တေမိယဇာတ်တော်ကြီး/အခန်း-၁၅

From Wikisource
Jump to navigation Jump to search
တေမိယဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁၅။ အားအင်တော်ကို စမ်းသပ်တော်မူခန်း

ထိုသို့ သုနန္ဒာရထားမှူး တွင်းတူးခြင်း၌ အားထုတ်၍နေလေသောအခါ ဘုရားလောင်းတေမိမင်းသားသည် “ငါကား အထက်က ပညာစွမ်း,ကိုယ်စွမ်းကို ဖုံးလွှမ်းမြှုပ်တိမ် အချိန်အခါမဟုတ်သဖြင့် ထုတ်ပြခြင်းကို မပြု။ ယခုမူကား ပညာနှင့် ကိုယ်အားကို ထင်ရှားစွာ ထုတ်ပြသင့်သောအခါ ရောက်ပြီ။ ၁၆-နှစ်ကျော် ကာလပတ်လုံး ထားတိုင်းသော ခြေ,လက်ဖြင့် ငြိမ်သက်စွာနေရသော ငါသည် အားထုတ်ခြင်းငှာစွမ်းနိုင်သော ကိုယ်စွမ်းရှိပါမည်လော, မရှိလော”ဟု လျောင်းတော်မူရာမှထလျက် လက်တစ်ဘက်ဖြင့် လက်တစ်ဘက်ကို သုံးသပ်အံ့ဟု လက်အစုံဆန့်တန်း၍ ပေါင်, တင်ပါး, သလုံးသား, ဖမိုး စသည်များကို ဆုပ်နယ်သုံးသပ်ကာ “ငါသို့သော ယောက်ျား”ဟု အားတော်အစွမ်းကိုသိလိုသဖြင့် ရထားထက်မှ ဆင်းသက်မည်ဟု လက်ယာဖဝါး ချီတော်မူလျှင် ဘုန်းဟောင်း, ဘုန်းသစ် အပြစ်မရှိ မြတ်သောပါရမီတော် အာဏာရိုက်နှက်၍ အသက်မရှိသောမြေသည် ခြေဖဝါးအစုံချရာအရပ်တွင် လေအပြည့်ဝင်သော သားရေနယ်အိတ် ပုံ့ပုံ့ကြွသကဲ့သို့ စုန့်စုန့်ထပြီး၍ ရထားမြီးကိုထိလျက် တည်လေ၏။

ထိုအခါ ဘုရားလောင်းမင်းသားသည် ရထားမှ မြေသို့လှမ်းသက်တော်မူ၍ ၂-ခေါက်, ၃-ခေါက် တောင်မြောက်လူးလာ စင်္ကြံသွားပြီးလျှင် “ငါကား ဤမျှလောက်ပင် အားရှိမည် မထင်။ ယခု ငါ့အားကား တစ်နေ့ချင်းဖြင့်ပင် ယူဇနာ ၁၀၀ကွာအရပ်သို့ အရောက်သွားခြင်းငှာ စွမ်းနိုင်သောအား ရှိသေး၏တကား”ဟု ကိုယ်အစွမ်းကို သိတော်မူပြီးမှ “အကယ်၍ သုနန္ဒာရထားမှူးသည် ငါ့အား မဆန့်ကျင်သည်ဖြစ်မူကား ငါ၌ ကိုယ်အားရှိကျိုးမထင်။ ဆန့်ကျင်၍ ရထားမှူးသည် ငါ့ကို လက်ရုံးအားကိုးပြုချေလျှင် ထိုသူ့အစွမ်းကိုနှိပ်နှင်းနိုင်သော ငါ့ကိုယ်စွမ်း ရှိပါမည်လော”ဟု အားတော်ကိုစုံစမ်းလိုသောကြောင့် ရထားနောက်စွန်းကို လက်တော်ဖြင့်ဆုပ်ကိုင်လျက် သတို့သားငယ်တို့ကစားသော ရထားငယ်,လှည်းငယ်တို့ကဲ့သို့ ကြီးစွာသောထိုရထားကို မြှောက်ချီ၍ ပတ်ဝန်းကျင်လှည့်လည် တွန်းရှားထားတော်မူပြီးသော် “ငါသို့သော ယောက်ျားကို ရထားမှူးမျှသောသူ လက်ရုံးအားကိုး လာလိုသမျှလာစေ”ဟု ကိုယ့်အစွမ်းကို ယုံကြည်စွာသိရပြီးမှ “ငါ့တွင် ယခု အဝတ်တန်ဆာရှိသမျှကိုလည်း ရထားမှူး ချွတ်ယူသိမ်းထားသဖြင့် ယောကျာ်းရုပ် ပီရုံမျှသာ ရှိချေသည်။ ဘုန်းကျက်သရေဟူသည်မှာ တန်ဆာဆင်ခြင်းလည်း တစ်အင်္ဂါ ဖြစ်ပေသည်။ ကျက်သရေဘုန်းတန်း ပွင့်လန်းခြင်းအကြောင်း ဝတ်ကောင်းတန်ဆာဝတ်ဆင်ရသော် ကောင်းလေ၏”ဟု အကြံဖြစ်တော်မူလေ၏။

