တေမိယဇာတ်တော်ကြီး/အခန်း-၁၄

From Wikisource
Jump to navigation Jump to search
တေမိယဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁၄။ မြှုပ်သတ်ရန် ဆောင်ယူခန်း

ထိုအခါ သုနန္ဒာရထားမှူးသည် ဘုရားလောင်း၏ ပါရမီတော်ဘုန်းတော်ကြောင့် နတ်တို့လှည့်ပတ်၍ တန်ဆာဆင်အပ်သော မင်္ဂလာမြင်းတော် ၄-စီးကို အမင်္ဂလာ အင်္ဂါမညီမညွတ်သောမြင်းဟု အမှတ်ရှိလျက်၊ မင်းစီး မင်္ဂလာရထားကို ရထားဆိုးရထားပျက် အမင်္ဂလာရထားဟု အမှတ်ရှိလျက်၊ မင်္ဂလာမြင်းတော်ကို မင်္ဂလာရထားတော်၌ က,၍ နံနက် ၄-ချက်တီးကျော်တွင် မင်္ဂလာအရှေ့တံခါးဖြင့်ဝင်ပြီးမှ မုခ်နန်းတော်သို့ရောက်လျှင် အနောက်ကို အရှေ့ထင်သောအားဖြင့် မြင်းရထားကို ဝင်ခဲ့သောတံခါးသို့ ရှေးရှုလှည့်လျက် ဆိုက်ထားပြီးသော် နန်းမတော်ဆောင်သို့တက်၍ ကျက်သရေတိုက်၌ တေမိမင်းရှိရာဝင်ပြီးလျှင် ဘုရားလောင်းကိုပိုက်ဖက်လျက် လျောင်းစက်ကာနေသော မယ်တော်မိဖုရားကြီးအား ရိုသေစွာရှိခိုး၍ “အသက်စည်းစိမ်ကို အစိုးရတော်မူသော အရှင်မိဖုရားကြီး။ အကျွန်ုပ်အား အမျက်တော် မဝင်ပါလင့်။ အရှင့်အာဏာတော်ဖြစ်ပါသည်။ လွတ်ရာ ဖယ်တော်မူပါ”ဟု လျှောက်ထား၍ မယ်တော်မိဖုရားကြီးသည် သား၏ချစ်ခြင်းဖြင့် မဖယ်မခွာနေလျှင် သုနန္ဒာရထားမှူးသည် မယ်တော်မိဖုရားကြီး၏လက်ကို ရှိခိုးလျက်ဖြည်၍ မိမိလက်ဖမိုးဖြင့် အဖြည်းအသာပယ်ရှားပြီးသော် မင်းသားကို ပဒုမ္မာကြာပန်းစည်းကဲ့သို့ ပွေ့ပိုက်ချီလျက် နန်းတော်မှ ရထားရှိရာသို့ ဆင်းသက်လေ၏။

မယ်တော်မိဖုရားကြီးလည်း လက်အစုံဖြင့် ရင်အုံကိုခတ်တီး၍ ရှိုက်ကြီးတငင် တပင်ရှားရှား ရထားမှူး၏နောက်သို့ ငိုကြွေးကာလိုက်၍ မုခ်နန်းတော်ဦး၌ လူးလဲလျက်ကျန်ရစ်လေ၏။ ထိုအခါ ဘုရားလောင်းမင်းသားသည် မယ်တော်၏ပူပန်ခြင်းကို သည်းမခံနိုင်သဖြင့် မယ်တော်ကို မျက်စောင်းတိမ်းလှည့်ကြည့်လျက် “ငါ့မယ်တော်သည် ငါ စကားမပြောလျှင် ဤဝေဒနာနှင့်ပင် နှလုံးကွဲ၍ သေရမည်လည်း မသိ။ ငါ့ကြောင့် ငါ့အမိသေခဲ့သော် ငါတစ်သက်ပန်ပင် ကြံမိတိုင်း နှလုံးမကောင်း ဖြစ်ရာအံ့တကား။ စကားပြောရသော် ကောင်းမည်မသိ”ဟု အမိကိုသနားခြင်းဖြင့် စကားပြောလိုသော အကြံတော်ဖြစ်သည်ကို ကံ့မြစ်၍၊ တစ်ဖန် အကြံဖြောင့်မတ် တည်ကြည်စေပြီးမှ “အကယ်၍ ယခု ငါစကားပြောချေလျှင် ၁၆-နှစ်ကျော်ပြုသမျှ လုံ့လသည် အကျိုးမဲ့ဖြစ်ခဲ့ရာ၏။ ဤဝေဒနာနှင့်လည်း ငါ့မိခင် မသေတန်သေး။ ငါ စကားမပြောနေသော်ကား ကိုယ့်အကျိုး၊ မိဘအကျိုးများစွာ နောင်ရှိလတ္တံ့”ဟု သိမ်းဆည်းချုပ်တည်းတော်မူလျက် နှလုံး၏ပူပန်ခြင်းကိုလည်း သည်းခံတော်မူ၏။

