စူဠနာရဒဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၇၇။ စူဠနာရဒဇာတ် (၄)

တေရသကနိပါတ်

၄။ စူဠနာရဒဇာတ်

ကိလေသာနိုင်ငံသို့ မလိုက်သင့်ကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် န တေ ကဋ္ဌာနိ ဘိန္နာနိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစူဠနာရဒဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အပျိုကြီး ဖျားယောင်းသည်ကို အကြောင်း ပြု၍ ဟောတော်မူ၏။

ထိုစကားကို ချဲ့ဦးအံ့။ သာဝတ္ထိပြည်၌နေသော တဦးသော အမျိုးအား အသက်တဆယ့်ငါးနှစ် တဆယ့်ခြောက်နှစ်ရှိသော သမီးသည်ရှိ၏။ ထိုသတို့သမီးသည် တင့်တယ်ခြင်းသို့ ရောက်၏။ တစုံတယောက်သော သူတို့သည် ထိုသတို့သမီးကို အလိုမရှိ၊ ထိုအခါ ထိုသတို့သမီး၏ အမိသည် ကြံ၏။ ငါ့သမီးသည် အရွယ်သို့ရောက်ပြီ၊ တစုံတယောက်သောသူမျှလည်း ငါ့သမီးကို မတောင်းလာ၊ အစာဖြင့် ငါးကို မျှားသကဲ့သို့ ငါ့သမီးဖြင့် သာကီဝင်မင်းမျိုးဖြစ်သော ရဟန်းကို ဖျားယောင်း၍ လူထွက်စေပြီးလျှင် ထိုလူထွက်ကို မှီ၍ အသက်မွေးအံ့ဟု ကြံ၏။

ထိုအခါ၌လည်း သာဝတ္ထိပြည်၌နေသော တယောက်သော အမျိုးသားသည် သာသနာတော်၌ အသက်ကို စွန့်၍ ရဟန်းပြုပြီးလျှင် ပဉ္စင်းအဖြစ်ကို ရသောအခါမှစ၍ ရဟန်းတရားကို ကျင့်လိုသောအဖြစ်ကို စွန့်သဖြင့် ပျင်းရိသည်ဖြစ်၍ ကိုယ်ကို တန်ဆာဆင်ခြင်းနှင့် ယှဉ်လျက်နေ၏။ တကာမကြီးသည် မိမိအိမ်၌ ယာဂုခဲဘွယ် ဘောဇဉ်တို့ကို ပြည့်စုံစေပြီးလျှင် အိမ်တံခါး၌ ရပ်၍ ခရီးလမ်းမဖြင့် သွားကုန်သော ရဟန်းတို့တွင် ရသတဏှာဖြင့်ဖွဲ့၍ ယူခြင်းငှါတတ်နိုင်သော ထိုသို့သဘောရှိသော ရဟန်းတယောက်ကို စုံစမ်းသည်ရှိသော် များစွာသော အခြံအရံဖြင့်သွားကုန်သော ပိဋကတ်သုံးပုံကို ဆောင်သောရဟန်း, အဘိဓမ္မာကို ဆောင်သောရဟန်း, ဝိနည်းကိုဆောင်သော ရဟန်းတို့၏အလယ်၌ တစုံတယောက်သော ယူထိုက်သောရဟန်းကို မမြင်၍ ထိုရဟန်းတို့၏နောက်မှ သွားကုန်သော သာယာစွာသော တရားစကားကို ပြောဟောတတ်ကုန်သော တခဲနက်မပြတ်သော တိမ်တိုက်နှင့်တူကုန်သော ပိဏ္ဍပါတ်ဆောက်တည်ကုန်သော ရဟန်းတို့၏အတွင်း၌လည်း တစုံတယောက်သော ရဟန်းကိုမျှ မမြင်၍လျှင် အကြင်မျှလောက် ရဟန်းတို့၏အပ၌ အင်္ဂါကြီးငယ်တို့ကို၎င်း, မျက်စိတို့ကို၎င်း တန်ဆာဆင်ပြီးလျှင် ဘွဲ့ဖြူသင်းပိုင်ကိုဝတ်၍ စပ်မိကာမျှသာဖြစ်သော ကိုယ်ဝတ် ဒုကုဋ်သင်္ကန်းကိုရုံ၍ မြအဆင်းနှင့်တူသော သပိတ်ကိုပိုက်၍ နှစ်သက်ဘွယ်ရှိသောထီးကို ဆောင်းစေလျက် ဣန္ဒြေတို့ကိုစွန့်၍ ကိုယ်ကိုပြုပြင်ခြင်း များသည်ဖြစ်၍ လာသော ရဟန်းကိုမြင်လျှင် ဤရဟန်းကို ယူခြင်းငှါ တတ်ကောင်း၏ဟု ဆို၍ အရှင်ဘုရား ကြွတော်မူပါလော့ဟု အိမ်သို့ပင့်၍ နေစေပြီးလျှင် ယာဂုအစရှိသည်တို့ဖြင့် လုပ်ကျွေး၍ ဆွမ်းစားခြင်းကိစ္စ ပြီးလတ်သော် အရှင်ဘုရား ဤနေ့မှစ၍ အကျွန်ုပ်အိမ်သို့သာလျှင် ကြွတော်မူပါကုန်လော့ဟု ဆို၏။ ထိုရဟန်းသည် ထိုနေ့မှစ၍ ထိုအိမ်သို့သာလျှင်လာ၍ နောက်အဘို့၌ အကျွမ်းဝင်သည် ဖြစ်၏။

