ဝိဓုရဇာတ်တော်ကြီး/အခန်း-၀၉

From Wikisource
Jump to navigation Jump to search
322829ဝိဓုရဇာတ်တော်ကြီး — ၉။ သဓုနရတရားဟောခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထိုပုဏ္ဏကသည် ဘုရားလောင်းကို ယူ၍သွားလေသော် ဘုရားလောင်း၏ သား, မယားတို့သည် မိမိတို့အိမ် ဘုံ၇-ဆင့်မြောက်၌ “ပုဏ္ဏကနေရာသို့ ဘုရားလောင်းသွားလေသည် ကြာလှ၏”ဟု တက်၍ ကြည့်ကြလတ်သော် ဘုရားလောင်းကိုမမြင်လျှင် ဆံပင်ဖြည်လွှား ရင်သားဆိတ်ချက် ထိပ်ထက်လက်စုံ သက်လုံကျေးဇူး လူးလဲကြလျက် “အသက်သခင် တို့အရှင်ကို ကောင်းကင်သို့စူးစူး ဘီလူးသဘက် နတ်ပျက်နတ်ဆိုးတို့သည် လူမျိုးအသွင် လုလင်ဆောင်၍ ယူခဲ့ပြီ”ဟု သည်းစွာသောအသံဖြင့် ငိုကြွေးကြကုန်၏။

ဆင်စီးသူရဲ မြင်းစီးသူရဲ ခြေသည်သူရဲ ရထားစီးသူရဲ မင်းမှူးမင်းမတ်, မင်းညီမင်းသား၊ ကျေးကုလား, ဇနပုဒ် နိဂုံးသား ပုဏ္ဏားမျိုး, သူကြွယ်မျိုးသား, မိန်းမယောက်ျားအပေါင်းတို့သည် အညီအညွတ် ထိပ်ထက်လက်မြှောက် မျက်ရည်ပေါက်ဖြိုးစွာနှင့် လာလတ်ကြကုန်လျက် “ငါတို့သခင် သုခမိန်သည် အိမ်တော်ကိုပယ်စွန့်၍ ဘယ်အဓွန့်ခရီးဖြင့် ကြွရှာတော်မူလေလိမ့်လဲ မသိ”ဟု ငိုကြွေးမြည်တမ်းကြကုန်၏။ ထိုဘုရားလောင်း၏ သားတော်သမီးတော်, မယား, ကိုယ်လုပ်မိန်းမတို့သည် အိမ်၌ငိုကြွေးပြီးလျှင် မြို့သူမြို့သား များစွာသောလူတို့နှင့်တကွ မင်းကြီးနန်းတော် တံခါးဝသို့သွား၍ ငိုကြွေးကြကုန်၏။

မင်းကြီးသည် ပြင်းစွာငိုကြွေးသံကိုကြား၍ “အဘယ့်ကြောင့် ငိုကြွေးကုန်သနည်း”ဟု မေးစေသော်။ “အရှင်မင်းကြီး၊ ကစ္စည်းဟူသောလုလင်သည် လူစင်စစ် မဟုတ်ပါ။ ဘီလူးစင်စစ်တည်း။ လူယောင်ဆောင်၍ အရှင်မင်းကြီး၏ အမတ်ကြီးသုခမိန်ကို ကောင်းကင်ဖြင့် ဆောင်ခဲ့ပြီ။ ဝိဓူရသုခမိန်နှင့်ကင်း၍ အကျွန်ုပ်တို့ အသက်ရှင်ခြင်းသည် အဘယ်အကျိုး ရှိအံ့နည်း။ အရှင် ဝိဓူရသုခမိန်သည် ယနေ့မှ ၇-ရက်မြောက်၍ မရောက်လာလျှင် အထောင်မကသော လှည်းတို့ဖြင့် ထင်းကိုဆောင်၍ မီးပုံကြီးစွာပြုပြီးလျှင် ထိုမီးပုံတွင်းသို့ အကျွန်ုပ်တို့ဆင်း၍ သေကုန်အံ့။ ဝိဓူရသုခမိန်သည် အကျွန်ုပ်တို့အသက်နှင့် တူ၏။ ဝိဓုရ သုခမိန် မရှိသဖြင့် အသက်ရှင်၍ အဘယ်အကျိုး ရှိတော့အံ့နည်း”ဟု လျှောက်ကြားကြကုန်၏။

(မြတ်စွာဘုရားကိုယ်တော် ပရိနိဗ္ဗာန်ပြုသည်ကိုမျှလည်း မီးထဲသို့ဆင်း၍ သေမည်ဟူ၍ မည်သူမျှမဆို။ ဝိဓုရ ဘုရားလောင်းမူကား ကောင်းစွာဆိုသောစကားဖြင့် အံ့သြဖွယ်ရှိစွာ့ဟု ပြည်သူတို့ မြတ်နိုးချစ်ခင် ကြင်နာလှသောကြောင့် ဆိုကြသတည်း။)

ထိုသို့ ပြည်သူပြည်သား, သား, မယားစသော သူတို့၏စကားကိုကြားလျှင် မင်းကြီးသည် “သင်တို့ မစိုးရိမ် မကြောင့်ကြ မငိုကြွေးကြနှင့်။ ငါ့အမတ်ကြီး သုခမိန်သည် သာယာစွာသောစကားဖြင့် တရားဟောတတ်၏။ ထိုလုလင်ကို သာယာစွာသော တရားစကားဖြင့် ဖြားယောင်းဆုံးမ သြဝါဒပေး၍ မိမိ ခြေရင်းအလုပ်အကျွေးအသွင်ဖြင့် ဖြစ်စေပြီးလျှင် သင်တို့မျက်ရည်ကို ခန်းခြောက်စေသဖြင့် ရွှင်လန်းခြင်းကို ဖြစ်စေလျက် မကြာမြင့်မီလျှင် ဤအရပ်သို့ လာလတ္တံ့။ မစိုးရိမ် မငိုကြွေးကြနှင့်”ဟု နှစ်သိမ့်စေ၏။

