မဟာဗုဒ္ဓဝင်/၇- ပကိဏ္ဏကခန်း (၁) ပါရမီမည်သောတရားများ

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၁) ပါရမီမည်သောတရားများ

၁၀၃

နိုင်ငံတော်ဗုဒ္ဓသာသန

မဟာဗုဒ္ဓဝင်

ပဌမတွဲ (ဒုတိယပိုင်း)

**********

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၇-ပကိဏ္ဏကခဏ်း

ဘုရားဆုပန် ပုဂ္ဂိုလ်တို့အတွက်

ပါရမီတို့၌ ပြိုးပြွမ်းမှတ်ဖွယ် အဓိပ္ပါယ်များ

     ဤအရာ၌ သုမေဓာရှင်ရသေ့၏ အကြောင်းအရာကို တံ့ရပ်၍ သမ္မာသမ္ဗောဓိဉာဏ် ရည်သန်တောင့်တ အားထုတ်လိုကြသော ဆုကြီးပန် အမျိုးကောင်းသားတို့အတွက် သမ္မာသမ္ဗောဓိ (သဗ္ဗညုတဉာဏ်)၏ အဆောက်အဦ ကောင်းမှုကုသိုလ်တရားတို့၌ အထူးထူးအပြားပြား လိမ္မာကျွမ်းကျင် သိမြင်လိုက်နာ ကျင့်ကြံအားထုတ်နိုင်ကြရန် (စရိယာပိဋက အဋ္ဌကထာကျမ်း၌လာသော) ပါရမီဆယ်ပါးတို့၌ ပြိုးပြွမ်းမှတ်ဖွယ် ပကိဏ္ဏကအဓိပ္ပါယ်ကို ပြဆိုဦးအံ့..၊

     ဤ ပကိဏ္ဏကအခဏ်း၌ ပါဝင်မည့် အချက်အလက် အနက်အဓိပ္ပါယ်တို့မှာ--

(၁) ပါရမီမည်သော တရားများ၊

(၂) ပါရမီမည်ခြင်းအကြောင်း၊

(၃) ပါရမီတို့၏အပြား၊

(၄) ပါရမီတို့၏ အစဉ်၊

(၅) ပါရမီတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်၊

(၆) ပါရမီတို့၏ အခြေခံအကြောင်းတရားများ၊

(၇) ပါရမီတို့၏ ညစ်နွမ်းကြောင်းတရားများ၊

(၈) ပါရမီတို့၏ ဖြူစင်ကြောင်းတရားများ၊

(၉) ပါရမီတို့၏ ဆန့်ကျင်ဘက်တရားများ၊

(၁၀) ပါရမီဆယ်ပါး ဖြည့်ကျင့်ပုံ အကျယ်၊

(၁၁) ပါရမီအပြား အကျယ်၊

(၁၂) ပါရမီတို့၏ အကျဉ်းချုပ်တရားများ၊



၁၀၄

(၁၃) ပါရမီတို့ကို ပြည့်စုံစေကြောင်း တရားများ၊

(၁၄) ပါရမီတို့၏ ပြည့်စုံရာကာလ အပိုင်းအခြား၊

(၁၅) ပါရမီတို့၏ အကျိုးဆက် အာနိသင်များ၊

(၁၆) ပါရမီတို့၏ အကျိုးရင်းတရားများ ဖြစ်ပေသည်။

ထို (၁၆)မျိုးတို့တွင်..

