အရှင်မန္တာဏိပုတ္တ- ပုဏ္ဏမထေရ်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၉) အရှင်မန္တာဏိပုတ္တ- ပုဏ္ဏမထေရ်အကြောင်း

(၉) အရှင်မန္တာဏိပုတ္တ-ပုဏ္ဏမထေရ်အကြောင်း

(မထေရ်၏ အမည်တော်ရင်းမှာ ပုဏ္ဏ-အမည်တော် ရှိသည်၊ အရှင်ကောဏ္ဍညမထေရ်ကြီး၏နှမ မန္တာဏီပုဏ္ဏေးမ၏ သားတော်ဖြစ်ခြင်းကြောင့် မန္တာဏိပုတ္တပုဏ္ဏမထေရ်ဟူ၍ အမည်တော်တွင်လေသည်)။

(က) မထေရ်၏ ရှေးဆုတောင်း

     ဤအရှင် မန္တာဏိပုတ္တ-ပုဏ္ဏမထေရ်အလောင်း အမျိုးကောင်းသားသည် လွန်ခဲ့သော ကမ္ဘာတသိန်းထက်က ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူသည်မှ ရှေးဦးကပင်လျှင် (=ပွင့်တော်မမူမီကပင်) ဟံသာဝတီမြို့ဝယ် ပုဏ္ဏားသူဌေးမျိုး၌ ဖြစ်ခဲ့လေသည်။ ထိုအမျိုးကောင်းသားကို အမည်မှည့်သောနေ့၌ မိဖဆွေမျိုးတို့က ဂေါတမဟူ၍ အမည်မှည့်ကြလေသည်။

     ထိုဂေါတမပုဏ္ဏား သူဌေးသားသည် အရွယ်သို့ရောက်လတ်သော် ဗေဒင်သုံးပုံတို့ကို သင်၍ ခပ်သိမ်းသော အတတ်တို့၌ ကျွမ်းကျင်လိမ္မာသူဖြစ်ကာ လုလင်(တပည့်)ငါးရာ အခြံအရံရှိလျက် လှည့်လည်ကျက်စား သွားလာနေစဉ် ဗေဒင်သုံးပုံတို့ကို စဉ်းစားဆင်ခြင်ကြည့်ရှု၍ ထိုဗေဒင်များ၌ သံသရာမှ လွတ်မြောက်ကြောင်းတရားကို မတွေ့မမြင်ရကား “ဤဗေဒင်သုံးပုံမည်သည် ငှက်ပျောတုံးပမာ အပြင်မှာ ချောမွေ့လျက် အတွင်းမှာကား အနှစ်မရှိချေ။ ဤဗေဒင်သုံးပုံကို အမြတ်တနိုး စွဲယူ၍ ယခုလို ငါလှည့်လည်နေခြင်းသည် ဖွဲကို ဆန်ရနိုးနိုးဖြင့် ထုထောင်းခြင်းနှင့် တူလှ၏၊ ငါ့အဖို့ရာ ဤဗေဒင်သုံးပုံဖြင့်



၂၀၃

အဘယ်အကျိုးရှိအံ့နည်း = မရှိသည်သာတည်း”ဟု ကြံစည်ပြီးနောက် တဖန် ဆက်လျှောက်၍ “ငါသည် ရသေ့ရဟန်းပြုလုပ်၍ ဗြဟ္မဝိဟာရဈာန်များကို ဖြစ်ပွါးစေကာ ဈာန်မလျှောကျသူဖြစ်လျက် ဗြဟ္မာ့ပြည်သို့ ဘဝပဋိသန္ဓေ ကပ်ရောက်သူ ဖြစ်ချိမ့်မည်”ဟု တပည့် လုလင်ငါးရာတို့နှင့် အတူတကွ တောင်ခြေသို့ သွား ရောက်လျက် ရသေ့ရဟန်းပြု၍ နေလေ၏။

     ထိုဂေါတမရသေ့၏ အခြံအရံ တပည့်ရသေ့တို့ကား ဆံကျစ်ရသေ့ပေါင်း တသောင်းရှစ်ထောင်တို့ ဖြစ်ကြလေသည်။ ဆရာ ဂေါတမရသေ့သည် ကိုယ်တိုင်က လောကီအဘိညာဏ်ငါးပါး, လောကီဈာန် သမာပတ်ရှစ်ပါးတို့ကို ဖြစ်စေပြီးနောက် ထိုတပည့်ရသေ့ တသောင်းရှစ်ထောင်တို့အားလည်း ကသိုဏ်းပရိကံ ပွါးများပုံကို သင်ကြားပြသ၍ ပေးလေ၏၊ တပည့်ရသေ့ တသောင်းရှစ်ထောင်တို့သည်လည်း ထိုဆရာ ဂေါတမရသေ့၏ အဆုံးအမ၌ တည်ကြ၍ အကုန်လုံးပင် လောကီအဘိညာဏ်ငါးပါး, လောကီဈာန် သမာပတ်ရှစ်ပါးတို့ကို ဖြစ်ပွါးစေကြလေ၏။

