ဇဝနဟံသဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၇၆။ ဇဝနဟံသဇာတ် (၃)

တေရသကနိပါတ်

၃။ ဇဝနဟံသဇာတ်

အာယုသင်္ခါရတို့၏ လျင်မြန်စွာဖြစ်ခြင်း ပျက်ခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဣဓေဝ ဟံသ နိပတ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဇဝနဟံသဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒဠှဓမ္မဓနုဂ္ဂဟသတ္တန်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ထိုစကားကို ချဲ့ဦးအံ့။ သဗ္ဗညူ မြတ်ဘုရားသည် ရဟန်းတို့ ဥပမာမည်သည်ကား ခိုင်ခံ့သော သဘောရှိကုန်သော ကောင်းစွာ သင်အပ်ပြီးသော အတတ်ရှိကုန်သော လေးလက်စွဲကုန်သော လေးအတတ်ကို တတ်ကုန်ပြီးသော လေးယောက်ကုန်သော လေးသမားတို့သည် အရပ်လေးမျက်နှာတို့၌ တည်သည် ဖြစ်ကုန်ရာ၏။ ထိုသို့တည်ရာ၌ တယောက်သော ယောက်ျားသည် ငါသည် လေးယောက်ကုန်သော ခိုင်ခံ့သော လေးရှိကုန်သော ကောင်းစွာ သင်အပ်ပြီးသော အတတ်ရှိကုန်သော လေးလက်စွဲကုန်သော လေးအတတ်ကို တတ်ကုန်ပြီးသော ဤလေးသမားတို့သည် အရပ်လေးမျက်နှာသို့ ပစ်အပ်သော မြားတို့သည် မြေသို့မကျကုန်မီ ယူ၍လာအံ့ဟု လာရာ၏ ရဟန်းတို့ သင်တို့သည် ထိုယောက်ျားကို အသို့အောက်မေ့ကုန်အံ့နည်း၊ လျင်မြန်စွာ ပြေးသွားနိုင်သော ယောက်ျားသည် လွန်မြတ်သော လျင်ခြင်းနှင့် ပြည့်စုံ၏ဟု ဆိုခြင်းငှါ သင့်မည်လောဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား- လျင်ခြင်းနှင့် ပြည့်စုံ၏ဟု ဆိုခြင်းငှါ သင့်ပါ၏ဟု နားတော် ပျောက်ကုန်၏။ ရဟန်းတို့ အကြင်အခြင်းဖြင့် ထိုယောက်ျား၏ လျင်ခြင်းသည် ရှိ၏။ အကြင်အခြင်းဖြင့် လ, နေတို့၏ လျင်ခြင်းသည် ထိုမြှားလေးစင်းကို ဖမ်းနိုင်သော ယောက်ျားထက် အလွန်လျင်မြန်၏။ ရဟန်းတို့ အကြင်အခြင်းဖြင့် ထိုယောက်ျား၏ လျင်မြန်ခြင်းသည်၎င်း အကြင်အခြင်းဖြင့် လ, နေတို့၏ လျင်မြန်ခြင်းသည်၎င်း ရှိ၏။ အကြင်အခြင်းဖြင့်လည်း နတ်တို့သည် လ, နေတို့၏ရှေ့မှ ပြေးကုန်၏။ ထိုလနေ့တို့၏ရှေ့မှ ပြေးကုန်သော နတ်တို့၏ လျင်ခြင်းသည် ထိုလနေတို့၏ လျင်မြန်ခြင်းထက် အလွန်လျင်မြန်၏။ ရဟန်းတို့ အကြင်အခြင်းဖြင့်လည်း ထိုယောက်ျား၏ လျင်ခြင်းသည်၎င်း အကြင်အခြင်းဖြင့် လ, နေတို့၏ လျင်ခြင်းသည်၎င်း, အကြင်အခြင်းဖြင့် ထိုလနေတို့၏ရှေ့မှ ပြေးသော နတ်တို့၏ လျင်ခြင်းသည်၎င်း ရှိ၏။ ထိုယောက်ျား, လ နေ, နတ်တို့၏ လျင်ခြင်းထက်လည်း အာယုသင်္ခါရတို့သည် အလွန်တရာသာ၍ လျင်မြန်ကုန်သည်ဖြစ်၍ ကုန်တတ်ကုန်၏။ ရဟန်းတို့ ထို့ကြောင့်လျှင် ဤငါဘုရားသာသနာတော်၌ မမေ့မလျော့ကုန်သည်ဖြစ်၍ နေကုန်အံ့ဟု ကျင့်အပ်၏။ ရဟန်းတို့ ဤသို့လျှင် သင် ရဟန်းအပေါင်းတို့သည် ကျင့်အပ်၏ဟု ဤဒဠဓမ္မဓနုဂ္ဂဟသုတ်ကို ဟောတော်မူသော နေ့မှ နှစ်ရက်မြောက်သောနေ့၌ ရဟန်းတို့သည် တရားသဘင်၌ စကားကို ဖြစ်စေကုန်၏။

