အရှင်ကုမာရကဿပ မထေရ်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၂၈) အရှင်ကုမာရကဿပ မထေရ်အကြောင်း

(၂၈) အရှင်ကုမာရကဿပမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

     ဤမထေရ်အလောင်း သူတော်ကောင်းသည်လည်း ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်အခါ ဟံသာဝတီ မင်းနေပြည်၀ယ် အမျိုးကောင်းအိမ်၌ ဖြစ်ခဲ့လတ်၍ ရှေးမထေရ်အလောင်းများနည်းတူ မြတ်စွာဘုရားရှင်၏ တရားဒေသနာကို နာယူစဉ် ပဒုမုတ္တရ မြတ်စွာဘုရားက ရဟန်းတော်တပါးကို “ဆန်းကြယ်သော တရားစကား ဟောကြားကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး”၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ အဓိကာရ ကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုရာထူး = ဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုလေသည်။ မြတ်စွာဘုရားသည် ထိုအမျိုးကောင်းသား၏ ဆုတောင်းပတ္ထနာချက် အန္တရာယ်မရှိ ပြည့်စုံမည်ကို မြင်တော်မူ၍ ရှေးနည်းအတူ ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့လေသည်။

တောင်ထိပ်တက်၍ ရဟန်းတရားအားထုတ်ခြင်း

     ထိုအမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြု၍ နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် ကဿပမြတ်စွာ သာသနာ ဆုတ်ယုတ်သောအခါဝယ် အောက် အရှင်ဒဗ္ဗမထေရ်၏ ဝတ္ထု၌ ဆိုအပ်ခဲ့ပြီးသောအတိုင်း အဖော်ရဟန်းတို့နှင့် အတူတကွ (အောက် အရှင်ဒဗ္ဗဝတ္ထု စာမျက်နှာ ၃၇၈-၌ ကြည့်ပါ။) တောင်ထိပ်သို့ တက်ရောက်ကာ ရဟန်းတရား အားထုတ်၍ စင်ကြယ်သော ပြည့်စုံသော သီလရှိသူ ဖြစ်ရကား အသက်အဆုံး၌ နတ်ပြည်ဝယ် ဖြစ်လေ၏။



၄၁၈

(ခ) နောက်ဆုံးဘ၀ ရဟန်းပြုခြင်း

     ထိုအမျိုးကောင်းသား နတ်သားသည် ဗုဒ္ဓန္တရအသင်္ချေယျ တကပ်ပတ်လုံး အပါယ်သို့ မလားမရောက်ပဲ လူနတ်စည်းစိမ်ကို ခံစားလျက် အကျွန်ုပ်တို့၏ မြတ်စွာဘုရား ပွင့်ထွန်းတော်မူရာ ကာလဝယ် ရာဇဂြိုဟ်ပြည် တယောက်သော သူဌေးသမီး၏ ဝမ်း၌ ဖြစ်ပွါးလာလေသည်။ အထူးအားဖြင့် ထိုသူဌေးသမီးသည် အိမ်ထောင်မကျမီ ရှေးဦးစွာကပင် အမိအဖတို့ကို ရှင်ရဟန်းပြုရန် ခွင့်ပန်ပါသော်လည်း မရခဲ့ပဲ အရွယ်သို့ ရောက်သောအခါ အရှင်သခင် လင်ယောက်ျားအိမ်သို့ လိုက်ပါခဲ့ရ၍ ကိုယ်ဝန်ကို ယူရလေသည်။ ထိုသူဌေးသမီးကလေးသည် မိမိ၌ ကိုယ်ဝန်တည်သည်ကိုလည်း မသိရှာပဲ အရှင်သခင် လင်ယောက်ျား သူဌေးသားကို ကျေနပ်အောင် တောင်းပန်ပြီးမှ ဒေဝဒတ်၏ အပင်းအသင်းဝင် ဘိက္ခုနီမတို့အထံ၌ ရှင်ရဟန်းပြုခဲ့လေသည်။

     ထိုဘိက္ခုနီမကလေး၏ ကိုယ်ဝန်နိမိတ် ထင်ရှားလာသောအခါ ဘိက္ခုနီမတို့သည် ရှင်ဒေဝဒတ်ကို မေးမြန်းကြလေသည်။ ရှင်ဒေဝဒတ်သည် “ရဟန်းမ.. မဟုတ်တော့ပြီ”ဟု ပြောဆိုကာ မိမိဂိုဏ်းမှ နှင်ထုတ်လိုက်လေသည်။ ထိုဘိက္ခုနီမကလေးသည် မြတ်စွာဘုရား၏ တပည့်မ ဘိက္ခုနီများထံ သွားရောက်ခိုလှုံ၍ ထို ဘိက္ခုနီမများက ထိုအကြောင်းကို မြတ်စွာဘုရားရှင်အား လျှောက်ထားကြသဖြင့် မြတ်စွာဘုရားရှင်သည် အရှင်ဥပါလိမထေရ်ကို ထိုအမှုဆုံးဖြတ်ရန် အပ်နှင်း တာဝန်ပေးတော်မူလေသည်။

     အရှင်ဥပါလိမထေရ်သည် သာဝတ္ထိပြည်သူ အမျိုးကောင်း သမီးကြီးများနှင့်တကွ ဝိသာခါ ကျောင်းအမကြီးကိုပါ ခေါ်စေ၍ ထိုကိုယ်ဝန်သား လူဖြစ်စဉ်က တည်ခဲ့သည်, ဘိက္ခုနီမ-ဖြစ်မှ တည်ခဲ့သည်-ဟူသော အရေးကို အမျိုးကောင်းသမီးကြီးများသို့ အပ်နှင်း၍ စစ်ဆေး သုတ်သင်စေလတ်သည်တွင် “လူဖြစ်စဉ်က တည်ခဲ့ကြောင်း” ကောင်းစွာ အထောက်အထားရရှိ ထွက်ဆိုချက်အရ “ကိုယ်ဝန်သားကား ရှေးလူ ဖြစ်စဉ်က ရအပ်ခဲ့လေသည်၊



၄၁၉

ထို့ကြောင့် ဤဘိက္ခုနီမကလေး၏ ရှင်ရဟန်းအဖြစ်သည် အပြစ်မရှိ”ဟု ပြတ်သားစွာ ဆုံးဖြတ်တော်မူလေ၏။ မြတ်စွာဘုရားသည် “အဓိကရုဏ်းကို ကောင်းစွာ ဆုံးဖြတ်အပ်ပြီ”ဟု အရှင်ဥပါလိမထေရ်အား သာဓုကောင်းကြီး ပေးတော်မူလေ၏။

     ထိုဘိက္ခုနီမကလေးသည် အချိန်ရောက်သောအခါ ရွှေစင်ရုပ်တုနှင့် တူသောသားကို ဖွားမြင်လေသည်။ ပသေနဒီ ကောသလမင်းကြီးသည် ထိုသူငယ်ကို နန်းတော်သို့ ယူဆောင်၍ မင်းသားနှင့်မခြား ချမ်းသာစွာ မွေးမြူ ကြီးပြင်းစေလေသည်။ သူငယ်၏ အမည်ကို “ကဿပ”ဟု မှည့်ခေါ်၍ နောက်တချိန် (=ကဿပသူငယ် ခုနစ်နှစ်အရွယ်လောက် ရှိသောအခါ)၌ လှပစွာ တန်းဆာဆင်ယင်၍ မြတ်စွာဘုရားရှင်ထံတော်သို့ ဆောင်ကာ ရှင်ပြုစေလေ၏။ ။(ဤအကြောင်းအရာ အကျယ်ကို ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထု ဧကကနိပတ် နိဂြောဓမိဂဇာတ်မှ ထုတ်နုတ်မှတ်ယူကုန်ရာ၏)။