   ဤနည်းဖြင့် အချိန်ကြာညောင်း၍ ဆရာဂေါတမရသေ့ အသက်အရွယ်အိုမင်း ရင့်ရော်သောအခါ၌ ပဒုမုတ္တရ မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီး ဓမ္မစကြာတရားဦး ဟောတော်မူပြီးနောက် ရဟန်းတသိန်း ခြံရံလျက် ဖွားတော်မူရာ ဟံသာဝတီ မင်းနေပြည်ကို အမှီဂေါစရဂါမ်ပြု၍ သီတင်းသုံး နေတော်မူဆဲဖြစ်၏။ ပဒုမုတ္တရမြတ်စွာဘုရားသည် တနေ့သ၌ နံနက် မိုးသောက်ထအခါ သတ္တလောကကို ကြည့်ရှုတော်မူလေလျှင် ဂေါတမရသေ့၏တပည့် ရသေ့ပေါင်း တသောင်းရှစ်ထောင်တို့၏ အရဟတ္တဖိုလ်ရကြောင်း ရှေးကောင်းမှုကို၎င်း, ကိုယ်တော်မြတ် ကြွသွားလျှင် ဆရာဖြစ်သော ဂေါတမရသေ့ကလည်း “ငါသည် နောက်အခါ ပွင့်တော်မူမည့် ဘုရားရှင်၏ သာသနာ၌ ဓမ္မကထိက = တရားဟောကောင်းကြသော ရဟန်းတို့အနက် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်ရပါလို၏”ဟု ဆုတောင်းလိမ့်မည်ကို၎င်း မြင်တော်မူ၍ စောစောပင် ကိုယ်လက်သုတ်သင်မှု



၂၀၄

ပြုတော်မူကာ ကိုယ်တော်မြတ်၏ သပိတ်သင်္ကန်းကို ကိုယ်တော်တိုင်ပင် ယူဆောင်တော်မူ၍ မထင်ရှားသောအသွင်ဖြင့် ဂေါတမရသေ့၏တပည့်များ သစ်မြစ်သစ်သီးရှာရန် သွားကြသည်ရှိသော် ကြွတော်မူ၍ ဂေါတမရသေ့၏ သင်္ခမ်းကျောင်း တံခါးဝ၌ ရပ်တည်တော်မူလေ၏။

     ဂေါတမ ဆရာရသေ့သည် မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူသည်ကို ကြိုတင်၍ သိမထားသော်လည်း အဝေးမှပင် ပဒုမုတ္တရ မြတ်စွာဘုရားရှင်ကို မြင်ရလျှင် “ဤယခု ကြွရောက်လာသော ပုဂ္ဂိုလ်မြတ်၏ ကိုယ်ခန္ဓာတော် ပြည့်စုံပြီးစီးမှုကို ထောက်ရှုဆင်ခြင်လျှင် ယင်းလက္ခဏာတို့နှင့် ပြည့်စုံသောသူသည် အိမ်ရာတည်ထောင် လူ့ဘောင်၌ တည်နေလျှင် စကြဝတေးမင်း ဖြစ်နိုင်၏။ ရဟန်းပြုလျှင် ကိလေသာအမိုးကို ပယ်ချိုးဖွင့်လှစ်နိုင်သည့် သဗ္ဗညုဘုရားစင်စစ် ဖြစ်နိုင်၏။ သို့ရကား ဤယခု ကြွရောက်လာသော ယောက်ျားမြတ်သည် လောကသုံးပါးမှ လွတ်မြောက်ပြီးသူဖြစ်၍ ထင်ပေ၏”ဟု မဟာပုရိသ လက္ခဏာကျမ်းအရ ဘုရားဖြစ်ကြောင်း ကောင်းစွာရိပ်မိ သိရှိပြီးလျှင် ရှေးဦးစွာ မြင်လျှင်မြင်ခြင်းပင် မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးဦးညွှတ်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤအရပ်မှ ကြွတော်မူပါဘုရား”ဟု လျှောက်ထားကာ ဘုရားနေရာတော်ကို ခင်း၍ပေးလေ၏။ ပဒုမုတ္တရ မြတ်စွာဘုရားသည် ခင်းအပ်သောနေရာ၌ ထိုင်နေတော်မူကာ ဂေါတမရသေ့အား တရားဟောနေတော်မူလေ၏။

     ထိုအချိန်၌ တပည့် ဆံကျစ်ရသေ့တို့သည် “ကောင်းနိုးရာရာ တောသစ်မြစ်, သစ်သီးကြီးငယ်တို့ကို ငါတို့ဆရာကြီးအား ပေးလှူပြီးလျှင် ကြွင်းကျန်သည်ကို ငါတို့ စားကြကုန်အံ့”ဟူသော အကြံဖြင့် ပြန်လာကြသည်ရှိသော် မြင့်သောနေရာ၌ မြတ်စွာဘုရားရှင် ထိုင်နေတော်မူသည်ကို၎င်း, နိမ့်သောနေရာ၌ မိမိတို့၏ ဆရာကြီး ထိုင်နေသည်ကို၎င်း ပက်ပင်းတွေ့မြင်ကြရ၍ “ကြည့်ကြစမ်းပါ, ငါတို့သည် ‘ဤလောက၌ ငါတို့ဆရာထက် သာလွန်မြင့်မြတ်သူ မရှိ’ဟု အောက်မေ့ကြကာ လှည့်လည်ခဲ့ကြကုန်၏။