(ဤအရာ၌ ဘုရားလောင်းသည် “ပြည်စည်းစိမ်ကိုမခင် အဝတ်တန်ဆာကို အဘယ့်ကြောင့် မြင်ပြန်ရသနည်း”ဟူမူ ဂုဏ်ကျက်သရေယူဆောင်လျှင် အောင်မြင်လွယ်ခြင်းအကြောင်းရှိသဖြင့် အခွင့်လိုရာပြီးစေခြင်းငှာ အခါသို့လိုက်၍ အခိုက်အတန့် ခင်မင်တော်မူရလေသည်ဟု သိအပ်၏။ ဘုရားလောင်းသည် အလွန်ပညာရှိတော်မူခြင်းကြောင့် ကိုယ်ကြပ်ကိုယ်တွေ့ မရွေ့မရှောင်သာ ဆောင်ရတော့မည်စင်စစ် အမှုဖြစ်၍ သူ့အမှုရှာသော် ဖြစ်ရာလတ္တံ့သော အကြောင်းအဝဝကိုပင် အမှုရှာသူရန်သူထက် ခံသူကိုယ်တော်က မြင်နှင့်သဖြင့် အခွင့်မျိုးကိုစီရင်၍ အပြီးကြံတော်မူသတည်း။ ဤသို့သော ပညာရှိတို့ထုံးကိုထောက်၍ မရောက်မီက ရောက်မည့်အမှုမှန်လျှင် တင်လျင်၍ ဆင်ခြင်အပ်တုံ အလုံးစုံကို လုံခြုံစွာမပေါ့မလျော့ ကြံဆောင်သင့်လှပေသည်ဟု သိအပ်၏။)

