သံကိစ္စဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၃၀။ သံကိစ္စဇာတ် (၂)


သဋ္ဌိနိပါတ်

၂။ သံကိစ္စဇာတ်

သူတော်ကောင်းတရား နာရ၍ သောကကင်းဝေးရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဒိသွာ နိသိန္နံ ရာဇာနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသံကိစ္စဇာတ်ကို ဇီဝက၏ သရက်ဥယျာဉ်တော်၌ သီတင်းသုံးနေတော်မူစဉ် အဇာတသတ်မင်း၏ ပိတုဃာတကကံကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုစကားသည် မှန်၏။ အဇာတသတ်မင်းကြီးသည် ဒေဝဒတ်ကိုအမှီပြု၍ ထိုဒေဝဒတ်၏ စကားဖြင့် ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကိုသတ်စေ၍ သံဃဘေဒကကံကို ပြုသောအဆုံး၌ ပျက်စီးသော ပရိသတ်ရှိသော ဒေဝဒတ်အား အနာဖြစ်လတ်သော် သဗ္ဗညူ မြတ်စွာဘုရားကို ကန်တော့အံ့ ဟု ညောင်စောင်းထမ်းစင်ဖြင့် သာဝတ္ထိပြည်သို့သွားသော ဒေဝဒတ်၏ ဇေတဝန် ကျောင်းတော် တံခါးအနီး၌ မြေမျိုသောအဖြစ်ကိုကြား၍ ရှင်ဒေဝဒတ်သည် ဘုရားသခင်၏ ဆန့်ကျင်ဘက်ဖြစ်၍ မြေသို့ဝင်ရသဖြင့် အဝီစိ၌ဖြစ်၏။ ငါသည်လည်း ထိုဒေဝဒတ်ကိုအမှီပြု၍ တရားစောင့်သော မင်းတရားဖြစ်သော ခမည်းတော်ကို သတ်မိ၏။ ငါသည်လည်း မြေသို့ဝင်ရအံ့လော့ ဟု ကြောက်သည်ဖြစ်၍ မင်းစည်းစိမ်၌ စိတ်၏ သာယာခြင်းကို မရ၊ အတန်ငယ် အိပ်အံ့ဟု အိပ်ခြင်းသို့ ကပ်ကာမျှဖြင့်လျှင် အထုကိုးယူဇနာရှိသော သံမြေ၌ကျ၍ သံတံကျင်တို့ဖြင့် လျှိုဘိသကဲ့သို့လည်းကောင်း၊ ခွေးတို့သည် နှုတ်ဖြင့် ကိုက်ခဲကုန်ဘိသကဲ့သို့လည်းကောင်း ကြောက်မက်ဖွယ်သောအသံဖြင့် မြည်တမ်းလျက် ထ၏။

အဇာတသတ် ဘုရားရှင်ထံ ခစားဝင်ပုံ

ထိုအခါ တစ်နေ့သ၌ မိုးလေးလတို့၏ အဆုံးဖြစ်သော ကြာခေါင်းလောင်း (ကုမုဒြာကြ) ပွင့်တုန်း တန်ဆောင်မုန်း လပြည့်နေ့၌ မှူးတော် မတ်တော်အပေါင်း ခြံရံလျက် မိမိစည်းစိမ်ကိုကြည့်၍ ငါ့ခမည်းတော်စည်းစိမ်သည် ဤငါ့စည်းစိမ်ထက် ကြီးမြတ်၏။ ငါသည် ထိုသို့သဘောရှိသော တရားစောင့်ပေသော မင်းတရားကို ဒေဝဒတ်ကိုအမှီပြု၍ သတ်မိ၏ဟု ကြံ၏။ ထိုသို့ ကြံစည်သည်သာလျှင်ဖြစ်သော အဇာတသတ်မင်း၏ ကိုယ်၌ ပူလောင်ခြင်းသည် ဖြစ်၏။ ကိုယ်အလုံးကို ချွေးဖြင့်စွတ်၏။ ထို နောက်မှ အဘယ်သူသည်သာလျှင် ငါ၏ဘေးကို ဖျောက်အံ့သောငှာ တတ်နိုင်ပါလတ္တံ့နည်း ဟု ကြံ၍ အားဆယ်ပါးနှင့် ပြည့်စုံတော်မူသော သဗ္ဗညူမြတ်စွာဘုရားကိုထား၍ သဗ္ဗညူမြတ်စွာဘုရားမှ တစ်ပါးသောသူမည်သည် မရှိဟု သိ၍ ငါသည် မြတ်စွာဘုရားအား ကြီးစွာ ပြစ်မှားမိ၏။ အဘယ်သူသည် ငါ့ကိုဆောင်ယူ၍ ပြပါလတ္တံ့နည်း ဟု ကြံသည်ရှိသော် ဇီဝကကိုထား၍ ဇီဝကမှတစ်ပါးသော တစ်စုံ တစ်ယောက်သောသူသည် ငါ့ကိုဆောင်ယူ၍ မပြနိုင်လတ္တံ့ဟု ကောင်းစွာမှတ်ပြီးလျှင် ထိုဇီဝကကိုခေါ်တော်မူ၍ သွားရခြင်း၏အကြောင်းကို ပြုလိုရကား -

ရမဏီယာ ဝတ ဘော ဒေါသိနာ ရတ္တိ ဟူသော ဥဒါန်းကိုကျူး၍ ယနေ့ အဘယ်မည်သော ရဟန်းပုဏ္ဏားသို့ ဆည်းအပ်ရကုန်အံ့နည်းဟု မိန့်တော်မူလျှင် ပူရဏကဿပတို့၏ တပည့်အစရှိသော မှူးတော်မတ်တော်တို့သည် ပူရဏကဿပ အစရှိသော ဒိဋ္ဌိတို့၏ ဂုဏ်ကျေးဇူးတို့ကို ပြောဆိုတင်လျှောက်လတ်သော် ထိုသူတို့၏စကားကို မယူမူ၍ ဇီဝကကိုမေးတော်မူပြန်လျှင် ထိုဇီဝကသည် သဗ္ဗညူဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကို ပြောဆို၍ အရှင်မင်းမြတ်... အရှင်မင်းမြတ်သည် သဗ္ဗညူဘုရားသခင်ထံ ဆည်းကပ်ပါလော့ဟု တင်လျှောက်လတ်သော် ဆင်ယာဉ် စသည်တို့ကို က, စေ၍ ဇီဝက၏ သရက်ဥယျာဉ်တောသို့ ထွက်တော်မူပြီးလျှင် သဗ္ဗညူ မြတ်စွာဘုရားသို့ကပ်၍ ရှိခိုးလျက် မြတ်စွာဘုရားနှင့်တကွ ပျူငှာလောကဝတ်ကို ပြုပြီးသော် မျက်မှောက်၌ဖြစ်သော ရဟန်း၏အကျိုးကို မေးလျှောက်၍ မြတ်စွာဘုရား၏ သာယာသော သာမညဖလသုတ် ဓမ္မဒေသနာကိုနာရ၍ သာမညဖလသုတ်ကို ဟောတော်မူသော အဆုံး၌ ရတနာသုံးပါးသို့ ဆည်းကပ်တတ်သော ဥပါသကာ၏ အဖြစ်ကို ကြားလျှောက်ပြီးလျှင် မြတ်ဘုရားကိုကန်တော့ သည်းခံတော်မူစေ၍ ပြန်သွားလေ၏။

စိတ်ချမ်းသာမှုရပြီ

ထိုအဇာတသတ်မင်းသည် ထိုအခါမှစ၍ အလှူပေးလျက် သီလစောင့်လျက်လျှင် မြတ်စွာဘုရားနှင့်တကွ ပေါင်းဖော်ခြင်းကိုပြု၍ သာယာသော တရားစကားကို ကြားနာလျက် ကလျာဏမိတ္တနှင့် ပေါင်းဖော်ရသဖြင့် ကြောက်ခြင်းကင်းသည်ဖြစ်၍ ကင်းသော ကြက်သီးမွေးညှင်း ထခြင်းရှိသည်ဖြစ်၍ စိတ်၏ချမ်းသာခြင်းကိုရလျှင် ချမ်းသာသဖြင့် ဣရိယာပုထ်လေးပါးတို့ကို ပြုရ၏။

ထိုအခါ တစ်နေ့သ၌ တရားသဘင်ဝယ် စကားကို ဖြစ်စေကုန်၏။ ငါ့ရှင်တို့... အဇာတသတ်မင်းကြီးသည် ပိတုဃာတကကံကို ပြုမိသောကြောင့် ကြောက်ခြင်းသို့ရောက်၏။ မင်းစည်းစိမ်ကိုမှီ၍ စိတ်ချမ်းသာခြင်းကို မရရကား အလုံးစုံသော ဣရိယာပုထ်တို့၌ ဆင်းရဲကိုသာလျှင် ခံရ၏။ ထိုအဇာတသတ်မင်းသည် ယခုမူကား သဗ္ဗညူမြတ်စွာဘုရားကိုစွဲ၍ ကလျာဏမိတ္တနှင့် ပေါင်းဖော်ရသဖြင့် ကြောက်လန့်ခြင်းကင်းလျက် အစိုးရခြင်း မင်း၏ချမ်းသာကို ခံစားရ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်ကုန်လတ်သော် ရဟန်းတို့... အခုအခါ၌သာလျှင် ဤအဇာတသတ်မင်းသည် အဖကိုသတ်သောကြောင့် စိတ်မချမ်းသာခြင်းသို့ ရောက်ရ၍ ငါ့ကိုမှီ၍ ချမ်းသာစွာ အိပ်ရသည်မဟုတ်သေး၊ ရှေး၌လည်း ဤအဇာတသတ်သည် အဖကိုသတ်ပြီး၍ ငါ့ကိုမှီ၍ ချမ်းသာစွာအိပ်ရဘူးပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဗြဟ္မဒတ်မည်သော သားကို ရ၏။ ထိုအခါ ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ ပုရောဟိတ်အိမ်၌ ပဋိသန္ဓေယူတော်မူ၍ ဖွားမြင်ပြီးသော် ထိုဘုရားလောင်းအား သံကိစ္စ ဟူသောအမည်ကို မှည့်ကုန်၏။ ထိုနှစ်ယောက်ကုန်သော မင်းသား, ပုဏ္ဏားသာတို့သည် မင်းအိမ်၌သာလျှင် အတူတကွ ကြီးကြကုန်၏။ အချင်းချင်း ချစ်မြတ်နိုးသော အဆွေခင်ပွန်းဖြစ်ကြကုန်၏။ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်သို့ သွားကုန်ပြီးလျှင် အလုံးစုံသောအတတ်တို့ကိုသင်၍ တစ်ဖန် ပြန်လည်ခဲ့ကြကုန်၏။ ထိုအခါ ခမည်းတော်ဗြဟ္မဒတ်မင်းကြီးသည် သားတော်အား အိမ်ရှေ့မင်းအဖြစ်ကို ပေးတော်မူ၏။ ဘုရားလောင်းသည်လည်း အိမ်ရှေ့မင်းအထံ၌သာလျှင် နေ၏။

