ဝိဓုရဇာတ်တော်ကြီး/အခန်း-၁၀

From Wikisource
Jump to navigation Jump to search
322830ဝိဓုရဇာတ်တော်ကြီး — ၁၀။ နဂါးပြည်သို့ ဆောင်ယူစေခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ဘုရားအလောင်း သုခမိန်သည် ပုဏ္ဏကဘီလူးအား ၄-ပါးသော သာဓုနရတရားကို ဘုရား၏တင့်တယ်ခြင်းဖြင့် ဟောပြီး၍၊ ထိုတရားကိုနာရလျှင် ပုဏ္ဏကသည် ဤသို့ကြံ၏။

“ဤတရား ၄-ပါးလုံး၌ပင်လျှင် သုခမိန်သည် မိမိအသက်ကို တောင်းပန်လိုဟန် စကားသံ, စကားရိပ်ပါသည်။ စင်စစ်ကား ငါ့မျက်နှာကို တစ်ခါတစ်ကြိမ်မျှ သုခမိန်သည် ရှေးက တွေ့မြင်ဖူးသည် မရှိ။ မိမိနှင့်အတူနေ အဆွေခင်ပွန်း မဟုတ်ဘဲလျက် အထက်က အတူနေဖူး, သိကျွမ်းဖူးသကဲ့သို့ပင် မိမိအိမ်၌ မြတ်သောနေရာဖြင့်နှင်း၍ များစွာသော ပူဇော်သက္ကာရကို ပြု၏။ ငါသည် ထို သုခမိန်အိမ်၌ ၂-ရက်,၃-ရက် များစွာသောစည်းစိမ်တို့ကို ခံစံလျက်နေ၏။ ယခု ဝိဓူရသုခမိန်ကို သတ်ညှဉ်းဆဲခြင်း မကောင်းမှုသည်လည်း တစ်ပါးသောအကြောင်းကြောင့် မဟုတ်။ မိန်းမတည်းဟူသော အကြောင်းကြောင့် ပြု၏။ ခပ်သိမ်းသော အခြင်းအရာဖြင့် သုခမိန်ဟောသော သာဓုနရတရား ၄-ပါးနှင့် ငါ့အားယခု ပြုကျင့်ဆောင်ရွက်သည့်အမှုကို ထောက်ရှုဆင်ခြင်သော် ငါသာလျှင် ခင်ပွန်းပြစ်မှားခြင်း ဖြစ်ချေ၏။”

“အကယ်၍ ယခု သုခမိန်ကို ငါ သတ်ငြားအံ့။ သာဓုနရတရားကို မကျင့်သည် မည်ရာ၏။ ထိုသို့ မကျင့်သည်မည်ရာသောကြောင့် နဂါးမင်းသမီးဖြင့် အဘယ် အလိုရှိတော့အံ့နည်း။ ဤသုခမိန်ကို ဣန္ဒပတ္ထနဂိုပြည်သို့ ပို့ဆောင်၍ ပြည်သူပြည်သား မိမိသားမယားများကို ရွှင်စေလျက် တရားသဘင်၌ ချခဲ့အံ့”ဟု ကြံပြီးမှ “အဝသိဟံ တုယှံ” အစရှိသော ဂါထာကိုလည်းကောင်း “အပိဟာယတု” အစရှိသော ဂါထာကိုလည်းကောင်း ရွတ်၏။

အဓိပ္ပာယ်ကား-

“အလွန်မြတ်သော ပညာရှိသုခမိန်။ ငါကား သင်၏အိမ်၌ ၂-ရက် ၃-ရက် နေဖူး၏။ သင်သည်လည်း ထမင်း, အဖျော် အစရှိသည်ဖြင့် ကျွေးမွေးပေ၏။ သင်သည်ကား မပြစ်မှားအပ်သော ငါ၏ အဆွေခင်ပွန်း မှန်ပေ၏။ အဟုတ်သဖြင့် ငါ သင့်ကို လွှတ်၏။ သင်သည် အိမ်သို့ သွားလေလော့။ ပညာရှိ သုခမိန်၊ ငါသည် နဂါးမင်းတို့နှင့် အမျိုးစပ်ခြင်းငှာ အလိုမရှိပြီ။ နဂါးမင်းသမီးကို ရလိုသည်ဟူ၍လည်း ဤသို့သော မကောင်းမှုကို မပြုထိုက်ပေ။ သင်သည် ငါ့အား တရားကို ကောင်းစွာဟောပေသောကြောင့် သင့်ကိုသတ်ခြင်းမှ ယခု ငါ လွှတ်၏”ဟု ဆို၏။

