အရှင်ခဒိရဝနိယရေဝတ မထေရ်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၁၄) အရှင်ခဒိရဝနိယရေဝတ မထေရ်အကြောင်း

(၁၄) အရှင်ခဒိရဝနိယရေဝတမထေရ် အကြောင်း

(က) မထေရ်မြတ်၏ ရှေးဆုတောင်း

(ဤမထေရ်၏ အမည်ရင်းကား ရေဝတမထေရ် ဖြစ်သည်။ အရှင်သာရိပုတ္တရာ မထေရ်၏ ညီထွေးဖြစ်သည်။ မြေမညီညွတ် ခရွတ်ခရော် ကျောက်စရစ်ပေါသည့် ရှားတောအရပ်ဝယ် တောကျောင်းနေတော်မူသောကြောင့်



၂၅၃

“ခဒိရဝနိယရေဝတမထေရ် = ရှားတောကျောင်းနေ အရှင်ရေဝတမထေရ်”ဟု အမည်တွင်လေသည်။ မထေရ်မြတ်၏ အကြောင်းအရာကို ရေးသားရာ၌ စကားကျဉ်းစိမ့်သောငှါ အရှင်ရေဝတမထေရ်ဟူ၍သာ သုံးနှုန်းရေးသားပါမည်)။

     ဤအရှင်ရေဝတမထေရ်အလောင်းသူတော်ကောင်းသည် လွန်ခဲ့သော ကမ္ဘာတသိန်းထက်ဝယ် ပဒုမုတ္တရ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာကာလ၌ ဟံသာဝတီမြို့သားဖြစ်၍ ယခုအခါ ဂင်္ဂါမြစ်ကြီး၏ ပယာဂဆိပ်ကမ်း တည်ရာအရပ်၌ လှေကူးတို့ပို့လျက် နေထိုင်လေသည်။ ထိုအခါ ပဒုမုတ္တရမြတ်စွာဘုရားသည် အခြံအရံ ရဟန်းတော်ပေါင်း တသိန်းတို့နှင့် အတူတကွ ဒေသစာရီ ကြွချီတော်မူလေသော် ပယာဂဆိပ်ကမ်း တည်ရာအရပ်သို့ (ထိုမှာဖက်ကမ်းသို့ ကူးသန်းရန်) ရောက်တော်မူလာလေ၏။

     အရှင်ရေ၀တအလောင်း အမျိုးကောင်းသားသည် မြတ်စွာဘုရားကို ဖူးမြော်ရလေလျှင် “ငါ့အဖို့ရာ အခါမပြတ် ဘုရားရှင်ကို ဖူးမြင်ရခြင်းမည်သည် မဖြစ်နိုင်၊ ဤယခု ဘုရားရှင် ကြွတော်မူလာသော အခါသည်ကား ငါ့အဖို့ရာ ကုသိုလ်ကောင်းမှု ပြုလုပ်ရန် အခွင့်ကောင်းကြီးပေတည်း”ဟု ကြံစည်စဉ်းစား၍ လှေပေါင်းချုပ် (လှေတွဲကြီး)ကို ဖွဲ့ပြီးလျှင် ထိုလှေတွဲအထက်၌ ဗိတာန်မျက်နှာကြက် အဖြူကို ကြက်၍ နံ့သာပန်းဆိုင်းများကို အပြိုင်းပြိုင်း တွဲလျားဆွဲချ ပူဇော်လျက် အောက်အပြင်ဝယ် အလွန်ကောင်းမြတ်သော ပိုက်ဆန်‌လျှော်ချည်ဖြင့် ရက်လုပ်အပ်သည့် ဆန်းကြယ်သော အခင်းများကို ခင်းစေပြီးလျှင် အခြံအရံ ရဟန်းတသိန်းနှင့် တကွသော မြတ်စွာဘုရားကို တဖက်ကမ်းသို့ ပို့ဆောင်လေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် တောကျောင်းနေ ရဟန်းတော်တပါးကို အာရညက = တောကျောင်းနေသော အရာဝယ် ဧတဒဂ် ထားတော်မူလေ၏။ ထိုလှေသူကြီး အမျိုးကောင်းသားသည် ထိုအကြောင်းအရာကို တွေ့မြင်ရ၍ “ငါသည်လည်း



၂၅၄

ဤရဟန်းတော်ကဲ့သို့ပင် နောက်အခါဝယ် တဆူဆူသော ဘုရားရှင်၏ သာသနာတော်၌ တောကျောင်းနေသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ်ဖြစ်မှ သင့်တော့မည်”ဟု ကြံစည်၍ မြတ်စွာဘုရားကို ပင့်ဖိတ်ပြီးလျှင် ခုနစ်ရက်ကြာ မဟာဒါနကြီး ပေးလှူပြီးနောက် မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဝပ်စင်းလျက် “မြတ်စွာဘုရား.. အရှင်ဘုရားတို့ ဧတဒဂ်ရာထူး၌ ချီးကျူးမြှောက်စား ထားတော်မူအပ်သော ထိုရဟန်းတော် အရှင်မြတ်ကဲ့သို့ တပည့်တော်သည်လည်း နောက်အခါ တဆူဆူသော ဘုရားရှင်၏ သာသနာတော်၌ တောကျောင်းနေ ရဟန်းကိုတွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်ရပါလို၏”ဟု ဆုတောင်းပတ္ထနာမှု ပြုလေ၏။ မြတ်စွာဘုရားသည် အန္တရာယ်မရှိ ဆုတောင်းပြည့်မည်ကို မြင်တော်မူလတ်၍ “နောင်သောအခါ ဂေါတမမြတ်စွာ သာသနာ၌ သင်သည် တောကျောင်းနေ ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်စကား ကြားတော်မူပြီးလျှင် ဖဲကြွတော်မူလေ၏။ (ဤမှနောက် အကြားကာလဝယ် မထေရ်၏ အခြားတပါးသော ကောင်းမှုကုသိုလ် အကြောင်းအရာကို မဟာအဋ္ဌကထာ၌ မပြဆိုအပ်တော့)။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ထိုလှေသူကြီး အမျိုးကောင်းသားသည် အသက်ထက်ဆုံး ကောင်းမှုများကို ပြု၍ (အပါယ်လေးပါး မလားမရောက်ရပဲ) နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စား၍ လာခဲ့ရာ ဤအကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာ ကာလဝယ် မဂဓတိုင်း နယ်မြေအဝင်အပါ နာလက-မည်သော ပုဏ္ဏားရွာ၌ မယ်တော် ရူပသာရီပုဏ္ဏေးမ၏ ၀မ်းကြာတိုက်ဝယ် ပဋိသန္ဓေ တည်နေဖြစ်ပွါး၍ ဥပတိဿ, စုန္ဒ, ဥပသေနဟူသော = နောင်တော်သုံးဦး၊ စာလာ, ဥပစာလာ, သီသူပစာလာဟူသော အမတော် သုံးယောက်တို့၏ ညီအထွေး မောင်အထွေးဖြစ်ကာ အမည်အားဖြင့် ရေဝတ-ဟု အမည်တွင်လေသည်။