ငါ့သျှင်တို့ သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားအရာ၌ တည်တော်မူ၍ ဤသတ္တဝါတို့၏ အာယုသင်္ခါရတို့ကို အားနည်းသည်တို့ကို ပြု၍ ပြတော်မူလျက် ပုထုဇဉ်ရဟန်းတို့ကို အလွန်လျှင် ပြင်းစွာ ထိတ်လန့်ခြင်းသို့ ရောက်စေတော်မူ၏။ ဘုရားသခင်တို့၏ အားတော်မည်သည်ကားအံ့ဘွယ်ရှိ၏ ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ ငါဘုရားသည် အလုံးစုံသောတရားကို သိတော်မူသော သဗ္ဗညူအဖြစ်သို့ ရောက်တော်မူသည်ဖြစ်၍ အာယုသင်္ခါရတို့၏ အားနည်းသောအဖြစ်ကို ပြတော်မူ၍ ရဟန်းတို့ကို ထိတ်လန့်စေ၍ တရားကို ဟောတော်မူခြင်းသည်အံ့ဘွယ်မရှိသေး၊ ထိုစကားသည် မှန်၏။ ငါဘုရားသည် ရှေး၌ အဟိတ်ပဋိသန္ဓေနေသော ဟင်္သာအမျိုး၌ ဖြစ်သော်လည်း အာယုသင်္ခါရတို့၏ အားနည်းသော အဖြစ်တို့ကို ပြသဖြင့် ဗာရာဏသီပြည့်ရှင်မင်းကို အစပြု၍ အလုံးစုံသော မင်းပရိသတ်တို့ကို ထိတ်လန့်စေ၍ တရားဟောတော်မူဘူးပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဇဝနဟင်္သာမျိုး၌ဖြစ်၍ ဟင်္သာကိုးသောင်း ခြံရံလျက် စိတ္တကုဋ်တောင်၌ နေ၏။ ထိုဘုရားလောင်းသည် တနေ့သ၌ ဇမ္ဗူဒီပါကျွန်းအပြင်ဝယ် တခုသောအိုင်၌ မိမိအခြံအရံ ပရိသတ်နှင့်တကွ အလိုလိုရောက်သော သလေးကိုစားပြီးလျှင် ကောင်းကင်ပြင်၌ ရွှေပြားကို ဖြန့်သကဲ့သို့ များစွာသော အခြံအရံဖြင့် ဗာရာဏသီမြို့၏ အထက်အဘို့ဖြင့် ဖြည်းညှင်းသာယာစွာ တင့်တယ်စံပယ်သော သွားခြင်းဖြင့် စိတ္တကုဋ်တောင်သို့သွား၏။ ထိုသို့ သွားသောအခါ ဘုရားလောင်းကို ဗာရာဏသီမင်းသည် မြင်၍ ဤဟင်္သာသည်လည်း ငါကဲ့သို့ မင်းဖြစ်ရာ၏ဟု အမတ်တို့အား ဆို၍ ထိုဘုရားလောင်း၌ ချစ်ခြင်းကို ဖြစ်စေသဖြင့် ပန်း နံ့သာပျောင်းတို့ကို ကိုင်၍ ဘုရားလောင်းကို ကြည့်လျက် အလုံးစုံသော တီးမှုတ်မျိုးတို့ကို တီးမှုတ်စေ၏။

ဘုရားလောင်း ဇဝနဟင်္သာမင်းသည် မိမိအား ပူဇော် သက္ကာရပြုသည်ကိုမြင်၍ အခြံအရံဖြစ်သော ဟင်္သာတို့ကို မေး၏။ အမောင်တို့ မင်းမည်သည်ကား ဤသို့သဘောရှိသော ပူဇော် သက္ကာရကိုပြုသည်ရှိသော် အဘယ်ကို တောင့်တသနည်းဟု မေး၏။ အရှင်မင်းကြီးတို့နှင့် တကွ မိတ်ဖွဲ့ခြင်းကို တောင့်တပါ၏ဟု တင်လျှောက်ကုန်လတ်သော် အမောင်တို့ ထိုသို့တပြီးကား ငါတို့နှင့်တကွ မိတ်ဖွဲ့ခြင်းသည် ဖြစ်စေလော့ဟု ဗာရာဏသီမင်းနှင့်တကွ မိတ်ဖွဲ့ခြင်းကိုပြု၍ သွားလေ၏။ ထိုအခါ တနေ့သ၌ ဗာရာဏသီမင်းကြီးသည် ဥယျာဉ်တော်သို့ ထွက်သောအခါ အနဝတတ်အိုင်သို့ သွား၍ အတောင်တဘက်ဖြင့် ရေကို ယူ၍ အတောင်တဘက်ဖြင့် စန္ဒကူးနံ့သာမှုန့်ကိုယူ၍ ဗာရာဏသီမင်းကို အနဝတတ် အိုင်ရေဖြင့် ရေချိုးပြီးလျှင် စန္ဒကူးနံ့သာမှုန့်ဖြင့် ကြဲ၍ လူများမြင်စဉ်လျင် အခြံအရံနှင့်တကွ စိတ္တကုဋ်တောင်သို့ သွားလေ၏။

ထိုအခါမှစ၍ ဗာရာဏသီမင်းသည် ဘုရားလောင်းကို ဖူးမြင်လိုသည်ဖြစ်၍ ငါ၏အဆွေ ဟင်္သာမင်းသည် ယနေ့လာလတ္တံ့ဟု ဟင်္သာမင်းလာသော လမ်းခရီးကို ကြည့်လျက် နေ၏။ ထိုအခါ ဘုရားလောင်းဟင်္သာမင်း၏ ညီတော်ဖြစ်သော ဟင်္သာငယ်နှစ်ခုတို့သည် နေနှင့်တကွ သွားကုန်အံ့ဟု တိုင်ပင်ပြီးလျှင် နောင်တော် ဘုရားလောင်းဟင်္သာမင်းအား အကျွန်ုပ်တို့သည် နေနှင့်တကွ ပြေးသွားပါကုန်အံ့ဟု ကြားလျှောက်ကုန်၏။ အမောင်တို့ နေ၏ လျင်ခြင်းမည်သည်ကား အလွန်လျင်မြန်၏။ နေနှင့်တကွ ပြေးသွားခြင်းငှာ မတတ်နိုင်လတ္တံ့၊ ခရီးအကြား၌သာလျင် ပျက်စီးကုန်လတ္တံ့၊ မသွားကြကုန်လင့်ဟု မြစ်၏။ ထိုညီတော် ဟင်္သာငယ်တို့သည်လည်း နှစ်ကြိမ်မြောက်၎င်း, သုံးကြိမ်မြောက်၎င်း တောင်းပန်ကုန်၏။ ဘုရားလောင်းသည်လည်း သုံးကြိမ်မြောက်အောင် တားမြစ်သည်သာတည်း၊ ထိုညီတော် ဟင်္သာငယ်တို့သည် မာန်ခက်ထန်ကုန်၏။ မိမိတို့အစွမ်းကို မသိကုန်သည်ဖြစ်၍ နောင်တော် ဘုရားလောင်း ဟင်္သာမင်းအား မကြားမူ၍လျှင် နေနှင့်တကွ ပြေးသွားကုန်အံ့ဟု ကြံ၍ နေမထွက်မီကလျှင်သွား၍ ယုဂန္ဓိုရ်တောင်ထိပ်၌ နေလင့်၏။

