ဖန္ဒနဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၇၅။ ဖန္ဒနဇာတ် (၂)


တေရသကနိပါတ်

၂။ ဖန္ဒနဇာတ်

ကြို့ပင်စောင့်နတ်နှင့် ဝံ ရန်ငြိုးဖွဲ့၍ ပျက်စီးခြင်အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကုဓာရိဟတ္ထော ပုရိသော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဖန္ဒနဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆွေတော်မျိုးတော်တို့၏ ခိုက်ရန်ကို အကြောင်း ပြု၍ ဟောတော်မူ၏။

(ပစ္စုပ္ပန်ဝတ္ထုသည် မဟာကုဏာလဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ )

အထူးကား ထိုအခါ သဗ္ဗညူမြတ်စွာဘုရားသည် ဆွေတော်မျိုးတော်တို့ကို ခေါ်တော်မူ၍ မြတ်သောမင်းမျိုးတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဗာရာဏသီပြည်၌ လက်သမားတို့၏ရွာသည် ရှိ၏။ ထိုရွာ၌ တယောက်သောပုဏ္ဏား လက်သမားသည် တောမှသစ်တို့ကို ဆောင်ပြီးလျှင် ရထားလုပ်၍ အသက်မွေးခြင်းကို ပြု၏။ ထိုအခါ ဟိမဝန္တာတောအရပ်၌ ကြို့ပင်ကြီးသည် ရှိ၏။ ထိုကြို့ပင်ကြီး၌ တခုသော ဝံသည် အစာရှာသဖြင့် လာလတ်၍ ထိုကြို့ပင်ရင်း၌ အိပ်၏။ ထိုအခါ တနေ့သ၌ လေသည် ကြို့ပင်ကိုခတ်သည်ရှိသော် သစ်ကိုင်းခြောက်သည်ကျ၍ ဝံ၏ ကျောက်ကုန်း၌ ဖိမိ၏။ ထိုဝံသည် အတန်ငယ် ကျောက်ကုန်းနာသည်ဖြစ်၍ ကြောက်လန့်တကြားထ၍ ပြေးပြီးလျှင် တဖန်ပြန်လာ၏။ လာသော ခရီးကို ကြည့်လတ်သော် တစုံတခုကိုမျှ မမြင်၍ ငါ့ကို တပါးသော ခြင်္သေ့သည်၎င်း, ကျားသည်၎င်း လိုက်သည်မရှိ၊ ထိုသို့မရှိသည်ဖြစ်လျက် ဤကြို့ပင်၌ဖြစ်သော နတ်သည် ငါ့ကို ဤသစ်ပင်၌ အိပ်သည်ကို သည်းမခံနိုင်ယောင်တကား၊ ထိုသို့ သည်းမခံနိုင်သည်မူလည်း ဖြစ်စေ, သိရလတ္တံ့ဟု အရာမဟုတ်သည်၌ ရန်ငြိုးဖွဲ့သဖြင့် ကြို့ပင်ကို ပုတ်ခတ်၍ နင့်သစ်ပင်၏အရွက်ကို ငါမစား၊ နင့်သစ်ခက်ကို ငါမချိုး၊ ဤသစ်ပင်၌ တပါးသောသားတို့၏ နေသည်ကို နင်သည်းခံနိုင်၏။ ငါတယောက်ကိုမူကား နင် သည်းမခံနိုင်၊ ငါ့အား အဘယ်အပြစ် ရှိသနည်း၊ နှစ်ရက် သုံးရက်မျှ နင် ငံ့လင့်ဦး၊ နင့်သစ်ပင်ကို အမြစ်နှင့်တကွ နုတ်စေ၍ အပိုင်းအပိုင်း ပြတ်စေအံ့ဟု ကြို့ပင်စောင့်နတ်ကို ခြိမ်းချောက်၍ လူတယောက်ကို စုံစမ်းရှာဖွေလျက် သွား၏။

