သောဏကဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၂၉။ သောဏကဇာတ် (၁)

သဋ္ဌိနိပါတ်

၁။ သောဏကဇာတ်

သူတော်ကောင်းတို့၏ စကားကို နာယူအပ်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် တဿ သုတွာ သတံ ဒမ္မိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသောဏကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် နေက္ခမ္မပါရမီကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုစကားသည် မှန်၏။ ထိုအခါ သဗ္ဗညူ မြတ်စွာဘုရားသည် တရားသဘင်၌ နေက္ခမ္မပါရမီကို ချီးမွမ်းကုန်သော ရဟန်းတို့၏ အလယ်၌ နေတော်မူ၍ ရဟန်းတို့... ယခုအခါ၌သာလျှင် သင်တို့ဆရာ ငါဘုရားသည် မြတ်သောတောထွက်ခြင်းဖြင့် တောထွက်တော်မူသည် မဟုတ်သေး၊ ရှေး၌လည်း သင်တို့ဆရာ ငါဘုရားသည် မြတ်သောတောထွက်ခြင်းကို တောထွက်တော်မူဖူးသည်သာလျှင်တည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူလေ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ရာဇဂြိုဟ်ပြည်၌ မဂဓမင်းသည် မင်းပြု၏။ ဘုရားလောင်းသည် ထိုမဂဓမင်း၏ မိဖုရားကြီးဝမ်း၌ ဖြစ်၏။ ထိုမင်းသားအား အမည်မှည့်အံ့သောနေ့၌ အရိန္ဒမသတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ ထိုအရိန္ဒမသတို့သား ဖွားတော်မူသော နေ့၌ပင်လျှင် ပုရောဟိတ်အားလည်း သားဖွား၏။ ထို

ပုရောဟိတ်သားအား သောဏက သတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ ထိုမင်းသား, ပုရောဟိတ်သားတို့သည်လည်း အတူတကွ ကြီးကြကုန်သည်ဖြစ်၍ အရွယ်ရောက်ကုန်သည်ရှိသော် မြတ်သောအဆင်းကို ဆောင်ကုန်၏။ အဆင်းအားဖြင့် အထူးမရှိကြကုန်သည်ဖြစ်၍ တက္ကသိုလ်ပြည်သို့ သွားသဖြင့် အတတ်သင်ကုန်ပြီးသော် ထိုတက္ကသိုလ်ပြည်မှထွက်ခဲ့၍ ခပ်သိမ်းသော သတ္တဝါတို့၏ အယူအတတ်ကို လည်းကောင်း, အရပ်သူတို့၏ စရိုက်ကိုလည်းကောင်း သိကုန်အံ့ ဟူ၍ အစဉ်သဖြင့် ဒေသစာရီ သွားကုန်သည်ရှိသော် ဗာရာဏသီပြည်သို့ ရောက်လေ၍ မင်း၏ဥယျာဉ်၌ နေပြီးလျှင် မိုးသောက်သောနေ့၌ မြို့သို့ဝင်ကုန်၏။

အရိန္ဒမမင်းသား မင်းဖြစ်ပြီ

ထိုနေ့၌လည်း အချို့ကုန်သောသူတို့သည် ပုဏ္ဏားတို့၏အထံ၌ ဗေဒင်သင်ခြင်းကို ပြုကုန်အံ့ဟု ဃနာထမင်းကို စီရင်ပြီးလျှင် နေရာတို့ကိုခင်း၍ လာလတ်ကုန်သော ထိုသတို့သားတို့ကိုမြင်လျှင် အိမ်သို့သွင်း၍ ခင်းအပ်သောနေရာ၌ နေစေကုန်၏။ ထိုအိမ်ဝယ် ဘုရားလောင်း နေရာ၌ ပုဆိုးဖြူကို ခင်း၏။ သောဏကသတို့သား နေရာ၌ ကမ္ဗလာနီကို ခင်း၏။ သောဏက သတို့သားသည် ထိုနိမိတ်ကိုမြင်၍ ယနေ့ ငါ၏ ချစ်စွာသော အဆွေခင်ပွန်းဖြစ်သော အရိန္ဒမမင်းသားသည် ဗာရာဏသီမင်း ဖြစ်လတ္တံ့၊ ငါအားကား စစ်သူကြီးအရာကို ပေးလတ္တံ့ဟု ဆို၏။ ထိုနှစ်ယောက်သော သူတို့သည်လည်း ထမင်းစားခြင်းကိစ္စပြီးလတ်သော် ဥယျာဉ်သို့သာလျှင် ပြန်ခဲ့ကုန်၏။ ထိုအခါ ဗာရာဏသီမင်းသေ၍ ခုနစ်ရက်မြောက်သောနေ့ ဖြစ်၏။ မင်းမျိုးသည်ကား သားမရှိ။ မှူးတော်မတ်တော် အစရှိသောသူတို့သည် ဦးခေါင်းနှင့်တကွ ရေချိုးကုန်ပြီးသော် စည်းဝေး၍ မင်းပြုထိုက်သောသူ၏ အထံသို့ သွားလတ္တံ့ ဟု ဖုဿရထားကို တပ်ဆင်၍ လွှတ်ကုန်၏။ ထိုဖုဿရထားသည် မြို့မှထွက်၍ အစဉ်သဖြင့် မင်း၏ဥယျာဉ်တော်သို့ သွားပြီးလျှင် ဥယျာဉ်တော်တံခါး၌ ပြန်လည်၍ တက်စီးစေအံ့သော အစီအရင်ရှိသည်ဖြစ်၍ ရပ်၏။ ဘုရားလောင်းသည် မင်္ဂလာကျောက်ဖျာပေါ်၌ ဦးခေါင်းနှင့်တကွ ခြုံ၍အိပ်၏။ သောဏက သတို့သားသည် ထိုဘုရားလောင်းအနီး၌ နေ၏။ ထိုသောဏက သတို့သားသည် တီးမှုတ်မျိုး အသံကိုကြား၍လျှင် အရိန္ဒမမင်းသားအား ဖုဿရထားရောက်လာပြီ၊ ယနေ့ ဤအရိန္ဒမမင်းသားသည် မင်းဖြစ်၍ ငါ့အား စစ်သူကြီးအရာကို ပေးလတ္တံ့၊ ထိုသို့ပေးသော်လည်း ငါ့အား စည်းစိမ်ချမ်းသာဖြင့် အလိုမရှိပြီ၊ ထိုအရိန္ဒမမင်းသား သွားသည်ရှိသော် တောထွက်၍ ရဟန်းပြုအံ့ဟု ကြံ၍ တင့်အပ်လျောက်ပတ်သော ပုန်းကွယ်ရာအရပ်၌ နေ၏။ ပုရောဟိတ် ပုဏ္ဏားသည် ဥယျာဉ်ဝင်လေ၍ လျောင်းလျက်နေသော ဘုရားလောင်းကိုမြင်လျှင် တီးမှုတ်မျိုးတို့ကို တီးမှုတ်စေ၏။ ဘုရားလောင်းသည် နိုးလတ်လျှင် ပြန်၍ အတန်ငယ်အိပ်ပြီးမှ ထ၍ မင်္ဂလာကျောက်ဖျာအပြင်၌ ထက်ဝယ်ပလ္လင်တော်ဖြင့် နေတော်မူ၏။

ထိုအခါ ဘုရားလောင်းကို ပုရောဟိတ်ပုဏ္ဏားသည် လက်အုပ်ချီ၍ အလောင်းမင်းမြတ်... အလောင်းမင်းမြတ်အား မင်းအဖြစ်သည် ရောက်ပါ၏ဟု တင်လျှောက်၏။ သင်တို့မင်းသည် မရှိသလောဟု မေးတော်မူ၏။ အလောင်းမင်းမြတ် မရှိပါတင်လျှောက်လတ်သော် ထိုသို့ဖြစ်သော် ကောင်း၏ဟု မိန့်တော်မူ၏။ ထိုအခါ ဘုရားလောင်းအား ထိုဥယျာဉ်တော်၌ပင်လျှင် အဘိသိက်သွန်း၍ ရထားသို့ တင်ပြီးလျှင် များစွာသော အခြံအရံဖြင့် မြို့သို့သွင်းကုန်၏။ ဘုရားလောင်းသည် မြို့ကို လက်ယာရစ် လှည့်သည်ကိုပြု၍ ရွှေနန်းပြာသာဒ် အထက်သို့ တက်တော်မူ၏။ ထိုဘုရားလောင်းသည် စည်းစိမ်ချမ်းသာ ကြီးမြတ်သောကြောင့်ကား သောဏက သတို့သားကို မအောက်မေ့မိ။

သောဏကသတို့သား ဘုရားငယ်ဖြစ်ပြီ

ထိုသောဏက သတို့သားသည်လည်း အရိန္ဒမမင်း မြို့သို့ဝင်သည်ရှိသော် လာလတ်၍ မင်္ဂလာကျောက်ဖျာပေါ်၌ နေ၏။ ထိုအခါ သောဏကသတို့သားရှေ့၌ အညှာမှလွတ်သော ဖက်ရွက်ရော်သည် အင်ကြင်းပင်မှ ကြွေကျ၏။ သောဏကသတို့သားသည် ဖက်ရွက်ရော်ကိုမြင်၍လျှင် ဤဖက်ရွက်ရော်သည် ကြွေကျသကဲ့သို့ ထို့အတူ ငါ၏ ကိုယ်သည်လည်း အိုခြင်းသို့ရောက်၍ ကြွေကျလတ္တံ့ဟု အနိစ္စစသော အစွမ်းအားဖြင့် ဝိပဿနာကိုဖြစ်စေ၍ ပစ္စေကဗောဓိဉာဏ်သို့ ရောက်၍ နေ၏။ ထိုသောဏက သတို့သားအား ထိုခဏ၌ပင်လျှင် လူ၏အသွင်သည် ကွယ်ပျောက်၏။ ရဟန်းအသွင်သည် ထင်ရှားဖြစ်၏။ ထို အရှင်ပစ္စေကဗုဒ္ဓါသည် ယခုအခါ ငါ့အား တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်းသည် မရှိပြီဟု ဥဒါန်းကျူးလျက် နန္ဒမူလိုဏ်ဂူသို့ ကြွတော်မူ၏။

မင်းကြီး မိတ်ဆွေကို သတိရပြီ

ဘုရားလောင်းသည်လည်း အနှစ်လေးဆယ်လွန်လျှင် အောက်မေ့မိ၍ ငါ့အဆွေချစ်ဖြစ်သော သောဏကသတို့သားသည် အဘယ်မှာနည်းဟု သောဏကသတို့သားကို အဖန်တလဲလဲ အောက်မေ့သော်လည်း အကျွန်ုပ်ကွားပါ၏ ဟူ၍လည်းကောင်း၊ အကျွန်ုပ် မြင်ပါ၏ ဟူ၍လည်းကောင်း ပြောဆိုအံ့သောသူကို မရသောကြောင့် တန်ဆာဆင်အပ်သော မြတ်သော ရွှေနန်းပြသာဒ်အပြင်ဝယ် ရာဇပလ္လင်၌ နေတော်မူလျက် စောင်းသမား၊ ကချေသမား၊ သီချင်းသည်တို့ဖြင့် ခြံရံလျက် မင်း၏စည်းစိမ်ကို ခံစားလျက် အကြင်သူသည် တစ်စုံတစ်ယောက်သော သူ၏အထံမှကြား၍ ဤမည်သောအရပ်၌ အဆွေသောဏက နေ၏ဟု ငါ့အား ကြားလာအံ့၊ ထိုသူ့အား ရွှေတစ်ရာပေးအံ့၊ အကြင်သူသည် ကိုယ်တိုင်မြင်၍ ငါ့အား ကြားလာအံ့၊ ထိုသူ့အား ရွှေတစ်ထောင်ပေးဟု တစ်ခုသော ဥဒါန်းဂါထာကို စီရင်၍ သီချင်း၏အစွမ်းဖြင့် ဥဒါန်းကျူးလိုရကား-

။ တဿ သုတွာ သတံ ဒမ္မိ၊ သဟဿံ ဒိဋ္ဌသောဏကံ။
ကော မေ သောဏကမက္ခာတိ၊ သဟာယံ ပံသုကီဠိတံ။

ဟူသော ရှေးဦးစွာသောဂါထာကို ဆိုတော်မူ၏။

၁။ ဘောန္တော၊ အချင်းတို့။ ကော၊ အဘယ်သူသည်။ မေ၊ ငါ၏။ ပံသုကီဠိတံ၊ မြေမှုန့် ကစားဖက်ဖြစ်သော။ သဟာယံ သောဏကံ၊ ငါ့အဆွေ သောဏကကို။ အက္ခာတိ၊ ကြားလာပါအံ့နည်း။ တဿ၊ ထိုငါ့အဆွေ သောဏက၏။ ဝသနဋ္ဌာနံ၊ နေရာအရပ်ကို။ သုတွာ၊ ကြား၍။ အာရောစေန္တဿ၊ ငါ့အား ပြောလာသောသူအား။ သတံ၊ ရွှေတစ်ရာကို။ ဒမ္မိ၊ ငါပေးအံ့။ သောဏကံ၊ ငါ့အဆွေ သောဏကကို။ ဒိဋ္ဌံ-ဒိဋ္ဌောတိ၊ မြင်၏ဟူ၍။ အာရောစေန္တဿ၊ ငါ့အား ပြောလာသောသူအား။ သဟဿံ၊ ရွှေတစ်ထောင်ကို။ ဒမ္မိ၊ ငါပေးအံ့။

ထိုအခါ အရိန္ဒမမင်းကြီး၏ ခံတွင်းမှ နုတ်ယူဘိသကဲ့သို့ တစ်ယောက်သော မောင်းမငယ်သည် ထိုဥဒါန်းသီချင်းကို သီ၏။ ထို့နောင်မှ တစ်ပါးသော မောင်းမတို့သည် ဤသီချင်းသည်ကား ငါတို့ အရှင်မင်းကြီး ချစ်မြတ်နိုးသော သီချင်းတည်းဟု အလုံးစုံသော မောင်းမတို့သည် သီကြကုန်၏။ အစဉ်သဖြင့် မြို့၌နေသော သူအပေါင်းတို့သည်လည်းကောင်း၊ ဇနပုဒ်၌နေသော သူအပေါင်းတို့သည်လည်းကောင်း ထိုသီချင်းကိုသာလျှင် သီကြကုန်၏။ အရိန္ဒမင်းသည်လည်း အဖန်တလဲလဲ ထိုသီချင်းကိုသာလျှင် သီတော်မူ၏။

