Page:မဟာဂီတပေါင်းချုပ်ကြီး.pdf/25

From Wikisource
Jump to navigation Jump to search
This page has been proofread.
ဦးပြုံးချို၏ အတ္ထုပ္ပတ္တိစာတမ်း

တိုက်တွန်းချက်အရ ဤ မဟာဂီတပေါင်းချုပ်ကျမ်းကြီး ကို ပြုစုစီရင်သည်။ ထိုပုံနှိပ်တိုက်တွင်ပင် ပထမအကြိမ် ၃,၀၀၀-ကျော် ရိုက်နှိပ်ထုတ်ဝေခဲ့လေသည်။

ဤအချိန်တွင်ပင် ရန်ကုန်ယူနီဗာစီတီ တက္ကသိုလ်တွင် ရာဇဝင် ကတိက တဦး ခန့်ထားရန် လိုနေလေရာ မြန်မာစာပရိုဖက်ဆာ တဦးဖြစ်သူ တက္ကသိုလ်ဆရာပွားက ဦးပြုံးချိုအား ရာဇဝင်ကထိက အဖြစ် ဝင်ရောက် လုပ်ကိုင်ရန် တိုက်တွန်းလေသည်၊ ဦးပြုံးချိုကား နိုင်ငံရေးသမား ခေါင်းဆောင်ကြီးများ ဖြစ်ကြသော ဦးဘဘေ, ဝတ်လုံတော်ရ ဦးသင်းမောင်, ဦးဘစီ, မြန်မာ့အလင်းတိုက်ရှင်(တိုက်ပိုင်ဟောင်း ဦးမောင်မောင်ကြီး)စသောလူကြီးများနှင့် လက်ပွန်းတတီး နိုင်ငံရေးများကို ဝင်ရောက်လုပ်ကိုင်နေသဖြင့် ထိုစဉ်အခါက စက်ဆုပ်နေသော အစိုးရလခစားကို ဝင်ရောက်လုပ်ကိုင်ရန် ငြင်းဆန်ခဲ့လေသည်၊ သို့သော် ဆရာပွားအား ချစ်ခင်သည့်အလျောက် တက္ကသိုလ် ကပြသော ဒေဝကုမ္ဘန်ပြဇာတ်တွင် သင်ကြားပြသပေးရလေသည်၊ ထိုစဉ်အခါက ဝင်ရောက်ကပြသော တက္ကသိုလ်ကျောင်းသား ကျောင်းသူ တပည့်ကြီးများအနက် နာမည်ကျော် ဒေါက်တာသိန်းနှင့် ဆရာမကြီး ဒေါ်စီ, ဘီအေ တို့လည်း ပါဝင်ခဲ့လေသည်။

ထို့နောက် သူရိယ သတင်းစာတိုက်တွင် မြန်မာဖက်ဆိုင်ရာ ပညာယှိဆရာလွန်း (ယခုအခေါ် သခင်ကိုယ်တော်မှိုင်း) သည် အလုပ်မှ နုတ်ထွက်သွားလေရာ ထိုနေရာသို့ ဦးပြုံးချို ဝင်ရောက်လုပ်ကိုင်ရလေသည်။

သူရိယတွင် ရေးသားနေစဉ် ကစားနည်းအမျိုးမျိုး ကျမ်းနှင့် နေဧ၏လိမ်နည်းအမျိုးမျိုးကို ရေးသား ပြီးစီး၍ မဟာဂီတတ္ထဒီပနီ ကျမ်းကိုလည်း စတင် ရေးသားနေပေပြီ၊ သို့သော် ကွယ်လွန်သောအခါ ထိုကျမ်းမှာ တပိုင်းတစမျှသာ ဖြစ်ချေသည်၊ မောင်နေဧ၏ လိမ်နည်းအမျိုးမျိုးမှာ စာအုပ်အဖြစ်ဖြင့် ၂.ကြိမ်တိုင်တိုင် ရိုက်နှိပ်ပြီးလျှင် သူရိယ ရုပ်စုံတွင် နံပါတ် ၃၂-က စ၍ အပတ်စဉ် ရေးသားထည့်သွင်းခဲ့လေရာ လူကြိုက် အလွန်များလှလေသည်။

ဗန္ဓုလဦးစိန် ထုတ်ဝေသော ဗန္ဓုလဂျာနယ်တွင် ထည့်သွင်း ဖော်ပြခဲ့ဘူးသော မြန်မာတပြည်လုံး ရတုပိုဒ်စုံပြိုင်ပွဲတွင် မြန်မာပြည် ခရိုင်ဝန်ရှင်တော်မင်းကြီးဟောင်း မစ္စတာဘာနတ်ဟောက်တန်၏ ပထမဆုကိုလည်း ဦးပြုံးချိုသည် ရရှိခဲ့လေသည်၊ ထိုရတုကို ဖတ်လျှင် လောက(ဆု) ဖြင့် အဖိုးဖြတ်၍ မဖြစ်နိုင်သော ရတု ဖြစ်သည်ကို ဖတ်ဘူးသူ ရှင် လူ ရဟန်းတို့ သိရှိကြပြီးဖြစ်လေသည်။