အရှင်ပိဏ္ဍောလဘာရဒွါဇမထေရ်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၈) အရှင်ပိဏ္ဍောလဘာရဒွါဇမထေရ်အကြောင်း

(၈) အရှင်ပိဏ္ဍောလဘာရဒွါဇမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

     ဤပိဏ္ဍောလဘာရဒွါဇ မထေရ်၏ အလောင်းသည်ကား ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော် အခါဝယ် ခြင်္သေ့မျိုး၌ဖြစ်၍ တောင်ခြေတခုဝယ် လှည့်လည်ကျက်စား နေထိုင်လေသည်။ တနေ့သ၌ ပဒုမုတ္တရ မြတ်စွာဘုရားသည် နံနက် မိုးသောက်ထအခါ သတ္တလောကကို ကြည့်ရှုတော်မူလတ်သော် ထိုခြင်္သေ့၏ မဂ်ဖိုလ်နိဗ္ဗာန် ရရှိရန်အကြောင်းနှင့် ပြည့်စုံသည်ကို မြင်တော်မူ၍ ဟံသာဝတီပြည်၌ ဆွမ်းခံလှည့်လည်တော်မူပြီးလျှင် နေလွဲအခါ ခြင်္သေ့ အစာရှာသွားသော အချိန်၌ ထိုခြင်္သေ့၏နေရာ လိုဏ်ဂူအတွင်းသို့ ဝင်ရောက်တော်မူ၍ ကောင်းကင်၌ ထက်ဝယ် (=တင်ပလ္လင်) ဖွဲ့ခွေတော်မူကာ နိရောဓသမာပတ်ကို ၀င်စားလျက် နေတော်မူ၏။

     ခြင်္သေ့သည် စားကျက်ကို ရပြီးနောက် ပြန်လာ၍ လိုဏ်ဂူဝ၌ ရပ်တည်လျှင်ပင် ဂူအတွင်း၌ မြတ်စွာဘုရားရှင် ကောင်းကင်အပြင်ဝယ် အံ့ဩဖွယ်ရာ ထိုင်နေတော်မူသည်ကို မြင်လတ်၍ “ငါ၏နေရာသို့ လာရောက်ကာ အခြား မည်သည့်သတ္တဝါမျှ ထိုင်နေခြင်းငှါ စွမ်းနိုင်သောသူမည်သည် မရှိဖြစ်ချေသည်၊ ဤပုဂ္ဂိုလ်မြတ်ကား ကြီးမြတ်ကော်ရော် ပူဇော်အပ်သူ ဖြစ်စွာ့တကား၊ ယင်းသို့ ပူဇော်အပ်သူ ဖြစ်သောကြောင့်ပင် လိုဏ်ဂူအတွင်း ကောင်းကင်အပြင်ဝယ် ထက်ဝယ် (=တင်ပလ္လင်) ဖွဲ့ခွေ ထိုင်နေနိုင်ပေသည်၊ ထိုပုဂ္ဂိုလ်သူမြတ်၏ ကိုယ်ရောင်တော်သည်လည်း ထက်ဝန်းကျင်ပြန့်၍ အနှံ့ ကွန့်မြူးလျက် ရှိလေသည်။ ငါသည် ဤသို့သဘောရှိသော အံ့ဖွယ်သရဲကို ရှေးက မမြင်အပ်စဘူး၊



