ဝိဓုရဇာတ်တော်ကြီး/အခန်း-၀၈

From Wikisource
Jump to navigation Jump to search
322828ဝိဓုရဇာတ်တော်ကြီး — ၈။ ဘုရားလောင်းကို ပုဏ္ဏက ဆောင်ယူခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထိုသို့ သား, မယား, အခြွေအရံတို့အား ဆုံးမစဉ်ပင်လျှင် ၃-ရက်မြောက်သောနေ့သို့ ရောက်ခဲ့၏။ ထိုသို့ ၃-ရက်မြောက်သည်ကိုသိ၍ ဝိဓူရသုခမိန်သည် နံနက်ကပင်လျှင် ရေချိုးပြီးသော် မြိန်မြတ်သော ဘောဇဉ်တို့ကိုစားပြီး၍၊ “အရှင်မင်းကြီးကို ပန်ကြားပြီးမှသာလျှင် ကစ္စည်းလုလင်နှင့် အတူလိုက်အံ့”ဟု ဆွေမျိုးအပေါင်းခြံရံလျက် နန်းတော်သို့ဝင်ပြီးသော် မင်းကြီးအား ရှိခိုးဖူးမြော်လျက် လက်အုပ်မြှောက်ချီ၍-

“အယံ မံ မာဏဝေါ နေတိ၊ ဂန္တုကာမော ယထာ မတိ။

ဉာတီနတ္ထံ ပဝက္ခာမိ၊ တံ သုဏောဟိ အရိန္ဒမ။”

“ပုတ္တေ စ မေ ဥဒိက္ခေသိ၊ ယဉ္စ မညံ ဃရေ ဓနံ။

ယထာ ပစ္ဆာ န ဟာယေထ၊ ဉာတိသံဃေ မယိ ဂတေ။”

“ယထေဝ ခလတိ ဘူမျံ၊ ဘူမျာယေဝ ပတိဋ္ဌတိ။

ဧဝေတံ ခလိတံ မယှံ၊ ဧတံ ပဿာမိ အစ္စယံ။”

ဟူသော ၃-ဂါထာတို့ကို ဆို၏။

အဓိပ္ပာယ်ကား-

“အလွန် ကြီးမြတ်တော်မူလှသော ဘုန်းတော်ဖြင့် ရန်သူတကာတို့၏ ပျပ်ဝပ်ကျိုးနွံ ကျွန်တော်ခံရာ မင်းတကာတို့၏သခင် ဖြစ်တော်မူသော အရှင်မင်းကြီး။ ယခုနေ့ပင် ကစ္စည်းလုလင် ခေါ်၍သွားရာ အကျွန်ုပ်လိုက်ရပါမည်။ အကျွန်ုပ်သား,မယားတို့၏ အကျိုးငှာ အရှင်မင်းကြီးကို လျှောက်ကြားပါအံ့။ နာယူတော်မူပါလော့။ တရားသဘင်၌ လုလင်နှင့် အရှင်မင်းကြီးတို့ပြဿနာကို ဖြေဆိုသည်ကာလ အကျွန်ုပ်ကို “သင်နှင့်အရှင်မင်းကြီး အဘယ်သို့ တော်စပ်သနည်း”ဟု လုလင်မေးသောအခါ အကျွန်ုပ်သည် အရှင်မင်းကြီးမျက်နှာကို မထောက်မကြည့်မူ၍ မှန်သောစကားကိုသာငဲ့လျက် “ငါကား မင်းကြီး၏ ကျွန်ပေတည်း”ဟု ဆိုမိ၏။ အရှင်မင်းကြီးအား ပြစ်မှားမိသောအပြစ်ကို ဆင်ခြင်လျှင် ထိုဆိုမိသောအပြစ်ကိုသာ အကျွန်ုပ် မြင်၏။ ဤမှတစ်ပါး အရှင်မင်းကြီးအား ပြစ်မှားမိသောအပြစ်မည်သည် အကျွန်ုပ်၌ မရှိ။”