ကုမာရကဿပဟု အမည်တွင်ခြင်း

     အသက်အရွယ်နုနယ် ကလေးသူငယ်ကို ရှင်ပြုပေးအပ်သောကြောင့် (ကိုရင်ငယ်ကလေး ဖြစ်သောကြောင့်) မြတ်စွာဘုရားရှင်က “ကဿပကို ခေါ်လိုက်ကြစမ်း၊ ဤသစ်သီးကို, ဤခဲဖွယ်ကို ကဿပအား ပေးလိုက်ကြစမ်း”ဟု မိန့်တော်မူလျှင် ရဟန်းတော် အရှင်မြတ်တို့က “အဘယ်ကဿပအား ပေးကြရပါမည်နည်း ဘုရား”ဟု လျှောက်ထား မေးမြန်းကြ၍ မြတ်စွာဘုရားရှင်က “ကုမာရ-ကဿပအား ပေးလိုက်ကြ”ဟု ဤကဲ့သို့ အမည်မှည့်ခေါ် မိန့်ဆိုတော်မူအပ်သောကြောင့် ထိုအချိန်မှစ၍ အသက်အရွယ် ကြီးသောအခါ၌လည်း “အရှင်ကုမာရ-ကဿပ” ဟူ၍သာ ခေါ်ဆိုအပ်လေသည်။ (တနည်း) မင်းသားကို ပါဠိဘာသာ အားဖြင့် “ကုမာရ”ဟု ခေါ်ဆိုသုံးစွဲသည်၊ ဤအရှင်မြတ်မှာလည်း ကောသလမင်းကြီး မွေးပြုအပ်သည့် မင်းသားပင် ဖြစ်သောကြောင့် “ကုမာရ+ကဿပ = မင်းသား+ကဿပ”ဟု ဤအရှင်မြတ်ကို အသိအမှတ် ပြုအပ်လေသည်။



၄၂၀

ဝမ္မိကသုတ်ဒေသနာ ဖြစ်ပေါ်လာခြင်းအကြောင်း

     အရှင်ကုမာရကဿပသည် ရှင်ဖြစ်ပြီးသော အချိန်မှပင် စ၍ ဝိပဿနာ ကမ္မဋ္ဌာန်းကိုလည်း စီးဖြန်း အားထုတ်တော်မူ၏။ မြက်စွာဘုရား၏ စကားတော်ဖြစ်သော ပိဋကတ်ကိုလည်း သင်ကြားတော်မူ၏ = ပရိယတ်, ပဋိပတ် နှစ်ရပ်စွယ်စုံ အားထုတ်တော်မူလေသည်။ တနေ့သ၌ မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန် ကျောင်းတိုက်၌ သီတင်းသုံး နေတော်မူစဉ် အရှင်ကုမာရကဿပသည် ဇေတဝန်ကျောင်းတိုက်၏အနီး အန္ဓဝန်တောအုပ်၌ နေတော်မူကာ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်တော်မူလေသည်။ ထိုအခါ ကဿပမြတ်စွာ သာသနာတော် နောက်ပိုင်း၌ အတူတကွ တောင်ထိပ်သို့တက်၍ တရားအားထုတ်သဖြင့် အနာဂါမိဖိုလ်သို့ရောက်ကာ သုဒ္ဓါဝါသဘုံ၌ ဖြစ်နေသော မဟာဗြဟ္မာကြီးသည် ထိုအချိန်၌ ဆင်ခြင်သည်ရှိသော် အရှင်ကုမာရကဿပကို မြင်၍ “ဩ.. ငါ့သူငယ်ချင်းကား ဝိပဿနာအလုပ်အတွက် ပင်ပန်းလျက်ရှိချေ၏၊ ငါသွားပြီးလျှင် ဝိပဿနာနည်းအမြွက်ကို ဖော်ပြ၍ မဂ်ဖိုလ်သို့ရောက်ကြောင်း ဥပါယ်ကောင်းကို ပြုပေအံ့”ဟု ကြံစည်ကာ ဗြဟ္မာ့ပြည်၌ တည်နေရင်းပင် ပြဿနာ (၁၅)တဆယ့်ငါးချက်တို့ကို စီရင်ခဲ့၍ သန်းခေါင်ယံအချိန်ဝယ် အန္ဓဝန်တောအုပ် အရှင်ကုမာရကဿပ နေရာ၌ အရောင်အဝါ တောက်ပစွာဖြင့် ကိုယ်ထင်ရှား ပေါ်ပေါက်လာခဲ့လေသည်။

     မထေရ်သည် အရောင်အဝါကို မြင်၍ “ဤအရပ်၌ ထင်ရှား ပေါ်လာသူကား အဘယ်သူနည်း”ဟု မေးလေသည်။ ဗြဟ္မာကြီး က “အကျွန်ုပ်ကား ရှေး (ကဿပမြတ်စွာ သာသနာခေတ်အခါ)တုန်းက အရှင်ဘုရားနှင့် အတူတကွ ရဟန်းတရားကို အားထုတ်၍ အနာဂါမိဖိုလ်သို့ရောက်ကာ သုဒ္ဓါဝါသဘုံ၌ဖြစ်သော ဗြဟ္မာ ဖြစ်ပါသည်”ဟု လျှောက်ထားလေလျှင် အရှင်ကုမာရကဿပ မထေရ်သည် “သင်သည် အဘယ်အလုပ်ကိစ္စကြောင့် ယခု လာရောက်သနည်း”ဟု တိုက်ရိုက်မေးလေ၏။ ထိုအခါ ဗြဟ္မာကြီးသည် မိမိလာရောက်ရခြင်း အကြောင်းကို ထင်ရှားဖော်ပြရန်-



၄၂၁

ရဟန်း.. ရဟန်း.. ၁-ဤတောင်ပို့သည် ၂-ညဉ့်၌ အခိုးလွှတ်၏၊ ၃-နေ့၌ မီးဟုန်းဟုန်းတောက်၏။

၄-ဆရာပုဏ္ဏားက ၅-‘ပညာရှိတပည့်.. ၆-ဓားလက်နက်ကိုယူ၍ ၇-အဖန်ဖန် တူးလော့’ဟု ပြောဆို၏။ ပညာရှိ တပည့်သည် ဓားလက်နက်ကိုယူ၍ တူးလတ်သော် ၈-တံခါးကျည် = မင်းတုပ်ကို တွေ့မြင်သဖြင့် ‘အရှင်.. တံခါးကျည် = မင်းတုပ်ပါတည်း’ဟု ပြောဆို၏။

ဆရာပုဏ္ဏားက ‘ပညာရှိတပည့်.. တံခါးကျည် = မင်းတုပ်ကို ဖယ်ပစ်လော့၊ ဓားလက်နက်ကိုယူ၍ အဖန်ဖန် တူးလော့’ဟု ပြောဆို၏။ ပညာရှိတပည့်သည် လက်နက်ကိုယူ၍ အဖန်ဖန် တူးလတ်သော် ၉-ဥဒ္ဓုမာယိကဖားကို တွေ့မြင်သဖြင့် ‘အရှင်.. ဥဒ္ဓုမာယိကဖားပါတည်း’ဟု ပြောဆို၏။