၁၉၅

ဤပုဂ္ဂိုလ်သူမြတ်သည် ဤလောက၌ ပူဇော်ထိုက်သူတို့တွင် အသာဆုံး အမြတ်ဆုံး ပုဂ္ဂိုလ်မြတ် ဖြစ်ပေလိမ့်မည်၊ ငါသည်လည်း ထိုပုဂ္ဂိုလ်သူမြတ်အား စွမ်းအားရှိသလောက် ပူဇော်သက္ကာရပြုမှ သင့်တော်တော့မည်”ဟု ကြံစည်အောက်မေ့၍ ကြည်းပန်း, ရေပန်း အမျိုးမျိုးတို့ကို တောမှ သယ်ဆောင်ခဲ့၍ မြေအပြင်မှသည် မြတ်စွာဘုရားရှင် ထက်ဝယ်(=တင်ပလ္လင်)ဖွဲ့ခွေ ထိုင်နေတော်မူရာ ကောင်းကင်ရပ်တိုင်အောင် ပန်းနေရာတော်ကို ခင်း၍ ညဉ့်သုံးယံပတ်လုံး မြတ်စွာဘုရား၏ ရှေ့တည့်တည့်အရပ်၌ ရှိခိုးကာ ရပ်တည်ပူဇော်နေလေ၏။ နောက်တနေ့၌ ပန်းဟောင်းတို့ကို စွန့်ပစ်ပယ်ရှား၍ ပန်းအသစ်တို့ဖြင့် ထို့အတူ နေရာတော် ခင်းကျင်း ပူဇော်ပြန်လေသည်။

     ဤနည်းဖြင့် ခုနစ်ရက်ကြာ ပန်းနေရာခင်း၍ အားကြီးသော နှစ်သက်ခြင်း, ဝမ်းမြောက်ခြင်းကို ဖြစ်စေလျက် လိုဏ်ဂူတံခါးဝ၌ အစောင့်အရှောက်ကိုယူ ပူဇော်နေလေသည်၊ ခုနစ်ရက်မြောက်နေ့၌ မြတ်စွာဘုရားသည် နိရောဓသမာပတ်မှ ထတော်မူ၍ လိုဏ်ဂူတံခါးဝ၌ ရပ်တည်တော်မူလေ၏။ ထိုအခါ ခြင်္သေ့မင်းသည် မြတ်စွာဘုရားကို လက်ျာရစ် သုံးပတ်လှည့်၍ ရှေ့,နောက်,ဝဲ,ယာ = လေးဌာနတို့၌ ရှိခိုးပြီးသော် နောက်သို့ ဆုတ်၍ ရပ်တည်နေလေ၏။

     မြတ်စွာဘုရားသည် “ဤခြင်္သေ့၏ အဖို့ရာ ဤမျှသော ကောင်းမှု ကုသိုလ်အစုသည် မဂ်ဖိုလ်၏ ဥပနိဿယည်းပစ္စည်း ဖြစ်နိုင်လောက်ပြီ”ဟု ဆင်ခြင်တော်မူ၍ ကောင်းကင်သို့ ပျံတက်တော်မူကာ ကျောင်းတော်ကိုသာ ပြန်ကြွတော်မူလေ၏။

မဟာသာလသူဌေးသား ဘဝ

     ထိုခြင်္သေ့သည်လည်း ဘုရားရှင်နှင့် ကွေကွင်းရသဖြင့် စိတ်ဒုက္ခကြီးစွာ ရောက်ရှိကာ စုတိပြတ်ကြွေ သေလွန်ပြီးနောက် ဟံသာဝတီပြည်ဝယ် မဟာသာလသူဌေးမျိုး၌ ပဋိသန္ဓေ ယူနေဖြစ်ပွါး၍ အရွယ်သို့ ရောက်လတ်သော် တနေ့သ၌ မြို့သူမြို့သားတို့နှင့် အတူတကွ



၁၉၆

သွားရောက်ကာ တရားတော်ကို နာယူစဉ် မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို “သီဟနာဒိက = ရဲရဲတောက် မဂ်ဖိုလ်စကား ပြောကြားကြသော ရဟန်း”တို့အနက် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်လတ်၍ ရှေးမထေရ်တို့၏ ဝတ္ထုများ၌ ဆိုအပ်ပြီးသော နည်းအတိုင်း ခုနစ်ရက်ကြာ မဟာဒါနကိုပြု၍ ထိုရာထူး = ဌာနန္တရကို တောင့်တဆုပန်လေသည်။