၂၀၅

ယခုမူကား ငါတို့ဆရာကို နိမ့်သောနေရာ၌ ထိုင်စေ၍ မိမိကိုယ်တိုင်ကမူ မြင့်သောနေရာ၌ ထိုင်နေသော ပုဂ္ဂိုလ်မြတ်ကြီးတပါးကို ထင်ရှားစွာ တွေ့မြင် သိရှိအပ်လေပြီ။ ဤပုဂ္ဂိုလ်သူမြတ်ကား အလွန်မြင့်မြတ် ပူဇော်အပ်သူ ဖြစ်ပေလိမ့်တကား”ဟု ကြံစည်ကြ၍ သစ်သီးခြင်းတောင်းများကို ယူဆောင်ကာ ရှေးရှု လာရောက်ကြလေကုန်၏။

     ဆရာ ဂေါတမရသေ့သည် “ရသေ့တို့ကား ငါ့ကို မြတ်စွာဘုရားရှင်၏ အနီးထံတော်မှောက်၌ပင် ရှိခိုးကြကုန်လေရာ၏”ဟု တပည့်ရသေ့တို့ ရှိခိုးကြမည်မှ ကြောက်ရွံ့ စိုးခန့်ရကား အဝေးမှပင် “တပည့်တို့.. ငါ့ကို ရှိမခိုးကြကုန်လင့်၊ နတ်ဗြဟ္မာနှင့်တကွသော သတ္တလောကဝယ် အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူလျက် သူခပ်သိမ်းတို့ ရှိခိုးထိုက်သော ပုဂ္ဂိုလ်မြတ်သည် ဤအရပ်၌ ထိုင်နေတော်မူသည်။ ထိုပုဂ္ဂိုလ်မြတ်ကို ရှိခိုးကြလော့”ဟု တိုက်တွန်းစကား ပြောကြားလေ၏။ တပည့်ရသေ့တို့သည်လည်း “ဆရာကြီးသည် မသိပဲ ပြောကြားလိမ့်မည်မဟုတ်”ဟု အားလုံးပင် မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးကြလေကုန်၏။

     ဆရာကြီးသည် “တပည့်တို့.. ငါတို့၏အဖို့ရာ မြတ်စွာဘုရားအား အခြားလှူရန် ဘောဇဉ်ဟူ၍ မရှိချေ။ ဤတောသစ်မြစ်, သစ်သီးကြီးငယ်ကိုပင် လှူကြကုန်စို့”ဟု ပြောဆို၍ ကောင်းနိုးရာရာ သစ်မြစ်သစ်သီးများကို မြတ်စွာဘုရား၏ သပိတ်တော်၌ လောင်းထည့် လှူဒါန်းလေ၏။ မြတ်စွာဘုရားရှင် တောသစ်မြစ် သစ်သီးတို့ကို ဘုဉ်းပေးပြီးသောအခါမှ ဆရာရသေ့သည် တပည့်တို့နှင့် အတူတကွ တောသစ်မြစ်, သစ်သီးတို့ကို စားသုံးလေသည်။

     မြတ်စွာဘုရားရှင်သည် သစ်သီးဆွမ်း ဘုဉ်းပေးပြီးလတ်သော် “အဂ္ဂသာဝက ရဟန်းနှစ်ပါးတို့သည် ရဟန်းတသိန်းကို ခေါ်ဆောင်၍ ငါ့ထံမှောက် လာရောက်ကြစေသတည်း”ဟု ကြံစည် တောင့်တတော်မူလိုက်၏။ ထိုခဏ၌ အဂ္ဂသာဝကဖြစ်သော မဟာဒေဝလမထေရ်သည် “မြတ်စွာဘုရားသည် အဘယ်အရပ်သို့



၂၀၆

ကြွသွားတော်မူသနည်း”ဟု ဆင်ခြင်သည်ရှိသော် “မြတ်စွာဘုရားသည် ကိုယ်တော့်ထံမှောက် ငါတို့၏ လာရောက်ခြင်းကို တောင့်တတော်မူ၏”ဟု သိ၍ ရဟန်းတသိန်းကို ခေါ်ဆောင်ပြီးလျှင် မြတ်စွာဘုရား အထံတော်သို့ သွားရောက်ရှိခိုး ဦးညွှတ်လျက် ရပ်တည်ကာ နေလေ၏။

