ကုသဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၃၁။ ကုသဇာတ် (၁)


သတ္တတိနိပါတ်

၁။ ကုသဇာတ်

ကိလေသာအလိုသို့ မလိုက်သင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဣဒံ တေ ရဋ္ဌံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုသဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သာသနာတော်၌ ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်သည်ဖြစ်၍ လူထွက်ချင်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သာဝတ္ထိပြည်၌နေသော အမျိုးသားဖြစ်သော ထိုရဟန်းသည် သာသနာတော်၌ အသက်ကိုစွန့်၍ ရဟန်းပြုသတတ်၊ တစ်နေ့သ၌ သာဝတ္ထိပြည်သို့ ဆွမ်းခံသွားသည်ရှိသော် တန်ဆာဆင်အပ်သော မိန်းမတစ်ယောက်ကို လက် ခြေ ဆံပင် အစရှိသော အလုံးစုံသော ကိုယ်အင်္ဂါသည် လွန်စွာ တင့်တယ်ပေစွတကား ဟူသောအယူကို ယူသောအားဖြင့် ကြည့်လေလျှင် ကိလေသာသည် လွန်စွာနှိပ်စက်လျက် သာသနာတော်၌ မမွေ့လျော်သည်ဖြစ်၍ နေ၏။ ရှည်သော ဆံ, လက်သည်းရှိသည်။ ညစ်နွမ်းသော အဝတ်သင်္ကန်းရှိသည်။ ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သော အဆင်းရှိသည်ဖြစ်၍ နေ၏။

နတ်တို့သေခါနီး

ဥပမာမည်သည်ကား နတ်ပြည်မှ စုတော့အံ့သော သဘောရှိကုန်သော နတ်တို့အား ငါးပါးသာ ပုဗ္ဗနိမိတ်တို့သည် ထင်ကုန်၏။ ပန်ဆင်သော ပန်းတို့သည် ညှိုးကုန်၏။ ဆင်ဝတ်သော အဝတ်တို့သည် ညစ်နွမ်းကုန်၏။ ကိုယ်၌ အဆင်းမလှခြင်းသို့ရောက်၏။ လက်ကတီးကြားနှစ်ဖက်တို့မှ ချွေးတို့သည် ထွက်ကုန်၏။ နတ်တို့၏ နေရာ၌ မမွေ့လျော်ကုန်သကဲ့သို့။

ရဟန်းတို့လူထွက်ခါနီး

ထို့အတူ သာသနာတော်မှ ရွေ့လျောလိုသော သဘော ရှိကုန်သော ငြီးငွေ့ဆန့်ကျင်ကုန်သော ရဟန်းတို့အား ငါးပါးသော နိမိတ်တို့သည် ထင်ကုန်၏။ သဒ္ဓါတရားတည်းဟူသော ပန်းတို့သည် ညှိုးနွမ်းကုန်၏။ သီလတည်းဟူသော အဝတ်တို့သည် ညစ်နွမ်းကုန်၏။ မျက်မှောင်ကြုတ်သော အဖြစ်ဖြင့်လည်းကောင်း၊ အရှိန်အစော်မရှိသောအားဖြင့်လည်းကောင်း အဆင်းမလှခြင်းသို့ ရောက်၏။ ကိလေသာတည်းဟူသော ချွေးတို့သည် ယိုထွက်ကုန်၏။ တောကျောင်း၌ လည်းကောင်း၊ သစ်ပင်ရင်း၌လည်းကောင်း၊ ဆိတ်ငြိမ်ရာအရပ်၌ လည်းကောင်း မမွေ့လျော်၊ ထိုရဟန်းအားလည်း ထိုနိမိတ်ငါးပါးတို့သည် ထင်ကုန်၏။

ထိုအခါ ထိုရဟန်းကို သဗ္ဗညူဘုရားသခင် အထံတော်သို့ ဆောင်ယူ၍ ဘုန်းတော်ကြီးလှသော အရှင်ဘုရား... ဤရဟန်းသည် သာသနာတော်၌ ငြီးငွေ့၏ဟု ပြကြကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း... မှန်ပေသလော ဟု မေးတော်မူ၍ အရှင်ဘုရား... မှန်ပေ၏ဟု နားတော် လျှောက်လတ်သော် ရဟန်း... ကိလေသာအလိုသို့ မလိုက်သင့်၊ မိန်းမမည်သည်ကား အလွန်ယုတ်မာ၏။ ထိုမိန်းမ၌ တပ်စွန်းသောစိတ်ကို ဖျောက်ဘိလော့၊ ငါဘုရား သာသနာတော်၌ မွေ့လျော်လော့၊ ထိုစကားသည် မှန်၏။ မိန်းမ၌ တပ်စွန်းသောစိတ် ရှိသောကြောင့် ဘုန်းတန်ခိုး အာနုဘော်ရှိကုန်သော ရှေးပညာရှိတို့သည်လည်း ဘုန်းတန်ခိုး အရှိန်အစော်မရှိကုန်သည်ဖြစ်၍ အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်ဖူးကုန်ပြီ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း... လွန်လေပြီးသောအခါ မလ္လတိုင်း ကုသဝတီအမည်ရှိသော မင်းနေပြည်ကြီး၌ ဩက္ကာကရာဇ် အမည်ရှိသောမင်းသည် ရာဇဓံဆယ်ပါးနှင့်အညီ မင်းပြု၏။ ထိုဩက္ကာကရာဇ်မင်း၏ တစ်သောင်း ခြောက်ထောင်ကုန်သော မောင်းမတို့၏ အကြီးဖြစ်သော မိဖုရားကြီးသည် သီလဝတီအမည်ရှိ၏။ ထိုသီလံဝတီ မိဖုရားကြီးသည် သားသမီးမရ။ ထိုအခါ ဩက္ကာကရာဇ်မင်း၏ မြို့၌နေသော လူအပေါင်းတို့သည်လည်းကောင်း၊ မလ္လတိုင်း၌နေသော လူအပေါင်းတို့သည်လည်းကောင်း၊ မင်းအိမ်တံခါး၌ စည်းဝေးကုန်၍ အရှင်မင်းကြီး၏ တိုင်းပြည်သည် ပျက်စီးလတ္တံ့ဟု ကြွေးကြော်ကုန်၏။ ဩက္ကာကရာဇ်မင်းကြီးသည် ခြင်္သေ့ခံသော လေသွန်တံခါးကိုဖွင့်၍ ငါသည် မင်းပြုသည်ရှိသော် မတရားသဖြင့် ပြုသောမည်သည်မရှိ၊ အဘယ့်ကြောင့် ကြွေးကြော်ကုန်သနည်းဟု မေးတော်မူ၏။ အရှင်မင်းမြတ်... မတရားသဖြင့် ပြုသောမည်သည် မရှိဟု မိန့်တော်မူသည်ကား မှန်ပေ၏။ ထိုသို့ မှန်သော်လည်း အရှင်မင်းမြတ်အား အမျိုးအနွယ်ကို စောက်ရှောက်တတ်သော သားတော်သည် မရှိပါ။ တစ်ပါးမင်းသည် တိုင်းပြည်ကိုယူ၍ အရှင်မင်းကြီး၏ တိုင်းပြည်ကို ပျက်စီးစေလတ္တံ့၊ ထို့ကြောင့် တရားနှင့်အညီ မင်းပြုခြင်းငှာ စွမ်းနိုင်သာသားကို တောင့်တတော် မူပါကုန်လော့ဟု တင်လျှောက်ကြကုန်၏။ သားဆုတောင်းသည်ရှိသော် အသို့ပြုရအံ့နည်းဟု မေးတော်မူ၏။ အရှင်မင်းမြတ်... ရှေးဦးစွာ တစ်ခုသော ခုနစ်ရက်ပတ်လုံး မောင်းမငယ်ကို တရားစောင့်သော မောင်းမငယ်ဟုပြု၍ လွှတ်တော်မူလော့၊ ထိုမောင်းမငယ်သည် သားကို အကယ်၍ ရအံ့၊ ကောင်း၏။ အကယ်၍ မရအံ့၊ ထိုသို့မရသည်ရှိသော် အလတ်ဖြစ်သော မောင်းမကို တရားစောင့်သော မောင်းမဟုပြု၍ လွှတ်တော်မူကုန်လော့၊ ထို့နောင်မှ မောင်းမကြီးကို တရားစောင့်သော မောင်းမဟုပြု၍ လွှတ်တော်မူကုန်လော့၊ ဤမျှလောက်ကုန်သော မောင်းမတို့တွင် တစ်ယောက်ယောက်သည် ဘုန်းကံရှိအံ့၊ မချွတ်လျှင် သားကိုရပါလတ္တံ့ဟု တင်လျှောက်ကြကုန်၏။

မောင်းမမိဿံ သားဆုပန်

ဩက္ကာကရာဇ် မင်းကြီးသည် ထိုသူတို့၏ စကားကိုကြားလျှင် ထိုသူတို့တင်လျှောက်တိုင်း ပြုတော်မူ၍ ခုနစ်ရက်မြောက်သောနေ့၌ အလိုရှိတိုင်း မွေ့လျော်ပျော်ပါး၍ လာကုန်သော မောင်းမတို့အား ရှင်မတို့ အသို့နည်း၊ သင်တို့အား သား ရပါ၏လောဟု မေးတော်မူ၏။ အလုံးစုံသော မောင်းမတို့သည် အရှင်မင်းကြီး... မရပါကုန်ဟု တင်လျှောက်ကြကုန်၏။ ဩက္ကာကရာဇ် မင်းကြီးသည် ငါ့အား သားသည် မဖြစ်လတ္တံ့ဟု နှလုံးသာယာတော်မမူ။

ပြည်သူတို့သည် တစ်ဖန် ထိုရှေးအတူလျှင် ကြွေးကြော်ကြပြန်ကုန်၏။ ဩက္ကာကရာဇ် မင်းကြီးသည် အဘယ့်ကြောင့် ကြွေးကြော်ကုန်သနည်း၊ ငါသည် သင်တို့စကားဖြင့် မောင်းမတို့ကို စေလွှတ်အပ်ကုန်ပြီ၊ တစ်ယောက်သော မောင်းမမျှလည်း သားကိုမရ၊ ယခု အသို့ပြုကုန်အံ့နည်းဟု မိန့်တော်မူ၏။ အရှင်မင်းမြတ်... ထိုမောင်းမတို့သည် သီလမရှိကုန်သည်, ဘုန်းကံမရှိကုန်သည် ဖြစ်ကုန်လတ္တံ့၊ ထိုမောင်းမတို့အား သားရခြင်းငှာ ကောင်းမှုမရှိ၊ အရှင်မင်းမြတ်တို့သည် ထိုမောင်းမတို့၌ သားမရကုန်သည်ရှိသော် ကြောင့်ကြမဲ့ ဖြစ်တော်မမူပါကုန်လင့်၊ အရှင်မင်းမြတ်၏ သီလဝတီအမည်ရှိသော မိဖုရားကြီးသည် သီလနှင့် ပြည့်စုံပါ၏။ ထိုမိဖုရားကို လွှတ်တော်မူပါကုန်လော့၊ ထိုမိဖုရားကြီးအား သားရပါလတ္တံ့ဟု တင်လျှောက်ကြကုန်၏။ ဩက္ကာကရာဇ်မင်းကြီးသည် ကောင်းပြီဟု ဝန်ခံတော်မူ၍ ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ ဩက္ကာကရာဇ် မင်းကြီးသည် သီလဝတီ မိဖုရားကြီးကို တရားစောင့်သော မိဖုရားကြီးဟုပြုတော်မူ၍ လွှတ်တော်မူလတ္တံ့ သတတ်၊ ယောက်ျား အပေါင်းတို့သည် စည်းဝေးစေကုန်သတည်းဟု စည်လည်စေတော်မူ၍ ခုနစ်ရက်မြောက်သောနေ့၌ သီလဝတီ မိဖုရားကြီးကို တန်ဆာဆင်ပြီးလျှင် နန်းတော်မှသက်စေ၍ လွှတ်တော်မူ၏။

သိကြားမင်း သားဆုပေးပုံ

ထိုသီလဝတီ မိဖုရားကြီး၏ သီလတန်ခိုးကြောင့် သိကြားမင်း၏နေရာသည် ပူသောအခြင်းအရာကို ပြ၏။ သိကြားမင်းသည် အကြောင်း အသို့နည်းဟု ဆင်ခြင်လတ်သော် သီလဝတီ မိဖုရားအား ငါသည် သားဆုကို ပေးခြင်းငှာ သင့်၏။ ထိုမိဖုရားအား လျောက်ပတ်သောသားသည် နတ်ပြည်၌ ရှိပါအံ့လောဟု စူးစမ်းလတ်သော် ဘုရားလောင်း နတ်သားကို မြင်၏။ ထိုဘုရားလောင်း နတ်သားသည် ထိုအခါ တာဝတိံသာနတ်ပြည်၌ အသက်ကိုကုန်စေ၍ အထက်နတ်ပြည်၌ ဖြစ်လိုသတတ်။ သိကြားမင်းသည် ထိုနတ်သား၏ ဗိမာန်တံခါးသို့သွား၍ ထိုနတ်သားကို ခေါ်စေပြီးလျှင် အမောင်နတ်သား... အမောင်သည် လူ့ပြည်သို့သွား၍ ဩက္ကာကရာဇ်မင်း၏ မိဖုရားကြီးဝမ်း၌ ပဋိသန္ဓေယူအံ့သောငှာ သင့်၏ဟုဆို၍ ထိုနတ်သားအား ဝန်ခံစေပြီးလျှင် ထိုနတ်သားမှ တစ်ပါးသောနတ်သားကို အမောင်နတ်သားသည်လည်း ထိုသီလဝတီ မိဖုရားကြီး၏ သားဖြစ်လတ္တံ့ ဟုဆို၍ စင်စစ် ထိုသီလဝတီ မိဖုရားကြီး၏သီလကို တစ်စုံတစ်ယောက်သောသူသည် မဖျက်ဆီးစေသတည်းဟု နှလုံးသွင်း၍ ပုဏ္ဏားအိုအသွင်ဖြင့် ဩက္ကာကရာဇ်မင်းကြီး၏ နန်းတော်တံခါးသို့ သွားလေ၏။ လူများသည်လည်း ရေချိုးပြီး၍ တန်ဆာဆင်ပြီးသော် ငါသည် မိဖုရားကြီးကိုယူအံ့၊ ငါသည် မိဖုရားကြီးကိုယူအံ့ဟု မင်းအိမ်တံခါးဝ၌ စည်းဝေး၏။ သိကြားမင်းကိုမြင်လျှင်ကား သင်သည် အဘယ့်ကြောင့် လာသနည်း ဟု ပြက်ရယ်ပြု၏။ သိကြားမင်းသည် ငါ့ကို သင်တို့ အဘယ့်ကြောင့် ကဲ့ရဲ့ကြကုန်သနည်း၊ ငါ၏ကိုယ်သည် အကယ်၍ကား အို၏။ ထိုသို့အိုသော်လည်း ရာဂမအို၊ သီလဝတီ မိဖုရားကြီးကို အကယ်၍ ရအံ့၊ ယူ၍သွားအံ့ဟု လာ၏ဟု ဆို၍ မိမိအာနုဘော်ဖြင့် အလုံးစုံသောသူတို့၏ ရှေ့မှလျှင် ရပ်၏။

တစ်ပါးသောသူသည် သိကြားမင်းတန်ခိုးကြောင့် ရှေ့မှဖြစ်ခြင်းငှာ မတတ်နိုင်။ ထိုသို့ သိကြားမင်းသည် ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော နန်းတော်မှထွက်လတ်သော ထိုမိဖုရားကြီးကိုလျှင် လက်၌ကိုင်၍ ဆောင်ယူသွားလေ၏။ ထိုအခါ သိကြားမင်းကို ထိုထိုအရပ်၌ တည်ကုန်သောသူတို့သည် ကဲ့ရဲ့ကြကုန်၏။ အို အချင်းတို့... ကြည့်ကြပါကုန်လော့၊ ပုဏ္ဏားအိုသည် ဤသို့သဘောရှိသော မြတ်သောအဆင်းကိုဆောင်သော မိဖုရားကြီးကိုယူ၍ သွားဘိ၏။ မိမိအား မလျှောက်ပတ်သည်ကို မသိဟု ကဲ့ရဲ့ကြကုန်၏။ မိဖုရားကြီးသည်လည်း ပုဏ္ဏားအိုသည် ငါ့ကို ယူ၍သွားဘိ၏ ဟူ၍လည်း ဆင်းရဲခြင်းမဖြစ်၊ မစက်ဆုပ်။ ဩက္ကာကရာဇ်မင်းကြီးသည်လည်း နန်းတော်လေသွန်တံခါး၌ ရပ်တော်မူ၍ အဘယ်သူသည် မိဖုရားကြီးကိုယူ၍ သွားလေသနည်းဟု ကြည့်လတ်သော် ထိုပုဏ္ဏားအိုကိုမြင်၍ နှလုံးမသာယာခြင်း ဖြစ်တော်မူ၏။ သိကြားမင်းသည် ထိုမိဖုရားကြီးကိုယူ၍ မြို့တံခါးဖြင့် ထွက်သွားပြီးလျှင် မြို့တံခါးအနီး၌ ဟင်းလင်းသော တံခါးရှိသော ခင်းအပ်သော ပျဉ်အခင်းရှိသော အိမ်တစ်ဆောင်ကို ဖန်ဆင်း၏။ ထိုအခါ သိကြားမင်းကို သီလဝတီမိဖုရားကြီးသည် အရှင်... ဤအိမ်သည် သင့်အိမ်လောဟု မေး၏။ သိကြားမင်းသည် ရှင်မိဖုရား... ဟုတ်၏။ ရှေး၌မူကား ငါတစ်ယောက်တည်းသာ၊ ယခု ငါတို့နှစ်ယောက် ဖြစ်ကြကုန်၏။ ငါသည် ဆွမ်းခံသွား၍ ဆန်အစရှိသည်တို့ကို ယူစေအံ့၊ ရှင်မိဖုရားသည် ဤပျဉ်အခင်း၌ အိပ်လော့ ဟုဆို၍ သိကြားမင်းသည် ထိုမိဖုရားကြီးကို နူးညံ့သောလက်ဖြင့် သုံးသပ်လျက် နတ်၏အတွေ့ကို နှံစေ၍ ထိုပျဉ်အိပ်ရာခင်း၌ အိပ်စေ၏။ ထိုမိဖုရားသည် နတ်၏အတွေ့ နှံ့သည်ဖြစ်၍ အမှတ်သညာကို လွတ်စေ၏။ ထိုအခါ မိဖုရားကြီးကို မိမိအာနုဘော်ဖြင့် တာဝတိံသာနတ်ပြည်သို့ ဆောင်ယူပြီးလျှင် တန်ဆာဆင်အပ်သောဗိမာန်ဝယ် နတ်၏အိပ်ရာ၌ အိပ်စေ၏။

ထိုမိဖုရားကြီးသည် ခုနစ်ရက်မြောက်သောနေ့၌နိုး၍ ထိုသို့သော စည်းစိမ်ချမ်းသာ၏ပြည့်စုံခြင်းကို မြင်ရလျှင် ထိုပုဏ္ဏားသည် လူမဟုတ်၊ သိကြားမင်း ဖြစ်လတ္တံ့ဟု သိ၏။ သိကြားမင်းသည်လည်း ထိုအခါ ပင်လယ်ကသစ်ပင်ရင်း၌ နတ်သမီး ကချေသည်အပေါင်း ခြံရံလျက်နေ၏။ သီလဝတီ မိဖုရားသည် အိပ်ရာမှထ၍ ထိုသိကြားအထံသို့ သွားပြီးလျှင် ရှိခိုး၍ တင့်အပ်သောအရပ်၌ နေ၏။ ထိုအခါ သီလဝတီ မိဖုရားကို သိကြားမင်းသည် ရှင်မိဖုရား... ရှင်မိဖုရားအား ငါ ဆုပေး၊ ယူအံ့လောဟုဆို၍ အရှင်နတ်မင်း... ထိုသို့ ပေးတော်မူလိုလျှင်ကား အကျွန်ုပ်အား သားဆုကို ပေးတော်မူလော့ဟု ဆို၏။ ရှင်မိဖုရား... သားတစ်ယောက်ကို ထားဘိဦး၊ ရှင်မိဖုရားအား သားနှစ်ယောက်တို့ကို ငါ ပေးအံ့။ ထိုသားနှစ်ယောက်တို့တွင်ကား တစ်ယောက်သည် ပညာရှိသည် ဖြစ်လတ္တံ့၊ အဆင်းမှုကား မလှအံ့၊ တစ်ယောက်သည် အလွန် အဆင်းလှလတ္တံ့၊ ပညာမရှိအံ့၊ ထိုသားနှစ်ယောက်တို့တွင် အဘယ်သားကို ရှေးဦးစွာ အလိုရှိသနည်းဟု မေး၏။ အရှင်နတ်မင်း ပညာရှိသောသားကို အလိုရှိပါ၏ဟု ဆို၏။ ထိုသိကြားမင်းသည် ကောင်းပြီဟု ဆို၍ ထိုသီလဝတီ မိဖုရားအား သမန်းမြက်ကိုလည်းကောင်း၊ နတ်ပုဆိုးကို လည်းကောင်း၊ နတ်၌ဖြစ်သော စန္ဒကူးနံ့သာကိုလည်းကောင်း၊ ပင်လယ်ကသစ်ပွင့်ကိုလည်းကောင်း၊ ကောကနဒအမည်ရှိသော စောင်းကိုလည်းကောင်း ပေးပြီးလျှင် ထိုသီလဝတီ မိဖုရားကြီးကိုယူခဲ့၍ ဩက္ကာကရာဇ်မင်းကြီး၏ အိပ်ရာတိုက်ခန်းသို့ မင်းနှင့်တကွ တစ်အိပ်ရာတည်း၌ အိပ်စေပြီးလျှင် လက်မဖြင့် ထိုသီလဝတီမိဖုရားကြီး၏ ချက်ကို သုံးသပ်၏။ ထိုခဏ၌ ဘုရားလောင်းသည် ထိုသီလဝတီမိဖုရားကြီး ဝမ်း၌ ပဋိသန္ဓေယူတော်မူ၏။ သိကြားမင်းသည်လည်း မိမိနေရာ တာဝတိံသာ နတ်ပြည်သို့သာလျှင် သွားလေ၏။ ပညာရှိတို့သည် သီလဝတီမိဖုရားကြီး ကိုယ်ဝန်တည်သောအဖြစ်ကို သိကုန်၏။

မင်းကြီး ချီးမြှောက်ပြီ

ထိုအခါ သီလဝတီမိဖုရားကြီး နိုးလတ်သည်ကိုမြင်၍ ဩက္ကာကရာဇ်မင်းကြီးသည် ရှင်မိဖုရား... ရှင်မိဖုရားကို အဘယ်သူ ဆောင်ယူသနည်းဟု မေးတော်မူ၏။ အရှင်မင်းကြီး... သိကြားမင်းသည် ဆောင်ယူပါ၏ ဟု တင်လျှောက်၏။ ငါသည် မျက်မှောက်အားဖြင့် သင့်ကို ပုဏ္ဏားအိုတစ်ယောက် ယူ၍သွားသည်ကို မြင်၏။ အဘယ့်ကြောင့် ငါ့ကို လှည့်စားဘိသနည်း၊ ငါမယုံဟု မိန့်တော်မူ၏။ အရှင်မင်းကြီး... ယုံတော်မူကုန်လော့၊ သိကြားမင်းသည် အကျွန်ုပ်ကိုယူ၍ နတ်ပြည်သို့ဆောင်ပါ၏ဟု တင်လျှောက်၏။ ရှင်မိဖုရား... ငါမယုံဟု မိန့်တော်မူ၏။ ထိုအခါ မင်းကြီးအား မိဖုရားကြီးသည် သိကြားမင်းပေးအပ်သော သမန်းမြက် စသည်တို့ကိုပြ၍ ယုံတော်မူပါကုန်လော့ဟု တင်လျှောက်ပြန်၏။ ဩက္ကာကရာဇ်

မင်းကြီးသည် ရှင်မိဖုရား... သမန်းမြက်သည်ကိုကား အကြင်အမှတ်မရှိသော အရပ်၌ ရရာ၏။ ထို့ကြောင့် ငါယုံတော်မမူဟု မိန့်တော်မူ၏။ ထိုအခါ ဩက္ကာကရာဇ်မင်းကြီးအား မိဖုရားကြီးသည် နတ်ပုဆိုးစသည်တို့ကို ပြပြန်၏။ ဩက္ကာကရာဇ် မင်းကြီးသည် ထိုသမန်းမြက် နတ်ပုဆိုး စသည်တို့ကို မြင်လျှင် ယုံတော်မူ၍ ရှင်မိဖုရား... သိကြားမင်းသည် သင့်ကိုဆောင်စေကာမူ ရှင်မိဖုရားအား သားရပါသလောဟု မေးတော်မူ၏။ အရှင်မင်းကြီး... ရအပ်ပြီ၊ အကျွန်ုပ်အား ကိုယ်ဝန်တည်ပြီ ဟု တင်လျှောက်လတ်သော် ဩက္ကာကရာဇ်မင်းကြီးသည် အလွန်နှစ်သက်တော် မူသည်ဖြစ်၍ ထိုမိဖုရားကြီးအား ကိုယ်ဝန်အစောင့်အရှောက်ကို ပေးတော်မူ၏။

ကုသနှင့် ဇယမ္ပတိ

ထိုသီလဝတီ မိဖုရားကြီးသည် ဆယ်လလွန်သဖြင့် သားကို ဖွားတော်မူ၏။ ထိုသားအား တစ်ပါးသောအမည်ကို မမှည့်မူ၍ သမန်းမြက်ကိုစွဲသဖြင့် ကုသ သတို့သား ဟူသော အမည်ကိုသာလျှင် မှည့်ကုန်၏။ ကုသမင်းသား ခြေဖြင့်သွားနိုင်သော ကာလ၌ တစ်ယောက်သော နတ်သားသည် နတ်ပြည်မှစုတေခဲ့၍ ထိုသီလဝတီ မိဖုရားကြီး ဝမ်း၌သာလျှင် ပဋိသန္ဓေ ယူလာပြန်၏။ ထိုသားအား ဇယမ္ပတိ ဟူသော အမည်ကိုမှည့်ကုန်၏။ ထိုမင်းသား ညီနောင်နှစ်ပါးတို့သည် များစွာသော အခြံအရံဖြင့် ကြီးကြကုန်၏။ ဘုရားအလောင်းဖြစ်သော နောင်တော် ကုသမင်းသားသည် အလွန် ပညာရှိတော်မူ၏။ ဆရာ၏အထံ၌ တစ်စုံတစ်ခုသော အတတ်ပညာကို မသင်မူ၍ မိမိပညာဖြင့်သာလျှင် အလုံးစုံသောအတတ်တို့၌ အပြီးသို့ရောက်၏။ ထိုအခါ သားတော်ကုသမင်းသား တစ်ဆယ့်ခြောက်နှစ် ရှိလတ်သော် ခမည်းတော် ဩက္ကာကရာဇ် မင်းကြီးသည် သားတော်အား မင်းအဖြစ်ကို ပေးတော်မူလိုသည်ဖြစ်၍ မယ်တော် မိဖုရားကြီးကို ခေါ်တော်မူပြီးလျှင် ရှင်မိဖုရား... ရှင်မိဖုရားသားအား မင်းအဖြစ်ကိုပေး၍ ကိုယ်လုပ်မောင်းမတို့ကို လုပ်ကျွေးစေကုန်အံ့၊ ငါတို့အသက်ရှိစဉ်လျှင် ငါတို့သားတော်ကို မင်းအဖြစ်၌တည်သည်ကို ရှုကုန်အံ့၊ စင်စစ်သော်ကား အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းအပြင်ဝယ် အကြင်ပြည့်ရှင်မင်း၏သမီးကို ငါ့တို့သားတော် အလိုရှိ၏။ ထိုမင်းသမီးကို ငါတို့သားဖို့ ဆောင်ယူ၍ မိဖုရားကြီးပြုစေကုန်အံ့၊ သားတော်စိတ်ကို သိအောင်ပြုလော့၊ အဘယ်မင်းသမီးကို ငါတို့သားတော် နှစ်သက်သနည်း ဟု မိန့်တော်မူ၏။

ကုသမင်းသားကိုမေးကြည့်ခြင်း

မယ်တော် သီလဝတီ မိဖုရားကြီးသည် ကောင်းပြီဟု ဝန်ခံ၍ သားတော်အား ဤအကြောင်းကို ကြားလျှောက်၍ သားတော်စိတ်ကို သိအောင်ပြုလော့ ဟု မှာထား၍ တစ်ယောက်သော အလုပ်အကျွေးမိန်းမကို စေတော်မူလိုက်၏။ ထိုအလုပ်အကျွေး မိန်းမသည်သွား၍ သားတော်အား ထိုအကြောင်းကို တင်လျှောက်၏။ ထိုသို့ တင်လျှောက်သော စကားကိုကြား၍ ဘုရားလောင်းသည် ငါသည် အဆင်းမလှ၊ အဆင်းနှင့်ပြည့်စုံသော မင်းသမီးတို့ကို ဆောင်ယူခဲ့ကုန်သော်လည်း ငါ့ကိုမြင်ရလျှင် ငါ့အား အဆင်းမလှသော မင်းသားဖြင့် အဘယ်မူအံ့နည်းဟု ပြေးလေကုန်ရာ၏။ ဤသို့ ထွက်ပြေးသည်ရှိသော် ငါတို့အား ရှက်ဖွယ်ဖြစ်လတ္တံ့၊ ငါ့အား အိမ်ရာထောင်ခြင်းဖြင့် အဘယ်မူအံ့နည်း၊ ထင်ရှားရှိသော မယ်တော် ခမည်းတော်တို့ကို လုပ်ကျွေး၍ ထိုမယ်တော် ခမည်းတော်တို့ ကွယ်လွန်သဖြင့် တောထွက်၍ ရဟန်းပြုဟု ကြံ၍ ထိုဘုရားလောင်း ကုသမင်းသားသည် ငါ့အား မင်းအဖြစ်ဖြင့် အလိုမရှိ၊ ကိုယ်လုပ်မောင်းမတို့ဖြင့် အလိုမရှိ၊ စင်စစ်သော်ကား ငါသည် မယ်တော်ခမည်းတော်တို့ ကွယ်လွန်သဖြင့် ရဟန်းသာလျှင် ပြုအံ့ ဟု မှာတော်မူလိုက်၏။

ထိုအလုပ်အကျွေး မိန်းမသည် သွားလေ၍ သားတော် မှာလိုက်သော စကားကို မယ်တော် မိဖုရားကြီးအား တင်လျှောက်၏။ မယ်တော် မိဖုရားကြီးသည်လည်း ခမည်းတော် ဩက္ကာကရာဇ် မင်းကြီးအား တင်လျှောက်၏။ ခမည်းတော် ဩက္ကာကရာဇ် မင်းကြီးသည် သားတော် တင်လျှောက်လိုက်သော စကားကိုကြားတော်မူလျှင် နှလုံးမသာသည်ဖြစ်၍ တစ်ဖန် နှစ်ရက်သုံးရက်လွန်လျှင် သတင်းစကားကို စေတော်မူပြန်၏။ သားတော် ကုသမင်းသားသည်လည်း ပယ်တော်မူသည်သာလျှင်တည်း။

ဤသို့ သုံးကြိမ်မြောက်အောင် ပယ်တော်မူ၍ လေးကြိမ်မြောက်၌ ငါသည် မယ်တော် ခမည်းတော်တို့နှင့်တကွ စင်စစ်သဖြင့် ဆန့်ကျင်ဘက် ဖြစ်ခြင်းမည်သည်ကား မသင့်လျော်၊ ထို့ကြောင့် တစ်ခုသော ဥပါယ်တံမျဉ်ကို ပြုအံ့ ဟု ကြံတော်မူ၏။ ကြံပြီး၍ ထိုကုသမင်းသားသည် ရွှေပန်းထိမ်သည်ကြီးကို ခေါ်စေတော်မူ၍ များစွာသော ရွှေကိုပေးပြီးလျှင် တစ်ခုသောမိန်းမရုပ်ကို ပြုလော့ ဟု စေတော်မူ၍ ထိုရွှေပန်းထိမ်သည်ကြီး သွားသည်ရှိသော် တစ်ပါးသောရွှေကိုယူ၍ မိမိကိုယ်တိုင်လည်း မိန်းမရုပ်ကို ပြု၏။

