မဟာဗုဒ္ဓဝင်/၇- ပကိဏ္ဏကခန်း (၂) ပါရမီမည်ခြင်းအကြောင်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၂) ပါရမီမည်ခြင်းအကြောင်း

(၂) ပါရမီမည်ခြင်းအကြောင်း

     လှူဒါန်း ပေးကမ်း စွန့်ကြဲခြင်း ဒါနမှု၊ သီလဆောက်တည်မှု အစရှိသော ဂုဏ်ကျေးဇူးဆယ်ပါးတို့သည် အဘယ့်ကြောင့် ပါရမီမည်ကြသနည်းဟု မေးသင့်၏။

     (အဖြေကား) ပါရမီဟူသော ပါဠိစကားရပ်၌ သဒ္ဒါနည်းအရ (ပရမ)ဟူသော ပုဒ်ရင်းနှင့် (ဤ)ပစ္စည်းတို့ တွဲစပ်ထားသည်ကို ရှေးဦးစွာ သတိပြုရာ၏။ ထိုပုဒ်ရင်းနှင့် ပစ္စည်း နှစ်မျိုးတို့တွင်-

     ဒါန သီလ အစရှိသော ဂုဏ်ကျေးဇူးအထူးနှင့် ပြည့်စုံသည်ဖြစ်၍ သူမတူတန် ကဲလွန်မြင့်မြတ် ဥက္ကဋ္ဌ်ပုဂ္ဂိုလ်ကြီးများ ဖြစ်သောကြောင့် ဘုရားအလောင်းတော်ကြီးများကို (ပရမ)ဟူ၍ ခေါ်ဆိုသည်။ ။(တနည်း) ဒါန သီလ အစရှိသော ဂုဏ်ကျေးဇူးအထူးတို့ကို ဆည်းပူးဖြည့်ကျင့် စောင့်ရှောက်တတ်သောကြောင့်၎င်း၊ ထိုဂုဏ်ကျေးဇူး အထူးတို့နှင့် ပြည့်စုံသူဖြစ်၍ ပရ-မည်သော တပါးသော သတ္တဝါတို့ကို မိမိ၌ မေတ္တာရှိအောင် ဖွဲ့နှောင်သကဲ့သို့ ဖြစ်တတ်သောကြောင့်၎င်း၊ တပါးသော သတ္တဝါတို့ကို လွန်လွန်ကဲကဲ ကိလေသာ အညစ်အကြေးတို့မှ ဆေးကြောသုဓ်သင် စင်စေတတ်သောကြောင့်၎င်း၊ ပရ-မည်သော မြတ်သောနိဗ္ဗာန်သို့



၁၀၇

အထူးသဖြင့် သွားရောက်တတ်သောကြောင့်၎င်း၊ ပရ-မည်သော တမလွန်လောကကို မျက်မှောက်လောကကဲ့သို့ပင် ဉာဏ်ဖြင့် ပိုင်းခြားထင်ထင် သိမြင်တတ်သောကြောင့်၎င်း၊ သူမတူတန်အောင် လွန်လွန်ကဲကဲ သီလအစရှိသော ဂုဏ်ကျေးဇူးအပေါင်းကို မိမိသန္တာန်၌ ထည့်သွင်းသည့်ပမာ ကျင့်ကြံတတ်သောကြောင့်၎င်း၊ တစိမ်းပြင်ပ ပရ-မည်သော ကိလေသာ ခိုးသားအပေါင်းကို နှိပ်စက်တတ် ပယ်ရှားတတ်သောကြောင့် ၎င်း ဘုရားအလောင်းတော်ကြီးများကို (ပရမ)ဟူ၍ ခေါ်ဆိုအပ်သည်။

     ဒါန သီလ အစရှိသော ဂုဏ်ကျေးဇူးအထူးတို့နှင့် သူမတူတန် လောက်ငံပြည့်ဝသည်ကို အကြောင်းပြု၍ “ဤသူကား ဘုရားအလောင်းတည်း၊ ပရမ-မည်သော ပုဂ္ဂိုလ်မြတ်ကြီးတည်း”ဟု ကြားသိမြင်သူတို့၏နှုတ်မှ ပြောဆိုသောအသံ (သဒ္ဒါ)နှင့် အသိဉာဏ် ဤနှစ်ပါး ဖြစ်ပေါ်လာသည်။ သို့ရကား- ထိုဒါနသီလ အစရှိသော ဂုဏ်ကျေးဇူးအထူးတို့ကို (ပရမာနံ ဘာဝေါ ပါရမီ-ဟု ဝိဂြိုဟ်ပြုပြီးလျှင်) ပရမ-မည်သော ဘုရားအလောင်းတော်ကြီးများပေတည်းဟု ပြောဆိုသော အသံ(သဒ္ဒါ)နှင့် အသိဉာဏ် ဤနှစ်မျိုးတို့ ဖြစ်ကြောင်းဖြစ်သောကြောင့် ပါရမီဟူ၍ ခေါ်သည်။ (တနည်း) ထိုဒါန သီလ အစရှိသော ဂုဏ်ကျေးဇူးတို့ကို အလောင်းတော်ကြီးများသာ ကဲကဲလွန်လွန် ပြုနိုင်ကြသည်။ သို့ရကား- ထိုဒါန သီလ အစရှိသည်တို့ကို “အလောင်းတော်ကြီးများ၏ အလုပ်၊ အလောင်းတော်ကြီးများ၏ ဥစ္စာ”ဟူ၍ ခေါ်ဆိုရသည်။ ထို့ကြောင့် ထိုဒါန သီလ အစရှိသည်သည် (ပရမာနံ ကမ္မံ ပါရမီ၊ ပရမာနံ အယံ ပါရမီ-ဟု ဝိဂြိုဟ်ပြုပြီးလျှင်) ပရမ-မည်သော အလောင်းတော်ကြီးတို့၏ အလုပ်၊ အလောင်းတော်ကြီးတို့၏ ဥစ္စာဖြစ်သောကြောင့် ပါရမီ မည်ကြကုန်သည်ဟု ဆိုရာ၏။

     အချုပ်အားဖြင့်.. အလောင်းတော်ကြီးများဟူ၍ ပြောဆိုသည့် အသံ(သဒ္ဒါ)နှင့် အသိဉာဏ်ပညာတို့ ဖြစ်ကြောင်းဖြစ်သောကြောင့်၊ (တနည်း) အလောင်းတော်ကြီးများ၏ အလုပ်ကိစ္စ အလောင်းတော်ကြီးများ၏ ဥစ္စာဖြစ်သောကြောင့် စွန့်ကြဲ



၁၀၈

ပေးကမ်း လှူဒါန်းမှု ဒါနအစရှိသည်တို့သည် ပါရမီမည်ကုန်၏ဟု ဆိုရာ၏။

ပရမ-မည်ငြား၊ လောင်းတော်များဟု၊ ပြောကြားသဒ္ဒါ၊ သိပညာတို့၊ နှစ်ဖြာဖြစ်ကြောင်း၊ တနည်းဆောင်းသော်၊ လောင်းတော်ဥက္ကဌ်၊ သူမြတ်တို့သာ၊ ပြုနိုင်ရာသည့်၊ ဥစ္စာကိစ္စ၊ ဖြစ်ခြင်းတကြောင့်၊ ဒါနစချီ၊ ထိုဆယ်လီ၊ ပါရမီဟု ခေါ်သတည်း။

**********