     ဆရာ ဂေါတမရသေ့သည် တပည့်များကို “တပည့်တို့.. ငါတို့မှာ ရဟန်းသံဃာအား အခြား ပူဇော်ဖွယ်ဟူ၍ မရှိချေ၊ ရဟန်းသံဃာသည် ဆင်းဆင်းရဲရဲ ရပ်တည်၍ နေရ၏၊ ဘုရားအမှူးရှိသော ရဟန်းသံဃာအတွက် ပန်းနေရာတော် ခင်းကြကုန်စို့၊ တပည့်တို့သည် ရေပန်း ကြည်းပန်းတို့ကို လျင်မြန်စွာ ဆောင်ယူခဲ့ကြလော့”ဟူ၍ ပြောဆိုလေ၏။ တပည့်ရသေ့များသည် ထိုခဏမှာပင် တောင်ခြေမှ အဆင်းအနံ့နှင့်ပြည့်စုံသော ပန်းတို့ကို တန်ခိုးဖြင့် ဆောင်ယူခဲ့ကြ၍ အောက်-အရှင်သာရိပုတ္တရာမထေရ် ဝတ္ထု၌ ဆိုအပ်ပြီးသော နည်းအတိုင်း ပန်းနေရာတော်တို့ကို ခင်းကြလေကုန်၏။ ထို့နောက် မြတ်စွာဘုရားနှင့် သံဃာတော်တို့ နိရောဓသမာပတ် ဝင်စားကြသောအကြောင်း, ရသေ့တို့ ပန်းထီးမိုး၍ ပေးကြသောအကြောင်း-စသည် အလုံးစုံကို အောက်-အရှင်သာရိပုတ္တရာမထေရ်ဝတ္ထု၌ ဆိုအပ်ပြီးသော နည်းအတိုင်း သိမှတ်ရာ၏။

     မြတ်စွာဘုရားသည် ခုနစ်ရက်မြောက်သောနေ့၌ နိရောဓသမာပတ်မှ ထတော်မူလတ်သည်ရှိသော် ဝန်းရံလျက် ရပ်တည်နေကြသော ရသေ့တို့ကို မြင်တော်မူ၍ တရားဟောကောင်းသော အရာဝယ် ဧတဒဂ်ဘွဲ့ထူးရ သာဝကရဟန်းတော်ကို “ချစ်သား.. ဤရသေ့အပေါင်းသည် ကြီးစွာသော ပူဇော်သက္ကာရမှု ပြုအပ်ပေပြီ၊ ချစ်သားသည် ထိုရသေ့တို့အား ပန်းနေရာ အနုမောဒနာတရား ဟောကြားလော့”ဟု မိန့်တော်မူလေ၏။ ထိုဧတဒဂ်ဘွဲ့ထူးရ ရဟန္တာအရှင်မြတ်သည် မြတ်စွာဘုရား မိန့်ကြားတော်မူချက်ကို ဦးထိပ်ရွက်ပန်ဆင်လျက် ပိဋကတ်သုံးပုံတို့ကို သုံးသပ်ဆင်ခြင်ကာ အနုမောဒနာတရား ဟောကြားလေ၏။



၂၀၇

ထိုရဟန်း အနုမောဒနာတရား ဟောကြား၍ ပြီးဆုံးသောအခါ မြတ်စွာဘုရားသည် ကိုယ်တိုင်ပင် ဗြဟ္မာသံ ကျူးငြိတ်၍ မဂ်ဖိုလ်ရကြောင်းတရားကို ဆက်လက်၍ ဟောကြားတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးလတ် သောအခါ ဆရာဂေါတမရသေ့ကိုထား၍ ကြွင်းကျန်သည့် တသောင်းရှစ်ထောင်သော တပည့် ဆံကျစ် ရသေ့တို့သည် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြလေကုန်၏။

     ဆရာဖြစ်သူ ဂေါတမရသေ့သည်ကား ထိုကိုယ်၏အဖြစ်ဖြင့် ပဋိဝေဓတရားထူးကို မရနိုင်ရကား မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. ရှေးဦးစွာ တရားဟောသော ရဟန်းသည် အရှင်ဘုရား၏ သာသနာတော်ဝယ် အဘယ်အမည်ရှိပါသနည်း”ဟု မေးလျှောက်လေ၏။ မြတ်စွာဘုရားရှင်က “ဂေါတမရသေ့.. ဤရှေးဦးစွာ တရားဟောသော ရဟန်းသည် ငါဘုရား၏ သာသနာ၌ တရားဟောကောင်းကြသော = ဓမ္မကထိကရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်ပေ၏”ဟု မိန့်တော်မူလေလျှင် ဂေါတမရသေ့သည် “မြတ်စွာဘုရား.. တပည့်တော်သည်လည်း ဤခုနစ်ရက် ပြုလုပ်အပ်သော အဓိကာရ ကောင်းမှုကုသိုလ်၏ အကျိုးအားကြောင့် ဤရှေးဦးစွာ တရားဟောသော ရဟန်းကဲ့သို့ နောက်အခါဝယ် တဆူဆူသော ဘုရားရှင်၏ သာသနာတော်၌ တရားဟောကောင်းကြသော = ဓမ္မကထိကရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်ရပါလို၏”ဟု ဆုတောင်းပတ္ထနာမှု ပြုလုပ်၍ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဝပ်စင်းလျက် နေလေ၏။