၂၅၅

     ထို့နောက် ရေဝတ၏ မိဖတို့သည် “ကြီးလာ ကြီးလာတိုင်းသော ကလေးများကို မြတ်စွာဘုရား၏သား ရဟန်းများသည် ခေါ်ဆောင်သွားကြကာ ရှင်ပြုပေးကြကုန်၏၊ ငါတို့သား ရေ၀တကို အသက်အရွယ် ငယ်စဉ်ပင် (ရဟန်းများ ရှင်သာမဏေ ပြုမပေးကြမီ) အိမ်ရာအနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့ကြကုန်အံ့”ဟု သဘောတူ တိုင်ပင်ကြကုန်၏။

(ဤ၌။ ။အရှင်သာရိပုတ္တရာသည် မိမိရဟန်းပြုပြီးလျှင် စာလာ, ဥပစာလာ, သီသူပစာလာဟူသော နှမသုံးယောက်နှင့် စုန္ဒ, ဥပသေန ညီနှစ်ဦးတို့ကို ရှင်ရဟန်းပြုပေးလေသည်၊ ရေ၀တသူငယ် တယောက်သာလျှင် အိမ်မှာ ကျန်ရစ်ခဲ့လေသည်။ ထို့ကြောင့် မိဖနှစ်ပါးတို့ ဤသို့ တိုင်ပင်ကြလေသည်)။

     ထိုသို့ သဘောတူ တိုင်ပင်ကြပြီးနောက် မိဖနှစ်ပါးတို့သည် အမျိုးဇာတ်အနွယ် စည်းစိမ်ဂုဏ်ရည်တူသော အိမ်ထောင်စုတခုမှ သတို့သမီးငယ်ကို ဆောင်ယူခဲ့ကြ၍ ရေဝတ၏ အဖွားအိုကို ရှိခိုးစေကြပြီးလျှင် “အမိ = ချစ်သမီး.. သင်ချစ်သမီးသည် သင်၏ ယခုအဖွားထက် အသက်အရွယ်ကြီးရင့်စွာ နေရသူ ဖြစ်ပါစေသတည်း”ဟု မင်္ဂလာဆုတောင်းစကား မြွက်ကြား ပြောဆိုကြကုန်၏။

(ဤဆုတောင်းစကား မိဖတို့ ပြောကြားကြသည်မှာ သတို့သမီးငယ်၏ အသက်ရှည်ခြင်းကို လိုလား တောင့်တကြ၍ ပြောကြားကြလေသည်။ ထိုအဖွားအိုမှာ ထိုအချိန်၌ အသက်နှစ်ပေါင်း တရာ့နှစ်ဆယ် ရှိပြီးဖြစ်၍ ဆံဖြူ, သွားကြွေ, အရေများ တွန့်လိပ်ကာ တကိုယ်လုံး မှည့်မည်း(မှဲ့မဲ)တွေ စွဲကပ်လျက် အိမ်အို၏ ဒိုင်းများကဲ့သို့ အလွန့်အလွန်ပင် ခါးကိုင်း၍ နေလေပြီ)။

ရေ၀တ သံဝေဂရခြင်း

     ရေဝတသည် မိဖတို့၏ ထိုမင်္ဂလာ ဆုတောင်းစကားကို ကြားရလေလျှင် “ဤသူငယ်မကား အသက်ငယ်သူ ပဌမအရွယ်၌ တည်ရှိသူသာ ဖြစ်၏၊ ဤသူငယ်မ၏ ဤမျှနုနယ် တင့်တယ်သော



၂၅၆

ရုပ်အဆင်းသည် ငါ့အဖွား၏ ရုပ်အဆင်းနှင့် အလားတူ ရွတ်တွယိုယွင်း အိုမင်းရသည် ဖြစ်လိမ့်မည်တဲ့၊ ထိုမိဖတို့၏ အလိုဆန္ဒကို သိရအောင် ငါမေးဦးမည်”ဟု ကြံစည်ပြီးနောက် “အို မိခင်ဖခင်.. မိဖတို့သည် အဘယ်ကိုရည်ရွယ်၍ ဤသို့ ပြောဆိုကြသနည်း”ဟု မေးလေ၏။ မိဖတို့က “ချစ်သား.. သင်၏ ကြင်ယာ ဤသူငယ်မသည် သင့်အဖွားကဲ့သို့ အိုမင်းခြင်းသို့ ရောက်ပါစေသတည်းဟု မင်္ဂလာဆုတောင်းစကား ငါတို့မြွက်ကြားကြပါသည်”ဟု ပြန်ကြား ဖြေဆိုကြလေလျှင် ရေဝတသည် “အို မိခင်ဖခင်တို့.. ဤသူငယ်မ၏ နုနယ်လှသော ရုပ်အဆင်းသည် အဖွား၏ ရုပ်အဆင်းကဲ့သို့ အိုမင်းသည် ဖြစ်လိမ့်ဦးမည်လော”ဟု အမှန်တကယ်ပင် နားမလည်၍ မေးမြန်းလေ၏။ ထိုအခါ မိဖတို့သည် “ချစ်သား.. အဘယ်ကို ပြောဆိုနေသနည်း (=ဘာစကားတွေ ပြောနေဒါလဲ)၊ ဘုန်းကံကြီးမားသော သူများမှသာ မောင့်အဖွားပမာ ဤသို့ အိုအောင် မင်းအောင် နေကြရကုန်သည်”ဟု နားချ ပြောဆိုကြလေကုန်၏။

