အရှင်ကစ္စည်းမထေရ်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၁၀) အရှင်ကစ္စည်းမထေရ်အကြောင်း

(၁၀) အရှင်ကစ္စည်းမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

     အရှင်ကစ္စည်းမထေရ်အလောင်း သူတော်ကောင်းသည် ပဒုမုတ္တရ မြတ်စွာဘုရား လက်ထက်တော်အခါဝယ် သူကြွယ်မျိုး၌ဖြစ်၍ ကြီးပြင်းခြင်းသို့ ရောက်လတ်သော် တနေ့သ၌ ရှေးမထေရ်အလောင်းများနည်းတူ ကျောင်းတိုက်သို့ သွားရောက်၍ ပရိသတ်အစွန်အဖျား၌ ရပ်တည်ကာ တရားနာယူနေစဉ် မြတ်စွာဘုရားရှင်က ရဟန်းတပါးကို “အကျဉ်းဟောအပ်သော တရားစကား၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဝေဘန် ခွဲခြား စိတ်ဖြာ ဟောကြားတတ်သော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး တည်းဟူသော” = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို မြင်လတ်၍ “ဤရဟန်းကား အလွန် ကြီးမြတ်စွာ့တကား၊ ယင်း ရဟန်းကို မြတ်စွာဘုရားသည် ဤကဲ့သို့ (=အကျဉ်းဟောကြားအပ်သော တရားစကား၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဝေဘန် ခွဲခြား စိတ်ဖြာ ဟောကြားတတ်သော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံးဟု) ချီးမွမ်းတော်မူ၏၊ ငါသည်လည်း နောက်အခါ တဆူဆူသော ဘုရားရှင်၏ သာသနာ၌ ဤရဟန်းကဲ့သို့သော ဧတဒဂ်ဘွဲ့ထူးရ-ရဟန်းဖြစ်မှ သင့်တော့မည်”ဟု ကြံစည်စဉ်းစားမိ၍ မြတ်စွာဘုရားရှင်ကို ပင့်ဖိတ်ပြီးလျှင် ရှေး၌ ဆိုအပ်ပြီးသော နည်းအတိုင်း ခုနစ်ရက်ပတ်လုံး အလှူကြီး ပေးလှူပြီးနောက် “မြတ်စွာဘုရား.. တပည့်တော်သည် ဤခုနစ်ရက်ကြာ မဟာဒါန သက္ကာရ ကောင်းမှုကုသိုလ်၏ အကျိုးအားကြောင့်



၂၁၄

အခြားစည်းစိမ်ကို မတောင့်တပါ၊ စင်စစ်သော်ကား နောက်အခါဝယ် တဆူဆူသော ဘုရားရှင်၏ သာသနာ၌ ယနေ့မှအထက် လွန်ခဲ့သော ခုနစ်ရက်က အရှင်ဘုရားတို့ ဧတဒဂ်ရာထူး- ဌာနန္တရ၌ ထားအပ်သော ရဟန်းကဲ့သို့ပင် တပည့်တော်သည်လည်း ထို(အကျဉ်းဟောကြားအပ်သော တရားစကား၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဝေဘန်ခွဲခြားစိတ်ဖြာ ဟောကြားတတ်သော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး) ဧတဒဂ်ရာထူး- ဌာနန္တရကို ရပါလို၏”ဟု ဆုတောင်းပတ္ထနာမှု ပြုလုပ်၍ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဝပ်စင်းလျက် နေလေ၏။

     ပဒုမုတ္တရ မြတ်စွာဘုရားသည် အနာဂတ်ကို ရှုကြည့်တော်မူလတ်သော် “ဤအမျိုးကောင်းသား၏ တောင့်တချက်သည် ပြည့်စုံလိမ့်မည်”ဟု မြင်တော်မူ၍ “အို အမောင်အမျိုးကောင်းသား.. နောက်အခါဝယ် ကမ္ဘာတသိန်းအဆုံး၌ ဂေါတမမြတ်စွာဘုရား ပွင့်ထွန်းတော်မူလိမ့်မည်၊ သင်သည် ထိုဂေါတမမြတ်စွာ သာသနာ၌ အကျဉ်းဟောကြားအပ်သော တရားစကား၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဝေဘန်ခွဲခြား စိတ်ဖြာ ဟောကြားတတ်သော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်ကြား၍ အနုမောဒနာတရား ဟောကြားပြီးလျှင် ဖဲသွားတော်မူလေ၏။