     ပဒုမုတ္တရ မြတ်စွာဘုရားသည် အနာဂတ်ကို ရှုကြည့်တော်မူလတ်သော် ထိုဂေါတမရသေ့၏ တောင့်တချက် အန္တရာယ်မရှိပဲ ပြည့်စုံမည်ကို မြင်တော်မူလတ်၍ “နောက်အခါဝယ် ကမ္ဘာတသိန်းအဆုံး၌ ဂေါတမမြတ်စွာဘုရား ပွင့်ထွန်းတော်မူလိမ့်မည်။ ထိုအခါ သင်သည် ထိုဂေါတမမြတ်စွာ သာသနာ၌ တရားဟောကောင်းကြသော = ဓမ္မကထိကပုဂ္ဂိုလ်တို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်စကား



၂၀၈

မိန့်ကြားတော်မူပြီးလျှင် အရဟတ္တဖိုလ်သို့ ရောက်ပြီးကြသော တပည့်ရသေ့တို့ကို “ဧထ ဘိက္ခဝေါ = ရဟန်းတို့.. လာကြလော့”ဟု ဧဟိဘိက္ခု ခေါ်တော်မူလေ၏။ ထိုအခါ တပည့်ရသေ့ အားလုံးတို့သည်ပင် ဆံမုတ်ဆိတ်များ (မရိတ်ရပဲ) အလိုလို ကွယ်ပျောက် ဣဒ္ဓိမယ သပိတ်သင်္ကန်းတို့ ကိုယ်ဝယ်အဆင်သင့် ရောက်ရှိဝတ်ရုံပြီးဖြစ်ကာ အဝါ(၆ဝ)ခြောက်ဆယ် = သက်တော်ရှစ်ဆယ် ရှိကြသည့် မထေရ်ကြီးများကဲ့သို့ ရသေ့အသွင်ကွယ်ပျောက် ရဟန်းအဖြစ်သို့ အကြွင်းမဲ့ ရောက်ကြလေကုန်၏။ ပဒုမုတ္တရ မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို နောက်ပါခေါ်ဆောင်၍ ကျောင်းတော်သို့တဖန် ပြန်ကြွတော်မူလေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ဂေါတမ ရှင်ရသေ့သည်လည်း အသက်ထက်ဆုံး မြတ်စွာဘုရားကို ပြုစုလုပ်ကျွေး၍ အစွမ်းရှိသလောက် ကောင်းမှုကုသိုလ် ပြုပြီးလျှင် ကမ္ဘာတသိန်းပတ်လုံး နတ်ပြည် လူ့ပြည်တို့၌သာ ကျင်လည်ရ၍ အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာ ကာလဝယ် ကပိလဝတ် မင်းနေပြည်တော်၏အနီး ဒေါဏဝတ္ထုမည်သော ပုဏ္ဏားရွာ၌ ပုဏ္ဏားသူဌေးမျိုးဝယ် ပဋိသန္ဓေ တည်နေဖြစ်ပွါးလာလေ၏။ ထိုသူငယ်၏အမည်ကို မိဖဆွေမျိုးတို့က “ပုဏ္ဏ”ဟူ၍ မှည့်ခေါ်ကြလေသည်။

     မြတ်စွာဘုရားရှင်သည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်တို့ကို ရ၍ ဓမ္မစကြာတရား ဟောကြားတော်မူပြီးသော် အစဉ်သဖြင့် ကြွရောက်၍ ရာဇဂြိုဟ်ပြည်ကို အမှီဂေါစရဂါမ်ပြုကာ နေထိုင်တော်မူစဉ် အရှင်အညာသိကောဏ္ဍည မထေရ်သည် ကပိလဝတ်ပြည် ဒေါဏဝတ္ထုပုဏ္ဏားရွာသို့ ကြွရောက်၍ မိမိ၏တူ (=နှမ၏သား)ဖြစ်သူ ပုဏ္ဏလုလင်ကို ရှင်ရဟန်းပြုပေးပြီးလျှင် ရဟန်းတရား အားထုတ်ပုံကိုပါ ဟောပြခဲ့၍ နောက်တနေ့၌ မြတ်စွာဘုရား အထံတော်သို့ လာရောက်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးခွင့်ပန်၍ အမြဲနေထိုင်ရန် အလို့ငှါ ဆဒ္ဒန်အိုင်သို့ ကြွသွားတော်မူလေ၏။



၂၀၉

     မန္တာဏိပုတ္တ-အရှင်ပုဏ္ဏ မထေရ်သည်ကား ဦးကြီး (=အမေ့မောင်)ဖြစ်သူ အရှင်အညာသိကောဏ္ဍညမထေရ်နှင့် အတူတကွ ဘုရားရှင်ထံတော်သို့ မလိုက်ပါပဲ “ငါ၏ ရဟန်းကိစ္စ အထွတ်အထိပ် = အရဟတ္တဖိုလ်သို့ ရောက်စေပြီးမှသာလျှင် ငါသည် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက် ဖူးမြော်တော့မည်”ဟု ကြံစည် ဆုံးဖြတ်၍ ကပိလဝတ်ပြည်မှာပင် ချန်နေရစ်ခဲ့လျက် ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်လေလျှင် မကြာမီပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေ၏။

