Page:ရွှေမန်းတင်မောင်.pdf/9

From Wikisource
Jump to navigation Jump to search
This page has been proofread.

ဌာန် ကရိုဏ်း ကျသည်။ မငွေမြိုင် ကိုယ်တိုင် ဆိုသည်ကို နားထောင် ကြည့်ရှုရသကဲ့သို့ရှိသဖြင့် အိမ်ကြီးရှင်တို့၏ အသဲကြော်ကလေး ဖြစ်နေသည်။

“တို့- ဟို ပုလိုင်းရပ်ထဲက သူငယ်လေးမှုတ်လား”

“အစစ်ပေါ့၊ ဦးပြား ဒေါ်မေရဲ့ သားလေ”

“သစ်တွေ ရောင်းတဲ့ ဦးပြားလား။ စားနိုင်သောက်နိုင် ရှိသားနဲ့ သားကလေးကို ဘာပြုလို့ အကြော်ရောင်းခိုင်းပါလိမ့်။ သနားစရာကွယ်။ ချစ်စရာလေးဟဲ့”

“သူ့အဖေကြီး ဆုံးပါပကောလို့၊ သူတို့မွေးချင်းပေါက်ဖော်တွေက အများသားပဲ။ ကြာတော့လဲ လုံးပါး-ပါးနေမှာပေါ့။ သူက အမြဲရောင်းတာမဟုတ်ဘူး ထင်တယ်။ တခါတလေမျ တွေ့ရတယ်။ နေ့တိုင်း လာပြီး ရောင်းတာက သူ့အမပေါ့။ ကြည့်ပါလား သူနဲ့ ခပ်ဆင်ဆင် တူတယ်”

အကြော်သည် မင်းသားကလေးကို ရွှေမန်းသူတို့က ဝေဖန်ဆွေးနွေးနေကြခြင်း ဖြစ်သည်။ မည်တွင်နာမ ခေါ်စရာကား “မောင်တင်မောင်”ဖြစ်သတည်း။ မောင်တင်မောင် ရှစ်နှစ်သား အရွယ်ကပင် သူ့အဖေ သစ်ကုန်သည် ဦးပြား ကွယ်လွန်ခဲ့လေသည်။ အမေ မုဆိုးမကြီး ဒေါ်မေသည် သားသမီး ကိုးယောက်ကို လူလားမြောက်အောင် တာဝန်ယူ စောင့်ရှောက်နေရရှာသည်။ သားအငယ်ဆုံးကလေး တင်မောင်ကိုမူ မိုးကောင်းကျောင်းတိုက် တိုက်ကြပ်ကျောင်း ဦးနန္ဒဝံသ ထံမှာ ထားသည်။ တခါတရံ သူ့အမ မအားလပ်သောအခါ အကြော်ကူ၍ ရောင်းပေးသည်။