ရွှေအုတ်လှူခြင်း

     ထိုအမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြု၍ ကမ္ဘာတသိန်း ကာလပတ်လုံး အပါယ်မလားပဲ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်၍ ကဿပမြတ်စွာဘုရားရှင် လက်ထက်တော်အခါ ဗာရာဏသီပြည်ဝယ် အမျိုးကောင်းအိမ်၌ဖြစ်၍ ကဿပမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူလတ်သည်ရှိသော် ရွှေစေတီကြီး တည်ဆောက်ရာအရပ်သို့ သွားရောက်လျက် အဖိုးတသိန်းထိုက်သော ရွှေအုတ်ဖြင့် ပူဇော်မှုပြုပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဖြစ်လေရာရာ ဘုံဌာန၌



၂၁၅

တပည့်တော်၏ကိုယ်သည် ရွှေအဆင်းရှိသည် ဖြစ်ပါစေသတည်း”ဟု ဆုတောင်းပန်ထွာမှု ပြုခဲ့လေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ထို့နောက် အသက်ထက်ဆုံး ကုသိုလ်မှုကို ပြုလုပ်၍ ဗုဒ္ဓန္တရ အသင်္ချေယျ တကပ်ပတ်လုံး နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ပြီးလျှင် အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာ ကာလ၌ ဥဇ္ဇေနီမြိုဝယ် ပုရောဟိတ်၏သား ဖြစ်၍လာလေ၏။ ထိုသတို့သားကို အမည်မှည့်သောနေ့ဝယ် “ငါ၏သားသည် ရွှေရောင်အဆင်း ဝါဝင်းသော ကိုယ်ရှိလျက် မိမိသည်ပင် မိမိ၏အမည်ကို မှည့်ခေါ်ယူငင်၍လာသူ ဖြစ်သည်”ဟု ဖခင်က ပြောဆို၍ “ကဉ္စနသတို့သား”ဟူသော အမည်ကို မိဖဆွေမျိုးတို့က မှည့်ခေါ်ကြလေ၏။ ကဉ္စနသတို့သားသည် အရွယ်ကြီးပြင်းလတ်သော် ဗေဒင်သုံးပုံတို့ကို သင်ကြားတတ်မြောက်၍ ခမည်းတော် ပုရောဟိတ်ကြီး ကွယ်လွန်သောအခါ၌ ခမည်းတော်၏အရိုက်အရာ ပုရောဟိတ်ရာထူးကို ရရှိလေ၏။ ထို ကဉ္စနသတို့သား ပုရောဟိတ်ပုဏ္ဏားသည် အနွယ်၏ အစွမ်းအားဖြင့် “ကစ္စာန”ဟူ၍ မည်တွင်ပြန်လေသည်။

     စဏ္ဍပဇ္ဇောတမင်းသည် အမတ်တို့ကို စည်းဝေးစေ၍ “အမတ်တို့.. လောက၌ မြတ်စွာဘုရား ပွင့်ထွန်းတော်မူလာပြီ၊ ထိုမြတ်စွာဘုရားကို ပင့်ဆောင်နိုင်စွမ်းသော အမတ်တို့သည် သွားရောက်၍ ပင့်ဆောင်ကြလော့”ဟု မိန့်ဆိုလေ၏။ အမတ်တို့က “အရှင်မင်းမြတ်.. ကစ္စာနပုရောဟိတ်မှတပါး အခြား မြတ်စွာဘုရားကို ပင့်ဆောင်စွမ်းနိုင်မည့်သူ မရှိပါ၊ ဆရာကစ္စာန ပုရောဟိတ် ပုဏ္ဏားသည်သာလျှင် ပင့်ဆောင်နိုင်စွမ်း ရှိပါသည်။ သူ့ကို စေလွှတ်တော်မူကြပါကုန်လော့”ဟု တညီတညွတ်တည်း တင်လျှောက်ကြလေလျှင် စဏ္ဍပဇ္ဇောတမင်းသည် ကစ္စာနပုရောဟိတ်ကို ခေါ်စေ၍ “အမောင်ကစ္စာန.. မြတ်စွာဘုရား၏ အထံတော်သို့ သွားရောက် ပင့်ဆောင်ချေလော့”ဟု မိန့်ဆိုလေ၏။



၂၁၆

ကစ္စာနပုရောဟိတ်က “မြတ်သောမင်းကြီး.. အကျွန်ုပ် သွားရောက်၍ ရဟန်းပြုခွင့်ကို ရပါမူ သွားရောက်ပါမည်”ဟု လျှောက်ထားလေလျှင် စဏ္ဍပဇ္ဇောတမင်းသည် “အမောင်ကစ္စာန.. ခပ်သိမ်းသောအမှု အမောင်နှစ်သက်ရာ ပြုပြီးလျှင် မြတ်စွာဘုရားကိုသာ ပင့်ဆောင်ခဲ့ပါလော့”ဟု ခွင့်ပြုစကား မိန့်ကြားလေ၏။