     ရေဝတသည် “ဤသူငယ်မ၏ ဤမျှ လှပတင့်တယ် နုနယ်သော ရုပ်အဆင်းသည် ဤအဖွား၏ နည်းအတိုင်း ဆံဖြူ, သွားကြွေ, အရေတွန့်လိပ်သည် ဖြစ်လိမ့်မည်တဲ့။ ငါသည် ဤသို့ ရွတ်တွယိုယွင်း အိုမင်းရခြင်း သဘောရှိသည့် ရုပ်အဆင်း၌ တပ်မက်၍ အဘယ်မူစအံ့နည်း = အကျိုးမရှိသည်သာ၊ ငါ၏ နောင်တော်များ သွားတော်မူကြရာ လမ်းသို့ပင် လိုက်ပါတော့မည်”ဟု ကြံစည် ဆင်ခြင်ပြီးလျှင် သူငယ်တို့ဘာဝ မြူးထူးပျော်ပါး ကစားလိုဟန်ဆောင်၍ အခြားအရွယ်တူ သူငယ်ဖော်များကို “သူငယ်ချင်းတို့.. လာကြကုန်၊ ပြေးတန်းကစားကြစို့”ဟု ပြောဆိုလေ၏။ မိဖတို့က “ချစ်သား.. မင်္ဂလာဆောင်သောနေ့မှာ အိမ့်ပြင်ပသို့ မသွားပါလင့်”ဟု တားမြစ်ကြသော်လည်း ရေဝတသည် သူငယ်တို့နှင့် အတူတကွ ကစားလိုဟန်ဆောင်၍ မိမိပြေးလှည့် (ပြေးရမည့်အလှဲ့) ကျရောက်သောအခါ အနည်းငယ်သာ ပြေးသွား၍ ကိုယ်လက်သုတ်သင်သည့်ဟန်ပြု၍ အချိန်ကို ဖင့်နွှဲစေ၍



၂၅၇

ပြန်လာ၏။ ဒုတိယအကြိမ်ပြေးလှည့် ရောက်သောအခါ ထို့ထက် လျင်မြန်သကဲ့သို့ ပြေးသွားကာ ပြန်လာလေ၏။ တတိယအကြိမ်ပြေးလှည့် ရောက်လတ်သော်ကား “ငါ့အဖို့ရာ ဤအခါသည် အလွတ်ထွက်ပြေးရန် အခါကောင်းတည်း”ဟု အောက်မေ့ သိရှိပြီးလျှင် မျက်နှာမူမိ (ခြေဦးတည့်)ရာ အရပ်အတိုင်း တအားကုန် ပြေးသွား၍ ပံသုကူဓုတင်ဆောင် ရဟန်းတို့ သီတင်းသုံးနေထိုင်ရာ တောကျောင်းသို့ ရောက်လေလျှင် မထေရ်တို့ကို ရှိခိုး၍ ရှင်သာမဏေပြုပေးရန် တောင်းပန်လေ၏။

     မထေရ်တို့က “အို သူတော်ကောင်းကလေး.. ငါတို့သည် သင့်ကို ‘အဘယ်သူ့သား’ဟူ၍ မသိကြပါကုန်၊ သင်ကလည်း အဆင်တန်းဆာ အပြည့်အစုံ ဆင်မြဲတိုင်းဖြင့်သာ လာရောက်သူ ဖြစ်၏။ အဘယ်သူသည် သင့်ကို ရှင်ပြုပေးဝံ့လိမ့်မည်နည်း = မပေးဝံ့သည်သာ”ဟု ငြင်းပယ်စကား မိန့်ကြားတော်မူကြလေလျှင် ရေ၀တသည် လက်ရုံးနှစ်ဖက်ကို မြှောက်ချီ၍ “အကျွန်ုပ်ကို လုယက်နေကြပါသည်။ အကျွန်ုပ်ကို လုယက်နေကြပါသည်”ဟု မြည်တမ်း ဟစ်အော်လေ၏။

     ထိုမှဤမှလည်း ရဟန်းတော်များ စည်းဝေးရောက်ရှိ လာကြပြီးလျှင် “အို သူတော်ကောင်းကလေး.. ဤနေရာ၌ သင်၏ အဝတ်အစားကိုသော်၎င်း, အဆင်တန်းဆာကိုသော်၎င်း လုယက်ယူငင်သူ တဦးမျှ မရှိချေ။ သင်ကလည်း ‘လုယက်နေကြပါသည်’ဟု ဟစ်အော်မြည်တမ်းပြောဆို၏၊ သင်သည် အဘယ်ကို ရည်ညွှန်း၍ ထိုသို့ ပြောဆိုသနည်း”ဟု မေးမြန်းကြလေ၏။ ထိုအခါ ရေ၀တသူငယ်သည်-

“အရှင်ဘုရားတို့.. တပည့်တော်သည် အဝတ်တန်းဆာ (အလုခံရသည်)ကို ရည်ညွှန်း၍ ပြောသည်မဟုတ်ပါ။ စင်စစ်သော်ကား တပည့်တော်၏အဖို့ရာ (ရှင်ရဟန်း မပြုရသည့်အတွက်) လူ,နတ်,နိဗ္ဗာန် = ချမ်းသာသုံးပါးကို အလုအယက် ခံနေရပါသည်။ (ဤ၌ လူ,နတ်,နိဗ္ဗာန် =



၂၅၈

ချမ်းသာသုံးပါးဟူသော စကားကို အဆင့်ကြားအားဖြင့် ပြောဆိုခြင်း ဖြစ်သည်။) ထိုသို့ လူ,နတ်,နိဗ္ဗာန် = ချမ်းသာသုံးပါး အလုအယက် ခံနေရသည်ကို ရည်ညွှန်း၍ ပြောဆိုခြင်း ဖြစ်ပါသည်။ အရှင်ဘုရားတို့သည် တပည့်တော်ကို ရှင်ရဟန်း ပြုမပေးကြလျှင် ရှိပါစေဦးတော့၊ တပည့်တော်၏ နောင်တော်ကြီးကိုကား အရှင်ဘုရားတို့သည် သိကြပါ၏လော”–

ဟု မေးမြန်းလေ၏။ ရဟန်းတို့က “သင်၏ နောင်တော်ကြီးကား အဘယ်အမည်ရှိသနည်း”ဟု မေးမြန်းကြပြန်သော် ရေဝတသူငယ်သည် “တပည့်တော်၏ နောင်တော်ကြီးသည် လူဖြစ်စဉ်အခါက ‘ဥပတိဿ’ အမည်ရှိပါ၏။ ယခု ရဟန်းဖြစ်သော အခါ၌ကား ‘သာရိပုတ္တရာ အမည်ရှိသူ ဖြစ်နေသည်’ဟု အားလုံးက ပြောကြပါသည်ဘုရား”ဟူ၍ ပြန်ကြား လျှောက်ထားလေ၏။

