ဝိဓုရဇာတ်တော်ကြီး/အခန်း-၀၇

From Wikisource
Jump to navigation Jump to search
322827ဝိဓုရဇာတ်တော်ကြီး — ၇။ မင်းခယောက်ျား ကျင့်ဆောင်ရာ တရားဟောခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထို သားသမီး အစရှိသောသူတို့၏ ငိုသံစဲသောအခါ၌ “ချစ်သားများတို့။ မောင်တို့ မစိုးရိမ်ကြကုန်လင့်။ ခပ်သိမ်းသော တေဘူမက သင်္ခါရတရားတို့သည် အမြဲ မရှိကုန်။ အခြွေအရံ စည်းစိမ်ချမ်းသာ ဟူသမျှသည် ပျက်စီးခြင်းသဘောသာ အဆုံးရှိသည်။ စင်စစ်တစ်မူကား သင်တို့အား စည်းစိမ်ချမ်းသာ များခြင်း၏အကြောင်းဖြစ်သော ရာဇဝသတီ အမည်ရှိသော မင်းခယောက်ျားတို့ ကျင့်ရာ,ဆောင်သည့် တရားကို ငါ ဟောအံ့။ တည်ကြည်သောစိတ်ကို ဖြစ်စေ၍ နာကြကုန်”ဟု ဝိဓုရ သုခမိန်သည် ဘုရား၏တင့်တယ်ခြင်းဖြင့် ရာဇဝသတီ အမည်ရှိသောတရားကို ဟောလို၍- “ဧထယျော ရာဇဝသတိံ ။ပ။ ပူဇံ လဘတိ ဘတ္တုသု။”ဟူသော ၄၆-ဂါထာတို့ကို ရွတ်၏။

အဓိပ္ပာယ်ကား-

“သားများတို့။ မင်းခယောက်ျားတို့သည် မင်းပေးစည်းစိမ် အချီးအမြှောက်ကို အလိုရှိမူ ယခု ငါဟောလတ္တံ့သော “ရာဇဝသတီ”တရားကို မှတ်သားနာခံ၍ ကျင့်ကြကုန်လော့။”

“ချစ်သားတို့။ အရှင် အစိုးရမင်းတို့ အချီးအမြှောက် ဘုန်းလာဘ်မခံရရာသော မင်းခယောက်ျားကား ၄-ယောက်တည်း။ ၄-ယောက်ဟူသည်ကား ကျေးဇူးပညာ မထင်ရှားသောသူ, မရဲရင့်သောသူ, အလွန်မလိမ္မာသောသူ, သတိမေ့လျော့သောသူ၊ ဤသူတို့သည် မင်း၏အချီးအမြှောက်ကို တစ်ရံတစ်ဆစ်မျှ မခံရရာ၊ ထို့ကြောင့် မင်းခယောက်ျားဟူသည်ကား ကျေးဇူးပညာ သိတတ်ခြင်း, ရဲရင့်ခြင်း, ပညာရှိခြင်း, မမေ့မလျော့ခြင်း ဤ၄-ပါးနှင့် ပြည့်စုံစေရာ၏။”

“ချစ်သားတို့။ မင်းခယောက်ျားတို့၌ အရှင်အစိုးရမင်းတို့ အကျွမ်းတဝင် ပြုအံ့သည်အကြောင်းကား ၃-ပါးတည်း။ ၃-ပါးဟူသည်ကား အကျင့်သီလနှင့် ပြည့်စုံခြင်းလည်း တစ်ပါး, ပညာ အဆင်အခြင်နှင့် ပြည့်စုံခြင်းလည်း တစ်ပါး, သောစေယျဟုဆိုအပ်သော နှလုံး၏ ဖြောင့်မတ်စင်ကြယ်ခြင်းလည်း တစ်ပါး၊ ဤ၃-ပါးတည်း။ ထို၃-ပါးနှင့် ပြည့်စုံကြောင်းကို မင်းသိသည်ဖြစ်အံ့။ ထိုသူကို မိမိအရှင် အစိုးရမင်းသည် အကျွမ်းဝင်ခြင်းကိုလည်း ပြု၏။ လျှို့ဝှက်အပ်သော စကားကိုပင်လည်း တိုင်ပင်ပြောဆို၏။”