     ကစ္စာန ပုရောဟိတ်ဆရာသည် “ဘုရားရှင်တို့ထံ သွားရောက်သောသူ၏ အဖို့ရာ များစွာသော ပရိသတ်ဖြင့် အလုပ်ကိစ္စမရှိ”ဟု ကြံစည်ဆင်ခြင်၍ မိမိလျှင် ရှစ်ယောက်မြောက်ရှိသူဖြစ်လျက် (=အဖော် ခုနစ်ယောက်ကိုသာ ခေါ်၍ဟု ဆိုလိုသည်) မြတ်စွာဘုရားရှင် အထံတော်သို့ သွားရောက်လေသည်။ ထိုအခါ မြတ်စွာဘုရားသည် ကစ္စာနပုရောဟိတ်အား တရားဟောတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးလတ်သောအခါ ကစ္စာန ပုရောဟိတ်ဆရာသည် အဖော်ခုနစ်ယောက်တို့နှင့် အတူတကွ ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်လေ၏၊ ထိုအခါ မြတ်စွာဘုရားရှင်သည် “ဧထ ဘိက္ခဝေါ = ရဟန်းတို့.. လာကြလော့”ဟု ခေါ်တော်မူကာ လက်ျာလက်တော်ကို ဆန့်တန်းတော်မူလိုက်လေ၏၊ ထိုခဏမှာပင် ရှစ်ဦးလုံး ဆံမုတ်ဆိတ်ကွယ်ပျောက် ဣဒ္ဓိမယ သပိတ်သင်္ကန်းတို့ ကိုယ်သို့ရောက်လျက် ဝါတော်ခြောက်ဆယ် = သက်တော်ရှစ်ဆယ်ရှိသော မထေရ်ကြီးများကဲ့သို့ ရဟန်းအဖြစ်သို့ ရောက်ရှိကြလေ၏။

     အရှင်ကစ္စည်းမထေရ်သည် မိမိ၏ ရဟန်းကိစ္စ အထွတ်အထိပ် (=အရဟတ္တဖိုလ်)သို့ ရောက်ပြီးလတ်သော် ကြောင့်ကြမဲ့ ဆိတ်ဆိတ်နေတော်မမူပဲ အရှင်ကာဠုဒါယီ မထေရ်ကဲ့သို့ပင် မြတ်စွာဘုရားရှင် ဥဇ္ဇေနီပြည်သို့ ကြွရောက်တော်မူရန် လမ်းခရီး၏ ဂုဏ်ကျေးဇူးဂါထာများကို လျှောက်ထားလေ၏။ မြတ်စွာဘုရားရှင်သည် အရှင်ကစ္စည်းမထေရ်၏ စကားကို ကြားသိတော်မူ၍ “ကစ္စာနသည် မိမိ၏ ဖွားရာမြေ = ဥဇ္ဇေနီပြည်သို့ ငါဘုရား၏ လိုက်ပါခြင်းကို တောင့်တပေ၏”ဟု သိတော်မူ၏။ အထူးအားဖြင့် ဘုရားရှင်တို့မည်သည် အကြောင်းတခုခုကို အစွဲပြု၍ သွားရန် မသင့်လျော်သော အရပ်သို့ ကြွသွားတော် မမူကြကုန်၊



၂၁၇

သို့ရကား မြတ်စွာဘုရားရှင်သည် အရှင်ကစ္စည်းမထေရ်ကို “ချစ်သား.. သင်သာလျှင် ဥဇ္ဇေနီပြည်သို့ သွားလေလော့၊ သင်ချစ်သား သွားလျှင်လည်း စဏ္ဍပဇ္ဇောတမင်းသည် ကြည်ညိုပေလိမ့်မည်”ဟု မိန့်တော်မူလေ၏။

     အရှင်ကစ္စည်းမထေရ်သည် “ဘုရားရှင်တို့အဖို့ရာ စကားနှစ်ခွဟူ၍ မရှိ”ဟု ဆင်ခြင် စဉ်းစားတော်မူပြီးလျှင် မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုး၍ မိမိနှင့် အတူတကွ လိုက်ပါလာကြသော ရဟန်းခုနစ်ပါးတို့နှင့် အတူတကွ ဥဇ္ဇေနီပြည်သို့ ကြွတော်မူလေ၏။