ရွှေရုပ်ပုံနှင့်တူမှယူမည်

ဘုရားအလောင်းတို့ အလိုတော်မည်သည်ကား ပြည့်စုံသည်သာလျှင်တည်း။ ထိုဘုရားအလောင်း ပြုသော ရွှေရုပ်ကို အသက်ရှင်သောမိန်းမသည် အဆင်း၏ တင့်တယ်ခြင်းဖြင့် မမှီနိုင်ဖြစ်၏။ ထိုအခါ ဘုရားလောင်းသည် ထိုရွှေရုပ်ကို ခေါမတိုင်း၌ဖြစ်သော အဝတ်ကိုဝတ်၍ ကျက်သရေရှိသော တိုက်ခန်း၌ ထားစေ၏။ ဘုရားလောင်းသည် ရွှေပန်းထိမ်သည်ကြီးသည် ဆောင်ယူခဲ့သော ရွှေရုပ်ကို မြင်တော်မူလျှင် ထိုရွှေရုပ်ကို ကဲ့ရုံတော်မူ၍ အမောင်သွားချေ၊ ကျက်သရေရှိသော ငါတို့တိုက်ခန်း၌ ထားအပ်သော ရွှေရုပ်ကို ဆောင်ယူခဲ့ချေလော့ ဟု စေတော်မူ၏။ ထိုရွှေပန်းထိမ်သည်ကြီးသည် ကျက်သရေရှိသော တိုက်ခန်းသို့ ဝင်သည်ရှိသော် ထိုရွှေရုပ်ကိုမြင်၍ အရှင်မင်းသားနှင့်တကွ မွေ့လျော်ခြင်းငှာ တစ်ယောက်သော နတ်သမီးသည် လာသည်ဖြစ်လတ္တံ့ဟု နှလုံးသွင်း၍ လက်ဆန့်ခြင်းငှာ မဝံရကား ထွက်ခဲ့၍ အရှင့်သား... ကျက်သရေရှိသော တိုက်ခန်း၌ တစ်ယောက်သော နတ်သမီးသည် ရှိပါ၏။ ကပ်အံ့သောငှာ မဝံ့ပါ ဟု တင်လျှောက်၏။ အမောင်... သွားချေ။ ဤသည်ကား ရွှေရုပ်တည်း၊ ဆောင်ယူခဲ့လော့ ဟု တစ်ဖန် စေတော်မူပြန်မှ ရွှေပန်းထိမ်သည်ကြီးသည် ဆောင်ယူ၏။ ကုသမင်းသားသည် ရွှေပန်းထိမ်သည်ကြီး ပြုအပ်သော ရွှေရုပ်ကို ရွှေတိုက်၌ထားပြီးလျှင် မိမိပြုလုပ်အပ်သော ရွှေရုပ်ကို တန်ဆာဆင်စေ၍ ယာဉ်၌ထားစေပြီးလျှင် ဤသို့ သဘောရှိသော မင်းသမီးကိုရသော် ယူအံ့ ဟု မယ်တော် အရှင်မိဖုရားကြီးထံသို့ ပို့စေ၏။

မယ်တော် မိဖုရားကြီးသည် မှူးတော် မတ်တော်တို့ကို ခေါ်စေတော်မူ၍ အမောင်တို့ သားတော်သည် ပညာကြီး၏။ သိကြားမင်းပေး၍ ရသောသားတည်း၊ လျောက်ပတ်သော မင်းသမီးကို ရပါလတ္တံ့၊ အမောင်တို့သည် ဤရွှေရုပ်နှင့်တူသော မင်းသမီးကို ရကုန်သည်ရှိသော် ယူခဲ့ကြကုန်၊ ဤရွှေရုပ်ကို ဖုံးလွှမ်းသောယာဉ်၌ထား၍ အလုံးစုံသောဇမ္ဗူဒိပ်ကျွန်းကို လှည့်လည်သည်ရှိသော် အကြင်မင်းကြီးအထံ၌ ဤရွှေရုပ်နှင့်တူသော မင်းသမီးကို မြင်ရ၏။ ထိုမင်းအား ဤရွှေရုပ်ကိုပေးခဲ့၍ အကျွန်ုပ်တို့အရှင်ဩက္ကာကရာဇ် မင်းကြီးသည် အရှင်မင်းကြီးတို့နှင့်တကွ အိမ်ရာထိမ်းမြားခြင်းကို ပြုတော်မူလတ္တံ့ ဟု နေ့ရက်အချိန်းအချက်ကို မှတ်သား၍ လာခဲ့ကြကုန်လော့ ဟု မှာတော်မူလိုက်၏။

ရွှေရုပ်ဖြင့် လှည့်လည်ရှာဖွေခြင်း

မှူးတော်မတ်တော်တို့သည် ကောင်းပြီဟု ထိုရွှေရုပ်ကိုယူ၍ များစွာသော အခြံအရံဖြင့်ထွက်သွား၍ လှည့်လည်ကုန်သည်ရှိသော် အကြင်မင်းနေပြည်တော်သို့ ရောက်ကုန်၏။ ထိုမင်းနေပြည်တော်၌ ညချမ်းအခါ လူများစည်းဝေးရာအရပ်၌ ထိုရွှေရုပ်ကို အဝတ်တန်ဆာတို့ဖြင့် တန်ဆာဆင်ကုန်ပြီးလျှင် ရွှေထမ်းစင်သို့တင်၍ ထိုလူများ စည်းဝေးရာအရပ်သို့ သွားသောခရီး၌ ချထား၍ မှူးတော် မတ်တော်တို့သည် ဖဲသွားကုန်၍ လာတိုင်းလာတိုင်းကုန်သော လူတို့၏ စကားကို နားထောင်အံ့သောငှာ တင့်အပ်သောအရပ်၌ နေကုန်၏။ လူများသည် ထိုရွှေရုပ်ကိုကြည့်၍ ရွှေရုပ်ဟူသောအမှတ်ကို မပြု၍ ဤသူသည် လူမိန်းမဖြစ်လျက် နတ်သမီးတမျှ လှပဘိ၏။ အလွန်လျှင် တင့်တယ်၏။ အဘယ့်ကြောင့် ဤအရပ်၌ နေလာသနည်း၊ အဘယ်အရပ်မှမူလည်း လာသနည်း၊ ငါတို့ပြည်၌ ဤသို့သဘောရှိသော မိန်းမသည် မရှိ ဟု ချီးမွမ်း၍ သွားကြလေ၏။ ထိုစကားကိုကြား၍ နားထောင်သော မှူးတော် မတ်တော်တို့သည် ဤပြည်၌ ဤသို့သဘောရှိသော သတို့သမီးသည် အကယ်၍ရှိငြားအံ့၊ ဤမည်သော မင်းသမီးကဲ့သို့တကား၊ ဤမည်သော အမတ်သမီးကဲ့သို့ တကားဟု ဆိုကုန်ရာ၏။ မချွတ်လျှင် ဤပြည်၌ ရွှေရုပ်နှင့် တူသောမိန်းမသည် မရှိ ဟု ထိုရွှေရုပ်ကိုယူ၍ တစ်ပါးသောပြည်သို့ သွားကြကုန်၏။ ထိုအခါ အမတ်တို့သည် ဤသို့ သွားကြလေကုန်သည်ရှိသော် မဒ္ဒရာဇ်တိုင်း သာဂလမြို့သို့ ရောက်ကြလေကုန်၏။ ထိုသာဂလမြို့၌ မဒ္ဒရာဇ်မင်း၏ သမီးတော် ရှစ်ယောက်တို့သည် မြတ်သောအဆင်းကို ဆောင်ကုန်၏။ နတ်သမီးနှင့်တူကုန်၏။ ထိုရှစ်ယောက်သော မင်းသမီးတို့တွင် အလုံးစုံသော မင်းသမီးတို့ထက် အကြီးသည် ပဘာဝတီ အမည်ရှိ၏။ ထိုပဘာဝတီမင်းသမီး ကိုယ်မှ တက်သစ်သော နေလုလင်ကဲ့သို့ အရောင်တို့သည် ပြိုးပြိုးပြက် ထွက်ကုန်၏။

ထိုအရောင်သည် အမိုက်၌လည်း လေးတောင်ရှိသော တိုက်ခန်း၌ ဆီမီးထွန်းခြင်းကိစ္စသည်မရှိ။ အလုံးစုံသော တိုက်ခန်းသည် တစ်ခဲနက် အရောင်ဖြင့် ထွန်းလင်းသည်သာလျှင်ဖြစ်၏။ ထိုပဘာဝတီမင်းသမီး အထိန်းသည်ကား ခုဇ္ဇာ အမည်ရှိ၏။ ထိုအထိန်းတော် ခုဇ္ဇာသည် ပဘာဝတီ မင်းသမီးကို ထမင်းစားစေပြီးလျှင် ထိုမင်းသမီး ပဘာဝတီအား ဦးခေါင်းနှင့်တကွ ရေချိုအံ့သောငှာ ရှစ်ယောက်ကုန်သော အဆင်းလှသော ကျွန်မတို့ကို ရေအိုးရှစ်လုံးတို့ကို ယူခဲ့စေ၍ ညချမ်းအခါ ရေခပ်အံ့သောငှာ သွားကုန်သည်ရှိသော် ရေဆိပ်ခရီး၌ တည်လင့်သော ထိုရွှေရုပ်ကို မြင်ကုန်လျှင် မင်းသမီး ပဘာဝတီဟူသော အမှတ်ဖြင့် ဤဆုံးမခက်သော သူမယ်မသည် ဦးခေါင်းနှင့်တကွ ရေချိုအံ့ ဟု ငါတို့ကို ရေခပ်စိမ့်သောငှာ စေလိုက်ပြီးလျက် ရှေးဦးစွာ လာ၍ ရေခပ်ဆိပ်၌ နေလင့်ဘိ၏ ဟု အမျက်ထွက်လတ်ကုန်ရကား အမျိုးကို ရှက်စေတတ်သော ဟယ် သူငယ်မ ငါတို့၏ရှေးဦးစွာ လာလတ်၍ အဘယ့်ကြောင့် ရေဆိပ်၌ နေလင့်ဘိသနည်း၊ ခမည်းတော် မင်းကြီးသည် အကယ်၍ သိဘော်မူအံ့၊ ငါတို့ ပျက်စီးရကုန်လတ္တံ့တကား ဟု ဆို၍ လက်ဖြင့် တင်ပါးကိုပုတ်လျှင် လက်ဝါးပြင် ကွဲအံ့သကဲ့သို့ဖြစ်၏။ ထို့နောင်မှ ရွှေရုပ်မှန်းသိ၍ ရယ်လျက် ထိုအဆင်းလှသော ကျွန်မတို့၏အထံသို့ သွားလေ၍ အချင်းတို့... ငါ၏ ဤအမှုကို ကြည့်ကြကုန်လော့၊ ငါ၏သမီးဟူသော အမှတ်ဖြင့် ငါသည် ပုတ်ခတ်မိ၏။ ဤရွှေရုပ်သည် သမီးနှင့်ယှဉ်လျှင် အဘယ်မျှထိုက်အံ့နည်း၊ သက်သက် ငါလက်ကို ဆင်းရဲဖြင့် နှိပ်စက်အပ်၏ ဟု ဆို၏။

ပဘာဝတီကို ရခဲ့ပြီ

ထိုအခါ အထိန်းတော် ခုဇ္ဇာကို ဩက္ကာကရာဇ်မင်း၏ တမန်တို့သည် လက်ကိုဆွဲ၍ သင်သည် ငါ့သမီးသည် ဤရွှေရုပ်ထက် အလွန် အဆင်းလှ၏ ဟုဆို၏။ အဘယ်မည်သောသူကို ဆိုသနည်း ဟု မေးကုန်၏။ မဒ္ဒရာဇ်မင်း၏ သမီးဖြစ်သော ပဘာဝတီကိုဆို၏။ ထိုပဘာဝတီကို တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်ကိုမျှလည်း ဤရွှေရုပ်သည် မထိုက် ဟု ဆို၏။ ထိုဩက္ကာကရာဇ်မင်း၏ တမန်တို့သည် အလွန် ဝမ်းမြောက်သော စိတ်ရှိကုန်သည်ဖြစ်၍ မင်းအိမ်တံခါးသို့ သွားကုန်ပြီးလျှင် ဩက္ကာကရာဇ်မင်း၏ တမန်တော်တို့သည် တံခါး၌ ရပ်လာပါကုန်၏ ဟု လျှောက်စေကုန်၏။ မဒ္ဒရာဇ်မင်းသည် နေရာမှထ၍ ရပ်လျက်လျှင် ခေါ်ခဲ့ကြကုန်လော့ ဟု မိန့်တော်မူ၏။ ထိုတမန်တို့သည်ဝင်၍ မဒ္ဒရာဇ်မင်းကိုရှိခိုးလျက် အရှင်မင်းမြတ်... အကျွန်ုပ်တို့အရှင်ဩက္ကာကရာဇ် မင်းကြီးသည် အရှင်မင်းမြတ်တို့ အနာကင်းသော အဖြစ်ကို မေးတော်မူပါ၏ ဟု တင်လျှောက်၍ ပြုအပ်ပြီးသော ပူဇော်သက္ကာရ မြတ်နိုးတနာ ရှိကုန်သည်ဖြစ်၍ အဘယ်အကျိုးငှာ အမောင်တို့ လာရောက်ကြကုန်သနည်း ဟု မိန့်တော်မူလတ်သော် အကျွန်ုပ်တို့အရှင်ဩက္ကာကရာဇ် မင်းကြီးအား ခြင်္သေ့မင်း၏ အသံနှင့်တူသော အသံရှိသော ကုသအမည်ရှိသော သားတော်သည် ရှိပါ၏။ ထိုသားတော်အား ခမည်းတော် ဩက္ကာကရာဇ် မင်းကြီးသည် တိုင်းပြည်ကို ဆောင်နှင်းတော်မူလို၍ အရှင်မင်းမြတ် အထံတော်သို့ စေတော်မူလိုက်၏။ အရှင်မင်းမြတ်တို့အား ပဘာဝတီ အမည်ရှိသော သမီးတော်သည် ရှိသတတ်၊ ထိုသမီးတော်ဖြစ်သော ပဘာဝတီကို အရှင့်သားတော် ကုသမင်းအား ပေးတော်မူပါကုန်၊ ရွှေရုပ်ကိုလည်း ဆက်သအပ်သော လက်ဆောင်ပြု၍ ယူတော်မူပါ ဟု တင်လျှောက်၍ ထိုရွှေရုပ်ကို မဒ္ဒရာဇ်မင်းအား ဆက်သကုန်၏။ မဒ္ဒရာဇ်မင်းကြီးသည်လည်း ဤသို့ သဘောရှိသော မင်းမြတ်နှင့်တကွ သမီးတော်ပေးခြင်း မင်္ဂလာသည် ဖြစ်လတ္တံ့ ဟု ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ဝန်ခံတော်မူ၏။

ထိုအခါ မဒ္ဒရာဇ်မင်းကြီးကို ဩက္ကာကရာဇ်မင်းကြီး၏ တမန်တို့သည် တင်လျှောက်ကြကုန်၏။ အရှင်မင်းမြတ်... အကျွန်ုပ်တို့သည် ကြာမြင့်ခြင်းကို ပြုအံ့သောငှာ မတတ်ကောင်း၊ မင်းသမီးရသော အဖြစ်ကိုသိ၍ အကျွန်ုပ်တို့အရှင်ဩက္ကာကရာဇ်မင်းကြီးအား တင်လျှောက်ပါကုန်အံ့၊ ထိုသို့ လျှောက်သောအခါ အကျွန်ုပ်တို့အရှင်ဩက္ကာကရာဇ် မင်းကြီးသည်လာ၍ ထိုသမီးတော်ကိုယူ၍ သွားလတ္တံ့ဟု တင်လျှောက်ကြကုန်၏။ ထိုမဒ္ဒရာဇ်မင်းကြီးသည် ကောင်းပြီ ဟု မိန့်တော်မူ၍ ထိုတမန်တို့အား ပေးကမ်းဖွယ်ကို ပေးကမ်း၍ လွှတ်တော်မူလိုက်၏။

ချွေးမတော်ကို လိုက်ကြည့်ကြပုံ

ထိုတမန်တို့သည် သွား၍ ဩက္ကာကရာဇ် မင်းကြီးအားလည်းကောင်း၊ သီလဝတီ မိဖုရားအားလည်းကောင်း အကြောင်းကို တင်လျှောက်ကြကုန်၏။ ဩက္ကာကရာဇ် မင်းကြီးသည် များစွာသောအခြံအရံဖြင့် ကုသဝတီနေပြည်တော်မှ ထွက်၍ အစဉ်သဖြင့် သာဂလမြို့သို့ ရောက်တော်မူ၏။

မဒ္ဒရာဇ်မင်းကြီးသည် ခရီးဦးကြိုဆို၍ ထိုဩက္ကာကရာဇ်မင်းကြီးကို မြို့တွင်းသို့ဝင်စေ၍ များစွာသော ပူဇော်သက္ကာရကို ပြုတော်မူ၏။ သီလဝတီ မိဖုရားကြီးသည် ပညာရှိသည်၏အဖြစ်ကြောင့် အဘယ်သူသည် သိနိုင်ရာအံ့နည်း၊ အသို့ဖြစ်လတ္တံ့နည်း ဟု နှလုံးသွင်း၍ တစ်ရက်နှစ်ရက် လွန်သဖြင့် မဒ္ဒရာဇ်မင်းကို ဆို၏။ အရှင်မင်းကြီး... အကျွန်ုပ်ခြှေးမကို မြင်လိုပါ၏ ဟု ဆို၏။ မဒ္ဒရာဇ်မင်းကြီးသည် ကောင်းပြီ ဝန်ခံ၍ သမီးတော်ကို ခေါ်စေတော်မူ၏။ သမီးတော် ပဘာဝတီသည်လည်း ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်ပြီးလျှင် အထိန်းအချီအပေါင်း ခြံရံလျက် လာလတ်၍ ယောက္ခမဖြစ်သော သီလဝတီ မိဖုရားကြီးကို ရှိခိုး၏။

သီလဝတီ မိဖုရားကြီးသည် မင်းသမီး ပဘာဝတီကိုမြင်လျှင် ဤသတို့သမီးငယ်သည် အလွန် အဆင်းလှပေ၏။ သားတော်သည်ကား အဆင်းမလှချေ၊ ဤသတို့သမီးငယ်သည် သားတော်ကို အကယ်၍ မြင်ရအံ့၊ တစ်ရက်မျှလည်း မနေမူ၍ ထွက်ပြေးခဲ့ရာ၏။ ဥပါယ်တမျဉ်ကို ပြုအံ့ ဟု ကြံတော်မူ၏။ ကြံပြီး၍ ထိုသီလဝတီမိဖုရားကြီးသည် မဒ္ဒရာဇ်မင်းကို ပင့်ခေါ်တော်မူ၍ အရှင်မင်းကြီး... ချွေးမတော်သည် အကျွန်ုပ်သားတော်အား လျောက်ပတ်၏။ ထိုသို့ လျောက်ပတ်သော်လည်း အနည်းငယ်ဆိုဖွယ်ရှိသေး၏။ အကျွန်ုပ်တို့ အမျိုးအနွယ်အစဉ်အဆက်မှ အကျင့်ရှိပါ၏။ ဤသတို့သမီးငယ်သည် ထိုအကျင့်၌ အကယ်၍ ကျင့်ပါအံ့၊ ထိုသတို့သမီးငယ်ကို ဆောင်ယူပါအံ့ဟု ဆို၏။ ရှင်မိဖုရားတို့၏ အမျိုးအကျင့်သည် အဘယ်နည်းဟု မေးတော်မူ၏။ အကျွန်ုပ်တို့အမြိုး၌ အကြင်မျှလောက်သော တစ်ကြိမ်သော ကိုယ်ဝန်တည်ခြင်းသည် ရှိ၏။ ထိုမျှလောက် လင်ကိုမြင်ခြင်းငှာ မရ။ အကယ်၍ ဤသတို့သမီးငယ်သည် အကျွန်ုပ်ဆိုတိုင်း လိုက်နာအံ့၊ ထိုသတို့သမီးငယ်ကို ဆောင်ယူပါအံ့ဟု ဆို၏။

အဘိသိက်ခံ နန်းစံရပြီ

ခမည်းတော် မဒ္ဒရာဇ်မင်းကြီးသည် သမီးတော်ပဘာဝတီကို အသို့နည်း၊ ချစ်သမီး... ဤသို့ သီလဝတီမိဖုရားကြီးဆိုတိုင်း ချစ်သမီး ကျင့်ခြင်းငှာ တတ်နိုင်ပါအံ့လောဟု မေးတော်မူ၏။ သမီးတော် ပဘာဝတီသည် ဖခင်မင်းမြတ်... တတ်နိုင်ပါလတ္တံ့ဟု တင်လျှောက်၏။ ထိုသို့ ပဘာဝတီ ဝန်ခံတင်လျောက်ပြီးမှ ဩက္ကာကရာဇ်မင်းကြီးသည် မဒ္ဒရာဇ်မင်းအား များစွာသော ဥစ္စာဘဏ္ဍာကို ပေးပြီးလျှင် မင်းသမီးပဘာဝတီကို ဆောင်ယူ၍ ကုသဝတီ နေပြည်တော်ကြီးသို့ ပြန်တော်မူ၏။ မဒ္ဒရာဇ်မင်းသည်လည်း များစွာသောအခြံအရံဖြင့် သမီးတော်ပဘာဝတီကို ထည့်တော်မူလိုက်၏။ ဩက္ကာကရာဇ်မင်းကြီးသည် ကုသဝတီနေပြည်တော်သို့ သွား၍ မြို့တော်ကို တန်ဆာဆင်စေတော်မူပြီးလျှင် အလုံးစုံသော အနှောင်အဖွဲ့တို့ကို လွှတ်စေတော်မူ၍ သားတော်အား ရာဇာဘိသိက်ကိုပြု၍ တိုင်းပြည်ကို ပေးတော်မူ၍ မင်းသမီးပဘာဝတီကို မိဖုရားကြီးပြုစေ၍ မြို့တော်၌ ကုသမင်း၏ အာဏာတော်တည်းဟု စည်လည်စေတော်မူ၏။ ဇမ္ဗူဒိပ်ကျွန်းအပြင်၌ မင်းတို့တွင် အကြင်မင်းတို့အား သမီးသည်ရှိ၏။ ထိုမင်းတို့သည် ကုသမင်းအား သမီးကိုဆက်စေကုန်၏။ အကြင်မင်းတို့အား သားသည်ရှိ၏။ ထိုမင်းတို့သည် ထိုကုသမင်းနှင့်တကွ မိတ်ခင်ပွန်းအဖြစ်ကို အလိုရှိကုန်သည်ဖြစ်၍ သားတို့ကို အလုပ်အကျွေးပြု၍ စေလိုက်ကြကုန်၏။ ဘုရားလောင်း ကုသမင်းအား ကိုယ်လုပ်မောင်းမ အခြံအရံသည် အလွန်များသည် ဖြစ်၏။ မြတ်သောအခြံအရံဖြင့် မင်းပြုတော်မူ၏။

ပဘာဝတီကို ကြည့်လိုခြင်း

ထိုကုသမင်းသည် နေ့အခါ၌ ပဘာဝတီကို မြင်ခြင်းငှာမရ။ ထိုမင်းသမီး ပဘာဝတီသည်လည်း ကုသမင်းကို နေ့အခါ မြင်ခြင်းငှာ မရ။ နှစ်ပါးကုန်သော မင်းမိဖုရားတို့အား ညဉ့်အခါ၌သာလျှင် တွေ့မြင်ကြရ၏။ ထိုမင်းမိဖုရား နှစ်ပါးတို့တွင် ပဘာဝတီ၏ ကိုယ်ရောင်သည်လည်း မထင်ရှားသည်။ မခေါ်ဝေါ်လောက်သည်သာလျှင် ဖြစ်၏။ ဘုရားလောင်း ကုသမင်းသည် ညဉ့်၌သာလျှင် ကျက်သရေရှိသော တိုက်ခန်းမှ ထွက်ခဲ့ရ၏။

ထိုမင်းသည် တစ်ရက်နှစ်ရက်လွန်လျှင် ပဘာဝတီကို နေ့အခါ၌ မြင်လိုသည်ဖြစ်၍ မယ်တော်အား ကြားလျှောက်၏။ မယ်တော်မိဖုရားကြီးသည် ချစ်သား... သင်ချစ်သားသည် နေ့အခါ၌ ပဘာဝတီကို မြင်ခြင်းငှာ အလိုမရှိလင့်၊ အကြင်မျှလောက်သော တစ်ယောက်သောသားကို ရအံ့၊ ထိုမျှလောက် ငံ့လင့်ပါဦးဟု ပယ်တော်မူ၏။ သားတော်ကုသမင်းသည်ကား အဖန်တလဲလဲ တောင်းပန်တင်လျှောက် သည်သာတည်း။

ဆင်ချေးတုံးဖြင့် ပစ်ပြီ

ထိုသို့ အဖန်တလဲလဲ တင်လျှောက်သောအခါ သားတော်မင်းသားကို မယ်တော်မိဖုရားကြီးသည် ဤသို့ မိန့်တော်မူ၏။ ချစ်သား... ထိုသို့ မြင်လိုလျှင်ကား ဆင်တင်းကုပ်သို့သွား၍ ဆင်ထိန်းအသွင်ဖြင့်နေနှင့်လော့၊ ငါသည် ပဘာဝတီကို ဆင်တင်းကုပ်သို့ ဆောင်ခဲ့အံ့၊ ထိုသို့ ဆောင်ခဲ့သောအခါ ပဘာဝတီကို မျက်စိပြည့်အောင် ကြည့်လော့၊ သင်ချစ်သားကိုလည်း လင်အဖြစ်ကို မသိစေလင့်ဟု မိန့်တော်မူ၏။ သားတော်ကုသမင်းသည် ကောင်းပြီဟု ဝန်ခံ၍ ဆင်တင်းကုပ်သို့ သွားနှင့်လေ၏။ မယ်တော်မိဖုရားကြီးသည် မင်္ဂလာဆင်တော်တင်းကုပ်ကို တန်ဆာဆင်စေတော်မူပြီးလျှင် မင်းသမီး ပဘာဝတီကို ချစ်သမီး... လာလှည့်၊ ချစ်သမီးလင်၏ ဆင်တော်တို့ကို ကြည့်ရှုကုန်အံ့ဟုဆို၍ ဆင်တင်းကုပ်သို့ ခေါ်ဆောင်ခဲ့ပြီးလျှင် ဤဆင်သည်ကား ဤအမည်ရှိသော ဆင်တည်း၊ ဤဆင်သည်ကား ဤအမည်ရှိသောဆင်တည်းဟုဆို၍ ပြ၏။

ကုသမင်းသည် ဆင်တင်းကုပ်၌ မယ်တော်နောက်မှ လိုက်လာသော ပဘာဝတီကိုမြင်လျှင် ဆင်ထိန်းအသွင်ဖြင့် ပဘာဝတီကျောကို ဆင်ချေးတုံးဖြင့်ပစ်၏။ ပဘာဝတီသည် အမျက်ထွက်ရကား အရှင်မင်းကြီးအား တင်လျှောက်၍ သင့်လက်ကို ဖြတ်စေအံ့ဟု ဆို၍ မယ်တော် သီလဝတီမိဖုရားကြီးကို ကဲ့ရဲ့ပြစ်တင်စေ၏။ ထိုမယ်တော်မိဖုရားကြီးသည် ချစ်သမီး စိတ်မဆိုးလင့်ဟု ဆို၍ ပဘာဝတီကို ချော့မော့စေ၍ ကျောကို ဆုပ်နယ်တော်မူ၏။

မြင်ချေးတုံးဖြင့် ပစ်ပြီ

တစ်ဖန်လည်း ကုသမင်းသည် မြင်လိုပြန်သည်ဖြစ်၍ မြင်းတင်းကုပ်၌ မြင်းထိန်းအသွင်ဖြင့် ထိုပဘာဝတီကိုမြင်၍ ထိုရှေးအတူသာလျှင် မြင်းချေးတုံးဖြင့် ပစ်၏။ ထိုအခါ၌လည်း အမျက်ထွက်သော ပဘာဝတီကို ယောက္ခမတော် သီလဝတီမိဖုရားသည် ချော့မော့၍ သည်းခံစေ၏။

ညီတော်ကို ပြခြင်း

တစ်ဖန်လည်း တစ်နေ့သ၌ ပဘာဝတီသည် ကုသမင်းကို မြင်လိုသည်ဖြစ်၍ ယောက္ခမတော် သီလဝတီမိဖုရားအား ကြားလျှောက်လျှင် ချစ်သမီး... မသင့်၊ ချစ်သမီးအား ကုသမင်းကို မြင်ခြင်းငှာ မနှစ်သက်လင့်ဟု ပယ်တော်မူ၏။ ပဘာဝတီသည်လည်း အဖန်တလဲလဲ တင်လျှောက်တောင်းပန်၏။ ထိုအခါ ပဘာဝတီကို မယ်တော်မိဖုရားကြီးသည် မိန့်တော်မူ၏။ ချစ်သမီး... ထိုသို့ မြင်လိုလျှင်ကား နက်ဖြန် သားတော်သည် မြို့ကိုလက်ယာရစ် လှည့်လည်သည်ကို ပြုလတ္တံ့၊ ချစ်သမီးသည် ခြင်္သေ့ခံသော လေသွန်နန်းတံခါးကိုဖွင့်၍ ထိုကုသမင်းကို ကြည့်လော့ဟု မိန့်တော်မူ၏။ ဤစကားကို မိန့်ဆိုတော်မူပြီးလျှင် နက်ဖြန်နေ့၌ တန်ဆာဆင်စေတော်မူ၍ ညီတော် ဇယမ္ပတိမင်းသားကို မင်း၏ အသွင်ကိုယူစေ၍ ဆင်ကျောက်ကုန်းထက်၌ စီးစေလျက် မြို့တော်ကို လက်ယာရစ် လှည့်သည်ကို ပြုစေတော်မူ၏။

မယ်တော်မိဖုရားကြီးသည် ပဘာဝတီကိုခေါ်၍ ခြင်္သေ့ခံသော လေသွန်နန်းတံခါး၌ရပ်လျက် ချစ်သမီး... ချစ်သမီးလင်၏ တင့်တယ်စံပယ်ခြင်း အသရေအစုံသို့ ရောက်သည်ကို ကြည့်ပါလော့ဟုဆို၏။ ထိုမင်းသမီး ပဘာဝတီသည် ငါသည် တင့်တယ်လျောက်ပတ်သော လင်ကို ရပေ၏ဟု အလွန်ဝမ်းမြောက်၏။ ထိုနေ့၌ကား ကုသမင်းသည် ဆင်ထိန်းအသွင်ဖြင့် ညီတော် ဇယမ္ပတိမင်းသား၏ နောက်နေရာ၌ နေတော်မူ၍ အလိုရှိတိုင်း ပဘာဝတီကိုကြည့်လျက် လက်ဖောက်ပြန်ခြင်း အစရှိသော အခြင်းအရာဖြင့် စိတ်အလိုအတိုင်း ပြက်ရယ်မှုကို ပြု၏။ ဆင်တော် လွန်သည်ရှိသော် မယ်တော်မိဖုရားကြီးသည် ပဘာဝတီကို မေးတော်မူ၏။ ချစ်သမီး... ချစ်သမီးလင်ကို မြင်ပြီလောဟုမေးတတ်၏။ မိခင် မြင်ရပေပြီ၊ ထိုမင်းကြီး နောက်နေရာ၌နေသော ဆင်ထိန်းသည်ကား အလွန်လျင် ဆိုနိုင်ခက်၏။ ကျွန်ုပ်အား လက်ဖောက်ပြန်ခြင်း အစရှိသည်တို့ကို ပြဘိ၏။ အဘယ့်ကြောင့် ဤသို့သဘောရှိသော အရှက်မရှိသောသူကို မင်း၏နောက်နေရာ၌ နေစေကုန်ဘိနည်း၊ ထိုဆင်ထိန်းကို နှင်ထုတ်စေဘိလော့ဟု ဆို၏။ ချစ်သမီး... မင်းကြီးနောက်တော်၌ အစောင့်အရှောက်မည်သည်တို့ကို အလိုရှိအပ်ကုန်၏ဟု ဆို၏။