“တစ်စုံတစ်ခု မင်းမှုမင်းရေးတို့၌ စေခန့်သော်လည်းကောင်း, ခပ်သိမ်းကုန်သော မင်းမှုမင်းရေး စီရင်စုစီရင်ရေးတို့၌လည်းကောင်း, လေးတူချိန်အပ်သော ချိန်သည် ငြိမ်ငြိမ်သက်သက် တစ်ဘက်မညွတ် တည့်မတ်စွာ တည်သကဲ့သို့ ဆန္ဒာဂတိ အစရှိသော အဂတိတို့သို့လိုက်သဖြင့် မဖြောင့်မမှန် မပြုရာ။ ထိုသို့ မဖြောင့်မမှန် မပြု၊ အမှုနှင့်လျော်စွာ ဖြောင့်မှန်အောင်ချိန်သကဲ့သို့ ကျင့်တတ်သောသူသည် မင်း၌ ခစား၍ နေရာ၏။ မင်း၌ ခစားသဖြင့်လည်း စည်းစိမ်ချမ်းသာကို ရရာ၏။”

“အရှင် အစိုးရမင်းသည် တစ်စုံတစ်ခု မင်းရေးမင်းမှုတို့၌ စေခိုင်းသော်လည်းကောင်း၊ ခပ်သိမ်းသောမင်း၏ အမှုကိစ္စတို့၌လည်းကောင်း ညဉ့်,နေ့,မျက်မှောက်, မျက်ကွယ်ဟူ၍ အထူးမရှိ ယုံမှတ်တိုင်း ဖြောင့်မှန်စွာ အမှုကုန်အောင် ဆောင်ရာ၏။ ထိုသို့ ပညာရှိသော မင်းခယောက်ျားသည် မင်း၌ ခစား၍ နေရာ၏။”

“ချစ်သားတို့။ အရှင်အစိုးရမင်းသည် အကြင်ခရီးကို ကောင်းစွာသုတ်သင် တန်ဆာဆင်အပ်၏။ ထိုမင်းသည် “သုတ်သင် တန်ဆာဆင်အပ်သောခရီးဖြင့် သွားလော့”ဟု မင်းသည် တိုက်တွန်းငြားသော်လည်း မသွားရာ။ ထိုသို့သဘောရှိသော သူသည် မင်း၌ ခစားရာ၏။”

“ချစ်သားတို့။ ကာမဂုဏ်စည်းစိမ်ကို မင်းနှင့်ထပ်တူ တစ်ရံတစ်ဆစ်မျှ မခံစားရာ။ ခပ်သိမ်းသော ကာမဂုဏ်စည်းစိမ်တို့၌ မင်းအောက် ယုတ်၍သာလျှင် ခံစားရာ၏။ မင်းတို့ဝတ်ဆင်သော အဝတ်ပုဆိုးနှင့်တူသော ဆိုးကိုလည်း မဝတ်ရာ။ မင်းပန်သည့် ပန်းနှင့်တူသောပန်းကိုလည်း မပန်ရာ။ မင်းလိမ်းသည့် နံ့သာနှင့်တူသော နံ့သာကိုလည်း မလိမ်းရာ။ မင်း၏အသွင်ကိုလည်း မဆောင်ရာ။ မင်းအသံနှင့် တူသောအသံကိုလည်း မပြုရာ။ မင်းဆင်သည်မှတစ်ပါး လျော့ညံ့၍သာ ပြုဆင်ရာ၏။ ထိုသို့သဘောရှိသောသူသည် မင်း၌ ခစားရာ၏။ မင်းနှင့်အတူပြုလျှင် မင်းတို့မည်သည် အမျက်ထွက်တတ်သည်။”

