အရှင်သုဘူတိ မထေရ်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၁၃) အရှင်သုဘူတိ မထေရ်အကြောင်း

(၁၃) အရှင်သုဘူတိမထေရ်အကြောင်း

(က) မထေရ်မြတ်၏ ရှေးဆုတောင်း

     ဤအရှင်သုဘူတိ မထေရ်အလောင်း သူတော်ကောင်း အမျိုးသားသည် လွန်ခဲ့သော ကမ္ဘာတသိန်းထက်က ပဒုမုတ္တရ မြတ်စွာဘုရားရှင် ပွင့်တော်မမူမီ ပုဏ္ဏားသူကြွယ်မျိုး၌ဖြစ်၍ အမည်အားဖြင့် နန္ဒလုလင်ဟူ၍ တွင်မည်လေသည်။

     နန္ဒလုလင်သည် အရွယ်သို့ ရောက်လတ်သော် ဗေဒင်သုံးပုံတို့ကို သင်ကြား တတ်မြောက်၍ ထိုဗေဒင်ကျမ်းများ၌ တရားအနှစ်သာရကို မတွေ့ရှိရကား မိမိ၏ အခြံအရံဖြစ်သော လုလင်ပေါင်း (၄၄ဝဝဝ) လေးသောင်းလေးထောင်တို့နှင့် အတူတကွ နိသဘမည်သော တောင်ခြေရင်း၌ ရသေ့ရဟန်းပြု၍ လောကီအဘိညာဏ် ငါးပါး, သမာပတ်ရှစ်ပါးတို့ကို ဖြစ်စေလေ၏။ မိမိ၏ တပည့်ရသေ့ပေါင်း လေးသောင်းလေးထောင်တို့ကိုလည်း ဈာန်အဘိညာဏ်ရ ပုဂ္ဂိုလ်ချည်းဖြစ်အောင် ပြုလုပ်လေ၏။

     ထိုအခါ ပဒုမုတ္တရ မြတ်စွာဘုရားသည် လောက၌ ပွင့်ထွန်းတော်မူလာ၍ ဟံသာဝတီ မင်းနေပြည်ကို အမှီဂေါစရဂါမ်ပြုလျက် နေတော်မူစဉ် တနေ့သ၌ နံနက် မိုးသောက်ထအခါ သတ္တလောကကို ကြည့်ရှုတော်မူလေလျှင် နန္ဒရသေ့၏ တပည့်ဖြစ်ကြသူ



၂၄၆

ဆံကျစ်ရသေ့ပေါင်း လေးသောင်း လေးထောင်တို့၏ အရဟတ္တဖိုလ်ရကြောင်း ရှေးကောင်းမှုကို၎င်း, နန္ဒရသေ့၏ အဖို့ရာလည်း အင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော မဟာသာဝကရာထူးကို တောင့်တ ဆုပန်လိမ့်မည်ကို၎င်း မြင်တော်မူ၍ စောစောပင် ကိုယ်လက်သုတ်သင်မှု ပြုတော်မူ၍ နံနက်အခါ ကိုယ်တော်တိုင် သပိတ်,သင်္ကန်းကို ယူဆောင်တော်မူပြီးလျှင် ရှေး သာရိပုတ္တရာမထေရ် ဝတ္ထု၌ ဆိုအပ်ပြီးသော နည်းအတိုင်း နန္ဒရသေ့၏ သင်္ခမ်းကျောင်းသို့ ကြွတော်မူလေ၏။ ထိုသင်္ခမ်းကျောင်း၌ သစ်သီးကြီးငယ် လှူဒါန်းကြကြောင်း, ပန်းနေရာတော် ခင်းကျင်းလှူဒါန်းကြကြောင်း, နိရောဓသမာပတ် ဝင်စားတော်မူကြောင်းများကို ရှေး သာရိပုတ္တရာမထေရ်ဝတ္ထု၌ ဆိုအပ်ပြီးသောနည်းအတိုင်း သိအပ်၏။