     ထိုအခါ ရဟန်းတို့သည် “ငါ့ရှင်တို့.. ဤသို့ဖြစ်လျှင် (=ဒီလိုဆိုလျှင်) ဤအမျိုးကောင်းသားကလေးကား ငါတို့၏ ညီအထွေးကလေး ဖြစ်နေပါပကော၊ ငါတို့ကို နောင်တော်ကြီး ဖြစ်တော်မူသော တရားစစ်မှူး သာရိပုတ္တရာ မထေရ်မြတ်က အလျင်ရှေးဦးကပင် ‘ငါတို့၏ ဆွေမျိုးများအား မိစ္ဆာဒိဋ္ဌိ = အယူမှား ရှိကြသူချည်း ဖြစ်ကုန်၏၊ တစုံတယောက်သောသူသည် ငါတို့၏ ဆွေမျိုးဟု ပြောဆိုကာ လာရောက်ခဲ့သော် ထိုသူကို ဟုတ်ဟုတ် ငြားငြား = ဖြစ်နိုင်သည့် နည်းလမ်းဥပါယ်ဖြင့် ရှင်ရဟန်း ပြုပေးလိုက်ကြလော့’ဟု မှာတမ်းပြောဆိုထားပြီ ဖြစ်လေသည်။ ဤယခု သူငယ်သည်ကား ငါတို့နောင်ကြီး ဓမ္မသေနာပတိ သာရိပုတ္တရာ မထေရ်မြတ်၏ အဇ္ဈတ္တိက = အတွင်းကျသော ညီအရင်းတယောက် ဖြစ်လေသည်။ သို့ရကား ထိုသူငယ်ကို ငါတို့ ရှင်ပြုပေးကြကုန်စို့”ဟု အားလုံးပင် တိုင်ပင်ညီညွတ်ကြကာ တစပဉ္စကကမ္မဋ္ဌာန်းကို ပြောပြ၍ ရေဝသသူငယ်ကို ရှင်ပြုပေးကြလေ၏။ ထို့နောက် အသက်နှစ်ဆယ် ပြည့်လတ်သော် ရဟန်းခံပေးကြ၍ ကမ္မဋ္ဌာန်းအလုပ်၌ အားထုတ်စေကြလေကုန်၏။



၂၅၉

     အရှင်ရေ၀တမထေရ်သည် ကမ္မဋ္ဌာန်းကို ယူပြီးနောက် ဆရာဥပဇ္ဈာယ်တို့နှင့် မနီးမဝေးသောအရပ်၌ မြေမညီညွတ် ခရွတ်ခရော် ကျောက်စရစ် ကျောက်ခဲပေါများလှသည့် ရှားတောအတွင်းသို့ ဝင်ရောက်၍ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်လေ၏။ ထိုအရှင်ရေ၀တ၏အဖို့ရာ “ငါသည် အရဟတ္တဖိုလ်သို့ မရောက်သေးပဲသာဖြင့် မြတ်စွာဘုရားရှင်ကိုသော်၎င်း, နောင်တော် မထေရ်မြတ်ကိုသော်၎င်း မဖူးမြော်သေး”ဟု ဇွဲသန်သန်ဖြင့် ကမ္မဋ္ဌာန်းတရား ပွါးများ အားထုတ်စဉ်ပင် သုံးလအချိန်ကာလကို လွန်ခဲ့လေကုန်သည်။ သိမ်မွေ့ နူးညံ့လှစွာသော (သူဌေးသား) အမျိုးကောင်းသား၏ အဖို့ရာ အလွန်ကြမ်းတမ်းသော အစာအာဟာရကို စားသောက် ဘုဉ်းပေးရသည်ဖြစ်၍ စိတ်သည် အရေတွန့်လိပ်သည့်အလား တွန့်လိပ်၍ နေလေသည် (သီဟိုဠ်မူအလို- စိတ်သည် နူးညံ့မွန်မြတ်သည် မဖြစ်နိုင်)၊ ကမ္မဋ္ဌာန်းအလုပ်သည် ကျွတ်လွတ်မှုသို့ ရုတ်တရက် မရောက်နိုင်ပဲ ရှိလေ၏။ သို့သော် အရှင်ရေဝတမထေရ်သည် စိတ်ဇွဲကို မလျှော့ပဲ သုံးလလွန်သောအခါ ပဝါရဏာပြု၍ ဝါကျွတ်ပြီးလတ်သော် အရပ်တပါးသို့ မပြောင်းရွှေ့ပဲ ထိုရှားတောအရပ်၌ပင် ဆက်လက်၍ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်တော်မူလေသည်။ ထိုသို့ ဝီရိယာဓိပတိ ဇွဲရှိရှိဖြင့် ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်လေလေ မထေရ်၏စိတ်သည် တည်ကြည်လေ တည်ကြည်လေ ဖြစ်၍လာလေ၏။ မထေရ်မြတ်သည် ဆက်၍ ဝိပသနာတရား ပွါးများကြိုးကုတ် အားထုတ်လတ်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေ၏။

မြတ်စွာဘုရား ရဟန်းများစွာတို့နှင့်တကွ ကြွလာတော်မူခြင်း

     အရှင်သာရိပုတ္တရာ မထေရ်သည် ညီငယ်ရေဝတ ရှင်ရဟန်းပြုကြောင်း ကြားသိရသော အချိန်ကပင် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. တပည့်တော်၏ညီငယ် ရေဝတသည် ရှင်ရဟန်း ပြုပါပြီတဲ့၊ သူသည် ဤသာသနာတော်၌ မွေ့လျော် ပျော်ပိုက်မူလည်း ပျော်ပိုက်လေရာ၏ မပျော်ပိုက်ပဲ ရှိသော်မူလည်း



၂၆၀

ရှိလေရာပါ၏၊ သွားရောက်၍ ထိုရေ၀တ ညီငယ်ရဟန်းကို ကြည့်ရှု အကဲခပ်ပါရစေဘုရား”ဟု လျှောက်ထားလေသည်။ မြတ်စွာဘုရားသည် ထိုအချိန်၌ အရှင်ရေ၀တမှာ ဝိပဿနာအလုပ် အပြင်းအထန် အားထုတ်နေဆဲရှိသည်ကို သိတော်မူ၍ နှစ်ကြိမ်တိုင်တိုင် မသွားရန် တားမြစ်တော်မူပြီးလျှင် တတိယအကြိမ်မြောက် တောင်းပန် လျှောက်ထားအပ်သည်ရှိသော် ထိုအချိန်၌ကား အရှင်ရေဝတ အရဟတ္တဖိုလ်သို့ ရောက်ရှိပြီး ဖြစ်သည်ကို ပိုင်းခြား သိမြင်တော်မူ၍ “ချစ်သားသာရိပုတ္တရာ.. ငါဘုရားလည်း သင်ချစ်သားတို့နှင့်အတူ လိုက်ပါပေအံ့၊ ရဟန်းတို့အား ပြောကြားလေလော့”ဟု မိန့်တော်မူ၏။

