ဗန္ဓနမောက္ခဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၁၂၀။ ဗန္ဓနမောက္ခဇာတ်


ဧကကနိပါတ်-ဟံစိဝဂ်

၁၀။ ဗန္ဓနမောက္ခဇာတ်

စိဉ္စမာဏဝိကာသည် ရှေးအခါ၌လည်း ဘုရားလောင်းအား စွပ်စွဲဘူးသော အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နက်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အဗဒ္ဓါ တတ္ထ ဗဇ္ဈန္တိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဗန္ဓနမောက္ခဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် စိဉ္စမာဏဝိကာကို ကြောင်းပြု၍ ဟောတော်မူ၏။ စိဉ္စမာဏဝိကာ၏ ဝတ္ထုသည် ဒသကနိပါတ် မဟာပဒုမဇာတ်၌ထင်စွာ ဖြစ်လတ္တံ့။

အထူးကား ထိုအခါ သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ စိဉ္စမာဏဝိကာသည် ယခုသာလျှင် ငါ့ဘုရားကို မဟုတ်မမှန်သဖြင့် စွပ်စွဲသည် မဟုတ်သေး၊ ရှေး၌လည်း စွပ်စွဲဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို အောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် ပုရောဟိတ်အိမ်၌ဖြစ်၍ အရွယ်သို့ရောက်လျှင် အဘလွန်သဖြင့် ဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ဖြစ်သလျှင်ကတည်း၊ ဗြဟ္မဒတ်မင်းသည် မိဖုယားကြီးအား အရှင်မိဖုယား အကြင်ဝတ္ထု ကိုသင်သည် အလို ရှိ၏။ ထိုဝတ္ထုကို ဆိုလောဟု ဆုပေး၏။ မိဖုယားကြီးသည် မြတ်သောမင်းကြီး အကျွန်ုပ်အား ရခဲသော တပါးသောဆုမည်သည် မရှိ၊ ယနေ့မှစ၍ အကျွန်ုပ်မှတပါးသော မိန်းမကို ကိလေသာ၏ အစွမ်းအားဖြင့် မကြည့်အပ်၊ ဤဆုကိုပေးပါလောဟု ဆို၏။ ထိုဗြဟ္မဒတ်မင်းသည်ပယ်၍ အဖန်တလဲလဲ နှိပ်စက်အပ်သည်ဖြစ်၍ ထိုမိဖုယားကြီး၏စကားကို လွန်အံ့သောငှါမတတ်နိုင်ရကား ဝန်ခံ၍ ယနေ့မှစ၍ တသောင်း ခြောက်ထောင်ကုန်သော ကချေသည်မိန်းမတို့တွင် တယောက်သောမိန်းမကိုလည်း ကိလေသာ၏ အစွမ်းအားဖြင့် မကြည့်။

