အရှင်ဥရုဝေလကဿဖ မထေရ်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၃၁) အရှင်ဥရုဝေလကဿဖ မထေရ်အကြောင်း

(၃၁) အရှင်ဥရုဝေလကဿပမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

     ဤမထေရ်အလောင်း သူတော်ကောင်းသည်လည်း ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်တွင် အမျိုးကောင်းအိမ်၌ ပဋိသန္ဓေ တည်ယူနေ၍ အရွယ်သို့ ရောက်လတ်သော် ပဒုမုတ္တရ မြတ်စွာဘုရား၏ တရားစကားကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို “ပရိသတ် အခြံအရံ များသောအရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး”၌ ထားတော်မူသည်ကို မြင်ရ၍ “ငါသည်လည်း အနာဂတ နောက်ကာလဝယ် ဤရဟန်းနည်းတူ ပရိသတ်အခြံအရံ များသောအရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရသူဖြစ်မှ သင့်တော်မည်”ဟု ကြံစည်ဆင်ခြင်လျက် ခုနစ်ရက်ကြာ ဘုရားအမှူးရှိသော သံဃာအား မဟာဒါနကြီး ပေးလှူပြီးလျှင်



၄၈၉

ခုနစ်ရက်မြောက် ရောက်သောနေ့၌ ထိုဘုရားအမှူးရှိသော သံဃာအား တိစီဝရိက် (=သင်္ကန်းသုံးထည်) တစုံစီ ဆက်ကပ်လှူဒါန်းပြီးနောက် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးဦးညွှတ်၍ ပရိသတ်အခြံအရံ များသောအရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ်ဖြစ်ရန် ဆုတောင်းပတ္ထနာမှု ပြုလေ၏။

   ပဒုမုတ္တရ မြတ်စွာဘုရားရှင်သည် ထိုအမျိုးကောင်းသား၏ ဆုတောင်းပတ္ထနာချက် အန္တရာယ်မရှိ ပြည့်စုံမည်ကို သိမြင်တော်မူ၍ “သင်သည် အနာဂတ နောက်ကာလဝယ် ဂေါတမမြတ်စွာ သာသနာ၌ ပရိသတ်အခြံအရံ များကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့၍ ဖဲကြွတော်မူလေ၏။

ဖုဿမြတ်စွာဘုရားရှင်၏ ညီတော်မင်းသားဘ၀

   ထိုအမျိုးကောင်းသားသည် ဗျာဒိတ်ရသော ထိုဘဝဝယ် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြု၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် ဤယခု ဘဒ္ဒကမ္ဘာမှ ပဋိလောမအဆန် ပြန်၍ရေတွက်လျှင် (၉၂)ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပွင့်ထွန်းတော်မူသော ဖုဿမြတ်စွာဘုရားရှင်၏ ဖတူမိကွဲ ညီတော်မင်းသားကြီး ဖြစ်လာလေသည်။ ထိုမင်းသားမှာ အခြား ညီတော်မင်းသား နှစ်ဦးတို့ ရှိကြလေသည်။ (ထိုမင်းသားသုံးဦးတို့ ဖုဿမြတ်စွာဘုရား အမှူးပြုသော သံဃာတော်အား ဝါတွင်းသုံးလ ပစ္စည်းလေးပါးတို့ဖြင့် ပြုစုပူဇော်ခဲ့ကြပုံ အကြောင်းအရာ အကျယ်ကိုကား အောက် မဟာဗုဒ္ဓဝင် ဒုတိယတွဲ စာမျက်နှာ ၆၀၇-မှ စ၍၎င်း, ဤမဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ စာမျက်နှာ ၃၃၆-မှ စ၍၎င်း ပြန်လည်ကြည့်ရှု မှတ်ယူကုန်ရာ၏)။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ထိုမင်းသားညီနောင် သုံးဦးတို့သည် ဝါကျွတ်သောအခါ ဘုရားအမှူးရှိသော သံဃာကို အလွန်မွန်မြတ်သော ပစ္စယပူဇာဖြင့်



