တေမိယဇာတ်တော်ကြီး/အခန်း-၁၆

From Wikisource
Jump to navigation Jump to search
တေမိယဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁၆။ ရထားထိန်းနှင့် စကားဆိုခန်း

ထိုသို့ နတ်၏တန်ဆာဖြင့် သိကြားမင်းကဲ့သို့ တင့်တယ်စွာတန်ဆာဆင်ပြီးသော တေမိမင်းသည် သိကြားမင်း၏ တင့်တယ်ခြင်းဖြင့် ရထားမှူးသုနန္ဒာ တွင်းတူးရာအရပ်သို့သွား၍ တွင်းနား၌ရပ်တော်မူလျက် ရထားမှူးအား-

ကိံ နု သန္တရမာနောဝ၊ ကာသုံ ခဏသိ သာရထိ။

ပုဋ္ဌော မေ သမ္မ အက္ခာဟိ၊ ကိံ ကာသုယာ ကရိဿတိ။

ဟူသော ဂါထာဖြင့် မေး၏။

အဓိပ္ပာယ်ကား-

“အသို့နည်း။ လူမမြင်မီ အဆောတလျင် ရွှေအိုးကိုမြှုပ်ထား၍ သွားမည်ကြံသကဲ့သို့ အမြန်တဆော အမောအပန်း ကိုယ်ကိုအမှုရှာ၍ ပြင်းစွာတွင်းတူးဘိသနည်း။ ရထားမှူး။ သင် တွင်းတူးခြင်း၌ အကြောင်းကိုသိလို၍ မေးသောငါ့အား စကားပြန်ပြောပါဦး။ သင် တူးသောတွင်းဖြင့် အဘယ်ပြုဖို့နည်း” ဟုမေး၏။

ဘုရားလောင်းမေးသော စကားကိုကြားလျှင် သုနန္ဒာရထားမှူးသည် အဆောတလျင်တူး၍ မင်းသားကိုမြှုပ်သတ်ပြီးလျှင် အလျင်အမြန် မြို့သို့ပြန်လိုသောစိတ်ဖြင့် အားထုတ်ခြင်း ပြင်းစွာရှိသောကြောင့် မော်၍မျှမကြည့်အားဘဲ အောက်သို့ထားသော မျက်နှာဖြင့်ပင်လျှင် ဘုရားလောင်းအား စကားတုံ့ ပြန်ပြောလိုသည်ဖြစ်၍-

ရညော မူဂေါ စ ပက္ခော စ၊ ပုတ္တော ဇာတော အစေတသော။

သောမှိ ရညာ သမဇ္ဈိဋ္ဌော၊ ပုတ္တံ မေ နိက္ခတံ ဝနေ။

ဟူသော ဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား--

“ငါတို့အရှင်မင်းကြီး၌ နှုတ်လည်းအ, နားလည်းပင်း, ဆွံ့လည်းဆွံ့၊ အင်္ဂါချို့တဲ့သောသားကို ဖွားမြင်လာသည်နှင့် ၁၆-နှစ်ကျော် ကာလပတ်လုံး နားကြားနိုး, စကားပြောနိုး, ခြေလက် လှုပ်ရှားနိုးထင်၍ ခင်ဖွယ်မင်ဖွယ် အသွယ်သွယ်အလိုစမ်းကြသော်လည်း စမ်းမှန်းမျှမသိ။ အသက်မရှိသောအလား စကားမဆို ကိုယ်,လက်မလှုပ်ရှား။ သူတစ်ပါးလည်း နားပင်း, ဆွံ့အ ဖြစ်ကြပါ၏။ ဤမင်းသား အပင်း, အ-အ, အဆွံ့ပင် လွန်မင်းလှသောကြောင့် အနာဂတ်ကိုမြင်မြော်နိုင်သော ပညာရှိတို့က ဤသူကို အရှည်ထားသဖြင့် ၃-ပါးသောအန္တရာယ် မြင်သည်ဟု လျှောက်ထားကြ၍ ပြည်သူအများပင်လည်း မင်းသားကို မနှစ်မြို့နိုင်ရာပြီဟု ထင်တော်မူလျှင် အရှင်မင်းကြီးသည်လည်း စီရင်ခွင့်ရှိက သူတစ်ပါးနှင့်သားကို ထပ်တူပြု၍ ယမမင်းကဲ့သို့ ကျင့်မြဲဓမ္မရာဇ် ဖြစ်တော်မူသည်နှင့်လျော်စွာ “ချမ်းသာဖို့မထင်သောသားကို သင်သွား၍ သုသာန်တစပြင်၌ မြှုပ်သတ်ချေ”ဟု စေခိုင်းတော်မူသောကြောင့် ယခု မင်းသားကို ရထားနှင့်ဆောင်ယူခဲ့သဖြင့် မြှုပ်သတ်ရာဤတွင်းကို အဆောတလျင် ပြီးလွယ်အောင်ပင်အားထုတ်၍ တူးရတော့သည်”ဟုဆို၏။

ရထားမှူးစကားကိုကြားလျှင် ဘုရားလောင်းတေမိမင်းသားသည် “ဤရထားမှူးကား တွင်းတူးခြင်းကိုသာလုံးပမ်း၍ ငါသို့သော ဘုန်းတန်းရှင်ကိုမျှ မျှော်လှည့်၍ ရှေးရှုပျူငှာ မပြုနေသည်မှာ ပညာနှင့် ငါ အရေးပြုမည်။ ယခုပင် ထိုသူ အထက်သို့ မျက်နှာမျှော်စေအံ့”ဟုကြံ၍ လျင်မြန်စွာ အခွင့်ကိုသိတတ်သော ပါရမီဉာဏ်အထူးဖြင့် ရထားမှူးအား-

“န ဗဓိရော န မူဂေါသ္မိ၊ န ပက္ခော န စ ဝီကလော။

အဓမ္မံ သာရထိ ကယိရာ၊ မံ စေ တွံ နိက္ခဏံ ဝနေ။

“ဦရူ ဗာဟုံ စ မေ ပဿ၊ ဘာသိတဉ္စ သုဏောဟိ မေ။

အဓမ္မံ သာရထိ ကယိရာ၊ မံ စေ တွံ နိက္ခဏံ ဝနေ။”

ဟူသော ဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“ရထားမှူး။ သင် အသို့ဆိုရသနည်း။ ငါ ကာသိကရာဇ်မင်းကြီးသားသည် တစ်ပါး ဆွံ့,အ,သောသူနှင့် မတူ၊ အမူထူးလျက်ပင်ကို သင်တို့ ပညာရှိခံသူအပေါင်း အကြောင်းကို ဆင်ခြင်နှိုင်းညှိသဖြင့် သိကောင်းကြသည်မဟုတ်လော။ အဘယ့်ကြောင့် ငါ့ကို အနာတရ အ-သော, ဆွံ့သောဟု ဆိုဘိသနည်း။ ငါသည် နားလည်းမယုတ်, နှုတ်လည်းမအ, အဘယ်ခြေလက်မျှ မဆွံ့တကား။ နားပင်း, ဆွံ့,အ-သောကြောင့် မြေ၌မြှုပ်သတ်ချေ မင်းကြီးစေကြောင်းကို သင် အဖြောင့်ဆို၍ရှိပြီ။ မင်းကြီးအမိန့်အတိုင်း ယခု ငါမဟုတ်၊ ထိုသို့လျက် ဓမ္မဝတ် ရာဇသတ်ထုံးနှင့်ညီအောင် သင် အသို့စီရင်မည်နည်း။ အကြောင်းကိုမစူးစမ်းဘဲ စီရင်လျှင် သင် တရားပြုသည် မမည်ပြီလော။ ငါ့ခမည်းတော်လည်း သင့်ကို ဂုဏ်ရှိ၊ ဂုဏ်မဲ့ ရွေးချယ်ခြင်း၌ လိမ္မာသောသူဖြစ်သည်ဟူ၍ ဤအမှုမှာ အထူးနုတ်ကောက်၍ ခန့်ထားတော်မူသည်။ ငါ၏ အရည်အဆင်းကို သင် ဆင်ခြင်၍ အမှုအင်အလျောက် ယခု သင်မထောက်လျှင် နောက်မကောင်းရှိမည်။

“ခြေဖမိုးမှစ၍ နဖူးပြင်တိုင်အောင် ရွှေငှက်ပျောတိုင်လုံးကဲ့သို့ မကုန်းမညွတ် ထွားမွတ်ရွှန်းပျိုသော ငါ့ကိုယ်လုံးရပ်သဏ္ဌာန် တင့်တယ်ဟန်ကိုလည်း သင်ကြည့်ဦး။ ထူးလှသော ရွှေစင်သားကဲ့သို့ ထွားဖွံ့ရွှန်းပျို နှစ်လိုဖွယ်သော မောင်းလက်ရုံးကိုလည်း မုန်းစိတ်မဝင်အောင် သင်မျှော်၍ ကြည့်စမ်း။ ဂွမ်းဝယ်ဆီကျသကဲ့သို့ ကြားရသမျှ လူနှစ်သိမ့်အောင် အမိန့်အဆို ချိုသာသန့်ရှင်းသော ငါ့စကားကိုလည်း ယခု သင် ကြားရပြီတကား။ နားမဲ့သောသူကဲ့သို့ အယူတစ်ခဲတည်း အစွဲသန်လျက် မမှန်ကို အဟုတ်လုပ်ငြားသဖြင့် တရား အသို့သက်ပါအံ့နည်း။ မတရားသဖြင့်ပင် သင် ပြုတော့မည်လော”ဟုဆို၏။

(ဤအရာ၌ ဘုရားလောင်းသည် ပထမဂါထာဖြင့် ဆိုသင့်သမျှစကား ပြီးကောင်းပြီးဖြစ်လျက် ဒုတိယဂါထာဖြင့် အဘယ့်ကြောင့် ကိုယ်ကိုချီးမြှောက်၍ ဆိုပြန်ရသနည်းဟူမူ အကျိုးမဲ့ ပလွှားလိုသဖြင့် ချီးမြှောက်၍ ဆိုသည်မဟုတ်။ ထို သုနန္ဒာရထားမှူးသည် ပထမဂါထာကိုကြားလျက်နှင့်မျှ တွင်းတူးကိုမဖျက် မျက်နှာမမော် နေသောကြောင့် သုနန္ဒာ မော်၍ ကြည့်စေခြင်းအလို့ငှာ ကိုယ်ကိုချီးမြှောက်ခြင်း နောက်ဂါထာဖြင့် ဆိုပြန်ရသည်။ ထို့ကြောင့် အဋ္ဌကထာ၌- (“ပုရိမံ ဂါထံ သုတွာပိ တံ အနုလ္လောကေန္တမေဝ ဒိသွာ အလင်္ကတသရီရဿ ဒဿေဿာမီတိ စိန္တေတွာ အာဟ။ ။”ဟူ၍ မိန့်တော်မူလေသည်။

ပုရိမံဂါထံ၊ န ဗဓိရော အစရှိသော ရှေးဂါထာကို။ သုတွာပိ၊ ကြားလျက်လည်း။ အနုလ္လောကေန္တမေဝ၊ မော်မကြည့်ပဲသာလျှင်။ နိသိန္နံ၊ နေသော။ တံ၊ ထိုရထားမှူးကို။ ဒိသွာ၊ မြင်၍။ အလင်္ကတသရီရဿ၊ တန်ဆာဆင်ယင်သော ကိုယ်ကို။ ဒဿေဿာမိ၊ ငါပြဦးအံ့။ ဣတိ၊ ဤသို့။ စိန္တေတွာ၊ ကြံ၍။ ဣမံ၊ ဤ ဦရူ ဗာဟူစ- အစရှိသော နောက်ဂါထာကို။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ အာဟ၊ ဆို၏။

(ထို့ကြောင့် အဆင်းဂုဏ်, စည်းစိမ်ဂုဏ်, အမျိုးဂုဏ်, ပညာဂုဏ်, စသော မိမိ၌ရှိသော ဂုဏ်တို့ကို လိုရာအကျိုးမြင်သဖြင့် ချီးမြောက်သော် ထီးဆောက်သကဲ့သို့ ပြီးမြောက်ခြင်းအနှစ် ရှိရာသည်။ ပလွှားလိုသဖြင့် ချီးမြှောက်သော် သူ နားငြီးနောက်၍ တီးတောက်ခြင်းအပြစ်ရှိရာသည်ဟု သိအပ်၏။)

ထိုသို့ ကိုယ်ကိုချီးမြှောက်၍ဆိုသော ဘုရားလောင်းစကားကို ရထားမှူးကြားလေသော် “ဤသူကား အသူဖြစ်လေသနည်း။ မိမိ လာသည်မှစ၍ မိမိဂုဏ်ကိုသာလျှင် အလွန်တရာ ချီးမြှောက်ဘိ၏”ဟု အကြံဖြစ်သဖြင့် တွင်းတူးရာမှဖြတ်၍ အထက်သို့ မျှော်ကြည့်လျက် သိကြားမင်းကဲ့သို့ တင့်တယ်စွာသော ဘုရားလောင်းကိုမြင်လျှင် “ဤယောက်ျားကား အဘယ်သူ ဖြစ်ပါလိမ့်နည်း။ လူလော, နတ်လော”ဟု တွေးတောကြံစည် မရမသိနိုင်သဖြင့်-

“ဒေဝတာနုသိ ဂန္ဓဗ္ဗော၊ အဒု သက္ကော ပုရိန္ဒဒေါ။

ကော ဝါ တွံ ကဿ ဝါ ပုတ္တော၊ ကထံ ဇာနေမု တံ မယံ။”

ဟူသောဂါထာဖြင့် မေး၏။

အဓိပ္ပာယ်ကား-

“အဆင်းအသရေဖြင့် တင့်တယ်စွာသောလုလင်၊ သင်ကား လာသည်မှစ၍ မိမိကိုယ် ချီးမြှောက်၍သာ ပြော၏။ ချီးမြှောက်တိုင်းလည်း မှန်ပေ၏။ ဤသို့သောသူကို မမြင်စဘူး။ သင် အသူပေနည်း။ ဤမြေမှ ဤတောကိုစောင့်နေသော ဘုမ္မစိုးနတ်တည်း ဖြစ်သလော။ ဟိမဝန္တာဝယ် အိုင်ကြီး,တောင်ကြီးတို့ကို မှီ၍နေသော ဂန္ဓဗ္ဗနတ်တည်း ဖြစ်သလော။ သို့တည်းမဟုတ်လျှင် ရှေးသံသရာ၌ အလှူအထူးပေးခဲ့ဖူး၍ မျက်စိ ၁၀၀၀ အမြင်ဆောင်လျက် လိုရာအခွင့်ကို ပြီးစေခြင်းငှာ စွမ်းနိုင်သော သိကြားနတ်မင်းတည်း ဖြစ်သလော။ သင့်အမျိုးကား ဘယ်အမျိုး, အမည်ကား ဘယ်အမည်ဖြစ်သည်ဟူ၍ ငါတို့ အသို့သိရပါအံ့နည်း”ဟု မေး၏။

ထိုစကားကိုကြားလျှင် ဘုရားလောင်းသည် “ငါကား ကာသိကရာဇ်မင်းကြီးသား ဖြစ်ကြောင်းကို ရှေးဦးကပင် ဤသူအားပြော၍ရှိပြီးလျက် ငါ့စကားကိုမယုံကြည်သဖြင့် အမှတ်မထားပြုသည်မှာ ယခု ရထားမှူးအား ယုံကြည်အောင် အမျိုးအမည်ကို ငါပြ၍ ဆုံးမစကားကို ဆိုဦးအံ့”ဟုကြံ၍-

“နမှိ ဒေဝေါ န ဂန္ဓဗ္ဗော၊ နာပိ သက္ကော ပုရိန္ဒဒေါ။

ကာသိရညော အဟံ ပုတ္တော၊ ယံ ကာသုယာ နိခညသိ။

“တဿ ရညော အဟံ ပုတ္တော၊ ယံ တွံ သမ္မူပဇီဝသိ။

အဓမ္မံ သာရထိ ကယိရာ၊ မံ စေ တွံ နိက္ခဏံ ဝနေ။”

ဟူသော ၂-ဂါထာတို့ဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“ရထားမှူး သုနန္ဒာ။ သင် အသို့မေးရသနည်း။ ရှေးမဆွကပင် အကြောင်းကို ငါ ပြော၍ရှိပြီ။ ငါကား နတ်, ဂန္ဓဗ္ဗ, သိကြား, တစ်ပါးတခြားသူ မဟုတ်။ ဗာရာဏသီ ပြည်သူပြည်သား ဝပ်တွားပူဇော်ရာ ဥကင်ရာဇပလ္လင်ထီးဖြူ စိုက်ထူရွှင်လန်း ဘုန်းပန်းပွင့်သော နန်းတော်ကြီးသည် ငါ့နေရာ မဟုတ်လော။ ငါ့အမျိုးကား ကာသိကရာဇ်တိုင်းကြီးကို အစိုးရ၍ “ကာသိကရာဇာ” မည်သာဘွဲ့ချီ ပြည်တကာတို့၏သနင်း မင်းကြီးမဟုတ်လော။ ထို ကာသိကရာဇ်မင်းကြီးသားတော် “တေမိယကုမာရ”ဟူသည် ငါ မဟုတ်လော။ သိလျက်လည်း မထီမဲ့မြင်ပြုလို၍ သင် မေးသလော, မသိ၍တည်း မေးသလော။ အဘယ်အကြောင်းကြောင့် သင်၏ ကျေးဇူးသခင်ဖြစ်သော ငါ့ကို ဤတွင်း၌ မြှုပ်သတ်မည်ဟု ကြံဘိသနည်း။

“ရထားမှူးသုနန္ဒာ။ စင်စစ်သဖြင့် ငါလည်း ကာသိကရာဇ်မင်းကြီးသားတော် မှန်၏။ သင်လည်း ငါ့ခမည်းတော်ကိုပင် မှီ၍ အသက်မွေး၏။ ထိုသို့ဖြစ်လျက် ငါ့ကို ဤတွင်း၌ မြှုပ်သတ်ချေသော် တရားမဟုတ်သည်ကို သင် ပြုသည် မမည်ရာပြီလော”ဟုဆို၏။

ဤသို့သော ၂ဂါထာတို့ဖြင့် ဘုရားလောင်း ဆိုတော်မူသော်လည်း သုနန္ဒာရထားမှူးကား ယုံကြည်ခြင်းမရှိ။ အသံ၏သာယာခြင်း, အမိန့်အဆို နာသာခြင်း အကြောင်းအကျိုး စပ်၍ပါခြင်းနှင့် ပြည့်စုံသည်ဖြစ်၍သာ ဘုရားလောင်း၏စကားကို တရားအမှတ်ဖြင့် ရပ်လျက်ငြိမ်သက်စွာ နှုတ်လှံမထိုး နားထောင်၍နေ၏။

ဘုရားလောင်း ထို ၂-ဂါထာတို့ဖြင့် ရထားမှူး မယုံသောအကြောင်းကို သိ၍ ရုက္ခူပမ မိတ္တဒုဗ္ဘိ ဒေသနာဖြင့် ယုံကြည်မြတ်နိုးစေခြင်းငှာ-

“ယဿ ရုက္ခဿ ဆာယာယ၊ နိသီဒေယျ သယေယျ ဝါ။

န တဿ သာခံ ဘဉ္ဇေယျ၊ မိတ္တဒုဗ္ဘော ဟိ ပါပကော။

“ယထာ ရုက္ခော တထာ ရာဇာ၊ ယထာ သာခါ တထာ အဟံ။

ယထာ ဆာယူပဂေါ ပေါသော၊ ဧဝံ တွမသိ သာရထိ။

အဓမ္မံ သာရထိ ကယိရာ၊ မံ စေ တွံ နိက္ခဏံ ဝနေ။”

ဟူသော ၂-ဂါထာခွဲတို့ဖြင့် တရားနည်းလမ်းပြတော်မူပြန်၏။

အနက်ကား-

သာရထိ၊ ရထားမှူး။ ယော၊ အကြင်သူသည်။ ယဿ ရုက္ခဿ၊ အကြင်သစ်ပင်၏။ ဆာယာယ၊ အရိပ်၌။ နိသီဒေယျ ဝါ၊ နေမူလည်း နေဖူးအံ့။ သယေယျ ဝါ၊ အိပ်မူလည်း အိပ်ဖူးအံ့။ သော နရော၊ ထိုသူသည်။ တဿ-ရုက္ခဿ၊ ထိုသစ်ပင်၏။ သာခံ၊ အခက်အလက်ကို။ န ဘဉ္ဇေယျ၊ မချိုးမဖျက်ရာ။ ဘဉ္ဇန္တော၊ ချိုးဖျက်သည်ရှိသော်။ သော နရော၊ ထိုသူကို။ မိတ္တဒုဗ္ဘော၊ ခင်ပွန်းပြစ်မှားသော။ ပါပကော ဟိ- ပါပကော ဧဝ၊ သူယုတ်မာဟူ၍သာလျှင်။ ဉာတော၊ သိအပ်၏။

ရုက္ခော ယထာ၊ သစ်ပင်ကဲ့သို့။ တထာ သဒိသော၊ တူသည်ကား။ ရာဇာ၊ ခမည်းတော်မင်းကြီးတည်း။ သာခါ ယထာ၊ သစ်ပင်၏အခက်အလက်ကဲ့သို့။ တထာ သဒိသော၊ တူသည်ကား။ အဟံ၊ ငါတည်း။ ဆာယူပဂေါ ပေါသော ယထာ၊ သစ်ပင်ရိပ်ခိုသော ယောက်ျားကဲ့သို့။ ဧဝံ သဒိသော၊ တူသည်ကား။ တွံ သာရထိ၊ သင် ရထားထိန်းသည်။ အသိ၊ ဖြစ်၏။ တသ္မာ၊ ထိုသို့တူသောကြောင့်။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ ဝနေ၊ တော၌။ စေ နိက္ခဏံ၊ အကယ်၍ မြှုပ်သတ်ငြားအံ့။ တွံ သာရထိ၊ သင် ရထားထိန်းသည်။ အဓမ္မံ၊ မတရားသောအမှုကို။ ကယိရာ၊ ပြုသည်မည်၏။

အဓိပ္ပာယ်ကား-

“ရထားမှူးသုနန္ဒာ။ အကြင်သူသည် အကြင်သစ်ပင်၏အရိပ်၌ အိပ်ဖူး,နေဖူးအံ့။ ထိုသစ်ပင်၏ အခက်, အလက်, အရွက်, အညွန့်, အဖူး, အမြစ်, အခေါက်တို့ကို ဖျက်ဆီးလိုသောအားဖြင့် မချိုးမဖဲ့အပ်၊ ချိုးဖဲ့ဖျက်ဆီးချေမူကား ထိုသူကို ခင်ပွန်းဖြစ်မှားတတ်သော သူယုတ်မာစင်စစ် ဖြစ်သည်ဟူ၍ မှတ်အပ်၏။

“သူခပ်သိမ်းတို့မှီရာ အခက် အလက်နှင့်ပြည့်စုံစွာသော ထိုသစ်ပင်နှင့်ကား ခမည်းတော် ကာသိကရာဇ်မင်းကြီးနှင့်တူ၏။ အခက်, အလက်နှင့်ကား ထိုမင်းကြီးသားတော်ဖြစ်သော ငါနှင့်တူ၏။ သစ်ပင်ရိပ်ခိုသော ယောက်ျားနှင့်ကား သင်ရထားမှူးနှင့်တူ၏။ ထိုသို့အသက်မရှိသော သစ်ပင်ကိုမျှလည်း မှီခိုဖူးပေလျှင် ကျေးဇူးကို မချေသင့် ဖြစ်တုံသေး၏တကား။ အသက်ရှိကာမျှသူ လူသာမည မနှုန်းရအောင် မင်းသုံးခံလောက်သော ပညာ အသိအလိမ္မာနှင့် ပြည့်စုံသော သင်သို့စင်လျက် တိုင်းကြီးပြည်ကြီးကိုအုပ်စိုး၍ သူခပ်သိမ်းတို့အား ချမ်းသာပေးခြင်းငှာ စွမ်းနိုင်စေကြောင်း ကောင်းစွာ တရား ၁၀-ပါးစောင့်သော သင်တို့ကျေးဇူးသခင် မင်းကြီး၏ အခက်အလက်သဖွယ်ဖြစ်၍ အပြစ်မရှိသော ငါမင်းသားကို ဤတောအုပ်၌ မြှုပ်သတ်ချေသော် မတရားသဖြင့်ပြုသည် မမည်ပြီလော။ သင်ရထားမှူး၌ ငါ့ခမည်းတော် ကျေးဇူးအရိပ်အငွေ့နှင့် အဘယ်သို့ကင်းသနည်း။ ကျေးဇူးရှိပေသော အဆွေခင်ပွန်းကိုပြစ်မှား၍ မျက်မှောက်၌ပင် ဘုန်းကျက်သရေ စည်းစိမ်ဆုတ်လျော့ခြင်း, အသက်ဆုံးခြင်းပျက်ပြုန်းခြင်း အပြစ်များစွာ ရောက်ဖူးကြောင်းကို သင်သိလျက် မဟုတ်လော”ဟု ဆို၏။

