပဌမပါရာဇိကကို စုပေါင်းရွတ်ဆို၍ ပြီးသောအခါ မဟာပထဝီ ဤမြေကြီးသည် သာဓုကောင်းကြီး ပေးသည့်အလား ရေအဆုံးအပိုင်းအခြားပြု၍ ပြင်းစွာ တုန်လှုပ်လေ၏။



၄၇၉

     ဤနည်းအတိုင်းပင် ကျန်သော ပါရာဇိကသိက္ခာပုဒ်သုံးပါး အစရှိသည့် (၂၂၇) နှစ်ရာ့နှစ်ဆယ် ခုနစ်သွယ်သော သိက္ခာပုဒ်တို့ကိုလည်း တခုစီ တခုစီ အပြည့်အစုံ မေး,ဖြေ သံဂါယနာတင်တော်မူကြ၍ ပါရာဇိကကဏ္ဍပါဠိ အမည်ကမ္ပည်းတပ်သော ဤဘိက္ခုဝိဘင်း ပါဠိတော်ကို “မဟာဝိဘင်္ဂ”ဟု အမည်ပညတ် သတ်မှတ်တော်မူကြကာ ဝါစနာမဂ္ဂ = ချပို့သင်ကြားရိုးအစဉ် ထားတော်မူကြကုန်၏။ ထိုမဟာဝိဘင်းကို စုပေါင်းရွတ်ဆို၍ ပြီးသောအခါမှာလည်း ရှေးနည်းအတူပင် မဟာပထဝီမြေကြီး ပြင်းစွာ တုန်လှုပ်လေ၏။

     ထို့နောက် ဘိက္ခုနီဝိဘင်းလာ (၃၀၄) သိက္ခာပုဒ်ပေါင်း သုံးရာ့လေးတို့ကိုလည်း တခုစီ တခုစီ အပြည့်အစုံ မေး,ဖြေ သံဂါယနာတင်တော်မူကြ၍ “ဘိက္ခုနီဝိဘင်း”ဟု အမည်ပညတ် သတ်မှတ်တော်မူကြ၍ ရှေးမဟာဝိဘင်းနှင့် ဤဘိက္ခုနီဝိဘင်း နှစ်ရပ်တို့ကို “၆၄-ဘာဏဝါရရှိသော ဥဘတောဝိဘင်း”ဟု အမည်ပညတ် သတ်မှတ်တော်မူကြကာ ဝါစနာမဂ္ဂ = ချပို့သင်ကြားရိုးအစဉ် ထားတော်မူကြကုန်၏။ ဥဘတောဝိဘင်းကို စုပေါင်းရွတ်ဆို၍ ပြီးသောအခါမှာလည်း ရှေးနည်းအတူပင် မဟာပထဝီမြေကြီး ပြင်းစွာ တုန်လှုပ်လေ၏။

     ဤနည်းဖြင့်ပင် ဘာဏဝါရ ရှစ်ဆယ်ရှိသော မဟာဝဂ္ဂ, စူဠဝဂ္ဂ ခန္ဓကပါဠိတော်တို့နှင့် နှစ်ဆယ့်ငါးဘာဏဝါရ ပမာဏရှိသော ပရိဝါရပါဠိတော်ကိုလည်း သံဂါယနာ တင်တော်မူကြပြီးလျှင် “ဤကား ဝိနယပိဋက မည်စေ”ဟု အမည်ပညတ် သတ်မှတ်ထားတော်မူကြကုန်၏။ ဝိနည်းပိဋကတ်ကို စုပေါင်းရွတ်ဆို (သံဂါယနာတင်)၍ ပြီးသောအခါမှာလည်း ရှေးနည်းအတူပင် မဟာပထဝီမြေကြီး ပြင်းစွာ တုန်လှုပ်လေ၏။

ဝိနည်းပိဋကတ်ကို အရှင်ဥပါလိသို့ အပ်နှင်းတော်မူကြခြင်း

     ထိုသို့ သံဂါယနာတင်ပြီးသော ဝိနည်းပိဋကတ်တော်ကို သံဂီတိကာရက မထေရ်မြတ် ၅၀၀-တို့သည် “ငါ့ရှင်.. ဝိနည်းပိဋကတ်ကို



