ကုသနာဠိဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၁၂၁။ ကုသနာဠိဇာတ်

ဧကကနိပါတ်-ကုသနာဠှိဝဂ်

၁။ ကုသနာဠိဇာတ်

အယုတ်အလတ်အမြတ်မရွေး အဆွေခင်ပွန်းဖွဲ့အပ်သောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကရေ သရိက္ခော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုသနာဠိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အနာထပိဏ သူဌေး၏ အဆွေ ခင်ပွန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ အနာထပိဏ်သူဌေးကို ချစ်ကျွမ်းဝင်ကုန်သော အမျိုးအဆွေခင်ပွန်းတို့သည် ပေါင်းစုကုန်၍ သူဌေးကြီး သင်နှင့် အမျိုးအနွယ်ဥစ္စာစပါးအစရှိသည်တို့ဖြင့် ဤသူသည် တူသည်မဟုတ် လွန်မြတ်သည်မဟုတ် အဘယ့်ကြောင့် ထိုသူနှင့်မိတ်ဖွဲ့ခြင်းကို ပြုသနည်း မပြုလင့်ဟု အဖန်တလဲလဲမြစ်ကုန်၏။ အနာထပိဏ် သူဌေးသည်ကား ယုတ်သောသူတို့နှင့်၎င်း, တူသောသူတို့နှင့်၎င်း, လွန်သောသူတို့နှင့်၎င်း မိတ်ဖွဲ့ခြင်းမည်သည်ကို ပြုအပ်သလျှင်ကတည်းဟု နှလုံးသွင်း၍ ထိုအဆွေ အမျိုးခင်ပွန်းတို့၏ စကားကိုမယူဘဲ စားသောရွာသို့သွားသည်ရှိသော် ထိုအဆွေခင်ပွန်းကို ဥစ္စာစောင့်ပြု၍ သွား၏။

ဤသို့ အစရှိသော အလုံးစုံသောစကားကို ကာဠကဏ္ဏိဝတ္ထု၌ ဆိုအပ်ပြီးသောနည်းဖြင့်လျှင် သိအပ်၏။

အထူးကား ဤဇာတ်၌ အနာထပိဏ်သူဌေးသည် မိမိ၏အိမ်၌ဖြစ်သောအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားသည်ရှိသော် သဗ္ဗညူမြတ်စွာဘုရားသည် သူကြွယ် အဆွေခင်ပွန်းမည်သည်ကား ငယ်သောမည်သည် မရှိ၊ ဤအဆွေခင်ပွန်းဖွဲ့ရာ၌ အဆွေခင်ပွန်းတို့၏တရားကို စောင့်ခြင်းငှါ စွမ်းနိုင်သော အဖြစ်သည်သာလျှင် ပမာဏဖြစ်၏။ အဆွေခင်ပွန်းမည်သည်ကို ကိုယ်နှင့်တူသည်ဖြစ်စေ ယုတ်သည်ဖြစ်စေ မြတ်သည်ဖြစ်စေ အပ်၏။ ထိုစကားသည် သင့်၏။ အယုတ် အလတ်အမြတ်ဖြစ်သော ထိုအဆွေ ခင်ပွန်းတို့သည်လည်း မိမိ ဆောင်ရွက်အပ်သောအမှုကို ဆောင်ရွက်ကုန်သည်သာလျှင်တည်း၊ ယခုအခါ ရှေးဦးစွာ သင်သည် မိမိအောက်နိမ့်သော အဆွေခင်ပွန်းကိုအမှီပြု၍ ဥစ္စာရှင်ဖြစ်၏။ ရှေးသူဟောင်းတို့သည်တမူကား မိမိအောက်နိမ့်သော အဆွေခင်ပွန်းကိုအမှီပြု၍ ဗိမာန်ရှင်ဖြစ်ဘူးကုန်၏ဟု မိန့်တော်မူ၍ အနာထပိဏ် သူဌေးသည် တောင်းပန်အပ်ရကား အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... သူဌေး လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မင်း၏ ဥယျာဉ်ဝယ် သမန်းမြက်ချုံ၌ နတ်၏အဖြစ်ဖြင့် ဖြစ်၏။ ထိုဥယျာဉ်၌လျှင် မင်္ဂလာကျောက်ဖျာကို အမှီပြု၍ ဖြောင့်သောပင်စည်ရှိသော ဝန်းသောအခက်အခွနှင့်ပြည့်စုံသော မင်း၏အထံမှ ရအပ်သောပူဇော်သက္ကာရရှိသော ရုဇာမည်သော မင်္ဂလာသစ်ပင်သည် ရှိ၏။ (မုခကမည်သော သစ်ပင်ဟူ၍လည်း ဆိုအပ်၏) ထိုမင်္ဂလာသစ်ပင်၌ ဘုန်းတန်ခိုးကြီးသော တပါးသောနတ်မင်းသည် ဖြစ်၏။ ဘုရားလောင်းအား ထိုနတ်မင်းနှင့်တကွ မိတ်ဖွဲ့ခြင်းသည်ဖြစ်၏။