     အထူးအားဖြင့်ကား မြတ်စွာဘုရားသည် နိရောဓသမာပတ်မှ ထတော်မူလတ်သော် (၁) ကိလေသာကင်းရှင်း ချမ်းသာစွာနေခြင်း အင်္ဂါ, (၂) မြတ်သောအလှူကို ခံယူထိုက်ခြင်း အင်္ဂါ = ဤအင်္ဂါနှစ်ပါးတို့နှင့် ပြည့်စုံသော သာဝက မထေရ်တပါးကို “ချစ်သား.. သင်ချစ်သားသည် ရသေ့အပေါင်းအား ပန်းနေရာအလှူ အနုမောဒနာတရား ဟောကြားလော့”ဟု အမိန့်ပေးတော်မူလေ၏။ မထေရ်သည် မိမိ၏အရာ၌ တည်၍ ပိဋကတ်သုံးပုံကို သုံးသပ်ဆင်ခြင်တော်မူလျက် အနုမောဒနာတရား ဟောကြားတော်မူလေ၏။ ထိုမထေရ်၏ တရားဒေသနာနိဂုံး ဆုံးသောအခါ ပဒုမုတ္တရ မြတ်စွာဘုရားသည် ကိုယ်တော်တိုင်ပင် တရားဟောတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးသောအခါ တပည့်ရသေ့ပေါင်း (၄၄ဝဝဝ) လေးသောင်း လေးထောင်လုံးတို့သည်ပင် အရဟတ္တဖိုလ်သို့ ရောက်ဆိုက်ကြလေကုန်၏။ ဆရာဖြစ်သူ နန္ဒရသေ့သည်ကား အနုမောဒနာတရား ဟောကြားသော ရဟန်း၏ အာရုံနိမိတ်ကို ယူနေသည့်အတွက် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို အစဉ်လျှောက်သောအားဖြင့် မိမိဉာဏ်ကို မစေလွှတ်နိုင်ပဲ ရှိလေ၏၊ (အနုမောဒနာတရား ဟောကြားသော ရဟန်းကိုသာ အာရုံစော စိတ်ဝင်စားနေသဖြင့် မြတ်စွာဘုရား၏



၂၄၇

တရားတော်၌ ဉာဏ်မဝင်စားနိုင်ပဲ ရှိလေသည်ဟု ဆိုလို၏)။ မြတ်စွာဘုရားသည် “ဧထ ဘိက္ခဝေါ = ရဟန်းတို့.. လာကြလော့”ဟု ကျန်သော တပည့် လေးသောင်း လေးထောင်တို့အတွက် ရွှေလက်တော် ဆန့်တန်း၍ ဧဟိဘိက္ခု ခေါ်တော်မူလိုက်လေ၏။ ထိုအခါ အားလုံးပင် ဆံမုတ်ဆိတ်များ ကွယ်ပျောက် ဣဒ္ဓိမယပရိက္ခရာ ကိုယ်ဝယ်ရောက်ကြလျက် အဝါခြောက်ဆယ် = သက်တော်ရှစ်ဆယ် ရှိပြီးသော မထေရ်ကြီးများကဲ့သို့ ဣန္ဒြေကြီးမားသော ရဟန်းတော်ကြီးများ ဖြစ်သွားကြလေ၏။