ထိုအခါ တနေ့သ၌ တကာမကြီးသည် ထိုရဟန်းအား ကြားကောင်းသောအရပ်၌ ရပ်၍ ဤအိမ်၌ အသုံးအဆောင် ဥစ္စာသာလျှင် ရှိ၏။ စင်စစ်သော်ကား ထိုဥစ္စာနှင့်လျော်သော ငါ့အား သားသည်၎င်း, သားမက်သည်၎င်း အိမ်ကိုစိုးအုပ်စီရင်နိုင်သော သူသည် မရှိဟု ဆို၏။ ထိုရဟန်းသည် တကာမကြီးစကားကို ကြား၍ အဘယ်အကြောင်းကြောင့် ဆိုလေသနည်းဟု အတန်ငယ် ရင်၌ထိုးသကဲ့သို့ ဖြစ်၏။ ထိုတကာမကြီးသည်လည်း သမီးကို ဆိုလေ၏။ ဤရဟန်းကို ဖြားယောင်း၍ ချစ်သမီး၏အလိုကို ဖြစ်စေလော့ဟု ဆို၏။ ထိုသမီးသည် ထိုနေ့မှစ၍ တန်ဆာဆင်သဖြင့် တင့်တယ်စေလျက် မိန်းမတို့၏ အမူအရာ အသွင်အပြင် စံပယ်ခြင်းတို့ဖြင့် ထိုရဟန်းကို ဖြားယောင်း၏။ ထိုရဟန်းငယ်သည် ကိလေသာနိုင်ငံသို့လိုက်သည်ဖြစ်၍ ယခုအခါ ငါသည် ဘုရားသခင်သာသနာတော်၌ တည်ခြင်းငှာ မတတ်နိုင်ပြီဟု ကြံ၍ ကျောင်းသို့ သွားပြီးလျှင် သပိတ်သင်္ကန်းကိုအပ်၍ ဤမည်သောအရပ်သို့လာအံ့၊ ထိုအရပ်သို့ ငါ့အား အဝတ်ပုဆိုးတို့ကို ပို့လာစေကုန်လော့ ဟု မှာထားခဲ့၍ ကျောင်းသို့သွားပြီးလျှင် သပိတ်သင်္ကန်းကို အပ်နှင်းပြီး၍ ငြီးငွေ့ခြင်းသည် ဖြစ်၏ဟု ဆရာဥပဇ္ဈာယ်တို့ကို လျှောက်၏။

ဆရာဥပဇ္ဈာယ်တို့သည် ထိုရဟန်းကိုယူ၍ မြတ်စွာဘုရား အထံတော်သို့သွား၍ အရှင်ဘုရား ဤရဟန်းသည် သာသနာတော်၌ ငြီးငွေ့၏ဟု လျောက်ကုန်၏။ မြတ်ဘုရားသည် ရဟန်း သင်သည် ငြီးငွေ့သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၍ အရှင်ဘုရား မှန်ပေ၏ဟု နားတော် လျှောက်သည်ရှိသော် အဘယ်သူသည် ငြီးငွေ့စေသနည်းဟု မိန့်တော်မူသော် အရှင်ဘုရား အပျိုကြီးသည် ငြီးငွေ့စေ၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်း ဤအပျိုကြီးသည် ရှေး၌လည်း တော၌နေသော သင့်အား မြတ်သောအကျင့်၏ အန္တရာယ်ကိုပြု၍ ကြီးစွာသော ပျက်စီးခြင်းကို ပြုဘူးလေပြီ၊ တဖန် သင်သည် ထိုအပျိုကြီးကိုမှီ၍ အဘယ့်ကြောင့် ငါဘုရား သာသနာတော်၌ ငြီးငွေဘိသနည်းဟု မိန့်တော်မူ၍ ဆိတ်ဆိတ် နေတော်မူ၏။ ထိုအခါ ရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်းဝယ် များစွာသော စည်းစိမ်ဥစ္စာရှိသော ပုဏ္ဏားအမျိုး၌ ဖြစ်၍ သင်အပ်ပြီးသော အတတ်ရှိသည်ဖြစ်၍ ဥစ္စာကို ဖြစ်စေ၏။ ထိုအခါ ဘုရားလောင်း၏ မယား