ထိုအခါ ဗြဟ္မဒတ်မင်း၏ပစ္စန္တရစ်ကို ခိုးသူဖျက်ဆီး၏။ ပစ္စန္တရစ်၌ တည်ကုန်သော သူရဲတို့သည် ခိုးသူတို့နှင့် နှစ်ကြိမ်သုံးကြိမ်စစ်ထိုးကုန်၍ ဤထက်အလွန် အကျွန်ုပ်တို့မတတ်နိုင်ဟု မင်းအား စာဆက်ကုန်၏။ မင်းသည် ပစ္စန္တရစ်သို့သွားလိုရကား ဗိုလ်ပါကိုစု၍ မိဖုယားကြီးကိုခေါ်စေ၍ ရှင်မိဖုယား ငါသည် ပစ္စန္တရစ်သို့ ခိုးသူတို့ကိုငြိမ်းစိမ့်သောငှါ သွားအံ့၊ ထိုပစ္စန္တရစ်၌ အထူးထူး အပြားပြားရှိကုန်သော စစ်ထိုးခြင်းတို့သည် ဖြစ်ကုန်၏။ အောင်ခြင်းရှုံးခြင်းမည်သည်လည်း အမြဲမရှိ၊ ထိုသို့သဘောရှိကုန်သော အရပ်၌ မိန်းမမည်သည်ကို ဆောင်ခြင်းငှါခက်၏။ သင်သည် ဤ၌သာလျှင်နေရစ်ဟု ဆို၏။ အရှင်မင်းကြီး အကျွန်ုပ်နေရစ်ခြင်းငှါ မတတ်နိုင်ဟု မိဖုယားကြီးသည် လျှောက်၏။ အဖန်တလဲလဲ မင်းသည်ပယ်၏။ ထိုသို့တပြီးကား တယူဇနာတယူဇနာသို့ ရောက်လျှင် အကျွန်ုပ်၏ချမ်းသာဆင်းရဲကို သိခြင်းအကျိုးငှာ တယောက်တယောက်သောလူကို စေတော်မူလောဟု မိဖုယားက ဆို၏။ မင်းသည် ကောင်းပြီဟုဝန်ခံ၍ ဘုရားလောင်းကို မြို့၌ထားခဲ့၍ များစွာသော ဗိုလ်ပါနှင့် ထွက်၍ သွားသည်ရှိသော် တယူဇနာ တယူဇနာ၌ တယောက် တယောက်သောယောက်ျားကို ငါ၌ ရောဂါကင်းကြောင်းကို မိဖုယာအားလျှောက်၍ မိဖုယား၏ ချမ်းသာဆင်းရဲကို သိ၍လာလောဟု စေ၏။

လာတိုင်း လာတိုင်းသောယောက်ျားကို မင်းသည် အဘယ်အကျိုးငှာသင့်ကို စေသနည်းဟု မေး၏။ ရှင်မိဖုယားတို့၏ ချမ်းသာဆင်းရဲကို သိခြင်းအကျိုးငှာစေ၏ ဟု လျှောက်သည်ရှိသော် ထိုသို့တပြီးကား လာလောဟု ခေါ်၍ ထိုယောက်ျားနှင့်တကွ မသူတော်၏ အကျင့်ကို မှီဝဲ၏။ မင်းသည် သုံးဆယ့်နှစ်ယူဇနာခရီးသို့ ရောက်လတ်သော် သုံးကျိပ်နှစ်ယောက်ကုန်သော သူတို့ကို စေ၏။ ထိုမိဖုယားသည် ခပ်သိမ်းကုန်သောသူတို့နှင့်လည်း ထို့အတူသာလျှင်ကျင့်၏။ မင်းသည် ပစ္စန္တရစ်ကိုငြိမ်းစေ၍ ဇနပုဒ်ကိုချမ်းသာစေ၍ တဖန်ပြန်လာသော်လည်း ထို့အတူလျှင် သုံးကျိပ်နှစ်ယောက်ကုန်သော သူတို့ကိုစေ၏။ မိဖုယားသည် ထိုသူတို့နှင့်လည်း မသူတော်အကျင့်ကို မှီဝဲသလျှင်ကတည်း၊ မင်းသည်လာ၍ အောင်တပ်၌နေ၍ မြို့ကိုသုတ်သင်စေလောဟု ဘုရားလောင်းအား စာပို့စေ၏။ ဘုရားလောင်းသည် အလုံးစုံသောမြို့ကိုသုတ်သင်၍ နန်းတော်ကိုသုတ်သင်လတ်သော် မိဖုယား၏နေရာအရပ်သို့ရောက်၍ ထိုမိဖုယားသည် ဘုရားလောင်း၏ တင့်တယ်စံပယ်ခြင်းကို မြင်၍ သည်းခံအံ့သောငှာ မတတ်နိုင်ရကား ပုဏ္ဏား လာလော့ အိပ်ရာသိုတက်လော့ဟု ဆို၏။