အရှင်သောဏက ကြွလာခြင်း

အနှစ်ငါးဆယ် လွန်သဖြင့်ကား ထိုအရိန္ဒမမင်းကြီးအား များသော သားသမီးတို့သည် ရှိကုန်၏။ သားတော်အကြီးသည် ဒီဃာဝုမင်းသား မည်၏။ ထိုအခါ အရှင်သောဏက ပစ္စေကဗုဒ္ဓါသည် အရိန္ဒမမင်းကြီးသည် ငါ့ကို ဖူးမြင်လို၏။ ငါသည် ထိုအရိန္ဒမမင်းကြီးထံသို့ သွား၍ ကာမတို့၌ အပြစ်ကိုလည်းကောင်း၊ တောထွက်ခြင်း၌ အကျိုးကိုလည်းကောင်း ပြောဆို၍ ရဟန်းပြုအံ့သော အခြင်းအရာကို ငါပြုအံ့ဟု ကြံတော်မူပြီးလျှင် တန်ခိုးဖြင့် ကောင်းကင်ခရီးသို့ ကြွလာတော်မူလတ်၍ ဥယျာဉ်တော်၌ နေတော်မူ၏။

ထင်းခွေသူငယ် ဆုရပြီ

ထိုအခါ တစ်ယောက်သော အသက်ခုနစ်နှစ်အရွယ် ရှိပြီးသော ပဉ္စစူဠက အမည်ရှိသော သတို့သားသည် အမိသည် စေခိုင်းအပ်သဖြင့် သွား၍ ဥယျာဉ်တော်အနီးဖြစ်သော တော၌ ထင်းတို့ကို ခွေသည်ရှိသော် အဖန်တလဲလဲ ထိုသီချင်းကိုသာလျှင် သီ၏။ ထိုအခါ အရှင်သောဏက ပစ္စေကဗုဒ္ဓါသည် ပဉ္စစူဠက သတို့သားကို ခေါ်တော်မူ၍ သူငယ်... သင်သည် တစ်ပါးသောသီချင်းကို မသိမူ၍ တစ်ခုတည်းသော သီချင်းကိုသာသီဘိ၏။ တစ်ပါးသော သီချင်းကို မတတ်သလောဟု မေးတော်မူ၏။

အရှင်ဘုရား... တစ်ပါးသော သီချင်းကို မတတ်သည်မဟုတ် တတ်ပါ၏။ ထိုသို့တတ်သော်လည်း အကျွန်ုပ်တို့ အရှင်မင်းကြီးသည် ဤသီချင်းကိုသာလျှင် ချစ်မြတ်နိုးတော်မူ၏။ ထို့ကြောင့် ထိုသီချင်းကို အကျွန်ုပ်သည် အဖန်တလဲလဲ သီပါ၏ဟု လျှောက်၏။ သင်သည် ထိုသီချင်း၏ အတုံ့ကိုသိသော တစ်စုံ တစ်ယောက်သောသူကို မြင်ဖူး၏လောဟု မေးတော်မူ၏။ အရှင်ဘုရား... မမြင်ဖူပါဟု လျှောက်၏။ ငါသည် ထိုသီချင်း၏ အတုံ့ကိုသင်စေအံ့၊ သင်သည် အရိန္ဒမမင်းကြီးထံသို့သွား၍ သီချင်းတုံ့ကို သီအံ့သောငှာ တတ်နိုင်အံ့လော ဟု မေးတော်မူ၏။ အရှင်ဘုရား တတ်နိုင်ပါ၏ဟု လျှောက်၏။ ထိုအခါ ပဉ္စစူဠက သတို့သားအား အရှင်သောဏက ပစ္စေကဗုဒ္ဓါသည် သီချင်းတုံ့ကို ကြားတော်မူလိုသည်ဖြစ်၍ မယှံ သုတွာ အစရှိသည်ကို မိန့်တော်မူ၏။ သီချင်းတုံ့ကို သင်ပြီး၍ကား ထိုပဉ္စစူဠကကို လွှတ်တော်မူလိုက်၏။ သူငယ်သွားချေ၊ ဤသီချင်းတုံ့ကို အရိန္ဒမမင်းကြီးနှင့်တကွ သီချေ၊ အရိန္ဒမမင်းကြီးသည် သင့်အား များစွာသော စည်းစိမ်ချမ်းသာကို ပေးလတ္တံ့၊ သင့်အား ထင်းတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လျင်စွာ သွားချေလော့ဟု မိန့်တော်မူ၏။

ထိုပဉ္စစူဠက သတို့သားသည် ကောင်းပြီဟု ထိုသီချင်းတုံကို သင်ပြီးလျှင် ရှိခိုး၍ အရှင်ဘုရား... အကျွန်ုပ်သည် အကြင်မျှလောက် အရှင်မင်းကြီးကို ဆောင်ပါချေဦးအံ့၊ ထိုမျှလောက် အရှင်ဘုရားတို့သည် ဤအရပ်၌ နေတော်မူပါကုန်လော့ ဟု ဆို၍ လျင်မြန်စွာ အမိထံသို့သွားပြီးလျှင် မိခင် အကျွန်ုပ်ကို လျင်မြန်စွာ ရေချိုး၍ တန်ဆာဆင်လော့၊ ယနေ့ သင်မိခင်ကို ဆင်းရဲသောအဖြစ်မှ လွတ်စေအံ့ဟု ဆို၍ ရေချိုး၍ တန်ဆာဆင်ပြီးသော် မင်းအိမ်တံခါးသို့ သွား၍ အရှင်တံခါးစောင့် သူငယ်တစ်ယောက်သည် အရှင်မင်းကြီးနှင့်တကွ သီချင်းကိုသီအံ့ဟု လာလတ်၍ တံခါး၌ရပ်၏ဟု မင်းအား တင်လျှောက်ပါ ဟု ဆို၏။ ထို တံခါးစောင့်သည် လျင်မြန်စွာသွား၍ မင်းကြီးအား တင်လျှောက်၏။ အရိန္ဒမမင်းကြီးသည် လာစေလော့ဟု ခေါ်စေတော်မူပြီးလျှင်အမောင်... သင်သည် ငါနှင့်တကွ သီချင်းတုံ့ကို သီလတ္တံ့လော ဟု မိန့်တော်မူ၏။ အရှင်မင်းကြီး... သီပါအံ့ဟု တင်လျှောက်၏။ ထိုသို့တပြီးကား သီလော့ဟု မိန့်တော်မူလတ်သော် အရှင်မင်းကြီး. ဤအရပ်၌ မသီပေအံ့၊ စင်စစ်သော်ကား မြို့တော်၌ စည်လည်စေတော်မူ၍ လူများကို စည်းဝေးစေပါကုန်လော့၊ လူများအလယ်၌ သီပါအံ့ ဟု တင်လျှောက်၏။ အရိန္ဒမမင်းကြီးသည် ထိုသူငယ်ဆိုတိုင်း ပြုစေပြီးလျှင် တန်ဆာဆင်သော မဏ္ဍပ်အလယ်ဝယ် ပလ္လင်၌ နေတော်မူ၍ ထိုသူငယ်အား လျောက်ပတ်သောနေရာကို ပေးစေပြီးလျှင်အခု... သင်၏ သီချင်းကို သီလော့ ဟု မိန့်တော်မူ၏။ အရှင်မင်းကြီး. အရှင်မင်းကြီးတို့သည် ရှေးဦးစွာ သီတော်မူကုန်လော့၊ နောက်မှ အကျွန်ုပ်သည် သီချင်းတုံ့ကို သီပါအံ့ ဟု တင်လျှောက်၏။ ထိုနောက်မှ အရိန္ဒမမင်းကြီးသည် ရှေးဦးစွာ သီတော်မူ၍ကား-

။ တဿ သုတွာ သတံ ဒမ္မိ၊ သဟဿံ ဒိဋ္ဌသောဏကံ။
ကော မေသောဏက မက္ခာတိ၊ သဟာယံ ပံသုကီဠိတံ။

ဟူသော ဤဂါထာကို ဆိုတော်မူ၏။

၁။ ဘော ကုမာရ၊ အို... သတို့သား။ ကော၊ အဘယ်သူသည်။ မေ၊ ငါ၏။ ပံသုကီဠိတံ၊ မြေမှုန့်ကစားဖက် ဖြစ်သော။ သဟာယံ သောဏကံ၊ ငါ့အဆွေ သောဏကကို။ အက္ခာတိ၊ ပြောကြားပါလတ္တံ့နည်း။ တဿ၊ ထိုငါ့အဆွေ သောဏက၏။ ဝသနဋ်ဌာနံ၊ နေရာအရပ်ကို။ သုတွာ၊ ကြား၍။ အာရောစေန္တဿ၊ ငါ့အား ပြောလာသောသူအား။ သတံ၊ ရွှေတစ်ရာကို။ ဒမ္မိ၊ ငါပေးအံ့။ သောဏကံ၊ ငါ့အဆွေ သောဏကကို။ ဒိဋ္ဌံ-ဒိဋ္ဌောတိ၊ မြင်၏ဟူ၍။ အာရောစေန္တဿ၊ ငါ့အား ပြောလာသောသူအား။ သဟဿံ၊ ရွှေထစ်ထောင်ကို။ ဒမ္မိ၊ ငါပေးအံ့။

ဤသို့ အရိန္ဒမမင်းကြီးသည် ရှေးဦးစွာ ဥဒါန်းဂါထာဖြင့် သီချင်းကိုသီပြီးသော် ပဉ္စစူဠက သတို့သားသည် ထိုသီချင်းတုံ့ကို သီဆိုလိုရကား-

။ မယှံ သုတွာ သတံ ဒေဟိ၊ သဟဿံ ဒိဋ္ဌသောဏကံ။
အဟံ တေ သောဏကမက္ခိဿံ၊ သဟာယံ ပံသုကီဠိတံ။

ဟူသော ဤဂါထာကို ဆို၏။

၂။ မဟာရာဇ၊ မြတ်သောအရှင်မင်းကြီး။ အဟံ၊ အကျွန်ုပ်သည်။ တေ၊ အရှင်မင်းကြီး၏။ ပံသုကီဠိတံ၊ မြေမှုန့် ကစားဖက်ဖြစ်သော။ သဟာယံ သောဏကံ၊ အဆွေ သောဏကကို။ အက္ခဿံ၊ ကြားလျှောက်ပါအံ့။ မယှံ၊ အကျွန်ုပ်၏။ သန္တိကာ၊ အထံမှ။ သုတွာ၊ ကြား၍။ အာရောစေန္တဿ၊ ပြောသော အကျွန်ုပ်အား။ သတံ၊ ရွှေတစ်ရာကို။ ဒေဟိ၊ ပေးတော်မူလော့။ သောဏကံ၊ အဆွေ သောဏကကို။ ဒိဋ္ဌံ-ဒိဋ္ဌောတိ၊ မြင်၏ဟူ၍။ အာရောစေန္တဿ၊ ပြောသော အကျွန်ုပ်အား။ သဟဿံ၊ ရွှေတစ်ထောင်ကို။ ဒေဟိ၊ ပေးတော်မူလော့။

ဤသို့ ပဉ္စစူဠက သတို့သားသည် သီချင်းတုံ့ကို သီသောအဖြစ်ကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ -

။ အထ ဗြဝိ မာဏဝကော၊ ဒဟရော ပဉ္စစူဠကော။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၂။ ဘိက္ခဝေ၊ ရဟန်းတို့။ ဒဟရော၊ သူငယ်ဖြစ်သော။ ပဉ္စစူဠကော၊ ပဉ္စစူဠက အမည်ရှိသော။ မာဏဝကော၊ လုလင်ငယ်သည်။ ပစ္ဆာ၊ ထိုမင်းကြီး သီဆိုပြီးသော နောင်မှ။ အဗြဝိ၊ ဆိုလေ၏။

ထိုနောက်မှ အရိန္ဒမင်းကြီးသည် ပဉ္စစူဠက သတို့သားကို မေးတော်မူလိုရကား-

။ ကတမသ္မိံ သော ဇနပဒေ၊ ရဋ္ဌေသု နိဂမေသု စ။
ကတ္ထ တေ သောဏကော ဒိဋ္ဌော၊
တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဟူသော ဤဂါထာကို ဆိုတော်မူ၏။

၃။ ဘော မာဏဝ၊ အိုလုလင်ငယ်။ သော သောဏကော၊ ထိုငါ့အဆွေ သောဏကကို။ တေ၊ သင်သည်။ ကတမသ္မိံ ဇနပဒေ စ၊ အဘယ်ဇနပုဒ်၌ လည်းကောင်း။ ကတမေသု ရဋ္ဌေသုစ၊ အဘယ်တိုင်းတို့၌လည်းကောင်း။ ကတမေသု နိဂမေသု စ၊ အဘယ်နိဂုံးတို့၌လည်းကောင်း။ ကတ္ထ၊ အဘယ်အရပ်၌။ ဒိဋ္ဌော၊ မြင်ပါသနည်း။ တံ၊ ထိုအကြောင်းကို။ ပုစ္ဆိတော၊ မေးအပ် အမောင်လုလင်ငယ်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ တင်လျှောက်လော့။

ပဉ္စစူဠက သတို့သားသည် အရိန္ဒမ မင်းကြီးအား တင်လျှောက်လိုရကား-

။ တဝေဝ ဒေဝ ဝိဇိတေ၊ တဝေဝုယျာနဘူမိယံ။
ဥဇုဝံသာ မဟာသာလာ၊ နီလောဘာသာ မနောရမာ။
။ တိဋ္ဌန္တိ မေဃသမာနာ၊ ရမ္မာ အညောညနိဿိတာ၊
တေသံ မူလမှိ သောဏကော၊ ဈာယတိ အနုပါဒနော။
ဥပါဒါနေသု လေကေသု၊ ဍယှမာနေသု နိဗ္ဗုတော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၄။ ဒေဝ၊ အရှင်မင်းမြတ်။ တဝေဝ၊ အရှင်မင်းမြတ်၏လျှင်။ ဝိဇိတေ၊ နိုင်ငံတော်၌။ တဝေဝ၊ အရှင်မင်းမြတ်၏သာလျှင်။ ဥယျာနဘူမိယံ၊ ဥယျာဉ်တော်၌။ ဥဇုဝ့သာ၊ ဖြောင့်မတ်သော ပင်စည်လည်းရှိကုန်ထသော။ နီလောဘာသာ၊ စိမ်းညိုသော အဆင်းလည်း ရှိကုန်ထသော။ မနောရမာ၊ နှလုံးမွေ့လျော်ဖွယ်လည်း ရှိကုန်ထသော။