ထိုသို့ ဘုရားလောင်းတေမိမင်းသား အဝတ်တန်ဆာ ဝတ်ဆင်တော်မူလိုသောနှလုံးရှိစဉ် ခဏ၌ပင်လျှင် ပါရမီတော် ဘုန်းတန်ခိုးရှိန်ကြောင့် ပဏ္ဍုကမ္ဗလာကျောက်ဖျာသည် သိကြားမင်းအား ပူပြင်းတင်းမာသော အခြင်းအရာကိုပြပေ၏။ သိကြားမင်းလည်း အဘယ်အကြောင်းကြောင့်နည်းဟု ရှုဆင်ခြင်လတ်သော် ဘုရားလောင်း၏အလိုတော်ကိုသိ၍ ယခု တေမိမင်းသား တောသို့ ရောက်လေပြီ။ ရထားမှူးသုနန္ဒာသည် မင်းသားကို အင်္ဂါချို့တဲ့သူ, လူဆွံ့လူအဟု နှလုံးစွဲရှိသောကြောင့် ထိုသူ၏နှလုံးစွဲ မလေးမလောက်ကို လန့်ကြောက်ပြေပျောက်ကြောင်း အရှိန်အဝါကိုယူလျက် ပြိုင်သူမနှုန်းဝံ့အောင် ဘုန်းကျက်သရေ ကိုယ့်အစွမ်းကိုပြလိုသဖြင့် တေမိမင်း ယခု အဝတ်တန်ဆာ ဝတ်ဆင်လိုချေသည်။ နတ်နှင့်တကွသော လူ၌မတူနိုင်အောင်သော အဓိဋ္ဌာန်ဖြင့် မြဲမြံစွာ ကျင့်ဆောက်တည်ပေသော ထိုတေမိမင်းမြတ်အား လူမင်းတို့ဝတ်ဆင်သော အဝတ်ဘန်ဆာနှင့် မထိုက်တန်ပေ။ ကျက်သရေမတူနိုင်သော နတ်မင်းတို့ အဝတ်တန်ဆာနှင့်သာ ထိုက်တန်ပေသည်။ ယခုပင် တန်ဆာဆင်စေအံ့”ဟု ကြံပြီးလျှင်၊ ဝိသုကြုံနတ်သားကိုခေါ်၍ “အချင်း ဝိသုကြုံနတ်သား။ ကာသိကရာဇ်မင်းကြီး၏သား ယောက်ျားမြတ်ဖြစ်သော တေမိမင်းသားအား ယခု အတုမရှိသော နတ်ဝတ်နတ်တန်ဆာဖြင့် သင် တန်ဆာဝတ်ဆင်ချေလော့”ဟု စေလွှတ်လိုက်၏။

ဝိသုကြုံနတ်သားလည်း “အရှင်နတ်မင်း။ ကောင်းပါပြီ”ဟု ဝန်ခံ၍ တာဝတိံသာနတ်ပြည်မှ ဆင်းလာလတ်ပြီးသော် သိကြားမင်း၏ ဝတ်လဲနှင့်တူစွာသော နတ်ပြည်၌ဖြစ်သော အဝတ်ပုဆိုး အမျိုးအသွေး အဆင်ခြား အထက်အဖို့, အောက်အဖို့, ကိုယ်အလုံးအသီးသီး ဝတ်ဆင်ရန် အင်္ကျီခါးရမ်းစည်းနှင့်တကွ ပုဆိုးပေါင်း ၁-သောင်းသော ဝတ်လဲတို့ဖြင့်လည်းကောင်း၊ ရှေးဦးစွာ ရထားမှူး ထုပ်ပိုးသိမ်းထားလေပြီးသော ဘုရားလောင်း၏ ဝတ်လဲတန်ဆာတို့ကိုလည်း ပြကတေ့ဆင်မြဲတိုင်းဆင်ယင်၍ လူမင်း၏ကျက်သရေကိုယူစေပြီးလျှင် ထိုအပေါ်တွင်မှ နတ်၌ဖြစ်သော ၁-သောင်းသော ဝတ်လဲတို့ဖြင့်လည်းကောင်း၊ များစွာသော ရတနာတန်ဆာစုံတို့ဖြင့်လည်းကောင်း ဝတ်ဆင်စေလျက် လူမင်း, နတ်မင်းတို့၏ အဝတ်တန်ဆာကျက်သရေတို့ဖြင့် သိကြားမင်းကဲ့သို့ တင့်တယ်စွာ ဘုရားလောင်း တေမိမင်းသားအား အဝတ်တန်ဆာဝတ်ဆင်ခဲ့ပြီးလျှင် မိမိနေရာ တာဝတိံသာသို့ တက်သွားလေ၏။