၄၉၀

ပူဇော်ကြ၍ အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြုပြီးလျှင် အပါယ်လေးပါး မလားမရောက်ကြပဲ ဤဘဒ္ဒကမ္ဘာဝယ် အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူသည်မှ ရှေးဦးကပင် (=ပွင့်ထွန်း တော်မမူမီကပင်) ပုဏ္ဏားမျိုး၌ဖြစ်ကြ၍ မိမိတို့အနွယ်အားဖြင့် ညီနောင်သုံးဦး အားလုံးတို့ပင် ကဿပ-ဟူ၍ အမည်ရှိကြလေသည်။ ကဿပ-ညီနောင် သုံးဦးသားတို့သည် အရွယ်သို့ ရောက်ကြလတ်သော် ဗေဒင် သုံးပုံတို့ကို သင်ကြား တတ်မြောက်ကြလေသည်။ ထိုညီနောင် သုံးဦးတို့အနက် နောင်တော်အကြီးမှာ တပည့်လုလင် ပရိသတ်အခြံအရံ ငါးရာ, ညီအလတ်မှာ သုံးရာ, ညီအငယ်မှာ နှစ်ရာ အသီးအသီး ရှိကြလေသည်။

     ထိုညီနောင် သုံးဦးလုံးတို့ပင် မိမိတို့၏ ဗေဒင်ကျမ်းများ၌ အနှစ်သာရကို ကြည့်ရှု ဆင်ခြင်ကြသည်ရှိသော် မျက်မှောက်အကျိုးကိုသာ တွေ့မြင်ကြရ၍ တမလွန်အကျိုးကို မတွေ့မြင်ကြရကုန်။ ထို့နောက် ညီနောင်သုံးဦးတို့အနက် နောင်တော်အကြီးဖြစ်သော ကဿပဂိုဏ်းဆရာကြီးသည် မိမိ၏ တပည့်ပရိတ်သတ် အခြံအရံ ငါးရာတို့နှင့် အတူဘကွ ဥရုဝေလတောသို့ သွားရောက်၍ ရသေ့ရဟန်းပြုပြီးလျှင် (နေရာတော်ကို အစွဲပြုကာ) ဥရုဝေလကဿပ ဆရာကြီးဟူ၍ အမည်တွင်လေသည်။ ညီအလတ်ကား ဂင်္ဂါမြစ်ကြီး၏ အကွေ့၌ ထို့အတူ တပည့်ပရိတ်သတ် အခြံအရံ သုံးရာတို့နှင့် အတူတကွ ရသေ့ရဟန်းပြုကာ နေသဖြင့် နဒီကဿပဂိုဏ်းဆရာဟု အမည်တွင်လေသည်။ ညီအငယ်ကား ထို့အတူ တပည့်ပရိတ်သတ် အခြံအရံ နှစ်ရာနှင့် အတူတကွ ဂယာသီသအရပ်၌ ရသေ့ရဟန်းပြုကာ နေသဖြင့် ဂယာကဿပ ဂိုဏ်းဆရာဟု အမည်တွင်လေသည်။

     ဤသို့လျှင် ထိုညီနောင်သုံးဦးတို့ ရသေ့ရဟန်းပြုကြ၍ ဥရုဝေလ တောအုပ်စသော ဖော်ပြရာပါ ဌာနအသီးသီးတို့၌ ဂိုဏ်းဆရာကြီးများ ပြုလုပ်ကာ နေထိုင်ကြစဉ်ပင် ရက်ပေါင်းနေ့ပေါင်းများစွာ ကုန်လွန်သောအခါ အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင်သည် ပွင့်ထွန်းတော်မူလာ၍ ပဌမဝါကို ဣသိပတန-မိဂဒါဝုန်တော၌