ထိုအခါ ထိုပုဏ္ဏား လက်သမားသည် နှစ်ယောက် သုံးယောက်သော လူတို့ကိုခေါ်၍ လှည်းရထား သစ်တို့၏အလို့ငှါ လှည်းဖြင့် ထိုအရပ်သို့ သွားပြီးလျှင် တခုသောအရပ်၌ လှည်းကိုထား၍ ပဲခွပ်ပုဆိန်ကိုစွဲသဖြင့် သစ်တို့ကို စုံစမ်းလျက် ကြို့ပင်၏အနီးဖြင့် သွား၏။ ဝံသည် ထိုလက်သမားကို မြင်၍ ယနေ့ ငါသည် ရန်သူ၏ ပျက်စီးခြင်းကို မြင်ခြင်းငှါ သင့်၏ဟု ကြံပြီးလျှင် သွား၍ ကြို့ပင်ရင်း၌ ရပ်၏။ လက်သမားသည်လည်း ထိုမှဤမှ ကြည့်၍ ကြို့ပင်၏အနီးဖြင့် သွားလေ၏။ ထိုဝံသည်လည်း အကြင်မျှလောက် ဤလက်သမားသည် မသွားသေး၊ ထိုမျှလောက်လျှင် လက်သမားအား ငါ ပြောအံ့ဟု ကြံ၍ ပြောလိုရကား-

၁၄။ ကုဓာရိဟတ္ထော ပုရိသော၊ ဝနမောဂ္ဂယှ တိဋ္ဌသိ။
ပုဋ္ဌော မေ သမ္မ အက္ခာဟိ၊ ကိံ ဒါရုံ ဆေတုမိစ္ဆသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၄။ ကုဓာရိဟတ္ထော၊ ဓားမလက်၌ရှိသော။ ပုရိသော၊ ယောက်ျားသည်။ ဝနံ၊ တောသို့။ ဩဂ္ဂယှ၊ သက်၍။ တိဋ္ဌသိ၊ တည်၏။ သမ္မ၊ အချင်းယောက်ျား။ ပုဋ္ဌော၊ မေးအပ်သော သင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။ ကိံ ဒါရုံ၊ အဘယ်သစ်ပင်ကို။ ဆေတုံ၊ ဖြတ်ခြင်းငှါ။ ဣစ္ဆသိ၊ အလိုရှိသနည်း။

ထိုလက်သမားသည် ဝံ၏စကားကို ကြား၍ အို-လုလင်တို့အံ့ဘွယ်ရှိစွ၊ ဤနေ့မှ ရှေး၌ ဝံသည် လူစကားကို ပြောဆိုသည်ကို မမြင်စဘူး၊ ဤဝံသည် ရထားလုပ်ခြင်းငှါ လျောက်ပတ်သော သစ်ကို သိသည်ဖြစ်လတ္တံ့ဟုဆို၍ ထိုဝံကို ငါမေးအံ့ဟု ကြံ၍ မေးလိုရကား-

၁၅။ ဣဿော ဝနာနိ စရသိ၊ သမာနိ ဝိသမာနိ စ။
ပုဋ္ဌော မေ သမ္မ အက္ခာဟိ၊ ကိံဒါရု နေမိယာ ဒဠှံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၅။ သမ္မ၊ အဆွေ။ ဣဿော၊ ဝံသည်။ သမာနိ စ၊ ညီညွတ်သည်လည်း ဖြစ်ကုန်သော။ ဝိသမာနိ စ၊ မညီညွတ်သည်လည်း ဖြစ်ကုန်သော။ ဝနာနိ၊ တောတို့သို့။ စရသိ၊ သွား၏။ သမ္မ၊ အဆွေ။ ပုဋ္ဌော၊ မေးအပ်သော သင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။ ကိံ ဒါရု၊ အဘယ်သစ်သည်။ နေမိယာ၊ ရထားအကွပ် အလို့ငှါ။ ဒဠှံ၊ ခိုင်ခံ့သနည်း။

ထိုစကားကိုကြား၍ ဝံသည် ယခုအခါ ငါ၏အလိုသည် အပြီးသို့ ရောက်လတ္တံ့ဟု ကြံ၍ ပြောလိုရကား -

၁၆။ နေဝ သာလော န ခဒိရော၊ နာဿကဏ္ဏော ကကုဓော ဝါ။
ရုက္ခောဝ ဖန္ဒနော နာမ၊ တံ ဒါရု နေမိယာ ဒဠှံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၁၆။ သမ္မ၊ အဆွေလက်သမား။ သလော ဝါ၊ ပိတောက်ပင်သည်လည်း။ နေဝ ဒဠှော၊ မခိုင်။ ခဒိရော ဝါ၊ ရှားပင်သည်လည်း။ န ဒဠှော၊ မခိုင်။ အဿကဏ္ဏော ဝါ၊ အင်ကြင်းပင်သည်လည်း။ န ဒဠှော၊ မခိုင်။ ကကုဓော ဝါ၊ ဖောက်ကြံ့ပင်သည်လည်း။ န ဒဠှော၊ မခိုင်။ ဖန္ဒနော နာမ၊ ကြို့ပင်မည်သော။ ရုက္ခော၊ သစ်ပင်သည်။ အတ္ထိ၊ ရှိ၏။ တံဒါရု ဧဝ၊ ထိုကြို့ပင်သစ်သားသည်သာလျှင်။ နေမိယာ၊ လှည်းရထား အကွပ်အလို့ငှာ။ ဒဠှံ၊ ခိုင်ခံ့၏။