     နန္ဒရသေ့သည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ဘုရားရှင် မျက်မှောက်တော်၌ ရပ်တည်လျက် “မြတ်စွာဘုရား.. ပန်းနေရာတော်အလှူ အနုမောဒနာတရား ဟောကြားသော ရဟန်းသည် အရှင်ဘုရားတို့၏ သာသနာတော်၌ အဘယ်အမည် ရှိပါသနည်းဘုရား”ဟု မေးလျှောက်လေ၏။ မြတ်စွာဘုရားရှင်က “ထိုရဟန်း ကား ငါဘုရား၏ သာသနာဝယ် ကိလေသာကင်းရှင်း ချမ်းသာစွာနေခြင်း အင်္ဂါ, မြတ်သောအလှူကို ခံယူထိုက်ခြင်း အင်္ဂါ = ဤအင်္ဂါနှစ်ပါးဖြင့် ဧတဒဂ်ဘွဲ့ထူးရသော ရဟန်းဖြစ်သည်”ဟု မိန့်တော်မူလေလျှင် နန္ဒ ရသေ့သည် “မြတ်စွာဘုရား.. ဤခုနစ်ရက်ကြာ ပြုလုပ်အပ်သော အဓိကာရ ကောင်းမှုကုသိုလ်ကံကြောင့် အကျွန်ုပ်သည် အခြား လူနတ်စည်းစိမ်များကို မတောင့်တပါ။ စင်စစ်သော်ကား နောက်အခါ တဆူဆူသော ဘုရားရှင်၏ သာသနာတော်၌ ဤအနုမောဒနာတရား ဟောကြားသော မထေရ်ကဲ့သို့ အင်္ဂါနှစ်ပါးတို့နှင့် ပြည့်စုံသော ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်ပါလို၏”ဟု ဆုတောင်းပတ္ထနာမှု ပြုလေ၏။ မြတ်စွာဘုရားရှင်သည် ထိုနန္ဒရသေ့ ဆုတောင်းပန်ထွာမှု၏ အန္တရာယ်မရှိ ပြည့်စုံမည်ကို မြင်တော်မူ၍ ဗျာဒိတ်စကား ကြားတော်မူပြီးလျှင် ဖဲကြွတော်မူလေ၏။ နန္ဒရသေ့သည်လည်း အခါမပြတ် မြတ်စွာဘုရားရှင်၏ အထံတော်၌ တရားတော်ကို နာယူ၍ မလျှောကျသော ဈာန်ရှိသူဖြစ်ရကား သေသည်၏ အခြားမဲ့ဝယ် ဗြဟ္မာ့ပြည်၌ ဖြစ်လေ၏။ (ဤကား အရှင်သုဘူတိမထေရ်၏



၂၄၈

ရှေးဆုတောင်း ကောင်းမှုဖြစ်သည်။ ကမ္ဘာတသိန်အတွင်း အကြားကာလဝယ် ထိုမထေရ်၏ ကုသိုလ် ကောင်းမှုကို မဟာအဋ္ဌကထာ၌ မပြဆိုခဲ့)။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ထိုအရှင်သုဘူတိ မထေရ်အလောင်း အမျိုးကောင်းသားသည် ကမ္ဘာတသိန်း လွန်မြောက်၍ ဤသာသနာခေတ်သို့ ရောက်လတ်သော် သာဝတ္ထိပြည်ဝယ် သုမနသူဌေးကြီး၏သား (အနာထပိဏ်၏ညီ)ဖြစ်၍ အမည်အားဖြင့် သုဘူတိဟူ၍ တွင်မည်လေသည်။ နောက်အဖို့ဝယ် အကျွန်ုပ်တို့ မြတ်စွာဘုရား ပွင့်ထွန်းတော်မူလာ၍ ရာဇဂြိုဟ်ပြည်ကို အမှီဂေါစရဂါမ်ပြု၍ နေထိုင်တော်မူသောအခါ အနာထပိဏ်သူဌေးသည် သာဝတ္ထိပြည်၌ ဖြစ်ပေါ်သော ရောင်းဖွယ်ရာ ဘဏ္ဍာကို ယူဆောင်ခဲ့၍ မိမိ၏သူငယ်ချင်း (သမီးယောက်ဖတော်စပ်သူ) ရာဇဂြိုဟ်သူဌေးအိမ်သို့ ရောက်လေသော် မြတ်စွာဘုရား ပွင့်ထွန်းတော်မူကြောင်းကို ကြားသိရ၍ သီတဝနတောအုပ်၌ နေထိုင်တော်မူသော မြတ်စွာဘုရားရှင်ကို ဆည်းကပ်၍ ပဌမအကြိမ် ဖူးမျှော်လိုက်ရလျှင်ပင် သောတာပတ္တိဖိုလ်၌ တည်ပြီးလျှင် (=သောတာပန်အရိယာ ဖြစ်ပြီးလျှင်) မြတ်စွာဘုရားကို သာဝတ္ထိပြည်သို့ ကြွရောက်တော်မူပါရန် တောင်းပန် လျှောက်ထားခဲ့၍ သာဝတ္ထိနှင့် ရာဇဂြိုဟ်အကြား လေးဆယ့်ငါးယူဇနာ ဝေးကွာသောခရီးဝယ် တယူဇနာ တယူဇနာလျှင် တသိန်း တသိန်း အကုန်အကျခံ စွန့်လှူခြင်းဖြင့် စံကျောင်း (တည်းကျောင်း)တော်များ တည်ထားစေပြီးလျှင် သာဝတ္ထိပြည်၌ မင်း၏ပယ်အားဖြင့် ရှစ်မင်းပယ် ကျယ်ဝန်းသည့် ဇေတမင်းသား၏ ဥယျာဉ်မြေကို အသပြာရွှေဒင်္ဂါး ဒေါ်လာချင်း အစွန်းချင်းထိအောင် ခင်းခြင်းဖြင့် ဝယ်ယူပြီးနောက် ထိုနေရာ၌ မြတ်စွာဘုရားရှင်အတွက် ဇေတဝန်ကျောင်းတိုက်ကြီး တည်ဆောက်၍ လှူဒါန်းလေသည်၊ (ဤအကြောင်းအရာအကျယ်ကို အောက် မဟာဗုဒ္ဓဝင် တတိယတွဲ၊ အခဏ်း ၂၀၊



