Page:ရွှေမန်းတင်မောင်.pdf/54

From Wikisource
Jump to navigation Jump to search
This page has been proofread.

သိကျွမ်း နှီးနှောရသည့် မိတ္တဗလလည်း ဖြစ်သည်။ အချင်းချင်း အထူး ချစ်ခင်ရင်းနှီးခဲ့သော မိတ္တဗလလည်း ဖြစ်သည်။ ရိုးသားပွင့်လင်းစွာဆိုရပါသော် ရွှေမန်းတင်မောင်နှင့်စိန်အောင်မင်းသည် ယှဉ်ပြိုင်၍ နာမည်ကျော်နေသော ဇာတ်ခေါင်းဆောင် နှစ်ဦး ဖြစ်သည်။ သူတို့သည် အဘယ်မျှ စိတ်ကောင်း စေတနာကောင်း မွေးမြူကြစေကာမူ သူ့ထက် ကိုယ် သာအောင် ဆိုသည့် စိတ်ကိုကား ပုထုဇဉ်သားတို့၏သဘာဝအတိုင်း ကင်းကြမည် မဟုတ်ချေ။ တဦးခြေကို တဦးအကဲခတ်ကာနေကြမည်ပင်ဖြစ်သည်။

ဝါ-ဂီ-နစ် အဖွဲ့ကြီးတွင် တဦးက ဥက္ကဋ္ဌ၊ တဦးက ဒုတိယ ဥက္ကဋ္ဌအဖြစ်နှင့် တွဲဖက်လုပ်ကိုင်နေကြသော်လည်း လွန်စွာ ရင်းနှီးခြင်း မရှိကြချေ။ မေးဖြေ ခေါ်ထူးလောက်သာ ရှိကြသည်။ အမေရိကန်သို့ ရောက်သောအခါ တယောက်တလဲ အနင်းခံနေကြသည်။ တဦးကို တဦးကား ယုယစွာပြုစုသည်။ ရွှေမန်းတင်မောင်က ဈေးဝယ်သည်။စိန်အောင်မင်းက ချက်ပြုတ်သည်။ခူးခပ် ပြင်ဆင်ပေးသည်။ ရွှေမန်းက ပန်းကန်ခွက်ယောက်များကို ဆေးကြောသုတ်သင်သည်။ မိမိတို့၏ ဘဝကို အသီးသီး တင်ပြဆွေးနွေး၍ အကြံဉာဏ်များ အပြန်အလှန်ပေးယူကြသည်။ ယခုဆိုလျှင် တင်မောင်သည် အောင်မင်း၏ ကျန်းမာ ချမ်းသာရေး သတင်းစကားကို အမြဲ နားစွင့်နေသလို၊ အောင်မင်းကလည်း တင်မောင်၏ ကျန်းမာချမ်းသာရေးကို မပြတ် မေးစမ်း၍ နေသည်။ အမေရိကန်မှအပြန်တွင် သူတို့၏ မိတ္တဗလမှာ ဤမျှ အောင်မြင် လာခဲ့ကြလေသည်။


၅၃