(၁) ပါရမီမည်သော တရားများ

     အဘယ်တရားတို့သည် ပါရမီမည်ကုန်သနည်းဟု မေးသင့်၏။

     (အဖြေကား) တဏှာ မာန ဒိဋ္ဌိတို့ဖြင့် မနှိပ်စက် မဖျက်ဆီးအပ်ပဲ မဟာကရုဏာ ဥပါယကောသလ္လဉာဏ်တို့ကို အခြေခံထား၍ ပြုအပ်သော ဒါနမှု သီလမှု အစရှိသော ဂုဏ်ကျေးဇူးတို့သည် ပါရမီမည်ကုန်၏ဟူ၍ ဖြေဆိုရာ၏။

     အနည်းငယ်မျှ ရှင်းလင်းပြဆိုဦးအံ့.. စွန့်ကြဲလှူဒါန်းပေးကမ်းမှု ဒါနအရာ၌ (တဏှာလောဘဖြင့်) “ငါ၏ဒါန”ဟူ၍ တပ်မက်စွဲလမ်းခြင်း၊ (မာနဖြင့်) “ဒါနသည်ပင် ငါ” ဟူ၍ အောက်မေ့ထင်မှားခြင်း၊ (ဒိဋ္ဌိဖြင့်) “ဒါနသည်ပင် ငါ၏ အတ္တ လိပ်ပြာ”ဟူ၍ အမြင်မှားခြင်းများ ရှိခဲ့ ဖြစ်ခဲ့သော် ထိုဒါနကို တဏှာ မာန ဒိဋ္ဌိတို့ဖြင့် နှိပ်စက် ဖျက်ဆီးအပ်သော ဒါနဟူ၍သာ ခေါ်ဆိုရပေသည်။ ထိုကဲ့သို့ တဏှာ မာန ဒိဋ္ဌိတို့ဖြင့် မနှိပ်စက် မဖျက်ဆီးအပ်သော ဒါနဖြစ်မှ ပါရမီမည်နိုင်သည်။ (သီလဆောက်တည်မှု အစရှိသည်တို့၌လည်း ဤနည်းအတူတည်း။)

     တဏှာ မာန ဒိဋ္ဌိတို့ဖြင့် မနှိပ်စက် မဖျက်ဆီးအပ်ရုံမျှဖြင့်လည်း ပါရမီ မမည်နိုင်သေးပေ၊ မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ်တို့ကို အခြေခံထား၍ ပြုအပ်သော ဒါနမှု သီလမှု စသည်ဖြစ်မှသာ ပါရမီမည်နိုင်၏။ ထိုတွင်-

     မဟာကရုဏာဟူသည်မှာ.. ဘုရားအလောင်းဖြစ်လိုသော အမျိုးကောင်းသားသည် မျက်မှောက်မျက်ကွယ် ရင်းရင်းဖျားဖျား ရှိသမျှ သတ္တဝါများအပေါ်၌ ရင်မှပေါက်ဖွားသည့် သားသမီးများကဲ့သို့ ကြင်နာသနားခြင်း ပြင်းထန်စွာ ဖြစ်ပွါးနိုင်ရသည်။



၁၀၅

မိတ်ဆွေရန်သူဟူ၍ မခွဲခြားပဲ ရှိသမျှ သတ္တဝါများကို ရာဂမီး၊ ဒေါသမီး၊ မောဟမီး၊ ဇာတိမီး၊ ဇရာမီး၊ မရဏမီး၊ သောကမီး၊ ပရိဒေဝမီး၊ ဒုက္ခမီး၊ ဒေါမနဿမီး၊ ဥပါယာသမီးတို့ တညီးညီး တပြောင်ပြောင် အတောက်အလောင်ခံနေရသည့် သံသရာ့ ဒုက္ခိတသတ္တဝါတွေအဖြစ် ဆင်ခြင်စဉ်းစား၍ သနားခြင်းပြင်းစွာ ဖြစ်ရာ၏။ ကိုယ့်အသက်ကိုပင် မငဲ့ကွက်ပဲ သတ္တဝါတို့ကို သံသရာမှ ကယ်တင်လိုသော ကရုဏာတရား ကြီးစွာထားနိုင်ရာ၏။ ယင်းသည့် ကရုဏာမျိုးကို ပါရမီတို့၏အခြေခံ မဟာကရုဏာဟု ခေါ်ဆိုသည်။ အလောင်းတော် သုမေဓာရှင်ရသေ့မှာ ဒီပင်္ကရာ မြတ်စွာဘုရား၏ သာသနာ၌ပင် အလိုတော်ရှိက ကျွတ်တမ်းဝင်နိုင်လောက်သည့် အကြောင်းနှင့်ပြည့်စုံပြီး ဖြစ်ပါသော်လည်း ဤမဟာကရုဏာ ကိန်းဝပ်သူဖြစ်သဖြင့် လေးအသင်္ချေ နှင့် ကမ္ဘာတသိန်းကြာအောင် သံသရာ၌ အဆင်းရဲခံကာ သတ္တဝါတို့ကို ကယ်တင်ရန်အတွက် ပါရမီတို့ကို ဖြည့်ကျင့်တော်မူခဲ့ရသည်။ (ကိုယ်လွတ်ရုန်းလိုက သုမေဓာဘဝကပင် ရုန်းနိုင်၏ဟု ဆိုလိုသည်။)