ပြည်သူပြည်သားတို့သည်လည်း “အရှင်မင်းကြီး။ အမိန့်ရှိသည့်အတိုင်း သုခမိန်သည် အရှင်မင်းကြီးကို ပြောဆိုလျှောက်ထား၍ သွားသည် ဖြစ်မည်ထင်၏”ဟု မင်းကြီးစကားကို ယုံကြည်၍ မိမိတို့အိမ်သို့ ပြန်သွားကြလေကုန်၏။

ပုဏ္ဏကသည် ဘုရားလောင်းကိုဆောင်၍ ကာဠာဂိရိတောင်ထိပ်သို့ရောက်သော် ဤသို့ ကြံ၏။ “ဤဝိဓုရကို ငါ မသတ်လျှင် နဂါးသမီး ဣရန္ဓတီကို ငါ မရရာ။ ငါ လုံ့လပြုကျိုးလည်း မရှိ၊ အကျိုးမဲ့ ဖြစ်ခဲ့ရာ၏။ ထို့ကြောင့် ဝိဓူရကိုသတ်၍ နှလုံးသားကိုထုတ်ယူပြီးသော် ဝိမလာဒေဝီအားပေးခဲ့ပြီးလျှင် ဣရန္ဓတီကို နတ်ပြည်သို့ ဆောင်ယူခဲ့အံ့”ဟုကြံပြီးမှ ဤသို့တစ်ဖန် ကြံပြန်၏။ “ထိုသို့ ငါသတ်သော်လည်း လက်ဖြင့် သေအောင်မသတ်မူ၍ ကြောက်မက်ဖွယ်သော ဘီလူးရုပ်ဖန်ဆင်းသဖြင့် ခြောက်လှန့်၍ သေစေအံ့”ဟု ကြံ၏။

ထိုသို့ကြံပြီးလျှင် ဝိဓူရသုခမိန်ကို တောင်ထိပ်ပြင်၌ချထား၍ မိမိသည် ကြောက်မက်ဖွယ်သော ဘီလူးအသွင် ဖန်ဆင်းပြီးသော် ဝိဓူရသုခမိန်ကို ပက်လက်လဲစေ၍ နှုတ်ဖြင့်ကိုက်လျက် အထက်စွယ် အောက်စွယ်တို့၏အကြား၌ ထားပြီးလျှင် ဝါးစားမည်ကဲ့သို့ ပြု၏။ ထိုသို့ စားမည်ပြုငြားသော်လည်း ဘုရားလောင်းသည် ကြက်သီးမွေးညင်းမျှ မထ၊ ကြောက်လန့်ခြင်း မရှိ။ ထိုဘီလူးအသွင်ဖြင့် ခြောက်လှန့်၍ မကြောက်လျှင် ခြင်္သေ့အသွင်ဖြင့် လည်းကောင်း, အမုန်ယစ်သော ဆင်၏အသွင်ဖြင့် လည်းကောင်း သွားအစွယ်တို့ကို ဖွင့်လှစ်ကျင်းပလျက် ကိုက်မည်ကဲ့သို့ ထိုးမည်ကဲ့သို့ ပြု၏။ ထိုသို့ ခြင်္သေ့အသွင်, ဆင်အသွင်ဖြင့်လည်း ကြောက်လန့်ခြင်း မရှိ။ ထိုနောက် တစ်ယောက်စီးလောက်သော လောင်းငယ်ပမာဏရှိသော ကြီးစွာသော မြွေ၏အသွင်ဖြင့် ဖန်ဆင်း၍ ပြင်းစွာရှူလျက် အမှတ်မဲ့သောအရပ်မှ လာပြီးလျှင် ဘုရားလောင်း ကိုယ်ကိုရစ်၍ ထိပ်ထက်၌ ပါးပျဉ်းဖြန့်မိုးလျက်နေ၏။

ထိုသို့ မြွေ၏အသွင်ဖန်ဆင်း၍ ခြောက်ငြားသော်လည်း ဘုရားလောင်းသည် ရွံ့ရုံမျှမရှိ။ ထို့နောက် ဘုရားလောင်းကို “တောင်ထိပ်ပြင်၌လဲစေ၍ မှုန့်မှုန့်ညက်ညက် ကြေစေအံ့”ဟု ကြံ၍ ပြင်းစွာသောလေကို လာစေ၏။ ထိုလေသည် ဘုရားလောင်းဆံဖျားကိုမျှ လှုပ်ခြင်းငှာ မတတ်နိုင်။ ထို့နောင် ဘုရားလောင်းကို ထိုတောင်ထိပ်၌ထား၍ အမုန်ယစ်သောဆင်သည် သင်ပေါင်းပင်ကို ဆွဲငင်တိုးဝှေ့သကဲ့သို့ ယူဇနာ ၆၀-မြင့်သော ကာဠာဂိရိတောင်ကို သိမ့်သိမ့်တုန်အောင် လှုပ်၍ခြောက်၏။ ထိုသို့ တစ်တောင်လုံး တုန်လှုပ်အောင် ခြောက်ငြားသော်လည်း ဘုရားလောင်းကို နေမြဲနေရာမှ ဆံခြည်တစ်လုံးမျှ ရွေ့စေခြင်းငှာ မတတ်နိုင်။

ထို့နောင် သည်းစွာသောအသံဖြင့် “ဝိဓုရ၏နှလုံးကို ကွဲစေအံ့”ဟုကြံ၍ ကာဠာဂိရိတောင်အတွင်းသို့ မိမိတန်ခိုးဖြင့်ဝင်ပြီးလျှင် ထိုတောင်၏အတွင်းထဲက တစ်တောင်လုံး ကွဲအံ့သကဲ့သို့ ပဲ့တင်ထပ်မျှ သည်းစွာသောအသံဖြင့် ဟစ်၏။ ဤသို့ဟစ်ငြားသော်လည်း ဘုရားလောင်း၏အာနုဘော်ကြောင့် ရွံ့ကာမျှကိုလည်း မဖြစ်စေနိုင်။

