ပန္ထကမထေရ် နောင်ညီနှစ်ပါးအကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၁၁-၁၂) ပန္ထကမထေရ် နောင်ညီနှစ်ပါးအကြောင်း

(၁၁-၁၂) ပန္ထကမထေရ် နောင်ညီနှစ်ပါးအကြောင်း

(က) မထေရ်မြတ်တို့၏ ရှေးဆုတောင်း

     လွန်လေပြီးသောအခါ ကမ္ဘာတသိန်းထက်ဝယ် ပဒုမုတ္တရမြတ်စွာဘုရား ပွင့်ထွန်းတော်မူရာ ကာလ၌ ဟံသာဝတီပြည်သား သူကြွယ်ညီနောင် နှစ်ယောက်တို့သည် သဒ္ဓါရွှန်းစို ရတနာသုံးပါး၌ ကြည်ညိုကြကုန်သည်ဖြစ်၍ အမြဲမပြတ် မြတ်စွာဘုရားထံတော်သို့ သွားရောက်ကြ၍ တရားနာကြကုန်၏။ ထိုညီနောင် နှစ်ယောက်တို့တွင် တနေ့သ၌ ညီငယ်သည် မြတ်စွာဘုရားရှင်က အင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော ရဟန်းတော် တပါးကို “ငါဘုရား၏ သာသနာ၌ (၁) စိတ်ဖြင့်ပြီးသော ကိုယ်ကို ဖန်ဆင်းကြသော ရဟန်းတို့တွင်၎င်း, (၂) ရူပါဝစရဈာန်အရာ၌ ကျွမ်းကျင်လိမ္မာကြသော ရဟန်းတို့တွင်၎င်း ဤရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”ဟု ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို မြင်လတ်၍ “ဤရဟန်းသည် အလွန်ကြီးမြတ်စွာ့တကား၊ တပါးတည်းဖြစ်လျက် အင်္ဂါနှစ်ပါးတို့ကို ဖြည့်ကျင့်၍ လှည့်လည်တော်မူ၏။ ငါသည်လည်း နောက်အခါ တဆူဆူသော ဘုရားရှင်၏ သာသနာ၌ အင်္ဂါနှစ်ပါးတို့ကို ဖြည့်ကျင့်သော ရဟန်းဖြစ်လျက် လှည့်လည်မှ သင့်တော့မည်”ဟု ကြံစည်ဆင်ခြင်မိလေ၏။

     ထိုညီငယ်ဖြစ်သော သူကြွယ်သည် ရှေးမထေရ် အလောင်းအလျာတို့နည်းအတူ မြတ်စွာဘုရားကို ပင့်ဖိတ်၍ ခုနစ်ရက်ပတ်လုံး



၂၂၄

ကြီးစွာသော အလှူဒါနကို ပေးလှူပြီးလျှင် “မြတ်စွာဘုရား.. အရှင်ဘုရားတို့သည် ဤယနေ့မှအထက် ခုနစ်ရက်က အကြင် ရဟန်းတော်တပါးကို စိတ်ဖြင့်ပြီးသော ကိုယ်ကို ဖန်ဆင်းနိုင်ခြင်းအင်္ဂါ, ရူပါဝစရဈာန်အရာ၌ ကျွမ်းကျင်လိမ္မာမှုအင်္ဂါ = ဤအင်္ဂါနှစ်ပါးဖြင့် ‘ဤရဟန်းကား ငါဘုရား၏ သာသနာ၌ အသာဆုံး အမြတ်ဆုံး ဖြစ်၏’ဟု ဧတဒဂ်ရာထူး၌ ထားတော်မူခဲ့ကြပါပြီ။ အကျွန်ုပ်သည်လည်း ဤအဓိကာရ ကောင်းမှုကုသိုလ်ကံ အကျိုးအားကြောင့် ထိုရဟန်းကဲ့သို့ပင် အင်္ဂါနှစ်ခန်း ဖြည့်စွမ်းနိုင်သူ ဖြစ်ရပါလို၏”ဟု ဆုတောင်းပတ္ထနာမှုကို ပြုလေ၏။

     မြတ်စွာဘုရားရှင်သည် အနာဂတ်ကို ကြည့်ရှုတော်မူလတ်သော် ထိုသူကြွယ်၏ ဆုတောင်းပတ္ထနာချက် ပြည့်စုံမည်ကို မြင်တော်မူလတ်၍ “နောက်အခါ ကမ္ဘာတသိန်းအဆုံး၌ ဂေါတမမြတ်စွာဘုရား ပွင့်ထွန်းတော်မူလိမ့်မည်။ ထိုမြတ်စွာဘုရားသည် သင့်ကို ဤဧတဒဂ်ရာထူး ဌာနနှစ်ပါး၌ ထားတော်မူလိမ့်မည်”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၍ အနုမောဒနာတရား ဟောတော်မူပြီးလျှင် ဖဲကြွတော်မူလေ၏။ (ဤကား ညီငယ်၏ ဆုတောင်းတည်း)။

     နောင်တော်ဖြစ်သော သူကြွယ်သည်လည်း တနေ့သ၌ မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို “သညာဝိဝဋ္ဋကုသလ = အရူပါဝစရဈာန်အရာ လိမ္မာကျွမ်းကျင်သောအရာ၌” ဧတဒဂ်ရာထူး ထားတော်မူသည်ကို မြင်လတ်၍ ထိုညီငယ်အတူပင် အဓိကာရ ကောင်းမှုကုသိုလ်ကြီးကို ပြုပြီးလျှင် ထို“သညာဝိဝဋကုသလ = အရူပါဝစရဈာန်အရာ လိမ္မာကျွမ်းကျင်မှု” ဧတဒဂ်ရာထူးကို ရပါလိုကြောင်း ဆုတောင်းလေသည်။ မြတ်စွာဘုရားရှင်ကလည်း ထိုနောင်တော်ဖြစ်သော သူကြွယ်ကို ပြည့်စုံလိမ့်မည့်အကြောင်း ဗျာဒိတ်ကြားတော်မူ၏။

     ထိုသူကြွယ်ညီနောင် နှစ်ဦးလုံးတို့သည် မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ် ကုသိုလ်ကောင်းမှုကို ပြုလုပ်ကြ၍



၂၂၅

ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးသောအခါ သာရီရိကစေတီတော်မြတ်၌ ရွှေဖြင့်ပူဇော်မှု ပြုလုပ်ကြပြီးလျှင် ထိုဘဝမှ စုတေကြလေသော် နတ်ပြည်၌ ဖြစ်ကြလေကုန်၏။ ထိုညီနောင်နှစ်ဦးတို့ (အပါယ်လေးပါး မလားမရောက်ကြပဲ) နတ်ပြည် လူ့ပြည်၌ ကျင်လည်ကြစဉ်ပင် ကမ္ဘာတသိန်း လွန်ခဲ့လေသည်။

     (ထိုညီနောင်နှစ်ဦးတို့တွင် နောင်တော် မဟာပန္တက၏ အကြားကာလ ပြုလုပ်အပ်ခဲ့သော ကောင်းမှုကို မဟာအဋ္ဌကထာ၌ အထူးမပြဆိုအပ်)။ ညီငယ်ဖြစ်သူ စူဠပန္ထကသည်ကား ကဿပမြတ်စွာ သာသနာ၌ ရဟန်းပြု၍ အနှစ် (၂၀၀၀၀)နှစ်သောင်းကြာ ကာလတို့ပတ်လုံး ဩဒါတကသိုဏ်း ကမ္မဋ္ဌာန်း စီးဖြန်းခဲ့၍ နတ်ပြည်၌တဖန် ဖြစ်ပြန်လေသည်။ ထို့နောက် အကျွန်ုပ်တို့၏ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက် ဓမ္မစကြာတရား ဟောကြားတော်မူပြီးလျှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်ကြီး၌ ကိန်းအောင်း‌မွေ့လျော် နေတော်မူသောအခါသို့ တိုင်ခဲ့လေ၏။

     (ဤအရာဝယ် အကြားညှပ်၍ ပန္ထကညီနောင်တို့ ဖြစ်ပွါးကြပုံကို ပြဆိုဦးအံ့)- ရာဇဂြိုဟ်ပြည်ဝယ် ဓနသေဋ္ဌိသူဌေးကြီး၏ သမီးသည် မိမိ၏ကျွန်နှင့် မေတ္တာရည်ငံ ရှိကြ၍ “ငါ၏ ဤအမှုကို အခြားသူများလည်း သိကုန်ကြလိမ့်မည်”ဟု ကြံစည်ပြီးလျှင် မိမိ၏ အရှင်လင် ကျွန်ယောက်ျားကို “ငါတို့သည် ဤအရပ်၌ မနေနိုင် ကြရကုန်၊ ငါမိဖများ ဤအပြစ်ကို အကယ်၍ သိသွားကြလျှင် ငါ့ကို အပိုင်းပိုင်း ခုတ်ဖြတ် သတ်ကြလိမ့်မည်။ အရပ်တပါးသို့ သွားရောက် နေထိုင်ကြကုန်အံ့”ဟု တိုင်ပင်ညီညွတ်ကြ၍ လက်ဆောင်ဥစ္စာနှစ်များကို တိတ်တဆိတ် ယူဆောင်ခဲ့ပြီးလျှင် ရှေးဦးဖွင့်သောတံခါးမှ ထွက်ခဲ့ပြီးနောက်“ဟုတ်ဟုတ်ငြားငြား သူတပါးတို့ ငါတို့ကို မသိရာအရပ်သို့ သွားရောက် နေထိုင်ကြကုန်စို့”ဟု တိုင်ပင်၍ နှစ်ဦးလုံးပင် သွားကြလေကုန်၏။

     ထိုသူနှစ်ယောက်တို့ မထင်မရှား အရပ်တပါး၌ နေထိုင်ကြစဉ် ဆက်ဆံပေါင်းသင်းမှုကို အစွဲပြု၍ သူဌေးသမီး၏ ဝမ်းတိုက်၌