(ဤဂါထာတို့၌ အရိပ်ခိုဖူးသောသစ်ပင်ကို မဖျက်ဆီးအပ်သကဲ့သို့ စီးပွားဆောင်ဖူးသော သန္ဒိဋ္ဌအဆွေခင်ပွန်း, သမ္ဘတ္တအဆွေခင်ပွန်းတို့ကို မပြစ်မှားအပ်ဟု ဆိုသောကြောင့် “ဒေဝဒတ္တော ဒိဝါ န ဘုတ္တော ထူလော” စသည်တို့၌ ဒေဝဒတ်သည် နေ့၌ထမင်းမစားဘဲ ကိုယ်,လက်ဆူဖြိုး၏ ဟု ဆိုသဖြင့် အစာနှင့်မကင်းရာဖြစ်၍ “ညဉ့်၌ အစာစား၏”ဟု သိရသကဲ့သို့ အရိပ်မခိုဘူးသော သစ်ပင်ကိုဖျက်ဆီး၍ အပြစ်မရှိသောအတူ အဆွေခင်ပွန်းမဟုတ်သူကို ဖျက်ဆီး၍လည်း အပြစ်မရှိ”ဟု အသွား“အနွယ” အနက်ကိုဆိုသဖြင့် အပြန် “ဗျတိရိက်”အနက် မရောက်ကောင်းပြီလောဟူမူ၊ အသွားရှိရကား အပြန်ရှိသင့်၏။ ရှိသော်လည်း “ပါဏာတိပါတကံ” အပြစ်မရှိဟု မပြန်သင့်။ အဆွေခင်ပွန်းမဟုတ်လျှင် “မိတ္တဒုဗ္ဘိ” အပြစ်မရှိဟု၊ ဤမျှသာ “အတ္ထာပန္နနည်း”အားဖြင့် အနက်ရောက်၏။ ဗျတိရိက်အနက်နည်း အပြန်အားဖြင့်ကား အဆွေခင်ပွန်းကို ပူဇော်ချီးမြှောက်သော် အကျိုးကြီးစွာ ရောက်၏ဟု အလွန်အမြတ်ဖြစ်သော အနက်ကိုသာ ပြန်သင့်၏။ အဘယ့်ကြောင့်နည်းဟူမူကား ဘုရားလောင်းတေမိမင်းသည် ပါရမီဉာဏ်ဖန်၍ စကားအရာလိမ္မာတော်မူလှသောကြောင့် သဗ္ဗညုအထွတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဥပါသကာတို့အား-

“ပဉ္စိမေ ဘိက္ခဝေ ဝါဏိဇ္ဇာ ဥပါသကေန အကရဏီယာ”ဟု ၅ပါးသော ကုန်သွယ်ခြင်းကို ရတနာ၃+ပါးသို့ ဆည်းကပ်သောသူသည် မသွယ်အပ်ဟု ဟောတော်မူရာ၌ ဥပါသကာမဟုတ်သူ ကုန် ၅-ပါးကို သွယ်ကောင်း၏ဟု မယူထိုက်သကဲ့သို့၊ ပုဂ္ဂိုလ်အလွန်အမြတ်သို့လိုက်၍ ထိုက်ရာ “အတိသယ”နည်းအားဖြင့် ရထားမှူးသုနန္ဒာသည် အကျိုးအပြစ်ကို သိသူပညာရှိဖြစ်လျက် မိမိအသက်စည်းစိမ်ကိုငဲ့၍ တရားစည်းစိမ်ကိုငဲ့၍ တရားမတိမ်းသင့်သည်ကို နားဝင်လွယ်ရာဥပမာဖြင့် ပြဆောင်တော်မူသည်ဟု သိအပ်၏။

ကျေးဇူးရှိဖူးပေသောသစ်ပင်ကို ဖျက်ဆီး၍ ပျက်စီးဖူးသောထုံးစံကိုကား ဗာလဝါဏိဇ္ဇဖြစ်သော လှည်းကုန်သည် ၅၀၀-တို့သည် ရေမရှိသောခရီးလမ်းခဲ၌ ပင်ပန်းသဖြင့် နဂါးမင်းစောင့်သော သပြေပင်ကြီးကို တွေ့ကြလေသော် သစ်ပင်အောက်၌နေသော နဂါမင်း၏တန်ခိုးဖြင့် တစ်ခုသောအခက်၌ ရေ, တစ်ခုသောအခက်၌ ရတနာတို့ကို ထွက်စေပြီးလျှင် ဘုရားလောင်း လှည်းမှူးပညာရှိသည် ထိုအခက်တို့၌ ရေ၏ပြည့်စုံခြင်း, ရတနာ၏ ပြည့်စုံခြင်းကိုမြင်သဖြင့် ရေရရှိသော အခက်ကိုဖြတ်ချိုး၍ သောက်ရခြင်း, ရတနာရှိသောအခက်ကို ဖြတ်ချိုး၍ ရတနာရရှိခြင်းပြီးလျက် လှည်းသား ၅၀၀-တို့သည် လောဘအလျောက် စည်းကမ်းမရှိသောနှလုံးဖြင့် ပင်စည်, အမြစ်နှင့်တကွ ဖြတ်လှည်း ပယ်လှန်ရသော် များစွာသောဥစ္စာတို့ကို ရရာ၏ဟု တိုင်ပင်ကြလျှင် လှည်းမှူးပညာရှိသည် ကျေးဇူးရှင်ဖြစ်သော သစ်ပင်၌ မပြစ်မှာအပ်ကြောင်းကို အကြိမ်ကြိမ် ထိုသူတို့အား တားမြစ်ဆုံးမပါသော်လည်း မနေ။ အနိုင်အထက် ဖျက်ဆီးမည်ဟု အားထုတ်ကြသောကြောင့် သစ်ပင်စောင့်ဖြစ်သော နဂါးမင်းအမျက်ထွက်၍ မျက်စောင်းလွှတ်သဖြင့် လှည်းသမား ၅၀၀-လုံး ပျက်စီးခြင်းသို့ရောက်လေသည်။ ပြစ်မှားခြင်းကိုမပြုသော လှည်းမှူးပညာရှိမူကား ချမ်းသာစွာ ရတနာလှည်း ၅၀၀နှင့်တကွ မိမိနေရာ ဗာရာဏီပြည်သို့ ရောက်လေသည့် ဝတ္ထုပုံစံတို့ကို ထောက်၍ သိအပ်၏။)

ဤသို့ ဘုရားလောင်းတေမိမင်းသည် ရထားမှူးသုနန္ဒာကို ယုံကြည်စေခြင်းငှာ “ရုက္ခူပမာ”ဖြင့် ပြလျက်လည်း ဤသူကား မင်းကြီးသားတော်ပင် ဖြစ်ရာ၏ဟု ယုံကြည်ခြင်းမဖြစ်သေးသော ရထားမှူး၏ အမူအရာကိုသိလျှင် ယုံကြည်စေခြင်းလျှင် အကျိုးထူးရှိသော မိတ္တပူဇာ ၁၀-ဂါထာဖြင့် သူခပ်သိမ်းတို့အားလည်း အကျိုးစီးပွား များမြတ်စေကြောင်း ကောင်းစွာ တရားလမ်းထွင် ပြတော်မူလိုသည်ဖြစ်၍၊ ရှေးဦးစွာ-

“ပဟူတဘက္ခော ဘဝတိ၊ ဝိပ္ပဝုဋ္ဌော သကံ ဃရာ။

ဗဟူ နံ ဥပဇီဝန္တိ၊ ယော မိတ္တာနံ န ဒုဗ္ဘတိ။”

ဟူသောဂါထာကို ဟောတော်မူ၏။

အနက်ကား-

ယော၊ အကြင်သူသည်။ မိတ္တာနံ၊ အဆွေခင်ပွန်းတို့အား။ န ဒုဗ္ဘတိ၊ မပြစ်မှား။ သော၊ ထိုမပြစ်မှားသောသူသည်။ ပဟူတဘက္ခော၊ များမြတ်ပြန့်ပြောသော အစာရှိသည်။ ဘဝတိ၊ ဖြစ်၏။ သကံဃရာ၊ မိမိအိမ်မှ။ ဝိပ္ပမုတ္တော၊ ကင်းသော်လည်း။ နံ၊ ထိုသူကို။ ဗဟူ၊ များစွာကုန်သောသူတို့သည်။ ဥပဇီဝန္တိ၊ မှီ၍အသက်မွေးရကုန်၏။

အဓိပ္ပာယ်-

“ရထားမှူး သုနန္ဒာ။ ဤလောက၌ ချစ်ခြင်းမေတ္တာကို တစ်နေ့မခြား ပွားစေအပ်သောသူကား တစ်ကျိပ်အရေအတွက် ရှိ၏။ တစ်ကျိပ်ဟူသည်ကား-

“သဗ္ဗညုမြတ်စွာဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ကိလေသာကုန်ပြီးသောရဟန္တာ၊ မြတ်စွာဘုရားတို့၏လက်ယာရံ၊ လက်ဝဲရံဖြစ်သော အဂ္ဂသာဝကအရှင်မြတ်၊ အမိ,အဖ,အရွယ်ကြီးခြင်း, အမျိုးမြတ်ခြင်း, ပညာကြီးခြင်း, သီလသမာဓိရှိခြင်း အစရှိသောဂုဏ်တို့ကြောင့် အလေးအမြတ်ပြုအပ်သောသူ၊ အကျိုးအကြောင်းကို ဆုံးမသွန်သင် ပဲ့ပြင်ပေတတ်သောသူ၊ ထမင်း, အဖျော်, အိပ်ရာ, နေရာ, အဝတ်, ပုဆိုး စသည် တစ်စုံတစ်ခု ပစ္စည်းအာမိသ ပေးဖူးပေသောသူ၊ သူခပ်သိမ်းတို့ကို ကုသိုလ်တရား ပွားများစေခြင်းငှာ တရားဟောပေသောသူ။

“ဤသို့အားဖြင့် တစ်ကျိပ်ကုန်သောသူတို့သည် အဖန်တလဲလဲ ချစ်ခြင်းမေတ္တာကိုသာ ပွားစေအပ်သောကြောင့် အဆွေခင်ပွန်း မည်ကုန်၏။ ထို တစ်ကျိပ်ကုန်သော အဆွေခင်ပွန်းကောင်းတို့တွင် တစ်ယောက်ယောက်သော အဆွေခင်ပွန်းကောင်းကိုမျှ ပြစ်မှားလိုသောအားဖြင့် ချစ်ခြင်းမေတ္တာကို မဖျက်အပ်။ ချစ်ခြင်းမေတ္တာကို ဖျက်သောအားဖြင့် ပြစ်မှားချေသော် ပစ္စုပ္ပန်သံသရာတို့၌ စည်းစိမ်အဝတ်အစား ခေါင်းပါးခြင်း၊ အထီးကျန်သောကိုယ်ရှိခြင်း အပြစ်တို့သည် ဖြစ်ကုန်ရာ၏။ ချစ်ခြင်းမေတ္တာကို မပျက်စေမူ၍ စုံမက်မြတ်နိုး ကိုးကွယ်ပူဇော်လေ့ရှိသော သူအားသာလျှင် စည်းစိမ်, အဝတ်အစား ပွားများခြင်း၊ မိမိ အိပ်ရာနေရာမှကင်း၍ အရပ်တစ်ပါးသို့ ရောက်ငြားသော်လည်း စီးပွားချမ်းသာ မညှိုးမတုံး မပြုန်းသည်ဖြစ်၍ သူခပ်သိမ်းတို့ မှီခိုရာဖြစ်ခြင်းတည်းဟူသော အကျိုးတို့နှင့် ပြည့်စုံသည်ဖြစ်ရာ၏။ ထို့ကြောင့် စီးပွားချမ်းသာကို အလိုရှိသော သင်သည်လည်း အသက်စည်းစိမ်ရှင် ခင်ပွန်းစစ်ဖြစ်သော ခမည်းတော်မင်းကြီးအား ပြစ်မှားခြင်းကိုဖြစ်စေ၍ ငါ့ကိုသတ်မည် မကြံလင့်။ တရားမဟုတ်”ဟူလိုသည်။

(ဤစကား၌ မြတ်စွာဘုရားဟူသော အဆွေခင်ပွန်းကို ပြစ်မှားခြင်းကြောင့် စည်းစိမ်ချမ်းသာ, အဝတ်အစား ခေါင်းပါးခြင်းအဖြစ်သို့ ရောက်ပေဖူးသော ဒေဝဒတ်, ကောကာလိက အစရှိသော သူတို့ကိုလည်းကောင်း၊ မဟာကပိဇာတ်၌ ချောက်ထဲမှကုန်းသို့တင်၍ ဗာရာဏသီပြည် ခရီးတိုင်အောင် ပခုံးဖြင့်ပို့ဆောင်ပေးသော ဘုရားအလောင်းမျောက်မင်းအား ပြစ်မှားခြင်းကြောင့် အဝတ်အစားမဲ့ အထီးကျန်လျက် ကုဋ္ဌနူနာစသော ဒဏ်ကြီးစွာရောက်၍ ပျက်စီးဖူးလေသော ဒေဝဒတ်အလောင်း နွားထိန်းပုဏ္ဏား အစရှိသော သူတို့ကိုလည်းကောင်း ထောက်၍ “မိတ္တဒုဗ္ဘိ” ၌ အပြစ်ကိုသိအပ်၏။

ဘုရားလောင်း အစရှိသောအဆွေခင်ပွန်းတို့အား ပြစ်မှားခြင်း မရှိမူ၍ မြတ်နိုးပူဇော်သောကြောင့် များမြတ်သော အဝတ်အစားနှင့် ပြည့်စုံခြင်း, လူမရှိသော တောအရပ်သို့ပင် ရောက်သော်လည်း ပူဇော်သက္ကာ မဆိတ်မတိတ်သည်ဖြစ်၍ သူခပ်သိမ်းတို့မှီခိုရာဖြစ်ခြင်း အကျိုးတို့နှင့် ပြည့်စုံရလေသော ရှင်သီဝလိထေရ် အစရှိသော သူတို့ကိုထောက်၍ “မိတ္တပူဇာ'၌ အကျိုးတို့ကို သိအပ်၏။)

ဤသို့ ပထမစကားဖြင့် “မိတ္တပူဇာ”၌ အကျိုး ၂-ပါးကိုပြပြီးသော် ဘုရားလောင်းသည် တစ်ဖန် အကျိုးထူးကိုပြပြန်လို၍-

“ယံ ယံ ဇနပဒံ ယာတိ၊ နိဂမေ ရာဇဓာနိယော။

သဗ္ဗတ္ထ ပူဇိတော ဟောတိ၊ ယော မိတ္တာနံ န ဒုဗ္ဘတိ။”

ဟူသော ဒုတိယဂါထာဖြင့် ဟောကြားပြန်၏။

အနက်ကား-

သာရထိ၊ ရထားမှူး။ ယော၊ အကြင်သူသည်။ မိတ္တာနံ၊ အဆွေခင်ပွန်းတို့အား။ န ဒုဗ္ဘတိ၊ မပြစ်မှား။ သော၊ ထိုမပြစ်မှားသောသူသည်။ ယံ ယံ ဇနပဒံ၊ အကြင် အကြင် ဇနပုဒ်သို့။ ယာတိ၊ သွားအံ့။ ယေ ယေ နိဂမေ၊ အကြင် အကြင် နိဂုံးရွာတို့သို့။ ယာတိ၊ သွားအံ့။ ယာ ယာ ရာဇဓာနိယော၊ အကြင်အကြင် မင်းနေပြည်တို့သို့။ ယာတိ၊ သွားအံ့။ သဗ္ဗတ္ထ၊ ခပ်သိမ်းသောရွာ, နိဂုံး, မင်းနေပြည်တို့၌။ ပူဇိတော၊ သူခပ်သိမ်းတို့ ပူဇော်ချီးမြှောက်ခြင်းကို ခံရသည်။ ဟောတိ၊ ဖြစ်၏။

အဓိပ္ပာယ်-

“ရထားမှူး သုနန္ဒာ။ အကြင်သူသည် အဆွေခင်ပွန်းကောင်းတို့အား ပြစ်မှားခြင်းကိုပြုအံ့။ ထိုသူသည် ရောက်တိုင်းရောက်တိုင်းသော အရပ်တို့၌ သူခပ်သိမ်းတို့၏ ကဲ့ရဲ့ ရှုတ်ချခြင်းကို ခံရရာ၏။ အကြင်သူသည် အဆွေခင်ပွန်းကောင်းတို့အား မပြစ်မှားမူ၍ မြတ်နိုးခြင်းကိုပြုအံ့။ ထိုသူသည် သွားလေရာရာ မြို့, ရွာ, နိဂုံး, မင်းနေပြည်အရပ်ရပ်တို့၌ သူခပ်သိမ်းတို့၏ ချစ်ခြင်း, မြတ်နိုးခြင်း, လာဘ်, ပူဇော်, သက္ကာပြုခြင်းတို့ကို ခံရာ၏။ ထို့ကြောင့် အပြစ်အကျိုးတို့ကိုသိသော သင်သည်လည်း ငါ့ကိုသတ်ငြားသဖြင့် ကျေးဇူးရှင်ဖြစ်သော ငါ့ခမည်းတော်မင်းကြီးအား ပြစ်မှားခြင်းသို့ ရောက်လေအံ့သည်ဖြစ်၍ တရားမဟုတ်သည်ကို မပြုလင့်” ဟူလိုသည်။

(ဤဂါထာ၌ အဆွေခင်ပွန်းကောင်းတို့ကို ပြစ်မှား၍ သူတစ်ပါးတို့အရှုတ်အချကို ခံရဖူးကြောင်းကိုကား စန္ဒကုမာရဇာတ်၌ ခဏ္ဍဟာလပုဏ္ဏား, ဧကရာဇ်မင်း၊ အမ္ဗဋ္ဌသုတ်၌ အမ္ဗဋ္ဌလုလင်အစရှိသော သူတို့ကိုထောက်၍ သိအပ်၏။ အဆွေခင်ပွန်းကောင်းကို မြတ်နိုးပူဇော်ခြင်းကြောင့် သွားလေရာရာ မျက်နှာရွှင်လန်းလျက် လူနတ်တို့၏ ပူဇော်သက္ကာအထူးကို ခံရဖူးကြောင်းကိုကား ရှင်သီဝလိဝတ္ထုကိုလည်းကောင်း၊ မဟောသဓသုခမိန်, ဝိဓူရသုခမိန် အစရှိသော သူတို့ကိုလည်းကောင်း ထောက်၍ သိအပ်၏။)

ဤသို့ ၂-ဂါထာတို့ဖြင့် ၃-ပါးသောအကျိုးကိုပြပြီးလျှင် အကျိုးထူးကို တစ်ဖန်ပြလို၍-

“နာဿ စောရာ ပသာဟန္တိ၊ နာတိ မညန္တိ ခတ္တိယာ။

သဗ္ဗေ အမိတ္တေ တရတိ၊ ယော မိတ္တာနံ န ဒုဗ္ဘတိ။”

ဟူသော တတိယဂါထာဖြင့် ဟောပြန်၏။

အနက်ကား-

ယော၊ အကြင်သူသည်။ မိတ္တာနံ၊ အဆွေခင်ပွန်းတို့အား။ န ဒုဗ္ဘတိ၊ မပြစ်မှား။ အဿ၊ ထိုမပြစ်မှားသောသူအား။ စောရာ၊ ခိုးသူတို့သည်။ န ပသဟန္တိ၊ မညှဉ်းနိုင်ကုန်။ ခတ္တိယာ၊ မင်းတို့သည်။ နာတိမညန္တိ၊ မထီမဲ့မြင် မပြုကုန်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ အမိတ္တေ၊ ရန်သူတို့ကို။ တရတိ၊ လွန်မြောက်နိုင်၏။

အဓိပ္ပာယ်ကား--

“ရထားမှူးသုနန္ဒာ။ အကြင်သူသည် အဆွေခင်ပွန်းအား ကိုယ်,နှုတ်,နှလုံး ၃-ပါးတို့တွင် တစ်ပါးပါးဖြင့် ပြစ်မှားခြင်းကို ပြုငြားအံ့။ ထို ခင်ပွန်းပြစ်မှားသောသူအား ခိုးသူတို့သည်လည်း ညှဉ်းဆဲနိုင်လေကုန်ရာ၏။ မင်းတို့သည်မူလည်း မထီမဲ့မြင် ပြုလေကုန်ရာ၏။ ရန်သူ ၅-ပါးတို့တွင် တစ်ပါးပါး တွေ့ကြိမ်လတ်သော် ထိုဘေးရန်ကို မလွန်မြောက်သည် ဖြစ်ရာ၏။

“ရထားမှူးသုနန္ဒာ။ အကြင်သူသည် အဆွေခင်ပွန်းကောင်းတို့အား ပြစ်မှားခြင်းကို မပြု။ ထိုသူတို့အား ခိုးသူတို့သည်လည်း မညဉ်းဆဲနိုင်ရာ, မင်းတို့သည်လည်း မထီမဲ့မြင်မပြုနိုင်ရာ။ ရန်သူ ၅-ပါးနှင့် တွေ့ကြိမ်ငြားသော်လည်း ထိုဘေးရန်တို့ကို လွန်မြောက်နိုင်သည်သာ ဖြစ်ရာ၏။ ထို့ကြောင့် ခမည်းတော်၏ကျေးဇူးကို ခံစားလျက် အသက်ရှည်ရသော သင်သည်လည်း ငါ့အား ပြစ်မှားခြင်းကို မပြုလင့်။ တရားမဟုတ်”ဟု ဆို၏။

(ဤဂါထာ၌ အဆွေခင်ပွန်းကို ပြစ်မှားခြင်းကြောင့် ခိုးသူ၏အနှိပ်အစက်ကို ခံရကြောင်းကိုကား ဗာရာဏသီပြည်၌ အသပြာ ၁၀၀၀-ထုပ်ဖြင့် အဆွေခင်ပွန်း မပြတ်ဖွဲ့ ပေသော သူဌေးသားကို ပြစ်မှားမိ၍ ခိုးသူ၏ အနှိပ်အစက်ကိုခံရသော သာမာအမည်ရှိ ပြည့်တန်ဆာမဝတ္ထု စသည်တို့ကိုထောက်၍ သိအပ်၏။ မင်းတို့၏ မထီမဲ့မြင်ပြုခြင်းကို ခံရခြင်း၌ကား ပဒုမဇာတ်၌ ပတိဒေဝတာ အမည်ရှိသော မိန်းမဝတ္ထု စသည်တို့ကိုထောက်၍ သိအပ်၏။

ရန်သူကို မလွန်မြောက်နိုင်ခြင်းကိုကား သာဝတ္ထိပြည်၌ သံဃိကမြေကို သိမ်းဆည်းဖူးပေသောကြောင့် သားဖြစ်သော ဝိဋူဘသည် ရန်သူပြု၍ ထိုရန်သူကို မလွန်နိုင်ခြင်းဖြင့် တစ်ရပ်တစ်သို့ ထွက်ပြေးရလေသော ကောသလမင်းဝတ္ထု စသည်တို့ကိုထောက်၍ သိအပ်၏။ အဆွေခင်ပွန်းကို မပြစ်မှားခြင်းကြောင့် ခိုးသူတို့ မနှိပ်စက်နိုင်ကြောင်းကိုကား သံကိစ္စသာမဏေဝတ္ထု, ဧကရာဇဇာတ် စသည်တို့ကိုထောက်၍ သိအပ်၏။ မင်းတို့၏ မထီမဲ့မြင် မပြုနိုင်ခြင်းကိုကား ဇောတိကသူဌေး စသည်တို့ကို ထောက်၍ သိအပ်၏။ ရောက်လာသောဘေးရန်ကို လွန်မြောက်နိုင်ခြင်း၌ကား မဟာသီလဝမင်း, မာဃလုလင်, မဟောသဓ သုခမိန် အစရှိသောသူတို့ကိုထောက်၍ သိအပ်၏။)

ဤသို့ ထိုဂါထာတို့ဖြင့် အဆွေခင်ပွန်းတို့ကို မပြစ်မှားခြင်း၌ အကျိုးကိုပြပြီးလျှင် တစ်ဖန် အကျိုးထူးကိုပြပြန်လို၍--

“အက္ကုဒ္ဓေါ သဃရံ ဧတိ၊ သဘာယံ ပဋိနန္ဒိတော။

ဉာတီနံ ဥတ္တမော ဟောတိ၊ ယော မိတ္တာနံ န ဒုဗ္ဘတိ။”

ဟူသော စတုတ္ထဂါထာဖြင့် ဟောပြန်၏။

အနက်ကား-

သာရထိ၊ ရထားမှူး။ ယော၊ အကြင်သူသည်။ မိတ္တာနံ၊ အဆွေခင်ပွန်းတို့အား။ န ဒုဗ္ဘတိ၊ မပြစ်မှား။ သော၊ ထို မပြစ်မှားသောသူသည်။ အကုဒ္ဓေါ၊ အမျက်မထွက်သည်ဖြစ်၍။ သဃရံ၊ မိမိအိမ်သို့။ ဧတိ၊ လာရ၏။ သဘာယံ၊ ပရိသတ်အလယ်၌။ ပဋိနန္ဒိတော၊ သူခပ်သိမ်းတို့ နှစ်လိုအပ်သည်။ ဟောတိ၊ ဖြစ်၏။ ဉာတီနံ၊ ဆွေမျိုးအပေါင်းအဖော်တို့ထက်။ ဥတ္တမော၊ မြတ်သည်။ ဟောတိ၊ ဖြစ်၏။

