အရှင်လကုဏ္ဍကဘဒ္ဒိယ မထေရ်အကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၇) အရှင်လကုဏ္ဍကဘဒ္ဒိယ မထေရ်အကြောင်း

(၇) အရှင်လကုဏ္ဍကဘဒ္ဒိယမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

     ဤလကုဏ္ဍကဘဒ္ဒိယ မထေရ်သည်လည်း ပဒုမုတ္တရ မြတ်စွာဘုရား လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌



၁၈၂

စည်းစိမ်ဥစ္စာ ပေါများသော မဟာဘောဂ သူဌေးမျိုး = သူကြွယ်မျိုးဝယ် သူဌေးသား = သူကြွယ်သား ဖြစ်၍ (ရှင်အနုရုဒ္ဓါဝတ္ထု၌) ဆိုအပ်ခဲ့သော နည်းအတိုင်း တရားနာရန် ကျောင်းတော်သို့ သွားရောက်လေသည်။

     ထိုအခါ မြတ်စွာဘုရားရှင်က အလွန်သာယာသော အသံရှိသည့် ရဟန်းတော်တပါးကို ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ “ငါသည်လည်း နောက်အခါဝယ် ဤရဟန်းကဲ့သို့ တဆူဆူသော ဘုရားရှင်၏ သာသနာ၌ သာယာသော အသံရှိသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရသူ ဖြစ်ရပါမူ ကောင်းလေစွာ့”ဟု စိတ်အကြံကို ဖြစ်စေ၍ မြတ်စွာဘုရားကို ပင့်ဖိတ်ပြီးလျှင် ခုနစ်ရက်ကြာ ဘုရားအမှူးရှိသော သံဃာအား မဟာဒါနကြီး ပေးလှူပြီးလတ်သော် “မြတ်စွာဘုရား.. တပည့်တော်သည် ဤဒါန၏ အကျိုးအားကြောင့် အခြားတပါးသော စည်းစိမ်ကို မတောင့်တပါ၊ စင်စစ်သော်ကား နောက်အခါဝယ် တဆူဆူသော မြတ်စွာဘုရား၏ သာသနာ၌ သာယာသော အသံရှိကြသည့် ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ရ-ရဟန်း ဖြစ်ရပါလို၏”ဟုဆုတောင်း၍ မြတ်စွာဘုရား ခြေတော်ရင်း၌ ဝပ်စင်းလျက် နေလေ၏။

     မြတ်စွာဘုရားသည် အနာဂတ်ကို ရှုကြည့်တော်မူလတ်သော် ထိုသူဌေးသား၏ ဆုတောင်းချက် ပြည့်စုံမည်ကို မြင်တော်မူ၍ “သင်၏ ဤဆုတောင်းမှုသည် ပြည့်စုံလိမ့်မည်၊ ဤကမ္ဘာမှနောက် ကမ္ဘာတသိန်း အဆုံးရောက်သောအခါ၌ ဂေါတမမြတ်စွာဘုရား ထင်ရှားပွင့်တော်မူလိမ့်မည်၊ ထိုအခါ သင်သည် ဂေါတမမြတ်စွာ သာသနာ၌ သာယာသော အသံရှိကြသည့် ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ရ-ရဟန်း ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်စကား ကြားတော်မူပြီးလျှင် ကျောင်းတော်သို့ ပြန်ကြွတော်မူလေ၏။



၁၈၃

စိတ္တပတ္တဥဩငှက်ဘဝ

     သူဌေးသားသည် ထိုဗျာဒိတ်ကို ရရှိပြီးနောက် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြုလုပ်၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်, လူ့ပြည်တို့၌ လှည့်လည်ကျက်စားလျက် ဝိပဿီမြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူသောအခါဝယ် “စိတ္တပတ္တ”မည်သော ဥဩငှက်ဖြစ်၍ ခေမမိဂဒါဝုန်တော၌နေစဉ် တနေ့သ၌ ဟိမဝန္တာသို့ သွားရောက်ကာ ချိုမြိန်သော သရက်သီးကို နှုတ်သီးဖြင့် ကိုက်ချီခဲ့၍ ပြန်လာလတ်လျှင် ရဟန်းအပေါင်း ခြံရံအပ်သော မြတ်စွာဘုရားကို ဖူးမြော်ရ၍ “ငါကား အခြားတပါးသော နေ့များ၌ လှူဘွယ်ပစ္စည်းမပါပဲ အချည်းနှီး မြတ်စွာဘုရားကို ဖူးမြော်ခဲ့ရ၏။ ယနေ့မူကား ငါသည် ဤသရက်သီးမှည့်ကို သားငယ်များ စားရန်အတွက် ဆောင်ယူအပ်ခဲ့လေပြီ၊ ထိုငါ၏ သားငယ်များအား အခြားသောသစ်သီးကို ငါဆောင်၍ ပေးတော့အံ့၊ ဤသရက်သီးကိုမူ မြတ်စွာဘုရားအား လှူမှ သင့်တော့မည်”ဟု ကြံစည်၍ အောက်သို့ ဆင်းသက်၍ လာပြီးလျှင် (မြေ၌မနားသေးပဲ) ကောင်းကင်၌ လှည့်လည်ပျံသန်း၍ နေလေ၏။ ဝိပဿီ မြတ်စွာဘုရားသည် ထိုဥဩ၏ စိတ်အကြံကို သိတော်မူ၍ အလုပ်အကျွေးဖြစ်သည့် အသောကမထေရ်ကို ကြည့်တော်မူလေ၏၊ အသောကမထေရ်သည် သပိတ်ကို အိတ်မှထုတ်၍ မြတ်စွာဘုရား၏လက်၌ ထားလေ၏။ ထိုအခါ ဥဩငှက်သည် မိမိကိုက်ချီ ယူဆောင်လာသော သရက်သီးကို မြတ်စွာဘုရား၏ သပိတ်တော်၌ တည်စေလေ၏ = လောင်းထည့် လှူလိုက်လေ၏။ မြတ်စွာဘုရားသည် ထိုလှူရာ အရပ်၌ပင် ထိုင်၍ ထိုသရက်သီးကို ဘုဉ်းပေး သုံးဆောင်တော်မူလေ၏။ စိတ္တပတ္တ ဥဩငှက်သည် သဒ္ဓါကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ အဖန်ဖန် မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို မိမိတတ်သိသမျှ ဆင်ခြင်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် မိမိ၏အသိုက်သို့ သွားရောက်ကာ ခုနစ်ရက်ပတ်လုံး အစာရှာမထွက်တော့ပဲ နှစ်သက်, ဝမ်းမြောက်ခြင်း = ပီတိ,သုခဖြင့် အချိန်ကို ကုန်လွန်စေလေ၏။