     အရှင်သာရိပုတ္တရာ မထေရ်သည် ရဟန်းသံဃာကို စည်းဝေးစေ၍ “ငါ့ရှင်တို့.. မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူလိုသည်၊ လိုက်လိုသော ရဟန်းတို့သည် လာရောက်ကြကုန်လော့”ဟု ရဟန်းအားလုံးတို့အားပင် ပြောကြားတော်မူလေ၏။ မြတ်စွာဘုရားရှင် ဒေသစာရီ လှည့်လည်ရန် ကြွတော်မူသောအခါ ကျောင်းတိုက်၌ ချန်နေရစ်ကြသော ရဟန်းတို့မည်သည် နည်းပါးလှကုန်၏၊ “မြတ်စွာဘုရား၏ ရွှေအဆင်းရှိသော ရူပကာယ ကိုယ်တော်ကိုလည်း မပြတ် ဖူးမြော်ကြရလိမ့်မည်၊ ချိုမြိန်သော တရားစကားကိုလည်း နာကြားကြရလိမ့်မည်”ဟု ကြံစည် အောက်မေ့ကြကာ များသောအားဖြင့် လိုက်ပါလိုသော ရဟန်းတို့ကသာ များကြကုန်၏။ သို့ရကား မြတ်စွာဘုရားသည် ရဟန်းသံဃာများစွာ ခြံရံလျက် “ရေဝတကို ကြည့်ရှုတော်မူမည်”ဟု ကျောင်းတော်မှ ထွက်ကြွတော်မူခဲ့လေ၏။

အရှင်သီဝလိ၏ ဘုန်းတန်ခိုး

     ထိုသို့ ထွက်ကြွတော်မူသောအခါ တနေရာ၌ အရှင်အာနန္ဒာ မထေရ်သည် လမ်းနှစ်မြွာသို့ရောက်၍ မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. ဤအရပ်၌ လမ်းနှစ်မြွာတို့ ရှိကြပါသည်။ အဘယ်လမ်းဖြင့် သံဃာသည် ကြွသွားစေလိုပါသနည်း”ဟု



၂၆၁

မေးလျှောက်လေ၏။ မြတ်စွာဘုရားရှင်က “ချစ်သားအာနန္ဒာ.. ထိုလမ်းနှစ်မြွာတို့တွင် အဘယ်လမ်းသည် မကွေ့မကောက် ဖြောင့်မတ်သနည်း”ဟု မေးတော်မူလေလျှင် အရှင်အာနန္ဒာ မထေရ်သည် “မြတ်စွာဘုရား.. မကွေ့မကောက် ဖြောင့်မတ်သောလမ်း (=ဖြတ်လမ်း)သည် ယူဇနာသုံးဆယ်ရှိ၍ နတ်ဘီလူးတို့ စိုးအုပ်ရာ အစာလည်းခေါင်းပါး ဘေးရန်လည်း များလှပါသည်ဘုရား၊ လှီးလွှဲကွေ့ကောက်၍ သွားရမည့် (အများသွားနေကျ) လမ်းရိုးသည်ကား ယူဇနာ ခြောက်ဆယ်ရှိ၍ ဘေးရန်ကင်းကွာ အစာအစား ပေါများလှပါသည်ဘုရား”ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် “ချစ်သားအာနန္ဒာ.. သီဝလိ ရဟန်းသည် ငါဘုရားတို့နှင့် အတူတကွ လိုက်ပါလာ၏လော”ဟု မေးတော်မူလေ၏။ ရှင်အာနန္ဒာမထေရ်က “လိုက်ပါလာပါသည် မြတ်စွာဘုရား”ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “ချစ်သားအာနန္ဒာ.. ထိုသို့ဖြစ်လျှင် = သီဝလိရဟန်း ငါတို့နှင့်အတူတကွ လိုက်ပါလာလျှင် သံဃာသည် ဘေးရန်ပေါများ အစာရှားသည့် အဖြောင့်လမ်း (=ဖြတ်လမ်း)ကိုပင် ယူလော့၊ သီဝလိရဟန်း၏ ကောင်းမှုတန်ခိုးကို စုံစမ်းကြကုန်အံ့”ဟု မိန့်တော်မူလေ၏။

     ထိုသို့ မိန့်တော်မူပြီးလျှင် မြတ်စွာဘုရားသည် ရဟန်းအပေါင်း ခြံရံလျက် အရှင်သီဝလိ၏ ရှေးကောင်းမှု ဘုန်းတန်ခိုးကို လက်တွေ့စုံစမ်းသိရှိရန် ဘေးရန်များ အစာရှားသည့် တောအုပ်လမ်းသို့ တက်ရောက် ကြွချီတော်မူလေ၏။ ထိုလမ်းသို့ တက်ရောက်သော အချိန်မှစ၍ နတ်အပေါင်းသည် တယူဇနာ, တယူဇနာ အရပ်၌ မြို့ကြီး တခု တခု ဖန်ဆင်းကြ၍ ဘုရားအမှူးရှိသော သံဃာတော်များ နေထိုင်ရန် ကျောင်းတိုက်များကို စီမံဖန်ဆင်းထားနှင့်ကြလေ၏။ မြတ်စွာဘုရားရှင်နှင့်တကွ သံဃာတော်တို့ ရောက်တိုင်း ရောက်တိုင်းသော နေရာကျောင်းတိုက်တို့၌ နတ်သားတို့သည် ထိုမြို့နေ ပြည့်ရှင်မင်းက စေလွှတ်လိုက်သည့် အလုပ်သမားများကဲ့သို့ ဖြစ်ရှိကြ၍ (=မင်းလွှတ်လိုက်သည့် မင်းမှုထမ်း



၂၆၂

ယောက်ျားများအသွင် ဖန်ဆင်းကြ၍ဟု ဆိုလိုသည်။) ယာဂု, ခဲဖွယ်, ဆွမ်း-စသည်တို့ကို ထမ်းပိုးယူဆောင်ခဲ့ကြကာ “အရှင်သီဝလိမထေရ်သည် အဘယ်မှာနည်း, အရှင်သီဝလိမထေရ်သည် အဘယ်မှာနည်း”ဟု မေးမြန်း လိုက်ပါကြလေ၏။ အရှင်သီဝလိမထေရ်သည် ထိုပူဇော်ဖွယ်ဝတ္ထု အစုစုကို ခံယူစေ၍ မြတ်စွာဘုရားထံသို့ သွားရောက်လေ၏။ မြတ်စွာဘုရားသည် ရဟန်းသံဃာနှင့် အတူတကွ အရှင်သီဝလိအား နတ်တို့ အမြတ်တနိုး လှူဒါန်းအပ်သော ဆွမ်း, ခဲဖွယ်, ဘောဇဉ်, ယာဂုတို့ကို ဘုဉ်းပေး သုံးဆောင်တော်မူလေ၏။

