တေမိယဇာတ်တော်ကြီး/အခန်း-၁၈

From Wikisource
Jump to navigation Jump to search
တေမိယဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁၈။ ရဟန်းပြုတော်မူခန်း

ဘုရားလောင်း တေမိမင်းသားသည်လည်း ပြည်သို့ ရထားမှူးသုနန္ဒာ ပြန်လေသည်၏နောက်၌ “ငါကား ယခုကိုယ်အဖြစ်ဖြင့် မယ်တော်,ခမည်းတော်တို့ကို အတွေ့ခံ၍ ကျေးဇူးမရှိ။ ရဟန်းအဖြစ်ဖြင့်တွေ့စေသော် ငါ့မယ်တော်, ခမည်းတော်တို့အား များစွာကျေးဇူးရှိသည် ဖြစ်ရာ၏။ ယခု ငါ အဘယ်သို့ ရသေ့ရဟန်းပြုရအံ့နည်း”ဟု ကြံလျက် ရဟန်းပြုလိုသောနှလုံး ညွတ်တော်မူ၏။

ထိုအခါ ဘုရားလောင်း၏ ပါရမီတော်အာနုဘော်ကြောင့် သိကြားမင်း၏နေရာ ပဏ္ဍုကမ္ဗလာ ကျောက်ဖျာ၌ ပူပြင်းတင်းမာသောအခြင်းအရာကို ပြပေ၏။ သိကြားမင်းသည်လည်း ဆင်ခြင်သဖြင့် ထိုအကြောင်းကိုသိလျှင် ဝိသုကြုံနတ်သားကိုခေါ်၍ “အချင်း ဝိသုကြုံနတ်သား။ တေမိမင်းသား ယခု ရဟန်းပြုလိုပြီ။ နေရာကျောင်းသင်္ခမ်း ရဟန်းပရိက္ခရာအလုံးစုံကို ဖန်ဆင်း၍ပေးချေဦး”ဟု စေလိုက်၏။

ဝိသုကြုံနတ်သားသည်လည်း သိကြားမင်းဆိုတိုင်း ဝန်ခံလျက် ဘုရားလောင်းရှိရာ တောအုပ်သို့လာ၍ အချင်းအားဖြင့် ၃-ယူဇနာရှိသောတောအုပ်၌ ကြီးကျယ်စွာသော ကျောင်းသင်္ခမ်းကိုလည်းကောင်း၊ ထိုကျောင်း၌ ပရိသတ်တို့နှင့် ညီလာခံရာ, လေညှင်းခံရာ, ကမ္မဋ္ဌာန်းရှုရာ, သမာပတ်ဝင်စားရာစသော ညဉ့်သန့်ရာ, နေ့သန့်ရာ, တိုက်ခန်း, ပြတင်း, လေသာ, စမုတ်, တပြင်ကျယ် ကုဋီတို့ကိုလည်းကောင်း၊ ကျောင်းဦး၌ ထုပ်အကျယ် ၂၄-တောင်ရှိသော စင်္ကြံကိုလည်းကောင်း၊ ကျောင်းမှမနီးမဝေး အရံအတွင်း၌ ကြာမျိုး ၅-ပါးတို့ဖြင့်ဖုံးလွှမ်းအပ်သော ၄-ထောင့်ရေကန်ကြီး, ရေတွင်းတို့ကိုလည်းကောင်း၊ ၁၂-ရာသီ အခါမရွေး ချိုမြိန်စွာ အသီးနှင့်ပြည့်စုံသော သစ်မည်စည်, တည်, လွန်, သရက်, ပိန္နဲ, ငှက်ပျောစသော အထူးထူးအပြားပြား များစွာသောသစ်ပင်မျိုးတို့ကို လည်းကောင်း ဖန်ဆင်းလျက်၊ အရံအတွင်း, စင်္ကြံအတွင်းတို့၌ ဖန်ရောင်မက အလျှံထွက်သော ရတနာသဲဖြူးခြင်း, သပိတ်, သင်းပိုင်, ကိုယ်ဝတ်, ဒုကုဋ်, ရေသနုပ်, ဝါးရင်းတောင်ဝှေး, သစ်သီးသစ်ရွက်ချက်ပြုတ်ရန် မြေအိုး, မြေခွက်စသည်မကြွင်း အလုံးစုံ ရသေ့ရဟန်းတို့အသုံးအဆောင် ပရိက္ခရာတို့ကိုလည်းကောင်း ဖန်ဆင်းပြီးလျှင်၊ ကျောင်းတွင်း၌စိုက်ထားအပ်သော ကမ္ပည်းတိုင်တွင် “အကြင်မင်းမျိုး, ပုဏ္ဏားမျိုး, သူဌေးမျိုး, သူကြွယ်မျိုး စသောသူတို့သည် ကာမဂုဏ်ကိုငြီးငွေ့၍ ရသေ့ရဟန်းပြုလိုငြားအံ့။ ထိုသူတော်ကောင်းတို့သည် ဤကျောင်း၌ အလုံးစုံသော ရဟန်းအသုံးအဆောင်တို့ကို အလိုရှိတိုင်းယူ၍ ရဟန်းပြုကြပါစေသတည်း”ဟု ကမ္ပည်းအက္ခရာရေးထားပြီးသော် ခြင်္သေ့,ကျား,သစ်, ဝံ, အောင်း, ကြံ့, ဆင် အစရှိသော သားရဲတို့ကိုလည်းကောင်း၊ မနှစ်လိုဖွယ်သောအသံကို မြည်တတ်ကုန်သော ငှက်ရဲ,ငှက်ကြမ်းတို့ကိုလည်းကောင်း ထို ၃-ယူဇနာရှိသောတောအုပ်မှ နှင်ထုတ်ဖယ်ခွာစေပြီးလျှင် မိမိနေရာ တာဝတိံသာနတ်ပြည်သို့ တက်သွားလေ၏။