သူဌေးသမီးနှစ်ယောက်တို့အကြောင်း

     ထိုသို့ ဥဇ္ဇေနီပြည်သို့ ကြွချီတော်မူလေသော် လမ်းခရီးအကြားဝယ် “တေလပနာဠိ”မည်သော နိဂုံး၌ ဆွမ်းခံ လှည့်လည်တော်မူလေ၏။ ထိုနိဂုံးမှာလည်း သူဌေးသမီးနှစ်ယောက်တို့ ရှိကြသည့်အနက် သူဌေးသမီး တယောက်သည် စီးပွါးပျက်သော သူဌေးမျိုး၌ ဖြစ်ရ၍ မိဖတို့ကွယ်လွန်လျှင် အထိန်းတော်ကြီးကို အမှီပြု အားကိုး၍ အသက်ရှင်ရ၏။ သို့သော် ထိုသူဌေးသမီး၏ ခန္ဓာကိုယ် အတ္တဘောမှာ အလွန်ပင် တင့်တယ် ပြည့်ဖြိုးလှပပေ၏၊ ဆံပင်များသည်လည်း အခြားမိန်းမတို့၏ ဆံပင်များထက် ရှည်လည်းရှည် နုလည်းနု ပြေလည်းပြေပြစ် ပိတုန်းအရောင် ညိုမှောင်သော အဆင်းလည်း ရှိ၏။ ထိုနိဂုံးမှာပင် အခြားသူဌေးသမီးတဦးကား ဆံပင်နည်းပါးသူ ဖြစ်၏။ ထိုသူဌေးသမီးသည် အရှင်ကစ္စည်းမထေရ်တို့ မကြွလာမီ ရှေးအခါက ထို ဆံပင်ကောင်းသော (စီးပွါးပျက်) သူဌေးသမီးထံသို့ လူလွှတ်၍ “တရာဖြစ်စေ တထောင်ဖြစ်စေ ထိုဆံပင်များအတွက် ဆိုတိုင်းအဖိုး ပေးပါမည်”ဟု တောင်းခံဝယ်ယူ ပြောဆိုသော်လည်း ဆံပင်ရှင် သူဌေးသမီးက မရောင်းသည့်အတွက် မရယူနိုင်ခဲ့ချေ။

     အရှင်ကစ္စည်းမထေရ်တို့ ဆွမ်းခံကြွဝင်လာသော နေ့၌ကား ဆံပင်ရှင် သူဌေးသမီးသည် ရဟန်းခုနစ်ပါးတို့ ခြံရံအပ်လျက်



၂၁၈

သပိတ်အချည်းနှီး ဆွမ်းမပါပဲ ကြွလာသော အရှင်ကစ္စည်းမထေရ်ကို ဖူမြင်၍ “ရွှေရောင်အဆင်းရှိသည့် ဗြဟ္မာနွယ်ဖွား ဤရဟန်းတော်တပါးသည် ဆေးပြီးတိုင်းသော သပိတ်ဖြင့်သာလျှင် ကြွလာတော်မူ၏၊ ငါ့မှာလည်း အခြားဥစ္စာဟူ၍ မရှိ၊ ဤမည်သော သူဌေးသမီးသည်ကား ဤငါ၏ ဆံပင်များအလို့ငှါ ရှေးက လူလွှတ်ဘူးလေပြီ၊ ယခုအခါ ဤငါ့ဆံပင်များမှ ရအပ်သော အဖိုးဥစ္စာဖြင့် မထေရ်မြတ်အား လှူဖွယ်ဝတ္ထု (=ဆွမ်းပစ္စည်း)ကို ပေးလှူနိုင်လောက်၏”ဟု ဆင်ခြင်စဉ်းစား၍ အထိန်းတော်ကြီးကို လွှတ်ပြီးလျှင် မထေရ်တို့ကိုပင့်၍ အိမ်တွင်း၌ ထိုင်နေစေလေ၏။