၁၈၄

     ထိုစိတ္တပတ္တဥဩငှက်ဘဝ၌ ဤမျှသော ကုသိုလ်ကောင်းမှုကို ပြုလုပ်အပ်ခဲ့လေသည်၊ ဤကောင်းမှု ကုသိုလ်ကံကြောင့် ထိုမထေရ်၏ အသံသည် အလွန် ချိုမြိန်သာယာလေသည်။

လက်သမားဆရာကြီးဘဝ

     ကဿပမြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာ ကာလ၌ကား ထိုအရှင်လကုဏ္ဍကဘဒ္ဒိယ မထေရ်အလောင်းသည် လက်သမားဆရာကြီး ဖြစ်လာလေ၏။ ကဿပ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် သာရီရိကဓါတ်တော် တဆူတည်းကို စေတီတော်ကြီး တဆူတည်းတည်ရန် စီမံတိုင်ပင်ကြလေသော် “အဘယ်မျှ ပမာဏရှိသော စေတီတော်ကြီး တည်ဆောက်ကြမည်နည်း”ဟူသော အဓိကပြဿနာအတွက် အချို့က ခုနစ်ယူဇနာ ပမာဏရှိသော စေတီတော်ကြီး တည်ဆောက်ရန် အကြံပေး တင်ပြကြလေသည်။ အချို့က “ဤခုနစ်ယူဇနာသည် အလွန်ကြီးလှ၏၊ (ပြီးနိုင်မည်မဟုတ်) ခြောက်ယူဇနာ ပမာဏရှိသော စေတီတော်ကြီး တည်ကြကုန်စို့”ဟု အကြံပေး တင်ပြကြလေသည်။ အချို့က “ဤခြောက်ယူဇနာသည်လည်း အလွန်ကြီးသေး၏။ (ပြီးနိုင်မည်မဟုတ်) ငါးယူဇနာ ပမာဏရှိသော စေတီတော်ကြီး တည်ကြကုန်စို့ ၊(ပ)၊ လေးယူဇနာ၊ သုံးယူဇနာ၊ နှစ်ယူဇနာ ပမာဏရှိသော စေတီတော်ကြီး တည်ကြကုန်စို့”ဟု တင်ပြ ပြောဆိုအပ်သည်ရှိသော် ဤအရှင် လကုဏ္ဍကဘဒ္ဒိယ မထေရ်၏အလောင်း လက်သမားဆရာကြီးသည် ထိုအစည်းအဝေး၌ အဓိက ပြဋ္ဌာန်းသူတယောက် ဖြစ်ရကား “အိုအချင်းတို့.. လာကြလော့၊ မည်သူက မည်သို့ပင် ပြောစေကာမူ နောက်အခါဝယ် ပြုပြင်ရန် လွယ်ကူသော စေတီတော်ကို တည်ဆောက်ကြမှ သင့်တော်တော့မည်”ဟု အဆုံးအဖြတ်စကား ပြောကြား၍ တမျဉ်းကြိုးကို ယူဆောင်ကာ စေတီတော်တည်ရာ အရပ်ကို ဝန်းဝိုင်း တိုင်းတာလတ်သော် တဂါဝုတ်မျှသောအရပ်၌ ရပ်တည်၍ “စေတီတော်၏ တမျက်နှာ တမျက်နှာသည် တဂါဝုတ် တဂါဝုတ် ဖြစ်ပါစေ၊ ယင်းသို့တည်လျှင် စေတီတော်သည် လေးမျက်နှာပေါင်း



၁၈၅

တယူဇနာ အဝန်းအဝိုင်းရှိ၍ တယူဇနာ အမြင့်ရှိသည် ဖြစ်လိမ့်မည်”ဟု ဆုံးဖြတ်စကား ပြောကြားလေ၏။