အဓိပ္ပာယ်ကား-

“ရထားမှူး သုနန္ဒာ။ အကြင်သူသည် အဆွေခင်ပွန်းအား ပြစ်မှားခြင်းကို ပြု၏။ အဆွေခင်ပွန်း ပြစ်မှားသောသူသည် တစ်ပါးအရပ်မှလည်းကောင်း, ပရိသတ်မှလည်းကောင်း, မင်းအိမ် စသည်တို့မှလည်းကောင်း မိမိအိမ်သို့ ပြန်ရောက်လာသည်ရှိသော် မျက်နှာရွှင်လန်းသည် မဖြစ်။ ပုပ်ညစ်ညှိုးသမ်း စိတ်ဝမ်းမသန့်မသက် အမျက်ထွက်သောနှလုံးဖြင့်သာလျှင် လာရ၏။ ပရိသတ်အလယ်သို့ ဝင်သည် ရှိသော်လည်း မိမိအပြစ်ကို သူတို့ပြောဆိုခြင်း, စောင်းမြောင်းခြင်း စသည်တို့ဖြင့် မနှစ်မြို့ဖွယ်ပြုသည်ကိုသာလျှင် ခံရရာ၏။ အဆွေအမျိုးတို့၏အမွေဖြစ်သော စည်းစိမ်မှလည်း ကင်းသည်ဖြစ်၍ ယုတ်မာသောအဖြစ်သို့ ရောက်ရာ၏။

“ရထားမှူး သုနန္ဒာ။ အကြင်သူသည် အဆွေခင်ပွန်းတို့အား ပြစ်မှားခြင်းကို မပြု။ ထို အဆွေခင်ပွန်းအား မပြစ်မှားသောသူသည် တစ်ပါးအရပ်မှ မိမိနေရာအိမ်သို့ ပြန်ရောက်လာသည်ရှိသော် အပြစ်မရှိသည်ဖြစ်၍ မျက်နှာရွှင်လန်း စိတ်ဝမ်းကြည်းသာစွာ ရောက်ရရာ၏။ ပရိသတ်အလယ်သို့ ဝင်သည်ရှိသော်လည်း မိမိဂုဏ်ကျေးဇူးကို ပရိသတ်တို့ ချီးမွမ်းပြောဆိုခြင်း, နေရာပေးခြင်း စသည်တို့ဖြင့် သူခပ်သိမ်းတို့၏ နှစ်လိုခြင်းကိုခံရရာ၏။ အမျိုးတို့၏အမွေဖြစ်သော စည်းစိမ်နှင့်ပြည့်စုံသည်ဖြစ်၍ အဆွေအမျိုး, အပေါင်းအဖော်တို့ထက် ကြီးမြတ်သောအဖြစ်သို့ ရောက်ရာ၏။ ထို့ကြောင့် အဆွေခင်ပွန်းစင်စစ်ဖြစ်သော ငါ့ကို မပြစ်မှားလင့်”ဟု ဆို၏။

(ဤဂါထာ၌ အဆွေခင်ပွန်းကို ပြစ်မှားခြင်းကြောင့် မိမိအိမ်သို့ နှလုံးမသာ မျက်နှာမရွှင် ရောက်လာရခြင်း၌ နေသာဒပုဏ္ဏား, ဇူဇကာပုဏ္ဏား အစရှိသော သူတို့ကိုထောက်၍ သိအပ်၏။ ပရိသတ်တို့ မနှစ်လိုခြင်း၌ကား မိတ္တဝိန္ဒကလုလင်, ရှင်လောသကတိဿ အစရှိသောသူတို့ကိုလည်းကောင်း၊ ရုရုမိဂဇာတ်၌ ရေထဲမှကုန်းထက်သို့ ဆယ်တင်ပေးသော ဘုရားလောင်းဆတ်မင်းအား ပြစ်မှားခြင်းဖြင့် မင်းအစရှိသော ပရိသတ်တို့၏ ကဲ့ရဲ့ခြင်းစသည်ကိုခံရသော ရှင်ဒေဝဒတ်အလောင်း ပုဏ္ဏားဆင်းရဲ အစရှိသောသူတို့ကိုလည်းကောင်း ထောက်၍ သိအပ်၏။

အဆွေအမျိုးတို့အောက် ယုတ်မာသောအဖြစ်သို့ ရောက်ခြင်း၌ကား ပြည်သူတို့ကို ပြစ်မှားခြင်းကြောင့် ပြည်မှ နှင်ထုတ်လိုက်သဖြင့် ယုတ်မာသောအဖြစ်သို့ ရောက်လေသော ပေါရိသာဒသူခိုး အစရှိသောသူတို့ကိုထောက်၍ သိအပ်၏။ အဆွေခင်ပွန်းကို မပြစ်မှားခြင်းကြောင့် မိမိနေရာအိမ်သို့ မျက်နှာရွှင်လန်းချမ်းသာစွာ လာရောက်ရခြင်း၌ကား ဘူရိဒတ်နဂါးမင်း, ဝေဿန္တရာမင်း အစရှိသောသူတို့ကိုထောက်၍ သိအပ်၏။

ပရိသတ်တို့ နှစ်လိုခြင်းကိုခံရခြင်း၌ကား အမရာဒေဝီ, မဒ္ဒီဒေဝီအစရှိသော သူတို့ကိုလည်းကောင်း၊ စူဠနီဗြဟ္မဒတ်မင်း အစရှိသော သူတို့ကိုလည်းကောင်း ထောက်၍ သိအပ်၏။ အဆွေအမျိုးတို့ထက် မြတ်သောအဖြစ်သို့ရောက်ခြင်း၌ကား ရတနာ ၃-ပါးတို့ကို အရိုအသေ ချီးမြှောက်ပူဇော်လေ့ရှိသဖြင့် အဆွေအမျိုးတို့ထက် ထူးမြတ်၍ ယခုတိုင်အောင်ထင်ရှားသော ဝိသာခါ, အနာထပိဏ် အစရှိသောသူတို့ကို ထောက်၍သိအပ်၏။)

ဤသို့ ၄-ဂါထာတို့ဖြင့် ဟောကြားပြီး၍ တစ်ဖန် အကျိုးထူးကို ပြပြန်ခြင်းငှာ--

“သက္ကတွာ သက္ကတော ဟောတိ၊ ဂရု ဟောတိ သဂါရဝေါ။

ဝဏ္ဏကိတ္တိဘတော ဟောတိ၊ ယော မိတ္တာနံ န ဒုဗ္ဘတိ။

ပူဇကော လဘတေ ပူဇံ၊ ဝန္ဒကော ပဋိဝန္ဒနံ။

ယသော ကိတ္တိဉ္စ ပပ္ပေါတိ၊ ယော မိတ္တာနံ န ဒုဗ္ဘတိ။”

ဟူသော၂-ဂါထာတို့ဖြင့် ပြော၏။

အနက်ကား-

သာရထိ၊ ရထားမှူး။ ယော၊ အကြင်သူသည်။ မိတ္တာနံ၊ အဆွေခင်ပွန်းတို့အား။ န ဒုဗ္ဘတိ၊ မပြစ်မှား။ သော၊ ထိုသူသည်။ သက္ကတွာ၊ သူတစ်ပါးတို့အား မိမိ ချီးမြှောက်ပေးကမ်းခြင်း ပြုလေ့ရှိသည်ဖြစ်၍။ သက္ကတော၊ မိမိကို သူတစ်ပါးတို့ ပေးကမ်းချီးမြှောက်ခံရသည်။ ဟောတိ၊ ဖြစ်၏။ ဂရု၊ သူတစ်ပါးတို့ကို မိမိ အရိုအသေ အလေးအမြတ် ပြုသည်ဖြစ်၍။ သဂါရဝေါ၊ မိမိကို သူတစ်ပါးတို့ အရိုအသေ အလေးအမြတ် ပြုသည်။ ဟောတိ၊ ဖြစ်၏။ ဝဏ္ဏကိတ္တိဘတော စ၊ ဂုဏ်ကျေးဇူးသတင်း ကျော်စောခြင်း ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။

သာရထိ၊ ရထားမှူး။ ယော၊ အကြင်သူသည်။ မိတ္တာနံ၊ အဆွေခင်ပွန်းတို့အား။ န ဒုဗ္ဘတိ၊ မပြစ်မှား။ သော၊ ထို မပြစ်မှားသောသူသည်။ ပူဇကော၊ သူတစ်ပါးတို့အား ပစ္စည်းဖြင့်ပူဇော်ခြင်း, ကိုယ်,နှုတ်တို့ဖြင့်ပူဇော်ခြင်း, နှလုံးဖြင့်ပူဇော်ခြင်းကို ပြုသည်ဖြစ်၍။ ပူဇံ၊ သူတစ်ပါးတို့ပူဇော်ခြင်းကို။ လဘတေ၊ မိမိ ခံရရာ၏။ ဝန္ဒကော၊ ဂုဏ်ဖြင့် ကြီးမြတ်သောသူတို့အား ရှိခိုးလေ့ရှိသည်ဖြစ်၍။ ပဋိဝန္ဒနံ၊ သူတစ်ပါးတို့၏ ရှိခိုးတုံ့ကို။ လဘတေ၊ မိမိ ခံရရာ၏။ ယသော ကိတ္တိဉ္စ၊ အခြံအရံများခြင်း, ကျော်စောခြင်းသို့လည်း။ ပပ္ပေါတိ၊ ရောက်၏။

အဓိပ္ပာယ်ကား-

“ရထားမှူး သုနန္ဒာ။ အကြင်သူသည် အဆွေခင်ပွန်းတို့အား ပြစ်မှားခြင်းကိုပြုအံ့။ ထို ခင်ပွန်းပြစ်မှားသောသူသည် သူတစ်ပါးအား ပစ္စည်းဖြင့် ဝန်တိုခြင်း, ကိုယ်နှုတ်ဖြင့် စဉ်းလဲခြင်း၊ နှလုံးဖြင့် စောင်းမြောင်းခြင်းတို့ကိုပြု၍ ရှုတ်ချတတ်သဖြင့် မိမိသည်လည်း သူခပ်သိမ်းတို့၏ အရှုတ်အချကို ခံရရာ၏။ သူတစ်ပါးတို့ကို ဂုဏ်ရှိဂုဏ်မဲ့မရွေး မလေးမလောက် ပြုတတ်သဖြင့် မိမိကိုလည်း သူတစ်ပါးတို့ မလေးမလောက် မထီမဲ့မြင်ပြုရာ၏။ မိမိ၌ ကြီးကြီး,ငယ်ငယ် တွယ်ကပ်သမျှအပြစ်ကိုလည်း စစ်၍ထုတ်သကဲ့သို့ “ဥက္ကောဋန”ပြုလျက် သူတစ်ပါးတို့၏ အစွပ်အစွဲကိုလည်း ခံရရာ၏။ သူတစ်ပါးတို့ မြတ်နိုးတနာ ပူဇော်သက္ကာ မပြုခြင်းကြောင့် မိမိကိုလည်း သူတစ်ပါးတို့ မြတ်နိုးတနာ ပူဇော်သက္ကာ မပြုရာ။ ကြီးမြတ်သောသူတို့အား မကျိုးမနွံ စောင်းမာန်မချိုး ရှိခိုးဝတ်ကျင့် အခွင့်မသိပြုခြင်းကြောင့် မိမိကိုလည်း သူတစ်ပါးတို့ ကျိုးကျိုးနွံနွံ စောင်းမာန်နှိမ့်ချိုး ရှိခိုးဝတ်ကျင့် အခွင့်သိတိုင်း မပြုလေရာ။ ထိုသို့ ပူဇော်ခြင်း, ရှိခိုးခြင်း မရှိသော အဆွေခင်ပွန်းပြစ်မှားခြင်းသည် အခြံအရံမှကင်းခြင်း, ကျေးဇူးသတင်းယုတ်ခြင်း ရောက်ရာ၏။

“ရထားမှူးသုနန္ဒာ။ အကြင်သူသည် အဆွေခင်ပွန်း ပြစ်မှားခြင်းကို မပြု။ ထို အဆွေခင်ပွန်း မပြစ်မှားသောသူသည် သူတစ်ပါးတို့အား ပေးကမ်းချီးမြှောက်ခြင်းကို ပြုလေ့ရှိသောကြောင့် မိမိအားလည်း သူတစ်ပါးတို့ ချီးမြှောက်ပေးကမ်းခြင်းကို ပြုရာ၏။ သူတစ်ပါးတို့အား အလေးအမြတ် ပြုခြင်းကြောင့်လည်း မိမိကို သူတစ်ပါးတို့ အလေးအမြတ်ပြုရာ၏။ ထို သက္ကာရ, ဂါရဝဂုဏ်တို့နှင့် ပြည့်စုံခြင်းကြောင့် မိမိ၏ ကျေးဇူးသတင်း ကျော်စောခြင်းသည်လည်း ဖြစ်ရာ၏။

“ရထားမှူးသုနန္ဒာ။ ထို အဆွေခင်ပွန်းကို မပြစ်မှားတတ်သောသူသည် သူတစ်ပါးတို့အား ပစ္စည်းအာမိသ စသည်တို့ဖြင့် ပူဇော်ခြင်းကို ပြုအံ့။ ထိုသို့ ပူဇော်ခြင်းကြောင့် မိမိတို့အား သူတစ်ပါးတို့ပူဇော်ရခြင်းကို ခံရာ၏။ ကြီးမြတ်သောသူတို့အား မိမိ ရှိခိုးကျိုးနွံခြင်းကို ပြုလေ့ရှိအံ့။ မိမိသည်လည်း သူတစ်ပါးတို့ ရှိခိုးခြင်းကို ခံရရာ၏။ ထိုသို့ ပူဇော်ခြင်း ရှိခိုးခြင်းတို့ကြောင့် အခြံအရံ၏ပြည့်စုံခြင်း, ကျော်စောခြင်းသို့လည်း ရောက်ရာ၏။ ထို့ကြောင့် သင်သည်လည်း အဆွေခင်ပွန်းစင်စစ်ဖြစ်သော ငါ့ကို ပြစ်မှားမည် မကြံလင့်”ဟု ဆို၏။

(ဤ ၂-ဂါထာတို့၌ နေယျတ္ထနည်း, ဗျတိရိက်နည်းအားဖြင့်ပြအပ်သော “မိတ္တဒုဗ္ဘိ”အရာတွင် သူတစ်ပါးတို့အား ပစ္စည်းအားဖြင့် ချီးမြှောက်ပေးကမ်းခြင်းကို မပြု။ စဉ်းလဲဝန်တိုခြင်းကြောင့် မိမိအား သူတစ်ပါးတို့ ပေးကမ်းချီးမြှောက်ခြင်းအရာ၌ ရှင်လောသကတိဿအလောင်းဖြစ်သော ရဟန်း စသည်တို့ကိုထောက်၍ သိအပ်၏။

သူ့ကို အရိုအသေအလေးအမြတ် မပြုခြင်းကြောင့် မိမိကို သူတစ်ပါးတို့ အရိုအသေ အလေးအမြတ် မပြုရာ၌ “သတဓမ္မ”ဇာတ်တွင် ဘုရားလောင်းအား အရိုအသေ အလေးအမြတ် မပြုမူ၍ အမျိုး၏ဆဲရေးခြင်းဖြင့် ဆဲရေးပြီးလျှင် နောက်၌ ဘုရားလောင်း၏ကျေးဇူးကို ခံလိုပြန်သော်လည်း ဘုရားလောင်းသည် ထိုသူအား အရိုအသေ အလေးအမြတ်မပြုခြင်း အကြောင်းရှိသော သတဓမ္မလုလင်ကိုလည်းကောင်း၊ အရှင်သာရိပုတြာအား အရိုအသေအလေးအမြတ် မပြု၍ မိမိကိုယ်ကို ပလွှားလိုခြင်းဖြင့် မိမိအား များစွာသောပရိသတ်တို့ အရိုအသေအလေးအမြတ်မပြုဘဲ ဆဲရေးလိုက်လံခြင်းဖြင့် မစင်တွင်းလျှင် ကိုးကွယ်ရာပြုရခြင်း အကြောင်းရှိသော ရဟန်းကြီးဝတ္ထု စသည်တို့ကိုလည်းကောင်း ထောက်၍သိအပ်၏။

သူ့ကို မြတ်နိုးတနာ, ပူဇော်, သက္ကာ မရှိသဖြင့် မိမိကို သူတစ်ပါးတို့ မြတ်နိုးတနာ, ပူဇော်, သက္ကာ မရှိခြင်း၌ စဏ္ဍာလဇာတ်တွင် ဘုရားလောင်း ဒွန်းစဏ္ဍာသည် ဒိသာပါမောက္ခဆရာ့ထံမှ အခါမရွေး သရက်ပင်တို့၌ အသီးကိုဖြစ်စေတတ်သော မန္တန်ကို ရသည်ဖြစ်၍၊ အရပ်ထက်ဝန်းကျင် ကျော်စောခြင်းကြောင့် ဗာရာဏသီပြည်သား ပုဏ္ဏားဆင်းရဲတစ်ယောက်လာ၍ ဘုရားလောင်းထံခစားလျက် ထိုမန္တန်ကိုတောင်းလျှင် မန္တန်၏ဥပစာနှင့်တကွ သင်လိုက်သဖြင့် ထိုပုဏ္ဏား ရသောအခါ ဗာရာဏသီပြည်သို့သွား၍ မင်းကြီးထံခစားလတ်သော် မန္တန်၏အစွမ်းဖြင့် ထင်ရှားခြင်းဖြစ်လေ၏။

တစ်ရံရောအခါ မင်းကြီးသည် ဝမ်းမြောက်ခြင်းဖြင့် ပုဏ္ဏားအား “ဆရာ။ ဤမန္တန်ကို အဘယ်ဆရာ့ထံမှ ရအပ်သနည်း”ဟု မေးလျှင်၊ “ဒွန်းစဏ္ဍာထံမှ ရအပ်သည်ဟု ငါလျှောက်ချေသော် မင်းကြီး အလေးအမြတ်မပြုရာ”ဟု ယုတ်မာသောအကြံဖြစ်၍၊ “အရှင်မင်းကြီး။ ဤမန္တန်ကို တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခဆရာ့ထံမှ အကျွန်ုပ် ရခဲ့သည်”ဟု မုသာဝါဒဖြင့် မိမိ၏ဆရာဖြစ်သော ဘုရားလောင်းကို တိမ်မြှုပ်၍လျှောက်၏။

ထိုအခါမှစ၍ မန္တန်၏အာနုဘော်တို့သည် ပျောက်ကုန်သဖြင့် ဖွဲအဖျင်းမျှသာ အကြွင်းရှိသော စကားလုံးကဲ့သို့ ဂါထာ၏ ပုဒ်,ဝါကျမျှသာ အကြွင်းရှိသောအဖြစ်သို့ ရောက်ခြင်းကြောင့် သရက်ပင်တို့၌ အသီး သီးစေခြင်းငှာ နောက်အခါတို့၌ မိမိအားထုတ်သော်လည်း မတတ်နိုင်လတ်သော်၊ မင်းကြီးကား ပညာရှိဖြစ်၍ “ဤသူသည် စင်စစ် ဆရာအားပြစ်မှားသည် ဖြစ်ရာ၏”ဟုသိသဖြင့် အကြောင်းကို မင်းအာဏာပြလျက် စစ်မေးလတ်လျှင်၊ “ဤမည်သော ကျေးလက်ရွာ၌ ဤမည်သောဒွန်းစဏ္ဍားထံမှ ဤမန္တန်ကို သင်ခဲ့ပေသည်ဖြစ်လျက် ဆရာကို မြတ်နိုးခြင်းမရှိ ပြုမိချေသောကြောင့် မန္တန်၏အာနုဘော် ဆုတ်ခဲ့ချေပြီ”ဟု အဖြောင့်လျှောက်၏။

မင်းကြီးလည်း “ဆရာကို မြတ်နိုးတနာ, ပူဇော်သက္ကာမရှိသော သင်သည် အဘယ်သို့လျှင် သူတစ်ပါးတို့၏ ပူဇော်သက္ကာကို ခံရပါအံ့နည်း”ဟုဆို၍ လွှတ်လိုက်၏။ ထိုပုဏ္ဏားလည်း တစ်ဖန် ဘုရားလောင်းထံသွား၍ အကြောင်းမျိုးကိုကြားလျက် ထိုမန္တန်ကိုပင် တောင်းပြန်လေသော် “မသူတော်ခင်ပွန်းသစ်ကို ချစ်သနား၍ပြုသော်လည်း ထိုသူအကျိုးကို မြတ်နိုးမခံရရာ၊ အပြစ်သာပြန်ချေမည်”ဟုကြံလျက် “ပုဏ္ဏားလုလင်။ မြင်တတ်သော စက္ခုပသာဒရုပ် ချုပ်ပြီးသည်ကို မြင်လိုပြန်သည်မှာ အဘယ်ဆရာ ဆေးကုနိုင်အံ့နည်း။ သင် လွတ်ရာဖယ်လေ”ဟု နှင်ထုတ်လိုက်သဖြင့် ပြင်းစွာ နှလုံးမသာခြင်းနှိပ်စက်လျက် တောသို့ဝင်၍ အကျိုးမဲ့ပျက်စီးလေသော ရှင်ဒေဝဒတ်အလောင်း မိတ္တဒုဗ္ဘိပုဏ္ဏား အတ္ထုပ္ပတ္တိကို လည်းကောင်း၊ “စူဠဒုဒ္ဒရနာဂ”ဇာတ်၌ သူတစ်ပါးတို့အား မြတ်နိုးတနာ, ပူဇော်, သက္ကာမရှိခြင်းကြောင့် အဖဖြစ်သော ဒုဒ္ဒရနဂါးမင်း ပြည်မှနှင်ထုတ်လိုက်လေသော စူဠဒုဒ္ဒရ နဂါးလုလင် အစရှိသောသူတို့ကိုလည်းကောင်း ထောက်၍သိအပ်၏။

ကြီးမြတ်သောသူတို့အား ရှိခိုးကျိုးနွံခြင်း မရှိသောကြောင့် မိမိကို သူတစ်ပါးတို့ ရှိခိုးကျိုးနွံခြင်း မရှိရာ၌ ဓနဉ္စယသူဌေး၏သမီး ဝိသာခါ၏ညီမဖြစ်သော သုဇာတာသူဌေးသမီးသည် အမျိုးမာန်, စည်းစိမ်မာန်ဖြင့် ထောင်လွှားကြမ်းကြုတ်လျက် မိမိလင်၌ အရှင်ကဲ့သို့ပြု၍ ယောက္ခမဖြစ်သော အနာထပိဏ်သူဌေးကြီးစသော ကြီးမြတ်သောသူအား ရှိခိုးကျိုးနွံခြင်းမရှိခြင်းကြောင့် မိမိအားလည်း ကျွန်အမှုလုပ်မှစ၍ တစ်ပါးသောသူတို့သည် “ဤသူဌေးသမီးကား အမျိုးကောင်းသမီး အရှင်ပေတည်း”ဟု တစ်စုံတစ်ယောက်မျှ မြတ်မြတ်နိုးနိုး ရှိခိုးကျိုးနွံခြင်းမရှိ၊ မိမိဆိုတိုင်း ရန်တုံ့ပြန်၍ နှုတ်လှံထိုးခြင်း စသည်ကိုခံရခြင်း အကြောင်းရှိသော သုဇာတာသူဌေးသမီး စသည်တို့ကိုလည်းကောင်း ထောက်၍သိအပ်၏။

နီတတ္ထအားဖြင့်ပြအပ်သော “မိတ္တပူဇာ”အရာ ထို ၂-ဂါထာအရတွင် သူ့ကို ပစ္စည်းဖြင့် သင်္ဂြိုဟ်ချီးမြှောက် ထောက်ပံ့ပေးကမ်းခြင်း သက္ကာရရှိသောကြောင့် မိမိကို သူတစ်ပါးတို့ သင်္ဂြိုဟ်ချီးမြှောက် ထောက်ပံ့ခြင်းရှိကြောင်းကိုကား “သဗ္ဗမံသလာဘီ”ဇာတ်၌ အသာအယာခေါ်ဝေါ်အပ်သော ဘုရားလောင်းသူဌေးသား၏ စကားကို မြတ်နိုးခြင်းရှိသဖြင့် တောမှ မိမိလှည်းဖြင့်အပြည့်တင်၍ ဆောင်ခဲ့အပ်သောအမဲတို့ကို သူဌေးသားအား ပေးကမ်းသင်္ဂြိုဟ်ခြင်းကြောင့် သူဌေးသားလည်း ကျေးဇူးသိသဖြင့် မိမိမုဆိုးအဖြစ်ကို စွန့်ပစ်စေ၍၊ များစွာသော အိမ်ထောင်ပစ္စည်း ဥစ္စာစည်းစိမ်တို့ကို ပေးကမ်းထောက်ပံ့လျက် သူဌေးအဖြစ်၌တည်စေခြင်း အတ္ထုပ္ပတ္တိရှိသော ရှင်သာရိပုတြာအလောင်း မုဆိုးသား အစရှိသောသူတို့ကိုလည်းကောင်း ထောက်၍သိအပ်၏။