၂၂၆

ကိုယ်ဝန်တည်ရှိလေ၏။ သူဌေးသမီးသည် ကိုယ်ဝန်ရင့်ကျက်ချိန်သို့ ရောက်လတ်သော် “အရှင်.. ကျွန်တော်မ၏ ကိုယ်ဝန်သည် ရင့်ကျက်လေပြီ၊ ဆွေမျိုးမိတ်သင်္ဂဟ-စသည် ကင်းကွာရာအရပ်၌ ကိုယ်ဝန်သားကို မွေးဖွားရခြင်းသည် ငါတို့နှစ်ယောက်လုံးအဖို့ ဆင်းရဲလှစွာ၏။ မိဖအိမ်သို့သာလျှင် ပြန်ကြပါစို့”ဟု လင်ဖြစ်သူကို တိုင်ပင်စကား ပြောကြားလေ၏။ လင်ဖြစ်သူသည် “ယနေ့ သွားကြကုန်အံ့, နက်ဖြန် သွားကြကုန်အံ့”ဟု နှစ်သိမ့်စကား ပြောကြားကာ နေ့ရက်တို့ကို ကုန်လွန်စေခဲ့လေသည်။ ထိုအခါ သူဌေးသမီးသည် “ဤလူမိုက်ကား မိမိ၏အပြစ်က ကြီးလှသောကြောင့် မသွားဝံ့ပဲ ရှိချေ၏။ မိဖတို့မည်သည် သားသမီးအပေါ်၌ ဧကန်ပင် စီးပွါးချမ်းသာကို လိုလားကြမြဲဓမ္မတာ ဖြစ်သည်၊ ဤလူမိုက်သည် လိုက်လိုလျှင်လည်း လိုက်စေ၊ မလိုက်လိုလျှင်လည်း နေစေ၊ ငါသွားမှ သင့်တော့မည်”ဟု ကြံစည်ပြီးလျှင် ထိုယောက်ျား အိမ်ပြင်သို့ ထွက်သွားသောအခါ သူဌေးသမီးသည် အိမ်ရှိ ပရိဘောဂများကို သိမ်းဆည်းသိုမှီးပြီးလျှင် မိမိ မိဖအိမ်သို့ သွားရောက်ကြောင်း ပြောကြားရန် အခြားမဲ့အိမ်၌နေသော သူတို့အား မှာထားခဲ့၍ တယောက်ထီးတည်း ခရီးထွက်ခဲ့လေ၏။

     ထို့နောက် ထိုယောက်ျား အိမ်သို့ ပြန်လာသောအခါ သူဌေးသမီးကို မတွေ့ရ၍ အိမ်နီးချင်းတို့ကို မေးလတ်သည်တွင် “မိဖအိမ်သို့ ပြန်သွားသည်”ဟူသော သတင်းစကားကို ကြားသိရ၍ လျင်မြန်စွာ လိုက်လေသော် လမ်းခရီးအကြား၌ သူဌေးသမီးကို မှီတွေ့လေ၏။ ထိုသူဌေးသမီးမှာလည်း ထိုတွေ့ရာနေရာ၌ပင် ကိုယ်ဝန်ကို ဖွားသန့်ခြင်းကိစ္စ ဖြစ်လေတော့၏။ ယောက်ျားက “ရှင်မ.. ဤဝတ္ထုကား အဘယ်နည်း”ဟု မေးလတ်သော် “အရှင်.. သားတယောက်တော့ဖြင့် ဖွားမြောက်ခဲ့လေပြီ”ဟု သူဌေးသမီးက ပြန်ကြား ပြောဆိုလေ၏။ “ယခုအခါ အဘယ်သို့ ပြုလုပ်ကြမည်နည်း”ဟု တိုင်ပင်ကြသောအခါ “ငါတို့သည် သားဖွားရန် ကိစ္စအတွက် မိဖအိမ်သို့ သွားကြရမည် ဖြစ်သည်။ ယခုမူ ထိုသားဖွားခြင်းအမှုကိစ္စကား လမ်းခရီးအကြားမှာပင်



၂၂၇

ပြီးမြောက်ခဲ့လေပြီ၊ မိဖအိမ်သို့ သွားရောက်၍ အဘယ်အမှု ပြုကုန်အံ့နည်း (အကျိုးမရှိတော့ပြီ)၊ ပြန်ကြကုန်စို့”ဟု နှစ်ဦးလုံးပင် စိတ်တူကြကာ ထိုအရပ်မှပင် ပြန်ခဲ့ကြလေ၏။ ထိုသူငယ်၏ အမည်ကို (လမ်း၌ မွေးဖွားသောကြောင့်) “ပန္ထက = မောင်လမ်း”ဟု အမည်မှည့်ကြလေ၏။

     ထိုသူဌေးသမီး၏ကိုယ်ဝယ် မကြာမီပင် အခြားကိုယ်ဝန်သား တည်ပြန်လေ၏။ ထိုဒုတိယကိုယ်ဝန်သား ရင့်ကျက်သောအခါမှာလည်း ရှေးနည်းအတူပင် မိဖအိမ်သို့အသွား လမ်းခရီးအကြား၌ မွေးဖွားလေသောကြောင့် ပဌမဖွားသော သားအကြီး၏ အမည်ကို “မဟာပန္ထက = မောင်လမ်းကြီး”ဟု မှည့်ခေါ်၍ နောက်မှဖွားသော သားငယ်၏ အမည်ကို “စူဠပန္ထက = မောင်လမ်းငယ်”ဟု အမည် မှည့်ခေါ်ကြ လေ၏။

     ဇနီးမောင်နှံ နှစ်ဦးလုံးပင် သားတို့ကို ကိုယ်စီ ပွေ့ချီကြ၍ မိမိတို့ နေရာအရပ်သို့ပင် ပြန်ခဲ့ကြလေကုန်၏။ ထိုသူတို့ ထိုအရပ်၌ နေကြကုန်စဉ်ပင် သားအကြီး မဟာပန္ထက-သူငယ်သည် အခြား ကလေးသူငယ်များက “ဖထွေး, ဖကြီး, ဖိုးဖိုး, ဖွားဖွား”-စသည် ပြောဆိုကြသည်ကို ကြားရ၍ မိမိ၏ မိခင်ကို “အို မိခင်.. အခြားကလေးများသည် ‘ဖိုးဖိုး, ဖွားဖွား’-စသည် ပြောဆိုကြပါသည်၊ ကျွန်တော်တို့၏ ဆွေမျိုးများကား မရှိကြ ဘူးလော”ဟု မေးလေ၏။ မိခင် သူဌေးသမီးက “အိမ်း.. ဟုတ်တယ်ချစ်သား..။ ဤအရပ်မှာ သား၏ ဆွေမျိုးများ မရှိကြဘူး၊ ရာဇဂြိုဟ်ပြည်မှာ မဟာဓနသူဌေးကြီးသည် သားတို့၏ အဖိုးဖြစ်သည်။ ထိုရာဇဂြိုဟ်ပြည်မှာ သားတို့၏ ဆွေမျိုးတို့ကား များလှစွာကုန်၏”ဟု ပြောကြားလေလျှင် မဟာပန္ထကသည် “ အို မိခင်.. အဘယ့်ကြောင့် ထိုရာဇဂြိုဟ်ပြည်သို့ မိခင်တို့ မသွားကြသနည်း”ဟု မေးလေ၏။

     မိခင် သူဌေးသမီးသည် မိမိ၏ ရာဇဂြိုဟ်ပြည်သို့ မသွားရောက်ခြင်း အကြောင်းကို သားဖြစ်သူအား အဖြေမပေးပဲ သားများက အဖန်ဖန်အထပ်ထပ် မေးမြန်း ပြောဆိုကြလတ်သော်



၂၂၈

လင်ယောက်ျားဖြစ်သူကို “အိုအရှင်.. ဤသားငယ်တို့သည် အလွန်ပင် ကျွန်တော်မကို စိတ်ပင်ပန်းစေကြပါကုန်သည်၊ မိဖများသည် ကျွန်တော်မတို့ကို တွေ့မြင်ကြလျှင် အသားကိုဖဲ့၍ စားကြမည်မဟုတ်ပါ။ သွားကြပါစို့ ကလေးများကို အဖိုးအဖွားအိမ်ကို ပြကြကြပါကုန်စို့”ဟု တိုင်ပင်စကား ပြောကြားလေ၏။ လင်ယောက်ျားဖြစ်သူက “အို ရှင်မ.. ငါသည် သင်၏မိဖများ မျက်မှောက်သို့ မသွားရောက်ဝံ့ပါ။ သို့သော်လည်း သင့်ကို မရောက်ရောက်အောင် ပို့ဆောင်ပါမည်”ဟု ပြောကြားလေလျှင် သူဌေးသမီးသည် “ကောင်းပါပြီ အရှင်.. တနည်းနည်းဖြင့် ကလေးများအား အဖိုးအဖွား၏အိမ်ကိုပြရန် သင့်ပါသည်”ဟု ပြောဆိုကာ ဇနီး မောင်နှံ နှစ်ဦးလုံးတို့ပင် သားငယ်တို့ကို ခေါ်ဆောင်၍ သွားကြလေရာ အစဉ်သဖြင့် ရာဇဂြိုဟ်ပြည်သို့ ရောက်ကြ၍ မြို့တံခါးဝ တခုသောစရပ်၌ တည်းခိုနေထိုင်ကြပြီးသော် ကလေးတို့မိခင်သည် သားငယ်နှစ်ယောက်တို့ကို ခေါ်ဆောင်၍ မိမိတို့ ရောက်လာကြောင်း မိဖတို့အား အသိပေး ပြောကြားစေလေ၏။