“အကြင်ယောက်ျားသည် မြေ၌ပင်လျှင် ချော်၍လဲ၏။ ထို ချော်သောမြေသည်ပင်လျှင် ထိုယောက်ျား၏ တည်ရာဖြစ်သကဲ့သို့ ထို့အတူ အကျွန်ုပ်သည်လည်း ထိုသို့သောစကားဖြင့် အရှင်မင်းကြီးအား ပြစ်မှားမိ၏။ ထိုပြစ်မှားမိသော အကျွန်ုပ်အား အရှင်မင်းကြီးသာလျှင် ကိုးကွယ်ရာ မှီခိုရာဖြစ်၏။ ထိုသို့ဖြစ်သောကြောင့် ပြစ်မှားမိသော အကျွန်ုပ်၏ အပြစ်ကို သည်းခံတော်မူသဖြင့် အမျက်တော်မရှိမူ၍ အကျွန်ုပ်သည် ကစ္စည်းလုလင်နှင့်ပါရလေသော် ကျန်ရစ်သော အကျွန်ုပ်၏သားမယားတို့ကို အမျက်ယူတော်မမူဘဲ အကျွန်ုပ်အိမ်၌ ၁၀၁-ပါးသောမင်းတို့သည် တရားကို ပူဇော်သဖြင့် ပေးသအပ်သော အိမ်ထောင်စည်းစိမ်ဥစ္စာ အခြွေအရံတို့သည် များစွာရှိကုန်၏။ ထိုစည်းစိမ်ဥစ္စာတို့ကိုလည်း သူတစ်ပါးတို့ မဖျက်ဆီးရဘဲ အကျွန်ုပ်ရှိစဉ်ကဲ့သို့ အကျွန်ုပ်၏ သားမယား အိမ်ထောင်ခမ်းနားတို့ကို ကြည့်ရှုစောင်မ ပြုစုတော်မူပါလော့”ဟု လျှောက်၏။

ထိုစကားကို ကြားလျှင် မင်းကြီးသည်-

“န သက္ကာ ဂန္တုံ မတိ မယှံ ဟောတိ၊ ဃာတေတွာ ဆာဒေဿာမိ ဣဓ ကာတိယာနံ။

ဣဓေ‌ဝ ဟောတိ ဣတိ မယှံ ရုစ္စတိ၊ မာ တွံ အဂမာ ဥတ္တမ ဘူရိပည။”

ဟူသော ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“မြေကြီးအထုကဲ့သို့ ပညာကြီးသော သုခမိန်။ ယခု သင်သည် ကစ္စည်းလုလင်နှင့် လိုက်ရမည်ဆိုသော စကားကို ငါ မနှစ်သက်။ ဥပါယ်တံမျဉ်ဖြင့် သင်သည် မလိုက်ရအောင် ငါကြံအံ့။ အဘယ်သို့ ကြံမည်နည်းဟူမူ ကစ္စည်းလုလင်ကို ဤနန်းတော်သို့ အမှတ်မဲ့ခေါ်ပြီးလျှင် သူတစ်ပါးတို့မသိရအောင် သတ်၍ ဖျောက်ဖျက်မည် ငါကြံ၏။ ငါ့ထံမှခွာ၍ သင်သည် အဘယ့်ကြောင့် သွားရအံ့နည်း”ဟု ဆို၏။

ထိုစကားကိုကြားလျှင် ဘုရားလောင်း သုခမိန်သည်-

“မာဟေ ဝါ ဓမ္မေသု မနံ ပဏိဒဟိ၊ အတ္ထေ စ ဓမ္မေ စ ယုတ္တော ဘဝဿု။

ဓီရတ္ထု ကမ္မံ အကုသလံ အနရိယံ၊ ယံ ကတွာ ပစ္ဆာ နိရယံ ဝဇေယျ။”

“နေဝေသ ဓမ္မော န ပုနေတိ ကိစ္စံ၊ အရိယော ဟိ ဒါသဿ ဇနိန္ဒိဿရော။

ဃာတေတုံ ဈာပေတုံ အထောပိ ဟန္တုံ၊ န စ မယှံ ကောဓတ္ထိ ဝဇာမိစဟံ။”