သည် သားတယောက်ကို ဖွားမြင်ပြီးလျှင် သေ၏။ ထိုဘုရားလောင်းသည် ငါ၏ ချစ်လှစွာသော မယားအား သေခြင်းသည် မရှက်သကဲ့သို့ ထို့အတူ ငါ့ကိုလည်း သေခြင်းသည် မရှက်လတ္တံ့၊ ငါ့အား အိမ်၌နေသဖြင့် အဘယ်အကျိုးရှိပါအံ့နည်း၊ ရဟန်းပြုအံ့ဟု ကြံ၍ ကာမတို့ကို စွန့်ပြီးလျှင် သားငယ်ကိုယူ၍ ဟိမဝန္တာသို့ဝင်လေ၍ သားငယ်နှင့်တကွ ရသေ့ရဟန်း ပြုပြီးလျှင် ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ တောသစ်မြစ် သစ်သီးဟူသော အစာရှိသဖြင့် ဟိမဝန္တာ၌ နေလေ၏။

ထိုအခါ ပစ္စန္တရစ်ရွာ၌ နေကုန်သော ခိုးသူတို့သည် ဇနပုဒ်သို့ဝင်၍ မြို့ရွာကို တိုက်ဖျက်ပြီးလျှင် သမီးပျိုသားပျိုတို့ကိုယူ၍ ဥစ္စာထုပ်ကို ဆောင်စေပြီးလျှင် တဖန် ပစ္စန္တရစ်သို့ ရောက်စေကုန်၏။ ထိုအခါ မိန်းမတို့၏အတွင်း၌ အလွန် အဆင်းလှသော သတို့သမီးတယောက်သည် ထက်သောပညာနှင့် ပြည့်စုံသတတ်၊ ထိုသတို့သမီးသည် ကြံ၏။ ဤခိုးသူတို့သည် ငါတို့ကိုဖမ်းယူ၍ မိမိတို့၏အိမ်၌ ကျွန်အသုံးအဆောင်အဖြစ်ဖြင့် သုံးဆောင်ကုန်လတ္တံ့၊ တခုသော ဥပါယ်တမျဉ်ဖြင့် ပြေးခြင်းငှါ သင့်၏ဟု ကြံ၍ အရှင်- အကျွန်ုပ်သည် ကိုယ်လက်သုတ်သင်ခြင်းကို ပြုလို၏။ အတန်ငယ် သွား၍ ရပ်လင့်ပါဟု ဆို၍ ခိုးသူတို့ကို လှည့်စားသဖြင့် ပြေး၍ တောသို့ဝင်သည်ရှိသော် ဘုရားလောင်းသည် သားရသေ့ငယ်ကို ကျောင်း၌ထား၍ သစ်သီးကြီးငယ်အလို့ငှာ သွားသောကာလ၌ နံနက်အခါ ကျောင်းသို့ရောက်၍ ရသေ့ငယ်ကို ကာမ၌မွေ့လျော်ခြင်းဖြင့် ဖြားယောင်း၍ ထိုရသေ့ငယ်၏ သီလကိုဖျက်၍ မိမိအလိုသို့ လိုက်သည်ကိုပြုပြီးလျှင် သင့်အား တော၌နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လာလှည့် ရွာသို့သွား၍ နေကုန်အံ့၊ ထိုစကားသည် မှန်၏။ ထိုရွာ၌ ရူပါရုံအစရှိကုန်သော ကာမဂုဏ်တို့သည် ရလွယ်ကုန်၏ဟု ဆို၏။ ထိုရသေ့ငယ်သည်လည်းကောင်းပြီဟု ဝန်ခံပြီး၍ အဖသည် တောမှ သစ်သီးကြီးငယ်ကို ဆောင်ခြင်းငှါ သွား၏။ ထိုအဖကို ဖူးမြင်၍ နှစ်ယောက်ကုန်သော ငါတို့သည် အတူသွားကုန်အံ့ဟု ဆို၏။