ပဘာဝတီ စုံစမ်းခြင်း

ပဘာဝတီသည် ကြံ၏။ ဤဆင်ထိန်းသည် အလွန်လျှင် ကြောက်ခြင်းမရှိ၊ မင်းကို မင်းဟူ၍လည်း မမှတ်၊ ဤသူသည်ပင်လျှင် ကုသမင်းလေလော၊ ထိုစကားသည် မှန်၏။ မချွတ်လျှင် ထိုကုသမင်းသည် အဆင်းမလှသည် ဖြစ်လတ္တံ့၊ ထိုကြောင့်လျှင် ငါ့ကိုမပြဟုကြံ၍ ထိုပဘာဝတီသည် ခုဇ္ဇာအမည်ရှိသော အထိန်းတော်၏ နားရင်း၌အပ်၍ မှာဆို၏။ မိခင်... သွားချေ၊ သိအောင် ပြုချေလော့၊ ရှေ့ နေရာ၌ နေသောသူသည်တည်း မင်းလော၊ ထိုသို့မဟုတ်မူ နောက်နေရာ၌ နေသောသူသည်တည်း မင်းလော၊ သိအောင် ပြုချေလော့ဟု ဆို၏။

အကျွန်ုပ်သည် အသို့လျှင် သိနိုင်အံ့နည်းဟု မေးလျှောက်၏။ မိခင်... အသို့ဆိုသနည်း၊ အကြင်သူသည် အကယ်၍ မင်းဖြစ်အံ့၊ ထိုသူသည် ရှေးဦးစွာ ဆင်ထက်မှ ဆင်းလတ္တံ့၊ ဤအမှတ်ဖြင့် သိအောင်ပြုလော့ဟု ဆို၏။ ထိုအထိန်းတော် ခုဇ္ဇာသည် သွား၍ တင့်အပ်လျှောက်ပတ်သော အရပ်၌ရပ်လျက် ရှေးဦးစွာ ကုသမင်းသည် ဆင်းသည်ကို မြင်လေ၏။ နောက်မှ ညီတော် ဇယမ္ပတိမင်းသား ဆင်းသက်သည်ကိုမြင်၏။ ကုသမင်းသည်လည်း ထိုမှဤမှ ကြည့်လတ်သော် အထိန်းတော် ခုဇ္ဇာကိုမြင်၍ ဤမည်သော အကြောင်းကြောင့် ဤခုဇ္ဇာသည် လာသည် ဖြစ်လတ္တံ့ဟု သိတော်မူလျှင် ထိုအထိန်းတော်ခုဇ္ဇာကို ခေါ်စေတော်မူ၍ ဤအကြောင်းအထူးကို ပဘာဝတီအား မပြောပါလင့်ဟု မြဲမြံစွာ မှာဆို၍ လွှတ်လိုက်၏။ ထိုအထိန်းတော် ခုဇ္ဇာသည် သွားလေ၍ အရှင့်သမီး... ရှေ့ နေရာ၌နေသောသူသည် ရှေးဦးစွာ ဆင်းပါ၏ဟု ကြားလျှောက်၏။ ပဘာဝတီသည် ထိုအထိန်းတော် ခုဇ္ဇာပြောသည့် စကားကိုကြား၍ ယုံကြည်၏။

ရေကန်ထဲ ရွှေလက်ဆွဲ

ဘုရားလောင်းသည်လည်း တစ်ဖန် မြင်လိုပြန်သည်ဖြစ်၍ မယ်တော်မိဖုရားကို လျှောက်ထားတောင်းပန်ပြန်၏။ မယ်တော် မိဖုရားကြီးသည် ပယ်အံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ ချစ်သား ထိုသို့တပြီးကား မထင်ရှားသောအသွင်ဖြင့် ဥယျာဉ်တော်သို့ သွားနှင့်လော့ဟု မိန့်တော်မူ၏။ သားတော် ကုသမင်းသားသည် ဥယျာဉ်တော်သို့သွားလေ၍ မင်္ဂလာရေကန်တော်၌ လည်တိုင်အောင် ရေထဲသို့ဆင်းပြီးလျှင် ပဒုမ္မာကြာဖက်ဖြင့် ဦးခေါင်းကိုဆောင်း၍ ပဒုမ္မာကြာပွင့်ကို မျက်နှာကိုဖုံးကာလျက် နေနှင့်၏။

ကုသမင်း၏မယ်တော် မိဖုရားကြီးသည်လည်း ပဘာဝတီအား ဥယျာဉ်တော်သို့ ညချမ်းအခါ ခေါ်ဆောင်ခဲ့၍ ဤသစ်ပင်တို့ကို ရှုလော့၊ ဤငှက်တို့ကို ရှုလော့၊ ဤသမင်တို့ကို ရှုလော့ ဟု ဖျားယောင်းလျက် မင်္ဂလာရေကန်နားသို့ သွားလေ၏။ ထို ပဘာဝတီ မင်းသမီးသည် ငါးပါး အပြားရှိသော ကြာပဒုမ္မာတို့ဖြင့် ဖုံးလွှမ်းအပ်သော မင်္ဂလာရေကန်တော်ကိုမြင်လျှင် ရေချိုးလိုသည်ဖြစ်၍ အလုပ်အကျွေး ကိုယ်လုပ်မောင်းမတို့နှင့်တကွ ရေကန်သို့ဆင်းသက်၍ ကစားသည်ရှိသော် ထိုပဒုမ္မာကြာပွင့်ကိုမြင်လျှင် ဆွတ်ယူလိုသည်ဖြစ်၍ လက်ကိုဆန့်၏။ ထိုသို့ လက်ကိုဆန့်သောအခါ ကုသမင်းသည် ပဒုမ္မာကြာရွက်ကိုပယ်၍ ငါ ကုသမင်းတည်းဟု ဆို၍ ပဘာဝတီကို လက်၌ဆွဲ၏။ ပဘာဝတီသည် ထိုသမင်းမျက်နှာကို မြင်လျှင် ငါ့ကို ဘီလူးဖမ်းခဲ့ပြီဟု ငိုမြည်တမ်း၍ ထိုအရပ်၌ပင်လျှင် မိန်းမောခြင်းသို့ ရောက်၏။ ထိုအခါ ကုသမင်းသည် ပဘာဝတီလက်ကိုလွှတ်၏။

ပဘာဝတီ ပြန်သွားပြီ

ထိုပဘာဝတီသည် သတိရပြန်လိုရကား ကုသမင်းသည် ငါ့လက်ကို ကိုင်ဆွဲသတတ်၊ ဤကုသမင်းသည်ပင်လျှင် ငါ့ကို ဆင်တင်းကုပ်၌ ဆင်ချေးဖြင့် ပစ်၏။ မြင်းတင်းကုပ်၌လည်း မြင်းချေးဖြင့် ပစ်ဘိ၏။ ဤကုသမင်းသည်ပင်လျှင် ဆင်ပေါ်၌ နောက်ကနေ၍ ငါ့အား ပြက်ရယ်မှုကို ပြုဘိ၏။ ငါ့အား ဤသို့သဘောရှိသော အဆင်းမလှသောလင်ဖြင့် အဘယ်မူအံ့နည်း၊ ငါသည် အသက်ရှည်သည်ရှိသော် တစ်ပါးသောလင်ကို ရပါလတ္တံ့ဟု ကြံ၍ မိမိနှင့် အတူတကွပါလာသော အမတ်တို့ကို ခေါ်စေ၍ ငါ၏ ယာဉ်ကိုလည်းကောင်း၊ ဆင်ယာဉ် မြင်းယာဉ်ကို လည်းကောင်း က, ကုန်၊ စီရင်ကြကုန်လော့၊ ယနေ့ပင် ငါ သွားအံ့ဟု ဆို၏။ ထိုအမတ်တို့သည် ထိုအကြောင်းကို ကုသမင်းကြီးအား တင်လျှောက်ကြကုန်၏။ ကုသမင်းကြီးသည် ပဘာဝတီသည် အကယ်၍ ပြန်သွားခြင်းငှာ အခွင့်မရအံ့၊ ထိုပဘာဝတီနှလုံးသည် ကွဲလတ္တံ့၊ သွားစေကာမူ ထိုပဘာဝတီကို တစ်ဖန် ငါ၏အစွမ်းဖြင့် ဆောင်ယူအံ့ဟု ကြံတော်မူ၍ ထိုပဘာဝတီအား မိမိပြည်သို့ ပြန်သွားစိမ့်သောငှာ ခွင့်ပေးတော်မူ၏။ ပဘာဝတီသည် ခမည်းတော်၏ မြို့သို့သာလျှင် ပြန်သွားလေ၏။ ဘုရားလောင်း ကုသမင်းကြီးသည်လည်း ဥယျာဉ်တော်မှ မြို့တော်သို့ ဝင်တော်မူ၍ တန်ဆာဆင်အပ်သော ရွှေနန်းပြာသာဒ်ထက်သို့ တက်တော်မူ၏။

ရှေးအကြောင်းဖန် ကံစီမံ

ထိုစကားသည် မှန်၏။ ထိုပဘာဝတီသည် ရှေးဆုတောင်း၏အစွမ်းဖြင့် ဘုရားလောင်းကုသမင်းကို အလိုမရှိ။ ထိုဘုရားလောင်း ကုသမင်းကြီးသည်လည်း ရှေးမကောင်းကံ၏ အစွမ်းဖြင့်လျှင် အဆင်းမလှသည် ဖြစ်၏။ အကြောင်းကား...

လွန်လေပြီးသောအခါ ဗာရာဏသီပြည် တံခါးအနီး ရွာ၌ အရှေ့ခရီး၌လည်းကောင်း အနောက်ခရီး၌လည်းကောင်း နှစ်ဦးကုန်သော အမျိုးတို့သည် နေကုန်သတတ်၊ အမျိုးတစ်ယောက်အား သားနှစ်ယောက်တို့သည် ရှိကုန်သတတ်၊ အမျိုးတစ်ယောက်အား သမီးတစ်ယောက်သာ ရှိသတတ်၊ သားနှစ်ယောက်တို့တွင် ဘုရားလောင်းသည် ညီငယ် ဖြစ်သတတ်၊ ထိုတစ်ယောက်သော သတို့သမီးကို အစ်ကိုကြီးအား ပေးကြကုန်၏။ ညီငယ်သည် သားမယားမမွေးမြူဘဲ အစ်ကို့အထံ၌သာ နေ၏။

ပဘာဝတီ ဆုတောင်းပြီ

ထိုအခါ တစ်နေ့သ၌ ထိုအိမ်ဝယ် အလွန်အရသာရှိသော မုန့်တို့ကို ကြော်ကုန်၏။ ညီငယ် ဘုရားလောင်းသည် တောသို့သွား၏။ ထိုညီငယ်ဘုရားလောင်း၏ အစုမုန့်ကိုထား၍ ကြွင်းသောမုန့်တို့ကို ဝေဖန်၍ စားကြကုန်၏။ ထိုခဏ၌ အရှင်ပစ္စေကဗုဒ္ဓါသည် ဆွမ်းအလို့ငှာ အိမ်တံခါးဝသို့ ကြွရောက်တော်မူလာ၏။ ဘုရားလောင်း၏ အစ်ကို့မယားသည် မတ်အား တစ်ပါးသောမုန့်ကို ကြော်အံ့ဟု ထိုမတ်၏ အစုမုန့်ကိုယူ၍ အရှင်ပစ္စေကဗုဒ္ဓါအား လှူ၏။ ဘုရားလောင်းသည်လည်း ထိုခဏလျှင် တောမှရောက်လာ၏။ ထိုသို့ ရောက်လာသောအခါ မတ်ကို မရီးသည် အမောင်... စိတ်ကိုကြည်ညိုပါစေလော့၊ အမောင်၏ အဖို့အစုမုန့်ကို အရှင်ပစ္စေကဗုဒ္ဓါအား လှူအပ်ပြီဟု ပြောဆို၏။ ထိုမတ်သည် သင့်အစုကိုစား၍ ငါ့အစုကို လှူဘိ၏။ တစ်ပါးသောမုန့်ကို အဘယ်ပြုအံ့နည်းဟု အမျက်ထွက်ရကား သွား၍ အရှင်ပစ္စေကဗုဒ္ဓါ၏ သပိတ်မှ မုန့်ကိုယူ၏။ ထိုမရီးသည် အမိအိမ်သို့သွား၍ ဆွတ်သစ်စဖြစ်သော စကားပွင့်အဆင်းနှင့်တူသော ထောပတ်ကို ဆောင်ယူခဲ့၍ အရှင်ပစ္စေကဗုဒ္ဓါ၏ သပိတ်ကိုပြည့်စေ၍ ထိုထောပတ်သည် အရောင်ကိုလွှတ်၏။ ထိုဘုရားလောင်း၏ မရီးသည် ထိုအရောင်ကိုမြင်၍ ဆုတောင်းခြင်းကို ဖြစ်စေ၏။ အရှင်ဘုရား... ဤထောပတ်အလှူ၏ အစွမ်းကြောင့် ဖြစ်တိုင်းဖြစ်တိုင်းသောဘဝ၌ အကျွန်ုပ်ကိုယျမှ အရောင်ထွက်ပါစေသတည်း၊ မြတ်သောအဆင်းကို ဆောင်သည် ဖြစ်ပါစေသတည်း။ အကျွန်ုပ်အား ဤသူယုတ်နှင့်အတူတကွ တစ်ခုသောအရပ်၌ နေခြင်းသည် မဖြစ်ပါစေသတည်း ဟု ဆုတောင်းခြင်းကို ဖြစ်စေ၏။ ထိုပဘာဝတီသည် ဤရှေးဆုတောင်း၏ အစွမ်းကြောင့် ထိုကုသမင်းကို အလိုမရှိ။

မင်းကုသ၏ ဆုတောင်း

ဘုရားလောင်းသည်လည်း ထိုမုန့်ကို ထိုထောပတ်ထက်၌ ဖုံးလိုက်၍ ဆုတောင်းခြင်းကို ဖြစ်စေ၏။ ဤအကျွန်ုပ်မရီးကို ယူဇနာတစ်ရာ ခြားသောအရပ်၌ နေသော်လည်း ဆောင်ယူ၍ အကျွန်ုပ်ခွရေင်း၌ အလုပ် အကျွေးပြုခြင်းငှာ စွမ်းနိုင်သည် ဖြစ်ရပါလို၏ဟု ဆုတောင်းခြင်းကို ဖြစ်စေ၏။

အခု တွေ့ကြပြီ

ထိုသူနှစ်ယောက်တို့တွင် ထိုကုတမင်းသည် အမျက်ထွက်သဖြင့်သွား၍ အကြင်မုန့်ကို လုယူ၏။ ထိုရှေးမကောင်းမှု၏ အစွမ်းကြောင့် အဆင်းမလှသည် ဖြစ်၏။ ထိုပဘာဝတီသည်လည်း ထိုရှေးဆုတောင်း၏ အစွမ်းကြောင့် ကုသမင်းကို အလိုမရှိ။ ဤသည်လျှင် ရှေးအကြောင်းတည်း။

မင်းကုသ လိုက်လာပြီ

ထိုကုသမင်းသည် ပဘာဝတီ ပြန်သွားသည်ရှိသော် ပြင်းစွာသော စိုးရိမ်ပူပန်ခြင်းသို့ ရောက်၏။ ကြွင်းကုန်သော ကိုယ်လုပ် မောင်းမအပေါင်းတို့သည် ထိုကုသမင်းကို အထူးထူးသော အခြင်းအရာတို့ဖြင့် လုပ်ကျွေးပါကုန်သော်လည်း ကြည်စိမ့်သောငှာ မတတ်နိုင်ကုန်။ ထိုကုသမင်းအား ပဘာဝတီနှင့်ကင်းသော အလုံးစုံသောနန်းတော်ကို အချည်းနှီးကဲ့သို့ ထင်တော်မူ၏။ ထိုကုသမင်းသည် ယခုပင် သာဂလမြို့သို့ ရောက်လတ္တံ့ဟု နှလုံးသွင်းတော်မူ၍ မိုးသောက်သောအခါ မယ်တော်ထံသို့သွား၍ မိခင်... အကျွန်ုပ်သည် ပဘာဝတီကို ဆောင်ယူပါချေအံ့၊ မိခင်တို့သည် တိုင်းပြည်ကို ဆုံးမတော်မူရစ်ပါကုန်လော့ ဟု ဆို၍ မယ်တော်အား တိုင်းပြည်ကို အပ်နှင်းလိုရကား-

။ ဣဒံ တေ ရဋ္ဌံ သဓနံ သယောဂ္ဂံ၊
သကာယုရံ သဗ္ဗကာမူပပန္နံ။
ဣဒံ တေ ရဋ္ဌံ အနုသာသ အမ္မ၊
ဂစ္ဆာမဟံ ယတ္ထ ပိယာ ပဘာဝတီ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁။ အမ္မ၊ မိခင်။ ဣဒံ ရဋ္ဌံ၊ ဤတိုင်းသည်။ တေ၊ သင် မိခင်၏။ ရဋ္ဌံ၊ တိုင်းတည်း။ အမ္မ၊ မိခင်။ သဓနံ၊ ဥစ္စာဘဏ္ဍာနှင့် တကွဖြစ်သော။ သယောဂ္ဂံ၊ ဆင်ယာဉ် မြင်းယာဉ်နှင့်တကွ ဖြစ်ထသော။ သကာယုရံ၊ မင်းမြှောက်တန်ဆာ ငါးပါးနှင့်တကွ ဖြစ်ထသော။ သဗ္ဗကာမူပပန္နံ၊ ခပ်သိမ်းသော အလိုဆန္ဒနှင့် ပြည့်စုံထသော။ ဣဒံ ရဋ္ဌံ၊ ဤတိုင်းကို။ တေ၊ သင် မိခင်သည်။ အနုသာသ၊ ဆုံးမတော်မူရစ်လော့။ အဟံ၊ အကျွန်ုပ်သည်။ ယတ္ထ၊ အကြင်အရပ်၌။ ပိယာ၊ ချစ်အပ်သော။ ပဘာဝတီ၊ ပဘာဝတီသည်။ အတ္ထိ၊ ရှိ၏။ တတ္ထ၊ ထို ပဘာဝတီရှိရာအရပ်သို့။ ဂစ္ဆာမိ၊ သွားပါချေအံ့။

မယ်တော် သီလဝတီ မိဖုရားကြီးသည် သားတော် ကုသမင်းစကားကိုကြား၍ ချစ်သား... ထိုသို့ သွားလိုလျှင်ကား မမေ့မလျော့ ဖြစ်လေလော့၊ ထိုစကားသည် မှန်၏။ မိန်းမတို့မည်သည်ကား မစင်ကြယ်သော စိတ်နှလုံး ရှိတတ်၏ ဟု မှာဆိုတော်မူပြီးလျှင် အထူးထူးသော မြတ်သော အရသာရှိသော ဘောဇဉ်ဖြင့် ရွှေပခြုပ်ကိုပြည့်စေ၍ ဤဘောဇဉ်ကို ခရီးအကြား၌ စားလေလော့ ဟု ဆို၍ လွှတ်လိုက်၏။ သားတော် ကုသမင်းသည် မယ်တော် ပေးလိုက်သော ထမင်းပခြုပ်ကိုယူ၍ မယ်တော်ကို ရှိခိုးလျက် သုံးကြိမ် လက်ယာရစ်လှည့်သည်ကို ပြု၍ အသက်ရှင်ပါသည်ရှိသော် တစ်ဖန် ဖူးမြင်ပါအံ့ ဟု တင်လျှောက်ခဲ့ပြီးလျှင် ကျက်သရေရှိသော တိုက်ခန်းသို့ဝင်၍ ငါးပါးသော လက်နက်ကို မြဲမြံစွာဖွဲ့ပြီးလျှင် ထမင်းပခြုပ်နှင့်တကွ အသပြာတစ်ထောင်ကို လွယ်အိတ်၌ထည့်၍ ကောကနဒ အမည်ရှိသော စောင်းတော်ကိုလည်းယူ၍ မြို့တော်မှ ထွက်ခဲ့သဖြင့် ခရီးသို့သွားလျှင် အလွန် စွမ်းပကား ခွန်အားနှင့် ပြည့်စုံတော်မူရကား မွန်းတည့်တိုင်ရုံဖြင့် ယူဇနာငါးဆယ်ရှိသော ခရီးကိုသွားပြီးလျှင် ထမင်းစား၍ ကြွင်းသော နေ့အဖို့ဖြင့် တစ်ဖန် ယူဇနာငါးဆယ်ရှိသော ခရီးကိုသွား၍ တစ်နေ့ချင်းဖြင့်လျှင် ယူဇနာ တစ်ရာရှိသောခရီးကို ကုန်စေ၍ ညအခါရောက်တော်မူလျှင် သာဂလမြို့သို့ ဝင်တော်မူ၏။ ထိုကုသမင်း သာဂလမြို့သို့ ဝင်တော်မူကာမျှဖြင့်လျှင် ကုသမင်း၏တန်ခိုးကြောင့် ပဘာဝတီသည် အိပ်ရာအပြင်၌ တည်ခြင်းငှာမတတ်နိုင်ရကား ဆင်းသက်၍ မြေ၌ အိပ်၏။

စောင်းသံပေးပြီ

ညစ်နွမ်းသော ဣန္ဒြေရှိသော ခရီးသွားသော ဘုရားလောင်း ကုသမင်းကိုလည်း မိန်းမတစ်ယောက်သည် မြင်လေလျှင် ခေါ်စေ၍ ခြေတို့ကိုဆေး၍ အိပ်ရာကိုပေး၏။ ထိုဘုရားလောင်းသည် ပင်ပန်းသောကြောင့် အိပ်လျှင် အိပ်ပျော်ခြင်းသို့ ရောက်၏။ ထိုအခါ မိန်းမသည် ဘုရားလောင်း အိပ်ပျော်သည်ရှိသော် ထမင်းကိုပြည့်စုံစေ၍ နိုးလျှင် ထမင်းကျွေး၏။ ဘုရားလောင်းသည် နှစ်သက်သည်ဖြစ်၍ ထိုမိန်းမအား ထမင်းပခြုပ်နှင့်တကွ အသပြာတစ်ထောင်ကို ပေးတော်မူ၏။ ထိုဘုရားလောင်းသည် လက်နက်ငါးပါးကို ထိုအိမ်၌လျှင်ထား၍ ငါ့အား စောင်းတီးရာ အရပ်သည် ရှိ၏ ဟု ဆို၍ စောင်းကိုယူလျက် ဆင်တင်းကုပ်သွား၍ ယနေ့တစ်ရက်မျှ နေခြင်းငှာ ပေးပါကုန်လော့၊ သင်တို့အား စောင်းသီချင်းကို ပြုပါအံ့ ဟု ဆို၍ ဆင်ထိန်းတို့ ခွင့်ပေးရကား တစ်ခုသောအရပ်၌ အိပ်လျှင် အနည်းငယ်အိပ်ပျော်၍ ပူပန် ပင်ပန်းခြင်း ငြိမ်းလတ်သော် အိပ်ရာမှထ၍ စောင်းကိုဖြေပြီးလျှင် သာဂလမြို့နေသူ အလုံးတို့သည် ဤစောင်းသံကို ကြားစေကုန်သတည်း ဟု စောင်းကိုတီးလျက် သီ၏။ ပဘာဝတီသည် မြေ၌လျောင်းလျက် ထိုစောင်းသံကိုကြား၍လျှင် ကြံ၏။ ဤစောင်းသံသည် တစ်ပါးသောသူ၏ စောင်းသံမဟုတ်၊ မချွတ်လျှင် ကုသမင်းသည် ငါ၏အလို့ငှာ လာ၏ဟု သိ၏။ မဒ္ဒရာဇ်မင်းကြီးသည်လည်း ထိုစောင်းသံကို ကြားတော်မူလျှင် အလွန်လျှင် သာယာစွာ တီးပေ၏။ နက်ဖြန် ထိုစောင်းသမားကိုခေါ်၍ ငါ့အား စောင်းသီချင်းကို ပြုစေအံ့ ဟု ကြံ၏။

အိုးတော်ဆက်ပြန်ပြီ

ဘုရားလောင်းသည် ဤဆင်တင်းကုပ်၌ နေသဖြင့် ပဘာဝတီကို မြင်ခြင်းငှာ မတတ်ကောင်းသေး၊ ဤဆင်းတင်းကုပ်သည် နေရာမဟုတ်သေးဟု နှလုံးသွင်း၍ နံနက်စောစောကလျှင်ထွက်ခဲ့၍ ညဦးက ထမင်းစားသော အိမ်၌သာလျှင် နံနက်စာစားသဖြင့် စောင်းကိုထားခဲ့၍ မင်း၏အိုးထိန်းသည်အထံသို့ သွား၍ ထိုအိုးထိန်းသည်၏ တပည့်အဖြစ်သို့ကပ်၍ တစ်နေ့ချင်းဖြင့်သာလျှင် အိမ်ကို မြေစိုင်ခဲဖြင့်ပြည့်စေ၍ ဆရာ... အိုးတို့ကို လုပ်ပါအံ့ ဟု ဆို၍ လုပ်လော့ ဟု ဆိုလတ်သော် တစ်ခုသောမြေစိုင်ကို အိုးထိန်းစက်၌ထား၍ စက်ကိုလှည့်၏။ တစ်ကြိမ်လှည့်လျှင် မွန်းလွဲတိုင်အောင် လည်သလျှင်ကတည်း။ ဘုရားလောင်းသည် အထူးထူးသော အဆင်းရှိကုန်သော ငယ်ငယ်ကြီးကြီးဖြစ်ကုန်သော အိုးတို့ကိုလုပ်၍ ပဘာဝတီ အလို့ငှာ အိုးကိုလုပ်သည်ရှိသော် အထူးထူးသောအရုပ်တို့ကို ဖြစ်စေ၏။ ထိုစကားသည် မှန်၏။ ဘုရားလောင်းတို့ အလိုတော်မည်သည်ကား ပြည့်စုံသည်သာလျှင်တည်း။ ထိုအထူးထူးသောအရုပ်တို့ကို ပဘာဝတီသာလျှင် မြင်စေသတည်း ဟု ဓိဋ္ဌာန်တော်မူ၏။ ထိုဘုရားလောင်းသည် အလုံးစုံသောအိုးတို့ကို ခြောက်စေပြီးလျှင် ဖုတ်၍ အိမ်ကိုပြည့်စေ၏။

အိုးထိန်းသည်သည် အထူးထူးသော အိုးတို့ကိုယူ၍ မင်း၏တော်သို့ သွားလေ၏။ မဒ္ဒရာဇ်မင်းကြီးသည် မြင်တော်မူလျှင် ဤအိုးတို့ကို အဘယ်သူ လုပ်သနည်း ဟု မေးတော်မူ၏။ အရှင်မင်းကြီး... အကျွန်ုပ် လုပ်ပါ၏ ဟု တင်လျှောက်လတ်သော် ငါသည် သင်လုပ်သောအိုးတို့ကို သိ၏။ ဟုတ်တိုင်း တင်လျှောက်လော့၊ အဘယ်သူ လုပ်သနည်းဟု မေးတော်မူပြန်၏။ အရှင်မင်းကြီး... အကျွန်ုပ်၏ တပည့်သည် လုပ်အပ်၏ ဟု တင်လျှောက်ရလေ၏။ ထိုသူသည် သင့်တပည့်မဟုတ်၊ သင့်ဆရာပေတည်း၊ သင်သည် ထိုသူ့အထံ၌ သင်လေလော့၊ ဤနေ့မှစ၍ ထိုသူသည် ငါ့သမီးတော်တို့ဖို့ အိုးတို့ကို လုပ်စေ၊ ဤ အသပြာတစ်ထောင်ကိုလည်း ပေးလေလော့ဟု မိန့်တော်မူ၍ အသပြာတစ်ထောင် ပေးစေပြီးလျှင် အထူးထူးသော အဆင်းရှိကုန်သော ဤအိုးငယ်တို့ကို သမီးတော်တို့ကို ပေးချေလော့ ဟု ဆိုတော်မူ၏။

အိုးထိန်းသည်သည် ထိုအိုးတို့ကို သမီးတော်တို့အထံသို့ ဆောင်ယူ၍ ဤအိုးငယ်တို့သည် အရှင့်သမီးတော်တို့ ကစားဖို့ အိုးငယ်တို့တည်းဟု ဆက်သ၍ လျှောက်၏။ အလုံးစုံသော သမီးတော်တို့သည် လာလတ်ကုန်၏။ အိုးထိန်းသည်သည် ဘုရားလောင်းသည် မင်းသမီး ပဘာဝတီအလို့ငှာလုပ်သော အိုးကိုသာလျှင် ထိုမင်းသမီး ပဘာဝတီအား ဆက်မိ၏။ ထိုမင်းသမီး ပဘာဝတီသည်လည်း အိုးကိုယူ၍ ထိုအိုး၌ မိမိအရုပ် ကုသမင်းအရုပ် အထိန်းတော် ခုဇ္ဇာအရုပ်တို့ကို မြင်လျှင် ဤအိုးကို တစ်ပါးသောသူ မလုပ်ပေရာ၊ ကုသမင်းသာလျှင်လုပ်၏ ဟုသိ၍ အမျက်ထွက်သဖြင့် ငါအား ဤအိုးဖြင့် အလိုမရှိ၊ အလိုရှိသောသူတို့အား ပေးဘိလော့ ဟု ဆို၏။ ထိုအခါ ညီမတော်တို့သည် အစ်မတော် ပဘာဝတီ အမျက်ထွက်သော အဖြစ်ကို သိကုန်၍ ကုသမင်းလုပ်သည်ဟု ထင်မှတ်သလော၊ ဤအိုးကို ကုသမင်း မလုပ်ပေရာ၊ အိုးထိန်းသည်သည် လုပ်အပ်၏။ ထိုအိုးကို ယူလော့ ဟု ပြက်ရယ်ပြုကြကုန်၏။

ထိုပဘာဝတီသည် ကုသမင်းလုပ်သော အဖြစ်ကိုလည်းကောင်း ကုသမင်းလာသော အဖြစ်ကိုလည်းကောင်း ညီမတော်တို့အား မပြောဆို။ အိုးထိန်းသည်သည် ဘုရားလောင်းအား အသပြာတစ်ထောင်ကိုပေး၍ အမောင်... အမောင့်အား အရှင်မင်းကြီး နှစ်သက်တော်မူ၏။ ဤနေ့မှစ၍ သမီးတော်တို့ဖို့ အိုးကို လုပ်ရအံ့သတတ်၊ ငါသည် ထိုသမီးတော်တို့အား ဆောင်ယူ၍ ဆက်ရအံ့သတတ် ဟု ဆို၏။