ဆရာပုဏ္ဏားက ‘ပညာရှိတပည့်.. ဥဒ္ဓုမာယိကဖားကို ဖယ်ပစ်လော့၊ ဓားလက်နက်ကိုယူ၍ အဖန်ဖန်တူးလော့’ဟု ပြောဆို၏။ ပညာရှိတပည့်သည် လက်နက်ကိုယူ၍ အဖန်ဖန်တူးလတ်သော် ၁၀-လမ်းနှစ်ခုကို တွေ့မြင်သဖြင့် ‘အရှင်.. လမ်းနှစ်ခွပါတည်း’ဟု ပြောဆို၏။

ဆရာပုဏ္ဏားက ‘ပညာရှိတပည့်.. လမ်းနှစ်ခုကို ဖယ်ပစ်လော့၊ လက်နက်ကိုယူ၍ အဖန်ဖန် တူးလော့’ဟု ပြောဆို၏။ ပညာရှိတပည့်သည် ဓားလက်နက်ကိုယူ၍ အဖန်ဖန် တူးလတ်သော် ၁၁-ဆပ်ပြာရေစစ်ကို တွေ့မြင်သဖြင့် ‘အရှင်.. ဆပ်ပြာရေစစ်ပါတည်း’ဟု ပြောဆို၏။

ဆရာပုဏ္ဏားက ‘ပညာရှိတပည့်.. ဆပ်ပြာရေစစ်ကို ဖယ်ပစ်လော့၊ ဓားလက်နက်ကိုယူ၍ အဖန်ဖန်တူးလော့’ဟု ပြောဆို၏။ ပညာရှိတပည့်သည် ဓားလက်နက်ကိုယူ၍ အဖန်ဖန် တူးလတ်သော် ၁၂-လိပ်ကို တွေ့မြင်သဖြင့် ‘အရှင်.. လိပ်ပါတည်း’ဟု ပြောဆို၏။

၄၂၂

ဆရာပုဏ္ဏားက ‘ပညာရှိတပည့်.. လိပ်ကို ဖယ်ပစ်လော့၊ ဓားလက်နက်ကိုယူ၍ အဖန်ဖန်တူးလော့’ဟု ပြောဆို၏။ ပညာရှိတပည့်သည် ဓားလက်နက်ကို ယူ၍ အဖန်ဖန် တူးလတ်သော် ၁၃-သန်လျက်နှင့် စဉ်းတီတုံးကို တွေ့မြင်သဖြင့် ‘အရှင်.. သန်လျက်နှင့် စဉ်းတီတုံးပါတည်း’ဟု ပြောဆို၏။

ဆရာပုဏ္ဏားက ‘ပညာရှိတပည့်.. သန်လျက်နှင့် စဉ်းတီတုံးကို ဖယ်ပစ်လော့၊ လက်နက်ကို ယူ၍ အဖန်ဖန် တူးလော့’ဟု ပြောဆို၏။ ပညာရှိတပည့်သည် လက်နက်ကို ယူ၍ အဖန်ဖန် တူးလတ်သော် ၁၄-သားတစ်ကို တွေ့မြင်သဖြင့် ‘အရှင်.. သားတစ်ပါတည်း’ဟု ပြောဆို၏။

ဆရာပုဏ္ဏားက ‘ပညာရှိတပည့်.. သားတစ်ကို ဖယ်ပစ်လော့၊ ဓားလက်နက်ကို ယူ၍ အဖန်ဖန် တူးလော့’ဟု ပြောဆို၏။ ပညာရှိတပည့်သည် ဓားလက်နက်ကို ယူ၍ အဖန်ဖန် တူးလတ်သော် ၁၅-နဂါးကို တွေ့မြင်သဖြင့် ‘အရှင်.. နဂါးပါတည်း’ဟု ပြောဆို၏။ ဆရာပုဏ္ဏားက ‘နဂါးသည် တည်ရှိပါစေ၊ နဂါးကို မထိပါးလင့်၊ နဂါးအား ရှိခိုးခြင်းကို ပြုလော့’ဟု ပြောဆို၏။

ရဟန်း.. သင်သည် ဤပြဿနာတို့ကို မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မေးလော့၊ သင့်အား မြတ်စွာဘုရား ဖြေကြားတော်မူသည့်အတိုင်း အနက်ကို မှတ်လော့။ ရဟန်း.. မြတ်စွာဘုရားကို၎င်း, မြတ်စွာဘုရား၏ တပည့်သာဝကကို၎င်း, ဤငါ့ထံမှ နာကြားဘူးသူကို၎င်း ချန်လှပ်ဖယ်ရှား အလွတ်ထား၍ နတ်, မာရ်, ဗြဟ္မာနှင့်တကွသော ဩကာသလောက, ရဟန်း, ပုဏ္ဏား, မင်း, ကြွင်းသော လူနှင့်တကွသော သတ္တလောက၌ စိတ်ကျေနပ်လောက်အောင် ငါ၏ပြဿနာကို ဖြေဆိုနိုင်မည့်သူကို ငါမတွေ့မြင်”-

၄၂၃

ဟု လျှောက်ထားပြီးနောက် ဗြဟ္မာကြီးသည် ထိုအရပ်၌ပင် ကွယ်လေ၏။

     အရှင်ကုမာရကဿပ မထေရ်သည် နောက်တနေ့ မိုးသောက် ရောက်သောအခါ မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ရှိခိုး၍ မဟာဗြဟ္မာကြီး ယမန်ညက လာရောက် လျှောက်ထားပုံ အကြောင်းအရာများကို အပြည့်အစုံ လျှောက်ထားပြီးလျှင်-

“၁။ မြတ်စွာဘုရား.. တောင်ပို့ဟူသည် အဘယ်ပါနည်း၊

၂။ ညဉ့်၌ အခိုးလွှတ်ခြင်းဟူသည် အဘယ်ပါနည်း၊

၃။ နေ့၌ မီးဟုန်းဟုန်းတောက်ခြင်းဟူသည် အဘယ်ပါနည်း၊

၄။ ဆရာပုဏ္ဏားဟူသည် အဘယ်ပါနည်း၊

၅။ ပညာရှိတပည့်ဟူသည် အဘယ်ပါနည်း၊

၆။ ဓားလက်နက်ဟူသည် အဘယ်ပါနည်း၊

၇။ အဖန်ဖန် တူးခြင်းဟူသည် အဘယ်ပါနည်း၊

၈။ တံခါးကျည် = မင်းတုပ်ဟူသည် အဘယ်ပါနည်း၊

၉။ ဥဒ္ဓုမာယိကဖားဟူသည် အဘယ်ပါနည်း၊

၁၀။ လမ်းနှစ်ခွဟူသည် အဘယ်ပါနည်း၊

၁၁။ ဆပ်ပြာရေစစ်ဟူသည် အဘယ်ပါနည်း၊

၁၂။ လိပ်ဟူသည် အဘယ်ပါနည်း၊

၁၃။ သန်လျက်နှင့် စဉ်းတီတုံးဟူသည် အဘယ်ပါနည်း၊

၁၄။ သားတစ်ဟူသည် အဘယ်ပါနည်း၊

၁၅။ နဂါးဟူသည် အဘယ်ပါနည်း”-

ဟု ဤပြဿနာ တဆယ့်ငါးချက်တို့ကို မေးလျှောက်လေ၏။ မြတ်စွာဘုရားရှင်သည် အရှင်ကုမာရကဿပ မထေရ်အား-