၂၄၉

စာမျက်နှာ ၁၈ဝ၊ အနာထပိဏ်သူဌေးအကြောင်းမှစ၍ စာမျက်နှာ ၂၂၂-တိုင်အောင် ကြည့်ရှုမှတ်ယူရာ၏)။

     ဇေတဝန် ကျောင်းတိုက်တော်ကြီးကို ရေစက်ချ လှူဒါန်းသော ကျောင်းလွှတ်ပူဇော် ပွဲတော်နေ့၌ ဤသုဘူတိသူကြွယ် (=သူဌေးသား)သည် နောင်တော် အနာထပိဏ်သူဌေးနှင့် အတူတကွ သွားရောက်၍ တရားကို နာယူလေသော် သဒ္ဓါတရားကြီးစွာ ဖြစ်ပွါးကာ သာသနာဝန်ထမ်း ရှင်ရဟန်းပြုလေ၏။ သုဘူတိမထေရ်သည် ရဟန်းပြုပြီးသော် ဒွေမာတိကာတို့ကို ကောင်းစွာလေ့လာ တတ်မြောက်တော်မူပြီးနောက် ကမ္မဋ္ဌာန်းတရားကို ဟောကြားစေကာ (=နာယူကာ) တောကျောင်းနေ၍ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်လေသော် မေတ္တာဈာန်ကို အခြေပါဒကပြု၍ ဝိပဿနာတရား ပွါးများတော်မူသဖြင့် အရဟတ္တဖိုလ်ပေါက် ရောက်တော်မူလေ၏။

(ဂ) ဧတဒဂ်ဘွဲ့ထူးနှစ်ဆင့် ရတော်မူခြင်း

     အရှင်သုဘူတိ မထေရ်မြတ်သည် တရားဟောတော်မူလျှင် (ပုဂ္ဂလာဓိဋ္ဌာနနည်းဖြင့် ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ညွှန်းထုတ်ဖော် ဟောပြခြင်း အလျှင်းပင်မပြုပဲ) ဓမ္မာဓိဋ္ဌာနနည်းအားဖြင့် မြတ်စွာဘုရား ဟောကြားအပ်သော နည်းအတိုင်း တရားသက်သက်ကိုသာ ဟောတော်မူလေသည်။ (ဤကား “အရဏဝိဟာရီ = ကိလေသာကင်းကွာ ချမ်းသာစွာ နေလေ့ရှိသော အရာဝယ်” ဧတဒဂ်ရကြောင်းတည်း)။