ထိုအခါ မင်းသည် တဆောင်သော တပင် တိုင်နန်းပြာသာဒ်၌ နေ၏။ ထိုပြာသာဒ်တိုင်သည် နဲ့၏။ တခုသော အနှစ်ရှိသောတိုင်ကိုဆောင်စေ၍ ထိုတိုင်ကို မတုန်မလှုပ်အောင် ပြုကုန်လောဟု ဆို၏။ လက်သမားတို့သည် အရှင်မင်းကြီး ကောင်းပြီဟု မင်း၏ စကားကို ဝန်ခံကုန်၍ နန်းတိုင်ဘို့ လျောက်ပတ်သောသစ်ကို ရှာကုန်လတ်သော် တပါး၌မမြင်ကုန်၍ ဥယျာဉ်၌ဝင်ကုန်၍ မုခကမည်သောသစ်ပင်ကိုမြင်ကုန်၍ မင်း၏အထံသို့သွားကုန်၍ မင်းသည် အမောင်တို့ နန်းတိုင်ဘို့ လျောက်ပတ်သောသစ်ကို သင်တို့ မြင်ခဲ့၏လောဟု မေးသည်ရှိသော် အရှင်မင်းကြီး မြင်ခဲ့ပြီ၊ မြင်ငြားသော်လည်း ထိုသစ်ပင်ကို မခုတ်ဝံ့ပါကုန်ဟုဆို၏။ အဘယ့်ကြောင့် မခုတ်ဝံ့သနည်းဟု မေး သည်ရှိသော် အကျွန်ုပ်တို့သည် တပါး၌ သစ်ပင်ကိုမမြင်ကုန်၍ ဥယျာဉ်တော်သို့ဝင်ကုန်၏။ ဥယျာဉ်တော်၌လည်း မင်္ဂလာသစ်ပင်ကိုထား၍ တပါးသောသစ်ပင်ကို မမြင်ကုန်၍ ထိုမင်္ဂလာသစ်ပင်တော်ဖြစ်သည်၏အဖြစ်ကြောင့် ထိုသစ်ပင်ကို မခုတ်ဝံ့ပါကုန်ဟု လက်သမားတို့သည် လျှောက်ကြကုန်၏။ သွားကြကုန် ထိုမင်္ဂလာသစ်ပင်ကို ခုတ်ကုန်၍ ပြာသာဒ်ကို ခိုင်အောင်ပြုကြကုန်၊ တပါးသောသစ်ပင်ကို ငါတို့သည် မင်္ဂလာသစ်ပင်ပြုကုန်အံ့ဟု မင်းကြီးဆို၏။ ထိုလက်သမားတို့သည် ကောင်းပြီဟု ပူဇော်ပသဘွယ်ကိုယူ၍ ဥယျာဉ်သို့သွားကုန်၍ နက်ဖြန်ခုတ်ပါအံ့ဟု သစ်ပင်အား ပူဇော်ပသခြင်းကိုပြုကုန်၍ ထွက်ကြကုန်၏။