ဖျာတော်ဆက်ပြန်ပြီ

ဘုရားလောင်းသည် ဤအရပ်၌လည်း နေသဖြင့် ပဘာဝတီကိုမြင်ခြင်းငှာ မတတ်ကောင်းသေး ဟု ထိုအသပြာ တစ်ထောင်ကိုလည်း အိုးထိန်းသည်သာလျှင် ပေးခဲ့ပြီးလျှင် မင်းကိုခစားသော ကျူးထရံသည်အထံသို့ သွား၍ ကျူထရံသည်၏ တပည့်လုပ်ပြီးလျှင် ပဘာဝတီအလို့ငှာ ထန်းရွက်ကိုရက်၍ ထိုထန်းရွက်ဖျာ၌လျှင် ထီးဖြူရုပ်ကိုလည်းကောင်း ပုဆိုးစသည်ကိုရောင်းရာ အိမ်ဈေးကိုလည်းကောင်း အဝတ်ကိုကိုင်လျက် တည်သော ပဘာဝတီ အရုပ်ကိုလည်းကောင်း ဤအထူးထူးသော အရုပ်တို့ကို ထင်စေ၏။ ကျူထရံသည်သည် ထိုကုသမင်း ပြုအပ်သော ထန်းရွက်ဖျာကိုလည်းကောင်း မိမိပြုအပ်သော ဘဏ္ဍာတော်ဖြစ်သော တစ်ပါးသောဖျာကိုလည်းကောင်း ယူ၍ မင်း၏နန်းတော်သို့ သွားလေ၏။ မဒ္ဒရာဇ်မင်းကြီးသည် မြင်တော်မူလျှင် ဤ ဖျာတို့ကို အဘယ်သူပြုအပ်သနည်း ဟု မေးတော်မူ၍ ရှေးနည်းဖြင့်သာလျှင် အသပြာတစ်ထောင်ကိုပေးတော်မူ၍ ကျူထရံသည်ကို ဤဖျာတို့ကို ငါ့သမီးတော်တို့အား ပေးချေလော့ဟု မိန့်တော်မူ၏။ ထို ကျူထရံသည်သည်လည်း ဘုရားလောင်းသည် ပဘာဝတီအလို့ငှာ ပြုအပ်သော ထန်းရွက်ဖျာကို မင်းသမီးပဘာဝတီအားသာလျှင် ဆက်မိ၏။ ဖျာ၌လည်း အထူးထူးသော အရုပ်တို့ကို တစ်ပါးသောသူသည် မမြင်၊ ပဘာဝတီသည်ကားမြင်၍ ကုသမင်းပြုသောအဖြစ်ကို သိလျှင် ယူလိုကုန်သော သူတို့သည် ယူပါကုန်ဟု အမျက်ထွက်သဖြင့် မြေ၌ပစ်လိုက်၏။ ထိုသို့ပစ်လိုက်သောအခါ ကြွင်းကုန်သော ညီမတို့သည် ရှေးအတူ ပြက်ရယ်ပြုကြကုန်၏။ ကျူထရံသည်သည် အသပြာတစ်ထောင်ကို ဆောင်ယူခဲ့ပြီးလျှင် ဘုရားလောင်းအား ပေး၏။

ပန်းကုံးဆက်ပြန်ပြီ

ဘုရားလောင်းသည် ဤအရပ်၌လည်း ငါ့အား နေရာမဟုတ်သေးဟု အသပြာတစ်ထောင်ကို ထိုကျူထရံသည်အားသာလျှင် ပေးခဲ့၍ မင်း၏ ပန်းကုံးသည်အထံသို့ သွားပြီးလျှင် ပန်းကုံးသည်တပည့်လုပ်၍ အထူးထူးအပြားပြားသော ပန်းမျိုးတို့ဖြင့် သီကုံး၍ ပဘာဝတီအလို့ငှာ အထူးထူးသောအရုပ်တို့ဖြင့် ဆန်းကြယ်သော တစ်ခုသောပန်းကုံးကို ကုံး၏။ ပန်းကုံးသည်သည် ထိုအလုံးစုံကိုယူ၍ မင်း၏နန်းတော်သို့သွား၏။ မဒ္ဒရာဇ်မင်းကြီးသည် မြင်တော်မူ၍ ဤပန်းကုံးတို့ကို အဘယ်သူ ကုံးသနည်းဟု

မေးတော်မူ၏။ အရှင်မင်းကြီး... အကျွန်ုပ် ကုံးပါ၏ဟု တင်လျှောက်လတ်သော် ငါသည် သင်ကုံးသော ပန်းကုံးကိုသိ၏။ ဟုတ်မှန်တိုင်း တင်လျှောက်လော့၊ အဘယ်သူ ကုံးအပ်သနည်း ဟု မေးတော်မူပြန်၏။ အရှင်မင်းကြီး... အကျွန်ုပ်တပည့် ကုံးပါ၏ဟု လျှောက်တင်လေသော် ထိုသူသည် သင့်တပည့်မဟုတ်၊ သင့်ဆရာပေတည်း၊ သင်သည် ထိုသူ့အထံ၌ အတတ်ကိုသင်လော့၊ ဤနေ့မှစ၍ ထိုသူသည် သမီးတော်တို့ဖို ပန်းတို့ကို သီကုံးစေလော့၊ ဤ အသပြာတစ်ထောင်ကိုလည်း ထိုသူအား ပေးလေလော့ ဟု အသပြာတစ်ထောင်ကို ပေးတော်မူလိုက်၍ ဤပန်းတို့ကို ငါသမီးတော်တို့အား ပေးချေလော့ဟု ဆိုတော်မူ၏။ ထိုပန်းကုံးသည်လည်း ဘုရားလောင်းသည် ပဘဝတီအလို့ငှာ ကုံးအပ်သောပန်းကုံးတို့ကို ပဘာဝတီမင်းသမီးအားသာလျှင် ဆက်မိ၏။ ပဘာဝတီသည် ထိုပန်းကုံး၌ မိမိအရုပ် ကုသမင်းအရုပ်နှင့်တကွ အထူးထူးသောအရုပ်တို့ကိုမြင်၍ ကုသမင်းကုံးသော အဖြစ်ကိုသိလျှင် အမျက်ထွက်၍ မြေ၌ ပစ်လိုက်၏။ ကြွင်းကုန်သော ညီမတော်တို့သည် အစ်မတော်ပဘာဝတီကို ထို့အတူသာလျှင် ပြက်ရယ်ပြုကုန်၏။ ပန်းကုံးသည်သည်လည်း အသပြာတစ်ထောင်ကို ဆောင်ယူခဲ့ပြီးလျှင် ဘုရားလောင်းအားပေး၍ ထိုအကြောင်းကို ကြား၏။

စားတော်ဆက် သွားပြီ

ထိုဘုရားလောင်းသည် ဤအရပ်သည်လည်း ငါ့အား နေရာမဟုတ်ချေသေး ဟု အသပြာတစ်ထောင်ကို ထို ပန်းကုံးသည်အားသာလျှင် ပေးခဲ့ပြီးလျှင် မင်းစားတော်ချက်အထံသို့သွား၍ တပည့်လုပ်ပြန်၏။ ထိုအခါ တစ်နေ့သ၌ စားတော်ချက်သည် မင်းအား ဘောဇဉ်အထူးကို ပို့ဆောင်လေသော် မိမိအတွက် ချက်စိမ့်သောငှာ ဘုရားလောင်းအား အရိုးသားကို ပေး၏။ ဘုရားလောင်းသည် ထိုအရိုးများကို စားတော်ချက်ဆိုတိုင်း ပြီးစေ၏။ ထိုအခါ ဟင်းနံ့သည် မြို့အလုံးကို နှံ့၏။ မဒ္ဒရာဇ်မင်းသည် ထိုအနံ့ကို နံ၍ သင် စားဖိုသည်အိမ်၌ တစ်ပါးသော ဟင်းမျိုးကို ချက်သလောဟု မေးတော်မူ၏။ အရှင်မင်းမြတ်... မချက်ပါ၊ စင်စစ်သော်ကား အကျွန်ုပ်တပည့်အား အကျွန်ုပ်ဖို့ ထမင်းကိုလည်းကောင်း၊ အရိုးသားကိုလည်းကောင်း ချက်စိမ့်သောငှာ ပေးခဲ့၏။ ထိုအနံ့သည် ထိုဟင်း၏အနံ့ ဖြစ်လတ္တံ့ဟု တင်လျှောက်လျှင် မဒ္ဒရာဇ်မင်းသည် ထိုဟင်းကိုဆောင်ယူစေ၍ ထိုဟင်းမှ အတန်ငယ် လျာဖျား၌ထားတော်မူ၏။ ထိုခဏ၌ အရသာကိုဆောင်တတ်သော အကြောနှစ်ထောင်ကို ချောက်ချားစေလျက် နှံ့လေ၏။ မဒ္ဒရာဇ်မင်းသည် ရသတဏှာဖြင့် နှောင်ဖွဲ့လျှင် အသပြာတစ်ထောင်ကိုပေး၍ ဤနေ့မှစ၍ သင့်တပည့်သည် ငါ၏လည်းကောင်း၊ သမီးတော်တို့၏လည်းကောင်း ထမင်းကိုချက်စေ၍ သင်သည် ငါ့ဖို့ ဆောင်ခဲ့လော့၊ သင့်တပည့်ကို သမီးတော်တို့ဖို့ ဆောင်ခဲ့စေလော့ဟု မိန့်တော်မူ၏။ စားဆော်ချက်သည်လည်း သွား၍ ထိုဘုရားလောင်းအား ပြောကြား၏။

ဘုရားလောင်းသည် စားတော်ချက်စကားကို ကြားရလျှင် ယခုအခါ ငါ၏နှလုံးအလိုသည် အပြီးသို့ရောက်ပြီ၊ ယခုအခါ ငါသည် ပဘာဝတီကို မြင်ရလတ္တံ့ဟု အလွန်နှစ်သက်သည်ဖြစ်၍ ထိုအသပြာတစ်ထောင်ကို စားတော်ဆက်အားသာလျှင်ပေး၍ နက်ဖြန်နေ့၌ စားတော်ထမင်းကို ပြည့်စုံစေပြီးလျှင် မင်း၏ထမင်းချက်တို့ကို ပို့စေ၍ မင်းသမီး၏ ထမင်းခွက်နှင့်တကွသော ထမ်းပိုးကို မိမိထမ်း၍ ပဘာဝတီနေရာ နန်းပြာသာဒ်ထက်သို့ တက်လေ၏။

ပဘာဝတီနှင်ပြီ

ပဘာဝတီသည် ထိုထမ်းပိုးကိုထမ်း၍ နန်းပြာသာဒ်ထက်သို့ တက်လာသော ဘုရားလောင်းကိုမြင်လျှင် ဤကုသမင်းသည် မိမိအား မလျောက်ပတ်သော ကျွန်အမှုကို ပြုဘိ၏။ မပြုအပ်သည်ကို ပြုဘိ၏။ အကယ်၍ ငါသည် နှစ်ရက်သုံးရက် ဆိတ်ဆိတ်နေချေအံ့၊ ယခုအခါ ဤပဘာဝတီသည် ငါ့ကိုနှစ်သက်လေပြီဟု ထင်မှတ်၍ တစ်စုံတစ်ခုသောအရပ်သို့လည်း မသွားမူ၍ ငါ့ကိုကြည့်လျက် ဤအရပ်၌သာလျှင် နေလတ္တံ့၊ ယခုသာလျှင် ထိုကုသမင်းကို ပြေးစေအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုပဘာဝတီသည် တံခါး

ရွက် ထက်ဝက်ကိုဖွင့်၍ လက်တစ်ဖက်ကို တံခါးရွက်ဆွဲ၍ လက်တစ်ဖက်ဖြင့် တံခါးကျည်ကိုနှိပ်၍ ဆဲရေးမြည်တမ်းလိုရကား-

။ အနုဇ္ဇုဘူတေန ဟရံ မဟန္တံ၊
ဒိဝါ စ ရတ္တော စ နိသီထကာလေ။
ပဋိဂစ္ဆ တွံ ခိပ္ပံ ကုသာဝတိံ ကုသေ၊
နိစ္ဆာမိ ဒုဗ္ဗဏ္ဏမဟံ ဝသန္တံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၂။ ကုသေ၊ ကုသမင်းမြတ်။ အနုဇ္ဇုဘူတေန၊ ကောက်သောရာဂစိတ်ဖြင့်။ မဟန္တံ၊ ကြီးစွာသော ထမ်းပိုးကို။ ဟရံ-ဟရန္တော၊ ထမ်းလျက်။ ဒိဝါ စ၊ နေ့၌ လည်းကောင်း။ ရတ္တော စ၊ ညဉ့်၌ လည်းကောင်း။ နိသီထကာလေ စ၊ ထိုင်သောအခါ၌ လည်းကောင်း။ မဟန္တံ၊ ကြီးစွာသော ဆင်းရဲကို။ အနုဘဝိဿသိ၊ အစဉ်ခံစားဘိ၏ တကား။ တွံ၊ သင်မင်းမြတ်သည်။ ခိပ္ပံ၊ လျင်စွာ။ ကုသာဝတိံ၊ ကုသဝတီပြည်ကြီးသို့။ ပဋိဂစ္ဆေ၊ ပြန်လေလော့။ ဣဓ၊ ဤငါတို့ပြည်၌။ ဝသန္တံ၊ နေလာသော။ တံ၊ သင့်ကို။ အဟံ၊ ငါသည်။ နိစ္ဆာမိ၊ အလိုမရှိ။ ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူမူကား။ ဒုဗ္ဗဏ္ဏံ-ဒုဗ္ဗဏ္ဏတ္တာ၊ အဆင်းမလှသောကြောင့်တည်း။

မချစ်ရ ငါမပြန်

ထိုကုသမင်းသည် ငါသည် ပဘာဝတီအထံမှ စကားရပြီဟု အလွန် နှစ်သက်သည်ဖြစ်၍ ပဘာဝတီအား စကားတုံ့ပြန်လိုရကား-

။ နာဟံ ဂမိဿာမိ ဣတော ကုသာဝတိံ၊
ပဘာဝတီ ပဏ္ဏပလောဘိတော တဝ။
ရမာမိ မဒ္ဒဿ နိကေတရမ္မေ၊
ဟိတွာန ရဋ္ဌံ တဝ ဒဿနေ ရတော။
။ ပဘာဝတိ ဝဏ္ဏပလောဘိတော တဝ၊
သမ္မူဠှရူပေါ ဝိစရာမိ မေဒိနိံ။
ဒိသံ နဇာနာမိ ကုတောမှိ အာဂတော၊
တယမှိ မတ္တော မိဂမန္ဒလောစနေ။
။ သုဝဏ္ဏစီရဝသနေ၊ ဇာတရူပသုမေခလေ။
သုသောဏိ တဝ ကာမာဟိ၊
နာဟံ ရဇ္ဇေန မတ္တိကော။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၃။ ပဘာပတီ၊ ရှင်မ ပဘာဝတီ။ တဝ၊ သင်၏။ ဝဏ္ဏပလောဘိတော၊ လှပတင့်တယ်ခြင်းဟူသော အဆင်းဖြင့် ဖျားယောင်းအပ်သည်ဖြစ်၍။ ဣတော၊ ဤသင်တို့ပျော်ရာ သာဂလပြည်တော်မှ။ ကုသာဝတိံ၊ ငါတို့နေရာ ကုသဝတီ ပြည်ကြီးသို့။ နာဟံ ဂမိဿာမိ၊ ငါမသွားအံ့။ မဒ္ဒဿ၊ ရှင့်ခမည်းတော် မဒ္ဒရာဇ်မင်း၏။ ရမ္မေ၊ မွေ့လျော်တော်မူရာဖြစ်သော။ နိကေတေ၊ ရွှေနန်းတော်၌။ ရမာမိ၊ ငါမွေ့လျော်၏။ တဝဒဿနေ၊ သင့်ကိုမြင်ရခြင်း၌။ ရတော၊ ချစ်ခင်တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍။ ရမာမိ၊ မွေ့လျော်၏။ ရဋ္ဌံ၊ သင့်တို့ပျော်ရာ သာဂလမည်သော ဤရွှေပြည်ကို။ ဟိတွာန၊ စွန့်ပစ်၍။ အဟံ၊ ငါသည်။ န ဂမိဿာမိ၊ မသွားနိုင်။

၄။ ပဘာဝတီ၊ ရှင်မ ပဘာဝတီ။ တဝ၊ သင်၏။ ဝဏ္ဏပလောဘိတော၊ ရူပါရုံတည်းဟူသော အဆင်းဖြင့် ဖျားယောင်းရကား။ သမ္မူဠှရူပေါ၊ ချစ်ခင်လေးမြတ် တပ်စွန်းခြင်းဟူသော ကိလေသာဖြင့် တွေဝေသော သဘောရှိသည်ဖြစ်၍။ မေဒိနိံ၊ မြေအပြင်၌။ ဝိစရာမိ၊ ငါသွားလာ၏။ ကုတော၊ အဘယ်အရပ်မှ။ အာဂတော၊ လာသည်။ အမှိ၊ ဖြစ်၏ဟူ၍။ ဒိသံ၊ အရပ်မျက်နှာကို။ န ဇာနာမိ၊ ငါ မမှတ်မိပြီ။ တယိ၊ သင်၌။ မတ္တော၊ ချစ်ခင်လေးမြတ် တပ်စွန်းသောအားဖြင့် မေ့လျော့သည်။ အမှိ၊ ဖြစ်ခဲ့ပြီ။ (တစ်နည်းကား) တယိ-တယာ၊ သင်သည်။ မတ္တော၊ ငါ့ကိုမေ့သည်။ အမှိ၊ ဖြစ်ခဲ့ပြီ။

၅။ မိဂမန္ဒလောစနေ၊ ယနေ့မွေးစဖြစ်သော သမင်ငယ်၏ မျက်စိနှင့်တူသော စိမ်းညိုသော မျက်စိရှိထသော။ သုဝဏ္ဏစီရဝသနေ၊ ရွှေချည်တို့ဖြင့် ရက်အပ်သော အဝတ်အထည်ကိုလည်း ဝတ်ထသော။ ဇာတရူပသုမေခလေ၊ ရွှေပြားခါးကြိုးကိုလည်း ဆင်ထသော။ သုဿောဏိ၊ လျပါးသေးသွယ် ငယ်သောခါးရှိသော ရှင်မ ပဘာဝတီ။ တဝ၊ သင့်အား။ ကာမေဟိ၊ ချစ်ခင်တပ်စွန်းခြင်းတို့ကြောင့်။ အဟံ၊ ငါသည်။ ရဇ္ဇေန၊ ပြည်ကြီးစည်းစိမ်ဖြင့်။ နအတ္ထိကော၊ အလိုမရှိပြီ။

ပဘာဝတီ ထွက်မလာပြီ

ဤသို့ ကုသမင်း ပြောဆိုလတ်သော် ထိုပဘာဝတီသည် ကြံ၏။ ငါသည် ဤကုသမင်းကို နှလုံးမသာမာသည် ဖြစ်လတ္တံ့ဟု ပြက်ရယ် ပြု၏။ ဤကုသမင်းသည်ကား ငါ့ကို တပ်စွန်း၍ သာလျှင် ပြောဆိုဘိ၏။ စင်စစ်သော်ကား ငါ့ကို ငါ ကုသမင်းတကားဟု ကြုံးဝါးလျက် အကယ်၍ လက်ကို ဆွဲကိုင်ငြားအံ့၊ ဤသိုဆွဲကိုင်ခဲ့သော် ထိုကုသမင်းကို အဘယ်သူသည် တားမြစ်နိုင်ချေအံ့နည်း။ ငါ့ကို ပြောကြားသော ဤစကားကိုလည်း တစ်စုံ တစ်ယောက်သောသူသည် ကြားခဲ့ရာ၏ဟု နှလုံးသွင်း၍ တံခါးကိုပိတ်ပြီးလျှင် တံခါးကျင်ကိုလျှို၍ တိုက်ခန်းတွင်း၌ တည်၏။

မင်းကုသ မှောက်လျက်လဲပြီ

ထိုကုသမင်းသည်လည်း ထမင်းနှင့်တကွသော ထမ်းပိုးကို ထမ်းယူ၍ မင်းသမီးတို့ကို လုပ်ကျွေး၏။ ပဘာဝတီသည် သွားချေ၊ ကုသမင်းချက်သော ထမင်းကို ဆောင်ချေလော့ဟု အထိန်းတော် ခုဇ္ဇာကို စေလိုက်၏။ ထိုအထိန်းတော် ခုဇ္ဇာသည် ဆောင်ယူ၍ စားတော်မူပါလော့ဟု ဆို၏။ ငါသည် ကုသမင်းချက်သော ထမင်းကို မစားအံ့၊ သင်သည်လျှင်စား၍ သင့်အားရအပ်သော ရိက္ခာကိုယူ၍ ထမင်းချက်ပြီးလျှင် ဆောင်ယူခဲ့ပါလော့၊ ကုသမင်းလာသော အဖြစ်ကိုလည်း တစ်စုံ တစ်ယောက်သောသူအား မကြားလေလင့်ဟု မှာဆို၏။

အထိန်းတော် ခုဇ္ဇာသည် ထိုနေ့မှစ၍ ပဘာဝတီအစုကိုယူ၍ မိမိစား၏။ မိမိအစုကို ပဘာဝတီအားပေး၏။ ကုသမင်းသည်လည်း ထိုနေ့မှစ၍ ပဘာဝတီကိုမမြင်ရကား ကြံတော်မူပြန်၏။ ပဘာဝတီသည် ငါ့၌ ချစ်ခြင်း မရှိပြီ၊ ထိုသို့မဟုတ်မူ ချစ်ခြင်း ရှိဦးမည်လော၊ ပဘာဝတီကို စုံစမ်းအံ့ဟု ကြံတော်မူ၏။ ကြံပြီး၍ ထိုကုသမင်းသည် မင်းသမီးကိုကျွေးပြီးလျှင် ထမင်းထမ်းပိုးကိုထမ်း၍ ထွက်ခဲ့သည်ရှိသော် ပဘာဝတီ တိုက်ခန်းတံခါးအနီး ပြာသာဒ်အပြင်၌ ခြေတို့ဖြင့်ခတ်လိုက်၍ အိုးခွက်တို့ကို လိမ့်စေပြီးလျှင် ကျည်းဟီးလျက် မိန်းမောဟန်ပြု၍ မှောက်ခုံလဲ၏။

ပဘာဝတီ တံတွေးထွေးခံရ

ပဘာဝတီသည် ကုသမင်း ကျည်းဟီးသံကြောင့် တံခါးကိုဖွင့်လျှင် ထိုကုသမင်း ထမ်းပိုးနှင့်တကွ ဖိမိသည်ကိုမြင်၍ ဤ ကုသမင်းသည် အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းအပြင်ဝယ် မြတ်သော မင်းပေတည်း၊ ငါ့ကိုမှီ၍ နေ့ညဉ့်ပတ်လုံး ဆင်းရဲကြီးစွာခံရ၏။ နူးညံ့သောကြောင့် ထမင်းထမ်းပိုးဖြင့် ဖိလျက်အိပ်ရ၏။ အသက်ရှင်ပါသေးသလော၊ မရှင်ပြီလောဟုကြံ၍ ပဘာဝတီသည် တိုက်ခန်းမှထွက်လတ်၍ ထိုကုသမင်း၏ နှာခေါင်းလေကို စုံစမ်းအံ့သောငှာ လည်ကိုဆန့်၍ မျက်နှာကိုကြည့်၏။ ကုသမင်းသည် ခံတွင်းပြည့်အောင် တံတွေးကိုငုံ၍ ထွေး၏။ ပဘာဝတီကိုယ်၌လည်း ကျစေ၏။ ပဘာဝတီသည် ထိုကုသမင်းကို ဆဲရေး၍ တိုက်ခန်းသို့ဝင်ပြီးလျှင် တံခါးရွက်တစ်ဖက်ကိုပိတ်၍ရပ်လျက် မြည်တမ်း ရေရွတ်လိုရကား-

။ အဗ္ဘူတိ တဿ သော ဟောတိ၊
ယော အနိစ္ဆန္တမိစ္ဆတိ။
အကာမံ ရာဇ ကာမေသိ၊ အကန္တံ ကန္တုမိစ္ဆသိ။

ဟူသော ဤဂါထာကို ဆို၏။

၆။ ရာဇ၊ ကုသမင်း။ ယောကောစိ၊ အကြင် အမှတ်မရှိသောသူသည်။ အနိစ္ဆန္တံ၊ အလိုမရှိအပ်သည်ကို။ ဣစ္ဆတိ၊ အလိုရှိ၏။ အကာမံ၊ မနှစ်သက်အပ်သည်ကို။ ကာမေသိ၊ နှစ်သက်၏။ အကန္တံ၊ မနှစ်လိုအပ်သည်ကို။ ကန္တုံ၊ နှစ်လိုအံ့သောငှာ။ ဣစ္ဆသိ၊ အလိုရှိ၏။ တဿ၊ ထိုသူ၏။ သော၊ ထိုအလိုရှိခြင်း နှစ်သက်ခြင်း နှစ်လိုခြင်းသည်။ အဗ္ဘူတီ၊ အစီးအပွားမရှိသည်။ ဟောတိ၊ ဖြစ်၏။

မကြိုက်ကြိုက် ရဖို့သာ ပဓာန

ထိုကုသမင်းသည်ကား တပ်စွန်းသောစိတ် ရှိသည်ဖြစ်သောကြောင့် ထိုသို့ ဆဲရေးရေရွတ်သော်လည်း နှလုံးမသာခြင်းကို မဖြစ်စေမူ၍လျှင် ပဘာဝတီအား စကားပြန်ပြောလိုရကား-

။ အကာမံ ဝါ သကာမံ ဝါ၊
ယောနရော လဘတေ ပိယံ။
လာဘမေတ္ထ ပသံသာမ၊
အလာဘော တတ္ထ ပါပကော။

ဟူသော အခြားမရှိသောဂါထာကို ဆို၏။

၇။ အယျေ၊ ရှင်မ ပဘာဝတီ။ ယော နရော၊ အကြင်သူသည်။ အကာမံ ဝါ၊ အလိုမရှိသည်လည်းဖြစ်သော။ သကာမံ ဝါ၊ အလိုရှိသည်လည်းဖြစ်သော။ လာဘံ၊ ရအပ်သော။ ပိယံ၊ မိမိချစ်အပ်သော သူကို။ လဘတေ၊ ရ၏။ ဧတ္ထ၊ ဤသို့ ချစ်သောသူကို ရရာ၌။ ပသံသာမ၊ ချီးမွမ်းကုန်လတ္တံ့။ တတ္ထ၊ ထိုချစ်အပ်သောသူ၌။ အလာဘော၊ မရခြင်းသည်။ ပါပကော၊ ယုတ်မာ၏။

အပြန်အလှန်ကြပြီ

ပဘာဝတီသည်လည်း ထိုကုသမင်းသည် ဤသို့မနှစ်သက်ဖွယ်သော်လည်း နောက်မဆုတ်လေလျှင် ပို၍ကြမ်းသော စကားကိုဆို၍ ပြေးစေလိုရကား-

။ ပါသာဏသာရံ ခဏသိ၊ ကဏိကာရဿ ဒါရုနာ။
ဝါတံ ဇာလေန ဗာဓေသိ၊ ယော အနိစ္ဆန္တမိစ္ဆသိ။

ဟူသော ဤဂါထာကို ဆို၏။

၈။ ဘောရာဇ၊ အို... ကုသမင်း။ ယော ရာဇာ၊ အကြင်မင်းသည်။ ကဏိကာရဿ ဒါရုနာ၊ မဟာလှေကားသားဖြင့်။ ပါသာဏသာရံ၊ အနှစ်ပြည့်သော ကျောက်ကို။ ခဏသိ ယထာ၊ တူးသကဲ့သို့လည်းကောင်း။ ဝါတံ၊ လေကို။ ဇာလေန၊ ကွန်ဖြင့်။ ဗာဓေသိ ယထာ၊ ဖွဲ့ထောင်သကဲ့သို့လည်းကောင်း။ ဝထာ၊ ထို့အတူ။ အနိစ္ဆန္တံ၊ အလိုမတူသော ငါ့ကို။ တွံ၊ သင်သည်။ ဣစ္ဆသိ၊ အလိုရှိဘိ၏။

ထိုစကားကိုကြား၍ ကုသမင်းသည် စကားတုံ့ ချေလိုရကား-

။ ပါသာဏော နူန တေ ဟဒယေ၊
ဩဟိတော မုဒုလက္ခဏေ။
ယော တေ သာတံ န ဝိန္ဒာမိ၊
တိရောဇနပဒါဂတော။
၁၀။ ယဒါ မံ ဘကုဋိံ ကတွာ၊ ရာဇပုတ္တီ ဥဒိက္ခတိ၊
အဠာရိကော တဒါ ဟောမိ၊
ရညော မဒ္ဒဿန္တေပူရေ။
၁၁။ ယဒါ ဥမှယမာနာ မံ၊ ရာဇပုတ္တီ ဥဒိက္ခတိ။
နာဠရိကော တဒါ ဟောမိ၊
ရာဇာ ဟောမိ တဒါ ကုသော။

ဟူသော ဤသုံးဂါထာကို ဆို၏။

၉။ မုဒုလက္ခဏေ၊ နူးညံ့လှစွာသော မိန်းတို့၏လက္ခဏာနှင့် ပြည့်စုံသော ရှင်မပဘာဝတီ။ တေ၊ သင်၏။ ဟဒယေ၊ နှလုံး၌။ ပါသာဏော၊ ကျောက်ဖျာကို။ ဩဟိတော နူန၊ ထားလေသလော။ တိရောဇနပဒါ၊ ဇနပုဒ်တစ်ပါးမှ။ အာဂတော၊ ရောက်လာသော။ ယော အဟံ၊ အကြင်ငါသည်။ တေ၊ သင်၏။ သန္တိကေ၊ အထံ၌။ သာတံ၊ ချမ်းသာရာကို။ န ဝိန္ဒာမိ၊ မရပါ။

၁၀။ မုဒုလက္ခဏေ၊ နူးညံ့လှစွာသော မိန်းမတို့၏လက္ခဏာနှင့် ပြည့်စုံသော ရှင်မပဘာဝတီ။ ယဒါ၊ အကြင်အခါ၌။ ရာဇပုတ္တီ၊ မင်းသမီးဖြစ်သာ ရှင်မပဘာဝတီသည်။ မံ၊ ငါ့ကို။ ဘကုဋိံ ကတွာ၊ မျက်မှောင် တကြုတ်ကြုတ်ပြု၍။ ဥဒိက္ခတိ၊ ကြည့်၏။ တဒါ၊ ထိုအခါ၌။ အဟံ၊ ငါသည်။ မဒ္ဒဿရညော၊ မဒ္ဒရာဇ်မင်း၏။ အန္တေပုရေ၊ နန်းတော်တွင်း၌။ အာဠာရိကော ဝိယ၊ စားတော်ချက်၏ ကျွန်ကဲ့သို့။ ဟောမိ၊ ဖြစ်ရချေ၏။

၁၁။ မုဒုလက္ခဏေ၊ နူးညံ့လှစွာသော မိန်းမတို့၏လက္ခဏာနှင့် ပြည့်စုံသော ရှင်မပဘာဝတီ။ ယဒါ၊ အကြင်အခါ၌။ ရာဇပုတ္တီ၊ မင်းသမီးဖြစ်သော ရှင်မပဘာဝတီသည်။ မံ၊ ကို။ ဥမှယမာနာ၊ ရယ်မြူးလျက်။ ဥဒိက္ခတိ၊ ကြည့်၏။ တဒါ၊ ထိုအခါ၌။ အာဠကော ဝိယ၊ စားတော်ချက်၏ ကျွန်ကဲ့သို့။ န ဟောမိ၊ ငါ မဖြစ်ရပေ။ တဒါ၊ ထိုသို့ ရယ်မြူးလျက် ကြည့်သောအခါ၌။ ကုသရာဇာ ဝိယ၊ ကုသမင်းကဲ့သို့။ ဟောမိ၊ ဖြစ်ရပေ၏။

ပဘာဝတီသည် ထိုကုသမင်းစကားကို ကြားရလျှင် ဤကုသမင်းသည် အလွန်လျှင် ကပ်ငြိစွဲလမ်း၍ ဆို၏။ ငါသည် မုသာဝါဒကိုပြု၍ တစ်ခုသော ဥပါယ်တံမျဉ်ဖြင့် ထိုကုသမင်းကို ငါတို့နေပြည်တော်မှ ပြေးစေအံ့ ဟု ကြံ၍ ပြေးစေလိုရကား...