     မထေရ်မြတ်သည် ဆွမ်းခံကြွတော်မူလျှင် အိမ်တိုင်း အိမ်တိုင်း၌ “ဤနည်းပြုလတ်သော် အလှူဒါယကာတို့အဖို့ အထူးသဖြင့် အကျိုးကြီးမြတ်မှု ဖြစ်ပေလိမ့်မည်”ဟု ဆင်ခြင်တော်မူကာ မေတ္တာဈာန်ကို ဝင်စား၍ ထိုမေတ္တာဈာန်မှ ထပြီးသော် ဆွမ်းကို အလှူခံတော်မူလေ့ရှိ၏။ (ဤကား မထေရ်မြတ်၏ “ဒက္ခိဏေယျ = မြတ်သောအလှူကို ခံထိုက်သော အရာဝယ်” ဧတဒဂ်ရကြောင်းတည်း)။



၂၅၀

     ထို့ကြောင့် မြတ်စွာဘုရားသည် နောက်အဖို့ဝယ် ရဟန်းတို့အား ဧတဒဂ်ဘွဲ့ထူး နှင်းအပ်သောသဘင် ဆင်ယင်ကျင်းပသောအခါ ဤအရှင်သုဘူတိမထေရ်မြတ်အား-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ အရဏဝိဟာရီနံ ယဒိဒံ သုဘူတိ (၁)၊ ဒက္ခိ‌ဏေယျာနံ ယဒိဒံ သုဘူတိ (၂) = ရဟန်းတို့.. ကိလေသာကင်းကွာ ချမ်းသာစွာ နေလေ့ရှိကြသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် သုဘူတိသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏ (၁)၊ မြတ်သောအလှူကို ခံယူထိုက်ကြသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် သုဘူတိသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏ (၂)”-

ဟု ချီးကျူးမြွက်ဆိုတော်မူကာ ဧတဒဂ်ဘွဲ့ထူးနှစ်ရပ် နှင်းအပ်တော်မူလေ၏။

(ဤ၌။ ။(၁) အရဏဝိဟာရီ ဧတဒဂ်ဝယ် ရာဂ-စသော ကိလေသာတို့ကို (ငိုကြွေးမြည်တမ်းကြောင်း ဖြစ်သောကြောင့်) ရဏဟူ၍ ခေါ်၏။ ထိုငိုကြွေးမြည်တမ်းကြောင်း = ရာဂစသော ကိလေသာများ ကင်းရှင်း၍ ချမ်းသာစွာနေခြင်းရှိကြသည့် ရဟန္တာအရှင်မြတ်တို့ကို အရဏဝိဟာရီ ပုဂ္ဂိုလ်များဟု ခေါ်ဆို၏။ အရှင်သုဘူတိမထေရ်မှတပါး အခြားရဟန္တာ မထေရ်မြတ်များသည်လည်း ကိလေသာကင်းကွာ ချမ်းသာစွာ နေခြင်းရှိကြသည်ချည်း ဖြစ်ကုန်၏။ သို့သော်လည်း အခြားသော ရဟန္တာအရှင်မြတ်တို့မှာ တရားဟောတော်မူကြလျှင် ပုဂ္ဂလဓိဋ္ဌာန ဓမ္မဒေသနာနည်းဖြင့်လည်း သက်ဆိုင်ရာ ပုဂ္ဂိုလ်ကို ရည်ညွှန်းထုတ်ဖော်၍ ဂုဏ်ကျေးဇူးကိုဖြစ်စေ အပြစ်ကိုဖြစ်စေ ဟောတော်မူကြကုန်၏၊ အရှင်သုဘူတိ မထေရ်မြတ်သည်ကား ရှေး ဆိုအပ်ပြီးသော နည်းအတိုင်း ဓမ္မာဓိဋ္ဌာန နည်းအားဖြင့်သာ မြတ်စွာဘုရား ဟောကြားတော်မူအပ်သည့် တရားသက်သက်ကိုသာ ဓမ္မာဓိဋ္ဌာန်ကျကျ ဟောတော်မူလေသည်၊ ထို့ကြောင့် “အရဏဝိဟာရီ = ကိလေသာကင်းကွာ ချမ်းသာစွာနေကြသော သာဝက ရဟန်းတို့တွင်” အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူး ရတော်မူလေသည်။