ဖခင်ကိုသတ်ရန်ကြံ

ထိုအခါ တစ်နေ့သ၌ အိမ်ရှေ့မင်းသည် ဥယျာဉ်ကစားအံ့သောငှာသွားသော ခမည်းတော် ဗြဟ္မဒတ်မင်းကြီး၏ များစွာသော စည်းစိမ်ချမ်းသာကိုမြင်လျှင် ထိုစည်းစိမ်၌ လောဘကိုဖြစ်စေ၍ ငါ၏ ခမည်းတော်သည် အစ်တို့နှင့်တူ၏။ အကယ်၍ ထိုခမည်းတော်၏ သေလွန်ခြင်းကို ငံ့လင့်အံ့၊ ကြီးရင့်သောအခါမှ မင်းအဖြစ်ကိုရလတ္တံ့၊ ထိုသို့ကြီးရင့်သောအခါမှ မင်းအဖြစ်ကို ရသည်ရှိသော် မင်းအဖြစ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ခမည်းတော်ကိုသတ်၍ မင်းအဖြစ်ကိုယူအံ့ဟု ကြံပြီးလျှင် ဘုရားလောင်းအား ထိုအကြောင်းကို ကြား၏။

မိတ်ဆွေ တားမြစ်

ဘုရားလောင်းသည် အရှင့်သား... ပိတုဃာတကကံ မည်သည်ကား အလွန် ဝန်လေး၏။ ငရဲသို့ လားရအံ့သော အကြောင်းတည်း၊ အဖကိုသတ်ခြင်းကို ပြုအံ့သောငှာ မတတ်ကောင်း၊ မပြုလင့်ဟု တားမြစ်၏။

သံကိစ္စ တောထွက်သွား

ထိုအိမ်ရှေ့မင်းသည် အဖန်တလဲလဲ ပြောဆို၍ သုံးကြိမ်မြောက်အောင် ထိုဘုရားလောင်းသည် တားမြစ်လျှင် ခြေရင်း၌ ခစားကုန်သောသူတို့နှင့် တိုင်ပင်၏။ ထိုခြေရင်း၌ ခစားသော သူတို့သည်လည်း ဝန်ခံ၍ ဗြဟ္မဒတ်မင်းကြီး၏ သေခြင်းအကြောင်းကို စုံစမ်းကြကုန်၏။ ဘုရားလောင်းသည် ထိုအကြောင်းကိုသိ၍ ငါသည် ထိုသူတို့နှင့်တကွ တစ်ပေါင်းတည်း မဖြစ်အံ့ဟု နှလုံးသွင်း၍ မိဘတို့ကို မပန်မူ၍လျှင် မြတ်သောတံခါးဖြင့် ထွက်ခဲ့၍ ဟိမဝန္တာသို့ဝင်ပြီးလျှင် ရသေ့ရဟန်းကို ပြုသဖြင့် ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ သစ်မြစ်သစ်သီးဟူသော အစာရှိသည်ဖြစ်၍ နေ၏။

အိမ်ရှေ့မင်းသည်လည်း ဘုရားလောင်း သွားသည်ရှိသော် ခမည်းတော် ဗြဟ္မဒတ်မင်းကြီးကိုသတ်၍ များစွာသော မင်း၏စည်းစိမ်ကို ခံစား၏။ သံကိုစ္စသတို့သားသည် ရဟန်းပြုသတတ်ဟု ကြား၍ များစွာကုန်သော အမျိုးသားတို့သည် အိမ်မှထွက်၍ ထိုသံကိစ္စ သတို့သား၏ အထံ၌ ရဟန်းပြုကြကုန်၏။ ထိုသံကိစ္စရသေ့သည် များစွာသော ရသေ့အပေါင်းခြံရံလျက် ထိုဟိမဝန္တ၌သာလျှင် နေ၏။ အလုံးစုံသော ရသေ့တို့သည်လည်း ဈာန်သမာပတ်ကို ရကုန်သလျှင်ကတည်း။ မင်းသည်လည်း ခမည်းတော်ကို သတ်ပြီးလျှင် အနည်းငယ်မျှသော ကာလပတ်လုံး မင်းစည်းစိမ်ကိုခံစားရသဖြင့် ထိုအခါမှစ၍ ကြောက်လန့်လျက် စိတ်၏ ချမ်းသာခြင်းကို မရသည်ဖြစ်၍ ငရဲ၌ ညှင်းဆဲခံရခြင်းသို့ ရောက်သကဲ့သို့ ထင်၏။

မင်းကြီး မိတ်ဆွေကိုအောက်မေ့နေ

ထိုမင်းသည် ဘုရားလောင်းကို အောက်မေ့၏။ ငါ့အဆွေဖြစ်သော သံကိုစ္စသတို့သားသည် အဖကိုသတ်သော ကံမည်သည်ကား အလွန်ဝန်လေး၏။ မပြုလင့်ဟု တားမြစ်၍ ငါ့ကို မိမိစကားကိုယူစိမ့်သောငှာ မတတ်နိုင်သည်ဖြစ်၍ မိမိကိုယ်ကို အပြစ်မရှိသည်ကိုပြုလျက် ထွက်ပြေးလေ၏။ ထိုသံကိစ္စသည် ဤအရပ်၌ အကယ်၍ရှိအံ့၊ ငါ့အား ပိတုဃာတကကံကို ပြုခြင်းငှာ မပေးလေရာ၊ ငါ၏ ဤကြောက်ရွံ့ ထိတ်လန့်ခြင်းဘေးကိုလည်း ပယ်ဖျောက်လေရာ၏။ ထိုသံကိစ္စသည် ယခုအခါ အဘယ်မှာ နေလေသနည်း၊ ထိုသံကိစ္စနေရာအရပ်ကို အကယ်၍ ငါသည် သိပါအံ့၊ ထိုသံကိစ္စကို ခေါ်စေရလေ၏။ အဘယ်သူသည် ထိုသံကိစ္စနေရာအရပ်ကို ငါ့အား ကြားလာပါအံ့နည်းဟု ကြံ၏။ ကြံပြီး၍ ဗြဟ္မဒတ်မင်းသည် ထိုအခါမှစ၍ နန်းတော်တွင်း၌ လည်းကောင်း၊ မင်းပွဲသဘင်၌ လည်းကောင်း ထိုဘုရားလောင်း၏ ဂုဏ်ကျေးဇူးကိုသာလျှင် ပြောဆို၏။

သံကိစ္စရသေ့ ကြွလာ

ဤသို့လျှင် ရှည်သောကာလသို့ ရောက်လတ်သော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်းသည် ငါ့ကိုအောက်မေ့၏။ ငါသည် ထိုဗြဟ္မဒတ်မင်း၏ နန်းတော်သို့သွား၍ ထိုမင်းအား တရားဟောသဖြင့် ထိုမင်းကို ကြောက်ရွံ့ထိတ်လန့်ခြင်း ကင်းသည်ကိုပြု၍ လာခြင်းငှာ သင့်၏ဟု အနှစ်ငါးဆယ်တိုပတ်လုံး ဟိမဝန္တာ၌နေ၍ ရသေ့ငါးရာခြံရံလျက် ကောင်းကင်ခရီးဖြင့်လာလတ်ပြီးလျှင် ဒါယပဿအမည်ရှိသော ဥယျာဉ်၌သက်၍ ရသေ့အပေါင်းခြံရံလျက် မင်္ဂလာကျောက်ဖျာအပြင်၌ နေတော်မူ၏။ ဥယျာဉ်စောင့်သည် ထိုဘုရားလောင်းကိုမြင်၍ ဂိုဏ်းဆရာဖြစ်တော်မူသော အရှင်ဘုရား... အရှင်ဘုရားကား အဘယ်အမည်တော် ရှိသနည်းဟု မေးလျှောက်၏။ သံကိစ္စသုခမိန် မည်၏ဟု ကြား၍ ဥယျာဉ်စောင့်သည်လည်း သိလျှင် အရှင်ဘုရား... အကြင်မျှလောက် အကျွန်ုပ်သည် အရှင်မင်းကြီးကို ဆောင်ပါချေဦးအံ့၊ ထိုမျှလောက် အရှင်ဘုရားတို့သည် ဤအရပ်၌ နေတော်မူပါဦးလော့၊ အကျွန်ုပ်တို့ အရှင်မင်းကြီးသည် အရှင်ဘုရားတို့ကို ဖူးမြင်လိုပါ၏ဟု ပန်လျှောက်သဖြင့် ရှိခိုး၍ လျင်မြန်စွာ မင်း၏ နန်းတော်သို့သွားပြီးလျှင် သံကိစ္စရှင်ရသေ့ ရောက်လာသောအကြောင်းကို မင်းအား တင်လျှောက်၏။

မင်းကြီး ဆည်းကပ်၍မေးပြီ

ဗြဟ္မဒတ်မင်းသည် ထိုရသေ့အထံသို့သွား၍ ပြုအပ်သည်နှင့်ယှဉ်သော အဆောက်အဦကိုပြု၍ ပြဿနာမေးလျှောက်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၆၉။ ဒိသွာ နိသိန္နံ ရာဇာနံ၊ ဗြဟ္မဒတ္တံ ရထေသဘံ။
အထဿ ပဋိဝေဒေသိ၊ ယဿာသိ အနုကမ္ပကော။
။ လ။
၇၇။ ကံ ဂတိံ ပေစ္စ ဂစ္ဆန္တိ၊ နရာ ဓမ္မာတိစာရိနော။
အတိစိဏ္ဏော မယာ ဓမ္မော၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဟူသော ဤရှစ်ဂါထာတို့ကို ဟောတော်မူ၏။

၆၉။ ဘိက္ခဝေ၊ ရဟန်းတို့။ သောဥယျာနပါလော၊ ထိုဥယျာဉ်စောင့်သည်။ ရာဇာနံ- ရာဇသဘာယံ၊ မင်းကွန်း၌။ နိသိန္နံ၊ နေသော သံကိစ္စရသေ့ကို။ ဒိသွာ၊ မြင်၍။ အထ၊ ထိုသို့ မြင်ပြီးသောနောင်မှ။ ယဿ၊ အကြင် သံကိစ္စရသေ့အား။ အနုကမ္ပကော၊ အစဉ်အောက်မေ့သည်။ အသိ၊ ဖြစ်၏။ အဿ၊ ထိုသံကိစ္စရသေ့အား။ အနုကမ္ပံ၊ အစဉ်အောက်မေ့ထသော။ ရထေသဘံ၊ ရထားစီးချင်း မင်းတကာတို့ထက် မြတ်ထသော။ ဗြဟ္မဒတ္တံ၊ ဗြဟ္မဒတ်မင်းကြီးကို။ ပဋိဝေဒေသိ၊ ကြားလျှောက်၏။

၇၀။ မဟာရာဇ၊ မင်းမြတ်။ ဣသီနံ၊ ရသေ့တကာတို့ထက်။ သာဓုသမ္မတော၊ ကောင်းမြတ်၏ဟု သမုတ်အပ်သော။ အယံ သံကိစ္စော၊ ဤသံကိစ္စရှင်ရသေ့သည်။ အနုပ္ပတ္တော၊ ရောက်လာတော်မူ၏။ တရမာနရူပေါ၊ အဆောတလျင်။ နိယျာဟိ၊ ကြွတော်မူပါလော့။ မဟေသိနံ၊ သီလက္ခန္ဓ အစရှိသော ကျေးဇူးအပေါင်းကို ရှာမှီးလေ့ရှိသော ရှင်ရသေ့ကို။ ခိပ္ပံ၊ လျင်စွာ။ ပဿ၊ ဖူးမြင်တော်မူပါလော့။ ဘိက္ခဝေ၊ ရဟန်းတို့။ တတော၊ ထိုသို့ ကြားလျှောက်ပြီး နောင်မှ။ ရထေသဘော၊ ရထားစီးချင်း မင်းတာတို့ထက် မြတ်သော။ ရာဇာ၊ ဗြဟ္မဒတ်မင်းသည်။ တရမာနရူပေါ၊ အဆောတလျင်။ ယုတ္တံ၊ က, အပ်သော။ သန္ဒနံ၊ ရထားထက်သို့။ အာရုယှ၊ တက်စီး၍။ မိတ္တာမစ္စပရိဗျူဠှော၊ ချစ်ကျွမ်းဝင်သော မှူးတော်မတ်တော်အပေါင်း ခြံရံလျက်။ အဂမာသိ၊ သွားလေ၏။