၁၂။ သစေ ဟိ ဝစနံ သစ္စံ၊ နေမိတ္တာနံ ဘဝိဿတိ။

နေဝ မေ တွံ ပတိ အဿ၊ ကမံ ဆန္ဒန္တု သတ္တဓာ။

ဟူသော ဤဂါထာကို ဆို၏။

၁၂။ ရာဇ၊ ကုသမင်း။ နေမိတ္တာနံ၊ နိမိတ်ကိုသိသော သူတို့၏။ ဝစနံ၊ စကားသည်။ သစ္စံ၊ မှန်သည်။ သစေ ဘဝိဿတိ၊ အကယ်၍ ဖြစ်ငြားအံ့။ ကာမံ၊ စင်စစ်။ မေ၊ ငါ၏။ ကာယံ၊ ကိုယ်ကို။ သတ္တဓာ၊ ခုနစ်ပိုင်း။ ဆိန္ဒန္တု၊ ဖြတ်စေကာမူ။ တွံ၊ သင်သည်။ မေ၊ ငါ၏။ ပတိ၊ လင်သည်။ နေဝ အဿ၊ မဖြစ်ရာ။ ဣတိ၊ ဤသို့။ ဝဒိံသု၊ ဖတ်ဆိုကြကုန်၏။

ထိုစကားကိုကြား၍ ကုသမင်းသည် တစ်ဖန် ပယ်ပြန်လိုသည်ဖြစ်၍ ရှင်မပဘာဝတီ... ငါသည်လည်း ငါတို့ ကုသဝတီပြည်ကြီး၌ နိမိတ်ဖတ်တတ်သောသူတို့ကို မေးခဲ့အပ်သည်ရှိသော် ထိုနိမိတ်ဖတ်တတ်သော သူတို့သည် ခြင်္သေ့မင်းအသံနှင့်တူသော အသံရှိသော ကုသမင်းကိုထား၍ ကုသမင်းမှတစ်ပါး သင့်အား လင်မည်သည် မရှိဟု ဖတ်ဆိုကြကုန်၏။ ငါသည်လည်း ငါ့ဉာဏ်စွမ်းဖြင့် နိမိတ်တို့ကို ဤအတူလျှင် ဖတ်ဆိုပြီ ဟု ဆို၍ ထိုအကြောင်းကို ပြန်ကြားလိုရကား-

၁၃။ သစေ ဟိ ဝစနံ သစ္စံ၊ အညေသံ ယဒိ ဝါ မမ။
နေဝ တုယှံ ပတိ အတ္ထိ၊
အညော သီဟဿရာ ကုသာ။

ဟူသော အခြားမရှိသော ဤဂါထာကို ဆို၏။

၁၃။ အယျေ၊ ရှင်မ ပဘာဝတီ။ အညေသံ ဝစနံ၊ ငါမှတစ်ပါးသော နိမိတ်ဖတ်တတ်သော သူတို့၏ စကားသည်လည်းကောင်း။ ယဒိ ဝါ၊ ထိုမှတပါးလည်း။ မမဝစနံ၊ ငါ့စကားသည်လည်းကောင်း။ သစ္စံ၊ မှန်သည်။ သစေ သိယာ၊ အကယ်၍ ဖြစ်အံ့။ ဧဝံ၊ ဤသို့ ဖြစ်သည်ရှိသော်။ သီဟဿရာ၊ ခြင်္သေ့မင်း အသံနှင့်တူသော အသံရှိသော။ အညော ကုသာ၊ ကုသမင်းမှတစ်ပါး။ တုယှံ၊ သင့်အား။ ပတိ၊ လင်သည်။ နေဝ အတ္ထိ၊ မရှိသလျှင်ကတည်း။

ပဘာဝတီသည် ထိုကုသမင်းစကားကို ကြားလျှင် ဤမင်းကို ရှက်စိမ့်သောငှာ မတတ်နိုင်၊ ပြေးလိုမူလည်း ပြေးပစေ၊ မပြေးလိုမူလည်း နေပစေ၊ ငါ့အား ဤကုသမင်းဖြင့် အဘယ်မူအံ့နည်း ဟု တံခါးကိုပိတ်၍ မိမိကိုယ်တို့ မပြပြီ။

ကုသမင်းသည်လည်း ထမ်းပိုးကိုထမ်း၍ ဆင်းသွားရ၏။ ထိုနေ့မှစ၍ ပဘာဝတီကို မမြင်ရပြီ။ စဖိုသည်အမှုကို ပြုလျက် အလွန်ပင်ပန်း၏။ နံနက်စာ စားပြီးသော် ထင်းတို့ကို ခွဲရ၏။ အိုးခွက်တို့ကို ဆေးရ၏။ ထမ်းပိုးဖြင့် ရေထမ်းရ၏။ အိပ်သည်ရှိသော် ထမင်းတင်သော အင်းပျဉ်၌ အိပ်ရ၏။ နံနက်စောစောကလျှင် ထ၍ ယာဂုအစရှိသည်တို့ကို ချက်ရ၏။ ထမ်းယူ ပို့ဆောင်ရ၏။ ကျွေးမွေးရ၏။ မိန်းမ၌ ချစ်ကြိုက် နှစ်သက်ခြင်းတည်းဟူသော ရာဂကိုမှီ၍ လွန်ကဲသော ဆင်းရဲကို ခံရ၏။

ခုဇ္ဇာကို ကပ်၍ပြောသည်

ထိုကုသမင်းသည် တစ်နေ့သ၌ စဖိုအိမ်တံခါးဖြင့် သွားသော အထိန်းတော် ခုဇ္ဇာကိုမြင်လျှင် ခေါ်၏။ ထိုအထိန်းတော်ခုဇ္ဇာသည် ပဘာဝတီကို ကြောက်သောကြောင့် ထိုကုသမင်းအထံသို့ သွားအံ့သောငှာ မဝံ့ရကား အလျင်လိုသကဲ့သို့ သွား၏။ ထိုအခါ ခုဇ္ဇာသို့ လျင်မြန်စွာချဉ်းကပ်၍ ခုဇ္ဇာဟုခေါ်၏။ ထိုခုဇ္ဇာသည် ပြန်လည်၍ရပ်လျက် အဘယ်သူနည်းဟု ဆို၍ အရှင်မင်းကြီးတို့၏ စကားကို မကြားဝံ့ကုန်ဟု ဆို၏။ ထိုအခါ ခုဇ္ဇာကို ခုဇ္ဇာ... သင်သည်လည်းကောင်း သင့် သခင်မ ပဘာဝတီသည်လည်းကောင်း သင်တို့နှစ်ယောက်စလုံးပင် အလွန်လျှင် မာကျော၏။ ဤမျှလောက်သော ကာလပတ်လုံး သင်တို့အထံ၌ နေပါလျက် အနာကင်းပါ၏လော ဟူသော စကားကိုမျှလည်း မရပါ၊ ပေးကမ်းအပ်သော လက်ဆောင်ကိုကား အဘယ်မှာ ရပါကုန်အံ့နည်း၊ သင်တို့၏ ဤအမှုကို ထားဘိဦး၊ စင်စစ်သော်ကား ငါ့အား ပဘာဝတီကို နူးညံ့အောင်ပြု၍ပြခြင်းငှာ တတ်နိုင်ပါမည်လောဟုဆို၏။ ထိုအခါ အထိန်းတော်ခုဇ္ဇာသည် ကောင်းပြီဟု ဝန်ခံ၏။ ထို့နောက် ခုဇ္ဇာအား သင်သည် ငါ့အား ပြအံ့သောငှာ အကယ်၍ တတ်နိုင်အံ့၊ ဤသို့တတ်နိုင်သည်ရှိသော် သင့်အား ကျွန်အဖြစ်ကို ဖြောင့်ဖြောင့်တော်လှန်သည်ကိုပြု၍ လည်ရွဲတန်ဆာကို ငါပေးအံ့ဟုဆို၍ အထိန်းတော်ခုဇ္ဇာကို ဖြားယောင်းလိုရကား-

၁၄။ နေက္ခံ ဂီဝံ တေ ကာရေဿံ၊
ပတွာ ခုဇ္ဇေ ကုသာဝတိံ။
သစေ မံ နာဂနာသူရူ၊ ဩလောကေယျ ပဘာဝတီ။
၁၅။ နေက္ခံ ဂီဝံ တေ ကာရေဿံ၊
ပတွာ ခုဇ္ဇေ ကုသာဝတိံ။
သစေ မ နာဂနာသူရူ၊ အာလပေယျ ပဘာဝတီ။
၁၆။ နေက္ခံ ဂီဝံ တေ ကာရေဿံ၊
ပတွာ ခုဇ္ဇေ ကုသာဝတိံ။
သစေ မံ နာဂနာသူရူ၊ ဥမှာယေယျ ပဘာဝတီ။
၁၇။ နေက္ခံ ဂီဝံ တေ ကာရေဿံ၊
ပတွာ ခုဇ္ဇေ ကုသာဝတိံ။
သစေ မံ နာဂနာသူရူ၊ ပမှာယေယျ၊ ပဘာဝတီ။
၁၈။ နေက္ခံ ဂီဝံ တေ ကာရေဿံ၊
ပတွာ ခုဇ္ဇေ ကုသာဝတိံ။
သစေ မံ နာဂနာသူရူ၊ ပါဏီဟိ ဥပသမ္ဖုသေ။

ဟူသော ဤငါးဂါထာတို့ကို ဆို၏။

၁၄။ ခုဇ္ဇေ၊ မိခင် ခုဇ္ဇာ။ နာဂနာသူရူ၊ ဆင်နှာမောင်းနှင့်တူသော ဦရုလက္ခဏာရှိသော။ ပဘာဝတီ၊ ပဘာဂတီကို။ မံ၊ ငါ့ကို။ သစေ ဩလောကေယျ၊ အကယ်၍ ကြည့်နိုင်စေငြားအံ့။ ကုသာဝတိံ၊ ကုသဝတီပြည်သို့။ ပတွာ၊ ရောက်၍။ တေ၊ သင့်အား။ နေက္ခံ၊ ရွှေစင်ဖြင့်ပြီးသော။ ဂီဝံ၊ လည်ရွဲတန်ဆာကို။ ကာရေဿံ၊ ပြုစေအံ့။

၁၅။ ခုဇ္ဇေ၊ အထိန်းတော် ခုဇ္ဇာ။ နာဂနာသူရူ၊ ဆင်နှာမောင်းနှင့်တူသော ပေါင်ရှိသော။ ပဘာဝတီ၊ ပဘာဝတီ အမည်ရှိသော မင်းသမီးကို။ မံ၊ ဆို။ သစေ အာလပေယျ၊ အကယ်၍ခေါ်စေနိုင်ငြားအံ့။ ကုသဝတိံ၊ ငါတို့နေရာ ကုသဝတီပြည်ကြီးသို့။ ပတွာ၊ ရောက်၍။ တေ၊ သင့်အား။ နေက္ခံ၊ ရွှေစင်ဖြင့်ပြီးသော။ ဂီဝံ၊ လည်ရွဲတန်ဆာကို။ ကာရေဿံ၊ ပြုစေအံ့။

၁၆။ ခုဇ္ဇေ၊ မိခင် ခုဇ္ဇာ။ နာဂနာသူရူ၊ ဆင်နှာမောင်းနှင့်တူသော ပေါင်ရှိသော။ ပဘာဝတီ၊ ပဘာဝတီ အမည်ရှိသော မင်းသမီးကို။ မံ၊ ငါ့ကို။ သစေ ဥမှာယေယျ၊ အကယ်၍ ဖြည်းညင်းသာယာစွာ ရယ်စေနိုင်ငြားအံ့။ ကုသာတိံ၊ ကုသဝတီ အမည်ရှိသော မင်းနေပြည်တော်ကြီးသို့။ ပတွာ၊ ရောက်၍။ တေ၊ သင်မိခင်အား။ နေက္ခံ၊ ရွှေစင်ဖြင့်ပြီးသော။ ဂီဝံ၊ လည်ရွဲတန်ဆာကို။ ကာရေဿံ၊ ပြုစေအံ့။

၁၇။ ခုဇ္ဇေ၊ ခုဇ္ဇာမည်ခေါ်သော အထိန်းတော်။ နာဂနာသူရူ၊ ရင်းကြီးဖျားငယ် တင့်တယ်လှစွာ ဆင်နှာမောင်းနှင့်တူသော ဥရုလက္ခဏာရှိသော။ ပဘာဝတီ၊ ပဘာဝတီ အမည်ရှိသော မင်းသမီးကို။ မံ၊ ငါ့ကို။ သစေ ပမှာယေယျ၊ အကယ်၍ ပြင်းစွာ ရယ်ရွှင်စေနိုင်ငြားအံ့။ ကုသာဝတိံ၊ ကုသဝတီ အမည်ရှိသော မင်းနေပြည်တော်ကြီးသို့။ ပတွာ၊ ရောက်၍။ တေ၊ သင့်အား။ နေက္ခံ၊ ရွှေစင်ဖြင့်ပြီးသော။ ဂီဝံ၊ လည်ရွဲတန်ဆာကို။ ကရေဿံ၊ ပြုစေအံ့။

၁၈။ ခုဇ္ဇေ၊ အထိန်းတော် ခုဇ္ဇာ။ နာဂနာသူရူ၊ ဆင်နှာမောင်းနှင့်တူသော ရင်းကြီးဖျားငယ် တင့်တယ်သော ပေါင်ရှိသော။ ပဘာဝတီ၊ မင်းသမီး ပဘာဝတီကို။ မံ၊ ငါ့ကို။ ပါဏီဟိ၊ လက်တို့ဖြင့်။ သစေ ဥပသမ္ဖုသေ၊ အကယ်၍ သုံးသပ်စေနိုင်ငြားအံ့။ ကုသာဝတိံ၊ ငါ့ကိုနေရာ ကုသဝတီပြည်ကြီးသို့။ ပတွာ၊ ရောက်၍။ တေ၊ သင့်အား။ နေက္ခံ၊ ရွှေစင်ဖြင့်ပြီးသော။ ဂီဝံ၊ လည်ရွဲတန်ဆာ ကို။ ကရေဿံ၊ ပြုစေအံ့။

ခုဇ္ဇာ၏ ကြိုးပမ်းချက်

ထိုအထိန်းတော် ခုဇ္ဇာသည် ကုသမင်းစကားကို ကြား၍ အရှင်မင်းကြီး အရှင်မင်းကြီးတို့သည် ကြွတော်မူပါလော့၊ နှစ်ရက်သုံးရက်လွန်သဖြင့် ထိုမင်းသမီး ပဘာဝတီကို အရှင်မင်းကြီးအလိုတော်သို့ လိုက်သည်ကို ပြုပါအံ့၊ အကျွန်ုပ် လုံ့လကို ကြည့်တော်မူဦးလော့ ဟု ဆို၍ ပြုဖွယ်ကိစ္စကို ပြုပြီးလျှင် ပဘာဝတီအထံသို့သွား၍ ထိုပဘာဝတီနေရာ တိုက်ခန်းကို သုတ်သင်သကဲ့သို့ ယူအပ်သည်နှင့်ယှဉ်သော တီကျစ်စာတို့ကိုလည်း မကြွင်းစေမူ၍ အယုတ်သဖြင့် ခြေနင်းတို့ကိုလည်း ထုတ်၍ အလုံးစုံသော တိုက်ခန်းကို တံမြက်လှည်း၍ တိုက်ခန်းတံခါးခုံကို အခြားပြု၍ မြင့်သောနေရာကို ခင်းပြီးလျှင် ပဘာဝတီအား တစ်ခုသော နိမ့်သောအင်းပျဉ်ကိုခင်း၍ ချစ်သမီး... လာလှည့်၊ သင့်ဦးခေါင်း၌ သန်းရှာအံ့ဟု ဆို၍ ထိုပဘာဝတီကို နိမ့်သောအင်းပျဉ်၌ နေစေ၍ မိမိပေါင်ပေါ်၌ ပဘာဝတီဦးခေါင်းကိုထား၍ အတန်ငယ် ယားစေပြီးလျှင် ဤမင်းသမီးဦးခေါင်း၌ သန်းတို့သည် များစွတကား ဟု ဆို၍ မိမိခေါင်းမှ သန်းတို့ကိုယူ၍ ပဘာဝတီလက်၌ ထားစေပြီးလျှင် ချစ်သမီး... ဦးခေါင်းမှ အညစ်အကြေးဖြစ်ကုန်သော သန်းတို့ကို ရှုပါလော့ ဟု ချစ်ဖွယ်သောစကားကို ပြောဆို၍ ကုသမင်း ဂုဏ်ကျေးဇူးကို ပြောဆိုလိုရကား-

၁၆။ န ဟိ နူနာယံ ရာဇပုတ္တီ၊ ကုသေ သာတမ္ပိ ဝိန္ဒတိ။
အာဠာရိကေ ဘတေ ပေါသေ၊
ဝေတနေန အနတ္ထိကေ။

ဟူသော ဤဂါထာကို ဆို၏။

၁၆။ ရာဇပုတ္တိ၊ ရှင်မင်းသမီး။ တွံ၊ အရှင်သမီးတော်သည်။ ကုသေ၊ ကုသဝတီပြည်၌။ သာတမ္ပိ၊ စိုးစဉ်းမျှသော ချမ်းသာကိုလည်း။ န ဟိ နူန ဝိန္ဒတိ၊ မရပါသလော။ အယံ ရာဇာ၊ ဤကုသမင်းသည်။ အာဠာရိကေ၊ စဖိုသည်အဖြစ်၌။ ဝေတနေန၊ အခဖြင့်။ အနတ္ထိကေ၊ အလိုမရှိဘဲ။ ဘတေ၊ အခစားယောက်ျား ဖြစ်လျက်။ တုမှေ၊ အရှင့်သမီးတော်တို့ကို။ ပေါသေ၊ မွေးကျွေးပေ၏။

ခုဇ္ဇာကို ကြိမ်းမောင်းပုံ

ထိုပဘာဝတီသည် အထိန်းတော်ခုဇ္ဇာ၌ အမျက်ထွက်၏။ ထိုသို့ အမျက်ထွက်သောအခါ ပဘာဝတီကို အထိန်းတော် ခုဇ္ဇာသည် လည်၌ ကိုင်၍ တိုက်ခန်းတွင်းသို့ ပစ်လိုက်ပြီးလျှင် အဝ၌နေလျက် တံခါးလှည့်ကြိုး၌ ဆွဲလျက်ရပ်၏။ ပဘာဝတီသည် ထိုခုဇ္ဇာကို ဖမ်းအံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ တံခါးဝ၌ရပ်လျက် ဆဲရေးလိုကား -

၂၀။ န ဟိ နူနာယံသာ ခုဇ္ဇာ၊ လဘတိ ဇိဝှာယ ဆေဒနံ။
သုနိသိတေန သတ္ထေန၊ ဧဝံ ဒုဗ္ဘာသိတံ ဘဏံ။

ဟူသော ဤဂါထာကို ဆို၏။

၂၀။ ဧဝံ၊ ဤသို့ န ဟိနူနာယံ ရာဇပုတ္တီ အစရှိသော အပြားအားဖြင့်။ ဒုဗ္ဘာသိတံ၊ မကောင်းသဖြင့် ဆိုအပ်သော စကားကို။ ဘဏံ-ဘဏန္တီ၊ ဆိုသော။ အယံသာ ခုဇ္ဇာ၊ ဤ ခုဇ္ဇာသည်။ အတ္ထိ၊ ၏။ ဧတာယ၊ ဤခုဇ္ဇာ၏။ ဇိဝှာယ၊ လျှာကို။ သုနိသိတေန၊ ကောင်းသွားအပ်သော။ သတ္ထေန၊ ဓားဖြင့်။ ဆေဒနံ၊ ဖြတ်ခြင်းကို။ န ဟိ နူန လဘဘိ၊ မရလတ္တံ့လော။ လဘိဿတိ ဧဝ၊ ရလတ္တံ့သည်သာလျှင်တည်း။

ခုဇ္ဇာ ကြုံးဝါးသံ

ထိုသို့ ပဘာဝတီ ဆဲရေးသောအခါ အထိန်းတော် ခုဇ္ဇာသည် တံခါးလှည့်ကြိုးကိုဆွဲ၍ ရပ်လျက်လျှင် ပညာမရှိသော ဆုံးမခက်သော သူငယ်မ... သင့်အား သင့်အဆင်းသည် အသို့ပြုလတ္တံ့နည်း၊ ငါတို့သည် သင့်အဆင်းကို စား၍မျှ ရကုန်အံ့လော ဟု ဆိုမြည်လျက် တစ်ဆယ့်သုံးဂါထာတို့ဖြင့် ကုသမင်း ဂုဏ်ကျေးဇူးကို ထင်ရှားပြလျက် ခုဇ္ဇာ၏ ကြုံးဝါးခြင်းမည်သည်ကို ကြုံးဝါးလိုရကား-

၂၁။ မာ နံ ရူပေန ပါမေသိ၊ အာရောဟေန ပဘာဝတီ။
မဟာယသောတိ ကတွာန၊ ကရဿု ရုစိရေ ပိယံ။
။ လ။
၃၃။ မာ နံ ရူပေန ပါမေသိ၊ အာရောဟေန ပဘာဝတီ။
ကုသရာဇာတိ ကတွာန၊ ကရဿု ရုစိရေ ပိယံ။

ဟူသော ဤ တစ်ဆယ့်သုံးဂါထာတို့ကို ဆို၏။

၂၁။ ပဘာဝတီ၊ ရှင်မ ပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့်လည်းကောင်း။ အာရောဟေန စ၊ လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မမူလင့်လော့။ မဟာယသောတိ၊ ကြီးမြတ်သော အာနုဘော်ရှိသော မင်းပေတည်းဟု။ ဟဒယေ၊ နှလုံး၌။ ကတွာန၊ ပြုဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကို မြင်ရာ၌။ ပိယံ၊ ချစ်ခြင်းကို။ ကရဿု၊ ပြုဘိလော့။

၂၂။ ပဘာဝတီ၊ ရှင်မ ပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့်လည်းကောင်း။ အာရောဟေန စ၊ လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မမူလင့်လော့။ မဟဒ္ဓနောတိ၊ များသော ဥစ္စာနှစ်ရှိသော မင်းပေတည်းဟု။ ဟဒယေ၊ နှလုံး၌။ ကတွာန၊ ပြုဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကို မြင်ရာ၌။ ပိယံ၊ ချစ်ခြင်းကို။ ကရဿု၊ ပြုဘိလော့။

၂၃။ ပဘာဝတီ၊ ရှင်မ ပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့် လည်းကောင်း အာရောဟေန စ၊ လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မမူလင့်လော့။ မဟဗ္ဗလောတိ၊ ခွန်အားကြီးသောမင်းပေတည်းဟု။ ဟဒယေ၊ နှလုံး၌၊ ကတွာန၊ ပြုဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကို မြင်ရာ၌။ ပိယံ၊ ချစ်ခြင်းကို။ ကရဿု၊ ပြုဘိလော့။

၂၄။ ပဘာဝတီ၊ ရှင်မ ပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့် လည်းကောင်း။ အာရာဟေန စ၊ လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မမူလင့်လော့။ မဟာရဋ္ဌောတိ၊ ပြန့်ပြောသော တိုင်းနိုင်ငံရှိသော မင်းပေတည်းဟု။ ဟဒယေ၊ နှလုံး၌။ ကတွာန၊ ပြုဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကို မြင်ရာ၌။ ပိယံ၊ ချစ်ခြင်းကို။ ကရဿု၊ ပြုဘိလော့။

၂၅။ ပဘာဝတီ၊ ရှင်မ ပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့် လည်းကောင်း။ အာရောဟေန စ၊ လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မမူလင့်လော့။ မဟာရာဇာတိ၊ အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌ မြတ်သောမင်းပေတည်းဟု။ ဟဒယေ၊ နှလုံး၌။ ကတွာန၊ ပြုဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကို မြင်ရာ၌။ ပိယံ၊ ချစ်မြတ်နိုးခြင်းကို။ ကရဿု၊ ပြုဘိလော့။

၂၆။ ပဘာဝတီ၊ ရှင်မ ပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့်လည်းကောင်း။ အာရောဟေန စ၊ လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မမူလင့်လော့။ သီဟဿရောတိ၊ ခြင်္သေ့မင်း၏ အသံနှင့်တူသော အသံရှိသောမင်းပေတည်းဟု။ ဟဒယေ၊ နှလုံး၌။ ကတွာန၊ ပြုဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကို မြင်ရာ၌။ ပိယံ၊ ချစ်ခြင်းကို။ ကရဿု၊ ပြုဘိလော့။

၂၇။ ပဘာဝတီ၊ ရှင်မ ပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့်လည်းကောင်း။ အာရောဟေန စ၊ လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မလင့်လော။ ဝဂ္ဂုဿရောတိ၊ တင့်တယ် စံပယ်သော အသံရှိသော မင်းပေတည်း။ ဟဒယေ၊ နှလုံး၌။ ကတွာန၊ ပြုဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကိုမြင်ရာ၌။ ပိယံ၊ ချစ်ခြင်းကို။ ကရဿု၊ ပြုဘိလော့။

၂၈။ ပဘာဝတိ၊ ရှင်မ ပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့်လည်းကောင်း။ အာရောဟေန စ၊ လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မမူလင့်လော့။ ဗိန္ဒုဿရောတိ၊ တစ်ခဲနက်သော အသံရှိသော မင်းပေတည်းဟု။ ဟဒယေ၊ နှလုံး၌။ ကတွညန၊ ပြုဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကို မြင်ရာ၌။ ပိယံ၊ ချစ်ခြင်းကို။ ကရဿု၊ ပြုဘိလော့။

၂၉။ ပဘာဝတိ၊ ရှင်မ ပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့် လည်းကောင်း။ အာရောဟေန စ၊ လုံးယပ်သဏ္ဌာန် ကြန်အင်လက္ခာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မမူလင့်လော့။ မဉ္ဇုဿရောတိ၊ ကောင်းသောအသံရှိသော မင်းပေတည်း။ ဟဒယေ၊ နှလုံး၌။ ကတွာန၊ ပြုဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကို မြင်ရာ၌။ ပိယံ၊ ချစ်ခြင်းကို။ ကရဿု၊ ပြုဘိလော့။

၃၀။ ပဘာဝတိ၊ ရှင်မ ပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့်လည်းကောင်း။ အာရောဟေန စ၊ လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မမူလင့်လော့။ မဓုဿရောတိ၊ သာယာသော အသံရှိသော မင်းပေတည်းဟု။ ဟဒယေ၊ နှလုံး၌။ ကတွာန၊ ပြုဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကို မြင်ရာ၌။ ပိယံ၊ ချစ်ခြင်းကို။ ကရဿု၊ ပြုဘိလော့။

၃၁။ ပဘာဝတိ၊ ရှင်မ ပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့်လည်းကောင်း။ အာရောဟေန စ၊ လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မလင့်လော့။ ကတသိပ္ပေါတိ၊ သင်အပ်ပြီးသော အရာမကသော အတတ်ရှိသော မင်းပေတည်းဟု။ ဟဒယေ၊ နှလုံး၌၊ ကတွာန၊ ပြဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကို မြင်ရာ၌။ ပိယံ၊ ချစ်ခြင်းကို။ ကရဿု၊ ပြုဘိလော့။

၃၂။ ပဘာဝတိ၊ ရှင်မှ ပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့်လည်းကောင်း။ အာရောဟေန စ၊ လုံးရပ်သဏ္ဌာန် ကြန်အင် လက္ခဏာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မမူလင့်။ ခတ္တိယောတိပိ၊ မပြတ်သော ဩက္ကာကရာဇ် မင်းမျိုးမှဖြစ်သော မင်းပေတည်းဟု။ ဟဒယေ၊ နှလုံး၌။ ကတွာန၊ ပြုဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကို မြင်ရာ၌။ ပိယံ၊ ချစ်ခြင်းကို။ ကရဿု၊ ပြုဘိလော့။

၃၃။ ပဘာဝတိ၊ ရှင်မပဘာဝတီ။ တွံ၊ ရှင်မသည်။ အတ္တနော၊ မိမိ၏။ ရူပေန စ၊ အဆင်းအားဖြင့်လည်းကောင်း။ အာရောဟေန စ၊ လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာအားဖြင့် လည်းကောင်း။ နံ၊ ထိုကုသမင်းမြတ်ကို။ မာ ပါမေသိ၊ မာန်မမူလင့်။ ကုသရာဇာတိ၊ သိကြားနတ်မင်းပေးသော သမန်းမြက်၏အမည်နှင့်တူသော အမည်ရှိသော ကုသမင်းမြတ်ပေတည်းဟု။ ဟဒယေ၊ နှလုံး၌။ ကတွာန၊ ပြုဦး၍။ ရုစိရေ၊ ချစ်အပ်သော ကုသမင်းမြတ်ကို မြင်ရာ၌။ ပိယံ၊ ချစ်မြတ်နိုးခြင်းကို။ ကရဿု၊ ပြုဘိလော့။

ပဘာဝတီ တောင်းပန်ပြီ

ပဘာဝတီသည် ထိုစကားကိုကြား၍ ခုဇ္ဇာ... သင်သည် အလွန်လျှင် ကြုံးဝါးဘိ၏တကား၊ ငါ့လက်သို့ ရောက်သည်ရှိသော် အရှင်ရှိသောအဖြစ်ကို သင့်အား သိအံ့ဟု ခုဇ္ဇာကို ခြိမ်းခြောက်၏။ ထိုခုဇ္ဇာသည်လည်း ငါသည် သင့်ကိုစောင့်ထိန်းသည်ရှိသော် သင့်ခမည်းတော်အား ကုသမင်းလာသောအဖြစ်ကို ငါ မကြားသိစေ၊ ထိုသို့ဖြစ်စေ၊ ယနေ့ အရှင်မင်းကြီးအား တင်လျှောက်အံ့ဟု ကျယ်စွာသော အသံဖြင့် ကြောက်စေ၏။ ထိုပဘာဝတီသည်လည်း တစ်စုံတစ်ယောက်သောသူသည် ကြားခဲ့ရာ၏ဟု ခုဇ္ဇာကို တောင်းပန်၏။

ခုနစ်ပြည်ထောင်မင်းတို့ လာတောင်းခြင်း

ကုသမင်းသည်လည်း ပဘာဝတီကိုမြင်ခြင်းငှာ မရသည်ဖြစ်၍ ခုနစ်လပတ်လုံး မကောင်းသောအစာ, မကောင်းသောအိပ်ရာဖြင့် ပင်ပန်းရကား ကြံတော်မူ၏။ အဘယ်သို့ ကြံတော်မူသနည်းဟူမူကား ငါ့အား ထိုပဘာဝတီဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ခုနစ်လပတ်လုံး နေပါလျက် ပဘာဝတီကို မြင်ခြင်းငှာ မရ၊ အလွန်လျှင် ခက်ထန်၏။ အလွန်လျှင် ညှဉ်းဆဲစွ၊ ငါတို့ ကုသဝတီပြည်ကြီးသို့ ပြန်လည်၍ မယ်တော် ခမည်းတော်တို့ကိုသာ ဖူးမြင်အံ့ဟု ဤသို့ ကြံတော်မူ၏။