“ချစ်သားတို့။ မင်းသည် မှူးမတ်, မိဖုရား, မောင်းမတို့နှင့် တင့်တယ်စွာစံပယ်သောအခါ မိဖုရား, မောင်းမတို့ကို အကျွမ်းတဝင် ကြည့်ရှုပြောဆို ပြုံးရယ်ခြင်းကို မပြုရာ။ “အနုဒ္ဓတ” ဟုဆိုအပ်သော ပျံ့လွင့်မိန်းမောခြင်း မရှိရာ။ “အစပလ” ဟုဆိုအပ်သော တန်ဆာဆင်ခြင်း စသည်တို့၌ မလျှပ်ပေါ် မပေါ်လွင်ရာ။ “နိပက” ဟုဆိုအပ်သော အရေးအခွင့်ကို အသင့်တွေးခေါ် မြော်မြင်ခြင်း၊ “သံဝုတိန္ဒြိယ”ဟုဆိုအပ်သော မင်း၏ ခြေ,လက်အင်္ဂါ စသည်ကို မကြည့်မရှု စက္ခုစသော ဣန္ဒြေကို စောင့်ရှောက်ခြင်း၊ ဤသို့ အနုဒ္ဓတ, အစပလ, နိပက, သံဝုတိန္ဒြိယဟု ဆိုအပ်သော တည်ကြည်နှစ်လိုဖွယ်သောစိတ်နှင့် ပြည့်စုံစေရာ၏။ ထိုသို့ သဘောရှိသော သူသည် မင်း၌ ခစားရာ၏။”

“မိဖုရား,မောင်းမတို့နှင့် ကစားမြူးထူးခြင်း၊ ဆိတ်ကွယ်ရာအရပ်၌ ပြောဆိုခြင်းတို့ကို မပြုရာ။ မင်း၏ဘဏ္ဍာဥစ္စာကို မပေးဘဲ မယူမသုံးရာ။ များစွာအိပ်ခြင်းကိုလည်း မပြုရာ။ ယစ်မျိုး၊ သေအရက်ကိုလည်း မသောက်ရာ။ မင်းသည် သိမ်မွေးပြုစုအပ်သော ဆိတ်, ဝက်စသော သတ္တဝါတို့ကိုလည်း မသတ်မပုတ်ရာ။ မင်း၏အိပ်ရာနေရာ သလွန်ညောင်စောင်း, ပလ္လင်, မင်းစီးလှေ, ရထားထက်သို့ ခွင့်ပေးသည့် အမှုကိုဆောင်ရာဟူ၍ မတက်မစီးရာ။”

“ခစားသည်ရှိသော် မင်းနှင့် မဝေးလွန်း မနီးလွန်း၊ ပကတိစကားဖြင့် ကြားလောက်သော မျက်နှာအရပ်၌ မင်းမြင်အောင် ခစားရာ၏။ မင်းသည် ငါ၏အဆွေခင်ပွန်းဖြစ်သည်, ငယ်သူငယ်ချင်းဖြစ်၍ အကျွမ်းတဝင် မပြုရာ။ မင်းတို့မည်သည် “သုကေနာက္ခီဝဃဋ္ဋိတံ”ဟူသော ပါဌ်နှင့်အညီ မျက်စိကို စပါးမွေးစူးသကဲ့သို့ ပကတိသဘောကို စွန့်၍ အလျင်တဆော အမျက်ထွက်တတ်၏။”

“မင်းသည် “ငါ့ကို ရိုသေလေးမြတ်စွာ ပြုသည်, ငါ၏အဆုံးအမ၌ တည်သည်”ဟူ၍ ပရိသတ်တို့၏ အလည်၌ မင်း မနှစ်သက်သောစကားကို မင်းအား မဆိုရာ။ ဤသို့ သဘောရှိသောသူသည် မင်း၌ ခစားရာ၏။”