ထိုအခါ သုနန္ဒာရထားမှုသည် ရထား၌ မင်းသားကိုတင်၍ အနောက်တံခါးအမှတ်ဖြင့် ရှေးရှုနှင်လေသော် နတ်တို့၏အာနုဘော် ဘုရားလောင်း၏ပါရမီတော်ကြောင့် လူတို့ မကောင်းသမုတ်သည့်တံခါးမှ ရထားဦး တုံ့လှည့်မှန်းမသိတုံ့လှည့်၍ အရှေ့တံခါးသို့ ရှေးရှုနှင်လေလျှင် ဤမင်္ဂလာတံခါးဖြင့် မင်းသားထွက်ရာ “ငါ မင်္ဂလာရှိသော ယောကျာ်းမြတ်။ မှတ်ရစ်ကြတော့”ဟု အမှတ်ပေးခဲ့သောအလားဖြင့် တံခါးခုံ၌ ရထားဘီးခိုက်ငြိလျက် ရထားသံပေးကာ ထွက်လေ၏။

ဘုရားလောင်းမင်းသားသည် နန်းတော်မှချ၍ ရထားထက်သို့ရောက်သော်လည်း မျက်လုံးတော်မကစားသဖြင့် ရထားနှင်မှန်းမသိ။ အမိကြောင့်တစ်စိတ် ကြောင့်ကြရိပ်လည်း ရှိငြားသဖြင့် တံခါးခုံ၌ငြိ၍ ရထားမြည်သောအသံကို ကြားတော်မူမှသာလျှင် “ငါကား ယခု နှလုံးအလို ပြီးမြောက်တော့သည်”ဟု အတိုင်းထက်အလွန် နှစ်သက်ဝမ်းမြောက်ခြင်း ဖြစ်တော်မူလေ၏။

သုနန္ဒာရထားမှူးသည် အရှေ့မင်္ဂလာတံခါးဖြင့် မြို့မှထွက်၍ မြို့အနောက် သုဿန်ဟုအမှတ်ရှိလျက် ရှေးရှုနှင်လေသော် ဘုရားလောင်း၏ပါရမီတော်ကြောင့် နတ်တို့လှည့်ပတ်ခြင်းဖြင့် ဗာရာဏသီနေပြည်တော်မှ အရှေ့ ၃-ယူဇနာကွာသော တောအုပ်သို့ တစ်နေ့ချင်းဖြင့် ရောက်လေ၏။ သုနန္ဒာရထားမှူးအား ထိုတောအုပ်ကိုပင်လျှင် ဗာရာဏသီပြည်အနောက်မျက်နှာ လုပ်တိုင်းတစပြင်ဟု အထင်အမှတ်ရှိလေလျှင် ထိုတောအုပ်တွင် သင့်ရာအရပ်ဝယ် ခရီးမှလွှဲ၍ ခရီးအနား၌ရထားချွတ်လျက် မြင်းတို့ကို လွှတ်ကျောင်းပြီးသော် ဘုရားလောင်းမင်းသား၌ ပြည်ကြီးရှင် ၇-ရက်ဖြစ်၍ ပြည်ကြီးရှင်တို့ဝတ်ဆင်ထိုက်သမျှ လက်စွပ်, လက်ကောက်, ဘယက်, နားတောင်း, နရကင်း, သရဖူ, ဝတ်လဲပုဆိုး, အဖိုးထိုက်အဝတ်တန်ဆာကောင်း ပါသမျှတို့ကို ချွတ်ယူထုပ်ဖွဲ့လျက် မင်းသားအား ဟိရိကောပိနအင်္ဂါများကို ဟိရိဩတ္တပ္ပလွတ်ရုံ ပုဆိုးဖြင့် ဝတ်ဆည်းဖုံးလွှမ်းခဲ့ပြီးမှ ပေါက်တူးခြင်းတောင်းတို့ကိုယူ၍ ရထား၏မနီးမဝေးတွင် ၄-တောင်တွင်းတူးအံ့သောငှာ ပြင်ဆင်အားထုတ်လေ၏။