(အဘယ်ကြောင့် ဤမျှလောက် ခြောက်သည်ကိုပင် ဘုရားလောင်းသည် စိုးစဉ်းမျှ မကြောက်လန့်သနည်းဟူမူကား ထိုပုဏ္ဏကသည် ဘီလူးအသွင်၊ ဆင်, ခြင်္သေ့, မြွေအသွင်၊ ပြင်းစွာသောလေဖြင့် တောင်ကိုလှုပ်ခြင်း၊ တောင်တွင်း၌ဝင်၍ ပြင်းစွာသောအသံဖြင့် ဟစ်ခြင်းတို့ကိုပြု၍ ခြောက်ငြားသော်လည်း ဤဘီလူးကား တခြားမဟုတ်။ ကစ္စည်းလုလင်တည်း။ ဤဆင်ကား တခြားမဟုတ်။ ကစ္စည်းလုလင်ပင်တည်း” ဤသို့ စသည်ဖြင့် ခြောက်တိုင်းခြောက်တိုင်း တခြားသူမဟုတ်။ ကစ္စည်းလုလင်ဟု သိသောကြောင့် မကြောက်သတည်း။)

ထိုသို့ပြု၍ သေမည်ကိုထား၍ ကြောက်လန့်ရုံမျှမဖြစ်နိုင်လျှင် ဤသို့ ပုဏ္ဏက ကြံပြန်၏။ “ငါသည် ဝိဓုရကို အပဖြစ်သောလုံ့လဖြင့် သေစိမ့်သောငှာ မတတ်နိုင်။ ဤဝိဓုရကို တောင်ထိပ်အပြင်၌ ထားပြီးလျှင် ကြောက်မက်ဖွယ်သောဘီလူးအသွင်ဖြင့် ခြောက်လှန့်၍ သေစေအံ့။ ထိုသို့ပြု၍ မသေမူ လက်ဖြင့်ကိုင်၍ “ရိုက်သတ်အံ့”ဟု ကြံပြီးသော်၊ ပုဏ္ဏကသည် ဘုရားလောင်းကို တောင်ထိပ်၌ထား၍ ကြောက်မက်ဖွယ်သော ဘီလူးအသွင်ဖြင့် ပဲ့တင်ထပ်မျှ ကြွေးဟစ်ကျူးကြော်လျက် ဘုရားလောင်းကို လက်ဖြင့်ကိုင်၍ တပြောင်းပြန်ပြန် တွန်းထိုးလှုပ်ရှားလျက် တောင်ထိပ်အပြင်၌ ထိုမှဤမှ လူးလာပြန်ခေါက်ပြုသော်လည်း မသေနိုင်။ ထို့နောင် တောင်ခြေရင်းသို့ ဘုရားလောင်းကို ဦးခေါင်းငိုက်ဆိုက်ကိုင်၍ ဆင်းပြီးလျှင် ပတ္တမြားလုံး၌ ချည်ဖြူဖြင့်သွင်း၍ အထက်ကနုတ်ဘိသကဲ့သို့ တောင်၏အတွင်းသို့ ဘုရားလောင်းကို ဦးခေါင်းငိုက်ဆိုက်ကိုင်၍ ဝင်ပြီးလျှင် တောင်ထိပ်သို့တက်၍ ထွက်မိလျှင် အထက်ကောင်းကင်သို့ ဘုရားလောင်းကို ခြေကကိုင်၍ ပစ်လိုက်၏။ ဘုရားလောင်းသည် ကောင်းကင်မှ ဗိုင်းဝါဂွမ်းစုကျသကဲ့သို့ အသာအယာ ၁၅-ယူဇနာ ခြားရာအရပ်သို့ကျလေ၏။

ပုဏ္ဏကသည် ကာဠာဂိရိ တောင်ထိပ်ပြင်၌နေလျက် လက်ကိုဆန့်တန်း၍ ဘုရားလောင်းကို ဦးခေါင်းငိုက်ဆိုက် ကောက်ယူပြီးလျှင် “သေပြီလော”ဟု ကြည့်၏။ မသေသောအဖြစ်ကို သိပြန်လျှင် တစ်ဖန် ခြေကကိုင်၍ ကောင်းကင်သို့ပစ်ပြန်လျှင် ယူဇနာ ၃၀-ခြားသောအရပ်၌ ဘုရားလောင်း ကျလေ၍၊ တစ်ဖန် ရှေးအတူပင် ကောက်ယူ၍ “သေပြီလော”ဟု ဘုရားလောင်းမျက်နှာကို ကြည့်ပြန်၏။ မသေသည်ကိုသိပြန်၍ တစ်ဖန် ယူဇနာ ၆၀-တိုင်အောင် ပစ်လွှင့်လိုက်၍ ရှေးအတူကောက်ယူပြီးလျှင် ခြေကိုကိုင်လျက် ဦးခေါင်းငိုက်ဆိုက်ထား၏။

ထိုအခါ ဘုရားလောင်းသည် ဤသို့ ကြံ၏။ “ပုဏ္ဏကသည် ငါ့ကို ရှေးဦးစွာ ၁၅-ယူဇနာအရပ်သို့ ပစ်၏။ ထို့နောင် ယူဇနာ ၃၀-အရပ်သို့ ပစ်၏။ ထို့နောင် ယူဇနာ ၆၀-အရပ်သို့ ပစ်၏။ ယခုလည်း ငါ့ကို တစ်ဖန် ပစ်ပြန်လတ္တံ့။ ထိုသို့ပစ်၍မျှ မသေလျှင် ဤတောင်ထိပ်၌ ခြေကိုကိုင်၍ရိုက်သဖြင့် သေရသတ္တံ့။ ထိုသို့ ငါ့ကိုမပြုမီ ယခု ဦးခေါင်းငိုက်ဆိုက်ပင်လျှင် “အဘယ်အကြောင်းကြောင့် ငါ့ကို သတ်သနည်း”ဟု မေးအံ့ဟု ကြံ၍၊ ကြောက်ရွံ့ ထိတ်လန့်ခြင်းမရှိ။ ဤမျှသော ခြောက်လှန့်ခြင်းကိုထား၍ ကမ္ဘာပျက်သောအခါ သံဝဋ္ဋဋ္ဌာယီကပ်၌ ဝေဟပ္ဖိုလ်ဘုံမှ အောက်အဝီစိ အဆီးအတားအဆုံးမရှိသော ချောက်၌ပင်လျှင် ချလိုက်သော်လည်း သတိ, ပညာ, ဝိသာရဒဂုဏ်ဖြင့် ကြောက်လန့်ခြင်းမရှိ ရဲရင့်စွာသော ကုရုရာဇ်မင်း၏အမတ်ကြီး ဝိဓူရသုခမိန်သည်-