၄၈၀

သင့်ထံ နိဿယည်းခံကြသည့် တပည့်များကို ပို့ချ သင်ကြားပေးပါလော့”ဟု တာဝန်ပေးစကား မိန့်ကြားတော်မူကြကာ အရှင်ဥပါလိမထေရ်သို့ အပ်နှင်းတော်မူကြလေကုန်၏။ ဝိနည်းပိဋကတ်ကို သံဂါယနာတင်၍ ပြီးဆုံးသောအခါ အရှင်ဥပါလိမထေရ်သည် ဆင်စွယ်ယပ်ကို ပလ္လင်ထက်ဝယ် ချထားခဲ့၍ ဓမ္မာသနပလ္လင်မှ ဆင်းတော်မူပြီးလျှင် မထေရ်ကြီးတို့ကို ရှိခိုး၍ မိမိအတွက် ရောက်သောနေရာ၌ ထိုင်နေတော်မူလေ၏။

     ဝိနယ (=ဝိနည်းပိဋကတ်)ကို သံဂါယနာတင်ပြီးနောက် ဓမ္မ (=သုတ်, အဘိဓမ္မာ)ကို သံဂါယနာ တင်တော်မူလိုသည်ဖြစ်၍ အရှင်မဟာကဿပ မထေရ်သည် သံဂီတိကာရက မထေရ်တို့ကို “ငါ့ရှင်တို့.. ဓမ္မ = သုတ်, အဘိဓမ္မာကို သံင်္ဂါယနာတင်ကြမည့် ငါတို့သည် အဘယ်မထေရ်ကို အကြီးအမှူး အဦးပြု၍ ဓမ္မ = သုတ်, အဘိဓမ္မာကို သံဂါယနာတင်ကြမည်နည်း”ဟု သံဃဆန္ဒကို ရယူ မေးမြန်းတော်မူလေ၏။ သံဂီတိကာရက မထေရ်အားလုံးတို့သည် “အရှင်အာနန္ဒာမထေရ်ကို အကြီးအမှူး အဦးပြု၍ သံဂါယနာ တင်ကြကုန်အံ့”ဟု တညီတညွတ်တည်း ဖြေကြားတော်မူကြကုန်၏။

     ထို့နောက် အရှင်မဟာကဿပ မထေရ်သည် ဓမ္မပုစ္ဆကဉတ် ထားတော်မူ၍ အရှင်အာနန္ဒာမထေရ်သည် ဓမ္မဝိဿဇ္ဇကဉတ် ထားတော်မူပြီးလျှင် မိမိနေရာမှထ၍ သင်္ကန်းကို လက်ကန်တော့ စံပယ်တင်ပြီးလျှင် မထေရ်ကြီးတို့ကို ရှိခိုးပြီးနောက် ဆင်စွယ်ယပ်ဝန်းကို စွဲကိုင်တော်မူကာ ဓမ္မာသနပလ္လင်၌ ထိုင်နေတော်မူ လေ၏။ ထိုသို့ ထိုင်နေပြီးသောအခါ အရှင်မဟာကဿပမထေရ်နှင့် သံဂီတိကာရက မထေရ်တို့ ဓမ္မကို သံဂါယနာတင်ရန်အတွက် ဆွေးနွေးတော်မူကြသည်မှာ-

(မဟာကဿပ)

ငါ့ရှင်တို့.. ဓမ္မအရ သုတ္တန်ပိဋက, အဘိဓမ္မာပိဋကဟူ၍ နှစ်ပါးရှိရာ အဘယ်ပိဋကကို ရှေး ဦးစွာ ငါတို့ သံဂါယနာ တင်ကြမည်နည်း။



၄၈၁

(မထေရ်များ)

သုတ္တန်ပိဋကကို ရှေးဦးစွာ သံဂါယနာ တင်ကြပါကုန်စို့ဘုရား..။ (ဝိနယပိဋကကား အဓိသီလသိက္ခာကို ပဓာနအားဖြင့် ဟောကြားသည်၊ သုတ္တန္တပိဋကကား အဓိစိတ္တသိက္ခာကို ပဓာနအားဖြင့် ဟောကြားသည်၊ အဘိဓမ္မာပိဋကကား အဓိပညာသိက္ခာကို ပဓာနအားဖြင့် ဟောကြားသည်။ ဤ သီလ, သမာဓိ, ပညာ = သိက္ခာသုံးပါး အစဉ်အတိုင်း ပိဋကသုံးပုံကို သံဂါယနာ တင်တော်မူကြသည်ဟု အထူးမှတ်ရာ၏)။

(မဟာကဿပ)