     ထိုလူများအပေါင်းသည် လက်သမားဆရာကြီး၏ ဆုံးဖြတ်စကား၌ တည်ကြကာ တမျက်နှာ တမျက်နှာ (=တမုခ် တမုခ်)လျှင် တဂါဝုတ်စီရှိ၍ စတုရန်း = လေးမျက်နှာ (=လေးမုခ်)ပေါင်းလျှင် တယူဇနာ အဝန်းအဝိုင်းရှိ၍ အမြင့် တယူဇနာရှိသော ဓာတုစေတီတော်ကြီးကို တည်ထားကြလေ၏။ ဤသို့လျှင် ထိုလက်သမားဆရာကြီးသည် မနိုင်းယှဉ်နိုင်သော ဂုဏ်တော်ရှင် မြတ်စွာဘုရား၏ စေတီတော်တည်ရန်အတွက် အတိုင်းအရှည် ပမာဏကို ပြုလုပ်ပြောဆိုမိခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ ရဟန်းပြု၍ ရဟန္တာဖြစ်ခြင်း

     ထိုအရှင်လကုဏ္ဍက ဘဒ္ဒိယမထေရ် အလောင်းသည် မနှိုင်းယှဉ်နိုင်သော ဂုဏ်တော့်ရှင် မြတ်စွာဘုရား၏ စေတီတော် တည်ရန်အတွက် အတိုင်းအရှည် ပမာဏကို ပြုလုပ်ပြောဆိုမိခဲ့သော ကံကြောင့် ဖြစ်လေရာရာ ဘ၀ထိုထို၌ အခြားသူများအောက် ပုကွ ယုတ်နိမ့်သော ကိုယ်ခန္ဓာပမာဏရှိသူ ဖြစ်ခဲ့၍ ဤယခုနောက်ဆုံး ပစ္ဆိမဘဝဝယ် အကျွန်ုပ်တို့၏ မြတ်စွာဘုရား ပွင့်ထွန်းတော်မူရာ ကာလ၌ သာဝတ္ထိပြည်တွင် စည်းစိမ်ဥစ္စာ ပေါများသော မဟာဘောဂသူဌေးမျိုး = သူကြွယ်မျိုး၌ ဖြစ်လေ၏၊ ထိုသူ၏ အမည်ကို မိဘဆွေမျိုးတို့က “ဘဒ္ဒိယ”ဟု မှည့်ခေါ်ကြလေသည်။

     ဘဒ္ဒိယသူဌေးသားသည် အရွယ်သို့ ရောက်လတ်သည်ရှိသော် မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး နေထိုင်တော်မူစဉ် ကျောင်းတိုက်သို့ သွားရောက်၍ တရားနာပြီးလျှင် သဒ္ဓါတရား ကြီးမားစွာ ဖြစ်ရှိရကား သာသနာဝန်ထမ်း ရှင်ရဟန်းပြု၍ မြတ်စွာဘုရား အထံတော်၌ ကမ္မဋ္ဌာန်းတရားကို သင်ကြားနာယူ၍ ဝိပဿနာအလုပ် အားထုတ်လေလျှင် အရဟတ္တဖိုလ်ပေါက် ရောက်တော်မူလေ၏။



၁၈၆

အရှင်လကုဏ္ဍကဘဒ္ဒိယနှင့်စပ်သော တရားများ

(ဤအရာ၌ အရှင်လကုဏ္ဍကဘဒ္ဒိယနှင့်စပ်၍ မှတ်သားကြည်ညိုဖွယ်ကောင်းသော သုတ္တန်တရားများကို အကျဉ်းအားဖြင့် ဖော်ပြဦးအံ့)-

မထေရ်မြတ် ရဟန္တာဖြစ်သော သုတ်တရား

     အရှင်လကုဏ္ဍက ဘဒ္ဒိယမထေရ်သည် ရဟန်းဖြစ်ပြီးနောက် မြတ်စွာဘုရားအထံတော်၌ ကမ္မဋ္ဌာန်းတရားကို သင်ကြားနာယူ၍ ဝိပဿနာအလုပ် အားထုတ်လေလျှင် ရှေးဦးစွာ သောတာပတ္တိဖိုလ်သို့ ရောက်လေသည်။ ထိုအချိန်၌ သေက္ခရဟန်း (=သောတာပန်, သကဒါဂါမ်, အနာဂါမ်ရဟန်း)များသည် များသောအားဖြင့် အရှင်သာရိပုတ္တရာထံ ဆည်းကပ်ကြ၍ အထက်မဂ်အလိုငှါ ကမ္မဋ္ဌာန်းတောင်းကြ, တရားဒေသနာကို တောင်းကြ, ပြဿနာ မေးလျှောက်ကြလေသည်။ အရှင်သာရိပုတ္တရာမထေရ်သည် ထိုတောင်းပန် လျှောက်ထားကြသော ရဟန်းတို့၏ အလိုကို ဖြည့်စွမ်းလျက် ကမ္မဋ္ဌာန်းအားထုတ်ပုံကို ပြောပြတော်မူ၏၊ တရားဒေသနာကို ပြတော်မူ၏၊ ပြဿနာကို ဖြေတော်မူ၏။ ထိုရဟန်းများသည် ဆက်လက်ကြိုးကုတ် ရဟန်း တရားကို ထုတ်ကြလေလျှင် အချို့ သကဒါဂါမိဖိုလ်ကို, အချို့ အနာဂါမိဖိုလ်ကို, အချို့ အရဟတ္တဖိုလ်ကို, အချို့ ဝိဇ္ဇာသုံးပါးတို့ကို, အချို့ အဘိညာဏ်ခြောက်ပါးတို့ကို, အချို့ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့ကို ရကြရောက်ကြလေ၏။