ဘုရားလောင်းသည် ရှင်မိဖုယား ဤသို့ မဆိုလင့်၊ မင်းကိုလည်း အကျွန်ုပ် ရိုသေလေးမြတ်၏ အကုသိုလ်ကိုလည်း ကြောက်၏။ ဤသို့ အကျွန်ုပ်ပြုခြင်းငှါ မတတ်ကောင်းဟု ဆို၏။ မင်း၏ခြေရင်း၌ ခစားကုန်သော ခြောက်ကျိပ်လေးသောက်ကုန်သောသူတို့သည် မင်းကို မရိုသေမလေးမြတ်ကုန်၊ အကုသိုလ်ကိုလည်း မကြောက်ကုန်၊ သင်သည်သာလျှင် မင်းကို ရိုသေ လေးမြတ်၏။ အကုသိုလ်ကို ကြောက်၏ဟု မိဖုယားဆို၏။ ရှင်မိဖု မှန်၏။ ထိုခြောက်ကျိပ်လေးယောက်ကုန်သော သူတို့အားလည်း ဤသို့ အကယ်၍ သိလိမ်မာသည်ဖြစ်ငြားအံ့၊ ထိုခြောက်ကျိပ် လေးယောက်ကုန်သောသူတို့သည် ဤသို့သဘောရှိသောအမှုကို မပြုကုန်ရာ၊ အကျွန်ုပ်သည် သိလိမ်မာလျက် ဤသို့သဘောရှိသော ကြမ်းကြုတ်သောအမှုကို မပြုဟူ၍ ဆို၏။ မိဖုယားသည် ပုဏ္ဏား သင်သည်အဘယ်ကြောင့် များစွာပြောဆိုသနည်း၊ အကယ်၍ ငါ့စကားကိုနားမထောင်အံ့၊ သင့်ဦးခေါင်းကို ပြတ်စေအံ့ဟုဆို၏။ ဘုရားလောင်းသည် ရှင်မိဖုယား တခုသောကိုယ်အဖြစ်၌ ဦးခေါင်းကိုဖြတ်ခြင်းကို ထားဘိဦး၊ တထောင်သော ကိုယ်အဖြစ်၌ ဦးခေါင်းကိုဖြတ်ငြားသော်လည်း အကျွန်ုပ်သည် ဤကဲ့သို့သောအမှုကိုပြုခြင်းငှာ မတတ်နိုင်ဟု ဆို၏။

မိဖုယားသည် ထိုသို့ဖြစ်စေ သိရအံ့ဟု ဘုရားလောင်းကိုခြိမ်းချောက်၍ မိမိ၏တိုက်ခန်းသို့ဝင်၍ ကိုယ်၌ လက်သည်းရာကို ထင်စေ၍ ဆီဖြင့် ကိုယ်ကိုလိမ်း၍ ညစ်နွမ်းသောအဝတ်ကိုဝတ်၍ နာယောင်ပြုလျှက် ကျွန်မတို့ကိုခေါ်၍ မိဖုယား အဘယ်မှာနည်းဟု မင်းကြီးမေးသည်ရှိသော် နာပါသည်ဟု ပြောဆိုကုန်လောဟု ဆို၏။ ဘုရားလောင်းသည်လည်း မင်းအား ကြိုအံ့သောငှါ သွား၏။ မင်းသည် မြို့ကို လကျ်ာရစ်လှည့်၍ ပြာသာဒ်သို့တက်ပြီးသော် မိဖုယားကိုမမြင်ရကား မိဖုယားအဘယ်မှာနည်းဟု မေး၏။ ရှင်မင်းကြီး မိဖုယားသည် နာ၏ဟုဆိုကုန်၏။ ထိုမင်းသည် အသရေရှိသောတိုက်ခန်းသို့ဝင်၍ မိဖုယား၏ကျောက်ကုန်းကို ဆုပ်နယ်လျှက် ရှင်မ သင့်အား အဘယ်မချမ်းသာခြင်းသည် ဖြစ်သနည်းဟု မေး၏။ မိဖုယားသည် ဆိတ်ဆိတ်နေ၏။ သုံးကြိမ်မြောက်၌ မင်းကိုကြည့်၍ မြတ်သောမင်းကြီး သင်မင်းကြီးသည်လည်း အသက်ရှင်သည် မည်၏။ အကျွန်ုပ်ကဲ့သို့သော မိန်းမတို့သည်လည်း လင်ရှိမိန်းမတို့သည်သာလျှင် မည်ကုန်သည် မဟုတ်လာဟု မိဖုယားဆို၏။ ရှင်မ ထိုစကားကို အဘယ်ကြောင့်ဆိုသနည်းဟု မင်းသည် ဆို၏။