     မိဖနှစ်ပါးတို့သည် ထိုသတင်းစကားကို ကြားသိကြရလေလျှင် “သံသရာ၌ ကျင်လည်ကြသောသူတို့ အဖို့ရာ သားမဖြစ်ဘူးသောသူ, သမီးမဖြစ်ဘူးသောသူမည်သည် မရှိ၊ ထိုသူနှစ်ဦးတို့ကား ငါတို့အပေါ် အလွန်ကြီးမားသည့် အပြစ်ကို လွန်ကျူးသူများ ဖြစ်ကြသည်။ ထိုသူနှစ်ဦးလုံးပင် ငါတို့မျက်မှောက်၌ ရပ်တည်ခြင်းငှါ မစွမ်းနိုင်ကြ မထိုက်တန်ကြပေ၊ သို့သော် ဤမျှသော ဥစ္စာကိုယူ၍ နှစ်ဦးလုံးပင် ချမ်းသာရာအရပ်သို့ သွားရောက်ကြကာ အသက်ရှင်ကြပါစေ၊ ကလေးနှစ်ယောက်တို့ကိုမူ ဤငါတို့အိမ်သို့ ပို့လိုက်ကြကုန်စေ”ဟု တမန်လွှတ်၍ ပြန်ကြား ပြောဆိုစေကြကုန်၏။ သူဌေးသမီးသည် မိဖတို့ကပေးလိုက်သော ဥစ္စာကိုယူ၍ သားငယ်နှစ်ယောက်တို့ကို တမန်တို့၏လက်၌ပင် ပေးအပ်၍ အဖိုးအဖွားထံသို့ ပို့စေလေ၏။ မဟာပန္ထက, စူဠပန္ထက = ကလေးသူငယ် နောင်ညီနှစ်ယောက်တို့သည် အဖိုးအဖွားအိမ်၌ ချမ်းသာစွာ ကြီးပြင်းကြရလေကုန်၏။



၂၂၉

(ခ) နောက်ဆုံးဘဝ ရဟန်းပြုကြခြင်း

     နောင်ညီနှစ်ယောက်တို့တွင် စူဠပန္ထကကား အလွန်နုနယ် အသက်ငယ်ရှာသေး၏၊ မဟာပန္ထကကား အဖိုး = ဓနသေဋ္ဌိသူဌေးကြီးနှင့် အတူတကွ မြတ်စွာဘုရား၏ တရားစကား ကြားနာဖို့ရန် အမြဲလိုက်ပါခဲ့၏။ ထိုမဟာပန္ထကသူငယ်၏ အဖို့ရာ အမြဲမပြတ် မြတ်စွာဘုရားရှင် မျက်မှောက်တော်၌ တရားတော်ကို ကြားနာရသောကြောင့် ရှင်ရဟန်းပြုရန် စိတ်ညွတ်လေ၏။ သို့ရကား မဟာပန္ထကသည် အဖိုး = ဓနသေဋ္ဌိ သူဌေးကြီးကို “ဖိုးဖိုး.. အကယ်၍ ဖိုးဖိုးတို့က ခွင့်ပြုကြပါလျှင် ကျွန်တော်သည် ရှင်ရဟန်းပြုပါရစေ”ဟု ခွင့်ပန်စကား ပြောကြားလေ၏။ အဖိုးဖြစ်သူ ဓနသေဋ္ဌိသူဌေးကြီးသည် “ဘယ့်နှယ်ပြောပါလိမ့် ချစ်မြေး.. အဖိုး၏အဖို့ရာ လောကကြီးတခုလုံး ရှင်ရဟန်းပြုခြင်းထက် ငါ့မြေး၏ ရှင်ရဟန်းပြုခြင်းကသာ အကောင်းမြတ်ဆုံး ဖြစ်ပေသည်။ အကယ်၍ စွမ်းနိုင်ပါလျှင် ရှင်ရဟန်း ပြုသာပြုပါ ငါ့မြေး..”ဟု ဝမ်းမြောက်စွာ ပြောကြား၍ မဟာပန္ထက၏ ခွင့်ပန်ချက်ကို လက်ခံပြီးလျှင် မဟာပန္ထကသူငယ်ကိုခေါ်၍ မြတ်စွာဘုရားရှင် ထံတော်သို့ သွားရောက်လေ၏။ မြတ်စွာဘုရားရှင်က “သူဌေးကြီး.. အသို့နည်း = ဘယ့်နှယ်လဲ သင်သည် ကလေးကို ရအပ်သလော”ဟု မေးတော်မူလေလျှင် ဓနသေဋ္ဌိ သူဌေးကြီးသည် “မှန်ပါသည် မြတ်စွာဘုရား.. ဤသူငယ်ကား တပည့်တော်၏ မြေးအကြီး ဖြစ်ပါသည်၊ ဤသူငယ်က အရှင်ဘုရားတို့၏ အထံတော်၌ ရှင်ရဟန်းပြုပါရစေဟု ပြောကြားနေပါသည်ဘုရား”ဟု လျှောက်ထားလေ၏။

     မြတ်စွာဘုရားသည် အနီးရှိ ဆွမ်းခံရဟန်းတပါးကို “ဤသူငယ်ကို ရှင်ပြုပေးလိုက်လော့”ဟု အမိန့်ပေးတော်မူလေ၏။ ပိဏ္ဍစာရိကမထေရ်သည် သူငယ်အား တစပဉ္စကကမ္မဋ္ဌာန်းကို ပြောပြပြီးလျှင် ရှင်ပြုပေးလေ၏။ မဟာပန္ထက သာမဏေသည် ရှင်ဖြစ်သည်မှစ၍ များစွာသော ဘုရားစကား = ပိဋကတ်တော်များကို သင်ကြား၍ အသက်နှစ်ဆယ် ပြည့်သောအခါ



၂၃၀

ရဟန်းပဉ္စင်းအဖြစ်ကို ရယူလေ၏။ ရဟန်းဖြစ်ပြီးလတ်သော် ကမ္မဋ္ဌာန်းတရား ပွါးများကြိုးကုတ် အားထုတ်သည်ဖြစ်၍ အရူပါဝစရဈာန် လေးပါးတို့ကို လေ့လာရရှိ နိုင်နင်းသူ ဖြစ်ပြီးလျှင် ဈာန်မှထ၍ ဝိပဿနာတရား ပွးများကြိုးကုတ် အားထုတ်တော်မူလေရာ အရဟတ္တဖိုလ်တိုင်မြောက် ရောက်ရှိတော်မူလေ၏။ ဤသို့လျှင် အရှင်မဟာပန္ထက ရဟန္တာအရှင်မြတ်သည် အရူပါဝစရဈာန်အရာဝယ် လွန်စွာ ကျွမ်းကျင်လိမ္မာကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး ဖြစ်တော်မူလေ၏။

ညီငယ်ကို ရှင်ပြုပေးခြင်း

     မဟာပန္ထက မထေရ်သည် ဈာန်ချမ်းသာ, ဖိုလ်ချမ်းသာတို့ဖြင့် အခါကို လွန်စေတော်မူလျက် တနေ့သ၌ “ဤဈာန်ချမ်းသာ ဖိုလ်ချမ်းသာကို ငါ့ညီ စူဠပန္ထအား ပေးခြင်းငှါ စွမ်းနိုင်မည်လော”ဟု ကြံစည်ပြီးလျှင် အဖိုးသူဌေးကြီးထံ သွားရောက်၍ “ဒါယကာ သူဌေးကြီး.. အကယ်၍ သင်တို့က သဘောတူ လက်ခံကြမည်ဆိုပါလျှင် ငါသည် စူဠပန္ထကကို ရှင်ပြုပေးလိုပါ၏”ဟု ခွင့်ပန်စကား မိန့်ကြားလေ၏။ အဖိုးသူဌေးကြီးက “အလိုတော်ရှိသည့်အတိုင်း ရှင်ပြုပေးတော်မူကြပါ အရှင်ဘုရားတို့..”ဟု ကျေနပ်စွာ ခွင့်ပြုစကား ပြောကြားလတ်သော် မဟာပန္ထက မထေရ်သည် စူဠပန္ထကသူငယ်ကို ရှင်ပြုပေး၍ ဆယ်ပါးသီလတို့၌ တည်စေလေ၏။

     စူဠပန္ထကသာမဏေသည် နောင်တော် မဟာပန္ထက မထေရ်၏ အထံ၌-

ပဒုမံ ယထာ ကောကနဒံ သုဂန္ဓံ၊

ပါတော သိယာ ဖုလ္လ-မဝီတဂန္ဓံ။

အင်္ဂီရသံ ပဿ ဝိရောစမာနံ၊

တပန္တ-မာဒိစ္စ-မိ၀န္တလိက္ခေ။

ကောကနဒံ = ရွက်ဖတ်များထ အဆင်းလှ၍ ကောကနဒ အမည်ရသော။ သုဂန္ဓံ = ရနံ့ကောင်းကြိုင် လှိုင်ပေထသော။



၂၃၁

ပဒုမံ = ပဒုမာကြာသည်။ ပါတော = နေအရုဏ်စက် တက်လတ်ဦးစွာ နံနက်အခါ၌။ ဖုလ္လံ = ပွင့်သည်ဖြစ်၍။ အဝီတဂန္ဓံ = ရနံ့ကောင်းသင်း မကင်းသည်ဖြစ်၍။ ဝိရောစမာနံ = ရှုချင်စဖွယ် တင့်တယ်လှပသည်။ သိယာ ယထာ = ဖြစ်လေသကဲ့သို့။ (တထာ = ထို့အတူ)။ သုဂန္ဓံ = ကိုယ်တော်ရနံ့ ဂုဏ်ရနံ့ဖြင့် သင်းပြန့်မွှေးကြိုင် လှိုင်တော်မူထသော။ အန္တလိက္ခေ = အဇဋာပြင် မိုးကောင်းကင်၌။ အာဒိစ္စမိဝ = သရဒအခါ တက်လာပေါ်ထွန်း နေစက်ဝန်းကဲ့သို့။ တပန္တံ = ကိုယ်တော်၏ တန်ခိုးရှိန်ဖြင့် တထိန်ထိန် တောက်ပတော်မူထသော။ ဝိရောစမာနံ = ဖူးတိုင်းသပ္ပါယ် တင့်တယ်စွာထသော။ အင်္ဂီရသံ = ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့်ထွက်သော ရောင်ခြည်ရှိတော်မူသော မြတ်စွာဘုရားကို။ ပဿ = ပဿာဟိ = အာရုံထင်ထင် သဒ္ဓါဇောသက်ဝင်၍ ဖူးမြင်လိုက်စမ်းပါတော့လော -