ငါ့ရှင်တို့.. သုတ္တန်ပိဋကဝယ် သံဂါယနာတင်ရမည့် နိကာယ်ကြီး (သုတ်အပေါင်းအစုကြီး) လေးရပ်တို့ ရှိလေရာ အဘယ်နိကာယ်ကို ရှေးဦးစွာ သံဂါယနာတင်ကြမည်နည်း။

(မထေရ်များ)

ဒီဃနိကာယ်ကို ရှေးဦးစွာ သံဂါယနာ တင်ကြပါကုန်စို့ဘုရား..။

(မဟာကဿပ)

ငါ့ရှင်တို့.. ဒီဃနိကာယ်၌ သုတ်ပေါင်း ၃၄-သုတ်၊ ဝဂ်ပေါင်း ၃-ဝဂ်တို့ရှိရာ အဘယ်ဝဂ်ကို ရှေးဦးစွာ သံဂါယနာတင်ကြမည်နည်း။

(မထေရ်များ)

သီလက္ခန္ဓဝဂ်ကို ရှေးဦးစွာ သံဂါယနာ တင်ကြပါကုန်စို့ဘုရား..။

(မဟာကဿပ)

ငါ့ရှင်တို့.. သီလက္ခန္ဓဝဂ်၌ သုတ်ပေါင်း ၁၃-သုတ်တို့ရှိရာ အဘယ်သုတ်ကို ရှေးဦးစွာ သံဂါယနာ တင်ကြမည်နည်း။

(မထေရ်များ)

အရှင်ဘုရား.. ဗြဟ္မဇာလသုတ်မည်သည် စူဠ, မဇ္ဈိမ, မဟာ = သုံးဖြာသော သီလတို့ဖြင့် တန်းဆာဆင်အပ်သောသုတ် ဖြစ်ပါသည်၊ အထူးထူး အပြားပြားသော မိစ္ဆာဇီဝ, ကုဟန = အံ့အဲအောင်ပြုမှု, လပန= လိမ်လည်လှည့်ဖြား ဝါကြွားပြောဆိုမှု- အစရှိသည့် သာသနာတော်နှင့် မလျော် မလျောက်ပတ်သော အမူအကျင့်တို့ကို



၄၈၂

ပယ်လွှင့် ဖျက်ဆီးနိုင်သည့် သုတ္တန်လည်း ဖြစ်ပါသည်၊ ၆၂-ဖြာ မိစ္ဆာအယူခပင်းတို့ကို ဖြေရှင်းဟောကြားရာလည်း ဖြစ်ပါသည်။ လောကဓာတ် စကြဝဠာပေါင်း တိုက်တသောင်းကို ၆၂-ကြိမ်တိုင်တိုင် တုန်လှုပ်စေသော သုတ္တန်လည်း ဖြစ်ပါသည်။ ထို့ကြောင့် ထိုဗြဟ္မဇာလသုတ်ကို ရှေးဦးစွာ သံဂါယနာ တင်ကြပါကုန်စို့ ဘုရား..။

     ဤကဲ့သို့ ဆွေးနွေးတော်မူကြပြီးနောက် အရှင်မဟာကဿပ မထေရ်သည် အရှင်အာနန္ဒာမထေရ်ကို ဗြဟ္မဇာလသုတ်ဆိုင်ရာ နိဒါန်း, ပုဂ္ဂိုလ်, ဝတ္ထု-စသည် မေးသင့်သမျှ အချက်အလက်တို့ကို အပြည့်အစုံ မေးမြန်းတော်မူသည်။ အရှင်အာနန္ဒာ မထေရ်မြတ်သည် မေးတိုင်း မေးတိုင်း အပြည့်အစုံ ဖြေကြားတော်မူသည်။ ထိုသို့ မေးပြီးဆုံးသောအခါ သံဂီတိကာရက ရဟန္တာမထေရ် ၅၀၀-တို့သည် ဗြဟ္မဇာလသုတ်ကို စုပေါင်းညီညွတ် ရွတ်ဆိုတော်မူကြကာ သံဂါယနာ တင်တော်မူကြကုန်၏။ (စုပေါင်းညီညွတ် ရွတ်ဆိုခြင်းကို သံဂါယနာတင်သည်ဟု ခေါ်၏)။ ဗြဟ္မဇာလသုတ်ကို သံဂါယနာတင်ပြီးသည်၏ အဆုံး၌ မဟာပထဝီ မြေကြီး ရှေးနည်းအတူ ပြင်းစွာ တုန်လှုပ်လေ၏။