“အကြင် မင်းခယောက်ျားသည် တံခါးကို အခွင့်ရသူဟူ၍ ခွင့်မတောင်းဘဲ မဝင်ရာ။ မင်းတို့မည်သည်ကို မီးကဲ့သို့ မပြတ် နှလုံးထားရာ၏။

“မင်းသည် သားကိုလည်းကောင်း၊ ညီကိုလည်းကောင်း၊ ကျွန်ကိုလည်းကောင်း၊ ရွာ,နိဂုံး,ဇနပုဒ်,မြို့ အစရှိသည်တို့တွင် တစ်စုံတစ်ခုသော အရာအထူးသဖြင့် ဤသူအား ဤအရာကို ပေးအံ့ဟု မင်းခယောက်ျားတို့နှင့် ပြောဆိုသောအခါ ထိုသူ၏ ဂုဏ်ကျေးဇူးကိုလည်းကောင်း, ထိုသူ၏ ဂုဏ်ကျေးဇူးမဲ့စကားကိုလည်းကောင်း မဆိုရာ။ ဤသို့ သဘောရှိသောသူသည် မင်း၌ ခစားရာ၏။”

“မင်းသည် ဆင်စီး, မြင်းစီး, ရထားစီး အမှုလုပ်သူရဲတို့အား အမှုထမ်းရည်နှင့်လျော်စွာ ထိုသူတို့၏ဂုဏ်ကိုပြ၍ မျိုးရိက္ခာ အစရှိသည့် ဆုလာဘ်ပေးချသောအခါ မပေးချရအောင် မဖျက်ဆီးအပ်။ မြား၏တည်ရာ လေးကဲ့သို့ လောဘရမ္မက် မကြီးသောအားဖြင့် ဝမ်းငယ်ရာ၏။”

“ဝါးပင်သည် လေခတ်လျှင် ယိမ်းသကဲ့သို့ မင်းဆိုလျှင် ကြောက်ရွံ့တုန်လှုပ်ခြင်းကို ပြုရာ၏။ ငါးသည် လျှာမရှိ၍ စကားမဆိုနိုင်သကဲ့သို့ မင်းခယောက်ျားတို့သည် စကားနည်းရာ၏။ မင်းနှင့်ဆန့်ကျင်သော အကျင့်ကို မကျင့်ရာ၊ ဘောဇဉ်, ခဲဖွယ် စသည်တို့၌လည်း ကိုယ်၏ အတိုင်းအရှည်ကို သိရာ၏။ ထိုသို့ သဘောရှိသောသူသည် မင်း၌ ခစားရာ၏။”

“ကိလေသာ၏အစွမ်းအားဖြင့် မိန်းမတို့ကို အဖန်များစွာ မသွားလာအပ်။ အဖန်များစွာ မိန်းမသွားကြူးသောသူသည် မိမိ၏တန်ခိုး ကုန်ခြင်း, ချောင်းဆိုးခြင်း, ကုတ်ဟီးနာစွဲခြင်း, ကိုယ်၏ပူပန်ခြင်း, အားကုန်ခြင်း, ပညာအဆင်အခြင် ယုတ်လျော့ခြင်းသို့ ရောက်ရာ၏။ ထို့ကြောင့် မိန်းမ၌ အသွားမကြူးအပ်။”

“မင်းထံ ခစားသည်ရှိသော် အတိုင်းအရှည်ထက်အလွန်စကားကို မပြောမဆိုရာ။ အခါခပ်သိမ်းလည်း ဆိတ်ဆိတ်မနေအပ်။ မိမိ ပြောဆိုခွင့်ရောက်လျှင် ဖရိုဖရဲမရှိ သန့်ရှင်းပြတ်သားစွာ ကိုယ်နှင့် အတိုင်းအရှည်စကားကို ပြောဆိုရာ၏။”

