Page:ရွှေမန်းတင်မောင်.pdf/49

From Wikisource
Jump to navigation Jump to search
This page has been proofread.

တင်မောင်၏ ပြဇာတ်ကို ရွှေပွဲလာ ပရိသတ်တို့က စွဲမက်ကြလေရာ၊ ဇာတ်သဘင် လောကသည် တမျိုးတဖုံ ပြောင်းလဲ၍ လာပြန်လေသည်။ သူတို့သည် ရှေ့ပိုင်းကအော်ပရာကို ဖယ်ကာ ဇာတ်စင်ပေါ်သို့ ပြဇာတ်ကို ထိုးတင်ကြ ပြန်လေသည်။ သတင်းစာမှ၎င်း၊ လက်ကမ်းကြော်ငြာ ပိုစတာတို့မှ၎င်း ပြဇာတ်ပါသည့်အကြောင်း ကျေညာချက် ပေးရသည်အထိပင် ပြဇာတ်က လွှမ်းမိုးလာခဲ့လေသည်။ ဇာတ်ငှါးသူတို့ကလည်း “ပြဇာတ်ပါရဲ့လား...” မေးပြီးမှ ငှါး၍ ပွဲကြည့် ပရိသတ်ကလည်း ပြဇာတ်ပါမှ ကြည့်လိုကြသည်။

ရုပ်သေးအချို့နှင့် အငြိမ့်များကပါ ပြဇာတ်ကိုလိုက်က နေသဖြင့် တင်မောင်သည် သူတို့နှင့် လမ်းခွဲရန် တွေးကြံပြန်သည်။ သူ၏ ရည်ရွယ်ချက်မှာ ပွဲကြည့်ပရိသတ်တို့သည် အရသာ တမျိုးတည်းသာ မဟုတ်ဘဲ အရသာ မျိုးစုံကို စားသုံးစေလိုခြင်းပင်ဖြစ်သည်။ အသစ်အသစ် ဖြစ်သော ရသာရုံဖြင့် မွေ့ထုံစေလိုခြင်းပင် ဖြစ်သည်။ သို့ကြောင့် သူသည် ပြဇာတ်အရှိန် လွန်စွာတက်နေခိုက်မှာပင် သူ စခဲ့သော ပြဇာတ်ကို ဖြုတ်ပြီး အဆိုမပါ အတီးနှင့် အကသက်သက်ဖြစ်သော “ဘဲလေး”ကိုသူ၏ ဇာတ်ခုံပေါ်သို့ စ၍ တင်လိုက်လေသည်။ သူ၏ ထွင်ချက်တို့မှာ အတော်ပင် လေးနက်စူးရှလှသဖြင့် စာရေးသူ အပါအဝင် လူအချို့က သူ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ကြသည်။

“အော်ပရာဆိုတာ ဘာလဲ”

“ပြဇာတ်ဆိုတာ ဘာလဲ”


၄၈