ဘုရားလောင်း တေမိမင်းသားသည်လည်း ကိုယ်တော်အလုံး၌ သိကြားမင်းကဲ့သို့ တင့်တယ်သောအဝတ်တန်ဆာတို့ကိုမြင်လျှင် “ငါ၏အလိုကို သိကြားမင်းသိ၍ ဝတ်ဆင်လာချေသည်။ တရားကိုဆောင်လျှင် ပတ္တမြားကိုဆောင်သောသူထက် အထောင်အသောင်းမက တောက်ပစေကြောင်း တရားကောင်းစောင်မမြဲ အမှန်တကား”ဟု တရား၌ မြတ်နိုးမျိုးတကာ့ မြတ်နိုးခြင်း ဖြစ်တော်မူလေ၏။

(ဤအရာ၌ ဝတ်လဲပေါင်း ၁-သောင်း တန်ဆာပေါင်းများစွာတို့ကို ဝတ်ဆင်စေပြီးသော ဝိသုကြုံနတ်သားသည် ထိုအဝတ်တန်ဆာတို့ကိုလည်း ကျစ်လစ်သိမ်မွေ့အောင် ပြုလေသလော။ မင်းသားကိုလည်း ကြီးအောင်ပြုလေသလော။ နတ်ဝတ် နတ်တန်ဆာကား အကြီးအကျယ်, လူမင်းကိုယ်တော်ကား အသေးအငယ်ဖြစ်လျက် အဘယ့်ကြောင့် သိကြားမင်းကဲ့သို့ တင့်တယ်လေသနည်းဟူမူ အဝတ်တန်ဆာကိုလည်း မငယ်စေ, မင်းသားကိုလည်းမကြီးစေ, ရှေးကုသိုလ်ကံကြောင့်ရအပ်သော မိမိတို့နတ်တန်ခိုးသည် အစိုးရသောအရာ၌ ကိုယ့်အလိုသို့လိုက်စေခြင်းငှာ စွမ်းနိုင်သည်ဖြစ်၍ ဤအဝတ်တန်ဆာဖြင့် ဤမင်းသားကို တင့်တယ်စိမ့်မည်ဟု ရည်ရွယ်သောအလိုဆန္ဒအတိုင်း တင့်တယ်ခြင်းဖြစ်လေသည်။

ဤသို့သော နတ်မင်း၏တန်ခိုး ပုဆိုးအဝတ်တန်ဆာအရောင်ကို မဆိုလင့်ဦး။ လူတို့၌ ရောင်ခြည်ထူထပ်သော ဖန်, ပတ္တမြားတို့၏အကြား၌ထားလျှင် စကားငုံ စသောပန်းတို့ ၏သဏ္ဌာန်မှလည်း အလျှံကူးဟပ်သဖြင့် ဖွံ့ထွားခြင်းဖြစ်တုံသေး၏ဟု သိအပ်၏။ သိကြားမင်းသည် မိမိ၌ စေခန့်စရာ နတ်သားအများရှိလျက် အဘယ်ကြောင့် ဝိသုကြုံနတ်သားကိုသာ စေလေသနည်းဟူမူ လူမင်းတို့၌ အလုံးစုံ ဒိုင်းမှူး, ဝင်းမှူး, သူရဲမှူး, အစုစုတို့ကို အမှုလိမ္မာရာ အသီးသီးဝန်ခန့်၍ အစုသင့်အမှုရောက်လျှင် ဆိုင်ရာဝန်သာ ရွက်ဆောင်ရသကဲ့သို့ နတ်မင်းမှာလည်း လူ့ပြည်၌ ဘုန်းရှိသူတို့ တန်ခိုးနှိုးဆော်လျှင် ထိုသူတို့အလိုပြည့်စေခြင်းငှာ မြို့, နန်း, ပြ, တန်ဆောင်း, ကျောင်း, အိမ်, ဇရပ်, နေရာနေခင်း စသည်တို့ကိုလည်းကောင်း၊ ထိုဘုန်းတန်းရှင်တို့အား အဝတ်တန်ဆာ ဆင်ယင်ခြင်းတို့ကိုလည်းကောင်း ဖန်ဆင်းစီရင် တန်ဆာဆင်ခြင်းအမှု၌ လိမ္မာသည်ဖြစ်၍ ဤနတ်သားအား ဤအမှုဝန်ကို ရွက်ဆောင်စေခြင်းငှာထိုက်၏ဟု အစုသင့် တန်ဆာဆင်ခြင်းအမှု၌ သိကြားမင်း ခန့်ထားစေလွှတ်လေ့ရှိသောကြောင့် ထိုနတ်သားသည် “ဝိသုကမ္မ” မည်၏။ ဝိဂြိုလ်ဆိုသော်ကား--