ဟူသော ၂-ဂါထာတို့ကို လျှောက်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ ယခု အကြံတော်သည် အကျွန်ုပ်ကို သနားစုံမက်တော်မူသည်နှင့်အညီ ကြံတော်မူသည် ဖြစ်သော်လည်း သူတော်ကောင်းတို့၏ အကျင့်အလေ့ မဟုတ်။ အစီးအပွားမရှိ၊ ထိုသို့သော နှလုံးတော်ကိုဖျောက်၍ ကုသိုလ်ပွားအံ့သည်ကိုသာ နှလုံးထားတော်မူပါလော့။ ခပ်သိမ်းသောသတ္တဝါတို့သည် မအို မသေ မနေရချေ။ ထိုသို့ သူ့အသက်ကိုသတ်ခြင်း မကောင်းမှုကိုပြု၍ သေရလေသော် ငရဲ၌ ကြီးစွာသောဆင်းရဲကို ခံရလတ္တံ့။ ထို့ကြောင့် သူ့ကိုသတ်ခြင်း မကောင်းမှုသည်ကား စက်ဆုပ်ရွံရှာဖွယ်သာ ဖြစ်၏။ သူတော်ကောင်းတို့ သဘောမဟုတ်။ သတ်တော်မမူပါလင့်။ ကစ္စည်းလုလင်အား အရှင်မင်းကြီးသည် အကျွန်ုပ်၏အရှင်ဖြစ်၍ ပေးတော်မူပါသည်ကို အရှင်မင်းကြီး၌ တစ်ရံတစ်ဆစ်မျှ အကျွန်ုပ် အမျက်မထွက်။ ကစ္စည်းလုလင်အားလည်း ပေးတော်မူသည့်နေ့မှ ယခုတိုင် စိုးစဉ်းမျှ အမျက်မထွက်။ အကျွန်ုပ်ကို ထိုလုလင်သည် ဖုတ်လိုဖုတ်, ကင်လိုကင်, သတ်လိုသတ်, အလိုရှိတိုင်းပြုသော်လည်း အရှင်နှင့် ကျွန်ဖြစ်၍ ခံထိုက်ပေသည်ဖြစ်၍၊ လုလင်နှင့်အတူ လိုက်ရပါအံ့”ဟု

ဆိုပြီးလျှင် ဝိဓူရသုခမိန်သည် မင်းကြီးကိုရှိခိုး၍ မိဖုရား ကိုယ်လုပ်မောင်းမ, သားတော်သမီးတော်, မှူးမတ် ပရိသတ်တို့အား ဆုံးမဩဝါဒပေးပြီးလျှင် နန်းတော်မှ ထွက်ခဲ့၏။

ထိုမင်း, မိဖုရား, မောင်းမ အစရှိသော သူတို့သည် မိမိကိုယ်၏အဖြစ်ဖြင့် မဆောက်တည်နိုင်ကုန်သည်ဖြစ်၍ ဆံပင်ဖားလျား ရင်သားခတ်တီး ရှိုက်ကြီးရှိုက်ငင် ပူပင်မဆည် မျက်ရည်စက်ယို ငိုမြည်တမ်းလျက် နန်းတော်မှထွက်ခဲ့၍ လိုက်ကြကုန်၏။ ပြည်သူပြည်သား ယောက်ျားမိန်းမ အပေါင်းတို့သည်လည်း “ငါတို့အဖသဖွယ်ဖြစ်သော အမတ်ကြီးသုခမိန်သည် ယခု ကစ္စည်းလုလင်နှင့် လိုက်လိမ့်သတတ်။ သွား၍ ဖူးမြင်ကြကုန်အံ့”ဟု ဘုရားလောင်းထံ မျက်ရည်စက်ယို ငိုမြည်တမ်းလျက် လာကြကုန်၏။