ထိုစကားကိုကြား၍ လက်သမားသည် နှစ်လိုဝမ်းသာသည်ဖြစ်၍ ရှေးနေ့တို့၌ တောသို့ဝင်သော ငါ့အား တိရစ္ဆာန်သည် ရထားလုပ်ခြင်းငှါ လျောက်ပတ်သောသစ်ကို မကြားစဘူး၊ ယနေ့မူကား တိရစ္ဆာန်သည် ငါ့အား ရထားလုပ်ခြင်းငှါ လျောက်ပတ်သော သစ်ကို ကြားပေ၏။ ဪ ကောင်းစွဟု ဆို၍ ထိုသစ်ကို ဝံအား မေးလိုရကား-

၁၇။ ကီဒိသာနိဿ ပတ္တာနိ၊ ခန္ဓော ဝါ ပန ကီဒိသော။
ပုဋ္ဌော မေ သမ္မ အက္ခာဟိ၊ ယထာ ဇာနေမု ဖန္ဒနံ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၁၇။ သမ္မ၊ အဆွေ။ အဿ၊ ထိုကြို့ပင်၏။ ပတ္တာနိ၊ အရွက်တို့သည်။ ကီဒိသာနိ၊ အဘယ်သို့ သဘောရှိကုန်သနည်း။ ခန္ဓော ဝါ ပန၊ ပင်စည်သည်ကား။ ကီဒိသော၊ အဘယ်သို့ ရှိသနည်း။ ယထာ၊ အကြင်အခြင်းဖြင့် ကြားသည်ရှိသော်။ ဖန္ဒနံ၊ ကြို့ပင်ကို။ မယံ၊ ငါတို့သည်။ ဇာနေမု၊ သိရကုန်၏။ တထာ၊ ထိုအခြင်းဖြင့်။ ပုဋ္ဌော၊ မေးအပ်သောသင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။

ထိုအခါ ဝံသည် လက်သမားတို့အား ကြားလိုရကား-

၁၈။ ယဿ သာခါ ပလမ္ဗန္တိ၊ နမန္တိ န စ ဘဉ္ဇရေ။
သော ရုက္ခာ ဖန္ဒနော နာမ၊ ယဿ မူလေ သွာဟံ ဌိတော။
၁၉။ အရာနံ စက္ကနာဘီနံ၊ ဤသာ နေမိ ရထဿ စ။
သဗ္ဗဿ တေ ကမ္မနိယော၊ အယံ ဟေဿတိ ဖန္ဒနော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၈။ ယဿ၊ အကြင်ပင်၏။ သာခါ၊ အခက်တို့သည်။ ပလမ္ဗန္တိ၊ တွဲလျားကျကုန်၏။ နမန္တိ၊ အကိုင်းအခက်တို့သည် ညွတ်ကုန်၏။ သာခါ၊ အခက်တို့သည်။ န စ ဘဉ္ဇရေ၊ မကျိုးကုန်။ ယဿ၊ အကြင်သစ်ပင်၏။ မူလေ၊ အရင်း၌။ သွာဟံ-သောအဟံ၊ ထိုငါသည်။ ဌိတော၊ တည်၏။ သော ရုက္ခော၊ ထိုငါတည်သော သစ်ပင်သည်။ ဖန္ဒနော နာမ၊ ကြို့ပင်မည်၏။

၁၉။ အရာနံ၊ အကန့်တို့၏၎င်း။ စက္ကနာဘီနံ၊ ရထားလှည်းဘီး ပုံတောင်းတို့၏၎င်း။ ဤသာနေမိ ရထဿ စ၊ ဝက်စွယ်အကွပ်ရထား၏၎င်း။ တေ၊ သင်၏။ သဗ္ဗဿ၊ အလုံးစုံသော ရထားအား။ အယံ ဖန္ဒနော၊ ဤကြို့ပင်သည်။ ကမ္မနိယော၊ အမှု၌ ခံ့သည်။ ဟေဿတိ၊ ဖြစ်လတ္တံ့။