ဤဂါထာကို သင်ယူလေသည်။ သင်ပြီးတိုင်း သင်ပြီးတိုင်းသော စာပိုဒ်များသည် အထက် အထက် စာပိုဒ်များကို သင်ယူလတ်သည်ရှိသော် ပျောက်ခြင်းမလှ ပျောက်၍ ပျောက်၍ သွားလေ၏။ ထိုစူဠပန္ထက သာမဏေ၏ အဖို့ရာ ဤဂါထာကို သင်ယူရန် အားထုတ်စဉ်ပင် လေးလတို့လွန်၍ သွားကုန်၏ (လေးလကြာသော်လည်း ဤဂါထာကို နှုတ်တက်မရနိုင်ဟု ဆိုလိုသည်။)

(စူဠပန္ထကသည် ကဿပမြတ်စွာ လက်ထက်တော်အခါက ရဟန်းပြု၍ ပညာရှိ ပုဂ္ဂိုလ်တပါး ဖြစ်ပြီးလျှင် အခြား ဉာဏ်နုံ့နှေး လေးကန်သည့် ရဟန်းတပါး ပါဠိသင်ယူသောအခါ ပြက်ရယ်ပြောင်လှောင်မှု ပြုခဲ့လေသည်။ ထိုဉာဏ်နုံ့သော ရဟန်းသည် ထိုပြက်ရယ် ပြောင်လှောင်မှုကြောင့် ရှက်နိုးလှရကား ပါဠိကိုလည်း မသင်ဝံ့တော့ချေ။ စာအံမှုကိုလည်း မပြုဝံ့တော့ချေ။ ထိုမကောင်းမှု အကုသိုလ်ကံကြောင့် ယခု စူဠပန္ထကဘဝဝယ် ရှင်သာမဏေ ပြုပြီးလျှင်ပင် ထိတ်လန့်ဖွယ်ရာ ဉာဏ်ပညာ နုံ့နှေးထိုင်းမှိုင်း၍ သွားလေ၏။ ထို့ကြောင့် သင်ပြီးတိုင်း သင်ပြီးတိုင်းသော စာပိုဒ်များသည် အထက် အထက် စာပိုဒ်များကို



၂၃၂

သင်ယူလတ်သည်ရှိသော် ပျောက်ခြင်းမလှ ပျောက်၍ မေ့၍ သွားကြလေ၏။ ။အင်္ဂုတ္တရဋီကာမှ)။

     ထိုအခါ စူဠပန္ထက သာမဏေကို နောင်တော် မဟာပန္ထကမထေရ်သည် “စူဠပန္ထက.. သင်သည် ဤသာသနာတော်၌ မဂ်ဖိုလ်ကို မရထိုက်သူ = အဘဗ္ဗပုဂ္ဂိုလ် ဖြစ်ချေ၏၊ သင်ကား လေးလတို့ဖြင့် တဂါထာကိုမျှ ရအောင်မသင်ယူနိုင်၊ ထိုသို့ ဂါထာတပုဒ်ကိုမျှ လေးလဖြင့် ရအောင်မသင်ယူနိုင်သော သင်သည် ရဟန်းကိစ္စကိုကား အဘယ်မှာလျှင် အထွတ်အထိပ် (=အရဟတ္တဖိုလ်)ပေါက် ရောက်စေနိုင်လိမ့်မည်နည်း = မရောက်စေနိုင်မည်သာ ဖြစ်၏၊ သို့ရကား သင်သည် ဤကျောင်းမှ ထွက်သွားလော့”ဟု နှင်ထုတ်လေ၏။ ထိုသို့ နောင်တော်မထေရ်က နှင်ထုတ်အပ်ရကား စူဠပန္ထကသာမဏေသည် ကျောင်းပေါ်၌ မနေဝံ့တော့ပဲ ကျောင်းအစွန်အဖျား (နောင်တော်မထေရ် မမြင်နိုင်မည့်နေရာ)၌ ငိုကြွေးလျက် ရပ်တည်နေလေ၏။

     ထိုအချိန်၌ မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်ပြည်ကို အမှီဂေါစရဂါမ်ပြု၍ ဆရာဇီဝက လှူဒါန်း ဆောက်လုပ်အပ်သည့် သရက်ဥယျာဉ် ကျောင်းတိုက်တော်၌ သီတင်းသုံး နေထိုင်တော်မူဆဲ ဖြစ်၏။ ထိုအခါ ဆရာဇီဝကသည် ယောက်ျားတယောက်ကို “ရဟန်းငါးရာတို့နှင့် အတူတကွ မြတ်စွာဘုရားကို နက်ဖြန် ဆွမ်းစားကြွရန် သွားရောက် ပင့်လျှောက်ချေ”ဟု စေလွှတ်လိုက်၏။ ထိုအချိန်၌ မဟာပန္ထကမထေရ်သည် ဘတ္တုဒ္ဒေသက= ဆွမ်းညွှန်းသမ္မုတိ ရယူထားသူ ဖြစ်လေ၏။ သို့ရကား ဆွမ်းစားအပင့်လာသော ဒါယကာက အရှင်မဟာပန္ထကမထေရ်ကို “အရှင်ဘုရား.. ရဟန်းငါးရာတို့အတွက် ဆွမ်းကို လက်ခံတော်မူပါဘုရား”ဟု လျှောက်ထားအပ်လေသော် မဟာပန္ထကမထေရ်သည် “စူဠပန္ထကကိုထား၍ ကြွင်းကျန်သော ရဟန်းတို့အတွက် ဆွမ်းကို လက်ခံ၏”ဟု (စူဠပန္ထကကို ပစ်ပယ်စကား) မိန့်ကြားလေ၏။



၂၃၃

မြတ်စွာဘုရားက ကမ္မဋ္ဌာန်းပေးတော်မူခြင်း

     စူဠပန္ထကသည် ထိုစကားကို ကြားရလျှင် အတိုင်းထက်အလွန် နှလုံးမသာမယာ ဖြစ်ရှာလေ၏။ မြတ်စွာဘုရားသည် စူဠပန္ထက၏ ပင်ပန်းနေပုံကို မြင်တော်မူ၍ “စူဠပန္ထကသည် ငါဘုရား ကြွသွားလျှင် သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်လိမ့်မည်”ဟု ဆင်ခြင်တော်မူ၍ ကြွရောက်ပြီးလျှင် မနီးမဝေးသောအရပ်၌ ကိုယ်တော်ကို ထင်စွာပြလျက် “ချစ်သားပန္ထက.. သင်ချစ်သားသည် အဘယ့်ကြောင့် ငိုကြွေးနေသနည်း”ဟု မေးတော်မူလေ၏။ စူဠပန္ထက-က “မြတ်စွာဘုရား.. နောင်တော်မထေရ်က တပည့်တော်ကို ကျောင်းမှ နှင်ထုတ်ပါသည်ဘုရား”ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “ချစ်သားပန္ထက.. သင်၏နောင်တော်မှာ သတ္တဝါတို့၏ အာသယဓာတ် အနုသယဓာတ်ကို သိသော = အာသယာနုသယဉာဏ် မရှိချေ၊ သင်ချစ်သားကား ငါဘုရား ချေချွတ်ဆုံးမရမည့် = ဗုဒ္ဓဝေနေယျပုဂ္ဂိုလ် ဖြစ်လေသည်”ဟု အားပေးစကား မိန့်ကြားတော်မူပြီးလျှင် “ချစ်သားပန္ထက.. သင်ချစ်သားသည် ဤအ၀တ်ကို လက်ဖြင့် ဆုပ်ကိုင်၍ ‘ရဇောဟရဏံ ရဇောဟရဏံ = ဤအဝတ်ကား မြူကို ဆောင်တတ်စွာ့၊ ဤအဝတ်ကား မြူကို ဆောင်တတ်စွာ့’ဟု တတွတ်တွတ်ရွတ်ဆိုကာ ဘာဝနာတရား ပွါးများအားထုတ်လော့”ဟု မိန့်တော်မူ၍ တန်ခိုးတော်ဖြင့် ဖန်ဆင်းပြီးလျှင် စင်ကြယ်သော ပုဆိုးကြမ်း = အဝတ်စတခုကို ပေးတော်မူလေ၏။

(ဤ၌။ ။စူဠပန္ထကသည် ရှေး တခုသောဘဝက မင်းဖြစ်၍ မြို့ကို လက်ျာရစ် လှည့်လည်ကြည့်ရှုသည်တွင် နဖူးမှ ချွေးယိုထွက်သဖြင့် စင်ကြယ်သော ပုဆိုးစဖြင့် နဖူးကို သုတ်လေ၏။ ပုဆိုးစသည် ညစ်နွမ်း၍ သွားလေ၏။ ထို(စူဠပန္ထကအလောင်း) မင်းသည် “ဤညစ်နွမ်းသောကိုယ်ကို အမှီပြု၍ ဤသို့သဘောရှိသည့် စင်ကြယ်သော ပုဆိုးစသည် ပကတိသဘောကို စွန့်၍ ညမ်နွမ်းရလေပြီ၊ သင်္ခါရတရားတို့သည် မမြဲ ကုန်စွာ့တကား”ဟု အနိစ္စသညာကို ရခဲ့ဘူးလေသည်။ ထို့ကြောင့် ဤစူဠပန္ထက၏အဖို့ရာ “ရဇောဟရဏကမ္မဋ္ဌာန်း = မြူကိုဆောင်တတ်သည့် အဝတ်ကမ္မဋ္ဌာန်းသည်သာလျှင်” အရဟတ္တဖိုလ်ရကြောင်း



၂၃၄

အားကောင်းသော ဥပနိဿယည်း ပစ္စည်းဖြစ်လေသည်၊ ထို့ကြောင့် မြတ်စွာဘုရားသည် စူဠပန္ထက၏ ဖော်ပြရာပါ ရှေးအကြောင်း ကောင်းမှုကို မြင်တော်မူ၍ ထိုကောင်းမှုအား လျောက်ပတ်သော ကမ္မဋ္ဌာန်း၌ တိုက်တွန်းတော်မူလိုသည်ဖြစ်၍ စင်ကြယ်သော ပုဆိုးကြမ်း အဝတ်စကို ပေးတော်မူ၏)။