     ထိုအရှင် မန္တာဏိပုတ္တ-ပုဏ္ဏမထေရ်၏ အထံ၌ အမျိုးကောင်းသား ငါးရာတို့သည် ရှင်ရဟန်းပြုကြလေ၏။ မထေရ်မြတ်သည် ကိုယ်တော်တိုင်ကပင် ကထာဝတ္ထုဆယ်ပါး*တို့ကို ရယူလိုက်နာ ကျင့်သုံးလေ့ ရှိတော်မူသောကြောင့် ထိုအမျိုးကောင်းသား ရဟန်းငါးရာတို့ကိုလည်း ကထာဝတ္ထု ဆယ်ပါးတို့ဖြင့်ပင် ဆုံးမတော် မူလေ၏။ ထိုရဟန်း ငါးရာတို့သည် အရှင်မန္တာဏိပုတ္တ-ပုဏ္ဏမထေရ်၏ အဆုံးအမ ဩဝါဒ၌ တည်ကြကာ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်ကြသဖြင့် ငါးရာလုံးပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြလေကုန်၏။


* ကထာဝတ္ထုဆယ်ပါး-ဟူသည်မှာ (၁) အပ္ပိစ္ဆကထာ = အလိုနည်းမှုနှင့်စပ်သော တရားစကား၊ (၂) သန္တုဋ္ဌိကထာ = ရောင့်ရဲလွယ်မှုနှင့်စပ်သော တရားစကား၊ (၃) ပဝိဝေကကထာ = ဝိဝေကသုံးပါးနှင့်စပ်သော တရားစကား၊ (၄) အသံသဂ္ဂကထာ = သံသဂ္ဂ၅-မျိုးမှ ကင်းခြင်းနှင့်စပ်သော တရားစကား၊ (၅) ဝီရိယာရမ္ဘကထာ= ဝီရိယနှင့်စပ်သော တရားစကား၊ (၆) သီလကထာ = သီလနှင့်စပ်သော တရားစကား၊ (၇) သမာဓိကထာ = သမာဓိနှင့်စပ်သော တရားစကား၊ (၈) ပညာကထာ = ပညာနှင့်စပ်သော တရားစကား၊ (၉) ဝိမုတ္တိကထာ = အရဟတ္တဖိုလ်နှင့်စပ်သော တရားစကား၊ (၁၀) ဝိမုတ္တိဉာဏဒဿနကထာ = ပစ္စဝေက္ခဏာဉာဏ်နှင့်စပ်သော တရားစကား၊ အရှင် မန္တာဏိပုတ္တ-ပုဏ္ဏမထေရ်သည် ကိုယ်တိုင်ကလည်း ဤကထာဝတ္ထုဆယ်ပါးအတိုင်း လိုက်နာကျင့်သုံး၍ တပည့်တို့ကိုလည်း ထိုကထာဝတ္ထု ဆယ်ပါးတို့ဖြင့် ဆုံးမတော်မူလေသည်။



၂၁၀

     ထိုရဟန်း ငါးရာတို့သည် မိမိတို့၏ ရဟန်းကိစ္စ အထွတ်အထိပ် (အရဟတ္တဖိုလ်)သို့ ရောက်ပြီးသည်ကို သိရှိကြ၍ ဥပဇ္ဈာယ်ဆရာ အရှင်မန္တာဏိပုတ္တ- ပုဏ္ဏမထေရ်ထံသို့ သွားရောက် ဆည်းကပ်ကြပြီးလျှင် “အရှင်ဘုရား.. တပည့်တော်တို့၏ ရဟန်းကိစ္စသည် အထွတ်အထိပ် (=အရဟတ္တဖိုလ်)သို့ ရောက်လတ်ပါပြီ၊ တပည့်တော်တို့သည် ကထာဝတ္ထုဆယ်ပါး တရားတော်မြတ်တို့ကိုလည်း အလွယ်တကူ ရယူလေ့ရှိကြပါကုန်၏။ တပည့်တော်တို့၏ အဖို့ရာ မြတ်စွာဘုရားရှင်ကို ဖူးမြော်ရန် အချိန်တန်ပါပြီဘုရား”ဟု လျှောက်ထားကြလေကုန်၏။ ဥပဇ္ဈာယ်မထေရ်မြတ်သည် ထိုတပည့်ရဟန်း ငါးရာတို့၏ စကားကို ကြားသိရလေလျှင် “ငါ၏ ကထာဝတ္ထုဆယ်ပါး တရားတော်မြတ်ကို ရလွယ်ကြောင်းကို မြတ်စွာဘုရားရှင် သိတော်မူပေ၏၊ ငါသည် တရားဟောလျှင် ကထာဝတ္ထု ဆယ်ပါးတို့ကို လက်မလွှတ်ပဲသာလျှင် ဟောကြားခဲ့၏၊ ငါ ယခု ဤရဟန်းတို့နှင့် အတူတကွ လိုက်ပါခဲ့လျှင် ဤရဟန်းငါးရာလုံးပင် ငါ့ကိုဝန်းရံ၍ လိုက်ပါကြလိမ့်မည်။ ငါ့အဖို့ရာ ဤကဲ့သို့ ဂိုဏ်းသံဃာ ခြံရံကာ သွားရောက်၍ မြတ်စွာဘုရားရှင်ကို ဖူးမြော်ရန် မသင့်လျော်ချေ၊ ဤရဟန်းတို့သည်ပင် အလျင်လက်ဦး သွားရောက်၍ မြတ်စွာဘုရားရှင်ကို ဖူးမြော်ကြစေကုန်တော့”ဟု ဆင်ခြင်ပြီးလျှင် ထိုရဟန်းတို့ကို “ငါ့ရှင်တို့.. သင်တို့သည် ရှေ့က သွားနှင့်ကြ၍ မြတ်စွာဘုရားရှင်ကို ဖူးမြော်ကြကုန်လော့၊ ငါ၏ အမှာစကားဖြင့် မြတ်စွာဘုရား၏ ခြေတော်အစုံတို့ကိုလည်း ရှိခိုးကြကုန်လော့၊ ငါသည်လည်း သင်တို့သွားရာ လမ်းအတိုင်းပင် နောက်မှ လိုက်ပါခဲ့မည်”ဟု မိန့်ဆိုတော်မူလေ၏။