၇၂။ ဘိက္ခဝေ၊ ရဟန်းတို့။ ကာသီနံ၊ ကာသိတိုင်းသူတို့၏။ ရဋ္ဌဝဍ္ဎနော၊ တိုင်းပြည်သူအပေါင်းတို့ကို ပွားစေတတ်သော။ ရာဇာ၊ ဗြဟ္မဒတ်မင်းကြီးသည်။ ဝါဠဗီဇနီ၊ သားမြီးယပ်လည်းကောင်း။ ဥဏှီသဉ္စ၊ ရွှေသင်းကျစ်လည်းကောင်း။ ခဂ္ဂဉ္စ၊ သန်လျက်လည်းကောင်း။ ဆတ္တဉ္စ၊ ထီးဖြူလည်းကောင်း။ ဥပါဟနဉ္စ၊ ရွှေခြေနင်းလည်းကောင်း။ ဣတိ၊ ဤသို့။ ပဉ္စကကုဓာနိ၊ ငါးပါးကုန်သော မင်းမြောက်တန်ဆာတို့ကို။ နိက္ခပ၊ ထားခဲ့၍။

၇၃။ ယာနမှာ၊ ရထားထက်မှ။ ဩရုယှ၊ သက်၍။ ပဋိစ္ဆဒံ၊ မင်းမြောက်တန်ဆာ ငါးပါးကို။ ဌပယိတွာ၊ ဘဏ္ဍာစိုးလက်၌ ထားခဲ့၍။ ဒါယပဿသ္မိံ၊ ဒါယပဿ အမည်ရှိသော ဥယျာဉ်တော်၌။ အာသီနံ၊ နေလင့်သော။ သံကိစ္စံ၊ သံကိစ္စရှင်ရသေ့သို့။ ဥပသင်္ကမိ၊ ကပ်လေ၏။

၇၄။ ဘိက္ခဝေ၊ ရဟန်းတို့။ သော ရာဇာ၊ ထိုဗြဟ္မဒတ်မင်းကြီးသည်။ ဥပသင်္ကမိတွာ၊ ကပ်လေပြီး၍။ ဣသိနာ၊ သံကိစ္စရှင်ရသေနှင့်။ သဟ၊ အတူတကွ။ သမ္မာဒိ၊ ဝမ်းမြောက်ဝမ်းသာ ပြောဟော၏။ တံ ကထံ၊ ထိုဝမ်းမြောက်ဝမ်းသာ ပြောဟောသော စကားကို။ ဝီတိသာရေတွာ၊ ပြီးဆုံးစေပြီး၍။ ဧကမန္တံ၊ တင့်အပ်လျောက်ပတ်သော အရပ်၌။ ဥပါဝိသိ၊ ကပ်၏။

၇၅။ ဧကမန္တံ၊ တင့်အပ်လျှောက်အပတ်သော အရပ်၌။ နိသိန္နောဝ၊ နေပြီး၍သာလျှင်။ အထပစ္ဆာ၊ ထို့နောင်မှ။ ကာလံ၊ ပြသနာမေးအံ့သော ကာလကို။ အမညထ၊ သိ၏။ တတော၊ ထိုသို့ သိပြီးသောနောင်မှ။ ပါပါနိ ကမ္မာနိ၊ မကောင်းမှုကံတို့ကို။ ပုစ္ဆိတုံ၊ မေးအံ့သောငှာ။ ပဋိပဇ္ဇထ၊ ဆည်းကပ်လေ၏။

၇၆။ ဣသီနံ၊ ရသေ့အပေါင်းတို့တွင်။ သာဓုသမ္မတံ၊ သူတော်ကောင်းဟု သမုတ်အပ်သော။ ဣသိသံဃပုရက္ခတံ၊ ရသေ့အပေါင်းသည် ခြံရံအပ်သော။ ဒါယပဿသ္မိံ၊ ဒါယပဿ အမည်ရှိသော ဥယျာဉ်တော်၌။ အာသီနံ၊ နေသော။ သံကိစ္စံ၊ သံကိစ္စအမည်ရှိသော။ ဣသိံ၊ ရှင်ရသေ့ကို။ ပုစ္ဆာမ၊ မေးလျှောက်ပါကုန်၏။

၇၇။ ဘန္တေ၊ အရှင်ဘုရား။ ဓမ္မာတိစာရိနော၊ ကုသိုလ်ဆယ်ပါးတရားကိုလွန်၍ ကျင့်ကုန်သော။ နရာ၊ လူတို့သည်။ ပေစ္စ၊ တမလွန်ဘဝ၌။ ကံ ဂတိံ၊ အဘယ်မည်သောဂတိသို့။ ဂစ္ဆန္တိ၊ သွားရကုန်အံ့နည်း။ ဘန္တေ၊ အရှင်ဘုရား။ မယာ၊ အကျွန်ုပ်သည်။ ဓမ္မော၊ သုစရိုက်တရားကို။ အတိစိဏ္ဏော၊ လွန်၍ကျင့်မိ၏။ ပုစ္ဆိတော၊ မေးအပ်သော အရှင်ဘုရားသည်။ တံ၊ ထိုအကြောင်းကို။ မေ၊ အကျွန်ုပ်အား။ အက္ခာဟိ၊ ဖြေကြားတော်မူပါလော့။

ရသေ့ကြီး တရားဟောခြင်း

ထိုသို့မေးလျှောက်သော စကားကိုကြား၍ ဘုရားလောင်းသည် မြတ်သောမင်းကြီး... ထိုသို့တပြီးကား နာတော်မူလော့ဟု ဆို၍ ရှေးဦးစွာ အဆုံးအမကို ပေးတော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၇၈။ ဣသီ အဝစ သံကိစ္စော၊ ကာသီနံ ရဋ္ဌဝဍ္ဎနံ။
အာသီနံ ဒါယပဿသ္မိံ၊ မဟာရာဇ သုဏောဟိ မေ။
၇၉။ ဥပ္ပထေန ဝဇန္တဿ၊ ယော မဂ္ဂမနုသာသတိ။
တဿ စေ ဝစနံ ကယိရာ၊ နာဿ မဂ္ဂေယျ ကဏ္ဋကော။
၈၀။ အဓမ္မံ ပဋိပန္နဿ၊ ယော ဓမ္မ မနုသာသတိ။
တဿ စေ ဝစနံ ကယိရာ၊ န သော ဂစ္ဆေယျ ဒုဂ္ဂတိံ။

ဟူသော ဤသုံးဂါထာတို့ကို ဟောတော်မူ၏။

၇၈။ ဘိက္ခဝေ၊ ရဟန်းတို့။ အာသီနံ၊ ရသေ့တို့၏။ ဒါယပဿသ္မိံ၊ နေရာဖြစ်သော ဒါယပဿအမည်ရှိသော ဥယျာဉ်၌။ ကာသီနံ၊ ကာသိတိုင်းသူတို့၏။ ရဋ္ဌဝဍ္ဎနံ၊ တိုင်းပြည်သူအပေါင်းကို ပွားစေတတ်သော ဗြဟ္မဒတ်မင်းကြီးကို။ သံကိစ္စော၊ သံကိစ္စအမည်ရှိသော။ ဣသိ၊ ရှင်ရသေ့သည်။ မဟာရာဇ၊ မင်းမြတ်။ မေ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏောဟိ၊ နာလော့။ ဣတိ၊ ဤသို့။ အဝစ၊ ဆိုလေ၏။

၇၉။ မဟာရာဇ၊ မင်းမြတ်။ ယော ဣသိ၊ အကြင်ရသေ့သည်။ ဥပ္ပထေန၊ ခိုးသူရှိသောခရီးဖြင့်။ ဝဇန္တဿ၊ သွားသော ယောကျ်ားအား။ မဂ္ဂံ၊ ဘေးမရှိသောခရီးကို။ အနုသာသတိ၊ ကြား၏။ ဣသိနော၊ ထိုဘေးမရှိသော ခရီးကိုကြားသော ရှင်ရသေ့၏။ ဝစနံ၊ စကားကို။ စေ ကယိရာ၊ အကယ်၍ လိုက်နာငြားအံ့။ အဿ ပုရိသဿ၊ ထိုသို့လိုက်နာသော ယောက်ျား၏။ မုခံ၊ မျက်နှာကို။ ကဏ္ဋကော၊ ခိုးသူသည်။ န မဂ္ဂေယျ၊ မမြင်ရာ။

၈၀။ မဟာရာဇ၊ မင်းမြတ်။ ယော ဣသိ၊ အကြင်ရသေ့သည်။ အဓမ္မံ၊ ဒုစရိုက်တရားကို။ ပဋိပန္နဿ၊ ကျင့်သော ယောက်ျားအား။ ဓမ္မံ-ဓမ္မေန၊ သုစရိုက်တရားဖြင့်။ အနုသာသတိ၊ ဆုံးမ၏။ တဿ ဣသိနော၊ ထိုရှင်ရသေ့၏။ ဝစနံ၊ စကားကို စေ ကယိရာ၊ အကယ်၍ လိုက်နာငြားအံ့။ သော ပုရိသော၊ ထိုလိုက်နာသော ယောကျ်ားသည်။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိသို့။ န ဂစ္ဆေယျ၊ မလားရာ။

ဤသို့လျှင် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်းအား အဆုံးအမကို ပေးတော်မူပြီး၍ အလွန်လည်း ငရဲကြီးရှစ်ထပ် အစရှိသည်တို့ကို ဖွင့်လှစ်၍ ပြတော်မူသဖြင့် ထိုမင်းအား တရားဟောပြန်လိုရကား-

၈၁။ ဓမ္မော ပထော မဟာရာဇ၊ အဓမ္မော ပန ဥပ္ပထော။
အဓမ္မော နိရယံ နေတိ၊ ဓမ္မော ပါပေတိ သုဂ္ဂတိံ။
။ လ။
၁၃၂။ ယေ မိဂေန မိဂံ ဟန္တိ၊ ပက္ခိ ဝါ ပန ပက္ခိနာ။
အသန္တော ရဇသာ ဆန္နော၊ ဂန္တာ တေ နိရယုဿဒံ။

ဟူသော ဤငါးဆယ့်သုံးဂါထာတို့ကို ဟောတော်မူ၏။

၈၁။ မဟာရာဇ၊ မင်းမြတ်။ ဓမ္မော၊ ကုသိုလ် ကမ္မပထ တရား ဆယ်ပါးသည်။ ပထော၊ ကောင်းမှုကို ပြုသောသူတို့၏ သွားရာဖြစ်သော ဘေးမရှိသော မြတ်သောခရီးမတည်း။ အဓမ္မော ပန၊ အကုသိုလ် ကမ္မပထတရား ဆယ်ပါးသည်ကား။ ဥပ္ပထော၊ မကောင်းမှုကို ပြုသောသူတို့၏ သွားရာဖြစ်သော ဘေးနှင့်တကွသော ခရီးတည်း။ အဓမ္မော၊ အကုသိုလ်တရားသည်။ နိရယံ၊ ငရဲသို့။ နေတိ၊ ဆောင်တတ်၏။ ဓမ္မော၊ ကုသိုလ်တရားသည်။ သုဂ္ဂတိံ၊ သုဂတိဘဝသို့။ ပါပေတိ၊ ရောက်စေတတ်၏။