သူ့ကို အလေးအမြတ်ပြုသဖြင့် မိမိကို သူတစ်ပါးတို့ အလေးအမြတ်ပြုခြင်း၌ “တိရိဋိဝစ္ဆ”ဇာတ်တွင် ဘုရားလောင်းသည် တိရိဋိဝစ္ဆအမည်ရှိသော ရသေ့ဖြစ်၍၊ တော၌ သင်္ခမ်းဆောက်လျက် နေသောအခါ အရှင်အာနန္ဒာအလောင်းသည်လည်း ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းဖြစ်၍ တစ်ရံရောအခါ ပြည်စွန်ရွာလက် မငြိမ်သက်သဖြင့် ရန်မီးကိုငြိမ်းစိမ့်သောငှာ စစ်ထွက်လေသော် နိုင်ခွင့်မတန်၍ မြို့ပြန်မလှ ရှိချေသောကြောင့် တိုက်ဆင်တစ်စီးနှင့် တစ်ကိုယ်တည်းချင်း တောကြီးရှိရာ ခိုဝင်ရလေလျှင် ရေမွတ်သိပ်လျက် ထို တိရိဋိဝစ္ဆရသေ့ နေရာကျောင်းသို့ ရောက်၍ ရှင်ရသေ့လည်း သစ်သီးသစ်ဖု အရှာအမှီးသွားခိုက်ဖြစ်သည်နှင့် ရှင်ရသေ့ကို မတွေ့မမြင် ရေအိုးများတွင်လည်း ရေမရှိ၍ မရ။ ကျောင်းစင်္ကြံဝ၌ ရေတွင်းတစ်ခုကို တွေ့လေသော် ဆင်ပေါ်မှဆင်း၍ သင်ပြီးသောအတတ်ရှိသဖြင့် လိမ္မာလှစွာသောဆင်ကို တွင်းနား၌ရပ်စေလျက် ဆင်တော်ကုန်းပတ်ကြိုးကို ယူပြီးလျှင် ဆင်၏ခြေ၌ ကြိုးတစ်စကိုချည်၍ တွင်းထဲသို့ကြိုးကိုချလျက် ရေတွင်းသို့ဆင်းလေသော် အောက်ကြိုးစဖြင့် ရေကိုမမီလျှင်၊ ကိုယ်တွင်ပါရှိသော ပုဆိုးကိုဆက်၍ ဆင်းပြန်လေသော်လည်း မမီသဖြင့် ပုဆိုးမြိတ်ကိုလက်၌ဆက်၍ ကိုယ်ကိုမတ်ရပ်ဆွဲကာ ထောက်သောအခါ ခြေဖျားစွတ်ရုံမျှ ရေ၌ထိသဖြင့် ရေသိပ်ခြင်း အတန်ငယ်ပြေလျက် အလိုအားလျော်စွာ သောက်ခြင်းငှာလည်း မတတ်နိုင်, ကြိုးကိုဆွဲ၍ တက်ခြင်းငှာလည်း ကိုယ်ကို အားမယူနိုင်သဖြင့် ငါကား ယခု “တစ်ယောက်ထီးတည်း သေရတော့မည်”ဟု ကြံလျက် ပင်ပန်းစွာ မင်းကြီးနေရလျှင် ဆင်တော်လည်း လိမ္မာခြင်းကြောင့် တစ်ပါးချမ်းသာရာမသွားဘဲ မင်းကြီးကိုကြည့်လျက် ငြိမ်သက်စွာနေ၏။

ရှင်ရသေ့လည်း တောမှပြန်လာလတ်သဖြင့် မင်းစီးဆင်ကိုမြင်လျှင် “အကြောင်း အဘယ်နည်း”ဟု စုံစမ်းအံ့သောငှာ ရေတွင်းအနီးသို့ကပ်လေသော် ဆင်သည်လည်း ကရုဏာ, မေတ္တာပြဋ္ဌာန်းသော ရှင်ရသေ့မျက်နှာ အညံ့အပြေကိုမြင်လျှင် “ကျေးဇူးဆောင်အံ့သူ ဖြစ်သည်”ဟု တင့်အပ်ရာသို့ ဦးခေါင်း တိမ်းလှည့်ကာနေ၏။ ရှင်ရသေ့လည်း တွင်းနား၌ရပ်လျက် ကြည့်ရှုလတ်သဖြင့် မင်းကြီးကိုမြင်လျှင် အကြောင်းကိုဆင်ခြင်မိ၍ သိသောအခါ “မင်းမြတ်။ မကြောက်လင့်။ ငါ ရှိပြီ” ဟု နှစ်သိမ့်စေလျက် လှေကားချ၍ မင်းကြီးကိုတက်စေပြီးမှ ကိုယ်လက်ဆုပ်နယ်ခြင်း, ရေချိုးခြင်း, ဆီဖြင့်လိမ်းသပ်ခြင်း စသည်တို့ဖြင့် လေးလေးမြတ်မြတ်ပြု၍ သစ်သီးကြီးငယ်တို့ကို စားစေခြင်း, သောက်ရေတည်ကျွေးခြင်းတို့ဖြင့် ကောင်းစွာပြုစုပေ၏။ မင်းကြီးလည်း အပင်အပန်းပြေငြိမ်းသဖြင့် ရှင်ရသေ့အား မြို့သို့ကြွလာပါမည့်အကြောင်းကို တောင်းပန်၍၊ ရှင်ရသေ့၏ ပဋိညာဉ်ကိုရသောအခါ ပြည်သို့ပြန်လေ၏။

ရှင်ရသေ့လည်း မင်းကြီးအား ပဋိညာဉ်ကိုပြုလိုက်တိုင်း ချဉ်ဆားမှီဝဲအံ့သောငှာ ဗာရာဏသီပြည်သို့သွား၍ မင်းကြီးနန်းတော်သို့ဝင်လျှင် မင်းကြီးလည်း လေးလေးမြတ်မြတ် ရွှင်လန်းဝမ်းမြောက်စွာ ရာဇပလ္လင်ထက်၌ ရှင်ရသေ့ကိုနေစေလျက် များစွာသော လာဘ်, ပူဇော်, သက္ကာတို့ကိုပြုပြီးမှ မိမိဥယျာဉ်၌ နေ့သန့်ရာ, ညဉ့်သန့်ရာကျောင်းအဆောင်ဆောင်ဆောက်၍၊ ရှင်ရသေ့အား ချီးမြှောက်ပူဇော်ခြင်းမှ ရှင်ရသေ့အလိုရှိလျှင် ထီးနန်းစည်းစိမ်ကိုသော်လည်း မကပ်မတွယ်ပေးလှူလိုခြင်း, အားမရနိုင်အောင်သော ချီးမြှောက်ခြင်းတို့ဖြင့် ကိုးကွယ်လျက် အလေးအမြတ်ပြုဖူးသော ကျေးဇူးတုံ့ကို ခံရခြင်းအကြောင်းရှိသော တိရိဋိဝစ္ဆဇာတ်ကိုလည်းကောင်း ထောက်၍ သိအပ်၏။

ထို သူဌေးစည်းစိမ်ကိုရလေသော် မုဆိုး, မင်းကြီးဆရာဖြစ်သော တိရိဋိဝစ္ဆ ရှင်ရသေ့တို့သည် ကျေးဇူးသတင်း ကျော်စောခြင်းဖြစ်သကဲ့သို့ သက္ကာရ ဂါရဝနှင့် ပြည့်စုံကုန်သော သူဟူသမျှတို့သည် ကျေးဇူးသတင်း ကျော်ခြင်းဖြစ်သည်ချည်းဟု သိစေလို၍ ဂါထာ၌ “ဝဏ္ဏကိတ္တိဘတော ဟောတိ”ဟူသော စကားချပ်တော်မူသည်။ သူ့ကိုပူဇော်, သက္ကာပြုသဖြင့် မိမိကို သူတစ်ပါးတို့ ပူဇော်ရာသည်၌ “အဿာရောဟ”ဇာတ်တွင် စစ်ရေးမလှ၍ မြင်းတစ်စီးချင်းဖြင့် တစ်ယောက်တည်း တိမ်းလှည့်ခဲ့ရလျှင် ရွာငယ်တစ်ခုသို့ရောက်လာသော မင်းကြီးအား ထိုရွာ သူကြွယ်သမီး ခင်ပွန်းတို့သည် ပြည့်ရှင်မင်းဟုမသိဘဲ မြင်းစီးသူရဲအမှတ်ဖြင့်ပင် ကြင်နာလေးမြတ်စွာ မိမိတို့အိမ်၌နေစေ၍ ခြေလက်ဆုပ်နယ်ခြင်း, ယပ်လေခတ်ခြင်း, အဝတ်အစားတို့ဖြင့် ပူဇော်ချီးမြှောက်ခြင်းကိုပြု၍ လွှတ်လိုက်ဖူးသော ကျေးဇူးကြောင့် ထိုသူကြွယ်သမီးခင်ပွန်းတို့ မင်းကြီးထံရောက်လာသောအခါ မင်းကြီးသည် မိဖုရားကြီးကိုခေါ်၍ နံ့သာရည်ပြည့်သော ရွှေဖလားဖြင့် သူကြွယ်ကိုဆေးစေခြင်း, ယပ်လေခတ်ခြင်း, မင်း၏ကျက်သရေကို ယူစေခြင်းတို့ဖြင့် များစွာ ပူဇော်ချီးမြှောက်လျက် မြို့ကို ထက်ဝက်ပေး၍ မင်းပြိုင်ပြုခြင်း အတ္ထုပ္ပတ္တိရှိသော အဿာရောဟဇာတ်ကိုလည်းကောင်း ထောက်၍သိအပ်၏။

ကြီးမြတ်သောသူတို့အား ရှိခိုးကျိုးနွံခြင်းရှိသဖြင့် မိမိကို သူတစ်ပါးကို ရှိခိုးခံရခြင်း၌ စိတ္တသူကြွယ် အစရှိသောသူတို့ကို ထောက်၍သိအပ်၏။ ဤသို့ ရှိခိုးခြင်း၌ ဝန္ဒနာအရာ၌ကား သီလအစရှိသောဂုဏ်တို့ဖြင့် ကြီးမြတ်သောသူသည်သာလျှင် သီလ အစရှိသောဂုဏ်တို့ဖြင့် ငယ်သောသူတို့၏ရှိခိုးခြင်းကို ခံထိုက်၏။ ကြီးသောဂုဏ်ရှင်သည်လည်း ငယ်သောဂုဏ်ရှင်အား ရှိမခိုးထိုက်။ ရှိခိုးချေသော် ၂-ဦးလုံး အပြစ်မလွတ်။ ပညာဂုဏ် အစရှိသော ကျေးဇူတစ်ခုခုကို အကြောင်းပြု၍လည်းကောင်း၊ နိဿယ နည်းယူသောအခါ, ပညာသင်သောအခါ အစရှိသည်တို့၌ လည်းကောင်း ဖြစ်မူကား ငယ်သော်လည်း ကြီးမြတ်သောသူတို့ ရှိခိုးကို ခံထိုက်၏။ သက္ကာရ, ဂါရဝ, ပူဇာအရာဖြစ်မူကား ပုဂ္ဂိုလ် အမြတ်, အယုတ် ဟူ၍မရွေးသင့်။ ထိုသူတို့၌ ရှိတိုင်းသော ကျေးဇူးအားလျော်စွာ ပြုအပ်လှတော့သည်သာဟု သိအပ်၏။

ထိုတွင် “သက္ကာရ”ဟူသည်ကား အဘယ်နည်း။ “ဂါရဝ”ဟူသည်ကား အဘယ်နည်း။ “ပူဇာ”ဟူသည်ကား အဘယ်နည်းဟူမူ-

“ယဿ စတ္တာရော ပစ္စယေ သက္ကရိတွာ သုဋ္ဌု အဘိသင်္ခတေ ပဏီတပဏီတေ ကတွာ ဒေန္တိ၊ သော သက္ကတော။ ယသ္မိံ ဂရုဘာဝံ ပဋ္ဌပေတွာ ဒေန္တိ၊ သော ဂရုကတော။ ယံ မနဿာ ပိယာယန္တိ၊ သော မာနိတော။ ယဿ သဗ္ဗမ္ပေတံ ကရောန္တိ၊ သော ပူဇိတော။”ဟူသော ပါရာဇိကဏ် အဋ္ဌကထာနှင့်အညီ ပုဂ္ဂိုလ်အား အလေးမပြုလွန်းဘဲ ပစ္စည်းကိုသာ ကောင်းစွာစီရင်၍ ပေးကမ်းခြင်းသည် “သက္ကာရ” မည်၏။ ပေးကမ်းဖွယ်ပစ္စည်းတို့ကို ကောင်းစွာစီရင်ခြင်း စသည်တို့ကိုမပြုဘဲ ပုဂ္ဂိုလ်ကိုသာ အလေးအမြတ်ပြု၍ ပေးကမ်းခြင်းသည် “ဂါရဝ”မည်၏။ ထို သက္ကာရ, ဂါရဝ ၂-ပါးနှင့်ပြည့်စုံစွာ ချစ်မြတ်နိုးခြင်းနှင့်တကွ ကောင်းမွန်စွာ စီရင်အပ်သောပစ္စည်းဖြင့် ပုဂ္ဂိုလ်ကိုလည်း အလေးအမြတ်ပြု၍ ပူဇော်ချီးမြှောက်ခြင်းသည် “ပူဇာ"မည်၏ဟု မှတ်အပ်၏။

ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ စတ္တာရော ပစ္စယေ၊ ပစ္စည်း ၄- ပါးတို့ကို။ သက္ကရိတွာ၊ ကောင်းစွာ စီရင်ခင်းကျင်း၍။ သုဋ္ဌု။ ကောင်းစွာ။ အဘိသင်္ခတေ၊ စီရင်အပ်ကုန်သော။ ပဏီတပဏီတေ၊ မွန်မွန်မြတ်မြတ် ဖြစ်ကုန်သော ပစ္စည်းတို့ကို။ ကတွာ၊ ပြု၍။ ဒေန္တိ၊ ပေးကုန်၏။ သော ပုဂ္ဂလော၊ ထို အပေးကိုခံရသော ပုဂ္ဂိုလ်သည်။ သက္ကတော၊ သက္ကတမည်၏။ ယသ္မိ့၊ အကြင်ပုဂ္ဂိုလ်၌။ ဂရုဘာဝံ၊ အလေးအမြတ်၏အဖြစ်ကို။ ပဋ္ဌပေတွာ၊ ဖြစ်စေ၍။ ဒေန္တိ၊ ပေးကုန်၏။ သော၊ ထိုအပေးခံရသောသူသည်။ ဂရုကတော၊ ဂရုကတ မည်၏။ ယံ ပုဂ္ဂလံ၊ အကြင်ပုဂ္ဂိုလ်ကို။ မနသာ၊ စိတ်ဖြင့်။ ပိယာယန္တိ၊ ချစ်ကုန်၏။ သော ပုဂ္ဂလော၊ ထိုချစ်အပ်သော ပုဂ္ဂိုလ်သည်။ မာနိတော၊ မာနိတမည်၏။ ယဿ၊ အကြင်သူအား။ ဧတံပိ သဗ္ဗံ၊ ဤ အလုံးစုံဆိုခဲ့ပြီးသော သက္ကာရ, ဂါရဝ, မာနိတကို။ ကရောန္တိ၊ ပြုကုန်၏။ သော ပုဂ္ဂလော၊ ထို အပြုကိုခံရသောပုဂ္ဂိုလ်သည်။ ပူဇိတော၊ ပူဇိတမည်၏။ အဋ္ဌကထာပါဌ်အနက်။)


ထိုသို့ ၆-ဂါထာတို့ဖြင့်ပြပြီးလျှင် တစ်ဖန် အကျိုးထူးကို ပြပြန်လို၍--

“အဂ္ဂိ ယထာ ပဇ္ဇလတိ၊ ဒေဝတာဝ ဝိရောစတိ။

သိရိယာ အဇဟိတော ဟောတိ၊ ယော မိတ္တာနံ န ဒုဗ္ဘတိ။”

ဟူသောဂါထာဖြင့် ဟောပြန်၏။

အနက်ကား-

သာရထိ၊ ရထားမှူး။ ယော၊ အကြင်သူသည်။ မိတ္တာနံ၊ အဆွေခင်ပွန်းတို့အား။ န ဒုဗ္ဘတိ၊ မပြစ်မှား။ သော၊ ထို မပြစ်မှားသောသူသည်။ အဂ္ဂိ ယထာ၊ မီးတောက်ကဲ့သို့။ ပဇ္ဇလတိ၊ အခြံအရံစည်းစိမ် အရှိန်အစော်ဖြင့် တောက်ပရာ၏။ ဒေဝတာဝ၊ တန်ခိုးကြီးသောနတ်ကဲ့သို့။ ဝိရောစတိ၊ ကျက်သရေဖြင့် တင့်တယ်၏။ သိရိယာ၊ ဘုန်းကျက်သရေမှ။ အဇဟိတော၊ မစွန့်သည်။ ဟောတိ၊ ဖြစ်၏။

အဓိပ္ပာယ်ကား-

“ရထားမှူး သုနန္ဒာ။ အကြင်သူသည် အဆွေခင်ပွန်းတို့အား ပြစ်မှားခြင်းရှိသည်ဖြစ်အံ့။ ထိုသူသည် အဆိပ်မရှိသောမြွေကဲ့သို့ ကြောက်ရွံ့ခံ့ညားဖွယ်ဂုဏ်မဲ့သဖြင့် ဆောင်တတ်သောဂုဏ် မရှိသည်ဖြစ်၍လည်း မတင့်တယ်ရာ။ မိမိ၌ရှိသော ဘုန်းကျက်သရေတို့သည်လည်း စွန့်ရာ၏။

“ရထားမှူး သုနန္ဒာ။ အကြင်သူသည် အဆွေခင်ပွန်းတို့အား ပြစ်မှားခြင်းကို မပြု။ ထို အဆွေခင်ပွန်း မပြစ်မှားသောသူသည် မီးတောက်မီးလျှံကဲ့သို့ ဘုန်းအာဏာတို့ဖြင့်လည်း တောက်ပရာ၏။ တန်ခိုးရှိသော နတ်တို့ကဲ့သို့လည်း သူခပ်သိမ်းတို့ နှစ်လိုဖွယ်ကို ဆောင်တတ်သော ကျက်သရေတို့ဖြင့် တင့်တယ်ရာ၏။ မိမိ၌ တင့်တယ်တောက်ပခြင်းကို ဆောင်တတ်သော ဘုန်းကျက်သရေတို့သည်လည်း မစွန့်ရာ။ ထို့ကြောင့် သင်ရထားမှူးသည်လည်း အဆွေခင်ပွန်းစင်စစ်ဖြစ်သော ငါ့ကို မပြစ်မှားလင့်”ဟု ဆိုလိုသည်။

(ဤဂါထာ၌ “ဗျတိရိက်”နည်းတွင် အဆွေခင်ပွန်းကိုပြစ်မှားခြင်းကြောင့် အရှိန်အစော်မရှိရာ၌ “မဟောသဓ”သုခမိန်ကိုပြစ်မှားခြင်းကြောင့် မျောက်ဖြူဟူသောအဖြစ်, လက်ရကျွန်ဟူသောအဖြစ်သို့ ရောက်ရလေသော သိန်းအမတ် အစရှိသောသူတို့ကို ထောက်၍သိအပ်၏။

မတင့်တယ်သောအဖြစ်သို့ ရောက်ရာ၌ ဥဒုမ္ဗရဒေဝီကို ပြစ်မှားသော ပိင်္ဂုတ္တရလုလင် အစရှိသောသူတို့ကိုထောက်၍သိအပ်၏။

ကျက်သရေစွန့်ခြင်းကိုကား ရှင်ဒေဝဒတ်, သုနက္ခတ္တ၊ မာဂဏ္ဍီ အစရှိသောသူတို့ကို ထောက်၍သိအပ်၏။

အနွယနည်း “နီတတ္ထ”ပုဒ်တို့တွင် အဆွေခင်ပွန်းကိုမပြစ်မှားခြင်းကြောင့် မီးတောက်မီးလျှံကဲ့သို့ အရှိန်အစော်တောက်ပရာသည်၌ ပုဏ္ဏသူဌေး အစရှိသောသူတို့ကို ထောက်၍သိအပ်၏။

နတ်ကဲ့သို့ တင့်တယ်ခြင်း၌ ငယ်သောအခါမှစ၍ အသက် ၁၂၀-တိုင်အောင် “ဆန်းသစ်သော လကဲ့သို့” တစ်နေ့တခြား တိုးပွားများမြတ်သော အစိုးရခြင်း, စည်းစိမ်အခြံအရံတို့ဖြင့် နတ်ကဲ့သို့တင့်တယ်ခြင်းရှိသော ပုဗ္ဗာရုံကျောင်းဒါယိကာမ ဝိသာခါ အစရှိသောသူတို့ကိုထောက်၍ သိအပ်၏။

ကျက်သရေမစွန့်ခြင်း၌ အနာထပိဏ်သူဌေးဝတ္ထုကို ထောက်၍ သိအပ်၏။

“ကျက်သရေ”ဟူသောစကား၌” အသရေရှိသော ကြက်၏ဦးခေါင်းကိုစား၍ ဆင်ကဲမင်းဖြစ်ဖူးကြောင်း အတ္ထုပ္ပတ္တိထင်ရှားရှိရာ အကြောင်းတစ်စိတ်ကိုအစွဲပြုသဖြင့် လူစသည်တို့၌ရှိသော အသရေကိုလည်း ကျက်သရေဟူ၍ပင် ပညာရှိတို့ဆိုလေသည်ဟု သိအပ်၏။

သိရီကို ဝိဂြိုဟ်ဆိုသော်ကား--

သိရတိ သေဋ္ဌဘာဝေန ဘဝတီတိ သိရော။

သိရေ သေဋ္ဌဇနေ ဇာတာတိ သိရီ။

သိရံ ဝိလာသေတီတိ ဝါ သိရီ။

သုန္ဒရဋ္ဌာနံ ဤရိတုံ သင်္ကမိတုံ သီလံ ယဿာ၊ လက္ခိယာ သာယန္တိ ဝါ သိရီ။

ဤသို့စသည်တို့ဖြင့် ဆိုအပ်၏။

ယော ပုညဝန္တော၊ အကြင်ဘုန်းရှိသောသူသည်။ သိရတိ သေဋ္ဌဘာဝေန ဘဝတိ၊ မြတ်သည်၏အဖြစ်အားဖြင့် ဖြစ်တတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ သော ပုညဝန္တော၊ ထိုဘုန်းတန်းရှင်သည်။ သိရော၊ သိရမည်၏။ သိရ-ဓာတ်။ အ-ပစ္စည်း။

သိရ-ဓာတ်၏အရကား ဒါန၊ သီလအစရှိသော ဘုန်းကံကုသိုလ်သည် ပဋိသန္ဓေအခါ, ပဝတ္တိအခါတို့၌ ဖြစ်စေအပ်သည်ဖြစ်၍ ဥပဓိသမ္ပတ္တိဖြစ်သော ခန္ဓာ ၅-ပါး၊ ခန္ဓာ ၅-ပါးနှင့်စပ်၍ဖြစ်သော ဣဿရိယ, ပရိဝါရ, ဝဏ္ဏ, ကိတ္တိ အစရှိသော စည်းစိမ်တို့၌ ဥပ္ပါဒသတ္တိသည် မုချ။ ထိုသတ္တိ၏တည်ရာ ကောင်းမြတ်စွာ လက္ခဏာစုံလင်သော ခန္ဓာ ၅-ပါးသည် ဌာနူပစာရအားဖြင့် ရ၏။ အ-ပစ္စည်း၏ အရကား ထို မုချ,ဥပစာရတို့ဖြင့်မှတ်အပ်သော ဘုန်းတန်းရှင်ဖြစ်သော ပုဂ္ဂိုလ်ဒြပ်ရ၏။

ယာ လက္ခီ၊ အကြင် တင့်တယ်စံပယ်ခြင်းဂုဏ်ကို ဆိုအပ်သော ကျက်သရေပညတ်သည်။ သိရေ သေဋ္ဌဇနေ၊ ဘုန်းတန်းရှင်ဖြစ်၍ မြတ်သောသူ၌။ ဇာတာ၊ ရောက်တတ်သည်တည်း။ ဣတိတသ္မာ၊ ထိုသို့ ဘုန်းတန်းတန်းရှင်ရှိသောသူ၌သာ ရောက်တတ်သောသတ္တိကြောင့်။ သာ လက္ခီ၊ ထိုတင့်တယ်ခြင်းဂုဏ်ဟု ဆိုအပ်သော ပညတ်သည်။ သိရီ၊ သိရီမည်၏။

ဇာတတဒိတ်။ ဏ-ပစ္စည်း။ သိရေ-ဟူသော ရှေးပုဒ်၏အရကား ဘုန်းရှိသောသူဟု မှတ်ကြောင်းဖြစ်သော ဘုန်းကံသည်ပြီးစေအပ်သော လက္ခဏာကောင်း အစိတ်, အပေါင်း, ဂုဏေ, အာဓာရဖြစ်သော သဏ္ဌာနပညတ်ဒြပ် ဝိသေသရ၏။ ဇာတာ-ဟူသော နောက်ပုဒ်၏အရကား ထို ဂုဏေအာဓာရဒြပ် ဝိသေသဖြစ်သော လက္ခဏာကောင်းအပေါင်းတို့၏ တင့်တယ်ခြင်းဂုဏ် အာဓာရ်ဖြစ်သော ကျက်သရေ ရ၏။ ဏ-ပစ္စည်းအရကား ကျေလေသော ဇာတပုဒ်၏အနက် ကျက်သရေကိုလည်းကောင်း, ကျေလေသော သ္မိံဝိဘတ်၏ ဇာတပုဒ်နှင့် ဌာနဝိသေသအဖြစ်ဖြင့် စပ်ခြင်းကြိယာ ကာရကသမ္ဗာန်ကိုလည်းကောင်း ဟောစွမ်းသော ဝါစကသတ္တိရှိသည်ဖြစ်၍ ဘုန်းတန်းလက္ခဏာလျှင် တည်ရာရှိသော ကျက်သရေ ရ၏။ အန္တောနီတဖြစ်သော “ဧဝတ္ထ” ဖြင့်ကား ဘုန်းကံညံ့၍ လက္ခဏာညှိုးသူ၌ မရှိဟု ပဋိသေဓ, ဘုန်းကံစီရင်၍ လက္ခဏာရွှင်သောသူ၌သာရှိ၏ဟု သန္နိဋ္ဌာပကအနက်တို့ကို ပြီးစေ၏။

ဝါ၊ တစ်နည်းကား။ ယာ လက္ခီ၊ အကြင်ကျက်သရေသည်။ သိရံ သေဋ္ဌဇနံ၊ မြတ်သောသူကို။ ဝိလာသေတိ၊ တင့်တယ်စေတတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ သာ လက္ခီ၊ ထိုကျက်သရေသည်။ သိရီ၊ သိရီမည်၏။