၄၉၁

ဝါကပ်ဆိုတော်မူလျက် ဓမ္မစကြာတရားဦး ဟောတော်မူကာ ပဉ္စဝဂ္ဂီ မထေရ်ငါးဦးတို့ကို ချေချွတ်တော်မူခြင်း, ယသသူဌေးသား အမှူးပြုသော သူငယ်ချင်း (၅၅)ငါးကျိပ်ငါးယောက်တို့ကို ဆုံးမချေချွတ်တော်မူခြင်း အမှုကို ပြုသဖြင့် လူ့ပြည်လောကဝယ် လူသားရဟန္တာ ခြောက်ကျိပ်တို့ ဖြစ်ထွန်းလာ၍ ထိုနှစ် ဝါကျွတ်သောအခါ ရဟန္တာခြောက်ကျိပ်တို့ကို သာသနာပြု စေလွှတ်တော်မူပြီးနောက် ကိုယ်တော်တိုင်ကမူ ဥရုဝေလတောအုပ်ဖက်သို့အသွား လမ်းခရီးအကြားဝယ် ကပ္ပါသိကတောအုပ်၌ ဘဒ္ဒဝဂ္ဂီ နောင်ညီမင်းသား သုံးကျိပ်တို့ကို သေက္ခအရိယာဘုံရောက် ဆုံးမချေချွတ်တော်မူကာ ဧဟိဘိက္ခုရဟန်းချည်း ဖြစ်ကြစေလျက် ဥရုဝေလကဿပ ဂိုဏ်းဆရာ ရသေ့ကြီး၏ မဂ်,ဖိုလ်၏ ဥပနိဿယည်း ရှေးကောင်းမှုပစ္စည်းကို ကြည့်ရှု ဆင်ခြင်တော်မူလတ်သော် “ငါဘုရား ထိုသူတို့ထံ ကြွသွားလျှင် ညီနောင်သုံးဦးတို့ပင် မိမိတို့၏ ပရိသတ် အခြံအရံတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ကြလိမ့်မည်”ဟု သိတော်မူ၍ အဖော်မပါ ကိုယ်တော်ထီးသာ ဥရုဝေလတောအုပ်သို့ ကြွရောက်၍ အောက်၌ဆိုအပ်ပြီး နည်းအတိုင်း နဂါးမင်းကို ဆုံးမခြင်း- အစရှိသည့် ပြာဋိဟာပေါင်း (၃၅၀၀) သုံးထောင့်ငါးရာတို့ဖြင့် အခြံအရံ တပည့်ပရိသတ် ငါးရာနှင့်တကွသော ဥရုဝေလကဿပ ဂိုဏ်းဆရာကြီးကို ဆုံးမတော်မူ၍ ဧဟိဘိက္ခုရဟန်းချည်း ပြုစေတော်မူလေသည်။ နောင်တော်ကြီး ရဟန်းပြုကြောင်း သိရ၍ ညီတော်နှစ်ဦးတို့လည်း မိမိတို့ပရိသတ်နှင့် အတူတကွ ရဟန်းပြုကြလေသည်။ ထိုသူတို့အားလုံးပင် ဧဟိဘိက္ခုရဟန်းချည်း ဖြစ်ကြလေသည်။ (ဤစာပိုဒ်ပါ အကြောင်းအရာ အကျယ်တို့ကို အောက် မဟာဗုဒ္ဓဝင် ဒုတိယတွဲ စာမျက်နှာ ၅၄၃-၅၇၉-၌ ပြန်လည်ကြည့်ရှု မှတ်ယူကုန်ရာ၏)။

     မြတ်စွာဘုရားသည် ထိုရဟန်းတထောင်ကို ခေါ်ဆောင်၍ ဂယာသီသသို့ သွားရောက်ပြီးလျှင် ဂယာသီသကျောက်ဖျာ၌ ထိုင်နေတော်မူလျက် “ဤရဟန်းတို့အား အဘယ်သို့သော တရားဒေသနာသည် သပ္ပါယ ဖြစ်လိမ့်မည်နည်း”ဟု ကြည့်ရှု



၄၉၂

ဆင်ခြင်တော်မူလတ်သော် “ဤသူတို့ကား သာသနာဝန်ထမ်း ရဟန်း မဖြစ်မီကာလက မီးကို လုပ်ကျွေးကြလျက် လှည့်လည်နေထိုင်ခဲ့ကြလေပြီ၊ ဤရဟန်းတို့အား ဘ၀သုံးပါးတို့ကို ရဲရဲပြောင်ပြောင် မီးတောက်လောင်သည့် အိမ်နှင့်တူအောင် ဥပမာပြု၍ တရားပြမှသာ သင့်လျော်လျောက်ပတ်ပေမည် = မီးသမားတို့ကို မီးတရားဟောမှ သင့်လျော်တော့မည်”ဟု သိတော်မူ၍ အာဒိတ္တပရိယာယသုတ်ကို ဟောကြားတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးလတ်သောအခါ အားလုံးတို့ပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြလေကုန်၏။

