တေမိယဇာတ်တော်ကြီး/အခန်း-၁၇

From Wikisource
Jump to navigation Jump to search
တေမိယဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁၇။ ရထားထိန်း ပြန်ခန်း

ရထားမှူးသုနန္ဒာသည်လည်း ဘုရားလောင်း၏စကားကို “ကောင်းပါပြီ။ စိုးရိမ်တော်မမူပါလင့်”ဟု ဝန်ခံ၍ ဘုရားလောင်း၏ခြေဖမိုးတော်အစုံကို ဖက်လျက် ဦးအကြိမ်ကြိမ်ချကာ ရှိခိုးပြီးမှ လက်ယာရစ်လှည့်ပြီးသော် မြင်းရထားကိုပြင်ဆင်၍ ဗာရာဏသီပြည်သို့ ရှေးရှုနှင်လေ၏။

စန္ဒာဒေဝီမိဖုရားကြီးသည်လည်း သားတော်ကို ထုတ်လေသည်မှစ၍ “သုနန္ဒာပြန်လာလျှင် စကားအဘယ်သို့ ကြားရပြန်မည်လည်း မသိ”ဟု သားကို ချစ်ခြင်းဖြင့် ပြင်းစွာပူပန်သောနှလုံး ရှိသည်ဖြစ်၍ ငြိမ်သက်စွာမနေနိုင်သဖြင့် မျက်နှာညှိုးငယ် သနားဖွယ်သောအမူအရာရှိလျက် အရှေ့မုခ်နန်းတော်ပြတင်း၌ ရထားမှူးလာလမ်းကို မျှော်လင့်ကာနေ၏။

ရထားမှူးသုနန္ဒာသည်လည်း ခရီးစဉ်အတိုင်း လာလတ်၍ အရှေ့နန်းတော်တံခါးဝသို့ ရထားဆိုက်လေ၏။

ထိုအခါ စန္ဒာဒေဝီမိဖုရားကြီးသည် တစ်ယောက်တည်းလာလတ်သော ရထားမှူးကိုမြင်လျှင် ရင်ကို လက်စုံရိုက်တီး၍ ရှိုက်ကြီးငိုကြီး ယိုစီးမျက်ရည် ဆောက်တည်မရ ပူပန်လှသောနှလုံးဖြင့် ရထားမှူးကို သနားဖွယ်ငိုကြွေး၍ မယ်တော်မေးဟန်ကို ထင်ရှားစွာပြတော်မူလိုသော ဘုရားသည်--

“သုညံ မာတာ ရထံ ဒိသွာ၊ ဧကံ သာရထိ မာဂတံ။

အဿုပုဏ္ဏေဟိ နေတ္တေဟိ၊ ရောဒန္တီ နံ ဥဒိက္ခတိ။”

“အယံ သော သာရထီ ဧတိ၊ နိဟန္တွာ မမ အတြဇံ။

နိဟတော နူန မေ ပုတ္တော၊ ပထဗျာ ဘူမိဝဍ္ဎနော။”

“အမိတ္တာ နူန နန္ဒန္တိ၊ ပတီတာ နူန ဝေရိနော။

အာဂတံ သာရထိံ ဒိတွာ၊ နိဟန္တွာ မမ အတြဇံ။”

“သုညံ မာတာ ရထံ ဒိသွာ၊ ဧကံ သာရထိ မာဂတံ။

အဿုပုဏ္ဏေဟိ နေတ္တေဟိ၊ ရောဒန္တီ ပရိပုစ္ဆိ နံ။”

“ကိန္ဒူ မူဂေါ ကိန္နု ပက္ခော၊ ကိန္နု သော ဝိလပီ တဒါ။

နိဟညမာနော ဘူမိယံ၊ တံ မေ အက္ခာဟိ သာရထိ။”

“ကထံ ဟတ္ထေဟိ ပါဒေဟိ၊ မူဂပက္ခော ဝိဝဇ္ဇယိ။

နိဟညမာနော ဘူမိယံ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။”