     သူဌေးသမီးသည် မထေရ်မြတ်တို့ ထိုင်နေမိကြသောအခါ အိမ်ခန်းတွင်းသို့ဝင်၍ အထိန်းတော်ကြီးကို မိမိ၏ ဆံပင်များကို ရိတ်ဖြတ်စေပြီးလျှင် “အို မိခင်.. ဤဆံပင်များကို ဤအမည်ရှိသော သူဌေးသမီးအား ပေးအပ်၍ ထိုသူဌေးသမီး ပေးသမျှသော အဖိုးဥစ္စာကို ယူဆောင်ခဲ့ပါလော့၊ အရှင်မြတ်တို့အား ဆွမ်းကို လှူဒါန်းကြပါကုန်အံ့”ဟု ပြောဆိုလွှတ်လိုက်လေ၏၊ အထိန်းတော်ကြီးသည် လက်ဖမိုးဖြင့် မျက်ရည်များကိုသုတ်၍ ကျန်လက်တဖက်ဖြင့် မိမိရင်ကို မ-ချီကာ မထေရ်မြတ်တို့၏ အနီး၌ မမြင်ရအောင် ဖုံးဝှက်၍ ထိုဆံပင်များကို ယူဆောင်ကာ (ရှေးက ဆံပင်အဝယ်လွှတ်သော) ထိုသူဌေးသမီးထံသို့ သွားရောက် လေ၏။

“ရောင်းကုန်မည်သည် ကောင်းမွန် အဖိုးထိုက်တန်သော ပစ္စည်းပင်ဖြစ်လင့်ကစား ပစ္စည်းရှင်ကိုယ်တိုင်က ဝယ်ယူသူ့ထံသို့ ပို့အပ်လျှင် ဝယ်ယူမည့်သူက ရိုသေလေးနာမှု မပြုခြင်း = ဈေးနှိမ်ခြင်းကို ဖြစ်စေတတ်မြဲဓမ္မတာ ဖြစ်သည်”။

     သို့ရကား စည်းစိမ်ရှင် (=ဆံပင်နည်းပါးသော) သူဌေးသမီးသည် “ငါကား ရှေးက များစွာသောဥစ္စာဖြင့် ပေး၍ ဝယ်ပါသော်လည်း ဤဆံပင်များကို ဆောင်ယူစေခြင်းငှါ



၂၁၉

(=ရယူခြင်းငှါ) မတတ်နိုင်ခဲ့ချေ။ ယခုမူကား ဖြတ်ပြီးသောအချိန်မှစ၍ ထိုသူဌေးသမီးသည် မူလတန်ဖိုးကို ရနိုင်တော့မည်မဟုတ် = ငါဆိုသမျှ သင်းခံရမည်သာ ဖြစ်၏”ဟု ကြံစည်ကာ အထိန်းတော်ကြီးကို “အို အထိန်းတော်ကြီး.. ကျွန်မသည် ရှေးက အထိန်းတော်ကြီး၏ သခင်မကို များစွာသောဥစ္စာဖြင့် ပေး၍ ဝယ်ပါသော်လည်း ဆံပင်များကို ဆောင်ယူစေခြင်းငှာ (=ရယူခြင်းငှါ) မတတ်နိုင်ခဲ့ပါ၊ တစုံတခုသော နေရာ၌ ကျလိုရာကျပြီးသည့် အသက်မဲ့ ဆံပင်တို့မည်သည် ရှစ်ကျပ်သာ အဖိုးတန်ပါကုန်၏”ဟု ပြောဆိုဈေးနှိမ်ကာ အထိန်းတော်ကြီးအား ငွေ့ရှစ်ကျပ်ကိုသာ ပေးလိုက်လေ၏။

     အထိန်းတော်ကြီးသည် အသပြာရှစ်ကျပ်တို့ကို ယူဆောင်ခဲ့၍ (စီးပွါးပျက်) သူဌေးသမီးအား ပေးလိုက်လေ၏။ (စီးပွားပျက်) သူဌေးသမီးသည် ဆွမ်း တပါး တပါးစာလျှင် အသပြာ တကျပ်တန် တကျပ်တန် ပြုလုပ်၍ မထေရ်မြတ် ရှစ်ပါးတို့အား ဆက်ကပ် လှူဒါန်းလေ၏၊ အရှင်ကစ္စည်းမထေရ်မြတ်သည် ဆင်ခြင်ကြည့်ရှုတော်မူလတ်သော် သူဌေးသမီး၏ ဥပနိဿယည်း အားကြီးသော ကောင်းမှုကို မြင်တော်မူလတ်၍ “သူဌေးသမီးသည် ယခုအခါ အဘယ်မှာနည်း”ဟု မေးတော်မူ၏။ အထိန်းတော်ကြီးက “ အိမ်ခန်းထဲမှာပါ အရှင်ဘုရား..”ဟု လျှောက်ထားလေလျှင် မထေရ်မြတ်သည် “ထိုဆွမ်းဒါယိကာ သူဌေးသမီးကို ခေါ်လိုက်ကြလော့”ဟု မိန့်တော်မူလေ၏။

