Page:UN Charter (Burmese translation).djvu/11

From Wikisource
Jump to navigation Jump to search
This page has been proofread.

ဆောင်ရွက်ရမည်။ သို့ဆောင်ရွက်ရသည့် အလုပ်ဝတ္တရားများတွင် စစ်ရေးစစ်ရာ အချက်အချာဟူ၍ သတ်မှတ်ထားခြင်းမရှိသော နယ်မြေများနှင့် သက်ဆိုင်သည့် နိုင်ငံငယ်ထိန်းသိမ်းရေး သဘောတူစာချုပ်များ အတည်ပြုခြင်းလည်း ပါဝင်သည်။

အပိုဒ် ၁၇။

၁။ အထွေထွေညီလာခံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ရသုံးမှန်းခြေ ငွေစာရင်းကို စဉ်းစားဆွေးနွေး၍ အတည်ပြုရမည်။

၂။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ကုန်ကျစရိတ်များကို အထွေထွေညီလာခံက ခွဲဝေသတ်မှတ်ထားသည့်အတိုင်း အဖွဲ့ဝင်နိုင်ငံများကထည့်ဝင်ကျခံရမည်။

၃။ အထွေထွေညီလာခံသည် အပိုဒ် ၅၇ တွင် ရည်ညွှန်းထားသော အထူးအဖွဲ့များနှင့် ပြုလုပ်သည့် ဘဏ္ဍာရေး အစီအစဉ်၊ ရ-သုံး ခန့်မှန်းခြေ ငွေစာရင်းအစီအစဉ်အားလုံးကို ဆွေးနွေး၍ အတည်ပြုရမည့်ပြင် အဆိုပါ အထူးအဖွဲ့များ၏ အုပ်ချုပ်ရေးဆိုင်ရာ ရ-သုံး ခန့်မှန်းခြေငွေ စာရင်းများကိုလည်း သက်ဆိုင်ရာ အထူးအဖွဲ့များသို့ ထောက်ခံချက်ပေးရန် ရည်ရွယ်ချက်ဖြင့် စစ်ဆေးရမည်။


မဲပေးခြင်း
အပိုဒ် ၁၈။

၁။ အထွေထွေညီလာခံတွင် ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံအသီးသီး၌ မဲတစ်မဲစီ ပေးပိုင်ခွင့်ရှိသည်။

၂။ အထွေထွေညီလာခံသည် အရေးကြီးသော ကိစ္စများကို ဆုံးဖြတ်သည့်အခါ အစည်းအဝေးသို့ တက်ရောက် မဲပေးသော အဖွဲ့ဝင်နိုင်ငံများ၏ သုံးပုံ နှစ်ပုံမဲအများစုဖြင့် ဆုံးဖြတ်ရမည်။ ထိုကိစ္စများတွင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုအတွက် ထောက်ခံချက် ပေးရန်ကိစ္စ၊ လုံခြုံရေးကောင်စီတွင် အမြဲတန်းမဟုတ်သော အဖွဲ့ဝင်နိုင်ငံများ ရွေးကောက်တင်မြှောက်ရေးကိစ္စ၊ အပိုဒ် -၈၆၊ စာပိုဒ် ၁ (ဂ) နှင့်အညီ နိုင်ငံငယ်များ ထိန်းသိမ်းရေးကောင်စီတွင် ပါဝင်မည့် နိုင်ငံများ ရွေးကောက်တင်မြှောက်ရေးကိစ္စ၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့သို့ အဖွဲ့ဝင်နိုင်ငံသစ်များ ပါဝင်ခွင့်ပြုရေးကိစ္စ၊ အဖွဲ့ဝင်နိုင်ငံများ၏ အခွင့်အရေးများ ရပ်ဆိုင်းထားရေးကိစ္စ၊ အဖွဲ့ဝင်နိုင်ငံများကို ထုတ်ပယ်ရေးကိစ္စ၊ နိုင်ငံငယ်များ ထိန်းသိမ်းရေးစံနစ်အရ လုပ်ကိုင်ဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် ကိစ္စများနှင့် ရသုံးခန့်မှန်းခြေ ငွေစာရင်းကိစ္စများ ပါဝင်သည်။