၄၂၄

“၁။ ရဟန်း.. တောင်ပို့ဟူသော ဤအမည်သည် ဤခန္ဓာကိုယ်၏ အမည်ဖြစ်သည်။

၂။ ရဟန်း.. နေ့က ပြုထားသော အမှုကို အာရုံပြု၍ ညဉ့်၌ ကြံစည်စဉ်းစား၏၊ ဤသို့ ကြံစည်, စဉ်းစားခြင်း သည် ညဉ့်၌ အခိုးလွှတ်ခြင်းတည်း။

၃။ ရဟန်း.. ညဉ့်က ကြံစည်, စဉ်းစားသည့်အတိုင်း နေ့၌ ကာယကံ, ၀စီကံ, မနောကံမှုတို့ကို ပြုလုပ်ပြောဆို ကြံစည်ခြင်းသည် နေ့၌ မီးဟုန်းဟုန်းတောက်ခြင်းတည်း။

၄။ ရဟန်း.. ဆရာပုဏ္ဏားဟူသော အမည်သည် မြတ်စွာဘုရား၏ အမည်ဖြစ်သည်။

၅။ ရဟန်း.. ပညာရှိတပည့်ဟူသော အမည်သည် သိက္ခာသုံးပါးကို ကျင့်ဆဲ ယောဂါဝစရ သေက္ခရဟန်း၏ အမည်ဖြစ်သည်။

၆။ ရဟန်း.. ဓားလက်နက်ဟူသော အမည်သည် လောကီ လောကုတ္တရာ ပညာ၏ အမည်ဖြစ်သည်။

၇။ ရဟန်း.. အဖန်ဖန် တူးခြင်းဟူသော အမည်သည် လုံ့လကြိုးကုတ် အားထုတ်ခြင်း၏ အမည်ဖြစ်သည်။

၈။ ရဟန်း.. တံခါးကျည် = မင်းတုပ်ဟူသော အမည်သည် မသိမှု = အဝိဇ္ဇာမောဟ၏ အမည်ဖြစ်သည်။ ‘တံခါးကျည် = မင်းတုပ်ကို ဖယ်ပစ်လော့’ဟူသည် မသိမှု = အဝိဇ္ဇာမောဟကို ပယ်စွန့်လော့၊ ပညာရှိတပည့်.. ပညာဓားကိုယူ၍ အဖန်ဖန်တူးလော့ = အဖန်ဖန် အားထုတ်လော့-ဟူသော ဤဝါကျသည် ဤပြဿနာ၏ ဆိုလိုရင်း အနက်အဓိပ္ပါယ် ဖြစ်သည်။

၉။ ရဟန်း.. ဥဒ္ဓုမာယိကဖားဟူသော အမည်သည် အားကြီးသော အမျက်ထွက်ခြင်း၏ အမည်ဖြစ်သည်။ ‘ဥဒ္ဓုမာယိကဖားကို ဖယ်ပစ်လော့’ဟူသည်

၄၂၅

အားကြီးသော အမျက်ထွက်ခြင်းကို ပယ်စွန့်လော့၊ ပညာရှိတပည့်.. ပညာဓားကို ယူ၍ အဖန်ဖန် တူးလော့ = အဖန်ဖန် အားထုတ်လော့-ဟူသော ဤဝါကျသည် ဤပြဿနာ၏ ဆိုလိုရင်း အနက်အဓိပ္ပါယ်ဖြစ်သည်။

၁၀။ ရဟန်း.. လမ်းနှစ်ခွဟူသော အမည်သည် တွေးတော ယုံမှားခြင်း= ဝိစိကိစ္ဆာ၏ အမည်ဖြစ်သည်၊ ‘လမ်းနှစ်ခွကို ဖယ်ပစ်လော့’ဟူသည် တွေးတောယုံမှားခြင်း = ဝိစိကိစ္ဆာကို ပယ်စွန့်လော့၊ ပညာရှိတပည့်.. ပညာဓားကို ယူ၍ အဖန်ဖန်တူးလော့ = အဖန်ဖန် အားထုတ်လော့-ဟူသော ဤဝါကျသည် ဤပြဿနာ၏ ဆိုလိုရင်း အနက်အဓိပ္ပါယ်ဖြစ်သည်။

၁၁။ ရဟန်း.. ဆပ်ပြာရေစစ်ဟူသော အမည်သည် ဈာန်,မဂ်,ဖိုလ်တရားတို့ကို တားမြစ်ပိတ်ဆို့ တတ်သည့် (၁) ကာမတရားတို့၌ လိုချင်ခြင်းဟူသော = ကာမစ္ဆန္ဒနီဝရဏ၊ (၂) သူတပါးတို့ကို ပျက်စီးစေကြောင်း ဒေါသဟူသော = ဗျာပါဒနီဝရဏ၊ (၃) ကောင်းမှုလုပ်ငန်းတို့၌ ထိုင်းမှိုင်းလေးတွဲ့မှုဟူသော = ထိန,မိဒ္ဓနီဝရဏ၊ (၄) ပျံလွင့်မှု နောင်တရမှုဟူသော = ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ၊ (၅) တွေးတောယုံမှားမှုဟူသော = ဝိစိကိစ္ဆာနီဝရဏ၊ ဤနီဝရဏတရား ငါးပါးတို့၏ အမည်ဖြစ်သည်။ ‘ဆပ်ပြာရေစစ်ကို ဖယ်ပစ်လော့’ဟူသည် ဈာန် မဂ်ဖိုလ်၏ အပိတ်အပင် အဆီးအတား = နီဝရဏတရား ငါးပါးတို့ကို ပယ်စွန့်လော့ = ပညာရှိတပည့်.. ပညာဓားကို ယူ၍ အဖန်ဖန်တူးလော့ = အဖန်ဖန် အားထုတ်လော့ဟူသော ဤဝါကျသည် ဤပြဿနာ၏ ဆိုလိုရင်း အနက်အဓိပ္ပါယ်ဖြစ်သည်။

၁၂။ ရဟန်း.. လိပ်ဟူသော အမည်သည် ဥပါဒါန်တို့၏ အာရုံဖြစ်သည့် (၁) ဖောက်ပြန်ထွေပြား ဖြစ်ပွါးတတ်သည့် ရူပက္ခန္ဓာ၊ (၂) ခံစားတတ်သည့် ဝေဒနာက္ခန္ဓာ၊

၄၂၆

(၃) မှတ်သားတတ်သည့် သညာက္ခန္ဓာ၊ (၄) ပြုပြင်တတ်သည့် သင်္ခါရက္ခန္ဓာ၊ (၅) အထူးသိတတ်သည့် ဝိညာဏက္ခန္ဓာ = ဤဥပါဒါနက္ခန္ဓာငါးပါး၏ အမည်ဖြစ်သည်။ ‘လိပ်ကို ဖယ်ပစ်လော့’ဟူသည် ဥပါဒါန်တို့၏ အာရုံဖြစ်သော ခန္ဓာငါးပါးတို့ကို ပယ်စွန့်လျော့၊ ပညာရှိတပည့်.. ပညာဓားကိုယူ၍ အဖန်ဖန်တူးလော့ = အဖန်ဖန် အားထုတ်လော့-ဟူသော ဤဝါကျသည် ဤပြဿနာ၏ ဆိုလိုရင်း အနက်အဓိပ္ပါယ်ဖြစ်သည်။