     ဆွမ်းဒါယိကာ သူဌေးသမီးသည်လည်း မထေရ်တို့၌ ရိုသေလှသောကြောင့် တခွန်းတည်းသော စကားဖြင့်ပင် လာရောက်၍ မထေရ်တို့ကို ရှိခိုးပြီးလျှင် အားကြီးသော သဒ္ဓါတရားကို အထပ်ထပ် ဖြစ်ပွါးစေလေ၏။ (လယ်ယာမြေကောင်းသဖွယ်ဖြစ်သော ဤသာသနာတော်၌ သဒ္ဓါကြည်ဖြူ တည်လှူကြဲချအပ်သော ဆွမ်းအလှူဒါန မျိုးစေ့သည် မျက်မှောက်ဘဝ၌ပင် အကျိုးပေး၏)၊ သို့ရကား မထေရ်တို့ကို ရှိခိုးလိုက်သည်နှင့် တပြိုင်နက် (=ရှိခိုးလျှင် ရှိခိုးခြင်း) ဆွမ်းဒါယိကာ သူဌေးသမီး၏



၂၂၀

ဆံပင်များသည် မူလပကတိ အဖြစ်၌သာလျှင် တည်ကြလေကုန်၏ (=မူလပကတိအတိုင်း ပြန်၍ ဖြစ်လာကြသည်)။ မထေရ်တို့သည်လည်း ထိုဆွမ်းကို အလှူခံတော်မူကြ၍ သူဌေးသမီး မြင်စဉ်ပင် ကောင်းကင်သို့ ပျံတက် ကြွသွားကြကာ စဏ္ဍပဇ္ဇောတမင်း၏ “ကဉ္စန၀န”မည်သော ဥယျာဉ်၌ သက်ဆင်းတော်မူကြလေကုန်၏။

     ဥယျာဉ်မှူးသည် အရှင်ကစ္စည်းမထေရ်ကို မြင်ရလျှင် မင်းကြီးထံသို့ သွားရောက်၍ “အရှင်မင်းကြီး.. ကျွန်ုပ်၏အရှင် ကစ္စာနပုရောဟိတ်သည် ရှင်ရဟန်းပြုပြီး၍ ဥယျာဉ်တော်သို့ ကြွရောက်လာပါပြီ”ဟု လျှောက်ထားလေ၏။ စဏ္ဍပဇ္ဇောတမင်းသည် ဥယျာဉ်သို့ သွားရောက်၍ ဆွမ်းကိစ္စပြုပြီးသော အရှင်ကစ္စည်းမထေရ်ကို တည်ခြင်းငါးမျိုးဖြင့် ရှိခိုးပြီးသော် အပြစ်လွတ်ရာ နေရာ၌ ထိုင်နေလျက် “အရှင်ဘုရား.. မြတ်စွာဘုရား အဘယ်မှာနည်း”ဟု မေးလျှောက်လေ၏။ အရှင်ကစ္စည်းမထေရ်က “မြတ်သောမင်းကြီး.. မြတ်စွာဘုရားသည် ကိုယ်တော်တိုင် ကြွလာတော်မမူသေးပဲ ငါ့ကို လွှတ်လိုက်၏”ဟု မိန့်ဆိုလေလျှင် စဏ္ဍပဇ္ဇောတမင်းသည် “အရှင်ဘုရား.. အရှင်ဘုရားတို့သည် ယနေ့ ဘုဉ်းပေးရန်ဆွမ်းကို အဘယ်အရပ်၌ ရပါကုန်သနည်း”ဟု မေးလျှောက်ပြန်လေ၏။ အရှင်ကဉ္စည်းမထေရ်သည် မင်းကြီး၏အမေးနှင့် လိုက်လျော သဘောတူညီစွာ ဆွမ်းဒါယိကာ သူဌေးသမီး ပြုလုပ်အပ်သည့် ခဲယဉ်းစွာသော ကောင်းမှုကုသိုလ် အကြောင်ကို အလုံးစုံ ပြန်ကြား မိန့်တော်မူလေ၏။

     စဏ္ဍပဇ္ဇောတမင်းကြီးသည် အရှင်ကစ္စည်းမထေရ်၏အတွက် နေရာဌာနကို ကြပ်မစီမံ၍ မထေရ်မြတ်ကို နက်ဖြန် ဆွမ်းအလို့ငှါ ပင့်ဖိတ်ပြီးသော် ရွှေနန်းတော်သို့ ပြန်သွားလျက် ဆွမ်းဒါယိကာ သူဌေးသမီးကို မင်းအာဏာဖြင့် ခေါ်ယူ၍ မိဖုရားကြီးအရာ၌ မြှောက်စား တင်ထားလေ၏။ ဤဆွမ်းဒါယိကာ သူဌေးသမီး၏ ပဌမဇော ကုသိုလ်စေတနာအတွက် မျက်မှောက်ဘ၀၌ဖြစ်သော စည်းစိမ်ချမ်းသာကို ရရှိမှုသာလျှင် ဖြစ်လေ၏။