မြတ်သောမင်းကြီး သင်မင်းကြီးတို့သည် မြို့ကိုစောင့်စိမ့်သောငှါထားသော ပုရောဟိတ်သည် သင်မင်းကြီးတို့၏အိမ်တော်ကို သုတ်သင်အံ့ဟု ဤသို့လာ၍ မိမိစကားကို နားမထောင်သော အကျွန်ုပ်ကို သတ်ပုတ်၍ မိမိနှလုံးအလိုကို ပြည့်စေ၍ သွား၏ဟု မိဖုယားဆို၏။ မင်းသည် မီး၌ ထည့်အပ်သောဆားကဲ့သို့ အမျက်အားဖြင့် ဖျစ် ဖျစ်မြည်လျက် အသရေရှိသော တိုက်ခန်းမှထွက်၍ တံခါးစောင့်ကို ခြေရင်း၌ခစားသူတို့ကို ခေါ်စေ၍ အချင်းတို့သွားကြကုန်၊ ပုရောဟိတ်ကို လက်ပြန်ချည်၍ သတ်အပ်သော အဖြစ်သို့ ရောက်သည်ကိုပြု၍ မြို့မှထုတ်၍ သုသာန် စဉ်း တီတုံးသို့ဆောင်၍ ပုရောဟိတ်၏ဦးခေါင်းကို ဖြတ်ကြကုန်ဟု ဆို၏။ ထိုမင်းချင်းယောက်ျားတို့သည် လျှင်မြန်သဖြင့်သွား၍ ပုရောဟိတ်ကိုလက်ပြန်ချည်၍ သူသတ်စည်ကို လည်စေကုန်၏။ ဘုရားလောင်းသည် စင်စစ်သဖြင့် ထိုမိဖုယားပျက်သည် မင်းကို ရှေးဦးစွာလျှင် ဖျက်ဆီးအပ်ပြီ၊ ယခု ငါသည် မိမိအစွမ်းဖြင့်သာလျှင် ကိုယ်ကို လွတ်စေအံ့ဟုကြံ၏။ ကြံပြီး၍ -

ဘုရားလောင်းသည် မင်းချင်းယောက်ျားတို့ကို အချင်းတို့ သင်တို့သည် ငါ့ကို သတ်ကုန်လတ်သော် မင်းအားပြ၍သာလျှင် သတ်ကြကုန်လောဟု ဆို၏။ အဘယ့်ကြောင့်ပြ၍ သတ်ရကုန်အံ့နည်းဟု မင်းချင်းတို့သည် ဆိုကုန်၏။ ငါသည် မင်း၏အမှုကိုရွက်ဆောင်၏။ ငါပြုသောအမှုသည် များ၏။ များစွာကုန်သော ရွှေအိုးကြီးမြှုပ်ထားရာအရပ်တို့ကို သိ၏။ မင်း၏ဥစ္စာကို ငါသည် စီရင်၏။ ငါ့ကို မင်းအား အကယ်၍ မပြကုန်အံ့၊ များစွာသောဥစ္စာသည် ပျက်စီးလတ္တံ့၊ ငါသည် မင်းအား ဥစ္စာတို့ကို ကြားပြီးသည် ရှိသော် နောက်၌ ပြုအပ်သောအမှုကို သင်တို့ပြုကြကုန်လောဟု ဘုရားလောင်း ဆို၏။ မင်းချင်းယောက်ျားတို့သည် ဘုရားလောင်းကို မင်းအား ပြကုန်၏။ မင်းသည် ဘုရားလောင်းကို မြင်၍လျှင် အို ပုဏ္ဏား သင်သည် အဘယ်ကြောင့် ငါ၌ ရှက်ခြင်းကို မပြုသနည်း၊ အဘယ်ကြောင့် ဤသို့သဘောရှိသော ယုတ်မာသောအမှုကို ပြုသနည်းဟု ဆို၏။