၁၃။ ရဟန်း.. သန်လျက်နှင့် စဉ်းတီတုံးဟူသော အမည်သည် အလိုရှိအပ်, နှစ်သက်အပ်, စိတ်ကို ဆွဲဆောင် တတ်လျက် ချစ်အပ်သော သဘောရှိသည့် ကာမရာဂနှင့် စပ်ယှက် တပ်မက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် သိအပ်သည့် အဆင်းမျိုးစုံ ရူပါရုံ, (ပ) သောတဝိညာဏ်ဖြင့် သိအပ်သည့် အသံမျိုးစုံ သဒ္ဒါရုံ, (ပ) ဃာနဝိညာဏ်ဖြင့် သိအပ်သည့် အနံ့မျိုးစုံ ဂန္ဓာရုံ, (ပ) ဇိဝှါဝိညာဏ်ဖြင့် သိအပ်သည့် အရသာမျိုးစုံ ရသာရုံ, (ပ) ကာယဝိညာဏ်ဖြင့် သိအပ်သည့် အတွေ့မျိုးစုံ ဖောဋ္ဌဗ္ဗာရုံ = ဤကာမဂုဏ်ငါးပါးတို့၏ အမည်ဖြစ်သည်၊ ‘သန်လျက်နှင့် စဉ်းတီတုံးကို ဖယ်ပစ်လော့’ဟူသည် ကာမဂုဏ်ငါးပါးတို့ကို ပယ်စွန့်လော့၊ ပညာရှိတပည့်.. ပညာဓားကို ယူ၍ အဖန်ဖန် တူးတော့ = အဖန်ဖန် အားထုတ်လော့-ဟူသော ဤဝါကျသည် ဤပြဿနာ၏ ဆိုလိုရင်း အနက်အဓိပ္ပါယ်ဖြစ်သည်။

၁၄။ ရဟန်း.. သားတစ်ဟူသော အမည်သည် နှစ်သက် တပ်စွန်းခြင်း = နန္ဒီရာဂ တဏှာ၏ အမည်ဖြစ်သည်။ ‘သားတစ်ကို ဖယ်ပစ်လော့’ဟူသည် နန္ဒီရာဂတဏှာကို ပယ်စွန့်လော့၊ ပညာရှိတပည့်.. ပညာဓားကို ယူ၍ အဖန်ဖန်တူးလော့ = အဖန်ဖန် အားထုတ်လော့-ဟူသော ဤဝါကျသည် ဤပြဿနာ၏ ဆိုလိုရင်း အနက်အဓိပ္ပါယ်ဖြစ်သည်။

၄၂၇

၁၅။ ရဟန်း.. နဂါးဟူသော အမည်သည် ရဟန္တာဖြစ်သော ရဟန်း၏အမည်ဖြစ်သည်၊ နဂါးသည် တည်ရှိပါစေ၊ နဂါးကို မထိပါးလင့်၊ နဂါးအား ရှိခိုးခြင်းကို ပြုလော့-ဟူသော ဤဝါကျသည် ဤပြဿနာ၏ ဆိုလိုရင်း အနက်အဓိပ္ပါယ် ဖြစ်သည်”-

ဟု အကျယ်ကြားတော်မူလေ၏။

(ဤ၌။ ။အနည်းငယ် အဓိပ္ပါယ်ရှင်းပြဦးအံ့-

၁-ဤခန္ဓာကိုယ်၊ တောင်ပို့ဆို။

၂-ညဉ့်ကိုလုပ်မျိုး၊ ကြံဖန်ပျိုးသည်၊ အခိုးလူလူ၊ ထွက်သောဟူ၏။

၃-နေ့မူ ကိုယ်,နှုတ်၊ ထိုထိုလုပ်၌၊ အားထုတ်ကျင့်ဆောင်၊ မီးတောက်လောင်၏။

၄-ဘုန်းခေါင်ထွတ်ထား၊ မြတ်ဘုရားမူ၊ ပုဏ္ဏားဆရာ၊ ဟောမိန့်မှာ၏။

၅-ယောဂါဝစရ၊ ပုဂ္ဂလမူ၊ သိဿဉာဏ်ရှိ၊ စံတပည့်တည့်။

၆-ဝိပဿနာ၊ မဂ်ပညာကား၊ ထက်စွာအသွား၊ သန်လျက်ဓားတည့်။

၇-ကြိုးစားလုံ့လ၊ ဝီရိယထန်ပြင်း၊ အားထုတ်ခြင်းကို၊ တူးခြင်းခေါ်ရာ။

၈-အဝိဇ္ဇာကား၊ ပိတ်ကာမင်းတုံး၊ စံတနှုန်းတည့်။

၉-ဟုန်းဟုန်းတက်ကြွ၊ မျက်ကောဓမူ၊ ဖားပွဟူဘိ၊

၁၀-ယုံမှားရှိသား၊ ဝိစိကိစ္ဆာ၊ လမ်းနှစ်မြွာတည့်။

၁၁-ငါးဖြာနီဝရဏ၊ ရေစစ်ပြလော့။

၁၂-ပဉ္စဥပါဒါ-နက္ခန္ဓာကို၊ ပမာလိပ်ပုံ၊ ဟောမိန့်တုံရှင့်။

၁၃-အာရုံငါးချက်၊ ကာမစက်မူ၊ သန်လျက်ပုံနှုန်း၊ စဉ်းတီတုံးတည့်။

၁၄-သားတုံးဟူဘိ၊ စွဲကပ်ငြိသား၊ နန္ဒိရာဂ၊ စွန့်ခါမှလျှင်။

၁၅-အာသဝကင်းကွာ၊ ရဟန္တာမူ၊ ပမာနဂါး၊ ဟောမိန့်ကြားသည်.. ဆယ့်ငါးပြဿနာရပ်တည်း-

ဟူသော ဤ(၀မ္မိကသုတ် အချုပ်လင်္ကာကို စွမ်းနိုင်လျှင် နှုတ်ရဆောင်ထားရာ၏။ ထိုပြဿနာ ဆယ့်ငါးရပ်တို့တွင်-



၄၂၈

၁။ ပကတိ တောင်ပို့သည် မြွေ, မြွေပါ, ကြွက်, အိမ်မြှောင်, ခြကောင်စသော ပိုးကောင်အမျိုးမျိုးတို့ကို အန်ထုတ်ပေးသကဲ့သို့ ဤခန္ဓာကိုယ်သည်လည်း မျက်စိမှ မျက်ချေး, နားမှ နားဖာချေးစသော စက်ဆုပ်ဖွယ်ရာ အညစ်အကြေးတို့ကို အန်ထုတ်ပေးတတ်သောကြောင့် ဤခန္ဓာကိုယ်ကို တောင်ပို့ဟူ၍ ဟောတော်မူသည်။ (တောင်ပို့နှင့် ဤခန္ဓာကိုယ် တူပုံကို ဖော်ပြသည့် အခြားအကြောင်း သုံးပါးတို့လည်း ရှိသေး၏၊ မ ဋ္ဌ၊ ၂၊ မျက်နှာ ၃၄-၃၅-တို့၌ ရှုပါကုန်။)

၂။ နေ့အခါ၌ လုပ်ဆောင်မည့် အလုပ်များအတွက် ညဉ့်က အမျိုးမျိုး ကြံစည် စဉ်းစားကြရလေသည်။ ဤသို့ ညဉ့်အခါဝယ် အမျိုးမျိုး ကြံစည်ခြင်းကိုပင် “ညဉ့်၌ အခိုးလွှတ်ခြင်း”ဟု ဟောတော်မူသည်။