ထိုသတို့သမီးသည် ကြံ၏။ ဤရသေ့သည် သူငယ်တည်း၊ တစုံတခုကိုမျှ မသိ၊ ရသေ့ငယ်၏ အဖသည်ကား ကြီးရင့်သည်၏ အဖြစ်ကြောင့် ရဟန်းပြုသည် ဖြစ်ရာ၏။ ထိုအဖလာသည်ရှိသော် ကျောင်း၌ နင် အသို့နည်းဟု ငါ့ကို သတ်ပုတ်ပြီး၍ ခြေကိုကိုင်သဖြင့် ငင်၍ တောသို့ပစ်လိုက်လတ္တံ့၊ ထို့ကြောင့် အဖရသေ့ကြီးသည် မလာမီ ငါ ပြေးလင့်အံ့ဟု ကြံ၏။ ကြံပြီး၍ ထိုရသေ့ငယ်ကို အမောင်- အကျွန်ုပ်သည် ရှေ့က သွားနှင့်အံ့၊ အမောင်သည် နောက်မှ လာခဲ့လော့ဟု ခရီးလမ်းအမှတ်ကို ကြားခဲ့၍ သွားလေ၏။ ထိုရသေ့ငယ်သည် သတို့သမီး သွားသောအခါမှ စ၍ နှလုံးမသာခြင်းသို့ ရောက်သဖြင့် ရှေးကဲ့သို့ တစုံတခုသော ဝတ်ကို မပြုမူ၍ ဦးခေါင်းကိုခြုံ၍ ကျောင်းတွင်း၌ ကြံမှိုင်လျက် အိပ်၏။ ဘုရားလောင်းသည် သစ်သီးကြီးငယ်ကို ယူ၍ လာသည်ရှိသော် ထိုမိန်းမ၏ ခြေရာကိုမြင်၍ ဤခြေရာသည် မိန်းမခြေရာတည်း၊ ထို့ကြောင့် ငါ့သားသီလသည် ပျက်သည်ဖြစ်လတ္တံ့ဟု ကြံလျက် ကျောင်းတွင်းသို့ဝင်ပြီးလျှင် သစ်သီးကြီးငယ်ကိုချ၍ သားငယ်ကို မေးလိုရကား-

၄၀။ န တေ ကဋ္ဌာနိ ဘိန္နာနိ၊ န တေ ဥဒက မာဘတံ။
အဂ္ဂိပိ တေ န ဟာပိတော၊ ကိန္နု မန္ဒောဝ ဈာယသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၄၀။ တာတ၊ ချစ်သား။ တေ၊ သင်ချစ်သားသည်။ ကဋ္ဌာနိ၊ ထင်းတို့ကို။ န ဘိန္နာနိ၊ မခွဲကုန်။ တေ၊ သင်ချစ်သားသည်။ ဥဒကံ၊ ရေကို။ န အာဘတံ၊ မဆောင်။ တေ၊ သင်ချစ်သားသည်။ အဂ္ဂိပိ၊ မီးကိုလည်း။ န ဟာပိတော၊ မညှိ။ ကိံ၊ အဘယ့်ကြောင့်။ တွံ၊ သင်ချစ်သားသည်။ မန္ဒော ဣဝ၊ ပညာနည်းသောသူကဲ့သို့။ ဈာယသိ နု၊ မှိုင်သနည်း။

ထိုသားရသေ့ငယ်သည် အဖစကားကို ကြားလျှင် ထ၍ အဖရသေ့ကိုရှိခိုး၍ ရိုသေသဖြင့်လျှင် တောနေရာမှ လူ့ နေရာသို့ သွားခြင်းငှါ အဖရသေ့ကြီးကို ပန်ကြားလိုရကား-

၄၁။ န ဥဿဟေ ဝနေ ဝတ္ထုံ၊ ကဿပါမန္တယာမိ တံ။
ဒုက္ခော ဝါသော အရညမှိ၊ ရဋ္ဌံ ဣစ္ဆာမိ ဂန္တဝေ။
၄၂။ ယထာ အဟံ ဣတော ဂန္တွာ၊ ယသ္မိံ ဇနပဒေ ဝသံ။
အာစာရံ ဗြဟ္မံ သိက္ခေယျံ၊ တံ ဓမ္မံ အနုသာသ မံ။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