ရုက္ခဇိုဝ်းနတ်သည် ထိုအကြောင်းကိုသိ၍ နက်ဖြန် ငါ့ဗိမာန်ကို ဖျက်ဆီးကုန်လတ္တံ့၊ ငါသားငယ်တို့ကိုယူ၍ အဘယ်သို့ သွားရလတ္တံ့နည်းဟု ဆင်ခြင်လတ်သော် သွားရာအရပ်ကိုမမြင်၍ သားငယ်တို့ကို လည်ဘက်၍ ငို၏။ ထိုရုက္ခဇိုးဝ်းနတ်၏ သန္ဒိဋ္ဌသမ္ဘတ္တ အဆွေခင်ပွန်းဖြစ်ကုန်သော ရုက္ခဇိုဝ်းနတ်တို့သည် လာလတ်ကုန်၍ ဤဆိုခြင်းကား အကြောင်းအသို့နည်းဟု မေးကုန်၍ ထိုအကြောင်းကိုကြားကုန်လတ်သော် မိမိတို့သည်လည်း လက်သမားတို့ကို ဖဲစေအပ်သောအကြောင်းကို မမြင်ကုန်၍ ထိုရုက္ခဇိုဝ်းနတ်ကို ဘက်၍ ငိုကြကုန်၏။ ထိုအခါ ဘုရားလောင်းသည် ရုက္ခဇိုဝ်းနတ်ကို ဖူးမြင်အံ့ဟု မင်္ဂလာသစ် ပင်သို့ သွား၍ ထိုအကြောင်းကိုကြားလျှင် ထိုသို့ဖြစ်စေ အရှင်နတ်မင်းတို့သည် မစိုးရိမ်ကုန်လင့်၊ ကျွန်ုပ်သည် ထိုသစ်ပင်ကို ခုတ်စိမ့်သောငှာ မပေအံ့၊ နက်ဖြန် လက်သမားတို့သည် လာသောကာလမှာ ကျွန်ုပ်ပြုသောအမှုကို ကြည့်ကြကုန်လောဟု ဆို၍ ထိုနတ်တို့ကိုနှစ်သိမ့်စေ၍ နက် ဖြန် လက်သမားတို့သည် လာသောကာလ၌ ပုတ်သင်အသွင် ဖန်ဆင်း၍ ဤလက်သမားတို့၏ ရှေ့မှသွား၍ မင်္ဂလာသစ်ပင်၏ အမြစ်ကြားသို့ဝင်၍ မင်္ဂလာသစ်ပင်ကို အခေါင်းရှိသကဲ့သို့ပြု၍ သစ်ပင်၏အလယ်ဖြင့်တက်လတ်၍ ပင်စည်၏ ထိပ်မှထွက်၍ ခေါင်းကိုလှုပ်လျှက်ဝပ်၏။ လက်သမားကြီးသည် ထိုပုတ်သင်ကိုမြင်လတ်၍ သစ် ပင်ကိုလက်ဖြင့်တီး၍ ဤသစ်ပင်ကား အခေါင်းရှိ၏။ အနှစ်မရှိ၊ ယမန်နေ့က မဆင်ခြင်မိ၍လျှင် ငါတို့သည် ပူဇော်ခြင်းကို ပြုမိကုန်၏ဟု တခဲ နက်သောသစ်ပင်ကြီးကိုကဲ့ရဲ့၍ ဖဲလေ၏။

ရုက္ခဇိုဝ်းနတ်မင်းသည် ဘုရားလောင်းကိုအမှီပြု၍ ဗိမာန်ရှင်ဖြစ်၏။ ရုက္ခဇိုင်းနတ်မင်းအား ပျူငှာလောကဝတ်ကိုပြုအံ့သောငှါ သန္ဒိဋ္ဌအဆွေ ခင်ပွန်း သမ္ဘတ္တအဆွေခင်ပွန်းနတ်တို့သည် စည်း ဝေးကြကုန်၏။ ရုက္ခဇိုဝ်းနတ်မင်းသည် အကျွန်ုပ်၏ ဗိမာန်ကို ရပေပြီဟု နှစ်သက်သောစိတ်ရှိ သည်ဖြစ်၍ ထိုအဆွေခင်ပွန်းတို့၏အလယ်၌ ဘုရားလောင်း၏ကျေးဇူးအထူးကိုဆိုလျက် အရှင်နတ်မင်းတို့ အကျွန်ုပ်တို့သည် တန်ခိုးကြီးကုန်လျှက်လည်း နုသောပညာရှိသည်၏အဖြစ်ကြောင့် ဤအကြောင်းကို မသိချေ၊ သမန်းဘုတ် ကျူရုံနေနတ်သည်တမူကား ဉာဏ်နှင့်ပြည့်စုံ သည်၏အဖြစ်ကြောင့် ကျွန်ုပ်တို့ကို ဗိမာန်ရှင်ပြုပေ၏။ မိတ်မည်သည်ကို ကိုယ်နှင့် တူသည်ဖြစ်စေ မြတ်သည်ဖြစ်စေ ယုတ်သည်ဖြစ်စေ အပ်သည်သာလျှင် ဖြစ်၏။ ထိုစကားသည် သင့်၏။ ခပ်သိမ်းကုန်သော အဆွေခင်ပွန်းတို့သည်လည်း မိမိတို့၏အစွမ်းဖြင့် အဆွေခင်ပွန်းကိုအားဖြစ်သော ဆင်းရဲကိုထုတ်၍ ချမ်းသာ၌တည်စေကုန်လျှင်ကတည်းဟု အဆွေခင်ပွန်းတို့၏တရားကိုချီးမွမ်းလို၍-

