Page:UN Charter (Burmese translation).djvu/2

From Wikisource
Jump to navigation Jump to search
This page has been proofread.

ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း

နိဒါန်း

ကုလသမဂ္ဂ ပဋိညာဉ်စာတန်းကြီးကို ၁၉၄၂ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့က ဆန်ဖရန်စစ္စကိုမြို့တွင် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာအဖွဲ့ ကြီးအတွက် ကွန်ဖရင့်ကြီး ပြီးဆုံးသွားသောအခါဝယ် လက်မှတ်ရေးထိုးခဲ့ကြ၏။ ထို့နောက် ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့တွင် ကုလသမဂ္ဂပဋိညာဉ်စာတမ်းကြီးမှာ အတည်ဖြစ်လာခဲ့၏။ အပြည်ပြည်ဆိုင်ရာ တရားရုံး၏ ပြဋ္ဌာန်းချက်ဥပဒေမှာယင်းပဋိညာဉ်စာတမ်းကြီး၏တစ်စိတ်တစ်ဒေသဖြစ်ပေသည်။

ပဋိညာဉ်စာတမ်းကြီး၏ အပိုဒ် - ၂၃၊ ၂၇ နှင့် ၆၁ တို့အား ပြင်ဆင် ချက်များကို ၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ယင်းပြင်ဆင် ချက်များမှာ အတည်ဖြစ်လာခဲ့၏။ အထွေထွေညီလာခံမှ အပိုဒ် - ၆၁ အတွက် ထပ်မံပြင်ဆင် ချက်ကို ၁၉၇၁ ခု၊ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် လက်ခံခဲ့ပြီး ၁၉၇၃ ခု စက်တင်ဘာလ(၂၄)ရက်နေ့တွင် အတည်ပြုခဲ့သည်။ ၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် အထွေထွေညီလာခံက လက်ခံခဲ့သော အပိုဒ် - ၁၀၉ အား ပြင်ဆင်ချက်မှာ ၁၉၆၈ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့တွင် အတည်ဖြစ်လာ ခဲ့လေသည်။

အပိုဒ် - ၂၃ ကို ပြင်ဆင်ချက်အရ လုံခြုံရေးကောင်စီဝင် များ၏ အရေအတွက်မှာ ဆယ့်တစ်ဦးမှ ဆယ်ငါးဦးအထိ ဖြစ်လာ၏။ အပိုဒ် - ၂၇ ကို ပြင်ဆင်ချက်အရ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ကျင့်ထုံး နည်းလမ်းဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက်လျှင် ကောင်စီဝင် ကိုးဦး(ယခင်က ခုနစ်ဦး)၏ သဘောတူထောက်ခံမဲဖြင့်လည်းကောင်း၊ ကျန်အခြား ကိစ္စရပ် အားလုံးနှင့် ပတ်သက်လျှင် လုံခြုံရေး ကောင်စီ၏ အမြဲတမ်းကောင်စီဝင် ငါးဦး၏ သဘောတူ ထောက်ခံမဲများ အပါအဝင် ဖြစ်သော ကောင်စီဝင် ကိုးဦး (ယခင်ပ ခုနစ်ဦး) ၏သဘောတူ ထောက်ခံမဲဖြင့် လည်းကောင်း ပြုလုပ်ရမည် ဖြစ်ပေသည်။

အပိုဒ် - ၆၁ ကို ပြင်ဆင်ချက်အရ စီးပွားရေးနှင့် လူမှုရေးကောင်စီဝင်များ၏ အရေအတွက်အားဆယ်ရှစ်ဦးမှ နှစ်ဆယ် ခုနစ်ဦးအထိ တိုးချဲ့ ခဲ့ပြီးနောက် ၁၉၇၃ ခု၊ စက်တင်ဘာလ(၂၄) ရက်နေ့တွင် အတည်ပြုခဲ့သော နောက်ဆက်တွဲ အပိုဒ်အရ ကောင်စီဝင် ဦးရေကိုနှစ်ဆယ့်ခုနစ် ဦးမှ ငါးဆယ့်လေးဦးသို့ တိုးမြှင့်လိုက်လေသည်။

အပိုဒ် - ၁၀၉၏ပဌမစာပိုဒ်နှင့် သက်ဆိုင်သော ယင်းအပိုဒ်ကို ပြင်ဆင်ချက်အရ ပဋိညာဉ်စာတမ်းကြီးအား ပြန်လည်စိစစ်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများ၏ အထွေထွေကွန်ဖရင့်အစည်းအဝေးတစ်ရပ်ကို အထွေထွေညီလာခံအဖွဲ့ဝင်များ သုံးပုံနှစ်ပုံနှင့် မည်သည် လုံခြုံရေးကောင်စီဝင် ကိုးဦးမဆို (ယခင် ခုနစ်ဦး)၏ မဲများဖြင့် သတ်မှတ်အပ်သော နေ့ရက်နှင့် နေရာတို့တွင် ကျင်းပနိုင်လေသည်။ အပိုဒ်-၁၀၉၊ စာပိုဒ်-၃ မှာ အထွေထွေ ညီလာခံကြီး၏ ဆယ်ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြန်လည်သုံးသပ်စိစစ်ရေး ကွန်ဖရင့်တစ်ရပ်ကိုလည်း ကျင်းပရန် စဉ်းစားဆောင်ရွက်ရေးနှင့် သက်ဆိုင်လေသည်။ ယင်းအပိုဒ် ၁၀၉ ၏ စာပိုဒ် ၃ ကို "မည်သည့် လုံခြုံရေးကောင်စီဝင် ခုနစ်ဦး၏မဲ" နှင့် ပတ်သက်၍ မူလအတိုင်းပင်ထားရှိလေသည်။ ယင်းစာပိုဒ်ကို အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီဝင်တို့က ၁၉၅၅ ခုနှစ်က ကျင်းပခဲ့သည့် ဆယ်ကြိမ်မြောက် ပုံမှန်အစည်းအဝေးကြီးတွင် စိစစ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပေသည်။