     ထိုရဟန်းတို့ကို မြင်ရ၍ အရှင်လကုဏ္ဍက ဘဒ္ဒိယမထေရ်သည်လည်း မိမိကိုယ်တိုင်က သောတာပန်အရိယာ ဖြစ်ရှိကာ အခါကိုသိ၍ မိမိ၏ စိတ်ကျန်းခံ့ခြင်း, ကိလေသာတို့မှ ခေါင်းပါးခြင်းကို ဆင်ခြင်လျက် အရှင်သာရိပုတ္တရာထံသို့ ချဉ်းကပ်ပြီးလျှင် အစေ့အစပ်စကား, ဝမ်းမြောက်ဝမ်းသာစကား ပြောကြားပြီးနောက် တရားဟောရန် တောင်းပန် လျှောက်ထားလေသည်။ အရှင်သာရိပုတ္တရာ မထေရ်သည်လည်း အရှင်လကုဏ္ဍက ဘဒ္ဒိယမထေရ်၏ အလိုအဇ္ဈာသယနှင့် လိုက်လျောသော တရားစကား ဟောကြားတော်မူလေသည်။



၁၈၇

     အရှင်လကုဏ္ဍကဘဒ္ဒိယ မထေရ်သည် အရှင်သာရိပုတ္တရာမထေရ် ဟောကြားတော်မူသည့်အတိုင်း ဒေသနာနောက် ဉာဏ်အစဉ်လျှောက်၍ ဝိပဿနာတရား ပွါးများ အားထုတ်တော်မူလေရာ အရှင်သာရိပုတ္တရာ မထေရ်၏ တရားဒေသနာ အာနုဘော်နှင့် မိမိ၏ ရှေးကောင်းမှုနှင့် ပြည့်စုံခြင်း ဤအကြောင်းနှစ်ပါးတို့ကြောင့် ဝိပဿနာဉာဏ် ရင့်သန်ပွါးစီးကာ အရဟတ္တဖိုလ်ပေါက် ရောက်တော်မူလေသည်။

     ထိုအကြောင်းကို ကောင်းစွာ သိမြင်တော်မူကာ မြတ်စွာဘုရားသည် ထိုအချိန်၌ ဤဖော်ပြလတ္တံ့သော ဥဒါန်းဂါထာကို ကျူးရင့်တော်မူလေ၏-

ဥဒ္ဓံ အဓော သဗ္ဗဓိ ဝိပ္ပမုတ္တော၊

အယံဟမသ္မီတိ အနာနုပဿီ။

ဧဝံ ဝိမုတ္တော ဥဒတာရိ ဩဃံ၊

အတိဏ္ဏပုဗ္ဗံ အပုနဗ္ဘဝါယ။

ယော = အကြင် အာသဝေါကုန်ခန်း ရဟန္တာပုဂ္ဂိုလ်သည်။ ဥဒ္ဓံ = အထက်ခေါ်မှတ် ရူပဓာတ် အရူပဓာတ်၌၎င်း။ အဓော = အောက်ဟုခေါ်မှတ် ကာမဓာတ်၌၎င်း။ သဗ္ဗဓိ = ခပ်သိမ်းဥဿုံ အလုံးစုံသော သင်္ခါရတရား၌၎င်း။ ဝိပ္ပမုတ္တော = ဝိက္ခမ္ဘနဝိမုတ္တိ, သမုစ္ဆေဒဝိမုတ္တိ, ပဋိပဿဒ္ဓိဝိမုတ္တိ တည်းဟူသော ဝိမုတ္တိသုံးပါး ခပ်သိမ်းသော အပြားဖြင့် လွတ်မြောက်၏။ သော = ထိုအာသဝေါကုန်ခန်း ရဟန္တာပုဂ္ဂိုလ်သည်။ (ရူပဝေဒနာဒီသု = ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏဟု အစုငါးတန် ငါးရပ်ခန်တို့၌)။ “အယံ = ဤတရားသည်။ အဟမသ္မီတိ = ငါလျှင်စင်စစ် ဧကန်ဖြစ်၏”ဟူ၍။ အနာနုပဿီ = ဒိဋ္ဌိ,မာန နှစ်ပါးတို့ဖြင့် အမှားမရှုတော့ပြီ။ ဧဝံ ဝိမုတ္တော = ဤသို့ သံယောဇဉ်ဆယ်ပါး အလုံးစုံသော အကုသိုလ်တရားတို့မှ ခပ်သိမ်းသောအားဖြင့် လွတ်မြောက်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည်။ အတိဏ္ဏပုဗ္ဗံ = အရိယမဂ်ကိုရသည်မှ ရှေးကာလဝယ်