     မြတ်စွာဘုရားရှင်သည်လည်း ဆုတောင်းပြည့်မည်ကို သိမြင်တော်မူ၍ ဗျာဒိတ်စကား မိန့်ကြားတော်မူလေသည်၊ ထိုမဟာသာလ သူဌေးသားသည် ဗျာဒိတ်ရပြီးနောက် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြုလုပ်၍ ထိုဘဝမှ စုတေလတ်သော် ကမ္ဘာတသိန်းကြာ အပါယ်သို့ မလားမရောက်ပဲ နတ်ပြည်, လူ့ပြည် အလှည့်အလည် ကျင်လည်ရလေသည်။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ယင်းသို့ နတ်ပြည်,လူ့ပြည် စုန်,ဆန် ကျင်လည်ခဲ့၍ ဤဘုရား ပွင့်တော်မူရာ အခါကာလဝယ် ရာဇဂြိုဟ်ပြည် ပုဏ္ဏားသူဌေးမျိုး၌ဖြစ်၍ အမည်အားဖြင့် “ဘာရဒွါဇ” အမည်တွင်လေသည်။

ပိဏ္ဍောလဘာရဒွါဇအမည်ရပုံ

     ဘာရဒွါဇလုလင်သည် အရွယ်သို့ ရောက်လတ်သော် ဗေဒင်သုံးပုံတို့ကို သင်ကြား တတ်မြောက်၍ ပုဏ္ဏားလုလင် ငါးရာတို့ကို ဝေဒကျမ်းများ ပို့ချ သင်ကြားပေးလျက် လှည့်လည်သွားလာ ဆရာတဆူပြုလုပ်ကာ နေလေ၏။ ထိုဘာရဒွါဇ ဆရာပုဏ္ဏား လုလင်သည် ကိုယ်တိုင်က ဆရာတဆူ ဖြစ်နေသောကြောင့် ပင့်ဖိတ်ကျွေးမွေးရာ ဌာနတို့၌ အားလုံးတို့အတွက် အစာထမင်းကို ပိုင်စိုးပိုင်နင်း ပြုလုပ်ကာ ကိုယ်တိုင်သာလျှင် ခံယူလေသည်။ ထိုဘာရဒွါဇ ဆရာပုဏ္ဏား လုလင်သည်ကား အာဟာရ၌ စဉ်းငယ် လျှပ်ပေါ်လော်လည် သော သဘောရှိသူဖြစ်၍



၁၉၇

တပည့်လုလင် ငါးရာတို့နှင့် အတူတကွ “ယာဂု အဘယ်မှာ ရမည်နည်း၊ ထမင်း အဘယ်မှာ ရမည်နည်း”ဟု ယာဂု, ထမင်း, ခဲဖွယ်တို့ကိုသာ အလေးပြု ဂရုတစိုက် တောင့်တရှာဖွေ လှည့်လည်နေတတ်ချေ၏။ ထိုဆရာ ဘာရဒွါဇ ပုဏ္ဏားလုလင်သည် ရောက်လေရာရာ၌ အစာထမင်းကိုသာ အဓိက စောင့်မျှော်ခေါ်ကာ လှည့်လည်နေထိုင်တတ်သောကြောင့် “ပိဏ္ဍောလဘာရဒွါဇ = အစာထမင်းကိုသာ အဓိက ရှာမှီးတတ်သော ဘာရဒွါဇပုဏ္ဏား”ဟု ထင်ရှားလေသည်။

ရဟန်းပြုသောအခါလည်း

ပိဏ္ဍောလဘာရဒွါဇ-ဟူ၍ပင် အမည်တွင်ပုံ

     ပိဏ္ဍောလဘာရဒွါဇ ပုဏ္ဏားသည် နောက်တချိန်၌ စီးပွါးဥစ္စာ ပျက်စီးခြင်းအန္တရာယ်နှင့် ကြုံတွေ့ရ၍ ဆင်းရဲသောဘဝသို့ ရောက်ရှိရလေသည်၊ ထိုအချိန် တနေ့သ၌ မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူ၍ တရားစကား ဟောကြားတော်မူလေလျှင် ပိဏ္ဍောလဘာရဒွါဇ ပုဏ္ဏားသည် တရားတော်ကို နာယူရ၍ သဒ္ဓါတရားဖြစ်ရှိကာ သာသနာဝန်ထမ်း ရှင်ရဟန်းပြုလေ၏။