ဝါ၊ တစ်နည်းကား။ ယာ လက္ခီ၊ အကြင်ကျက်သရေသည်။ သိရေ ဥတ္တမော၊ မြတ်သောအင်္ဂါဟုဆိုအပ်သော ဦးခေါင်း၌။ ဇာတာ၊ ရောက်တတ်သည်တည်း။ ဣတိတသ္မာ၊ ထို့ကြောင့်။ သာ လက္ခီ၊ ထိုကျက်သရေသည်။ သိရီ၊ သိရီ မည်၏။

ဝါ၊ တစ်နည်းကား။ ယဿာ လက္ခိယာ၊ အကြင်ကျက်သရေအား။ သုန္ဒရဋ္ဌာနံ၊ တင့်တယ်ရာအရပ်သို့။ ဤရိတုံ သင်္ကမိတုံ၊ ပြောင်းခြင်းငှာ။ သီလံ၊ အလေ့သည်။ ဟောတိ၊ ဖြစ်၏။ ဣတိတသ္မာ၊ ထိုသို့ တင်တယ်ရာ လက္ခဏာတစ်ပါးသို့ ပြောင်းတတ်သောအလေ့ရှိသော သတ္တိကြောင့်။ သာ အယံ လက္ခီ၊ ထိုကျက်သရေသည်။ သိရီ၊ သိရီမည်၏။

သံ-ရှေးရှိသော ဤရ-ဓာတ်။ ဏီ-ပစ္စည်း။ ဤဝိဂြိုဟ်ကား အနာထပိဏ်သူဌေး ဝတ္ထုကိုထောက်၍ ဆိုလိုက်သည်။)

ထိုသို့ ၇-ဂါထာတို့ဖြင့် ပြပြီးလျှင် တစ်ဖန် အကျိုးထူးကိုပြဆိုလိုသော ဘုရားလောင်း တေမိမင်းသားသည်-

“ဂါဝေါ တဿ ပစာယန္တိ၊ ခေတ္တေ ဝုတ္တံ ဝိရူဟတိ။

ဝုတ္တာနံ ဖလမသ္နာတိ၊ ယော မိတ္တာနံ န ဒုဗ္ဘတိ။”

ဟူသော ဂါထာဖြင့် ဟောပြန်၏။

အနက်ကား-

သာရထိ၊ ရထားမှူး။ ယော၊ အကြင်သူသည်။ မိတ္တာနံ၊ အဆွေခင်ပွန်းတို့အား။ န ဒုဗ္ဘတိ၊ မပြစ်မှား။ တဿ၊ ထို အဆွေခင်ပွန်းမပြစ်မှားသော သူအား။ ဂါဝေါ၊ နွားတို့သည်။ ဝါ၊ နွား,ကျွဲ,ဆင်,မြင်း, ကျွန်,အမှုလုပ်အစရှိသော အစေအပါး အခြံအရံတို့သည်။ အပစာယန္တိ၊ ပွားများကုန်၏။ ခေတ္တေ၊ လယ်မြေ၌။ ဝါ၊ ပစ္စုပ္ပန်သံသရာအကျိုးငှာ ပြုအပ်သမျှသော သမယခေတ်၌။ ဝုတ္တံ၊ စိုက်ပျိုးအပ်သော စပါးမျိုးသည်။ ဝါ၊ စိုက်ပျိုးပြုစုဆောင်ရွက်အပ်သော အမှုအရေး အကျိုးပေးမျိုးစေ့ဟူသမျှသည်။ ဝိရူဟတိ၊ မနှောင့်မယှက် တက်ဖြိုးပွားစီး၏။ ဝုတ္တာနံ၊ စိုက်ပျိုးအပ်သော စပါးပင်တို့၏။ ဝါ၊ စိုက်ပျိုးပြုစု အမှုအရေး အကျိုးပေးသမျှတို့၏။ ဖလံ၊ အသီးကို။ ဝါ၊ ချမ်းသာကောင်းကျိုးကို။ အသ္နာတိ - ပရိဘုဉ္ဇတိ၊ သုံးဆောင်ခံစား၏။

(ဤဂါထာ၌ အဋ္ဌကထာကား အသ္နာတိဟူသော ပုဒ်တစ်ခုကိုသာ ပရိဘုဉ္ဇတိ-ဟု ဖွင့်၏။ အကြွင်းပုဒ်တို့ကို မဖွင့်။ အနက်သင့် ယုတ္တိရှိသည်ဖြစ်၍သာ ၂-နည်းအနက် ဝါ-သဒ္ဒါတက်၍ ပေးလိုက်ပေသည်။ ထိုသို့ပေးရာနောက်၌ “ဂါဝေါ”သဒ္ဒါကား နွားကို မဟော။ ဂေါသဒ္ဒါ၏ အပဓာနတ္ထ ဖြစ်ခြင်းကြောင့် ဇိနပုင်္ဂဝံ, ဂဝံ စသည်တို့၌ ဂေါသဒ္ဒါသည် ဘုန်းနည်းသော သတ္တဝါသာမညကို ဟောသကဲ့သို့ ဤ၌လည်း “ဂါဝေါ”သဒ္ဒါကို ဘုန်းနည်းသော သတ္တဝါသာမညအနက်ကြံ၍ ယောဇနာလိုက်သည်။)

အဓိပ္ပာယ်ကား-

“ရထားမှူး သုနန္ဒာ၊ အကြင်သူသည် အဆွေခင်ပွန်းတို့အား မပြစ်မှားသည် ဖြစ်အံ့။ ထို အဆွေခင်ပွန်းတို့ မပြစ်မှားသောသူအား ခင်ပွန်းပြစ် သူယုတ်မာတို့ကဲ့သို့ နွား, ကျွဲ ဆင်, မြင်း, သင်းပင်းအခြွေအရံ အစေခံကျေးကျွန်တို့၏ ဆုတ်ယုတ်လျော့ပါး ပြုန်းတီးပျက်စီးခြင်း မရှိမူ၍ ဆန်းသစ်သော လကဲ့သို့ တစ်နေ့တခြား တိုးပွားစည်ပင် ရွှင်လန်းပြန့်ပြောခြင်းတို့သည် ဖြစ်ကုန်ရာ၏။ လယ်, ယာ, ကိုင်း, ကျွန်း, ဥယျာဉ်အရံတို့၌ စိုက်ပျိုးပြုစုအပ်သော စပါးမျိုးဟင်းလျာအရွက်အသီး ကြီးကြီးငယ်ငယ် ခဲဖွယ်စားဖွယ် သစ်ပင်မျိုး ပန်းမျိုး အစရှိသည်တို့သည်လည်း ခင်ပွန်းပြစ် သူယုတ်မာတို့ကဲ့သို့ ရေ, မြေ, မိုး အစရှိသော အန္တရာယ်တို့၏ နှောင့်ယှက်ခြင်းမရှိသဖြင့် စိုက်ပျိုးပြုစုတိုင်း ပွားစီးစည်ပင် အပင်ခိုင်ဖြီး အသီးအပွင့် စသည်တို့နှင့် ပြည့်စုံနိုင်စေရာ၏။ ဆောင်ရာ ဆောင်သင့်သမျှသော အခွင့်ခေတ္တ၌လည်း ဆောင်ဆောင်သမျှသော ကိစ္စတို့သည် ခင်ပွန်းပြစ် သူယုတ်မာတို့ကဲ့သို့ အနှောင့်ယှက်ကြောင့် ပျက်စီးခြင်းမရှိဘဲ အောင်မြင်ပွားစီး ပြီးမြောက်သည်သာ ဖြစ်ရာ၏။ ထိုသို့ စိုက်ပျိုးပြုစု ဆောင်ရွက်၍ရအပ် ပြီးစေအပ်သော လုပ်သီးလုပ်စာ ဆောင်ရာအမှု၏ အကျိုးတို့ကိုလည်း ခင်ပွန်းပြစ် သူယုတ်မာတို့ကဲ့သို့ အပျက်အစီးမရှိဘဲ မိမိသုံးဆောင် ခံစားရသည်သာ ဖြစ်၏။ ထို့ကြောင့် သင်ရထားမှူးသည်လည်း အဆွေခင်ပွန်းစစ်ဖြစ်သော ငါ့အား မပြစ်မှားလင့်”ဟု ဆို၏။

(ဤဂါထာ၌ “မစ္ဆုဒ္ဒါန”ဇာတ်တွင် အစ်ကိုဖြစ်သော ဘုရားလောင်းအား ပြစ်မှားခြင်းကြောင့် ညီဖြစ်သော ကုန်သည်စဉ်းလဲ၏ ဥစ္စာထုပ် ဆုံးပါးခြင်း, မိမိကြံဆောင်တိုင်း အလိုမပြည့်ခြင်းကိုလည်းကောင်း၊ အဆွေခင်ပွန်းတို့အား ပြစ်မှားခြင်းမရှိသော အစ်ကိုဘုရားလောင်းအား ဆုံးပြီးသောဥစ္စာထုပ်ကို လုံ့လမပြုဘဲ တစ်ဖန် ရပြန်ခြင်း, အလိုရှိတိုင်းသော ကောင်းကျိုးချမ်းသာ၏ပြည့်စုံခြင်း စသည်တို့ကိုလည်းကောင်း ထောက်၍သိအပ်၏။)

ထိုသို့ ဂါထာတို့ဖြင့် ဟောပြီးလျှင် တစ်ဖန် အကျိုးထူးကိုပြပြန်လိုသော ဘုရားလောင်းတေမိမင်းသည်-

“ဒူရတော ပပါတတော ဝါ၊ ရုက္ခတော ပတိတော နရော။

စုတော ပတိဋ္ဌံ လဘတိ၊ ယော မိတ္တာနံ န ဒုဗ္ဘတိ။”

ဟူသောဂါထာဖြင့် ဟောပြန်၏။

အနက်ကား-

ယော နရော၊ အကြင်သူသည်။ မိတ္တာနံ၊ အဆွေခင်ပွန်းတို့အား။ န ဒုဗ္ဘတိ၊ မပြစ်မှား။ သော နရော၊ ထို မပြစ်မှားသောသူသည်။ ဒူရတော၊ မြင့်သော။ ပပါတတော ဝါ၊ တောင်ကမ်းပါးပြတ်မှလည်းကောင်း။ ဒူရတော၊ မြင့်သော။ ရုက္ခတော ဝါ၊ သစ်ပင်ထက်မှလည်းကောင်း။ ပတိတောပိ၊ ကျသော်လည်း။ ပတိဋ္ဌံ၊ တည်ရာကို။ လဘတိ၊ ရ၏။ ပတိတော၊ ကျ၍။ စုတောပိ၊ စုတေရသော်လည်း။ ပတိဋ္ဌံ၊ တမလွန်ဘဝ၌ သုဂတိတည်းဟူသော တည်ရာ,ကိုးကွယ်ရာကို။ လဘတိ၊ ရ၏။

(ဤဂါထာ၌ “ပပါတတော ဝါ” ဟူသောပုဒ်တွင်ပါသော “ဝါ”သဒ္ဒါဖြင့် အလုံးစုံ အမြင့်အမြတ်ဖြစ်သော ဌာနသမ္ပတ္တိအပေါင်းကို သဂြိုဟ်အပ်၏။ “ဒူရတော”ဟူသော ဝိသေသနဖြင့် လောကုတ္တရာမှတစ်ပါး ရွေ့ရှားယုတ်လျော့တတ်သော လောကီတရားအပေါင်းကို ပြ၏။)

အဓိပ္ပာယ်ကား-

“ရထားမှူး သုနန္ဒာ။ အကြင်သူသည် အဆွေခင်ပွန်းတို့အား ပြစ်မှားခြင်းကို မပြုအံ့။ ထိုမပြစ်မှားသောသူသည် တစ်စုံတစ်ခုသောဘေးရန်တို့ကြောင့် မြင့်စွာသော တောင်ကမ်းပါးပြတ်, သစ်ပင်ထက် စသည်တို့မှ ကျသော်လည်းကောင်း၊ မြင့်မြတ်သော စည်းစိမ်ချမ်းသာတို့မှ ရွေ့လျားယုတ်လျော့သော်လည်းကောင်း အဆွေခင်ပွန်းကောင်း တစ်စုံတစ်ယောက် အထောက်အပံ့ကိုရသဖြင့် ချမ်းသာစွာ အသက်ရှင်မူလည်း ရှင်ရရာ၏။ အဆွေခင်ပွန်းကောင်း အထောက်အပံ့ မရသည်ဖြစ်၍ ထိုကမ်းပါးပြတ်, တောင်, သစ်ပင် စသည်တို့မှ ကျလျှောသဖြင့် သေရသော်လည်း တမလွန်ဘဝ၌ သုဂတိဘဝတည်းဟူသော ကိုးကွယ်ရာ, ခိုဝင်ရာ အရပ်ကောင်းကို မရရာ။ အဆွေခင်ပွန်းတို့အား ပြစ်မှားသောသူတို့ကဲ့သို့ ရှေးရှေးသောအကုသိုလ်ကံကြောင့် မကောင်းသဖြင့်တွေ့ကြိမ်ရသော်လည်း ပစ္စုပ္ပန်,သံသရာတို့၌ ကိုးကွယ်ရာမည်သည် မဖြစ်နိုင်ရာ။ ထို့ကြောင့် သင်ရထားမှုသည်လည်း အဆွေခင်ပွန်းစစ်ဖြစ်သော ငါ့အား မပြစ်မှားလင့်”ဟူလိုသည်။

(ဤဂါထာ၌ ထိုသို့သော ဘေးရန်ကြိမ်သောအခါ ပစ္စုပ္ပန်ဘဝ၌ ကိုးကွယ်ရာ ရခြင်း, မရခြင်းကိုကား စူဠပဒုမဇာတ်၌ လက်ဖျားခြေဖျားတို့ကို မင်းဒဏ်ပေး၍ မြစ်ဝယ်မျှောလိုက်သော ဒေဝဒတ်အလောင်း သူယုတ်မာနှင့် ပေါင်းနှောမိသဖြင့် ကန္တရခရီး၌ ရေငတ်သောအခါ သွေးတော်ကိုထုတ်၍ပေးခြင်း စသည်တို့ဖြင့် ကျေးဇူးကြီးလှသော ငယ်လင်ဖြစ်သော ဘုရားလောင်း မဟာပဒုမမင်းသားအား ကမ်းပါးပြတ်မှ မာယာဖြင့်ကြံ၍ တွန်းချပြစ်မှားခြင်းကိုပြုသော “မိတ္တဒုဗ္ဘိကံကြောင့် မျက်မှောက်သောကိုယ်အဖြစ်၌ တစ်စုံတစ်ခုသော ကိုးကွယ်ရာကိုမျှ မရခြင်းလျှင်အကြောင်းရှိသော “ပတိဒေဝတာ”အမည်ရှိသော စိဉ္စမာဏဝိကာအလောင်း သူယုတ်မကိုလည်းကောင်း။

ထိုသူယုတ်မသည် ဘုရားလောင်းအား တောင်ကမ်းပါးပြတ်မှ တွန်းချလေသော်လည်း တစ်စုံတစ်ယောက်သော အဆွေခင်ပွန်းကိုမျှ ပြစ်မှားလေ့မရှိသော ဘုရားလောင်း ပဒုမမင်းသားကား ကိုးကွယ်ရာမဲ့မဖြစ်မူ၍ တောင်စောင့်နတ် ဆီးကြို၍ခံလင့်ခြင်း, ထိုနတ်လက်မှလွတ်၍ နဂါးမင်း ဆီးကြိုခံလင့်လျက် နဂါးပြည်သို့ဆောင်၍ ၁-နှစ်ပတ်လုံး စံခဲ့ပြီးမှ လူ့ပြည်သို့ပို့လိုက်သောအခါ ဗာရာဏသီပြည်၌ မင်းပြုခြင်းအကြောင်းရှိသော မဟာပဒုမမင်းကိုလည်းကောင်း။

မှတစ်ပါး ပင်လယ်သမုဒ္ဒရာ၌ သင်္ဘောနစ်မြှုပ်၍ သင်္ဘောသားအပေါင်းတို့ ပျက်စီးသောအခါ အမိကိုထမ်းလျက်ကူးသော ဘုရားလောင်း ကဋ္ဌဝါဟနလုလင်၏ ကိုးကွယ်ရာရခြင်းကိုလည်းကောင်း။

လင်ကို အရိုအသေလုပ်ကျွေးခြင်းဖြင့် တစ်တိုင်းတစ်နိုင်ငံမှ လင်၏နောက်သို့ လိုက်လာလတ်သော တက္ကသိုလ်ပါမောက္ခဆရာကြီး၏သမီးသည် မိထိလာပြည်သို့ ရောက်သောအခါ မိမိလင်ဖြစ်သော ပိင်္ဂုတ္တရလုလင်ကစွန့်ပစ်၍ ကိုးကွယ်ရာမဲ့အောင်ပြုလေသော်လည်း လင်၏ ပြစ်မှားခြင်း မရှိခြင်းကြောင့် ကိုးကွယ်ရာမဲ့ မရှိဘဲ မိဖုရားကြီး၏အရာဖြင့် မင်း၏အချီးအမြှောက်ကို ခံရလေသော ဥဒုမ္ဗရဒေဝီမိဖုရားကြီး စသည်တို့ကိုလည်းကောင်း။

ဇာတ်တူ လူသားကိုစားခြင်းကြောင့် ပြည်မှနှင်ထုတ်လိုက်သော ပေါရိသာဒမင်းသည် မဟာသုတသောမမင်းတည်းဟူသော အဆွေခင်ပွန်းကို မပြစ်မှားခြင်းကြောင့် ယုတ်လျော့ပြီးသောကိုယ်အဖြစ်မှ မြင့်မြတ်သောစည်းစိမ်သို့ တက်မိရပြန်ခြင်း အကြောင်းရှိသော မဟာသုတသောမဇာတ်ကိုလည်းကောင်း ထောက်၍သိအပ်၏။

ထို တောင်ကမ်း, သစ်ပင်တို့မှ လျှောကျခြင်းအန္တရာယ်ကြောင့် ထိုသို့သောအထောက်အပံ့ကို မရသဖြင့် သေရမည်ဖြစ်လျှင်မူလည်း တမလွန်၌ ကိုးကွယ်ရာ မရခြင်း, ရခြင်းကိုကား ခန္တီဝါဒီ ရှင်ရသေ့ကိုပြစ်မှားခြင်းကြောင့် မဟာပထဝီမြေသည် ထိုသူ၏ဖဝါးနင်းခြင်းကို မခံမချိသကဲ့သို့ တည်ရာကိုမပေးမူ၍ ဟင်းလင်းဖွင့်လျက် အဝီစိမီးလျှံယူလေသော ကလာဗုမင်းကိုလည်းကောင်း။

ကိသဝစ္ဆရှင်ရသေ့အား ပြစ်မှားခြင်းကြောင့် ကြီးစွာသော လက်နက်မိုး, သဲမိုးရွာ၍ ကိုးကွယ်ရာမရ ပျက်စီးလျက် ငရဲလက်သို့ရောက်ရသော ဒဏ္ဍကီမင်း အစရှိသည်တို့ကိုလည်းကောင်း။

ပုရောဟိတ်၏ သား ၂-ယောက်တို့တွင် အကြီးကိုအငယ်, အငယ်ကိုအကြီးဟု မုသာဝါဒဖြင့် အဆွေခင်ပွန်းအား ပြစ်မှားခြင်းကြောင့် မြေမျိုလေသော စေတီယမင်း အစရှိသည်တို့ကိုလည်းကောင်း ထောက်၍ တမလွန်၌ ကိုးကွယ်ရာမရှိသည်ကို လည်းကောင်း။

အဆွေခင်ပွန်းတို့အား ပြစ်မှားခြင်းမရှိသော ခန္တီဝါဒီရှင်ရသေ့, ကိသဝစ္ဆရှင်ရသေ့တို့၏ တမလွန်၌ ဗြဟ္မာ့ပြည်လျှင် ကိုးကွယ်ရာရှိသည်ကိုလည်းကောင်း ထောက်၍၊ တမလွန်၌ ကိုးကွယ်ရာရခြင်းကိုလည်းကောင်း သိအပ်၏။

ထိုသို့ ၉-ဂါထာတို့ဖြင့် ဟောပြီးလျှင် တစ်ဖန် ၁၀-ကြိမ်မြောက်သော ဂါထာဖြင့် အကျိုးထူးကိုပြပြန်လို၍--

“ဝိရူဠှမူလသဏ္ဌာနံ၊ နိဂြောမိဝ မာလုတော။

အမိတ္တာ နပ္ပသဟန္တိ၊ ယော မိတ္တာနံ န ဒုဗ္ဘတိ။”

ဟူသောဂါထာဖြင့် ဟောပြန်၏။

အနက်ကား-

သာရထိ၊ ရထားမှူး။ ယော နရော၊ အကြင်သူသည်။ မိတ္တာနံ၊ အဆွေခင်ပွန်းတို့အား။ န ဒုဗ္ဘတိ၊ မပြစ်မှား။ တံ နရံ၊ ထို မပြစ်မှားသော သူကို။ ဝိရူဠှမူလသဏ္ဌာနံ၊ တက်ပွားရွှန်းမြိုင် ခိုင်ခံ့ခြင်း၏အကြောင်း ကောင်းစွာ မြစ်သေးမြစ်မ ခိုင်ခံ့မြဲမြံလျက် တည်ခြင်းရှိသော။ နိဂြောဓံ၊ ပညောင်ပင်ကို။ မာလုတော၊ လေဆိုးမုန်တိုင်းသည်။ နပ္ပသဟတိ ဣဝ၊ မညှဉ်းဆဲနိုင်သကဲ့သို့။ တထာ၊ ထို့အတူ။ အမိတ္တာ၊ မချစ်မနှစ်လိုကုန်သော သူတို့သည်။ နပ္ပသဟန္တိ၊ မညှဉ်းဆဲနိုင်ကုန်။

အဓိပ္ပာယ်ကား--

“ရထားမှူးသုနန္ဒာ။ အကြင်သူသည် အဆွေအခင်ပွန်းတို့အား မပြစ်မှားအံ့၊ ထို မပြစ်မှားသောသူအား ခိုင်ခံ့စွာသောသစ်ပင်ကြီးကို လေဆိုးပြကတေ့ ဝှေ့တိုက်၍ မယိမ်းမယိုင်နိုင်သကဲ့သို့ မချစ်မနှစ်လိုသော ရန်သူတို့သည် မညှဉ်းဆဲနိုင်ရာ။

“အဆွေခင်ပွန်းအား ပြစ်မှားသောသူတို့သာလျှင် အခြေအမြစ်မခိုင်သော သစ်ပင်, မြက်မှိုက်တို့သည် လေတိုက်မခံသကဲ့သို့ ရန်သူအခွင့်ရသော် မြန်စွာနှိပ်စက်လေရာ၏။ ထို့ကြောင့် ထိုဂါထာတို့ဖြင့် အပြစ်အကျိုးကို ငါ ပြညွှန်ဟောကြားအပ်သောအတိုင်း သင်ရထားမှူး အသင့်နှလုံးဝင်လျက် ခင်ပွန်းစစ်ဖြစ်သောငါ့အား မပြစ်မှားလင့်။ သင် ပြစ်မှားလိုသော်ငြားလည်း အဆွေခင်ပွန်းကို ရိုသေလေ့ရှိသော ငါ့အား သင်မနှိပ်စက်နိုင်ရာ။ သင်၌သာလျှင် များစွာ အပြစ်ရောက်လတ္တံ့။ နှလုံးထား ဖြောင့်စေ”ဟူလိုသည်။

(ဤဂါထာ၌ အဆွေခင်ပွန်းကို ပြစ်မှားခြင်းကြောင့် အခွင့်ရသောအခါ ရန်သူတို့ကို နှိပ်စက်နိုင်ကြောင်းကိုကား ကဏှဒီပါယန ရှင်ရသေ့ကိုပြစ်မှား၍ ဝါသုဒေဝ, ဗလဒေဝ စသော မင်းညီနောင်တစ်ကျိပ်တို့၏ ပြည်စည်းစိမ်နှင့်တကွ ပျက်စီးခြင်း, ရန်သူဖြစ်သောဘီလူးသည် ကျွဲရိုင်းအသွင် ဖန်ဆင်း၍ခတ်သဖြင့် ဗလဒေဝမင်း အသက်ဆုံးခြင်း စသည်တို့ကို ထောက်၍သိအပ်၏။

အဆွေခင်ပွန်းကို မပြစ်မှားခြင်းကြောင့် ရန်သူတို့ မနှိပ်စက်နိုင်ကြောင်းကိုကား အရှင်သောဏထေရ်၏ အလုပ်အကျွေး ဒါယကာအိမ်၌ ဥစ္စာကိုခိုးအံ့ဟုဝင်သော ခိုးသူ၏ မခိုးဝံ့ခြင်း အစရှိသည်ကိုလည်းကောင်း၊ မာဃလုလင်အား မစလရွာသူကြီးသည် မင်းကြီးထံကုန်းချောစား၍ နှိပ်စက်အံ့ဟု အားထုတ်သော်လည်း ပြစ်မှားခြင်းမရှိသော ဘုရားလောင်း မာဃလုလင်ကို မချစ်နှစ်လိုသော ရွာသူကြီးသည်လည်းကောင်း, မင်းသည်လည်းကောင်း မညှဉ်းဆဲနိုင်သည်သာဖြစ်ခြင်း အစရှိသည်ကိုလည်းကောင်း ထောက်၍သိအပ်၏။