၁၂၁။ ကရေ သရိက္ခော အထ ဝါပိ သေဋ္ဌော။
နိဟီနကောဝါပိ ကရေယျ ဧကော။
ကရေယျုမေတေ ဗျသနေ ဥတ္တမတ္ထံ။
ယထာ အဟံ ကုသနာဠိ ရုစာယံ။

ဟူသော ဤဂါထာကို ဆို၏။

၁၂၁။ ဘောန္တော ဒေဝတာယော၊ အရှင်နတ်တို့။ သရိက္ခောပိ၊ ကိုယ်နှင့်တူသောသူသည်လည်း။ မိတ္တဓမ္မံ၊ အဆွေခင်ပွန်းတို့၏ တရားကို။ ကရေ၊ ပြုရာ၏။ သေဋ္ဌော အထဝါပိ၊ ကိုယ်ထက်မြတ်သော သူသည်လည်း။ မိတ္တဓမ္မံ၊ အဆွေခင်ပွန်းတို့၏ တရားကို။ ကရေ၊ ပြုရာ၏။ ဧကော၊ တယောက်သော။ နိဟီနကောဝါပိ၊ ကိုယ်အောက်ယုတ်သောသူသည်လည်း။ မိတ္တဓမ္မံ၊ အဆွေ ခင်ပွန်းတို့၏ တရားကို။ ကရေယျ၊ ပြုရာ၏။ ဧတေ၊ ထိုအယုတ် အလတ် အမြတ်ဖြစ်ကုန်သော သူတို့သည်။ ဗျသနေ၊ အဆွေခင်ပွန်းအား ပျက်စီးခြင်းသည်။ ဥပ္ပန္နေ၊ ဖြစ်လတ်သော်။ ဥတ္တမံ၊ မြတ်သော။ အတ္ထံ၊ အကျိုးကို။ ကရေယျုံ၊ ပြုကုန်ရာ၏။ တသ္မာ၊ ထို့ကြောင့်။ ရုစာယံ၊ ရုစာမည်သော မင်္ဂလာသစ်ပင်၌။ နိဗ္ဗတ္တော၊ ဖြစ်သော။ အဟံ စ၊ ငါသည်၎င်း။ ကုသနာဠိ စ၊ ဘုန်း တန်ခိုးနည်းသော သမန်းဘုတ်ကျူရုံ၌ဖြစ်သော နတ်သည်၎င်း။ တေ မယံ၊ ထိုငါတို့သည်။ မိတ္တသန္ထဝံ၊ မိတ်ဖွဲ့ခြင်းကို။ ကရိမှ ယထာ၊ ပြုကုန်သကဲ့ သို့။ တထာ၊ ထို အတူ။ ဒုက္ခာ၊ ဆင်းရဲခြင်းမှ။ မုစ္စိတုကာမေဟိ၊ လွတ်လိုကုန်သော။ အညေဟိပိ၊ တပါးကုန်သော သူတို့သည်လည်း။ သဒိသောပိ၊ ကိုယ်နှင့်တူသော သူကို၎င်း။ ဟီနာပိ၊ ကိုယ့်အောက်ယုတ်သော သူကို၎င်း။ ပဏီတောပိ၊ ကိုယ့်ထက်မြတ်သော သူကို၎င်း။ မိတ္တော၊ မိတ်ဖွဲ့ခြင်းကို။ ကာတဗ္ဗာ၊ ပြုအပ်၏။

ရုဇာမည်သော မင်္ဂလာသစ်ပင်စောင့်နတ်သည် ဤဂါထာဖြင့် နတ်အပေါင်းအား တရား ဟော၍ အသက်အပိုင်းအခြားပတ်လုံးတည်၍ သမန်းဘုတ်ကျူးရုံနတ်နှင့်တကွ ကံအား လျော်စွာ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ရုစာမည်သော မင်္ဂလာ သစ်ပင်စောင့်နတ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သမန်းဘုတ်ကျူရုံစောင့်နတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ယုတ်မြတ်မဟူ၊ ကိုယ်နှင့်တူ၊ မိတ်ယူ ပေါင်းထိုက်စွာ

ရှေးဦးစွာသော ကုသနာဠိဇာတ်သည် ပြီး၏။

*****