ဟူသော ၆-ဂါထာကို ဟောတော်မူ၏။

အဓိပ္ပာယ်ကား--

“ငါ၏ တပည့်သားတော်အပေါင်းတို့။ ငါ တေမိမင်းဖြစ်တော်မူသောအခါ တော၌ တေမိမင်းကိုထားခဲ့၍ ရထားမှူးသုနန္ဒာ ပြည်သို့ဝင်လျက် နန်းရင်ပြင်အရှေ့တံခါး၌ ရထားဆိုက်လျှင် မျှော်လင့်ကာနေသော တေမိမင်းမယ်တော်သည် ရထားရှင် ဆိတ်လေသုဉ်းလေပြီးသော ရထားနှင့်သုနန္ဒာကိုမြင်လျှင် အလွန်ပင်ပန်းသော နှလုံးရှိသည်ဖြစ်၍ ရင်ကိုလက်စုံတီးကာ ယိုစီးသောမျက်ရည်ဖြင့် ငိုကြွေးလျက် ဤသို့မြည်တမ်း မေးမြန်း၏။

“အမောင်ရထားမှူး။ ယခုရထားချည်းသာ ပြန်လာခဲ့ပြီ။ မချွတ်လျှင် ငါ၏ရင်သွေးကို မြှုပ်သတ်ခဲ့ယောင်တကား။

“ငါ့သားရတနာသည် မဟာပထဝီ၏ အစီးအပွားဖြစ်လေပြီတကား။ ငါ့သား၏ပျက်စီးခြင်းကို မချစ်မနှစ်လိုသောရန်သူတို့သာ ဝမ်းမြောက်ဝမ်းသာ ရှိနိုင်လေတော့မည်တကား။ ဤရထားမှူး ငါ့သားကိုသတ်၍ လာခဲ့ပြီ။ မိခင်အသက် အသို့ ရှင်နိုင်ပါအံ့နည်း။

“အချင်းရထားမှူး သုနန္ဒာ။ စင်စစ် ငါ့သား နားပင်း,ဆွံ့အ မှန်လေသလော။ တွင်း၌ မြှုပ်သတ်အံ့ဟုသင် ပြင်ဆင်ညှဉ်းဆဲသောအခါ ငါ့သား ညည်းညူသောအသံကိုမျှ မပြုပါလော။

“ရထားမှူး သုနန္ဒာ။ ငါ့အား ဟုတ်တိုင်း သင်ကြားပါလော့။ ငါ့သား၏ခြေ,လက်ကို တွင်း၌ချသောအခါ အသို့ ချလေသနည်း။ စိုးစဉ်းမျှ ငါ့သား ခြေ,လက်လှုပ်ရှားခြင်းကို မပြုပါသလော။ ငါ့ကို မြန်မြန်သေအောင် သင်ရထားမှူး မပြုပါလင့်။ ငါမေးသည်ကို ဟုတ်မှန်တိုင်း ပြောပါလော့”ဟု ငိုကြွေးမြည်တမ်းလျက် သနားဖွယ်မေးရှာ၏ ဟူလိုသည်။

ထိုသို့ မယ်တော်၏ပင်ပန်းခြင်းကို ရထားမှူးမြင်လျှင် နန်းတော်တံခါးပြင်၌ မြင်းရထားကိုထားခဲ့၍ နန်းတော်သို့တက်ပြီးလျှင် ဘုရားလောင်းမယ်တော်အား ရိုသေစွာရှိခိုးလျက် အခွင့်ကိုပန်လိုသောကြောင့်--

“အက္ခေယျံ တေ အဟံ အယျေ၊ ဒဇ္ဇာသိ အဘယံ မမ။

ယံ မေ သုတံ ဝါ ဒိဋ္ဌံ ဝါ၊ ရာဇပုတ္တဿ သန္တိကေ။”

ဟူသော ဂါထာဖြင့် လျှောက်၏။

အဓိပ္ပာယ်ကား--

“ပြည်ကြီးသခင်ဖြစ်တော်မူသော အရှင်မ၊ အကျွန်ုပ်အား သနားသဖြင့် ဘေးမဲ့ပေးတော်မူပါမှ မြင်ခဲ့တိုင်း ကြားခဲ့တိုင်း သားတော်ဘုရား၏အကြောင်းကို အစေ့အစုံ အကျွန်ုပ် လျှောက်ဝံ့ပါမည်”ဟု လျှောက်၏။

