Page:ရွှေမန်းတင်မောင်.pdf/60

From Wikisource
Jump to navigation Jump to search
This page has been proofread.

မှီးငါးသွယ်၊ နှဲငယ်ဆဲ့တစ်၊ စင်စစ်မမှား၊ ဆဲ့ငါးခရာ” အစရှိသဖြင့် တိုးချဲ့ကာ သဘာဝအသံကို ရှာဖွေခဲ့လေသည်။ သူ၏ တူရိယာအဖွဲ့တွင် နိုင်ငံခြားဖြစ် တခုမျှမပါချေ။ မြန်မာ တူရိယာများကိုသာ အချိုးအစား အလိုက် တိုးချဲ့တီထွင်ထားခြင်း ဖြစ်သည်။ ဝါးခြမ်းစိပ် တခု၏ အသံထက် ဝါးခြမ်းစိပ် များစွာ၏ အသံက သာယာ နာပျော်ဖွယ်ဖြစ်ပြီး တူရိယာဆန်သလို၊ နှဲတလက် အလွန်ဆုံး နှစ်လက်ထက် ခုနစ်လက်က ပိုပြီး သာယာလာမည်မှာ ယုံမှားဖွယ် မရှိပေ။ သူ၏ တူရိယာသံကို ကြားရသည်မှာ ကြည်နူးဖွယ် ကောင်းလှသည်။ ဦးငွေကိုင်၊ ဦးအုန်းလွင်၊ ဦးဗကြည် အစရှိသော ပန်းချီကျော်တို့၏ ပုဂံခေတ်သဏ္ဌာန်ကို ပြန်လည်ဆန်းသစ် ရေးဆွဲထားသော ပန်းချီကို ဇိမ်ခံပြီး ကြည့်ရသကဲ့သို့ပင်တည်း။

ပွင့်ပွင့်လင်းလင်း အားမနာတမ်း ဝေဖန်ရသော် ရွှေမန်း၏ တူရိယာအဖွဲ့တွင် ဦးဘမောင် မရှိသည့် နောက်ပိုင်းတွင် နာမည်ကျော်သော တူရိယာ ပညာရှင် တဦးတယောက်မျှ မပါဝင်ချေ။ သာမန်တန်းစေ့ ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။ သို့ရာတွင် သူ၏ အစီအစဉ် တီထွင်မှုက ဆန်းသစ်နေပါ၍ နားထောင်၍ တမျိုးဆန်းနေပေသည်။

တင်မောင်သည် ညဝက်စံနစ် သဘင်သစ်ကို မြို့ကြီးပြကြီးများအတွက်လောက်သာ ရည်ရွယ်ခဲ့သည်။ သို့ရာတွင် သူ၏ ညဝက်စံနစ်မှာ မြို့ငယ် ရွာငယ်များမှာပင် အောင်အောင်မြင်မြင် ကပြနိုင်ခဲ့၏။ သူ ထင်သည်ထက် ပိုမို အောင်မြင်နေသည်ကို တွေ့ရသည်။

၅၉