     ဤနည်းဖြင့်ပင် မြတ်စွာဘုရားသည် ပူဇော်သက္ကာရမှုကို သုံးဆောင်တော်မူလျက် နေ့စဉ် နေ့စဉ် တယူဇနာခရီးတိုင်တိုင် ကြွချီတော်မူ၍ ယူဇနာသုံးဆယ်ရှိသော ခရီးခဲကို တလဖြင့် လွန်မြောက်ပြီးလျှင် အရှင်ခဒိရဝနိယ ရေဝတမထေရ်၏ ကြိုတင် ပြုပြင်ထားသဖြင့် ညီညွတ်သော ရှားတောကျောင်းသို့ ရောက်တော်မူလေ၏။ အရှင်ရေဝတမထေရ်သည် မြတ်စွာဘုရားရှင် ကြွလာတော်မူမည်ကို ကြိုတင်သိရှိ၍ မိမိ၏နေရာ ရှားတောကျောင်း၌ ဘုရားအမှူးရှိသော သံဃာအား နေလောက်အောင် ကျောင်းများကို၎င်း, မြတ်စွာဘုရားရှင်အတွက် ဂန္ဓကုဋီ တိုက်တော်ကို၎င်း, ညဉ့်သန့်ရာ, နေ့သန့်ရာဌာန- စသည်တို့ကို၎င်း တန်ခိုးဖြင့် ဖန်ဆင်းပြီးလျှင် မြတ်စွာဘုရားအား ခရီးဦးကြို ကြွခဲ့လေသည်။ မြတ်စွာဘုရားသည် တန်ဆာဆင်အပ် သပ်ယပ်သော ခရီးဖြင့် ကျောင်းတိုက်သို့ ဝင်တော်မူလေ၏။ ထို့နောက် မြတ်စွာဘုရားရှင် ဂန္ဓကုဋီ တိုက်တော်သို့ ဝင်တော်မူပြီးလတ်သော် ကျန်သော ရဟန်းတို့သည် ဝါစဉ်အတိုင်း မိမိတို့သို့ရောက်သော ကျောင်းအိပ်ရာနေရာ အသီးသီးသို့ ဝင်တော်မူကြလေကုန်၏။ နတ်တို့သည် “ဤအချိန်ကား ဆွမ်းအာဟာရ ဘုဉ်းပေးရန် အချိန်မဟုတ်”ဟု သိရှိကြကာ အဖျော်ရှစ်မျိုး (သပြေ,သရက်၊ မုဒရက်၊ ဖက်သက်, သစ် မည်စည်။ ငှက်ပျောနှစ်မျိုး၊ ကြာစွယ်တိုး၊ ရှစ်မျိုး အဖျော်ရည်။)တို့ကို ပို့ဆောင် ဆက်ကပ်ကြကုန်၏။ ဤနည်းဖြင့်ပင် မြတ်စွာဘုရားရှင်၏



၂၆၃

အဖို့ရာ ပူဇာ သက္ကာရကို ခံယူ သုံးဆောင်တော်မူစဉ် လဝက်( တဆယ့်ငါးရက်) အချိန်သည် လွန်ခဲ့လေသည်။

ဥဒ္ဓစ္စသမားများ အထင်မှားကြခြင်း

     ထိုစဉ်အခါ အချို့အချို့သော ဥဒ္ဓစ္စပြောများ စိတ်လွင့်ပါးသော ရဟန်းတို့သည် တနေရာ၌ ထိုင်နေကြပြီးလျှင် “လူနတ်တို့ဆရာ မြတ်စွာဘုရားသည် ‘ငါ့အဂ္ဂသာဝက၏ ညီအထွေး’ဟု မိန့်တော်မူကာ ဤသို့သဘောရှိသည့် နဝကမ္မအလုပ် အားထုတ်၍သာနေသော ရဟန်းကို ကြည့်ရှုရန် ကြွလာတော်မူဘိ၏။ ဤယခု အရှင်ရေ၀တ၏ ကျောင်းတိုက်ကြီး အနီးအပါး၌ ဇေတဝန် ကျောင်းတိုက်ကြီးသည်၎င်း, ဝေဠုဝန် ကျောင်းတိုက်ကြီး- စသည်တို့သည်၎င်း ဘာလုပ်မည်နည်း။ ဤရေဝတ ရဟန်းသည်လည်း ဤသို့သဘောရှိသည့် နဝကမ္မအလုပ်ကို ပြုလုပ်နေသူသာ ဖြစ်၏။ သို့စဉ် နဝကမ္မအလုပ် အားထုတ်နေသော ရဟန်းသည် အဘယ်မည်‌သော ရဟန်းတရားကို ပြုလုပ် အားထုတ်နိုင်ချိမ့်မည်နည်း = ပြုလုပ်နိုင်မည် မဟုတ်ဟု ကဲ့ရဲ့သင်္ဂြိုဟ် စကားတင်းဆိုကြလေကုန်၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် “ငါဘုရား ဤအရပ်၌ ကြာမြင့်စွာနေလျှင် ဤအရပ်သည် ပရိသတ်လေးခဏ်း ရောပြွမ်း၍ လာပေလိမ့်မည်၊ တောကျောင်းနေ ရဟန်းတို့မည်သည် ဆိတ်ငြိမ်ခြင်းကို အလိုရှိကြကုန်၏၊ ငါဘုရား ကြာကြာနေလျှင် ရေဝတ၏အဖို့ရာ မချမ်းမသာ နေရခြင်း ဖြစ်ပေလိမ့်မည်”ဟု ကြံစည်ဆင်ခြင်ပြီးနောက် အရှင်ရေဝတ၏ နေသန့်ရာအရပ်သို့ ကြွရောက်တော်မူလေ၏။ အရှင်ရေဝတမထေရ်သည် တပါးတည်း စင်္ကြံစွန်းဝယ် မှီရာတံကဲပျဉ်ကိုမှီ၍ ကျောက်ဖျာထက်၌ ထိုင်နေရင်းက မြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးမှပင်မြင်၍ ခရီးဦးကြိုဆိုကာ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးဝတ်ပြုလေ၏။

     မြတ်စွာဘုရားသည် အရှင်ရေဝတကို “ချစ်သားရေဝတ.. ဤအရပ်ကား ခြင်္သေ့, သစ်, ကျား, သားရဲများ နေရာဌာနဖြစ်၏။ ကြမ်းတမ်းသော ဆင်မြင်းစသည်တို့၏ အသံကိုကြားလျှင်