အရှင်စူဠပန္ထက ရဟန္တာဖြစ်ခြင်း

     စူဠပန္ထကသည် မြတ်စွာဘုရားရှင် ပေးအပ်သည့် ပုဆိုးအဝတ်စကို “ရဇောဟရဏံ ရဇောဟရဏံ = မြူကို ဆောင်တတ်စွာ့တကား၊ မြူကို ဆောင်တတ်စွာ့တကား”ဟု တတွတ်တွတ် ရွတ်ဆိုလျက် လက်ဖြင့် ဆုပ်နယ်ကာ ထိုင်နေလေ၏။ ယင်းသို့ ဆုပ်နယ်ဖန် များလတ်သော် ထိုပုဆိုးကြမ်း အဝတ်စ၏ ချည်မျှင်များသည် ညစ်နွမ်း၍လာကုန်၏။ တဖန်ထပ်၍ သုံးသပ် ဆုပ်နယ်ပြန်သော် လက်နှီးအဝတ်သဖွယ် တိုး၍ ညစ်နွမ်းလေ၏။ စူဠပန္ထကသည် ဉာဏ်ရင့်ကျက်ချိန်သို့ရောက်၍ ထိုပုဆိုးကြမ်း၌ ခယဝယ = ကုန်ခန်းခြင်း ပျက်စီးခြင်း သဘောကို စိတ်ဝယ် ထင်မြင်စေပြီးနောက် တဖန် ဆက်၍ “ဤပုဆိုးကြမ်း အဝတ်စသည် ပကတိ ပင်ကိုယ်အားဖြင့် ဖြူစင်သန့်ရှင်းသော အဝတ်ဖြစ်၏။ သို့သော် ဤဥပါဒိန္နက = ငါ၏ခန္ဓာကိုယ်ကို အမှီအကြောင်းပြု၍ ညစ်နွမ်းရလေသည်။ ဤစိတ်တရားသည်လည်း ဤအဝတ်နှင့်တူသော အလား = ဖြစ်ခြင်း ရှိစွာ့တကား = ဘဝင်စိတ်အနေ ပင်ကိုယ်ပကတိအားဖြင့် ဖြူစင်သန့်ရှင်းသော ဤစိတ်သည်လည်း ရာဂ, ဒေါသ, မောဟ-စသော ယှဉ်ဖက် အကုသိုလ်တရားတို့နှင့် ဆက်စပ်သောကြောင့် ညစ်နွမ်းသော သဘောရှိစွာ့တကား”ဟု မိမိ၏ ခန္ဓာကိုယ်အတွင်း နှလုံးသွင်း ကြံစည်ဆင်ခြင်၍ သမာဓိဘာဝနာအလုပ်ကို အားထုတ်လေရာ ရူပါဝစရဈာန် လေးပါးတို့ကိုရရှိ ထိုဈာန်တို့ကို အခြေပါဒက ပြုလုပ်၍ ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းလတ်သော် ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ၏ = ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်လေ၏။ အရှင် စူဠပန္ထကသည် မနောမယ ရူပါဝစရဈာန်ကို လှလှကြီး ပိုင်ပိုင်နိုင်နိုင် ရရှိသူဖြစ်၍



၂၃၅

တပါးတည်းက အများဖြစ်အောင်, အများကြီးက တပါးတည်းဖြစ်အောင်- ဤသို့စသည် ဖန်ဆင်းနိုင်သော ဣဒ္ဓိရှင် ဖြစ်တော်မူသည့်ပြင် ထိုအရှင်မြတ်၏အဖို့ရာ အရဟတ္တမဂ်ဖြင့်ပင် ပိဋကတ်တော်သုံးပုံလည်း တတ်ပြီး သင်ပြီး, အဘိညာဏ် ခြောက်ပါးတို့လည်း ရပြီးသား ဖြစ်လေတော့၏။ (ဤအရာမျိုးကို မဂ္ဂသိဒ္ဓပရိယတ္တိ, မဂ္ဂသိဒ္ဓအဘိညာဏ်ဟု ခေါ်၏။ ပရိယတ်ကို အထူးမသင်ရပဲ အဘိညာဏ်အတွက် အထူးအားမထုတ်ရပဲ အရဟတ္တမဂ်ကို ရလိုက်လျှင်ပင် ပိဋကတ်လည်း သင်ပြီး တတ်ပြီး, အဘိညာဏ်တို့ကိုလည်း ရပြီးသား ဖြစ်လေသည်၊ မဂ်၏တန်ခိုးကြောင့် ပြီးသည့် ပရိယတ်, အဘိညာဏ်ဟု ခေါ်ဆိုရာ၏)။

     နောက်တနေ့၌ မြတ်စွာဘုရားသည် ရဟန်းပေါင်း (၄၉၉) လေးရာ့ကိုးဆယ့်ကိုးပါးတို့နှင့် အတူတကွ ဆရာဇီဝက၏ နေအိမ်သို့ ဆွမ်းဘုဉ်းပေးရန် ကြွရောက်ကာ ထိုင်နေတော်မူလေ၏။ အရှင်စူဠပန္ထကသည်ကား မိမိအတွက် ဆွမ်းကို နောင်တော် မဟာပန္ထကမထေရ်က လက်မခံသည့်အတွက်သာ မလိုက်ပါရပဲ ရှိလေ၏။ ဆရာဇီဝကသည် ရှေးဦးစွာ ယာဂုကပ်လှူရန် စီမံ အားထုတ်လေ၏၊ မြတ်စွာဘုရားရှင်သည် ယာဂုကို အလှူမခံပဲ လက်တော်ဖြင့် သပိတ်တော်ကိုပိတ်၍ ထားတော်မူ၏။ ဆရာဇီဝက-က “မြတ်စွာဘုရား.. အဘယ့်ကြောင့် ယာဂုကို အလှူမခံပါသနည်းဘုရား”ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “ဒါယကာဇီဝက.. ကျောင်းမှာ ရဟန်းတပါး ကျန်ရှိနေသေးသည်”ဟု မိန့်တော်မူ၏။

     ထိုအခါ ဆရာဇီဝကသည် ယောက်ျားတယောက်ကို “အမောင်.. သွားပါချေ၊ ကျောင်းမှာ ကျန်ရှိနေသော အရှင်မြတ်ကို ပင့်၍ လာခဲ့ပါလော့”ဟု မှာထား စေလွှတ်လိုက်လေ၏။ စူဠပန္ထက မထေရ်သည်လည်း ထို ယောက်ျား မလာမီကပင် ကြိုတင်၍ ရဟန်းတပါးနှင့်တပါး ပုံပန်းသဏ္ဌာန် မတူအောင်, ရဟန်းတပါး၏ သင်္ကန်းစီရင်ခြင်းစသော အလုပ်ကိစ္စကိုလည်း



၂၃၆

အခြား ရဟန်းတပါးနှင့် မတူအောင်ပြု၍ ရဟန်းတော်ပေါင်း တထောင် တန်ခိုးဖြင့် ဖန်ဆင်းထားနှင့်လေ၏။

     ဆရာဇီဝက လွှတ်လိုက်သော ယောက်ျားသည် ကျောင်း၌ ရဟန်းတော်တို့ အလွန်များနေသည်ကို တွေ့မြင်ရ၍ (ဆရာဇီဝကက ရဟန်းတပါးကိုသာ အပင့်လွှတ်လိုက်ရကား မပင့်ဝံ့တော့ပဲ) တဖန်ပြန်လာ၍ ဆရာဇီဝကအား “အို အရှင်ဆရာဇီဝက.. ဤယခု ဆရာ့အိမ်မှာ ကြွရောက်ရှိနေသော ရဟန်းသံဃာထက် ကျောင်းတိုက်မှာရှိနေသော ရဟန်းသံဃာက ပို၍များပါသည်။ သို့ဖြစ်၍ ပင့်ဖိတ်ရမည့် အရှင်ကောင်းကို မသိနိုင် မစဉ်းစားနိုင်အောင် ဖြစ်ပါသည်”ဟု ပြန်ပြီး ပြောဆိုလေ၏။ ဆရာဇီဝကသည် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. ကျောင်းတိုက်မှာ ကျန်ရှိနေရစ်သော ရဟန်းသည် အဘယ်အမည်ရှိပါသနည်း”ဟု မေးလျှောက်လေ၏။ မြတ်စွာဘုရားရှင်က “ဒါယကာဇီဝက.. ကျောင်းတိုက်မှာ ကျန်ရှိနေရစ်သော ရဟန်းသည် ‘စူဠပန္ထက’ အမည်ရှိ၏”ဟု မိန့်တော်မူလေလျှင် ဆရာဇီဝကသည် ထိုယောကျာ်းကို “အမောင်.. တဖန် သွားပါဦးလော့၊ စူဠပန္ထက အမည်ရှိသော အရှင်သည် အဘယ်အရှင်မြတ်နည်းဟု မေး၍ ပင့်ဆောင်ခဲ့လော့”ဟု မှာတမ်း၍ တဖန် အပင့်လွှတ်လိုက်ပြန်လေ၏။

     ထိုယောက်ျားသည် ကျောင်းတိုက်သို့ သွား၍ “စူဠပန္ထက အမည်ရှိသော အရှင်သည် အဘယ်အရှင်မြတ်ပါနည်း”ဟု မေးလေ၏။ ရဟန်းတထောင်လုံးကပင် “စူဠပန္ထကမထေရ်ဆိုသူမှာ ငါပင်တည်း၊ စူဠပန္ထကမထေရ်ဆိုသူမှာ ငါပင်တည်း”ဟု ဖြေကြားလေ၏။ ထိုယောက်ျားသည် တဖန် ပြန်လာ၍ ဆရာဇီဝကအား “ဆရာ.. ရဟန်းတထောင်လုံးကပင် ‘စူဠပန္ထကမထေရ်ဆိုသူမှာ ငါပင်တည်း၊ စူဠပန္ထကမထေရ်ဆိုသူမှာ ငါပင်တည်း’ဟု မိန့်ကြားကြပါသည်။ အကျွန်ုပ်သည် ဤမည်သော အရှင်ကို ပင့်ခေါ်ရမည်ဟု မသိနိုင် မစဉ်းစားနိုင်အောင် ဖြစ်ခဲ့ရပါသည်”ဟု ပြန်ကြား ပြောဆိုလေ၏။ ဆရာဇီဝကသည်ကား