     ဤသို့ဗြဟ္မဇာလသုတ်ကို သံဂါယနာတင်ပြီးနောက် သာမညဖလ- အစရှိသည့် ကျန်သော ၁၂-သုတ်တို့ကိုလည်း အပြည့်အစုံ မေး ,ဖြေ သံဂါယနာ တင်တော်မူကြပြီးလျှင် ဗြဟ္မဇာလသုတ္တန်နှင့်တကွ ၁၃-သုတ်တို့ကို “ဤကား သီလက္ခန္ဓဝဂ် မည်၏”ဟု သတ်မှတ်ပိုင်းခြား ဝါစနာမဂ္ဂ = ချပို့သင်ကြားရိုးအစဉ် ထားတော် မူကြကုန်၏။

     ထိုသီလက္ခန္ဓဝဂ်၏ အခြားမဲ့၌ မဟာဝဂ် သုတ်ပေါင်း ၁၀-ကို၎င်း, ထိုမဟာဝဂ်၏ အခြားမဲ့၌ ပါထိကဝဂ် သုတ်ပေါင်း ၁၁-သုတ်တို့ကို၎င်း အပြည့်အစုံ မေး,ဖြေ သံဂါယနာ တင်တော်မူကြပြီးလျှင် ဤဆိုအပ်ပြီးသည့် ဝဂ်ပေါင်း သုံးဝဂ်တို့ဖြင့် သင်္ဂြိုဟ် ရေတွက်အပ်၍ သုတ်ပေါင်း ၃၄-သုတ်တို့ဖြင့် တန်းဆာဆင်အပ်လျက် ၆၄-ဘာဏဝါရမျှ ပမာဏရှိသော



၄၈၃

ဘုရားစကားတော် အစဉ်ကို စုပေါင်း ရွတ်ဆိုတော်မူကြပြီးနောက် “ဤကား ဒီဃနိကာယ် = ရှည်လျားသော သုတ္တန်အပေါင်း မည်၏”ဟု အမည်ပညတ် သတ်မှတ်တော်မူကြပြီးလျှင် ထိုဒီဃနိကာယ် တရားတော်မြတ်ကို သံဂီတိကာရက မထေရ်အားလုံးတို့သည် “ငါ့ရှင်.. ဤဒီဃနိကာယ်ကို ငါ့ရှင်၏ထံ၌ နိဿယည်း ခံယူနေထိုင်ကြသော တပည့်တို့ကို ပို့ချပေးပါလော့”ဟု မိန့်ကြားတော်မူကြကာ အရှင်အာနန္ဒာမထေရ်မြတ်ကို အပ်နှင်းတော်မူကြလေကုန်၏။

     ထို့နောက် သံဂီတိကာရက မထေရ်မြတ်တို့သည် ဘာဏဝါရရှစ်ဆယ် ပမာဏရှိသော မဇ္ဈိမနိကာယ် ဘုရားစကားကို မေး,ဖြေ သံဂါယနာ တင်တော်မူကြပြီးလျှင် “ငါ့ရှင်တို့သည် ဤမဇ္ဈိမနိကာယ်ကို မပျောက်မပျက်အောင် ဆောင်ကြလော့”ဟု တာဝန်ပေးစကား မိန့်ကြားတော်မူကြ၍ အရှင်သာရိပုတ္တရာ၏ တပည့်များကို အပ်နှင်းတော်မူကြလေကုန်၏။

     ထို့နောက် သံဂီတိကာရက မထေရ်မြတ်တို့သည် ဘာဏဝါရတရာ ပမာဏရှိသော သံယုတ္တနိကာယ် ဘုရားစကားတော်ကို မေး,ဖြေ သံဂါယနာတင်တော်မူကြပြီးလျှင် “အရှင်ဘုရား.. ဤသံယုတ္တနိကာယ် ဘုရားစကားတော်ကို အရှင်ဘုရားတို့၏ထံ၌ နိဿယည်း ခံယူနေထိုင်ကြသော တပည့်တို့ကို ချပေးတော်မူကြပါလော့”ဟု လျှောက်ထားကြကာ အရှင်မဟာကဿပ မထေရ်မြတ်ကို အပ်နှင်းတော်မူကြလေကုန်၏။