ဤအရာ၌ လောကသင်္ကေတအားဖြင့် အမင်္ဂလာဟုပညတ်သော မြင်း, ရထား စသည်တို့ကိုပင် သံသရာ၌ အကျိုးနည်းမည်ကဲ့သို့ အဘယ့်ကြောင့် နတ်ပညာရှိတို့ လှည့်ပတ်လေသနည်းဟူမူ ကုသိုလ်ကံ၏အာနုဘော်သည် ပစ္စုပ္ပန် သံသရာ ၂-ပါးလုံးမှာပင် တင့်တယ်ခြင်းကိုသာ ဆောင်တတ်သောကြောင့် ထိုကုသိုလ်ကံပါရမီနှင့် ပြည့်စုံတော်မူသော ဘုရားလောင်းလည်း ကျက်သရေရှိသောယောက်ျား မည်၏။ ထိုမြင်း,ရထား စသည်တို့သည် မိမိတို့၌ တင့်တယ်ခြင်းကိုဆောင်တတ်သော အကြောင်းလည်း မရှိ၊ သင်္ကေတအားဖြင့်လည်း အမင်္ဂလာဟု လူတို့ သမုတ်အပ်၏။ ထို့ကြောင့် ကျက်သရေမရှိသော ဝတ္ထုမည်ကုန်၏။ ထိုသို့ ကျက်သရေမရှိသော မြင်း, ရထား စသည်တို့နှင့် မဆက်ဆံထိုက်ဟု ကုသိုလ်ဟောင်းမကြိုက်သဖြင့် နတ်ပညာရှိအပေါင်း အလိုက်သိစွာ ထုံးဖွဲ့ရလေသည်။ ထို့ကြောင့် ဧကနိပါတ်ကျမ်း၌ ဥဒုမ္ဗရဒေဝီနှင့် ပိင်္ဂုတ္တရလုလင်ကို အကြောင်းပြု၍ ကျက်သရေရှိသော သူမြတ်နှင့် ကျက်သရေမရှိသော သူယုတ် ဆက်ဆံခြင်းမရှိသောအဖြစ်ကို ဟောတော်မူသည်။

အကြင်ဝတ္ထုကို လူတို့သည် မျက်စိအမြင် မတင့်မတယ်ကာမျှဖြင့်သာ အမင်္ဂလာဟု သမုတ်အံ့။ ထိုဝတ္ထု၌ ဘဝ၂-ပါး စီးပွားများရာ သီလ,ပညာစသော ကျေးဇူးဂုဏ် တစ်စုံတစ်ခု မြတ်ခြင်းရှိမူ ထိုသင်္ကေတကို လူပြိန်းလူစိမ်းတို့မှတ်သော ပညတ်မှားဟု သိအပ်၏။ ကျက်သရေလည်းမရွှင်, ကုသိုလ်ဂုဏ်သတ္တိမင်္ဂလာလည်းမရှိသော ဝတ္ထုကိုသာ ဘဝ ၂-ပါး၌ မတင့်တယ်ခြင်းကိုအကြောင်းပြု၍၊ ပညာရှိ ရှေးသူဟောင်းတို့ အမင်္ဂလာဟု လောကသင်္ကေတ ပညတ်ထားလေသည်ဟု မှတ်အပ်၏။