ထိုဝံသည် ဤသို့ လက်သမားအား ကြားပြီးလျှင် နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ခရီးတကြောင်းဖြင့် သွားလေ၏။ လက်သမားသည်လည်း ကြို့ပင်ကို ဖြတ်အံ့သောငှါ အားထုတ်၏။ ကြို့ပင်စောင့်နတ်သည် ကြံ၏။ ငါသည် ထိုဝံ၏အပေါ်၌ တစုံတခုကိုမျှ မချ၊ ဤဝံသည် အရာမဟုတ်သည်၌ ရန်ငြိုးဖွဲ့၍ ငါ့ဗိမာန်ကို ဖျက်ဆီး၏။ တခုသော ဥပါယ်တမျဉ်ဖြင့် ဤဝံအား ဤလက်သမားကိုပင်လျှင် ဖျက်ဆီးစေအံ့ဟု ကြံ၏။ ကြံပြီးလျှင် တောလုပ်သော ယောက်ျားအသွင် ဖန်ဆင်း၍ လက်သမားအထံသို့ လာလတ်၍ မေး၏။

အို-ယောက်ျား သင်သည် နှစ်သက်ဘွယ်သော ဤသစ်ပင်ကို ရံ၏။ ဤသစ်ပင်ကို ဖြတ်၍ အသို့ပြုအံ့နည်းဟု မေး၏။ ရထားအကွပ်ကို ပြုအံ့ဟု ဆိုသည်ရှိသော် ဤသစ်ပင်ဖြင့် ရထားဖြစ်လတ္တံ့ဟု အဘယ်သူ သင့်အား ကြားသနည်းဟု မေး၏။ ဝံတခုသည် ကြား၏ဟု ဆိုသည်ရှိသော် ကောင်းစွာ ကြားပေ၏။ ဤကြို့ပင်ဖြင့် လှည်းရထားသည် အလွန်ကောင်းသည်ဖြစ်လတ္တံ့၊ ထိုထက် ဝံရေကိုခွဲ၍ လက်လေးသစ် အတိုင်းအရှည်ရှိသော အရပ်၌ သံပြားပတ်သကဲ့သို့ အကွပ်ဝန်းကို ရစ်သည်ရှိသော် အကွပ်သည်လည်း အလွန် ခိုင်သည်ဖြစ်လတ္တံ့၊ များစွာသော ရထားအဘိုးဥစ္စာကိုလည်း ရလတ္တံ့ဟု ဆို၏။ ဝံရေကို အဘယ်မှာရအံ့နည်းဟု မေးသည်ရှိသော် သင်သည် မလိမ်မာသည် ဖြစ်၏။ ဤကြို့ပင်သည် တော၌တည်သေး၏။ မပြေးလတ္တံ့၊ အကြင်ဝံသည် သင့်အား သစ်ပင်ကို ကြား၏။ ထိုဝံ၏ အထံသို့ သင်သွား၍ အချင်းဝံ- သင်ပြအပ်သော သစ်ပင်ကို အဘယ်အရပ်၌ ဖြတ်ရအံ့နည်းဟု လှည့်စား၍ ဆောင်လော့၊ ထိုသို့ဆောင်ပြီးသော် ယုံမှားမရှိ ဤအရပ်၌၎င်း ဤအရာ၌၎င်း ဖြတ်လော့ဟု နှုတ်သီးဖျားကို ခတ်၍ကြားသော ထိုဝ့ကို ထက်လှစွာသော ပုဆိန်ကြီးဖြင့် ဖြတ်၍ အသက်ကုန်ခြင်းသို့ ရောက်စေပြီးလျှင် ဝံရေကိုယူ၍ ကောင်းမြတ်သော အသားကိုစား၍ ကြို့ပင်ကို ဖြတ်လော့ ဟု ရန်ကိုဖြစ်စေ၏။

ထိုအကြောင်းကို ထင်ပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၂၀။ ဣတိ ဖန္ဒန ရုက္ခောပိ၊ ဒေဝတာ အဇ္ဈဘာသထ။
မယှမ္ပိ ဝစနံ အတ္ထိ၊ ဘာရဒွါဇ သုဏောဟိ မေ။
၂၁။ ဣမဿ ဥပခန္ဓမှာ၊ ဥက္ကစ္စ စတုရင်္ဂုလံ။
တေန နေမိံ ပသာရေဟိ၊ ဧဝံ ဒဠှတရံ သိယာ။
၂၂။ ဣတိ ဖန္ဒန ရုက္ခောပိ၊ ဝေရံ အပ္ပေတိ တာဝဒေ။
ဇာတာနဉ္စ အဇာတာနံ၊ ဤသာနံ ရုက္ခ မာဝဟိ။