     ထို့နောက် သံဂီတိကာရက မထေရ်မြတ်သည် ဘာဏဝါရ တရာ့နှစ်ဆယ် ပမာဏရှိသော အင်္ဂုတ္တရနိကာယ် ဘုရားစကားတော်ကို မေး,ဖြေ သံဂါယနာ တင်တော်မူကြပြီးလျှင် “ဤအင်္ဂုတ္တရနိကာယ် ဘုရားစကားတော်ကို အရှင်ဘုရားတို့၏ထံ၌ နိဿယည်း ခံယူနေထိုင်ကြသော တပည့်တို့ကို ပို့ချပေးတော်မူကြပါလော့”ဟု လျှောက်ထားကြကာ အရှင်အနုရုဒ္ဓါမထေရ်မြတ်ကို အပ်နှင်းတော်မူကြလေကုန်၏။



၄၈၄

     ထို့နောက် သံဂီတိကာရက မထေရ်မြတ်တို့သည် ဓမ္မသင်္ဂဏီ, ဝိဘင်း, ဓာတုကထာ, ပုဂ္ဂလပညတ်, ကထာဝတ္ထု, ယမိုက်, ပဋ္ဌာန်းဟူသော အဘိဓမ္မာ ခုနစ်ကျမ်းတို့ကို မေး,ဖြေ သံဂါယနာ တင်တော်မူကြလေသည်။ ရှေးဆိုအပ်ပြီး နည်းအတိုင်း မဟာပထဝီမြေကြီး ပြင်းထန်စွာ တုန်လှုပ်မှု ဖြစ်လေသည်။

     ထို့နောက် သံဂီတိကာရက မထေရ်မြတ်တို့သည် ဇာတက, နိဒ္ဒေသ, ပဋိသမ္ဘိဒါမဂ္ဂ, အပဒါန, သုတ္တနိပါတ, ခုဒ္ဒကပါဌ, ဓမ္မပဒ, ဥဒါန, ဣတိဝုတ္တက, ဝိမာနဝတ္ထု, ပေတဝတ္ထု, ထေရဂါထာ, ထေရီဂါထာတို့ကို မေး, ဖြေ သံဂါယနာ တင်တော်မူကြပြီးလျှင် “ခုဒ္ဒကနိကာယ်”ဟု သတ်မှတ်တော်မူကြလေသည်။ ယင်း ခုဒ္ဒကနိကာယ်ကို ဒီဃနိကာယ်ဆောင် အရှင်မြတ်တို့သည် “အဘိဓမ္မာပိဋက၌ သင်္ဂြိုဟ် သံဂါယနာ တင်တော်မူကြပြီ”ဟု မိန့်ဆိုတော်မူကြကုန်၏။ မဇ္ဈိမနိကာယ်ဆောင် အရှင်မြတ်တို့သည် “ဖော်ပြရာပါ တဆယ့်သုံးကျမ်းတို့နှင့်တကွ ဗုဒ္ဓဝံသ, စရိယာပိဋက = ဤတဆယ့်ငါးကျမ်းလုံးသည် ခုဒ္ဒကနိကာယ် အမည်တွင်၍ သုတ္တန်ပိဋက၌ အကျုံးဝင်၏”ဟု မိန့်ဆိုတော်မူကြလေသည်။ ။(ဤဆိုအပ်ပြီးသည်ကား သုတ်သီလက္ခန်အဋ္ဌကထာ စာမျက်နှာ ၃-မှ ၁၆-အထိ ဖွင့်ပြချက်တည်း။ ထိုစကားရပ်စု၌ “ဘာဏဝါရ”ဟူသော အခေါ်အဝေါ်မှာ သံဂါယနာ တင်တော်မူကြသောအခါ တကြိမ်ရွတ် တကြိမ်ရွတ်စာကို ခေါ်ဝေါ်သော သံဂါယနာဝေါဟာရ ဖြစ်သည်။ ယင်း တဘာဏဝါရကို စက်နာရီအားဖြင့် နာရီဝက်ခန့် ရွတ်ဆိုရသည်။ ။သံဂါယနာ တင်တော်မူအံ့သောအခါ အရှင်မဟာကဿပ, အရှင်ဥပါလိ, အရှင်အာနန္ဒာတို့ မိမိကိုယ်ကို သမုတ်ကြသော ဉတ်ပါဠိကား ဝိနည်း စူဠဝဂ္ဂ ပဉ္စသတိကက္ခန္ဓက၌ လာ၏)။