၃။ နေ့သို့ ရောက်သောအခါ ညဉ့်က ကြံစည်ထားသည့်အတိုင်း အလုပ်များကို ကိုယ်,နှုတ်တို့ဖြင့် အကောင်အထည်ဖော်ကာ ပြုလုပ်,ပြောဆိုခြင်းကို “နေ့၌ မီးတောက်လောင်ခြင်း”ဟု ဟောတော်မူသည်။

၄။ ၅။ ၆။ ၇။တို့၌ ဥပမာ ဥပမေယျ သိလွယ်၏။

၈။ မြို့တံခါးကို ပိတ်၍ တံခါးကျည် = မင်းတုပ်ကို ချလိုက်လျှင် မြို့တွင်းမြို့ပြင် လူများ အသွားအလာ ပြတ်ကုန်သကဲ့သို့ ထို့အတူ အကြင်သူ၏ ဉာဏ်တံခါးဝ၌ အဝိဇ္ဇာမောဟ မင်းတုပ်ကျရောက်လျှင် ထိုသူ၏အဖို့ရာ နိဗ္ဗာန်သို့ ရောက်စေတတ်သည့် ဉာဏ်ပညာ တည်းဟူသော အသွား လုံးဝပြတ်တောက်၍ သွားတော့၏၊ ထို့ကြောင့် အဝိဇ္ဇာမောဟကို တံခါးကျည် = မင်းတုပ်ဟု ဟောတော်မူသည်။

၉။ ဥဒ္ဓုမာယိကဖား (=ဖားပွ)ဟူသည်မှာ ပင်ကိုယ်က ကြီးလှသည်မဟုတ်၊ လက်သည်းခွံ ပမာဏမျှသာ ရှိ၏။ သစ်ရွက်ဟောင်းများ အကြား, ချုံအကြား, နွယ်များ အကြား၌ နေလေ့ရှိ၏။ ထိုဥဒ္ဓုမာယိကဖားသည် ဒုတ်စွန်းဖြင့်ဖြစ်စေ, နွယ်စွန်းဖြင့်ဖြစ်စေ, မြေမှုန့်ဖြင့် ဖြစ်စေ ထိခိုက်မိလျှင် အမျက်ထွက်ကာ တဖြည်းဖြည်း ကိုယ်ခန္ဓာ လျားလာပြီးလျှင် ဘဲဥပမာ ဝန်းဝိုင်းလာ၍ ဥသျှစ်သီးမှည့်ခန့် ပမာဏ ကြီးထွားလျက် ခြေလေးဖက်တို့ မိုးမျှော်ကာ အသွားပြတ်လျက် ကျီးငှက်စသော ရန်သူနိုင်ငံသို့ လိုက်ပါရလေသကဲ့သို့ ထို့အတူပင် အမျက်ထွက်ခြင်း ကောဓတရားသည် ဖြစ်စ၌ စိတ်နောက်ကျုရုံမျှ ပြုတတ်လေသည်၊ ထိုခဏ၌ ယောနိသောမနသိကာရဖြင့် နှိပ်ကွပ်လျှင် လွယ်ကူစွာဖြင့်

၄၂၉

ငြိမ်းစဲသွားနိုင်၏၊ ထိုခဏ၌ မနှိပ်ကွပ်လျှင် တိုးတက်ကြီးပွါးလာ၍ မျက်နှာရှုံ့တွဲ့ မဲ့ရွဲ့လာစေတတ်၏၊ ထိုခဏ၌ မနှိပ်ကွပ်လျှင် တိုးတက်ကြီးပွါးလာ၍ သူတဖက်သားကို ဆဲရေးတိုင်းထွာ ကြမ်းတမ်းသော စကားကို ပြောဆိုဖို့ရန် မေးတလှုပ်လှုပ် ဖြစ်စေတတ်၏၊ ထိုခဏ၌ မနှိပ်ကွပ်လျှင် ဆဲရေးတိုင်းထွာ ကြမ်းတမ်းစွာသော စကားကို ပြောကြားစေလေတော့၏၊ ထိုခဏ၌ မနှိပ်ကွပ်လျှင် သူတဖက်သားအတွက် ဘေးမှ အကူအညီ ရှိ-မရှိ သိအောင် အရပ်မျက်နှာတို့ကို ကြည့်ရှုခြင်းသို့ ရောက်စေ၏၊ ထိုခဏ၌ မနှိပ်ကွပ်လျှင် သူတဖက်သားကို ရိုက်ပုတ်ရန် ဆွဲငင်မှု ပြုသောအခြေတို့ ရောက်စေ၏၊ ထိုခဏ၌ မနှိပ်ကွပ်လျှင် လက်ဖြင့် ခဲ, ဒုတ်, လှင်ကန်, ဓားလက်နက်တို့ကို သုံးသပ်စွဲကိုင်ခြင်းသို့ ရောက်စေ၏။ ထိုခဏ၌ မနှိပ်ကွပ်လျှင် ဒုတ်ဖြင့်ရိုက်ခြင်း, ဓားဖြင့်ခုတ်ခြင်း တည်းဟူသော ရာဇဝတ်မှု ကျူးလွန်သော အခြေသို့ ရောက်စေ၏။ ထိုခဏ၌ နှိပ်ကွပ်လျှင် တော်သေး၏၊ မနှိပ်ကွပ်လျှင် သူတပါးကိုသတ်ခြင်း, မိမိကိုယ်ကို သတ်ခြင်း တည်းဟူသော အဆုံးလမ်းသို့ ရောက်စေလေတော့၏။

ဤဥပမာစကားရပ်ဝယ် ဥဒ္ဓုမာယိကဖား ( =ဖားပွ)၏ အခြေလေးချောင်းတို့ မိုးမျှော်၍ တည်ကုန်လတ်သော် အသွားပြတ်လေ၏။ ထိုဖားသည် ရန်သူအလိုသို့ လိုက်ရကာ ကျီးငှက်စသည်တို့၏ အစာဘ၀ ရောက်ရလေတော့၏၊ ဤအတူပင် အမျက်ထွက်ခြင်း = ကောဓတရား လွှမ်းမိုး နှိပ်စက်အပ်သော သူသည် ကမ္မဋ္ဌာန်းတရား မပွါးနိုင်တော့ချေ။ ဉာဏ်အသွား ပြတ်လေ၏၊ ကိလေသာတည်းဟူသော ရန်သူအလိုသို့လိုက်ရကာ ခပ်သိမ်းသော မာရ်တို့အလိုအတိုင်း နှိပ်စက်သမျှ ငုံ့၍ခံရသော အဖြစ်သို့ ဆိုက်ရောက်လေတော့၏။ ထို့ကြောင့် အမျက်ထွက်ခြင်း= ကောဓတရားကို ဥဒ္ဓုမာယိကဖား (=ဖားပွ)ဟူ၍ ဟောတော်မူအပ်လေသည်။

၁၀။ ရွှေငွေ ဥစ္စာ များစွာပါရှိလျက် ကန္တာရခရီးကြမ်းသို့ သွားသော ယောက်ျားသည် လမ်းနှစ်မြွာသို့ ရောက်လျှင် “ဤလမ်းဖြင့်တည်း သွားရကောင်းမည်လော၊ ထိုတဖက်လမ်းဖြင့်တည်း သွားရကောင်းမည်လော”ဟု ယုံမှားတွေးတောကာ မဆုံးဖြတ်နိုင်ပဲ ထိုအရပ်၌ပင် ရပ်တည်၍ နေ၏၊ ထိုအခါ ထိုယောက်ျားကို ဓားပြလူဆိုးတို့ ထကြွ လွှမ်းမိုး နှိပ်စက်ကြကာ အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်စေကြသကဲ့သို့ ဤအတူပင် မူလကမ္မဋ္ဌာန်းကို ယူ၍ ထိုင်နေသော ရဟန်းသည် ဘုရား, တရား, သံဃာ-စသည်တို့၌ ယုံမှားမှု ဝိစိကိစ္ဆာတရား ဖြစ်ပွါးလတ်သော် ကမ္မဋ္ဌာန်းကို မပွါးစေနိုင်တော့ချေ = ထိုဝိစိကိစ္ဆာ လမ်းနှစ်မြွာ၌ပင်

