Page:မဟာဂီတပေါင်းချုပ်ကြီး.pdf/26

From Wikisource
Jump to navigation Jump to search
This page has been proofread.
ဦးပြုံးချို၏ အတ္ထုပ္ပတ္တိစာတမ်း

လက်ဝဲသုန္ဒရသည် မဲဇာတောင်ခြေချီ ရတုကို ရေးသဖြင့် ရာထူး နှင့် စည်းစိမ်ကို ပြန်လည်ရရှိဘူးသကဲ့သို့ ဦးပြုံးချိုမှာ သီချင်း သို့မဟုတ် လင်္ကာရတုတပိုဒ်စီ တပိုဒ်စီကြောင့် ငွေအမြောက်အမြားရခြင်း အိမ်ရခြင်း မင်းစိုးရာဇာများထံမှ အကူအညီရခြင်း တေးဘုမ္မာ တပုဒ်ကြောင့် အလုပ်အကိုင်ကောင်းရရုံမျှမက မြန်မာပြည်တွင် အထူး ကျော်ကြားသော ဘဝကို ရရှိလေသည်၊ ဦးပြုံးချို အကြောင်းနှင့် ဦးပြုံးချိုရေးသော သီချင်းများ ဖြစ်ပေါ်လာပုံ အကြောင်းကို ရေးသားရလျှင် ဤ မဟာဂီတပေါင်းချုပ် ကျမ်းကြီးအရွယ်ဖြင့် စာမျက်နှာ ၂၀၀၀ ခန့် ထွက်မည်ဖြစ်ရာ အံ့ဩစရာ ဝမ်းမြောက်စရာ သနားစရာများမှာ ဖတ်ရှု၍အားမရနိုင်အောင် ပါဝင်လိမ့်မည် ဖြစ်ပေသည်၊ တတ်နိုင်လျှင် တနေ့သောအခါ၌ ဦးပြုံးချိုနှင့် ဦးပြုံးချိုရေး ကဗျာများ ဟူသောကျမ်းတအုပ် ထုတ်ဝေနိုင်လိမ့်မည်ဟု မြှော်လင့်ရပေသည်။

ဦးပြုံးချိုနှင့် ဇနီး ဒေါ်သော်တို့တွင် သားသ္မီး စုစုပေါင်း ၁၁-ယောက် ထွန်းကားသည့်အနက် ဤမဟာဂီတပေါင်းချုပ်ကို သတ္တမအကြိမ် ရိုက်နှိပ်သောအချိန် ၁၃၃၉-ခု ဝါဆိုလ (ခရာဇ် ၁၉၇၇-ခု ဇူလိုင်လ)တိုင် ကျန်ရှိနေသော မောင်နှမနှစ်ဦးတို့မှာ (၁)ဒေါ်ဆင့် အမှတ် ၄၄၅၊ဇာနည် ၁၂ လမ်း၊ ၉ ရပ်ကွက် တောင်ဥက္ကလာနှင့် (၂) ဦးလှဖေလေး ပပက (စက်အပိုပစ္စည်းဌာန) ၄၇၈၊ ၁၄-လမ်း၊ ၉-ရပ်ကွက် တောင်ဥက္ကလာပမြို့ တို့ ဖြစ်၏၊ သားသ္မီးများအနက် ဆရာကြီးဦးပြုံးချို၏ ဂီတအနုပညာကို လိုက်စားသူမှာ ဒေါ်ခင်မြင့် (ငယ်မည် မအေးမြင့်) ဒေါ်တင့်တင့် (ငယ်မည် မအေးတင့်) ဒေါ်ဆင့် (ငယ် မည် မအေးဆင့်) တို့ ဖြစ်သည်၊ အရပ်တီးဝိုင်းများနှင့် ရေဒီယိုတွင် မကြာခဏ သီဆိုကြသည်၊ ကျန်သားသ္မီးများက ဂီတပညာကို မလိုက်စားကြချေ။

ဆရာကြီးဦးပြုံးချို၏ ဂီတမူကို လေးစားမြတ်နိုးစွာ ထိန်းသိမ်းလာကြသော သ္မီး ၃-ဦး အနက် အဆိုတော် ဒေါ်ခင်မြင့်နှင့် ဒူရိယာ အမြန်သင်ကျောင်းပိုင်ရှင် ဒေါ်တင့်တို့ မကြာမီက ကွယ်လွန်အနိစ္စရောက်သဖြင့် ဆရာကြီး ဦးပြုံးချို၏ သားတပည့်အပေါင်းတို့မှာ များစွာဝမ်းနည်းခြင်း ဖြစ်ရကြောင်း။

ဆရာကြီးဦးပြုံးချိုတွင် သားရင်းသ္မီးရင်းမွေးသော မြေးဆိုလျှင် ၃-ဦးသာ ရှိကြောင်း ဒေါ်ခင်မြင့်၏သား မောင်မြင့်ဆွေ(အပါ)နှင့် ဒေါ်ဆင့်၏သား မောင်အေးချို၊ ဦးလှဖေလေး၏ သ္မီး မလှလှဝင်းတို့ပင် ဖြစ်ကြောင်း၊ သူတို့သည် ဂီတပညာကို မလိုက်စားကြချေ။

သို့သော် မောင်မြင့်ဆွေ - မခင်မြင့်တို့မှ မွှေးသော ယခု ၂၁ - နှစ်သ္မီး ကျောင်းသူ မမြင့်မြင့်ဦးမှာမူ ဒုံမင်းနှင့် ပတ္တလားကို အတော် တီးတတ်နေ