ဘုရားလောင်းသည် ညီတော်တို့ကို မမြင်၍ ညီတော်ဟင်္သာငယ်တို့သည် အဘယ်သို့ သွားကုန်သနည်းဟု မေး၍ ထိုအကြောင်းကို ကြားလျှင် ကြံ၏။ ထိုငါ့ညီတော်တို့သည် နေနှင့်တကွ ပြေးသွားခြင်းငှာ မတတ်နိုင်လတ္တံ့၊ ခရီးအကြား၌သာလျှင် ပျက်စီးကုန်လတ္တံ့၊ ထိုငါ့ညီငယ်တို့၏ အသက်ကို ငါပေးအံ့ဟု ကြံ၏။ ကြံပြီးလျှင် သွား၍ ယုဂန္ဓိုရ်တောင်ထိပ်၌ နားတော်မူ၏။ ထိုအခါ နေဝန်းသည် တက်လတ်သော် ညီတော် ဟင်္သာငယ်နှစ်ခုတို့သည် ပျံ၍နေနှင့်တကွ ပြေးကုန်၏။ ဘုရားလောင်း ဟင်္သာမင်းသည်လည်း ထိုညီတော် ဟင်္သာငယ်တို့နှင့်တကွ ပြေး၏။ ညီတော်ငယ်သည် နံနက် နေတက်တိုင်အောင် ပြေးသွား၍ ပင်ပန်း၏။ အတောင်ကြား၌ မီးထသကဲ့သို့ ဖြစ်၏။ ထိုညီတော်ဟင်္သာငယ်သည် နောင်တော်ဘုရားလောင်း ဟင်္သာမင်းအား နောင်တော်ဘုရား အကျွန်ုပ်သည် မတဘ်နိုင်ပါဟု အမှတ်ပေး၏။ ထိုအခါ ညီတော်ငယ်ကို ဘုရားလောင်းသည် ငါ့ညီ မကြောက်လင့်၊ သင့်အား အသက်ကို ပေးအံ့ဟု ဆို၍ အတောင်ချိုင့်ဖြင့် ပိုက်၍ နှစ်သိမ့်စေသဖြင့် စိတ္တကုဋ်တောင်သို့ ဆောင်၍ ဟင်္သာတို့၏ အလယ်၌ ထားခဲ့ပြီးလျှင် တဖန်ပြန်၍ ထိုနေရာသို့ ရောက်လျှင် ညီတော်လတ်နှင့်တကွ သွား၏။

ထိုညီတော်အလတ်သည်လည်း မွန်းတည့်အခါ နီးသည့်တိုင်အောင် နေနှင့်တကွ ပြေးသွား၍ ပင်ပန်း၏။ အတောင်ကြား၌ မီးထသကဲ့သို့ ဖြစ်၏။ ထိုသို့ဖြစ်သောကြောင့် နောင်တော် ဘုရားလောင်းအား နောင်တော်ဘုရား အကျွန်ုပ် မတတ်နိုင်ပါဟု အမှတ်ပေး၏။ ဘုရားလောင်းသည် ညီတော်လတ်ကိုလည်း ညီတော်ငယ်နှင့်အတူ သက်သာရာရစေပြီးလျှင် အတောင်ချိုင့်ဖြင့်ယူ၍ စိတ္တကုဋ်တောင်သို့ သွားလေ၏။ ထိုခဏ၌ နေသည် မွန်းတည့်ခြင်းသို့ ရောက်၏။ ထိုအခါ ဘုရားလောင်းသည် ငါ့အား ယနေ့ ကိုယ်အားကို စုံစမ်းအံ့ဟု ကြံ၍ တဟုန်တည်းဖြင့် ပြေးသွား၍ ယုဂန္ဓိုရ်တောင်ထိပ်၌ နားနေ၍ ထိုယုဂန္ဓိုရ်တောင်ထိပ်မှ ပျံသွား၍ တဟုန်တည်း နေသို့ရောက်လျှင် ရံခါ ရှေ့က၊ ရံခါ နောက်က ပြေး၍ ကြံ၏။ ငါ့အား နေနှင့်တကွ ပြေးသွားခြင်းမည်သည်ကား အကျိုးမရှိ၊ မသင့်သော နှလုံးသွင်းခြင်းကြောင့် ဖြစ်၏။ ငါ့အား ဤနေနှင့်တကွ ပြိုင်၍သွားသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ဗာရာဏသီပြည်သို့သွား၍ ငါ့အဆွေတော်ဖြစ်သော ဗာရာဏသီမင်းအား အကျိုးစီးပွားနှင့်စပ်သော တရားစကားကို ငါဟောပြောအံ့ဟု ကြံလေ၏။ ကြံပြီး၍ ထိုဘုရားလောင်းသည် ပြန်ခဲ့၍ နေသည် မွန်းမတိမ်းမီလျှင် အလုံးစုံသော စကြဝဠာတိုက်ကို အတွင်းစွန်းဖြင့် လှည့်လည်၍ အဟုန်ကိုယုတ်စေလျက် အလုံးစုံသော ဇမ္ဗူဒီပါကျွန်းကို အတွင်းစွန်းဖြင့် လှည့်လည်၍ ဗာရာဏသီပြည်သို့ ရောက်၏။ တဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီမြို့အလုံးသည် ဟင်္သာဖြင့် ဖုံးအုပ်သကဲ့သို့ ဖြစ်၏။ အပေါက်သည် မထင်၊ အစဉ်သဖြင့် အဟုန်သည် ယုတ်သည်ရှိသော် ကောင်းကင်၌ အပေါက်တို့သည် ထင်ကုန်၏။ ဘုရားလောင်းသည် အဟုန်ကို ယုတ်စေပြီးလျှင် ကောင်းကင်မှသက်၍ ခြင်္သေ့ခံသော လေသွန်တံခါး၏ ရှေးရှုရာအရပ်၌ ရပ်၏။ မင်းသည် အဆွေလာပြီဟု နှစ်လိုဝမ်းသာခြင်းသို့ ရောက်သည်ဖြစ်၍ ဘုရားလောင်းအား နေစိမ့်သောငှါ ရွှေအင်းပျဉ်ကို ခင်းစေ၍ အဆွေ ဟင်္သာမင်း ဝင်လော့၊ ဤအင်းပျဉ်၌ နေတော်မူလော့ဟု ဆို၍-