၈၂။ ရာဇ၊ မင်းမြတ်။ အဓမ္မစာရိနော၊ မကောင်းသော အကျင့်ကို ကျင့်လေ့ရှိကုန်သော။ ဝိသမဇီဝိနော၊ မကောင်းသော အသက်မွေးခြင်း ရှိကုန်သော။ ယေ နရာ၊ အကြင်သတ္တဝါတို့သည်။ ပေစ္စ၊ တမလွန်ဘဝ၌။ ယံ ဂတိံ၊ အကြင်ငရဲသို့။ ဂစ္ဆန္တိ၊ သွားရကုန်၏ တေသံ နရာနံ၊ ထိုသတ္တဝါတို့၏။ တေ နိရယေ၊ ထိုငရဲတို့ကို။ မေ၊ ငါ၏။ သန္တိကာ၊ အထံမှ၊ သုဏောဟိ၊ နာလော့။

ငရဲကြီးရှစ်ထပ်

၈၃။ ဟောရာဇ၊ မင်းမြတ်။ သဉ္ဇီဝေါ၊ သဉ္စိငရဲလည်းကောင်း။ ကာဠသုတ္တော စ၊ ကာဠသုတ် ငရဲလည်းကောင်း။ သံဃာတော စ၊ သံဃာတ ငရဲ လည်းကောင်း။ ဒွေစ ရောရုဝါ၊ ဇာလရောရုဝ, ဓူမရောရုဝ ငရဲနှစ်ပါးတို့ လည်းကောင်း။ အထာပရော၊ ထိုမှတစ်ပါး။ မဟာအဝီစိ စ၊ မဟာအဝီစိငရဲ လည်းကောင်း။ တာပနော စ၊ တာပနငရဲလည်းကောင်း။ မဟာတာပနော စ၊ မဟာတာပန ငရဲ လည်းကောင်း။

၈၄။ ဣတိ၊ ဤသို့။ အဋ္ဌ၊ ရှစ်ပါးကုန်သော။ ဧတေ နိရယာ၊ ထိုငရဲကြီးတို့ကို။ အက္ခာတာ၊ ဟောတော်မူအပ်ကုန်၏။ ဒုရတိက္ကမာ၊ လွန်နိုင်ခဲကုန်၏။ လုဒ္ဒကမ္မေဟိ၊ ကြမ်းကြုတ်သောအမှုကို ပြုတတ်ကုန်သော ငရဲထိန်းတို့ဖြင့်။ အာကိဏ္ဏာ၊ ပြွမ်းကုန်၏။ ပစ္စေကာ၊ တစ်ခုတစ်ခုသော ငရဲကြီးကိုစွဲ၍။ သောဠသုဿဒါ၊ တစ်ဆယ့်ခြောက်ပါးကုန်သော ဥဿဒငရဲတို့သည်။ သန္တိ၊ ရှိကုန်၏။

ဝန်တိုသူတို့ ငရဲ

၈၅။ ကဒရိယာ၊ ဝန်တိုစဉ်းလဲသော သူတို့သည်။ တာပနာ၊ ကျရာခံရာ ဖြစ်ကုန်၏။ ဃောရာ၊ ကြမ်းကြုတ်ကုန်၏။ အစ္စိမန္တော၊ အရောင်ရှိကုန်၏။ မဟဗ္ဘယာ၊ ကြီးသောဘေးရှိကုန်၏။ လောမဟံသနရူပါ၊ ကြက်သီး မွေးညင်းထဖွယ် ရှိကုန်၏။ ဘေဟ္မာ၊ အလွန်ကြောက်မက်ဖွယ် ရှိကုန်၏။ ပဋိဘယာ၊ ဘေးကိုဖြစ်စေတတ်ကုန်၏။ ဒုက္ခာ၊ ဆင်းရဲကုန်၏။

၈၆။ စတုကဏ္ဏာ၊ လေးထောင့် ရှိကုန်၏။ စတုဒွါရာ၊ တံခါးလေးမျက်နှာ ရှိကုန်၏။ ဝိဘတ္တာ၊ လေးတံခါးစီ ဝေဖန်အပ်ကုန်၏။ ဘာဂသော၊ တံခါးခရီးမအားဖြင့်။ မိတာ၊ နှိုင်းယှဉ်အပ်ကုန်၏။ အယောပါကာရပရိယန္တာ၊ သံတံတိုင်းလျှင် အဆုံးရှိကုန်၏။ အယသာ၊ ကိုးယူဇနာရှိသော သံအိုးကင်းဖြင့်။ ပဋိကုဇ္ဇိတာ၊ ဖုံးအုပ်ကုန်၏။

၈၇။ မဟာရာဇ၊ မင်းမြတ်။ တေသံ နိရယာနံ၊ ထိုငရဲတို့၏။ ဘူမိ၊ မြေတို့သည်။ အယောမယာ၊ သံဖြင့် ပြီးကုန်၏။ ဇလိတာ၊ အလျှံပြောင်ပြောင်တောက်သော။ တေဇသာ၊ မီးနှင့်။ ယုတာ၊ ယှဉ်ကုန်၏။ သမန္တာ၊ ထက်ဝန်းကျင်မှ။ ယာဇနသတံ၊ ယူဇနာ တစ်ရာတိုင်အောင်။ ဖုဋာ၊ ထိကုန်လျက်။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ တိဋ္ဌန္တိ၊ တည်ကုန်၏။

ရသေ့ရဟန်းကို ဆဲသူတို့ငရဲ

၈၈။ မဟာရာဇ၊ မင်းမြတ်။ ယေ၊ အကြင်သူတို့သည်။ တပသီနံ၊ ခြိုးခြံသော အကျင့်ရှိကုန်သော။ သညတာနံ၊ ကိုယ်နှုတ်နှလုံးကို စောင့်ရှောက် တတ်ကုန်သော။ ဣသီနံ၊ ရသေ့တို့အား။ အတိဝတ္တာရော၊ ကြမ်းကြုတ်သော စကားတို့ဖြင့် လွန်ကျူး၍ ဆိုတတ်ကုန်၏။ ဧတေ၊ ထိုသူတို့သည်။ ဥဒ္ဓံပါဒါ၊ ခြေကားမိုးမျှော်။ အဝံသိရာ၊ ဦးခေါင်းစောက်ထိုး။ နိရယေ၊ ငရဲ၌။ ပတန္တိ၊ ကျကုန်၏။

၈၉။ မဟာရာဇ၊ မင်းမြတ်။ ဘူနဟုနော၊ မိမိ အစီးအပွားကို ဖျက်ဆီးတတ်ကုန်သော။ တေ၊ ထိုရသေ့တို့အား ကြမ်းကြုတ်သောစကားဖြင့် လွန်ကျူး၍ ဆိုတတ်ကုန်သောသူတို့သည်။ ဗိလကတာ၊ အပိုင်းအပိုင်းပြု၍ ချက်အပ်ကုန်သော။ မစ္ဆာ ယထာ၊ ငါးတို့ကဲ့သို့။ ပစ္စန္တိ၊ ကျက်ကုန်၏။ ကိဗ္ဗိသကာရိနော၊ ကြမ်းကြုတ်သောအမှုကို ပြုလေ့ ရှိကုန်သော။ နရာ၊ လူတို့သည်။ သံဝစ္ဆရေ၊ နှစ်တို့ကို။ အသင်္ခေယျေ၊ မရေမတွက်နိုင်ကုန်။ မဟာရာဇ၊ မင်းမြတ်။ နိစ္စံ၊ အမြဲ။ အန္တရဗာဟိရံ၊ ကိုယ်တွင်း ကိုယ်ပကို။ ဍယှမာနေန၊ လောင်သော။ ဂတ္တေန၊ ကိုယ်ဖြင့်။ နိရယာ၊ ငရဲမှ။ နိက္ခမနံ၊ ထွက်ခြင်းကို။ ဧသိနော၊ ရှာကုန်သောငရဲသူတို့သည်။ ဒွါရံ၊ တံခါးကို။ နာဓိဂစ္ဆန္တိ၊ မရကုန်။

၉၀။ မဟာရာဇ၊ မင်းမြတ်။ တေ၊ ထိုငရဲသူ သတ္တဝါတို့သည်။ ပုရတ္ထိမေန၊ အရှေ့မျက်နှာဖြင့်။ ဓာဝန္တိ၊ ပြေးလေကုန်၏။ တတော၊ ထိုအရှေ့မျက်နှာမှ။ ပစ္ဆတော၊ အနောက်မျက်နှာဖြင့်။ ဓာဝန္တိ၊ ပြေးလေကုန်၏။ တတော၊ ထိုအနောက်မျက်နှာမှ။ ဥတ္တရေန၊ မြောက်မျက်နှာဖြင့်။ ဓာဝန္တိ၊ ပြေးလေကုန်၏။ တတော၊ ထိုမြောက်မျက်နှာမှ။ ဒက္ခိဏံ၊ တောင်မျက်နှာသို့။ ဓာဝန္တိ၊ ပြေးလေကုန်၏။ ယံ ယဉှိ ဒွါရံ၊ အကြင်အကြင် အမှတ်မရှိသော တံခါးသို့။ ဓာဝန္တိ၊ ပြေးလေကုန်၏။ တံ တဒေဝ၊ ထိုသို့ အမှတ်မရှိသော တံခါးသည်လျှင်။ ပိဓိယျရေ၊ ပိတ်နှင့်လေ၏။

၉၁။ မဟာရာဇ၊ မင်းမြတ်။ နိရယဂါမိနော၊ ငရဲသို့ လားရကုန်သော။ ဇနာ၊ ငရဲသူသတ္တဝါတို့သည်။ ဗဟူနိ၊ များစွာကုန်သော။ သတသဟဿာနိ၊ အနှစ်တစ်သိန်းတို့ပတ်လုံး။ အနပ္ပကံ၊ အတိုင်းအရှည် မရှိသော။ ဒုက္ခံ၊ ဆင်းရဲသို့။ ပတ္တာ၊ ရောက်ကုန်သည်ဖြစ်၍။ ဗာဟာ၊ လက်နှစ်ဖက်တို့ကို။ ပဂ္ဂယှ၊ မြှောက်ချီ၍။ ကန္ဒန္တိ၊ ငိုကြွေးကုန်၏။

၉၂။ မဟာရာဇ၊ မင်းမြတ်။ တေဇသာ၊ တန်ခိုးဖြင့်။ ဒုရတိက္ကမေ၊ လွန်နိုင်ခဲကုန်သော။ သာဓုရူပေ၊ ကောင်းသောသဘောရှိကုန်သော ရသေ့တို့ကို ကုပ္ပိတံ၊ အမျက်ထွက်သော။ အာသီဝိသံ၊ မြွေဟောက်ကို။ ဃဋေတိ ဣဝ၊ ပုတ်ခတ်သကဲ့သို့။ အာဒေသိ၊ ပုတ်ခတ်၏။ သညတာနံ၊ ကိုယ်နှုတ်နှလုံး သုံးပါးကို စောင့်တတ်ကုန်သော။ တပဿီနံ၊ ကိလေသာကို ပူပန်စေတတ်သော အကျင့်ရှိကုန်သော ရသေ့တို့ကို။ အာဒိဒေါ-ဃဋ္ဋန္တော၊ သတ်ပုတ်သော။ နရော၊ လူသည်။ အဋ္ဌသု နိရယေသု၊ ငရဲကြီးရှစ်ထပ်တို့၌။ ဥပဂစ္ဆေယျ၊ ကပ်လေရာ၏။