၅။ မေဃသမာနာ၊ တိမ်ညို အဆင်းနှင့်လည်း တူကုန်ထသော။ ရမ္မာ၊ မွေ့လျော်ဖွယ်လည်း ရှိကုန်ထသော။ အညောညနိဿိတာ၊ အခက်အရွက် အမြစ်တို့ဖြင့် အချင်းချင်း ရောပြွမ်းယှက်တင်၍လည်း တည်ကုန်ထသော။ မဟာသာလာ၊ သစ်ပင်ကြီးတို့သည်။ တိဋ္ဌန္တိ၊ တည်ကုန်၏။ တေသံ၊ ထိုသစ်ပင်ကြီးတို့၏။ မူလမှိ၊ အရင်း၌။ သောဏကော၊ အရှင်မင်းမြတ်၏ အဆွေတော်ဖြစ်သော သောဏကသည်။ ဥပါဒါနေသု၊ ဥပါဒါန်တရားတို့၏ အာရုံဖြစ်ကုန်သော တဏှာ, ဒိဋ္ဌိသည် စွဲလမ်းအပ်ကုန်သော။ လောကေသု၊ သတ္တဝါတို့တွင်။ အနုပါဒနာ၊ ဥပါဒါန်တရားတို့၏ အာရုံဖြစ်သော တဏှာ ဒိဋ္ဌိတို့သည် မစွဲလမ်းအပ်သည်ဖြစ်၍။ ဍယှမာနေသု၊ ရာဂအစရှိသော တစ်ဆယ့်တစ်ပါးသော မီးတို့ဖြင့် လောင်ကုန်သောသတ္တဝါတို့၌။ နိဗ္ဗုတော၊ ရာဂအစရှိသော မီးတို့ကို ငြိမ်းစေသည်ဖြစ်၍။ ဈာယတိ၊ နှစ်ပါးသာ ဈာန်တို့ဖြင့် နေ၏။

မင်းကြီး ဥယျာဉ်တော်ထွက်

အရိန္ဒမမင်းသည် ထိုလုလင်ငယ် တင်လျှောက်သော စကားကိုကြားရလျှင် အရှင်သောဏက ပစ္စေကဗုဒ္ဓါကို ဖူးမြင်အံ့ဟု အင်္ဂါလေးပါးရှိသော စစ်သည်နှင့် ဥယျာဉ်တော်သို့ ထွက်တော်မူ၍ အရှင်သောဏက ပစ္စေကဗုဒ္ဓါကို ဖူးမြင်တော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်ဘုရားသည်-

။ တတော စ ရာဇာ ပါယာသိ။ သေနာယ စတုရင်္ဂိယာ။
ကာရာပေတွာ သမံ မဂ္ဂံ၊ အဂမာ ယေန သောဏကော။
။ ဥယျာနဘူမိံ ဂန္တွာန၊ ဝိစရန္တော ဗြဟာဝနေ။
အာသီနံ သောဏကံ ဒက္ခိ၊ ဍယှမာနေသု နိဗ္ဗုတံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

၆။ ဘိက္ခဝေ၊ ရဟန်းတို့။ တတော စ၊ ထို့နောင်မှလျှင်။ ရာဇာ၊ အရိန္ဒမမင်းကြီးသည်။ မဂ္ဂံ၊ ခရီးကို။ သမံ၊ ညီညွတ်စွာ။ ကာရာပေတွာ၊ ပြုပြင်စေ၍။ စတုရင််ဂိယာ၊ လေးပါးသော အင်္ဂါရှိသော။ သေနာယ၊ စစ်သည်ဖြင့်။ ပါယာသိ၊ သွားလေ၏။ ယေန၊ အကြင်အရပ်၌။ သောဏကော၊ အရှင်သောဏက ပစ္စေကဗုဒ္ဓါသည်။ အတ္ထိ၊ ရှိ၏။ တံ ဌာနံ၊ ထိုအရပ်သို့။ အဂမာ၊ သွားလေ၏။

၇။ ဥယျာနဘူမိံ၊ ဥယျာဉ်တော်သို့။ ဂန္တွာန၊ သွားပြီး၍။ ဗြဟာဝနေ၊ ကျယ်သောဥယျာဉ်တော် တော၌။ ဝိစရန္တော၊ လှည့်လည်သည်ရှိသော်။ ဍယှမာနေသု၊ ရာဂ အစရှိသော တစ်ဆယ့်တစ်ပါးသော မီးတို့ဖြင့် လောင်ကုန်သော သတ္တဝါတို့၌။ နိဗ္ဗုတံ၊ ရာဂ အစရှိသော တစ်ဆယ့်တစ်ပါးသောမီးတို့မှ ငြိမ်းပြီးထသော။ အာသီနံ၊ သီလက္ခန္ဓ အစရှိသော ကျေးဇူးအပေါင်းတို့ကိုလည်း ရှာမှီးပြီးထသော။ သောဏကံ၊ သောဏကမည်သာ အရှင်ပစ္စေကဗုဒ္ဓါကို။ ဒက္ခိ၊ မြင်လေ၏။

အရှင်သောဏကကို တွေ့ရပြီ

ထိုအရိန္ဒမမင်းကြီးသည် အရှင်သောဏက ပစ္စေကဗုဒ္ဓါကို ရှိခိုး၍ တင့်အပ် လျောက်ပတ်သောအရပ်၌ နေလျက် မိမိသည် ကိလေသာ၌ အလွန်မွေ့လျော်သည်၏အဖြစ်ကြောင့် ထိုအရှင်ပစ္စေကဗုဒ္ဓါကို အထီးကျန်သော သူတည်းဟု ထင်မှတ်ရကား

။ ကပဏော ဝတာယံ ဘိက္ခု၊ မုဏ္ဍော သံဃာဋိပါရုတော။

အမာတိကော အပိတိကော၊ ရုက္ခမူလသ္မိံ ဈာယတိ။

ဟူသော ဤဂါထာကို ဆို၏။

၈။ ဘောန္တော အမစ္စာ၊ အို... အမတ်အပေါင်းတို့။ မုဏ္ဍော၊ ဦးပြည်းသော။ သံဃဋိပတော၊ ဒုကုဋ်ကိုရုံသော။ အယံဘိက္ခု၊ ဤရဟန်းသည်။ အမာတိကော၊ အမိမရှိသည်ဖြစ်၍။ အပိတိကော၊ အဖမရှိသည်ဖြစ်၍။ ကပဏော ဝတ၊ အထီးကျန်စွတကား။ ရုက္ခမူလသ္မိံ၊ သစ်ပင်ရင်း၌။ ဈာယတိ၊ သနားဖွယ် မှိုင်တွေဘိ၏။

ထိုစကားကိုကြား၍ အရှင်ပစ္စေကဗုဒ္ဓါသည် မင်းအား စကားဆိုတော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

။ ဣဒံ ဝါကျံ နိသာမေတွာ၊ သောဏကော ဧတဒဗြဝိ။
န ရာဇ ကပဏော ဟောတိ၊ ဓမ္မံ ကာယေန ဖဿယံ။
၁၀။ ယော စ ဓမ္မံ နိရံကတွာ၊ အဓမ္မ မနုဝတ္တတိ။
သ ရာဇ ကပဏော ဟောတိ၊ ပါပေါ ပါပပရာယဏော။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

၉။ ဘိက္ခဝေ၊ ရဟန်းတို့။ သောဏကော၊ သောဏက အမည်ရှိသော ပစ္စေကဗုဒ္ဓါသည်။ ဣဒံ ဝါကျံ၊ ဤမင်းကြီးစကားကို။ နိသာမေတွာ၊ မှတ်၍။ ဧတံဝစနံ၊ ဤသို့သောစကားကို။ အဗြဝိ၊ ဆိုလေ၏။ ရာဇ၊ မင်းမြတ်။ မေ-မယာ၊ ငါသည်။ ဓမ္မံ၊ ကိုးပါးသော လောကုတ္တရာတရားကို။ ကာယေန၊ နာမကာယဖြင့် ဖဿယံ-ဖဿယန္တော၊ သုံးသပ်သည်ဖြစ်၍။ ကပဏော၊ အထီးကျန်သောသူသည်။ န ဟောတိ၊ မဖြစ်။

၁၀။ ယော စ ရာဇာ၊ အကြင်မင်းသည်ကား။ ဓမ္မ၊ သုစရိုက်တရား သုံးပါးကို။ နိရံကတွာ၊ စွန့်၍။ အဓမ္မံ၊ ဒုစရိုက်သုံးပါးကို။ အနုဝတ္တတိ၊ ကျင့်၏။ သ-သော ရာဇာ၊ ထိုစရိုက်ကိုကျင့်သောမင်းသည်။ ကပဏော၊ အထီးကျန်သည်။ ဟောတိ၊ ဖြစ်၏။ ပါပေါ၊ ယုတ်မာသော မင်းတည်း။ ပါပပရာယဏာ၊ ယုတ်မာသောအရပ်သို့ လားရအံ့သော မင်းတည်း။

ထိုသို့ ထိုအရှင်သောဏက ပစ္စေကဗုဒ္ဓါသည် ဘုရားလောင်း အရိန္ဒမမင်းကြီးကို ကဲ့ရဲ့တော်မူ၏။ ထိုအရိန္ဒမ မင်းကြီးသည် မိမိအား ကဲ့ရဲသောအဖြစ်ကို မသိသကဲ့သို့ဖြစ်၍ အမည်အမျိုးမျိုးကို ပြောဆို၍ ထိုအရှင်သောဏက ပစ္စေကဗုဒ္ဓါနှင့်တကွ စကားပြောဟောခြင်းကိုပြုလိုရကား-

၁၁။ အရိန္ဒမောတိ မေ နာမံ၊ ကာသိရာဇာတိ မံ ဝိဒူ။
ကစ္စိ ဘောတော သုခဿေယျာ၊ ဣဓ ပတ္တဿ သောဏက။

ဟူသော ဤဂါထာကို ဆို၏။

၁၁။ သောဏက၊ အရှင်သောဏက။ မေ၊ အကျွန်ုပ်၏။ နာမံ၊ အမည်ကို။ အရိန္ဒမာတိ၊ အရိန္ဒမဟူ၍ လည်းကောင်း။ ကာသိရာဇာတိ၊ ကာသိမင်းဟူ၍လည်းကောင်း။ မံ၊ အကျွန်ုပ်ကို။ ဝိဒူ၊ သိကြကုန်၏။ ကစ္စိ၊ အသို့နည်း။ ဣဓ၊ အကျွန်ုပ်တို့၏ ဥယျာဉ်တော်သို့။ ပတ္တဿ၊ ရောက်လာသော။ ဘောတော၊ အရှင်ဘုရားအား။ သုခဿေယျာ၊ ချမ်းသာစွာ အိပ်ရပါ၏လော။

ရဟန်းတို့၏ ကောင်းခြင်း ဂ-ခု

ထိုအခါ အရိန္ဒမင်းကြီးကို အရှင်သောဏက ပစ္စေကဗုဒ္ဓါသည် မြတ်သောမင်းကြီး... စင်စစ်လျှင် ဤအရပ်၌လည်းကောင်း တစ်ပါးသော အရပ်၌လည်းကောင်း နေသော ငါ့အား မချမ်းသာသော မည်သည် မရှိ။ ချမ်းသာသည်သာလျှင်တည်းဟု ဆိုတော်မူ၍ ထိုမင်းအား ရဟန်းတို့အား ကောင်းခြင်းမည်သည်တို့ကို ထုတ်ဆောင်၍ ပြတော်မူလိုရကား-

၁၂။ သဒါ ဘဒြ မဓနဿ၊ အနာဂါရဿ ဘိက္ခုနော။
န တေသံ ကောဋ္ဌေ ဩပေန္တိ၊ န ကုမ္ဘိံ န ကဠောပိယံ။
ပရနိဋ္ဌိတမေသာနာ၊ တေန ယာပေန္တိ သုဗ္ဗတာ။
။ လ။
၁၉။ အဋ္ဌမမ္ပိ ဘဒြမဓနဿ၊ အနာဂါရဿ ဘိက္ခုနော။
ယံ ယံဒိသံ ပက္ကမတိ၊ အနပေက္ခောဝ ဂစ္ဆတိ။

ဟူသော ဤရှစ်ဂါထာတို့ကို ဟောတော်မူ၏။

၁၂။ မဟာရာဇ၊ မင်းမြတ်။ အနာဂါရဿ၊ အိမ်လည်း မရှိထသော။ အဓနဿ၊ ဥစ္စာစပါးလည်း မရှိထသော။ ဘိက္ခုနော၊ ရဟန်းအား။ သဒါ၊ အခါခပ်သိမ်း ဘဒြံ၊ ကောင်းသည် သာလျှင်တည်း။ မဟာရာဇ၊ မင်းမြတ်။ တေသံ၊ ထိုဥစ္စာစပါး မရှိကုန်သော ရဟန်းတို့အား။ ကောဋ္ဌေ၊ ကျီကြ၌။ ဓနဓညာနိ၊ ဥစ္စာစပါးတို့ကို။ န ဩပေန္တိ၊ မထားကုန်။ ကုမ္ဘိံ၊ အိုးစရည်း၌။ န ဩပေန္တိ၊ မထားကုန်။ ကဠောပိယံ၊ ခြင်းတောင်း၌။ န ဩပေန္တိ၊ မထားကုန်။ သုဗ္ဗတာ၊ ပေါ့သော အသက်မွေးခြင်းရှိကုန်သော ရဟန်းကောင်းတို့သည်။ ပရနိဋ္ဌိတံ၊ သူတစ်ပါးအိမ်၌ ကျက်လေပြီးသောအစာကို။ ဧသနာ၊ ရှာကုန်၍။ တေန၊ ထိုအစာဖြင့်။ ယာပေန္တိ၊ မျှကုန်၏။