၂၅၁

ဤတွင် ဥပရိပဏ္ဏာသပါဠိတော် အရဏဝိဘင်္ဂသုတ်လာ— (၁) အယုတ်နှစ်ပါး မလိုက်စားပဲ မဇ္ဈိမပဋိပဒါလမ်းသို့ လိုက်ပါခြင်း၊ (၂) ပုဂ္ဂလာဓိဋ္ဌာနနည်းဖြင့် ပုဂ္ဂိုလ်ကိုဦးတည်၍ စကားပြော တရားဟောလျှင် “ချီးမွမ်းအပ်သည့် ပုဂ္ဂိုလ်ဖြစ်သည်”ဟု ပြောဟောက “မြှောက်စားခြင်း”မည်၍ “ကဲ့ရဲ့အပ်သည့် ပုဂ္ဂိုလ်ဖြစ်သည်”ဟု ပြောဟောက “သူ့ကိုနှိမ်ခြင်း” မည်လေသည်။ ထိုသို့ မြှောက်စားခြင်း, နှိမ်ခြင်းကို အလျှင်းမပြုပဲ ဓမ္မာဓိဋ္ဌာနနည်းအားဖြင့် တရားသဘောကိုသာ ညွှန်ပြ၍ “ချီးမွမ်းအပ်သော တရားဖြစ်သည်, ကဲ့ရဲ့အပ်သော တရားဖြစ်သည်”ဟုသာ ဟောပြောခြင်း၊ (၃) သူတော်တရား သမထဝိပဿနာ ဘာဝနာတရား အားထုတ်၍ ရရှိသော အဇ္ဈတ္တသုခ, အပြင်အပ ဗဟိဒ္ဓ အာရုံငါးပါးကို အကြောင်းပြု၍ ရရှိသော ဗဟိဒ္ဓသုခဟု = သုခနှစ်ပါးကို ခွဲခြားသိမြင်ပြီးလျှင် အဇ္ဈတ္တသုခကိုသာ ပွါးများခြင်း၊ (၄) ပုဂ္ဂိုလ်တဦးဦး၏ အကြောင်းကို မျက်မှောက်, မျက်ကွယ် = နှစ်နေရာလုံးမှာပင် မှန်ကန်၍ အကျိုးရှိမှ ပြောဆိုခြင်း၊ (၅) စကားပြော တရားဟောသောအခါ မလျင်မဆော ချောပြေစွာ ပြောဟောခြင်း၊ (၆) အရပ်တပါးသို့ ရောက်သွားသော် ထိုအရပ်၌ သုံးစွဲသည့် ဝေါဟာရစကားများနှင့်စပ်၍ (မိမိ၏ အရပ်သုံး ဝေါဟာရနှင့် မတူကွဲပြားသော်လည်း) ငြင်းခုံလွန်ဆန်မှု မပြုခြင်း-

က။

အယုတ်နှစ်ပါး၊ မလိုက်စား၊ လမ်းသွား မဇ္ဈိမ။

ခ။

မမြှောက်မစား၊ မနှိမ်ငြား၊ တရားဟောဖော်ပြ။

ဂ။

သုခနှစ်ပါး၊ ဉာဏ်ပိုင်းခြား၊ ပွါးများ အဇ္ဈတ္တ။

ဃ။

မျက်မှောက်,မျက်ကွယ်၊ ဤနှစ်သွယ်၊ ဆိုဘွယ်သိတတ်လှ။

င။

မလျင်မဆော၊ စကားပြော၊ ပြေချောမွေ့သိမ်စွာ့။

စ။

အရပ်စကား၊ မလွန်ငြား၊ ခြောက်ပါး အရဏ။

ဟူသော လင်္ကာဆောင်ပုဒ်အတိုင်း “အရဏဝိဟာရတရား = ကိလေသာကင်းကွာ ချမ်းသာစွာ နေနိုင်ကြောင်း တရားခြောက်ပါးကို” မှတ်ယူရာ၏။

