Page:ရွှေမန်းတင်မောင်.pdf/23

From Wikisource
Jump to navigation Jump to search
This page has been proofread.

“ဘကြီး၊ သိကြားမင်းကြီးမှာ မိဖုရား ဘယ်နှစ်ပါးရှိသလဲ”

“လေးပါးရှိတယ်လေ၊ မင်း မကြားဘူးဘူးလား၊ သုဇာတာ၊ သုနန္ဒာ၊ သုစိတ္တာ၊ သုဓမ္မာရယ်လို့ မိဖုရား လေးပါးရှိတယ်”

“နတ်သံထဲမှာ (သူဇာ နန္ဒ၊ စိတြနှင့် စိတ္တ-ဓမ္မာလို့ ပါနေလို့ ကျွန်တော်က ငါးယောက်များလားလို့ပါ”

“အေးဟုတ်သားဟဲ့။ သူဇာရယ်၊ နန္ဒာရယ်၊ စိတြရယ်၊စိတ္တာရယ်၊ ဓမ္မာရယ်လို့ ငါးဦး ဖြစ်နေပါလား။ မဟုတ်သေးပါဘူး။ ပြန်ဆိုစမ်းပါအုံး။ အေးဟဲ့ ငါးပါးဖြစ်နေတယ်။ ယော မဖြစ်ချေဘူး။ အင်း....အင်း။ ဟုတ်ပြီဟေ့... စိတြနှင့် စိတ္တကတော့ အတူတူ ဖြစ်လိမ့်မယ်။ ဘုန်းကြီးကို လျှောက်ကြည့်ပေတော့ကွာ……။ ဦးကြီးတော့ သေသေချာချာ မဆုံးဖြတ်နိုင်ဘူးဟေ့...”

ဦးငွေသည် လွန်စွာ အမေးအမြန်းထူသော တင်မောင်ကို ပြုံးပြုံးကြီးနှင့် စိုက်ကြည့်ပြီး လွန်စွာ ကျေနပ်လှသဖြင့် ခေါင်းတဆတ်ဆတ်ညိတ်လေသည်။ တင်မောင်၏ ပညာသင်ကြားနည်းမှာ “သု-စိ-ပု-ဘာ-ဝိ-လိ-သိ-ဓာ” ပင်ဖြစ်သည်။ ကြားနာသည်။ ကြံစည်သည်။ မေးမြန်းသည်။ ပြောဆိုသည်။ စူးစမ်းဆင်ခြင်သည်။ ရေးသားသည်။ လေ့ကျင့်သည်။ နှုတ်ငုံဆောင်သည်။ တင်မောင်သည် ခြေခြေမြစ်မြစ် စစ်စစ်ဆေးဆေးမရှိဘဲ ဘယ်စာ ဘယ်သီချင်းကိုမျှ လက်မခံချေ။ ပိုင်မှ ကိုင်သည်။ ကိုင်လျှင် နိုင်မှကျေနပ်သည်။

“အပျိုတော် ၁၂- ခန်းဆိုတာကော ဘကြီး”

“ငါ့တူ သိချင်ယင် လက်ချိုးပြီးမှတ်ထား။ တစ်-အပျိုတော်


၂၂