ငရဲကျသူများနှင့် အပြစ်

၉၃။ မဟာရာဇ၊ မင်းမြတ်။ အတိကာယော၊ ခွန်အားနှင့်ပြည့်စုံသော ကြီးသောကိုယ်လည်း ရှိထသော။ မဟိဿာသော၊ လေးသမားကြီးလည်း ဖြစ်ထသာ။ ကေကကာဓိပေါ၊ ကေကကတိုင်းသူတို့၏ အကြီးလည်း ဖြစ်ထသော။ အဇ္ဇာနော၊ အဇ္ဇုနမင်းသည်လည်းကောင်း။ သဟဿဗာဟု၊ လေးသမားငါးရာတို့သည် လက်ရုံးတစ်ထောင်တို့ဖြင့် တင်အပ်သောလေးကို တင်ခြင်းငှာစွမ်းနိုင်သော လက်ရုံးရှိသောကြောင့် သဟဿဗာဟုအမည်ရှိသော မင်းသည်လည်းကောင်း။ ဂေါတမံ၊ ဂေါတမအနွယ်ဖြစ်သော။ ဣသိံ၊ ရှင်ရသေ့ကို။ အာသဇ္ဇ၊ သတ်၍။ ဥစ္ဆိန္နော၊ ပျက်စီးခြင်းသို့ ရောက်၏။

၉၄။ မဟာရာဇ၊ မင်းမြတ်။ ဒဏ္ဍကီ၊ ဒဏ္ဍကီမင်းသည်။ ရဇသာ၊ ကိလေသာဟူသော မြူအားဖြင့်။ အရဇံ၊ မြူမရှိသော။ ကိသဝစ္ဆံ၊ ကိသဝစ္ဆအမည်ရှိသော ရှင်ရသေ့ကို။ တာလော၊ ထန်းပင်ကို။ သမူလော၊ အမြစ်နှင့်တကွ။ ဆိန္နောဝ၊ ဖြတ်သကဲ့သို့။ အဝကိရိယ၊ လွန်ကျူး၍။ ဆိန္နော၊ ဖြတ်အပ်၏။ သ-သော ရာဇာ၊ ထို ဒဏ္ဍကီမင်းသည်။ ဝိဘဝံ၊ ပျက်စီးခြင်းသို့။ ဂတော၊ ရောက်၏။

၉၅။ မဟာရာဇ၊ မင်းမြတ်။ မဇ္ဈော၊ မဇ္ဈအမည်ရှိသောမင်းသည်။ ယသဿိနေ၊ များသော အခြံအရံရှိသော။ မာတင်္ဂသ္မိံ၊ မာတင်္ဂသုခမိန်၌။ ဥပဟစ္စမနံ၊ ပြစ်မှားသော စိတ်ရှိသည်ဖြစ်၍။ သပါရိသဇ္ဇော၊ ပရိသတ်နှင့်တကွ။ ဥစ္ဆိန္နော၊ ပျက်စီး၏။ တဒါ၊ ထိုအခါ၌။ မဇ္ဈရညံ၊ မမင်း၏ တိုင်းပြည်သည်။ နဋ္ဌံ၊ ပျက်စီးသည်။ အဟု၊ ဖြစ်၏။

၉၆။ မဟာရာဇ၊ မင်းမြတ်။ အန္ဓကဝေဏ္ဍယော၊ အန္ဓကဝေဏ္ဍတိုင်း၌နေသော သူတို့သည်။ ကဏှဒီပါယနံ၊ ကဏှဒီပါယန အမည်ရှိသော။ ဣသိံ၊ ရှင်ရသေ့ကို။ အာသဇ္ဇ၊ သတ်ကုန်၍။ အညမညံ၊ အချင်းချင်း။ မုသလာ- မုသလေန၊ ကျည်ပွေ့ဖြင့်။ ဟန္တာ၊ သတ်ကုန်၍။ ယမသာဓနံ၊ ငရဲသို့။ သမ္ပတ္တာ၊ ရောက်ရကုန်၏။

၉၇။ မဟာရာဇ၊ မင်းမြတ်။ ဣသိနာ၊ ကပိလ ရှင်ရသေ့သည်။ သတ္ထော၊ ဆုံးမအပ်သော။ ပုရေ၊ ရှေးကာလ၌။ အန္တလိက္ခစရော၊ ကောင်းကင်၌ သွားသော။ စေစ္စော၊ စေတိယမင်းသည်။ ပတ္တပရိယာယံ၊ သေခါနီးသို့ရောက်၍။ ဟီနတ္တော၊ ယုတ်မာသောကိုယ် ရှိသည်ဖြစ်၍။ ပထဝိံ၊ မြေထဲသို့။ ပါဝေက္ခိ၊ ဝင်လေ၏။

၉၈။ မဟာရာဇ၊ မင်းမြတ်။ တသ္မာဟိ၊ ထို့ကြောင့်လျှင်။ ဆန္ဒာဂမနံ၊ ဆန္ဒ စသော လေးပါးသော မလားအပ်သည်သို့ လားခြင်းကို။ ပဏ္ဍိတာ၊ ဘုရား အစရှိကုန်သော သူတော်ကောင်း အပေါင်းတို့သည်။ နပ္ပသံသန္တိ၊ မချီးမွမ်းကုန်။ အဒုဋ္ဌစိတ္တော၊ မပြစ်မှားသော စိတ်ရှိသည်ဖြစ်၍။ သစ္စူပသံဟိတံ၊ မှန်သည်နှင့်စပ်သော။ ဂိရံ၊ စကားကို။ ဘာသေယျ၊ ပြောဆိုရာ၏။

၉၉။ မဟာရာဇ၊ မင်းမြတ်။ နရော၊ အကြင်သူသည်။ ပဒုဋ္ဌေန၊ ပြစ်မှားလိုသော။ မနသာ၊ စိတ်ဖြင့်။ ဝိဇ္ဇာစရဏသမ္ပန္နံ၊ ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာရှစ်ပါး, စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော။ မုနိံ၊ မြတ်စွာဘုရားကို။ စေ ပေက္ခတေ၊ အကယ်၍ ကြည့်ငြားအံ့။ သော နရော၊ ထိုသူသည်။ အဓော နိရယံ၊ အောက်ငရဲသို့။ ဂတော၊ သွားရလေ၏။

၁၀၀။ မဟာရာဇ၊ မင်းမြတ်။ ယေ ဇနာ၊ အကြင်သူတို့သည်။ ဖရုသံ၊ ရုန့်ရင်းကြမ်းကြုတ်စွာ။ ဥပက္ကမာ၊ လုံ့လပြုကုန်၍။ ဝုဍ္ဎေ၊ ဂုဏဝုဍ္ဎိ ဝယဝုဍ္ဎိဖြစ်သော သူတို့ကို။ ပရိဘာသန္တိ၊ ဆဲရေးစွပ်စွဲကုန်၏။ တေ ဇနာ၊ ထိုသူတို့သည်။ အနပစ္စာ၊ သားသမီး မရှိကုန်သည်ဖြစ်၍။ အဒါယာဒါ၊ မယားလည်း မရှိကုန်သည်ဖြစ်၍။ တာလဝတ္ထူဝ၊ ထန်းပင်ငုတ်ကဲ့သို့။ ဘဝန္တိ၊ ဖြစ်ကုန်၏။

ကာဠသုတ် ငရဲ

၁၀၁။ မဟာရာဇ၊ မင်းမြတ်။ ယော နရော၊ အကြင်သူသည်။ မဟေသိနံ၊ သီလက္ခန္ဓအစရှိသော ကျေးဇူးအပေါင်းကို ရှာမှီးလေ့ရှိထသော။ ကတကိစ္စံ၊ ပြုအပ်ပြီးသော ကိစ္စလည်း ရှိထသော။ ပဗ္ဗဇိတံ၊ ရသေ့ရဟန်းကို။ ဟန္တိ၊ သတ်၏။ သော နရော၊ ထိုသူသည်။ ကာဠသုတ္တေ၊ ကာဠသုတ် အမည်ရှိသော။ နိရယေ၊ ငရဲ၌။ စိရရတ္တာယ၊ ကြာမြင့်စွာသော နေ့ညဉ့်ပတ်လုံး။ ပစ္စတိ၊ ခံရ၏။

တာပနငရဲ

၁၀၂။ မဟာရာဇ၊ မင်းမြတ်။ ယော စ ရာဇာ၊ အကြင် မင်းသည်ကား။ အဓမ္မဋ္ဌော၊ မင်းကျင့်တရား၌မတည်။ မိဂေါ ယထာ၊ သားမိုက်ကဲ့သို့။ ရဋ္ဌဝိဒ္ဓံသနော၊ ဆန္ဒအစရှိသည်တို့၏ အစွမ်းဖြင့် အဂတိသို့ရောက်၍ တိုင်းပြည်ကို ဖျက်ဆီးတတ်၏။ သော စ ရာဇာ၊ ထိုမင်းသည်ကား။ ဇနပဒံ၊ ဇနပုဒ်သူ ရှင်လူအပေါင်းကို။ တာပယိတွာ၊ ပူပန်စေတတ်သောကြောင့်။ ပေစ္စ၊ တမလွန်ဘဝ၌။ တာပနေ၊ တာပန အမည်ရှိသော ငရဲ၌။ ပစ္စတိ၊ ခံရ၏။

၁၀၃။ မဟာရာဇ၊ မင်းမြတ်။ ယော စ ရာဇာ၊ အကြင် ဇနပုဒ်သူ ရှင်လူအပေါင်းကို ဖျက်ဆီးတတ်သော မင်းသည်ကား။ ဒိဗ္ဗာနိ၊ နတ်တို့၏ အရေအတွက် ဖြစ်ကုန်သော။ သတဝဿ သဟဿာနိ၊ အနှစ်တစ်သိန်း ကာလပတ်လုံး။ နိရယေ၊ ငရဲ၌။ ပစ္စတိ၊ ခံရ၏။ သော ရာဇာ၊ ထိုမင်းသည်။ အစ္စိသံဃပရေတော၊ မီးလျှံအပေါင်းတို့ဖြင့် ခြံရံလျက်။ ဒုက္ခဝေဒနံ၊ ဆင်းရဲဝေဒနာကို။ ဝေဒေတိ၊ ခံရလေ၏။

၁၀၄။ မဟာရာဇ၊ မင်းမြတ်။ တဿ နေရယိကဿ၊ ထို ငရဲသူ သတ္တဝါ၏။ ကာယာ၊ ကိုယ်မှ။ အဂ္ဂိသိခါ၊ မီးလျှံတို့သည်။ ပဘဿရာ၊ ပြိုးပြိုးပြက်။ နိစ္ဆရန္တိ၊ ထွက်ကုန်၏။ တေဇောဘက္ခဿ၊ မီးကို စားရသော ငရဲသူ၏။ ဂတ္တာနိ၊ ကိုယ်တို့သည်။ လောမေဟိ စ၊ မွေးတွင်းတို့နှင့်လည်းကောင်း။ နခေဟိ စ၊ ခြေသည်း လက်သည်းတို့နှင့် လည်းကောင်း။ သဒ္ဓိံ၊ တကွ။ ပဘဿရာ၊ ပြိုးပြိုးပြက်။ နိစ္ဆရန္တိ၊ ထွက်ကုန်၏။