၁၃။ မဟာရာဇ၊ မင်းမြတ်။ ယေန ဘိက္ခုနာ၊ အကြင် ရဟန်းသည်။ အနဝဇ္ဇပိဏ္ဍော၊ အပြစ်မရှိသောဆွမ်းကို။ ဘောတ္တဗ္ဗော၊ စားအပ်၏။ ဧတံ ဘိက္ခုံ၊ ထိုရဟန်းကို။ ကောစိ၊ တစ်စုံတစ်ခုသော ကိလေသာသည်။ န စ ဥပရောဓတိ၊ မနှိပ်စက်။ မဟာရာဇ၊ မင်းမြတ်။ အနာဂါရဿ၊ အိမ်လည်း မရှိထသော။ အဓနဿ၊ ဥစ္စာစပါးလည်း မရှိထသော။ အဿ ဘိက္ခုနော၊ ထိုရဟန်းအား။ ဒုတိယမ္ပိ၊ နှစ်ကြိမ်မြောက်လည်း။ ဘဒြံ၊ ကောင်းသည်သာလျှင်တည်း။

၁၄။ မဟာရာဇ၊ မင်းမြတ်။ ယေန ဘိက္ခုနာ၊ အကြင် ရဟန်းသည်။ နိဗ္ဗုတော၊ အေးပြီးသော။ ပိဏ္ဍော၊ ဆွမ်းကို။ ဘောတ္တဗ္ဗော၊ စားအပ်၏။ ဧတံ ဘိက္ခုံ၊ ထိုရဟန်းကို။ ကောစိ၊ တစ်စုံတစ်ခုသော ကိလေသာသည်။ န စ ဥပရောဓတိ၊ မနှိပ်စက်။ မဟာရာဇ၊ မင်းမြတ်။ အနာဂါရဿ၊ အိမ်လည်း မရှိထသော။ အဓနဿ၊ ဥစ္စာစပါးလည်း မရှိထသော။ အဿ ဘိက္ခုနော၊ ထိုရဟန်းအား။ တတိယမ္ပိ၊ သုံးကြိမ်မြောက်လည်း။ ဘဒြံ၊ ကောင်းသည်သာလျှင်တည်း။

၁၅။ မဟာရာဇ၊ မင်းမြတ်။ မုတ္တဿ၊ ကိလေသာမှ လွတ်ပြီးထသော။ ရဋ္ဌေ၊ ရွာ နိဂုံး တိုင်း နိုင်ငံ စသည်တို့၌။ စရတော၊ သွားထသော။ ယဿ ဘိက္ခုနော၊ အကြင်ရဟန်းအား။ သင်္ဂေါ၊ ရာဂ အစရှိသော ငြိတွယ်ခြင်းသည်။ န ဝိဇ္ဇတိ၊ မရှိ။ မဟာရာဇ၊ မင်းမြတ်။ အနာဂါရဿ၊ အိမ်လည်း မရှိထသော။ အဓနဿ၊ ဥစ္စာစပါးလည်း မရှိထသော။ အဿ ဘိက္ခုနော၊ ထိုရဟန်းအား။ စတုတ္ထမ္ပိ၊ လေးကြိမ်မြောက်လည်း။ ဘဒြံ၊ ကောင်းသည်သာလျှင်တည်း။

၁၆။ မဟာရာဇ၊ မင်းမြတ်။ နဂရမှိ၊ မြို့ကို။ ဍယှမာနမှိ၊ မီးလောင်သည်ရှိသော်။ အဿ ဘိက္ခုနော၊ ထိုရဟန်း၏။ ကိဉ္စိ၊ တစ်စုံတစ်ခုသော ပရိက္ခရာကို။ အဍယှထ၊ မီးမလောင်။ မဟာရာဇ၊ မင်းမြတ်။ အနာဂါရဿ၊ အိပ်လည်းမရှိထသော။ အဓနဿ၊ ဥစ္စာစပါးလည်း မရှိထသော။ အဿ ဘိက္ခုနော၊ ထိုရဟန်းအား။ ပဉ္စမမ္ပိ၊ ငါးကြိမ်မြောက်လည်း။ ဘဒြံ၊ ကောင်းသည်သာလျှင်တည်း။

၁၇။ မဟာရာဇ၊ မင်းမြတ်။ ရဋ္ဌေ၊ တိုင်းပြည်တို့ကို။ ဝိလုပ္ပမာနမှိ၊ ခိုးသူ လုယက်ဖျက်ဆီးသည်ရှိသော်။ အဿ ဘိက္ခုနော၊ ထို ပေါ့သော အသက်မွေးခြင်းရှိသော ရဟန်း၏။ ကိဉ္စိ၊ တစ်စုံတစ်ခုသော ပရိက္ခရာကို။ န အဟီရထ၊ ခိုးသူ မလုယက်။ မဟာရာဇ၊ မင်းမြတ်။ အနာဂါရဿ၊ အိမ်လည်း မရှိထသော။ အဓနဿ၊ ဥစ္စာစပါးလည်း မရှိထသော။ အဿ ဘိက္ခုနော၊ ထိုရဟန်းအား။ ဆဋ္ဌမ္ပိ၊ ခြောက်ကြိမ်မြောက်လည်း။ ဘဒြံ၊ ကောင်းသည်သာလျှင်တည်း။

၁၈။ မဟာရာဇ၊ မင်းမြတ်။ စောရေဟိ၊ ခိုးသူတို့သည်။ ရက္ခိတံ၊ စောင့်အပ်သော။ မဂ္ဂဉ္စ၊ ခရီးကိုလည်းကောင်း။ အညေ၊ ခိုးသူမှ တစ်ပါးကုန်သော။ ယေ စ ပရိပန္ထိကာ၊ အကြင် ကင်းစောင့်တို့သည်လည်း။ သန္တိ၊ ရှိကုန်၏။ တေဟိ စ၊ ထိုကင်းစောင့်တို့သည်လည်း။ ရက္ခိတံ၊ စောင့်အပ်သော။ မဂ္ဂဉ္စ၊ ခရီးကိုလည်းကောင်း။ သုဗ္ဗတော၊ ပေါ့သော အသက်မွေးခြင်းရှိသော ရဟန်းသည်။ ပတ္တစီဝရံ၊ သပိတ် သင်္ကန်းကို။ အာဒါယ၊ ယူ၍။ သောတ္ထိံ၊ ချမ်းသာစွာ။ ဂစ္ဆတိ၊ သွားရ၏။ မဟာရာဇ၊ မင်းမြတ်။ အနာဂါရဿ၊ အိမ်လည်း မရှိထသော။ အဓနဿ၊ ဥစ္စာ စပါးလည်း မရှိထသော။ အဿ ဘိက္ခုနော၊ ထိုရဟန်းအား။ သတ္တမမ္ပိ၊ ခုနစ်ကြိမ်မြောက်လည်း။ ဘဒြံ၊ ကောင်းသည်သာလျှင်တည်း။

၁၉။ မဟာရာဇ၊ မင်းမြတ်။ သုဗ္ဗတော၊ ပေါ့သော အသက်မွေးခြင်းရှိသော ရဟန်းကောင်းသည်။ ယံ ယံ ဒိသံ၊ အကြင် အကြင် အရပ်မျက်နှာသို့။ ပက္ကမတိ၊ သွားလို၏။ တံ တံ ဒိသံ၊ ထိုထို အရပ်မျက်နှာသို့။ အနပေက္ခောဝ၊ ငဲ့ကွက်ခြင်း မရှိသည်ဖြစ်၍လျှင်။ ဂစ္ဆတိ၊ သွားရ၏။ မဟာရာဇ၊ မင်းမြတ်။ အနာဂါရဿ၊ အိမ်လည်း မရှိထသော။ အဓနဿ၊ ဥစ္စာစပါးလည်း မရှိထသော။ အဿ ဘိက္ခုနော၊ ထိုရဟန်းအား။ အဋ္ဌမမ္ပိ၊ ရှစ်ကြိမ်မြောက်လည်း။ ဘဒြံ၊ ကောင်းသည်သာလျှင်တည်း။

မင်းကြီး ရဟန်းမပြုလို

ဤသို့လျှင် အရှင်သောဏက ပစ္စေကဗုဒ္ဓါသည် ရှစ်ပါးကုန်သော ရဟန်းတို့၏ ကောင်းခြင်းတို့ကို ဟောတော်မူ၏။ ထိုရှစ်ပါးထက် အလွန်ကား အရာလည်းကောင်း၊ အထောင်လည်းကောင်း၊ မရေတွက်နိုင်သော ရဟန်းတို့၏ ကောင်းခြင်းတို့ကို ဤအရှင်သောဏက ပစ္စေကဗုဒ္ဓါသည် ဟောခြင်းငှာ စွမ်းနိုင်တော်မူသည်သာတည်း။ ထိုသို့ စွမ်းနိုင်တော်မူသော်လည်း အရိန္ဒမ မင်းကြီးသည် ကာမဂုဏ်၌ အလွန် မွေ့လျော်သည်၏ အဖြစ်ကြောင့် ထို အရှင်ပစ္စေကဗုဒ္ဓါ စကားကိုဖြတ်၍ အကျွန်ုပ်အား ရဟန်းတို့၏ ကောင်းခြင်းတို့ဖြင့် အလိုမရှိ ဟု မိမိ၏ ကာမဂုဏ်၌ အလိုရှိသောအဖြစ်ကို အရှင်ပစ္စေကဗုဒ္ဓါအား ပြလိုရကား-

၂၀။ ဗဟူနိ သမဏ ဘဒြာနိ၊
ယော တွံ ဘိက္ခုပသံသသိ။
အဟဉ္စ ဂိဒ္ဓေါ ကာမေသု၊
ကထံ ကာဟာမိ သောဏက။
၂၁။ ပိယာ မေ မနုသာ ကာမာ၊
အထော ဒိဗျာပိ မေ ပိယာ။
အထ ကေန နု ဝဏ္ဏေန။
ဥဘော လောကေ လဘာမသေ-

ဟူသော ဤ နှစ်ဂါထာတို့ကို ဆို၏။

၂၀။ သောဏက၊ သောဏက အမည်ရှိသော။ ဘိက္ခု၊ ရဟန်း။ ယော တွံ၊ အကြင်သင်သည်။ ဗဟူနိ၊ များစွာကုန်သော။ သမဏဘဒြာနိ၊ ရဟန်းတို့အား ကောင်းခြင်းတို့ကို။ ပသံသသိ၊ ချီးမွမ်း၏။ အဟဉ္စ၊ အကျွန်ုပ်သည်ကား။ ကာမေသု၊ ကာမဂုဏ်တို့၌။ ဂိဒ္ဓေါ၊ အလွန်တပ်မက်မော၏။ ကထံ၊ အဘယ်သို့သော အကြောင်းဖြင့်။ ကာာမိ၊ စွန့်နိုင်ပါအံ့နည်း။

၂၁။ မေ၊ အကျွန်ုပ်အား။ မာနုသာ၊ လူ၌ ဖြစ်ကုန်သော။ ကာမာ၊ ကာမဂုဏ်တို့ကို။ ပိယာ၊ ချစ်အပ်ကုန်၏။ အထော၊ ထိုမှတစ်ပါး။ မေ၊ အကျွန်ုပ်အား။ ဒိဗျာ၊ နတ်၌ ဖြစ်ကုန်သော။ ကာမာပိ၊ ကာမဂုဏ်တို့ကိုလည်း။ ပိယာ၊ ချစ်အပ်ကုန်၏။ အထ၊ ထိုသို့လျက်။ ကေန ဝဏ္ဏေန၊ အဘယ်သို့သော အကြောင်းဖြင့်။ ဥဘော လောကေ၊ နှစ်ပါးသော လောကတို့ကို။ လဘာမသေ၊ ရပါအံ့နည်း။

တရားဟောတော်မူခြင်း

ထိုအခါ အရှင်သောဏက ပစ္စေကဗုဒ္ဓါသည် ထိုအရိန္ဒမ မင်းကြီးအား တရားဟောတော်မူလိုရကား-

၂၂။ ကာမေ ဂိဒ္ဓါ ကာမရတာ၊
ကာမေသု အဓိမုစ္ဆိတာ။
နရာ ပါပါနိ ကတွာန၊
ဥပပဇ္ဇန္တိ ဒုဂ္ဂတိံ။
။ လ။
၃၃။ ဧသာ တေ ဥပမာ ရာဇ။
အတ္ထသန္ဒဿနီ ကတာ။
တွဉ္စ ပညာယသေ တေန၊
ယဒိ ကာဟသိ ဝါ န ဝါ။

ဟူသော ဤတစ်ဆယ့်နှစ်ဂါထာတို့ကို မိန့်တော်မူ၏။

၂၂။ မဟာရာဇ၊ မင်းမြတ်။ ယေ နရာ၊ အကြင်သူတို့သည်။ ကာမေ၊ ကာမ ဂုဏ်ငါးပါး၌။ ဂိဒ္ဓါ၊ တပ်မက်မောကုန်၏။ ကာမရတာ၊ ကာမဂုဏ်၌ မွေ့လျော်ကုန်၏။ ကာမေသု၊ ကာမဂုဏ် ငါးပါးတို့၌။ အဓိမုစ္ဆိတာ၊ လွန်စွာ တွေဝေကုန်၏။ တေ နရာ၊ ထိုသူတို့သည်။ ပါပါနိ၊ မကောင်းမှုတို့ကို။ ကတွာန၊ ပြု၍။ ဒုဂ္ဂတိံ၊ မကောင်းမှုကို ပြုသောသူတို့၏ လားရာဖြစ်သော ငရဲသို့။ ဥပပဇ္ဇန္တိ၊ ဖြစ်လေကုန်၏။

၂၃။ မဟာရာဇ၊ မင်းမြတ်။ ယေ စ နရာ၊ အကြင် သူတို့သည်ကား။ ကာမေ၊ ငါးပါးသော ကာမဂုဏ်တို့ကို။ ပဟန္တွာန၊ တံတွေးပေါက်ကဲ့သို့စွန့်၍။ နိက္ခန္တာ၊ တောထွက်ကုန်၏။ တေ နရာ၊ ထိုသူတို့သည်။ အကုတောဘယာ၊ ဘေးမှ ကင်းကုန်၏။ ဧကောဒိဘာဝံ၊ တစ်ယောက် အထီးတည်း နေခြင်းသို့။ အဓိဂတာ၊ ရောက်ကုန်၏။ ဒုဂ္ဂတိံ၊ မကောင်းမှုကို ပြုသောသူတို့၏ လားရာဖြစ်သော ငရဲသို့။ န ဂစ္ဆန္တိ၊ မလားရကုန်။