“အရိယာဝကာသောသိ အနရိယရူပေါ၊ အသညတောတိ သညတသန္နိကာသော။

အစ္စာဟိတံ ကမ္မံ ကရောသိ လုဒ္ဒံ၊ ဘာဝေ စ တေ ကုသလံ နတ္ထိ ကိဉ္စိ။”

“ယံ မံ ပပါတသ္မိံ ပပါတုမိစ္ဆသိ၊ ကောနု တဝတ္ထော မရဏေန မယှံ။

အမနုဿဿေဝ တေ အဇ္ဇ ဝဏ္ဏော၊ အာစိက္ခ မေ တွံ ကတမာသိ ဒေဝတာ။”

ဟူသော ၂-ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“လုလင်။ သင်ကား သူတော်ကောင်း အသွင်အပြင် ရှိ၏။ သူတော်ကောင်းကား မဟုတ်၊ ကိုယ်,နှုတ်,နှလုံးကို စောင့်ဟန်ကား ရှိ၏။ ကိုယ်နှုတ်နှလုံးကို သင် မစောင့်။ အစီးအပွားမရှိ၊ ကြမ်းကြုတ်စွာသော မကောင်းမှုကို သင်ပြုဘိ၏။ သင်၏ကိုယ်၌ ကုသိုလ်မည်သည် စိုးစဉ်းမျှ မရှိခဲ့တကား။ လုလင်။ သင်သည် အဘယ့်ကြောင့် ငါ့ကို ချောက်၌ချခြင်းကို အလိုရှိသနည်း။ ငါသေလျှင် သင်၌ အကျိုး အဘယ်သို့ ခံရအံ့နည်း။ သင်၏အဆင်းကား နတ်ဘီလူးအသွင် ရှိ၏။ လူဟုတ်မည် ငါမထင်။ နတ်ပြည်၌ သင့်ကို အဘယ်မည်သောနတ်ဟု ခေါ်ဝေါ်အပ်ကုန် သနည်း။ ငါ့အား ဟုတ်တိုင်းပြောလော့”ဟု ဆို၏။

ထိုစကားကိုကြားလျှင် ပုဏ္ဏကသည် အကြောင်းကိုပြောလို၍ “ယဒိ တေ သုတော”စသောဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား-

“ဝိဓူရသုခမိန်။ နတ်ပြည်၌ “ပုဏ္ဏကအမည်ရှိသောနတ်”ဟု သင်တို့ လူ့ပြည်က မကျော်စော မကြားဘူးလော။ ငါကား ဝေဿဝဏ်အမည်ရှိသော ကုဝေရနတ်မင်းကြီး၏ အမတ်စစ်သူကြီးတည်း။ ထိုကုဝေရနတ်မင်းကြီး၏ အမတ်စစ်သူကြီး ပုဏ္ဏကအမည်ရှိသော ငါသည် မြေ၏အတွင်း၌ နဂါးပြည်ကို အစိုးရသော ဝရုဏနဂါးမင်း၏ လုံးရပ်သဏ္ဌာန် ကိုယ်ဟန်ကျော့ရှင်း အဆင်းအသရေ ရှိလှပေသော ကြင်ရာမိဖုရားကြီးသည် ဝိမလာဒေဝီ အမည်ရှိ၏။ ထိုဝိမလာဒေဝီ၏သမီးဖြစ်သော ဣရန္ဓတီ အမည်ရှိသော နဂါးမင်းသမီးကို အလိုရှိ၏။ ဣရန္ဓတီ အမည်ရှိသော နဂါးမင်းသမီးသည် မကြီးမငယ် အရွယ်အချိန်သင့်ဖြစ်သည်နှင့် ချစ်ကြင်နာလောက်သော မူရာလက္ခဏာကောင်း ဟူသမျှသည် တပေါင်းတည်းစု၍ ရှုမငြီး တင့်တယ်လှ၏။ ထိုနဂါးမင်းသမီးကို လိုသောအကြောင်းကြောင့် သင့်ကို သတ်ချင်သောစိတ်သည် ငါ၌ ဖြစ်၏”ဟု ဆို၏။

ဘုရားလောင်းသည် ထိုစကားကိုကြားလျှင် “ဤဘီလူးသည် နဂါးမင်းသမီးကို လိုသည်ဟူ၍ အဘယ့်ကြောင့် သတ်ရအံ့နည်း။ ငါ့ကိုသတ်လျှင် အဘယ်သို့ ထိုဘီလူး၌ အကျိုးရှိမည်ကို ငါမေးအံ့”ဟု ကြံ၍-

“မာဟေဝ တေ ယက္ခ အဟောသိ မောဟော၊ နဋ္ဌာ ဗဟူ ဒုဂ္ဂဟိတေန လောကေ။

ကိန္တေသု မိစ္ဆာ ပိယာယ ကိစ္စံ၊ မရဏေန မေ ဣင်ဃ သုဏောမိ သဗ္ဗံ။”