ဤသို့ ဘုရားလောင်းတေမိမင်းသည် ရဲရင့်သာယာစွာသော တရားအသံဖြင့်လည်းကောင်း၊ ထိုအရပ်၌ရှိကုန်သော ဘုမ္မစိုး၊ ရုက္ခစိုးနတ်တို့၏ ကောင်းချီးပေးသံဖြင့် လည်းကောင်း ထက်ဝန်းကျင်တောအရပ်ကို ပဲ့တင်ထပ်စေလျက် “မိတ္တပူဇာ” ၁၀-ဂါထာတို့ကို ရထားမှူးသုနန္ဒာအား ဟောတော်မူပေ၏။ ထိုသို့ မဟာကုသိုလ်ဉာဏ်ဖြင့် ကျက်စား၍ဟောတော်မူအပ်သော ဘုရားလောင်း၏ဒေသနာသည် သဗ္ဗညုအထွတ်သို့ ရောက်တော်မူသောအခါ သဗ္ဗညုတဉာဏ်ဖြင့်ကျက်စား၍ ဟောတော်မူအပ်သောဒေသနာတော်နှင့် “အတ္ထနယ”အားဖြင့် တူသည်သာဟု မှတ်အပ်၏။

ဤအရာ၌ အဆွေခင်ပွန်းတို့အား ပြစ်မှားသည်ဖြစ်လျက် ထိုတရားနှင့်လျော်စွာ မျက်မှောက်၌ အပြစ်မရောက်သောသူ ရှိရာမည်လောဟူမူ၊ ပြစ်မှားတတ်သောသူ၏ အကုသိုလ်စေတနာညံ့ခြင်း, ပြစ်မှားအပ်သောပုဂ္ဂိုလ်၏ သီလအစရှိသောဂုဏ် ညံ့ခြင်း, ထိုပုဂ္ဂိုလ်၌ ပြစ်မှားခြင်းငှာထိုက်သော တစ်စုံတစ်ခုသော အပြစ်ရှိခြင်း, ထိုသို့သော အကြောင်းတို့နှင့်ယှဉ်သော်သာ မျက်မှောက်၌ မိတ္တဒုဗ္ဘိ အပြစ်ညံ့ရာ၏။ အလျဉ်းကား လွတ်နိုင်ခဲ၏။ သံသရာ၌ကား အကုသိုလ်၏အကျိုးမည်သည် သုဂတိပဋိသန္ဓေဟူ၍ မရှိ။ ထိုသို့ ဆိုခဲ့ပြီးသည်မှတစ်ပါး ပြစ်မှားတတ်သောသူ၏ အကုသိုလ်စေတနာ ထက်သန်ခြင်း, ပြစ်မှားအပ်သောပုဂ္ဂိုလ်၏ သီလအစရှိသော ဂုဏ်မြတ်ခြင်း, ပြစ်မှားခြင်းငှာထိုက်သော အပြစ်မရှိခြင်း၊ ဤသို့သောအကြောင်းတို့နှင့် ယှဉ်ချေသော်ကား ပစ္စုပ္ပန်,သံသရာတို့၌ ထင်ရှားစွာအပြစ်ရောက်ကြောင်းကို “ယော ဒဏ္ဍေန အဒဏ္ဍေသု” အစရှိသည်ဖြင့် ဟောတော်မူအပ်သော ဂါထာတို့၌ သိအပ်လေပြီ။

ထို့ကြောင့် သူတော်ကောင်းတို့သည် အတ္ထက္ခာယီ, သမာနုသုခဒုက္ခ အစရှိသော အဆွေခင်ပွန်းစစ်ကို မဆိုလင့်ဦး၊ မိမိ၌ ထင်ရှားရှိသောပစ္စည်းကို မပေးလိုဘဲ မရှိသောပစ္စည်းကို ရှိသော်လည်း ပေးရလေ၏ဟု စသည်ဖြင့် ပြောဆိုတတ်သော “အညဒတ္ထု”၊ သဘောအားဖြင့် မချစ်ဘဲနှင့် ချစ်ဟန်မူသော “အနုပိယ”၊ ပေးမည်, ပြုမည်စသည်ဖြင့် စကားဖြစ်ဆန်းသောဆို၍ ဆိုတိုင်းမပြုသော “ဝစီပရမ”၊ ခိုးမှု, သတ်မှု, စသည်ဖြင့် အပါယ်လားကြောင်း၌ အဖော်သွေးတတ်သော .“အပါယသဟာယ”၊ ဤ ၄-ယောက်သော ခင်ပွန်းတို့ကိုလည်းကောင်း, ထင်ရှားသော ရန်သူတို့ကိုသော်လည်းကောင်း နိုင်လောက်သည်ဟူ၍ ပြစ်မှားခြင်းကို မပြု။ ထိုသို့ အခွင့်အားလျော်စွာ မိမိအစွမ်းနှင့်ညှိလျက် သတိ, ဝီရိယ, ပညာဖြင့် ထုံစေအပ်သောနှလုံးကို ခန္တီ, မေတ္တာတည်းဟူသော နံ့သာကြိုင်မွှေး ရေအေးဖြင့် အခါမပြတ် ဖျန်းဆွတ်ခြင်းသည်သာလျှင် သူတော်ကောင်းတို့၏ ဓမ္မတာတည်း။)

<body aling="justify">

ဤသို့ ဘုရားလောင်းတေမိမင်းသည် တောအလုံးကို ပဲ့တင်ထပ်စေလျက် သာယာစွာသောအသံဖြင့် “မိတ္တပူဇာဒေသနာ”တို့ကို ၁၀-ဂါထာ ဟောတော်မူသော်လည်း ရထားမှူးသုနန္ဒာသည် “ဤသူကား အရှင့်သားစင်စစ် ဖြစ်ရာ၏” ဟူသော အမှတ်မရှိ။ တရားဟောပုဂ္ဂိုလ်၏ တင့်တယ်ခြင်း, အသံတော်၏သာယာခြင်း, တရားစကားတော်၏ ကောင်းခြင်းဖြင့်သာလျှင် မတုန်မလှုပ် ငြိမ်သက်စွာနာ၏။

ထိုသို့ တရားဟောပြီး၍ အဆုံးမှသာလျှင် “ဤအရှင်ကား အဘယ်သူ ဖြစ်လေသည်မသိ။ မိမိကိုယ်ကိုလည်း ငါတို့အရှင့်သား ဖြစ်သည်ဟူ၍ ဆို၏။ အကြောင်းကို စုံစမ်းဦးအံ့”ဟု ကြံလျက်၊ တွင်းမှတက်ပြီးလျှင် ရထားသို့ သွား၍ကြည့်လတ်သော် ဘုရားလောင်း မင်းသားကိုလည်းကောင်း၊ မိမိချွတ်ယူထုပ်ပိုး၍ထားအပ်သော ဝတ်လဲတန်ဆာတော်အထုပ်ကိုလည်းကောင်း မမြင်သောအခါမှ “ဤအရှင်ကား စင်စစ်မချွတ် မိမိဆိုတိုင်းပင် ငါတို့အရှင့်သား မှန်ရာမည်မသိ”ဟု ဘုရားလောင်းရှိရာလာလျက် အခန့်တော်ရာ မြင်သာရာက မျက်နှာတော်ကို ကြည့်ရှုဆင်ခြင်သဖြင့် အလုံးစုံမျိုးကိုထောက်၍ အတပ်အမှန်သိရပြီးသော် ခြေတော်ရင်း၌ ထိပ်ထက်လက်စုံချီကာဝပ်လျက် အစုံသော ဘုရားလောင်း၏ခြေဖမိုးတော်ကို နဖူး,လက်အုပ်တင်လျက် နေပြည်တော်သို့ ပြန်မည့်အကြောင်းကို လျှောက်တောင်းပန်လိုသောကြောင့် “ဧဟိ တံ ပဋိနေဿာမိ” အစရှိသော ဂါထာဖြင့် လျှောက်၏။

အဓိပ္ပာယ်ကား--

“ကာသိကရာဇ်တိုင်းကြီးသခင် အရှင့်သားတော်ဘုရား။ ဤသို့သော ဘုန်းကျက်သရေနှင့်ပြည့်စုံစွာ ကိုယ်တော်စင်လျက်ကိုလည်း အကျွန်ုပ်တို့ ဝစီကံဖြင့် မတန်မရာ ယုတ်မာသောအမှုကို ပြုမည်ဟု ကြံမိသည်ကား အမှားစင်စစ် ဖြစ်ခဲ့ပြီ။ အကျွန်ုပ်တို့ မှားခဲ့သမျှအမှုသည် ယခု ကိုယ်တော် နေပြည်တော်သို့ပြန်ပါမှ အမှန်ဖြစ်ကြရပါမည်။ အကျွန်ုပ်တို့အား သနားသဖြင့် ယခု နေပြည်တော်သို့ ပြန်တော်မူပါဦး။ သိကြားနတ်များကဲ့သို့သော ကိုယ်တော်၏တင့်တယ်ခြင်း, အသံတော်၏သာယာခြင်း, အကျိုးအကြောင်းကို ပြညွှန်တတ်သော တရားစကား၌ လိမ္မာမြော်မြင်ခြင်း ယင်းသို့သောဂုဏ်တို့ ပြည့်စုံစွာသော ကိုယ်တော်စင်လျက် “ပရဟိတ”ဆောင်ခြင်းငှာ မရစကောင်းသော ဤတောအရပ်၌နေတော်မူ၍ အဘယ်အကျိုး ရှိပါအံ့နည်း။ “ပရဟိတ”ကို ဆောင်စွမ်းတော်မူနိုင်သော ကိုယ်တော်သည် ထီးဖြူဆောင်းချင်း မင်းပရိသတ်တို့၏အလယ်၌ ဧကရာဇ်မင်းစည်းစိမ်ဖြင့် တင့်တယ်စံပယ်တော်မူလျက် သူခပ်သိမ်းတို့၏အကျိုးစီးပွားကို ဆောင်တော်မူခြင်းငှာ နေပြည်တော်သို့ ပြန်တော်မူပါ”ဟု လျှောက်တောင်းပန်၏။

ရထားမှူး သုနန္ဒာ စကားကိုကြားလျှင် ဘုရားလောင်းသည် ပြည်၏စည်းစိမ်ကို ပယ်တော်မူလို၍-

“အလံ မေ တေန ရဇ္ဇေန၊ ဉာတကေန ဓနေန ဝါ။

ယံ မေ အဓမ္မစရိယာယ၊ ရဇ္ဇံ လဘေထ သာရထိ။”

ဟူသောဂါထာဖြင့် ဆိုတော်မူ၏။

အဓိပ္ပာယ်ကား--

“ရထားမှူး သုနန္ဒာ။ ယခု ဤတောအရပ်သို့ ငါရောက်သည်ကား သင်တို့ မှူး, မတ်, ပြည်သူတို့က ထီးနန်း မစံစေလိုသောကြောင့်လည်း ငါ မရောက်။ ငါ့မယ်တော်, ခမည်းတော်, ဆွေတော်မျိုးတော်တို့က ထီးနန်းစံစေလိုသောကြောင့်လည်း ငါ မရောက်။ တစ်စုံတစ်ယောက်သောသူမျှ ဤတောအရပ်သို့ ငါ့ကို ပို့ဆောင်နှင်ထုတ်ခြင်းမည်သည် မရှိ။ ငရဲဘေးကို ကြောက်ခြင်းဖြင့်သာ ငါကား ခိုးသူကိုစီရင်ခြင်းစသည်ဖြင့် မကောင်းမှု ဒုစရိုက်တည်းဟူသော ငရဲ၏အောင်လံစိုက်ထူခြင်းရှိသော ပြည်စည်းစိမ်ကိုမြင်ရလျှင် အောက်ခွင်ငရဲရပ်သို့ မကပ်စေလိုသောကြောင့် ငါ့စိတ်ပင်လျှင် ငါ့ကိုယ်ကို ငါ နှင်ထုတ်အပ်သည်ဖြစ်၍ ဤတောရပ်သို့ ယခု ငါ ရောက်ရသည်။ မိဘဆွေမျိုးမှစ၍ သူခပ်သိမ်းတို့၏အစီးအပွားကို ငါဆောင်လိုသော်လည်း ထိုအဓမ္မစရိုက်ဖြင့်ပြွမ်းသော မင်းစည်းစိမ်ကို ယမမင်းလက်တွင်း၌ စံခြင်းမလှ ငါ မစံလိုပြီ”ဟူလိုသည်။

ထိုအခါ ရထားမှူးသုနန္ဒာသည် “ဤအရှင့်သားကား ဘုန်းကြီးသောသူတည်း။ ဘုန်းရှိသောသူဟူကလည်း သူတစ်ပါးတို့ ဆင်းရဲခြင်းဖြစ်သည်ဟူ၍ ကြားရ၊ မြင်ရလျှင် ကိုယ်ခံရသကဲ့သို့ အလွန် သနားခြင်းကရုဏာဖြင့် ချမ်းသာအောင် ရွက်ဆောင်လိုသော သဘောထားဓမ္မတာ ရှိမြဲပင်ဖြစ်သည်။ ငါလည်း ယခု အရှင့်သားကို သနားခြင်းဖြစ်အောင်ကြံ၍ လျှောက်ဦးအံ့”ဟု တောင်းပန်စကား လျှောက်ထားပြန်လို၍--

“ပုဏ္ဏပတ္တံ မံ လာဘေဟိ၊ ရာဇပုတ္တ ဣတော ဂတော။

ပိတာ မာတာ စ မေ ဒဇ္ဇုံ၊ ရာဇပုတ္တ တယိ ဂတေ။”

“သြရောဓာ စ ကုမာရာ စ၊ ဝေသိယာနာ စ ဗြာဟ္မဏာ။

တေပိ အတ္တမနာ ဒဇ္ဇုံ၊ ရာဇပုတ္တ တယိ ဂတေ။”

“ဟတ္တာရောဟာ အနီကဋ္ဌာ၊ ရထိကာ ပတ္တိကာရကာ။

တေပိ အတ္တမနာ ဒဇ္ဇုံ၊ ရာဇပုတ္တ တယိ ဂတေ။”

“ဗဟုဓညာ ဇာနပဒါ၊ နေဂမာ စ သမာဂတာ။

ဥပယာနာနိ မေ ဒဇ္ဇုံ၊ ရာဇပုတ္တ တယိ ဂတေ။”

ဟူသော ၄-ဂါထာတို့ဖြင့် လျှောက်ပြန်၏။

အဓိပ္ပာယ်ကား-

“တိုင်းကြီးသခင်ဖြစ်သော အရှင့်သားတော်ဘုရား။ ဆင်းရဲသောသူ၊ အလိုမပြည့်သောသူတို့ကိုမြင်လျှင် ချမ်းသာကြောင်း, အလိုပြည့်ကြောင်း ကောင်းစွာ သူတစ်ပါးတို့စီးပွားကို ဆောင်တော်မူလိုသော နှလုံးတော်မြတ်ရှိသည်နှင့်အညီ ပြည်စည်းစိမ်၌ အပြစ်ကိုမြင်တော်မူ၍ ရွံရှာတော်မူသည်ကို အထူး မစံစားသာသော်လည်း ကိုယ်တော် ပြည်သို့မပြန်ချေလျှင် ရာဇဒဏ်အန္တရာယ် အပြစ်တင်ဖွယ် အကျွန်ုပ်မှာ စုပေါင်းသဖြင့် အကြောင်းမဲ့ဘဲ ဆင်းရဲလိမ့်မည်များကို သနားကယ်မသင့်သော အကြောင်းရှိပါသောကြောင့်သာ နေပြည်တော်သို့ ပြန်တော်မူပါမည့်အကြောင်းကို အသနားတော်ခံဝံ့ပါသည်။ နေပြည်တော်မှ ဤတောအရပ်သို့ အကျွန်ုပ်ပို့ရသည်မှာလည်း ခမည်းတော်,မယ်တော်တို့ သဘောဆန္ဒ အပြိုင်အညီပို့ရသည် မဟုတ်ပါ။

“အကျွန်ုပ်ကိုသာ ပြည်သို့ လွှတ်တော်မူမည်ဖြစ်လျှင် စင်စစ် ခမည်းတော်ဘုရား အမေးတော်ရှိသောအခါ ကိုယ်တော်ဟော၍သိအပ်သော “မိတ္တပူဇာ”ဂါထာဖြင့် အဆွေခင်ပွန်းတို့အား နှုတ်ဖြင့်မျှ မပြစ်မှားကောင်းချေသောကြောင့် အကြောင်းမျိုးကို ယခုတွေ့မြင်ရသည့်အတိုင်း အကုန်အစင် ဖြောင့်မှန်စွာ လျှောက်ရချေမည်။ အမှန်အတိုင်း အကျွန်ုပ်လျှောက်ချေသော် ခမည်းတော်ဘုရားသည် သား၏ချစ်ခြင်းဖြင့် အကျွန်ုပ်အား အမျက်ခဏချင်းဝင်၍ “ဤသို့သော ငါ့သားယောက်ျားမြတ်ကို နင် အဘယ့်ကြောင့် ပစ်၍လာခဲ့ရသနည်း”ဟု ရာဇမာန် အမျက်တော်စွဲကို သဲကမ်းရေးဝှေ့ တွေ့ရမည်ကား ရောက်မဆိုက်ဧကန် အကျွန်ုပ်၌ မှန်ပါတော့သည်။ အထက်ကပင် သဘောမတူသော ဘုရားမယ်တော်အမျက်ကိုကား ဆိုဖွယ်မရှိ ဖြစ်ပါတော့သည်။

“အကျွန်ုပ်အား သနားသဖြင့် နေပြည်တော်သို့ ပြန်တော်မူပါလျှင်ကား မယ်တော်, ခမည်းတော်တို့သည် အကျွန်ုပ်တောင်းပန်သောကြောင့် ပြန်တော်မူကြောင်း စကားအလုံးစုံကိုကြားကြသောအခါ အကျွန်ုပ်၌ အတိုင်းထက်အလွန် နှစ်သက်, မြတ်နိုးခြင်း ရှိတော်မူကြသည်ဖြစ်၍ ရတနာ ၇-မျိုး မိုးကြီးသည်းစွာရွာသကဲ့သို့ ထားသိုရာမရရှိအောင် အကျွန်ုပ်အား တုဋ္ဌိဒါနဖြစ်သော ဆုကြီးလာဘ်ကြီး ချပေးချီးမြှောက်ခြင်းကို ခံရပါလတ္တံ့။

“၁-သောင်း ၆-ထောင်သော နန်းသူအပေါင်းတို့သည်လည်းကောင်း၊ အရှင့်ဖွားဖက်ရွေဖော် သူငယ်ဖော် အမတ်သား ၅၀၀-တို့တို့သည်လည်းကောင်း၊ ပုဏ္ဏား, သူဌေး, သူကြွယ်, ကုန်သည်, ဆင်သည်, မြင်းသည် အစရှိသော သူရဲ, ဝင်းမှူး, သင်းမှူး, အပေါင်းကြီး, အစို့ကြီး အသီးသီးသော ပြည်သူပြည်သားတို့သည်လည်းကောင်း၊ ကာသိကရာဇ်တိုင်းနိုင်ငံတော်အတွင်း မြို့ ရွာ နိဂုံး, ဇနပုဒ်တို့၌နေကြကုန်သော အကြီးအကဲ, ကျေးစား, မြို့အုပ်မကျန်, နိုင်ငံသူနိုင်ငံသားအပေါင်းတို့သည်လည်းကောင်း၊ မနောမယပတ္တမြားကို တစ်ခုစီလိုက်၍ပေးသကဲ့သို့ ကျေးဇူးကြီးစွာ အကျွန်ုပ်၌တင်၍ ချစ်ခင်နှစ်လိုခြင်းဖြင့် အကျွန်ုပ်အား အသီးသီး ချီးမြှောက်ပူဇော်ခြင်းကိုလည်း ပြုကြပါလတ္တံ့။ ထိုသို့သောအကျွန်ုပ်အား မင်းဒဏ်အန္တရာယ် အပြစ်တင်ဖွယ်ခပ်သိမ်း ပျောက်ငြိမ်းလွင့်ကာ ချမ်းသာရွှင်လန်းလျက် များစွာသောအကျိုးစီးပွား ရှိပါလတ္တံ့သည်ကို သိမြင်တော်မူလှသောကိုယ်တော်သည် အစဉ်သနားခြင်းကို အကြောင်းပြု၍ ကြွတော်မူသင့်လှပါသောကြောင့် ရွှေဖဝါးတော်မြတ်အောက် အသနားတော်ခံ တောင်းပန်လျှောက်ထားဝံ့ပါသည်”ဟု လျှောက်၏ဟူလိုသည်။

(ဤအရာ၌ ရထားမှူးသုနန္ဒာသည် လောကဝတ်, ရာဇဝတ်ကိုသာငဲ့၍ ဓမ္မဝတ်ချွတ်မည်, မချွတ်မည်။ ကုသိုလ်, အကုသိုလ်ကိုကား နှလုံးမထားဘဲ မိမိ၏မျက်မှောက်အကျိုးကိုသာ စင်စစ်လိုတပြီကား ပစ္စုပ္ပန်၌ လယ်လုပ်မှု ကုန်သွယ်, ရောင်းဝယ်ဖောက်ကား မပြု။ အမှုရှာ၍ ဥစ္စာလာဘ်လာဘရရာသော “လာဘုပ္ပတ္တိ”အကြောင်း၄-ပါး ရှိသည်။

-မရူးသော်လည်း ရူးဟန်မူ၍ ဟိရိဩတ္တပ္ပမထိန်း သူစိမ်းကိုလျက် သူကျက်အသွင် အကျွမ်းအဝင်ပြုခြင်း နာနုမ္မတ္တက။

-မင်းအိမ်စိုးအိမ်စသည်တို့၌ ဤမည်သောသူတွင် ဤမည်သောအမှုရှိ၏ စသည်ဖြင့် သူတစ်ပါးတို့အား ကုန်းချောစားခြင်းတည်းဟူသော နာပိသုဏ။

-မိမိ၏ ဟိရိဩတ္တပ္ပကိုဖျက်၍ သဘင်သည်မဟုတ်ဘဲလျက် သဘင်သည်ကဲ့သို့ အချီးအမြှောက် လာဘ်ရအံ့သောအိမ်တို့၌ အိမ်ရှင်တို့အလိုနှင့်လျော်စွာ ဟာသနကထာ, နစ္စမှု, ဂီတမှု စသည်စကားမှုတို့ဖြင့် ရွှင်စေခြင်းဟုဆိုအပ်သော နာနဋ။

-“ဤသူကြားလျှင် စိုးမင်းတို့နား ကြားချေအံ့”ဟု သူခပ်သိမ်းတို့ မိမိကိုကြောက်သဖြင့် လာဘ်, ပဏ္ဏာ, တံစိုးပေးအောင် အုတ်အုတ်ကျက်ကျက် စကားဖရိုဖရဲကြဲခြင်း ဟုဆိုအပ်သော နာကုတူဟလ။

ဤသို့ မှုန်မှိုင်းသော မူဠှဖြစ်သောသူတို့ကို ဖြားယောင်း၍ လာဘ်ကိုခံရရာသော အကြောင်း ၄-ပါးတွင် ဘုရားလောင်းတေမိမင်းလည်း ပြည်သို့ပြန်လာတော့မည့်သူ မဟုတ်ပြီ။ မျက်စိလွှဲ နားလွှဲ ယုံမှတ်၍ စိတ်ချလေပြီးသော ကာသိကရာဇ်မင်းကြီးအား နာပိသုဏလက္ခဏာဖြင့်ပင် မိမိ ဆုလာဘ်ရကြောင်းကြံ၍ လျှောက်လိုသမျှလျှောက်သော်လည်း မင်းကြီးယုံကြည်သဖြင့် ဆုလာဘ်ရဖို့ အကြောင်းရှိလျက်လည်း သူပျက်သူယုတ်တို့အကြံမျိုးသည် အကျိုးပင်ကြီးသော်လည်း အပြီးသတ်သောအခါ အဆိုးသာဖြစ်မြဲဓမ္မတာကို ပညာဖြင့်အမြဲ နှလုံးစွဲသည်ဖြစ်၍ အပြစ်အကျိုးကိုမြင်မြော်သော သူတော်သူမြတ်ဖြစ်သည်နှင့်လျော်စွာ ပညာရှိခေါ်ထိုက်သော သူအပေါင်းတို့တွင် တစ်ယောက်ဖြစ်သော ရထားမှူးသုနန္ဒာသည် ကိုယ်၏အကျိုး, သူ၏အကျိုး, အရှင့်အကျိုး ဘဝ ၂-ပါး၌ အကျိုးစီးပွား များအံ့သည်ကိုမြင်၍ အငင်အပြောင်း ဖြားယောင်းခြင်း စကားပြောခြင်း၌ လိမ္မာလှသောကြောင့် “တရားခိုင်မာသောပညာရှိကို စဉ်းလဲစဉ်းစားပြော၍ ဖြားယောင်းလျှင် နှလုံးညှီစော်နံတတ်သည်။ သနားဖွယ်ရှာ၍ လျှောက်သော်သာ ကရုဏာလှုပ်ရှားသဖြင့် စိတ်ထားတော်ယိုင်ညွတ်၍ ပါလတ္တံ့ရာသည်”ဟု အသင့်ကြံလျက် ထို ၄-ဂါထာတို့ဖြင့် အသနားခံလျှောက်လေသည်ဟု မှတ်အပ်၏။

သုနန္ဒာရထားမှုကို သူတော်ကောင်းဟူ၍ဆိုသော် ပါဏာတိပါတကို အကုသိုလ်ကံမမှတ်။ အဘယ့်ကြောင့် ဘုရားလောင်းကို သတ်အံ့ဟု တွင်းတူးခြင်းစသည် ပြုရလေသနည်း။ သူတော်ကောင်းမှန်လျှင် ကိုယ့်အသက်ကိုသာ စွန့်ရမည် မဟုတ်လောဟူမူ--