၁၈၈

အိပ်မက်တွင်မျှ မကူးမြောက်ခဲ့ရဘူးသော။ ဩဃံ = ဩဃလေးခဏ်း ရေပြင်ကြမ်းကို။ (ဝါ) စက်သံသာရ ဝဲဩဃကို။ အပုနဗ္ဘဝါယ = တဖန်ဘဝသစ်ဝယ် မဖြစ်ဖို့ရန်။ ဥဒတာရိ = အနုပါဒိသေသ နိဗ္ဗာနဖြင့် လှလှကူးသန်း တဖက်ကမ်းဝယ် ချမ်းသာစွာ တည်ရလေပြီ..။

(ဤကား ဥဒါန်းပါဠိတော် ၇-စူဠဝဂ် ၁-ပဌမလကုဏ္ဍကဘဒ္ဒိယသုတ် (ခု ၁၊ မျက်နှာ ၁၇ဝ)မှ ဖော်ပြချက်တည်း)။

အရှင်လကုဏ္ဍကဘဒ္ဒိယကို သေက္ခအရိယာပင်ထင်မှတ်၍

အရှင်သာရိပုတ္တရာက တရားတိုး၍ ဟောနေခြင်း

     အရှင်လကုဏ္ဍက ဘဒ္ဒိယသည် ဖော်ပြရာပါ ပဌမသုတ်၌ ဆိုအပ်ခဲ့သော အစီအရင်အတိုင်း (အရှင်သာရိပုတ္တရာထံမှ) ပဌမရသော ဩဝါဒဖြင့် ထိုင်နေရင်းပင် အရဟတ္တဖိုလ်သို့ ရောက်တော်မူခဲ့လေသည်။ သို့သော် အရှင်သာရိပုတ္တရာ မထေရ်မြတ်သည်ကား အရှင်လကုဏ္ဍကဘဒ္ဒိယမထေရ် အရဟတ္တဖိုလ်သို့ ရောက်ရှိခြင်းကို (မဆင်ခြင်သည့်အတွက်) မသိ၍ သေက္ခအရိယာပင် ထင်မှတ်တော်မူကာ (တခုသော နောက်နေ့ဝယ်) နည်းနည်းတောင်းပါလျက် လိုသည်ထက် ပို၍ပေးသော ကုသိုလ်ဆန္ဒ ကြီးမြတ်လှသည့် ဒါနရှင်ယောက်ျားကဲ့သို့ ဆဆထပ်ပိုး တိုး၍ တိုး၍ အကြောင်းပေါင်းများစွာဖြင့် အရှင်လကုဏ္ဍကဘဒ္ဒိယ အရဟတ္တဖိုလ်ကို ရရှိရန် တရားအကျယ် ဟောတော်မူလေသည်။ အရှင်လကုဏ္ဍက ဘဒ္ဒိယသည်လည်း “ငါကား ယခုအခါ ရဟန်းကိစ္စ အပြီးတိုင်ပြုပြီးသူ ဖြစ်၏၊ ဤအဆုံးအမ ဩဝါဒဖြင့် အဘယ် အကျိုး ရှိအံ့နည်း”ဟု မကြံစည်ပဲ သူတော်ကောင်းတရား၌ ရိုသေခြင်း = ဓမ္မဂါရဝစိတ်ဖြင့် ရှေးအခါကကဲ့သို့ပင် ရိုသေစွာ နာယူမြဲ နာယူနေလေ၏။

     ထိုအခြင်းအရာကို မြင်တော်မူ၍ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်တော် ဂန္ဓကုဋီ ကျောင်းတော်၌ ထိုင်နေတော်မူရင်းကပင် ဘုရားအာနုဘော်ဖြင့် အရှင်လကုဏ္ဍက ဘဒ္ဒိယ၏ ကိလေသာ ကုန်ခန်းကြောင်းကို



၁၈၉

အရှင်သာရိပုတ္တရာ သိနိုင်လောက်အောင် ဤဆိုလတ္တံ့သော ဥဒါန်းဂါထာကို ကျူးရင့်တော်မူလေ၏-

