အရှင်ကောဋ္ဌိတ မထေရ်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၂၉) အရှင်ကောဋ္ဌိတ မထေရ်အကြောင်း

(၂၉) အရှင်ကောဋ္ဌိတမထေရ်အကြောင်း

(က) မထေရ်မြတ်၏ ရှေးဆုတောင်း

     ဤမထေရ်မြတ်အလောင်း သူတော်ကောင်းသည်လည်း ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်အခါ ဟံသာဝတီ မင်းနေပြည်ဝယ် စီးပွါးဥစ္စာ အသုံးအဆောင်ပေါများသည့် မဟာဘောဂအမျိုး၌ ဖြစ်လတ်၍ နောက်တချိန်၌ ပဒုမုတ္တရ မြတ်စွာဘုရားရှင်၏ တရားတော်ကို ကြားနာစဉ် ပဒုမုတ္တရ မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို “ပဋိသမ္ဘိဒါပတ္တ = ပဋိသမ္ဘိဒါအပြား ဉာဏ်လေးပါးသို့ ရောက်ဆိုက်ကြသော ရဟန်း”တို့တွင်



၄၃၄

အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို မြင်ရ၍ ရှေးမထေရ်တို့ အလောင်းအလျာများနည်းတူ အဓိကရ ကောင်းမှုကုသိုလ်ကို ပြုပြီးလျှင် ထိုပဋိသမ္ဘိဒါပတ္တ ဧတဒဂ်ရာထူးကို ဆုတောင်းပတ္ထနာမှု ပြုလေ၏။ မြတ်စွာဘုရားသည်လည်း ဗျာဒိတ်စကား မိန့်ကြား ဖဲကြွတော်မူ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ထိုအရှင်ကောဋ္ဌိတ မထေရ်အလောင်း သူတော်ကောင်းသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြု၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာ ကာလဝယ် သာဝတ္တိပြည် ပုဏ္ဏားမျိုး၌ ဖြစ်၍လာ၏။ ထိုသူ၏အမည်ကို မိဖဆွေမျိုးတို့က “ကောဋ္ဌိတ-လုလင်”ဟု မှည့်ခေါ်ကြလေသည်။ ကောဋ္ဌိတလုလင်သည် အရွယ်သို့ ရောက်လတ်သော် ဗေဒင်သုံးခဏ်း ဖက်ကမ်းတိုင်ရောက် သင်ကြားတတ်မြောက်၍ တနေ့သ၌ မြတ်စွာဘုရားရှင်၏ တရားစကားကို ကြားနာရသဖြင့် သဒ္ဓါတရား ကြီးမားစွာ ဖြစ်ရှိကာ သာသနာဝန်ထမ်း ရဟန်းပြုလေသည်။ ထိုအရှင်ကောဋ္ဌိတ ရဟန်းသည် ရဟန်းပဉ္စင်း ဖြစ်ပြီးသောအချိန်မှစ၍ ဝိပဿနာကမ္မဋ္ဌန်း စီးဖြန်း အားထုတ်တော်မူလေရာ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ဆိုက်တော်မူလေ၏ = ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်လေ၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     မထေရ်မြတ်သည် ရဟန္တာဖြစ်ပြီးနောက် အမြဲတစေ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့၌ လေ့လာနိုင်နင်းတော်မူသည်ဖြစ်၍ အမေးပုစ္ဆာ ပြဿနာမေးမြန်းလျှင် ပဋိသမ္ဘိဒါဉာဏ်တို့နှင့်စပ်သော ပြဿနာကိုသာ အများအားဖြင့် မေးတော်မူလေ့ရှိသည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် နောက်အခါ၌ (မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ-လာ) မဟာဝေဒလ္လသုတ်ကို အဋ္ဌုပ္ပတ်ပြု၍ အရှင်ကောဋ္ဌိတမထေရ်ကို-



၄၃၅

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ပဋိသမ္ဘိဒါပတ္တာနံ ယဒိဒံ မဟာကောဋ္ဌိတော = ရဟန်းတို့.. ပဋိသမ္ဘိဒါဉာဏ် လေးပါးသို့ ရောက်ဆိုက်ကြသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် မဟာကောဋ္ဌိတ ရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”—

ဟု ချီးကျူးမိန့်မြွက်တော်မူကာ “ပဋိသမ္ဘိဒါပတ္တ = ပဋိသမ္ဘိဒါအပြား ဉာဏ်လေးပါးသို့ ရောက်သောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေသတည်း။

ဤကား အရှင်ကောဋ္ဌိတ မထေရ်အကြောင်းတည်း။

**********