သဘောစရိုက်အားဖြင့် ပညာပြောသောသူပင်ဖြစ်သော်လည်း မိမိအသက်စည်းစိမ်၌ ချင်ခင်တတ်ခြင်းတည်းဟူသော လောဘ၊ ထိုလောဘကိုမှီ၍ သေခြင်း, ပျက်စီးခြင်း၌ ကြောက်လန့်စိုးရိမ်တတ်သော ဗျာပါဒဒေါသ။ ဤဆူးငြောင့်တို့ဖြင့် ထိုးဆွလတ်သည်ရှိသော် အရိယာမဂ်ဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာကို မပယ်ရသေးဖြစ်၍ ထိုဝေဒနာကိုသည်းခံသဖြင့် တရားကိုမယူနိုင်လတ်လျှင် အရှင်အာဏာဖြင့် သတ်ရသည်ကို အပြစ်မရှိရာဟု ဒိဋ္ဌိဝိစိကိစ္ဆာ သဟဂုတ်ဇောသက်၍ အယူ၏ဖောက်ပြန်ခြင်းလျှင် အကြောင်းရှိသောကြောင့်လည်းကောင်း၊ မင်းကြီးအာဏာအတိုင်းဝန်ခံ၍ ရာဇဝတ်ပြေအောင် ဆောင်ရွက်သော်လည်း ပါဏာတိပါတကံ အဆုံးမရောက်သေးဖြစ်၍ ရထားမှူး၏နှလုံးထားကို ဒုစရိုက်စင်စစ်ပင်ဖြစ်သည်ဟု မယူသာ။ အာဏာစွဲရုံသာပြု၍ အမှုအဆုံးမှာမှ ကောင်းစေရတော့မည်ဟု ကြံလေသည်ကိုလည်း မဆို၍ မသိရ။ ဝတ်ရုံမျှသာ တွင်းတူးခြင်း စသည်ကိုပြုလျှင် အပြစ်မဆိုထိုက်ပေသောကြောင့်လည်းကောင်း၊ ဘုရားလောင်း၏တရားစကားကို ရိုသေစွာ နာခံပေသောသူ ဖြစ်ပေသောကြောင့်လည်းကောင်း၊ ပညာရှိလက္ခဏာ သက်သည်ဖြစ်၍ ရထားမှူးသုနန္ဒာကို သူတော်ကောင်းပင် ဆိုထိုက်သည်ဟု သိအပ်၏။

ထို “လာဘုပ္ပတ္တိ” အကြောင်း ၄-ပါးကိုကား အရှင်သာရိပုတ္တရာ၏တပည့်အား ဆုံးမသောစကားတွင် အစပ်သင့်၍ ကိုယ်တော်ကို သက်သေထုတ်တော်မူအပ်သော လာဘဂရဟဇာတ်၌--

“နာနုမ္မတ္တော နာပိသုဏော၊ နာနဋော နာကုတူဟလော။

မူဠှေသု လဘတေ လာတံ၊ ဧသာ တေ အနုသာသနီ။”

ဟူသောဂါထာ လာ၏။

အနက်ကား-

မာဏဝ၊ လာဘ်၌မက်မောသော လုလင်။ ဘယံ၊ ပစ္စုပ္ပန်၌ သူတောင်ကောင်းတို့ ကဲ့ရဲခြင်းစသောဘေး, တမလွန်၌ အပါယ်ဘေးကို။ အဂဏေတွာ၊ မရေတွက်မူ၍။ လောဘာဘိဘူတော၊ လောဘဖြင့် နှိပ်စက်အပ်လျက်။ လာဘမေဝ၊ ဥစ္စာလာဘ်ကိုသာလျှင်။ တွံ၊ သင်သည်။ စေ ဣစ္ဆသိ၊ အကယ်၍ အလိုရှိအံ့။ သုဏောဟိ၊ နာလော့။ နာနုမ္မတ္တော၊ မရူးသော်လည်း ရူးသကဲ့သို့ နှုတ်ပူးလက်ငင် အကျွမ်းတဝင် ပြုနိုင်သောသူသည်လည်းကောင်း။ နာပိသုဏော၊ အမှုရှင်တို့က မျက်စိ, နား ထားသောသူမဟုတ်ဘဲ ဤ၌တစ်သွယ် ထိုဝယ်တခြား ချောစားကုန်းတိုက်တတ်သော သူသည်လည်းကောင်း။ နာနဋော၊ မိမိ သဘင်သည် မဟုတ်ဘဲ သဘင်သည်ကဲ့သို့ သူ့အလိုသို့လိုက်၍ သဘင်အမှု ပြုတတ်သောသူသည်လည်းကောင်း။ နာကုတူဟလော၊ စကားအငယ်ကိုအကျယ်အပွား အုတ်အုတ်ကျက်ကျက် ကြောက်မက်ဖွယ်မင်း ထီးနန်းစိုက်လုပ်၍ ဖရိုဖရဲ ဖွားဖွားကြဲပြုတတ်သော သူသည်လည်းကောင်း။ ဤဒိသော၊ ဤ ၄-ပါးတွင် တစ်ပါးပါးနှင့် ပြည့်စုံသောသူသည်။ မူဠှေသု၊ စူးစမ်းဝေဖန် ဉာဏ်နှင့်မနှော သဘောမှုန်မှိုင်းကုန်သောသူတို့၌။ လာဘံ၊ ဥစ္စာဆုလာဘ်ကို။ လဘတေ၊ ရလေတတ်၏။ ဧသာ၊ ဤသည်လျှင်။ တေ၊ သင့်အား။ အနုသာသနီ၊ အဆုံးအမဖြစ်သောစကားတည်း။

ဤ၄-ပါးတို့တွင် နာပိသုဏကား “နှုတ်အပ်ဖျားဆွ”, နာကုတူဟလကား “နှုတ်မီးပွားကျ” စင်စစ်ဖြစ်၍ အပြစ်လွတ်အောင် မသုံးနိုင်ရာ။

နာနုမ္မတ္တက, နာနဋ ဤ ၂-ပါးကိုကား လူဖြစ်သောသူသည် ဆုလာဘ်စည်းစိမ်ကို လို၍လည်းကောင်း၊ အသက်စည်းစိမ် မြတ်သောအကျင့်တို့၏အန္တရာယ်မှ ကင်းစေလို၍လည်းကောင်း ပြုသည်ရှိသော် မိမိတို့ပြုအပ်သော နိစ္စသီလ အစရှိသော သိက္ခာပုဒ်၏ကမ်းကို မလွန်စေမူ၍၊ မိစ္ဆာဇီဝလည်းမဖြစ်အောင် စွမ်းနိုင်သော်လည်း သံသရာဝဋ်မှလွတ်သည်ဟု သိအပ်၏။)

ဤသို့ သနားခြင်းသက်ဝင်၍ နေပြည်တော်သို့ပြန်စေခြင်းငှာ ရထားမှူးသုနန္ဒာ တောင်းပန်လျှောက်ထားသော စကားကိုကြားလျှင် ဘုရားလောင်းတေမိမင်းသည် သူဆိုဖွယ်စကား၌ အဖျားအမြစ်ကို ဓားထစ်ကျဉာဏ်ဖြင့် အမှန်သိ လိမ္မာတော်မူလှသည်ဖြစ်၍၊ ချစ်သနားဖွယ်စုံသဖြင့် မပြန်မလှန်သာအောင် အကြောင်းနှင့်အညီချေပြန်လို၍--

“ပိတု မာတုစဟံ စတ္တော၊ ရဋ္ဌဿ နိဂမဿ စ။

အထော သဗ္ဗကုမာရာနံ၊ နတ္ထိ မယှံ သကံ ဃရံ။”

“အနုညာတော အဟံ မာတျာ၊ သဉ္စတ္တော ပိတရာမဟံ။

ဧကောရညေ ပဗ္ဗဇိတော၊ န ကာမေ အဘိပတ္ထယေ။”

ဟူသော ၂-ဂါထာတို့ဖြင့် ဆိုပေ၏။

အဓိပ္ပာယ်ကား--

“ရထားမှူးသုနန္ဒာ။ ၂-ဦးသောသူတို့၏ အကျိုးစီးပွားကိုမြင်သော်သာ ပညာရှိမည်ရာသည် ဖြစ်လျက်၊ ငါ့အကျိုးကိုကား သင် မကြည့်၊ ကိုယ့်အကျိုးကိုသာ ကြည့်၍ အဘယ့်ကြောင့်ဆိုရသနည်း။ ပြည့်ရှင်မင်းတို့၌ “ထွက်ပြီးသည်ကို ဝင်စေ”ဟူ၍ စကား ၂-ခွန်း မရှိသည်ကို သင် သိ၏မဟုတ်လော။

“ခမည်းတော် မယ်တော်တို့သည် ငါ့အလိုကို မသိသော်လည်း သိသကဲ့သို့ နှလုံးဝင်တော်မူကြသဖြင့် ငါ့ကို ပြည်ထီးနန်းနှင့် မတန်သူဖြစ်သည်ဟု ထုတ်စွန့်၍ ယခု ရှိလေပြီးဖြစ်သည်။ ငါလည်း မြင်းရထားနှင့် သင်ရထားမှူး ထုတ်ဆောင်သည်မှစ၍ ပြည်တိုင်းကား ပြည်သားပြည်သူ မှူးသားမတ်သား များစွာသောမင်းစည်းစိမ်မှ ကပ်ငြိခြင်းကင်းလျက် ရာဟုလက်မှလွတ်ပြီးသော လကဲ့သို့ “ငါ့အလို ပြည့်တော့သည်”ဟု ဝမ်းမြောက်ခြင်းနှင့် ဤတောအရပ်၌ နှလုံးချ၍ ရှိလေပြီးဖြစ်သည်။

“ငါ့ဘုန်းကံနှိုးဆော်ပေးသောကြောင့် မယ်တော်လည်း သင့်ကို တစ်စုံတစ်ခုမျှ ဆီးတားခြင်းမပြုဘဲ “ငါ့သားတော်သည် ရဟန်းပြုလိုလျှင် ပြုပါစေ”ဟု အနူးအညွတ်ပင် လွှတ်တော်မူလိုက်သည်။ ခမည်းတော်လည်း ငါ့အလိုကို မြန်မြန်ပြည့်အောင်ပင် သင့်ကိုတိုက်တွန်း၍ ထုတ်စေသည်။ ထိုသို့ဖြစ်လျက် ထွက်မြောက်ပြီးလပြည့်ဝန်းသည် အဘယ့်ကြောင့် ရာဟုခံတွင်းသို့ တစ်ဖန်ပြန်၍ ဝင်ပါအံ့နည်း၊ ထွက်မြောက်ပြီးငါသည်လည်း ထိုပြည်စည်းစိမ် ကာမဂုဏ်ခံတွင်းသို့ မဝင်လိုပြီ။ ငါတောင့်တတိုင်း ရအပ်သော ဤတောအရပ်၌ ငါတစ်ယောက်တည်းသာ ရဟန်းပြုလျက် ချမ်းသာစွာ နေတော်မူအံ့သည်”ဟု ဆိုတော်မူ၏ဟူလိုသည်။

ဤသို့ရထားမှူးနှင့် အချေအလဲ ပြောဟောတော်မူသော ဘုရားလောင်းအား ကိုယ်တော်၏စကားကိုမှီ၍ပင်လျှင် ကိုယ်တော်၏နှစ်သက်ခြင်း ပြင်းစွာရှိတော်မူလျက် ထိုပီတိအဟုန်ဖြင့် ဥဒါန်းကျူးတော်မူလိုသည်ဖြစ်၍--

“အပိ အတရမာနာနံ၊ ဖလာသာဝ သမိဇ္ဈတိ။

ဝိပက္ကဗြဟ္မစရိယောသ္မိ၊ ဧဝံ ဇာနာဟိ သာရထိ။”

“အပိ အတရမာနာနံ၊ သမ္မဒတ္ထော ဝိပစ္စတိ။

ဝိပက္ကဗြဟ္မစရိယောသ္မိ၊ နိက္ခန္တော အကုတော ဘယော။”

ဟူသော ၂-ဂါထာတို့ဖြင့် ဥဒါန်းကျူးရင့်တော်မူ၏။

အဓိပ္ပာယ်ကား--

“ရထားမှူးသုနန္ဒာ။ မိမိရည်စူးတိုင်းသော အကျိုးကိုလိုလျှင် ထိုအကျိုးနှင့်တန်ရာအကြောင်းကို ကောင်းစွာ သတိ, ပညာ, သမာဓိမကင်း အားထုတ်ခြင်းရှိကုန်သောသူတို့အား မပွားမစီး မပြီးသေးသော နှလုံး၏အလို ထိုထိုသို့သောအကျိုးသည် တက်တိုးပွားစီး ပြီးမြောက်လွယ်သည်သာ စင်စစ်ဖြစ်၏တကား။ ငါ့အားလည်း ကြိုးစားအားထုတ် မဆုတ်မနစ် ၁၆-နှစ်ကျော် ပြုခဲ့လေသမျှသော လုံ့လ၏အကျိုးထူးကို ရထားမှူးအဖော်ပြုပေသည်နှင့် ယခုဧကန် အလျင်အမြန်ပင် အပြီးမြောက်ရပေတောသည်”ဟု ဝမ်းမြောက်စကားကို ဆိုတော်မူ၏။

ထိုသို့ ဥဒါန်းစကားကို ရထားမှူးကြားလျှင် ရထားမှူးသည် “ဤအရှင့်သားကား ဤသို့သော စကား၏ပြေပြစ်ခြင်း, သာယာနာပျော်ဖွယ်ရှိခြင်းနှင့်ပြည့်စုံပါလျက် အဘယ်အပြစ်ကိုမြင်၍ စကားမပြောဘဲ ၁၆-နှစ်ပတ်လုံး နေတော်မူနိုင်လေသည် မသိ။ သူတစ်ပါးတို့လည်း ကာမဂုဏ်ကိုငြီးငွေ့သဖြင့် ငယ်ရွယ်သောအခါကပင် ရဟန်းပြုသူလည်း ပြုကြ၏။ ကြီးမှပြုသူလည်းပြုကြ၏။ ဤအရှင့်သားကဲ့သို့ မဆွံ့,မအဘဲ စကားမပြောနေသည်ဟူ၍ကား ကြားမျှ မကြားစဘူးဖြစ်သည်။ စကားမပြောနေတော်မူခြင်း၌ အကြောင်းတစ်ခုခု ရှိရာသည်။ ငါသိရအောင် လျှောက်မေးဦးအံ့”ဟုကြံလျက်--

“ဧဝံ ဝဂ္ဂုကတော သန္တော၊ ဝိဿဋ္ဌဝစနော စ သော။

ကသ္မာ ပိတု စ မာတု စ၊ သန္တိကေ န ဘဏေ တဒါ။”

ဟူသော ဂါထာဖြင့် မေးလျှောက်ပြန်၏။

အဓိပ္ပာယ်ကား--

“အရှင့်သားတော်ဘုရား ကိုယ်တော်၏အသံတော်သည် နာ၍မရောင့်ရဲနိုင်အောင် အလွန်လည်းသာယာ၏။ အကြောင်းအကျိုးနှင့်စပ်၍ မြွက်တော်မူသမျှ စကား၏အဆိုက်, အတိုက်, အသို, အထားလည်း သန့်ရှင်းပြေပြစ် ကျစ်လစ်တင့်တယ်ခြင်းရှိ၏။ ထိုသို့သော ကိုယ်တော်စင်ဖြစ်ပါလျက် မယ်တော်, ခမည်းတော်တို့ အသက်ကြွေပျက်လုမတတ် ၁၆-နှစ်ပတ်လုံး နေ့နေ့ညဉ့်ည၌ အခါမစဲ တောင်းပန်ပါသည်ကို အဘယ်အကြောင်းကြောင့် မပြောမဆို ကိုယ်တော် နေနိုင်ရပါသနည်း။ ကိုယ်တော်ကဲ့သို့သော သားပညာရှိသည် မယ်တော်, ခမည်းတော်တို့အား သနားဖွယ်ဖြစ်သည်ကိုမြင်လျက်ပင် စကားမပြောဘဲ အကြောင်းမဲ့နေချေသော် သင့်ကောင်းပါမည်လော။ စကားပြောခြင်း၌အပြစ်ကို မိန့်တော်မူပါ”ဟု လျှောက်ပြန်၏။

ထိုအခါ ဘုရားလောင်းတေမိမင်းသည် စကားမပြော နေတော်မူခြင်းကိုလည်းကောင်း၊ နေခြင်း၏အကြောင်းကိုလည်းကောင်း အားထုတ်တော်မူခဲ့သမျှသော အကြောင်းမျိုးကို ကြားတော်မူလို၍--

“နာဟံ အသန္ဓိတာ ပက္ခော၊ န ဗဓိရော အသောတတာ။

နာဟံ အဇိဝှတာ မူဂေါ၊ မာ မံ မူဂမဓာရယိ။”

“ပုရိမံ သရာမဟံ ဇာတိံ၊ ယတ္ထ ရဇ္ဇ မကာရယိံ။

ကာရယိတွာ တဟိံ ရဇ္ဇံ၊ ပါပတ္တံ နိရယံ ဘုသံ။”

“ဝီသတိဉ္စေဝ ဝဿာနိ၊ တဟိ ရဇ္ဇ မကာရယိံ။

အသီတိဝဿ သဟဿာနိ၊ နိရယမှိ အပစ္စိသံ။”

“တဿ ရဇ္ဖဿဟံ ဘီတော၊ မာ မံ ရဇ္ဇာဘိသေစယုံ။

တသ္မာ ပိတု စ မာတုစ္စ၊ သန္တိကေ န ဘဏိံ တဒါ။”

“ဥစ္ဆင်္ဂေ မံ နိသာဒေတွာ၊ ပိတာ အတ္ထာနုသာသတိ။

ဧကံ ဟနထ ဗန္ဓထ၊ ဧကံ ခါရာပတစ္ဆိကံ။”

“ဧကံ သူလသ္မိံ ဥပ္ပေထ၊ ဣစ္စဿ မနုသာသတိ။

တာယာဟံ ဖရုသံ သုတွာ၊ ဝါစာယော သမုဒီရိတာ။”

“အမူဂေါ မူဂဝဏ္ဏေန၊ အပက္ခော ပက္ခသမ္မတော။

သကေ မုတ္တကရီသမှိ၊ အစ္ဆာဟံ သမ္ပရိပ္လုတော။”

ဟူသော ၇-ဂါထာတို့ဖြင့် ဆိုတော်မူ၏။

အဓိပ္ပာယ်ကား--

“ရထားမှူး သုနန္ဒာ။ ငါသည် သဏ္ဌာန်အားဖြင့် လက္ခဏာချို့တဲ့သော နားပင်း, ဆွံ့အ ဖြစ်သူမဟုတ်ဘဲ၊ သူဆွံ့, သူအ, နားပင်းဖြစ်သူတို့ကဲ့သို့ သူမလိုအောင် ကိုယ်ကိုလျှို့ဝှက်၍ မပျက်သောအဓိဋ္ဌာန်ဖြင့်နေသည်မှာ ဖွား၍ တစ်လရှိစဉ်ကပင် ထီးဖြူအောက်၌နေလျက် မင်း၏ကျက်သရေမှလျှောက်၍ နောက်၌ဖြစ်ခဲ့ဖူးသောဘဝကို ဇာတိဿရဉာဏ်ဖြင့်ပြန်၍ ငါဆင်ခြင်လျှင် ဤပြည်တွင်ပင် ဤယခုကဲ့သို့ ထီးရိုးနန်းနွယ်ဖြစ်၍ အတွင်းရန်သူ ၅-ယောက်ကို ပျောက်ငြိမ်းနှင်းနယ် ပယ်ကွပ်ခြင်းငှာမတတ်နိုင်သော ပြည်စည်းစိမ်၌ အနှစ် ၂၀-တို့ပတ်လုံး စိုးစံမိချေ၍ အတွင်းရန်သူ ကလူနှိပ်နင်း အတင်းငါ့ကိုဆောင်ယူသဖြင့် လွတ်ခွင့်မရသာအောင် များစွာနှစ်ပေါင်း ၈-သောင်းတိုင်တိုင် သည်းမခံနိုင်အောင် ငရဲ၌ ဆင်းရဲဝေဒနာ ပြင်းစွာခံရကြောင်းကိုမြင်လျှင် ယခုပင် ခံရဆဲဖြစ်သကဲ့သို့ ထိတ်လန့်ခြင်းပြင်းစွာ ငါဖြစ်၍ နှစ်လိုဖွယ်ကာမဂုဏ် စုံညီလှပေသော ပြည်စည်းစိမ် စမြိန်စာထုပ်ကို အပုပ်အစပ်မတန် ညှိနံရွံရှာခြင်း သံဝေဂရသည်နှင့် လွတ်ခွင့်ကိုကြံသော် မယ်တော်ခမည်းတော်တို့အချစ်ကို မနှစ်လိုအောင်ပြုမှ အမှုလိုရာရောက်တော့မည်ဟု ၃-ပါးသောအကြံမြတ်ကို နတ်ကောင်းမ၍ ကြံရမိသည်တွင် ဂုဏ်အင်အစွမ်းကို လျှို့ဝှက်ဖြတ်ဆုတ်လျက် သူယုတ်မာအလား စကားပြောခြင်းမရှိဘဲပင်၊ မိခင်ဖခင်တို့ မပစ်မစွန့်လိုသောကြောင့် ၁၆-နှစ်ကျော်အောင် အဓိဋ္ဌာန်မပျက် ငါနေရသည်။

“စကားပြောမည်ဟူသော် အဘယ်သူ ငါ့ကို စွန့်ပစ်နိုင်အံ့နည်း။ အသည်းနှလုံးထဲ တစွဲတစိတ်နှင့်သာလည်း ငါ မင်းမပြုလိုသည်မဟုတ်။ “အဆိုးလုပ်မှ အယုတ်ဖြစ်မည်။ အကောင်းကျင့်က အမြင့်ဖြစ်မည်ကိုလည်း ငါ သိ၏။ နှိုင်းညှိတွေးဆသော်လည်း ရှေ့ကထက်တော်မည့် အခါမသက် မျက်မှောက်ထင်ထင်ပင်လည်း ခမည်းတော်ရင်ခွင်မှာ ငါနေခိုက် ဒုစရိုက်အလျောက် ၄-ယောက်သောခိုးသူတို့ကို အစိုးတရ ငါ့ခမည်းတော်မင်းကြီးသည် အသီးအသီး ရာဇဝတ်ဒဏ် ခံစေရိုးထုံးစံအတိုင်း ရိုင်းပျကြမ်းကြုတ်စွာ ထောင်နှောင်အိမ်မှာ သံခြေကျဉ်းနှင့်နေစေ၊ လှံထိုး၍ ဆားပက်ခံစေ၊ တံကျင်လျှိုခံစေ၊ ဒဏ် ၁၀၀၀ အခတ်ခံစေဟု ဦးရေကြွလုအောင် အမှုမဟုတ်ဘဲ ကြောက်မက်ဖွယ် မကြားဝံ့မနာသာကို ငါ အတပ်ကြားမြင်ရသည်ဖြစ်၍ အပြစ်ကြီးစွာမြင်သောကြောင့် တောင့်တတိုင်းသော အကျိုးမပြည့်မီကာလပတ်လုံး နားမပင်းသော်လည်း ပင်းသကဲ့သို့, မဆွံ့မအသော်လည်း ဆွံ့အသကဲ့သို့ပြုသဖြင့် လူခပ်သိမ်းတို့ မပြုစုလို၍ ကိုယ့်အလိုလိုပင် ကျင်ကြီးကျင်ငယ်ဖြင့်ပြွမ်းလျက် အသက်ဆုံးရသော်လည်း နှလုံးသွင်းမြတ်သောငါသည် နတ်ပြည်လူ့ရွာ ချမ်းသာဧကန် နိဗ္ဗာန်သုခကို မရရှိမည်မဟုတ်။ ကြမ်းကြုတ်သောအမှုကိုဆောင်၍ နောင်သံသရာ အခါအမြဲ ငရဲမီးလျှံဖြင့် ပြွမ်းရလတ္တံ့သောထက် မြတ်လှသေး၏ဟူသော အယူတစ်ချောင်းတည်းဖြင့် ကောင်းစွာ အင်္ဂါ၃-ရပ်ကို အကြပ်ဆောက်တည်လျက် တစ်ရက်မကင်း ကြီးကြီးငယ်ငယ် အလိုစမ်းကြသမျှ ဒုက္ခအပေါင်းကို သည်းခံနိုင်သောအစွမ်းဖြင့် ချမ်းသာလိုရာ ယခုရောက်တော့သည်”ဟု ဆိုတော်မူပြီးလျှင်၊ ရွှင်ခြင်းမကရွှင်ပျသော ပီတိအဟုန်ဖြင့် ပညာရှိဂုဏ်အစွမ်းနှင့်တကွ “ဝဋ်ဒုက္ခ”ကို ပြတော်မူလို၍--

“ကသိရဉ္စ ပရိတ္တဉ္စ၊ ဒုက္ခေန ပဋိသံယုတံ။

ကော မံ ဇီဝိတမာဂမ္မ၊ ဝေရံ ကယိရာထ ကေနစိ။”

“ပညာယ စ အလာဘေန၊ ဓမ္မဿ စ အဒဿနာ။

ကော မံ ဇီဝိတမာဂမ္မ၊ ဝေရံ ကယိရာထ ကေနစိ။”