ထိုပြည်သူ ပြည်သားတို့ကို ဘုရားလောင်း မြင်လျှင် “သင်တို့ မစိုးရိမ်ကြလင့်။ ကံ, စိတ်, ဥတု, အာဟာရ ပြုပြင်၍ဖြစ်သော ခပ်သိမ်းသော သင်္ခါရတရားတို့သည် အမြဲ မရှိကုန်။ ကိုယ်ခန္ဓာ, စည်းစိမ်ဥစ္စာ ဟူသမျှသည် ဖောက်ပြန်ပျက်စီးခြင်းလျှင် အဆုံးရှိ၏။ ထိုခန္ဓာ ၅-ပါး စည်းစိမ်ချမ်းသာတို့၏ အမြဲမရှိ၊ ပျက်စီး ဖောက်ပြန်တတ်သောသဘောကို ပညာဖြင့်ဆင်ခြင်ကြ၍ အလှူပေးခြင်း, သီလဆောက်တည်ခြင်း အစရှိသော ကုသိုလ်ကောင်းမှုကိုသာ မမေ့မလျော့ အားထုတ်ကြကုန်လော့”ဟု ဆုံးမပေးပြီးလျှင် မိမိတို့အိမ်သို့ပြန်စေ၍ ဘုရားလောင်းသည် မိမိအိမ်သို့ ရှေးရှုသွားလေ၏။

ထိုအခါ ဓမ္မပါလ သတို့သားသည် ညီအပေါင်းခြံရံလျက် ခမည်းတော်ကို ဆီးကြိုအံ့ဟု လာလတ်သော် အိမ်တံခါးဝ၌ ဆိုင်မိလေ၏။ ဘုရားလောင်းသည် သားတော်ကိုမြင်လျှင် ကြင်နာသောစိတ်ဖြင့် မပိတ်မဆည်းနိုင်သည်နှင့် မျက်ရည်စက်ယို သားကိုပိုက်ချီလျက် အိမ်တွင်းသို့ ဝင်လေ၏။

(ဝိဓူရသုခမိန်အား သား ၁၀၀၀, သမီး ၁၀၀၀, မယား ၁၀၀၀, ကိုယ်လုပ်အစေအပါး မိန်းမ-၇၀၀ ရှိ၏။ ထိုမှတစ်ပါး ကျွန်မိန်းမ, ကျွန်ယောက်ျား, အမှုလုပ်အခြွေအရံ အဆွေခင်ပွန်း, ဆွေမျိုးသားချင်းတို့လည်း များစွာ ရှိကုန်၏။)

ထိုသား,သမီး, မယားကြီး, မယားငယ် အစရှိသော အိမ်သူအိမ်သားတစ်စုတို့သည် ယုဂန္ဓိုရ်တောင်ခြေက လေမုန်တိုင်းသိမ်းခတ်၍ ယိမ်းညွတ်သော အင်ကြင်းပင်ပျိုတောကဲ့သို့ သောသောရုတ်ရုတ် လက်အုပ်မြှောက်ချီ တညီတညွတ်တည်းလဲလျက် “အသက်သခင် အရှင်မင်းကြီး။ အကျွန်ုပ်တို့ကိုပစ်၍ အဘယ့်ကြောင့် သွားတော်မူမည် ကြံဘိသနည်း”ဟု သည်းစွာ ငိုကြွေးကြကုန်၏။

ဘုရားလောင်း သုခမိန်သည် ထိုအလုံးစုံသော သားမယား အစရှိသောသူတို့ကို နှစ်သိမ့်စေပြီး၍ အိမ်၌ ပြုရန်ဆောင်ရန် ကိစ္စတို့ကို ဆောင်ပြီးသော် အတွင်းသူ အပြင်သား လူအများကိုလည်း တရားနှင့်အညီ ဆုံးမပေးလျက် သားမယားတို့အားလည်း သူတစ်ပါးတို့၌ မြီချသော ဥစ္စာ, မြှုပ်ထားအပ်သော ဥစ္စာတို့ကို စာရင်းပေးအပ် မှာထားခဲ့ပြီးလျှင် ပုဏ္ဏကထံသို့ သွား၍ “အဝသိ တုဝံ”အစရှိသောဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“ကစ္စည်းလုလင်။ သင်သည် ငါ၏အိမ်၌ ငါ့ကို သနားသောအားဖြင့် အလိုသို့လိုက်၍ ၂-ရက်, ၃-ရက် ငံ့ပေ၏။ ငါသည်လည်း သား, မယား အစရှိသော ခပ်သိမ်းကုန်သောသူတို့အား ဆုံးမပေးခြင်း, မှာထားအပ်သမျှသော ကိစ္စတို့ကို မှာထားခြင်း, အိမ်၌ဆောင်ရသော အမှုတို့ကိုဆောင်ခြင်း ကိစ္စအလုံးစုံသည် ယခုပြီးပြီ။ သင်သည် အလိုရှိတိုင်း ပြုလော့။ ငါသည် သင်၏အလိုသို့ လိုက်အံ့”ဟု ဆို၏။