၂၆၄

သင်ချစ်သားသည် အဘယ်သို့ ပြုသနည်း”ဟု မေးတော်မူလေ၏။ အရှင်ရေဝတသည် “မြတ်စွာဘုရား.. ထိုဆင်ကြမ်း မြင်းကြမ်း စသည်တို့၏ အသံကို ကြားရသော တပည့်တော်၏ (သန္တာန်မှာ) တော၌ မွေ့လျော်ပျော်ပိုက်ခြင်း = အရညရတိတရား ထပ်တလဲလဲ ဖြစ်ပွါးပါသည်ဘုရား”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် ထိုနေ့သန့်ရာအရပ်၌ အရှင်ရေဝတမထေရ်အား ဂါထာ ငါးရာတို့ဖြင့် တောကျောင်းနေခြင်း၏ အကျိုးအာနိသင်မည်သော တရားစကား ဟောကြားတော်မူပြီးလျှင် နောက်တနေ့၌ မနီးမဝေးသော အရပ်ဝယ် ဆွမ်းခံ လှည့်လည်တော်မူပြီးနောက် (ရှင်ရေ၀တ၏ ရှားတောကျောင်းတိုက်သို့ တဖန် မပြန်တော့ပဲ ထိုအရပ်မှပင်) အရှင်ရေ၀တကို ပြန်နစ်စေတော်မူ၍ အရှင်ရေ၀တ၏ ကျေးဇူးမဲ့ကို ပြောကြားကြသည့် ဥဒ္ဓစ္စသမား စိတ်လွင့်ပါးသော ရဟန်းများ၏ တောင်ဝှေး, ဘိနပ်, နယ်ဆီဗူး, ထီးတို့ကို မေ့ကျန်နေရစ်ရန် တန်ခိုးတော်ဖြင့် စီမံတော်မူလေ၏။

     ထိုဥဒ္ဓစ္စသမား ရဟန်းများသည် မိမိ၏ အသုံးအဆောင်များကို ယူဆောင်ရန် အရှင်ရေဝတ၏ ကျောင်းတိုက်သို့ ပြန်နစ်လာကြသည်ရှိသော် လာခဲ့ရင်းလမ်းဖြင့်ပင် သွားကြပါသော်လည်း ထိုမိမိတို့နေရာဌာနကို မမှတ်မိနိုင်အောင် ရှိကြလေကုန်၏။ မှန်၏- ထိုဥဒ္ဓစ္စသမား ရဟန်းများသည် ရှေးနေ့များက (တန်ခိုးဖြင့် ဖန်ဆင်းအပ်သည့်) တန်းဆာဆင်အပ်သော လမ်းဖြင့် သွားကြရ၍ ထိုပြန်မည့်နေ့၌ကား မညီညွတ်သော (မူလပကတိ)လမ်းဖြင့် သွားကြရလျက် ထိုထိုအရပ်၌ (မောပန်းကာ) အပန်းဖြေ နားနေကြရကုန်၏။ အချို့နေရာ၌ကား ဒူးထောက်၍ သွားကြရကုန်၏၊ ထိုရဟန်းတို့သည် သစ်ပင်ငယ်များ, ချုံပုပ်ပေါင်းများ, ဆူးများကို ပင်ပန်းဆင်းရဲစွာ ကျော်လွှားနင်းနယ် သွားကြရကုန်လျက် မိမိတို့နေခဲ့သောအရပ်နှင့် တူသည့်အရပ်သို့ ရောက်ရှိကြလေသော် ထိုထိုရှားငုတ်တိုများ၌ မိမိတို့၏ ထီးများ, ဘိနပ်များ, နယ်ဆီဗူးများ, တောင်ဝှေးများကို ချိတ်လျက် ထောင်လျက်သား တွေ့မြင်ကြရလေကုန်၏။ ထိုအခါကျမှ ထိုဥဒ္ဓစ္စသမား



၂၆၅

ရဟန်းများသည် “ဤအရှင်ရေဝတ ရဟန်းကား ဣဒ္ဓိရှင် = တန်ခိုးရှင် ရဟန်းပေတည်း”ဟု သိကြ၍ မိမိတို့၏ ပရိက္ခရာများကို ယူဆောင်ခဲ့ကြပြီးလျှင် “ဩ.. မြတ်စွာဘုရားရှင်အတွက် စီမံအပ်သော ပူဇော်သက္ကာရသည် ဤသို့ အံ့ဖွယ်သဘော ရှိစွာ့တကား”ဟု တအံ့တဩ ပြောဆိုကြကာ သာဝတ္ထိပြည်သို့အရောက် သွားရောက်ကြလေကုန်၏။

     ရှေ့မှ သွားနှင့်ကြ၍ သာဝတ္ထိသို့ ရောက်နှင့်ကြသော ရဟန်းတို့ကို ဝိသာခါ ကျောင်းအမကြီးသည် မိမိအိမ်၌ ဆွမ်းစားပင့်ကာ ထိုင်နေကြသောအခါ၌ “အရှင်ဘုရားတို့.. အရှင်ရေဝတ၏ နေထိုင်ရာ ကျောင်းတိုက်သည် နှစ်သက်ဖွယ် ရှိပါ၏လားဘုရား”ဟု မေးမြန်းလေ၏။ ထိုအခါ အလျင်လက်ဦး ရောက်နှင့်ကြသော ထိုရဟန်းတို့သည် “ဒါယိကာမကြီး.. အရှင်ရေဝတ၏ နေထိုင်ရာ ကျောင်းတိုက်သည် နှစ်သက်ဖွယ် ပျော်မွေ့ဖွယ် ရှိလှပါ၏၊ ထိုကျောင်းတိုက်သည် နန္ဒဝန်နတ်ဥယျာဉ် စိတ္တလတာ နတ်ဥယျာဉ်နှင့် တသွင်တည်း တပုံတည်း တူလှပါပေ၏”ဟု ဖြေဆိုကြကုန်၏။ ထို့နောက်မှ ကျောင်းအမကြီးသည် အားလုံးသော ရဟန်းတို့၏နောက်မှ ရောက်လာကြသည့် ဥဒ္ဓစ္စသမား ရဟန်းများကို “အရှင်ကောင်းတို့.. အရှင်ရေ၀တ၏ နေထိုင်ရာ ကျောင်းတိုက်သည် နှစ်သက်ဖွယ် ရှိပါ၏လားဘုရား”ဟု မေးမြန်းပြန်လေ၏။ ထိုအခါ ဥဒ္ဓစ္စသမား ရဟန်းများသည် “မမေးပါနှင့် ဒါယိကာမကြီး..၊ ထိုအရှင်ရေဝတ နေရာအရပ်သည် စကားထဲ၌ပင် ထည့်သွင်းပြောဆိုခြင်းငှါ မသင့်လျော်သောအရပ် ဖြစ်ပါသည်။ ထိုအရှင်ရေဝတ နေရာအရပ်သည် ကျတ်တီးမြေပြင် ဖြစ်သည့်ပြင် ကျောက်စရစ်ခဲများ ကျောက်ပြား ကျောက်တုံးများဖြင့် အလွန်လျှင် မြေမညီသော ရှားတောအရပ်ကြီး ဖြစ်ပါသည်။ ထိုအရပ်၌ အရှင်ရေ၀တသည် ဆင်းရဲစွာ နေရှာပါသည်”ဟု နောက်ဆုံး မိမိတို့ တွေ့ခဲ့သည့်အတိုင်း ဖြေကြား ပြောဆိုကြလေကုန်၏။