၄၁။ ကဿပ၊ ကဿပ အနွယ်ဖြစ်သော ဖခင်ရသေ့။ တံ၊ သင်ဖခင်ကို။ အာမန္တယာမိ၊ ပန်ကြားပါ၏။ အဟံ၊ အကျွန်ုပ်သည်။ ဝနေ၊ တော၌။ ဝတ္ထုံ၊ နေခြင်းငှါ။ န ဥဿဟေ၊ မစွမ်းနိုင်ပါ။ အရညမှိ၊ တော၌။ ဝါသော၊ နေခြင်းသည်။ ဒုက္ခော၊ ဆင်းရဲစွာ၏။ ရဋ္ဌံ၊ ပြည်ရွာသို့။ ဂန္တဝေ၊ သွားခြင်းငှါ။ ဣစ္ဆာမိ၊ အလိုရှိပါ၏။

၄၂။ ယထာ၊ အကြင်အခြင်းဖြင့်။ အဟံ၊ အကျွန်ုပ်သည်။ ဣတော၊ ဤတောမှ။ ဂန္တွာ၊ သွား၍။ ယသ္မိံ ဇနပဒေ၊ အကြင်ဇနပုဒ်၌။ ဝသံ-ဝသန္တော၊ နေသည်ရှိသော်။ ဗြဟ္မံ၊ မြတ်သော။ အာစာရံ၊ အကျင့်ကို။ သိက္ခေယျံ၊ ကျင့်ရာ၏။ တံ ဓမ္မံ၊ ထိုမြတ်သောအကျင့်ကို။ မံ၊ အကျွန်ုပ်ကို။ အနုသာသ၊ ဆုံးမတော်မူပါလော့။

ဘုရားလောင်းသည် ချစ်သား ကောင်းပြီ၊ ဒေသအကျင့်ကို သင်ချစ်သားအား ငါဟောအံ့ဟု ဆို၍ ဟောလိုရကား-

၄၃။ သစေ အရညံ ဟေတွာန၊ ဝနမူလဖလာနိ စ။
ရဋ္ဌေ ရောစယသေ ဝါသံ၊ တံ ဓမ္မံ နိသာမေဟိ မေ။
၄၄။ မာ ဝိသံ ပဋိသေဝိတ္ထ၊ ပပါတံ ပရိဝဇ္ဇယ။
ပင်္ကော စ မာ ပဝိသိတ္ထော၊ ယတ္တောဝါသီဝိသေ စရ။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

၄၃။ တာတ၊ ချစ်သား။ တွံ၊ သင်ချစ်သားသည်။ သစေ၊ အကယ်၍။ အရညံ၊ တောကို၎င်း။ ဝနမူလဖလာနိ စ၊ တောသစ်မြစ် သစ်သီးတို့ကို၎င်း။ ဟေတွာန၊ စွန့်၍။ ရဋ္ဌေ၊ ပြည်ရွာ၌။ ဝါသံ၊ နေခြင်းကို။ ရောစယသေ၊ နှစ်သက်အံ့။ မေ၊ ငါ၏။ သန္တိကာ၊ အထံမှ။ တံ ဓမ္မံ၊ ထိုပြည်ရွာသူတို့ အကျင့်ကို။ နိသာမေဟိ၊ နာလော့။

၄၄။ ဝိသံ၊ အဆိပ်ကို။ မာ ပဋိသေဝိတ္ထ၊ မမှီဝဲလေလင့်။ ပပါတံ၊ ချောက်ကမ်းပါးပြတ်ကို။ ပရိဝဇ္ဇယ၊ ရှောင်ကြဉ်လေလော့။ ပင်္ကော စ၊ ညွန်ပျောင်းသို့လည်း။ မာ ပဝိသိတ္ထော၊ မဝင်လေလင့်။ ယတ္တောဝ၊ သတိပညာဖြင့် လုံ့လပြု၍ သာလျှင်။ အာသီဝိသေ၊ မြွေတို့၏ အနီး၌။ စရ၊ ကျင့်လေလော့။

သားရသေ့ငယ်သည် အကျဉ်းအားဖြင့် အဖဟောသော တရား၏ အနက်အဓိပ္ပါယ်ကို မသိသည်ဖြစ်၍ မေးလိုရကား-