   သာသနာတော်သို့ရောက်ရှိလာကြသောပုဂ္ဂိုလ်တို့မှာ များသောအားဖြင့် အနွယ်နှင့်စပ်သော အမည်ဖြင့်သာ ထင်ရှားကြမြဲဖြစ်၍ ဤပိဏ္ဍောလဘာရဒွါဇ ရဟန်းမှာလည်း “ဘာရဒွါဇ ရဟန်းတော်” ဟူ၍သာ အမည်တွင်သင့်သော်လည်း ထိုသို့ အမည်မတွင်ပဲ “အရှင်ပိဏ္ဍောလဘာရဒွါဇမထေရ်” ဟူ၍ပင် အမည် တွင်လေသည်။ ထိုသို့ အမည်တွင်ခြင်း၏ အကြောင်းကား- ထိုမထေရ်သည် အလွန်ကြီးစွာသော အိုးကင်းသပိတ်ကြီးကို ကိုင်ဆောင်သူဖြစ်လျက် ထိုအိုးကင်းကြီးအပြည့် ယာဂုကိုလည်း သောက်လေသည်။ အိုးကင်းကြီးအပြည့် မုန့်တို့ကိုလည်း စားသုံးလေသည်၊ ထိုအိုးကင်းကြီးအပြည့် ဆွမ်းကိုလည်း ဘုဉ်းပေးလေသည်။ ထိုအခါ ထိုရဟန်း၏ အစားကြီးကြောင်းကို မြတ်စွာဘုရားရှင်အား ရဟန်းတို့က လျှောက်ထားကြ လေသည်။



၁၉၈

     မြတ်စွာဘုရားရှင်သည် ထိုမထေရ်အတွက် သပိတ်အိတ်ကို ခွင့်မပြုပဲ ထားတော်မူလေသည်၊ သို့ရကား ထိုမထေရ်၏သပိတ်ကို ညောင်စောင်း = ခဋင်၏အောက်၌ မှောက်၍ ထားရလေ၏။ မထေရ်သည် သပိတ်ကို ခဋင်အောက်၌ ထားသောအခါမှာလည်း သပိတ်နှုတ်ခမ်းနှင့် အောက်မြေကြမ်း ပွတ်တိုက်လျက်သာ တွန်း၍ ထားရလေသည်၊ ယူသောအခါမှာလည်း ထို့အတူပင် ပွတ်တိုက်လျက်သာ ဆွဲငင်၍ ယူရလေသည်။ ကာလ အတန်ကြာသောအခါ ပွတ်တိုက်ရဖန်များသဖြင့် သပိတ်အနား (=အိုးကင်းကြီးအနား) ပွန်းပဲ့ကုန်ခန်းကာ ပင်ကိုယ်က အိုးကင်းခန့်ရှိသော သပိတ်သည် တကွမ်းစားချက် (=တခွက်ချက်)မျှသာဆံ့သော သပိတ် ဖြစ်လေတော့၏။ ထိုအခါ၌ ရဟန်းတို့က မြတ်စွာဘုရားရှင်အား ထိုအကြောင်းကို လျှောက်ထားကြလေသည်။ ထိုအခါမှ မြတ်စွာဘုရားရှင်သည် မထေရ်၏အတွက် သပိတ်အိတ်ကို သုံးဆောင်ခွင့် ပြုတော်မူလေ၏။ ဤသို့လျှင် ထိုမထေရ်မြတ်သည် ဆွမ်းအလို့ငှါ ဝမ်းရေးကျပ်၍ ရဟန်းပြုသကဲ့သို့ ဖြစ်သောကြောင့် ပိဏ္ဍောလ, အနွယ်အားဖြင့် ဘာရဒွါဇအနွယ်ဖွား ဖြစ်သောကြောင့် ဘာရဒွါဇ = ဤအမည်နှစ်ရပ် ပေါင်းစပ်ကာ ရဟန်းဖြစ်သော အခါ၌လည်း “အရှင်ပိဏ္ဍောလဘာရဒွါဇ” ဟူ၍ပင် အမည်တွင်တော်မူလေသည်။