၁၀၅။ မဟာရာဇ၊ မင်းမြတ်။ သော နေရယိကော၊ ထိုငရဲသူသည်။ နိစ္စံ၊ အမြဲ။ အန္တရဗာဟိရံ၊ ကိုယ်တွင်းကိုယ်ပကို။ ဍယှမာနေန၊ လောင်သော။ ဂတ္တေန၊ ကိုယ်ဖြင့်။ ဒုက္ခာ ဘိတုန္နော၊ ဆင်းရဲဖြင့် အလွန် နှိပ်စက်အပ်သည်ဖြစ်၏။ တုတ္တဋ္ဋိတော၊ လှံချွန်းတောင်းဖြင့် နှိပ်စက်အပ်သော။ နာဂေါ ယထာ၊ ဆင်ပြောင်ကဲ့သို့။ နဒတိ၊ ဟစ်ကြွေးငိုမြည်ရ၏။

ကာဠသုတ်ငရဲ

၁၀၆။ မဟာရာဇ၊ မင်းမြတ်။ ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ လောဘဝါ၊ ပြည်တိုင်းကားကို လိုချင်သဖြင့် လည်းကောင်း။ ဒေါသာဝါ၊ ပြစ်မှားလိုသော စိတ်ဖြင့်လည်းကောင်း။ ပုရိသမဒါဝါ၊ ပုရိသမာန် ယစ်သဖြင့်လည်းကောင်း။ ပိုတရံ၊ အဖကို။ ဟန္တိ၊ သတ်၏။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ကာဠသုတ္တေ၊ ကာဠသုတ် အမည်ရှိသော။ နိရယေ၊ ငရဲ၌။ စိရရတ္တံ၊ ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး။ ပစ္စတိ၊ ခံရ၏။

အဖသတ်သူ

၁၀၇။ မဟာရာဇ၊ မင်းမြတ်။ တာဒိသော၊ ထိုသို့သဘောရှိသော။ သော ပုဂ္ဂလော၊ ထိုအဖကိုသတ်ပုဂ္ဂိုလ်သည်။ လောဟကုမ္ဘီယံ၊ ကြေးအိုး၌။ ပစ္စတိ၊ ခံရ၏။ ပက္ကဉ္စ၊ ကျက်သော ငရဲသူကိုလည်း။ သတ္တီဟိ၊ လှံတို့ဖြင့်။ ဟနန္တိ၊ ထိုးကုန်၏။ နိတ္တစံ၊ အရေမရှိသည်ကို။ ကရောန္တိ၊ ပြုကုန်၏။ တထာဝိဓံ၊ ထိုသို့ အပြားရှိသော။ နရံ၊ အဖသတ်ငရဲသူကို။ အန္ဓံ၊ မျက်စိကန်းသည်ကို။ ကရိတွာ၊ ပြု၍။ မုတ္တကရီသံ၊ ကျင်ကြီးကျင်ငယ်ကို။ ဘက်ခံ ခါဒါပေန္တိ၊ စားစေကုန်၏။ ခါရေ၊ ကြေးနီရေ၌။ နိမုဇ္ဇန္တိ၊ ငုပ်စေကုန်၏။

၁၀၈။ မဟာရာဇ၊ မင်းမြတ်။ ရက္ခသာ၊ ငရဲထိန်းတို့သည်။ တတ္တံ၊ ရဲရဲပြောင်ပြောင် တောက်လောင်သော။ ပက္ကုထိတံ၊ ကျိုက်ကျိုက်ဆူသော။ အယောဂုဠဉ္စ၊ ကြေးနီစိုင်ကိုလည်းကောင်း။ စိရရတ္တာပိတေ၊ ကြာမြင့်စွာ ပူစေအပ်ကုန်ပြီးသော။ ဒီဃေ၊ ရှည်ကုန်သော။ ဗလီသေ စ၊ သံမျှားချိတ်တို့ကို လည်းကောင်း။ အာဒါယ၊ ယူ၍။ ရဇ္ဇူဘိ၊ ကြိုးတို့ဖြင့်။ ဝိဗန္ဓ၊ ဖွဲ့၍။ ဝိက္ခမ္ဘံ၊ ခံတွင်းကိုဖွင့်၍။ ဝိဝဋေ၊ ဟင်းလင်းပွင့်သော။ မုခေ၊ ခံတွင်း၌။ သမ္ပဝိသန္တိ၊ ထည့်ကုန်၏။

၁၀၉။ မဟာရာဇ၊ မင်းမြတ်။ တဿ ပိတုဃာတကဿ၊ ထိုအဖသတ်သော ငရဲသူ၏။ ဇိဝှံ၊ လျှာကို။ ဝိဘဇ္ဇ၊ ဖြတ်၍။ သာမာ၊ ရွှေသော အဆင်းရှိကုန်သော။ သောဏာ စ၊ ဆင် အတိုင်းအရှည် ရှိကုန်သော ခွေးတို့သည်လည်းကောင်း။ သဗလာ၊ ပြောက်ကျားသော အဆင်းရှိကုန်သော။ သောဏာ စ၊ ဆင်အတိုင်းအရှည် ရှိကုန်သော ခွေးတို့သည်လည်းကောင်း။ အယောမုခါ၊ သံနှုတ်သီးရှိကုန်သော။ ဂိဇ္ဈာ စ၊ ဝန်တင်လှည်း အတိုင်းအရှည်ရှိကုန်သော လင်းတတို့သည်လည်းကောင်း။ ကာကောလသံဃာ စ၊ တောကျီးအပေါင်းတို့သည်လည်းကောင်း။ ဒိဇာ စ၊ ငှက်အပေါင်းတို့သည်လည်းကောင်း။ သင်္ဂမ္မ၊ စည်းဝေးကြ၍။ ဝိဃာသံ၊ ပင်ပန်းလှသော နွားကျွဲစသည်ကို။ သလောဟိတံ၊ သွေးနှင့်တကွ။ ခါဒန္တော ဝိယ၊ စားကုန်သကဲ့သို့။ ဝိပ္ဖန္ဒမာနံ၊ တုန်လှုပ်သော ငရဲသူကို။ မုရုံ၊ ကျွတ်ကျွတ်ကျွတ်ကျွတ် မြည်အောင်ဝါး၍။ ခါဒန္တိ၊ စားကုန်၏။

၁၁၀။ မဟာရာဇ၊ မင်းမြတ်။ ဍဍ္ဎတာလံ၊ မီးလောင်သော ထန်းပင်ကဲ့သို့သော ကိုယ်ရှိသော။ ပရိဘိန္နဂတ္တံ၊ တစ်ကိုယ်လုံး အပေါက်ပေါက် ခုတ်ထွင်းအပ်သော ကိုယ်ရှိသော။ တံ၊ ထိုအဖကိုသတ်သောသူကို။ ရက္ခသာ၊ ငရဲထိန်းတို့သည်။ နိပေါထယန္တာ၊ ပုတ်ခတ်ကုန့လျက်။ အနုဝိစရန္တိ၊ သွားကြကုန်၏။

၁၁၁။ မဟာရာဇ၊ မင်းမြတ်။ တေသံ၊ ထိုငရဲထိန်းတို့အား။ ရတီ၊ မွေ့လျော်ခြင်းတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတရေ ပန၊ ငရဲသူ သတ္တဝါတို့သည်ကား။ ဒုခိနော၊ ဆင်းရဲကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ မဟာရာဇ၊ မင်းမြတ်။ ဣဓ လောကေ၊ ဤလူ့ရွာ၌။ ယေ ကေစိ၊ ခပ်သိမ်းကုန်သော။ ပေတ္တိဃာတိနော၊ အဖကို သတ်သောသူတို့သည်။ ဧတာဒိသသ္မိံ၊ ဤသို့ သဘောရှိသော။ နိရယေ၊ ကြေးနီအိုးငရဲ၌။ ဝသန္တိ၊ နေရကုန်၏။

အမိသတ်သူ

၁၁၂။ မဟာရာဇ၊ မင်းမြတ်။ ပုတ္တော စ၊ သားသည်လည်း။ မာတရံ၊ အမိကို။ ဟန္တွာ၊ သတ်မိသောကြောင့်။ ဣတော၊ ဤလူ့ပြည်မှ။ ဂန္တွာ၊ သွားလေ၍။ ယမက္ခယံ၊ ယမမင်း၏ နေရာ၌။ ဘုသံ၊ ပြင်းစွာသော။ ဒုက္ခံ၊ ဆင်းရဲသို့။ အာပဇ္ဇတေ၊ ရောက်၏။ အတ္တကမ္မဖလူပဂေါ၊ မိမိပြုသော မကောင်းမှုကံ၏ အကျိုးဖြင့် ကပ်ရလေ၏။

၁၁၃။ မဟာရာဇ၊ မင်းမြတ်။ ဇနယန္တိယာ၊ အမိကို။ ဟန္တရံ၊ သတ်မိသောကြောင့်။ အဝိဗလာ၊ ခွန်အားဗလကြီးမားကုန်သော။ အမနုဿာ၊ ငရဲထိန်းတို့သည်။ အယောမယေဟိ၊ သံဖြင့်ပြီးကုန်သော။ ဝါဠေဟိ၊ လျှော်တို့ဖြင့်။ ပုနပ္ပုနံ၊ အထပ်ထပ်။ ဝေဌေတွာ၊ ရစ်ပတ်၏။ အယယန္တေ၊ သံယန္တရား၌။ ပီဠေန္တိ၊ ကြိတ်ခြေကုန်၏။

၁၁၄။ မဟာရာဇ၊ မင်းမြတ်။ တံ မာတုဃံ၊ ထိုအမိကို သတ်သော ငရဲသူကို။ သကာဂတ္တာ၊ မိမိကိုယ်မှ။ ဥဿဝံ၊ ယိုသောသွေးကို။ ပဿန္တံ၊ မြင်စဉ်ပင်လျှင်။ အဿ၊ ထိုငရဲသူသတ္တဝါ၏။ အတ္တသမ္ဘဝံ၊ ကိုယ်ကောင်ပကတိ ဖြစ်ပြန်သောအခါ၌။ တမ္ဗလောဟဝိလီနံဝ၊ မြည့်မြည့်ကြေသော ကြေးနီရေနှင့်တူသော။ တတ္တံ၊ ရဲရဲပြောင်ပြောင်တောက်သော။ ရုဓိရံ၊ သွေးကို ပါယေန္တိ၊ သောက်စေကုန်၏။