ဟူသောဂါထာကိုရွတ်၏။

အဓိပ္ပာယ်ကား-

“ပုဏ္ဏက ဘီလူးစစ်သူကြီး။ သင်သည် သူမိုက်တို့သဘော မသက်နှင့်၊ ဤလောက၌ လူတို့သည် မပြစ်မှားအပ်သည်ကို ပြစ်မှားခြင်းကြောင့် ပျက်စီးခြင်းသို့ရောက်သည်ကား များစွာရှိ၏။ သင်သည် ခါးစည်းတင်ကျပ် နုနယ်ကျစ်လစ် ချစ်ခင်လောက်သော နဂါးမင်းသမီးအား ဆောင်ရွက်ရန်ကိစ္စ အဘယ်နည်း။ ငါသေသဖြင့် အဘယ်အကျိုး ရှိမည်နည်း။ ခပ်သိမ်းစုံသောစကားကို ငါ ကြားလို၏”ဟု ဆို၏။

ထိုစကားကို ကြားလျှင် ပုဏ္ဏကသည် မိမိအကြောင်းကို ကြားပြန်လို၍ “မဟာနုဘာဝဿ"အစရှိသော ဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား-

“အမတ်သုခမိန်။ သင်မေး၍ မနေသာ ငါပြောရတော့အံ့။ နဂါးပြည်ကို အစိုးရသည်ဖြစ်၍ အလွန်ဘုန်းကြီးလှသော ဝရုဏ နဂါးမင်း၏သမီး ဣရန္ဓတီကို တူညီစုံဖက် နှစ်သက်ခဲ့ဖူးသော ဘဝဟောင်းသံသရာက ဝါသနာအထုံပါ၍ပင် ရှိသည်လည်း မသိ။ ဆီထိသော ဂွမ်းစိုင်ကဲ့သို့ တွေ့ဆိုင်မိဦးကပင် ညွတ်နူးသောစေတနာသည် အခါခါနှိုးဆော်သဖြင့် တော်ထိုက်သော ပဏ္ဏာလက်ဆောင်နှင့် အောင်တမန်အခြားမစေ ဆွေမျိုးဆက်လို၍ ငါကိုယ်တိုင်သွားလျက် နဂါးမင်းထံ လိုရန်အခွင့်ကို နားသင့်အောင်ခညွတ် တောင်းပန်သည်တွင် နဂါးတို့ဘုရင်က “ဒဇ္ဇေ မုခေါ”အစရှိသောဂါထာဖြင့်-

“စာတုမဟာရာဇ် နတ်မင်းကြီး၏တူတော် လုလင်။ သင်အား ခါးစည်းတင်ကျယ် နုနယ်ကြော့ရှင်းသော အဆင်းအသွေးတွင် အမွှေးအထုံနံ့သာဖြင့် ချစ်စရာများလှသော ငါ့သမီး ဣရန္ဓတီကို စုံညီလက်ထပ်လိုက်မည်ကား အမှန်တည်း။ သင်ဆောင်ရအံ့သောအမှုမှာ လူ့ပြည်၌ သတင်းထင်ရှားသော ဝိဓူရသုခမိန်၏နှလုံးကို ငါ၏မိဖုရားကြီး ဝိမလာဒေဝီ အလိုရှိ၏။”

“ထိုသုခမိန်၏နှလုံးကို တရားသဖြင့် ရအောင်ဆောင်နိုင်မှ ထိမ်းမြားလက်ထပ် ငါပေးအပ်မည်။ ထိုမှတစ်ပါး များစွာသောပဏ္ဏာဖြင့် ဆိုလာသော်လည်း ငါတို့ အလိုမရှိ”ဟု နဂါးမင်းဆိုသောကြောင့် သင်၏နှလုံးသားကို ယူလို၍ ငါ သင့်ကို သတ်မည်ကြံသတည်း။ အကြောင်းမရှိဘဲ မသူတော်နှလုံးဖြင့် တွေဝေမိုက်မဲ၍ အကျိုးမဲ့ သင့်ကို ညှဉ်းဆဲသည် မဟုတ်။”

“ငါ၌ အကျိုးရှိကြောင်းကို ဆိုအံ့၊ သင် နာဦးလော့။ သင့်ကို ငါ မတရားသဖြင့်ယူလျှင် ခဏချင်းဖြင့် ငါ၏အလို ပြည့်စုံရာ၏။ ထိုသို့မပြု။ တရားသဖြင့် သင့်ကို ငါရ၏။ ထို တရားသဖြင့်ရအပ်သော သင်၏နှလုံးကိုယူ၍ နဂါးမင်းကြီးအားပေးလျှင် နဂါးမင်းသည်လည်း သမီးတော် ဣရန္ဓတီကို ငါ့အား ပေးလတ္တံ့။ ဤသို့ ငါသည် သင့်ကိုသတ်ခြင်း၌ အကျိုးများစွာ ရှိ၏။ ထို့ကြောင့် ဤအရပ်၌ပင်လျှင် သင့်ကို ချောက်၌ပစ်ချ၍ နှလုံးသားကို ငါဆောင်လေအံ့”ဟု ဆို၏။

ထိုစကားကို ဘုရားလောင်းကြားလျှင် ဤသို့ ကြံ၏။ “ဝိမလာဒေဝီအား ငါ၏နှလုံးသားဖြင့် အဘယ်ကိစ္စရှိအံ့နည်း။ ဝရုဏနဂါးမင်းသည်ကား ငါ၏တရားစကားကိုကြား၍ မိမိလည်၌ဆင်သော ပတ္တမြားကို ငါ့အားပူဇော်ပြီးလျှင် နဂါးပြည်သို့ရောက်သောအခါ ငါ၏ တရားဟောသော ဂုဏ်ကျေးဇူးအထူးကို မိဖုရား ပရိသတ်တို့ရှေ့ ချီးမွမ်းပြောဆိုသည် ဖြစ်လိမ့်မည်။ ထိုနဂါးမင်း ပြောသောစကားကြောင့် မိမိမိဖုရား ဝိမလာဒေဝီသည် ငါ၏တရားစကားကို နာလို၍သာ ပရိယာယ်ဖြင့်ဆိုသည်ကို ဝရုဏနဂါးမင်းသည် အတွေးအယူ အဆင်အခြင်မရှိ။ မလိမ္မာ၍ ပညာနည်းသော ဤပုဏ္ဏကဘီလူးကို စေလိုက်သည် ဖြစ်သည်။ ဤဘီလူးသည်လည်း မိမိ၏ မကောင်းသောအယူသဘောဖြင့် ငါ့ကို ပြင်းစွာနှိပ်စက်၏”ဟု ကြံမိ၏။