၂၃၇

သစ္စာလေးပါး တရားသိပြီးသူ အရိယာဒါယကာတယောက် ဖြစ်ခြင်းကြောင့် “ကျောင်းမှာ ကျန်ရှိနေရစ်သော ရဟန်းသည် တန်ခိုးရှင်ရဟန်းတည်း”ဟု နည်းဥပါယ်အားဖြင့်ပင် သိမြင်၍ “အမောင်.. သွားပါချေ၊ ရှေးဦးစွာ ပြောကြားသော ရဟန်းကိုပင် ‘မြတ်စွာဘုရားက အရှင်ဘုရားတို့ကို ခေါ်တော်မူ၏’ဟု ပြောဆို၍ ထိုရဟန်း၏ သင်္ကန်းစွန်း၌ ဆွဲကိုင်ကာ ပင့်ခဲ့လော့”ဟု ပြောဆို စေလွှတ်လိုက်ပြန်၏။ ထိုယောက်ျားသည် ကျောင်းတိုက်သို့ သွားပြန်၍ ဆရာဇီဝက မှာလိုက်သည့်အတိုင်း ပြုလုပ်လေလျှင် ထိုခဏမှာပင် ရဟန်းတထောင်တို့ ကွယ်ပျောက်၍ သွားကြလေကုန်၏။ ထိုအခါမှာမှ ထိုယောက်ျားသည် အရှင်စူဠပန္ထကမထေရ်ကို ပင့်ဖိတ် ခေါ်ဆောင်၍ သွားလေ၏။ မြတ်စွာဘုရားသည် ထိုခဏမှာမှ ယာဂုကို အလှူခံကာ ဘုဉ်းပေး သုံးဆောင်တော်မူလေ၏။

     မြတ်စွာဘုရားရှင် ဆွမ်းဘုဉ်းပေးပြီး၍ ကျောင်းတော်သို့ ပြန်ရောက်တော်မူလျှင် တရားသဘင်၌ “ဘုရားရှင်တို့မည်သည် အလွန်လျှင် ကြီးမြတ်လှကုန်စွာ့တကား၊ လေးလကြာ၍မှ ဂါထာတပုဒ်ကို နှုတ်တက်ရအောင် မသင်ယူနိုင်သော ရဟန်းကို ဤသို့စဉ် တန်ခိုးကြီးမြတ်သူဖြစ်အောင် ပြုတော်မူနိုင်ပါပေကုန်၏”ဟု ရဟန်းတို့၏ ဆွေးနွေးစကား ဖြစ်ရှိလေသည်။ မြတ်စွာဘုရားရှင်သည် ထိုရဟန်းတို့၏ စိတ်ဖြစ်ပုံကို သိတော်မူ၍ တရားသဘင်သို့ ကြွတော်မူကာ ခင်းထားအပ်သော ဘုရားနေရာတော်၌ ထိုင်နေတော်မူလျက် “ရဟန်းတို့.. သင်တို့သည် အဘယ်စကားကို ပြောနေကြကုန်သနည်း”ဟု မေးတော်မူလေ၏။ ရဟန်းများက “မြတ်စွာဘုရား.. တပည့်တော်များသည် အခြားစကား တစုံတရာကိုမျှ မပြောဆိုကြပါ၊ ‘စူဠပန္ထကသည် အရှင်ဘုရားတို့၏အထံမှ ကြီးစွာသော လာဘ်ကို ရအပ်လေပြီ’ဟု အရှင်ဘုရားတို့၏ ဂုဏ်ကျေးဇူး စကားကိုသာ ပြောဆိုနေကြပါကုန်၏”ဟု ပြန်ကြား လျှောက်ထားကြလေလျှင် မြတ်စွာဘုရားရှင်သည် “ရဟန်းတို့.. ယခုအခါ ငါဘုရား၏ ဩဝါဒကို လိုက်နာ၍ လောကုတ္တရာ အမွေအနှစ်ကို



၂၃၈

ရခြင်းကား မအံ့ဩလောက်သေး၊ ဤစူဠပန္ထကသည် အတိတ်ဝေးစွာ ရှေးအခါကလည်း မရင့်ကျက်သေးသောဉာဏ်၌ တည်စဉ် ငါဘုရား၏ အဆုံးအမကို လိုက်နာ၍ လောကီအမွေအနှစ်ကို ရဘူးလေပြီ”ဟု မိန့်တော်မူလေ၏။ ရဟန်းတို့က “အဘယ်အခါတုန်းကနည်း မြတ်စွာဘုရား..”ဟု တောင်းပန် လျှောက်ထားကြသဖြင့် မြတ်စွာဘုရားသည် ထိုရဟန်းတို့အား ဤဆိုလတ္တံ့သောအတိုင်း အတိတ်ဖြစ်ရပ် စူဠသေဋ္ဌိဇာတ်ကို ထုတ်ဆောင် ပြတော်မူလေ၏-

စူဠသေဋ္ဌိဇာတ်

     ရဟန်းတို့.. ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုလေ၏။ ထိုအခါ စူဠသေဋ္ဌိ အမည်ရှိသော ပညာရှိသုခမိန် သူဌေးသည် ခပ်သိမ်းသော နိမိတ်တို့ကို သိမြင် ကျွမ်းကျင်၏။ စူဠသေဋ္ဌိသုခမိန် သူဌေးသည် တနေ့သ၌ မင်းကိုခစားရန် သွားလတ်သော် လမ်းခရီးအကြား၌ ကြွက်သေတကောင်ကို တွေ့မြင်၍ ထိုခဏဝယ် ကောင်းကင်နက္ခတ်ကို ကြည့်ရှု ဆင်ခြင်ပြီးသော် “ပညာမျက်စိရှိသော အမျိုးကောင်းသားသည် ဤကြွက်သေကို ယူဆောင်၍ သားမယားမွေးမှုကို ပြုရန်၎င်း, အလုပ်ကိစ္စတို့ကို ယှဉ်စေရန်၎င်း တတ်နိုင်၏”ဟု နိမိတ်ဖတ်စကား ပြောကြားလေ၏။

     မထင်မရှား ဆင်းရဲသားတယောက်သည် ထိုပညာရှိသုခမိန် စူဠသေဋ္ဌိသူဌေး၏ နိမိတ်ဖတ်စကားကို ကြားရ၍ “ဤသုခမိန်သူဌေးသည် မသိပဲ ပြောလိမ့်မည်မဟုတ်”ဟု စဉ်းစားဆင်ခြင်၍ ထိုကြွက်သေကို ကောက်ယူပြီးလျှင် ဈေးတခုသို့ သွားရောက်ကာ ကြောင်စာအဖြစ် ရောင်းချ၍ တချင်ရွေးမျှ‌‌သော ဥစ္စာကို ရလေ၏။ ထိုတချင်ရွေးဖြင့် တင်လဲ (=ထန်းလျက်ခဲ)ကို ဝယ်ပြီးလျှင် သောက်ရေအိုးတလုံးကို ထမ်းယူခဲ့ကာ တောမှ ပန်းခူး၍ပြန်လာသော ပန်းသည်တို့ကို တွေ့၍ တင်လဲခဲ အတန်ငယ် အတန်ငယ်ကို ပေးပြီးလျှင် ရေမှုတ်ဖြင့် သောက်ရေကို သန့်သန့်ပြန့်ပြန့် ခပ်ယူကာ



၂၃၉

အမောပြေ တိုက်ပေးလေ၏။ ပန်းသည်များသည် ကျေးဇူးတင်စွာဖြင့် ထိုဆင်းရဲသားအား ပန်းတဆုပ်စီ တဆုပ်စီ ပေးခဲ့ကြတုန်၏။

     (ဤမှစ၍ ထိုဆင်းရဲသား အမျိုးကောင်းသားကို ပညာရှိသူ ဖြစ်သောကြောင့်၎င်း, စူဠသေဋ္ဌိ သုခမိန်သူဌေး၏ နည်းခံတပည့် ဖြစ်သောကြောင့်၎င်း “ပညာရှိ တပည့်ငယ်”ဟူ၍ ခေါ်ဆိုသုံးစွဲပေအံ့)။ ထိုပညာရှိ တပည့်ငယ်သည် ပန်းသည်များ တဆုပ်စီ တဆုပ်စီ ပေးခဲ့ကြသော ပန်းဖိုးဖြင့် နောက်တနေ့၌လည်း ရနိုင်သမျှသော တင်လဲနှင့် သောက်ရေအိုးသန့်သန့်ကို ထမ်းဆောင်ကာ ပန်းဥယျာဉ်ရှိရာသို့ပင် သွားရောက်လေ၏။ ထိုနေ့၌ကား ပန်းသည်များသည် ထိုပညာရှိ တပည့်ငယ်အား မိမိတို့ခူးပြီးသော ပန်းများမှ တဝက်စီ တဝက်စီ ခွဲဝေ၍ပေးကာ ပြန်သွားကြလေကုန်၏။ ဤနည်းဖြင့် ထိုပညာရှိ တပည့်ငယ်သည် မကြာမီပင် ငွေအသပြာ ရှစ်ကျပ်တို့ကို ရရှိ စုဆောင်းမိလေ၏။