၄၃၀

တွေးတောရပ်တည်၍ နေလေတော့၏၊ ထိုအခါ ထိုရဟန်းကို ကိလေသမာရ် အစရှိသော ခပ်သိမ်းသော ရန်သူမာရ်မျိုးတို့သည် အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်စေကြကုန်၏၊ ဤသို့လျှင် ဝိစိကိစ္ဆာတရားသည် လမ်းနှစ်မြွာနှင့် တူသောကြောင့် မြတ်စွာဘုရားရှင်သည် တွေးတောယုံမှားမှု = ဝိစိကိစ္ဆာတရားကို လမ်းနှစ်မြွာဟူ၍ ဟောတော်မူအပ်လေသည်။

၁၁။ ကဝါသည်တို့သည် ပြာစစ်ခေါ်သော ရေစစ်၌ ရေကို လောင်းထည့်အပ်သည်ရှိသော် ရေတအိုးသည်၎င်း, နှစ်အိုးသည်၎င်း, ဆယ်အိုးတို့သည်၎င်း, အိုးနှစ်ဆယ်တို့ သည်၎င်း, အိုးပေါင်းတရာသည်၎င်း လောင်းသမျှ (ဝေါကနဲ) စီးယိုလျောကျ၍သာ သွားလေ၏၊ တလက်ဆွမ်းသော ရေသည်လည်း မကျန်ရစ်တော့သကဲ့သို့ ဤအတူ နီဝရဏငါးမျိုး တရားဆိုးနှင့် ပြည့်စုံသောသူ၏ သန္တာန်ဝယ် ကုသိုလ်တရား တည်းဟူသော ရေသည် မတည်တော့ချေ = မကျန်ရစ်တော့ချေ။ ထို့ကြောင့် နီဝရဏတရား ငါးပါးတို့ကို ဆပ်ပြာရေစစ်ဟူ၍ ဟောတော်မူအပ်ကုန်လေသည်။

၁၂။ လိပ်မှာ ခြေလက်လေးချောင်း, ဦးခေါင်းအားဖြင့် = အင်္ဂါငါးပါး ရှိသကဲ့သို့ ဤအတူ သင်္ခတတရား အားလုံးတို့ကို ဉာဏ်ဖြင့် သိမ်းယူလိုက်လျှင် ဥပါဒါနက္ခန္ဓာငါးပါး တရားအစုတို့သာ ဖြစ်ကုန်၏။ ထို့ကြောင့် ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကို လိပ်ဟူ၍ ဟောကြားတော်မူလေသည်။

၁၃။ လောကဝယ် စဉ်းတီတုံး၌ တင်ထား၍ သန်လျက်ဖြင့် အသားကို နုပ်နုပ်စဉ်းကြသကဲ့သို့ ဤအတူပင် ဝတ္ထုကာမကို ရရှိရန်အတွက် ကိလေသကာမဖြင့် ရှာကြံကြ ပင်ပန်းကြသော ဤသတ္တဝါတို့ကိုလည်း တရားသဘောအားဖြင့် ဝတ္ထုကာမ တည်းဟူသော စဉ်းတီတုံးပေါ်၌ တင်ထား၍ ကိလေသာကာမ တည်းဟူသော သန်လျက်ဓားဖြင့် နုပ်နုပ်ခုတ်စဉ်းအပ်သည် မည်ကုန်၏၊ ထို့ကြောင့် ဝတ္ထုကာမဖြစ်သည့် ကာမဂုဏ်ငါးပါးတို့ကို သန်လျက်နှင့် စဉ်းတီတုံးဟူ၍ ဟောကြားတော်မူလေသည်။

၁၄။ လောက၌ သားတစ်မည်သည်ကို မင်း-စသော လူများသည်၎င်း, ကျီးငှက်စသော တိရစ္ဆာန်များသည်၎င်း လိုလား တောင့်တကြကုန်၏။ ဤသားတစ်ကို လိုလားမှုကြောင့် ဒုက္ခအဆင့်ဆင့် တိုးပွါးကြကုန်၏။ ထို့အတူပင် ဤသတ္တဝါတို့သည်လည်း အဝိဇ္ဇာဖြင့် ယစ်မူးနေကြသောကြောင့် နန္ဒီရာဂတဏှာကို ဒုက္ခအကြောင်းဟု မသိနိုင်ကြပဲ

၄၃၁

ထိုနန္ဒီရာဂ = သားတစ်နောက်သို့သာ တကောက်ကောက် လိုက်ပါကြ ကပ်ရောက်ကြကာ သံသရာဝဋ်ဒုက္ခကို တိုးပွါးစေကြလေသည်။ တနည်း- သားတစ်သည် ထားရာ ထားရာ နေရာတိုင်းမှာပင် ငြိတွယ်သကဲ့သို့ ဤအတူ ဤသတ္တဝါတို့သည် နန္ဒီရာဂတဏှာဖြင့် နှောင်ဖွဲ့အပ်ကုန်ရကား ဝဋ်တရား၌ ငြိတွယ်ကြကုန်၏၊ ဆင်းရဲဒုက္ခသို့ ရောက်ကြပါလျက်လည်း မငြီးငွေ့နိုင်ကြ၊ ဤသို့လျှင် နန္ဒီရာဂတဏှာသည် သားတစ်နှင့်တူသောကြောင့် မြတ်စွာဘုရားရှင်သည် နန္ဒီရာဂတဏှာကို သားတစ်ဟူ၍ ဟောတော်မူလေသည်။

၁၅။ ရဟန္တာပုဂ္ဂိုလ်တို့ကို နာဂ-ဟူ၍ ခေါ်ဝေါ်ရခြင်းမှာ (ဆန္ဒာဒီဟိ န ဂစ္ဆန္တီတိ နာဂါ၊ မ ဋ္ဌ ၁၊ ၁၅၇) ဆန္ဒ, ဒေါသ, ဘယ, မောဟ = ဤလေးပါးတို့ဖြင့် အဂတိ (=မလိုက်ပါသင့်သည်)သို့ မလိုက်တတ်ကြသောကြောင့်၎င်း, (တေန တေန မဂ္ဂေန ပဟီနေ ကိလေသေ န အာဂစ္ဆန္တီတိ နာဂါ၊ ၎င်း) ထိုထိုမဂ်ဖြင့် ပယ်အပ်ပြီးသော ကိလေသာတို့သို့ နောက်ထပ်တဖန် မလာရောက်ကြတော့သောကြောင့်၎င်း, (နာနပ္ပကရကံ အာဂုံ န ကရောန္တီတိ နာဂါ၊ ၎င်း) အထူးထူး အထွေထွေသော မကောင်းမှုကို မပြုတတ်ကုန်သောကြောင့်၎င်း ရဟန္တာအရှင်မြတ်တို့ကို နာဂ-ဟူ၍ ခေါ်ဆိုအပ်လေသည်။