     အရှင်ပိဏ္ဍောလဘာရဒွါဇ မထေရ်သည် နောက်တချိန်၌ ဣန္ဒြိယဘာဝနာတရား ပွါးများကြိုးကုတ် အားထုတ်တော်မူ၍ အရဟတ္တဖိုလ်သို့ ရောက်ရှိကာ ရဟန္တာ ဖြစ်တော်မူလေ၏။

     မထေရ်မြတ်သည် အရဟတ္တဖိုလ်သို့ ရောက်ပြီးသော အချိန်မှာပင် သံကောက်(=သော့)ကို ယူဆောင်၍ ကျောင်းတိုက်တတိုက်မှ ကျောင်းတိုက်တတိုက်သို့ ပရိဝုဏ်တခုမှ ပရိဝုဏ်တခုသို့ သွားရောက်၍ “မဂ်တရား ဖိုလ်တရား၌ ယုံမှားသံသယရှိသော ရဟန်းသည် အကျွန်ုပ်ကို မေးစေချင်ပါ၏”ဟု မရွံ့မကြောက် ခြင်္သေ့ဟောက်သကဲ့သို့ ရဲရဲတောက်စကား ပြောကြား လှည့်လည်လေသည်။ (ဤအကြောင်းအရာ အကျယ်ကို



၁၉၉

ပိဋကတ်မြန်မာပြန် မဟာဝဂ္ဂသံယုတ်ပါဠိတော် စာမျက်နှာ ၂၀၂-၂၀၃။ ၄-ဣန္ဒြိယသံယုတ်၊ ၅-ဇရာဝဂ်၊ ၉-ပိဏ္ဍောလဘာရဒွါဇသုတ်၌ ကြည့်ရှုမှတ်ယူရာ၏)။

     ထိုအရှင် ပိဏ္ဍောလဘာရဒွါဇ မထေရ်သည် တနေ့သ၌ ရာဇဂြိုဟ်သူဌေး ဝါးအဆင့်ဆင့်ဆက်ကာ စိုက်ထောင်၍ အတောင်ခြောက်ဆယ်မြင့်သော ကောင်းကင်၌ ချိတ်ဆွဲအပ်သော စန္ဒကူးနှစ်သပိတ်ကို တန်ခိုးဖြင့် ယူဆောင်၍ ကောင်းကြီးပေးသော လူများအပေါင်း ခြံရံအပ်လျက် ဝေဠုဝန်ကျောင်းတိုက်သို့ လာ ရောက်၍ ထိုသပိတ်ကို မြတ်စွာဘုရားရှင်လက်တော်၌ ထားလေသည်။ မြတ်စွာဘုရားသည် သိတော်မူလျက်ပင် “ချစ်သားဘာရဒွါဇ.. သင်သည် ဤသပိတ်ကို အဘယ်မှ ရအပ်သနည်း”ဟု မေးမြန်းတော်မူလေသည်။ မထေရ်က အကြောင်းကို ပြန်ကြား လျှောက်ထားသောအခါ မြတ်စွာဘုရားရှင်သည် “သင်ချစ်သားကား ဤသို့သဘောရှိသော ဥတ္တရိမနုဿဓမ္မ = လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို လူများအား ပြသဘိ၏၊ သင်ချစ်သားသည် မပြုသင့်သည်ကို ပြုဘိ၏”- ဤသို့စသည် များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ရှုတ်ချတော်မူပြီးနောက် တန်ခိုးပြာဋိဟာ မပြဖို့ရန် သိက္ခာပုဒ် ပညတ်တော်မူလေ၏။ (ဤအကြောင်းအရာ အကျယ်ကို အောက် မဟာဗုဒ္ဓဝင် တကိယတွဲ စာမျက်နှာ ၄၈၇-မှ ၅၀၀-တိုင် ပြန်၍ ဖတ်ရှုရာ၏)။