ထိုခဏ၌ သိကြားနတ်မင်းသည် ဆင်ခြင်လတ်သော် ထိုကုသမင်းမြတ် ငြီးငွေ့သောအဖြစ်ကိုသိ၍ ကုသမင်းမြတ်သည် ခုနစ်လပတ်လုံး ပဘာဝတီကို မြင်ရုံမျှလည်း မရ၊ ထိုကုသမင်းအား ပဘာဝတီကို ရခြင်း၏အကြောင်းကို ငါ ပြုအံ့ ဟု ကြံ၍ မဒ္ဒရာဇ်မင်းကြီး၏ တမန်ပြုလုပ်၍ ခုနစ်ပြည်ထောင်သော မင်းတို့အား စေသည်ရှိသော် ပဘာဝတီသည် ကုသမင်းကို စွန့်ပစ်၍လာ၏။ သင်တို့လာလှည့်ကုန်၊ ပဘာဝတီကို ယူလှည့်ကြကုန်ဟု တစ်ယောက် တစ်ယောက်သောမင်းအား အသီးအသီး သတင်းစကားတို့ကို စေလိုက်၏။ ထိုခုနစ်ပြည်ထောင်သော မင်းတို့သည် များစွာသောအခြံအရံဖြင့် လာလတ်ကြကုန်၍ သာဂလမြို့သို့ ရောက်ကုန်လျှင် အချင်းချင်း လာသောအကြောင်းကို မသိကြကုန်။ ထိုခုနစ်ပြည်ထောင်သော မင်းတို့သည် သင်သည် အဘယ့်ကြောင့် လာသနည်း၊ သင်သည် အဘယ်ကြောင့် လာသနည်း ဟု အချင်းချင်း မေးကြကုန်၍ ထိုအကြောင်းကို သိကြကုန်လျှင် အမျက်ထွက်ကြကုန်၍ သမီးတစ်ယောက်ကိုစင်လျက် ခုနစ်ပြည်ထောင်သော မင်းတို့အား ပေးလတ္တံ့သတတ်၊ ထိုမဒ္ဒရာဇ်မင်း၏ မသင့်သောအကျင့်ကို ကြည့်ကြကုန်လော့၊ ငါတို့ကို ချုပ်ချယ်ဘိ၏။ ထိုမဒ္ဒရာဇ်မင်းကို ဖမ်းကြကုန်အံ့ဟု အလုံးစုံသော မင်းတို့သည်လည်း ငါတို့အား သမီးတော် ပဘာဝတီကိုတည်းပေးမည်လော၊ စစ်ကိုတည်း ထိုးမည်လောဟု သတင်းစကားတို့ကို စေလိုက်၍ မြို့ကို ဝန်းရံကုန်၏။

ခု ပေးမှ ဖြစ်တော့မယ်

မဒ္ဒရာဇ်မင်းကြီးသည် ထိုသတင်းစကားကို ကြားရလျှင် အလွန်ကြောက်လန့်ရကား မှူးတော်မတ်တော်တို့ကို ခေါ်တော်မူ၍ အသို့ ပြုရကုန်အံ့နည်းဟု မေးတော်မူ၏။ ထိုသို့ မေးတော်မူသောအခါ မှူးတော်မတ်တော်တို့သည် အရှင်မင်းမြတ်... ခုနစ်ပြည်ထောင် မင်းတို့သည်လည်း ဤပဘာဝတီကိုမှီ၍ လာရောက်ကြကုန်၏။ အကယ်၍ ပေးတော်မမူအံ့၊ မြိုတော်တံတိုင်းကို ဖြိုဖျက်ပြီးလျှင် မြို့တွင်းသို့ဝင်၍ အသက်ကုန်ခြင်းသို့ ရောက်စေ၍ တိုင်းပြည်ကို ယူကုန်အံ့ဟု ဆိုကုန်၏။ မြို့တော်ကို မဖျက်ဆီးကုန်မီလျှင် ထိုမင်းတို့အား ပဘာဝတီကို စေလိုက်ကုန်အံ့ဟု ဆို၍ ထိုအကြောင်းကို တင်လျှောက်လိုကုန်ရကား-

၃၄။ ဧတေ နာဂါ ဥပတ်ထဒ္ဓါ၊ သဗ္ဗေ တိဋ္ဌန္တိ ဝမ္မိတာ။
ပုရာမဒ္ဒန္တိ ပါကာရံ၊ အာနေန္တေတံ ပဘာဝတိ။

ဟူသော ဤဂါထာကို ဆိုကုန်၏။

၃၄။ မဟာရာဇ၊ အရှင်မင်းမြတ်။ ဧတေ နာဂါ၊ ထိုခုနစ်ပြည်ထောင်သော မင်းတို့၏ဆင်တို့သည်။ ဥပတ်ထဒ္ဓါ၊ အလွန် ခက်ထန်ကုန်၏။ ဝမ္မိတာ၊ ချပ်မန်ညိုကို ဝတ်ဆင်ကုန်သော။ သဗ္ဗေ၊ အလုံးစုံ ခုနစ်ပြည်ထောင်သော မင်းတို့သည်။ တိဋ္ဌန္တိ၊ မြို့တွင်းသို့ ချဉ်းကပ်၍ တည်ကုန်၏။ ပါကာရံ၊ မြို့တော်တံတိုင်းကို။ ပုရာ မဒ္ဒန္တိ၊ မဖျက်ဆီးကုန်မီ။ ဧတံ ပဘာဝတိံ၊ ဤပဘာဝတီကို။ အာနေန္တု၊ ဆောင်စေကုန်။

ခုနစ်ပိုင်း ပိုင်းစေ

ထိုသို့ မှူးတော်မတ်တော်တို့ တင်လျှောက်သောစကားကို ကြားတော်မူ၍ မဒ္ဒရာဇ်မင်းကြီးသည် အမတ်တို့ ငါသည် တစ်ယောက်သော မင်းအားသာ ပဘာဝတီကို အကယ်၍ စေငြားအံ့၊ ကြွင်းကုန်သော မင်းတို့သည် စစ်ထိုးခြင်းကို ပြုကုန်လတ္တံ့၊ တစ်ယောက်သော မင်းအားသာ ပေးခြင်းငှာ မတတ်ကောင်း၊ အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းအပြင်၌ မြတ်သော ကုသမင်းကိုစင်လျက် စွန့်ပစ်၍လာ၏။ ထိုလာခြင်း၏ အကျိုးကိုရခြင်းငှာ ထိုပဘာဝတီကို သတ်ပြီးလျှင် ခုနစ်ပိုင်းပိုင်း၍ ခုနစ်ပြည်ထောင်သော မင်းတို့အား ပို့စေအံ့ ဟု ဆို၍ ထိုအကြောင်းကို အမိန့်တော် ရှိလိုရကား-

၃၅။ သတ္တဗိလေ ကရိတွာန၊ အဟမေတံ ပဘာဝတိံ။
ခတ္တိယာနံ ပဒဿာမိ၊ ယေ မံ ဟန္တုံ ဣဓာဂတာ။

ဟူသော အခြားမရှိသော ဤဂါထာကို မိန့်တော်မူ၏။

၃၅။ ဘောန္တော အမစ္စာယော၊ အို... အမတ်အပေါင်းတို့။ ယေ၊ အကြင် ခုနစ်ပြည်ထောင်သော မင်းတို့သည်။ မံ၊ ငါ့ကို။ ဟန္တုံ၊ သတ်အံ့သောငှာ။ ဣဓ၊ ဤငါတို့ မဒ္ဒရာဇ်ပြည်သို့။ အာဂတာ၊ လာရောက်ကြကုန်၏။ တေသံ ခတ္တိယာနံ၊ ထိုခုနှစ်ပြည်ထောင်သော မင်းတို့အား။ ဧတံ ပဘာဝတိံ၊ ဤ ပဘာဝတီကို။ သတ္တဗိလေ၊ ခုနစ်ပိုင်း ပိုင်းသည်ကို။ ကတွာန၊ ပြု၍။ အဟံ၊ ငါသည်။ ပဒဿာမိ၊ ပေးလိုက်တော့အံ့။

မယ်တော်ထံ အသနားခံငိုကြွေးပြီ

ထိုမဒ္ဒရာဇ်မင်း မိန့်ဆိုတော်မူသော ထိုစကားသည် အလုံးစုံသောနန်းတော်၌ ထင်ရှား၏။ အလုပ်အကျွေးတို့သည်သွား၍ ခမည်းတော်မင်းသည် အရှင်သမီးတော်ကို ခုနစ်ပိုင်း ပိုင်းသည်ကိုပြု၍ ခုနစ်ပြည်ထောင်သော မင်းတို့အား ပို့စေတော်မူလတ္တံ့ သတတ် ဟု ပဘာဝတီအား ကြားလျှောက်ကြကုန်၏။ ထိုပဘာဝတီသည် သေဘေးမှ ကြောက်လန့်ရကား နေရာမှထ၍ ညီမတော်အပေါင်း ခြံရံလျက် မယ်တော်ဘုရား တိုက်ခန်းဆောင်သို့ သွားလေ၏။

ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၃၆။ အဝုဋ္ဌဟိ ရာဇပုတ္တီ၊ သာမာ ကောသေယျဝါသိနီ။
အဿုပုဏ္ဏေဟိ နေတ္တေဟိ၊ ဒါသီဂဏပုရက္ခတာ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၃၆။ ဘိက္ခဝေ၊ ရဟန်းတို့။ သာမာ၊ ရွှေအဆင်းနှင့် တူသောအဆင်းရှိသော။ ကောသေယျဝါသိနီ၊ ရွှေချည်တို့ဖြင့် စီရင်အပ်သော ပိုးချည်ပုဆိုးကိုလည်း ဝတ်ထသော။ ရာဇပုတ္တီ၊ မင်းသမီး ပဘာဝတီသည်။ ဒါသီဂဏပုရက္ခတာ၊ ကျွန်မအပေါင်း ခြံရံလျက်။ အဿုပုဏ္ဏေဟိ၊ မျက်ရည်တို့ဖြင့် ပြည့်ကုန်ထသော။ နေတ္တေဟိ၊ မျက်စိတို့ဖြင့်။ ရောဒမာနာ၊ ငိုလျက်။ အဝုဋ္ဌဟိ၊ ထလတ်၏။

ထိုပဘာဝတီသည် မယ်တော်အထံသို့သွား၍ မယ်တော်ကို ရှိခိုးလျက် ငိုကြွေးမြည်တမ်းလိုရကား-

၃၇။ တံနူန ကက္ကူပနိသေဝိတံ မုခံ၊
အာဒါသဒန္တာထရုပစ္စဝေက္ခိတံ။
သုဘံ သုနေတ္တံ ဝိရဇံ အနင်္ဂဏံ၊
ဆုဒ္ဓံ ဝနေ ဌဿတိ ခတ္တိယေဟိ။
။ လ။
၄၄။ ခေတ္တာနိ အမ္မ ကာရေတွာ၊
ကဏိကာရေတ္ထ ရောပယ။
ယဒါ တေ ပုပ္ဖိတာ အဿု၊
ဟေမန္တာနံ ဟိမစ္စယေ။
သရေယျာထ မမ အမ္မ၊
ဧဝံ ဝဏ္ဏာ ပဘာဝတီ။

ဟူသော ဤရှစ်ဂါထာတို့ကို ဆို၏။

၃၇။ အမ္မ၊ မိခင်။ အာဒါသဒန္တာထရုပစ္စဝေက္ခိတံ၊ ဆင်စွယ်ဖြင့်ပြီးသော အရိုး၌ ထည့်အပ်သော ကြေးမုံပြင်၌ ကြည့်အပ်ထသော။ သုဘံ၊ တင့်တယ်စွာထသော။ သုနေတ္တံ၊ ကောင်းသော မျက်စိလည်း ရှိထသော။ ဝိရဇံ၊ အညစ်အကြေးလည်း ကင်းထသော။ အနင်္ဂဏံ၊ အမာရွတ် မှဲ့မည်းအစရှိသော အပြစ်လည်း ကင်းထသော။ ကက္ကူပနိသေဝိတံ၊ ငါးပါးသော ကသယ်မှုန့်တို့ဖြင့်လည်း အမြဲလိမ်းကျံအပ်ထသော။ မမ၊ အကျွန်ုပ်၏။ တံ မုခံ၊ ထိုမျက်နှာကို။ နူန၊ စင်စစ်သဖြင့်။ ခတ္တိယေဟိ၊ ခုနစ်ပြည်ထောင်သော မင်းတို့သည်။ ဝနေ၊ တော၌။ ဆုဒ္ဓံ၊ စွန့်ပစ်လေအံ့သည်တကား။ ဣတိ၊ ဤသို့။ တဿတိ၊ ငိုကြွေး၏။

၃၈။ အမ္မ၊ မိခင်။ အသိတေ၊ ကောင်းစွာ မည်းကုန်သော။ ဝေလ္လိတဂ္ဂေ၊ ကော့သော အဖျားလည်း ရှိကုန်ထသော။ မုဒူ၊ နူးညံ့ကုန်ထသော။ စန္ဒနသာရလိတ္တေ၊ စန္ဒကူးနံ့သာနှစ်တို့ဖြင့် လိမ်းကျံအပ်ကုန်ထသော။ သမ္မာ၊ ကောင်းစွာ။ သမာကုလေ၊ ညီညွတ်ကုန်ထသော။ မေ၊ အကျွန်ုပ်၏။ ယေ ကေလေ၊ အကြင်ဆံတို့သည်။ သန္တိ၊ ရှိကုန်၏။ တေ ကေသေ၊ ထိုဆံတို့ကို။ သီဝထိကာယ၊ သုသာန်၏။ မဇ္ဈေ၊ အလယ်၌။ ဂိဇ္ဈာ၊ လင်းတတို့သည်။ ပါဒေဟိ၊ ခြေတို့ဖြင့်။ ပရိကဍ္ဎိဿန္တိ နူန၊ ဆွဲငင်လေကုန်အံ့သည် တကား။

၃၉။ အမ္မ၊ မိခင်။ မုဒူ၊ နူးညံ့ကုန်ထသော။ စန္ဒနသာရလိတ္တာ၊ စန္ဒကူးနှစ်တို့ဖြင့် လိမ်းကျံအပ်ကုန်ထသော။ သုလောမာ၊ ကောင်းသောအမွေးလည်း ရှိကုန်ထသော။ တမ္ဗနခါ၊ နီသော လက်သည်းလည်း ရှိကုန်ထသော။ မေ၊ အကျွန်ုပ်၏။ ယေ ဗာဟာ၊ အကြင် လက်နှစ်ဖက်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေ ဗာဟာ၊ ထို လက်နှစ်ဖက်တို့ကို။ ခတ္တိယေဟိ၊ ခုနစ်ပြည်ထောင်သော မင်းတို့သည်။ ဆိန္ဒာ၊ ဖြတ်ကုန်၍။ ဝနေ၊ တော၌။ ဥဇ္ဈိတာ၊ ပစ်လေကုန်သည်ရှိသော်။ ဓင်္ကော၊ ကျီးသည်။ ဂယှ၊ ချီ၍။ လုဉ္စိတွာ၊ နုတ်၍။ ခါဒန္တော၊ ခဲစားလျက်။ ယေန ကာမံ၊ အလိုရှိရာ အရပ်သို့။ ဂစ္ဆတိ နူန၊ သွားလေအံ့သည်တကား။

၄၀။ အမ္မ၊ မိခင်။ တာလူပနိတေ၊ ရွှေထန်းသီးမှည့်နှင့် တူကုန်သော။ အလမ္ဗေ၊ ရင်၌ တွဲရရွဲ ဆွဲအပ်ကုန်သော။ ကာသိကစန္ဒနေန၊ နူးညံ့သော စန္ဒကူးနံ့သာဖြင့်။ နိသေဝိတေ၊ အမြဲထုံအပ်ကုန်သော။ မေ၊ အကျွန်ုပ်၏။ ယေ ထနာ၊ အကြင် သားမြတ်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေ ထနေ၊ ထို သားမြတ်တို့ကို။ တရုဏော တနုဇော၊ ငယ်သော။ ပုတ္တော၊ သားသည်။ မာတု၊ အမိ၏။ ထနေသု၊ သားမြတ်တို့၌။ လမ္ဗတ ဣဝ၊ စို့သကဲ့သို့။ သိင်္ဂါလော၊ သင်္ချိုင်းပြင်၌နေသော မြေခွေးအိုသည်။ လမ္ဗိဿတိ နူန၊ စို့လေအံ့သည်တကား။

၄၁။ အမ္မ၊ မိခင်။ သုကောဋ္ဋိတံ၊ နွားမရိုးဖြင့် ခတ်အပ်သည်ဖြစ်၍။ ပုထုလံ၊ ကောင်းစွာ ကြီးစေအပ်သော။ ကဉ္စနမေခလေဟိ၊ ရွှေခါးကြိုးတို့ဖြင့်။ နိသေဝိတံ၊ အမြဲ တန်ဆာဆင်အပ်သော။ မေ၊ အကျွန်ုပ်၏။ ယာ သောဏိ၊ အကြင် ခါးအရပ်သည်။ အတ္ထိ၊ ရှိ၏။ တံ သောဏိံ၊ ထိုခါးအရပ်ကို။ ခတ္တိယေဟိ၊ ခုနစ်ပြည်ထောင်သော မင်းတို့သည်။ ဝနေ၊ တော၌။ အဝတ္ထံ၊ အဝတ်မဆည်း အချည်းစည်း။ ဆဋ္ဋံ၊ စွန့်ပစ်အပ်လေသည် ဖြစ်၍။ သိင်္ဂါလသံဃာ၊ တောခွေးအပေါင်းတို့သည်။ ပရိကဍ္ဎိဿန္တိ၊ ဆွဲငင်ကြကုန်လိမ့်တကား။

၄၂။ အမ္မ၊ မိခင်။ သောဏာ စ၊ ခွေးတို့သည်လည်းကောင်း။ ဓင်္ကာ စ၊ ကျီးတို့သည်လည်းကောင်း။ သိင်္ဂါလာ စ၊ မြေခွေးတို့သည်လည်းကောင်း။ အညေ၊ ခွေး, ကျီး, မြေခွေးတို့မှ တစ်ပါးကုန်သော။ ဒါဌိနော၊ အစွယ်ရှိကုန်သော။ ယေ စ သတ္တာ၊ အကြင်သတ္တဝါတို့သည်။ သန္တိ၊ ရှိကုန်၏။ တေ စ သတ္တာ၊ ထိုသတ္တဝါတို့သည်လည်းကောင်း။ ပဘာဝတိံ၊ ပဘာဝတီ၏ အသားကို။ ဘက္ခယိတွာ၊ စားရသောကြောင့်။ အဇရာ၊ မအိုကုန်သည်။ ဟေဿန္တိ နူန၊ ဖြစ်လေကုန်အံ့သည်တကား။

၄၃။ အမ္မ၊ မိခင်။ ဒူရဂါမိနော၊ အဝေးသို့ သွားကုန်သော။ ခတ္တိယာ၊ မင်းတို့သည်။ မေ၊ ငါ၏။ မံသာနိ၊ အသားတို့ကို။ သစေ ဟရိံသု၊ အကယ်၍ ဆောင်ယူကုန်ငြားအံ့။ အဋ္ဌီနိ၊ အရိုးတို့ကို။ ယာစိတွာ၊ တောင်းလိုက်၍။ နံ၊ ထို အရိုးကို။ အနုပထေ၊ လမ်းမအနီး၌။ ဒဟာထ၊ သင်္ဂြိုဟ်တော်မူရစ်ပါကုန်။

၄၄။ အမ္မ၊ မိခင်။ မမ ဈာပိတဋ္ဌာနေ၊ အကျွန်ုပ်ကို သင်္ဂြိုဟ်ရာ အရပ်၌။ ခေတ္တာနိ၊ ပန်းခင်းတို့ကို။ ကရေတွာ၊ ပြုစေတော်မူ၍။ ဧတ္ထ၊ ဤပန်းခင်း၌။ ကဏိကာရေ၊ မဟာလှေကားပင်တို့ကို။ ရောပယ၊ စိုက်တော်မူရစ်ပါလော့။ ဟေမန္တာနံ ဟိမစ္စယေ၊ ဆောင်းလ လွန်လတ်သော်။ ယဒါ၊ အကြင်အခါ၌။ တေ၊ ထို မဟာလှေကားပင်တို့သည်။ ပုပ္ဖိတာ၊ ပွင့်ကုန်သည်။ အဿု-ဘဝန္တိ၊ ဖြစ်ကုန်၏။ အမ္မ၊ မိခင်။ တဒါ၊ ထိုမဟာလှေကားပင်တို့ ပွင့်သောအခါ၌။ မမ ဓီတာ၊ ငါ့သမီးတော်ဖြစ်သော။ ပဘာဝတီ၊ ပဘာဝတီသည်။ ဧဝံဝဏ္ဏာ၊ ဤမဟာလှေကားပွင့်နှင့်တူသော အဆင်းရှိ၏ဟူ၍။ မမံ၊ အကျွန်ုပ်ကို။ သရေယျာထ၊ အောက်မေ့တော်မူရစ်ပါကုန်။

မယ်တော်ပါ ငိုရပြီ

ဤသို့လျှင် ထိုပဘာဝတီသည် သေဘေးဖြင့် ကြောက်လန့်သည်ဖြစ်၍ မယ်တော်အထံ၌ ငိုမြည်တမ်း၍နေစဉ် ခမည်းတော် မဒ္ဒရာဇ်မင်းကြီးသည်လည်း ပုဆိန်ကိုလည်းကောင်း, သားလှီးဓားကိုလည်းကောင်းယူ၍ ခိုးသူသတ်ယောက်ျားသည် ဤသို့လျှင် လာစေသတည်း ဟု စေလိုက်၏။ ထိုခိုးသူသတ်ယောကျ်ား လာသောအဖြစ်ကို ကြား၍ ပဘာဝတီ၏ မယ်တော်သည် နေရာမှထ၍ စိုးရိမ်ခြင်းနှိပ်စက်ရကား မင်းကြီးအထံသို့ လာလတ်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၄၅။ တဿာ မာတာ ဥဒဋ္ဌာသိ၊ ခတ္တိယာ ဒေဝဝဏ္ဏနီ။
ဒိသွာ အသိဉ္စ သူနဉ္စ၊ ရညော မဒ္ဒဿန္တေပုရေ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၄၅။ ဘိက္ခဝေ၊ ရဟန်းတို့။ ခတ္တိယာ၊ မင်းမျိုး၌လည်း ဖြစ်ထသော။ ဒေဝဝဏ္ဏနီ၊ နတ်သမီးအဆင်းနှင့်တူသော အဆင်းရှိထသော။ တဿာ၊ ထိုပဘာဝတီ၏။ မာတာ၊ မယ်တော်သည်။ ရညော မဒ္ဒဿ၊ မဒ္ဒရာဇ်မင်း၏။ အန္တေပုရေ၊ နန်းတော်တွင်း၌။ အသိဉ္စ၊ ပုဆိန်ကိုလည်းကောင်း။ သူနဉ္စ၊ သားလှီးဓားကိုလည်းကောင်း။ ဒိသွာ၊ မြင်၍။ ဥဒဋ္ဌသိ၊ နေရာမှ ထလတ်၏။

မယ်တော်မိဖုရားကြီးသည် မင်းကြီးအထံသို့သွား၍ ငိုမြည်တမ်းလျက် အကြောင်းကို မေးလျှောက်လိုကား-

၄၆။ ဣမိနာ နူန အသိနာ၊ သုသညံ တနုမဇ္ဈိမံ။
ဓီတရံ မဒ္ဒ ဟန္တွာန၊ ခတ္ထိယာနံ ပဒဿသိ။

ဟူသော ဤဂါထာကို ဆို၏။

၄၆။ မဒ္ဒ၊ မဒ္ဒရာဇ်မင်းမြတ်။ သုသညံ၊ ကောင်းသော အမှတ်လည်း ရှိထသော။ တနုမဇ္ဈိမံ၊ ငယ်သောခါးလည်း ရှိထသော။ ဓီတရံ၊ သမီးတော် ပဘာဝတီကို။ ဣမိနာ အသိနာ၊ ဤပုဆိန်ဖြင့်။ ဟန္တွာန၊ သတ်လတ်၍။ ခတ္တိယာနံ၊ ခုနစ်ပြည်ထောင်သော မင်းတို့အား။ ပဒဿသိ နူန၊ ပေးတော်မူလတ္တံ့လော။

ထိုသို့ မယ်တော်မိဖုရားကြီး မေးလျှောက်သောအခါ မဒ္ဒရာဇ်မင်းကြီးသည် မိဖုရားကြီးကို သိစေတော်မူလိုရကား ဤသို့ မိန့်ဆိုတော်မူ၏။ ရှင်မိဖုရား... အသို့ဆိုဘိသနည်း၊ ရှင်မိဖုရားသမီးသည် အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းအပြင်၌ မြတ်သောမင်းကိုစင်လျက် အဆင်းမလှဟု စွန့်ပစ်၍လာသောခရီး၌ ခြေရာသည်မပျက်လျှင် သေမင်းကို နဖူးဖြင့်ဆောင်ယူ၍ လာပြန်၏။ ယခု မိမိအဆင်းကိုမှီ၍ ဤသို့သဘောရှိသော အကျိုးကို ရ၏ဟု မိန့်တော်မူ၏။

ကုသမင်းရှိလျှင် ကောင်းမယ်

ထိုမယ်မိဖုရားကြီးသည် ခမည်းတော်မဒ္ဒရာဇ်မင်းကြီး စကားကိုကြားလျှင် သမီးတော် ပဘာဝတီအထံသို့သွား၍ ငိုမြည်တမ်းလျက် သမီးတော်နှင့်တကွ ပြောလိုရကား-

၄၇။ န မေ အကာသိ ဝစနံ၊ အတ္ထကာမာယ ပုတ္တိကေ။
သာဇ္ဇ လောဟိတသဉ္ဆန္နာ၊ ဂစ္ဆသိ ယမသာဓနံ။
။ လ။
၅၂။ မယူရကောဉ္စာဘိရုဒေ၊ ကောကိလာဘိနိကူဇိတေ။
ခတ္တိယာနံ ကုလေ ဘဒ္ဒေ၊ ကိန္နု သုခတရံ တတော။

ဟူသော ဤခြောက်ဂါထာတို့ကို ဆို၏။

၄၇။ ပုတ္တိကေ၊ ချစ်သမီးပဘာဝတီ။ တဝ၊ သင်၏။ အတ္ထကမာယ၊ အကျိုးစီးပွားကိုလိုသဖြင့်။ ယာစန္တိယာ၊ တောင်းပန်သော။ မေ၊ ငါ၏။ ဝစနံ၊ စကားကို။ န အကာသိ၊ မလိုက်နာပါလေ။ သာ၊ ထိုငါ့သမီးတော် ပဘာဝတီသည်။ အဇ္ဇ၊ ယနေ့။ လောဟိတသဉ္ဆန္နာ၊ သွေးဖြင့်လိမ်းကျံလျက်။ ယမသာဓနံ၊ ယမမင်း၏အိမ်သို့။ ဂစ္ဆသိ၊ လိုက်ရအံ့သည်တကား။

၄၈။ ပုတ္တိကေ၊ ချစ်သမီးပဘာဝတီ။ ယော ပေါသော၊ အကြင်သတ္တဝါသည်။ အတ္ထဒဿီနံ၊ ရှည်မြင့်စွာသော အကျိုးစီးပွားကို မြင်လေ့ရှိကုန်သော။ ဟိတာနံ၊ အစီးအပွားကို အလိုရှိကုန်သော သူတို့၏။ ဝစနံ၊ စကားကို။ စေ န ကရောတိ၊ အကယ်မလိုက်နာအံ့။ သော ပေါသော၊ ထိုသတ္တဝါသည်။ ဧဝံ-ဣမိနာ ပကာရေန၊ ဤသို့သော အများအားဖြင့်။ အာပဇ္ဇတိ၊ ရောက်ရ၏။ အာပဇ္ဇန္တော စ၊ ရောက်ရသည် ရှိသော်ကား။ ပါပိယဉ္စ၊ ယုတ်မာသောအဖြစ်သို့သာလျှင်။ နိဂစ္ဆတိ၊ ရောက်ရ၏။

၄၉။ ပုတ္တိကေ၊ ချစ်သမီး ပဘာဝတီ။ သစေ၊ အကယ်၍လည်း။ တွံ၊ သင်သည်။ စိတ္တဿ၊ စိတ်၏။ ဝသံ၊ အလိုသို့။ အဂန္တာ၊ မလိုက်မူ၍။ ကုသေန၊ ကုသအမည်ရှိသော။ ခတ္တိယံ၊ မင်းမျိုး၌၊ ဇာတံ၊ ဖြစ်သော။ စာရုဒဿနံ၊ နှစ်လိုဖွယ်သော အမြင်လည်းရှိထသော။ သုဝဏ္ဏမဏိမေခလံ၊ ရွှေပတ္တမြားဖြင့် ခါးကြိုးတန်ဆာကိုလည်း ဆင်ထသော။ ဉာတိသင်္ဃေဟိ၊ ဆွေမျိုးအပေါင်းတို့သည်။ ပူဇိတံ၊ ပူဇော်အပ်သော။ ကုမာရံ၊ သတို့သားကို။ ဓာရေသိ၊ ဆောင်ခဲ့ငြားအံ့။ ဧဝံသတိ၊ ဤသို့ ဆောင်ခဲ့သည်ရှိသော်။ အဇ္ဇ၊ ယနေ့။ ယမက္ခယံ၊ ယမမင်းအိမ်သို့။ န ဂစ္ဆသိ၊ မလိုက်ရလေရာ။

၅၀။ ဘဒ္ဒေ၊ ချစ်သမီး ပဘာဝတီ။ ခတ္တိယာနံ၊ ကုသဝတီမင်းတို့၏။ ကုလေ၊ အမျိုး၌။ ယတ္ထ၊ အကြင်အရပ်၌။ ဘေရိံ၊ စည်ကြီးကို။ နဒတိ၊ တီး၏။ ကုဉ္ဇရော စ၊ ဆင်ပြောင်သည်လည်း။ နိကူဇတိ၊ ကြိုးကြာသံနှင့်တူသော အသံကို ပြု၏။ တတော၊ ထိုကုသဝတီမင်းမျိုးထက်။ ကိန္နု၊ အဘယ်မှာလျှင်။ သုခတရံ၊ လွန်မြက်သော ချမ်းသာကို။ ဒိသွာ၊ မြင်၍။ ဣဓ၊ ဤအရပ်သို့။ အာဂတာ၊ ပြေးလာသည်။ အသိ၊ ဖြစ်သနည်း။

၅၁။ ဘဒ္ဒေ၊ ချစ်သမီး ပဘာဝတီ။ ခတ္တိယာနံ၊ ကုသဝတီ မင်းတို့၏။ ကုလေ၊ အမျိုး၌။ အဿော စ၊ အထင်မကသော မြင်းတို့ဖြင့်ခြံရံအပ်သော မင်္ဂလာမြင်းသည်လည်း။ ဟသတိ၊ မြူးရွှင်၏။ ကုမာရော၊ စောင်းတတ်သော သူငယ်သည်။ ဒွါရေ၊ နန်းတော်တံခါး၌။ ဥပရောဒတိ၊ သီချင်းသီ၍ တီး၏။ တတော၊ ထိုကုသဝတီမင်းထက်။ ကိန္နု၊ အဘယ်မှာလျှင်။ သုခတရံ၊ လွန်မြတ်သော ချမ်းသာကို။ ဒိသွာ၊ မြင်၍။ ဣဓ၊ ဤအရပ်သို့။ အာဂတာ၊ ပြေးလာသည်။ အသိ၊ ဖြစ်သနည်း။

၅၂။ ဘဒ္ဒေ၊ ချစ်သမီး ပဘာဝတီ။ ခတ္တိယာနံ၊ ကုသဝတီ မင်းမျိုးတို့၏။ ကုလေ၊ အမျိုး၌။ မယူရကောဉ္စာဘိရုဒေ၊ ဥဒေါင်း ကြိုးကြာတို့ တွန်မြူးရာလည်း ဖြစ်၏။ ကောကိလာဘိနိကူဇိတေ၊ ဥဩတို့ မပြတ်တွန်မြူးရာလည်းဖြစ်၏။ တတော၊ ထို ကုသဝတီမင်းမျိုးထက်။ ကိန္နု၊ အဘယ်မှာလျှင်။ သုခတရံ၊ လွန်မြတ်သော ချမ်းသာကို။ ဒိသွာ၊ မြင်၍။ ဣဓ၊ ဤအရပ်သို့။ အဂတာ၊ ထွက်ပြေးလာသည်။ အသိ၊ ဖြစ်သနည်း။

ဤသို့လျှင် ထိုမယ်တော် မိဖုရားကြီးသည် ဤမျှလောက် အတိုင်းအရှည်ရှိကုန်သော ဂါထာတို့ဖြင့် သမီးတော် ပဘာဝတီနှင့်တကွ ပြောဟောတော်မူ၍ ယခုအခါ ကုသမင်းမြတ်သည် ဤငါတို့ပြည်၌ အကယ်၍ ရှိသည်ဖြစ်ပါမူ ဤခုနစ်ပြည်ထောင်သော မင်းတို့ကို ပြေးစေ၍ ငါ့သမီးတော် ပဘာဝတီကို ဆင်းရဲမှလွတ်စေသဖြင့် ခေါ်ယူသွားရာ၏ ဟု ကြံ၍ တမ်းတ မြည်တမ်းတော်မူလိုရကား-

၅၃။ ကထံ နု ခေါ သတ္တုမဒ္ဒနော၊ ပရဋ္ဌပ္ပမဒ္ဒနော။
ကုသော သောဠာရပညာဏော၊
ယော နော ဒုက္ခာ ပမောစယ။

ဟူသော ဤဂါထာကို ဆို၏။

၅၃။ သတ္တုမဒ္ဒနော၊ ရန်သူတို့ကို နှိမ်နင်းနိုင်ထသော။ ပရရဋ္ဌပ္ပမဒ္ဒနော၊ တိုင်းတစ်ပါးကိုလည်း နှိမ်နင်းနိုင်ထသော။ သောဠာရပညာဏော၊ များမြတ်သော ပညာလည်းရှိထသော။ သော ကုသော၊ ထိုကုသမင်းမြတ်သည်။ ကထံ၊ အသို့လျှင်။ နော၊ ငါတို့ကို။ ဒုက္ခာ၊ ဆင်းရဲမှ။ ပမောစယ နုခေါ၊ လွတ်ပါစေအံ့နည်း။

ကုသမင်း ဒီမှာရှိနေတယ်

ထို့နောင်မှ ပဘာဝတီသည် ကုသမင်း၏ ဂုဏ်ကျေးဇူးကိုဆိုသော မယ်တော်၏ခံတွင်းသည် မဆံ့ပြီ၊ ထိုငါ့မယ်တော်အား ထိုကုသမင်း ဤငါတို့ပြည်၌လျှင် စဖိုသည်အမှုကိုပြု၍ နေသောအဖြစ်ကို ကြားလျှောက်အံ့ ဟု ကြံ၍ ကြားလျှောက်လိုရကား...