“နမော ကရောဟိ နာဂဿ = နဂါးအား ရှိခိုးခြင်းကို ပြုလော့”ဟူသော ပြဿနာပါ စကားအရ ခိဏာသဝဗုဒ္ဓနာဂအား ရှိခိုးပုံကို ဖော်ပြသော အဋ္ဌကထာနှင့်အညီ ဤဆိုလတ္တံ့သောအတိုင်း ရှိခိုးမှုကို ပြုရာ၏-

ဗုဒ္ဓေါ ဗောဓာယ ဒေသေတိ၊ ဒန္တော ယော ဒမထာယ စ။

သမထာယ သန္တော ဓမ္မံ၊ တိဏ္ဏော၀ တရဏာယ စ။

နိဗ္ဗုတော နိဗ္ဗာနတ္ထာယ၊ တံ လောကသရဏံ နမေ။

လောကသရဏော = လောကသုံးပါး၏ ကိုးစားရာ ဖြစ်တော်မူသော။ ယော နာဂေါ = ဗုဒ္ဓနာဂ အမည်တော်ရသည့် အစိန္တေယျထွတ်ထား အကြင် မြတ်စွာဘုရားသည်။ ဗုဒ္ဓေါ = သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင် သိမြင်တော်မူပြီးသည်ဖြစ်၍။ ဗောဓာယ စ = ကျွတ်ထိုက်သသူ ဗိုလ်ဗိုလ်လူတို့ ကိုယ်တူမယွင်း သိစေကြခြင်းငှါ၎င်း။ ဒန္တော = ဣန္ဒြေခြောက်ပါး တရားငြိမ့်လေး ကိုယ်တော်တိုင် ယဉ်ကျေးတော်မူပြီးဖြစ်၍။ ဒမထာယ စ = ကျွတ်ထိုက်သသူ

၄၃၂

ဗိုလ်ဗိုလ်လူတို့ ကိုယ်တူမယွင်း ယဉ်ကျေးကြစေခြင်းငှါ၎င်း။ သန္တော = ကိလေသာဟူ အပူကင်းဝေး ကိုယ်တော်တိုင် ချမ်းအေးတော်မူပြီးဖြစ်၍။ သမထာယ စ = ကျွတ်ထိုက်သသူ ဗိုလ်ဗိုလ်လူတို့ ကိုယ်တူမယွင်း ချမ်းအေးကြစေခြင်းငှါ၎င်း။ တိဏ္ဏောဝ = သံသရာနက်ဝှမ်း ဃယက်ကြမ်းကို ကူးသန်းထုတ်ချောက် ကိုယ်တော်တိုင် ဖက်ကမ်းရောက်ပြီးသည် ဖြစ်၍သာလျှင်။ တရဏာယ စ = ကျွတ်ထိုက်သသူ ဗိုလ်ဗိုလ်လူတို့ ကိုယ်တူမယွင်း ကူးမြောက်နိုင်ကြစေခြင်းငှါ၎င်း။ နိဗ္ဗုတော = ကိလေသပရိနိဗ္ဗာန် လေးကြိမ်တိုင် အောင်ပွဲခံသဖြင့် မကျန်ပူဘေး ကိုယ်တော်တိုင် ငြိမ်းအေးတော်မူပြီးဖြစ်၍။ နိဗ္ဗာနတ္ထာယ စ = ကျွတ်ထိုက်သသူ ဗိုလ်ဗိုလ်လူတို့ ကိုယ်တူမယွင်း ငြိမ်းအေးကြစေခြင်းငှါ၎င်း။ ဓမ္မံ = အလင်းထိန်လက် တရားစက်ကို။ ဒေသေတိ = လေးဆယ့်ငါးဝါ ရှည်မြင့်ကြာအောင် ကရုဏာရှေ့ထား နတ်လူအားလျှင် ဟောကြားတော်မူခဲ့လေပြီ။ လောကသရဏံ = လောကသုံးပါး၏ ကိုးစားရာ ဖြစ်တော်မူသော။ တံ နာဂံ = ဗုဒ္ဓနာဂ အမည်တော်ရသည့် အစိန္တေယျထွတ်ထား ထိုမြတ်ဘုရားကို။ နမေ-နမာမိ = ကိုယ်,နှုတ်,နှလုံး = သုံးပါးပျောင်းပျော့ မာန်ကိုလျော့၍ ကန်တော့မြတ်နိုး လက်စုံမိုးလျက် ရှိခိုးဦးညွှတ်ပါ၏ဘုရား..)။

အရှင်ကုမာရကဿပ ရဟန္တာဖြစ်ခြင်း

     (ဣတိ ဣဒံ သုတ္တံ ထေရဿ ကမ္မဋ္ဌာနံ အဟောသိ)ဟူသော ဝမ္မိကသုတ်အဖွင့် အဋ္ဌကထာအရ ဤ၀မ္မိကသုတ္တန်သည် အရှင်ကုမာရကဿပ မထေရ်၏ ဝိပဿနာလုပ်ငန်း ကြိုးပမ်းအားထုတ်ရာ = ကမ္မဋ္ဌာန်း ဖြစ်လေသည်၊ သို့ရကား အရှင်ကုမာရကဿပ မထေရ်သည် မြတ်စွာဘုရား ဖြေကြား ဟောဆိုတော်မူအပ်သည့်အတိုင်း ဤ၀မ္မိကသုတ္တန်ကို သင်ကြားနာယူပြီးလျှင် အန္ဓဝန်တောအုပ်သို့ပင် ကြွတော်မူ၍ ဝိပဿနာ ကမ္မဋ္ဌာန်း စီးဖြန်းတော်မူ၍ မကြာမီပင် အရဟတ္တဖိုလ်သို့ ရောက်တော်မူလေ၏ = ရဟန္တာဖြစ်တော်မူလေ၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     အရှင်ကုမာရကဿပ ရဟန္တာမထေရ်မြတ်သည် ရဟန္တာ ဖြစ်တော်မူပြီးချိန်မှစ၍ ရဟန်းယောက်ျား, ရဟန်းမိန်းမ,



၄၃၃

ဥပါသကာယောက်ျား, ဥပါသိကာမိန်းမ = ဤပရိသတ်လေးပါးကို တရားစကား ဟောကြားတော်မူလျှင် အကြောင်းဥပမာပေါင်း များစွာတို့ဖြင့် တန်ဆာဆင်၍ ဆန်းကြယ်သော တရားစကားကိုသာလျှင် ဟောကြားတော်မူလေသည်။

     ထို့နောက် မြတ်စွာဘုရားရှင်သည် အရှင်ကုမာရကဿပ မထေရ်ကို ပါယာသိမင်းအား တဆယ့်ငါးပါးသော ပြဿနာတို့ဖြင့် တန်ဆာဆင်၍ (ဒီဃနိကာယ် မဟာဝဂ္ဂ၊ ၁၀-ခုမြောက်) ပါယာသိရာဇညသုတ္တန်ကို ဟောအပ်သည်ရှိသော် ထိုသုတ္တန်ကို အဋ္ဌုပ္ပတ်ပြု၍-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ စိတ္တကထိကာနံ ယဒိဒံ ကုမာရကဿပေါ = ရဟန်းတို့.. အဆန်းတကြယ် တရားစကား ဟောကြားတတ်ကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ကုမာရကဿပရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ ဤသာသနာဝယ် “စိတ္တကထိတ = အဆန်းတကြယ် တရားစကား ဟောကြားသောအရာ”၌ အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေသတည်း။

ဤကား အရှင်ကုမာရကဿပ မထေရ်အကြောင်းတည်း။

**********