(ဤအရာ၌ သုနန္ဒာသည် မိဖုရားကြီးပင်ပန်းခြင်းကို သနားပါလျှင် မေးခြင်းခဏ သက်သာရာရလွယ်အောင် ချမ်းသာကြောင်းစကားကိုသာ ပြန်ကြားရမည်ဖြစ်လျက် ပင်ပန်းလှစွာသော သားမိခင်ကို သာ၍ပူပန်အောင်ပြုသကဲ့သို့ အဘယ့်ကြောင့် အနွဲ့ငင်ကာ နေရသနည်းဟူမူ--

လိမ္မာသော မင်းခစားဖြစ်၍ မင်းရေး၌ကျွမ်းကျင်သောကြောင့် ကိုယ်၌ အပြစ်ရောက်အံ့သည်ကိုမြင်၍ အလျင်တဆော မလျှောက်သတည်း။ အကယ်၍ အလျင်တဆော လျှောက်ငြားအံ့။ “ဤသို့သော ငါ့သားဘုန်းတန်းရှင်ကို သင် အဘယ့်ကြောင့် ပစ်၍ထားခဲ့သနည်း။ သင် သူတော်ကောင်း မဟုတ်၊ သူယုတ်မာစင်စစ်တကား”ဟု သား၏ချစ်ခြင်း,သနားခြင်းကို မှီ၍ဖြစ်သောဒေါသဖြင့် ကြီးစွာသောရာဇဝတ်ဒဏ် ပေးခဲ့ရာ၏။ ထို့ကြောင့် “အရှင်မိဖုရားကြီးလည်း ဤမျှငိုကြွေးရုံမျှနှင့် သေနိုင်တော့မည် မဟုတ်ပြီ။ ငါလည်း အပြစ်လွတ်စေတော့”ဟု ကြံမိသောသုနန္ဒာသည် မလျှောက်မကြားဦးမူ၍ ရှေးဦးစွာ အခွင့်တောင်းလေသည်ဟု မှတ်အပ်၏။)

ထိုသို့ ရထားမှူးသုနန္ဒာ ဘေးမဲ့တောင်းလျှင် စန္ဒာဒေဝီမိဖုရားကြီးသည် ဘေးမဲ့ပေးလို၍--

“အဘယံ သမ္မ တေ ဒမ္မိ၊ အဘီတော ဘဏ သာရထိ။

ယံ တေ သုတံ ဝါ ဒိဋ္ဌံ ဝါ၊ ရာဇပုတ္တဿ သန္တိကေ။”

ဟူသော ဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“ရထားမှူး။ သင့်အား အခွင့်ကုန် မင်းကြီးအပ်လိုက်ပြီးသည်ကို ငါ အဘယ်သို့ အပြစ်ပြုပါအံ့နည်း။ သင့်အားဘေးမဲ့ပေး၏။ မကြောက်လင့်။ ငါ့သားထံ၌ မြင်ခဲ့ကြားခဲ့,စီရင်ခဲ့တိုင်းသာ အချက်ကျကျလျှောက်လော့”ဟု ဆို၏။

ထိုအခါ ရထားမှူးသုနန္ဒာသည်--

“န သော မူဂေါ န သော ပက္ခော၊ ဝိဿဋ္ဌဝစနော စ သော။

ရဇ္ဇဿ ကိရ သော ဘီတော၊ အကရာ အာလယေ ဗဟူ။”

“ပုရိမံ သရတိ သော ဇာတိံ၊ ယတ္ထ ရဇ္ဇမကာရယိ။

ကာရယိတွာ တဟိံ ရဇံ၊ ပါပတ္ထ နိရယံ ဘုသံ။”

“ဝီသတိဉ္စေဝ ဝဿာနိ၊ တဟိံ ရဇ္ဇမကာရယိ။

အသီတိဝဿသဟဿာနိ၊ နိရယမှိ အပစ္စိ သော။”

“တဿ ရဇ္ဇဿ သော ဘီတော၊ မာ မံ ရဇ္ဇာဘိသေစယုံ။

တသ္မာ ပိတု စ မာတု စ၊ သန္တိကေ န ဘဏီ တဒါ။”

“အင်္ဂပစ္စင်္ဂသမ္ပန္နော၊ အာရောဟပရိဏာဟဝါ။

ဝိဿဋ္ဌဝစနော ပညာ၊ မဂ္ဂေ သဂ္ဂဿ တိဋ္ဌတိ။”