၄၅။ ကိန္နု ဝိသံ ပပါတော ဝါ၊ ပင်္ကော ဝါ ဗြဟ္မစာရိနံ။
ကံ တွံ အာသီဝိသံ ဗြူသိ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဟူသော ဤဂါထာကို ဆို၏။

၄၅။ တာတ၊ ဖခင်။ ဗြဟ္မစာရိနံ၊ မြတ်သောအကျင့်ကို ကျင့်ကုန်သော ရသေ့ရဟန်းတို့အား။ ဝိသံ၊ အဆိပ်သည်။ ကိန္နု၊ အဘယ်နည်း။ ပပါတော၊ ချောက်ကမ်းပါးပြတ်သည်ကား။ ကော ဝါ၊ အဘယ်နည်း။ ပင်္ကော၊ ညွန်ပျောင်းကား။ ကော ဝါ၊ အဘယ်နည်း။ တွံ၊ သင်ဖခင်သည်။ ကံ၊ အဘယ်ကို။ အာသီဝိသံ၊ အဆိပ်ထန်သော မြွေဟူ၍။ ဗြူသိ၊ ဆိုသနည်း။ ပုစ္ဆိတော၊ မေးအပ်သော ဖခင်သည်။ တံ၊ ထိုအကြောင်းကို။ မေ၊ အကျွန်ုပ်အား။ အက္ခာဟိ၊ ကြားတော်မူလော့။

အဘရသေ့သည်လည်း ထိုရသေ့ငယ်ကို အကျယ် ဟောလိုရကား-

၄၆။ အာသဝေါ တာတ လောကသ္မိံ၊ သုရာ နာမ ပဝုစ္စတိ။
မနုညော သုရဘိ ဝဂ္ဂု၊ သာဒု ခုဒ္ဒ ရသူပမော။
ဝိသံ တဒါဟု အရိယာသေ၊ ဗြဟ္မစရိယဿ နာရဒ။
၄၇။ ဣတ္ထိယော တာတ လောကသ္မိံ၊ ပမတ္တံ ပမထေန္တိ တာ။
ဟရန္တိ မုနိနော စိတ္တံ၊ တုလံ ဘဋ္ဌံဝ မာလုတော။
ပပါတော ဧသော အက္ခာတော၊ ဗြဟ္မစရိယဿ နာရဒ။
၄၈။ လာဘော သိလောကော သက္ကာရော၊ ပူဇာ ပရကုလေသု စ။
ပင်္ကော ဧသောဝ အက္ခာတော၊ ဗြဟ္မစရိယဿ နာရဒ။
၄၉။ မဟန္တာ တာတ ရာဇာနော၊ အာဝသန္တိ မဟိံ ဣမံ။
တေ တာဒိသေ မနုဿိန္ဒေ၊ မဟန္တေ တာတ နာရဒ။
၅၀။ ဣဿရာနံ အဓိပတီနံ၊ န တေသံ ပါဒတော စရေ။
အာသီဝိသော သော အက္ခာတော၊ ဗြဟ္မစရိယဿ နာရဒ။
၅၁။ ဘတ္တတ္ထေ ဘတ္တကာလေ စ၊ ယံ ဂေဟမုပသင်္ကမေ။
ယဒေတ္ထ ကုသလံ ဇညာ၊ တတ္ထ ဃာသေသနံ စရေ။
၅၂။ ပဝိသေတွာ ပရကုလေ၊ ပါနတ္ထာ ဘောဇနတ္ထာ ဝါ။
မိတံ ခါဒေ မိတံ ဘုဉ္ဇေ၊ န စ ရူပေ မနံ ကရေ။
၅၃။ ဂေါဋ္ဌံ မဇ္ဇံ ကိရာဋဉ္စ၊ သဘာ နိကိရဏာနိ စ။
အာရကာ ပရိဝဇ္ဇေဟိ၊ ယာနီဝ ဝိသမံ ပဒံ။

ဟူသော ဤရှစ်ဂါထာတို့ကို ဆို၏။

၄၆။ တာတ၊ ချစ်သား။ လောကသ္မိံ၊ လောက၌။ အာသဝေါ၊ အရက်ကို။ သုရာ နာမ၊ သုရာ မည်၏ဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏။ မနုညော၊ စိတ်ကိုနှစ်သက်စေတတ်၏။ သုရဘိ၊ ကောင်းသောအနံ့ ရှိ၏။ ဝဂ္ဂု၊ ရဲရင့်သောအဖြစ်သို့ ရောက်စေတတ်၏။ သာဒုခုဒ္ဒရသူပမော၊ သာယာအပ်သော ယင်ပျားအရသာနှင့် တူ၏။ နာရဒ၊ ချစ်သားနာရဒ။ တံ၊ ထိုသေအရက်ကို။ ဗြဟ္မစရိယဿ၊ မြတ်သောအကျင့်ကို ကျင့်သောသူ၏။ ဝိသံ၊ အဆိပ်ဟူ၍။ အရိယာသေ၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည်။ အာဟု၊ ဆိုကုန်၏။