“အမျက် ထွက်လည်း မထွက်ရာ၊ ငြူစူချုပ်ချယ်ခြင်းကိုလည်း မပြုရာ၊ ချောပစ်ကုန်းတိုက် စကားကိုလည်း မဆိုရာ၊ အကျိုးမရှိသော စကားကို မဆိုရာ၊ မှန်သောစကားကိုသာ ပြေပြစ် သာယာနာပျော်ဖွယ် ပြောဆိုရာ၏။”

“မိခင်, ဖခင်တို့ကိုလည်း အရိုအသေ လုပ်ကျွေး မွေးမြူရာ၏။ ဆွေကြီးမျိုးကြီး ရိုသေလောက်သော သူတို့ကိုလည်း အရိုအသေ ပြုရာ၏။ အရှက်အကြောက်နှင့်လည်း ပြည့်စုံစေရာ၏။ ထိုသို့ သဘောရှိသောသူသည် မင်း၌ ခစားရာ၏။”

“အကြင် မင်းခယောက်ျားသည် အကျင့်သီလနှင့်လည်း ပြည့်စုံစေရာ၏။ အမျိုးတို့၌ သင်အပ်သော အတတ်ပညာနှင့်လည်း ပြည့်စုံစေရာ၏။ စက္ခုအစရှိသော ဣန္ဒြေ ၆-ပါးကို ဆုံးမခြင်းနှင့်လည်း ပြည့်စုံစေရာ၏။ ပြုအပ်သော အမှုကိုလည်း ပြီးစေရာ၏။”

“စည်းစိမ်ချမ်းသာ အခြွေအရံကိုမှီ၍ မပေါ့မလွင့်ရာ၊ မာန်မာနလည်း မရှိစေရာ၊ ဆောင်အပ်သောအမှုကို မမေ့မလျော့စေရာ၊ သန့်ရှင်းစင်ကြယ်စွာ နှလုံးထားရာ၏။”

“လုံ့လထကြွခြင်း၌ လိမ္မာရာ၏။ အသက်အရွယ်ကြီးသော သူတို့၌ နှိမ့်ချခြင်း, အရိုအသေ အလေးအမြတ်ပြုခြင်းနှင့် ပြည့်စုံရာ၏။ ရဲရင့်ခြင်းနှင့်လည်း ပြည့်စုံရာ၏။ ဆရာကောင်းနှင့်လည်း ဆည်းကပ်ပေါင်းဖော်ရာ၏။”

“လျှို့ဝှက်အပ်သောစကားကို သိစိမ့်သောငှာ စေလိုက်အပ်သော မင်းတစ်ပါးတို့၏တမန်နှင့် စကားပြောဟောရသော်လည်း အရှင်၏မျက်နှာကိုသာ ကြည့်ရာ၏။ အရှင်မှ တစ်ပါးသောသူတို့အား မမေးရာ, မကြည့်ရာ။ ထိုသို့သဘောရှိသောသူသည် မင်း၌ ခစားရာ၏။”

“ချစ်သားတို့၏ အကျင့်သီလ,အကြားအမြင် သုတနှင့်ပြည့်စုံသော ရဟန်းပုဏ္ဏားတို့ကို အရိုအသေ မှီဝဲဆည်းကပ်ရာ၏။ ထိုသို့ သီလ,သုတနှင့်ပြည့်စုံသော ရဟန်းတို့၏အထံ၌ ဥပုသ်နေ့တို့၌ ဥပုသ်သုံးလျက် မိမိကိုယ်ကို ကောင်းစွာကျင့်ရာ၏။ ထိုသီလ, သုတနှင့် ပြည့်စုံသော ရဟန်း, ပုဏ္ဏားတို့အား ဆွမ်းအစရှိသော ပစ္စည်းတို့ဖြင့် ရောင့်ရဲစေရာ၏။ ထိုသီလ, အကြားအမြင်သုတနှင့် ပြည့်စုံသော ရဟန်းပုဏ္ဏားတို့အား အကျိုးစီးပွားရှိအံ့သော အမေးပြဿနာတို့ကို မေးမြန်းရာ၏။ ထိုသို့ သဘောရှိသော ပညာရှိသည် မင်း၌ ခစားရာ၏။”