၂၄။ အရိန္ဒမ၊ မင်းမြတ် အရိန္ဒမ။ တေ၊ သင် မင်းမြတ်အား။ ဥပမံ၊ ဥပမာကို။ ကရိဿာမိ၊ ပြုအံ့။ တံ၊ ထို ဥပမာကို။ သုဏောဟိ၊ နာတော်မူလော့။ မဟာရာဇ၊ မင်းမြတ်။ ဣဓ လောကေ၊ ဤလောက၌။ ဧကစ္ဆေ၊ အချို့ကုန်သော။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ဥပမာယပိ၊ ဥပမာဖြင့်လည်း။ အတ္ထံ၊ အနက်ကို။ ဇာနန္တိ၊ သိကုန်၏။

ဆင်သေကောင်နှင့် ကျီးကန်း

၂၅။ မဟာရာဇ၊ မင်းမြတ်။ အပ္ပပညော၊ နည်းသော ပညာရှိသော။ အစေတသော၊ ပညာနှင့်ယှဉ်သော စိတ်မရှိသော။ ဝါယသော၊ ကျီးတစ်ကောင်သည်။ မဟဏ္ဏဝေ၊ နက်ကျယ်သော ရေရှိသော။ ဂင်္ဂါယံ၊ ဂင်္ဂါ၌။ ဝုယှမာနံ၊ မျောသော။ ကုဏပံ၊ ဆင်ကောင်ပုပ်ကို။ ဒိသွာ၊ မြင်၍။ သမစိန္တေသိ၊ မိမိအစွမ်းဖြင့်ကြံ၏။

၂၆။ မယာ၊ ငါသည်။ ဣဒံ ယာနဉ္စ၊ ဤယာဉ်ကိုလည်း။ လဒ္ဓံ ဝတ၊ ရပေစွတကား။ အယံ ဘက္ခော စ၊ ဤအစာသည်လည်း။ အနပ္ပကော၊ များပေစွတကား။ ဣတိ၊ ဤသို့။ စိန္တေသိ၊ ကြံ၏။ ဧဝံ စိန္တေတွာ၊ ဤသို့ကြံပြီး၍။ တတ္ထ၊ ထိုဆင်ကောင်ပုပ်၌။ ရတ္တိံ၊ ညဉ့်၌လည်းကောင်း။ တတ္ထ၊ ထိုဆင်သေကောင်ပုပ်၌။ ဒိဝါ၊ နေ့၌လည်းကောင်း။ တတ္ထေဝ၊ ထို ဆင်သေကောင်ပုပ်၌သာလျှင်။ မနော၊ စိတ်၏။ နိရတော၊ အမြဲ မွေ့လျော်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။

၂၇။ မဟာရာဇ၊ မင်းမြတ်။ ဝိဟင်္ဂမော၊ ကျီးမိုက်သည်။ နာဂဿ၊ ဆင်၏။ မံသာနိ၊ အသားတို့ကို။ ခါဒံ-ခါဒန္တော၊ စားလျက်။ ဂင်္ဂါဘာဂီရထောဒကံ၊ ဂင်္ဂါရေကို။ ပိတံ-ပိဝန္တော၊ သောက်လျက်။ ဧတာနိ စ၊ ဤသို့ ဆိုပြီးသည်တို့ကိုလည်း။ သမ္မဿံ၊ ကောင်းစွာ မြင်နိုင်သည်ဖြစ်၍။ ဝနံ၊ မိမိနေရတောသို့။ န ပလေတ္ထ၊ မပြန်ပြီ။

၂၈။ မဟာရာဇ၊ မင်းမြတ်။ တဉ္စ၊ ထိုဆင်သေကောင်သည်လည်း။ ဂင်္ဂါ၊ ဂင်္ဂါမြစ်မှ။ ဩတရဏီ၊ သမုဒ္ဒရာသို့ သက်လေသည် ရှိသော်။ ပမတ္တံ၊ မေ့လျော့သော။ ကုဏပေ၊ ဆင်သေကောင်ပုပ်၌။ ရတံ၊ မွေ့လျော်သော ကျီးသည်။ ယတ္ထ၊ အကြင်သမုဒ္ဒရာ၌။ ပက္ခီနံ၊ ငှက်တို့၏။ အဂတီ-ပတိဋ္ဌာနရဟိတံ၊ တည်ရာမရှိသော။ တံ သမုဒ္ဒံ၊ ထိုသမုဒ္ဒရာသို့။ အဇ္ဈဂါဟာသိ၊ ဝင်လေ၏။

၂၉။ မဟာရာဇ၊ မင်းမြတ်။ သော စ ဝိဟင်္ဂမော၊ ထိုကျီးမိုက်သည်။ ဘက္ခပရိက္ခီဏော၊ အစာကုန်ပြီးသော်။ ဥဒပတွာ၊ ရေအပေါ် ပျံ၍။ ပစ္ဆတော၊ အနောက်အရပ်မှ။ ပတိဋ္ဌံ၊ တည်ရာကို။ န လဘတိ၊ မရ။ ပုရတော၊ အရှေ့အရပ်မှ။ ပတိဋ္ဌံ၊ တည်ရာကို။ န လဘတိ၊ မရ။ ဥတ္တရံ၊ မြောက်အရပ်မှ။ ပတိဋ္ဌံ၊ တည်ရာကို။ န လဘတိ၊ မရ။ ဒက္ခိဏံ၊ တောင်အရပ်မှ။ ပတိဋ္ဌံ၊ တည်ရာကို။ နောပိ လဘတိ၊ မရ။

၃၀။ မဟာရာဇ၊ မင်းမြတ်။ သော ဝိဟင်္ဂမော၊ ထိုကျီးမိုက်သည်။ ယတ္ထ၊ အကြင် သမုဒ္ဒရာအပြင်၌။ ပက္ခီနံ၊ ငှက်တို့အား။ အဂတီ၊ တည်ရာမရှိ။ တတ္ထ၊ ထို တည်ရာမရှိသော သမုဒ္ဒရာအပြင်၌။ အဂစ္ဆိ၊ ပျံသွား၏။ ဒိသံ၊ တည်ရာအရပ်ကိုကား။ နာဇ္ဈဂါ၊ မရနိုင်း။ မဟာရာဇ၊ မင်းမြတ်။ သော စ ဝိဟင်္ဂမော၊ ထိုကျီးမိုက်သည်။ ယထာ၊ အကြင် အခြင်းဖြင့် ပျံသွားဖန် များသည်ရှိသော်။ ဒုဗ္ဗလကော၊ အားနည်း၏။ တထာ၊ ထိုအခြင်းဖြင့် ပျံသွားသည်ရှိသော်။ တတ္ထေဝ၊ ထိုသမုဒ္ဒရာ အပြင်၌ပင်လျှင်။ ပါပတ္ထ- ပပတိတော၊ ကျလေ၏။

၃၁။ မဟာရာဇ၊ မင်းမြတ်။ ဝိပက္ခကံ၊ အတောင်လည်း ပျက်စီးထသော။ ဖန္ဒမာနံ၊ တုန်လှုပ်ထသော။ တဉ္စ၊ ထိုကျီးကိုလည်း။ သာမုဒ္ဒကာ၊ သမုဒ္ဒရာ၌ ဖြစ်ကုန်သော။ မစ္ဆာ စ၊ ငါးတို့သည်လည်းကောင်း။ ကုမ္ဘီလာ စ၊ လင်းပိုင်တို့သည်လည်းကောင်း။ မကရာ စ၊ မကရ်းတို့သည်လည်းကောင်း။ သုသူ စ၊ မိကျောင်းတို့သည်လည်းကောင်း။ ပသယှကာရာ၊ နှိပ်စက်ခြင်းကို ပြုကုန်လျက်။ ခါဒိံသု၊ စားကြကုန်၏။

၃၂။ ရာဇ၊ မင်းမြတ်။ ဧဝမေဝ၊ ဤအတူလျှင်။ တုဝံ စ၊ သင်မင်းမြတ်သည်လည်းကောင်း။ အညေ၊ သင်မင်းကြီးမှ တစ်ပါးကုန်သော။ ကာမဘောဂိနော၊ ကာမဂုဏ်ချမ်းသာကို ခံစားကြကုန်သော။ ဂိဒ္ဓါ၊ ကာမဂုဏ်၌ တပ်မက်မာကုန်သော။ ယေ ပုဂ္ဂလာ၊ အကြင် ပုဂ္ဂိုလ်တို့သည်လည်းကောင်း။ စေ န ဝမိဿန္တိ၊ အကယ်၍ မစွန့်ကုန်အံ့။ တေ ပုဂ္ဂလာ၊ ထိုပုဂ္ဂိုလ်တို့ကို။ ကာကပညာဝ၊ ကျီးမိုက်၏ အသိဉာဏ်နှင့်တူသော အသိဉာဏ်ရှိသူဟူ၍။ တေ၊ ထို ဘုရားအစရှိသော ပညာရှိ သူတော်ကောင်းတို့သည်။ ဝိဒူ၊ သိုကုန်၏။

၃၃။ ရာဇ၊ မင်းမြတ်။ တေ၊ သင်မင်းမြတ်အား။ အတ္ထသန္ဒဿနီ၊ အကျိုးကို ကောင်းပြတတ်သော။ ဧသာ ဥပမာ၊ ဤဥပမာကို။ ကတာ၊ ပြုအပ်ပြီ။ တွဉ္စ၊ သင်မင်းမြတ်သည်လည်း။ တေန၊ ထိုအကြောင်းဖြင့်။ ပညာယသေ၊ ထင်လတ္တံ့။ ယဒိ၊ အကယ်၍။ ကာဟသိ ဝါ၊ လိုက်နာလိုလည်း လိုက်နာတော်မူလော့။ န ဝါ ကာဟသိ၊ မလိုက်နာလိုလျှင်လည်း နေတော်မူလော့။

နန္ဒမူလိုဏ်သို့ ကြွ

ဤသို့လျှင် ထိုအရိန္ဒမ မင်းကြီးအား အရှင်သောဏက ပစ္စေကဗုဒ္ဓါသည် ဤဥပမာဖြင့် အဆုံးအမကိုပေးတော်မူပြီး၍ ယခုအခါ ထိုအဆုံးအမကိုပင်လျှင် မြဲစွာပြု၍ တည်စိမ့်သော အဆုံးအမကို ပေးပြန်တော် မူလိုရကား-

၃၄။ ဧကဝါစမ္ပိ ဒွိဝါစံ၊ ဘဏေယျ အနုကမ္ပကော။
တတုတ္တရိံ န ဘာသေယျ၊ ဒါသောဝယျဿ သန္တိကေ။

ဟူသော ဤဂါထာကို ဘော်မူ၏။

၃၄။ မဟာရာဇ၊ မင်းမြတ်။ အနုကမ္ပကော၊ အစဉ်သနားခြင်းရှိသောသူသည်။ ဧကဝါစံ၊ တစ်ခွန်းသောစကားကို လည်းကောင်း။ ဒွိပိဝါစံ၊ နှစ်ခွန်းသောစကားကိုလည်းကောင်း။ ဘဏေယျ၊ ဆိုဆုံးမရာ၏။ တတုတ္တရိံ၊ ထိုတစ်ခွန်း နှစ်ခွန်းထက်အလွန်။ န ဘာသေယျ၊ မဆိုဆုံးမရာ။ အယျဿ၊ အရှင်၏။ သန္တိကေ၊ အထံ၌။ ဒါသော ဣဝ၊ ကျွန်ကဲ့သို့။ ဟောတိ၊ ဖြစ်၏။

ဤသို့ ဟောပြောဆုံးမပြီးလျှင် အရှင်သောဏက ပစ္စေကဗုဒ္ဓါသည် ကောင်းကင်သို့ ပျံတက်၍ နန္ဒမူလိုဏ်သို့သာလျှင် ကြွတော်မူလေ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍-

၃၅။ ဣဒံ ဝတွာန ပက္ခာမိ၊ သောဏကော အမိတဗုဒ္ဓိမာ။

ဝေဟာသေ အန္တလိက္ခသ္မိံ၊ အနုသာသိတွာန ခတ္ထိယံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၃၅။ ဘိက္ခဝေ၊ ရဟန်းတို့။ အမိတဗုဒ္ဓိမာ၊ မနှိုင်းယှဉ်အပ်သော လောကုတ္တရာ ပညာရှိသော။ သောဏကော၊ သောဏက ပစ္စေကဗုဒ္ဓါသည်။ ဣဒံ၊ ဤသို့သော စကားကို။ ဝတွာန၊ မိန့်တော်မူပြီး၍။ ခတ္တိယံ၊ ရေမြေကို အစိုးရသော အရိန္ဒမမင်းကြီးကို။ အနုသာသိတွာန၊ ဆုံးမတော်မူပြီး၍။ ဝေဟာသေ၊ ဝေဟာသဟု ဆိုအပ်သော။ အန္တလိက္ခသ္မိံ၊ ကောင်းကင်၌။ ပက္ကာမိ၊ ပျံကြွလေ၏။

သားတော်ကို နန်းအပ်ပုံ

ဘုရားလောင်း အရိန္ဒမမင်းသည်လည်းကောင်းကင်ခရီးဖြင့် ကြွသွားတော်မူသော ထိုအရှင်သောဏက ပစ္စေကဗုဒ္ဓါကို မျက်စိမြင်ကောင်းသော ခရီးတိုင်အောင်ရပ်၍ ကြည့်မျှော်လျက် ထိုအရှင်သောဏက ပစ္စေကဗုဒ္ဓါသည် မျက်စိမြင်ကောင်းသောခရီးကို လွန်သည်ရှိသော် ထိတ်လန့်ခြင်းကိုရ၍ ဤ ပုဏ္ဏားသည် ယုတ်သောဇာတ် ရှိသည်ဖြစ်လျက် အသမ္ဘိန္နခတ္တိယ အမျိုး၌ဖြစ်သော ငါ၏ ဦးခေါင်းထက်၌ မိမိ၏ ခြေမှုန့်မြူတို့ကို ကြဲချလျက် ကောင်းကင်သို့ ပျံတက်ကြွသွားတော်မူ၏။ ငါသည်လည်း ယနေ့ပင်လျှင် တောထွက်၍ ရဟန်းပြုခြင်းငှာ သင့်၏ ဟု ကြံ၏။ ကြံပြီး၍ ထိုအရိန္ဒမမင်းကြီးသည် တိုင်းပြည်ကို အပ်နှင်း၍ ရဟန်းပြုတော်မူလိုရကား-