     တဖန် လေကြီးမိုးကြီးကျသောနေ့၌ ထိုပညာရှိ တပည့်ငယ်သည် စွန့်ပစ်ထားသော ဥယျာဉ်ကြီး (=ဥယျာဉ်အိုကြီး)သို့ သွားရောက်၍ လေတိုက်ခပ်သဖြင့် ပြုတ်ပြတ်ကျသော ထင်းတို့ကို အစုအပုံပြုလျက်နေစဉ် မင်းအသုံးတော်ခံ အိုးထိန်းသည်၏ အထံမှ ငွေအသပြာ တဆယ့်ခြောက်ကျပ်တို့ကို ရပြန်လေသည်။ ထိုပညာရှိ တပည့်ငယ်သည် ပန်းဖိုးရှစ်ကျပ်နှင့် ထင်းခြောက်ဖိုး တဆယ့်ခြောက်ကျပ် = ၂-ရပ်ပေါင်း နှစ်ဆယ့်လေးအသပြာ = နှစ်ဆယ့်လေးကျပ်တို့ ဖြစ်ကုန်လတ်သော် “ငါ့အဖို့ရာ ဤဥစ္စာရကြောင်း နည်းလမ်း ဥပါယ်ကောင်းသည် ရှိ၏ = မြက်သည်တို့အား ရေချမ်းဒကာခံရလျှင် ဥစ္စာရကြောင်း နည်းလမ်း ဥပါယ်ကောင်းဖြစ်၏”ဟု ကြံစည် စဉ်းစားမိ၍ မြို့တံခါးဝမှ မနီးမဝေးအရပ်၌ ရေလှောင်အိုးစရည်းကြီးတလုံးကို တည်ထားပြီးလျှင် မြို့အပြင် ဆင်ခြေဖုံးမှ လာရောက်ကြသည့် မြက်ထမ်းသမား မြက်သည်ငါးရာတို့ကို သောက်ရေတိုက်ကာ ရေချမ်းဒကာခံလေ၏။ မြက်သည်များက “မိတ်ဆွေ.. သင်ကား ငါတို့၏အပေါ်ဝယ် အလွန်ကျေးဇူးများသူ ဖြစ်ပါ၏၊ သင့်အဖို့ရာ အဘယ်အမှုကို



၂၄၀

ငါတို့ ကူညီပြုရမည်နည်း”ဟု မေးမြန်းပြောဆိုကြလေလျှင် ပညာရှိ တပည့်ငယ်သည် “ကျွန်ုပ်၏အတွက် ကူညီဆောင်ရွက်ဖွယ်ကိစ္စ ဖြစ်ပေါ်လာသောအခါ ကူညီဆောင်ရွက်ကြရပါလိမ့်မည်”ဟု လက်ခံစကား ပြောကြားပြီးလျှင် ဤမှထိုမှ လှည့်လည်သွားရောက်ကာ ကုန်းလမ်းကိစ္စဆိုင်ရာ အကြီးအကဲ, ရေလမ်းကိစ္စဆိုင်ရာ အကြီးအကဲတို့နှင့် အဆွေခင်ပွန်း ချစ်ကျွမ်းမိတ်ဖွဲ့မှုကို ပြုမိလေ၏။

     တနေ့သ၌ ပညာရှိတပည့်ငယ်အား ကုန်းလမ်းကိစ္စဆိုင်ရာ အကြီးအကဲက “နက်ဖြန်ခါ ဤဗာရာဏသီပြည်သို့ မြင်းကုန်သည်တယောက် မြင်းငါးရာတို့ကို ယူဆောင်၍ လာလိမ့်မည်”ဟု သတင်းကောင်းစကား ပြောကြားလေ၏။ ပညာရှိ တပည့်ငယ်သည် ထိုကုန်းလမ်းကိစ္စဆိုင်ရာ အကြီးအကဲ၏ စကားကို ကြားသိရ၍ မြက်ထမ်းသမား = မြက်သည်များအား အသိပေးပြီးလျှင် တယောက်တယောက်လျှင် ရှေးနေ့များကထက် မြက်တထုံးတထုံးပို၍ ယူဆောင်လာစေလေ၏။ ထိုအခါ ပညာရှိ တပည့်ငယ်သည် မြင်းတို့ကို မြို့တွင်းသို့ သွင်းလာသောအချိန်၌ မြက်ထုံးပေါင်း တထောင်ကို မြင်းကုန်သည် မြင်နိုင်လောက်အောင် ရွှေမြို့တော် အတွင်းတံခါး၌ စုပုံထားကာ ထိုင်နေလေ၏။ မြင်းကုန်သည်သည် တမြို့လုံး၌ လှည့်လည်ရှာပါသော်လည်း မြင်းစာကို မရရှိသောကြောင့် ထိုပညာရှိ တပည့်ငယ်အား အသပြာကျပ် တထောင်ပေး၍ ထိုမြက်ထုံးတထောင်ကို ယူဆောင်သွားလေ၏။

     ထို့နောက် နှစ်ရက်သုံးရက် လွန်သောအခါ၌ ထိုပညာရှိ တပည့်ငယ်အား ရေလမ်းကိစ္စဆိုင်ရာ အကြီးအကဲ မိတ်ဆွေသည် “ပင်လယ်ကူးဆိပ်ကမ်းသို့ ကုန်သင်္ဘောကြီးတစင်း ဆိုက်ရောက်လာပြီ”ဟူသော သတင်းစကားကို ပြောကြားစေလေ၏။ ပညာရှိ တပည့်ငယ်သည် “ဥစ္စာရကြောင်း ဤနည်းလမ်း ဥပါယ်ကောင်း သည် ဖြစ်ပေါ်လာပြန်ပြီ”ဟု ကြံစည်ဆင်ခြင်ကာ အလုံးစုံ အဆောင်အယောင်နှင့် ပြည့်စုံသော ရထားတစီးကို ခေတ္တခဏ အသပြာငွေရှစ်ကျပ်ဖြင့် ငှားယူ၍ ပင်လယ်ကူးဆိပ်ကမ်းသို့



၂၄၁

သွားရောက်ပြီးလျှင် လက်စွပ်တကွင်း သင်္ဘောကုန်သည်မှူးအား စရံအဖြစ် ပေးအပ်၍ ဆိပ်ကမ်းနှင့် မနီးမဝေးအရပ်ဝယ် ပွဲရုံပမာ တင်းထိမ်ကန့်လန့်ကာကို သပ်ယပ်စွာ ကာရံစေပြီးနောက် ထိုပွဲရုံအတွင်း၌ ထိုင်နေကာ မိမိ၏ အစေအပါး (ငှားထားသော) လူများကို “အပြင်ကုန်သည်များ အကယ်၍ လာရောက်ကြလျှင် သုံးခုမြောက်ဆင့်ကြား သတင်းစကားဖြင့် (ပြောဆိုရာဌာန သုံးဆင့်ထား၍-ဟု ဆိုလိုသည်) ငါ့အား ပြောကြကုန်လော့”ဟု အမိန့်ပေး မှာထားလေ၏။

     “ကုန်သင်္ဘောကြီး ဆိုက်ရောက်နေပြီ”ဟူသော သတင်းစကားကို ကြားသိရ၍ ဗာရာဏသီပြည်မှ တရာမျှသော ကုန်သည်ကြီးတို့သည် “ကုန်ဘဏ္ဍာ ဥစ္စာကို ငါတို့ ဝယ်ယူကုန်အံ့”ဟု ဆိပ်ကမ်းသို့ လာရောက်ကြလေကုန်၏။ ဆိပ်ကမ်းမှာ ရှိနှင့်ကြသည့် ပညာရှိတပည့်ငယ်၏ လူများက “ကုန်ဘဏ္ဍာ ဥစ္စာကို အသင်တို့ ရကြတော့မည် မဟုတ်ကုန်၊ ဤမည်သော နေရာ၌ နေထိုင်သည့် ကုန်သည်ကြီးက အားလုံးကုန်များအတွက် စရံပေးထားအပ်လေပြီ”ဟု ဆီးကြိုပြောဆိုကြလေကုန်၏။ ထိုဗာရာဏသီ ကုန်သည်ကြီး တရာမျှတို့သည် ထိုသူတို့ပြောစကားကို ကြားရလေလျှင် ပညာရှိတပည့်ငယ် (ကုန်သည်ကြီးဆိုသူ)အထံသို့ လာရောက်ကြလေကုန်၏။

     ပညာရှိငယ်၏ တပည့်များက ရှေးမှာထားရင်းအတိုင်း ခမ်းနားသည်ထက် ခမ်းနားအောင် သုံးခုမြောက်ဆင့်ကြား သတင်းစကားဖြင့် ကုန်သည်ကြီးများ လာရောက်ကြကြောင်းကို တရိုတသေ ပြောကြားကြလေကုန်၏။ ကုန်သည်ကြီး တရာတို့သည်လည်း ပညာရှိငယ်အား တယောက်တယောက်လျှင် တထောင်စီ တထောင်စီ လက်ဆောင် (အပျောက်)ပေး၍ ထိုသင်္ဘောပါ ကုန်များအတွက် အစုရှင်များ ဖြစ်ကြပြီးသော် တဖန် ထပ်လှောက်၍ တယောက် တယောက်လျှင် တထောင်စီ တထောင်စီပင် ပညာရှိငယ်အား အမြတ်အစွန်းပေးကြ၍ (ထိုပညာရှိငယ်ကို အစုရှင်အဖြစ်မှ ထွက်စေပြီးလျှင်) သင်္ဘောပါ ကုန်ဘဏ္ဍာ ဥစ္စာတို့ကို



၂၄၂

မိမိတို့ချည်းပိုင်သည့် ကုန်ဘဏ္ဍာဖြစ်အောင် ပြုလုပ်ကြလေကုန်၏။ ထိုပညာရှိ တပည့်ငယ်သည် တထိုင်တည်းဖြင့်ပင် အသပြာ နှစ်သိန်းတို့ကို ရယူခဲ့၍ ဗာရာဏသီပြည်တွင်းသို့ လာခဲ့ပြီးလျှင် “ငါကား ကျေးဇူးသိသူ = ကတညူပုဂ္ဂိုလ်ဖြစ်မှ သင့်တော်မည်”ဟု ကြံစည်ဆင်ခြင်ပြီးနောက် အသပြာတသိန်းကို ယူဆောင်ခဲ့၍ စူဠသေဋ္ဌိ ပညာရှိသုခမိန် သူဌေးထံတို့ သွားရောက်လေ၏။