၁၁၅။ ဇိဂုစ္ဆံ၊ စက်ဆုပ်ဖွယ်သော။ ကုဏပံ၊ အကောင်ပုပ်လည်းဖြစ်ထသော။ ပူတိံ၊ ပုပ်သောအဖြစ်သို့လည်း ရောက်ထသော။ ဒုဂ္ဂန္ဓံ၊ အလွန်မကောင်းသော အနံ့လည်းရှိထသော။ ဂူထကဒ္ဒမံ၊ မစင်ဟုဆိုအပ်သော ညွန်လည်းဖြစ်ထသော။ ပုဗ္ဗလောဟိတသံကာသံ၊ သွေးပြည်နှင့်လည်းတူသော။ ရဟဒံ၊ အိုင်သို့။ ခိပေန္တိ၊ ပစ်ချကုန်၏။ သော၊ ထိုအမိကိုသတ်သော ငရဲသူသည်။ တံ ရဟဒံ၊ ထိုအိုင်သို့။ ဩဂ္ဂယှ၊ သက်၍။ တိဋ္ဌတိ၊ နေရ၏။

၁၁၆။ မဟာရာဇ၊ မင်းမြတ်။ တတ္ထ၊ ထိုမစင်ငရဲ၌။ တမေနံ၊ ထိုအမိကိုသတ်သော ငရဲသူကို။ အဘိကာယာ၊ ပိန်းကောလှေ အတိုင်းအရှည်ရှိသော ကိုယ်ရှိကုန်သော။ အယောမုခါ၊ သံအပ်နှင့်တူသော ထက်စွာသော နှုတ်သီးရှိကုန်သော။ ကိမိယော၊ ပိုးလောက်တို့သည်။ ဆဝံ၊ အရေကို။ ဘေတွာန၊ ဖြတ်၍။ မံသလောဟိတေ၊ အသားအသွေးတို့ကို။ သံဂိဒ္ဓါ၊ ပြင်းစွာ ဆာလောင် မွတ်သိပ်ကုန်သည်ဖြစ်၍။ ခါဒန္တိ၊ စားကုန်၏။

၁၁၇။ မဟာရာဇ၊ မင်းမြတ်။ သော စ၊ ထိုအမိကိုသတ်သော ငရဲသူသည်လည်း။ သတပေါရိသံ၊ အသူတရာနက်သော။ တံ နိရယံ၊ ထိုငရဲသို့။ ပတ္တော၊ ရောက်၍။ နိမုဂ္ဂေါ၊ နစ်သည်။ ဟောတိ၊ ဖြစ်၏။ ကုဏပံ၊ ဘင်ပုပ်အနံ့သည်။ သမန္တာ၊ ထက်ဝန်းကျင်မှ။ သတယောဇနံ၊ ယူဇနာတစ်ရာတိုင်တိုင်။ ပူတိကံ၊ အပုပ်အတိ။ ဝါတိ၊ လှိုင်၏။

၁၁၈။ မဟာရာဇ၊ မင်းမြတ်။ ဟိ-သစ္စံ၊ မှန်၏။ စက္ခုမာပိ၊ မျက်စိရှိသော သူတို့၏လည်း။ စက္ခူနိ၊ မျက်စိတို့သည်။ တေန ဂန္ဓေန၊ ထိုအပုပ်နံ့ဖြင့်။ ဇိယတိ၊ ကြေမွ၏။ ဗြဟ္မဒတ္တ၊ ဗြဟ္မဒတ်မင်းမြတ်။ မာတုဃော၊ အမိကိုသတ်သော ငရဲသူသည်။ ဧတာဒိသံ၊ ထိုသို့ သဘောရှိသော။ ဒုက္ခံ၊ ဆင်းရဲကို။ လဘတေ၊ ရ၏။

ကိုယ်ဝန်ဖျက်ချသူ

၁၁၉။ မဟာရာဇ၊ မင်းမြတ်။ ဂဗ္ဗပါတိယော၊ ကိုယ်ဝန်ကိုချသော မိန်းမတို့သည်။ ဒုရဘိသမ္ဘဝံ၊ အလွန်ကြောက်မက်ဖွယ်ကို ဖြစ်စေတတ်သော။ တိက်ခံ၊ ထက်လှစွာသော။ ခုရဓာရံ၊ သင်တုန်းသွားကို။ အနုက္ကမ္မ၊ လွန်၍။ ဒုဂ္ဂံ၊ ကူးနိုင်ခဲသော။ ဝေတ္တရဏိံ၊ ဝေတ္တရဏီ အမည်ရှိသော။ နဒိံ၊ ကြိမ်ပိုက်ချောင်းသို့။ ပတန္တိ၊ ကျကုန်၏။

၁၂၀။ မဟာရာဇ၊ မင်းမြတ်။ အယောမယာ၊ သံဖြင့်ပြီးကုန်သော။ သောဠသင်္ဂုလိကဏ္ဋကာ၊ တစ်ဆယ့်ခြောက်လက်သစ် ပမာဏ အဆူးရှိကုန်သော။ သိမ္ဗလိယော၊ လက်ပံပင်၏ အခက်တို့သည်။ ဥဘတော- ဒွီသု တီရေသု၊ ကမ်းနားနှစ်ဖက်တို့၌။ ဒုဂ္ဂံ၊ ကူးနိုင်ခဲသော။ ဝေတ္တရဏိံ၊ ဝေတ္တရဏီ အမည်ရှိသော။ နဒိံ၊ ကြိမ်ပိုက်ချောင်းသို့။ အဘိလမ္ဗန္တိ၊ တွဲရရွဲကျကုန်၏။

၁၂၁။ မဟာရာဇ၊ မင်းမြတ်။ တေ ရုက္ခာ၊ ထိုလက်ပံပင်တို့သည်။ အစ္စိမန္တော၊ အလျှံပြောင်ပြောင် တောက်ကုန်လျက်။ ဒါရုနာ၊ ကြောက်မက်ဖွယ် ရှိကုန်သော။ အဂ္ဂိက္ခန္ဓာဝ၊ မီးပုံကြီးတို့ကဲ့သို့။ တိဋ္ဌန္တိ၊ တည်ကုန်၏။ အာဒိတ္တာ၊ ပြောင်ပြောင်တောက်သော အလျှံတို့သည်။ ဇာတဝေဒေန၊ မီးအဟုန်ဖြင့်။ ဥဒ္ဓံ၊ အထက်သို့။ ယောဇနမုဂ္ဂတာ၊ တစ်ယူဇနာတိုင်တိုင် တက်ကုန်၏။

လင်ငယ် မယားငယ်နေသူ

၁၂၂။ မဟာရာဇ၊ မင်းမြတ်။ အတိစာရာ၊ မိမိလင်ကို လွန်ကျူး၍ ကျင့်ကုန်သော။ နာရိယော စ၊ မိန်းမတို့သည်လည်းကောင်း။ ပရဒါရဂူ၊ သူတစ်ပါးမယားကို လွန်ကျူး၍ ကျင့်ကုန်သော။ နရာ စ၊ ယောက်ျားတို့သည်လည်းကောင်း။ ဧတာ၊ ထိုသူတို့သည်။ တတ္တေ၊ အလျှံတပြောင်ပြောင် ပူလောင်၍နေသော။ တိခိဏကဏ္ဋကေ၊ ထက်စွာသော အဆူးရှိသော။ တတ္ထ နိရယေ၊ ထိုလက်ပံပင်ငရဲ၌။ ဝဇန္တိ၊ တက်ရကုန်၏။

၁၂၃။ မဟာရာဇ၊ မင်းမြတ်။ တေ၊ ထို မိမိလင်ကို လွန်ကျူး၍ကျင့်သော မိန်းမ, သူတစ်ပါးမယားကို လွန်ကျူး၍ကျင့်သော ယောက်ျားတို့သည်။ အဓောက္ခန္ဓာ၊ ဦးခေါင်းစောက်ထိုး။ ပတန္တိ၊ လက်ပံပင်မှ ကျကုန်၏။ ပုထူ၊ အသီးသီး။ ဝိဟတာ၊ စုတ်ပြတ်သောကိုယ် ရှိကုန်သည်။ ဝိဝတ္တာ၊ ပျက်စီးသောကိုယ် ရှိကုန်သည်။ ဝိနိဝိဒ္ဓင်္ဂါ၊ ထိုးကျင့်သော ကိုယ်ရှိကုန်သည်။ ဟုတွာ၊ ဖြစ်ကုန်၍။ သယန္တိ၊ အိပ်ရကုန်၏။ ဒီဃံ၊ မြင့်ရှည်စွာသော နေ့ညဉ့်ပတ်လုံး။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ဇဂ္ဂန္တိ- နိဒ္ဒံ န ဩက္ကမန္တိ၊ မအိပ်ရကုန်။

၁၂၄။ မဟာရာဇ၊ မင်းမြတ်။ တတော၊ ထို့နောင်မှ။ ရတျာဝိဝသာနေ၊ များစွာသော ညဉ့်တို့၏အဆုံး၌။ မဟတီ၊ ကြီးမားသာ။ ပဗ္ဗတူပမံ၊ တောင်အတိုင်းအရှည်သာ။ တတ္တံ၊ ပြောင်ပြောင်တောက်သော။ အဂ္ဂိသမူဒကံ၊ မီးနှင့်တူသော ရေရှိသော။ လောဟကုမ္ဘိံ၊ ကြေးနီအိုး၌။ ပဝဇ္ဇန္တိ၊ ဝင်လျက် ငုပ်ရကုန်၏။

၁၂၅။ မဟာရာဇ၊ မင်းမြတ်။ ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသောနည်းဖြင့်။ ဒိဝါ စ၊ နေ့၌ လည်းကောင်း။ ရတ္တော စ၊ ညဉ့်၌လည်းကောင်း။ မောဟပါရုတာ၊ မောဟဖြင့် ဖုံးလွှမ်းအပ်ကုန်သော။ ဒုဿီလာ၊ သူတစ်ပါးမယားကို ပြစ်မှားတတ်ကုန်သော သူတို့သည်။ ပုဗ္ဗေ၊ ရှေး၌။ အတ္တနော၊ မိမိ၏။ ဒုက္ကဋံ၊ မကောင်းသဖြင့် ပြုအပ်သောကံကို။ ပဋိစ္စ၊ စွဲ၍။ သကံ ကမ္မံ၊ မိမိပြုသော မကောင်းမှုကံ့ကို။ အနုဘောန္တိ၊ ခံရကုန်၏။

၁၂၆။ မဟာရာဇ၊ မင်းမြတ်။ ဓနက္ကိတာ၊ ဥစ္စာဖြင့် ဝယ်အပ်ကုန်သော။ ယာ စ ဘရိယာ၊ အကြင်မယားသည်။ သာမိကံ၊ မိမိလင်ကို။ အတိမညတိ၊ မထီမဲ့မြင်ပြု၏။ သဿုဝါ၊ ယောက္ခမ ယောက်ျားသူကိုလည်းကောင်း။ သဿုရံ ဝါ၊ ယောက္ခမ မိန်းမသူကို လည်းကောင်း။ ဇေဋ္ဌံဝါပိ၊ ခဲအိုကိုလည်းကောင်း။ နနန္ဒနံ ဝါ၊ ယောက်မကို လည်းကောင်း။ အတိမညတိ၊ မထီမဲ့မြင်ပြု၏။ မဟာရာဇ၊ မင်းမြတ်။ တဿာ၊ ထိုငရဲသူမ၏။ မုခံ၊ ခံတွင်းကို။ အယသင်္ကုနာ၊ သံချွန်းတောင်းဖြင့်။ ဝိဝရိတွာ၊ ဖွင့်၍။ ဝင်္ကေန၊ သံမျှားချိတ်ဖြင့်။ ဇိဝှဂ္ဂံ၊ လျှာဖျားကို။ နိဗ္ဗဟန္တိ၊ ငင်ထုတ်ကုန်၏။ သဗန္ဓနံ၊ ကြိုးဖြင့်ဖွဲ့လျက်။ ကဍ္ဎန္တိ၊ ဝင်ကုန်၏။