၃၆။ ကောနုမေ ရာဇကတ္တာရော၊ သုဒ္ဒါ ဝေယျတ္တမာဂတာ။
ရဇ္ဇံ နိယျာဒယိဿာမိ၊ နာဟံ ရဇ္ဇေန မတ္ထိကော။
၃၇။ အဇ္ဇေဝ ပဗ္ဗဇိဿာမိ၊ ကော ဇညာ မရဏံ သုဝေ။
နာဟံ ကာကောဝ ဒုမ္မေဓော၊ ကာမာနံ ဝသမနွဂံ။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆိုတော်မူ၏။

၃၆။ ဘောန္တော အမစ္စာ၊ အို... အမတ်အပေါင်းတို့။ သုဒ္ဒါ စ၊ သူဆင်းရဲတို့သည်လည်းကောင်း။ ဝေယျတ္တမာဂတာ၊ ထင်ရှားသောအဖြစ်သို့ ရောက်ကုန်သာ နှုတ်မင်္ဂလာရှိသော သူတို့သည်လည်းကောင်း။ ယေ၊ အကြင်သူတို့သည်။ ရာဇကတ္တာရော၊ မင်း၏အာဏာကို ပြုခြင်းငှာ စွမ်းနိုင်ကုန်၏။ ဣမေထ၊ ဤသူတို့သည်။ ကာ နု၊ အဘယ်မှာနည်း။ ရဇ္ဇံ၊ တိုင်းပြည်ကို။ နိယျာဒယိဿာမိ၊ အပ်နှင်းပါအံ့။ အဟံ၊ ငါသည်။ ရဇ္ဇေန၊ မင်းအဖြစ်ဖြင့်။ န အတ္ထိကော၊ အလိုမရှိ။

၃၇။ ဘောန္တော အမစ္စာ၊ အို... အမတ်အပေါင်းတို့။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုအံ့။ သုဝေ၊ နက်ဖြန်။ မရဏံ၊ သေရအံ့သည်ကို။ ကော၊ အဘယ်သူသည်း။ ဇညာ၊ သိနိုင်ရာအံ့နည်း။ အဟံ၊ ငါသည်။ ဒုမ္မေဓော၊ ပညာမရှိသော။ ကာကာဝ၊ ဆင်သေကောင်ပုပ်၌ တပ်စွန်းသဖြင့် မွေ့လျော်ပျော်ပါးသော ကျီးကဲ့သို့။ ကာမာနံ၊ ကာမဂုဏ်တို့၏။ ဝသံ၊ အလိုသို့။ န အနွဂံ၊ မလိုက်ပြီ။

ဤသို့ တိုင်းပြည်ကိုအပ်နှင်းသော အရိန္ဒမမင်းကြီးစကားကို ကြားကုန်၍ မှူးတော် မတ်တော်တို့သည် အရှင်မင်းမြတ်အား အကြောင်းကို တင်လျှောက်လိုကုန်ရကား-

၃၈။ အတ္ထိ တေ ဒဟရော ပုတ္တော၊ ဒီဃာဝု ရဋ္ဌဝဍ္ဎနော။
တံ ရဇ္ဇေ အဘိသိဉ္စဿု၊ သော နော ရာဇာ ဘဝိဿတိ။

ဟူသော ဤဂါထာကို ဆို၏။

၃၈။ မဟာရာဇ၊ မင်းမြတ်။ တေ၊ အရှင်မင်းမြတ်၏။ ပုတ္တော၊ သားတော်ဖြစ်သော။ ဒဟရော၊ ငယ်နုစွာသော။ ရဋ္ဌဝဍ္ဎနော၊ ပြည်သူတို့၏နှလုံးကို ပွားစေတတ်သော။ ဒီဃာဝု၊ ဒီဃာဝု အမည်ရှိသော သတို့သားသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုသားတော် ဒီဃာဝုကို။ ရဇ္ဇေ၊ မင်းအဖြစ်၌။ အဘိသိဉ္စဿု၊ အဘိသိက် သွန်းတော်မူပါ။ သော၊ ထိုဒီဃာဝု မင်းသားသည်။ နော၊ အကျွန်ုပ်တို့၏။ ရာဇာ၊ အရှင်မင်းမြတ်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။

ထိုသို့ တင်လျှောက်သောအခါ အရိန္ဒမမင်းကြီးသည် သားတော်ကို ခေါ်စေတော်မူလိုရကား-

၃၉။ ခိပ္ပံ ကုမာရံ အာနေထ၊ ဒီဃာဝုံ ရဋ္ဌဝဍ္ဎနံ။
တံ ရဇ္ဇေ အဘိသိဉ္စိဿံ၊ သော ဝေ ရာဇာ ဘဝိဿတိ။

ဟူသော ဤဂါထာကိုဆို၏။

၃၉။ ဘောန္တော၊ အိုအမတ်များတို့။ ရဋ္ဌဝဍ္ဎနံ၊ ပြည်သူအပေါင်းတို့၏ နှလုံးကို ပွားစေတတ်သော။ ဒီဃာဝုံ၊ ဒီဃာဝု အမည်ရှိသော။ ကုမာရံ၊ မင်းသားကို။ ခိပ္ပံ၊ လျင်စွာ။ အာနေထ၊ ဆောင်ခဲ့ကြကုန်လော့။ တံ၊ ထိုဒီဃာဝု မင်းသားကို။ ရဇ္ဇေ၊ မင်းအဖြစ်၌။ အဘိသိဉ္စဿံ၊ အဘိသိက်သွန်းအံ့။ သော၊ ထိုဒီဃာဝု မင်းသားသည်။ ဝေါ၊ သင်တို့၏။ ရာဇာ၊ မင်းသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။

ထို့နောင်မှ သားတော်ကို ဆောင်ယူခဲ့သော အကြောင်းကို ပြလိုရကား-

၄၀။ တတော ကုမာရံ အာနသေုံ၊ ဒီဃာဝုံ ရဋ္ဌဝဍ္ဎနံ။
တံ ဒိသွာ အာလပိ ရာဇာ၊ ဧကပုတ္တံ မနောရမံ။

ဟူသော ဤဂါထာကို ဆို၏။

၄၀။ တတော၊ ထို့နောင်မှ။ ရဋ္ဌဝဍ္ဎနံ၊ ပြည်သူအပေါင်းတို့၏နှလုံးကို ပွားစေတတ်သော ဒီဃာဝုံ၊ ဒီဃာဝု အမည်ရှိသော။ ကုမာရံ၊ မင်းသားကို။ အာနေသုံ၊ ဆောင်ခဲ့ကုန်ရာ၏။ ရာဇာ၊ ခမည်းတော် အရိန္ဒမမင်းကြီးသည်။ မနာရမံ၊ နှစ်လိုဖွယ်ရှိသော။ တံ ဧကပုတ္တံ၊ ထိုတစ်ယောက်တည်းသော သားတော်ကို။ ဒိသွာ၊ ၍။ အာလပိ၊ ခေါ်တော်မူ၏။

ခမည်းတော် အရိန္ဒမ မင်းကြီးသည် သားတော်အား မှာထားတော်မူသဖြင့် တိုင်းပြည်ကို ဆောက်နှင်းတော်မူလိုရကား-

၄၁။ သဋ္ဌိဂါမ သဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။
တေ ပုတ္တ ပဋိပဇ္ဇဿု၊ ရဇ္ဇံ နိယျဒယာမိ တေ။
။ လ။
၅၅။ အဇ္ဇေဝ ပဗ္ဗဇိဿာမိ၊ ကော ဇညာ မရဏံ သုဝေ။
နာဟံ ကာကောဝ ဒုမ္မေဓော၊ ကာမာနံ ဝသ မနွဂံ။

ဟူသော ဤ တစ်ဆယ့်နှစ်ဂါထာတို့ကို ဆိုတော်မူ၏။

၄၁။ ပုတ္တ၊ ချစ်သား ဒီဃာဝု။ သဗ္ဗသော၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့်။ ပရိပုဏ္ဏာနိ၊ ကောင်းစွာ ပြည့်ကုန်သော။ သဋ္ဌိဂါမသဟဿာနိ၊ ခြောက်သောင်းသော ရွာတို့ကို။ တေ၊ သင်ချစ်သားသည်။ ပဋိပဇ္ဇဿု၊ စီရင်ပါလော့။ တေ၊ သင်ချစ်သားအား။ ရဇ္ဇံ၊ ပြည်စည်းစိမ်ကို။ နိယျာဒယာမိ၊ ငါ ဆောင်နှင်း၏။

၄၂။ ပုတ္တ၊ ချစ်သား ဒီဃာဝု။ အဟံ၊ ငါသည်။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုတော့အံ့။ သုဝေ၊ နက်ဖြန်။ မရဏံ၊ သေအံ့သည်ကို။ ကော၊ အဘယ်သူသည်။ ဇညာ၊ သိပါချေအံ့နည်း။ အဟံ၊ ငါသည်။ ဒုမ္မေဓော၊ ပညာမရှိသော။ ကကောဝ၊ ဆင်သေကောင်ပုပ်၌ မွေ့လျော်သော ကျီးမိုက်ကဲ့သို့။ ကမာနံ၊ ကာမဂုဏ်တို့၏။ ဝသံ၊ အလိုသို့။ န အနွဂံ၊ မလိုက်ပြီ။

၄၃။ ပုတ္တ၊ ဖခင်ရင်နှစ် သားချစ်မျက်ရှု ဒီဃာဝု။ သဗ္ဗာလင်္ကာရဘူသိတာ၊ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်ထသော။ သုဝဏ္ဏကစ္ဆာ၊ ရွှေကြိမ်တို့ဖြင့်လည်း ခက်အပ်ကုန်ထသော။ မာတင်္ဂါ၊ မာတင်မျိုးလည်း ဖြစ်ကုန်ထသော။ ဟေမကပ္ပနိဝါသသာ၊ ရွှေကြိုး ရွှေကလည်း တင်ကုန်ထသော။ တောမရင်္ကုသပါဏိဘိ၊ လှံမ ချွန်းတောင်းလည်း လက်စွဲကုန်ထသော။ ဂါမဏိယေဘိ၊ ဆင်စီးသူရဲတို့သည်။ အာရုဠှာ၊ တက်စီးကုန်ထသော။ သဋ္ဌိနာဂသဟဿာနိ၊ ခြောက်သောင်းသော ဆင်တော်အပေါင်းတို့ကို။ တေ၊ သင် ချစ်သားသည်။ ပဋိပဇ္ဇဿု၊ စီရင်ပါလော့။ တေ၊ သင်ချစ်သားအား။ ရဇ္ဇံ၊ တိုင်းပြည်ကို။ နိယျာဒယိဿာမိ၊ ငါဆောင်နှင်း၏။

၄၅။ ပုတ္တ၊ ဖခင်ရင်နှစ် သားချစ်မျက်ရှု ဒီဃာဝု။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုတော့အံ့။ သုဝေ၊ နက်ဖြန်။ မရဏံ၊ သေအံ့သည်ကို။ ကော၊ အဘယ်သူသည်။ ဇညာ၊ သိနိုင်အံ့နည်း။ အဟံ၊ ငါသည်။ ဒုမ္မေဓော၊ ပညာမရှိသော။ ကာကောဝ၊ ကျီးမိုက်ကဲ့သို့။ ကာမာနံ၊ ကာမဂုဏ်တို့၏။ ဝသံ၊ အလိုသို့။ န အနွဂံ၊ မလိုက်ပြီ။

၄၆။ ပုတ္တ၊ ချစ်သား ဒီဃာဝု။ သဗ္ဗာလင်္ကာရဘူသိတာ၊ ခပ်သိမ်းသောတန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်ထသော။ ဇာတိယာ၊ အမျိုးအားဖြင့်။ အာဇာနီယာ စ၊ အာဇာနည်မျိုး၌လည်း ဖြစ်ကုန်ထသော။ သိန္ဓဓဝါ၊ သိန္ဓောမျိုး၌လည်း ဖြစ်ကုန်ထသော။ သီဃဝါဟိနော၊ လျင်ခြင်းအားနှင့်လည်း ပြည့်စုံကုန်ထသော။ ဣလ္လိယာစာပဓာရိဘိ၊ သိကြားမင်း လေးတောင့်လည်း လွယ်ကုန်ထသော။ ဂါမဏီယေဘိ၊ မြင်းစီးသူရဲတို့သည်။ အာရုဠှာ၊ တက်စီးကုန်ထသော။ သဋ္ဌိအဿသဟဿာနိ၊ ခြောက်သောင်းကုန်သော မြင်းအပေါင်းတို့ကို။ တေ၊ သင်ချစ်သားသည်။ ပဋိပဇ္ဇဿု၊ စီရင်ပါလော့။ တေ၊ သင်ချစ်သားအား။ ရဇ္ဇံ၊ တိုင်းပြည်ကို။ နိယျာဒယိသာမိ၊ အပ်နှင်း၏။

၄၈။ ပုတ္တ၊ ချစ်သား ဒီဃာဝု။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုတော့အံ့။ သုဝေ၊ နက်ဖြန်။ မရဏံ၊ သေအံ့သည်ကို။ ကော၊ အဘယ်သူသည်။ ဇညာ၊ သိနိုင်ရာအံ့နည်း။ အဟံ၊ ငါသည်။ ဒုမ္မေဓော၊ ပညာမရှိသော။ ကာကောဝ၊ ကျီးမိုက်ကဲ့သို့။ ကာမာနံ၊ ကာမဂုဏ်တို့၏။ ဝသံ၊ အလိုသို့။ န အနွဂံ၊ မလိုက်ပြီ။