“ရဟန်း,ပုဏ္ဏားတို့၌ ပေးလှူမြဲသော ဝတ်တို့ကို မဖျက်ရာ။ ဖုန်းတောင်းယာစကာတို့ကို မြင်သည်ရှိသော် တစိုးတစိမျှ မမြစ်တားအပ်။”

“အဆင်အခြင်ပညာ, မချို့တဲ့သောပညာနှင့်လည်း ပြည့်စုံရာ၏။ အထူးထူးအပြားပြား များစွာသော ကျွန်အမှုလုပ်တို့ကို ဝေဖန်စီရင် ထုံးဖွဲ့ခြင်း၌လည်း လိမ္မာရာ၏။”

“ဤအခါကား အလှူပေးအံ့သောအခါ၊ ဤအခါကား ကျောင်း, ဘုရား သွားအံ့သောအခါ၊ ဤအခါကား ဥပုသ်သီလဆောက်တည်အံ့သောအခါ ဟူ၍လည်း လျောက်ပတ်သောကာလကို သိရာ၏။ အိမ်ထောင်မှု၌လည်း ဤအခါကား ဤအမှုကို ပြုရာ၏ဟု သမယကိုလည်း သိရာ၏။”

“မိမိဆောင်အပ်သော အမှု၌ လုံ့လထကြွကြောင်းနှင့် ပြည့်စုံရာ၏။ ဆောင်အပ်သောအမှုကို အပြစ်ရှု၍မထင်အောင် ဆောင်ရွက်စီရင်ရာ၏။ ထိုသို့သဘောရှိသော သူသည် မင်း၌ ခစားရာ၏။”

“ချစ်သားတို့။ အကြင် မင်းခယောက်ျားသည် ကောက်နယ်တလင်းသို့လည်းကောင်း, စပါးစုရာသို့လည်းကောင်း, နွားခြံ စသည်တို့ကိုလည်းကောင်း, လယ်ယာသို့လည်းကောင်း မပြတ်သွား၍ ကြည့်ရှုရာ၏။ စပါးကို ချင့်တွက်၍ ကျီသို့ သွင်းရာ၏။ အိမ်၌သုံးသော်လည်း ချင့်တွက်မှတ်သား၍ သုံးရာ၏။ အိမ်၌ တစ်အိုးတည်းစားလူကို ချင့်တွက်၍ “ဤမျှသောလူကို ဤမျှချက်လျှင် လောက်၏”ဟု ဆင်ခြင်လျက် အကျန်လည်းမများ လူအားလုံးလည်း သုံးဆောင်လောက်အောင် ချက်ရာ၏။”

“လောက၌ လူတို့သည် မိမိတို့၏ သားကိုလည်းကောင်း, ညီကိုလည်းကောင်း, မိမိကိုယ်နှင့်အတူတူ ယုံမှတ်ရာ၏ဟု ဆိုကုန်၏။ ထိုသို့ ဆိုသော်လည်း အမှု၌ ကျိုးမနွံ ကျင့်ရန်တရားကိုမမြင် အဆင်အခြင်မရှိ အတိဗာလဖြစ်သော သား, ညီ, ကျွန်တို့ကို အမှုမျိုး၌ မျက်နှာမလွှဲရာ။ ထိုအမှု၌ မလိမ္မာ အရာကိုမချင့် အခွင့်ကိုမသိသော သား, ညီ, ကျွန်တို့ကိုယုံမှတ်၍ အမှုကို အပ်နှင်းလွှဲဖယ်မိအံ့။ သင်္ချိုင်း၌ သူသေကောင်ကို အမှုဆောင်ထားသကဲ့သို့ စီးပွားလစ်ဟင်း ယုတ်လျော့ရာသည်။ ထိုသို့ ဥစ္စာစီးပွား ယုတ်လျော့သဖြင့် ဆင်းရဲခြင်းသို့ရောက်သော သူအား မင်း၌ခစားခြင်းငှာ မစွမ်းနိုင်ရာ။ ထိုမလိမ္မာ အကျင့်သီလမရှိသော သား, ညီ, ကျွန်တို့အား သေသူကိုပေးသော ကုတ်ဟီးထမင်းကဲ့သို့ ပြာစစ်ပုဆိုးကဲ့သို့သော အဝတ်အစားတို့ကိုသာ ပေးရာ၏။ အမှုတို့၌ အဆင်အခြင် ပညာ, ကျင့်ရာသော သီလ,အာစာရ လုံ့လထကြွခြင်းနှင့် ပြည့်စုံသော သား, ညီ, ကျွန် အမှုလုပ်တို့ကိုသာ အမှုကို အပ်နှင်းလွှဲဖယ်ရာ၏။”