ဘုရားလောင်း တေမိမင်းသားသည်လည်း ထိုသို့ ရဟန်းပြုလိုသော နှလုံးညွတ်ပြီးသည်၏နောက်၌ တောင်,မြောက် အရပ်ထက်ဝန်းကျင်တို့ကို မျှော်ရှုစဉ် မျက်နှာရှေးရှု မနီးမဝေးသောအရပ်၌ ရေတွင်း, ရေကန်, အရံ, ဥယျာဉ်နှင့်တကွသော ကျောင်းသင်္ခမ်းကိုမြင်လျှင် “ငါ့အလိုကိုသိ၍ သိကြားမင်း ဖန်ဆင်းစီရင်လာချေသည်။ သူခပ်သိမ်းတို့ တန်ခိုးဖြင့်ပြီးစေအပ်သောဝတ္ထု, ကိုယ်ဖြင့်ပြီးစေအပ်သောဝတ္ထု, နှုတ်ဖြင့်ပြီးစေအပ်သောဝတ္ထု အလုံးစုံ ကျက်သရေမျိုးဟူသည်ကား ကုသိုလ်သမ္ဘာရနှင့်ပြည့်စုံသော ဘုန်းတန်းရှင်၌သာလျှင် စုဝေးရာ, ပေါင်းရာ, ဆုံရာ ဖြစ်၏။ ကုသိုလ်တရား၏အာနုဘော်ကား အလွန် အံ့သြဖွယ်ရှိစွ”ဟု နှစ်သက်ရွှင်လန်းဝမ်းမြောက်စွာ နှလုံးရတော်မူလျက် ထိုကျောင်းသင်္ခမ်းတွင်းသို့ဝင်ပြီးလျှင် ကမ္ပည်းအက္ခရာတို့ကိုဖတ်၍ အတပ်အမှန် အရှင်မရှိသေးသော သက္ကဒတ္တိယ၈ကျောင်း ဖြစ်သည်ကိုသိသဖြင့် ထိုကျောင်းတွင်း၌ နတ်၏တန်ခိုးကြောင့်ဖြစ်သော ချိပ်ရည်ကဲ့သို့ရဲရဲနီလျက် ညံ့သက်သိမ်မွေ့လှစွာ အတွေ့ရှိသော လျှော်တေသင်္ကန်းတစ်ထည်ကို သင်းပိုင်ဝတ်လဲတော်မူပြီးမှ တစ်ထည်သောလျှော်တေသင်္ကန်းကို လက်ကန်တော့စံပယ်တင် ကိုယ်ဝတ်ရုံတော်မူ၍၊ သစ်နက်ရေသင်္ကန်းကို လက်ဝဲပခုံးထက် ဒုကုဋ်တင်တော်မူလျက် မကိုဋ်သင်းကျစ်တို့ကိုချွတ်ထား၍ ဦးခေါင်း၌ ဆံကျစ်အဝန်းကိုစွပ်ဖွဲ့လျက် ရဟန်းအသွင်ကိုယူတော်မူပြီးသော် ဝါးရင်းတောင်ဝှေးတို့ကို ကိုင်စွဲကာ ရဟန်း၏ကျက်သရေကိုဖြစ်စေလျက် ငြိမ်သက်သောဣဖြင့် ကျောင်းထဲမှထွက်၍, စင်္ကြံ၌ ထိုမှဤမှ လူးလာပြန်ခေါက် “အဟောသုခံ, အဟောသုခံ”၊ ဪ-ချမ်းသာစွ, ဪ-ချမ်းသာစွ”ဟု ဝမ်းမြောက်ဝမ်းသာ စကားဥဒါန်းကျူးလျက် စင်္ကြံသွားပြီးမှ ကျောင်းသင်္ခမ်းတွင်းသို့ဝင်၍၊ ပျဉ်အခင်းပေါ်၌ နေတော်မူလျက် သတ္တဝါပညတ်ကိုအာရုံပြု၍ ဗြဟ္မဝိဟာရကမ္မဋ္ဌာန်းကို ထိုနေ့ပတ်လုံး အားထုတ်တော်မူလတ်သော် ရှေး မင်းသားလက်ထက်ကပင်လည်း တဒင်္ဂဉာဏ်သမာဓိ၏ ရင့်တော်မူနှင့်ခြင်းကြောင့် ထိုနေ့ချင်း မကြာမမြင့်မီပင်လျှင် တထိုင်တည်းချင်းဖြင့် သမာပတ် ၈-စဉ်နှင့် အဘိဉာဏ် ၅-ရပ် မြတ်သော မဟဂ္ဂုတ်စည်းစိမ်ကို ရတော်မူလေ၏။