“ပညာရှိတို့သဘောသည် အရေးမရှိလျှင် အရာမထင်။ အရာရောက်က လွတ်မြောက်အောင် ဆောင်နိုင်ခြင်းသည်သာလျှင် ပညာရှိတို့ သဘောတည်း။ ငါသည်လည်း ပညာရှိပင်ဖြစ်လျက် ပုဏ္ဏကလက်တွင် သေရမည်ဟူသော် အဘယ်သို့ ပညာရှိခံကျိုး နပ်ပါအံ့နည်း။ ယခုပင်လျှင် ပုဏ္ဏကအား ငါ၏အစွမ်းကို သိစေအံ့”ဟု ကြံပြီး၍-

“လုလင်။ သင်သည် “သာဓုနရ”အမည်ရှိသောတရားကို နာဦးလော့။ ထိုတရားကို နာပြီးမှ သင်အလိုရှိတိုင်း ငါ့ကို ပြုလော့”ဟုဆိုလျှင်၊ “သာဓုနရတရားကို ချီးမွမ်း၍ မိမိအသက်ကို လွတ်အောင်ဆောင်အံ့”ဟု ဦးခေါင်း ဦးစောက်ဆွဲလျက်ပင်လျှင် “ခိပ္ပံ မံ ဥဒ္ဓရကာတိ ယာန” အစရှိသော ဂါထာကို ရွတ်၏။

အဓိပ္ပာယ်ကား-

“ကစ္စည်းလုလင်။ ငါ့ကို လျင်စွာထုတ်ဦးလော့။ ငါ၏နှလုံးသားဖြင့် လုလင်၏ ဆောင်ရာကိစ္စသည် အကယ်၍ရှိအံ့။ ခပ်သိမ်းသော သူတော်ကောင်းတို့သည် ကျင့်အပ်, သိအပ်သော သာဓုနရတရားကို သင့်အား ယခု ငါ ထင်စွာဟောခဲ့ဦးအံ့။ ငါ့ကို သက်သာပေးဦးလော့”ဟု ဆို၏။

ထိုစကားကို ကြားလျှင် ပုဏ္ဏကသည် ဤသို့ကြံ၏။ “ဤတရားကို နတ်လူတို့အား သုခမိန်သည် မဟောဘူးသေးသည် ထင်၏။ လျင်စွာ သုခမိန်ကို သက်သာရာပေးသဖြင့် သက်သာစေ၍ ထိုသာဓုနရတရားကို နာဦးအံ့”ဟု ကြံပြီးလျှင် ဘုရားလောင်းကိုချီ၍ တောင်ထိပ်၌ နေစေပြီးလျှင် “သမုဒ္ဓတော” အစရှိသော ဂါထာဖြင့် မေး၏။

အဓိပ္ပာယ်ကား-

“အမတ်ကြီး သုခမိန်။ ငါသည် သင့်ကို ချောက်မှ ကောင်းစွာထုတ်၍ တောင်ထိပ်၌ ထား၏။ သင်၏ နှလုံးသားဖြင့် ငါ၏ ဆောင်ရန်ကိစ္စ ရှိ၏။ ခပ်သိမ်းသော သူတော်သူမြတ်တို့၏တရားကို မကြွင်းမကျန်ရအောင် ငါ့အား ယခု သင် ထင်စွာပြုလော့”ဟု ဆို၏။

ဘုရားလောင်းသည် “လုလင်။ သင်သည် ငါ၏နှလုံးသားဖြင့် ဆောင်ရန်ကိစ္စရှိလျက် နောက်မှ ဆယ်ထုတ်၍ ငါ၏ သာဓုနရတရားကို နာလိုသောကြောင့် တောင်ထိပ်၌ ထားပေ၏။ ငါသည်လည်း ထိုတရားကို ထင်ရှားပြုအံ့။ ထိုသို့တစ်မူကား ယခု ငါ၏ကိုယ်သည် ချေးမြူ အလိမ်းလိမ်းကပ်လျက် ညစ်ညူးစွာရှိ၏။ မသန့်မရှင်း ညစ်ညူးစွာသောကိုယ်ဖြင့် ဤတရားမြတ်ကို ဟောခြင်းငှာ မလျောက်ပတ်။ ရေချိုးပါရစေဦး”ဟု ဆို၏။

ပုဏ္ဏကလည်း “ကောင်းပြီ”ဆို၍ ချိုးရေဆောင်ပြီးလျှင် ဘုရားလောင်းအား ရေချိုးစေ၏။ ရေချိုးပြီးသော် နတ်၏ပုဆိုး, နတ်၏ ပန်းနံ့သာတို့ကို ဝတ်ဆင်စေပြီးသော် နတ်ဘောဇဉ်ကို စားစေ၏။ ထိုသို့ ဝတ်စားတန်ဆာ ဆင်ယင်ပြီးသော် ဘုရားလောင်းသည် ကာဠာဂိရိ တောင်ထိပ်ကိုလည်းကောင်း၊ တရားဟောနေရာကိုလည်းကောင်း ခင်းကျင်းစီရင် တန်ဆာဆင်စေပြီးလျှင် ခင်းထားအပ်သော တရားဟောနေရာ၌ ဘုရား၏ တင့်တယ်ခြင်းကဲ့သို့သော တင့်တယ်ခြင်းဖြင့် ဘုရားလောင်းသည် ထက်ဝယ်ဖွဲ့ခွေ နေတော်မူလျက် သာဓုနရတရားကို ဟောအံ့သောငှာ-