၂၇။ ဣဓေဝ ဟံသ နိပတ၊ ပိယံ မေ တဝ ဒဿနံ။
ဣဿရောသိ အနုပ္ပတ္တော၊ ယမိဓတ္ထိ ပဝေဒယ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၂၇။ ဟံသ၊ ဟင်္သာမင်း။ ဣဓေဝ၊ ဤအင်းပျဉ်၌ သာလျှင်။ နိပတ၊ နေတော်မူလော့။ မေ၊ ငါသည်။ တဝ၊ အဆွေဟင်္သာမင်းအား။ ဒဿနံ၊ မြင်ခြင်းကို။ ပိယံ၊ ချစ်အပ်၏။ ဣဿရော၊ ဟင်္သာမင်းသည်။ အနုပ္ပတ္တော၊ ရောက်လာပေသည်။ အသိ၊ ဖြစ်၏။ ဣဓ၊ ဤငါ၏ နန်းတော်၌။ ယံ၊ အကြင်အလိုသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုအလိုကို။ ပဝေဒယ၊ ကြားတော်မူလော့။

ဘုရားလောင်း ဟင်္သာမင်းသည် ရွှေအင်းပျဉ်၌ နေ၏။ ဗာရာဏသီမင်းသည် အကြိမ်တရာ အကြိမ်တထောင် ချက်အပ်ကုန်သော ဆီတို့ဖြင့် ဘုရားလောင်း ဟင်္သာမင်း၏ အတောင်ကြားကို လိမ်းကျံပြီးလျှင် ရွှေခွက်၌ ပျားရည်လူးသော ပေါက်ပေါက်တို့ကို၎င်း, ပျားရည်ကို၎င်း, သကာရည်ကို၎င်း ကျွေး၍ သာယာသော စကားပြောဟောခြင်းကို ပြု၍ အဆွေဟင်္သာမင်း သင်သည် တယောက်တည်းသာလျှင် လာသလော၊ အဘယ်အရပ်မှ လာသနည်း ဟု မေး၏။ ဘုရားလောင်း ဟင်္သာမင်းသည် ထိုအကြောင်းကို အကျယ်အားဖြင့် ပြောဆိုလေ၏။ ထိုအခါ ဗာရာဏသီမင်းသည် ဟင်္သာမင်းကို အဆွေဟင်္သာမင်း ငါ့အားလည်း နေနှင့်တကွ ပြေးသွားသောအဟုန်ကို ပြပါလော့ဟု ဆို၏။ မြတ်သောမင်းကြီး အဟုန်ကို ပြခြင်းငှါ မတတ်ကောင်းဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား အကျွန်ုပ်အား အတုမျှကို ပြတော်မူပါလော့ဟု ဆို၏။ မြတ်သောမင်းကြီး ကောင်းပြီ အတုမျှကို ပြအံ့၊ ထိုသို့တပြီးကား အက္ခဏဝေဒိ လေးသမားတို့ကို စည်းဝေးစေလော့ဟု ဆိုသည်ရှိသော် မင်းကြီးသည် လေးသမားတို့ကို စည်းဝေးစေ၏။

ဘုရားလောင်းသည် လေးယောက်ကုန်သော လေးသမားတို့ကို ယူ၍ နန်းတော်မှ သက်ပြီးလျှင် မင်းယင်ပြင်၌ ကျောက်တိုင်တို့ကို စိုက်စေ၍ မိမိလည်၌ ဆည်းလည်းကို ဆွဲစေပြီးလျှင် ကျောက်တိုင်ထိပ်၌ နေ၍ လေးယောက်ကုန်သော လေးသမားတို့ကို ကျောက်တိုင်ကို မှီ၍ အရပ်လေးမျက်နှာသို့ ရှေးရှူထားပြီးလျှင် မြတ်သောမင်းကြီး ဤလေးယောက်ကုန်သော လေးသမားတို့ကို တပြိုင်နက်လျှင် အရပ်လေးမျက်နှာသို့ ရှေးရှူ လေးစင်းသောမြားတို့ကို ပစ်စေကုန်လော့၊ အကျွန်ုပ်သည် ထိုလေးစင်းသော မြားတို့ကို မြေသို့မရောက်ကုန်မီလျှင် ယူ၍ ထိုလေးသမားတို့၏ ခြေရင်း၌ ချအံ့၊ ထိုအခါ အကျွန်ုပ် မြားကိုယူအံ့သောငှါ သွားသောအဖြစ်ကို ဆည်းလည်းသံအမှတ်ဖြင့် သိတော်မူလော့၊ အကျွန်ုပ်ကိုမူကား မမြင်ရလတ္တံ့ဟု ဆို၍ ထိုလေးသမားတို့သည် တပြိုင်နက် ပစ်အပ်သော မြားတို့ကိုယူ၍ လေးသမားတို့၏ ခြေရင်း၌ထား၍ ကျောက်တိုင်ထိပ်၌ နေမြဲတိုင်းသာလျှင်ဖြစ်သော ကိုယ်ကို ပြ၍ မြတ်သောမင်းကြီး အရှင်မင်းကြီးသည် အကျွန်ုပ်၏ လျင်မြန်ခြင်းကို မြင်တော်မူပြီလောဟု ဆို၍ မြတ်သောမင်းကြီး ဤလျင်မြန်ခြင်းသည် အကျွန်ုပ်အား မြတ်သော လျင်မြန်ခြင်းမဟုတ်သေး၊ အလတ်ဖြစ်သော လျင်မြန်ခြင်းလည်း မဟုတ်သေး၊ ဤလျင်မြန်ခြင်းသည် အားနည်းစွာသော ယုတ်သော လျင်မြန်ခြင်းတည်း၊ မြတ်သောမင်းကြီး- ဤသို့ အဟုန်သည် လျင်မြန်၏ဟု ဆိုလေ၏။