“သစေ တွံ ဒဋ္ဌုကာမာသိ၊ ရာဇပုတ္တံ တဝတြဇံ။

ဧဟိ တံ ပါပယိဿာမိ၊ ယတ္ထ သမ္မတိ တေမိယော။”

ဟူသော ၆-ဂါထာတို့ဖြင့် ဘုရားလောင်းမင်း၏ မဆွံ,မအ,ကြောင်း သာယာနာပျော်ဖွယ် သန့်ရှင်းပြေပြစ်သောစကားရှိကြောင်း၊ ဘုန်း,ပညာ အရောင်အဝါ အဆင်းကျက်သရေ ထွန်းပတင့်တယ်ကြောင်း၊ မိမိတွင်းတူးရာ၌ တွင်းနားတွင်ရပ်၍ အမေးအဖြေ အချေအလဲပြောဆိုကြကြောင်း “ရုက္ခုပမာဂါထာ, မိတ္တပူဇာဂါထာ”တို့ကို ဟောကြောင်း၊ ပြည်သို့ပြန်ပါမည်ကို မိမိ အထူးထူးအပြားပြား တောင်းပန်သောအခါ ဇာတိသရဉာဏ်ဖြင့် ရှေးအဖြစ်ကိုမြင်၍ ငရဲဘေးကိုကြောက်သဖြင့် စကားမပြောနေကြောင်း စကားအလုံးစုံကိုလည်းကောင်း, မှာထားလိုက်သမျှသော ဘုရားလောင်း၏သတင်းစကားကိုလည်းကောင်း အကုန်အစင် မခြွင်းမချန် ပြန်ကြားလျှောက်ထားလေ၏။

ထိုသို့ ရထားမှူး လျှောက်ထားလတ်သော် ဘုရားလောင်းမယ်တော်သည် မြစ်ရေအလျဉ်၌ တည်ရာမရ မျောလေသောသူအား ငှက်ဂဠုန် တောင်ဟုန်ပေးလျက်လာလတ်သော် ထိတ်လန့်ဖွယ်မျိုးအကုန် ထိတ်လန့်ခြင်းဖြင့်ပြစဉ် ထိုဂဠုန်ငှက်ပင် ထိုရေ၌မျောသောသူကိုယူ၍ ချမ်းသာရာကုန်းထက်၌ တင်ထားသောအခါ ချမ်းသာခြင်းမြန်လှ၍ တက်လျှံသောစိတ်အဟုန်ဖြင့် တစ်စုံတစ်ခုမျှ မဆိုတတ်မပြောတတ် ရှိရာသကဲ့သို့ သားတော်ဘုရားလောင်းကြောင့် ကာလရှည်စွာ ကိုယ်,စိတ်၏ဆင်းရဲပင်ပန်းခြင်း ဖြစ်ရလေသောကြောင့် ရထားမှူးစကားဖြင့် ခဏချင်း ချမ်းသာရာရသော်လည်း ထိုဆင်းရဲဟောင်းအဟုန် မကုန်မစဲနိုင်သေးဖြစ်၍ နှစ်သက်ရွှင်လန်းသောအရသာကိုမျှ မခံစားနိုင်သေး။ ရေအေးဖိစီး၍ မီးကြီးအပူငြိမ်းသော်လည်း ခဏချင်း အငွေ့မစဲနိုင်သကဲ့သို့လည်းကောင်း၊ အဆိုးပေါင်းမှ အကျိုးကောင်းသို့ အပြောင်းမြန်သဖြင့် အကြံမရ သုခ,ဒုက္ခအရသာကို ခံစားရာမသိ ရှိလေ၏။

ထိုသို့ အကြောင်းမျိုးကို အကုန်အစင်လျှောက်ထားပြီးသော် ရထားမှူးသည် သားတော်ကို အဖူးအမြင်သွားမည်အကြောင်းကို လျှောက်တောင်းပန်လို၍-- “သစေ တွံ ဒဋ္ဌုကာမာသိ” အစရှိသော ဂါထာဖြင့် လျှောက်၏။

