အကာလရာဝိဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၁၁၉။ အကာလရာဝိဇာတ်


ဧကကနိပါတ်-ဟံစိဝဂ်

၉။ အကာလရာဝိဇာတ်

အခါမဟုတ်သည်၌ အသံကိုပြုမိသည်အတွက်ကြောင့် အသက်ကုန်ခြင်းသို့ရောက်ဘူးသော အကြာင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အမာတာပိတရသံဝဒ္ဓေါ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအကာ လရာဝိဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီ တင်း သုံးနေတော်မူစဉ် တယောက်သော အချိန်မဟုတ်သည်၌ အသံပြုတတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းသည် သာဝတ္ထိပြည်၌နေသော အမျိုးသားဖြစ်သတတ်။ ထိုအမျိုးသားသည် သာသနာတော်၌ ရဟန်းပြု၍ ဝတ်ကို၎င်း တရားကျမ်းဂန် သင်ခြင်းကို၎င်း မမှတ်၊ ထိုရဟန်းသည် ဤကာလ၌ ငါသည်ဝတ်ကိုပြုအပ်၏။ ဤကာလ၌ ငါသည် စားအပ်၏။ ဤကာလ၌ တရားကျမ်းဂန်သင်ခြင်းကို ပြုအပ်၏။ ဤကာလ၌ ငါသည် သရဇ္ဈာယ်အပ်၏ဟု မသိ၊ ပဌမယာမ်၌၎င်း မဇ္စျိမယာမ်၌၎င်း ပစ္ဆိမယာမ်၌၎င်း နိုးတိုင်းနို့တိုင်းသောခဏ၌ သာလျှင် ကျယ်သော အသံကိုပြု၏။ ရဟန်းတို့သည် အိပ်ခြင်းကို မရကုန်။

တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ ဤအမည်ရှိသော ရဟန်းသည် ဤသို့သဘောရှိသော ရတနာဖြစ်သော သာသနာတော်၌ ရဟန်း ပြု၍ ဝတ်ကို၎င်း တရားကျမ်းဂန်သင်ယူခြင်းကို၎င်း အခါမဟုတ်သည်ကို၎င်း မသိဟု ထိုရဟန်း၏ ကျေးဇူးမဲ့ဖြစ်သော စကားကို ဆိုကုန်၏ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟုမေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ထိုရဟန်းသည် အခါမဟုတ်သည်၌ အသံ ပြုတတ်သည် မဟုတ်သေး၊ ရှေး၌လည်း အခါမဟုတ်သည်၌ အသံပြုတတ်သည် သာလျှင်တည်း၊ အခါဟုတ်သည် အခါမဟုတ်သည်ကို မသိသည်၏ အဖြစ်ကြောင့် လည်ကိုလိမ်၍ အသက်ကုန်ခြင်းသို့ ရောက်ဘူးပြီဟုမိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် ဥဒိစ္စပုဏ္ဏားမျိုး၌ ဖြစ်၍ ခပ်သိမ်းသောအတတ်တို့၌ ကမ်းတဘက်သို့ရောက်၍ ဗာရာဏသီပြည်၌ ဒိသာ ပါမောက္ခဆရာဖြစ်၍ ငါးရာကုန်သောလုလင်တို့ကို အတတ်သင်စေ၏။ ထိုလုလင်တို့အား တခုသောအချိန်၌ တွန်တတ်သောကြက်တခုသည် ရှိ၏ လုလင်တို့သည် ကြက်တွန်သောအသံဖြင့်ထ၍ အတတ်ကို သရဇ္ဈာယ်ကြကုန်၏။ ထိုကြက်သည် သေ၏။ လုလင်တို့သည် တပါးသောကြက်ကိုရှာလျှက် သွားကုန်၏။ ထိုအခါ တယောက်သော လုလင်ငယ်သည် သုသာန်၌ ထင်း ခွေလတ်သော် တခုသောကြက်ကိုမြင်၍ ဆောင်ခဲ့ပြီးလျှင် ချိုင့်၌ထား၍ မွေး၏။ ကြက်သည်သုသာန်၌ကြီးသည်၏အဖြစ်ကြောင့် ဤမည်သောအခါ၌ တွန်အပ်သည်ဟု မသိသည်၏ အဖြစ်ကြောင့် ရံခါ အလွန်စောစောတွန်၏။ ရံခါ အရုဏ်တက်မှတွန်၏။

လုလင်တို့သည် အလွန်စောစောတွန်သော ကာလ၌ အတတ်ကို သရဇ္ဈာယ်ကုန်လတ်သော် အရုဏ်တက်သည်တိုင်အောင် အတတ်ကိုသရဇ္ဈာယ်အံ့သောငှါ မတတ်နိုင်ကုန်၊ အိပ်ချင်ကုန်၍ ယူအပ်သောအတတ်ကိုလည်း မမြင်ကုန်၊ အလွန်လင်းမှ တွန်သောကာလ၌ သရဇ္ဈာယ်ခြင်း၏အခွင့်ကိုလျှင် မရကုန်၊ လုလင်တို့သည် ဤကြက်သည် အလွန်စောစောလည်း တွန်၏။ အလွန်လင်းမှလည်းတွန်၏။ ဤကြက်ကိုမှီ၍ ငါတို့အား အတတ်သည် အပြီးသို့ မရောက်လတ္တံ့ဟု ထိုကြက်ကိုဖမ်း၍ လည်ကိုလိမ်၍ အသက်ကုန်ခြင်းသို့ရောက်စေ၍ အခါမဟုတ်သည်၌ တွန်တတ်သောကြက်ကို အကျွန်ုပ်တို့သည်သတ်အပ်ပြီဟု ဆရာအား ပြောဆိုကုန်၏။ ဆရာသည် အဆုံးအမကိုမယူမူ၍ကြီးသည်၏ အဖြစ်ကြောင့် သေခြင်းသို့ရောက်၏ဟု ဆိုလို၍-

၁၁၉။ အမာတာပိတရသံဝဒ္ဓေါ၊ အနာစေရကုလေဝသံ၊
နာယံ ကာလံ အကာလံ ဝါ၊ အဘိဇာနာတိ ကုက္ကူဋော။

ဟူသော ဤဂါထာကို ဆို၏။

၁၁၉။ ဘောန္တော မာဏဝါ၊ အို လုလင်တို့။ အမာတာပိတရသံဝဒ္ဓေါ၊ မိဘကိုမှီလျက် မိဘအဆုံးအမကိုမယူမူ၍ကြီးသော။ အနာစေရကုလေဝသံ၊ ဆရာ့အထံ၌ မနေသော။ အယံ ကုက္ကူဋော၊ ဤကြက်သည်။ ကာလံ ဝါ၊ အခါဟုတ်သည်ကိုလည်း။ န အဘိဇာနာတိ၊ မသိ။ အကာလံဝါ၊ အခါမဟုတ်သည်ကိုလည်း။ န အဘိဇာနာတိ၊ မသိ။

ဘုရားလောင်းသည် ဤအကြောင်းကိုပြ၍ အသက်ထက်ဆုံး တည်၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဤရဟန်းသည် ထိုအခါ အချိန်မဟုတ်သည်၌ တွန်တတ်သော ကြက်ဖြစ်ဘူးပြီ၊ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ တပည့် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အချိန်ကာလ၊ မသိက၊ မုချသေရှာ ကြက်ပမာ

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော အကာလရာဝိဇာတ်သည် ပြီး၏။

*****