ထို ပညာရှိတို့သမုတ်အပ်သော အမင်္ဂလာ, မင်္ဂလာ ၂-ပါးကိုပင် ရှောင်ခြင်း, ဆောင်ခြင်း၌ လောကဝတ်နှင့်ဓမ္မကံကို ချိန်မှန်ညှိ၍မသုံး နှလုံးမသွင်း မလိမ္မာလျှင် မိစ္ဆာအယူ သက်တတ်သည်။ ကာသိကရာဇ်မင်းကြီးကား ဘုရားလောင်းကို အမင်္ဂလာ သူယုတ်မာဖြစ်သည်ဟူ၍၊ မြင်း, ရထား, တံခါး, လုပ်တိုင်းတို့ကိုသာ အမင်္ဂလာဖြစ်ရာရွေး၏။ ထိုသူနှင့်လျော်စွာ ရထားနှင်မည့်သူကိုလည်း နပုန်းပဏ္ဍုက် အစရှိသော အမင်္ဂလာလူကိုပင် ရွေးသင့်ကောင်းလျက် ကျက်သရေမင်္ဂလာရှိသောသူဟူ၍ မင်းစီးရထားမှူးအရာဖြင့် မင်းသုံးခံသော သုနန္ဒာရထားမှူးကို ခန့်ထားမိလေသည်ကား ဘုရားလောင်း၏ပါရမီတော်ကြောင့်ပင် ခန့်ထားမိလေသည်ဟု မှတ်အပ်၏။ ဤတွင်ရွေ့ကား ဘုရားလောင်းတေမိမင်းသား၌--

-တရားသဖြင့် လက်သို့ရောက်ပြီးသောစည်းစိမ်ကို စွန့်ကြဲခြင်းတည်းဟူသော ဒါနပါရမီ။

-မြတ်သောအာရုံ၌ ကောင်းစွာ စိတ်ကိုထားခြင်းတည်း ဟူသော သီလပါရမီ။

-ကာမဝိတက်သို့မဝင်မူ၍ ထွက်မြောက်ခြင်းဟု ဆိုအပ်သော နေက္ခမ္မပါရမီ။

-မင်းပြုခြင်း၌အပြစ်, တောထွက်ခြင်း၌အကျိုးကို မြင်ခြင်းတည်းဟူသော ပညာပါရမီ။

-မတွန့်မဆုတ် အားထုတ်တော်မူခြင်းတည်းဟူသော ဝီရိယပါရမီ။

-ကဲ့ရဲ့ခြင်း, ချီးမွမ်းခြင်း စသည်တို့ကို သည်းခံတော်မူခြင်းတည်းဟူသော ခန္တီပါရမီ။

-ထီးချက်စောင့်နတ်သမီး၏စကားကို ဝန်ခံ၍ မှန်သောစကားရှိခြင်းတည်းဟူသော သစ္စာပါရမီ။

-မထီမဲ့မြင်ပြုခြင်း စသည်တို့၌ ဝိဟိံသာဝိတက်, ဗျာပါဒဝိတက်တို့ကို မဖြစ်စေခြင်းတည်းဟူသော မေတ္တာပါရမီ။

-သုခ, ဒုက္ခ ၂-ပါးတို့၌ လစ်လျူရှုခြင်းတည်းဟူသော ဥပေက္ခာပါရမီ။

-ဤ ၉-ပါးသော ပါရမီအခြွေအရံနှင့်တကွဖြစ်သော အင်္ဂါ ၃-ပါးကို မတိမ်းမယွင်း ကောင်းစွာဆောက်တည်ခြင်း တည်းဟူသော ပရမတ္ထ အဓိဋ္ဌာန်ပါရမီတော်ကို ပြရာပြကြောင်းဖြစ်သောအပိုင်းကား အလုံးစုံဆိုဖွယ်ကိစ္စ ပြီးပြီ။