ပုဏ္ဏကသည် ထိုစကားကိုကြား၍ “သစေဟိ ကတ္တေ” အစရှိသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

ပုဏ္ဏကသည် ဝမ်းမြောက်ဝမ်းသာ “အို၊ အမတ်။ သင် ဆောင်အပ်သောကိစ္စပြီးလျှင် ယခု လာလှည့်၊ သွားကုန်အံ့။ သွားရမည့်ခရီး ဝေး၏”ဟုဆို၍

ဘုံ၇-ဆင့်မြောက်သော ပြာသာဒ်မှ အောက်သို့မဆင်းဘဲ အထက်သို့သာ သွားလိုသောစိတ် ရှိသည်ဖြစ်၍ “အဆမ္ဘိတေဝ ဂဏှာဟိ” အစရှိသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“အမတ်။ သင်သည် မကြောက်မရွံ့ မလန့်မထိတ်မူ၍ ငါမြင်းမြီးကို မြဲစွာဆွဲလော့။ သင်သည် ယခု လူ့ပြည်ကို မြင်ရခြင်းကား အဆုံးဖြစ်သော မြင်ရခြင်းတည်း”ဟု ဆို၏။

ထိုစကားကို ကြားလျှင် ဘုရားလောင်းသည်-

“သောဟံ ကိဿာနု ဘာယိဿံ၊ ယဿ မေ နတ္ထိ ဒုက္ကဋံ။

ကာယေန ဝါစာ မနသာ၊ ယေန ဂစ္ဆေယျ ဒုဂ္ဂတိံ။”

ဟူသော ဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“ကစ္စည်းလုလင်။ ငါ၌ ကိုယ်,စကား,စိတ်ဖြင့် လွန်ကျူးအပ်သော အပါယ်လားကြောင်း မကောင်းမှုသည် မရှိ။ ထိုသို့ မကောင်းမှုမရှိသော ငါ့အား အဘယ့်ကြောင့် စိတ်၏ တုန်လှုပ်ထိတ်လန့် ကြောက်ရွံ့ခြင်း ဖြစ်အံ့နည်း”ဟု

“မကြောက်နှင့်”ဟုဆိုသော ပုဏ္ဏက၏စကားကြောင့် ဤသို့သောစကားကို ဘုရားလောင်း ဆိုတော်မူ၏။ ဤသို့ ဘုရားလောင်းသည် ခြင်္သေ့သံကဲ့သို့ ရဲရင့်လှစွာသောစကားကို ဆို၍ ခြင်္သေ့မင်းကဲ့သို့ ရွံရှာခြင်းကင်းလျက် ဝတ်လဲတော်ပုဆိုးကို “ဤယခု ဝတ်အပ်သောပုဆိုးသည် ငါအလိုရှိသမျှ ကာလပတ်လုံး မကျွတ်စေသတည်း”ဟု ဓိဋ္ဌာန်တော်မူ၍ ဝတ်ပြီးလျှင် မြင်းမြီးထူးပေါ်သို့တက်ပြီးသော် လက်၂-ဘက်ဖြင့် အမြီးကို မြဲစွာကိုင်၍၊ ခြေ၂-ဘက်တို့ဖြင့် မြင်း၏ပေါင် ၂ ဘက်တို့၌ချိတ်ပြီးသော် “လုလင်။ ငါ မြင်းမြီးကို ကိုင်အပ်ပြီ။ သင် အလိုရှိရာ သွားလော့”ဟု ဆို၏။