မြတ်သောမင်းကြီး အကျွန်ုပ်သည် ပုဏ္ဏားမျိုး၌ ဖြစ်၏။ အကျွန်ုပ်သည် ပိုးခြပုန်းမျှကို သတ်ခြင်းမည်သည်ကို မပြုစဘူး၊ အရှင်မပေးသောဥစ္စာကို မြက်ဝါးခြမ်းစိတ်မျှကိုလည်း မယူစဘူး၊ လောဘ၏အစွမ်းအားဖြင့် သူတပါးတို့၏မိန်းမကို မျက်စိကိုလည်း ဖွင့်၍ မကြည့်စဘူး၊ ရယ်မြူးလိုသည်၏အစွမ်းအားဖြင့်လည်း မုသားကို မဆိုစဘူး၊ သမန်းမြက်မျှဖြင့်လည်း ယစ်မျိုးကို မသောက်စဘူး၊ အကျွန်ုပ်သည် အရှင်မင်းကြီးတို့၌ အပြစ်မရှိ၊ ထိုမိဖုယားမိုက်သည်ကား လောဘ၏ အစွမ်းအားဖြင့် အကျွန်ုပ်ကို လက်၌ကိုင်၍ အကျွန်ုပ်သည်ပယ်အပ်သည်ရှိသော် အကျွန်ုပ်ကို ခြိမ်းချောက်၍ မိမိပြုအပ်သော မကောင်းမှုကို ထင်စွာပြလျက် အကျွန်ုပ်အားကွား၍ တိုက်ခန်းတွင်းသို့ ဝင်လေ၏။ အကျွန်ုပ်သည် အပြစ်မရှိ၊ အမှာစာကိုယူ၍လာကုန်သော ခြောက်ကျိပ် လေးယောက်ကုန်သော သူတို့သည်ကား အပြစ်ရှိကုန်၏။ ထိုခြောက်ကျိပ်လေးယောက်ကုန်သောသူတို့ကို ခေါ်စေ၍ ထိုမိဖုယား၏စကားကို သင်တို့သည်ပြုကုန်သလော မပြုကုန်သလောဟု မေးတော်မူလောဟု ဘုရားလောင်း ဆို၏။ မင်းကြီးသည် ထိုခြောက်ကျိပ် လေးယောက်ကုန်သောသူတို့ကို နှောင်ဖွဲ့စေ၍ မိဖုယားကိုခေါ်စေ၍ သင်သည် ထိုသူတို့နှင့်တကွ မကောင်းမှုကို ပြုသလော။ မပြုသလောဟု မေး၏။ ရှင်မင်းကြီး ပြုမိပေ၏ဟု ဆိုလတ်သော် ထိုခြောက်ကျိပ်လေးယောက်ကုန်သောသူတို့ကို လက်ပြန်ချည်စေ၍ ဤသူတို့၏ဦးခေါင်းကို ဖြတ်ကြကုန်ဟု စေ၏။

ထိုအခါ ဘုရားလောင်းသည် မြတ်သောမင်းကြီး ခြောက်ကျိပ်လေးယောက်ကုန်သောသူတို့အား အပြစ်မရှိ၊ မိဖုယားသည် မိမိအလိုကို ပြုစေ၏။ ထို့ကြောင့် ခြောက်ကျိပ်လေးယောက်ကုန်သောသူတို့အား သည်းခံတော်မူပါ၊ ထိုမိဖုယားအားလည်း အပြစ်မရှိ၊ မိန်းမတို့မည်သည် မေထုန်အကျင့်ဖြင့် မရောင့်ရဲနိုင်ကုန်၊ ဤမေထုန်အကျင့်ဖြင့် မရောင့်ရဲခြင်းသည် ထိုမိန်းမတို့၏ ဇာတိသဘောတည်း၊ သည်းခံခြင်းငှာသာလျှင် သင့်၏။ ထို့ကြောင့် မိဖုယားအားလည်း သည်းခံတော်မူပါဟု အထူးထူး အပြားပြားအားဖြင့် မင်းကိုသိစေ၍ ခြောက်ကျိပ်လေးယောက်ကုန်သော သူတို့ကိုလည်း လက်ပြန်ချည်ခြင်းမှလွတ်စေ၍ ခပ်သိမ်းကုန်သောသူတို့အား မိမိတို့၏ဥစ္စာဖြစ်ကုန်သော အရာဌာနတို့ကို ပေးစေ၏။ ဤသို့ အလုံးစုံသောထိုသူတို့ကို လွှတ်စေ၍ မိမိတို့၏အရာဌာနတို့၌တည်စေ၍ ဘုရားလောင်းသည် မင်းသို့ချဉ်းကပ်၍ မြတ်သောမင်းကြီး အလွန်မိုက်ကုန်သောသူတို့၏ တည်ရာမရှိသောစကားကြောင့် မနှောင်ဖွဲ့အပ်ကုန်သော ပညာရှိတို့ကိုလည်း လက်ပြန်ချည်ကုန်၏။ ပညာ ရှိတို့၏ အကြောင်းနှင့်ယှဉ်သော စကားကြောင့် လက်ပြန်ချည်ကုန်သောသူတို့သည်လည်း လွတ်ကုန်၏။ ဤသို့ သူမိုက်တို့မည်သည်ကား နှောင်ဖွဲ့ခြင်းငှါ မသင့်ကုန်သောသူတို့ကိုလည်း နှောင်ဖွဲ့စေတတ်ကုန်၏။ ပညာရှိတို့သည်ကား အနှောင် အဖွဲ့ခံရသော်လည်း အနှောင်အဖွဲ့မှ လွတ်စေကုန်၏ဟု ဆိုလို၍-