အဓိပ္ပာယ်ကား--

“သခင်မ မယ်တော်ဘုရား၏သားတော်သည် အလွန်အထူး ကြီးမြတ်သော ပညာရှင်ဖြစ်၍ တိုင်ပင်ဖော်မရှာ ကိုယ်လိုရာကို တစ်ပညာ, တစ်စိတ်တည်းဖြင့်သာလျှင် လုံးရပ်သဏ္ဌာန် အရောင်အဆင်း၏ တင့်တယ်ခြင်း, အသံ၏တင့်တယ်ခြင်း, စကား၏သန့်ရှင်းခြင်း, ပညာ၏ကြီးမြတ်ခြင်းတို့ကို သူတစ်ပါးမသိစေရအောင် တိမ်မြှုပ်လျက် ဆွံ့ရုပ်,နားထိုင်းရုပ်ထင်အောင် သူခပ်သိမ်းတို့အားလှည့်ပတ်၍ ကိုယ်လိုအပ်ရာကိုရအောင် ဆောင်ရွက်အားထုတ်လေသည်မှာ တောအရပ်၌ကြိမ်ရသောအကျွန်ုပ်သည် တစ်ယောက်ထီးတည်း အံ့သြဖူးမြင်၍ မရောင့်ရဲနိုင်အောင်ဖြစ်ရသောကြောင့် ငါမျှသောသူပင် ဤရွေ့လောက် အံ့သြဖူးမြင်ခြင်းဖြင့် မရောင့်ရဲနိုင်ရှိခဲ့လျှင်သခင့်မယ်တော်, ခမည်းတော်တို့ မြင်တော်မူရသော်မူကား အဘယ်ဆိုဖွယ်ရာ ရှိတော့မည်နည်း။ သခင့်သားတော် ဤအရပ်၌ နေနှင့်တော်မူပါမည့်အကြောင်းကို ပဋိညာဉ်တောင်း၍ “မယ်တော်, ခမည်းတော်တို့နှင့်အတူ ဤအရပ်သို့တစ်ခေါက်ပြန်လျက် အညီအညွတ်ဖူးတွေ့ရအောင် ငါ ဆောင်ရွက်ရသော် ကောင်း၏”ဟု အကျွန်ုပ်ကြံမိသဖြင့် သားတော်ဘုရားအား “ဤအရပ်၌ နေတော်မူနှင့်ပါမည့် အကြောင်းကို အကျွန်ုပ်တောင်းပန်လျှင် အရှင့်သားတော်ကလည်း “ရထားမှူး။ သင့်အကြံနှင့်ငါ့အလို ပြိုင်မိကြ၏။ ငါလည်း မယ်တော်,ခမည်းတော်တို့ကို ဖူးမြင်လိုသည်။ ဤအရပ်သို့ မယ်တော်,ခမည်းတော်တို့ လာရောက်အောင် သင်ဆောင်ရွက်နိုင်ပါလျှင်ဆောင်ရွက်ပါ။ လျှောက်ထား၍ ငါ့ထံ မြန်မြန်ပြန်ခဲ့ပါ။ ငါ ဤအရပ်တွင် သင်မရောက်သမျှ ငံ့နေမည်”ဟု အမှာအထားနှင့်တကွ ဝန်ခံတော်မူလိုက်ပါသည်။ အရပ်တစ်ပါး သွားနှင့်လိမ့်မည် မှတ်တော်မမူပါလင့်။ ယခု ဝတ်လဲတန်ဆာတော်နှင့်ပင် ရှိရစ်ပါသည်။ သားတော်ရှိရာ ကြွတော်မူလိုလျှင် ခရီးညွှန်ခြင်း၌ အကျွန်ုပ်ဝန်ဖြစ်ပါစေ။ စိုးရိမ်တော် မမူပါလင့်။ မမြင့်မကြာ အလျင်တဆော ကြွဖြစ်အောင် ကြွတော်မူပါမှ သင့်မည်ထင်ပါသည်”ဟု လျှောက်ထား၏ ဟူလိုသည်။

ကာသိကရာဇ်မင်းကြီးအားလည်း ထိုအကြောင်းအရာ အလုံးစုံကို ရထားမှူးသုနန္ဒာ လျှောက်ထားသဖြင့် ဘုရားလောင်းမယ်တော်, ခမည်းတော်မှစ၍ အလုံးစုံသောပြည်သူပြည်သားအပေါင်းတို့သည် ဝမ်းမြောက်ဝမ်းသာ “ဘုရားလောင်းတေမိမင်းရှိရာ သွားအံ့”ဟု အားထုတ်စီရင် တိုင်ပင်ခန့်ထားကြလေ၏။