ဤသို့လျှင် အရှင်အာနန္ဒာ မထေရ်မြတ်သည် ပဌမသံဂါယနာ တင်တော်မူရာ၌ ဓမ္မခေါ်သည့် သုတ္တန်ပိဋက, အဘိဓမ္မာပိဋကတို့ကို တာဝန်ဆောင်၍ ရဲရဲတောက် ဖြေကြားတော်မူခဲ့ရလေသည်။

ဤကား အရှင်အာနန္ဒာ၏ ပဌမသံဂါယနာ၌ အရေးပါပုံတည်း။



၄၈၅

အရှင်အာနန္ဒာ ပရိနိဗ္ဗာန်စံတော်မူခြင်း

     အရှင်အာနန္ဒာ မထေရ်မြတ်သည် မြတ်စွာဘုရားရှင်နှင့် ဖွားဖက်တော် ဖြစ်ခြင်းကြောင့် မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူရာနှစ်, ပဌမသံဂါယနာ တင်ရာနှစ်ဖြစ်သည့် မဟာသက္ကရာဇ် (၁၄၈) တရာ့လေးဆယ့်ရှစ် ခုနှစ်၌ အသက်တော်ရှစ်ဆယ် ရှိနေလေပြီ။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီး ပဌမသံဂါယနာ တင်ပြီးနောက် နှစ်ပေါင်း လေးဆယ်အရောက် မထေရ်မြတ်၏ အသက်တော် အနှစ် (၁၂၀)တရာ့နှစ်ဆယ် ရှိသောအခါ တနေ့သ၌ မထေရ်မြတ်သည် မိမိ၏ အာယုသင်္ခါရခေါ် ဇီဝိတသန္တတိကို ကြည့်ရှု ဆင်ခြင်တော်မူလေသော် ကုန်နေသောအဖြစ်ကို သိတော်မူ၍ “ငါသည် ယနေ့မှနောက် ခုနစ်ရက်မြောက်၌ ပရိနိဗ္ဗာန် ဝင်စံအံ့”ဟု တပည့်ဖြစ်သူ ရှင်လူတို့အား မိန့်ကြားတော်မူလေသည်။

     ထိုသတင်းကိုကြား၍ ရောဟိဏီမြစ် (သာကိယ, ကောလိယ မင်းတို့ ရေအမှုခင်းဖြစ်ရာ မြစ်)၏ ဟိုမှာဖက်, ဤမှာဖက် = ကမ်းနှစ်ဖက်၌ နေကြသူတို့တွင် ဤမှာဖက်ကမ်းနေ လူတို့သည် “ငါတို့ကား မထေရ်မြတ်၏အပေါ်၌ ဥပကာရကျေးဇူး အထူးများသူတို့ ဖြစ်ကုန်၏။ ထို့ကြောင့် မထေရ်မြတ်သည် ငါတို့အထံ၌ ပရိနိဗ္ဗာန် စံတော်မူလိမ့်မည်”ဟု ပြောဆိုကြလေ၏။ ထိုမှာဖက်ကမ်း၌နေသူ လူတို့ကလည်း ထို့အတူပင် ပြောဆိုကြလေ၏။

     မထေရ်မြတ်သည် ကမ်းနှစ်ဖက်၌နေသူ လူတို့၏စကားကို ကြားသိတော်မူရ၍ “ကမ်းနှစ်ဖက်၌နေသူ လူအားလုံးတို့ပင် ငါ့အပေါ်၌ ဥပကာရကျေးဇူး အထူးများသူတို့ ဖြစ်ကြသည်။ ‘ဤမည်သောသူတို့သည် ကျေးဇူးမပြုကြကုန်’ဟူ၍ မဆိုနိုင်၊ အကယ်၍ ငါသည် ဤမှာဖက်ကမ်း၌ ပရိနိဗ္ဗာန်စံခဲ့လျှင် ထိုမှာဖက်ကမ်းနေသူ လူတို့သည် ငါ၏ သာရီရိကဓာတ်ကို ရယူရန်အတွက် ဤမှာဖက်ကမ်းနေသူ လူတို့နှင့် ခိုက်ရန်မှု ပြုကြပေလိမ့်မည်။ အကယ်၍ ထိုမှာဖက်ကမ်း၌ ပရိနိဗ္ဗာန်စံခဲ့လျှင် ဤမှာဖက်ကမ်းနေသူ လူတို့သည် လည်း ထို့အတူပင် ခိုက်ရန်မှု



