ထိုအခါ ထိုပြိတ္တာ'ဖုတ်တစ္ဆေ' သည် ထိုရဟန်းအား "အသျှင်ဘုရား တပည့်တော်၏ အဝတ်ကို မယူပါလင့်"ဟု ပြော၏။
ထိုရဟန်းသည် (ပြိတ္တာ၏ စကားကို) မနာယူမူ၍ သွား၏၊ ထိုအခါ ထိုသူသေကောင်သည် ထိုရဟန်း၏နောက်သို့ အစဉ်တစိုက် ထ၍ လိုက်၏၊ ထိုအခါ ထိုရဟန်းသည် ကျောင်းသို့ ဝင်၍ တံခါးကို ပိတ်၏၊ ထိုအခါ ထိုသူသေကောင်သည် ထိုနေရာ၌သာလျှင် လဲကျ၏၊ ထိုရဟန်းအား တွေးတောမူ'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ သို့သော်လည်း ရဟန်းတို့ ကိုယ်မပျက်သေးသော သူသေကောင်၌ ပံ့သကူ မကောက်ယူအပ်၊ ကောက်ယူသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏ဟု မိန့်တော်မူ၏။ (၃၃)
၁၃၈။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သံဃာ့သင်္ကန်းကို ဝေဖန်ရာတွင် ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ မဲလက်မှတ် 'ကမ္ပည်း' ပြောင်း၍ သင်္ကန်းကို ယူ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယ့ကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၃၄)
၁၃၉။ တစ်ရံရောအခါ အသျှင်အာနန္ဒာသည် ရေချိုးခန်း 'ဇရုံးအိမ်' ၌ ရဟန်းတစ်ပါး၏ သင်းပိုင်ကို မိမိသင်းပိုင် ထင်မှတ်၍ ဝတ်၏၊ ထိုအခါ ထိုရဟန်းသည် အသျှင်အာနန္ဒာအား-
"ငါ့သျှင်အာနန္ဒာ သင်သည် အဘယ့်ကြောင့် ငါ၏ သင်းပိုင်ကို ဝတ်သနည်း"ဟု (ပြောဆိုသောအခါ)
"ငါ့သျှင် ငါသည် မိမိဥစ္စာ 'သင်းပိုင်' ထင်မှတ်၍ ဝတ်ပါသည်"ဟု (ပြန်ပြော၏)။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကုန်၏။
ရဟန်းတို့ မိမိဥစ္စာဟု ထင်မှတ်သော ရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၃၅)
၁၄၀။ တစ်ရံရောအခါ များစွာသော ရဟန်းတို့သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်ကြသော် ခြင်္သေ့စားကြွင်းကို မြင်ကြ၍ ချက်စေပြီးလျှင် သုံးဆောင်ကြကုန်၏၊ ထိုရဟန်းတို့အား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ကြကုန်၏။ပ။ ရဟန်းတို့ ခြသေ့ၤ၏ စားကြွင်း၌ အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၃၆)
တစ်ရံရောအခါ များစွာသော ရဟန်းတို့သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်ကြသော် ကျား စားကြွင်းကိုမြင်ကြ၍။ပ။ သစ်စားကြွင်းကို မြင်ကြ၍။ပ။ အောင်းစားကြွင်းကို မြင်ကြ၍။ပ။ တောခွေး စားကြွင်းကိုမြင်ကြ၍ ချက်စေပြီးလျှင် သုံးဆောင်ကြကုန်၏၊ ထိုရဟန်းတို့အား တွေးတောမှု 'သံသယ ကုက္ကုစ္စ'ဖြစ်ကြကုန်၏။ပ။ ရဟန်းတို့ တိရစ္ဆာန် သိမ်းဆည်းထားသော ဥစ္စာ၌ အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၃၇-၄၀)
၁၄၁။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သံဃာ့ဆွမ်းကို ဝေဖန်ရာတွင် "အခြားရဟန်းအတွက်ပေးပါ"ဟု အခြေအမြစ်မရှိဘဲ လိမ်လည်၍ တောင်းယူ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ့'ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ သိလျက် မဟုတ်မမှန် ပြောဆိုမှုကြောင့် ပါစိတ်အာပတ်သင့်၏ဟု (မိန့်တော်မူ၏)။ (၄၁)