၂၂၁

(ဤ၌ ဆိုလိုရင်းမှာ- ဆွမ်းလှူမှု စသည်ကို ပြုလုပ်ရာ၌ မဟာကုသိုလ်ဇောစေတနာ ခုနစ်ပါးတို့ ရှိကြသည့်အနက် ပဌမဇောစေတနာသည် အကြောင်းညီညွတ်က မျက်မှောက်ဘ၀၌ အကျိုးပေး၏၊ ထို့ကြောင့် ထိုပဌမဇောစေတနာကို ဒိဋ္ဌဓမ္မဝေဒနီယကံဟူ၍ ခေါ်၏၊ မျက်မှောက်ဘ၀၌ အကျိုးပေးသောကံဟု ဆိုလိုသည်။ သတ္တမဇောစေတနာသည် အကြောင်းညီညွတ်က ဒုတိယဘ၀၌ အကျိုးပေး၏၊ ထို့ကြောင့် ထို သတ္တမဇောစေတနာကို ဥပပဇ္ဇဝေဒနီယကံဟူ၍ ခေါ်၏၊ အခြားမဲ့ဘဝ၌ အကျိုးပေးသောကံဟု ဆိုလိုသည်။ အလယ်ဇောငါးချက်ပါ စေတနာတို့သည် အကြောင်းညီညွတ်က တတိယဘဝမှစ၍ အဆက်ဆက်သော ဘ၀၌ အကျိုးပေးကုန်၏။ ထို့ကြောင့် ထိုစေတနာတို့ကို အပရာပရိယဝေဒနီယကံဟူ၍ ခေါ်၏၊ အဆက်ဆက်သော ဘ၀၌ အကျိုးပေးသောကံဟု ဆိုလိုသည်။

ကံက အကျိုးပေးရာ၌ အကျိုးသည် ဘ၀အကျိုး, ဘ၀သမ္ပတ္တိအကျိုးဟူ၍ နှစ်မျိုးရှိသည်၊ ပဋိသန္ဓေအခါ ပဝတ္တိအခါတို့၌ဖြစ်သော ဝိပါက်နာမ်ခန္ဓာနှင့် ကမ္မဇရုပ်တို့ကို ဘဝအကျိုးဟု ခေါ်၏၊ ထိုဝိပါက် နာမ်ခန္ဓာ ကမ္မဇရုပ်တို့ကို ဥပပတ္တိဘဝဟူ၍ ခေါ်သည်။ ထိုဘဝ၌ ရရှိ ခံစားအပ်သော စည်းစိမ်အမျိုးမျိုးကို ဘဝသမ္ပတ္တိအကျိုးဟူ၍ ခေါ်၏။

ဖော်ပြရာပါ ကံသုံးမျိုးတို့တွင် ဥပပဇ္ဇဝေဒနီယကံနှင့် အပရာပရိယ ဝေဒနီယကံတို့သည် မိမိတို့ဆိုင်ရာ ဘဝအကျိုး, ဘဝသမ္ပတ္တိအကျိုး = နှစ်မျိုးလုံးတို့ကို အပြည့်အစုံ ပေးကြကုန်၏။ ပဌမဇောစေတနာ = ဒိဋ္ဌဓမ္မဝေဒနီယကံသည်ကား ယခုဘဝ၌ အကျိုးပေးရာဝယ် (ဝိပါက် နာမ်ခန္ဓာနှင့် ကမ္မဇရုပ် တည်းဟူသော) ဘဝအကျိုးကိုကား ယခုဘဝ ပဋိသန္ဓေကျိုးပေးလိုက်သော ဇနကကံက အကျိုးပေးပြီးဖြစ်၍ ထိုဘဝအကျိုးကို မပေးနိုင်တော့ပဲ ထိုဘဝ၌ ရရှိခံစားအပ်သော စည်းစိမ်ဥစ္စာ အသုံးအဆောင်အမျိုးမျိုး တည်းဟူသော ဘဝသမ္ပတ္တိအကျိုးကိုသာ ပေးရ၏၊ ထို့ကြောင့် ဤယခု ဆွမ်းဒါယိကာ သူဌေးသမီး၏ ပဌမဇောစေတနာ = ဒိဋ္ဌဓမ္မဝေဒနီယကံသည် ပဝတ္တိအခါ ယခုဘဝ သုံးဆောင်ခံစားအပ်သည့် မိဖုရားကြီးစည်းစိမ်ဥစ္စာ အသုံးအဆောင် တည်းဟူသော ဘဝသမ္ပတ္တိအကျိုးကိုသာ ပေးလေ၏ဟု ဆိုလိုသည်)။