“ယာတာနုယာယီ စ ဘဝါဟိ မာဏဝ၊ အလ္လဉ္စ ပါဏိ့ ပရိဝဇ္ဇယဿု။

မာစသု မိတ္တေသု ကဒါစိ ဒုဗ္ဘိံ၊ မာစ ဝသံ အသတီနံ နိဂစ္ဆေ။”

ဟူသော ဂါထာဖြင့် ဟောပေ၏။

မာဏဝ၊ ကစ္စည်းလုလင်။ ယာတံ၊ သွားလေသောသူနောက်သို့။ အနုယာယီ စ၊ အစဉ်လိုက်သည်လည်း။ ဘဝါဟိ၊ ဖြစ်လော့။ အလ္လဉ္စပါဏိံ၊ စိုစွတ်သောလက်ကိုလည်း။ ပရိဝဇ္ဇယဿု၊ မသွေ့ခြောက်စေလင့်။ မိတ္တသု၊ ချမ်းသာကိုဆောင်ဖူးပေသော ခင်ပွန်းကောင်းတို့၌။ ကဒါစိ၊ တစ်ရံတစ်ဆစ်မျှ။ ဒုဗ္ဘိံ၊ ပြစ်မှားခြင်းကို။ မာစဿု၊ မပြုလင့်။ အသတီနံ၊ သူတော်ကောင်းမဟုတ် ယုတ်သော မိန်းမတို့၏။ ဝသံ၊ အလိုသို့။ မာ စ နိဂစ္ဆေ၊ မလိုက်ရာ။

အဓိပ္ပာယ်ကား-

“ကစ္စည်းလုလင်။ သူတော်ကောင်းဟု သမုတ်အပ်သောသူတို့၌သာ တည်ရှိသောကြောင့် သာဓုနရဟုဆိုအပ်သောတရားသည် ၄-ပါးတည်း။ ၄ ပါးဟူသည်ကား ယာတာနုယာယီ ၁-ပါး, အလ္လဉ္စပါဏိံပရိဝစ္ဆယ ၁-ပါး, မိတ္တအဒုဗ္ဘိ ၁-ပါး, အသံတီနံ မာနိဂစ္ဆ ၁-ပါး, ဤသည်လျှင် ၄-ပါးတည်း။ ထို၄-ပါးတို့တွင် ယာတာနုယာယီ ဟူသည်ကား ရှေးသူတော်ကောင်းတို့သွားသော တရားလမ်းကို မယွင်းမထောင့် ဖြောင့်မှန်စွာ လိုက်ခြင်းတည်း။ အလ္လဉ္စပါဏိံ ပရိဝစ္ဆယ ဟူသည်ကား စိုစွတ်သောလက်ကို ခြောက်သွေ့ပူလောင်အောင် မပြုခြင်းတည်း။ မိတ္တအဒုဗ္ဘိ ဟူသည်ကား ခင်ပွန်း မပြစ်မှားခြင်းတည်း။ အသတီနံ မာနိဂစ္ဆ ဟူသည်ကား ယုတ်မာသောမိန်းမတို့၏ အလိုသို့ မလိုက်ခြင်းတည်း။ ဤ၄-ပါးသော သာဓုနရတရားနှင့် ပြည့်စုံသောသူသည် သူတော်ကောင်း မည်၏။ ထို၄-ပါးနှင့် မပြည့်စုံသောသူသည် သူယုတ်မာ မည်၏”ဟု ဆိုလိုသည်။

ဤသို့ ဘုရားလောင်းသည် သာဓုနရ တရားကို အကျဉ်းအားဖြင့် ဟောတော်မူလေ၏။ ပုဏ္ဏကသည် ထိုတရားအနက်ကို မသိနိုင်သည်ဖြစ်၍ အကျယ်ဖွင့်စေခြင်းငှာ “ကထံ နုယာတံ” အစရှိသော ဂါထာဖြင့် မေး၏။

အဓိပ္ပာယ်ကား-

“အမတ်သုခမိန်။ “သွားသောသူနောက်ကို အစဉ်လိုက်ခြင်း”ဆိုသည်ကား အဘယ်နည်း။ “စွတ်သောလက်ကို မပူလောင်စေနှင့်” ဆိုသည်ကား အဘယ်နည်း၊ “မိန်းမယုတ်”ဟူသည်ကား အဘယ်နည်း။ “ခင်ပွန်းပြစ်မှားသောသူ”ဟူသည်ကား အဘယ်နည်း။ ဤ၄-ပါးသောတရားကို သင် ဟောသော်လည်း သဘောလျှို့ဝှက် ခဲခက်ကျဉ်းလှသောကြောင့် ငါ မသိနိုင်၊ ယခု ငါမေးတိုင်း အကျယ်ချဲ့ဖွင့်၍ ဟောဦးလော့”ဟု ဆို၏။

ဘုရားလောင်းသည် ထိုတရား ၄-ပါးကို ၁-ဂါထာစီ ဖွင့်ခြင်းငှာ-

“အသန္ထုတ့ နောပိ စ ဒိဋ္ဌိပုဗ္ဗံ၊ ယော အာသနေနာပိ နိမန္တယေယျ။

တဿေဝ အတ္ထံ ပုရိသော ကရေယျ၊ ယာတာနုယာယီတိ တမာဟု ပဏ္ဍိတာ။

“ယ‌ဿေကရတ္တမ္ပိ ဃရေ ဝသေယျ၊ ယတ္ထန္နပါနံ ပုရိသော လဘေယျ။

န တဿ ပါပံ မနသာပိ စိန္တယေ၊ အဒုဗ္ဘီ ပါဏိံ ဒဟတေ မိတ္တဒုဗ္ဘော။”