ထိုအခါ ဘုရားလောင်းကို မင်းသည် မေး၏။ အဆွေ ဟင်္သာမင်း- သင်တို့၏ လျင်မြန်ခြင်းအဟုန်ထက် တပါးသော အလွန်လျင်မြန်သော အဟုန်သည် ရှိပါဦးမည်လောဟု မေး၏။ မြတ်သောမင်းကြီး ရှိသေး၏။ အကျွန်ုပ်၏ ထိုမြတ်သော အဟုန်ထက်လည်း အဆအရာဖြင့်၎င်း, အဆအထောင်ဖြင့်၎င်း အဆအသိန်းဖြင့်၎င်း ဤသတ္တဝါတို့၏ အာယုသင်္ခါရတို့သည် ကုန်တတ်ကုန်၏။ ပျက်တတ်ကုန်၏။ ကုန်ခြင်းသို့ ရောက်တတ်ကုန်၏ဟု ခဏနိရောဓ၏ အစွမ်းဖြင့် ရုပ်တရားတို့၏ ချုပ်ခြင်းကို ပြ၏။ ထို့နောင်မှ နာမ်တရားတို့၏ ချုပ်ခြင်းကို ပြ၏။ မင်းသည် ဘုရားလောင်း ဟင်္သာမင်း၏ တရားစကားကိုကြားရလျှင် သေဘေးမှ ကြောက်သည်ဖြစ်၍ သတိကိုဖြစ်စေခြင်းငှါ မတတ်နိုင်ရကား မြေ၌ လဲ၏။ လူများသည် ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၏။ မင်း၏မျက်နှာကို ရေဖြင့်သွန်း၍ သတိကို ရစေကုန်၏။

ထိုအခါ မင်းကို ဘုရားလောင်း ဟင်္သာမင်းသည် မြတ်သောမင်းကြီး မကြောက်လင့်၊ သေရလတ္တံ့ဟု အဖန်တလဲလဲ အောက်မေ့ခြင်း မရဏဿတိကို ပွားစေလော့၊ မင်းကျင့်တရား ဆယ်ပါးကို ကျင့်တော်မူလော့၊ အလှူပေးခြင်း အစရှိသော ကောင်းမှုတို့ကို ပြုတော်မူလော့၊ အရှင်မင်းကြီး မမေ့မလျော့ ဖြစ်တော်မူလော့ဟု ဆို၏။ ထိုအခါ မင်းသည် အရှင်ဟင်္သာမင်း အရှင်ဟင်္သာမင်းနှင့်တူသော ဉာဏ်အား ပညာအားနှင့် ပြည့်စုံပေသော ဆရာနှင့်ကင်း၍ နေခြင်းငှါ မတတ်နိုင်အံ့၊ စိတ္တကုဋ်တောင်သို့ မကြွမူ၍ အကျွန်ုပ်အား တရားဟောလျက် အကျွန်ုပ်ကို ဆုံးမတတ်သော ဆရာဖြစ်၍ ဤဗာရာဏသီပြည်၌သာလျှင် နေတော်မူပါလော့ဟု ဆို၍ တောင်းပန်လိုရကား-

၂၈။ သဝနေ နေကဿ ပိယာ ဘဝန္တိ၊
ဒိသွာ ပနေကဿ ဝိဂေတိ ဆန္ဒော။
ဒိသွာ စ သုတွာ စ ပိယာ ဘဝန္တိ။
ကစ္စိ နု မေ ပိယသိ ဒဿနေန။
၂၉။ သဝနေန ပိယော မေသိ၊ ဘိယျော စာဂမ္မ ဒဿနံ။
ဧဝံ ပိယဒဿနော မေ၊ ဝသ ဟံသ မမန္တိကေ။

ဟူသော ဤနှစ်ဂါထာကို ဆို၏။

၂၈။ သမ္မ ဟံသရာဇ၊ အဆွေဟင်္သာမင်း။ သဝနေန၊ ကြားသဖြင့်။ ဧကဿ၊ အချို့သောသူအား။ ပိယာ၊ ချစ်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဧကဿ ပန၊ အချို့သော သူအားကား။ ဒိသွာ၊ မြင်၍။ ဆန္ဒော၊ ချစ်ခြင်းသည်။ ဝိဂေတိ၊ ကင်းပျောက်၏။ ဒိသွာ စ၊ မြင်ကုန်၍၎င်း။ သုတွာ စ၊ ကြားကုန်၍၎င်း။ ပိယာ၊ ချစ်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ကစ္စိ၊ အသို့နည်း။ ဒဿနေန၊ မြင်သဖြင့်။ မေ၊ ငါ့ကား။ ပိယသိ နု၊ ချစ်ပါ၏လော။