၅၄။ ဣဓေဝ သော သတ္တုမဒ္ဒနော၊ ပရရဋ္ဌပ္ပမဒ္ဒနော။

ကုသော သောဠာရပညာဏော၊

ယော တေ သဗ္ဗေ ဝဓိဿတိ။

ဟူသော ဤဂါထာကို ဆို၏။

၅၄။ အမ္မ၊ မိခင်။ သတ္တုမဒ္ဒနနော၊ ရန်သူတို့ကို နှိမ်နင်း နိုင်ထသော။ ပရရဋ္ဌပ္ပမဒ္ဒနော၊ တစ်ပါးသော တိုင်းပြည်ကိုလည်း နှိမ်နင်းနိုင်ထသော။ သောဠာရပညာဏော၊ များမြတ်သော ပညာလည်းရှိထသော။ ယော ကုသော၊ အကြင် ကုသမင်းမြတ်သည်။ ဣဓေဝ၊ ဤငါတို့ပြည်၌ပင်လျှင်။ အတ္ထိ၊ ရှိပါ၏။ သော ကုသော၊ ထိုကုသမင်းမြတ်သည်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တေ၊ ထိုရန်သူမင်းတို့ကို။ ဝဓိဿတိ၊ သတ်လတ္တံ့သတည်း။

နင် ရူးနေသလား

ထိုသို့ ကြားလျှောက်သောအခါ ပဘာဝတီမယ်တော် မိဖုရားကြီးသည် ဤ ပဘာဝတီသည် သေဘေးမှ ကြောက်သည်ဖြစ်၍ ငိုမြည်တမ်းယောင်တကား ဟု ကြံ၍ ထိုပဘာဝတီကို မေးတော်မူလိုရကား...

၅၅။ ဥမ္မတ္တိကာ နု ဘဏသိ၊ အန္ဓဗာလာ ပဘာသသိ။

ကုသော စေ အာဂတော အဿ၊

ကိန္နု ဇာနေမှ တံ မယံ။

ဟူသော ဤဂါထာကို ဆို၏။

၅၅။ ပုတ္တိကေ၊ ချစ်သမီး။ ဥမ္မတ္တိကာ၊ ပျံ့လွင့်သောစိတ်ရှိသည်။ ဟုတွာ၊ ဖြစ်၍။ ဘဏသိ နု၊ ဆိုမြည်တမ်းသလော။ အန္ဓဗာလာ၊ အလွန်မိုက်မဲ တွေဝေသည်ဖြစ်၍။ ပဘာသသိ နု၊ ဤစကားကို ဆိုမြည်တမ်းသလော။ ကုသော၊ ကုသမင်းသည်။ အာဂတော၊ လာသည်။ သစေ အဿ၊ အကယ်၍ ဖြစ်ငြားအံ့။ ဧဝံ သတိ၊ ဤသို့ လာရောက်သည်ရှိသော်။ မယံ၊ ငါတို့သည်။ တံ၊ ထိုကုသမင်းကို။ ကိန္နု၊ အသို့လျှင်။ နေမှ၊ သိရကုန်အံ့နည်း။

ဟိုမှာကြည့်ပါမယ်၌

ထိုပဘာဝတီသည် ဤသို့ မယ်တော်မိဖုရားကြီး မေးတော် မူလတ်သော် မယ်တော်သည် ငါလျှောက်ထား ပြောဆိုသောစကားကို ယုံတော်မမူ၊ ထိုကုသမင်း ဤငါတို့၏ပြည်သို့ လာလတ်၍ ခုနစ်လပတ်လုံးနေသော အဖြစ်ကို သိတော်မမူ၊ ငါ့ မယ်တော်ကို ပြအံ့ ဟု ကြံ၍ မယ်တော်လက်ကို ဆွဲပြီးလျှင် ခြင်္သေ့ခံသော လေသွန်နန်းတံခါးကို ဖွင့်၍ လက်ကိုဆန့်လျက် ပြလိုရကား

၅၆။ ဧသော အာဠာရိကော ပေါသော၊

ကုမာရီပုရမန္တရေ။

ဒဠှံ ကတွာန သံဝေလ္လိံ၊

ကုမ္ဘိံ ဓောဝတိ ဩဏတော။

ဟူသော ဤဂါထာကို ဆို၏။

၅၆။ အမ္မ၊ မိခင်။ ဒဠှံ၊ မြဲစွာ။ သံဝေလ္လိံ၊ အောက်ပိုး ကျိုက်သည်ကို။ ကတွာန၊ ပြု၍။ ဩဏတော၊ အောက်သို့ညွတ်သော ဦးခေါင်းရှိသည်ဖြစ်၍။ ကုမ္ဘိံ၊ အိုးခွက်ကို။ ဓောဝတိ၊ ဆေး၏။ ဧသော အာဠာရိကော၊ ထိုစဖိုသည်သည်။ ပေါသော၊ ထို ကုသမင်းတည်း။ တွံ၊ သင်မိခင်သည်။ ကုမာရိပုရမန္တရေ၊ သမီးတော်တို့နေရာ လေသာနန်းတံခါးကြား၌။ ဩလောကေဟိ၊ ကြည့်တော်မူလော့။

နင် တယ်မိုက်ပါလား

ထိုအခါ ကုသမင်းသည် ယနေ့ ငါ၏နှလုံးအလိုသည် အပြီးသို့ရောက်လတ္တံ့ သတတ်၊ မချွတ်လျှင် ပဘာဝတီသည် သေဘေးမှ ကြောက်သည်ဖြစ်၍ ငါလာသောအဖြစ်ကို ပြောဆိုလတ္တံ့၊ အိုးခွက်တို့ကိုဆေး၍ သိုမှီးအံ့ဟု နှလုံးသွင်း၍ ရေခပ်ပြီးလျှင် အိုးခွက်တို့ကို ဆေးအံ့သောငှာ အားထုတ်၏။ ထိုသို့ မြင်ရသောအခါ သမီးတော် ပဘာဝတီကို မယ်တော်မိဖုရားကြီးသည် ဆဲရေးမြည်တမ်းတော်မူလိုရကား-

၅၇။ ဝေဏီ တွမသိ စဏ္ဍာလီ၊ အဒူသိ ကုလဂန္ဓိနီ။
ကထံ မဒ္ဒကုလေ ဇာတာ၊
ဒါသံ ကယိရာသိ ကာမုကံ။

ဟူသော ဤဂါထာကို ဆို၏။

၅၇။ ပုတ္တိကေ၊ ချစ်သမီး။ တွံ၊ သင်သည်။ ဝေဏီ၊ ဒေါင်းရွေသည်သမီးသည်။ အသိ၊ ဖြစ်လေသလော။ စဏ္ဍာလီ၊ ဒွန်းစဏ္ဏား သမီးသည်။ အသိ၊ ဖြစ်လေသလော။ အဒု၊ ထိုသို့မဟုတ်မူ။ ကုလဂန္ဓိနီ၊ အမျိုးကို ဖျက်ဆီးတတ်သော မိန်းမသည်။ အသိ၊ ဖြစ်လေသလား။ ကထံ၊ အဘယ်အကြောင်းကြောင့်။ မဒ္ဒကုလေ၊ မဒ္ဒရာဇ်မင်းမျိုး၌။ ဇာတာ၊ ဖြစ်ပါလျက်။ ကာမုကံ၊ အဘယ့်ကြောင့်။ အတ္တနော၊ မိမိ၏။ သာမိကံ၊ လင်ကို။ ဒါသံ၊ ကျွန်အဖြစ်ကို။ ကယိရာသိ၊ ပြုဘိသနည်း။

ကျွန်လို့ ထင်လို့ လား

ထို့နောင်မှ ပဘာဝတီသည် မယ်တော်သည် ကုသမင်း၏ ငါ့ကိုမှီ၍ ဤသို့ စဖိုသည်ပြု၍ နေလာသာအဖြစ်ကို သိတော်မမူယောင်တကားဟု ကြံ၍ မယ်တော်ကို သိစေလိုရကား-

၅၈။ နာမှိ ဝေဏီ န စဏ္ဍာလီ၊ န စ ကုလဂန္ဓိနီ။
ဩက္ကာကပုတ္တော ဘဒ္ဒန္တေ၊
တွံ နု ဒါသောတိ မညသိ။

ဟူသော ဤဂါထာကို ဆို၏။

၅၈။ အမ္မ၊ မိခင်။ အဟံ၊ အကျွန်ုပ်သည်။ ဝေဏီ၊ ဒေါင်းရွေသည်သမီးသည်။ န အမှိ၊ မဖြစ်ပါ။ စဏ္ဍာလီ၊ ဒွန်းစဏ္ဍား သမီးသည်။ န အမှိ၊ မဖြစ်ပါ။ ကုလဂန္ဓိနီ၊ အမျိုးကိုဖျက်ဆီးတတ်သော မိန်းမသည်။ န အမှိ၊ မဖြစ်ပါ။ ဘဒ္ဒန္တေ၊ ချစ်မိခင်။ တွံ၊ သင်မိခင်သည်။ ဩက္ကာကပုတ္တော၊ ဩက္ကာကရာဇ်မင်း၏ သားတော်ဖြစ်သော ကုသမင်းမြတ်ကို။ ဒါသောတိ၊ ကျွန်ဟူ၍။ မညသိ နု၊ အောက်မေ့တော်မူဘိ၏တကား။

ယခုအခါ ပဘာဝတီသည် ကုသမင်း ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောဆိုလိုရကား -

၅၉။ ယော ဗြဟ္မဏသဟဿာနိ၊
သဒါ ဘောဇေတိ ဝီသတိံ။
ဩက္ကာကပုတ္တော ဘဒ္ဒန္တေ၊
တွံ နု ဒါသောတိ မညသိ။
၆၀။ ယဿ နာဂသဟဿာနိ၊
သဒါ ယောဇေန္တိ ဝီသတိံ။
ဩက္ကာကပုတ္တော ဘဒ္ဒန္တေ၊
တွံ နု ဒါသောတိ မညသိ။
၆၁။ ယဿ အဿသဟဿာနိ၊
သဒါ ယောဇေန္တိ ဝီသတိံ။
ဩက္ကကပုတ္တော ဘဒ္ဒန္တေ၊
တွံ နု ဒါသောတိ မညသိ။
၆၂။ ယဿ ရထသဟသာနိ၊
သဒါ ယောဇေန္တိ ဝီသတိံ။
ဩက္ကာကပုတ္တော ဘဒ္ဒန္တေ၊
တွံ နု ဒါသောတိ မညသိ။
၆၃။ ယဿ ဓေနုသဟဿာနိ၊
သဒါ ဒုဟန္တိ ဝီသတိံ။
ဩက္ကာကပုတ္တော ဘဒ္ဒန္တေ၊
တွံ နု ဒါသောတိ မညသိ။

ဟူသော ဤငါးဂါထာတို့ကို ဆို၏။

၅၉။ အမ္မ၊ မိခင်။ ဩက္ကာကပုတ္တော၊ ဩက္ကာကရာဇ်မင်း၏သားတော်ဖြစ်သော။ ယော ရာဇာ၊ အကြင်ကုသမင်းသည်။ ဝီသတိ ဗြာဟ္မဏသဟဿာနိ၊ နှစ်သောင်းသော ပုဏ္ဏားတို့ကို။ သဒါ၊ အခါခပ်သိမ်း။ ဘောဇေတိ၊ ဆွမ်းကျွေး၏။ ဘဒ္ဒန္တေ၊ ချစ်မိခင်။ သော ဩကပုတ္တော၊ ထိုဩက္ကာကရာဇ်မင်း၏ သားတော်ဖြစ်သော ကုသမင်းကို။ တွံ၊ သင်မိခင်သည်။ ဒါသောတိ၊ ကျွန်ဟူ၍။ မညသိ နု၊ ထင်တော်မူဘိသလော။

၆၀။ အမ္မ၊ မိခင်။ ဩက္ကာကပုတ္တဿ၊ ဩက္ကာကရာဇ်မင်း၏သားတော်ဖြစ်သော။ ယဿ၊ အကြင်ကုသမင်းအား။ ဝီသတိနာဂသဟာနိ၊ နှစ်သောင်းသောဆင်တို့ကို။ သဒါ၊ အခါခပ်သိမ်း။ ယောဇေန္တိ၊ က-စေကုန်၏။ ဘဒ္ဒန္တေ၊ ချစ်မိခင်။ တွံ၊ သင်မိခင်သည်။ သော ဩက္ကာကပုတ္တော၊ ထိုဩက္ကာကရာဇ်မင်း၏ သားတော်ဖြစ်သော ကုသမင်းကို။ ဒါသောတိ၊ ကျွန်ဟူ၍။ မညသိ နု၊ အောက်မေ့တော်မူဘိသလော။

၆၁။ အမ္မ၊ မိခင်။ ဩက္ကာကပုတ္တဿ၊ ဩက္ကာကရာဇ်မင်း၏ သားတော်ဖြစ်သော။ ယဿ၊ အကြင်ကုသမင်းမြတ်အား။ ဝီသတိ အဿသဟဿာနိ၊ နှစ်သောင်းသောမြင်းတို့ကို။ သဒါ၊ အခါခပ်သိမ်း။ ယောဇေန္တိ၊ က-စေကုန်၏။ ဘဒ္ဒန္တေ၊ ချစ်မိခင်။ တွံ၊ သင်မိခင်သည်။ သော ဩက်ကာကပုတ္တော၊ ထိုဩက္ကာကရာဇ်မင်း၏ သားတော်ဖြစ်သော ကုသမင်းမြတ်ကို။ ဒါသောတိ၊ ကျွန်ဟူ၍။ မညသိ နု၊ ထင်မှတ်တော်မူဘိသလော။

၆၂။ အမ္မ၊ မိခင်။ ဩက္ကာကပုတ္တဿ၊ ဩက္ကာကရာဇ်မင်း၏ သားတော်ဖြစ်သော။ ယဿ၊ အကြင်ကုသမင်းမြတ်အား။ ဝီသတိရထသဟဿာနိ၊ နှစ်သောင်းသော ရထားတို့ကို။ သဒါ၊ အခါခပ်သိမ်း။ ယောဇေန္တိ၊ ကစေကုန်၏။ ဘဒ္ဒန္တေ၊ ချစ်မိခင်။ တွံ၊ သင်မိခင်သည်။ သော ဩက္ကာကပုတ္တော၊ ထိုဩက္ကာကရာဇ်မင်း၏ သားတော်ဖြစ်သော ကုသမင်းမြတ်ကို။ ဒါသောတိ၊ ကျွန်ဟူ၍။ မည်သိ နု၊ အောက်မေ့တော်မူဘိသလော။

၆၃။ အမ္မ၊ မိခင်။ ဩက္ကာကပုတ္တဿ၊ ဩက္ကာကရာဇ်မင်း၏ သားတော်ဖြစ်သော။ ယဿ၊ အကြင် ကုသမင်းမြတ်အား။ ဝီသတိ ဓေနုသဟဿာနိ၊ နှစ်သောင်းသော နို့ညှစ်နွားမတို့ကို။ သဒါ၊ အခါခပ်သိမ်း။ ဒုဟန္တိ၊ နို့ညှစ်ကုန်၏။ ဘဒ္ဒန္တေ၊ ချစ်မိခင်။ တွံ၊ သင်မိခင်သည်။ သော ဩက္ကာကပုတ္တော၊ ထိုဩက္ကကရာဇ်မင်း၏ သားတော်ဖြစ်သော ကုသမင်းမြတ်ကို။ ဒါသောတိ၊ ကျွန်ဟူ၍။ မညသိ နု၊ ထင်မှတ်တော်မူဘိသလော။

မယ်တော် မင်းကြီးကို လျှောက်ပြီ

ဤသို့ ထိုပဘာဝတီသည် ငါးဂါထာတို့ဖြင့် ဘုရားလောင်း ကုသမင်း၏ စည်းစိမ်အခြံအရံကို ချီးမွမ်းလတ်သော် ထိုအခါ ပဘာဝတီ၏ မယ်တော်သည် ဤပဘာဝတီသည် မကြောက်မရွံ ပြောဆိုဘိ၏။ မချွတ်လျှင် ထိုစဖိုအိမ်၌ ရှိသောသူသည် ဤပဘာဝတီဆိုတိုင်း ကုသမင်း ဟုတ်၏ဟု ယုံကြည်သဖြင့် မဒ္ဒရာဇ်မင်းကြီးအထံသို့ သွား၍ ထိုအကြောင်းကို တင်လျှောက်၏။

သမီးတော်ကို ကဲ့ရဲ့၍

မဒ္ဒရာဇ်မင်းကြီးသည် လျင်မြန်စွာ သမီးတော်ပဘာဝတီအထံသို့ လာလတ်၍ ချစ်သမီး... ကုသမင်းသည် ဤငါတို့ပြည်သို့ ရောက်လာသတတ်ဟူသည် မှန်သလောဟု မေးတော်မူ၏။ ဖခင်မင်းမြတ်... မှန်၏။ ထိုကုသမင်းသည် ဖခင်မင်းမြတ် သမီးတော်တို့၏ စဖိုသည်အဖြစ်ကိုပြု၍ နေသည်ကား ယနေ့ ခုနစ်လ ရှိပြီဟု လျှောက်၏။ ခမည်းတော် မဒ္ဒရာဇ်မင်းကြီးသည် သမီးတော် ပဘာဝတီစကားကို ယုံတော်မမူသည်ဖြစ်၍ အထိန်းတော် ခုဇ္ဇာကိုမေးတော်မူလျှင် ဟုတ်မှန်သောအတိုင်း ကြားသိတော်မူ၍ သမီးတော် ပဘာဝတီကို ကဲ့ရဲ့တော်မူလိုရကား-

၆၄။ တဂ္ဃ တေ ဒုက္ကဋံ ဗာလေ၊ ယံ ခတ္တိယံ မဟဗ္ဗလံ။

နာဂံ မဏ္ဍူကဝဏ္ဏေန၊ န တံ အက္ခာသိဓာဂတံ။

ဟူသော ဤဂါထာကို ဆိုတော်မူ၏။

၆၄။ ဗာလေ၊ ဟယ်... အမိုက်မ။ မဟဗ္ဗလံ၊ ကြီးမားသော ခွန်အားရှိသော။ နာဂံ၊ ပြည့်ရှင်မင်းမြတ် ဖြစ်တော်မူသော။ ယံ ခတ္တိယံ၊ အကြင်ကုသမင်းမြတ်ကို။ မဏ္ဍူကဝဏ္ဏေန၊ ဖား၏အသွင်ဖြင့်။ တေ-တယာ၊ သင်သည်။ ကတံ၊ ပြုကျင့်ခြင်းသည်။ တဂ္ဃ၊ စင်စစ်။ ဒုက္ကဋံ၊ မကောင်းသဖြင့် ပြုခြင်းတည်း။ ဣဓ၊ ဤငါတို့ပြည်သို့။ အာဂတံ၊ ရောက်လာသော။ တံ၊ ထိုကုသမင်းမြတ်ကို။ န အက္ခာသိ၊ သင် မပြောဆို။ တံပိ၊ ထိုသို့ မပြောဆိုခြင်းသည်လည်း။ ဒုက္ကဋံ၊ မသင့်သော ပြုခြင်းတည်း။

ကုသမင်းကို ကန်တော့ပြီ

ဤသို့ မဒ္ဒရာဇ်မင်းကြီးသည် သမီးတော်ပဘာဝတီကို ကဲ့ရဲ့တော်မူပြီးလျှင် ထိုကုသမင်းအထံသို့ လျင်စွာသွား၍ ပြုအပ်သော ပျူငှာလောကဝတ် ရှိသည်ဖြစ်၍ လက်အုပ်ချီလျက် မိမိအပြစ်ကို ပြလိုရကား-

၆၅။ အပရာဓံ မဟာရာဇ၊ တွံ နော ခမ ရထေသဘ။
ယံ တံ အညာတဝေသေန၊ နညာသိမှာ ဣဓာဂတံ။

ဟူသော ဤဂါထာကို ဆို၏။

၆၅။ မဟာရာဇ၊ ကုသမင်းမြတ်။ တွံ၊ သင်မင်းမြတ်သည်။ နော၊ ငါတို့၏။ အပရာဓံ၊ အပြစ်ကို။ ခမ၊ သည်းခံတော်မူပါလော့။ ရထေသဘ၊ ရထားစီးချင်း မင်းတကာတို့ထက် မြတ်တော်မူသော။ ရာဇ၊ ကုသမင်းမြတ်။ အညာတဝေသေန၊ မထင်ရှားသောအသွင်ဖြင့်။ ဣဓ၊ ဤသာဂလမြို့သို့။ တဝ၊ အရှင်မင်းမြတ်၏။ ယံ အာဂတံ၊ အကြင် ရောက်လာတော်မူခြင်းသည်။ အတ္ထိ၊ ရှိ၏။ တံ အာဂတံ၊ ထိုသို့ရောက်လာတော်မူခြင်းကို။ မယံ၊ အကျွန်ုပ်တို့သည်။ န အညာသိမှာ၊ မသိကြရပါကုန်း၊

ကုသမင်း တောင်းပန်ခြင်း

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ငါသည် ကြမ်းကြုတ်စွာသော စကားကို အကယ်၍ ဆိုအံ့၊ ဤသို့ဆိုသည်ရှိသော် ထိုအရပ်၌ပင်လျှင် ထိုမဒ္ဒရာဇ်မင်း၏နှလုံးသည် ကွဲလတ္တံ့၊ ထိုမဒ္ဒရာဇ်မင်းကို သက်သာစေအံ့ဟုကြံ၍ အိုးခွက်ကြား၌ရပ်လျက် ထိုမဒ္ဒရာဇ်မင်းအား သိစေတော်မူလိုရကား-

၆၆။ မာဒိသဿ န တံ ဆန္နံ၊
ယောဟံ အာဠာရိကော ဘဝေ။
တွညေဝ မေ ပသီဒဿု၊ နတ္ထိ တေ ဒေဝ ဒုက္ကဋံ။

ဟူသော ဤဂါထာကို ဆို၏။

၆၆။ ဒေဝ၊ အရှင်မင်းကြီး။ ယော အဟံ၊ အကြင်ငါသည်။ အာဠာရိကော၊ စဖိုသည်သည်။ ဘဝေ၊ ဖြစ်၏။ တံ၊ ထိုသို့ဖြစ်ရခြင်းသည်။ မာဒိသဿ၊ ငါကဲ့သို့သောသူအား။ ဆန္နံ၊ လျောက်ပတ်သည်။ န ဘဝတိ၊ မဖြစ်။ တွညေဝ၊ အရှင်မင်းသည်သာလျှင်။ မေ၊ အကျွန်ုပ်အား။ ပသီဒဿု၊ ကြည်ညိုတော်မူလော့။ တေ၊ သင်မင်းကြီးအား။ ဒုက္ကဋံ၊ မကောင်းသဖြင့် ပြုအပ်သော အပြစ်သည်။ နတ္ထိ၊ မရှိပေ။

သမီးတော်ကို ကန်တော့စေပြီ

ကုသမင်းအထံမှ အစေ့အစပ် စကားကိုရလျှင် ပြာသာဒ်ထက်သို့ တက်တော်မူ၍ သမီးတော် ပဘာဝတီကို ခေါ်တော်မူပြီးလျှင် ကန်တော့စိမ့်သောငှာ စေတော်မူလိုရကား-

၆၇။ ဂစ္ဆ ဗာလေ ခမာပေဟိ၊ ကုသရာဇံ မဟဗ္ဗလံ။
ခမာပိတော ကုသရာဇာ၊
သော တေ ဒဿတိ ဇီဝိတံ။

ဟူသော ဤဂါထာကို မိန့်တော်မူ၏။

၆၇။ ဗာလေ၊ အမိုက်မ။ ဂစ္ဆ၊ သွားချေ။ မဟဗ္ဗလံ၊ ကြီးသောခွန်အားရှိသော။ ကုသရာဇံ၊ ကုသမင်းမြတ်ကို။ ခမာပေဟိ၊ ကန်တော့ချေလော့။ တုမှေဟိ၊ သင်တို့သည်။ ခမာပိတော၊ ကန်တော့အပ်သည်ရှိသော်။ သော ကုသရာဇာ၊ ထိုကုသမင်းမြတ်သည်။ တေ၊ သင်အား။ ဇီဝိတံ၊ အသက်ကို။ ဒဿတိ၊ ပေးလတ္တံ့။

ပဘာဝတီ ကန်တော့ရပြီ

ထိုပဘာဝတီသည် ခမည်းတော် မဒ္ဒရာဇ်မင်းကြီး အမိန့်တော်ကိုနာရလျှင် ညီမတော်အပေါင်းတို့ဖြင့်လည်းကောင်း, အလုပ်အကျွေး ကိုယ်လုပ်မောင်းမ အပေါင်းတို့ဖြင့်လည်းကောင်း ခြံရံလျက် ကုသမင်းအထံသို့ သွားလေ၏။ ကုသမင်းသည်လည်း အမှုလုပ်သော အသွင်ဖြင့် ရပ်လျက်သာလျှင် ထိုပဘာဝတီ မိမိထံသို့လာသည်ကိုသိ၍ ယနေ့ ထိုပဘာဝတီ၏မာနကို ချိုးဖျက်၍ ခြေရင်းညွန်၌ ဝပ်စေအံ့ဟု မိမိခပ်ဆောင်အပ်သော ရေအလုံးစုံကို သွန်၍ တလင်းရာမျှလောက်သော အရပ်ကိုနင်းနယ်၍ တပေါင်တည်းသော ညွန်ကို ပြုတော်မူ၏။ ထိုပဘာဝတီသည် ကုသမင်းအထံသို့ သွားပြီးလျှင် ကုသမင်းခြေရင်း၌ဝပ်၍ ညွန်ပျောင်းအပြင်၌ လျောင်းလျက် ကုသမင်းကို ကန်တော့၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၆၈။ ပိတုဿ ဝစနံ သုတွာ၊ ဒေဝဝဏ္ဏီ ပဘာဝတီ။
သိရသာ အဂ္ဂဟိ ပါဒေ၊ ကုသရာဇံ မဟဗ္ဗလံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၆၈။ ဘိက္ခဝေ၊ ရဟန်းတို့။ ဒေဝဝဏ္ဏီ၊ နတ်သမီးအဆင်းနှင့်တူသော အဆင်းရှိသော။ ပဘာဝတီ၊ မင်းသမီး ပဘာဝတီသည်။ ပိတုဿ၊ ခမည်းတော် မဒ္ဒရာဇ်မင်းကြီး၏။ ဝစနံ၊ စကားကို။ သုတွာ၊ ကြား၍။ မဟဗ္ဗလံ၊ ကြီးသော ခွန်အားရှိသော။ ကုသရာဇံ၊ ကုသမင်းကို။ ပါဒ၊ ခြေ၌။ သိရသာ၊ ဦးခေါင်းဖြင့်။ ပတိတွာ၊ ဝပ်၍။ အဂ္ဂဟိ၊ ဦးတိုက်ရ၏။

ထိုသို့ ခြေတို့၌ ဦးခေါင်းဖြင့် ဦးတိုက်လျက် ကန်တော့လိုရကား -

၆၉။ ယာမာ ရတျော အတိက္ကန္တာ၊
တာမာ ဒေဝ တယာ ဝိနာ။
ဝန္ဒေ တေ သိရသာ ပါဒေ၊
မာ မေ ကုဇ္ဈ ရထေသဘ။
၇၀။ သဗ္ဗံ တေ ပဋိဇာနာမိ၊ မဟာရာဇ သုဏောဟိ မေ။
န စာပိ အပ္ပိယံ တုယှံ၊ ကရေယျာမိ အဟံ ပုန။
၇၁။ ဧဝံစေ ယာစမာနာယ၊ ဝစနံ မေ န ကာဟသိ။
ဣဒါနိ မံ တတော ဟန္တွာ၊ ခတ္တိယာနံ ပဒဿတိ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၆၉။ ဒေဝ၊ အရှင်မင်းမြတ်။ တယာ၊ အရှင်မင်းမြတ်နှင့်။ ဝိနာ၊ ကင်း၍။ ယာမာ ရတျော၊ အကြင် ညဉ့်တို့သည်။ အတိက္ကန္တာ၊ လွန်ကုန်၏။ တမာရတ္တိယော၊ ထိုညဉ့်တို့သည်။ သတ္တမာသာ၊ ခုနစ်လရှိကုန်ပြီ။ ရထေသဘ၊ ရထားစီးခြင်း မင်းဘကာတို့ထက် မြတ်တော်မူသော အရှင်မင်းမြတ်။ တေ၊ အရှင်မင်းမြတ်၏။ ပါဒေ၊ ခြေတော်တို့ကို။ သိရသာ၊ ဦးဖြင့်။ ဝန္ဒေ၊ ရှိခိုးပါ၏။ မေ၊ အကျွန်ုပ်အား။ မာ ကုဇ္ဈ၊ အမျက်ထွက်တော်မမူပါလင့်။

၇၀။ မဟာရာဇ၊ အရှင်မင်းမြတ်။ တေ၊ အရှင်မင်းမြတ်အား။ အပ္ပိယံ၊ မနှစ်သက်အပ်သည်ကို။ ကတံ၊ ပြုမိပေ၏။ သဗ္ဗံ၊ အလုံးစုံသောအပြစ်ကို။ အဟံ၊ အကျွန်ုပ်သည်။ ပဋိဇာနာမိ၊ ဝန်ခံပါ၏။ မဟာရာဇ၊ မင်းမြတ်။ မေ၊ အကျွန်ုပ်၏။ ဝစနံ၊ စကားကို။ သုဏောဟိ၊ နာတော်မူပါလော့။ အဟံ၊ အကျွန်ုပ်သည်။ ပုန၊ တစ်ဖန်။ တုယှံ၊ အရှင်မင်းမြတ်အား။ အပ္ပိယံ၊ မနှစ်သက်အပ်သည်ကို။ န စာပိ ကရေယျာမိ၊ မပြုဝံ့ပါပြီ။