     အားလုံးပင် မြတ်စွာဘုရား၏ ဖွားတော်မူရာ ကပိလဝတ် နယ်မြေသားချည်း ဖြစ်ကြ, အားလုံးပင် အာသဝေါကုန်ခန်း ရဟန္တာချည်း ဖြစ်ကြ, အားလုံးပင် ကထာဝတ္ထု ဆယ်ပါးကို ရလွယ်သော ပုဂ္ဂိုလ်ချည်းသာ ဖြစ်ကြသည့် ထိုရဟန်းငါးရာတို့သည် ဥပဇ္ဈာယ်ဆရာ၏ အဆုံးအမ ဩဝါဒကို မဖျက်ကြပဲ အစဉ်သဖြင့် ခရီးဒေသစာရီ လှည့်လည် ကြွသွားကြသည်ရှိသော်



၂၁၁

ယူဇနာခြောက်ဆယ်ခရီးကို လွန်၍ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်သို့ ရောက်ဆိုက်ကြ၍ မြတ်စွာဘုရား၏ ခြေတော်အစုံတို့ကို ရှိခိုးကြပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ထိုင်နေကြလေကုန်၏။

     ရောက်ဆိုက်လာကြသော အာဂန္တုရဟန်းတို့နှင့် အတူတကွ ဝမ်းမြောက်ဝမ်းသာစကား ပြောကြားခြင်းသည် ဘုရားရှင်တို့၏ ဓမ္မတာအာစိဏ္ဏ = အလေ့အကျက်တော်ပင် ဖြစ်ရကား မြတ်စွာဘုရားရှင်သည် ထိုရဟန်းငါးရာတို့နှင့် အတူတကွ “ကစ္စိ ဘိက္ခဝေ ခမနီယံ = ရဟန်းတို့.. အသို့နည်း ခံ့ကျန်းကြ၏လော” ဤသို့ အစရှိသောနည်းဖြင့် ချိုမြိန်သော အစေ့အစပ်စကား ပြောကြားတော်မူပြီးလျှင် “ရဟန်းတို့.. သင်တို့သည် အဘယ်အရပ်မှ လာကြကုန်သနည်း”ဟု မေးတော်မူလေ၏။ ထိုရဟန်းတို့က “ရှင်တော်ဘုရား၏ ဖွားတော်မူရာ ကပိလဝတ်နယ်မြေမှ လာကြပါကုန်သည်ဘုရား”ဟု လျှောက်ထားကြလေလျှင် မြတ်စွာဘုရားသည် “ရဟန်းတို့.. ငါဘုရား၏ ဖွားတော်မူရာ ကပိလဝတ်နယ်မြေသား ရဟန်းများတို့တွင် အဘယ်ရဟန်းကို သီတင်းသုံးဖော် သံဃာတော်တို့က ‘ဤရဟန်းသည် ကိုယ်တိုင်က အလိုနည်းသူ ဖြစ်ပြီးလျှင် ရဟန်းတို့ကိုလည်း အပ္ပိစ္ဆကထာ = အလိုနည်းမှုနှင့်စပ်သော တရားစကားကို ပြောကြားလေ့ရှိသူ ဖြစ်၏’ဟု ချီးမွမ်းအပ်သနည်း” ဤသို့ အစရှိသည်ဖြင့် ကထာဝတ္ထုဆယ်ပါး ရလွယ်သော ရဟန်းကို ဦးစားပေး၍ မေးတော်မူလေ၏။ ထိုရဟန်း ငါးရာတို့သည်လည်း “အရှင်မန္တာဏိပုတ္တ-ပုဏ္ဏမထေရ်ကို သီတင်းသုံးဖော် သံဃာတော်တို့က ထိုကဲ့သို့ ချီးမွမ်းအပ်ပါသည်ဘုရား”ဟု မြတ်စွာဘုရားအား တညီတညွတ်တည်း လျှောက်ထားကြလေကုန်၏။ ထိုစကားကို ကြားရ၍ အရှင်သာရိပုတ္တရာမထေရ်သည် အရှင်မန္တာဏိပုတ္တ-ပုဏ္ဏမထေရ်ကို အလွန်ပင် တွေ့မြင်တော်မူလိုလေသည်။