ဟူသော ဤသုံးဂါထာတို့ကို ဟောတော်မူ၏။

၂၀။ မဟာရာဇာ၊ မြတ်သောမင်းမျိုးတို့။ ဖန္ဒန ရုက္ခောပိဒေဝတာ၊ ကြို့ပင်စောင့် နတ်သည်လည်း။ ဣတိ၊ ဤသို့။ အဇ္ဈဘာသထ၊ ဆိုလေ၏။ ဘာရဒွါဇ၊ ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏား။ မေ၊ ငါ၏။ ဝစနံ၊ ကို။ သုဏောဟိ၊ နာလော့။ မယှမ္ပိ၊ ငါ့အားလည်း။ ဝစနံ၊ စကားဆိုဘွယ်သည်။ အတ္ထိ၊ ရှိ၏။

၂၁။ ဣမဿ၊ ဤဝံ၏။ စမ္မံ၊ အရေကို။ ဥပခန္ဓမှာ၊ အပိုင်ပိုင်း။ စတုရင်္ဂုလံ၊ လက်လေးသစ်။ ဥက္ကစ္စ၊ ဖြတ်၍။ တေန၊ ထိုဝံရေဖြင့်။ နေမိံ၊ လှည်းရထားအကွပ်ကို။ ပသာရေဟိ၊ ကြက်လော့။ ဧဝံ၊ ဤသို့ ဝံရေကို ကြက်သည်ရှိသော်။ ဒဠှတရံ၊ အလွန်ခိုင်သည်။ သိယာ၊ ဖြစ်ရာ၏။

၂၂။ ဣတိ၊ ဤသို့။ ဖန္ဒန ရုက္ခောပိ၊ ကြို့ပင်စောင့်နတ်သည်လည်း။ တာဝဒေ၊ ထိုခဏ၌။ ဝေရံ၊ ရန်ကို။ အပ္ပေတိ၊ ဖြစ်စေ၏။ ဇာတာနဉ္စ၊ ဖြစ်ပြီးသည်လည်း ဖြစ်ကုန်သော။ အဇာတာနံ၊ မဖြစ်သေးသည်လည်း ဖြစ်ကုန်သော။ ဤသာနံ၊ ဝက်စွယ်တို့၏။ အတ္ထာယ၊ အကျိုးငှာ။ ရုက္ခံ၊ သစ်ပင်ကို။ အာဝဟိ၊ သင် ဆောင်လေလော့။

လက်သမားသည် ကြို့ပင်စောင့်နတ်စကားကို ကြား၍ ဪအံ့ဘွယ်ရှိစွ၊ ယနေ့ ငါ့အား မင်္ဂလာရှိသောနေ့တည်းဟု ဆို၍ ဝံကိုသတ်ပြီးလျှင် ကြို့ပင်ကိုဖြတ်၍ သွားလေ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော မြတ်စွာဘုရားသည်-

၂၃။ ဣစ္စေဝံ ဖန္ဒနော ဣဿံ၊ ဣဿော စ ပန ဖန္ဒနံ။
အညမညံ ဝိဝါဒေန၊ အညမညမဃာတယုံ။
၂၄။ ဧဝမေဝ မနုဿာနံ၊ ဝိဝါဒေါ ယတ္ထ ဇာယတိ။
မယူရနစ္စံ နစ္စန္တိ၊ ယထာ တေ ဣဿ ဖန္ဒနာ။
၂၅။ တံ ဝေါ ဝဒါမိ ဘဒ္ဒန္တေ၊ ယာဝန္တေတ္ထ သမာဂတာ။
သမ္မောဒထ မာဝိဝဒထ၊ မာဟောထ ဣဿ ဖန္ဒနာ။
၂၆။ သာမဂျမေဝ သိက္ခေထ၊ ဗုဒ္ဓေဟေ တံ ပသံသိတံ။
သာမဂျရတော ဓမ္မဋ္ဌော၊ ယောဂက္ခေမာ န ဓံသတိ။