၄၉။ ပုတ္တ၊ ချစ်သား ဒီဃာဝု။ သန္နဒ္ဓါ၊ မြဲမြံစွာ ဖွဲ့အပ်ကုန်ထသော။ ဥဿီတဒ္ဓဇာ၊ ရထားဦး၌ ဆောက်အပ်သော တံခွန်လည်း ရှိကုန်ထသော။ ဒီပါ၊ သစ်ရေလည်း ရံအပ်ကုန်ထသာ။ အထောပိ၊ ထိုမှ တစ်ပါးလည်း။ ဝယြေဂ်ဃါ၊ ကျားရေလည်း ရံအပ်ကုန်ထသော။ သဗ္ဗာလင်္ကာရဘူသိတာ၊ ခပ်သိမ်းသော တန်ဆာတို့ဖြင့်လည်း တန်ဆာဆင်အပ်ကုန်ထသော။ စာပဟတ္ထေဟိ၊ လေးလည်း လက်စွဲကုန်ထသော။ ဝမ္မိဘိ၊ ချပ်မိန်ညိုလည်း ဝတ်ကုန်ထသော။ ဂါမဏီယေဘိ၊ ရထားစီး သူရဲတို့သည်။ အာရုဠှာ၊ တက်စီးအပ်ကုန်ထသော။ သဋ္ဌိရထသဟဿာနိ၊ ခြောက်သောင်းကုန်သော ရထားတော် အပေါင်းတို့ကို။ တေ၊ သင်ချစ်သားသည်။ ပဋိပဇ္ဇဿု၊ စီရင်ပါလော့။ တေ၊ သင်ချစ်သားအား။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ နိယျာဒယိဿာမိ၊ ဆောင်နှင်း၏။

၅၁။ ပုတ္တ၊ ချစ်သား ဒီဃာဝု။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုတော့အံ့။ သုဝေ၊ နက်ဖြန်။ မရဏံ၊ သေအံ့သည်ကို။ ကော၊ အဘယ်သူသည်။ ဇညာ၊ သိနိုင်ရာအံ့နည်း။ အဟံ၊ ငါသည်။ ဒုမ္မေဓော၊ ပညာမရှိသော။ ကာကောဝ၊ ကျီးကဲ့သို့။ ကာမာနံ၊ ကာမဂုဏ်တို့၏။ ဝသံ၊ အလိုသို့။ နု အနွဂံ၊ မလိုက်ပြီ။

၅၂။ ပုတ္တ၊ ချစ်သား ဒီဃာဝု။ ရောဟညာ၊ နီသောအဆင်းလည်းရှိကုန်ထသော။ ပုင်္ဂဝူသဘာ၊ နွားလား ဥသဘဟု ဆိုအပ်သော အကြီးဖြစ်သော နွားနှင့်တကွ ဖြစ်ကုန်ထသော။ သဋ္ဌိဓေနုသဟဿာနိ၊ ခြောက်သောင်းကုန်သော နို့ညှစ်နွားမတို့သည်။ သန္တိ၊ ရှိကုန်၏။ တာ၊ ထိုနွားမအပေါင်းတို့ကို။ တေ၊ သင်ချစ်သားသည်။ ပဋိပဇ္ဇဿု၊ စီရင်ပါလော။ တေ၊ သင်ချစ်သားအား။ ရဇ္ဇံ၊ တိုင်းပြည်ကို။ နိယျာဒယိဿာမိ၊ ဆောင်နှင်း၏။

၅၃။ ပုတ္တ၊ ချစ်သား ဒီဃာဝု။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုအံ့။ သုဝေ၊ နက်ဖြန်။ မရဏံ၊ သေအံ့သည်ကို။ ကော၊ အဘယ်သူသည်။ ဇညာ၊ သိနိုင်ရာအံ့နည်း။ အဟံ၊ ငါသည်။ ဒုမ္မေဓော၊ ပညာမရှိသော။ ကာကောဝ၊ ကျီးမိုက်ကဲ့သို့။ ကာမာနံ၊ ကာမဂုဏ်တို့၏။ ဝသံ၊ အလိုသို့။ န အနွဂံ၊ မလိုက်ပြီ။

၅၄။ ပုတ္တ၊ ချစ်သား ဒီဃာဝု။ သဗ္ဗာလင်္ကာရဘူသိတာ၊ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်ထသော။ ဝိစိတြဝတ္ထာဘရဏာ၊ ဆန်းကြယ်သော အဝတ်တန်ဆာလည်း ဆင်ဝတ်ကုန်ထသော။ အာမုက္ကမဏိကုဏ္ဍလာ၊ ပုလဲပတ္တမြားနားတောင်းလည်း ဆင်ဝတ်ကုန်ထသော။ သောဠသိတ္ထိသဟဿာနိ၊ တစ်သောင်း ခြောက်ထောင်ကုန်သော မောင်းမတို့သည်။ သန္တိ၊ ရှိကုန်၏။ တာ၊ ထိုမောင်းမတို့ကို။ တေ၊ သင်ချစ်သားသည်။ ပဋိပဇ္ဇဿု၊ စီရင်ပါလော့။ တေ၊ သင်ချစ်သားအား။ ရဇ္ဇံ၊ တိုင်းပြည်ကို။ နိယျာဒယိဿာမိ၊ ဆောက်နှင်း၏။

၅၅။ ပုတ္တ၊ ချစ်သား ဒီဃာဝု။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုအံ့။ သုဝေ၊ နက်ဖြန်။ မရဏံ၊ သေအံ့သည်ကို။ ကော၊ အဘယ်သူသည်။ ဇညာ၊ သိနိုင်ရာအံ့နည်း။ အဟံ၊ ငါသည်။ ဒုမ္မေဓော၊ ပညာမရှိသော။ ကာကောဝ၊ ကျီးမိုက်ကဲ့သို့။ ကာမာနံ၊ ကာမဂုဏ်တို့၏။ ဝသံ၊ အလိုသို့။ န အနွဂံ၊ မလိုက်ပြီ။

သားတော်ပါ လိုက်ပါလို

ဤသို့ မိန့်ဆိုမှာထားတော်မူသော စကားကိုကြား၍ သားတော် ဒီဃာဝုမင်းသားသည် ခမည်းတော် အရိန္ဒမမင်းကြီးအား အကြောင်းကို တင်လျှောက်လိုရကား-

၅၆။ ဒဟရဿေဝ မေ တာတ၊ မာတာ မတာတိ မေ သုတံ။
တယာ ဝိနာ အဟံ တာတ၊ ဇီဝိတုမ္ပိ န ဥဿဟေ။
၅၇။ ယထာ အာရညကံ နာဂံ၊ ပေါတော အနွေတိ ပစ္ဆတော။
ဇေဿန္တံ ဂိရိဒုဂ္ဂေသု၊ သမေသု ဝိသမေသု စ။
၅၈။ ဧဝံ တံ အနုဂစ္ဆာမိ၊ ပုတ္တ မာဒါယ ပစ္ဆတော။
သုဘရော တေ ဘဝိဿာမိ၊ န တေ ဟေဿာမိ ဒုဗ္ဘရော။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၅၆။ တာတ၊ ခမည်းတော်မင်းမြတ်။ ဒဟရဿေဝ၊ ငယ်စဉ်ကသာလျှင်။ မေ၊ အကျွန်ုပ်၏။ မာတာ၊ မယ်တော်သည်။ မတာတိ၊ သေပြီဟူ၍။ မေ၊ အကျွန်ုပ်သည်။ သုတံ၊ ကြားဖူးပါ၏။ တာတ၊ ခမည်းတော်မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ တယာ၊ သင် ဖခင်မင်းမြတ်နှင့်။ ဝိနာ၊ ကင်း၍။ ဇီဝိတုမ္ပိ၊ အသက်ရှည်ခြင်းငှာလည်း။ န ဥဿဟေ၊ မစွမ်းနိုင်ပါ။

၅၇။ တာတ၊ ခမည်းတော် မင်းမြတ်။ ယထာ၊ ဥပမာ မည်သည်ကား။ သမေသု စ၊ ညီညွတ်သည်လည်း ဖြစ်ကုန်ထသော။ ဝိသမေသု စ၊ မညီညွတ်သည်လည်း ဖြစ်ကုန်ထသော။ ဂိရိဒုဂ္ဂေသု၊ တောင် မြောင် ချောက်ကြားတို့၌။ ဇေဿန္တံ၊ သွားသော။ အာရညကံ၊ တော၌နေသော။ နာဂံ၊ ဆင်မင်းကို။ ပေါတော၊ ဆင်သူငယ်သည်။ ပစ္ဆတော၊ နောက်က။ အနွေတိ ယထာ၊ အစဉ်လိုက်သကဲ့သို့။

၅၈။ ဧဝံ တထာ၊ ထို့အတူ။ ပုတ္တံ၊ သားငယ်ကို။ အာဒါယ၊ ခေါ်ယူ၍။ ဂစ္ဆ၊ သွားတော်မူပါလော့။ ပစ္ဆတာ၊ နောက်မှ။ တံ၊ သင်ဖခင်မင်းမြတ်သို့။ အနုဂစ္ဆာမိ၊ အစဉ်တစိုက်လိုက်ပါအံ့။ တေ၊ သင်ဖခင် မင်းမြတ်အား။ သုဘရော၊ အသက်မွေးလွယ်သည်။ ဘဝိဿာမိ၊ ဖြစ်ပါလတ္တံ့။ တေ၊ သင် ဖခင်မင်းမြတ်အား။ ဒုဗ္ဘရော၊ အသက်မွေးခက်သည်။ န ဟေဿာမိ၊ မဖြစ်ရပါလတ္တံ့။

အတင်းနန်းအပ်ခဲ့

ထိုသို့ သားတော် တင်လျှောက်သောအခါ ခမည်းတော်မင်းကြီးသည် မှူးတော် မတ်တော်တို့ကို စေတော်မူလိုရကား-

၅၉။ ယထာ သာမုဒ္ဒိကံ နာဝံ၊ ဝါဏိဇာနံ ဓနေသိနံ။
ဝေါဟာရော တတ္ထ ဂဏှေယျ၊ ဝါဏိဇာ ဗျသနီ သိယာ။
၆၀။ ဧဝမေဝါယံ ပုတ္တကလိ၊ အန္တရာယကရော မမ။
ဣမံ ကုမာရံ ပါပေထ၊ ပါသာဒံ ရတိဝဍ္ဎနံ။
၆၁။ တတ္ထ ကမ္ဗုသဟတ္ထာယော၊ ယထာ သက္ကံဝ အစ္ဆရာ။
တာနံ တတ္ထ ရမေဿန္တိ၊ တာဟိ စေသော ရမိဿတိ။

ဟူသော ဤသုံးဂါထာကို ဆိုတော်မူ၏။

၅၉။ ဘောန္တော၊ အမတ်တို့။ ယထာ၊ ဥပမာ မည်သည်ကား။ ဓနေသိနံ၊ ဥစ္စာကိုရှာကုန်သော။ ဝါဏိဇာနံ၊ ကုန်သည်တို့၏။ သာမုဒ္ဒိကံ၊ သမုဒ္ဒရာ၌သွားသော။ နာဝံ၊ လှေကို။ တတ္ထ၊ သမုဒ္ဒရာ၌။ ဝေါဟာရော၊ အထူးထူးသော ဘေးရန်သည်။ ယဒိ ဂဏှေယျ၊ အကယ်၍ ကိုင်ငင်ငြားအံ့။ ဝါဏိဇာဗျသနီ၊ ကုန်သည်တို့၏ ပျက်စီးခြင်းသည်။ သိယာ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ အယံပုတ္တကလိ၊ ဤ သားယုတ်သည်။ မမ၊ ငါ၏။ အန္တရာယံ၊ ရဟန်းပြုခြင်း အန္တရာယ်ကို။ ကရော၊ ပြုဘိ၏။ ဣမံ ကုမာရံ၊ ဤမင်းသားကို။ ရတိဝဍ္ဎနံ၊ မွေ့လျော်ခြင်းကို ပွားစေတတ်သော။ ပါသာဒံ၊ ရွှေနန်းပြာသာဒ်ထက်သို့။ ပါပေထ၊ ပို့ကြစေကုန်။

၆၁။ ဘောန္တော၊ အို... အမတ်အပေါင်းတို့။ တတ္ထ၊ ထိုမွေ့လျော်ခြင်းကို ပွားစေတတ်သော ရွှေနန်းပြာသာဒ်ထက်၌။ ကမ္ဗုသဟတ္ထာယော၊ ရွှေတန်ဆာဖြင့် တန်ဆာဆင်အပ်သော လက်ရှိကုန်သော။ တာ၊ ထိုမောင်းမတို့သည်။ နံ၊ ထို ဒီဃာဝုမင်းသားကို။ အစ္ဆရာ၊ နတ်သမီးအပေါင်းသည်။ သက္ကံ၊ သိကြားနတ်မင်းကို။ ယထာ၊ အကြင်အခြင်းဖြင့်။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။ တထာ၊ ထိုအခြင်းဖြင့်။ ရမေတိ ဣဝ၊ မွေ့လျော် ပျော်ပါးစေသကဲ့သို့။ တထာ၊ ထို့အတူ။ တတ္ထ၊ ထိုမွေ့လျော်ခြင်းကို ပွားစေတတ်သော ရွှေနန်းပြာသာဒ်၌။ ရမေဿန္တိ၊ မွေ့လျော်စေကုန်လတ္တံ့။ ဧသော စ၊ ဤမင်းသားသည်လည်း။ တာဟိ၊ ထိုမောင်းမတို့နှင့်။ သဒ္ဓိံ၊ တကွ။ ရမိဿတိ၊ မွေ့လျော်ပျော်ပါးလတ္တံ့။

ဤသို့ မိန့်ဆိုတော်မူပြီးလျှင် ဘုရားလောင်း အရိန္ဒမမင်းကြီးသည် သားတော် ဒီဃာဝုမင်းသားကို ထိုဥယျာဉ်၌ပင်လျှင် အဘိသိက်သွန်းစေ၍ နန်းမြို့သို့ ပို့ဆောင်စေတော်မူ၏။

တောထွက်လေပြီ

မိမိသည်ကား ကိုယ်တော်တစ်ပါးတည်း ဥယျာဉ်တော်မှထွက်သွားပြီးလျှင် ဟိမဝန္တာသို့ဝင်၍ မွေ့လျော်ဖွယ်ရှိသော မြေအဖို့၌ ကျောင်းဆောက်ပြီးလျှင် ရသေ့ရဟန်းပြု၍ တောသစ်မြစ် တောသစ်သီးဟူသော အာဟာရရှိသည်ဖြစ်၍ မျှတော်မူ၏။ မှူးတော်မတ်တော်စသော လူအပေါင်းတို့သည်လည်း သားတော် ဒီဃာဝုမင်းသားကို ဗာရာဏသီ နေပြည်တော်သို့ ပို့ဆောင်ကုန်၏။