၇၁။ ဧဝံ၊ ဤသို့။ ယာစမာနာယ၊ တောင်းပန်ပါသော။ မေ၊ အကျွန်ုပ်၏။ ဝစနံ၊ စကားကို။ စေ န ကာဟသိ၊ အကယ်၍ လိုက်နာတော်မမူအံ့။ ဧဝံသတိ၊ ဤသို့ လိုက်နာတော်မမူသည်ရှိသော်။ တတော၊ ထိုသို့ မလိုက်နာခြင်းကြောင့်။ ဣဒါနိ၊ ယခု။ မံ၊ အကျွန်ုပ်ကို။ ဟန္တွာ၊ သတ်၍။ ခတ္တိယာနံ၊ ခုနစ်ပြည်ထောင်သော မင်းတို့အား။ ပဒဿတိ၊ ပေးလိုက်ပါလတ္တံ့။

မင်းကုသ ကျေနပ်၍

ဤသို့ ပဘာဝတီ ကန်တော့တောင်းပန်သော စကားကို ကြား၍ ကုသမင်းသည် ငါသည် ဤပဘာဝတီကို သင်သည်သာလျှင် သိရလိမ့်သတည်းဟု အကယ်၍ ဆိုအံ့၊ ထိုပဘာဝတီ၏နှလုံးသည် ကွဲလတ္တံ့၊ ထိုပဘာဝတီကို သက်သာစေအံ့ဟု ကြံ၍ တောင်းပန်ခြင်းကို ဝန်ခံတော်မူလိုရကား-

၇၂။ ဧဝံ တေ ယာစမာနာယ၊
ကိံ န ကာဟာမိ တေ ဝစော။
ဝိကုဒ္ဓေါ တျသ္မိ ကလျာဏိ၊
မာ တွံ ဘာယိ ပဘာဝတိ။
၇၃။ သဗ္ဗေ တေ ပဋိဇာနာမိ၊ ရာဇပုတ္တိ သုဏောဟိ မေ။
နစာပိ အပ္ပိယံ တုယှံ၊ ကရေယျာမိ အဟံ ပုန။
၇၄။ တဝ ကာမာ ဟိ သုဿောဏိ၊
ပဟုဒုက္ခံ တိတိက္ခိသံ။
ဗဟုံ မဒ္ဒကုလံ ဟန္တွာ၊ နယိတုံ တံ ပဘာဝတိ။

ဟူသော ဤသုံးဂါထာတို့ကို ဆိုတော်မူ၏။

၇၂။ ကလျာဏိ၊ ကောင်းခြင်း ငါးပါးနှင့် ပြည့်စုံသော။ ပဘာဝတိ၊ ရှင်မပဘာဝတီ။ တွံ၊ သင်သည်။ မာ ဘာယိ၊ မကြောက်လင့်။ တေ၊ ရှင်မအား။ ဝိကုဒ္ဓေါ၊ အမျက်မထွက်သည်။ အသ္မိ၊ ဖြစ်၏။ ဧဝံ၊ ဤသို့။ တေ၊ ရှင်မပဘာဝတီသည်။ ယာစမာနာယ၊ တောင်းပန်ပါလျက်။ တေ၊ ရှင်မ၏။ ဝစော၊ စကားကို။ ကိံ၊ အဘယ့်ကြောင့်။ န ကာဟာမိ၊ မလိုက်နာတုံအံ့နည်း။ ကာဟာမိ ဧဝ၊ လိုက်နာအံ့သည်သာတည်း။

၇၃။ ရာဇပုတ္တီ၊ မင်းသမီးဖြစ်သော ရှင်မ ပဘာဝတီ။ တေ၊ ရှင်မ၏။ သဗ္ဗံ၊ အလုံးစုံသောအပြစ်ကို။ ပဋိဇာနနမိ၊ ငါ သည်းခံ၏။ မေ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏောဟိ၊ နာဦးလော့။ အဟံ၊ သည်။ ပုန၊ တစ်ဖန်။ တုယှံ၊ ရှင်မအား။ အပ္ပိယံ၊ မနှစ်သက်အပ်သည်ကို။ န စာပိ ကရောမိ၊ မပြုပြီ။

၇၄။ သုဿောဏိ၊ လျပါးသေးသွယ် တင့်တယ်သော ခါးရှိသော။ ပဘာဝတီ၊ ရှင်ပဘာဝတီ။ ပဟု၊ များစွာသော။ မဒ္ဒကုလံ၊ မဒ္ဒရာဇ်မင်းမျိုးကို။ ဟန္တွာ၊ အကုန်သတ်၍။ တံ၊ ရှင်မကို။ နယိတုံ၊ ဆောင်ယူခြင်းငှာ။ သမတ္ထော၊ စွမ်းနိုင်လျက်။ တဝ ကာမာဟိ၊ ရှင်မကို အလိုရှိသောကြောင့်သာလျှင်။ ဗဟုံ၊ များသာ။ ဒုက္ခံ၊ ဆင်းရဲကို။ တိတိက္ခိသံ၊ ငါ သည်းခံ၏။

ကြုံးဝါးပြီး စစ်တပ်ကို ပြင်စေခြင်း

ထိုအခါ ကုသမင်းသည် သိကြားနတ်မင်း၏ အခြံအရံနှင့်တူသော မိမိအခြံအရံကိုမြင်လျှင် မင်း၏မာန်ကို ဖြစ်စေလျက် ငါထင်ရှားရှိစဉ်လျှင် ငါ့မယားကို တစ်ပါးသောမင်းတို့သည် ယူ၍သွားကုန်လတ္တံ့သတတ်ဟု ခြင်္သေ့မင်းကဲ့သို့ မင်းရင်ပြင်၌ တင့်တယ်စံပယ်တော်မူလျက် မြို့အလုံး၌ နေသောသူတို့သည် ငါလာသောအဖြစ်ကို သိစေကုန်သတည်း ဟု ဟစ်ကြွေးကြော်ငြာ လက်ပမ်းပေါက်ခတ်၍ ယခု ထိုခုနစ်ပြည်ထောင်သော မင်းတို့ကို အရှင်ဖမ်းအံ့၊ ငါ့အား ရထားစသည်တို့ကို က, လေကုန် ဟုဆို၍ စေတော်မူလိုရကား-

၇၅။ ယောဇယန္တု ရထေ အဿေ၊
နာနာစိတ္တေ သမာဟိတေ။
အထ ဒက္ခထ မေ ဝေဂံ၊ ဝိဓမန္တဿ သတ္တဝေါ။

ဟူသော အခြားမရှိသော ဤဂါထာကို ဆိုတော်မူ၏။

၇၅။ ဘော၊ အို... အချင်းတို့။ နာနာစိတ္တေ၊ အထူးထူးသော တန်ဆာတို့ဖြင့် ဆန်းကြယ်ကုန်သော။ သမာဟိတေ၊ ရဲရင့် တည်ကြည်ကုန်သော။ အဿေ၊ မြင်းတို့ကို။ ရထေ၊ ရထား၌။ ယောဇယန္တု၊ က-လေကုန်။ အထ-ပစ္ဆာ၊ ထို့နောင်မှ။ သတ္တဝေါ၊ ရန်သူမင်းတို့ကို။ ဝိဓမန္တဿ၊ နှိမ်နင်းသော။ မေ၊ ငါ၏။ ဝေဂံ၊ လုံ့လကို။ ဒက္ခထ၊ မြင်ရကုန်လတ္တံ့။

ဤသို့ ကြုံးဝါးတော်မူ၍ ရန်သူမင်းတို့ကို ဖမ်းယူခြင်း မည်သည်ကား ငါ၏တာဝန်တည်း၊ သွားချေ၊ သင် ရေချိုးပြီးလျှင် တန်ဆာဆင်၍ ပြာသာဒ်ထက်သို့ တက်နှင့်လေလော့ဟု ဆို၍ ထိုပဘာဝတီကို လွှတ်လိုက်၏။

စစ်ဝတ်တန်ဆာ ဝတ်ဆင်ကာ

မဒ္ဒရာဇ်မင်းကြီးသည်လည်း ထိုကုသမင်းအား ပြုပြင်စိမ့်သောငှါ မှူးတော်မတ်တော်တို့ကို စေတော်မူလိုက်၏။ ထိုမှူးတော် မတ်တော်တို့သည် ကုသမင်းအား စားဖိုအိမ်တံခါးဝ၌ပင်လျှင် တင်းထိမ်ကာရံ၍ ဆေတ္တာသည်တို့ကို ပြုပြင်စေကုန်၏။ ထိုကုသမင်းသည် ပြုပြင်အပ်ပြီးသော မုတ်ဆိတ်ရှိသည်ဖြစ်၍ ဦးခေါင်းနှင့်တကွ ရေချိုးပြီးလျှင် ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်ယင်တော်မူပြီးသော် မှူးတော်မတ်တော် အပေါင်းတို့ဖြင့်ခြံရံလျက် ပြာသာဒ်ထက်သို့ တက်အံ့ဟု အရပ် မျက်နှာတို့ကိုကြည့်၍ လက်ပမ်းပေါက်ခတ်၏။ ကြည့်တိုင်းကြည့်တိုင်းသော အရပ်သည် တုန်လှုပ်၏။ ထိုကုသမင်းသည် ယခု ငါ၏လုံ့လကို ကြည့်ကြကုန်လော့ဟု ဆိုတော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၇၆။ တဉ္စ တတ္ထ ဥဒိက္ခိံသု၊ ရညော မဒ္ဒဿန္တေပုရေ။
ဝိဇမ္ဘမာနံ သီဟံဝ၊ ဖောဋေန္တံ ဒိဂုဏံ ဘုဇံ။

ဟူသော အခြားမရှိသော ဤဂါထာကို ဟောတော်မူ၏။

၇၆။ ဘိက္ခဝေ၊ ရဟန်းတို့။ ဒိဂုဏံ၊ အဆင့်ဆင့်။ ဘုဇံ၊ ဟစ်ကြွေးထသော။ ဝိဇမ္ဘမာနံ၊ တင့်တယ်စွာထသော။ သီဟံဝ၊ ခြင်္သေ့မင်းကိုကဲ့သို့။ ရညော မဒ္ဒဿ၊ မဒ္ဒရာဇ်မင်းကြီး၏။ တတ္တ- တသ္မိံ အန္တေပုရေ၊ ထိုနန်းတော်တွင်း၌။ ဖောဋေန္တံ၊ လက်ပမ်းပေါက်ခတ်ထသော။ တဉ္စ၊ ထိုကုသမင်းကိုလျှင်။ ဥဒိက္ခိံသု၊ ကြည့်ကြကုန်၏။

ခြင်္သေ့မင်းအသံ ဟစ်ကြွေးသံ

ထိုအခါ ထိုကုသမင်းအား မဒ္ဒရာဇ်မင်းကြီးသည် ဆောင်းအပ်ပြီးသော ထီးဖြူရှိသော တန်ဆာဆင်အပ်သော မြတ်သောဆင်ကို ပို့စေတော်မူ၏။ ထိုကုသမင်းသည် ကောင်းစွာ ဆောင်းအပ်ပြီးသော ထီးဖြူရှိသော ဆင်ကျောက်ကုန်းထက်သို့ တက်တော်မူပြီးလျှင် ပဘာဝတီကို ဆောင်ခဲ့ကြကုန်လော့ဟု ဆို၍ ထိုပဘာဝတီကိုလည်း နောက်ကနေစေ၍ လေးပါးသော အင်္ဂါရှိသော စစ်သည်အပေါင်းခြံရံလျက် အရှေ့တံခါးဖြင့် ထွက်တော်မူလတ်၍ သူတစ်ပါးစစ်သည်ကို ကြည့်တော်မူပြီးလျှင် ငါ ကုသမင်းတည်း၊ အသက်ကို အလိုရှိသောသူတို့သည် ရင်ဖြင့်ဝပ်လေကုန်ဟု သုံးကြိမ် ခြင်္သေ့မင်းအသံနှင့်တူသော အသံကို ဟစ်ကြွေးတော်မူ၍ ရန်သူကို နှိမ်နင်းခြင်းကို ပြုတော်မူ၏။

ထိုအကြောင်းကို ထင်စွာပြတော်မူလိုသော သဗ္ဗညူ မြတ်ဘုရားသည်-

၇၇။ ဟတ္ထိက္ခန္ဓဉ္စ အာရုယှ၊ အာရောပေတွာ ပဘာဝတိံ။
သင်္ဂါမံ ဩတရိတွာန၊ သီဟနာဒံ နဒိ ကုသော။
။ လ။
၈၃။ သဗ္ဗေပိ တေ ဝသံ ဂတာ၊ အမိတ္တာ ဝိဟတာ တဝ။
ကာမံ ကရောဟိ တေ တယာ၊
မုဉ္စ ဝါ တေ ဟနဿု ဝါ။

ဟူသော ဤခုနစ်ဂါထာတို့ကို ဟောတော်မူ၏။

၇၇။ ဘိက္ခဝေ၊ ရဟန်းတို့။ ကုသော၊ ကုသမင်းမြတ်သည်။ ဟတ္ထိက္ခန္ဓဉ္စ၊ ဆင်ကျောက်ကုန်းထက်သို့လည်း။ အာရုယှ၊ တက်စီး၍။ ပဘာဝတိံ၊ မင်းသမီး ပဘာဝတီကို။ အာရောပေတွာ၊ တင်ပြီး၍။ သင်္ဂါမံ၊ စစ်မြေအရပ်သို့။ ဩတရိတွာန၊ သက်၍။ သီဟနာဒံ၊ ခြင်္သေ့မင်းအသံနှင့်တူသော အသံကို။ နဒိ၊ ဟစ်ကြွေး၏။

၇၈။ ဘိက္ခဝေ၊ ရဟန်းတို့။ နဒတော၊ ဟောက်သော။ သီဟဿ၊ ခြင်္သေ့မင်း၏။ သဒ္ဒံ၊ အသံကို။ သုတွာ၊ ကြားကုန်၍။ ဣတရေ၊ ခြင်္သေ့မင်းမှ တစ်ပါးကုန်သော။ မိဂါ၊ သားအပေါင်းတို့သည်။ ပလာယိံသု ဣဝ၊ ပြေးကုန်သကဲ့သို့။ နဒတော၊ ဟစ်ကြွေးသော။ တဿ ရညော၊ ထိုကုသမင်းမြတ်၏။ တံ သဒ္ဒံ၊ ထိုအသံကို။ သုတွာ၊ ကြားကုန်၏။ ခတ္တိယာ၊ ခုနှစ်ပြည်ထောင်သော မင်းတို့သည်။ ကုသသဒ္ဒဘယဋ္ဋိတာ၊ ကုသမင်း၏ အသံတည်းဟူသော ဘေးဖြင့် နှိပ်စက်အပ်သည်ဖြစ်၍။ ဝိပလာယိံသု၊ ပြေးလေကုန်၏။

၇၉။ ဘိက္ခဝေ၊ ရဟန်းတို့။ ကုသသဒ္ဒဘယဋ္ဋိတာ၊ ကုသမင်း၏ အသံတည်းဟူသောဘေးဖြင့် နှိပ်စက်အပ်ကုန်သည်ဖြစ်၍။ ဟတ္ထာရောဟာ၊ ဆင်စီးသူရဲတို့သည်လည်းကောင်း။ အနီကဋ္ဌာ၊ မြင်းစီသူရဲတို့သည်လည်းကောင်း။ ရထိကာ၊ ရထားစီးသူရဲတို့သည်လည်းကောင်း။ ပတ္တိကာရကာ၊ ခြေသည်သူရဲတို့သည်လည်းကောင်း။ အညမညဿ၊ အချင်းချင်းအား။ ဆိန္ဒန္တိ၊ ခုတ်ဖြတ်ကြကုန်၏။

ဝေရောစန ပတ္တမြား

၈၀။ ဘိက္ခဝေ၊ ရဟန်းတို့။ ဒေဝိန္ဒော၊ သိကြားနတ်မင်းသည်။ တသ္မိံ သင်္ဂါမသီသသ္မိံ၊ ထိုစစ်မြေဦး၌။ ပဿိတွာ၊ မြင်ရ၍။ တုဋ္ဌမာနသော၊ နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍။ ကုသဿ ရညော၊ ကုသမင်းမြတ်အား။ ဝေရောစနံ၊ ဝေရောစန အမည်ရှိသော။ မဏိံ၊ ပတ္တမြားကို။ အဒါသိ၊ ပေး၏။

၈၁။ ဘိက္ခဝေ၊ ရဟန်းတို့။ သောရာဇာ၊ ထိုကုသမင်းမြတ်သည်။ တံ သင်္ဂါမံ၊ ထိုစစ်မြေအရပ်ကို။ ဇိနိတွာန၊ အောင်မြင်ပြီး၍။ ဝေရောစနံ၊ ဝေရောစန အမည်ရှိသော။ မဏိံ၊ ပတ္တမြားကို။ လဒ္ဓါ၊ ရပြီး၍။ ဟတ္ထိက္ခန္ဓဂတော၊ မြတ်သော ဆင်ကျောက်ကုန်းထက် စီးလျက်။ နဂရံ ပုရံ၊ သာဂလမြို့သို့။ ပါဝေက္ခိ၊ ဝင်လေ၏။

၇-ပြည်ထောင်မင်းတို့ကိုဖမ်း၍

၈၂။ ဘိက္ခဝေ၊ ရဟန်းတို့။ သတ္တခတ္တိယေ၊ ခုနစ်ပြည်ထောင်သော မင်းတို့ကို။ ဇီဝဂ္ဂါဟံ၊ အရှင်ဖမ်းခြင်းကို။ ဂဟေတွာန၊ ဖမ်းယူပြီး၍။ ဗန္ဓိတွာ၊ နှောင်ဖွဲ့၍။ ဒေဝ၊ ဖခင်မင်းမြတ်။ ဣမေ၊ ဤမင်းတို့သည်။ တေ၊ သင် ဖခင်မင်းမြတ်၏။ သတ္တဝေါ၊ ရန်သူတော်တို့တည်း။ ဣတိ၊ ဤသို့။ ဝတွာ၊ ဆို၍။ သဿုရဿ၊ ယောက္ခမဖြစ်သော မဒ္ဒရာဇ်မင်းကြီးအား။ ဥပနာမေသိ၊ ဆက်၏။

မင်းကြီးလက်သို့ အပ်

၈၃။ မဟာရာဇ၊ မင်းမြတ်။ တေ၊ သင် ဖခင်မင်းမြတ်၏။ ဝသံ၊ အလိုသို့လိုက်သည်ကို။ ကတွာ၊ ပြုတော်မူ၍။ သဗ္ဗေပိ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော။ တဝ၊ သင် ဖခင်မင်းမြတ်၏။ အမိတ္တာ၊ ရန်သူတို့ကို။ ဝိဟတာ၊ နှိပ်စက်အပ်ကုန်ပြီ။ တေ-တယာ၊ သင် ဖခင်မင်းမြတ်သည်။ ကာမံ၊ အလိုတော်ရှိတိုင်း။ ကရောဟိ၊ ပြုတော်မူလော့။ တေ၊ သင် ဖခင်မင်းမြတ်သည်။ မုဉ္စ ဝါ၊ လွှတ်လိုလျှင်လည်း လွှတ်တော်မူလော့။ ဟနဿု ဝါ၊ သတ်လိုလျှင်မူလည်း သတ်တော်မူလော့။ ဣတိ၊ ဤသို့။ ဥပနာမေသိ၊ ဆက်လေ၏။

မင်းကုသအား ပြန်အပ်၍

ထို့နောင်မှ မဒ္ဒရာဇ်မင်းကြီးသည် ထိုအလုံးစုံကို ကုသမင်းအားသာလျှင် အပ်နှင်းတော်မူလိုရကား-

၈၄။ တုယှေဝ သတ္တဝေါ ဧတေ၊
န ဟိ တေ မယှ သတ္တဝေါ။
တွညေဝ နော မဟာရာဇ၊ မုဉ္စ ဝါ တေ ဟနဿု ဝါ။

ဟူသော ဤဂါထာကို ဆို၏။

၈၄။ မဟာရာဇ၊ မင်းမြတ်။ ဧတေ၊ ဤခုနစ်ယောက်သော မင်းတို့သည်။ တုယှေဝ၊ သင် မင်းမြတ်၏သာလျှင်။ သတ္တဝေါ၊ ရန်သူတို့တည်း။ ဟိ-သစ္စံ၊ မှန်၏။ တေ၊ ထိုခုနစ်ပြည်ထောင်သော မင်းတို့သည်။ မယှံ၊ ငါ၏။ န သတ္တဝေါ၊ ရန်သူမဟုတ်ကုန်။ တွညေဝ၊ သင် မင်းမြတ်သာလျှင်။ နော၊ ငါတို့ကို။ မဟာရာဇာ၊ အစိုးရသော မင်းပေတည်း။ တေ၊ ထို ခုနစ်ပြည်ထောင်သော မင်းတို့ကို။ မုဉ္စ ဝါ၊ လွှတ်လိုမူလည်း လွှတ်လော့။ ဟနဿု ဝါ၊ သတ်လိုမူလည်း သတ်လော့။

ညီမ ၇-ဖော်နှင့်လက်ဆက်ပြီ

ဤသို့ မဒ္ဒရာဇ်မင်း မိန့်ဆိုလတ်သော် ဘုရားလောင်း ကုသမင်းသည် ဤခုနစ်ပြည်ထောင်သော မင်းတို့ကို သတ်သဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ထိုမင်းတို့ လာခြင်းသည် အကျိုးမဲ့ မဖြစ်စေသတည်း၊ ပဘာဝတီ၏ ညီမဖြစ်ကုန်သော မင်းသမီး ခုနစ်ယောက်တို့သည် ရှိကုန်၏။ ထို မင်းသမီးခုနစ်ယောက်တို့ကို ခုနစ်ပြည်ထောင်သော မင်းတို့အား ပေးစေအံ့ ဟုကြံ၍ ပေးစေတော်မူလိုရကား-

၈၅။ ဣမာ တေ ဓီတရော သတ္တ၊
ဒေဝကညူပမာ သုဘာ။
ဒဒါဟိ နေသံ ဧကေကံ၊
ဟောန္တု ဇာမာတရော တဝ။

ဟူသော ဤဂါထာကို ဆိုတော်မူ၏။

၈၅။ မဟာရာဇ၊ ဖခင် မင်းမြတ်။ တေ၊ သင် ဖခင်မင်းမြတ်၏။ သတ္တ၊ ခုနစ်ယောက်ကုန်သော။ ဣမာ ဓီတရော၊ ဤသမီးတော်တို့သည်။ ဒေဝကညူပမာ၊ နတ်သမီးလျှင် ဥပမာရှိကုန်သည်ဖြစ်၍။ သုဘာ၊ တင့်တယ်ကုန်၏။ နေသံ၊ ထိုခုနစ်ယောက်သော သမီးတော်တို့တွင်။ ဧကေကံ၊ တစ်ယောက် တစ်ယောက်သော သမီးတော်ကို။ ဧကေကဿ၊ တစ်ယောက် တစ်ယောက်သော မင်းသား။ ဒဒါဟိ၊ ပေးတော်မူလော့။ တဝ၊ သင်ဖခင်မင်းမြတ်၏။ ဇာမာတရော၊ သားမက်တော်တို့သည်။ ဟောန္တု၊ ဖြစ်ပါစေကုန်လော့။

ထိုအခါ မဒ္ဒရာဇ်မင်းကြီးသည် ကုသမင်းကိုပင် သမီးတော်တို့ကို အပ်နှင်းလိုရကား-

၈၆။ အမှာကဉ္စေဝ တာသဉ္စ၊
တွံ နော သဗ္ဗေသမိဿရော။
တွညေဝ နော မဟာရာဇ၊ ဒေဟိ နေသံ ယဒိစ္ဆသ။

ဟူသော ဤဂါထာကို ဆို၏။

၈၆။ မဟာရာဇ၊ မင်းမြတ်။ အမှာကဉ္စေ၊ ငါတို့ကို လည်းကောင်း။ တာသဉ္စ၊ ထိုသမီးတော်တို့ကို လည်းကောင်း။ သဗ္ဗေသံ၊ အလုံးစုံကုန်သော။ နော၊ ငါတို့ကို။ တွံ၊ သင် မင်းမြတ်သည်။ ဣဿရော၊ အစိုးရတော်မူ၏။ တွညေဝ၊ သင် မင်းမြတ်သည်သာလျှင်။ နော၊ ငါတို့ကို။ မဟာရာဇာ၊ အစိုးရတော်မူသော မင်းပေတည်း။ နေသံ၊ ထိုခုနစ်ပြည်ထောင်သော မင်းတို့အား။ ယဒိစ္ဆသိ၊ အကယ်၍ ပေးတော်မူလိုအံ့။ ဒေဟိ၊ ပေးလော့။

ဤသို့ မဒ္ဒရာဇ်မင်းကြီး မိန့်ဆိုတော်မူလတ်သော် ကုသမင်းသည် ထိုခုနှစ်ယောက်သော မင်းသမီးတို့ကို တန်ဆာဆင်စေပြီးလျှင် တစ်ယောက်တစ်ယောက်သော မင်းအား တစ်ယောက် တစ်ယောက်စီ ပေးတော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၈၇။ ဧကမေကဿ ဧကေကံ၊
အဒါ သီဟဿရော ကုသာ။
ခတ္တိယာနံ တဒါ တေသံ၊ ရညော မဒ္ဒဿ ဓီတရော။
၈၈။ ပီဏိတာ တေန လာဘေန၊
တုဋ္ဌာ သီဟဿရေ ကုသေ။
သကရဋ္ဌာနိ ပါယိံသု၊ ခတ္တိယာ သတ္တ တာဝဒေ။
၈၉။ ပဘာဝတိဉ္စ အာဒါယ၊ မဏိံ ဝေရောစနံ သုဘံ။
ကုသာဝတိံ ကုသော ရာဇာ၊
အဂမာသိ မဟဗ္ဗလော။
၉၀။ တျဿု ဧကရထေ ယန္တာ၊ ပဝိသန္တာ ကုဿာဝတိံ။
သမာနာဝဏ္ဏရူပေန၊ အညမညာတိ ရောစိသုံ။
၉၁။ မာတာ ပုတ္တေန သံဂစ္ဆိ၊ ဥဘယော စ ဇယမ္မတီ။
သမဂ္ဂါ တေ တဒါ အာသုံ၊ ဖီတံ ဓရဏိမာဝသုံ။

ဟူသော ဤငါးဂါထာတို့ကို ဟောကြားတော်မူ၏။

၈၇။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုမဒ္ဒရာဇ်မင်း ခွင့်ပြုသောအခါ၌။ သီဟဿရော၊ ခြင်္သေ့မင်းအသံနှင့်တူသော အသံရှိသော။ ကုသော၊ ကုသမင်းမြတ်သည်။ ရညော မဒ္ဒဿ၊ မဒ္ဒရာဇ်မင်း၏။ ဓီတရော၊ သမီးတော်တို့ကို။ တေသံ ခတ္တိယာနံ၊ ထိုခုနစ်ပြည်ထောင်သော မင်းတို့တွင်။ ဧကမေကဿ၊ တစ်ယောက် တစ်ယောက်သာမင်းအား။ ဧကေကံ၊ တစ်ယောက် တစ်ယောက်သော မင်းသမီးကို။ အဒါ၊ ပေး၏။

၈၈။ ဘိက္ခဝေ၊ ရဟန်းတို့။ သတ္တခတ္တိယာ၊ ခုနစ်ပြည်ထောင်သော မင်းတို့သည်။ တာဝဒေ၊ ထိုခဏ၌။ တေန လာဘန၊ ထိုသမီးကညာကိုရသဖြင့်။ ပီဏိတာ၊ ရောင့်ရဲကုန်သည်ဖြစ်၍။ သီဟဿရေ၊ ခြင်္သေ့မင်းအသံနှင့်တူသော အသံရှိသော။ ကုသေ၊ ကုသမင်းမြတ်၌။ တုဋ္ဌာ၊ နှစ်သက်ကုန်သည်ဖြစ်၍ သကရဋ္ဌာနိ၊ မိမိတို့၏ တိုင်းပြည်တို့သို့။ ပါယိံသု၊ သွားလေကုန်၏။

ကုသဝတီ ပြည်ည်တော်ပြန်

၈၉။ ဘိက္ခဝေ၊ ရဟန်းတို့။ မဟဗ္ဗလော၊ ကြီးသော ခွန်အားရှိသော။ ကုသော ရာဇာ၊ ကုသမင်းမြတ်သည်။ ပဘာဝတိဉ္စ၊ မင်းသမီး ပဘာဝတီကိုလည်းကောင်း။ သုဘံ၊ တင့်တယ်သော။ ဝေရောစနံ၊ ဝေရောစန အမည်ရှိသော။ မဏိဉ္စ၊ ပတ္တမြားကိုလည်းကောင်း။ အာဒါယ၊ ယူခဲ့၍။ ကုသာဝတိံ၊ ကုသာဝတီပြည်ကြီးသို့။ အဂမာသိ၊ သွားလေ၏။

၉၀။ ဘိက္ခဝေ၊ ရဟန်းတို့။ တေ၊ ထိုမင်းမိဖုရား နှစ်ပါးတို့သည်။ ဧကရထေ၊ တစ်ခုတည်းသောရထား၌။ အာရုယှ၊ စီး၍။ ယန္တာ၊ သွားကြကုန်သည်ရှိသော်။ ကုသာဝတိံ၊ ကုသဝတီပြည်ကြီးသို့။ ပဝိသန္တာ၊ ဝင်လေကုန်၍။ မဏိရတနာနုဘာဝေန၊ ဝေရောစန ပတ္တမြားရတနာ၏ အာနုဘော်ကြောင့်။ သမာနာဝဏ္ဏရူပေန၊ တူမျှသော အဆင်းအသွင်ရှိသဖြင့်။ အညမညံ၊ အချင်းချင်း။ အတိရောစိံသု၊ အလွန်နှစ်သက်ကြကုန်၏။

၉၁။ ဘိက္ခဝေ၊ ရဟန်းတို့။ မာတာ၊ မယ်တော် သီလဝတီ မိဖုရားကြီးသည်။ ပုတ္တေန၊ သားတော်မင်းမြတ်နှင့်။ သံဂစ္ဆိ၊ ပေါင်းမိ၏။ တဒါ၊ ထိုအခါ၌။ ဇယမ္ပတီ၊ လင်မယားဖြစ်ကုန်သော။ တေ ဥဘယော စ၊ ထိုမင်းမိဖုရားနှစ်ပါးတို့သည်လည်း။ သမဂ္ဂါ၊ ညီညွတ် သင့်တင့်ကြကုန်သည်။ အာသုံ၊ ဖြစ်ကုန်၏။ ဓရဏိံ၊ မြေအပြင်ထက်၌။ ဖီတံ၊ အဝတ်တန်ဆာ အစရှိသည်တို့ဖြင့် ပွင့်လင်းစွာလျက်။ အာဝသုံ၊ နေကြကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤကုသဇာတ် ဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ သာသနာတော်၌ ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်သည်ဖြစ်၍ လူထွက်ချင်သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ မြတ်သော သာကီဝင်မင်းမျိုး ဖြစ်ကုန်သော မယ်တော် ခမည်းတော်သည် ထိုအခါ မယ်တော် ခမည်းတော်တို့ ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ သိကြားနတ်မင်း ဖြစ်ဖူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ညီတော် ဇယမ္ပတိမင်းသား ဖြစ်ဖူးပြီ၊ ယခုအခါ ခုဇ္ဇုတ္တရာသည် ထိုအခါ အထိန်းတော် ခုဇ္ဇာဖြစ်ဖူးပြီ၊ ယခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ ပဘာဝတီ ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရား ပရိသတ်တို့သည် ထိုအခါ ပရိသတ်တို့ဖြင့် ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကုသမင်း ဖြစ်ဖူးပြီဟု ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ခက်ခက်ခဲခဲ၊ ဉာဏ်ဖြင့်ခွဲ၊ ဇွဲဖြင့် အောင်စေရာ

ရှေးဦးစွာသော ကုသဇာတ်သည် ပြီး၏။

*****