ထိုသို့ ဆိုသောအခါ ဘုရားလောင်းသည် “ဟန္ဒ တုဝံ”အစရှိသော ဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“နတ်မင်း။ သင်သည် ငါ့ကို အိမ်သို့ မပို့နှင့်ဦး။ သင့်ယောက္ခမစံရာ နဂါးပြည်သို့ ဆောင်ဦးလော့။ နဂါးမင်း၏စည်းစိမ်ကိုလည်း ငါမမြင်စဖူးဖြစ်၍ နဂါးပြည်သို့ ရောက်ချင်၏”ဟု ဆို၏။

ထိုစကားကိုကြားလျှင် ပုဏ္ဏကသည် “ယံ ဝေ နရဿ အဟိတာယ အဿ” အစရှိသောဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“မြတ်သောပညာရှင်။ သင် အဘယ့်ကြောင့် ဤစကားကို ဆိုဘိသနည်း။ အကြင်ဝတ္ထုသည် စင်စစ်သဖြင့် မိမိအစီးအပွားကို မဆောင်။ ထိုအစီးအပွားမရှိ၊ မိမိ အန္တရာယ်ဖြစ်သောဝတ္ထုကို ပညာရှိတို့သည် ရှုကြည့်ခြင်းငှာ မထိုက်။ ထိုသို့သောရန်သူကို အဝေးက ရှောင်ရမည်ဟု ပညာရှိတို့ဆိုကုန်လျက် အဘယ့်ကြောင့် သင်၏ရန်သူဖြစ်သော နဂါးပြည်သို့ သွားလိုဘိသနည်း”ဟု ဆို၏။

ထိုအခါ ဘုရားလောင်းသည် “အဒ္ဓါ ပဇာနာမိ” အစရှိသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“နတ်မင်း။ ငါသည်လည်း “ရန်သူကို အဝေးကသာ ရှောင်ရမည်”ဟူသောအရာကို သိ၏။ သင်ဆိုတိုင်း မှန်သည်ပင်။ ထိုသို့ဖြစ်သော်လည်း ငါသည် မကောင်းမှုကို တစ်ရံတစ်ဆစ်မျှ မပြု။ ကုသိုလ်ကိုသာ ပွားစေသည်ဖြစ်၍ သေအံ့သောဘေးကို ငါ၌ ကြောက်လန့်ရန် မရှိ။ စင်စစ်သော်ကား ဘုန်းတန်ခိုးဖြင့် မျက်ငြိုးပြင်းထန် စောင်းမာန်ကြမ်းကြုတ်စွာသော သင်ဘီလူးမင်းကိုစင်လျက် တရားသဖြင့် နူးညံ့စေ၍ ငါ့ကိုမသတ် ချမ်းသာစွာ လွတ်စေ၏။ နဂါးမင်းကိုလည်း ဘီလူးမင်းကိုကဲ့သို့ တရားသဖြင့် နူးညံ့စေခြင်းသည်ကား ငါ၏ဝန်ဖြစ်စေ။ နဂါးပြည်သို့သာ ငါ့ကို ဆောင်ပါ”ဟု ဆို၏။

ထိုစကားကိုကြားလျှင် ပုဏ္ဏကဘီလူးသည် “ကောင်းပြီ။ သင် ရောက်လိုလျှင် ပို့ဆောင်အံ့”ဟု ဝန်ခံ၍ ဝမ်းမြောက်ဝမ်းသာ “ဟန္ဒ စ ဌာနံ” အစရှိသော ဂါထာကိုလည်းကောင်း, “တံ နာဂကညာနံ” အစရှိသော ဂါထာကိုလည်းကောင်း ဆို၏။

အဓိပ္ပာယ်ကား-

“အမတ်သုခမိန်။ လာလှည့်။ တန်ခိုးဖြင့် အတုမရှိသောနဂါးပြည်ကို ငါနှင့်အတူသွား၍ ရှုကြကုန်အံ့။ ထိုနဂါးပြည်သည် ငါ၏ဦးရီးတော် ဝေဿဝဏ် နတ်မင်းကြီးစံရာ နီဠည အမည်ရှိသော ရာဇဌာနီ မင်းနေပြည်ကြီးကဲ့သို့ နှစ်လို့ဖွယ်သော ကခြင်း, သီခြင်းတို့ဖြင့် နဂါးမင်းသမီးအပေါင်း ခညောင်းတုပ်ပျပ် ဝန်းပတ်ခြံရံ၍ နေ့ညဉ့်ပတ်လုံး ဘုန်းတန်ခိုးဖြင့် စိုးစံမြူးထူးခြင်းနှင့်လည်း ပြည့်စုံ၏။ ထမင်း, အဖျော်စသော အထူးထူးသော စားဖွယ်, သောက်ဖွယ်တို့နှင့်လည်း ပြည့်စုံ၏။ အဝတ်တန်ဆာ, နံ့သာစန္ဒကူး အထူးထူးသော ကြည်းရေပန်းစုံ ဘုံဗိမာန် အရောင်တို့သည်လည်း တိမ်တောင်တိမ်ထပ်မှ လျှပ်စစ်နွယ်ယှက်သကဲ့သို့ နှစ်သက်ဖွယ် တောက်ပ၏။”