၄၇။ တာတ၊ ချစ်သား။ ဣတ္ထိယော၊ မိန်းမတို့သည်။ လောကသ္မိံ၊ လောက၌။ ပမတ္တံ့။ မေ့လျော့သော သတိရှိသော သူကို။ ပမထေန္တိ၊ မိမိအလိုသို့ဆောင်ခြင်းငှါ နှောက်မွှေတတ်ကုန်၏။ ဘဋ္ဌံ၊ သစ်ပင်မှ လျောကျသော။ တုလံ၊ လဲကို။ မာလုတော၊ လေသည်။ ဟရတိ ဣဝ၊ ဆောင်သကဲ့သို့။ မုနိနော၊ မေ့လျော့သော ရသေ့ရဟန်း၏။ စိတ္တံ၊ စိတ်ကို။ ဟရန္တိ၊ ဆောင်တတ်ကုန်၏။ နာရဒ၊ ချစ်သား နာရဒ၊ ဗြဟ္မစရိယဿ၊ မြတ်သောအကျင့်ကို ကျင့်သော ရသေ့ရဟန်းအား။ ဧသာ၊ ဤမိန်းမကို။ ပပါတော၊ ချောက် ကမ်းပါးပြတ်ဟူ၍။ အက္ခာတော၊ ဆိုအပ်၏။

"၄၈။ နာရဒ၊ ချစ်သား နာရဒ၊ လာဘော၊ လာဘ်များခြင်းသည်၎င်း။ သိလောကော၊ ကျော်စောခြင်းသည်၎င်း။ သက္ကာရော၊ လက်အုပ်ချီခြင်းအစရှိသော အရိုအသေပြုခြင်းသည်၎င်း။ ပူဇာ စ၊ ပန်း နံ့သာ အစရှိသည်တို့ဖြင့် ပူဇော်ခြင်းသည်၎င်း။ ပရကုလေသု၊ သူတပါး အိမ်တို့၌။ အတ္ထိ၊ ရှိ၏။ ဧသော၊ ဤ လာဘ သိလောက အစရှိသော အလုံးစုံကို။ ဗြဟ္မစရိယဿ၊ မြတ်သောအကျင့်ကို ကျင့်သော ရသေ့ရဟန်း၏။ ပင်္ကော၊ ညွန်ဟူ၍။ အက္ခာတော၊ ဆိုအပ်၏။ "

၄၉။ တာတ၊ ချစ်သား။ မဟန္တာ၊ ကြီးမြတ်သောအဖြစ်သို့ ရောက်ကုန်သော။ ရာဇာနော၊ မင်းတို့သည်။ ဣမံ မဟိံ၊ ဤမြေကို။ အာဝသန္တိ၊ စိုးအုပ်၍ နေကုန်၏။ နာရဒ၊ ချစ်သား နာရဒ။ မဟန္တေ၊ ကြီးမြတ်သောအဖြစ်သို့ ရောက်ကုန်သော။ တာဒိသေ၊ ထိုသို့သဘောရှိကုန်သော။ တေ မနုဿိန္ဒေ၊ ထိုမင်းတို့ကို။ မာ သေဝသိ၊ မမှီဝဲလေလင့်။

၅၀။ တာတ နာရဒ၊ ချစ်သားနာရဒ။ ဣသရာနံ၊ အစိုးရကုန်သော။ တေသံ အဓိပတီနံ၊ ထိုမင်းတို့၏။ ပါဒတော၊ ခြေရင်း၌။ န စရေ၊ မကျင့်လေလင့်။ သော၊ ထိုမင်းကို။ ဗြဟ္မစရိယဿ၊ ရသေ့ရဟန်းအား။ အာသီဝိသော၊ လျင်သော အဆိပ်ရှိသော မြွေဟူ၍။ အက္ခာတော၊ ဆိုအပ်၏။