၁၂၀။ အဗဒ္ဓါ တတ္ထ ဗဇ္စျန္တိ၊ ယတ္ထ ဗာလာ ပဘာသရေ။
ဗဒ္ဓါပိ တတ္ထ မုစ္စန္တိ၊ ယတ္ထ ဓီရာ ပဘာသရေ။

ဟူသော ဤဂါထာကို ဆို၏။

၁၂၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယတ္ထ၊ အကြင်အမှု၌။ ဗာလာ၊ သူမိုက်တို့သည်။ ပဘာသရေ၊ ဆိုကုန်၏။ တတ္ထ၊ ထိုအမှု၌။ အဗဒ္ဓါ၊ နှောင်ဖွဲ့ခြင်း မသင့်ကုန်သော သူတို့သည်။ ဗဇ္ဈန္တိ၊ အနှောင် အဖွဲ့ကို ရကုန်၏။ ယတ္ထ၊ အကြင်အမှု ၌။ ဓီရာ၊ ပညာရှိတို့သည်။ ပဘာသရေ၊ ဆိုကုန်၏။ တတ္ထ၊ ထိုအမှု၌။ ဗဒ္ဓါပိ၊ အနှောင်အဖွဲ့ခံရကုန်သော သူတို့သည်လည်း။ မုစ္စန္တိ၊ လွတ်ကုန်၏။

ဤသို့ ဘုရားလောင်းသည် ဤဂါထာဖြင့်မင်းအား တရားဟော၍ မြတ်သောမင်းကြီး အကျွန်ုပ်သည် ဤဆင်းရဲကို အိမ်၌နေသည်၏အဖြစ်ကြောင့် ရအပ်၏။ ယခု အကျွန်ုပ်အား အိမ်ဖြင့် ကိစ္စမရှိ၊ အကျွန်ုပ်အား ရဟန်းအဖြစ်ကို ခွင့်ပြုတော်မူပါလောဟု ရဟန်းအဖြစ်ကို ခွင့်တောင်း၍ မျက်ရည်စွတ်သောမျက်နှာရှိသော ဆွေမျိုးအပေါင်းကို၎င်း များစွာသော စည်းစိမ်ဥစ္စာကို၎င်းစွန့်၍ ရသေ့ရဟန်းပြုသဖြင့် ဟိမဝန္တာ၌ နေလျက် အဘိညာဉ်သမာပတ်တို့ကိုဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည်ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ ယခုအခါ စိဉ္စမာဏဝိကာသည် ထိုအခါ မိဖုယားပျက်ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပုရောဟိတ် ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

မဟုတ်မမှန်၊ စွပ်စွဲပြန်၊ သူ့ထံမရောက် ကိုယ့်အားရောက်

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဗန္ဓနမောက္ခဇာတ်သည်ပြီး၏။

*****