     ထို့နောက် မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်မှ သာဝတ္ထိပြည်သို့ ကြွရောက်တော်မူလေ၏၊ ပုဏ္ဏမထေရ်သည် မြတ်စွာဘုရားရှင် သာဝတ္ထိပြည်သို့ ကြွရောက်လာတော်မူကြောင်းကို ကြားသိလေလျှင်



၂၁၂

“မြတ်စွာဘုရားကို ငါ ဖူးမြော်ပေအံ့”ဟု တပါးတည်း သာဝတ္ထိပြည်သို့ ကြွရောက်၍ ဂန္ဓကုဋီတိုက်တော်၌ပင် မြတ်စွာဘုရားရှင်ကို တိုက်ရိုက် ဖူးမြော်လေသည် (မည်သည့်ရဟန်းကိုမျှလည်း ရှေ့ဆောင်မပြု)။ မြတ်စွာဘုရားသည် ပုဏ္ဏမထေရ်အား ကထာဝတ္ထု ဆယ်ပါးနှင့်စပ်သော တရားကို ဟောတော်မူလေ၏။ ပုဏ္ဏမထေရ်သည် တရားနာပြီးသော် မြတ်စွာဘုရားရှင်ကို ရှိခိုး၍ တပါးတည်းကိန်းအောင်းရန် အန္ဓဝန်တောအုပ်သို့ သွားရောက်ကာ သစ်ပင်ရင်းတခု၌ နေ့သန့်နေတော်မူလေ၏။ အရှင်သာရိပုတ္တရာ မထေရ်သည်လည်း ပုဏ္ဏမထေရ် အန္ဓဝန်တောအုပ်သို့ သွားရောက်ကြောင်း ကြားသိရ၍ မျက်ခြေမပျောက် ပုဏ္ဏမထေရ်၏ ဦးခေါင်းကို ကြည့်ရှုလိုက်ပါကာ အခါအခွင့် သင့်လျောက်ပတ်သည်ကို မှတ်သား၍ ညနေချမ်းကာလဝယ် ထိုသစ်ပင်ရင်းသို့ ကြွရောက်ကာ အရှင်ပုဏ္ဏမထေရ်နှင့် ဝမ်းမြောက်ဖွယ်စကား ပြောကြားပြီးနောက် ဝိသုဒ္ဓိခုနစ်ပါး တရားအစဉ်ကို မေးမြန်းတော်မူလေသည်။ အရှင်ပုဏ္ဏမထေရ်သည် အရှင်သာရိပုတ္တရာ မေးတိုင်း မေးတိုင်းသော ပြဿနာတို့ကို ဖြေကြားတော်မူလေသည်။ ထိုမထေရ်မြတ်ကြီး နှစ်ပါးတို့သည် အချင်းချင်း ပြောဆိုအပ်သော တရားစကားကို ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ပြုတော်မူကြလေသည်။ (ဤအကြောင်းအရာ အကျယ်ကို ပိဋကတ်မြန်မာပြန် မူလပဏ္ဏာသပါဠိတော်၊ ၃-ဩပမ္မဝဂ်၊ ၄-ရထဝိနီတသုတ်၊ စာမျက်နှာ ၂ဝ၄-မှစ၍ ကြည့်ရှု မှတ်ယူကုန်ရာ၏)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     မြတ်စွာဘုရားရှင်သည် နောက်တချိန်ဝယ် ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ထူး နှင်းအပ်သောအခါ ဤအရှင် မန္တာဏိပုတ္တ-ပုဏ္ဏမထေရ်အား-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဓမ္မကထိကာနံ ယဒိဒံ ပုဏ္ဏော မန္တာဏိပုတ္တော = ရဟန်းတို့.. တရားဟောကောင်းကြသည့် ငါဘုရား၏



၂၁၃

တပည့်သာဝက ရဟန်းတို့တွင် မန္တာဏီပုဏ္ဏေးမ၏သား ပုဏ္ဏရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မြွက်ဆိုတော်မူကာ “ဓမ္မကထိက = တရားဟောကောင်းသောအရာ”ဝယ် ဧတဒဂ်ထားတော်မူလေ၏။

ဤကား အရှင်မန္တာဏိပုတ္တ-ပုဏ္ဏမထေရ် အကြောင်းတည်း။

**********