ဤသို့ နဂါးပြည်ကို ချီးမွမ်းပြောဆိုလျက် ဘုရားလောင်းကို မနောမယ သိန္ဓောမြင်းပျံထက်သို့ တင်၍ ဝရုဏနဂါးပြည်သို့ သွားလေ၏။

ထိုနဂါးပြည်သို့ရောက်လျှင် ပုဏ္ဏကသည် ဘုရားလောင်းကို နောက်ကထား၍ နဂါးမင်းထံ နေ၏။

(ပုဏ္ဏကသည် အဘယ့်ကြောင့် ဘုရားလောင်းကို နောက်က ထားသနည်း။ နဂါးမင်းထံ အတူယှဉ်ပြိုင် ထိုင်၍ ခစားသင့်သည် မဟုတ်လော ဟူမူကား ပုဏ္ဏကသည် ဤသို့ အကြံရှိ၏။ “နဂါးမင်းသည် ဤဝိဓုရသုခမိန်ကိုမြင်လျှင် အပြစ်မပြု၊ နူးညံ့သောနှလုံး ရှိပါမူကား ကောင်း၏။ ယင်းသို့မဟုတ်၊ နဂါးမင်း အမျက်ထွက်ဟန် ထင်လျှင် အလျင်တဆော သုခမိန်ကို သိန္ဓောမြင်းထက်သို့တင်၍ သွားအံ့”ဟု ကြံပြီးလျှင် ဘုရားလောင်းကို မိမိနောက်က ထားသတည်း။)

ဘုရားလောင်းသုခမိန်နှင့် ပုဏ္ဏကဘီလူးတို့ အညီအညွတ်ရောက်သည်ကိုမြင်လျှင် ဝရုဏနဂါးမင်းသည် “ယံ နု တုဝံ” အစရှိသောဂါထာဖြင့် မိမိသမက် ပုဏ္ဏကကို ရှေးဦးစွာမေး၏။

အဓိပ္ပာယ်ကား-

“လုလင်။ သင်သည် ဝိဓူရသုခမိန်၏ နှလုံးသည်းပွတ်ကို ဆောင်အံ့သောငှာ လူ့ပြည်သို့သွား၍ ယခု ပညာရှိဝိဓုရအမတ်ကို ဆောင်ယူခဲ့ရသည်ကား အလိုပြည့်စုံပါ၏လော”ဟု မေး၏။

ပုဏ္ဏကသည်-

“အယဉှိ သော အာဂတော ယံ တွမိစ္ဆသိ၊ ဓမ္မေန လဒ္ဓေါ မမ ဓမ္မပါလော။

တံ ပဿ သံမုခါ ဘာသမာနံ၊ သုခေါ ဟဝေ သပီပုရိသေဟိ သင်္ဂမော။”

ဟူသောဂါထာကိုရွတ်၏။

အဓိပ္ပာယ်ကား-

“နဂါးမင်း။ မင်းကြီးလည်း ဤဝိဓူရသုခမိန်ကို အလိုရှိ၏။ ယခု မင်းကြီးအလိုရှိသော ဝိဓူရသုခမိန် ရောက်လတ်ပြီ။ တရားစောင့်သောသုခမိန်ကို အကျွန်ုပ်သည် တရားသဖြင့် ရ၏။ လူအပေါင်းတို့၏ ပူဇော်သက္ကာရအထူးကို ခံထိုက်သော ဝိဓူရသုခမိန်၏ သာယာနာပျော်ဖွယ်အသံဖြင့် တရားဟောသည်ကို မင်းကြီးရှေ့ရောက် မျက်မှောက်ထင်ထင် ရှုကြည့်တော်မူလော့။ သူတော်ကောင်းတို့နှင့် တစ်ရံတစ်ဆစ်မျှ ပေါင်းဖော်ရခြင်းသည်ကား အလွန်ချမ်းသာ၏”ဟု ဆို၏။