     ဥပါယကောသလ္လဉာဏ် ဟူသည်ကား.. မိမိပြုအပ်သော ဒါနမှု သီလမှု စသည်တို့အတွက် သဗ္ဗညုတဉာဏ်၏ ဥပနိဿယ အဆောက်အဦ အထောက်အပံ့ပစ္စည်းဖြစ်ရန် လိမ္မာကျွမ်းကျင်သော အသိဉာဏ်ပညာတည်း၊ ဘုရားအလောင်းဖြစ်လိုသော အမျိုးကောင်းသားသည် မိမိပြုအပ်သမျှသော ဒါနမှု သီလမှု စသည်တို့အတွက် သဗ္ဗညုတဉာဏ် တည်းဟူသော အကျိုးတခုကိုသာ ရဖို့ရန် ရည်သန်တောင့်တမှု ပြုရသည်။ (၀ဋ်ဆင်းရဲ၌အကျုံးဝင်သည့် ချမ်းသာများကို မတောင့်တရ။) ထိုသို့ မိမိပြုအပ်သမျှသော ကောင်းမှုတို့အတွက် သဗ္ဗညုတဉာဏ် အကျိုးတခုကို ရဖို့ရန်သာ ရည်သန်တောင့်တမှု ဆုတောင်းပြုခြင်း၌ လိမ္မာသိမြင်သော ပညာကို ဥပါယကောသလ္လဉာဏ်ဟူ၍ ခေါ်သည်။

     ဆိုအပ်ပြီးသည့် မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ် ဤနှစ်ပါးတို့သည် ဘုရားအလောင်းဖြစ်ရန်နှင့် ပါရမီတို့ကို



၁၀၆

ဖြည့်ကျင့်နိုင်ရန် အရင်းခံတရားကြီးများ ဖြစ်ကြ၏။ ဘုရားဆုပန်လိုသည့် အမျိုးကောင်းသားတို့သည် ရှေးဦးစွာ ဤအရင်းခံတရားကြီး နှစ်ပါးနှင့် ပြည့်စုံအောင် အားထုတ်သင့်လှပေသည်။ ထိုတရားနှစ်ပါးကို အခြေခံထား၍ ပြုအပ်သော ဒါနမှု သီလမှု အစရှိသော ဂုဏ်ကျေးဇူးတို့သည်သာလျှင် ပါရမီစင်စစ် ဖြစ်နိုင်သည်ဟု ဆိုလိုသည်။

ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ သုံးဖြာပပဉ္စ၊ ကင်းစင်ပလျက်၊ အနန္တများစွာ၊ သတ္တဝါကို၊ ကြင်နာသနား၊ အရင်းထား၍၊ ဘုရားဖြစ်ရန်၊ သဗ္ဗဉ်ဉာဏ်ကို၊ ရည်သန်ဆန္ဒ၊ ပြုစုရသား၊ ဒါနစချီ၊ ထိုဆယ်လီ၊ ပါရမီဟု ခေါ်သတည်း။

**********