     မြတ်စွာဘုရားသည် ထိုရဟန္တာပေါင်းတထောင် ခြံရံအပ်လျက် ရှေးအခါက ဗိမ္ဗိသာရမင်းတရားအား ပဋိညာဉ်ဝန်ခံချက် (“ဘုရားဖြစ်ပြီးက ရာဇဂြိုဟ်သို့ ကြွပါမည်-ဟူသော ဝန်ခံချက်) ပေးအပ်ပြီး ဖြစ်ရကား `ရာဇဂြိုဟ်ပြည် ထန်းတောဥယျာဉ်သို့ ကြွတော်မူလေ၏။ ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရား ကြွရောက်တော်မူလာကြောင်း ကြားသိရ၍ ပုဏ္ဏားသူကြွယ် (=ပုဏ္ဏားသူဌေး)ပေါင်း (၁၂၀၀၀၀) တသိန်းနှစ်သောင်းတို့နှင့် အတူတကွ မြတ်စွာဘုရားထံတော်သို့ သွားရောက်ရှိခိုးလျက် အပြစ်လွတ်ရာအရပ်ဝယ် ထိုင်နေလေ၏။ မြတ်စွာဘုရားရှင်သည် ထိုအလုံးစုံသော ပရိသတ်ကို ကြည့်ရှုတော်မူ၍ ထိုလူများအပေါင်းက ဥရုဝေလကဿပအားသာ အထင်ကြီးကြလျက် ရိုသေကျိုးနွံမှု ပြုကြသည်ကို မြင်တော်မူ၍ “ဤသူတို့သည် ငါဘုရားနှင့် ဥရုဝေလကဿပတို့ မည်သူက မြင့်မြတ်သည်ကို အတတ်ထင်ထင် မသိမြင်ကြကုန်၊ အကြံထွေပြား များနေသူတို့မည်သည် တရားဒေသနာကို လက်ခံခြင်းငှါ မတတ်နိုင်ကြကုန်”ဟု ကြံစည်တော်မူပြီးလျှင် အရှင်ဥရုဝေလကဿပ မထေရ်ကို “ချစ်သားကဿပ.. သင့်ဒကာများ၏ အကြံအစည်မှား ဝိတက်များကို သင်ချစ်သားပင် ဖြတ်တောက်လော့”ဟု မိန့်တော်မူကာ မထေရ်မြတ်အား တန်ခိုးဖန်ဆင်းမှု ပြုလုပ်ရန် အမှတ်အချက် ပေးတော်မူလိုက်လေ၏။



၄၉၃

     မထေရ်မြတ်သည် မြတ်စွာဘုရား၏ စကားတော်ကို ရိုသေစွာ လက်ခံလျက် နေရာမှထကာ မြတ်စွာဘုရားရှင်ကို တည်ခြင်းငါးပါးဖြင့် ရှိခိုး၍ ထန်းတဆင့်ခန့် ပမာဏရှိသော ကောင်းကင်သို့ ပျံတက်၍ ဣဒ္ဓိရုပ်တန်ခိုး အမျိုးမျိုးကို ဖန်ဆင်းပြသပြီးလျှင် “မြတ်စွာဘုရား.. ဘုန်းတော်ကြီးသော ရှင်တော်ဘုရားသည် တပည့်တော်၏ဆရာ ဖြစ်ပါသည်၊ တပည့်တော်သည် တပည့်သာဝက ဖြစ်ပါသည်။ မြတ်စွာဘုရား.. ဘုန်းတော်ကြီးသော ရှင်တော်ဘုရားသည် တပည့်တော်၏ဆရာ ဖြစ်ပါသည်၊ တပည့်တော်သည် တပည့်သာဝက ဖြစ်ပါသည်”ဟု လျှောက်ထားကာ သက်ဆင်း၍ မြတ်စွာဘုရားခြေတော်ရင်း၌ ဝပ်စင်းရိုကျိုး ရှိခိုးလေ၏။ ဤနည်းဖြင့် ခုနစ်ကြိမ်မြောက် ရောက်သောအခါ ထန်းခုနစ်ဆင့်ခန့် ပမာဏရှိသော ကောင်းကင်သို့ ပျံတက်၍ တဖန် ဆင်းသက်ပြီးလျှင် ရှေးနည်းအတူ မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုး၍ အပြစ်လွတ်ရာအရပ်၌ ထိုင်နေတော်မူလေ၏။