၄၈၆

ပြုကြပေလိမ့်မည်။ ထိုခိုက်ရန်မှုသည် ဖြစ်ပေါ်လျှင်လည်း ငါ့ကို အမှီပြု၍သာလျှင် ဖြစ်ပေလိမ့်မည်၊ ငြိမ်းအေးလျှင်လည်း ငါ့ကို အမှီပြုရမှသာ ငြိမ်းအေးပေလိမ့်မည် = မစီမံတတ်လျှင် ခိုက်ရန်မှု ဖြစ်ပွါးလိမ့်မည်၊ စီမံတတ်လျှင် ခိုက်ရန်မှ ငြိမ်းအေးလိမ့်မည်”ဟု ကြံစည် ဆင်ခြင်တော်မူပြီးလျှင်-

“ဒါယကာ, ဒါယိကာမ အပေါင်းတို့.. ဤမှာဖက်ကမ်းနေသူ လူတို့သည်လည်း ငါ၏အပေါ်မှာ ကျေးဇူးများ ကြသည်သာ ဖြစ်ကုန်၏၊ ထိုမှာဖက်ကမ်းနေသူ လူတို့သည်လည်း ငါ၏အပေါ်မှာ ကျေးဇူးများကြသည်သာ ဖြစ်ကုန်၏။ ကျေးဇူးမများကြသူဟူ၍ မရှိကြကုန်၊ ဤမှာဖက်ကမ်းနေသူ လူတို့သည်လည်း ဤမှာဖက်ကမ်း၌သာ စည်းဝေး၍ နေကြကုန်စေ၊ ထိုမှာဖက်ကမ်းနေသူ လူတို့သည်လည်း ထိုမှာဖက်ကမ်း၌သာ စည်းဝေး၍ နေကြကုန်စေ”—

ဟု မိန့်တော်မူလေ၏။ ထို့နောက် ခုနစ်ရက်မြောက်သောနေ့၌ မထေရ်မြတ်သည် ရောဟိဏီမြစ်၏ အလယ်ဗဟို အထက်ကောင်းကင် (ထန်းခုနှစ်ပြန်ခန့် အမြင့်)၌ ထက်ဝယ်ဖွဲ့ခွေ (=တင်ပလ္လင်ခွေ) ထိုင်နေတော်မူပြီးလျှင် ရှေးဦးစွာ လူအများကို တရားဟောတော်မူလေသည်။

     ထိုသို့ တရားဟောတော်မူပြီးမှ “ငါ၏ကိုယ်သည် အလယ်မှ ထက်ခြမ်းကွဲ၍ တခြမ်းသည် ဤမှာဖက်ကမ်း၌ ကျစေသတည်း၊ တခြမ်းသည် ထိုမှာဖက်ကမ်း၌ ကျစေသတည်း”ဟု အဓိဋ္ဌာန်တော်မူလေသည်။ ထိုသို့ အဓိဋ္ဌာန်တော်မူပြီးနောက် အဘိညာဏ်၏ အခြေပါဒဖြစ်သော တေဇောကသိဏဈာန်ကို ၀င်စားတော်မူလေသည်၊ ထိုဈာန်မှထ၍ အဘိညာဏ်ဝီထိ ဖြစ်ပေါ်လာသောအခါ အဘိညာဏ်နှင့်ပြိုင်လျက် ကိုယ်တော်မှ မီးအလျှံများ တဟုန်းဟုန်း ထပေါ်ဖြစ်ပွါး၍လာပြီးလျှင် ထိုအဘိညာဏ်ဝီထိ၏ အခြားမဲ့၌ မထေရ်မြတ်သည် ပစ္ဆိမစုတိစိတ် ကျတော်မူကာ ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဘုံဇာတ်သိမ်းတော်မူလေသည်။