     ထိုအခါ စူဠသေဋ္ဌိ ပညာရှိသုခမိန် သူဌေးသည် ထိုပညာရှိ တပည့်ငယ်ကို “ချစ်သား.. သင်သည် အဘယ်သို့ ပြု၍ ဤအသပြာ ဥစ္စာများကို ရအပ်သနည်း”ဟု မေးလေ၏။ ပညာရှိ တပည့်ငယ်သည် “အရှင်သူဌေးမင်းတို့ ကြွက်သေကို ကြည့်ရှုကာ မိန့်မှာအပ်သော နည်းလမ်းဥပါယ်ကောင်း၌ တည်၍ အကျွန်ုပ်သည် လေးလအတွင်းမှာပင် အသပြာနှစ်သိန်းနှင့် နှစ်ဆယ့်လေးကျပ်ကို ရအပ်ပါပြီ”ဟု အကြောင်းမျိုးစုံကို ပြန်ကြား ပြောဆိုလေ၏။ ထိုအခါ စူဠသေဋ္ဌိ ပညာရှိသုခမိန် သူဌေးသည် ထိုပညာရှိငယ်၏ စကားကို ကြားရလေလျှင် “ယခုအခါ၌ ဤသို့ ပညာ့ရှင်သဘောရှိသော လူငယ်တယောက်ကို သူတပါးဥစ္စာပြုရန် မသင့် = မိမိဥစ္စာဖြစ်အောင် ပြုသင့်၏”ဟု ကြံစည်ဆင်ခြင်ပြီးလျှင် အရွယ်သို့ ရောက်ပြီးသော မိမိသမီးကို ပညာရှိငယ်အား ပေး၍ အိမ်ထောင်စု၏ အရှင်သခင် အကြီးအကဲအဖြစ်ရောက်အောင် ချီးမြှောက်လေ၏။ ထိုအမျိုးကောင်းသား ပညာရှိသည် စူဠသေဋ္ဌိ ပညာရှိသုခမိန် သူဌေးကြီး ကွယ်လွန်သောအခါ ထိုဗာရာဏသီပြည်၌ သူဌေးကြီးရာထူးကို ရယူ၍ အသက်တမ်းအတိုင်း တည်နေပြီးလျှင် ကံအားလျော်စွာ လားရောက်လေ၏။

     မြတ်စွာဘုရားသည် ပစ္စုပ္ပန်ဝတ္ထု အတိတ်ဝတ္ထု၊ နှစ်ပါးတို့ကို ဟောကြားပြီးနောက် အနုသန္ဓေစကား ဆက်စပ်ပြီးလျှင် ယခု ဘုရားဖြစ်တော်မူပြီးသောအခါ၌-

“အပ္ပကေနပိ မေဓာဝီ၊ ပါဘတေန ဝိစက္ခဏော။

သမုဋ္ဌာပေတိ အတ္တာနံ၊ အဏုံ အဂ္ဂိံဝ သန္ဓမံ။



၂၄၃

ဘိက္ခဝေ = ရဟန်းတော်များ အို ချစ်သားတို့..။ ပုရိသော = ပညာရှိငြား မင်းယောက်ျားသည်။ အဏုံ = အနည်းငယ်မျှ မပြောပလောက်သော။ အဂ္ဂိံ = မီးကို။ သန္ဓမံ = သန္ဓမန္တော = လောင်စာထည့်ပေ ခံတွင်းလေဖြင့် မနေမနား ကြိုးစားအားထုတ် အဖန်ဖန်မှုတ်သည်ဖြစ်၍။ မဟန္တံ အဂ္ဂိက္ခန္ဓံ = ကြီးစွာသော မီးပုံကြီးကို။ သမုဋ္ဌာပေတိ ဣဝ = ဖြစ်စေသကဲ့သို့။ ဧဝံ = ဤအတူ။ ဝိစက္ခဏော = ရောင်းရေးဝယ်တာ လိမ္မာပါးနပ်သော။ မေဓာဝီ = ရှေ့ရေးနောက်ရေး ထောက်တွေးမြော်မြင် ပညာရှင်သည်။ အပ္ပကေနပိ = အနည်းငယ်မျှ မပြောပလောက်သည်လည်းဖြစ်သော။ ပါဘတေန = အရင်းဥစ္စာဖြင့်။ မဟာဓနယသံ = ကြီးစွာသော ဥစ္စာစည်းစိမ်ကို။ သမုဋ္ဌာပေတွာ = ဖြစ်စေ၍။ တတ္ထ = ထိုကြီးကျယ်လှစွာ စည်းစိမ်ဥစ္စာ၌။ အတ္တာနံ = မိမိကိုယ်ကို။ သမုဋ္ဌာပေတိ = သိန်းသန်းကြွယ်ဆောက် သူဌေးအဖြစ်ရောက်အောင် ချီးမြောက် တင်ထားနိုင်လေ၏” -

ဟူသော ဤ ဂါထာကို ဟောကြားတော်မူလေ၏။ ဤသို့လျှင် မြတ်စွာဘုရားသည် တရားသဘင်၌ စည်းဝေးညီမူကြသော ရဟန်းတို့အား ဤအကြောင်းရပ် အဋ္ဌုပ္ပတ်ကို ဟောကြားတော်မူလေ၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူကြခြင်း

     နောက်တချိန်၌ မြတ်စွာဘုရားရှင်သည် အရိယာ သံဃာတော်အပေါင်း ခြံရံအပ်လျက် ဓမ္မာသနပလ္လင်ဝယ် ထိုင်နေတော်မူကာ များစွာသော ရဟန်းတော် အရှင်မြတ်တို့အား ဧတဒဂ်ဘွဲ့ထူး နှင်းအပ်သောသဘင် ဆင်ယင်သောအခါ၌ အရှင်စူဠပန္ထကမထေရ်အား-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ မနောမယံ ကာယံ အဘိနိမ္မိနန္တာနံ ယဒိဒံ စူဠပန္ထကော (၁)၊



၂၄၄

စေတောဝိဝဋ္ဋကုသလာနံ ယဒိဒံ စူဠပန္ထ‌ကော၊ (၂) = ရဟန်းတို့.. အဘိညာဏ်စိတ်ဖြင့်ပြီးသော (အဘိညာဏ်စိတ်ကြောင့်ဖြစ်သော) ရုပ်ကိုယ်ကို ဖန်ဆင်းနိုင်ကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် စူဠပန္ထကသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏ (၁)။ ရူပါဝစရဈာန် အရာဝယ် လိမ္မာကျွမ်းကျင်ကြသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် စူဠပန္ထကသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏ (၂)”-

ဟု ချီးကျူးမြွက်ဆိုတော်မူကာ ဧတဒဂ်ဘွဲ့ထူးနှစ်ရပ် နှင်းအပ်ပေးတော်မူလေ၏။

     နောင်တော်ဖြစ်သော မဟာပန္ထက မထေရ်အားကား-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ သညာဝိဝဋ္ဋကုသလာနံ ယဒိဒံ မဟာပန္ထကော = ရဟန်းတို့.. အရူပါဝစရဈာန် အရာဝယ် လိမ္မာကျွမ်းကျင်ကြသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် မဟာပန္ထကသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူးမြွက်ဆိုတော်မူကာ သညာဝိဝဋ္ဋကုသလ အရာဝယ် ဧတဒဂ်ဘွဲ့ထူး နှင်းအပ်တော်မူလေ၏။

(ဤ၌။ ။အခြားတပါးသော ရဟန်းတို့သည် ဣဒ္ဓိဝိဓအဘိညာဏ်ဖြင့် မနောမယ ရုပ်ကိုယ်ကို ဖန်ဆင်းကြလျှင် သုံးပါး သို့မဟုတ် လေးပါး-စသည် အနည်းအကျဉ်းသာ ဖန်ဆင်းကြကုန်၏၊ အများကြီး မဖန်ဆင်းကြကုန်၊ ထိုသို့ ဖန်ဆင်းရာမှာလည်း ဣဒ္ဓိရှင် = တန်ခိုးရှင် မိမိနှင့် ပုံပန်းတူလျက် အလုပ်ကိစ္စတခုတည်း တမျိုးတည်းကိုသာ ပြုလုပ်ကြသော နိမ္မိတရုပ်တို့ကို ဖန်ဆင်းကြကုန်၏။ စူဠပန္ထက မထေရ်သည်ကား အာဝဇ္ဇန်းတချက်တည်း (=ဝီထိ တဝီထိ)တည်းဖြင့်ပင် နိမ္မိတရဟန်း အထောင်ကို ဖန်ဆင်းတော်မူ၏။ ထိုသို့ ဖန်ဆင်းရာမှာလည်း နိမ္မိတရုပ်ချင်း တပါးနှင့်တပါး အဆင်းမတူအောင် အလုပ်ကိစ္စမတူအောင် = တပါးက အဆင်းတမျိုး အခြားတပါးက အဆင်းတမျိုးဖြစ်အောင် တပါးက အလုပ်တမျိုး အခြားတပါးက အလုပ်တမျိုး ပြုလုပ်နေပုံဖြစ်အောင်



၂၄၅

ဖန်ဆင်းတော်မူသည်။ ထို့ကြောင့် မနောမယရုပ်ကိုယ်ကို ဖန်ဆင်းရာ၌ ဧတဒဂ်ရာထူး ရတော်မူသည်။ ။စေတောဝိဝဋ္ဋကုသလနှင့် သညာဝိဝဋ္ဋကုသလ အရတို့ကို အဋ္ဌကထာ၌ အနည်းနည်း ဖွင့်ပြသော်လည်း စာဖတ်သူတို့ ဉာဏ်မရှုပ်ထွေးစေရန် ဤ၌ မဖော်ပြတော့ပြီ။ ။ဤပန္ထက မထေရ်ညီနောင် ၂-ပါးတို့နှင့်စပ်သော တရားဒေသနာများကို အပဒါန် ပါဠိအဋ္ဌကထာ, ထေရဂါထာ ပါဠိအဋ္ဌကထာ, ဓမ္မပဒအဋ္ဌကထာ, ဥဒါန်းပါဠိအဋ္ဌကထာ-စသည်တို့မှ အကျယ်ထုတ်ယူ မှတ်သားကုန်ရာ၏)။

ဤကား ပန္ထကမထေရ်နောင်ညီ ၂-ပါးတို့အကြောင်းတည်း။

**********