ဟူသော ဤလေးဂါထာတို့ကို ဟောတော်မူ၏။

၂၃။ မဟာရာဇာ၊ မြတ်သောမင်းမျို့တို့။ ဣစ္စေဝံ-ဣတိဧဝံ၊ ဤသို့လျှင်။ ဖန္ဒနော၊ ကြို့ပင်စောင့်နတ်သည်။ ဣဿံ၊ ဝံကို။ ဣဿာ စ ပန၊ ဝံသည်လည်း။ ဖန္ဒနံ၊ ကြို့ပင်စောင့်နတ်ကို။ အညမညံ၊ အချင်းချင်း။ ဝိဝါဒေန၊ ခိုက်ရန်ပြုကြသဖြင့်။ အညမညံ၊ အချင်းချင်း။ အဃာတယုံ၊ သတ်ကုန်၏။

၂၄။ တေ ဣဿဖန္ဒနာ ယထာ၊ ထိုဝံနှင့် ကြို့ပင်စောင့်နတ်တို့ကဲ့သို့။ ဧဝမေဝ၊ ဤအတူလျှင်။ မနုဿာနံ၊ လူတို့၏။ ဝါ၊ လူတို့အား။ ယတ္ထ၊ အကြင်အရပ်၌။ ဝိဝါဒေါ၊ ငြင်းခုံခြင်းခိုက်ရန်သည်။ ဇာယတိ၊ ဖြစ်၏။ တတ္ထ၊ ထိုအရပ်၌။ မယူရ နစ္စံ၊ ဥဒေါင်းကဲ့သို့ ကခြင်းကို။ နစ္စန္တိ၊ ကသည် မည်ကုန်၏။

၂၅။ မဟာရာဇာ၊ မင်းမြတ်တို့။ တံတေန၊ ထို့ကြောင့်။ ဝေါ၊ သင်မင်းမြတ်တို့အား။ အဟံ၊ ငါသည်။ ဝဒါမိ၊ ဟောအံ့။ တေ၊ သင်မင်းမြတ်တို့အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဧတ္ထ၊ ဤအရပ်၌။ ယာဝန္တာ၊ အကြင်မျှလောက်ကုန်သော။ သမာဂတာ၊ အညီအညွတ် လာကုန်သော မင်းတို့သည်။ သမ္မောဒထ၊ ဝမ်းမြောက်ကြကုန်။ မာ ဝိဝဒထ၊ ခိုက်ရန် မဖြစ်ကြကုန်လင့်။ ဣဿဖန္ဒနာ၊ ဝံနှင့်ကြို ပင်စောင့်နတ်တို့ကဲ့သို့။ မာ ဟောထ၊ မဖြစ်ကြကုန်လင့်။

၂၆။ ဟောရာဇာ၊ မင်းမြတ်တို့။ တုမှေ၊ သင်မင်းမြတ်တို့သည်။ သာမဂျမေဝ၊ ညီညွတ်သည်၏ အဖြစ်ကိုသာလျှင်။ သိက္ခေထ၊ ကျင့်ကြကုန်လော့။ ဧတံ၊ ထိုသို့ ညီညွတ်သည်၏ အဖြစ်ကို။ ဗုဒ္ဓေဟိ၊ မြတ်စွာဘုရားတို့သည်။ ပသံသိတံ၊ ချီးမွမ်းတော်မူအပ်၏။ သာမဂျရတော၊ ညီညွတ်သည်၏ အဖြစ်၌ မွေ့လျော်သော။ ဓမ္မဋ္ဌော၊ သုစရိုက်တရား၌ တည်သောသူသည်။ ယောဂက္ခေမာ၊ ယောဂလေးပါးတို့၏ ကုန်ရာ နိဗ္ဗာန်မှ။ န ဓံသတိ၊ မယုတ်။

သာကီဝင်မင်းတို့သည် မြတ်စွာဘုရား၏ တရားတော်ကို နာရ၍ ညီညွတ်သင့်တင့်ကြသည် ဖြစ်ကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ မင်းမြတ်တို့ ယခုအခါ ငါဘုရားသည်လျှင် ထိုအကြောင်းကို သိ၍ ထိုတောအုပ်၌နေသော နတ်ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ခိုက်ရန်ပျိုးခဲ့၊ ရန်ငြိုးဖွဲ့၊ ကျိုးမဲ့ပျက်စီးမည်

နှစ်ခုမြောက်သော ဖန္ဒနဇာတ်သည် ပြီး၏။

*****