အစ္ဆေစ္ဆိ ဝဋ္ဋံ ဗျဂါ နိရာသံ၊

ဝိသုက္ခာ သရိတာ န သန္ဒတိ။

ဆိန္နံ ဝဋ္ဋံ န ဝတ္တတိ၊

ဧသေဝန္တော ဒုက္ခဿ။

ယဿ = အကြင် အာသဝေါကုန်ခန်း ရဟန္တာ၏ (သန္တာန်၌)။ ဝဋ္ဋံ = ကိလေသ၀ဋ်သည်။ အစ္ဆေစ္ဆိ = အကြွင်းမဲ့ပြတ်လေပြီ (ကိလေသဝဋ်ပြတ်လျှင် ကမ္မဝဋ်လည်း ပြတ်တော့သည်ဟု သိပါလေ)။ ယော = အကြင် အာသဝေါကုန်ခန်း ရဟန္တာပုဂ္ဂိုလ်သည်။ နိရာသံ = တဏှာကင်းရာ နိဗ္ဗာန်ချမ်းသာသို့။ ဗျဂါ = အရဟတ္တဖိုလ်ပေါက် အထူးပင် ဆိုက်ရောက်လေပြီ။ ယဿ = အကြင် အာသဝေါကုန်ခန်း ရဟန္တာ၏ (သန္တာန်၌)။ ဝိသုက္ခာ = ကမ္ဘာပျက်ခါနီးကာလ စတုတ္ထနေဝန်း ထွက်ပေါ်ထွန်းသဖြင့် ငါးခဏ်းသော မြစ်ကြီးတို့ ခန်းခြောက်သည့်နည်းအတူ အရဟတ္တမဂ္ဂ စတုတ္ထနေမင်း ထွက်ပြူခြင်းကြောင့် အကြွင်းမဲ့ ခန်းခြောက်လေပြီးသော။ သရိတာ = တသွင်သွင်စီး တဏှာတည်းဟူသော ကိလေသာမြစ်ကြီးသည် (တဏှာသည် ဒုက္ခ၏အကြောင်းရင်း = သမုဒယသစ္စာ ဖြစ်ခြင်းကြောင့် ထိုတဏှာကို ပယ်အပ်လျှင် ခပ်သိမ်းသော ကိလေသာတို့ကို ပယ်အပ်ပြီးဖြစ်လေ၏။ ထို့ကြောင့် တဏှာကို အထူးပြု၍ ဟောတော်မူသည်)။ န သန္ဒတိ = အဘယ်နည်းဖြင့်မျှ မစီးနိုင်တော့ချေ။ ဆိန္နံ = ကိလေသ၀ဋ်ကို ဖြတ်သဖြင့် အမြစ်ပြတ်သော သစ်ပင်၏နည်း ပြတ်တောက်ပြီးဖြစ်သော။ ဝဋ္ဋံ = ကမ္မဝဋ်သည်။ န ဝတ္တတိ = တဝဲလည်လည် မဖြစ်တော့ချေ။ (ကမ္မဝဋ်ပြတ်လျှင် အနာဂတ်၌ဖြစ်မည့် ဝိပါကဝဋ်လည်း ပြတ်တော့သည်သာဟု သိပါလေ)။ ဧသေဝ = ဤသို့ ကိလေသဝဋ်, ကမ္မဝဋ်တို့



၁၉၀

ပြတ်သဖြင့် အနာဂတ်ကာလဝယ် ဝိပါကဝဋ်၏ မဖြစ်ခြင်းသည်ပင်လျှင်။ ဒုက္ခဿ = စက်သံသာရ ဝဋ်ဒုက္ခ၏။ အန္တော = ကုန်စင်ပျက်ပြုန်း အဆုံးဖြစ်လေတော့၏။

(ဤကား ဥဒါန်းပါဠိတော် ၇-စူဠဝဂ် ဒုတိယ လကုဏ္ဍကဘဒ္ဒိယသုတ် (ခု ၁၊ မျက်နှာ ၁၇၀-၇၁)မှ ဖော်ပြချက်တည်း)။

အရှင်လကုဏ္ဍကဘဒ္ဒိယ၏ ဂုဏ်ကျေးဇူးများကို

မြတ်စွာဘုရား ထင်ရှားဖော်ပြတော်မူခြင်း

     အခါတပါး၌ မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး နေတော်မူစဉ် များစွာသော ရဟန်းတို့ ဘုရားရှင် ထံတော်မှောက်သို့ လာရောက်ကြလေသည်။ ထိုအခါ အရှင်လကုဏ္ဍကဘဒ္ဒိယ မထေရ်သည်လည်း များစွာသော ရဟန်းတို့နှင့် အတူတကွ ရွာတပါး၌ ဆွမ်းခံလှည့်လည်တော်မူ၍ ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးလတ်သော် သပိတ်ကို ရေစင်အောင်ပြုကာ သပိတ်အိတ်၌ ထည့်လျက် ပခုံး၌ ချိတ်ပြီးလျှင် သင်္ကန်းကြီးကိုလည်း ခေါက်၍ လက်ဝဲပခုံး၌ ထားလျက် ကြည်ညိုဖွယ်ရှိသော ရှေ့သို့တက်ခြင်း, နောက်သို့ဆုတ်ခြင်း, တူရူကြည့်ခြင်း, ဘေးသို့ကြည့်ခြင်း, ကွေးခြင်း, ဆန့်ခြင်းတို့ဖြင့် မျက်လွှာချကာ ဣရိယာပုထ်နှင့် ပြည့်စုံလျက် မိမိ၏ သတိပညာ ပြန့်ပြောခြင်းကို ထင်လင်းစွာ ပြသကဲ့သို့ သတိ,သမ္ပဇဉ်နှစ်ပါး ကောင်းစွာ ဖြစ်ပွါးစေ၍ တည်ကြည်စွာသောစိတ်ဖြင့် ရှေ့ခြေရာ၌ နောက်ခြေကို နင်းကာ မြတ်စွာဘုရား ထံမှောက်သို့ သွားရောက်လေသည်။