သားတော်မင်းပြုရပြီ

ထိုဒီဃာဝုမင်းသားသည် မြို့တော်ကို လက်ယာရစ်လှည့်သည်ကိုပြု၍ ရွှေနန်းပြာသာဒ်ထက်သို့ တက်တော်မူ၏။ ထိုအခါ မင်းသားကို မင်းသမီးအပေါင်းတို့သည် မေးလျှောက်ကြကုန်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၆၂။ တတော ကုမာရံ ပါပေသုံ၊ ပါသာဒံ ရတိဝဍ္ဎနံ။
တံ ဒိသွာ အဝစုံ ကညာ၊ ဒီဃာဝုံ ရဋ္ဌဝဍ္ဎနံ။
၆၃။ ဒေဝတာနုသိ ဂန္ဓဗ္ဗော၊ အဒု သက္ကော ပူရိန္ဒဒေါ။
ကော ဝါ တွံ ကဿ ဝါ ပုတ္တော၊ ကထံ ဇာနေမု တံ မယံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

၆၂။ ဘိက္ခဝေ၊ ရဟန်းတို့။ တတော၊ ထို့နောင်မှ။ ကုမာရံ၊ ဒီဃာဝုမင်းသားကို။ ရတိဝဍ္ဎနံ၊ မွေ့လျော်ခြင်းကို ပွားစေတတ်သော။ ပါသာဒံ၊ ရွှေနန်းပြာသာဒ်ထက်သို့။ ပါပေသုံ၊ ပို့လေကုန်၏။ ရဋ္ဌဝဍ္ဎနံ၊ တိုင်းပြည်သူအပေါင်းကို ပွားစေတတ်သော။ ဒီဃာဝုံ၊ ဒီဃာဝု အမည်ရှိသော။ တံ၊ ထိုမင်းသားကို။ ဒိသွာ၊ မြင်၍။ ကညာ၊ နန်းတွင်းသူ အပေါင်းတို့သည်။ အဝစုံ၊ မေးလျှောက်ကြကုန်၏။

၆၃။ ကထံ အဝစုံ၊ အဘယ်သို့ မေးလျှောက်ကြကုန်သနည်းဟူမူကား။ သာမိ၊ အရှင်။ တွံ၊ သင်သည်။ ဒေဝတာ၊ စတုမဟာရာဇ် နတ်သည်တည်း။ အသိ နု၊ ဖြစ်သလော။ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗနတ်သည်တည်း။ အသိ နု၊ ဖြစ်သလော။ အဒု၊ ထိုသို့ မဟုတ်မူကား။ ပုရိန္ဒဒေါ၊ အလှူလက်ဦး ပေးဖူးသော။ သက္ကော၊ သိကြား နတ်မင်းသည်တည်း။ အသိ နု၊ ဖြစ်သလော။ တွံ၊ သင်သည်။ ကော၊ အဘယ်သူနည်း။ ကဿ ဝါ၊ အဘယ်သူ၏မူလည်း။ ပုတ္တော၊ သားနည်း။ ကထံ၊ အဘယ်သို့သော အကြောင်းဖြင့်။ တံ၊ သင့်ကို။ မယံ၊ ငါတို့သည်။ ဇာနေမု၊ သိရကုန်အံ့နည်း။

ထိုသို့ နန်းတွင်းသူ အပေါင်းတို့ မေးလျှောက်သောအခါ ဒီဃာဝုမင်းသားသည် အကြောင်းကို ကြားတော်မူလိုရကား-

၆၄။ နမှိ ဒေဝေါ န ဂန္ဓဗ္ဗော၊ နာပိ သက္ကော ပုရိန္ဒဒေါ။
ကာသိရညော အဟံ ပုတ္တော၊ ဒီဃာဝုံ ရဋ္ဌဝဍ္ဎနော။
မမံ ဘရထ ဘဒ္ဒံ ဝေါ၊ အဟံ ဘတ္တာ ဘဝါမိ ဝေါ။

ဟူသော ဤဂါထာကို မိန့်တော်မူ၏။

၆၄။ ဘဒ္ဒန္တေ၊ ရှင်မတို့။ အဟံ၊ ငါသည်။ ဒေဝေါ၊ စတုမဟာရာဇ်နတ်သည်။ န အမှိ၊ မဖြစ်။ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗနတ်သည်။ န အမှိ၊ မဖြစ်။ ပုရိန္ဒဒေါ၊ အလှူလက်ဦး ပေးဖူးသော။ သက္ကော၊ သိကြား နတ်မင်းသည်။ န အမှိ၊ မဖြစ်။ အဟံ၊ ငါသည်။ ရဋ္ဌဝဍ္ဎနော၊ တိုင်းပြည်သူအပေါင်းကို ပွားစေတတ်သော။ ဒီဃာဝု၊ ဒီဃာဝု အမည်ရှိသော။ ကသိရညော၊ ကာသိမင်းမြတ်၏။ ပုတ္တော၊ သားတော်တည်း။ ဘဒ္ဒံ၊ ကောင်းစွာ။ မမံ၊ ငါ့ကို။ ဝေါ၊ ရှင်မတို့သည်။ ဘရထ၊ လုပ်ကျွေးကြကုန်လော့။ အဟံ၊ ငါသည်။ ဝေါ၊ ရှင်မတို့၏။ ဘတ္တာ၊ ချစ်လင်သည်။ ဘဝါမိ၊ ဖြစ်အံ့။

ထိုသို့ မိန့်တော်မူလတ်သော် နန်းတွင်းသူ အပေါင်းတို့သည် ခမည်းတော် အရိန္ဒမမင်းကြီးအကြောင်းကို မေးလျှောက်ကြပြန်ကုန်၏။ ဒီဃာဝု မင်းသားသည်လည်း အကြောင်းကို ပြန်ကြားတော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၆၅။ တံ တတ္ထ အဝစုံ ကညာ၊ ဒီဃာဝုံ ရဋ္ဌဝဍ္ဎနံ။
ကုဟိံ ရာဇာ အနုပ္ပတ္တော၊ ဣတော ရာဇာ ကုဟိံ ဂတော။
၆၆။ ပင်္ကံ ရာဇာ အတိက္ကန္တော၊ ထလေ ရာဇာ ပတိဋ္ဌိတော။
အကဏ္ဋကံ အဂဟဏံ၊ ပဋိပန္နော မဟာပထံ။
၆၇။ အဟဉ္စ ပဋိပန္နောသ္မိ၊ မဂ္ဂံ ဒုဂ္ဂတိဂါမိနံ။
သကဏ္ဋကံ သဂဟဏံ၊ ယေန ဂစ္ဆန္တိ ဒုဂ္ဂတိံ။

ဟူသော ဤသုံးဂါထာတို့ကို ဟောတော်မူ၏။

၆၅။ ဘိက္ခဝေ၊ ရဟန်းတို့။ တတ္ထ၊ ထိုမွေ့လျော်ခြင်းကို ဖြစ်စေတတ်သော ရွှေနန်းပြာသာဒ်၌။ ကညာ၊ မင်းသမီး အပေါင်းတို့သည်။ ရဋ္ဌဝဍ္ဎနံ၊ ပြည်သူအပေါင်းကို ပွားစေတတ်သော။ ဒီဃာဝုံ၊ ဒီဃာဝုအမည်ရှိသော။ တံ၊ ထိုမင်းသားကို။ အဝစုံ၊ မေးလျှောက်ကြကုန်၏။ သာမိ၊ အရှင်။ ရာဇာ၊ ငါတို့သခင် အရှင်အရိန္ဒမ မင်းမြတ်သည်။ ကုဟိံ၊ အဘယ်အရပ်သို့။ အနုပ္ပတ္တော၊ ရောက်တော်မူလေသနည်း။ ရာဇာ၊ ငါတို့သခင် အရှင်အရိန္ဒမ မင်းမြတ်သည်။ ဣတော၊ ဤ ငါတို့တိုင်းပြည်မှ။ ကုဟိံ၊ အဘယ်အရပ်သို့။ ဂတော၊ သွားလေသနည်း။

၆၆။ ဘဒ္ဒန္တေ၊ ရှင်မတို့။ ရာဇာ၊ သင်တို့သခင် အရှင်အရိန္ဒမ မင်းမြတ်သည်။ ပင်္ကံ၊ ရာဂအစရှိသော ကိလေသာတည်းဟူသော ညွန်ကို။ အတိက္ကန္တော၊ လွန်လေပြီ။ ရာဇာ၊ သင်တို့သခင် အရှင်အရိန္ဒမမင်းမြတ်သည်။ ထလေ၊ ရဟန်းအဖြစ်တည်းဟူသော ကုန်းကြည်းထက်၌။ ပတိဋ္ဌိတော၊ တည်လေပြီ။ အကဏ္ဋကံ၊ ရာဂအစရှိသော ဆူးငြောင့်မှ ကင်းထသော။ အဂဟဏံ၊ ရာဂအစရှိသည်တို့သည် မစွဲလမ်းအပ်ထသော။ မဟာပထံ၊ နတ်ရွာနိဗ္ဗာန်သို့ သွားသောသူတို့၏ ခရီးမသို့။ ပဋိပန္နော၊ သွားလေပြီ။

၆၇။ ဘဒ္ဒန္တေ၊ ရှင်မတို့။ ယေန မိစ္ဆာမဂ္ဂေန၊ အကြင်မှားသောခရီးဖြင့်။ ဒုဂ္ဂတိံ၊ မကောင်းမှုကို ပြုသောသူတို့၏ လားရာဘုံဘဝသို့။ ဂစ္ဆန္တိ၊ သွားရကုန်၏။ သကဏ္ဋကံ၊ ရာဂအစရှိသော ဆူးငြောင့်လည်းရှိထသော။ သဂဟဏံ၊ ရာဂအစရှိသည်တို့သည် စွဲလမ်းအပ်ထသော။ ဒုဂ္ဂတိဂါမိနံ၊ မကောင်းမှုကို ပြုသောသူတို့၏ သွားရာဖြစ်သော။ တံ မဂ္ဂံ၊ ထိုခရီးကို။ အဟဉ္စ၊ ငါသည်သာလျှင်။ ပဋိပန္နော၊ သွားသည်။ အသ္မိ၊ ဖြစ်ချေ၏။

ထို့နောင်မှ မင်းသမီးအပေါင်း မောင်းမတို့သည် အရိန္ဒမ မင်းကြီးသည် ရှေးဦးစွာ ငါတို့ကိုစွန့်၍ ရဟန်းပြုတော်မူလေပြီ၊ ဤဒီဃာဝု မင်းသားသည်လည်း ကာမဂုဏ်တို့၌ တပ်စွန်းခြင်းကင်းသော စိတ်သဘောရှိ၏။ အကယ်၍ ထိုမင်းသားကို ကာမဂုဏ်၌ မမွေ့လျော်စေကုန်အံ့၊ တောထွက်၍ ရဟန်းပြုခဲ့ရာ၏။ ကာမဂုဏ်ချမ်းသာ၌ အလွန် မွေ့လျော်ကြောင်းဖြစ်သော အခြင်းအရာကို ပြုကြကုန်အံ့ဟု ကြံကြကုန်၏။ ကြံကုန်ပြီး၍ ထိုဒီဃာဝုမင်းသားကို အလွန် နှစ်သက်စေလိုကုန်ရကား...

၆၈။ တဿ တေ သွာဂတံ ရာဇ၊ သီဟသေဝ ဂိရိဗ္ဗဇံ။

အနုသာသ မဟာရာဇ၊ တွံ နော သဗ္ဗာသမိဿရော။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။

၆၈။ ရာဇ၊ အရှင်မင်းမြတ်။ ဂိရိဗ္ဗဇံ၊ ခြင်္သေ့မငယ်နေရာ ရွှေဂူသို့။ သီဟဿ၊ သားများသေဌ်နင်း ခြင်္သေ့မင်း၏။ အာဂတံဝ၊ လာခြင်းကဲ့သို့။ တဿ-တေ၊ ထိုအရှင်မင်းမြတ်၏။ အာဂတံ၊ လာတော်မူခြင်းသည်ကား။ သွာဂတံ၊ ကောင်းသော လာတော်မူခြင်းတည်း။ မဟာရာဇ၊ မင်းမြတ်။ အနုသာသ၊ ဆုံးမတော်မူပါလော့။ တွံ၊ အရှင်မင်းမြတ်သည်။ သဗ္ဗာသံ၊ အလုံးစုံကုန်သော။ နော-အမှာကံ၊ အကျွန်ုပ်တို့၏။ ဣဿရော၊ အစိုးရသော ချစ်လင်တည်း။

ဤသို့သောစကားကို ဆိုကုန်၍ အလုံးစုံသော တီးမှုတ်မျိုးတို့ကို တီးမှုတ်ကြကုန်၏။ အထူးထူး အပြားပြားသော ကခြင်း သီခြင်းတို့ကို ဖြစ်စေကုန်၏။ စည်းစိမ်ချမ်းသာ အခြံအရံသည် အလွန်များ၏။ ထိုဒီဃာဝုမင်းသားသည် များမြတ်သော စည်းစိမ်အခြံအရံဖြင့် ယစ်သည်ဖြစ်၍ ခမည်းတော်ကို မအောက်မေ့ပြီ။ တရားနှင့်အညီ မင်းပြု၍ ကံအားလျော်စွာ လား၏။ ဘုရားအလောင်းသည်လည်း ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ အသက်၏အဆုံး၌ ဗြဟ္မာ့ပြည်သို့ လားတော်မူ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌သာလျှင် သင်တို့ဆရာ ငါဘုရားသည် မြတ်သောတောထွက်ခြင်းကို တောထွက်တော်မူသည် မဟုတ်သေး၊ ရှေး၌လည်း မြတ်သော တောထွက်ခြင်းကို တောထွက်တော် မူဖူးသည်လျှင်တည်း ဟု မိန့်တော်မူ၍ ထိုအခါ အရှင်သောဏက ပစ္စေကဗုဒ္ဓါသည် ပရိနိဗ္ဗာန် ပြုတော်မူပြီ။ ယခုအခါ ရာဟုလာသည် ထိုအခါ ဒီဃာဝုမင်းသား ဖြစ်ဖူးပြီ၊ ကြွင်းသောပရိသတ်သည် ယခုအခါ ဘုရားရှင်၏ ပရိသတ်တို့ ဖြစ်ကုန်ပြီ။ ယခုအခါ ငါဘုရားသည် ထိုအခါ အရိန္ဒမမင်း ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဆင်သေကောင်ပုပ်၊ ကျီးကန်းယုတ်၊ အဟုတ်မက်ကာ သေရရှာ

ရှေးဦးစွာသော သောဏကဇာတ်သည် ပြီး၏။

*****