၂၉။ ဟံသရာဇ၊ ဟင်္သာမင်း။ သဝနေန၊ ကြားသဖြင့်။ တွံ၊ သင်ဟင်္သာမင်းကို။ မေ၊ ငါသည်။ ပိယော၊ ချစ်အပ်သည်။ အသိ၊ ဖြစ်၏။ ဒဿနံ၊ မြင်ခြင်းကို။ အာဂမ္မ၊ စွဲ၍။ ဘိယျော စ၊ လွန်စွာလျှင်။ ပိယော၊ ချစ်ပါ၏။ ဧဝံ၊ ဤသို့။ မေ၊ ငါ၏။ ပိယဒဿနာ၊ ချစ်သော မြင်ခြင်းရှိ၏။ ဟံသ၊ ဟင်္သာမင်း။ မမန္တိကေ၊ အကျွန်ုပ်၏အထံ၌။ ဝသ၊ နေတော်မူပါလော့။

ဘုရားလောင်းသည် မင်းအိမ်၌နေခြင်း၏ အပြစ်ကို ပြလိုရကား-

၃၀။ ဝသောမ တဝါဂရေ၊ နိစ္စ သက္ကတ ပူဇိတာ။
မတ္တာဝ ဧကဒါ ဝ၊ ဟံသရာဇံ ပစန္တု မေ။

ဟူသော ဤဂါထာကို ဆို၏။

၃၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ နိစ္စံ၊ အမြဲ။ သက္ကတ ပူဇိတာ၊ အရိုအသေ ပူဇော်ကုန်သည်ဖြစ်၍။ တဝ၊ ရှင်မင်းကြီး၏။ အဂါရေ၊ နန်းတော်၌။ ဝသေယျာမ၊ နေပါကုန်အံ့။ ဧကဒါ၊ တရံတခါ၌။ တွံ၊ ရှင်မင်းကြီးသည်။ မတ္တာဝ၊ သုရာယစ်သည် ဖြစ်၍သာလျှင်။ မေ၊ ငါ့ဘို့။ ဟံသရာဇံ၊ ဟင်္သာမင်းကို။ ပစန္တု၊ ချက်ကုန်လော့။ ဣတိ၊ ဤသို့။ ဝဒေ၊ ဆိုရာချေ၏။

ထိုသို့ ဘုရားလောင်းဆိုသောအခါ မင်းသည် ထိုသို့တပြီးကား သေအရက်ကိုလျှင် ကျွန်ုပ်မသောကျပါအံ့ဟု ဝန်ခံခြင်းကို ပေးလိုရကား-

၃၁။ ဓီရတ္ထု တံ အန္နပါနံ၊ ယံ မေ ပိယတရံ တယာ။
နာပိ မဇ္ဇံ ပိဝိဿာမိ၊ ယာဝ မေ ဝစ္ဆသိ ဃရေ။

ဟူသော ဤဂါထာကို ဆို၏။

၃၁။ ဟံသရာဇ၊ ဟင်္သာမင်း။ မဇ္ဇံ၊ ယစ်မျိုးသည်။ ဓီရတ္ထု၊ စက်ဆုပ်ဘွယ် ရှိ၏။ ယံ အန္နပါနံ၊ အကြင် ထမင်းအဖျော်သည်။ အတ္ထိ၊ ရှိ၏။ တံ အန္နပါနံ၊ ထိုထမင်းအဖျော်ကို။ မေ၊ ငါသည်။ ပိယံ၊ ချစ်အပ်၏။ တတော၊ ထိုထမင်းအဖျော်အထက်။ တယာ၊ သင့်ကို။ မေ၊ ငါသည်။ ပိယတရံ၊ အလွန်ချစ်အပ်၏။ ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ မေ၊ ငါ၏။ ဃရေ၊ နန်းတော်၌။ တွံ၊ သင်သည်။ ဝစ္ဆသိ၊ နေလတ္တံ့။ တာဝဒေဝ၊ ထိုမျှလောက်သော ကာလပတ်လုံးလျှင်။ မဇ္ဇံ၊ ယစ်မျိုးကို။ နာပိ ပိဝိဿာမိ၊ ငါ မသောက်အံ့။

ထို့နောင်မှ ဘုရားလောင်း ဟင်္သာမင်းသည် လူတို့နှင့် အတူနေခြင်း၌ အပြစ်ကိုပြ၍ မင်းကြီးအား ဝန်ခံသောစကားကို ပယ်လိုရကား-

၃၂။ သုဝိဇာနံ သိင်္ဂါလာနံ၊ သကုဏာနဉ္စ ဝဿိတံ။
မနုဿ ဝဿိတံ ရာဇ၊ ဒုဗ္ဗိဇာန တရံ တတော။
၃၃။ အပိ စေ မညတိ ပေါသော၊ ဉာတိ မိတ္တော သခါတိ ဝါ။
ယော ပုဗ္ဗေ သုမနော ဟုတွာ၊ ပစ္ဆာ သမ္ပဇ္ဇတေ ဒိသော။
၃၄။ ယသ္မိံ မနော နိဝိသတိ၊ အဝိဒူရေ သဟာပိ သော။
သန္တိကေပိ ဟိ သော ဒူရေ၊ ယသ္မိံ နာဝိသတေ မနော။
၃၅။ အန္တောပိ သော ဟောတိ ပသန္နစိတ္တော၊
ပါရံ သမုဒ္ဒဿ ပသန္နစိတ္တော။
အန္တောပိ သော ဟောတိ ပဒုဋ္ဌစိတ္တော၊
ပါရံ သမုဒ္ဒဿ ပဒုဋ္ဌစိတ္တော။
၃၆။ သံဝသန္တာ ဝိဝသန္တိ၊ ယေ တာဒိသာ ရထေသဘ။
အာရာ ဌိတာ သံဝသန္တိ၊ မနသာ ရဋ္ဌဝဍ္ဎန။
၃၇။ အတိစိရံ နိဝါသေန၊ ပိယော ဘဝတိ အပ္ပိယော။
အာမန္တ ခေါ တံ ဂစ္ဆာမ၊ ပုရာ တေ ဟောမ အပ္ပိယာ။