“ချစ်သားတို့။ အကြင် မင်းခယောက်ျားသည် မင်း၏အထံ၌ အကျင့်သီလနှင့်လည်း ပြည့်စုံစေရာ၏။ ရမ္မက်လောဘ မကြီးရာ၊ မင်းအား ချစ်မြတ်နိုးရာ၏။ မျက်မှောက်မျက်ကွယ်မဆို မင်း၏အစီးအပွားကိုသာ ဆောင်ရာ၏။ မင်း၏အလိုကိုလည်း သိရာ၏။ မင်း၏အလိုသို့လည်း လိုက်ရာ၏။ မင်းအလိုနှင့် မဆန့်ကျင်သော အသက်မွေးခြင်းလည်း ရှိရာ၏။”

“မင်းသည် ရေချိုးသောအခါ, နံ့သာလိမ်းသောအခါ, ခြေဆေးသောအခါ မင်း၏မျက်နှာကို မကြည့်ရာ။ မျက်နှာအောက်ချ၍ နေရာ၏။”

“မင်းအမျက်ထွက်သော်လည်း အမျက်မထွက်ရာ။ ထိုသို့သဘောရှိသော သူသည် မင်း၌ခစားရာ၏။”

“ချစ်သားတို့။ လူတို့သည် ရေပြည့်သောအိုးကို မြင်၍လည်းကောင်း၊ ပိန်ညင်းငှက် အစရှိသောငှက်များကို မြင်၍လည်းကောင်း၊ ထိုငှက်တို့သည် စီးပွားကို မပေးတတ်ဘဲလျက် လက်အုပ်ချီခြင်းကို ပြုမိတုံသေး၏ရှင့်။ ခပ်သိမ်းသောအလိုကို ပေးတတ်သော, မြတ်လှစွာသော အသက်သခင်အရှင်မင်းကို အဘယ့်ကြောင့် လက်အုပ်ချီ၍ ရှိမခိုးဘဲ နေထိုက်အံ့နည်း။ ရှိခိုးအပ်သည်သာ ဖြစ်၏။ အရှင်မင်းကို နှစ်သက်စေအပ်၏။”

“ဤသို့ ဆိုအပ်ခဲ့ပြီးသောစကားအစဉ်ဖြင့် မင်းခယောက်ျားတို့ကျင့်ရာသော ရာဇဝသတီ အမည်ရှိသော ငါ၏အဆုံးအမ အနုသာသနကို ကောင်းစွ မှတ်သား၍ကျင့်သော မင်းခယောက်ျားသည် မင်းအား နှစ်သက်ခြင်းကို ဖြစ်စေသဖြင့် မင်းပေးစည်းစိမ် အရာအထူးကို ရရာ၏။”

ဤသို့ ဝိဓူရသုခမိန်သည် သားသမီး, အခြွေအရံ ပရိသတ်မင်းမှူးမတ်တို့အား ဘုရား၏တင့်တယ်ခြင်းဖြင့် ရာဇဝသတီ အမည်ရှိသော သြဝါဒကို ဟောပြမိန့်ညွှန် သွန်သင်ပေ၏။