၅၁။ နာရဒ၊ ချစ်သား နာရဒ။ ဘတ္တတ္ထေ၊ ထမင်းကို အလိုရှိသည် ဖြစ်၍၎င်း။ ဘတ္တကာလေစ၊ ထမင်းအခါ ရှိသည်ဖြစ်၍၎င်း။ ယံ ဂေဟံ၊ အကြင်အိမ်သို့။ ဥပသင်္ကမေ၊ ကပ်အံ့။ ဧတ္ထ၊ ထိုသို့ကပ်သော အိမ်တို့တွင်။ ယံ ဂေဟံ၊ အကြင်အိမ်သည်။ အတ္ထိ၊ ရှိ၏။ တံ ဂေဟံ၊ ထိုအိမ်သည်။ ကုသလံ၊ အပြစ်မရှိဟူ၍။ ဇညာ၊ သိအံ့။ တတ္ထ၊ ထိုအပြစ်မရှိသောအိမ်၌။ ဃာသေသနံ၊ ဝမ်းစာ ရှာမှီးခြင်းကို။ စရေ၊ ကျင့်ရာ၏။

၅၂။ နာရဒ၊ ချစ်သား နာရဒ။ ပရကုလေ၊ သူတပါးအိမ်၌။ ပါနတ္ထာ ဝါ၊ အဖျော်အလို့ငှါ၎င်း။ ဘောဇနတ္ထာ ဝါ၊ ဘောဇဉ်အလို့ငှါ၎င်း။ ပဝိသေတွာ၊ ဝင်သည်ရှိသော်။ မိတံ၊ နှိုင်းချင့်၍။ ခါဒေ၊ ခဲလေလော့။ မိတံ၊ နှိုင်းချင့်၍။ ဘုဉ္ဇေ၊ စားလေလော့။ ရူပေ၊ မိန်းမ၏အဆင်း၌။ မနံ၊ စိတ်ကို။ န စ ကရေ၊ မပြုလေလင့်။

၅၃။ တာတ၊ ချစ်သား နာရဒ။ တွံ၊ သင်ချစ်သားသည်။ ဂေါဋ္ဌံ၊ နွားအပေါင်းတို့၏ နေရာကို၎င်း။ မဇ္ဇံ၊ သေတင်းကုပ်ကို၎င်း။ ကိရာဋဉ္စ၊ သုရာကြူးသော သူကို၎င်း။ နိကိရဏာနိ၊ ရွှေ ငွေ သိုမှီးရာ အရပ်တို့ကို၎င်း။ သဘာ-သဘာယော စ၊ သဘင်တို့ကို၎င်း။ ယာနံ၊ ဆီ ထောပတ် တင်သောလှည်းသည်။ ဝိသမံ၊ မညီညွတ်သော။ ပထံ၊ လှည်းကြောင်းခရီးကို။ အာရကာ၊ ဝေးစွာ။ ပရိဝဇ္ဇတိ ဣဝ၊ ကြဉ်ရှောင်သကဲ့သို့။ အာရကာ၊ ဝေးစွာ။ ပရိဝဇ္ဇေဟိ၊ ကြဉ်ရှောင်လေလော့။

သားရသေ့ငယ်သည် အဖရသေ့ ဟောပြောစဉ်ပင်လျှင် သတိရ၍ ဖခင် အကျွန်ုပ်သည် လူ့ပြည်ခရီးဖြင့် အလိုမရှိပါပြီဟု ဆိုလေ၏။ ထိုအခါ သားရသေ့ငယ်အား အဖရသေ့သည် မေတ္တာအစရှိသော ဘာဝနာကို ကြား၏။ ထိုသားရသေ့ငယ်သည် အဖရသေ့၏ အဆုံးအမ၌ တည်၍ မကြာမြင့်မီလျှင် ဈာန်တို့ကို ဖြစ်စေ၏။ နှစ်ယောက်ကုန်သော ရသေ့သားအဖတို့သည် မယုတ်သော ဈာန်ရှိကုန်သည်ဖြစ်၍ စုတေကုန်လျှင် ဗြဟ္မာ့ပြည်၌ ဖြစ်ကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဤရဟန်းကို ဖြားယောင်းသော အပျိုကြီးသည် ထိုအခါ ရသေ့ငယ်ကို ဖြားယောင်းသော သတို့သ္မီး ဖြစ်ဘူးပြီ၊ ယခုအခါ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် ထိုအခါ သားရသေ့ငယ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အဖရသေ့ကြီး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မိန်းမဆန္ဒ၊ လိုက်မိက၊ သီလပျက်တတ်သည်

လေးခုမြောက်သော စူဠနာရဒဇာတ်သည် ပြီး၏။

*****