ဟူသော ဤခြောက်ဂါထာတို့ကို ဆို၏။

၃၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သိင်္ဂါလာနံ၊ မြေခွေးတို့၏၎င်း။ သကုဏာနဉ္စ၊ ငှက်တို့၏၎င်း။ ဝဿိတံ၊ မြည်သံကို။ သုဝိဇာနံ၊ သိလွယ်၏။ မနုဿဝဿိတံ၊ လူတို့၏စကားသည်။ တတော၊ ထိုမြေခွေး ငှက်သံတို့ထက်။ ဒုဗ္ဗိဇာနတရံ၊ အလွန်သိနိုင်ခဲ၏။

၃၃။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယော ပေါသော၊ အကြင်ပုဂ္ဂိုလ်သည်။ ပုဗ္ဗေ၊ ရှေး၌။ သုမနော၊ နှစ်လိုဝမ်းသာသည်။ ဟုတွာ၊ ဖြစ်၍။ အယံ၊ ဤသူသည်။ မေ၊ ငါ၏။ ဉာတိ၊ ဆွေမျိုးတည်း။ ဣတိ ဝါ၊ ဤသို့၎င်း။ မိတ္တော၊ ချစ်သောသူတည်း။ ဣတိ ဝါ၊ ဤသို့၎င်း။ သခါ၊ အသက်နှင့်တူသော အဆွေခင်ပွန်တည်း။ ဣတိ ဝါ၊ ဤသို့၎င်း။ အပိ စေ မညတိ၊ အကယ်၍ကား အောက်မေ့၏။ သော ပေါသော၊ ထိုပုဂ္ဂိုလ်သည်။ ပစ္ဆာ၊ နောက်၌။ ဒိသော၊ ရန်သူသည်။ သမ္ပဇ္ဇတော၊ ဖြစ်တတ်၏။

၃၄။ နရိန္ဒ၊ လူများသေဌ်နင်း ပြည့်ရှင်မင်း။ ယသ္မိံ၊ အကြင်ပုဂ္ဂိုလ်၌။ မနော၊ စိတ်သည်။ နိဝိသတိ၊ ဝင်၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ ဒူရေအပိ၊ အလွန် ဝေးငြားသော်လည်း။ အဝိဒူရေ၊ အနီး၌။ သဟာပိ၊ တကွသာလျှင်။ ဝသတိ၊ နေရသည်မည်၏။ ယသ္မိံ၊ အကြင်ပုဂ္ဂိုလ်၌။ မနော၊ စိတ်နှလုံးသည်။ နာဝိသတေ၊ မဝင်။ သော၊ ထို စိတ်နှလုံး မဝင်သောသူသည်။ သန္တိကေပိ၊ အနီး၌ နေသော်လည်း။ ဒူရဟိ - ဒူရေ ဧဝ၊ အဝေး၌သာလျှင်။ ဝသတိ၊ နေသည်မည်၏။

၃၅။ နရာသဘ၊ ပြည်ကြီးတမွတ် လောကနတ်။ ပသန္န စိတ္တော၊ ကြည်ညိုသော စိတ်ရှိသောသူသည်။ သမုဒ္ဒဿ၊ သမုဒြာ၏။ ပါရံ၊ ကမ်းတဘက်၌။ ဌိတောပိ၊ တည်ငြားသော်လည်း။ သော၊ ထိုသူသည်။ ပသန္နစိတ္တော၊ ကြည်ညိုစိတ်ရှိသောကြောင့်။ အန္တောပိ၊ အနီး၌နေသည် မည်သည်သာလျှင်။ ဟောတိ၊ ဖြစ်၏။ ပဒုဋ္ဌစိတ္တော၊ ပြစ်မှားလိုသော စိတ်ရှိသောသူသည်။ အန္တော၊ အနီး၌နေသည်။ အပိ ဟောတိ၊ ဖြစ်စေကာမူ။ သော၊ ထိုသူသည်။ ပဒုဋ္ဌစိတ္တော၊ ပြစ်မှားလိုသော စိတ်ရှိသောကြောင့်။ သမုဒ္ဒဿ၊ သမုဒြာ၏။ ပါရံ၊ ကမ်းတဘက်၌။ ဌိတော၊ တည်သည်မည်၏။

၃၆။ ရထေသဘ၊ ရထားစီးချင်း မင်းတကာတို့ထက် မြတ်တော်မူသော။ မန္ဒိရိဿရ၊ ရွှေနန်းရှင်။ တာဒိသာ၊ ထိုသို့ ဆန့်ကျင်ဘက်ရန်သူ ဖြစ်ကုန်သော။ ယေ၊ အကြင်သူတို့သည်။ သံဝသန္တာ၊ အတူတကွ နေကုန်သော်လည်း။ ဝိဝသန္တိ၊ အခြားနေသည် မည်ကုန်၏။ ရဋ္ဌဝဍ္ဎန၊ ပြည်တိုင်းကား၏ စီးပွားဆောင်တတ် မင်းများနတ်။ ယေ၊ အကြင်သူတို့သည်။ မနသာ၊ မေတ္တာကို ပွားစေသောစိတ်ဖြင့်။ အာရာဌိတာ၊ အဝေး၌ တည်ကုန်လျက်။ ဝသန္တိ၊ နေကုန်၏။ တေ၊ ထိုသူတို့သည်။ သံဝသန္တိ၊ အတူတကွ နေရသည်မည်ကုန်၏။