ထိုခဏ၌ ပုဏ္ဏကသည် ဤသို့ ကြံ၏။ “ဤဝိဓုရကို အရပ်ဝေးစွာဆောင်၍ အဘယ်အကျိုးရှိတော့အံ့နည်း။ ဟိမဝန္တာတော၌ တောင်, သစ်ပင်, ချုံပိတ်ပေါင်းထူထောင်ရာ တောင်ကြား သစ်ပင်ကြားသို့သွား၍ တောင်စောင်းမှ ကျောက်စောင်း, သစ်ခက်, ဆူးငြောင့်တို့ဖြင့် ခတ်မိစေသဖြင့် သေအောင်ပြု၍ နှလုံးသားကိုထုတ်ယူပြီးလျှင် အကောင်ကို ချောက်ကြား၌ ပစ်ချခဲ့ပြီးမှ နဂါးပြည်သို့ သွားအံ့ဟု”ကြံ၍ မနောမယ သိန္ဓောမြင်းပျံကို အမှတ်ပြုလျက် မိမိလိုရာ တောင်,သစ်ပင် အလယ်သို့ ချဉ်း၍သာလျှင် စိုင်းနှင်လေ၏။

ဘုရားလောင်း၏ အမျက်မထွက်ခြင်း မေတ္တာတော်, သီလတော်, သစ္စာတော်, အဆက်ဆက်သော ကုသိုလ်တော်, ပါရမီတော် အာနုဘော်အစွမ်းဖြင့် တောင်, ကမ်း, သစ်ပင်တို့သည် ဘုရားလောင်း၏ကိုယ်တော်မှ နံပါး ၂-ဘက်တို့၌ ၁-တောင်ခန့်လောက်မျှ ဖယ်လေကုန်၏။

ပုဏ္ဏကသည် “ဝိဓုရ သေပြီလော”ဟု ပြန်၍ ကြည့်၏။ ရွှေကြေးမုံကဲ့သို့ ရွှင်လန်းကြည်လင်စွာသော ဘုရားလောင်း၏ မျက်နှာတော်ကို မြင်လျှင် “ဝိဓုရသည် ငါ ဤမျှလောက် ပြု၍မျှ မသေသေး”ဟု တစ်ဖန် ထိုဟိမဝန္တာတောင်အရပ်၌ပင်လျှင် သစ်ပင်တို့ကိုလည်းကောင်း၊ တောင်တို့ကိုလည်းကောင်း တိုးဝှေ့စေလျက် ၃-ကြိမ်မြောက် စိုင်းနှင်ပြန်လေ၏။ ဤသို့ တိုးဝှေ့သော်လည်း တောင်, သစ်ပင်တို့သည် ရှေးအတူလျှင် ဖယ်လေကုန်၏။ ဘုရားလောင်းကိုယ်တော်ကား အလွန် ပင်ပန်းတော်မူ၏။ ပုဏ္ဏကသည် “ဤမျှလောက် ပြု၍မျှ ဝိဓုရ မသေသေး”ဟု ပြင်းစွာအမျက်ထွက်၍ ကောင်းကင်၌ သည်းထန်ပြင်းပြစွာလာသော လေအဟုန်သို့ စိုင်းနှင်ပြန်၏။ ထိုလေအဟုန်သည် ဘုရားလောင်း၏ အာနုဘော်တော်ကြောင့် ၂-ဖြာကွဲ၍ နေ၏။

ထို့နောက် “လေသင်တုန်းခတ်၍ မှုန့်မှုန့်ညက်ညက် ကြေစေအံ့”ဟု အမျက်မာန်ဖြင့် နှိပ်စက်သည်ဖြစ်၍ ထိုလေသင်တုန်းသို့ ၇-ကြိမ်တိုင်အောင် နှင်ပြန်လေ၏။ လေသင်တုန်းသည်လည်း အသိန်းသော မိုးကြိုးတို့သည် တစ်ပြိုင်တည်းထစ်သကဲ့သို့ အသံကိုပြုလျက် ၂-ဖြာကွဲ၍ ဘုရားလောင်းအား သွားရာအခွင့်ကို ပေး၏။ ပုဏ္ဏကသည် ထိုသို့ မိမိပြု၍မျှ ဘုရားလောင်း၏ သေအံ့သောအန္တရာယ်ကို မမြင်လျှင် ကာဠာဂိရိတောင်သို့ ဆောင်ယူစိုင်းနှင်လေ၏။

(ဤကား ဘုရားလောင်းကို ပုဏ္ဏက ဆောင်ယူသည်ကို ဆိုသောစကားတည်း။)