“ယဿ ရုက္ခဿ ဆာယာယ၊ နိသီဒေယျ သယေယျ ဝါ။

န တဿ သာခံ ဘဉ္ဇေယျ၊ မိတ္တဒုဗ္ဘော ဟိ ပါပကော။”

ပုဏ္ဏမ္ပိ စေမံ ပထဝိံ ဓနေန၊ ဒဇ္ဇိတ္ထိယာ ပုရိသော သမ္မတာယ။

လဒ္ဓါ ခဏံ အတိမညေယျ တမ္ပိ၊ တာသံ ဝသံ အသတီနံ န ဂန္တေ။”

ဟူသော ၄-ဂါထာတို့ကိုဟော၏။

အဓိပ္ပာယ်ကား-

“ကစ္စည်းလုလင်။ အကြင်သူသည် အတူတကွ မနေကြဘူး, မတွေ့ကြဘူး, မမြင်ကြဘူးသည်ဖြစ်၍ မသိမကျွမ်းဘဲလျက်၊ မိမိကို နေရာပေးခြင်း, ခဲဖွယ်ဘောဇဉ် တည်ကျွေးခြင်းစသော ဧည့်သည်တို့ဝတ်ကို ပြုပေအံ့။ ထိုသို့ပြုပေသောသူကို မိမိသည်လည်း ထိုသူကျင့်သကဲ့သို့ အစဉ်လိုက်၍ ကျေးဇူးတုံ့ ကျင့်ရာ၏။ ထိုသို့ကျင့်ခြင်းသည်လျှင်“ယာတာနုယာယီ” တရား မည်၏ဟု ပညာရှိတို့ ဆိုကုန်၏။”

“ကစ္စည်းလုလင်။ “စွတ်သောလက်ကို မလောင်စေနှင့်”ဟူသည်ကား အကြင်သူ၏အိမ်၌ တစ်ညဉ့်မျှလည်း နေဖူး တည်းဖူးအံ့။ အကြင်သူ၏အိမ်၌ ထမင်း, အဖျော် စသော နည်းနည်းများများ တစ်စုံတစ်ခုသောပစ္စည်းကို ရအံ့။ ထိုသူအား စိတ်ဖြင့်မျှလည်း ပြစ်မှားခြင်းကို မပြုအပ်၊ အကယ်၍ ပြစ်မှားချေအံ့။ စွတ်သောလက်ကို ပူလောင်စေသည် မည်၏။ ဤသည်လျှင်“အလ္လပါဏိပရိဝဇ္ဇယ”တရား မည်၏။”

“ကစ္စည်းလုလင်။ “ခင်ပွန်း ပြစ်မှားသောသူ” ဟူသည်ကား အကြင်သူသည် အကြင်သစ်ပင်၏အရိပ်၌ နေမူလည်း နေဖူးအံ့၊ အိပ်မူလည်း အိပ်ဖူးအံ့။ ထိုသစ်ပင်၏ အကိုင်းအခက်ကို မဖျက်ဆီးရာ, မချိုးဖဲ့ရာ။ ထိုသစ်ပင်သည် မိမိကိုယ်,စိတ်ချမ်းသာခြင်းကို ဆောင်ပေးသောကြောင့် “ခင်ပွန်းပင်” မည်သတည်း။ ဤသို့ အနိန္ဒြိယဗဒ္ဓ ဥတုဇရုပ်မျှသာဖြစ်သော သစ်ပင်ကိုမျှလည်း တစ်နေ့တစ်ခဏမျှ တည်းနေခိုမှီဖူးပေလျှင် မဖျက်ဆီး မချိုးဖဲ့ရာ ဖြစ်တုံသေး၏။ အသက်ရှိသောလူ၌ကား အဘယ်ဆိုဖွယ် ရှိအံ့နည်း။ မပြစ်မှားအပ်သာတည်း။ ပြစ်မှားချေအံ့၊ “မိတ္တဒုဗ္ဘိ”ဖြစ်၏။ ဤသည်လျှင်“မိတ္တအဒုဗ္ဘိ” မည်၏။”

“လုလင်။ မသူတော်သဘော သက်လိုသော မိန်းမတို့မည်သည် ၂-သိန်း ၄-သောင်း အထုရှိသော မြေကြီးအတိုင်းအရှည် များစွာသောစည်းစိမ်ဥစ္စာ အိမ်ထောင်ခမ်းနားတို့ကို ပေးအပ်နှင်း၍ သိမ်းမြန်းမွေးမြူငြားသော်လည်း သယောက်လင်စောင် ရအံ့သည်အခွင့်ထင်လျှင် လင်၏ကျေးဇူးကို မထောက်။ အကောက်ကြံ၍ အန္တရာယ်ပြုတတ်၏။ ထိုသို့ မယုံမှတ်အပ်သည် စင်စစ်ဖြစ်လျက် နှစ်သက်ဖွယ်သောမာယာဖြင့် များစွာဖြားယောင်းသည်များကို အကောင်းထင်၍ “ငါ့ကိုသာ ကြင်သည်, ငါ့ကိုသာ ချစ်သည်”ဟု ရမ္မက်စိတ်ဖုံးလွှမ်းသဖြင့် အခွင့်ကိုမဆင်ခြင်မတွေးဆ မိန်းမအလိုရှိတိုင်း မိန်းမနိုင်ငံသို့လိုက်၍ မကောင်းမှုကို မပြုအပ်။ အကယ်၍ မဆင်မခြင် မိန်းမအလိုသို့ ငင်ရာ ပါချေငြားအံ့။ စီးပွားမထင် ပင်ပန်းကာမျှ ရှိတတ်ချေသည်။ ဤသည်လျှင်“အသတီနံ မာနိဂစ္ဆ”တရား မည်၏။”

“စာတုမဟာရာဇ်နတ်မင်းကြီး၏တူတော် အမတ်စစ်သူကြီးဖြစ်သော နတ်မင်း။ သင်သည် ဤ၄-ပါးသော သာဓုနရတရားနှင့် ပြည့်စုံစေလော့”ဟု ဆို၏။