သောကတော ဝိဂတန္တိ ဝိသုကံ။

ဝိဝိဓာကာရေန သူစေတိ ပကာသေတီတိ ဝါ ဝိသုကံ။

ဝိသေသန သူစေတိ ပေသုညံ ကရောတီတိ ဝါ ဝိသုကံ။

ဝိသံ အဝိသံဝိယ ဥကေတိ မဏ္ဍေတီတိ ဝါ ဝိသုကံ။

ဝိဝိဓာကာရေန သုန္ဒရံ ကရောတီတိ ဝါ ဝိသုကံ။

ဝိသုကေန ကတံ ကမ္မန္တိ ဝိသုကမ္မံ။

ဝိသုက ကမ္မေ ကုသလောတိ ဝိသုက ကမ္မော။ဤသို့ စသည်ဖြင့် ပြုရမည်။

ယံ အလင်္ကာရံ၊ အကြင်တန်ဆာသည်။ သောကတော၊ စိုးရိမ်ခြင်း, နှလုံးမသာယာခြင်းမှ။ ဝိဂတံ၊ ကင်းစေတတ်သည်တည်း။ ဣတိတသ္မာ၊ ထို့ကြောင့်။ တံ အလင်္ကာရံ၊ ထိုတန်ဆာသည်။ ဝိသုကံ၊ ဝိသုကမည်၏။ ဝိ-ပုဒ်။ သုက-ပုဒ်။ ကမ္မဓာရည်းသမာသ်။

ဝါ၊ တစ်နည်းကား။ ယံ အလင်္ကာရံ၊ အကြင်တန်ဆာသည်။ ဝိဝိဓာကာရေန၊ အထူးထူးအပြားပြားသော အခြင်းအရာအားဖြင့်။ သူစေတိ ပကာသေတိ၊ ပြတတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ တံ အလင်္ကာရံ၊ ထိုတန်ဆာသည်။ ဝိသုကံ၊ ဝိသုကမည်၏။ ဝိပုဗ္ဗ သုစ-ဓာတ်။ အ-ပစ္စည်း။ ကတ္တုသာဓန။

ဝါ၊ တစ်နည်းကား။ ယံ အလင်္ကာရံ၊ အကြင်တန်ဆာသည်။ ဝိသေသေန၊ အထူးသဖြင့်။ သုစေတိ ပေသုညံ ကရောတိ၊ သုဘသညာ မဟုတ်သည်ကို သုဘသညာကဲ့သို့ ချောပစ်ခြင်းကို ပြုတတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ တံ အလင်္ကာရံ၊ ထိုတန်ဆာသည်။ ဝိသုကံ၊ ဝိသုက မည်၏။ ။သုစ-ပေသုညေ၊ (ဓာတုမာလာ။)