     ထိုသို့ သွားရောက်သည်ရှိသော် များစွာသောရဟန်းတို့နှင့် မရောယှက်ပဲ ထိုရဟန်းတို့နောက်မှ သွားရောက်တော်မူလေသည်၊ အကြောင်းကား- အများနှင့်မရော တပါးတည်း ဧကစာရီ နေတော်မူလေ့ရှိသောကြောင့်တည်း၊ တနည်း- ထိုအရှင်မြတ်၏ ပုကွ၍ အကြည့်ရခက်သော ရူပကာယကို ဆဗ္ဗဂ္ဂီရဟန်းတို့ကဲ့သို့သော ပုထုဇန်ရဟန်း အချို့တို့သည် ပြက်ရယ် ပြောင်လှောင် ရှုတ်ချ ပြုလုပ်ကြလေသည်၊ မထေရ်မြတ်သည် ထိုအကြောင်းကို စဉ်းစားမိတော်မူသဖြင့် “ဤအချို့သော ပုထုဇန် ရဟန်းတို့သည်



၁၉၁

ငါ့ကို အမှီပြု၍ အကုသိုလ်တရားကို မပွါးစေကြပါကုန်လင့်”ဟု အောက်မေ့တော်မူကာ ထိုများစွာသော ရဟန်းတို့နောက်မှ သွားရောက် လိုက်ပါတော်မူလေသည်။ ဤသို့လျှင် ထိုရဟန်းများစွာတို့နှင့် မထေရ်မြတ်တို့ သာဝတ္ထိပြည်သို့ ရောက်ကြကာ ဇေတဝန်ကျောင်းတိုက်သို့ ဝင်ကြ၍ ဘုရားရှိတော်မူရာ အရပ်သို့ ဆည်းကပ် သွားရောက်ကြလေ၏။

     မြတ်စွာဘုရားသည် ယင်းသို့ လကုဏ္ဍက ဘဒ္ဒိယမထေရ် ရဟန်းများစွာတို့နောက်မှ ကြည်ညိုဖွယ်သော ဣန္ဒြေဖြင့် လိုက်ပါလာသည်ကို အဝေးမှပင် မြင်တော်မူ၍ “ဤရဟန်းတို့သည် ငါ့သားတော်၏ အာနုဘော် ကြီးမြတ်ကြောင်းကို မသိကြကုန်။ ထို့ကြောင့်ပင် အချို့သော ပုထုဇန်ရဟန်းတို့သည် ငါ့သားတော်ကို ပြက်ရယ်ရှုတ်ချ လွှမ်းမိုးကြလေသည်။ ထိုသို့ ပြုမူခြင်းသည် ထိုရဟန်းတို့အဖို့ရာ ကာလရှည်ကြာ အစီးအပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်ပေလိမ့်မည်။ ယခုအခါ ငါဘုရားသည် ဤငါ့သားတော်၏ ဂုဏ်ကျေးဇူးများကို ရဟန်းတို့အား ထင်ရှားဖော်ပြ၍ ငါ့သားတော်ကို ပြက်ရယ်ရှုတ်ချ လွှမ်းမိုးကြခြင်းဘေးမှ လွတ်စေမည်”ဟု ကြံစည် ဆင်ခြင်တော်မူ၍ ရဟန်းတို့ကို “ရဟန်းတို့.. သင်ချစ်သားတို့သည် ရဟန်းများစွာတို့၏ နောက်မှ နောက်မှ လိုက်ပါလာသည့် အဆင်းမလှ အကြည့်ရခက် ပုကွချက်ကြောင့် များစွာသော ပုထုဇန် ရဟန်းအချို့တို့ ပြက်ရယ်ရှုတ်ချ အလွှမ်းမိုးခံရသည့် ထိုရဟန်းကို မြင်ကြ၏”ဟု မေးတော်မူလေ၏။ ရဟန်းတို့က “မြင်ကြပါသည် မြတ်စွာဘုရား..”ဟု လျှောက်ထားကြလေလျှင် မြတ်စွာဘုရားရှင်သည်-

“ရဟန်းတို့.. ဤရဟန်းသည် ကြီးမားသော တန်ခိုးဣဒ္ဓိ ကြီးမားသော အာနုဘော်ရှိသူ ဖြစ်ပေ၏။ ထိုရဟန်း မဝင်စားဘူးသော သာဝကတို့ဆိုင်ရာ သမာပတ်ဟူ၍ မရှိသလောက်ပင် ဖြစ်၏။ (သာဝကတို့နှင့် သက်ဆိုင်သည့် ရူပသမာပတ်, အရူပသမာပတ်, ဗြဟ္မဝိဟာရ သမာပတ်, နိရောဓသမာပတ်, ဖလသမာပတ် အားလုံးပင်



၁၉၂

ထိုရဟန်း ဝင်စားဘူးသည်သာ ဖြစ်၏-ဟု ဆိုလိုသည်။ ဤစကားရပ်ဖြင့် တန်ခိုးဣဒ္ဓိ ကြီးမားသည်ကို ပြတော်မူ၏)။ ထိုရဟန်းသည် ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြသည့် အမျိုးသားများ ပဓာန လိုလားအပ်သည့် အတုမရှိ မြတ်သောအကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ပြည့်စုံစေကာ နေ၏။ (အရဟတ္တဖိုလ် သမာပတ်ကို မပြတ်ဝင်စားကာနေသော ရဟန်းဖြစ်သည်-ဟု ဆိုလိုသည်။ ဤစကားရပ်ဖြင့် အာနုဘော် ကြီးမားသည်ကို ပြတော်မူ၏။ မှန်၏- ဤအရာ၌ အရဟတ္တဖိုလ် သမာပတ်သည် မထေရ်မြတ် သုံးဆောင် ခံစားအပ်သောကြောင့် အာနုဘာဝ = အာနုဘော်မည်၏။)”–