၂၆၆

     ဝိသာခါကျောင်းအမကြီးသည် အလျင်လက်ဦး ရောက်လာသောရဟန်း, နောက်ကျ၍ ရောက်လာကြသော ရဟန်းတို့၏ မတူထူးခြား ကွဲပြားသော အဖြေစကားကို ကြားသိရ၍ “အဘယ်ရဟန်းတို့၏ စကားက မှန်မည်နည်း”ဟု ကွဲပြားစွာ သိရှိရန် နေမွန်းလွဲအခါ၌ နံ့သာပန်းကို ယူဆောင်၍ မြတ်စွာဘုရားအား ဆည်းကပ်ရန် သွားရောက် ရှိခိုးပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ထိုင်နေလျက် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. အရှင်ရေ၀တမထေရ်၏ နေရာအရပ်ကို အချို့သော မထေရ်တို့က ချီးမွမ်းကြပါသည်။ အချို့သော မထေရ်တို့က ကဲ့ရဲ့ကြပါသည်၊ ဤသို့ အဖြေစကား နှစ်ထွေပြားရခြင်းသည် အဘယ့်ကြောင့်ပါနည်း မြတ်စွာဘုရား..”ဟု လျှောက်ထား မေးမြန်လေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ဝိသာခါ ကျောင်းအမကြီးကို “ဝိသာခါ.. လောကအခေါ် မွေ့လျော်ဖွယ် အရပ်ပင်ဖြစ်စေ, မမွေ့လျော်ဖွယ် အရပ်ပင်ဖြစ်စေ အကြင် အရပ်၌ အရိယာတို့၏ စိတ်သည် မွေ့လျော်၏၊ ထိုအရိယာတို့ စိတ်မွေ့လျော်ရာ အရပ်သည်သာလျှင် မွေ့လျော်ဖွယ်အရပ် မည်ပေ၏”ဟု မိန့်တော်မူပြီးလျှင်-

“ဂါမေ ဝါ ယဒိ ဝါရညေ၊

နိန္နေ ဝါ ယဒိ ဝါ ထလေ။

ယတ္ထ အရဟန္တော ဝိဟရန္တိ၊

တံ ဘူမိရာမဏေယျကံ။

ဝိသာခေ = ပုဗ္ဗာရုံကျောင်းအမ မိဂါရမာတာ အို ဝိသာခါ..။ ဂါမေ ဝါ = ငါးပါးအာရုံ ကာမဂုဏ်တို့ ဝန်းရုံထူထပ် ရွာအရပ်၌ဖြစ်စေ။ ယဒိ = ထိုသို့မဟုတ်။ အရညေ ဝါ = ကာမဂုဏ်ငါး အာရုံများမှ ဝေးခြားတုံလတ် တောအရပ်၌ဖြစ်စေ။ နိန္နေ ဝါ = စိမ့်စမ်းများဖြင် ရေသွင်သွင်နှင့် သစ်ပင်စိမ်းလန်း ချိုင့်ဝှမ်းရာ အရပ်၌ဖြစ်စေ။ ယဒိ = ထိုသို့မဟုတ်။ ထလေ ဝါ = သစ်ပင်မရှိ မြူအတိလျှင် ပြွမ်းဘိပူလောင် ကုန်းခေါင်ခေါင် အရပ်၌ဖြစ်စေ။ ယတ္ထ = အမှတ်မထင် အကြင်အရပ်၌။



၂၆၇

အရဟန္တော = အာသဝေါကုန်ခန်း ရဟန္တာသခင် အရှင်မြတ်တို့သည်။ ဝိဟရန္တိ = ဣရိယာပထ မျှတရွှင်ပြုံး သီတင်းသုံး နေတော်မူကြကုန်၏။ တံ ဌာနံ = ထိုရဟန္တာသခင် အရှင်မြတ်တို့ သီတင်းသုံးနေထိုင်ရာ အရပ်သည်။ ဘူမိရာမဏေယျကံ = မြေအပြင်ဝယ် မွေ့လျော်ဖွယ်မှန်လှ အရပ်ဌာနပေတည်း” -

ဟူသော ဤဂါထာကို ဟောတော်မူလေ၏။ (ဤစကားရပ်စုကား အင်္ဂုတ္တရအဋ္ဌကထာမှ ဖြစ်သည်)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     မြတ်စွာဘုရားရှင်သည် နောက်တချိန်ဝယ် ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ထူး နှင်းအပ်သောသဘင် ဆင်ယင်ကျင်းပသောအခါ ဤအရှင် ခဒိရဝနိယ-ရေဝတမထေရ်အား-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ အာရညကာနံ ယဒိဒံ ရေ၀တော ခဒိရဝနိယော = ရဟန်းတို့.. တောကျောင်းနေကြသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ရှားတော၌နေသော ရေဝတရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မြွက်ဆိုတော်မူကာ “ အာရညက = တောကျောင်းနေသော အရာ”ဝယ် ဧတဒဂ် ထားတော်မူလေ၏။

(ဤ၌။ ။အခြားတပါးသော မထေရ်တို့သည် တောကျောင်း နေကြသည်ရှိသော် သပ္ပါယဖြစ်လောက်သော တော, သပ္ပါယဖြစ်လောက်သော ရေ, သပ္ပါယဖြစ်လောက်သော ဆွမ်းခံရွာများကို ရွေးချယ် မှတ်သားပြီးမှ တောကျောင်းနေတော်မူကြ၏၊ ဤအရှင် ရေဝတမထေရ်သည်ကား ထိုသပ္ပါယများကို အလေးမထား ဂရုမမူ မရွေးချယ်ပဲ ကျတ်တီးမြေပြင် ကျောက်စရစ် ကျောက်ပြား ကျောက်တုံးများ ပေါများကာ မြေအပြင်လည်း မညီညွတ်သည့် ရှားတော၌ နေတော်မူ၏၊ ထို့ကြောင့် ဤအရှင်မြတ်ကိုသာ “အာရညက = တောကျောင်းနေသော အရာ”ဝယ် ဧတဒဂ်ထားတော်မူသည်ဟု အထူးမှတ်ယူထု၏)။



၂၆၈

     ဤအရှင်ခဒိရဝနိယ-ရေဝတမထေရ်နှင့်စပ်သော တရားတို့ကို အပဒါနပါဠိ အဋ္ဌကထာ, ဓမ္မပဒအဋ္ဌကထာ- စသည်တို့မှ ထုတ်နုတ်မှတ်ယူရာ၏။

ဤကား အရှင်ခဒိရဝနိယရေဝတမထေရ် အကြောင်းတည်း။

**********