     ထို့နောက် ရဟန်းသံဃာတို့ အလယ်၌ “(၁) သီဟနာဒိယမထေရ် = ရဲရဲတောက်စကား ပြောကြားလေ့ရှိသော အရှင်ပိဏ္ဍောလဘာရဒွါဇ မထေရ်သည် အရဟတ္တဖိုလ်သို့ရောက်သော နေ့၌ပင် ရဟန်းသံဃာအလယ်၌ ‘မဂ်တရား ဖိုလ်တရား၌ ယုံမှားသံသယရှိသော ရဟန်းသည် အကျွန်ုပ်ကို မေးစေချင်ပါ၏’ဟု ရဲရဲတောက်စကား ပြောကြားပေ၏။ (၂) ဘုရားရှင်တို့၏ မျက်မှောက်တော်၌လည်း မိမိ အရဟတ္တဖိုလ်သို့ ရောက်ကြောင်းကို လျှောက်ထားပေ၏။ အခြားသော သာဝကတို့ကား ဆိတ်ဆိတ်သာ



၂၀၀

ဖြစ်ကြနေကြကုန်၏။ (၃) ထိုမထေရ်သည် မိမိကိုယ်တိုင်က ရဲရဲတောက်စကား ပြောကြားလေ့ရှိသော ကြောင့်ပင် လူအပေါင်းအား ကြည်ညိုခြင်းကို ဖြစ်စေ၍ ကောင်းကင်သို့ ပျံတက်ကာ ရာဇဂြိုဟ်သူဌေး၏ စန္ဒကူးနှစ် သပိတ်ကိုလည်း ယူဆောင်ခဲ့လေပြီ”ဟု အရှင်ပိဏ္ဍောလဘာရဒွါဇ မထေရ်၏ ဂုဏ်ကျေးဇူးနှင့်စပ်သော စကားသုံးမျိုး ဖြစ်ပေါ်ခဲ့လေသည်။ ရဟန်းတို့သည် မထေရ်၏ ဤဂုဏ်ကျေးဇူး သုံးပါးတို့ကို တပေါင်းတည်းပြုကြကာ မြတ်စွာဘုရားအား လျှောက်ထားကြလေကုန်၏။

     ဘုရားရှင်တို့မည်သည် ကဲ့ရဲ့သင့်သောအရာကို ကဲ့ရဲ့တော်မူ၍ ချီးမွမ်းသင့်သောအရာကို ချီးမွမ်းတော်မူကြမြဲ ဓမ္မတာဖြစ်သောကြောင့် ဤအရာ၌ အရှင်ပိဏ္ဍောလဘာရဒွါဇ မထေရ်၏ ချီးမွမ်းသင့်သော ဂုဏ်အင်္ဂါကိုသာ ယူတော်မူ၍-

“ရဟန်းတို့.. ဣန္ဒြေသုံးပါးတို့ကို ပွါးများခြင်း, ကြိမ်ဖန်များစွာ လေ့လာခြင်းကြောင့် ဘာရဒွါဇရဟန်းသည် ‘ငါ့မှာ ပဋိသန္ဓေနေရမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ မဂ်ကိစ္စအလို့ငှါ တပါးသောပြုဖွယ် ငါ့မှာ မရှိတော့ပြီ-ဟု ငါသိ၏’ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏။