ဤကဲ့သို့ မိန့်တော်မူပြီးလျှင် ဤဆိုလတ္တံ့သော (မထေရ်၏ ဂုဏ်ကျေးဇူးကို ဖော်ပြသည့်) ဥဒါန်းဂါထာကိုလည်း ကျူးရင့်တော်မူလေ၏-

နေလင်္ဂေါ သေတပစ္ဆာဒေါ၊ ဧကာရော ဝတ္တတီ ရထော။

အနီဃံ ပဿ အာယန္တံ၊ ဆိန္နသောတံ အဗန္ဓနံ။

နေလင်္ဂေါ = အပြစ်အနာကင်းပသည့် အရဟတ္တဖိုလ် သီလတည်းဟူသော ပဓာနအင်္ဂါကြီး ရထားဘီးလည်း ရှိထသော။ သေတပစ္ဆာဒေါ = ဖြူစင်စွာဘိ အရဟတ္တဖိုလ်ဝိမုတ္တိ တည်းဟူသော ရထား၏ ခင်းနှီးစသည်လည်း ရှိထသော။ ဧကာရော = အတုမရှိ အရဟတ္တဖိုလ်သတိ တည်းဟူသော ရထား၏ အကန့်လည်း ရှိထသော။ ရထော = ငါဘုရား၏ သားဩရသ ဘဒ္ဒိယ၏ အတ္တဘာဝခေါ်ငြား ကိုယ်ခန္ဓာရထားသည်။ ဝတ္တတိ = ဆီမထည့်ရပဲ လှလှကြီး လှည့်လည်သွားလာ၏။ အာယန္တံ = များစွာသော ရဟန်းတို့နောက်မှ လိုက်ပါလာသော။ အနီဃံ = ကိလေသာ တည်းဟူသော ချောက်ချားဆင်းရဲခြင်း အလျှင်းမရှိသော။



၁၉၃

ဆိန္နသောတံ = တဏှာတည်းဟူသော ဆီအယဉ် တသွင်သွင် ယိုစီးခြင်း ပြတ်ကင်းပြီးထသော။ အဗန္ဓနံ = သံယောဇဉ်ဆယ်မျိုး အဖွဲ့ကြိုးတချောင်းမျှ မရှိသော။ (ဣမံ = ဤလကုဏ္ဍကဘဒ္ဒိယ ငါဘုရားသား၏ အတ္တဘောတည်းဟူသော ရထားကို)။ ပဿ = ပဿာဟိ = စေ့ငုသေချာ ကြည့်ရှုပါလော့။ (ဤ၌ မြတ်စွာဘုရားသည် မထေရ်၏ ဂုဏ်ကျေးဇူးများကြောင့် အလွန် ဝမ်းမြောက်တော်မူသည်ဖြစ်၍ ကိုယ်တော်မြတ်ကိုယ်ကိုပင် “ကြည့်စမ်းပါလော့”ဟု တိုက်တွန်းစကား မိန့်ကြားတော်မူလေသည်)။

(ဤကား ဥဒါန်းပါဠိတော် ၇-စူဠဝဂ်၊ ၅-အပရလကုဏ္ဍကဘဒ္ဒိယသုတ် (ခု ၁-မျက်နှာ-၁၇၂)မှ ထုတ်နုတ်ဖော်ပြချက်တည်း)။

ထိုမှတပါးလည်း အရှင်လကုဏ္ဍက ဘဒ္ဒိယမထေရ်နှင့်စပ်သော အကြောင်းအရာ တရားဒေသနာတို့ကို ဓမ္မပဒ ပါဠိအဋ္ဌကထာ, ထေရဂါထာ ပါဠိအဋ္ဌကထာ, အပဒါန ပါဠိအဋ္ဌကထာ- စသည်တို့မှ ထုတ်နုတ်မှတ်သားကုန်ရာ၏။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     မြတ်စွာဘုရားရှင်သည် နောက်တချိန်ဝယ် ဇေတဝန်ကျောင်းတိုက်၌ နေတော်မူစဉ် ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ထူး နှင်းအပ်သောသဘင် ဆင်ယင်ကျင်းပသောအခါ ဤလကုဏ္ဍကဘဒ္ဒိယ ရဟန္တာအရှင်မြတ်အား-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ မဉ္ဇုဿရာနံ ယဒိဒံ လကုဏ္ဍကဘဒ္ဒိယော = ရဟန်းတို့.. သာယာချိုမြိန်သော အသံရှိကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် လကုဏ္ဍကဘဒ္ဒိယသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”–



၁၉၄

ဟု ချီးကျူး မြွက်ဆိုတော်မူကာ “မဉ္ဇုဿရ = သာယာချိုမြိန်သော အသံရှိသော အရာ”ဝယ် ဧတဒဂ် ထားတော်မူလေ၏။

ဤကား အရှင်လကုဏ္ဍကဘဒ္ဒိယမထေရ် အကြောင်းတည်း။

**********