     ထိုအခါမှ လူများအပေါင်းသည် “ဘုရားမြတ်ကား လောက၌ အမြတ်ဆုံးသောရဟန်း ဖြစ်တော်မူပါပေ၏”ဟု ဘုရားရှင်အပေါ်၌ ယုံမှားသံသယ ကင်းရှင်းကြလေ၏။ ထိုအခါ ထိုလူများအပေါင်းအား မြတ်စွာဘုရားသည် တရားဟောတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးသောအခါ ဗိမ္ဗိသာရမင်းကြီးဘည် (၁၁၀၀၀၀) တသိန်းတသောင်းသော ပုဏ္ဏားသူကြွယ် (=ပုဏ္ဏားသူဌေး)တို့နှင့် အတူတကွ သောတာပတ္တိဖိုလ်၌ တည်လေ၏။ ပုဏ္ဏား သူဌေးပေါင်း( ၁၀၀၀၀ ) တသောင်းသည်ကား ရတနာသုံးရပ်ကို ဆည်းကပ်သူ = ဥပါသကာအဖြစ်ကို လျှောက်ထား ပြောကြားလေ၏ = သရဏဂုံတည်သူ ဥပါသကာများ ဖြစ်ကြလေ၏ဟု ဆိုလိုသည်။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     အရှင်ဥရုဝေလကဿပ မထေရ်၏ အခြံအရံဖြစ်သော ထိုရဟန်းပေါင်း (၁၀၀၀) တထောင်တို့သည်လည်း မိမိတို့ အလေ့အလာအတိုင်း



၄၉၄

“ငါတို့အရာ ရဟန်းကိစ္စ အထွတ်အထိပ်သို့ ရောက်လေပြီ၊ အပြင်အပ လှည့်လည်သွားလာနေ၍ အဘယ်မူစအံ့နည်း = အပြင်အပ လှည့်လည်သွားလာနေရန် အလုပ်ကိစ္စ မရှိတော့ပြီ”ဟု ကြံစည် ဆင်ခြင်မိကြကာ အရှင်ဥရုဝေလကဿပ မထေရ်ကိုသာလျှင် ဝန်းရံ၍ လှည့်လည်သွားလာ နေထိုင်ကြကုန်၏။

     နောက်တချိန်၌ မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်ဝယ် သီတင်းသုံး နေထိုင်တော်မူစဉ် အရိယသံဃာတို့ အလယ်၌ အရှင်ဥရုဝေလကဿပ မထေရ်သူမြတ်ကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ မဟာပရိသာနံ ယဒိဒံ ဥရုဝေလကဿပေါ = ရဟန်းတို့.. များသော ပရိသတ်အခြံအရံရှိကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ဥရုဝေလကဿပသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “မဟာပရိသ = တပည့်ပရိသတ်များသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

(ဤ၌။ ။အခြားသော မထေရ်တို့မှာ တရံတခါ အခြံအရံ ပရိသတ် ပေါများ၍ တရံတခါ အခြံအရံ တပည့်ပရိသတ် နည်းပါးလေသည်၊ ဤအရှင် ဥရုဝေလကဿပ မထေရ်၏ အဖို့မှာမူ ညီတော်ရဟန်းနှစ်ပါး (နဒီကဿပမထေရ်, ဂယာကဿပမထေရ်)တို့နှင့်တကွ ရဟန်းပေါင်းတထောင် အမြဲ အခြံအရံဖြစ်ရှိ၍ နေ၏၊ ထိုရဟန်းတထောင်တို့အနက်မှ တပါးတပါးလျှင် တပည့်တပါးတပါး ရှင်ရဟန်း ပြုပေးလျှင် တပည့်ရဟန်း နှစ်ထောင်တို့ ဖြစ်နိုင်ကုန်၏၊ တပါးတပါးလျှင် တပည့် နှစ်ပါးနှစ်ပါး ရှင်ရဟန်းပြုပေးလျှင် တပည့်ရဟန်းပေါင်း (၃၀၀၀) သုံးထောင်တို့ ဖြစ်နိုင်ကုန်၏၊ ထို့ကြောင့် အရှင်ဥရုဝေလကဿပ မထေရ်သည် တပည့်ပရိသတ် အခြံအရံများကြသော ရဟန်းတို့တွင် အသာဆုံး မြတ်ဆုံး ဖြစ်တော်မူလေသည်။ အံ ဋ္ဌ ၁၊ စာမျက်နှာ ၂၃၁-မှ)။

ဤကား ဥရုဝေလကဿပမထေရ် အကြောင်းတည်း။