(၂)မှတ် ဒက္ခိဏေယျဧတဒဂ်ဝယ် အခြားတပါးသော ရဟန္တာ အရှင်မြတ်တို့သည်လည်း မြတ်သောအလှူကို ခံယူထိုက်သည်ချည်းပင် ဖြစ်ကုန်၏၊ ဤအရှင်သုဘူတိ မထေရ်မြတ်သည်ကား ဆွမ်းခံကြွလျှင် အိမ်တိုင်းအိမ်တိုင်း၌ “ဤနည်းပြုလတ်သော် အလှူဒါယကာတို့အဖို့

၂၅၂

အထူးသဖြင့် အကျိုးကြီးမြတ်မှု ဖြစ်ပေလိမ့်မည်”ဟု ဆင်ခြင်တော်မူကာ မေတ္တာဈာန်ကို ၀င်စား၍ ထိုမေတ္တာဈာန်မှ ထပြီးသော် ဆွမ်းကို အလှူခံတော်မူလေ့ရှိ၏။ ထို့ကြောင့် “ဒက္ခိဏေယျ = မြတ်သောအလှူကို ခံယူထိုက်ကြသော သာဝက ရဟန်းတို့တွင်” အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူး ရတော်မူလေသည်။

ဤတွင် “ဓမ္မသေနာပတိ သာရိပုတ္တရာ မထေရ်မြတ်သည် ဝတ္ထုကို သုတ်သင်တော်မူ၏။ (ဝတ္ထုကို သုတ်သင်၏- ဟူသည်မှာ နိရောဓသမာပတ်ကို ဝင်စားခြင်းဖြင့် အကျိုးကြီးမြတ်အောင် ပြုခြင်းကြောင့် ဒက္ခိဏေယျဝတ္ထုဖြစ်သော မိမိကို သုတ်သင်၏-ဟု ဆိုလိုသည်)။ သုဘူတိမထေရ်သည် အလှူကို သုတ်သင်စင်ကြယ်စေ၏၊ (အလှူကို သုတ်သင် စင်ကြယ်စေ၏- ဟူသည်မှာ မေတ္တာဘာဝနာဖြင့် မိမိအား ဒါယကာတို့သည် နူးညံ့သောစိတ်ရှိမှု, များစွာမြတ်နိုးမှုကို ရှေ့သွားပြု၍ ပေးလှူကြရကား ဒကာကြောင့်လည်း အလှူ၏ စင်ကြယ်ဖွံ့ဖြိုး အကျိုးကြီးမြတ်မှုကို ဖြစ်စေသည်ဟု ဆိုလိုသည်)။ ချဲ့ဦးအံ့- အရှင်သာရိပုတ္တရာ မထေရ်သည် ဆွမ်းခံကြွလျှင် အိမ်တံခါးဝ၌ ရပ်တော်မူလျက် ဆွမ်းကို ယူဆောင်လာသည်တိုင်အောင် အချိန်ကိုပိုင်း၍ နိရောဓသမာပတ်ကို ဝင်စားတော်မူ၏၊ ဆွမ်းလှူမည့်သူ အနီးသို့ ရောက်သောအခါမှ နိရောဓသမာပတ်မှထ၍ လှူဖွယ်ဝတ္ထုကို အလှူခံတော်မူ၏။ အရှင်သုဘူတိ မထေရ်သည်ကား ထို့အတူပင် မေတ္တာဈာန်ကို ဝင်စားတော်မူ၍ ဆွမ်းလှူမည့်သူ အနီးသို့ ရောက်သောအခါမှ မေတ္တာဈာန်မှထ၍ လှူဖွယ်ဝတ္ထုကို အလှူခံတော်မူ၏”ဟူသော ဥပရိပဏ္ဏာသ အဋ္ဌကထာ စာမျက်နှာ ၁၉၃၊ အရဏဝိဘင်္ဂသုတ်အဖွင့်လာ စကားရပ်ကိုလည်း အထူးမှတ်ယူရာ၏)။

     ဤအရှင် သုဘူတိမထေရ်နှင့်စပ်သော တရားဒေသနာတို့ကို အပဒါန်ပါဠိ အဋ္ဌကထာ-စသည်တို့မှ မှတ်ယူကုန်ရာ၏။

ဤကား အရှင်သုဘူတိမထေရ် အကြောင်းတည်း။

**********