၃၇။ ဘူပါလ၊ ရေမြေသေဌ်နင်း နတ်ရှင်မင်း။ အတိစိရံ၊ အလွန်ကြာမြင့်စွာ။ နိဝါသေန၊ နေသဖြင့်။ ပိယော၊ ချစ်ပြီးသောသူသည်။ အပ္ပိယော၊ မုန်းပြန်သည်။ ဘဝတိ၊ ဖြစ်တတ်၏။ တေ၊ သင်နတ်ရှင်မင်း၏။ အပ္ပိယာ၊ မုန်းခြင်းတို့သည်။ ပုရာ ဟောမ၊ မဖြစ်ကုန်မီ။ တံ၊ သင်နတ်ရှင်မင်းကို။ အာမန္တ ခေါ၊ ပန်ကြား၍သာလျှင်။ ဂစ္ဆာမ၊ သွားပါကုန်အံ့။

ထိုအခါ ဘုရားလောင်းကို မင်းကြီးသည် တဖန် ဤအရပ်သို့ လှည့်လည်ခြင်းကို ပြုတော်မူပါဟု တောင်းပန်လိုရကား-

၃၈။ ဧဝဉ္စေ ယာစမာနာနံ၊ အဉ္ဇလိံ နာဝဗုဇ္ဈသိ။
ပရိစာရိကာနံ သတံ၊ ဝစနံ န ကရောသိ နော။
ဧဝံ တံ အဘိယာစာမိ၊ ပုန ကယိရာသိ ပရိယာယံ။

ဟူသော ဤဂါထာကို ဆို၏။

၃၈။ ဟံသရာဇ၊ ဟင်္သာမင်း။ စေ၊ အကယ်၍။ ဧဝံ၊ ဤသို့။ ယာစမာနာနံ၊ တောင်းပန်အပ်ကုန်သော အကျွန်ုပ်တို့၏။ အဉ္ဇလိံ၊ လက်အုပ်ချီခြင်းကို။ နာဝဗုဇ္ဈသိ၊ သိတော်မမူအံ့။ ပရိစာရိကာနံ၊ ရွှေဟင်္သာမင်း၏ အလုပ်အကျွေးတို့သည်။ သတံ၊ ဖြစ်ကုန်သော။ နော၊ အကျွန်ုပ်တို့၏။ ဝစနံ၊ စကားကို။ န ကရောသိ၊ လိုက်နာတော်မမူအံ့။ ဧဝံ၊ ဤသို့မလိုက်နာသည်ရှိသော်။ တံ၊ ထိုရွှေဟင်္သာမင်းကို။ အဟံ၊ အကျွန်ုပ်သည်။ အဘိယာစာမိ၊ တောင်းပန်ပါ၏။ ပုန၊ တဖန်။ ပရိယာယံ၊ လှည့်လည်ခြင်းကို။ ကယိရာသိ၊ ပြုတော်မူပါလော့။

ထို့နောင်မှ ဘုရားလောင်း ရွှေဟင်္သာမင်းသည် မင်းကြီး အထံသို့ ရံခါလှည့်လည်၍ လာမည့်အကြောင်းကို ဝန်ခံလိုရကား-

၃၉။ ဧဝဉ္စေ နော ဝိဟရတံ၊ အန္တရာယော န ဟေဿတိ။
တုမှာကဉ္စ မဟာရာဇ၊ မယှံ ဝါ ရဋ္ဌဝဍ္ဎန။
အပ္ပေဝ နာမ ပဿေမု၊ အဟော ရတ္တာန မစ္စယေ။

ဟူသော ဤဂါထာကို ဆို၏။

၃၉။ ရဋ္ဌဝဍ္ဎန၊ ပြည်ရွာတိုင်း၏ အစီးအပွားကို ဆောင်တော်မူတတ်သော။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တုမှာကဉ္စ၊ ရှင်မင်းကြီးတို့၏၎င်း။ မယှံ ဝါ၊ အကျွန်ုပ်၏၎င်း။ စေ၊ အကယ်၍။ ဝိဟရတံ-ဝိဟရန္တာနံ၊ နေကုန်သော။ နော၊ အကျွန်ုပ်တို့အား။ အန္တရာယော၊ အသက်၏ အန္တရာယ်သည်။ န ဟေဿတိ၊ မဖြစ်အံ့။ ဧဝံ၊ ဤသို့ အသက်၏ အန္တရာယ်ကင်းခြင်းသည်။ သတိ၊ ရှိပါသော်။ အဟောရတ္တာနံ၊ နေ့ညဉ့်တို့၏။ အစ္စယေ၊ လွန်သဖြင့်။ အပ္ပေဝ နာမ ပဿေမု၊ မြင်ရကုန်ငြားအံ့လည်း မသိ။

ဤသို့လျှင် ဘုရားလောင်း ရွှေဟင်္သာမင်းသည် ဗာရာဏသီ ပြည့်ရှင်မင်းကြီးကို တရားစကားဖြင့် ဆုံးမတော်မူပြီးလျှင် မိမိနေရာ စိတ္တကုဋ်တောင်သို့ သွားလေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ဤသို့လျှင် ရှေး၌ တိရစ္ဆာန်အမျိုးဝယ်ဖြစ်သော်လည်း ငါဘုရားသည် အာယုသင်္ခါရတို့၏ အားနည်းသော အဖြစ်ကိုပြ၍ တရားကို ဟောတော်မူဘူးပြီဟု မိန့်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ယခုအခါ မဟာမောဂ္ဂလာန်သည် ထိုအခါ ညီတော် ဟင်္သာငယ် ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ညီတော်လတ် ဟင်္သာ ဖြစ်ဘူးပြီ၊ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ကြွင်းကုန်သော ဟင်္သာအပေါင်းတို့ ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည် ထိုအခါ ဇဝနဟင်္သာမင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အာယုသင်္ခါ၊ ချုပ်မြန်စွာ၊ ပမာပြုဘို့ကင်း

သုံးခုမြောက်သော ဇဝနဟံသဇာတ်သည် ပြီး၏။

*****