ဝါ၊ တစ်နည်းကား။ ယံအလင်္ကာရံ၊ အကြင်တန်ဆာသည်။ ဝိသံ၊ အသုဘသညာ အစရှိသော သဘောဖြင့် အဆိပ်သဖွယ် စက်ဆုပ်အပ်သော ရုပ်ကလာပ်ကို။ အဝိသံဝိယ၊ သုဘသညာ အစရှိသော ဝိပလ္လာသဖြင့် စက်ဆုပ်အပ်သော အဆိပ်မဟုတ်သကဲ့သို့။ ဥကေတိ မဏ္ဍေတိ၊ ပြင်ဆင်တတ်၏။ တစ်နည်းလည်း။ အဝိသံ၊ အကျွမ်းမဝင်သေးသောသူကို။ ဝိသံဝိယ၊ နှလုံးအကျွမ်းဝင်ပြီးသော အဆွေခင်ပွန်းကဲ့သို့။ ဥကေတိ မဏ္ဍေတိ၊ ကြည်ညိုစေတတ်၏။ ဣတိတသ္မာ၊ ထို သတ္တိ ၂-ပါး ရှိသည်၏အဖြစ်ကြောင့်။ တံ အလင်္ကာရံ၊ ထိုတန်ဆာသည်။ ဝိသုကံ၊ ဝိသုက မည်၏။ဝိသ သဒ္ဒူပပဒ၊ ဥက-ဓာတ်။ အ-ပစ္စည်း။

ဝါ၊ တစ်နည်းကား။ ယံအလင်္ကာရံ၊ အကြင်တန်ဆာသည်။ ဝိဝိဓာကာရေန၊ အထူးထူးအပြားပြားသော အခြင်းအရာအားဖြင့်။ သုန္ဒရံ၊ တင့်တယ်ခြင်းကို။ ကရောတိ၊ ပြုတတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ တံ အလင်္ကာရံ၊ ထိုတန်ဆာသည်။ ဝိသုကံ၊ ဝိသုကမည်၏။ ။ (ဓာတ်အရ, ပစ္စည်းရတို့ကို ကောက်မည်ဆိုလျှင် များလွန်းသဖြင့် စကားရောက်ခဲတော့မည်။ ဝိသုက ပုဒ်လုံး၏အရကား ဖန်ဆင်းစီရင်ပြင်ဆင်အပ်သော တန်ဆာဟူသမျှကိုရစေ။

ယံ ကိစ္စံ၊ အကြင်အမှုသည်။ ဝိသုကေန၊ ဖန်ဆင်းပြင်ဆင် စီရင်အပ်သောတန်ဆာဖြင့်။ ကတံ၊ ပြုအပ်သော။ ကမ္မံ၊ အမှုတည်း။ ဣတိတသ္မာ၊ ထိုသို့ တန်ဆာဖြင့်ပြုအပ်သော အမှုဖြစ်သောသတ္တိကြောင့်။ တံ ကိစ္စံ၊ ထိုအမှုသည်။ ဝိသုကကမ္မံ၊ ဝိသုကကမ္မ မည်၏။ တန်ဆာဆင်ရာဟူသမျှ အမှုရစေ။

ယော ဒေဝပုတ္တော၊ အကြင်နတ်သားသည်။ ဝိသုကကမ္မေ၊ ဖန်ဆင်းစီရင် တန်ဆာဆင်ခြင်း လက်သမားအမှု၌။ ကုသလော၊ လိမ္မာသည်တည်း။ ဣတိ၊ ထိုသို့ တန်ဆာဆင်ခြင်းအမှု၌ လိမ္မာသောသတ္တိကြောင့်။ သော ဒေဝပုတ္တော၊ ထိုနတ်သားသည်။ ဝိသုကကမ္မော၊ ဝိသုကြုံ မည်၏။ က-အက္ခရာတစ်လုံး ကျေသည်။ ဖန်ဆင်းစီရင် တန်ဆာဆင်ခြင်း လက်သမားအမှု၌ လိမ္မာသောနတ်သားရစေ။

လူတို့မှာကား တစ်ပါးသော လက်မှုတတ်သူ ဗိသုကာမဆို ကျောင်း, အိမ် စသည် ဖန်ဆင်းတတ်, ဆောက်လုပ်စီရင်တတ်သော လက်သမားကိုသာလျှင် “ဗိသုကာ”ဟု ဆိုကုန်သည်ဟူ၍ သိအပ်၏။