ထိုသို့ ဈာန် အဘိညာဉ် လက်တော်သို့ရောက်ပြီး၍ ညချမ်းတိုင်လတ်သောအခါ ထို ပျဉ်အခင်းနေရာ ကျောင်းကုဋီမှထွက်ပြီးလျှင် စင်္ကြံဦး၌ နတ်ဖန်ဆင်းအပ်သောသစ်ပင်မှ သစ်ရွက်တို့ကို ချူဆွတ်တော်မူလျက် နတ်ဖန်ဆင်းအပ်သော ခွက်ဖြင့်ထည့်၍ မချက်မပြုတ် အစိမ်းသက်သက် ဆားလည်းမရှိသော ထိုသစ်ရွက်ကို ရေနှင့်နှောကာ နတ်သုဓာဘုတ်အမြိုက်ရည်ကို သောက်စားသောသူကဲ့သို့ အမြိန်အရှက်ဘုဉ်းပေးခြင်းဖြင့် ကိုယ်လက် ဖြည့်တင်းတော်မူပြီးလျှင်၊ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာတည်းဟူသော ဗြဟ္မဝိဟာရတရား ၄-ပါးတို့ကိုပွားစေ၍ သမာပတ်ဈာန်စည်းစိမ်ဖြင့် ခံစားလျက် ထိုသိကြားကျောင်း၌ နေတော်မူ၏။

(ဤတွင်ရွေ့ကား မိဘဆွေမျိုးအစရှိသော သူခပ်သိမ်းတို့အား နိဗ္ဗာန်တည်းဟူသော ဘေးမဲ့ရာသို့ ပို့ဆောင်တော်မူလိုသော ဘုရားလောင်း တေမိမင်းသားသည် ရှေးဦးစွာ “အတ္တဟိတ”ကို ဆောင်တော်မူပြီး၍ “ပရဟိတ”ကို ဆောင်တော်မူအံ့သောအခါ၏ အာဒိတ ပထမဖြစ်သော ရဟန်းအသွင်ကိုယူခြင်းလျှင် တေမိမင်းသား၏ ၂-ကြိမ်မြောက်ဖြစ်သော နှလုံးအလိုပြည့်ခြင်း အောင်ခြင်းမင်္ဂလာကို ပြရာပြကြောင်း စကားအစဉ်ကား ပြီးပြီ။)