၁၂၇။ ကိမိနံ၊ ပိန်းကြီးမျှလောက်သော ပိုးလောက်တို့ဖြင့်ပြည့်သော။ သဗျာမမတ္တံ၊ မိမိတစ်လံ အတိုင်းအရှည်ရှိသော။ အတ္တနိ-အတ္တနော၊ မိမိ၏။ ဇိဝှံ၊ လျှာကို။ ပဿတိ၊ မြင်ရ၏။ ဝိညာပေတုံ၊ ငရဲထိန်းတို့ကို တောင်းပန်ခြင်းငှာလည်း။ န သက္ကောတိ၊ မတတ်နိုင်။ ပေစ္စ၊ တစ်ဖန်လည်း။ တာပနေ၊ တာပန်ငရဲ၌။ ပစ္စတိ၊ ကျက်ရ၏။

တံငါမုဆိုး

၁၂၈။ မဟာရာဇ၊ မင်းမြတ်။ ဩရဗ္ဘိကာ စ၊ ဆိတ်ကိုသတ်၍ အသက်မွေးသော သူတို့ကိုလည်းကောင်း။ သူကရိကာ စ၊ ဝက်ကိုသတ်၍ အသက်မွေးသောသူတို့ကိုလည်းကောင်း။ မစ္ဆိကာ စ၊ တံငါတို့ကိုလည်းကောင်း။ မိဂဗန္ဓကာ စ၊ သားမုဆိုးတို့ကိုလည်းကောင်း။ စောရာ စ၊ ခိုးသူတို့ကိုလည်းကောင်း။ ဂေါဃာတကာ စ၊ နွားသတ် ယောက်ျားတို့ကိုလည်းကောင်း။ လုဒ္ဒါ စ၊ ရုန့်ရင်းကြမ်းကြုတ်သော သူတို့ကိုလည်းကောင်း။ အဝဏ္ဏေ၊ မချီးမွမ်းအပ်သောသူတို့ကို။ ဝဏ္ဏကာရကာ စ၊ ချီးမွမ်းခြင်းကို ပြုတတ်သော သူတို့ကိုလည်းကောင်း။

၁၂၉။ သတ္တီဟိ စ၊ လှံတို့ဖြင့်လည်းကောင်း။ လောဟကူဋေဟိစ၊ သံဆောက်ပုတ်တို့နှင့်လည်းကောင်း။ နေတ္တိံသေဟိ စ၊ သန်လျက်တို့ဖြင့်လည်းကောင်း။ ဥသူဟိ စ၊ မြားတို့ဖြင့် လည်းကောင်း။ ဟညမာနာ၊ ညှဉ်းဆဲသတ်ပုတ်ကုန်လျက်။ အဝံသိရာ၊ ဦးခေါင်းစောက်ထိုး။ ခါရနဒိံ၊ ကြိမ်ပိုက်ချောင်းသို့။ နိရယပါလာ၊ ငရဲထိန်းတို့သည်။ သံပတန္တိ၊ ပစ်ချကုန်၏။

လာဘ်စားသူ

၁၃၀။ မဟာရာဇ၊ မင်းမြတ်။ ကူဋကာရီ၊ စဉ်းလဲစဉ်းစားတတ်ကုန်သော တရားသူကြီးစသော သူတို့ကို။ သာယံပါတော၊ ည, နံနက်။ အယောကူဋေဟိ၊ ပြောင်ပြောင်တောက်သော သံတူကြီးတို့ဖြင့်။ ဟညတိ၊ ညှဉ်းဆဲ၏။ တတော၊ ထို့နောင်မှ။ ဒုရတ္တာနံ၊ ကူးခပ်နိုင်ခဲသော ကိုယ်ရှိသော တရားသူကြီးစသော ငရဲသူသတ္တဝါတို့သည်။ ပရေသံ၊ သူတစ်ပါးတို့၏။ ဝန္တံ၊ အန်ဖတ်ကို။ သဒါ၊ အခါခပ်သိမ်း။ ဘုဉ္ဇရေ၊ စားရကုန်၏။

၁၃၁။ မဟာရာဇ၊ မင်းမြတ်။ ကိဗ္ဗိသကာရကံ၊ ကြမ်းကြုတ်သောအမှုကို ပြုတတ်ထသော။ ဝိပ္ဖန္ဒမာနံ၊ တပြောင်းပြန်ပြန် တုန်လှုပ်ထသော။ နရံ၊ ငရဲသူသတ္တဝါကို။ အယာမုခါ၊ သံဖြင့်ပြီးသော နှုတ်သီးရှိကုန်သော။ ဓင်္ကာ စ၊ စွန်ရဲတို့သည်လည်းကောင်း ဘေရဏ္ဍကာ စ၊ မြေခွေးတို့သည်လည်းကောင်း။ ဂိဇ္ဈာ စ၊ ဝန်တင်လှည်းအတိုင်းအရှည်ရှိကုန်သော လင်းတတို့သည်လည်းကောင်း။ ကာကောာလာ စ၊ တောကျီးအပေါင်းတို့သည်လည်းကောင်း။ ခါဒန္တိ၊ ခဲကုန်၏။

မုဆိုးများ

၁၃၂။ မဟာရာဇ၊ မင်းမြတ်။ ရဇသာဆန္နာ၊ ကိလေသာတည်းဟူသောမြူဖြင့် မြှေးယှက်ဖုံးလွှမ်းအပ်ကုန်သော။ အသန္တော၊ သူတော်ကောင်း မဟုတ်ကုန်သော။ ယေ ပုဂ္ဂလာ၊ အကြင်ပုဂ္ဂိုလ်တို့သည်။ မိဂေန၊ သမင်တိန်ညင်ဖြင့်။ မိဂံ၊ သားအပေါင်းကို။ ဟန္တိ၊ သတ်ကုန်၏။ ပက္ခိနာ ဝါ ပန၊ ငှက်တိန်ညင်ဖြင့်လည်း။ ပက္ခိံ၊ ငှက်အပေါင်းကို။ ဟန္တိ၊ သတ်ကုန်၏။ တေ ပုဂ္ဂလာ၊ ထိုပုဂ္ဂိုလ်တို့သည်။ နိရယုဿဒံ၊ ဥဿဒငရဲသို့။ ဂန္တွာ၊ လားရကုန်၏။

နတ်ပြည်ချမ်းသာ

ဤသို့လျှင် ဘုရားလောင်း သံကိစ္စရှင်ရသေ့သည် ဤမျှ အတိုင်းအရှည်ရှိသော ငရဲတို့ကို ဖွင့်လှစ်ဖော်ပြတော်မူပြီး၍ ယခုအခါ နတ်ပြည်ကိုဖွင့်လှစ်၍ ဗြဟ္မဒတ်မင်းအား ပြတော်မူပြန်လိုရကား-

၁၃၃။ သန္တော စ ဥဒ္ဓံ ဂစ္ဆန္တိ၊ သုစိဏ္ဏေနိဓ ကမ္မုနာ။
သုစိဏ္ဏဿ ဖလံ ပဿ၊ သဣန္ဒာ ဒေဝ သဗြဟ္မကာ။
၁၃၄။ တံ တံ ဗြူမိ မဟာရာဇ၊ ဓမ္မံ ရဋ္ဌပတီ စရ။
တထာ ရာဇ စရာဟိ ဓမ္မံ၊
ယထာ တံ သုစိဏ္ဏံ နာနုတပ္ပေယျ ပစ္ဆာ။

ဟူသော ဤနှစ်ဂါထာကို ဆိုတော်မူ၏။

၁၃၃။ မဟာရာဇ၊ မင်းမြတ်။ သန္တော၊ ကိုယ်အစရှိသည်ဖြင့် ငြိမ်သက်ကုန်သော။ သဣန္ဒာ၊ သိကြားနတ်မင်းနှင့် တကွကုန်သော။ သဗြဟ္မကာ၊ ဗြဟ္မာနှင့်တကွကုန်သော။ ဒေဝါ၊ နတ်ဗြဟ္မာတို့သည်။ ဣဓ၊ ဤလူ့ပြည်၌။ သုစိဏ္ဏေန၊ ကောင်းစွာ ကျင့်အပ်သော။ ကမ္မုနာ၊ ကံကြောင့်။ ဥဒ္ဓံ၊ နတ်ပြည် ဗြဟ္မာပြည်သို့။ ဂစ္ဆန္တိ၊ သွားရကုန်၏။ သုစိဏ္ဏဿ၊ ကောင်းစွာကျင့်ခြင်း၏။ ဖလံ၊ အကျိုးကို။ ပဿ၊ ရှုပါလော့။

၁၃၄။ မဟာရာဇ၊ မင်းမြတ်။ တံ-တသ္မာ၊ ထို့ကြောင့်။ တံ၊ သင်မင်းကြီးကို။ ဗြူမိ၊ ငါဆိုအံ့။ ရဋ္ဌပတိ၊ တိုင်းပြည်သူ၏ အရှင်ဖြစ်သော်မူသော။ ရာဇ၊ မင်းမြတ်။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်လော့။ ယထာ၊ အကြင်အခြင်းဖြင့်။ ယံ ဓမ္မံ၊ အကြင်တရားကို။ သုစိဏ္ဏံ၊ ကောင်းစွာ ကျင့်သည်ရှိသော်။ ပစ္ဆာ၊ နောက်ကာလ၌။ နာနုတပ္ပေယျ၊ မပူပန်ရာ။ တထာ၊ ထိုအခြင်းဖြင့်။ သုစိဏ္ဏံ၊ ကောင်းစွာကျင့်အပ်သော။ တံ ဓမ္မံ၊ ထိုတရားကို။ စရာဟိ၊ ကျင့်တော်မူလော့။

ထိုဗြဟ္မဒတ်မင်းသည် ဘုရားလောင်း သံကိစ္စရှင်ရသေ့၏ တရားစကားကို ကြားနာရသဖြင့် ထိုနေ့မှစ၍ သက်သာရာကို ရ၏။ ဘုရားလောင်း သံကိစ္စရှင်ရသေ့သည်ကား အတန်ငယ် ထိုဥယျာဉ်၌နေ၍ မိမိနေရာ ဟိမဝန္တာသို့သာလျှင် ကြွတော်မူ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤသံကိစ္စဇာတ် ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့... ယခုအခါ၌သာလျှင် ငါဘုရားသည် အဇာတသတ်မင်းကို သက်သာရာ ရစေတော်မူသည် မဟုတ်သေး၊ ရှေးဗြဟ္မဒတ်မင်း ဖြစ်သောအခါ၌လည်း ဤအဇာတသတ်မင်းကို ငါဘုရားသည် သက်သာရာကို ရစေတော်မူဖူးပြီဟု မိန့်တော်မူ၍ ယခုအခါ အဇာတသတ်မင်းသည် ထိုအခါ ဗြဟ္မဒတ်မင်း ဖြစ်ဖူးပြီ၊ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ တပည့်ရသေ့အပေါင်းတို့ ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သံကိစ္စရသေ့ဖြစ်ဖူးပြီဟု ဇာတ်ပေါင်းတော်မူ၏။

ငရဲဖုံဖုံ၊ နတ်ပြည်ဘုံ၊ သိကုန် ကျင့်ကောင်းစွာ

နှစ်ခုမြောက်သော သံကိစ္စဇာတ်သည် ပြီး၏။

*****