     ထိုအချိန်မှစ၍ စဏ္ဍပဇ္ဇောတမင်းကြီးသည် အရှင်ကစ္စည်းမထေရ်အား ကြီးစွာသော ပူဇော်သက္ကာရ ပြုလေ၏။



၂၂၂

အရှင်ကစ္စည်းမထေရ်မြတ်၏ တရားစကား၌ ကြည်ညိုကြသောကြောင့် အမျိုးကောင်းသား လူများအပေါင်းသည် မထေရ်မြတ်ထံ၌ ရဟန်းပြုကြလေ၏။ ထိုအချိန်မှစ၍ ဥဇ္ဇေနီပြည်အလုံးသည် တခဲနက် သင်္ကန်းရောင်ဖုံးလျက် ရဟန်းတော်တို့၏ သွား,လာသောလေဖြင့် တိုက်ခတ်လျက် ရှိလေ၏။ ထိုမိဖုရားသည်လည်း ကိုယ်ဝန်သားကိုရ၍ ဆယ်လလွန်မြောက်သောအခါ သားကို ဖွားမြင်လေ၏၊ ထိုမင်းသား အမည်မှည့်သောနေ့၌ အဖိုး(=အမိ၏ဖခင်) ဂေါပါလသူဌေးကြီး၏ အမည်ကိုယူ၍ “ဂေါပါလမင်းသား”ဟု အမည်မှည့်ကြလေကုန်၏။ မိဖုရားကြီးသည် သား၏အမည်နှင့် ဆက်စပ်၍ “ဂေါပါလမာတာ မိဖုရား”ဟု အမည် ထင်ရှားလေသည်။ ဂေါပါလမာတာ မိဖုရားကြီးသည် အရှင်ကစ္စည်းမထေရ်၌ အလွန်လျှင် ကြည်ညိုရကား မင်းကြီးထံ ခွင့်ပန်၍ ကဉ္စနဝနဥယျာဉ်တော်၌ အရှင်ကစ္စည်း မထေရ်မြတ်အတွက် ကျောင်းတိုက်ကြီး တည်ဆောက် လှူဒါန်းလေ၏။ အရှင်ကစ္စည်း မထေရ်မြတ်သည် ဥဇ္ဇေနီ ပြည်သူပြည်သားတို့ကို သာသနာတော်၌ သက်ဝင်ကြည်ညိုစေပြီးလျှင် မြတ်စွာဘုရားရှင် အထံတော်သို့ တဖန် ပြန်ကြွတော်မူလေ၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     မြတ်စွာဘုရားရှင်သည် နောက်တချိန်ဝယ် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး နေထိုင်တော်မူလျက် ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ထူး နှင်းအပ်တော်မူသောအခါ (၁) မဓုပိဏ္ဍိကသုတ်၊ (၂) ကစ္စာယနပေယျာလ၊ (၃) ပါရာယနသုတ် = ဤသုတ္တန်သုံးခုတို့ကို အကြောင်းအဋ္ဌုပ္ပတ္တိပြု၍ အရှင်ကစ္စည်း မထေရ်မြတ်ကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ သံခိတ္တေန ဘာသိတဿ ဝိတ္တာရေန အတ္ထံ ဝိဘဇန္တာနံ ယဒိဒံ မဟာကစ္စာနော = ရဟန်းတို့.. အကျဉ်းဟောကြားအပ်သော တရားစကား၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဝေဘန်ခွဲခြား စိတ်ဖြာ ဟောကြားတတ်သော



၂၂၃

ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် မဟာကစ္စာနရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မြွက်ဆိုတော်မူကာ ဧတဒဂ် ထားတော်မူလေ၏။

     ဤအရှင်မဟာကစ္စည်း ဟောကြားအပ်သော တရားတို့ကို အပဒါန်ပါဠိအဋ္ဌကထာ, ထေရဂါထာ ပါဠိအဋ္ဌကထာ- စသည်တို့မှ ထုတ်နုတ်မှတ်ယူရာ၏။

ဤကား အရှင်ကစ္စည်းမထေရ် အကြောင်းတည်း။

**********