အဘယ်သုံးပါးတို့နည်းဟူမူ- သတိန္ဒြေ, သမာဓိန္ဒြေ, ပညိန္ဒြေကို ပွါးများခြင်း, ကြိမ်ဖန်များစွာ လေ့လာခြင်းကြောင့်တည်း။ ရဟန်းတို့.. ဤဣန္ဒြေသုံးပါးတို့ကို ပွါးများခြင်း, ကြိမ်ဖန်များစွာ လေ့လာခြင်းကြောင့် ဘာရဒွါဇရဟန်းသည် ‘ငါ့မှာ ပဋိသန္ဓေနေရမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တပါးသောပြုဖွယ် ငါ့မှာ မရှိတော့ပြီ-ဟု ငါသိ၏’ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏။

ရဟန်းတို့.. ဤဣန္ဒြေသုံးပါးတို့သည် အဘယ်အဆုံးရှိကုန်သနည်းဟူမူ- ကုန်ခြင်းလျှင် အဆုံးရှိကုန်၏။

၂၀၁

အဘယ်တရား၏ ကုန်ခြင်းလျှင် အဆုံးရှိကုန်သနည်းဟူမူ- ပဋိသန္ဓေနေမှု, အိုမှု, သေမှု၏ ကုန်ခြင်းလျှင် အဆုံးရှိကုန်၏။ ရဟန်းတို့.. ပဋိသန္ဓေနေမှု, အိုမှု, သေမှု ကုန်ပြီဟု ကောင်းစွာ သိမြင်သောကြောင့် ဘာရဒွါဇရဟန်းသည် ‘ငါ့မှာ ပဋိသန္ဓေနေရမှု ကုန်ပြီ၊အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တပါးသောပြုဖွယ် ငါ့မှာ မရှိတော့ပြီ-ဟု ငါသိ၏’ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြား၏။ (မဟာဝဂ္ဂသံယုတ် မြန်မာပြန် စာမျက်နှာ ၂၀၃-မှ)”-

ဤကဲ့သို့ ပိဏ္ဍောလဘာရဒွါဇ မထေရ်မြတ်ကို ချီးမွမ်းစကား မိန့်ကြားတော်မူလေ၏။

     ဤအရှင်ပိဏ္ဍောလဘာရဒွါဇ မထေရ်သည်ပင် ကောသမ္ဗီပြည့်ရှင် ဘုရင်ဥဒေနမင်းကို သရဏဂုံတည်သူ ဥပါသကာတယောက် ဖြစ်လာအောင် တရားဟောတော်မူခဲ့လေသည်။ (ဤအကြောင်းအရာ အကျယ်ကို သဠာယတနဝဂ္ဂ သံယုတ်ပါဠိတော် မြန်မာပြန် စာမျက်နှာ ၃၂၂-မှစ၍ ဘာရဒွါဇသုတ် မြန်မာပြန်ကို ကြည့်ရှုရာ၏)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     မြတ်စွာဘုရားရှင်သည် နောက်တချိန်ဝယ် ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ထူး နှင်းအပ်သောသဘင် ဆင်ယင်ကျင်းပသောအခါ ဤအရှင် ပိဏ္ဍောလဘာရဒွါဇ မထေရ်အား-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ သီဟနာဒိကာနံ ယဒိဒံ ပိဏ္ဍောလဘာရဒွါဇော = ရဟန်းတို့.. မရွံ့မကြောက် ခြင်္သေ့ဟောက်သကဲ့သို့ ရဲရဲတောက်စကား ပြောကြားကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ပိဏ္ဍောလဘာရဒွါဇ ရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-



၂၀၂

ဟု ချီးကျူးမြွက်ဆိုတော်မူကာ “သီဟနာဒိက = ခြင်္သေ့ဟောက်သကဲ့သို့ ရဲရဲတောက်စကား ပြောကြားသောအရာ”ဝယ် ဧတဒဂ် ထားတော်မူလေ၏။

ဤကား အရှင်ပိဏ္ဍောလဘရဒွါဇမထေရ် အကြောင်းတည်း။

**********