ဟူသော ၂-ဂါထာတို့ဖြင့် ကြုံးပတော်မူ၍ “အပိ အတရမာနာနံ” အစရှိသော ရှေးဥဒါန်း ၂-ဂါထာတို့ဖြင့်လျှင် ဥဒါန်းကျူးတော်မူပြန်၏။

အနက်ကား-

သာရထိ၊ ရထားမှူး။ ကသိရဉ္စ၊ ဆင်းရဲစွာဖြစ်လျက် အသက်အရှည်အကြာ ရှင်ရ၏။ ပရိတ္တဉ္စ၊ ချမ်းသာစွာဖြစ်လျက်လည်း အသက်တိုရ၏။ ဒုက္ခေန၊ ဖျားနာခြင်း, အရွယ်ပျက်ခြင်းစသော ဝဋ်ဆင်းရဲနှင့်။ ပဋိသံယုတံ၊ ယှဉ်၏။ ဣမံ ဤဒိသံ၊ ဤသို့သဘောရှိသော။ ဇီဝိတံ၊ အသက်ကို။ အာဂမ္မ၊ စွဲ၍။ ကော၊ အဘယ်ပညာရှိသည်။ ကေနစိ၊ တစ်စုံတစ်ခုသော အသက်မွေးမှုအကြောင်းဖြင့်။ ဝေရံ၊ သူ့အသက်သတ်ခြင်းအစရှိသော အတွင်းရန်သူ ၅-ပါးကို။ ကယိရာထ၊ ပြုရာကောင်းအံ့နည်း။

သာရထိ၊ ရထားမှူး။ ပညာယ စ၊ ဖြစ်လျှင်ပျက်မြဲ ဆင်းရဲအတိ မိမိကိုယ်မဟုတ်ဟူသော အသိပညာကိုလည်း။ အလာဘေန၊ မရသဖြင့်။ ဓမ္မဿ၊ ဆင်းရဲခြင်း၏အကြောင်း, ငြိမ်းခြင်း၏အကြောင်းဖြစ်သော တရားကိုလည်း။ အဒဿနာ၊ တစ်ပြိုင်နက်မျက်မှောက်ပြု၍ သိတတ်သောဉာဏ်ဖြင့် မမြင်ရဘဲ။ ကော၊ အဘယ်သူသည်။ ဣမံ ဤဒိသံ၊ ဤသို့သဘောရှိသော။ ဇီဝိတံ၊ အသက်ကို။ အာဂမ္မ၊ စွဲ၍။ ကေနစိ၊ တစ်စုံတစ်ခုသော အသက်မွေးမှုကြောင့်။ ဝေရံ၊ အတွင်းရန်သူဖြစ်သော ဒုစရိုက်ကို။ ကယိရာထ၊ ပြုလေကောင်းအံ့နည်း။

အဓိပ္ပာယ်ကား--

“သုနန္ဒာ ရထားမှူး။ ငါသည် ထိုထိုသို့သော အပါယ်ဘေးကိုမြင်၍သာလျှင် ငါ စကားမဆိုနေသည်မဟုတ်။ ဝဋ်ဆင်းရဲဘေးကိုမြင်သဖြင့်လည်း ငါ စကားမဆို နေ၏။ ဝဋ်ဆင်းရဲ၌ ကျင်လည်ရသမျှသောသတ္တဝါတို့၏ ဖြစ်ခြင်းကား အဖျားအနာအစရှိသည့် အန္တရာယ်ဥပဒ် မပြတ်နှိပ်စက်သောအားဖြင့် ငြိုငြင်ခြင်း၊ အသုံးအဆောင် စည်းစိမ်ဥစ္စာအစရှိသည် ခေါင်းပါးသောအားဖြင့် ငြိုငြင်ခြင်း၊ ထိုထိုသို့သော ငြိုငြင်ခြင်းတို့ကြောင့် မြန်စွာ မိမိသေလို၏ဟူလိုသော်လည်း မသေရ၊ ငြိုငြင်ဆင်းရဲလျက်ပင် တညည်းတွားတွား အသက်ရှင်ရ၏။ အနာ,အဖျား,ဥပဒ်,အန္တ ရာယ် မရှိသည်ဖြစ်၍ ချမ်းသာခြင်း၊ အသုံးအဆောင် စည်းစိမ်ဥစ္စာအစရှိသည် ပြည့်စုံကြွယ်ဝသည်ဖြစ်၍ ချမ်းသာခြင်းစသော ထိုထိုသို့သောချမ်းသာခြင်းတို့ကြောင့် မရေမတွက်နိုင်အောင် ဤကိုယ်အတိုင်း အသက်ရှင်လို၏ဟူသော်လည်း မရှင်ရ။ အသက်၏တိုခြင်း၊ စည်းစိမ်၏တိုခြင်း ဖြစ်ပြန်ရခြင်းတို့ကြောင့် မိမိအလိုရှိရာသို့ တစ်ခုမျှမလိုက်။ မကြိုက်မနှစ်သက်ဖွယ်သာ မလိုရာဆင်းရဲနှင့်ယှဉ်တတ်သော ဤအသက်ကို အဘယ်ပညာရှိသည် ငါ့ကိုယ်ဟုမှတ်၍ အလေးအမြတ်ပြုလျက် အသက်ရှင်လိုခြင်းကို အကြောင်းအစွဲပြုသဖြင့် သူ့ကိုသတ်ပုတ်ညှဉ်းဆဲခြင်း, ခိုးယူလုယက်ခြင်း, မဟုတ်မမှန် ပြောဆိုခြင်းအစရှိသော အပါယ်လားကြောင်း မကောင်းသောရန်သူ ဒုစရိုက်ကို အဆွေခင်ပွန်း ဖွဲ့ဝံ့ပါအံ့နည်း။

“ရထားမှူး သုနန္ဒာ။ ထိုသို့သော အပါယ်ဆင်းရဲ ဝဋ်ဆင်းရဲတို့ကို မြင်ရတွေ့ရသည်ဖြစ်လျက်လည်း သုခကိုရသောအခါ ချမ်းသာကိုမှီ၍ မိုက်ခြင်း, မက်မောခြင်းတို့ဖြင့် ခြံရံအပ်သောကြောင့် “ငါ့ကိုယ် မဆင်းရဲနိုင်ပြီ။ ဤချမ်းသာ၌ မြဲ၏”ဟူသော နှလုံး၏ဖောက်ပြန်ခြင်းရှိသဖြင့် “မမြဲ ဆင်းရဲ၏။ ကိုယ်မဟုတ်”ဟူသော အဖြောင့်အမှန်ကို အဖန်ဖန် နှလုံးနူးတတ်သော ဉာဏ်ထူးဝိပဿနာကို ငါတို့ မရနိုင်သည်ဖြစ်၍ ဤမျှလောက်သောကာလပတ်လုံး သစ္စာ ၄-ပါးကို မျက်မှောက်မပြုရဘဲ တဝဲလည်လည်သာလျှင် ခန္ဓာ၏ဆုံးရာငြိမ်းရာသို့ မရောက်နိုင်ဖြစ်တုံသေး၏။ “ပါဏာတိပါတ” အစရှိသော အတွင်းရန်သူကို ဆူဖြိုးစေကြောင်း မကောင်းမှုဒုစရိုက်တို့ကို ပြုမိပြန်ချေသော်ကား ဤသို့သော အပါယ်ဆင်းရဲ၊ ဝဋ်ဆင်းရဲတို့မှ အဘယ်အခါလျှင် ငါတို့ ထွက်မြောက်နိုင်တော့အံ့နည်း။ မကောင်းမှုကိုပြုခြင်းငှာ မဝံ့သည်ဖြစ်၍ သံသရာမှ လျင်မြန်စွာထွက်မြောက်စေခြင်းငှာ ၁၆-နှစ်ကာလပတ်လုံး လုံ့လပြုအပ်သောငါသည် လုံ့လ၏အစွမ်းဖြင့် ယခုအလိုရှိတိုင်း အပြီးရောက်တော့မည်ကား မချွတ်ရာ။ နှလုံးမွေ့လျော်ရာဖြစ်သော ဤတောအရပ်သို့ ယခု ထွက်မြောက်ပြီးသောငါ့အား ရာဟုခံတွင်းမှ ထွက်မြောက်ပြီးသော လပြည့်ဝန်းကဲ့သို့ အငြိအစွန်း ဘေးရန်မကပ်မတွယ် စင်ကြယ်ခြင်းသို့ရောက်လေပြီ။ တစ်ယောက်ထီးတည်း ရဟန်းပြု၍ နေလေအံ့။ အပါယ်ဆင်းရဲ ဝဋ်ဆင်းရဲတို့ကို ဘေးဟုမထင် အလွန်ပင်အရဲကြူးပေသော သင်တို့ကဲ့သို့၊ ဘေးဟုသိလျက် ငါ မရဲဝံ့ပြီ”ဟု ဆိုတော်မူလေ၏ ဟူလိုသည်။

ထိုသို့သော ဘုရားလောင်း၏ တရားစကားနှင့်တကွ ဥဒါန်းစကားအလုံးစုံကိုကြားလျှင် ရထားမှူးသုနန္ဒာသည် ဤသို့ အကြံဖြစ်၏။

“ဤအရှင့်သားတော်ကား အမျိုးအားဖြင့်လည်း အမျိုး ၃-ပါးတို့၏ဦးစွန်း ဖြစ်တော်မူ၏။ စည်းစိမ်အားဖြင့်လည်း သူခပ်သိမ်းတို့၏သခင် ဖြစ်တော်မူ၏။ အရွယ်တော်အားဖြင့်လည်း နံနက်အခါ တက်သစ်စသော နေလုလင်ကဲ့သို့ ရွှင်မြူးပျော်ပါး အားကိုးချိန်အရွယ် ရန်စွယ်ရန်မြိတ်ကို ဆိတ်ချိုးလိုတုန်း ဘုန်းကျက်သရေယူချိန်လည်း ဖြစ်တော်မူ၏။ အဆင်းသဏ္ဌာန် အသံတော်စကားတော်စသော ဂုဏ်အားဖြင့်လည်း တစ်စုံတစ်ယောက်သော လူမင်းနှင့်မတူ သိကြားမင်းဟူ၍ မှတ်လောက်သော ကိုယ်တော်၏ ကြည်ညိုဖွယ်ကိုလည်း ဆောင်တော်မူ၏။ ထိုသို့သော ကိုယ်တော်စင်ဖြစ်လျက် နတ်စည်းစိမ်နှင့်တူသော ပြည်ကြီးစည်းစိမ်ကျက်သရေကို မြွေကောင်, ခွေးကောင် မတန်ပုပ်နံသော နှလုံးဖြင့် အသုံးမပြုစွန့်ပစ်လျက် မပျက်သောအဓိဋ္ဌာန်ကိုအားထုတ်၍ ရဟန်းပြုအံ့သောငှာ တောသို့ဝင်နိုင်တုံသေး၏။ သူ့အခြွေအရံမျှသာဖြစ်၍ စိတ်ပိုင်ကိုယ်စိုးမရှိ၊ သတိမြဲမြံမှ ဒဏ်လွတ်ရုံမျှရှိလျက် အသက်မွေးငြိုငြင်လှစွာသော ငါသည် သူ့ကျွန်ခံ၍ အဘယ်အကျိုး ရှိတော့အံ့နည်း။ ဤအရှင့်သားနှင့်အတူပင်လျှင် ရဟန်းပြုလျက် တော၌နေတော့မည်”ဟု အကြံဖြစ်ပြီးလျှင် ရဟန်းအဖြစ်ကိုတောင်းပန်လို၍--

“အဟမ္ပိ ပဗ္ဗဇိဿာမိ၊ ရာဇပုတ္တ တဝန္တိကေ။

အဝှာယဿု ဘဒ္ဒန္တေ၊ ပဗ္ဗဇ္ဇာ မမ ရုစ္စတိ။”

ဟူသော ဂါထာဖြင့် လျှောက်၏။

အဓိပ္ပာယ်ကား--

“တိုင်းကြီးသခင်ဖြစ်တော်မူသော အရှင့်သားတော်ဘုရား။ အရှင့်ခမည်းတော် မယ်တော်တို့သည် ကိုယ်တော်၏ တင့်တယ်ခြင်းကျက်သရေကို မမြင်ကြရပါလေသောကြောင့် ဖူးမြင်စေလိုသော နှလုံးသွင်းရှိ၍သာ နေပြည်တော်သို့ ပြန်ပါမည့်အကြောင်းကို အထူးထူးအပြားပြား ကြံစည်သင့်တင့်အောင် အကျွန်ုပ် တောင်းပန်လျှောက်ထားပါသော်လည်း ပြည်ကြီးစည်းစိမ်ကို ညွတ်ကွင်းကြိုး, ခမည်းတော်နှင့် မယ်တော်တို့ကို တောမုဆိုး, အကျွန်ုပ်တို့ကို တိန်ညင်မျိုး, အဆိုးတစေ ထင်တော်မူ၍ ဤတောအရပ်၌ ရဟန်းပြုတော်မူမည်ဖြစ်လျှင် အကျွန်ုပ်တစ်ယောက်တည်း ပြည်သို့မပြန်လိုပြီ။ ကိုယ်တော်ထံ၌ ရဟန်းပြု၍ အတူတကွ နေလိုပါသည်။ အကျွန်ုပ်အား သနားခြင်းကို ရှေးရှုတော်မူသဖြင့် “သင်လည်း ငါ့ထံ၌ ရဟန်းပြု၍နေရမည်”ဟူသော အမိန့်တော်မြတ်ကို ဦးထိပ်တင်ရွက်လိုပါသည်”ဟု လျှောက်၏ ဟူလိုသည်။

ထို့သို့ ရထားမှူးသုနန္ဒာ လျှောက်တောင်းပန်လတ်သော် ဘုရားလောင်းသည် ဤသို့ ကြံတော်မူ၏။

“ငါ အကယ်၍ ယခုသာ သုနန္ဒာကို ရဟန်းပြုစေလျှင် ငါ့မယ်တော်ခမည်းတော်တို့သည် အကြောင်းကို ပြန်ကြားသူမရှိသဖြင့် ဤအရပ်သို့ မလာကြရာ။ ဤအရပ်သို့မလာသော် မယ်တော်,ခမည်းတော်တို့အား စီးပွားယုတ်ခဲ့ရာ၏။ ဤမြင်းရထား, ဤငါဝတ်ဆင်အပ်သော အဝတ်တန်ဆာတို့သည်လည်း အကျိုးမဲ့ပျက်စီးလေရာ၏။ သူခပ်သိမ်းတို့လည်း “တေမိမင်းကို ရထားမှူး ထုတ်ဆောင်လေသည်မှာ သုသာန်တွင်လည်း ကွပ်ရာမျက်ရာမရှိ, သတင်းလည်း မကြား, ရထားမှူးလည်း မပြန်လာ, ၂-ယောက်စလုံးကိုပင် ဘီလူးစားလေသလော၊ ရန်သူဖမ်းလေသလော။ အကြောင်းအသို့ ဖြစ်ပါလိမ့်နည်း”ဟု မိခင်ဖခင် ချစ်ကျွမ်းဝင်သူမှစ၍ ပြည်သူပြည်သား အထွေထွေအကြံများလျက် “စိုးရိမ်ကြောင့်ကြရှိအောင် မင်းသား ပြုလေသည်။ မြတ်သောတရားကို မြော်မြင်သည်ကား ဆို၏။ မျက်မှောက်၌ရောက်အံ့သော မိမိအပြစ်ကိုမျှ မမြင်ပါလေ”ဟု ငါ၌ နောက်နောင် ကဲ့ရဲ့ဖွယ်လည်း ဖြစ်၏။ ထို့ကြောင့် ရထားမှူးကို နေပြည်တော်သို့ ပြန်အောင်ကြံ၍ ငါ တိုက်တွန်းအံ့”ဟု ကြံတော်မူပြီးလျှင်--

“ရထံ နိယျာတယိတွာန၊ အဏဏော ဧဟိ သာရထိ။

အဏဏဿ ဟိ ပဗ္ဗဇ္ဇာ၊ ဧတံ ဣသီဟိ ဝဏ္ဏိတံ။”

ဟူသောဂါထာဖြင့် ဆိုတော်မူ၏။

အဓိပ္ပာယ်ကား--

“ရထားမှူး သုနန္ဒာ။ “ရဟန်းပြုတော်မူပါ”ဟူ၍ သင်တောင်းပန်သည်မှာ သံသရာဝဋ် ကျွတ်လွတ်ကြောင်းအလိုရှိသောသင့်အား အလွန်ပင် ငါ ရဟန်းပြုထိုက်လှပေသည်။ သို့ရာတွင် ယခု သင့်ကို ရဟန်းမပြုသာသေး။ သင်သည် သက်သက်သောသူ မဟုတ်။ အခွင့်နှင့် စေခန့်၍လာရသော မင်းခယောက်ျားဖြစ်ပေသည်။ အကယ်၍ သင် ရဟန်းပြုလျှင် မင်းဘဏ္ဍာဖြစ်သော ဤမြင်းရထား, ငါ၏ဝတ်လဲတန်ဆာအပေါင်းသည် သင်၌ “မြီ” ဖြစ်ခဲ့ရာ၏။ မြိတင်သောသူကို ရဟန်းပြုခြင်း၌ ဘုရားအစရှိသော ရသေ့ရဟန်း သူတော်သူမြတ်တို့ ချီးမွမ်းလေ့မရှိချေ။ ထို့ကြောင့် ဤအလုံးစုံသော မင်းဘဏ္ဍာတို့ကို ပြည်သို့ပြန်၍ မင်းကြီးထံဆက်အပ်ပြီးမှ သင့်ကိုယ်ကို မြီမရှိအောင်ပြု၍ ငါ့ထံလာခဲ့။ မြီမတင်သောသူကို ရဟန်းပြုခြင်း၌သာလျှင် ဘုရားအစရှိသော ရသေ့ရဟန်း သူတော်သူမြတ်တို့ ချီးမွမ်းခြင်းဖြစ်ချေသည်”ဟု ဆိုတော်မူ၏။

ဘုရားလောင်းစကားကိုကြားလျှင် ရထားမှူးသုနန္ဒာသည် ဤသို့ ကြံ၏။

“ယခု အရှင့်သားအမိန့်တော်သည် အလွန်သင့်ပေ၏။ ထိုသို့တမူကား ပညာကြီးသူတို့စကားကို ပညာငယ်သူ, သတိမဲ့သူ လိုက်လွယ်ရမည်ကား အလွန်ခဲယဉ်းသည်။ မည်သို့အကြံနှင့် အမိန့်ရှိလေသည်ကိုမျှလည်း မသိရသေး။ အကယ်၍ ငါ ပြည်သို့ပြန်သွားခိုက် အရပ်တစ်ပါးသို့ အရှင့်သားသွားနှင့်ခဲ့သော် မယ်တော် ခမည်းတော်တို့သည် ငါ့စကားဖြင့် “သားကိုဖူးမြင်လိုသည်”ဟု ငါ့ကို “လိုက်၍ ပြချေ”ဆိုလျှင် ငါ မနေသာသဖြင့် ရှေ့ဆောင်ပြု၍ ဤအရပ်သို့လာရသောအခါ အရှင့်သားကိုမတွေ့ခဲ့သော် မင်းမာန်အပြင်းထွက်၍ ငါ့အား ကြီးစွာသောအပြစ်ဒဏ်ကို ပြုရာ၏။ ထို့ကြောင့် ချည်တိုင်စကားရမှ ငါပစ်၍သွားဝံ့မည်။ ပဋိညာဉ်ကို ရအောင် ငါ တောင်းဦးအံ့”ဟု ကြံပြီးလျှင်၊ “ယဒေဝ တျာဟံ ဝစနံ” အစရှိသော ဂါထာဖြင့် လျှောက်ပြန်၏။

အဓိပ္ပာယ်ကား--

“အရှင့်သားတော်ဘုရား။ ဘုန်းပညာတော်ဖြင့် သတ္တဝါတို့၏ချမ်းသာကို ဆောင်တော်မူလိုသော ကိုယ်တော်သည် ဘုန်းပညာနည်းလှစွာသော အကျွန်ုပ်အား အစဉ်သနားသဖြင့် အကျိုးစီးပွားနှင့် စပ်သောစကားကို ဆိုတော်မူ၏။ ကိုယ်တော် အမိန့်တော်အတိုင်း ဦးထိပ်ရွက်၍ အကျွန်ုပ် ပြည်သို့ပြန်ပါလေဦးမည်။ အကျွန်ုပ် လျှောက်ခွင့်စကားကိုလည်း သနားသဖြင့် အလေးပြုတော်မူပါ။ လျှောက်တင်လိုသည်မှာ အကျွန်ုပ် ပြည်သို့ပြန်၍ မယ်တော်ခမည်းတော်တို့ထံ အကြောင်းအရာအလုံးစုံကို ပြန်ကြားလျှောက်ထားလျက် သား,မိဘအစုံအညီ နှစ်သက်ဝမ်းသာ ဖူးမြင်ပြောဆိုရအောင် သွေးဆောင်တိုက်တွန်းခြင်းနှင့်တကွ မယ်တော် ခမည်းတော်တို့ကိုချီးပင့်၍ မမြင့်မကြာခင် ဤအရပ်သို့ အကျွန်ုပ်ပါအရောက်လာပါမည်။ “မရောက်မီကာလပတ်လုံး ဤအရပ်မှ တစ်ပါးအရပ်သို့ ငါ မလွှဲမပြောင်းနေမည်”ဟူသော ကိုယ်တော်၏ပဋိညာဉ်ကို အကျွန်ုပ် နှလုံးပိုက်လိုလှပါသည်”ဟု လျှောက်၏ ဟူလိုသည်။

ရထားမှုစကားကို ကြားလျှင် ဘုရားလောင်းသည် ပဋိညာဉ်ကိုပေးလို၍-

“ကရောမိ တေ တံ ဝစနံ၊ ယံ မံ ဘဏသိ သာရထိ။

အဟမ္ပိ ဒဋ္ဌုကာမောသ္မိ၊ ပိတရံ မေ ဣဓာဂတံ။”

“ဧဟိ သမ္မ နိဝတ္တဿု၊ ကုသလံ ဝဇ္ဇာသိ ဉာတိနံ။

မာတရံ ပိတရံ မယှံ၊ ဝုတ္တော ဝဇ္ဇာသိ ဝန္ဒနံ။”

ဟူသော ၂-ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား--

“ရထားမှူး သုနန္ဒာ။ သင်သည် ဥစ္စာကိုအလိုရှိသောသူတို့အား မဟာသမုဒ္ဒရာရေထဲ၌ရှိသော ရတနာမျက်၉-ပါးကို လက်ခုပ်ဖြင့်ကျုံး၍ပေးသကဲ့သို့၊ ငါ့အလိုနှင့် သင့်အကြံကား အလွန်ပင်ညီလျော်ကြ၏။ ငါလည်း မယ်တော်ခမည်းတော်တို့ကို ဖူးမြင်လိုသောနှလုံးနှင့်ပင် “ဤအရပ်သို့ ငါ့မယ်တော်ခမည်းတော်တို့ကို ဘယ်သူဆောင်ပါမည်နည်း”ဟု တောင့်တလျက်ရှိသည်။ ထိုသို့ဖြစ်၍ သင်လျှောက်ထားတိုင်း ဤအရပ်တွင်ပင် ငါနေနှင့်မည်။

“သင်လည်း ကြောင့်ကြမဲ့သာ သွားလေ။ ပြည်တော်သို့ရောက်လျှင်သာ ကျန်းမာကြောင်းစသော ငါ၏ သတင်းစကားကိုလည်း ကြားလေ။ ခမည်းတော်မယ်တော်တို့အား ထိပ်ထက်လက်စုံချီ၍ ငါရှိခိုးကြောင်းကိုလည်း လျှောက်ထားလေ။ ခမည်းတော်,မယ်တော်, ဆွေတော်မျိုးတော်တို့အားလည်း ၁၆-နှစ်ကျော်ကာလပတ်လုံး ငါ့ကြောင့် ကိုယ်,စိတ်မရွှင်မလန်း မချမ်းမကြည် ရှိကြရလေသည်များကို ငါ ကန်တော့ပူဇော် ပြုလိုက်ကြောင်းကိုလည်း လျှောက်ထားလေ။ အလုံးစုံ ပြောဆိုခွင့်ရှိသမျှကို လျင်စွာပြီးအောင်ပြောဆို၍ “မယ်တော်ခမည်းတော်, ဆွေတော်မျိုးတော်တို့ကို ရှိခိုးဖူးမြင်လိုပါသည်” ငါမှာလိုက်ကြောင်းစကားနှင့် ကောင်းစွာချီးပင့်လျက် ဤအရပ်သို့ သင်ပြန်ခဲ့”ဟု ရပ်တော်မူလျက်ပင် ရွှေငှက်ပျောပင်ယိမ်းသကဲ့သို့ မယ်တော်ခမည်းတော်တို့ရှိရာ ဗာရာဏသီပြည်သို့ ရှေးရှမျှော်လှည့်ကာ ယိမ်းညွတ်တော်မူ၍၊ မယ်တော်ခမည်းတော်တို့ကို အာရုံပြုသောအားဖြင့် ခြေတော်အစုံထိခြင်း, ပုဆစ် ဒူးတော် အစုံထိခြင်း, လက်တော်အစုံ ထိပူးခြင်း, တံတောင်ဆစ်တော်အစုံ ထိပူးခြင်း, လက်အုပ်ကြာငုံနှင့် နဖူးတော်ထိခြင်း ဤ ၅-ပါးသောထိခြင်းဖြင့် ရှိခိုးလျက် အလုံးစုံ သတင်းစကားမှာထား၍ ရထားမှူးကို လွှတ်တော်မူလိုက်လေ၏။