၄၈၇

     အဓိဋ္ဌာန်တော်မူချက်အတိုင်း ကိုယ်တော်သည် အလယ်မှ ထက်ခြမ်းကွဲ၍ တခြမ်းသည် ဤမှာဖက်ကမ်း၌ကျ၍ ကျန်တခြမ်းသည် ထိုမှာဘက်ကမ်း၌ ကျလေ၏။ ထိုအခါ ကမ်းနှစ်ဖက်နေသူ လူများအပေါင်းသည် သည်းစွာ ငိုကြွေးကြလေ၏။ ထိုလူတို့ ငိုကြွေးသောအသံသည် မြေပြိုအံ့သော အသံကဲ့သို့ ဖြစ်လေ၏။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူသောအခါ ငိုကြွေးသောအသံထက် သနားဖွယ် ကောင်းလှ၏။ လူတို့သည် လေးလတို့ပတ်လုံး ငိုကြွေးကြကုန်လျက် “မြတ်စွာဘုရား၏ သပိတ်သင်္ကန်းတော်ကို ကိုင်ဆောင်သော မထေရ်မြတ် ထင်ရှားရှိနေလတ်သော် မြတ်စွာဘုရား ထင်ရှားရှိတော်မူသော ကာလကဲ့သို့ အကျွန်ုပ်တို့မှာ ဖြစ်ရှိပါသည်၊ ယခုမှ အကျွန်ုပ်တို့ဆရာ မြတ်စွာဘုရားသည် စင်စစ်အမှန် ပရိနိဗ္ဗာန် စံတော်မူခဲ့လေပြီ”ဟု တတွတ်တွတ် မြည်တမ်းစကား ပြောကြားလှည့်လည်ကာ နေကြရှာလေကုန်သတည်း။

သံဝေဂဂါထာ ပါဠိ,အနက်

ဟာ သံယောဂါ ဝိယောဂန္တာ၊

ဟာ အနိစ္စာဝ သင်္ခတာ။

ဟာ ဥပ္ပန္နာ စ ဘင်္ဂန္တာ၊

ဟာ ဟာ သင်္ခါရဓမ္မတာ။

သံယောဂါ = ဆရာဒကာ မိတ်သဟာနှင့် ဆွေဉာရင်းနှီး သားသမီးက ဇနီးမောင်နှံ ဆက်ဆံကြိုက်ကြုံ ပေါင်းဆုံရခြင်း ဟူသမျှတို့သည်။ ဝိယောဂန္တာ = ဒေသဝေးခြား ရပ်တပါးသို့ ပြောင်းသွားကွေကွင်းရခြင်း, ဘဝခြားကာ ကွဲကွာကွေကွင်းရခြင်း တည်းဟူသော သေကွဲ, ရှင်ကွဲ = ဤနှစ်ကွဲလျှင် မလွဲနိုင်ဘိ အဆုံးရှိကုန်ရကား။ ဟာ.. = သောက, ပရိဒေဝ စရှိထွေထွေ ဒုက္ခပေါင်း ပင်လယ်ဝေ ဟင်..ကြောက်လန့်ဖွယ်တို့ပါပေ။ သင်္ခတာ = ကံ,စိတ်,ဥ,ဟာ ကြောင်းလေးဖြာတို့ ပေါင်းကာပြုပြင် စီရင်အပ်သမျှ သင်္ခတတရားအစုတို့သည်။



၄၈၈

အနိစ္စာဝ = အစိုင်အခဲ အမြဲမတည် အဓွန့်မရှည်ကြကုန်သည် ဖြစ်၍သာလျှင်။ ဟာ.. = သောက, ပရိဒေဝ စရှိထွေထွေ ဒုက္ခပေါင်း ပင်လယ်ဝေ ဟင်..ကြောက်လန့်ဖွယ်တို့ပါပေ။ ဥပ္ပန္နာ စ = ဥပါဒ်မကင်း ဖြစ်ပေါ်ခြင်း ရှိကြသည့် မြင်သမျှအလုံးစုံ သင်္ခါရအဖုံဖုံတို့သည်လည်း။ ဘင်္ဂန္တာ = ပြိုခြင်း ပျက်ခြင်း ချုပ်ပျောက်ခြင်းလျှင် မငြင်းနိုင်ဘိ အဆုံးရှိကုန်ရကား။ ဟာ.. = သောက, ပရိဒေဝ စရှိထွေထွေ ဒုက္ခပေါင်း ပင်လယ်ဝေ ဟင်..ကြောက်လန့်ဖွယ်တို့ပါပေ။ သင်္ခါရဓမ္မတာ = ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာ သဘောတံထွာ ဓမ္မတာလမ်းရိုးကြီးသည်။ ဟာ.. ဟာ.. = ဒုက္ခသမုဒ် ဝဲဇလုတ်ဝယ် နှစ်မြုပ်စေတတ် အကြောင်းရင်းဧကန် အခြေခံမှန်လတ်သဖြင့် ဆတ်ဆတ်ပုံသေ ဟင်.. ဟင်.. ကြောက်ရွံ့ထိတ်လန့်ဖွယ်ပေတကား..။

ဤကား အရှင်အာနန္ဒာမထေရ်မြတ် အကြောင်းတည်း။

**********